အခန်း (၇၉-၈၀)
Vol. 5 Ch. 79-80
အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC) -79
အခန်း ၇၉ ။ ထိရှခြင်း
ယန်မိသားစုသည် ယွီကျိုးဒေသတွင်ကွပ်ကဲရေးမှူးအဖြစ် စစ်သည်အင်အား ငါးသောင်းကို ကိုင်တွယ်ထားသဖြင့် ဧကရာဇ်အနေဖြင့် မဖြစ်မနေ တွေ့ဆုံရမည်ဖြစ်သည်။
ရှူးဖေး လိုက်ပါလာမည်ဟု သတင်းကြားသဖြင့် ယန်မိသားစုဝင်များ ဝမ်းသာခဲ့ကြသော်လည်း ပြန်ကျိုးသို့ မရောက်မီမှာပင် သမီးကြီးကို လွမ်းဆွတ်သည်ဟု အကြောင်းပြကာ ပြန်လွှတ်လိုက်ကြောင်း သတင်းရရှိခဲ့သည်။
နောက်ကွယ်တွင် အကြောင်းရင်းတစ်ခု ရှိရမည်ဟု ယန်မိသားစုက ယူဆသော်လည်း အသေးစိတ် မသိရသဖြင့် မဆင်မခြင် မလှုပ်ရှားရဲကြပေ။
ထို့အပြင် ယန်မိသားစုတွင် စစ်သည်အင်အား ငါးသောင်း ရှိသည်ဆိုသော်လည်း ရှူးဖေး၏ ဖခင် ရှင်းယန်နယ်စား ယန်ပင်းက တိုက်ရိုက် ကွပ်ကဲခွင့် မရှိပေ။
ထိုစစ်သည်များကို ဗိုလ်ချုပ်သုံးဦးက ခွဲဝေကွပ်ကဲထားပြီး ထိုဗိုလ်ချုပ်များသည် နှောင်းဧကရာဇ်လက်ထက်က စစ်မြေပြင်တွင် အတူတိုက်ပွဲဝင်ခဲ့သူများ ဖြစ်သည်။ ယန်ပင်းအနေဖြင့် စိတ်တိုင်းကျ စေခိုင်းနိုင်သည်မှာ စစ်သည်အင်အား တစ်သောင်းခန့်သာ ရှိသည်။
ဤသည်မှာ နှောင်းဧကရာဇ် မကွယ်လွန်မီက ယွီကျိုးဒေသတွင်ယန်ပင်း အာဏာမလုပ်နိုင်စေရန် တမင်စီစဉ်ထားခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် ယန်ပင်းသည် ယွီကျိုးဒေသတွင် မည်မျှပင် ဩဇာကြီးမားပါစေ ဧကရာဇ်အသစ်ကို မလေးမစား မလုပ်ရဲပေ။ ရှူးဖေးသည် သမီးတော်ကြီးကို မွေးဖွားပေးခဲ့သော်လည်း နန်းတွင်းတွင် အာဏာကြီးမားသူ မဟုတ်ပေ။
အကယ်၍ ယန်မိသားစုကို နင်ချန်က တကယ်ကြောက်ရွံ့ခဲ့လျှင် သူ့စိတ်ဆန္ဒအရ ရှူးဖေးကို နန်းတော်သို့ ပြန်ပို့ရဲမည် မဟုတ်ပေ။
ခရီးသည်အဖွဲ့သည် ညအချိန်တွင် ယွီကျိုးသို့ရောက်ရှိပြီး ကြိုတင်ပြင်ဆင်ထားသော အိမ်တော်တစ်ခု၌ တည်းခိုကြသည်။
မြောက်ဘက် ကျားစခ်ဒေသသို့ တိုင်းခန်းလှည့်လည်ခြင်းသည် နန်ချီဧကရာဇ်တိုင်း လုပ်ဆောင်လေ့ရှိသောကိစ္စဖြစ်သဖြင့် လမ်းခရီးတစ်လျှောက်တွင် ကြိုတင်ပြင်ဆင်မှုများ ရှိထားပြီးဖြစ်သည်။
နောက်တစ်နေ့တွင် နင်ချန်က ယွီကျိုးမှ အရာရှိများကို ဧည့်ခံပွဲ ကျင်းပပေးသည်။
ယွီကျိုးသည် ကျယ်ဝန်းပြီး ဒေသန္တရအရာရှိ ၂၀ ကျော် ရှိသော်လည်း အဆင့် ၅ နှင့်အထက် အရာရှိ ၈ ဦးသာ တက်ရောက်ခွင့်ရရှိသည်။
ထိုအထဲတွင် ယန်မိသားစု၏စစ်အင်အားကို ခွဲဝေထိန်းချုပ်ထားသော ဗိုလ်ချုပ်သုံးဦးလည်း ပါဝင်သည်။
ဗိုလ်ချုပ်ကျောက်နှင့် ဗိုလ်ချုပ်လျိုတို့သည် အသက် ၄၀ ကျော်အရွယ်များ ဖြစ်ကြပြီး တစ်ဦးလျှင် စစ်သည် တစ်သောင်းစီ ကွပ်ကဲကြသည်။
အငယ်ဆုံးမှာ ဗိုလ်ချုပ်ဟော့ဖင်းပေ ဖြစ်ပြီး အသက် ၃၀ ကျော်သာ ရှိသေးသော်လည်း စစ်သည် နှစ်သောင်းကို ကွပ်ကဲသည်။ သူသည် စစ်တပ်ထဲတွင် ကြီးပြင်းလာသူဖြစ်ပြီး ဖခင်မှာ စစ်မြေပြင်တွင် ကျဆုံးခဲ့ရသည်။ ငယ်ရွယ်သော်လည်း စွမ်းဆောင်
ရည်ကောင်းမွန်သူဖြစ်ကာ ယဲ့ကျယ်နှင့်
လည်း ရင်းနှီးသူဖြစ်သည်။
ရှူးဖေး မရှိတော့သဖြင့် ကိုယ်လုပ်တော်များထဲတွင် ကျင်းဖေးသည် ရာထူးအကြီးဆုံး ဖြစ်လာပြီး အရာရှိကတော်များကိုဧည့်ခံရန် တာဝန်ယူရသည်။ ထို့အပြင် နင်ချန်က သေချာမှာကြားထားခြင်း ဖြစ်သည်။ သို့မဟုတ်ပါက ကျင်းဖေးသည် အလိုက်မသိဘဲ ထိုတာဝန်ကို ယူရဲမည် မဟုတ်ပေ။
"မင်မိန်ရန် စိတ်မကြည်ဘူးလား။ ဟင်းပဲ စားနေပြီး စကားလည်းသိပ်မပြောဘူး။ နေမကောင်းရင် အရက်သိပ်မသောက်နဲ့တော့။ တစ်ခြားဟာ လဲပေးခိုင်းလိုက်မယ်" ကျင်းဖေးက ကြင်နာစွာ ပြောလိုက်သည်။
ယဲ့ယွင်က ပြုံးလိုက်ပြီး
"ကျေးဇူးတင်ပါတယ် မယ်မယ်။ ဒီချန်းချဲ့ ဘာမှမဖြစ်ပါဘူး။ လမ်းခရီး ပင်ပန်းလို့ နည်းနည်းနွမ်းနေတာပါ"
ထိုအချိန်တွင် လင်ကျယ်ယွီကလည်း ပြုံးလျက် ဝင်ပြောသည်။ "လမ်းခရီးက တကယ်ပင်ပန်းပါတယ်။ ဒီချန်းချဲ့က ကျန်းမာရေး သိပ်မကောင်းတော့ ခဏနေရင် စောစောပြန်နားခွင့်ပြုပါဦး"
"ညီမတော်က ကျန်းမာရေး မကောင်းတာပဲ။ အခု အပန်းဖြေခရီး ထွက်လာတာဆိုတော့ ပိုဂရုစိုက်ရမယ်။ စောစောပြန်နားလိုက်ပါ" ကျင်းဖေးက ခွင့်ပြုလိုက်သည်။
"ကျေးဇူးတင်ပါတယ် မယ်မယ်" လင်ကျယ်ယွီက ခေါင်းညိတ်လိုက်သည်။
အခြေအနေက အဆင်ပြေနေသော်လည်း လီဝမ်ရုန်က ဝင်ရောက်စွက်ဖက်လိုက်သည်။
ထိုနေ့က ကိစ္စကို သူမ အနည်းငယ် ကြားသိထားသည်။ ရှူးဖေး ပြန်ပို့ခံရသော်လည်း ယဲ့ယွင်သည် အိပ်ဆောင်ဝင်ခွင့် မရခဲ့ပေ။ ထိုနောက်ပိုင်းတွင်လည်း အရှင်မင်းကြီးက သူမကို ခေါ်ယူတွေ့ဆုံခြင်း မရှိတော့ပေ။
ဖန်းချိုက်ရန်၊ ချန်ဝမ်ရုန်တို့သည် အရှင်မင်းကြီးနှင့် အတူစားသောက်ခွင့်ရခဲ့သော်လည်း ယဲ့ယွင် မပါဝင်ခဲ့ပေ။ အရှင်မင်းကြီး စိတ်ဆိုးနေသည်မှာ သေချာသည်။
ထို့ကြောင့် ယဲ့ယွင် အချစ်လျော့သွားပြီဟုယူဆကာ အရင်ကအငြိုးကို ပြန်ဆပ်ရန် ကြံစည်လေသည်။
"လင်ကျယ်ယွီ ကျန်းမာရေး မကောင်းတာ နန်းတွင်းက လူတိုင်း သိကြပါတယ်။ ဒါပေမဲ့ မင်မိန်ရန်က ဘယ်တုန်းက ကျန်းမာရေး မကောင်းဖြစ်သွားတာလဲ။ ဖျားနာတယ်လို့လည်း မကြားမိပါဘူး။ စိတ်ရောဂါများလား။ မင်မိန်ရန်က သူများကိုတော့ စိတ်လျော့ဖို့ ပြောတတ်ပြီး ကိုယ့်အလှည့်ကျတော့ ဒီလိုဖြစ်နေပါလား"
"လီဝမ်ရုန်က ဆေးပညာ တတ်လို့လား" ယဲ့ယွင်က ဖြည်းညှင်းစွာ မေးလိုက်သည်။
"မတတ်ပါဘူး။ ဒါပေမဲ့ ခန့်မှန်းကြည့်လို့ ရတာပဲ" လီဝမ်ရုန်က မေးငေါ့ကာပြောသည်။
ယဲ့ယွင်က သူမကို အေးစက်စွာ ကြည့်လိုက်သည်။ "ဒါဆို လီဝမ်ရုန်က စိတ်ဖတ်တတ်တာလား။ ဗေဒင်ဟောတတ်တာလား"
"မ... မဟုတ်ပါဘူး။ ဒါပေမဲ့ ကြည့်လိုက်ရင် သိသာနေတာပဲလေ"
ယဲ့ယွင်၏မေးခွန်းများကြောင့် လီဝမ်ရုန် အနည်းငယ် ထိတ်လန့်သွားသော်လည်း လက်ကိုပဝါကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားပြီး ဟန်မပျက်အောင် နေလိုက်သည်။
ယဲ့ယွင်က အေးစက်စက် ရယ်မောလိုက်ပြီး မျက်လွှာချကာ ပြောသည်။
"ဘယ်သူမှ ငါနေမကောင်းဘူးလို့ မထင်ကြဘူး။ နင်တစ်ယောက်တည်းသာ ပြောနေတာ။ ပြီးတော့ ကိုယ့်ဘာသာသိပ်မှန်ပြီ ထငိမနေနဲ့။ ဒီကလူတွေထဲ တစ်ယောက်မှမျက်စိကန်းနေတဲ့သူမပါဘူး။ ဒါမှမဟုတ် နင်က ငါ့ကို ရောဂါရအောင် ကျိန်ဆဲနေတာလား။ ဘာပဲဖြစ်ဖြစ် ငါ့ရာထူးက နင့်ထက် မြင့်တယ်။ ရာထူးမြင့်တဲ့သူကို ကျိန်ဆဲတာက အပြစ်ကြီးတယ်နော်"
သူမသည် လမ်းခရီးတစ်လျှောက် ပင်ပန်းလွန်းလှသောကြောင့် စိတ်မကြည်ရုံသာ ဖြစ်သည်။ သို့သော် လီဝမ်ရုန်ကဲ့သို့ လူမျိုးကို ကိုင်တွယ်ရန်မှာ လွယ်ကူလွန်းလှသည်။
လီဝမ်ရုန်သည် ဤသို့ ဖြစ်လာမည်ဟု မထင်ထားခဲ့ပေ။ ယခု သူမသည် အကျပ်ရိုက်နေပြီး ဘာပြောပြောမိမိအမှားသာဖြစ်နေတော့မည်။ ထို့ကြောင့်ဒေါသထွက်လွန်းသော်လည်း ခေါင်းငုံ့ရုံသာ တတ်နိုင်တော့သည်။
"မင်မိန်ရန် အထင်လွဲနေပါပြီ။ ဒီချန်းချဲ့က မိန်ရန်ရဲ့ ကျန်းမာရေးကို စိတ်ပူတာပါ။ တခြားသဘော မရှိပါဘူး။ စကားပြောမှားတာရှိရင် မိန်ရန်ကပဲ သဘောထားကြီးကြီးနဲ့ခွင့်လွှတ်ပေးပါ။"
စားသောက်ပွဲတွင်ဖြစ်နေသဖြင့် ပြဿနာတက်လျှင် ကြည့်မကောင်းသောကြောင့် ယဲ့ယွင်က ထပ်၍ဆက်မပြောတော့ဘဲ သူမကို လစ်လျူရှုလိုက်သည်။
လီဝမ်ရုန်၏မျက်နှာသည် နီလိုက်ဖြူလိုက်
နှင့် အလွန်အရှက်ရနေခဲ့သည်။
သူမက စတင် ရန်စခဲ့သော်လည်း ပြန်ပြောနိုင်စွမ်း မရှိဘဲ တောင်းပန်လိုက်ရသော်လည်းတစ်ဖက်လူက ဂရုပင်မစိုက်ပေ။
ယဲ့ယွင်သည် သူမထက် နန်းတွင်းသို့ နောက်ကျမှရောက်သလို အသက်လည်း ငယ်သည့်အချက်က သူမကို ပိုမိုရှက်ရွံ့စေသည်။ ကျန်လူများကလည်း မမြင်ချင်ယောင်ဆောင်ကာ စားသောက်မြဲ စားသောက်နေကြသည်။
ထိပ်ဆုံးဝိုင်းတွင် နင်ချန်သည် အရာရှိများနှင့် အရက်သောက်နေသော်လည်း မကြာခဏဆိုသလို ယဲ့ယွင်ဘက်သို့ အကြည့်ရောက်သွားတတ်သည်။
ယနေ့ ယဲ့ယွင်သည် ပန်းရောင် ဖဲသားဂါဝန်ရှည်ကို ဝတ်ဆင်ထားပြီး လခြမ်းပုံဆံထုံး ထုံးထားသည်။ ရွှေရောင်ပန်းပွင့်ပုံဆံထိုးကို ပန်ဆင်ထားရာ ဝတ်စုံနှင့် အလွန်လိုက်ဖက်သည်။
အရက်သောက်ထားသဖြင့် ပါးပြင်လေးများ ရဲနေပြီး မျက်ခုံးတန်းလေးများ တွန့်ချိုးကာ မျက်လွှာချထားပုံမှာ လွမ်းဆွတ်ဖွယ်ကောင်းသလို အေးချမ်းတိတ်ဆိတ်နေသည်။
"အရှင်မင်းကြီး" ယန်ပင်းက ခွက်မြှောက်ကာ ခေါ်လိုက်သည်။
နင်ချန်သည် အကြည့်ကို ရုပ်သိမ်းလိုက်ပြီး ပြုံးလျက် ခွက်ချင်းတိုက်လိုက်သည်။
ယန်ပင်းသည် ပြန်ထိုင်လိုက်စဉ် ယဲ့ယွင်ကို တိတ်တဆိတ် အကဲခတ်လိုက်သည်။
ယောကျ်ားတစ်ယောက်အနေဖြင့် အရှင်မင်းကြီး ယဲ့ယွင်ကို ကြည့်သောအကြည့်တွင် ဂရုစိုက်မှုများ ပါဝင်နေသည်ကို သူ သတိပြုမိသည်။
သို့သော် လက်ရှိတွင် မင်မိန်ရန်က အချစ်တော် ဖြစ်နေသည်ဟူသောသတင်း မကြားရသေးပေ။ ကြည့်ရသည်မှာ ဤမိန်းကလေးသည် နောင်တစ်ချိန်တွင် နေရာရလာမည့်ပုံပေါ်သည်။
နန်းတွင်းရှိ ရှူးဖေးကို သတိထားရန် သတင်းပို့ရပေဦးမည်။
ညစာစားပွဲ ပြီးဆုံး၍ အပြင်သို့ ထွက်လာသောအခါ ယဲ့ယွင်သည် တံခါးဝတွင် ရပ်စောင့်နေသည်။
လီဝမ်ရုန် ထွက်လာသည်နှင့် ချက်ချင်းပင် ပါးရိုက်လိုက်လေသည်။
"ရှင်... ရှင်... မင်မိန်ရန် ဘာလို့ ချန်းချဲ့ကို ရိုက်တာလဲ" လီဝမ်ရုန်သည် ထိတ်လန့်တကြား ပါးကို အုပ်ကာ မေးလိုက်သည်။
ယဲ့ယွင်က သူမကို အေးစက်စွာ ကြည့်
လိုက်သည်။
"လီဝမ်ရုန်ရဲ့ပါးစပ်က မသန့်ဘူး။ ရာထူးကြီးတဲ့သူကို မလေးစားဘူး။ ဒီပါးရိုက်တာက နင့်ကို အသိဝင်သွားအောင်လို့။ ငါ့ကို အနိုင်ကျင့်လို့ရတဲ့သူလို့ မထင်နဲ့"
လီဝမ်ရုန်သည် ဒေါသကြောင့် ရင်ဘတ်များ နိမ့်ချည်မြင့်ချည် ဖြစ်နေသည်။ "ဧကရာဇ်ရဲ့ ကိုယ်လုပ်တော်ကို ရိုက်နှက်တာ အပြစ်ကြီးတယ်။ အရှင်မင်းကြီးကို တိုင်မယ်ဆိုတာ မကြောက်ဘူးလား"
"သွားတိုင်လိုက်လေ။ ဘာပဲဖြစ်ဖြစ် ဒီနေ့ ငါ နင့်ကို ရိုက်လိုက်ပြီ။ အရှင်မင်းကြီး ငါ့ကို ဘယ်လို အပြစ်ပေးမလဲဆိုတာက နောက်မှ လာမယ့်ကိစ္စပဲ"
ယဲ့ယွင်က အေးစက်စွာ ရယ်မောလိုက်ပြီး လှည့်မကြည့်ဘဲ ထွက်ခွာသွားသည်။
ဤအဖြစ်အပျက်သည် တံခါးဝတွင် ဖြစ်ပွားခဲ့သဖြင့် နောက်မှလိုက်လာသော ကိုယ်လုပ်တော်များအားလုံး မြင်လိုက်ရသည်။ လီဝမ်ရုန်ကို ကျော်ဖြတ်သွားချိန်တွင် လှောင်ပြောင်သရော်သည့် အကြည့်များဖြင့် ကြည့်သွားကြရာ သူမ ပို၍မတရားသလိုခံစားလိုက်ရသည်။
သို့သော် သူမတွင် အရှင်မင်းကြီးကို သွားတိုင်ရဲသည့် သတ္တိမရှိသည့်အတွက်ဒေါသကို မျိုသိပ်ထားရုံသာ ရှိတော့သည်။
လူမြင်ကွင်းတွင် ဖြစ်ပျက်ခဲ့သဖြင့် သတင်းသည် လျင်မြန်စွာ ပြန့်နှံ့သွားပြီး မကြာမီ နင်ချန်လည်း သိရှိသွားသည်။
"တကယ် အဲ့မိန်းကလေးစိတ်ဓာတ်ကတော့ဒီအတိုင်းပဲ။” နင်ချန်က ပြုံးလိုက်သည်။
ယွမ်ကျိုကလည် ပြန်ပြုံးပြလိုက်သည်။ "မင်မိန်ရန်က ပွင့်လင်းတဲ့သူမို့ပါ"
***
အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC) -80
အခန်း ၈၀ ။ ပြောင်းလဲခြင်း
"မင်းကတော့ မသိတာကိုမရှိဘူးနော်။" နင်ချန်က နှာခေါင်းရှုံ့လိုက်သည်။
ယွမ်ကျိုက အလျင်အမြန် ခေါင်းငုံ့လိုက်သည်။ "ကျွန်တော်မျိုး မရဲပါဘူး။ ဒီလိုပဲ ထင်မိလို့ပါ"
နင်ချန် ဘာမှဆက်မပြောတော့ဘဲ အတွင်းခန်းသို့ ဝင်သွားသည်။ သို့သော်စားသောက်ပွဲတွင် မြင်ခဲ့ရသော ပုံရိပ်လေးက ခေါင်းထဲမှ ထွက်မသွားပေ။
ဤတစ်ကြိမ် ယွီကျိုးတွင် သုံးရက်ကြာ နေထိုင်မည်ဖြစ်ပြီး လေးရက်မြောက်နေ့ နံနက်တွင် ခရီးတစ်ဖန်ဆက်မည်ဖြစ်သည်။ နောက်တစ်နေရာသည် ကျားစခ်ဖြစ်ပြီး ကြားကာလတွင် တဲထိုး၍သာ အိပ်ရပေမည်။
ထို့ကြောင့် ရှားရှားပါးပါး အနားယူချိန်တွင် အမျိုးသမီးများသည် အပြင်ထွက် လမ်းလျှောက်ကြသည်။ လက်ရှိနေရာသည် ယာယီနန်းတော်ဟုခေါ်နိုင်ပြီး အနည်းဆုံး အမတ်ကြီးအိမ်တော် အဆင့်အတန်းရှိကာ ကျယ်ဝန်းလှပသော ပန်းခြံနှင့် ရေကန်များ ရှိသည်။
ကျင်းဖေးသည် ဇရပ်တစ်ခုတွင် လင်ကျယ်ယွီနှင့် ဆုံမိသည်။ နှစ်ယောက်စလုံးသည် ဧကရာဇ် အိမ်ရှေ့စံဘဝကတည်းက အတူရှိခဲ့ကြသူများ ဖြစ်သည်။ ကျင်းဖေးသည် ပထမဆုံး အသုတ်ဖြစ်ပြီး လင်ကျယ်ယွီသည် ဒုတိယ အသုတ်ဖြစ်သည်။ တစ်နှစ်ခန့်သာ ကွာခြားသဖြင့် မိတ်ဆွေဟောင်းများဟု ဆိုနိုင်သည်။
ကံကြမ္မာလည်း ဆင်တူလှပေသည်။ ကျင်းဖေးသည် ကိုယ်ဝန် ၆ လတွင် ပျက်ကျခဲ့ပြီး လင်ကျယ်ယွီသည် ၄ လကျော်တွင် ပျက်ကျခဲ့သည်။
နှစ်ယောက်စလုံး ကျန်းမာရေး ထိခိုက်သွားပြီး နောက်ထပ် ကိုယ်ဝန်ရရန် မလွယ်ကူတော့ပေ။
"မယ်မယ့်ကို ဂါရဝပြုပါတယ်" လင်ကျယ်ယွီက မတ်တတ်ထရပ်လိုက်သည်။
ကျင်းဖေးက လက်ကာပြလိုက်သည်။
"ရပါတယ်။ ထိုင်ပါ။ နေကောင်းရဲ့လား"
ဘဝတူများ ဖြစ်ကြသဖြင့် နှစ်ဦးစလုံးသည် အကောက်ကြံခြင်း၊ လုယူခြင်းများကို စိတ်မဝင်စားကြပေ။ ပဋိပက္ခအချို့ရှိခဲ့ဖူးသော်လည်း ယခုအခါ အတူထိုင်စကားပြောနိုင်ကြပြီဖြစ်သည်။
"ဒီလိုပါပဲ။ အသက်ရှူလို့ရရုံပါပဲ"
လင်ကျယ်ယွီက မျက်လွှာချလိုက်သည်။ အသံက တိုးညှင်းသော်လည်း နာကြည်းမှုများ ပါဝင်နေသည်။
ကျင်းဖေးက သူမရှေ့တွင် ဝင်ထိုင်လိုက်ပြီးနှိမ့်သိမ့်ပေးလိုက်သည်။
"ပြီးခဲ့တာတွေလည်း ပြီးပါစေတော့။ ဒီလောက်နှစ်တွေ ကြာခဲ့ပြီပဲ။ မေ့ပစ်လိုက်သင့်ပါပြီ။ အရှင်မင်းကြီးက မင်းကို ခေါ်လာတယ်ဆိုကတည်းက အလေးထားလို့ပေါ့။ အတိတ်ကို ဘာလို့ ဖက်တွယ်ထားချင်ရတာလဲ။”
ထိုစဉ်က သူမနှင့် လင်ကျယ်ယွီသည် ရှေ့ဆင့်နောက်ဆင့် ကိုယ်ဝန်ရခဲ့ပြီး ရှေ့ဆင့်နောက်ဆင့် ပျက်ကျခဲ့ကြသည်။ လက်သည်မှာ တစ်ယောက်တည်း ဖြစ်နိုင်ခြေ များသည်။
ထိုစဉ်က လက်သည်ကို မစုံစမ်းနိုင်ခဲ့သော်လည်း ယခု ပြန်စဉ်းစားကြည့်လျှင် အဖြေပေါ်နေပြီ ဖြစ်သည်။
"ဒါပေမဲ့ ကျွန်မ နာကြည်းတယ်။ အဲဒါ ကျွန်မရဲ့ သွေးသားလေ။ ဘယ်လိုလုပ် မေ့ပစ်နိုင်မှာလဲ။"
လက်နှစ်ဖက်ကို ဝမ်းဗိုက်ပေါ် တင်ထားပြီး လင်ကျယ်ယွီ၏မျက်ဝန်းများတွင် နာကျင်မှုများ ပြည့်နှက်နေသည်။
ကျင်းဖေးသည် သူမကို နက်နက်ရှိုင်းရှိုင်း ကြည့်လိုက်သည်။ အလားတူ ကိုယ်ဝန်ပျက်ကျဖူးသော်လည်း မိမိက ဖေး ဖြစ်ပြီး လင်ကျယ်ယွီက ကျယ်ယွီအဆင့်တွင်သာ ဘာကြောင့် ရှိနေရသည်ကို နားလည်သွားသည်။ မည်သူမျှ အမြဲတမ်း ညည်းညူနေတတ်သူကို မနှစ်သက်ကြပေ။ အထူးသဖြင့် ဧကရာဇ်က ပို၍ မနှစ်သက်ပေ။
လင်ကျယ်ယွီသည် သူမ၏ကလေးဆုံးရှုံးမှုကို မိဖုရားခေါင်ကြီးအပေါ်သာမက အရှင်မင်းကြီးအပေါ်ပါ အပြစ်တင်
နေခဲ့သည်။ ထိုစဉ်က အရှင်မင်းကြီးသည် ငယ်ရွယ်ပြီး အတွေ့အကြုံ မရှိသေးပေ။ မယ်တော်ကြီးကလည်း ဂရုမစိုက်နိုင်။ မိဖုရားခေါင်ကြီးဘက်တွင်မူ ပါးနပ်သော တင်းမားမားရှိနေသဖြင့် သူမတို့၏ကလေးများ တစ်ယောက်ပြီးတစ်ယောက် ဆုံးရှုံးခဲ့ရခြင်းဖြစ်သည်။
နောက်ပိုင်းတွင် အရှင်မင်းကြီးက ပြန်လည်ကုစားပေးခဲ့သော်လည်း လင်ကျယ်ယွီက လက်မခံခဲ့ပေ။ နာကြည်းမှုများဖြင့် မိမိကိုယ်ကိုရော သူတပါးကိုပါ ခွင့်မလွှတ်
နိုင်ခဲ့ပေ။ ထို့ကြောင့် အရှင်မင်းကြီးနှင့်လည်း တဖြည်းဖြည်း ဝေးကွာသွားခဲ့သည်။
ကျင်းဖေးသည်မူ နာကျင်မှုများကို ခံစားပြီးနောက် တည်ငြိမ်စွာနေထိုင်နိုင်ခဲ့သည်။ ငယ်ဘဝ သံယောဇဉ်ကို ထိန်းသိမ်းထားနိုင်ခဲ့သဖြင့် ယနေ့ ရာထူးကို ရရှိခဲ့ခြင်းဖြစ်သည်။
"လက်စားချေချင်တယ်ဆိုရင်တောင် ကိုယ့်မှာ အရည်အချင်း မရှိရင် ဘယ်လိုလုပ်မလဲ။ သေချာ စဉ်းစားကြည့်ပါဦး။ ပန်းကုန်းလည်း ဒီလောက်ပဲ ပြောနိုင်တော့မယ်" ကျင်းဖေးက သတိပေးလိုက်သည်။
စာနာစိတ် သက်သက်ကြောင့်တော့ မဟုတ်ပေ။
ထိုစဉ် လူရိပ်တစ်ခုကို တွေ့လိုက်ရပြီး ယဲ့ယွင် ဖြစ်သည်။
တည်းခိုဆောင်များကို ရာထူးအလိုက် စီစဉ်ထားသဖြင့် ကျင်းဖေး၊ လင်ကျယ်ယွီနှင့် သူမတို့သည်အနီးကပ်ဆုံးနေထိုင်ကြရသည့်အတွက် တွေ့ဆုံရသည်မှာ မဆန်းပေ။
"ကျင်းဖေးမယ်မယ်နဲ့ လင်ကျယ်ယွီကို ဂါရဝပြုပါတယ်" ယဲ့ယွင်က နှုတ်ဆက်လိုက်သည်။
ရာထူးကြီးသူများကို မမြင်ချင်ယောင်ဆောင်၍ မရပေ။ အထူးသဖြင့် သူတို့နှင့် ပြဿနာ မရှိသောကြောင့် ဖြစ်သည်။
"ရပါတယ်" ကျင်းဖေးက ပြုံးပြသည်။
"ရှားရှားပါးပါး တွေ့ရတာပဲ။ လာထိုင်ပါဦး"
ယဲ့ယွင် ခေါင်းညိတ်ပြီး ဇရပ်ထဲသို့ ဝင်ထိုင်လိုက်သည်။
"ယွီကျိုးရဲ့ ရှုခင်းတွေက မြို့တော်နဲ့ မတူဘူးနော်။ ဒီချန်းချဲ့ အဝေးဆုံး ရောက်ဖူးတာ ပျန့်ကျိုးလောက်ပဲ။ အခု လမ်းတလျှောက်လုံး ထူးဆန်းနေတာပဲ"
ယဲ့ယွင်က ပြုံးလျက် ပြောသည်။
ကျင်းဖေးက ထောက်ခံသည်။
"ဟုတ်တယ်။ နေရာဒေသအလိုက် နည်းနည်းတော့ကွာခြားတာပေါ့။ ပန်ကုန်း ငယ်ငယ်တုန်းက တစ်ခါ ရောက်ဖူးတယ်။ အဲဒီတုန်းက အရှင်မင်းကြီးက မင်းသားပဲ ရှိသေးတာ။ ပြောရင်းနဲ့ နှစ်တွေ အများကြီး ကြာသွားပြီ"
ထိုစဉ်က ခမည်းတော်နှင့်အတူ မြောက်ဘက်သို့ လိုက်ပါခဲ့ခြင်း ဖြစ်သည်။ နင်ချန်သည် သူမနှင့် ရှူးဖေးကို ခေါ်ဆောင်သွားခဲ့သည်။
ယနေ့ သူမ လိုက်ပါခွင့် ရသော်လည်း ရှူးဖေးမှာမူ လမ်းတစ်ဝက်မှ ပြန်လှည့်သွားရသည်။ တကယ်ပင် ဝမ်းနည်းစရာ ကောင်းလှသည်။
"မြောက်ဘက် ရောက်လေ လူတွေက ပိုပွင့်လင်းလေပဲလို့ ထင်တယ်။ အရက်လည်း ပိုသောက်နိုင်ကြတယ်။ မနေ့က အရာရှိတွေ တော်တော်သောက်ကြတာ တွေ့တယ်"
ယဲ့ယွင်သည် မိန်းကလေးပီပီ ဘာမှမသိသလို ပြောလိုက်သည်။
တကယ်လည်း ဒီဘက်ကို မရောက်ဖူးတော့ ဆန်းသစ်နေသည်မှာ ပုံမှန်ပင်။
ကျင်းဖေးက ဂရုမစိုက်ဘဲ ပြုံးလျက် ရှင်းပြသည်။
"မင်မိန်ရန်က ကျားစခ်ကို မရောက်သေးလို့ပါ။ မြက်ခင်းပြင်က လူတွေက ကျား၊ မ မရွေး အရက်သောက်နိုင်ကြတယ်။ တကယ့်ကို ပွင့်လင်းကြတာ။ စည်းကမ်းတွေကို သိပ်ဂရုမစိုက်ကြဘူး"
"ဟုတ်လား... ဒီချန်းချဲ့လည်း စည်းကမ်းတွေကို သိပ်မကြိုက်ဘူး။ မြက်ခင်းပြင်
ရောက်ရင် လူတစ်ချို့နဲ့မိတ်ဆွေဖွဲ့လို့ ရမလား မသိဘူး။" ယဲ့ယွင်က ပြော၍ရယ်မောလိုက်သည်။
ဇရပ်ထဲတွင် သုံးယောက် ရှိသော်လည်း ကျင်းဖေးနှင့် ယဲ့ယွင်သာ စကားပြောနေကြသည်။ လင်ကျယ်ယွီသည် လက်ဖက်ရည်သောက်ရင်း ငြိမ်နေသည်။
ယဲ့ယွင် သူမကို အကြိမ်ကြိမ် အကဲခတ်ကြည့်သည်။ လင်ကျယ်ယွီသည် ဖျားနာနေသည့်ပုံစံ ပေါက်နေသော်လည်း လုံးဝကြီး မဟုတ်ပေ။ အားနည်းပြီး ခေါင်းမာကာ ဝမ်းနည်းပူဆွေးနေသည့် ပုံစံမျိုး ဖြစ်သည်။
"ဘာတွေများ ပြောနေကြတာလဲ။ ပျော်စရာကောင်းမယ့်ပုံပဲ"
ရုတ်တရက် နင်ချန်၏အသံ ထွက်ပေါ်လာသည်။ အားလုံး မတ်တတ်ထရပ်လိုက်ကြပြီး ဇရပ်အပြင်ဘက်မှ လျှောက်လာသော အမျိုးသားကို တွေ့လိုက်ရသည်။
နက်ပြာရောင် နဂါးကိုးကောင် ဝတ်ရုံကို ဝတ်ဆင်ထားပြီး ရွှေရောင် ခါးပတ် စည်းထားသဖြင့် အရပ်ရှည်ပြီး ပို၍ ခန့်ညားနေသည်။
ဂါရဝပြုပြီးနောက် နင်ချန်၏အကြည့်သည် ယဲ့ယွင်ထံတွင် ခဏကြာ ရပ်တန့်သွားသည်။
သူ တကယ်ပင် ယဲ့ယွင်ကို လာရှာခြင်းဖြစ်ပြီး ဤနေရာတွင် ဆုံတွေ့ရလိမ့်မည်ဟု မထင်ထားခဲ့ပေ။
ထိုအမူအရာကို ကျင်းဖေး မြင်လိုက်ရ၍စိတ်ထဲတွင် နာကျင်သွားသော်လည်း ဟန်မပျက် ပြောလိုက်သည်။
"ဒီချန်းချဲ့ ထွက်လာတာ ကြာပြီ။ အခု လေတိုက်နေတော့ သိပ်မနေရဲတော့ဘူး။ မင်မိန်ရန်က ငယ်တော့ ခံနိုင်ရည် ရှိမှာပါ။ ဒီချန်းချဲ့ ပြန်ခွင့်ပြုပါဦး။ မင်မိန်ရန်ပဲ အရှင်မင်းကြီးကို အဖော်လုပ်ပေးလိုက်ပါ"
နင်ချန် ခေါင်းညိတ်လိုက်သည်။
"ကောင်းပြီ။ မင်းလည်း ကျန်းမာရေး ဂရုစိုက်။ လမ်းခရီး ပင်ပန်းရင် သမားတော် ခေါ်ပြနော်။"
ထို့နောက် လင်ကျယ်ယွီကို မြင်သွားပြီး စဉ်းစားလိုက်ကာ ပြောသည်။ "လင်ကျယ်ယွီက ကျန်းမာရေး မကောင်းဘူးဆိုတော့သောက်နေကျ အားဆေးတွေကို လမ်းခရီးမှာ မပြတ်စေနဲ့။ လိုအပ်တာရှိရင် ယွမ်ကျိုကို ပြော။ ဆေးဝါးတွေ အဆင်သင့် ရှိပါတယ်"
"သိပါပြီ အရှင်မင်းကြီး။ ကျေးဇူးတင်ပါတယ်"
လင်ကျယ်ယွီသည် ခေါင်းညိတ်လိုက်ပြီး စကားမများဘဲ ကျင်းဖေးနှင့်အတူ ထွက်ခွာသွားသည်။
သူတို့ ဝေးသွားမှ ယဲ့ယွင်က တိုးတိုးလေး ပြောလိုက်သည်။
"အရှင်မင်းကြီး ဒီချန်းချဲ့ကို လာရှာပြီပေါ့။ ချန်းချဲ့ကို နောက်ဘယ်တော့မှ လာရှာတော့မှာ မဟုတ်ဘူးလို့ ထင်နေတာ။"
နင်ချန် မျက်လွှာချလိုက်ပြီး သူမလက်ကို ဆွဲကိုင်လိုက်သည်။
"မင်းကိုတော့တကယ် ကျန်း မနိုင်တော့ပါဘူး။ မင်းကိုလည်း ပြောင်းလဲစေချင်စိတ် မရှိတော့ဘူး။ မင်းပြောသလို မင်းရဲ့ ရိုးသားမှု၊ မင်းရဲ့ဖြောင့်မတ်မှု၊ ပြီးတော့ကျန်းအပေါ်ဘယ်တော့မှ မလိမ်ပါဘူးဆိုတဲ့စကားတွေကို အမြဲတမ်းထိန်းသိမ်းထားနိုင်ပါစေလို့ပဲ မျှော်လင့်တယ်။"
ယဲ့ယွင် သူ့ကို ကြည့်လိုက်ပြီး အံ့ဩသွားသည်။
နင်ချန်က ဤမျှမြန်မြန် လက်ခံလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။
အဝေးရောက်နေသော လင်ကျယ်ယွီက နောက်လှည့်ကြည့်လိုက်ရာ နင်ချန်နှင့် ယဲ့ယွင်တို့ လက်ချင်းချိတ်ပြီး ကြည့်နေကြသည်ကို မြင်လိုက်ရသည်။ နင်ချန်၏ ထိုကဲ့သို့သော ပုံစံမျိုးကို သူမ တစ်ခါမှ မမြင်ဖူးခဲ့ပေ။ ရင်ထဲတွင် စူးရှစွာ နာကျင်သွားသည်။
ကျင်းဖေး ပြောသည့်စကားများ သူမနားထဲတွင် ပြန်ကြားယောင်လာခဲ့သည်။ သူမ တကယ်ပြောင်းလဲဖို့လိုနေပြီထင်သည်။
***