ကံကြမ္မာအရ ဆုံတွေ့ရပါသော
Vol. 8 Ch. 707
ပိုင်ဟောက်၏အသိဥာဏ်ကို ပြန်သွင်းပေးခြင်းသည် ပိုင်ရှောင်ချန်းအတွက် အရေးအကြီးဆုံးဖြစ်သည်။ ပိုင်ဟောက်က သူ၏တပည့်ဖြစ်ပြီး သူသာ သူ၏ဝိညာဉ်ကို ဘယ်တော့မှ မရှာဖွေနိုင်ခဲ့ပါက ဇာတ်လမ်းတစ်မျိုးဖြစ်ကောင်းဖြစ်နိုင်ပေမည်။ သို့သော် ၄င်းကို ပြန်လည်ရရှိပြီးနောက်တွင် သူလုပ်ရမည့်ကဏ္ဍနှင့် ပတ်သက်၍ တုံ့ဆိုင်းတွေဝေနေခြင်း မရှိပေ။
မြေရိုင်းဒေသသို့ ပထမဆုံးရောက်ခဲ့စဉ်အခါကသာ ယခုကဲ့သို့ ပြုလုပ်ရမည်ဆိုပါက အောင်မြင်အောင် လုပ်ဆောင်နိုင်ရန်သူ့အတွက် အလွန်တရာ ခက်ခဲလိမ့်မည်။ သို့သော် ယခုတွင် သူသည် ကောင်းကင်အဆင့်အောက်လမ်းဆရာဖြစ်ပြီး မျိုးနွယ်စုကြီးသုံးစုထံမှ မြောက်မြားလှစွာသော တန်ဖိုးကြီးရတနာများ ရထားပေသည်။ အရေးအကြီးဆုံးမှာ သူသည် ထိုမျိုးနွယ်စုကြီးသုံးစုထံမှ လျှို့ဝှက်ရတနာနှစ်ခုဖြစ်သည့် ကြာစေ့နှင့် သွေးစက် ရထားသည်။
ထိုလျှို့ဝှက်ရတနာများက ဝိညာဉ်များအတွက် အသုံးချရန် အထူးတလည် ပြုလုပ်ထားခြင်းဖြစ်သည်။ အထူးသဖြင့် ချန်မျိုးနွယ်စု၏ သိုလှောင်ပစ္စည်းများထဲမှ လျှို့ဝှက်ရတနာဖြစ်သည့် သွေးစက်ဟုပြောလျှင် ပိုမှန်လိမ့်မည်။ ၄င်းသည် ဝိညာဉ်တစ်ကောင်၏ ယခင်ဘဝ၌ တည်ရှိခဲ့သည့် မှတ်ဉာဏ်များကို ပြန်လည်ခေါ်ဆောင်ပေးပြီး ထိုဝိညာဉ်ကို သရဲကျင့်ကြံသူဟုခေါ်နိုင်သော ဝိညာဉ်တစ်ခုအဖြစ်သို့ ပြောင်းလဲပေးနိုင်သည်။
ကြာစေ့ကမူ အသစ်စက်စက် ခန္ဓာကိုယ်တစ်ခုကို ဖန်တီးရန် အသုံးပြုနိုင်သည်။သက်ရှိသတ္တဝါများအပေါ်လုပ်နိုင်သကဲ့သို့ သေပြီးသားသရဲများအပေါ်တွင်လည်း ထိုနည်းတူ အလုပ်လုပ်၊မလုပ် သူ မသေချာသော်ငြား ကြိုးစားကြည့်ရန် စိတ်ပိုင်းဖြတ်ထားပြီးဖြစ်သည်။ သို့စေကာမူ သူ ထိုအလုပ်ကို ပေါ့ပေါ့တန်တန်သဘောမထားပေ။ ကြာစေ့၌ အစေ့နှစ်စေ့သာရှိပြီး သွေးစက်သည်လည်း တစ်စက်သာရှိသည်။ သို့ဖြစ်လေရာ သူသည် မစခင်ကတည်းက အသေအချာ စေ့စေ့စပ်စပ်ပြင်ဆင်ထားချင်သည်။
အဆုံးသတ်ရလျှင်...... သူ့၌ အောင်မြန်ရန် အခွင့်အရေးတစ်ခုသာ ရှိလိမ့်မည်။
ထို့ကြောင့် သူသည် ချန်မျိုးနွယ်စုထံသို့ပင် အလည်အပတ်သွားရောက်၍ သူတို့၏ မျိုးနွယ်စုခေါင်းဆောင်အသစ်နှင့်ပင် တွေ့ဆုံလေသည်။ ထိုလူနှင့် စကားစမြည်ပြောဆိုပြီး လက်ဆောင်နည်းနည်းပါးပါးပေးပြီးနောက်တွင် သူ၏ ဖြောင့်မတ်ရိုးသားမှုဖြင့် သူ့ကို စည်းရုံးသိမ်းသွင်းနိုင်လိုက်ပြီး သွေးစက်ကို မည်သို့မည်ဖုံအသုံးပြန်ရန်ဟူသော အသေးစိတ်အချက်အလက်များကို ထပ်မံရရှိသွားလေသည်။
သူလိုအပ်သော အချက်အလက်များရပြီး ပြန်လာပြီးနောက်တွင် သူသည် ယခင်ထက်ပင် ပို၍ စိုးရိမ်ပူပန်လာတော့သည်။
" ဒီသွေးစက်မှာ ထူးခြားဆန်းကြယ်တဲ့ စွမ်းအားတွေရှိတယ်။ ဒါက အမှန်တကယ်ပဲ ဝိညာဉ်တစ်ကောင်ရဲ့ အရင်ဘဝက မှတ်ဉာဏ်ကို ပြန်သတိရစေနိုင်တယ်။ ဒါပေမဲ့ လုပ်ရမယ့်ဟာက အရမ်း အန္တရာယ်များလွန်းပြီးတော့ ဝိညာဉ်ကိုလဲ အားနည်းသွားစေတယ်။ နတ်ဝိညာဉ်ဆိုရင်တော့ ပိုသေချာနိုင်လောက်ပေမယ့် ပိုင်ဟောက်ကသူသေတုန်းက အခြေခိုင်မာခြင်းအဆင့်မှာပဲ ရှိသေးတာ။ ဒါ အလုပ်ဖြစ်၊မဖြစ်ဆိုတာ ပြောဖို့ခက်တယ် "
သို့သော် ထိုကိစ္စနှင့်ပတ်သက်၍ သူ မည်သို့မျှ မလုပ်နိုင်ပေ။ ယခုအခါ ပိုင်ဟောက်၏ ဝိညာဉ်သည် မည်သည့်ကျင့်ကြံခြင်းကိုမဆို အားမထုတ်နိုင်တော့သည့် ဝိညာဉ်တစ်ခုထက် မပိုသော ကြောက်စရာကောင်းသည့် သီးခြားဖြစ်တည်မှုတစ်ခုဖြစ်နေသည်။
သူ၏ မှတ်ဉာဏ်များ ပြန်လည်ရရှိသွားလျှင်တောင်မှ မည်သို့မျှတိုးတက်နိုင်တော့မည်မဟုတ်ဘဲ အခြေခိုင်မာခြင်းအဆင့်ဝိညာဉ်တစ်ကောင်အဖြစ်နှင့်သာ ထာဝရ တည်ရှိနေရမည့်ဟန်တူသည်။
" ငါလုပ်ပေးနိုင်တာက သွေးပေါင်းစပ်တဲ့အချိန် ဝိညာဉ်ဆေးအများကြီး သုံးပေးဖို့ပဲရှိတာ။အလုပ်ဖြစ်ဖို့ ခက်ခဲပေမယ့် ရလဒ်ကတော့ သေချာပေါက် ပိုကောင်းမှာပဲ "
စိတ်ပိုင်းဖြတ်ထားမှုများဖြင့် သူ့မျက်လုံးများ တလက်လက်တောက်ပနေပြီးသရဲကြီးမြို့တော်ရှိ ဝိညာဉ်ဆေးများအားလုံး ဝယ်ရန် ဆောင်ရွက်မှုများ မဆိုင်းမတွ ပြုလုပ်လိုက်သည်။
မြို့တော်၏ အမှုဆောင်ချုပ်ဖြစ်လာပြီးနောက်ပိုင်း သူသည် မရေမတွက်နိုင်သော လက်ဆောင်ပဏ္ဍာများရရှိခဲ့ပြီး မျိုးနွယ်စုကြီးသုံးစုထဲသို့လည်း မွှေနှောက်ရှာဖွေ၍ လုယူခဲ့သည်။ အကျိုးဆက်အနေဖြင့် သူသည် ငွေကြေးချမ်းသာကြွယ်ဝနေသည်ဟု သေချာပေါက်သတ်မှတ်နိုင်သည်။ သို့သော် ပိုင်ဟောက်အတွက် သူသည် ငွေကြေးအမြောက်အမြားသုံး၍ ဝိညာဉ်ဆေးများဝယ်ရန် လက်တွန့်မနေချေ။
သူက မျိုးနွယ်စုကြီးသုံးစုထံမှ ဓားပြတိုက်ခဲ့ပြီး ယခုတွင် ဆေးများဝယ်ရန် ငွေကြေးမြောက်မြားစွာ ဖြုန်းတီးနေသောကြောင့် သိုလှောင်ကုန်များသည် ကြောက်ခမ်းလိလိ တိုးပွားလာတော့သည်။
ပိုင်ရှောင်ချန်းက မြို့တော်ရှိ ဝိညာဉ်ဆေးများအားလုံးကို လောဘတကြီးစုဆောင်းနေစဉ် ကြောက်စရာကောင်းသောအရာများက မြို့သူမြို့သားများ၏ နှလုံးသားများကို ရိုက်ခတ်နေတော့သည်။
နတ်သုံးပါးအပါအဝင် အစွမ်းထက်ကျင့်ကြံသူတစ်ရာကျော် မြို့တော်ဆီ လာရောက်သွားကြ၏။ သူတို့အားလုံး ဒေါသူပုန်ထနေကြသည့်တိုင် သူတို့၏ အမျက်ဒေါသများကို ထိန်းချုပ်ထားကြလေသည်။ မြို့တော်ထဲ ဝင်ရောက်လာမည့်အစား သူတို့က မြို့တော်ကို ဝိုင်းထားလျက် အပြင်ဘက်တွင် တင်ပျဉ်ခွေထိုင်နေကြသည်။
ထို့ပြင် ထိုသည်က အစသာ ရှိသေးသည်...... နောက်ပိုင်းတွင် တည်နေရာရွှေ့ပြောင်းခြင်းအပေါက်များမှ တစ်ဆင့် မရေမတွက်နိုင်သော လူအများအပြား မြို့တော်ထဲတွင် ပေါ်လာ၏။ သူတို့အားလုံးသည် နောက်လိုက်အမြောက်အမြားရှိကြသူများဖြစ်ပြီး သူတို့၏ တဟုန်းဟုန်းတောက်လောင်နေသော စွမ်းအင်များကိုပင် မဖုံးကွယ်တော့ဘဲ သရဲကြီးဘုရင်နှင့် စကားပြောရန် တော်ဝင်နန်းတော်ထံ ချီတက်သွားကြသည်။
ထိုကဲ့သို့ ပထမဆုံးဆွေးနွေးခြင်ပင် မပြီးသေးခင်မှာပင် တည်နေရာရွှေ့ပြောင်းခြင်းဝင်ပေါက်များ တောက်ပလင်းလက်လာကာ လူများစွာ ရောက်ရှိလာကြ၏။
နေ့စဉ်နေ့တိုင်း လူဒါဇင်များစွာ ပုံမှန်ပေါ်ပေါ်လာကြသည်။ ယခုအခါ မြို့တော်ထဲသို့ နတ်ဆယ်ပါးကျော်ပင် ရောက်ရှိခဲ့လေပြီ။ အမှန်တကယ်တော့ နတ်အဆင့်ကျင့်ကြံသူဆိုသည်မှာ ခြေတစ်ချက်ဆောင့်လိုက်ရုံနှင့် မိုးကောင်းကင်နှင့် ပထဝီမြေကြီးကို တုန်လှုပ်သွားစေနိုင်သည့် ကျင့်ကြံသူအမျိုးအစားဖြစ်သည်။ တစ်ကမ္ဘာလုံးတွင် စုစုပေါင်း နတ်အဆင့်ကျင့်ကြံသူ ငါးဆယ်ခန့်သာ ရှိလိမ့်မည်။
ယခုအခါ သရဲကြီးမြို့တော်တွင် နတ်ဆယ်ပါးကျော်ရှိနေလေရာ နယ်စားသေမင်းအော်သံပင်စိတ်လေးလံနေတော့သည်။ ကံကောင်းထောက်မစွာ သရဲကြီးဘုရင်က သူ့ကို ထိုလူများနှင့်ရင်ဆိုင်ရန် အမိန့်မပေးခဲ့ဘဲ ထိုအစား ကိစ္စရေးရာများဆွေးနွေးရန် တော်ဝင်နန်းတော်သို့ ဖိတ်ခေါ်ခိုင်းခဲ့လေသည်။
သူက အဖွဲ့တစ်ဖွဲ့ ပြန်ပို့ပြီးလျှင် နောက်တစ်ဖွဲ့က အစားထိုးဝင်ရောက်လာသည်။ ထိုနည်းအားဖြင့့် ရက်ပိုင်းအတွင်း သရဲကြီးမြို့တော်ရှိ လူတိုင်းသည် ဖြစ်ပျက်နေသည်များနှင့် ပတ်သက်၍ တဖြည်းဖြည်း အံ့သြမှင်သက်လာသည်။ ထို့နောက် ခန့်မှန်းချက်များ၊ ထင်မြင်ယူဆချက်များသည် ထိန်းမနိုင်သိမ်းမရဖြစ်လာလေသည်။ နောက်ဆုံးတွင် ထိုကိစ္စအား လျှို့ဝှက်ချက်အဖြစ် ထိန်းသိမ်းထားရန် လုံးဝမဖြစ်နိုင်တော့ပေ။
"ဘာရယ် ။ ပိုင်ဟောက်က အရှင်မင်းမြတ်အမိန့်အတိုင်း မြေရိုင်းဒေသမှာရှိတဲ့ မင်းမျိုးမင်းနွယ်တွေ၊ အထက်လန်းလွှာအားလုံးနီးပါးက အိမ့်ရှေ့စံတွေ၊ လက်ရွေးစင်တွေအားလုံးကို ပြန်ပေးဆွဲခဲ့တယ် ဟုတ်စ "
" ဘုရားဘုရား။ ဒီကောင် ပိုင်ဟောက်က ပြန်ပေးဆွဲရတာကို ဝါသနာထုံနေတာလား ဘာလားကွာ။ ပထမဆုံး သူ့အဖေ။ နောက် အရှင်မင်းမြတ်။ အခုတော့ တစ်ချီတည်းနဲ့ လက်ရွေးစင် တစ်ရာကျော်ကို ပြန်ပေးဆွဲခဲ့ပြန်ပြီ "
"ဘုရင်ကြီးကတော့ ရှုပ်ရှုပ်ယှက်ယှက်ကစားပွဲကြီးလုပ်နေတာပဲ။ သူဘာလုပ်နေတာလဲ ငါဖြင့် တကယ့်ကို နားမလည်တော့ဘူး "
သတင်းများပြန့်လာသည်နှင့်အမျှ မရေမတွက်နိုင်သော ပင့်သက်ရှိုက်သံများအားလုံး သရဲကြီးမြိုတော်၏ ချောင်ကျိုချောင်ကြားမကျန် အကုန်ကြားနေရသည်။ ယခုအခါ လူအများကပိုင်ဟောက်သည် မည်မျှ ရဲစွမ်းသတ္တိရှိပြီး စွမ်းအားကြီးကြောင်း လက်ခံသွားသည်ကိုပင် မပြောပြနိုင်ရှာတော့ပေ။
နောက်ထပ်သုံးရက်ကုန်လွန်သွားပြီး ထိုအချိန်တွင် ကျယ်လောင်သော ဟိန်းဟောက်သံကြီးတစ်ခုက တစ်လောကလုံးကို တုန်ခါသွားစေသည်။ ပိုင်ရှောင်ချန်း၏ နေအိမ်အပေါ်ရှိ လေထုထဲတွင် ဧရာမတိုက်ပွဲဝင်ပုဆိန်ကြီးတစ်လက် ပေါ်လာပြီး ၄င်းအပေါ်တွင် သက်ရှိသက်မဲ့အရာဟူသမျှကို ငြိမ်ဝမ်ပိပြားသွားစေနိုင်သော ခွန်အားဗလကြီးမားသော ပုံရိပ်ကြီးတစ်ခုက ရပ်နေ၏။
" သောကကင်းဝေးကိုးသွယ်ဘုရင် "
သရဲကြီးဘုရင်က သောကကင်းဝေးကိုးသွယ်ဘုရင်နှင့် တိုင်ပင် ဆွေးနွေးရန် သူ၏တော်ဝင်နန်းတော်ထဲမှ အပြေးထွက်လာ၏။ တခဏကြာသော် သောကကင်းဝေးကိုးသွယ်ဘုရင်သည် တင်းမာခက်ထန်စွာဖြင့် သရဲကြီးဘုရင်နောက်လိုက်ကာ တော်ဝင်နန်းတော်ထဲ ဝင်သွားကြလေသည်။
မကြာမီ ဧရာမလူဝကြီးတစ်ယောက်ဖြစ်သော ဝိညာဉ်ခရီးဘုရင်ရောက်လာ၏။ ထို့နောက် စစ်နိုင်ဘုရင်။ သရဲကြီးမြို့တော်ရှိ လူများအားလုံးမှာ မြင်နေရသည့် အရာများကြောင့် အံ့သြတုန်လှုပ်၍ ပင့်သက်ရှိုက်နေကြရတော့သည်။
ခုနစ်ရက် ကုန်လွန်သွား၏။ တဖြည်းဖြည်းနှင့် တည်နေရာရွှေ့ပြောင်းခြင်းအပေါက်များသည် အတန်ငယ် ငြိမ်သက်လာသည်။ အမှန်တကယ်တော့ ပိုင်ရှောင်ချန်းသည် လူမြင်ကွင်းမှ တတ်နိုင်သမျှရှောင်နေပြီး ဖြစ်ပျက်သွားသောအရာများကို သိရန် စုံစမ်းခြင်းများပင် မပြုလုပ်ဝံ့ပေ။ သရဲကြီးဘုရင်သည် ကြောက်စရာကောင်းသော အခြေအနေသို့ ကျရောက်နေလိမ့်မည်ဟု သူ တပ်အပ်သိနေသည်။
" ဟမ့် ခင်ဗျား ကျုပ်ကို အပြစ်တင်လို့မရဘူး။ ခင်ဗျားသာ ကျုပ်ကို ဒုက္ခမပေးရင် ကျုပ်လဲ ခင်ဗျားကို ဒုက္ခပေးမှာ မဟုတ်ဘူး "
သူ့ကိုယ်သူ မှန်သည်ဟု တွေးနေသည့်တိုင် သူတို့နှစ်ယောက်အနက် မည်သူက စွမ်းအားအကြီးဆုံးဖြစ်ကြောင်း သူသိလေသည်။ တစ်ယောက်တည်း ပွစိပွစိရေရွတ်နေရင်း သူသည် တံခါးပိတ်ကျင့်ကြံကာဝိညာဉ်ဆေးများအား ဆက်လက်ဝယ်ယူနေသည်။ တစ်ရက်သားတွင် သူက သခင်မချန်ဆီသို့ တိတ်တဆိတ် အလည်အပတ်သွားကာ အကူအညီတောင်းခံခဲ့လေသည်။
****
ပိုင်ရှောင်ချန်း ထင်ထားသည့်အတိုင်း သရဲကြီးဘုရင်သည် လုံးဝစိတ်မကြည်ပေ။ အမျိုးမျိုးသော အဖွဲ့များနှင့် ဆွေးနွေးညှိနှိုင်းခဲ့ရသည့် ခုနစ်ရက်တာအတောအတွင်း သူသည် ပိုင်ရှောင်ချန်း ပြန်ပေးဆွဲခဲ့သည့် လက်ရွေးစင်ပေါင်းစုံကို ပြန်လည်စေလွှတ်ခဲ့သည်။ သူတို့၏ လက်ရွေးစင်များကို ပြန်လည်ခေါ်ယူသွားသည့် လူအချို့က သူလုံးဝလျစ်လျူရှုထားနိုင်သည့် လူများဖြစ်ကြသည်။ သူ့အကြည့်တစ်ချက်ဖြင့် လွှမ်းမိုးနိုင်သော လူများပင် ရှိပေသည်။ သို့သော် သူ့ကို တန်ရာတန်ကြေးပေးရန် အတင်းဖိအားပေးနေသည့် အခြားသူများလည်း ရှိသည်။
ဥပမာဆိုရလျှင် ဝိညာဉ်ခရီးဘုရင်နှင့် စစ်နိုင်ဘုရင်ဖြစ်သည်။ ပထမတွင် သရဲကြီးဘုရင်သည် ဝိညာဉ်ရေနွေးအိုး၏ စည်းမျဉ်းများကို ချိုးဖောက်ခဲ့ပြီး နောက်ထပ်ကိစ္စရပ်တစ်ခုမှာ သူတို့၏ဆက်ခံသူနှစ်ယောက်လုံး သေမတတ်ရိုက်နှက်ခံခဲ့ရခြင်းဖြစ်သည်။
သောကကင်းဝေးကိုးသွယ်ဘုရင်မှာ ညှိုနှိုင်းရန် ပို၍ပင် ခက်ခဲသည်။ သူတို့ ဆွေးနွေးသည့် အချိန်ကြာလာသည်နှင့်အမျှ သူ့ မျက်နှာပေါ်ရှိ အပြုံးသည် အေးစက်သထက် အေးစက်လာတော့သည်။ သောကကင်းဝေးကိုးသွယ်ဘုရင်သည် သရဲကြီးဘုရင်ကို သူ၏ ဆုတ်ယုတ်ကာလအတောတွင်းက တိုက်ခိုက်ခဲ့ပြီး သူကိုယ်တိုင်လည်း စည်းကမ်းများကို ဖောက်ဖျက်ခဲ့ရာ သူ၏ သဘောထားနှင့် သူမည်သို့လုပ်နိုင်သည်ကို ဖော်ပြနေတော့သည်။ ထို့ကြောင့် သူတို့သည် ဆွေးနွေး ခြင်းကို ရှေ့ဆက်၍ မရပေ။ နောက်ဆုံး၌ သရဲကြီးဘုရင်သည် စစ်နိုင်ဘုရင်နှင့် ဝိညာဉ်ခရီးဘုရင်ကို အတူဆွေးနွေးရန် ခေါ်လိုက်ရာ အဆုံးသတ်တွင် သောကကင်းဝေးကိုးသွယ်ဘုရင်မှာ ဒေါသတကြီးအံကြိတ်ပြီး ထွက်သွားရုံမှ တစ်ပါးမတတ်နိုင်တော့ပေ။
ဒုတိယမင်းသားနှင့် ရင်ဆိုင်ရချိန်တွင်တော့ များစွာ ခေါင်းခဲရလေသည်။ သူသည် တော်ဝင်မျိုးနွယ်စုဝင်တစ်ယောက်ဖြစ်နေသည့် အချက်ကြောင့် ဘယ်နည်းနှင့်မှ အလွယ်တကူ အလုပ်မဖြစ်ပေ။ ထိုမျိုးနွယ်စုသည် မဟာကောင်းကင်သခင်ချုပ်ကိုင်ထားသောကြောင့်အားနည်းနေသည့်တိုင် ဒုတိယမင်းသားသည် မင်းသားတစ်ပါးဖြစ်နေသေးသည်။ အင်ပါယာမျိုးနွယ်စုမှာ အရှက်ကွဲခြင်းကို သည်းမခံနိုင်သောအမျိုးအစားဖြစ်နေသေးရာ သရဲကြီးဘုရင်မှာ အရာအားလုံးကို အဆင်ပြေရန် တန်ရာတန်ကြေးများစွာပေးရသည့်အတွက် မကြည်မလင်ဖြစ်နေတော့သည်။
လောလောဆယ်တွင် သရဲကြီးဘုရင်သည် တော်ဝင်နန်းတော်ထဲရှိ ပြာဿဒ်တစ်ဆောင်တွင် ထိုင်နေလျက်ရှိသည်။ မျက်ရိုးကို နှိပ်ရင်း သူက သက်ပြင်းချကာ ရေရွတ်လိုက်သည်။
" ဟူး နောက်ဆုံးတော့ အကုန်ပြန်ပို့ပြီးပြီ "
ထိုကိစ္စများအတောအတွင်း သူက လျှို့ဝှက်ကြံစည်ခဲ့ရ ၊ မဟာမိတ်ဖွဲ့ရ ၊ သူ့စာအုပ်ထဲရှိ လှည့်ပတ်နည်းတိုင်းကို သုံး၍ သူ့အရှုံးများကို တတ်နိုင်သမျှလျှော့ချခဲ့ရသည်။ နောက်ဆုံးတွင် သူ အလွန်ပင်ပန်းနွမ်းနယ်နေတော့သည်။
" အဲဒီကောင်စုတ်လေးရဲ့ အမှားပဲ "
ပိုင်ရှောင်ချန်းအကြောင်း တွေးလိုက်ရုံနှင့် သူ၏မျက်လုံးများ ဒေါသတကြီး ပြူးထွက်လာတော့သည်။ သို့သော် ထိုအချိန်တွင် နောက်မှ သူ့ကို ဖက်လိုက်သည့် နူးညံ့နွေးထွေးသော လက်နှစ်ဖက်ကို ခံစားလိုက်ရသည်။ ထိုသည်ကား သခင်ချန်ကလွဲ၍တခြားမဟုတ်ပေ.......
သရဲကြီးဘုရင်က သူမကို လှည့်ကြည့်လိုက်ပြီး သူ၏အကြည့်သည် နူးညံ့သွား၏။ သူမက ထိုအခွင့်အရေးကိုယူ၍ ပိုင်ဟောက်ကောင်းကြောင်း နည်းနည်းပါးပါး ပြောလိုက်ရာ အကျိုးဆက်အနေဖြင့် သရဲကြီးဘုရင်၏ ဒေါသများ အတန်ငယ် ပြေပျောက်သွားလေသည်။ သူသည်လည်း သူ့အတွက် ပိုင်ဟောက်လုပ်ပေးခဲ့သည့် ကောင်းသော အရာများအားလုံးကို ပြန်တွေးမိလာတော့သည်။
" အင်း ဒါက ငါတော်တော်ပေးဆပ်လိုက်ရပေမယ့် အနည်းဆုံး သရဲဘုရင်အသီးကို ရလိုက်သေးတာပဲ။ အကုန်လုံးတန်တယ်ထင်ပါတယ်ကွာ။ ပိုင်ဟောက်သာ မရှိလို့ကတော့ သရဲဘုရင်အသီးကို တခြားဘုရင်သုံးပါး ယူသွားလောက်မှာ။ ဒီလိုသာဆို ငါပေးခဲ့ရတဲ့တန်ဖိုးထက် ဆယ်ဆတောင်ပေးရမှာ "
နောက်ဆုံးတွင် ကိစ္စရေးရာများ ပြေလည်သွားတော့သည်။ နှာခေါင်းရှုံရင်း သရဲကြီးဘုရင်က ထိုကိစ္စအတွက် ထပ်မံ၍ စိတ်သောကရောက်မနေတော့ရန် ဆုံးဖြတ်လိုက်သည်။
****
ပိုင်ရှောင်ချန်းက ရက်အနည်းငယ်စောင့်လိုက်ပြီး သရဲကြီးဘုရင်က သူ့ထံ မလာတော့ကြောင်း ထင်ရသည့် နောက်ဆုံး သူသည် အခြေအနေတစ်ရပ်လုံးနှင့် ပတ်သက်၍ ယုံကြည်ချက်ရှိလာတော့သည်။ ထို့နောက် သူက ဝိညာဉ်ဆေးများဝယ်ရာတွင် ပို၍ပင် အားစိုက်လိုက်ပြီး မကြာမီ သူလိုအပ်သောပမာဏ ရသွားလေသည်။
ထို့နောက် သူက အံတင်းတင်းကြိတ်၍ ပိုင်ဟောက်၏အသိဥာဏ်ကို ပြန်သွင်းပေးရန် စတင်လိုက်တော့သည်။
အမှန်တကယ်တော့ ထိုကိစ္စက အလွန်အထိအခိုက်မခံနိုင်သော ကိစ္စတစ်ရပ်ဖြစ်ရာ သရဲကြီးမြို့တော်တွင် သူ့အလုပ်ကို မလုပ်ရဲပေ။ အမှားတစ်စုံတရာသာ ဖြစ်ပွားပါက အကျိုးဆက်များ လုံးဝပြင်းထန်နိုင်သည်။ ထို့ကြောင့် သူက မြို့တော်အပြင် ချောင်ကျသော နေရာတွင် သူ့ကို မည်သူမျှ မမြင်နိုင်ရန် မန္တန်ဝင်္ကပါများစွာနေရာချလိုက်သည်။ သူ၏ ပြင်ဆင်မှုများအားလုံး ပြုလုပ်ပြီးနောက် သူ့စိတ်ကို တည်ငြိမ်အောင်ပြုကာ အိတ်ထဲမှ ဝိညာဉ်သိုလှောင်စေတီကို ထုတ်လိုက်ပြီးနောက် ပိုင်ဟောက်၏ ဝိညာဉ်ကို ထုတ်လိုက်သည်။
ပိုင်ရှောင်ချန်း၏လက်ထဲတွင် ဝိညာဉ်က လွင့်မျောနေပြီး စူးရှတောက်ပနေသော ရောင်ခြည်စက်ဝန်းတစ်ခုက ၎င်းကို ဝန်းရံနေသည်။ အစတွင် ၄င်းသည် တွေဝေနေဟန်ရသော်လည်း လျင်မြန်စွာပင် သတိပြန်ဝင်လာကာ ပိုင်ရှောင်ချန်းကို ကြည့်ပြီးနောက် ဟိန်းဟောက်လိုက်သည်။
ထို့နောက် ၄င်းက ရောင်ခြည်စက်ဝန်းကို ထိုးဖောက်၍ သူ့ကို တိုက်ခိုက်မည့်အလား ရောင်ခြည်စက်ဝန်းဆီသို့ ဒေါသတကြီး ပြေးဝင်နေသည်။ ပိုင်ရှောင်ချန်း မှာမူ ပိုင်ဟောက်၏ ဝိညာဉ်ကို ကြည့်ရင်း သူ့ရင်ထဲတွင် ရှုပ်ထွေးနေသော ခံစားချက်များစွာ ပြည့်ကြပ်နေတော့သည်။ တခဏအတွင်း ပိုင်ဟောက်၏ မျက်လုံးများသည် လောဘဒေါသများဖြင့် တောက်ပလာပြီး နောက်ဆုံးတွင် ပိုင်ရှောင်ချန်းမှာ သက်ပြင်းချကာ သူ့ကျင့်ကြံခြင်းအခြေခံ ဖိအားအနည်းငယ် ထုတ်လွှတ်လိုက်သည်။
ရုတ်တရက် ရောင်ခြည်စက်ဝန်းထဲရှိ ဝိညာဉ်က ကတုန်ကယင်ဖြစ်သွားပြီး သူ့ကို ကြောက်လန့်သွားကာ နောက်ဆုတ်သွားလေသည်။
" ကံကြမ္မာက ငါတို့ နှစ်ယောက်ကို ဆုံတွေ့ပေးလိုက်တာပဲ "
ပိုင်ရှောင်ချန်းက ခပ်တိုးတိုးရေရွတ်လိုက်သည်။