အခန်း (၈၃-၈၄)
Vol. 6 Ch. 83-84
အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC)-83
အခန်း ၈၃ ။ စွမ်းဆောင်ရည်
ယဲ့ယွင်၏စကားကို ကြားပြီးနောက် နင်ချန်၏စိတ်ထဲတွင် အတွေးတစ်ချို့ ပေါ်လာသည်။
မည်သည့်ရှုထောင့်မှ ကြည့်လျှင်ဖြစ်စေ တော်ဝင်ကုန်သည်ကို မှန်ကန်စွာ ရွေးချယ်နိုင်ပါက သူ့အတွက် ကောင်းကျိုးဖြစ်ထွန်းစေမည်။ ငြိမ်းချမ်းသောခေတ်တွင် စစ်ရေးအောင်မြင်မှု မရယူနိုင်လျှင် တိုင်းပြည်ကို ပိုမိုစည်ပင်ဝပြောအောင် လုပ်ဆောင်ခြင်းသည် အကြီးမားဆုံးသော အောင်မြင်မှုဖြစ်သည်။
အစပိုင်းတွင် သူသည် ဧကရာဇ်ဖြစ်လိုစိတ် မရှိခဲ့သော်လည်း တာဝန်ယူရပြီးနောက် အကောင်းဆုံး လုပ်ဆောင်လိုစိတ်ရှိသည်။
"ကိုယ် အရင်တုန်းက အမျိုးသမီးတွေကယောကျ်ားတွေနဲ့ တန်းတူစွမ်းဆောင်နိုင်တယ်ဆိုတာကို တကယ် မယုံကြည်ခဲ့ဘူး။ ဒါပေမဲ့ ဒီနေ့တော့ မင်းကို ကြည့်ပြီး ဒီစကားက တကယ်မှန်တယ်လို့ ခံစားရတယ်"
"အရှင်မင်းကြီးက ဒီချန်းချဲ့ကို အရမ်းမမြှောက်ပါနဲ့။ ချန်းချဲ့က အမေ စီးပွားရေးလုပ်တာကို ကြည့်ပြီး နည်းနည်းပါးပါး စဉ်းစားမိတာပါ။ အသေးစိတ် အစီအစဉ်တွေကတော့ အရှင်မင်းကြီး ကိုယ်တိုင် ဆုံးဖြတ်ရမှာပါ"
ယဲ့ယွင်က မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်လုပ်ကာ ချွဲနွဲ့စွာပြောလိုက်သည်။
"ပြီးတော့ ဒီချန်းချဲ့မှာလည်း ကိုယ်ကျိုးစီးပွား နည်းနည်းတော့ ပါပါတယ်။ ချန်းချဲ့ရဲ့အဘိုးက နှစ်ပေါင်းရာနဲ့ချီပြီး စီးပွားရေးလုပ်လာတာ၊ နယ်ပယ်စုံ နှံ့စပ်တယ်။ တကယ်လို့ တော်ဝင်ကုန်သည် ဖြစ်ခွင့်ရရင် မဆိုးဘူးလို့ တွေးမိတာပါ။"
သူမတွင် ရည်ရွယ်ချက်ရှိသည်ကို ပွင့်
ပွင့်လင်းလင်း ဝန်ခံလိုက်ခြင်းသည်အရှင်မင်းကြီးအပေါ် ရိုးသားပါမည်ဟု ကတိပေးထားခြင်းကြောင့်ဖြစ်သည်။
နင်ချန် သဘောမတူခဲ့ရင်တောင် တော်ဝင်ကုန်သည်ကိစ္စအကြံဉာဏ်ပေးခဲ့သဖြင့် အမှတ်ရနေမည်ဖြစ်သည်။
အတိုချုပ်ပြောရလျှင် သူမအတွက် အရှုံးမရှိပေ။ငုနောက်ဆုံးတွင် နင်ချန်သည် ချက်ချင်း သဘောမတူသေးဘဲ အမတ်ကြီးများနှင့် တိုင်ပင်ဆွေးနွေးဦးမည်ဟု ဆိုသည်။
.....
နောက်တစ်နေ့ နံနက်တွင် ယဲ့ယွင် နိုးလာသောအခါ ဘေးတွင် လူမရှိတော့ပေ။
နန်ကျစ်က ဝင်လာပြီး ပြုစုပေးသည်။ "မိန်ရန်... အရှင်မင်းကြီးက မိန်ရန့်ဘေးမှာ လူလိုနေတယ်ဆိုပြီး ချင်မားမားကို စေလွှတ်လိုက်ပါတယ်။"
မင်းသား၊ မင်းသမီးတိုင်းတွင် နို့ထိန်း လေးယောက်နှင့် မားမား နှစ်ယောက် ရှိကြသည်။
ချင်မားမားသည် ဉာဏ်ကောင်းသူဖြစ်ပြီး နင်ချန်နှင့် အလွန်အမင်း ရင်းနှီးအောင်မနေဘဲ မိမိတာဝန်ကိုသာ ကျေပွန်အောင် ထမ်းဆောင်ခဲ့သည်။ ထို့ကြောင့် မယ်တော်ကြီးက နင်ချန်ဘေးမှ လူများကို ရှင်းလင်းစဉ်က ချင်မားမား လွတ်မြောက်ခဲ့သည်။
သို့သော် ချင်မားမားသည် တစ်ခါက ချော်လဲ၍ ခြေထောက်ဒဏ်ရာ ရထားသဖြင့် အမြဲတမ်း မပြုစုနိုင်တော့ပေ။ သို့သော် နင်ချန်သည် သံယောဇဉ်ကြီးသဖြင့် ဆက်လက်စောင့်ရှောက်ထားပြီး အစေခံမလေးများကို သင်ကြားပြသပေးရန် တာဝန်ပေးထားသည်။
"ဟုတ်လား... အရှင်မင်းကြီးကို ကျေးဇူးတင်ရမယ်။ မင်းတစ်ယောက်တည်းဆိုရင် နိုင်မှာ မဟုတ်ဘူး"
ယဲ့ယွင်က သူမကို စောင့်ကြည့်ရန် လွှတ်လိုက်သည်ဟု သံသယ မဝင်ပေ။
အကယ်၍ စောင့်ကြည့်လိုလျှင် ဗြောင်ကျကျ လွှတ်မည် မဟုတ်ပေ။ မဟုတ်လျှင် သူမ သိသွားပြီး ရှောင်ဖယ်နေမည် မဟုတ်လား။
မျက်နှာသစ်ပြီးနောက် ယဲ့ယွင်သည် ဧည့်ခန်းမဆောင်တွင် ချင်မားမားနှင့် ပထမဆုံးအကြိမ်တွေ့ဆုံခဲ့သည်။
အသက် ၄၀ ကျော်အရွယ်၊ အသားဖြူဖြူ၊ မျက်နှာဝိုင်းဝိုင်းနှင့် ကြင်နာတတ်ပုံ ပေါက်သော်လည်း ဩဇာအာဏာရှိမည့်ပုံစံရှိသည်။ ရိုးရှင်းစွာ ဝတ်ဆင်ထားပြီး အညိုရောင် ဝတ်စုံ၊ သပ်ရပ်သော ဆံထုံးနှင့် ငွေရောင် ဆံထိုး သုံးချောင်းသာ ပါရှိ၍ဖိနပ်
အပါး စီးထားပုံမှာအလုပ်လုပ်ဖို့ အသေအချာဆုံးဖြတ်ထားသည့်ပုံပင်။
"ကျွန်တော်မျိုးမ ချင်ရှီပါ။ မင်မိန်ရန်ကို ဂါရဝပြုပါတယ်" ချင်မားမားက ပြုံးလျက် အရိုအသေပြုသည်။
နန်းတွင်းအတွေ့အကြုံ ရှိသူပီပီ လှုပ်ရှားမှုများက စနစ်တကျ ရှိလှသည်။ လမ်းမလျှောက်လျှင် ခြေထောက်မသန်သည်ကို မည်သူမျှ သတိပြုမိမည် မဟုတ်ပေ။
ယဲ့ယွင်က လက်ကာပြလိုက်သည်။ "မားမား ထပါ။ ကျွန်မဆီမှာ လူလိုနေလို့ မားမားကို အကူအညီ တောင်းရတာပါ။ ကျွန်မက သိပ်ရှုပ်ရှုပ်ယှက်ယှက် နေတတ်သူ မဟုတ်ပါဘူး။ စည်းကမ်းတွေလည်း သိပ်မတင်းကြပ်ပါဘူး။ နေ့စဉ် စားသောက်နေထိုင်မှုအတွက်ပဲ မားမား ဂရုစိုက်ပေးရင် ရပါပြီ"
ချင်မားမား အံ့ဩသွားပြီးမှ ပြုံးလျက် ထပ်မံ ဂါရဝပြုလိုက်သည်။ "နားလည်ပါပြီ။ ကောင်းကောင်း တာဝန်ထမ်းဆောင်ပါ့မယ်"
မင်မိန်ရန်၏ သဘောထားမှာ ရှင်းလင်းသည်။ သူမကို ခေါ်ထားခြင်းမှာ အလုပ်ခိုင်းရန်ဖြစ်ပြီး ဘုရားစင်တင် ကိုးကွယ်ထားရန် မဟုတ်ပေ။ သို့သော် အလုပ်လုပ်လျှင်လည်း ကိုယ်တာဝန် ကိုယ်ယူပြီး ဝင်မစွက်ဖက်ရန် သတိပေးလိုက်ခြင်းဖြစ်သည်။
မားမားအား မကာကွယ်သော်လည်း ချုပ်ကိုင်ခြင်းလုပ်မည်မဟုတ်ပေ။
ထိုစဉ်က မိဖုရားခေါင်ကြီး လက်ထပ်ခါစတွင် နင်ချန်၏အိမ်မှုကိစ္စများကို ချင်မားမားက စီမံခန့်ခွဲပေးခဲ့သည်။ နင်ချန်က ချင်မားမားကို မိဖုရားခေါင်ကြီးထံ ပို့ပေးခဲ့သော်လည်း မိဖုရားခေါင်ကြီးသည် သူမကို ကြောက်ရွံ့ခြင်းနှင့် လေးစားခြင်းကြားတွင် ဗျာများနေခဲ့သည်။
ချင်မားမား ပြန်သွားသောအခါမှ မိဖုရားခေါင်ကြီး သက်ပြင်းချနိုင်ခဲ့သည်။
ယခု မင်မိန်ရန်ကို ကြည့်ရသည်မှာ ငယ်ရွယ်သော်လည်း အလိုက်ကမ်းဆိုး သိတတ်ပြီး ဉာဏ်အမြော်အမြင်ရှိသည်။ အရှင်မင်းကြီး နှစ်သက်သည်မှာ မဆန်းပေ။
ချင်မားမား၏လိမ္မာပါးနပ်မှုကို ယဲ့ယွင် သဘောကျသည်။
အကယ်၍ အရှင်မင်းကြီးက သူမကို ဆရာလုပ်မည့်သူ ပို့လိုက်လျှင် လုံးဝ လက်ခံမည် မဟုတ်ပေ။
ယခုကဲ့သို့ နှစ်ဦးနှစ်ဖက် နားလည်မှု ရှိကြသည်မှာ အကောင်းဆုံးဖြစ်သည်။
.....
သို့သော် တစ်ဖက်တွင် အဆင်မပြေမှုများ ရှိနေသည်။ ယိမိန်ရန်သည် အရှင်မင်းကြီးထံ စာရေးပစ္စည်းများသွားပို့စဉ် လမ်း၌ ဖန်းချိုက်ရန်နှင့် 'မတော်တဆ' တွေ့ဆုံသည်။
"မိန်ရန်ကို ဂါရဝပြုပါတယ်" ယောင်ရှန်းက အရိုအသေပြုသည်။
"ရပါတယ်" ယိမိန်ရန်က တစ်ချက်ကြည့်လိုက်သည်။ သူမ မလှုပ်ရှားရသေးခင် ယောင်ရှန်းကအရင် စကားစလာသည်။
ယောင်ရှန်းက ပုံမှန်အတိုင်းပင် ယိမိန်ရန်လက်ထဲမှ ခြင်းတောင်းကို ကြည့်ကာ ပြုံးလိုက်သည်။ "ယိမိန်ရန်က တကယ် ဂရုစိုက်တတ်တာပဲ။ အရှင်မင်းကြီးဆီ မုန့်သွားပို့မလို့လား။ အရင်တုန်းက မင်မိန်ရန်လည်း ခဏခဏ ပို့လေ့ရှိတယ်။ အရှင်မင်းကြီး ကြိုက်မှာ သေချာပါတယ်"
ထိုစကားကို ကြားသောအခါ ယိမိန်ရန် လက်ထဲမှ ခြင်းတောင်းသည် ပူလောင်လာသလို ခံစားလိုက်ရသည်။
ယဲ့ယွင်ကို အတုခိုးသည်ဟု အထင်ခံရမည်ကို သူမ မလိုလားပေ။ သူမသည် ယဲ့ယွင်ထက် နိမ့်ကျသူ မဟုတ်ပေ။
ယောင်ရှန်း၏မျက်နှာကို ကြည့်ပြီးယမန်နေ့က ကိစ္စကို ပြန်သတိရပြီးဒေါသထွက်လာကာ ယောင်ရှန်းကို ပိုမိုမုန်းတီးလာခဲ့သည်။
"အရှင်မင်းကြီးက တို့ကိုခေါ်တွေ့တာလေ။ ဖန်းချိုက်ရန်က အချစ်မခံရလို့ ဘာမှမသိတာ နေမှာပါ။ ဒီမှာ လာပြီး သွေးထိုးမနေနဲ့။ အချစ်ခံချင်ရင် ကိုယ့်ဘာသာ ကြိုးစား။ သူများအပေါ် မကောင်းကြံဖို့ မစဉ်းစားနဲ့။"
တစ်ဖက်သက်ဆန်လှသော သဘောထားကြောင့်ယောင်ရှန်း ကြောင်သွားခဲ့သည်။ သူမ ထင်ထားသည်နှင့် တခြားစီ ဖြစ်နေသည်။
ယိမိန်ရန်က သူမနှင့် ဆက်လက် စကားမပြောလိုသဖြင့် လှည့်ထွက်သွားရာ သူမ တစ်ယောက်တည်း ကျန်ရစ်ခဲ့သည်။
"ယိမိန်ရန်က မင်မိန်ရန်နဲ့ မတည့်ဘူးလေ။ ဒီနေ့ ဘာလို့ ဒီလို ပြောသွားတာလဲ" ချီဝမ် နားမလည်နိုင် ဖြစ်သွားသည်။
ယောင်ရှန်းသည် ဝေးကွာသွားသော ကျောပြင်ကို ကြည့်ပြီး မျက်ဝန်းများ အေးစက်သွားသည်။
သူမနှင့် ဝူမျိုးနွယ်သည် ပုံမှန်အားဖြင့် အဆက်အဆံ မရှိသလို ရန်လည်း မဖြစ်ဖူးပေ။ ယဲ့ယွင်ကသာ ဝူမျိုးနွယ်၏အမုန်းကို ပိုခံရသင့်သည်။
သို့သော် ယနေ့ ဝူမျိုနွယ်၏စကားများသည် သူမကို ဦးတည် တိုက်ခိုက်နေသည်။
မမျှော်လင့်ထားသော ကိစ္စတစ်ခုခု ဖြစ်ပျက်ခဲ့ပြီး အခြေအနေ ပြောင်းလဲသွားခြင်းများလား။
"ပြန်ကြစမ်း။ ဒီနေ့ သူ ထူးဆန်းနေတယ်။ ဘာဖြစ်တာလဲဆိုတာ သွားစုံစမ်းကြည့်" ယောင်ရှန်း တည်ငြိမ်စွာ ပြောလိုက်သည်။
ဘဝနှစ်ခု ဖြတ်သန်းဖူးသူမို့ သူမတွင် ကြံ့ခိုင်သော စိတ်ဓာတ်ရှိသည်။ ဤမျှလောက် ကိစ္စလေးနှင့် စိတ်မဆိုးပေ။
....
"ဖန်းချိုက်ရန်က မကောင်းတဲ့သူပဲ။ မိန်ရန်နဲ့ မင်မိန်ရန်ကို ရန်တိုက်ပေးပြီး ကြားက အမြတ်ထုတ်ချင်နေတာ" ယွင်ရှို့က ဒေါသတကြီး ပြောသည်။
ယိမိန်ရန်က အေးစက်စက် ရယ်မောလိုက်သည်။ "သူက တခြားလူတွေကို အရူးတွေများ မှတ်နေလား မသိဘူး။ ရိုးသားမလိုနဲ့ ကောက်ကျစ်စဉ်းလဲတာ။ ငါ့ကို လက်နက်လုပ်ပြီး သုံးချင်နေတာ။ ဘယ်သူက ဘယ်သူ့ကို နင်းတက်မလဲ စောင့်ကြည့်ရသေးတာပေါ့"
မည်သို့ပင်ဖြစ်စေ ရန်ငြိုးကတော့ကျန်ခဲ့ပေသည်။ အချိန်တွေ အများကြီး ကျန်ပါသေးတယ်။ တစ်နေ့ ပြန်ပေးဆပ်ခိုင်းမှာ။
......
ယွီကျိုးတွင် နောက်ထပ် တစ်ရက်နေပြီးနောက် အားလုံး အနားယူ၊ ရိက္ခာဖြည့်တင်းပြီး ခရီးဆက်ထွက်ခွာကြသည်။
ဒီကနေ နောက်ပိုင်း ရပ်နားတော့မည် မဟုတ်ဘဲ ကျားစခ်ရောက်မှသာ အနားယူကြမည်။
မြောက်ဘက်သို့ ရောက်လေလေ မိုးနည်းလာလေလေဖြစ်ကာ ခြောက်သွေ့လာသည်။
တောင်ဘက်တွင် နွေဦးလေညင်းက နူးညံ့သော်လည်း ဒီဘက်တွင် လေပြင်းများက မျက်နှာကို နာကျင်စေသည်။
ယဲ့ယွင်သည် လုံးဝ အသားမကျဘဲ မျက်နှာများ နာကျင်နေသည်။
ရှစ်ရက်ကြာ ခရီးနှင်ပြီးနောက် ကျားစခ်သို့ ရောက်ရှိလာသည်။
ကျားစခ်မှ မင်းသားလေးပါးက လူကိုယ်တိုင် လာရောက်ကြိုဆိုကြသည်။မင်းသားလေးယောက်လုံးသည် မြင်းစီးလာကြပြီး အရပ်ရှည်ကာ သန်မာထွားကြိုင်းကြသည်။
***
အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC)-84
အခန်း ၈၄ ။ မငြိမ်းချမ်းမှု
ကျားစခ် မင်းသားလေးပါးသည် သွေးသားတော်စပ်သူများ မဟုတ်ကြဘဲ ရှေးယခင်က မြက်ခင်းလွင်ပြင် မျိုးနွယ်စုကြီး လေးခုမှ ဆင်းသက်လာကြသူများဖြစ်သည်။
ယခုအခါ ခေါင်းဆောင် မင်းသားကြီး ကွယ်လွန်သွားပြီဖြစ်ရာ ကျားစခ်၏ ပထမမင်းသားနေရာကို သားဖြစ်သူ အောက်ချီက ဆက်ခံထားသည်။ အောက်ချီသည် အသက် ၂၇ နှစ်သာ ရှိသေးသည်။
ဒုတိယမင်းသား အယ်အာထုန်နှင့် တတိယမင်းသား ကျော်လီခယ့်ထူတို့သည် အသက် ၄၀ ကျော်အရွယ်များ ဖြစ်ကြသည်။
စတုတ္ထမင်းသား ချင်းကော်အာထိုက်သည် အငယ်ဆုံးဖြစ်ပြီး လွန်ခဲ့သော နှစ်နှစ်ကမှ ရာထူးဆက်ခံခဲ့သူ ဖြစ်သည်။ အသက် ၂၂ နှစ်သာ ရှိသေးသည်။
ဧကရာဇ်၏ယာဉ်တန်းကိုမြင်သောအခါ အားလုံး မြင်းပေါ်မှဆင်းပြီး ဒူးထောက် ကြိုဆိုကြသည်။
"အရှင်မင်းကြီးကို ဂါရဝပြုပါတယ်"
"မင်းသားတို့ ထကြပါ။ နှစ်တွေ အများကြီး ကြာသွားပေမယ့် မင်းသားတို့ရဲ့ ကျက်သရေကတော့ မပြောင်းလဲသေးပါဘူး" နင်ချန်က ပြုံးလျက် သူတို့ကို ထူမပေးလိုက်သည်။
"ကျွန်တော်မျိုး မှတ်မိသလောက် အရှင်မင်းကြီး နောက်ဆုံးမြက်ခင်းလွင်ပြင်ကို ရောက်တုန်းက လူပျိုပေါက်အရွယ်ပဲ ရှိသေးတယ်။ အခုတော့ ပိုပြီး ခန့်ညားထည်ဝါလာပါပြီ။" အယ်အာထုန်က ရယ်မောလျက်ပြောသည်။
အောက်ချီကလည်း ပြုံးလျက် ဝင်ပြောသည်။ "အရင်တုန်းက ကျွန်တော်မျိုးက ခမည်းတော်နောက်ကွယ်မှာ ပုန်းနေခဲ့ရတာ။ ဒီနေ့တော့ အခွင့်အရေးရတုန်း အရှင်မင်းကြီးနဲ့ ကောင်းကောင်း သောက်ချင်ပါတယ်။ စားသောက်ဖွယ်ရာတွေ ပြင်ဆင်ထားပြီးပါပြီ။ အရှင်မင်းကြီး အနားယူပြီးရင် ညကျ သောက်ကြတာပေါ့။"
"ကောင်းပြီလေ... ကျန်းလည်း မြက်ခင်းလွင်ပြင်ရဲ့ အရသာကို မြည်းစမ်းချင်နေတာ။"
နင်ချန်သည် အောက်ချီ၏ပခုံးကို ပုတ်လိုက်ပြီး ရင်းနှီးစွာ ပြောလိုက်သည်။
ထိုစဉ် နောက်ဘက်မှ မိန်းမပျိုနှစ်ဦး ထွက်လာသည်။ မြက်ခင်းလွင်ပြင်၏ဝတ်စုံများကို ဝတ်ဆင်ထားပြီး တစ်ဦးက ရဲရင့်သွက်လက်ကာ နောက်တစ်ဦးက အလယ်ပိုင်းဒေသသူများနှင့် ပိုတူသည်။
ရဲရင့်သော မိန်းကလေးက ရှေ့တိုးလာပြီး ဂါရဝပြုသည်။ "ကျွန်တော်မျိုးမ တော်လန် ပါ။ အရှင်မင်းကြီးကို ဂါရဝပြုပါတယ်။ တဲတွေ ပြင်ဆင်ထားပြီးပါပြီ။ ကျွန်တော်မျိုးမနဲ့ အစ်မစူးဒီယာက မယ်မယ်တို့ကို လိုက်ပို့ပေးပါ့မယ်"
"ကျေးဇူးတင်ပါတယ်။ ကျင်းဖေး... သူတို့နဲ့ လိုက်သွားလိုက်ပါ" နင်ချန်က ပြောသည်။
ကျင်းဖေးသည် အမျိုးသမီးများကို ဦးဆောင်ပြီး ထိုမိန်းကလေးနှစ်ဦးနောက်သို့ လိုက်ပါသွားသည်။
လမ်းတစ်လျှောက်တွင် ကျင်းဖေးသည် သတင်းအချက်အလက်များကို စုံစမ်းသိရှိခဲ့သည်။
တော်လန်သည် ပထမမင်းသား အောက်ချီ၏ ညီမဖြစ်ပြီး အသက် ၁၅ နှစ်ရှိကာ အရွယ်ရောက်စ ဖြစ်သည်။ စူးဒီယာသည် တတိယမင်းသား ကျော်လီခယ့်ထူ၏ သမီးဖြစ်ပြီး ကိုယ်လုပ်တော်မှ မွေးဖွားသူ ဖြစ်သည်။
စူးဒီယာ၏မိခင်သည် အလယ်ပိုင်းဒေသသူဖြစ်ပြီး မြက်ခင်းပြင်သို့ အလည်လာရင်း အန္တရာယ်ကြုံတွေ့ရာမှ တတိယမင်းသားက ကယ်တင်ခဲ့ပြီး လက်ထပ်ခဲ့ခြင်းဖြစ်သည်။ ယခုတိုင် အချစ်ခံရသူ ဖြစ်သည်။
တည်းခိုဆောင်သို့ ရောက်သောအခါ ရာထူးအလိုက် တဲများကို စီစဉ်ပေးထားသည်။ တဲများသည် ကျယ်ဝန်းပြီး ပစ္စည်းအစုံအလင်ပါရှိသည်။
ဘယ်သူက ဧကရာဇ်အချစ်တော်လဲဆိုတာ မသိကြသဖြင့် မည်သူ့ကိုမှ လစ်လျူရှုမထားရဲကြပေ။
ရှူးဖေးအတွက် ပြင်ဆင်ထားသော တဲကို ကျင်းဖေးက ယူလိုက်သည်။ ယဲ့ယွင်သည် မိန်ရန်ရာထူးသို့ အရင်ရောက်သဖြင့် ယိမိန်ရန်ထက် ဦးစားပေးခံရကာ လင်ကျယ်ယွီအတွက် ပြင်ဆင်ထားသော တဲကို ရရှိသည်။
"အရှင်မင်းကြီး ပေးတာထက်တောင် ပိုကျယ်နေသလိုပဲ" ယဲ့ယွင်က ကျေနပ်စွာ ကြည့်လိုက်သည်။
တဲအတွင်း၌ သစ်သားကြမ်းခင်း ခင်းထားပြီး ကုတင်နားတွင် ကော်ဇောခင်းထားသည်။ ကန့်လန့်ကာတစ်ခုဖြင့် အခန်းကို နှစ်ပိုင်းခွဲထားသည်။
အပြင်ဘက်တွင် စားပွဲနှင့် ကုလားထိုင်များရှိပြီး အတွင်းဘက်တွင် ကုတင်၊ ဗီရို၊ ဆိုဖာနှင့် ရေချိုးကန်ပါ ရှိသည်။
နန်ကျစ်က အစေခံအချို့ကို ခေါ်ပြီး အိပ်ရာခင်းများကို နန်းတွင်းမှ ယူလာသည်များနှင့် လဲလှယ်လိုက်သည်။ ချင်မားမားက အဝတ်အစားနှင့် လက်ဝတ်ရတနာများကို စီစဉ်ပေးသည်။
ယဲ့ယွင် အလွန်အိပ်ချင်နေသည်။ မြင်းလှည်းစီးရသည်မှာ ပင်ပန်းလှသည်။
"မိန်ရန်... တစ်ခုခု စားပြီးမှ အိပ်ပါလား။ စားဖိုဆောင်က လာပို့တော့မယ် ထင်တယ်။ ကျွန်တော်မျိုးမ သွားယူလိုက်ရမလား" နန်ကျစ်က မေးသည်။
"မယူနဲ့တော့။ ငါ အရင်အိပ်လိုက်ဦးမယ်။ အစားအသောက် ရောက်လာရင် နွေးအောင် ထားလိုက်။ နိုးမှ စားမယ်။ အရမ်းအိပ်
ချင်နေပြီ။"
ယဲ့ယွင် လက်ကာပြလိုက်ပြီး အဝတ်အစားများ ချွတ်ကာ ကုတင်ပေါ် တက်သွားတော့သည်။
ချင်မားမားက မသင့်တော်ဟု ထင်သော်လည်း နန်ကျစ်က ပုံမှန်လို နေနေသဖြင့် ဘာမှမပြောတော့ပေ။
နှစ်ယောက်သား အပြင်ထွက်ခါနီးတွင် ကုတင်ပေါ်မှ လူက လှမ်းပြောသည်။
"မင်းတို့ ငါ့ကို ဂရုမစိုက်နဲ့။ အရင်စားထားကြ။ ညကျရင် ဧည့်ခံပွဲ ရှိသေးတယ်။ ဘယ်အချိန်ပြီးမလဲ မသိဘူး။ ဗိုက်အဆာမခံနဲ့"
"ဟုတ်ကဲ့ပါ မိန်ရန်။ ကျွန်တော်မျိုးမ သိပါတယ်" နန်ကျစ်က ပြန်ဖြေပြီး ချင်မားမားနှင့်အတူ ထွက်လာသည်။
ချင်မားမား နားလည်သွားသည်။ ဤသခင်မလေးသည် စိတ်ကြီးသည်ဟု ထင်ရသော်လည်း အစေခံများအပေါ် အလွန်ကောင်းမွန်သည်။ လမ်းခရီးတစ်လျှောက်လုံး ဂရုစိုက်ခံခဲ့ရသည်။
ဘယ်သခင်က အစေခံ ထမင်းစား၊ မစား ဂရုစိုက်မှာလဲ။
အစေခံဆိုသည်မှာ တစ်နေ့လုံး ရေတစ်ငုံတောင် မသောက်ရဘဲ အလုပ်လုပ်ရသည်မှာ ပုံမှန်ပင်။
ယခုလို သခင်က သတိတရ ဂရုစိုက်ပေးသည်ကို ချင်မားမား သဘောကျသွားသည်။
အခြားတစ်ဖက်တွင် တော်လန်သည် ကိုယ့်တဲသို့ ပြန်ရောက်သောအခါ အစ်ကိုဖြစ်သူက စောင့်နေသည်ကို တွေ့လိုက်ရသည်။
"တွေ့ခဲ့ရပြီဆိုတော့ ဘယ်လိုသဘောရလဲ။" အောက်ချီက ညီမလေး၏ခေါင်းကို ပွတ်သပ်ရင်း ပြုံးလျက် မေးလိုက်သည်။
တော်လန်၏မျက်လုံးများ တောက်ပနေသည်။ "ဒီဧကရာဇ်က အရမ်းချောတယ်။ မြက်ခင်းပြင်က ယောကျ်ားတွေလို ထွားကျိုင်းမနေပေမယ့် ကြည့်ကောင်းတယ်။ ညီမ သဘောကျတယ်"
"ဟုတ်လား... အဲဒီလောက် မြန်မြန် သဘောကျသွားပြီပေါ့။ ဒါဆို ချင်းကော်အာထိုက်ကိုရော"
အောက်ချီက ပေါ့ပေါ့ပါးပါး မေးလိုက်သော်လည်း မျက်လုံးများက စူးရှနေသည်။
"သူ့ကိုလည်း သဘောကျတာပဲ။ အကုန်လုံး ချောကြတာပဲဟာ။ အစ်ကိုလည်း ချောတာပဲ" တော်လန်က အစ်ကိုဖြစ်သူ၏လက်မောင်းကိုဖက်ကာပြောလိုက်သည်။
အောက်ချီ မမြင်အောင် သူမ၏မျက်ဝန်းတွင် အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။
"ကောင်းပြီလေ... မင်း သဘောကျရင် ပြီးတာပါပဲ။ သေချာ ပြင်ဆင်လိုက်ဦး။ ညနေပွဲကျရင် မြက်ခင်းပြင်က မိန်းကလေးတွေ ဘယ်လောက်လှလဲဆိုတာ သူတို့ကို ပြလိုက်စမ်းပါ"
ညီမဖြစ်သူ၏ပခုံးကို ပုတ်လိုက်ပြီး အောက်ချီ ထွက်ခွာသွားသည်။
"သခင်မလေး..." အစေခံမလေး ဝူလွန်ကျူးက စကားပြောရန် ပြင်လိုက်သည်။
တော်လန်က တိတ်ရန် လက်ပြလိုက်သည်။
"အစ်ကို ဒီအဆင့်ရောက်ဖို့ မလွယ်ဘူး။ အယ်အာထုန်နဲ့ ကျော်လီခယ့်ထူက ငြိမ်နေကြတာ မဟုတ်ဘူး။ ငါက ဒီလောက်အကြာကြီး စည်းစိမ်ခံစားလာရတာ၊ အခု အစ်ကို့ကို ကူညီရမယ့်အချိန် ရောက်ပြီ"
တကယ်တမ်း သူမသည် ချင်းကော်အာထိုက်နှင့် လက်ထပ်လျှင်လည်း ရသည်။ သို့သော် ထိုသို့လက်ထပ်လိုက်ပါက အငယ်ဆုံး မင်းသားနှစ်ပါး ပူးပေါင်းသွားမည်ဖြစ်ပြီး ကျန်နှစ်ပါးကို ပူးပေါင်းရန် တွန်းအားပေးသလို ဖြစ်သွားပြီး ပဋိပက္ခ ပိုကြီးထွားလာနိုင်သည်။
မြက်ခင်းပြင်တွင် နွား၊ မြင်းမှလွဲ၍ အရာရာရှားပါးသည်။ စားကျက်မြေကောင်းများကို မင်းသားလေးပါးက ခွဲဝေယူထားကြပြီး အဆင့်အလိုက် ပိုင်ဆိုင်ကြရာ အားလုံးက အကောင်းဆုံးကို လိုချင်ကြသည်။
နန်ချီ ပထမဆုံးဧကရာဇ်က မြက်ခင်းပြင်ကို လေးပိုင်းခွဲလိုက်ခြင်းသည် အချင်းချင်း ထိန်းကျောင်းစေရန်ဖြစ်သည်။ တစ်ယောက်တည်းက အုပ်ချုပ်လျှင် ပုန်ကန်လာနိုင်သည်။
ယခု သူမ၏အစ်ကိုသည် ငယ်ရွယ်ပြီး အင်အားနည်းသေးသည်။ သူမ ဧကရာဇ်၏မိန်းမဖြစ်လာလျှင် သစ္စာစောင့်သိကြောင်း ပြသရာရောက်သလို ဧကရာဇ်၏ထောက်ခံမှုကိုလည်း ရရှိနိုင်မည် ဖြစ်သည်။
အာဏာရှိသော နေရာတိုင်းတွင် ငြိမ်းချမ်းမှု မရှိနိုင်ပေ။
မြက်ခင်းပြင် ကျယ်ပြောသော်လည်း လူတို့၏စိတ်သဘောထားက ကျယ်ပြောချင်မှ ကျယ်ပြောမည်။
နင်ချန်သည် မလာမီကတည်းက အခြေအနေကို လေ့လာထားပြီးဖြစ်သည်။
အောက်ချီက ညီမဖြစ်သူကို ပေးစားချင်လျှင် သူ လက်ခံနိုင်သည်။
သူလည်း ငယ်ရွယ်သေးသလို ကျားစခ်သည် ဝေးလံသဖြင့် ကိုယ့်လူရှိနေခြင်းက ကောင်းသောကိစ္စ ဖြစ်သည်။
ကြည့်ရသည်မှာ ဒုတိယမင်းသား အယ်အာထုန်သည် ရည်မှန်းချက်ကြီးသော်လည်း သိပ်မသိသာပေ။ တတိယမင်းသား ကျော်လီခယ့်ထူ၏ မျက်လုံးများတွင်မူ အာဏာမက်မောမှုများ ထင်ဟပ်နေသည်။
အဖြူစင်ဆုံးမှာ စတုတ္ထမင်းသား ချင်းကော်အာထိုက် ဖြစ်ပုံရသည်။ သူသည် ငယ်စဉ်ကတည်းက အောက်ချီနှင့် ခင်မင်ပြီး အောက်ချီကို ခေါင်းဆောင်အဖြစ် ထောက်ခံသူဖြစ်သည်။
မည်သို့ပင်ဖြစ်စေ ညစာစားပွဲတွင် အခြေအနေကို အကဲခတ်ပြီးမှ ဆုံးဖြတ်ရမည် ဖြစ်သည်။
***