← Chapters

အခန်း (၈၅-၈၆)

Vol. 6 Ch. 85-86

အခန်း (၈၅-၈၆)

Vol. 6 Ch. 85-86

အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC)-85

အခန်း ၈၅ ။ အနုပညာပြသခြင်း

ညစာစားပွဲကို ကြီးမားသော တဲတစ်ခုအတွင်းတွင် ကျင်းပခဲ့သည်။

မြက်ခင်းပြင်လူမျိုးများ၏ ပွင့်လင်းရိုးသားမှုကို ဤနေရာတွင် တွေ့မြင်နိုင်သည်။ အသားကင်များ၊ အမဲသား၊ ဆိတ်သား၊ မုယောစပါးခေါက်ဆွဲများ၊ နို့ခဲ၊ နို့လက်ဖက်ရည်နှင့် နို့အရက်များ အပါအဝင် အစားအသောက်များ အစုံအလင် တည်ခင်းထားသည်။

လူတိုင်း၏ရှေ့တွင် စားပွဲငယ်လေး တစ်ခုစီရှိပြီး အသားလှီးရန် ဓားကွေးလေးများ ပါရှိသည်။ တူများကို နွားရိုးဖြင့် ပြုလုပ်ထားသည်ဟုဆိုကြပြီး ဒေသန္တရ ရိုးရာပုံစံ အပြည့်ရှိသည်။

"အရှင်မင်းကြီး ဒီလိုအသားတွေ မစားဖူးတာ မဟုတ်ပေမယ့် ကျားစခ်ဒေသက အမဲသားနဲ့ ဆိတ်သားက အကောင်းဆုံးပါပဲ။ ပြီးတော့ မုယောစပါးအရက်က ပြင်းပေမယ့် အရသာရှိပါတယ်။"

အောက်ချီက ပထမဆုံး မတ်တတ်ထရပ်ကာ ခွက်မြှောက်၍ ဂါရဝပြုလိုက်သည်။

နင်ချန်သည် မျက်နှာသာပေးသောအားဖြင့် တစ်ခွက်မော့သောက်လိုက်သည်။

ဤအရက်သည် တကယ်ပြင်းလှသည်။ ကြိုတင်ပြင်ဆင်ထားသော်လည်း လည်ချောင်းထဲတွင် ပူလောင်သွားသော်လည်း မျက်နှာပျက်၍မရသဖြင့် မသိမသာ အံကြိတ်ထားလိုက်ရသည်။

ယဲ့ယွင်သည် နင်ချန်၏မလှမ်းမကမ်းတွင် ထိုင်နေပြီး စောစောက သူမရှေ့ရှိ မြင်းနို့အရက်ကို မြည်းစမ်းကြည့်ပြီးဖြစ်သည်။ ၎င်းသည် အမျိုးသမီးများအတွက် ဖြစ်သော်လည်း ပြင်းသည်ဟု ခံစားရသည်။ နင်ချန်ကို ကြည့်ရင်း စိတ်ထဲမှ ဆုတောင်းပေးလိုက်မိသည်။

ထို့နောက် ကျန်မင်းသားသုံးပါးကလည်း အလှည့်ကျ ခွက်မြှောက် ဂါရဝပြုကြသည်။

တော်လန်၊ စူးဒီယာနှင့် မင်းသားကြင်ရာတော်အချို့ကလည်း ကိုယ်လုပ်တော်များကို လိုက်လံဂါရဝပြုကြသည်။

လင်ကျယ်ယွီမှလွဲ၍ ကျန်သူအားလုံး နှစ်ခွက်၊ သုံးခွက်ခန့် သောက်လိုက်ကြရသည်။

အသားမစားရသေးမီ အရက်သောက်လိုက်ရသဖြင့် နေရထိုင်ရ ခက်လှသည်။

ခွက်ချလိုက်သည်နှင့် ယဲ့ယွင်သည် အဆီနည်းသော ဆိတ်သားနှစ်တုံးကို ကောက်ယူ စားလိုက်သည်။

အနည်းငယ် သက်သာသွားမှသာ မျက်နှာချင်းဆိုင်ရှိ မင်းသားလေးပါးကို သေချာကြည့်လိုက်သည်။

အံ့ဩစရာကောင်းသည်မှာ အောက်ချီနှင့် ချင်းကော်အာထိုက်တို့၏နောက်တွင် အမျိုးသမီးများ ပါမလာကြပေ။ အငယ်ဆုံးမင်းသားအတွက် နားလည်ပေးနိုင်သော်လည်း အောက်ချီသည် အသက် ၃၀ နီးပါး ဖြစ်နေပြီ။ မိန်းမ မရှိသည်မှာ ဖြစ်နိုင်ပါ့မလား။

ကျန်မင်းသားကြီးနှစ်ပါး၏နောက်တွင်မူ အမျိုးသမီး တစ်ယောက်မက ပါလာကြသည်။

ကြည့်ရသည်မှာ ထိုနှစ်ပါးသည် မိန်းမကိစ္စ စိတ်မဝင်စားကြပုံရသည်။

ယဲ့ယွင် အကြည့်လွှဲလိုက်သည်။ ဒါတွေက သူမ စိတ်ပူရမည့် ကိစ္စများ မဟုတ်ပေ။ အသားစားတာက ပိုအရေးကြီးသည်။

နင်ချန်သည် ညီအစ်ကိုများကို ခေါ်မလာသဖြင့် ကိုယ်ရံတော်အချို့က သူ့အစား အရက်သောက်ပေးကြသည်။

လုချင်းယွင်နှင့် ယဲ့ကျယ်တို့သည် လူငယ်များဖြစ်ကြပြီး မနည်းသောက်လိုက်ရသည်။ မကြာမီ သူတို့၏မျက်နှာများ ရဲလာကြသည်။

မူးမသွားသေးသော်လည်း နေရခက်နေပုံရသည်။

ကံကောင်းသည်မှာ အမျိုးသမီးများက သိပ်မတိုက်တွန်းကြပေ။ အစပိုင်း တစ်ခေါက်ပြီးနောက် ထပ်မလာကြတော့ပေ။

နင်ချန်သည် အတင်းတိုက်ခံရသဖြင့် နေရခက်နေစဉ် ယဲ့ယွင်ကို လှမ်းကြည့်လိုက်ရာ အားရပါးရ စားသောက်နေသည်ကို တွေ့လိုက်ရသည်။

မိန်းမစိုးလေးကို ဆိတ်သားလှီးခိုင်းပြီး ပါးစပ်တွင် ဆီများပေကာ ပြောင်လက်နေပြီး နှုတ်ခမ်းနီများကဲ့သို့ ရဲနေသည်။

"မင်မိန်ရန်က အသားကင် ကြိုက်ပုံရတယ်"

ယဲ့ယွင် စားကောင်းနေစဉ် ရုတ်တရက် အခေါ်ခံလိုက်ရသဖြင့် လူတိုင်း၏အကြည့်များ သူမထံ ရောက်လာကြသည်။

သူမသည် တူကိုချလိုက်ပြီး တည်ငြိမ်စွာ ပါးစပ်သုတ်ကာ ပြုံးလျက် ပြန်ဖြေလိုက်သည်။

"ကျွန်မက အသားကြိုက်တတ်ပါတယ်။ မြက်ခင်းပြင်က အသားကင်မှာ သုံးတဲ့ ဟင်းခတ်အမွှေးအကြိုင်တွေက မြို့တော်နဲ့ မတူဘဲ အရသာ ထူးခြားပါတယ်။ တကယ်ကို ကြိုက်ပါတယ်။ အရက်ကလည်း ပုံမှန်သောက်နေကျ သစ်သီးအရက်နဲ့ မတူပါဘူး။ အရှင်မင်းကြီးနဲ့ မင်းသားတွေကို ဂါရဝပြုပါတယ်"

ပြောပြီးသည်နှင့် ခွက်ကိုမော့ကာ တစ်ခါတည်း သောက်ချလိုက်သည်။

တကယ်တမ်းတွင် ခွက်ထဲ၌ တစ်ငုံစာသာ ကျန်တော့သော်လည်း ဘယ်သူမှ မမြင်ရသဖြင့် အလွန်ရဲရင့်သည်ဟု ထင်သွားကြသည်။

နင်ချန်က သဘောကျစွာ ခွက်မြှောက်လိုက်သည်။ သူဦးဆောင်လိုက်သဖြင့် မင်းသားလေးပါးကလည်း လိုက်သောက်ကြသည်။

"အသားများများစားရင် အစာမကြေ ဖြစ်တတ်တယ်။ ကျန်းရှေ့က သစ်သီးပန်းကန်ကို မင်မိန်ရန်ဆီ ပို့ပေးလိုက်" နင်ချန်က ပြောသည်။

ယွမ်ကျိုက ပန်းကန်ကို ယူသွားပေးလိုက်သည်။

ကျေးဇူးတင်စကား ဆိုပြီးနောက် ယဲ့ယွင်သည် အားနာမနေဘဲ ဆက်စားလေသည်။ သူမသည် ကျင့်သားရနေသည့်ပုံ ပေါက်နေသည်။

သူမသည် ဧကရာဇ်၏ အထူးဂရုစိုက်မှုကိုခံရသော ပထမဆုံး ကိုယ်လုပ်တော်ဖြစ်သဖြင့် မြက်ခင်းပြင်မှ လူများက သူမကို အချစ်တော်ဟု သတ်မှတ်လိုက်ကြသည်။

သေချာ စဉ်းစားကြည့်လျှင် အချစ်တော် မဟုတ်ပါက ဤခရီးစဉ်တွင် ပါလာမည် မဟုတ်ပေ။ အရှင်မင်းကြီး၏ဘေးတွင် လိုက်ပါစောင့်ရှောက်နေသော စစ်ဗိုလ်ချုပ် ယဲ့ကျယ်သည် သူမ၏အစ်ကိုအရင်း ဖြစ်သည်။

နင်ချန်၏အပြုအမူကြောင့် ယဲ့ယွင်သည် နန်းတွင်းသူများ၏ ပစ်မှတ်ဖြစ်လာသော်လည်း ကျားစခ်မှ လူများကမူ သူမကို ပိုမိုလေးစားလာကြသည်။

အရက်တစ်ချီ သောက်ပြီးနောက် အောက်ချီက ထပ်မံ ပြောကြားသည်။

"အရှင်မင်းကြီး... အလယ်ပိုင်းဒေသမှာ ဧည့်ခံပွဲ ကျင်းပရင် သီဆိုကခုန်လေ့ ရှိတယ်လို့ ကြားဖူးပါတယ်။ ကျွန်တော်မျိုးတို့ မြက်ခင်းပြင်က အမျိုးသမီးတွေလည်း သီဆိုကခုန်တာ ကျွမ်းကျင်ပါတယ်။ ကျွန်တော်မျိုးရဲ့ ညီမလေးက အရှင်မင်းကြီးကို ကြိုဆိုဖို့ အကတစ်ပုဒ် ပြင်ဆင်ထားပါတယ်။ ကြည့်ရှုပေးပါဖို့ လျှောက်ထားပါတယ်"

လာမည့်ဘေး ပြေးတွေ့ရမည်သာ။ နင်ချန် မအံ့ဩပေ။

"ကောင်းပါပြီ။ တော်လန်က ပြင်ဆင်ထားတယ်ဆိုမှတော့ ကြည့်ရတာပေါ့"

အောက်ချီက ရယ်မောလိုက်ပြီး လက်ခုပ် နှစ်ချက် တီးလိုက်သည်။

ချက်ချင်းပင် တဲအပြင်ဘက်မှ မြင်းခေါင်းတပ် တယောသံနှင့် သားရေဗုံသံများ ထွက်ပေါ်လာသည်။

မိန်းကလေး ခြောက်ယောက် လက်ချင်းချိတ်ကာ ဗုံသံနှင့်အညီ ကခုန်ဝင်ရောက်လာပြီး အလယ်တွင် တော်လန် ပါလာသည်။

ဤအကသည် အလယ်ပိုင်းဒေသ အကများနှင့် လုံးဝ မတူဘဲ ဟန်ပန်အမူအရာမှစ၍ ကျားစခ် အမျိုးသမီးများ၏ ရဲရင့်သွက်လက်မှုကို ပေါ်လွင်စေသည်။

ရိုးရာဝတ်စုံ ဝတ်ဆင်ထားသော တော်လန်သည် စိမ်းပြာရောင် ကျောက်မျက်များ၊ ကျောက်စိမ်းဖြူများ ဆင်မြန်းထားပြီး ကခုန်လိုက်တိုင်း တောက်ပနေသည်။ ရောင်စုံကြိုးများဖြင့် ကျစ်ထားသော ဆံပင်များနှင့် တောက်ပသော မျက်ဝန်းများသည် ထူးခြားသော ဆွဲဆောင်မှု တစ်မျိုး ဖြစ်စေသည်။

တော်လန်သည် ကခုန်ရုံသာမက ငွေရောင်ခွက်ကလေးကို ကိုင်လျက် စားပွဲတိုင်းတွင် အရက်တစ်ခွက်စီ လိုက်သောက်သည်။

နောက်ဆုံးတွင် နင်ချန်ရှေ့သို့ ရောက်လာပြီး ပေါ့ပါးသွက်လက်စွာ လှည့်ပတ်ကာ ဒူးထောက်လိုက်ပြီး ခွက်ကို မြှောက်လိုက်သည်။

"ကျွန်တော်မျိုးမရဲ့ အကက အရှင်မင်းကြီး စိတ်တိုင်းကျမဖြစ်မှာ စိုးရိမ်မိပါတယ်။ ဒါပေမဲ့ မျက်နှာပြောင်တိုက်ပြီး ဆုလာဘ်

တစ်ခွက် တောင်းပါရစေ။"

လူတိုင်း၏အကြည့်များ စုပြုံရောက်ရှိလာသည်။ တော်လန်၏ရည်ရွယ်ချက်မှာ သိသာလွန်းလှသည်။ နင်ချန် ဘယ်လို တုံ့ပြန်မလဲ စောင့်ကြည့်ရမည်။

ယဲ့ယွင် မျက်ခုံးပင့်၍ ရယ်မောလ်ိုက်သည်။ အဖြေကို သူမ သိပြီးသားပင်။

ထင်ထားသည့်အတိုင်း နင်ချန်က ရယ်မောလိုက်သည်။

"ဒီလိုအကမျိုး တစ်ခါမှ မမြင်ဖူးဘူး။ တကယ် ထူးခြားပြီး အမှတ်တရ ဖြစ်စေပါတယ်"

ပြောပြီးသည်နှင့် တော်လန်ကို ထူမလိုက်ပြီး ကိုယ်တိုင် အရက်တစ်ခွက် ငှဲ့ပေးလိုက်သည်။

တော်လန် စိတ်သက်သာရာ ရသွားသော်လည်း မျက်ဝန်းထဲတွင် ဝမ်းနည်းရိပ် သမ်းသွားသည်။ သို့သော် ပြုံးလျက် မော့သောက်လိုက်သည်။

အောက်ဘက်တွင် ထိုင်နေသော ချင်းကော်အာထိုက်သည် စားပွဲအောက်မှ လက်ကို တင်းတင်းဆုပ်ထားသဖြင့် သွေးကြောများ ထောင်ထနေသည်။ အရက်တစ်ခွက်ကို မော့သောက်လိုက်ရာ မူလက မွှေးပျံ့သော အရက်သည် ခါးသက်သွားသလို ခံစားလိုက်ရသည်။

ယဲ့ယွင်သည် ဆိတ်သားကို ဝါးရင်း အရှင်မင်းကြီးက တော်လန်ကို မည်သည့်ရာထူး ပေးမလဲဟု တွေးနေသည်။

ဖြစ်နိုင်ခြေအများဆုံးမှာ ကျိုဖင်အဆင့်၏ နောက်ဆုံးဖြစ်သော ရှိုးရုန် သို့မဟုတ် ကျယ်ယွီ ဖြစ်နိုင်သည်။ ကိုယ်ဝန်ရရှိပါက ကျိုဖင်အဆင့်သို့ တက်လှမ်းနိုင်သည်။

မည်သို့ပင်ဖြစ်စေ ရာထူးနိမ့်မည် မဟုတ်ပေ။ သူမ၏နောက်ခံက ရှိနေသည် မဟုတ်လား။

သူမအပြင် စိတ်အဝင်စားဆုံးသူမှာ ယောင်ရှန်း ဖြစ်သည်။

ယခင်ဘဝကလည်း ဤအတိုင်းပင် ဖြစ်ပျက်ခဲ့သည်။ တော်လန်သည် အရှင်မင်းကြီး ပြန်ခါနီးတွင် လန်ကျယ်ယွီအဖြစ် ခန့်အပ်ခံရပြီး တစ်နှစ်ခွဲအကြာတွင် မင်းသမီးတစ်ပါး၊ နောက်ထပ် နှစ်အနည်းငယ်အကြာတွင် မင်းသားတစ်ပါး မွေးဖွားခဲ့သည်။

ထိုစဉ်က ဤမင်းသမီးသည် သူမ၏ ပြိုင်ဘက်တစ်ဦး ဖြစ်ခဲ့သည်။ ဒီတစ်ခါတော့ သူမ နန်းတွင်းဝင်ခွင့်ကို ပိတ်ပင်ရမည်။

အဘယ်ကြောင့်ဆိုသော် နန်းတွင်းဝင်ချင်သူမှာ သူမတစ်ယောက်တည်း မဟုတ်သောကြောင့်ပင်။ နောက်တစ်ယောက် ရှိသေးသည်။

ထိုအချိန်တွင် တတိယမင်းသား ကျော်လီခယ့်ထူက အခွင့်ကောင်းယူကာ ပြောလိုက်သည်။

"တော်လန်က အရွယ်ရောက်လာတော့ အရင်ကထက် ပိုလှလာတာပဲ။ ဒီနေ့ အရှင်မင်းကြီး စိတ်ဝင်စားနေတုန်း ကျွန်တော်မျိုးတို့လည်း ဧည့်ဝတ်ကျေပွန်အောင် လုပ်ရမှာပေါ့။ ကျွန်တော်မျိုးရဲ့ သမီးငယ် စူးဒီယာကလည်း သီဆိုကခုန်တာ ဝါသနာပါပါတယ်။ အရှင်မင်းကြီးကို ဖျော်ဖြေခွင့် ပြုပါဦး"

***

အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC)-86

အခန်း ၈၆ ။ စွန့်စားမှ လာဘ်ရမည်

နင်ချန်က သူ့ကို တစ်ချက်ကြည့်လိုက်သည်။ တတိယမင်းသားတွင် မည်သည့် ရည်ရွယ်ချက် ရှိသည်ဖြစ်စေ ငြင်းပယ်ရန် မသင့်တော်ပေ။

ထို့ကြောင့် ခေါင်းညိတ်လိုက်သည်။

ခန်းမအတွင်း အခြေအနေက ထူးဆန်းလာသည်။

အထူးသဖြင့် တော်လန်နှင့် အောက်ချီတို့ မောင်နှမနှစ်ယောက် အကြည့်ချင်း ဖလှယ်လိုက်ကြပြီး ကျော်လီခယ့်ထူ၏အကြံအစည်ကို ရိပ်မိလိုက်ကြသည်။

ဤတစ်ကြိမ်တွင် အပြင်ဘက်မှ ထွက်ပေါ်လာသော အသံမှာ မြင်းခေါင်းတပ် တယောသံ မဟုတ်ဘဲ အလယ်ပိုင်းဒေသမှ ဇာတာသံ ဖြစ်သည်။

တီးခတ်နေသော သီချင်းသံမှာလည်း မည်သူမျှ မကြားဖူးသော တေးသွားဖြစ်ပြီး မာကျောမှုနှင့် နူးညံ့မှု ရောစပ်နေသည်။ တောင်ထိပ်မှ တိမ်တိုက်များကဲ့သို့ လွတ်လပ်ပေါ့ပါးသော်လည်း မြက်ခင်းပြင်၏ ကျယ်ပြောမှုကို ထင်ဟပ်နေသည်။

နိဒါန်းပျိုးလိုက်ရုံဖြင့် တော်လန်၏အကကို ကျော်လွန်သွားပြီဖြစ်သည်။

မကြာမီ သွယ်လျသော ကိုယ်လုံးလေးနှင့် မိန်းကလေးတစ်ဦး ဝင်ရောက်လာသည်။ ရေပြာရောင် ခါးသိမ်ဝတ်စုံကို ဝတ်ဆင်ထားပြီး လက်ထဲတွင် ခြောက်မြှောင့်ယပ်တောင်ကို ကိုင်ထားသည်။

စူးဒီယာ၏မိခင်သည် အလယ်ပိုင်းဒေသသူ ဖြစ်သဖြင့် သူမသည်လည်း အလယ်ပိုင်းဒေသ အကကို ကပြမည်ဟု ထင်ထားကြသော်လည်း တေးသွားပြောင်းလဲသွားသည်နှင့် သူမ၏ ဟန်ပန်အမူအရာများ ပြောင်းလဲသွားပြီး ယပ်တောင်ကို ဓားသဖွယ် ကစားကာ ကခုန်လိုက်သည်။

အကစွမ်းရည်အရ စူးဒီယာသည် တော်လန်ထက် သာလွန်သည်။ ကိုယ်နေဟန်ထား၊ မျက်နှာထား၊ စည်းချက်နှင့် တီထွင်ဖန်တီးမှု အားလုံးတွင် သာလွန်နေသည်။

ခန်းမထဲရှိ လူအားလုံးနီးပါး သူမ၏အကကို စိတ်ဝင်စားသွားကြသည်။ လူကို မကြည့်ဘဲ အကသက်သက်ကို ကြည့်လျှင်ပင် တကယ်ကောင်းမွန်လှသည်။

ကခုန်မှု ပြီးဆုံး၍ စူးဒီယာ ရပ်တန့်လိုက်ချိန်တွင် လူတိုင်း၏အကြည့်များ သူမထံ ရောက်ရှိနေဆဲဖြစ်ရာ သူမ ပိုမိုယုံကြည်မှု ရှိလာသည်။

ဤအကကို သူမ အကြာကြီး လေ့ကျင့်ခဲ့ရသည်။ အခွင့်အရေး မရှိတော့ဟု ထင်ထားသော်လည်း အသက် ၁၇ နှစ်အရွယ်တွင် နောက်ဆုံးအခွင့်အရေး ရရှိခဲ့သည်။

လူတိုင်း၏တုံ့ပြန်မှုကို ကြည့်ခြင်းအားဖြင့် အရှင်မင်းကြီး သူမကို ရွေးချယ်သင့်သည်။

သူမ၏ယုံကြည်မှုသည် အလကား မဟုတ်ပေ။ ရုပ်ရည်နှင့် အရည်အချင်းတွင် သူမသည် တော်လန်ထက် သာလွန်သည်။

အလယ်ပိုင်းဒေသ မိခင်ရှိသဖြင့် စာပေလေ့လာလိုက်စားသလို မြက်ခင်းပြင်တွင် မွေးဖွားသဖြင့် မြင်းစီး၊ လေးပစ်လည်း ကျွမ်းကျင်သည်။ ရဲရင့်မှုနှင့် နူးညံ့မှုကို ပေါင်းစပ်ထားသည်။

တော်လန်ထက် နိမ့်ကျသည့် တစ်ချက်သာ ရှိသည်။ သူမသည် အနည်းငယ် သိမ်ငယ်စိတ် ရှိသည်။ တော်လန်လောက် ပွင့်လင်းမှု မရှိပေ။

ရှင်းရှင်းပြောရလျှင် စူးဒီယာ၏မိခင်သည် ကိုယ်လုပ်တော်ဖြစ်သဖြင့် သမီးဖြစ်သူ မည်မျှတော်စေကာမူ ယုံကြည်မှု အပြည့်မရှိဘဲ ခိုင်မာမှု အားနည်းနေသည်။

"ကျွန်တော်မျိုးမ အရှက်ကွဲအောင် လုပ်မိပါပြီ" စူးဒီယာသည် အလယ်ပိုင်းဒေသ ရိုးရာအတိုင်း အရိုအသေပြုလိုက်သည်။

နင်ချန်က ပြုံးမြဲ ပြုံးနေသည်။ "တတိယမင်းသားမှာ သမီးလိမ္မာလေး ရှိတာပဲ။ ဒီအကနဲ့ တော်လန်ရဲ့အကက တစ်မျိုးစီ ကောင်းကြပါတယ်။ ဒီတစ်ခေါက် လာရတာ တန်တယ်ပြောရမယ်။ စူးဒီယာမှာ အလယ်ပိုင်းဒေသ သွေးပါတာလား"

(T/N - တန်မှာပေါ့ အပြင်တစ်ခါထွက်မိန်းမတစ်ယောက်ရနေတာကို ဟမ့်)

"ဟုတ်ကဲ့ပါ အရှင်မင်းကြီး။ ကျွန်တော်မျိုးမရဲ့မိခင်က အလယ်ပိုင်းဒေသသူပါ" စူးဒီယာက နူးညံ့စွာ ဖြေကြားပြီး ရှက်သွေးဖြာနေသည်။

ဤအမူအရာသည် မိခင်သင်ပေးထားသည်မှာ သေချာသည်။

မြက်ခင်းပြင် အမျိုးသမီးများ ဤသို့ မလုပ်တတ်ကြပေ။

သို့သော် ယဲ့ယွင်၏အမြင်အရ ဤမင်းသမီး၏ ကြိုးစားမှုသည် အရာထင်မည် မဟုတ်ပေ။ အရှင်မင်းကြီးသည် ပထမမင်းသားကို မထောက်ပံ့ဘဲ တတိယမင်းသားကို ထောက်ပံ့မည် မဟုတ်ပေ။ ထိုသို့လုပ်လျှင် ကျားစခ်တွင် ပြဿနာတက်ကုန်မည်။

ထင်ထားသည့်အတိုင်းပင် နင်ချန်သည် ချီးမွမ်းစကားဆိုပြီး ကျောက်စိမ်းလက်ကောက် တစ်ရံသာ ဆုချလိုက်သည်။

စောစောက တော်လန်ကို ကိုယ်တိုင် အရက်ငှဲ့ပေးခံရရုံသာမက ခေါင်းဆောင်းတစ်စုံနှင့် သန္တာကျောက်နီ ရုပ်တုပါ ရရှိခဲ့သည်။

နှိုင်းယှဉ်ကြည့်လျှင် ကျောက်စိမ်းလက်ကောက်သည် ဘာမျှမဟုတ်ပေ။

စူးဒီယာသည် လက်ကောက်ထည့်ထားသော သေတ္တာကိုပိုက်ပြီး စိတ်ပျက်ဝမ်းနည်းသွားသည်။

စောစောက သူမ ပိုကောင်းခဲ့သည် မဟုတ်လား။ ဘာလို့ အရှင်မင်းကြီးက တော်လန်ကို ရွေးရတာလဲ။

ဤအရာအားလုံးကို ကျော်လီခယ့်ထူ ကြိုတင်တွက်ဆထားပြီး ဖြစ်ပုံရသည်။ သမီးဖြစ်သူ အရွေးမခံရသည်ကို တွေ့သောအခါ မျက်နှာပျက်သွားသော်လည်း ဘာမှမပြောတော့ပေ။

ဧည့်ခံပွဲသည် မင်းသမီးနှစ်ပါး၏ ဖျော်ဖြေမှုဖြင့် အထွတ်အထိပ်သို့ ရောက်သွားပြီးနောက် တဖြည်းဖြည်း ပျင်းစရာ ကောင်းလာသည်။

သို့သော် ညသန်းခေါင်အထိ ကြာမြင့်ခဲ့သည်။

လူစားလဲပြီး သောက်ပေးနေသော်လည်း နင်ချန် မူးနေပြီဖြစ်သည်။ လုချင်းယွင်နှင့် ယဲ့ကျယ်တို့သည်လည်း တွဲခေါ်ရသည်အထိ မူးနေကြသည်။

"အရှင်မင်းကြီး မူးနေပြီ။ ဘယ်ညီမလေးက ပြုစုပေးမလဲ" ကျင်းဖေးက မေးလိုက်သည်။

နင်ချန်သည် အနည်းငယ် သတိရှိသေးသဖြင့် ကိုယ်လုပ်တော်များကို ဝေ့ကြည့်လိုက်ရာ ချန်ဝမ်ရုန်ကို ရွေးချယ်လိုက်သည်။

လမ်းခရီးတစ်လျှောက် ချန်ဝမ်ရုန်သည် ငြိမ်ကုပ်နေပြီး တစ်ခါမှ မပြုစုခဲ့ရသဖြင့် မျက်နှာသာပေးလိုက်ခြင်းဖြစ်သည်။

တကယ်တမ်း ယဲ့ယွင်ကို ခေါ်ချင်သော်လည်း သူမ အိပ်ချင်နေသည်ကို မြင်သဖြင့် လက်လျှော့လိုက်သည်။

အားလုံး ကိုယ့်တဲကိုယ် ပြန်သွားကြသည်။

ထိုအချိန်တွင် အခြားတဲတစ်ခု၌ စူးဒီယာသည် မိခင်ဟန်ရှီ၏ပေါင်ပေါ်မှောက်ကာ ငိုကြွေးနေသည်။

"မယ်တော်... သမီး ရှုံးသွားပြီ။ အရှင်မင်းကြီးက တော်လန်ကိုပဲ ကြိုက်တယ်။ ဒီတစ်ခေါက် အဆင်မပြေရင် ဖခမည်းတော်က သမီးကို အယ်အာထုန်ရဲ့ သားတစ်ယောက်ယောက်နဲ့ ပေးစားတော့မှာ။ သမီး သူတို့ကို မကြိုက်ဘူး။ ရိုင်းစိုင်းလွန်းတယ်။ အရှင်မင်းကြီးကိုပဲ သဘောကျတယ်"

ဟန်ရှီသည် သမီးကို သနားနေသည်။ သူမကိုယ်တိုင်လည်း အသက်ဘေးမှ ကယ်တင်ခံရပြီး ကျေးဇူးဆပ်သည့်အနေဖြင့် လက်ထပ်ခဲ့ရသော်လည်း တကယ်တမ်းတွင် အတင်းအဓမ္မ သိမ်းပိုက်ခံခဲ့ရခြင်းဖြစ်သည်။

အသက်ရှင်ရပ်တည်နိုင်ရန် သည်းခံခဲ့ရပြီး ဤကြမ်းတမ်းသော လူကြီးနှင့် ပေါင်းသင်းခဲ့ရသည်။

သမီးဖြစ်သူကို သူမလို မဖြစ်စေချင်ပေ။ ဤမြက်ခင်းပြင်တွင် အချိန်ကုန် မခံစေချင်ပေ။

စူးဒီယာကို သူမကိုယ်တိုင် ပြုစုပျိုးထောင်ခဲ့ပြီး သူမနှင့်တူသည်။ အလယ်ပိုင်းဒေသ ယဉ်ကျေးမှုကို နှစ်သက်ပြီး အလယ်ပိုင်းဒေသ အမျိုးသားများကို နှစ်သက်သည်။

မြက်ခင်းပြင်တွင် နေထိုင်ရသည်မှာ ပြည့်စုံသော်လည်း ယနေ့ နန်းတွင်းသူများ၏ ဝတ်စားဆင်ယင်မှုကို မြင်ပြီးနောက် မိမိကိုယ်ကို အားငယ်သွားသည်။

ထို့ပြင် နင်ချန်သည် ချောမောခန့်ညားပြီး သူမ စိတ်ကူးယဉ်ခဲ့သော ပုံစံမျိုးဖြစ်နေသည်။ သူမ နှစ်သက်မိသည်မှာ မဆန်းပေ။

တိုးတိုးတိတ်တိတ် ငိုကြွေးနေစဉ် တဲကို တစ်စုံတစ်ခု လာမှန်သံ ကြားလိုက်ရသည်။

"ဘယ်သူလဲ" ဟန်ရှီက သတိထားပြီး မေးလိုက်သည်။

မကြာမီ စူးဒီယာ၏ အစေခံမလေး ပိုင်ချောင်သည် ကျောက်ခဲတစ်လုံး ကိုင်ပြီး ဝင်လာသည်။ ကျောက်ခဲတွင် ဝါးဘူးလေးတစ်ဘူး ချည်ထားသည်။

ဟန်ရှီက ယူကြည့်လိုက်ပြီး ဝါးဘူးထဲမှ စာရွက်လေးတစ်ရွက် ထုတ်လိုက်သည်။

လက်ရေးစောင်းစောင်းဖြင့် စာနှစ်ကြောင်း ရေးထားသည်။

'ဧကရာဇ်၏ ကိုယ်လုပ်တော်သည် ကိုယ်ခန္ဓာ ချို့ယွင်းချက် မရှိရ။ စွန့်စားမှ လာဘ်ရမည်။ အားထုတ်သူ လုပ်ဆောင်နိုင်သည်'

စာကို ဖတ်ပြီးနောက် သားအမိနှစ်ယောက် အသက်ရှူ ရပ်မတတ် ဖြစ်သွားကြသည်။

"ဘယ်သူ ပစ်သွားတာလဲ မြင်လိုက်လား။” စူးဒီယာ မေးလိုက်သည်။

ပိုင်ချောင် ခေါင်းခါလိုက်သည်။ "အပြင်မှာ မှောင်နေတော့ ဘယ်သူမှန်း မမြင်လိုက်ရပါဘူး။ တဲနောက်ကျောဘက်ကနေ ပစ်သွားတာပါ။"

"မယ်တော်..." စူးဒီယာသည် မိခင်ဘက်သို့ လှည့်ကာ မျက်ရည်ဝဲလျက် ကြည့်လိုက်သည်။

ဟန်ရှီသည် သမီးဖြစ်သူကို ကြည့်ပြီး အချိန်အတော်ကြာမှ စာရွက်ကို ဆုပ်ကိုင်ကာ ဖက်ထားလိုက်သည်။

ကျောပြင်ကို ဖြည်းညှင်းစွာ ပုတ်ပေးရင်း ပြောလိုက်သည်။ "မေမေ့ဘဝကတော့ ဆုံးသွားပြီ။ ဒါပေမဲ့ သမီးကိုတော့ မြင့်မြတ်စေချင်တယ်"

အားကိုးရာမဲ့သော အလယ်ပိုင်းဒေသ အမျိုးသမီးတစ်ယောက်အနေဖြင့် ကျော်လီခယ့်ထူ၏ တရားဝင်ဇနီးသည် အင်အားကြီးမားပြီး နောက်လိုက် မယားငယ်များလည်း များပြားလှသည်။ သူမ ရုန်းကန်ခဲ့ရသည်မှာ မနည်းလှပေ။

သမီးကို ဤနေရာတွင် ဆက်မနေစေချင်တော့ပေ။ စွန့်စားပြီး နန်းတွင်းသို့ ဝင်ရောက်စေချင်သည်။

စူးဒီယာတွင် ရုပ်ရည်ရှိသည်၊ အနုပညာ စွမ်းရည်ရှိသည်၊ ပညာရှိသည်။ ကျားစခ်ဟူသော နောက်ခံလည်းရှိသည်။ အချစ်ခံရနိုင်သည်။

မည်သူ သတင်းလာပို့သည်ကို မသိသော်လည်း လမ်းပြပေးလိုက်ခြင်းဖြစ်သည်။

မူလက သူမ ဘာမှ မလုပ်ရဲသော်လည်း စဉ်းစားရဲလာသည်။

'စွန့်စားမှ လာဘ်ရမည်' နှင့် 'ဧကရာဇ်၏ ကိုယ်လုပ်တော်သည် ကိုယ်ခန္ဓာ ချို့ယွင်းချက် မရှိရ' ဟူသော စာသားများသည် လမ်းညွှန်ချက်ဖြစ်နေသည်။

စိတ်ဆန္ဒရှိပြီး တွန်းအားပေးသူ ရှိလာသောအခါ အရာရာသည် အလိုအလျောက် ဖြစ်ပျက်လာတော့သည်။

***

All Chapters