← Chapters

အခန်း (၈၉-၉၀)

Vol. 6 Ch. 89-90

အခန်း (၈၉-၉၀)

Vol. 6 Ch. 89-90

အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC)-89

အခန်း ၈၉ ။ ကြီးမားသောအောင်မြင်မှု

အံ့ဩစရာကောင်းသည်မှာ မတ်တတ်ထရပ်လိုက်သူမှာ ယဲ့ယွင် ဖြစ်နေသည်။

မိန်းမပျိုလေးသည် ရွှေရောင်ပန်းပွင့်ပုံ ချည်ထိုးထားသော တိမ်ပုံစံ အနီရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ဆံပင်ကို ဓားနှစ်လက်ပုံစံ ထုံးထားသည်။ ယနေ့တွင် သူမ၏ မျက်ခုံးမွှေးများကို အနည်းငယ် ကွေးညွတ်အောင် ဆွဲထားသဖြင့် စူးရှသောအသွင် ဆောင်နေသည်။ ယခုအချိန်တွင် သူမသည် အပြုံးလေးဖြင့် ပွင့်ပွင့်လင်းလင်း ရပ်နေသည်။

ယဲ့ကျယ်သည် ညီမဖြစ်သူ ထရပ်လိုက်သည်ကို မြင်သောအခါ စိုးရိမ်ပူပန်သွားသည်။ သူ့မျက်ဝန်းများ မဲမှောင်သွားသော်လည်း စကားပြော၍မရသဖြင့် လက်သီးကိုသာ တင်းတင်းဆုပ်ထားလိုက်သည်။

ယခုအချိန်တွင် ရှိနေသူအားလုံးသည် ဤနူးညံ့သော မိန်းမပျိုလေးက မြှားပစ်တတ်သည်ကို မယုံကြည်ကြပေ။ တော်လန်နှင့် ယှဉ်ပြိုင်မည်ဆိုသည်မှာ ပို၍ မယုံနိုင်စရာပင်။

"ဘယ်လိုလဲ... မင်းက ကစားချင်ပြန်ပြီလား။ သိပ်မဆော့နဲ့နော်။ ရှုံးသွားရင် ကျန်းဆီလာပြီး မငိုနဲ့"

နင်ချန်က ရယ်မောလိုက်သည်။ နိုင်သည်ဖြစ်စေ၊ ရှုံးသည်ဖြစ်စေ အမျိုးသမီးတစ်ယောက်က ထွက်ပြီး ယှဉ်ပြိုင်ရဲသည်ကိုပင် ဂုဏ်ယူစရာဖြစ်နေပြီ။ ရှုံးသွားလျှင်လည်း အရှက်မကွဲစေရန်ကာကွယ်ပေးမည်ဖြစ်သည်။

ယဲ့ယွင်၏လုပ်ရပ်ကို နင်ချန် တကယ်ပင် ကျေနပ်မိသည်ဟု ဝန်ခံရမည်။

ယောင်ရှန်းသည် အောက်တွင် ထိုင်နေရင်း အင်္ကျီလက်ထဲမှ လက်ကို တင်းတင်းဆုပ်လိုက်ပြီး ကိုယ်တိုင် သတိမရလိုက်မိသည့်အတွက် နောင်တရနေသည်။

သို့သော် ပြန်စဉ်းစားကြည့်လိုက်သောအခါ ယခင်ဘဝက တော်လန်သည် ဆယ်ချက်စလုံး ဗဟိုချက်ကို ထိမှန်ခဲ့ပြီး ပထမဆု ရရှိခဲ့သည်ကို သတိရလိုက်သည်။ ယဲ့ယွင်က ထွက်ပြိုင်သော်လည်း ရှုံးနိမ့်ပြီး အရှက်ကွဲမည်သာဖြစ်သည်။

"ဒီချန်းချဲ့ ရှုံးသွားလို့ ဘယ်သူမှ မရယ်ရင် မငိုပါဘူးနော်။ ပြီးတော့ တော်လန်က မြက်ခင်းပြင်မှာ မွေးဖွားလာတာဆိုတော့ ဒီချန်းချဲ့ထက် မြှားပစ်တာ ပိုတော်မှာ ပုံမှန်ပါပဲ။ ဒီချန်းချဲ့ မကြောက်ပါဘူး" ယဲ့ယွင် မျက်ခုံးပင့်လိုက်သည်။

တော်လန်က သူမကို တစ်ချက်ကြည့်

လိုက်သည်။ အံ့ဩသွားသော်လည်း စိတ်

လှုပ်ရှားခြင်း မရှိပေ။ သူမရဲ့အရည်အချင်းက သူ့ထက်သာနေလို့လား။

ထိုသို့ဖြင့် လူအများ ကြည့်ရှုနေစဉ် ယဲ့ယွင်သည် အဝတ်အစားပင် မလဲဘဲ ကွင်းထဲသို့ ဝင်ရောက်လာသည်။ သူမပုံစံမှာ ဟန်ဆောင်ကောင်းသူ တစ်ယောက်ကဲ့သို့ ဖြစ်နေသည်။

ပစ်မှတ် ၂၀ ကို စီတန်းထားပြီး နှစ်ယောက်သား ဘေးချင်းယှဉ်ကာ ဘယ်မှညာသို့ ပစ်ခတ်ရမည်။

ယဲ့ယွင်၏ လေးနှင့်မြှားကို နင်ချန်က လူလွှတ်ယူခိုင်းလိုက်သည်။ ပေါ့ပါးသော လေးဖြစ်ပြီး အမျိုးသမီးများနှင့် သင့်တော်သော်လည်း ပစ်အား မလျော့ပေ။

တော်လန်၏ လေးနှင့်မြှားမှာမူ သူမ ပုံမှန်သုံးနေကျ ဖြစ်သည်။ ဤအခြေအနေကို ကြည့်လျှင် တော်လန်က အသာစီးရနေသည်။

နှစ်ယောက်သား ပြိုင်တူ လေးကို မလိုက်ကကြ၍ ကြိုးကို ဆွဲတင်ပြီး ချိန်ရွယ်လိုက်ကြသည်။

"ရွှမ်း..."

ပြတ်သားသော အသံတစ်သံ ထွက်ပေါ်လာပြီး တော်လန်က လက်လွှတ်လိုက်ရာ မြှားသည် လျင်မြန်စွာ ထွက်ခွာသွားပြီး ပစ်မှတ်၏ ဗဟိုချက်ကို ထိမှန်သွားသည်။

"ကောင်းတယ်" ကျားစခ်မှ လူများက ချက်ချင်းပင် အော်ဟစ်အားပေးကြသည်။

တော်လန် မေးငေါ့လိုက်ပြီး ဂုဏ်ယူဝင့်ကြွားနေသည်။

ခေါင်းလှည့်ကြည့်လိုက်ရာ ယဲ့ယွင်သည် ကြိုးကို ဆွဲထားဆဲဖြစ်ပြီး မလွှတ်သေးသည်ကို တွေ့လိုက်ရသည်။

နင်ချန်သည် ကွင်းထဲမှ မိန်းမပျိုကို ကြည့်ပြီး စိတ်ပူလာသည်။ ယဲ့ယွင် ရှုံးသွားလျှင် ကိစ္စမရှိသော်လည်း နိုင်စေချင်သည်။

သူတစ်ယောက်တည်းသာ မဟုတ်ဘဲ ရှိသမျှလူအားလုံး၏ အကြည့်များသည် ယဲ့ယွင်ထံ ရောက်ရှိနေကြသည်။ ဤနူးညံ့သော မိန်းမပျိုလေးတွင် အရည်အချင်း ရှိမရှိ သိချင်နေကြသည်။

"မင်မိန်ရန် မျက်စိမှုန်နေတာများလား။ မပစ်တတ်ရင် ဘာလို့ တက်ပြီး အရှက်ခွဲနေတာလဲ" လီဝမ်ရုန်က တိုးတိုးလေး ရေရွတ်လိုက်သည်။

သူမ ပြောပြီးသည်နှင့် ချက်ချင်းပင် မြှားတစ်စင်း ထွက်ခွာသွားသော အသံကို ကြားလိုက်ရသည်။

"မင်မိန်ရန် ဗဟိုချက်ကို ထိတယ်"

ပစ်မှတ်နားတွင် စောင့်နေသော အစောင့်က အသံကုန်ဟစ်ပြီး အစီရင်ခံလိုက်သည်။ သူ့အသံတွင် စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေသည်။

ဘာ... ယောင်ရှန်း မျက်လုံး ပြူးကျယ်သွားပြီး လက်ဖက်ရည်ခွက်ကို မှောက်မိမတတ် ဖြစ်သွားသည်။ လက်ဖဝါးကို ဆိတ်ပြီး စိတ်ထိန်းလိုက်ရသည်။

ဒါက ကံကောင်းလို့ ဖြစ်မှာပါ။ ကံကောင်းလို့ပါ...

"ဟားဟားဟား... ကောင်းတယ်။ ကျန်းက မင်းကို အထင်သေးမိတာပဲ"

နင်ချန်သည် ရယ်မောလိုက်ပြီး ယဲ့ယွင်ကို ရတနာတစ်ခု တွေ့လိုက်သကဲ့သို့ စိုက်ကြည့်နေသည်။

ဒီတစ်ချက်တည်းနှင့်တင် ရှုံးသွားရင်လည်း ကိစ္စမရှိတော့ပေ။ အနည်းဆုံးတော့ သူ့နန်းတွင်းမှ ကိုယ်လုပ်တော်တိုင်းသည် သာမန်မဟုတ်ကြောင်း သက်သေပြနိုင်ခဲ့ပြီ။

ထိုအချိန်တွင် တော်လန်၏မျက်နှာထား မကောင်းတော့ပေ။ သူမ တည်ငြိမ်နေသော်လည်း ဘေးမှ ယဲ့ယွင်က ပိုပြီး အေးဆေးနေသည်ကို တွေ့ရသဖြင့် စိတ်လှုပ်ရှားလာသည်။

"ဆောရီးနော်... ကျွန်မ လေးနဲ့မြှား မကိုင်တာ ကြာလို့ နည်းနည်း စိမ်းနေတယ်" ယဲ့ယွင်က နှိမ့်ချစွာ ပြုံးလိုက်သည်။

ငယ်စဉ်က သိုင်းပညာ သင်ရမည်ကို မကြိုက်သော်လည်း မြှားပစ်ခြင်းကိုတော့ သူမကိုယ်တိုင် သင်ယူချင်ခဲ့ခြင်းဖြစ်သည်။

သိုင်းလောကမှ သူရဲကောင်းများ၏ ချိန်ရွယ်မလွဲ ပစ်ခတ်နိုင်စွမ်းကို အားကျခဲ့၍ သင်ပေးရန် ပူဆာခဲ့သော်လည်း ယနေ့ အသုံးဝင်လိမ့်မည်ဟု မထင်ခဲ့မိပေ။

နှစ်ယောက်သား ဒုတိယအကြိမ် ပြင်ဆင်လိုက်ကြသည်။ ယခုတစ်ကြိမ်တွင် ယဲ့ယွင်သည် နောက်ကျနေဆဲဖြစ်သော်လည်း ပထမအကြိမ်ထက် ပိုမြန်လာသည်။

နှစ်ယောက်စလုံး ဗဟိုချက်ကို ထိမှန်ကြသဖြင့် ပရိသတ်များ လက်ခုပ်တီး အားပေးကြသည်။

နင်ချန်သည် ယဲ့ယွင်၏ကျောပြင်ကို ကြည့်ပြီး ပိုမိုစိတ်ဝင်စားလာသည်။

အောက်ချီ၏မျက်နှာထား တင်းမာနေသည်မှလွဲ၍ ကျန်လူများသည် ဤပြိုင်ပွဲကို ယခင်ကထက် ပို၍ စိတ်ဝင်စားလာကြသည်။

စူးဒီယာသည် ဖခင်၏နောက်တွင်ထိုင်နေပြီး တော်လန် အရှက်ကွဲပါစေဟု တိတ်တဆိတ် ဆုတောင်းနေသည်။

နောက်ထပ် မြှားပစ်ရာတွင် ယဲ့ယွင်သည် အရှိန်ရလာပြီး တစ်ချက်ထက်တစ်ချက် ပိုမိုမြန်ဆန် တိကျလာသည်။

တော်လန်၏လက်ဖဝါးများတွင် ချွေးစို့လာသည်။ သူမ ဤသို့ဖြစ်လာမည်ဟု မထင်ထားခဲ့ပေ။

အလယ်ပိုင်းဒေသ မိန်းကလေးများသည် နူးညံ့သည် မဟုတ်လား။ ဘာကြောင့် မြှားပစ်တာကို အဲ့လောက်ကျွမ်းကျင်နေရတာလဲ။ သို့သော်ပြိုင်ပွဲတွင် သူမ ရှုံး၍မဖြစ်ပေ။

ရှစ်ကြိမ်မြောက် ရောက်သောအခါ နှစ်ယောက်စလုံး၏ လှုပ်ရှားမှုများ တပြိုင်

တည်း ဖြစ်နေခဲ့သည်။ သို့သော် မြှားထိသံကို နားထောင်ခြင်းအားဖြင့် ယဲ့ယွင်၏ မြှားက ပိုမြန်နေကြောင်း တော်လန် သိလိုက်သည်။ ဤအချက်က သူမကို ပို၍ ထိတ်လန့်စေသည်။

ကိုးကြိမ်မြောက်တွင် ယဲ့ယွင်သည် သူမထက် သိသိသာသာ မြန်ဆန်သွားပြီး ဗဟိုချက်ကို ထိမှန်နေဆဲပင်။

နောက်ဆုံးအကြိမ်တွင် အနိုင်အရှုံး ပေါ်တော့မည်။ တော်လန်သည် ချွေးများ ထွက်နေပြီး မျက်လုံးများပင် ပြာဝေနေသလို ခံစားရသည်။

အသက်ပြင်းပြင်း ရှူလိုက်ပြီး မျက်လုံးကို တင်းတင်းမှိတ်ကာ စိတ်ငြိမ်အောင် ကြိုးစားလိုက်သည်။

ထိုအချိန်တွင် လေကိုခွင်းသွားသော မြှားသံတစ်ခု ကြားလိုက်ရသည်။

"ဗဟိုချက်ထိတယ်... မင်မိန်ရန် ဆယ်ချက်စလုံး ဗဟိုချက်ထိတယ်" ပစ်မှတ်နားမှ အစောင့်က စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သည်။

တော်လန်၏ ဦးနှောက်ထဲမှ တင်းမာနေသော ကြိုးတစ်ချောင်း ပြတ်သွားသကဲ့သို့ ခံစားလိုက်ရသည်။

ယခုတစ်ကြိမ်တွင် ပရိသတ်များ၏ အကြည့်များသည် သူမထံ စုပြုံရောက်ရှိလာကြသည်။

"ရွှမ်း..."

မြှားသည် လျင်မြန်စွာ ထွက်ခွာသွားသော်လည်း တော်လန်၏ ခန္ဓာကိုယ်သည် မသိမသာ ယိမ်းယိုင်သွားသည်။ မြှားထိသံ ကြားလိုက်ရသော်လည်း ကျားစခ်အစောင့်က ဘာမှ အော်မပြောပေ။

အဖြေက ရှင်းနေပြီ။

တော်လန် ရှုံးသွားခဲ့ပြီဖြစ်သည်။ သူမ၏ နောက်ဆုံးမြှားသည် ဗဟိုချက်နှင့် တစ်လက်မခန့် လွဲသွားသည်။

သူမသည် အရည်အချင်း ညံ့ဖျင်း၍ ရှုံးနိမ့်ခြင်း မဟုတ်ဘဲ စိတ်ဓာတ်ရေးရာတွင် ရှုံးနိမ့်သွားခြင်း ဖြစ်သည်။

ယဲ့ယွင်သည် တမင်သက်သက် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ သူမသည် တဖြည်းဖြည်း အရှိန်တင်ကာ တော်လန်၏စိတ်ကိုနှောင့်ယှက်ပြီး အမှားလုပ်မိအောင် ဖန်တီးခဲ့ခြင်းပင်။

ဒီပွဲမှာ ယဲ့ယွင် အနိုင်ရသွားပြီ။

"ကျေးဇူးတင်ပါတယ်" ယဲ့ယွင် အနည်းငယ် ဦးညွှတ်လိုက်ပြီး မျက်နှာထားမှာ တည်ငြိမ်နေဆဲဖြစ်သည်။

တော်လန်၏အမူအရာမှာ ရှုပ်ထွေးနေသည်။ လက်နှစ်ဖက်ကို ယှက်ကာ အရိုအသေပြုလိုက်ပြီး စကားမပြောဘဲ လေးလံသော ခြေလှမ်းများဖြင့် နေရာသို့ ပြန်သွားလိုက်သည်။

"မင်း မြှားပစ်တာ ဒီလောက်တောင် တော်မယ်လို့ မထင်ထားဘူး။ ဒီနေ့ မင်းကို ကောင်းကောင်း ဆုချရမယ်။ အမိန့်တော် ထုတ်ပြန်လိုက်... မင်မိန်ရန်ကို ကျယ်ယွီ ရာထူး တိုးမြှင့်လိုက်တယ်"

နင်ချန်သည် ယဲ့ယွင်ကို ရတနာသိုက်တစ်ခုကဲ့သို့ သဘောထားလာသည်။ အမြဲတမ်း သူ့အား အံ့ဩစရာများ ပေးစွမ်းနိုင်သူ ဖြစ်သည်။

"အရှင်မင်းကြီးရဲ့ မေတ္တာကို ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ အရှင်မင်းကြီးက ဒီချန်းချဲ့ကိုပဲ ဂရုစိုက်မနေပါနဲ့။ တော်လန်က မိန်းကလေးဖြစ်ပေမယ့် ဒီလိုအရည်အချင်းမျိုး ရှိတာ ရှားပါတယ်" ယဲ့ယွင်က လိမ္မာပါးနပ်စွာ ပြောလိုက်သည်။

နင်ချန် ခေါင်းညိတ်လိုက်သည်။ "ဟုတ်တယ်။ ဒါဆိုရင် တော်လန်ကို အဆင့် ၃ မင်းသမီးဘွဲ့ ပေးအပ်ပြီး ယွင်ရုန် ဆိုတဲ့ ဘွဲ့နာမည်ကို ချီးမြှင့်မယ်။”

တော်လန်ကို မင်းသမီးဟု ခေါ်ဝေါ်ကြသော်လည်း ၎င်းသည် တရားဝင် ခန့်အပ်ထားခြင်း မဟုတ်ပေ။ မင်းသားများ၏ သမီးများကို မင်းသမီးဟု ခေါ်ဝေါ်လေ့ရှိကြသည်။ ယခု တရားဝင် ခန့်အပ်လိုက်ပြီဖြစ်ရာ အဆင့်အတန်း ကွာခြားသွားပြီဖြစ်သည်။

သို့သော် ဤအရာများသည် ယဲ့ယွင် ကျယ်ယွီရာထူးရရှိခြင်းနှင့်နှိုင်းယှဉ်လျှင် ဘာမှမဟုတ်ပေ။ လူအများ မနာလို ဖြစ်စေရန် လုံလောက်သည်။

ယောင်ရှန်းသည် နေရာတွင် ထိုင်နေရင်း မျက်လွှာချကာ မျက်ဝန်းထဲမှ မုန်းတီးမှုများကို ဖုံးကွယ်လိုက်သည်။

ယဲ့ယွင်သည် ငြိမ်ငြိမ်နေလျှင် ကိစ္စမရှိသော်လည်း ယခု အလွန်အချစ်ခံရပြီး ကိစ္စများစွာကို ပြောင်းလဲပစ်လိုက်သဖြင့် မျက်စိစပါးမွေးစူးစရာဖြစ်လာသည်။

သို့သော် မကြာမီ အချိန်ရောက်လာတော့မည်ဖြစ်သောကြောင့် ယောင်ရှန်း စိတ်ထဲတွင် အေးစက်စွာ ရယ်မောလိုက်သည်။ ရက်အနည်းငယ်လောက် ပျော်ပါစေဦး။

နောက်ဆုံးတွင် အနိုင်ရသူမှာ သူမသာ ဖြစ်ရမည်။ သူမ သည်းခံစောင့်ဆိုင်းခဲ့သည်မှာ အခွင့်အရေးကို စောင့်မျှော်နေခြင်း ဖြစ်သည်။ ယခင်ဘဝ၊ ယခုဘဝ နှစ်ခုစလုံးသည် ကံတရားက ပေးသော အခွင့်အရေးများ ဖြစ်သဖြင့် လက်လွတ်ခံ၍ မဖြစ်ပေ။

…….

အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC)

အခန်း ၉၀ ။ ရွေးချယ်စရာ လမ်းမရှိ

ပထမဆုံးနေ့ တောလိုက်ပွဲသည် ယဲ့ယွင်၏ ဆယ်ချက်စလုံး ဗဟိုချက်ထိမှန်မှုနှင့် ကျယ်ယွီရာထူး တိုးမြှင့်ခံရမှုတို့ဖြင့် အဆုံးသတ်သွားခဲ့သည်။

ဒီတစ်ခေါက်တွင် ယဲ့ယွင်သည် နင်ချန်အတွက် မျက်နှာရစေခဲ့သည်။

ယဲ့ယွင်သည် ပြိုင်ဆိုင်လိုစိတ်ရှိသူဖြစ်ပြီးရှေ့ထွက်ရသည်ကို မကြိုက်ပေ။ သို့သော် ထွက်ရပြီဆိုလျှင် သေချာပေါက် အနိုင်ရမှဖြစ်မည်။

ဥပမာအားဖြင့် ယခုတစ်ကြိမ်တွင် အောက်ချီနှင့် ညီမဖြစ်သူတို့ အလွန်

အလောကြီးသွားမိသည်။

ကိုယ့်အရည်အချင်းကို ပြသတာကပြဿနာမရှိပေမယ့် ချက်ချင်းကြီး စိန်ခေါ်လိုက်တာက မကောင်းဘူးလေ။

မိန်းကလေးတစ်ယောက်က ဧကရာဇ်ရဲ့ ကိုယ်ရံတော်ကို စိန်ခေါ်တာ၊ အလယ်ပိုင်းဒေသသူဆိုရင် ကိစ္စမရှိပေမယ့် ကျားစခ်သူဖြစ်နေတော့ အဓိပ္ပာယ် သက်ရောက်မှုက မတူတော့ဘူး။

နင်ချန်အနေဖြင့် ငြင်းပယ်၍ မရခဲ့ပေ။ သို့သော် ရှုံးသွားလျှင် ကျားစခ်လူမျိုးများက "ငါတို့ မြက်ခင်းပြင်က မိန်းကလေးတစ်ယောက်ကတောင် ဧကရာဇ်ရဲ့ကိုယ်ရံတော်ကို နိုင်တယ်" ဟု အတင်းပြောစရာ ဖြစ်လာပေလိမ့်မည်။

ဤသည်မှာ နင်ချန်အတွက် သိက္ခာကျစရာပင်။

ထို့ကြောင့် ယဲ့ယွင် ထွက်ပြိုင်ကာ အခွင့်အရေးကောင်းကို ဖမ်းဆုပ်လိုက်ခြင်းဖြစ်သည်။

မိန်းကလေးချင်းပြိုင်တာဆိုတော့ တရားမျှတမှု မရှိဘူးလို့ ပြောစရာ မလိုတော့ဘူး။ ရှုံးရင်တောင် အရှက်မကွဲဘူး။ ဘာလို့လဲဆိုတော့ အလယ်ပိုင်းဒေသသူတွေက ဒီလိုအရာတွေ မကျွမ်းကျင်ဘူးလေ။ အရမ်းရုပ်ပျက်ဆင်းပျက် မရှုံးရင် ပြီးတာပဲ။

၁၀ ချက်မှာ ၅ ချက်လောက် ထိရင်တောင် တော်တော်ကောင်းနေပြီ။

သာမန်မိန်းကလေးဆိုရင် လေးတောင် ဆွဲနိုင်မှာ မဟုတ်ဘူး။ ယဲ့ယွင်ကတော့ ကိုယ့်

အရည်အချင်းကို ကိုယ်သိလို့ ထွက်ပြိုင်

လိုက်တာ။

တွေ့လား... အခုဆို ငါ ကျယ်ယွီရာထူးတောင် ရသွားပြီ။

အကျိုးကျေးဇူးက ဒီလောက်ပဲ မဟုတ်ဘူး။ တော်ဝင်မိသားစုရဲ့ ဂုဏ်သိက္ခာကို ကယ်တင်ပေးလိုက်တဲ့အတွက် နင်ချန်က သူမကို ပိုချစ်လာမှာ သေချာတယ်။

ညစာစားပွဲမှာ ယဲ့ယွင်ရဲ့နေရာက နင်

ချန်ဘေးကို ရောက်သွားပြီဖြစ်သည်။

လက်ရှိ အခြေအနေအရ သူမသည် ပါလာသည့် ကိုယ်လုပ်တော်များအားလုံးထက် သာလွန်နေပြီဖြစ်သည်။

ယိမိန်ရန်က သူမကို ကြည့်ပြီး အလွန်မုန်းတီးနေသော်လည်း အရည်အချင်းယှဉ်ပြိုင်ရာတွင် မနိုင်သဖြင့် ဒေါသထွက်ရုံသာ တတ်နိုင်တော့သည်။

ယောင်ရှန်းသည် စိတ်ဓာတ်ကြံ့ခိုင်သူဖြစ်သဖြင့် အခြားသူများ စိတ်ခံစားချက် ပြနေချိန်တွင် သူမက တည်ငြိမ်နေဆဲ ဖြစ်သည်။ ယဲ့ယွင် သူမကို မကြာခဏ လှမ်းကြည့်မိသည်။

ဘာကြောင့်မှန်းမသိ ယဲ့ယွင်က ဒီဖန်းချိုက်ရန်ကို သွေးအေးလွန်းသည်ဟု ခံစားနေရသည်။

ဒါပေမဲ့ ဘာမှ ထူးခြားတာ မတွေ့သည့်အတွက် အကျယ်တဝင့်ဆက်မတွေးခဲ့ပေ။ သည်းခံတတ်တဲ့သူ ဖြစ်လိမ့်မည်ဟုသာ ကောက်ချက်ချလိုက်သည်။

ညဘက်တွင်မူ ပြောစရာမလိုအောင် ယဲ့ယွင် အိပ်ဆောင်ဝင်ရသည်။ ယခုအခါ သူမသည် ဧကရာဇ်၏အချစ်တော်ဖြစ်နေပြီ။

သို့သော် လူတချို့ ပျော်ရွှင်နေချိန်တွင် လူတချို့က မပျော်ရွှင်ကြပေ။ မြက်ခင်းပြင်မှ ပျော်ရွှင်မှုများသည် မြို့တော် နန်းတွင်းသို့ မရောက်ရှိနိုင်ပေ။

........

ချွေ့ကျူဆောင်

ရှချိုက်ရန်သည် ဗိုက်ကိုပိုက်ပြီး အခန်းထဲတွင် လမ်းလျှောက်နေသည်။ ညစာစားပြီးသော်လည်း ဗိုက်ဆာနေသေးသဖြင့် ထပ်စားလိုက်ရာ အိပ်၍မရတော့ဘဲ လမ်းလျှောက်နေရခြင်း ဖြစ်သည်။

ယခု သူမ၏ ကိုယ်ဝန်သည် ၉ လ ရှိနေပြီ။ ၁၀ လ လွယ်ထားရသည်ဆိုတော့ မွေးဖို့ နီးကပ်နေပြီ။

ယန်ရှို့ယီက သူမ၏ ဗိုက်ကို အလွန်ဂရုစိုက်ပြီး နေ့တိုင်း လူလွှတ်မေးမြန်းသလို နှစ်ရက်၊ သုံးရက်နေလျှင် ကိုယ်တိုင် လာကြည့်တတ်သည်။

ကလေးမွေးပြီးလျှင် ခွဲခွာရတော့မည်ကို တွေးမိတိုင်း ရှချိုက်ရန်သည် ခိုးပြီး ငိုရရှာသည်။

အစေခံ လျန်ချောင်က သခင်မ ဝမ်းနည်းနေသည်ကို မြင်သောအခါ စိတ်မကောင်း ဖြစ်မိသည်။

"ချိုက်ရန်... အရမ်း မတွေးပါနဲ့။ ဗိုက်ထဲက ကလေးအတွက် မကောင်းပါဘူး။ နောက်ပိုင်းကျရင် မတွေ့ရတော့မှာ မဟုတ်ပါဘူး။ ချိုက်ရန်က ကလေးရဲ့အမေအရင်းပဲဟာ။ တစ်နန်းတော်တည်းမှာ နေရတာပဲ။ ကလေးကြီးလာရင် ရှင့်ကို အသိအမှတ်ပြုမှာပါ"

"တစ်နေရာတည်းမှာ နေရပေမယ့် ယန်ရှို့ယီက ငါ့ကို ပေးတွေ့ပါ့မလား။ ကိုးလလွယ် ဆယ်လဖွား မွေးရတဲ့ ကလေးကို ကိုယ်တိုင် မပြုစုရဘူးဆိုတော့ ဘယ်လိုလုပ် မဝမ်းနည်းဘဲ နေနိုင်မှာလဲ။"

ရှချိုက်ရန် ပြောရင်း မျက်ရည်ကျလာသည်။

ကိုယ်ဝန်ဆောင်ချိန်ဖြစ်ကာ စိတ်ခံစားမှု နုနယ်နေချိန်တွင် ဤကိစ္စများကို တွေးမိကာ ပို၍ပင် ဝမ်းနည်းနေတော့သည်။

လျန်ချောင်က အလျင်အမြန် နှစ်သိမ့်ပေးပြီး ထိုင်ခိုင်းလိုက်ရင်း အတော်ကြာမှ အငိုတိတ်သွားသည်။

"ချိုက်ရန် ကောင်းတဲ့ဘက်က တွေးကြည့်ပါ။ ယန်ရှို့ယီက ကလေးကို လိုချင်နေတာဆိုတော့ သေချာပေါက် ချစ်မှာပါ။ ချိုက်ရန်က ရာထူးနိမ့်တော့ ကလေးကို ပြည့်စုံအောင် မထားနိုင်ဘူး။ သူက မွေးစားလိုက်ရင် ကလေးလည်း ကောင်းစားမှာပေါ့။ နောက်ကျရင် ရှင်လည်း ကျိုဖင်ဖြစ်လာရင် ကလေးကို ပြန်တောင်းလို့ ရမှာပါ"

လျန်ချောင်လည်း ပြောစရာမရှိတော့သဖြင့် ကောင်းကွက်များကိုသာ ရွေးပြောရတော့သည်။

သို့သော် ထိုသို့ပြောလိုက်မှ ရှချိုက်ရန် မျက်နှာဖြူဖျော့သွားပြီး စားပွဲပေါ်ရှိ အားဆေးများကို ကြည့်လိုက်သည်။

လျန်ချောင်၏လက်ကို ဆွဲကိုင်ပြီး ထိတ်လန့်တကြား ပြောလိုက်သည်။ "နင် ငါ့ဗိုက်ကို သေချာကြည့်စမ်း။ ဝမ်ကျယ်ယွီ ဗိုက်ထက် အများကြီး ပိုကြီးမနေဘူးလား"

"ချိုက်ရန်က ၉ လ ရှိပြီလေ။ ဝမ်ကျယ်ယွီက ၇ လပဲ ရှိသေးတာ။ ပိုကြီးမှာပေါ့" လျန်ချောင် နားမလည်စွာ ပြောသည်။

"မဟုတ်ဘူး။ သေချာစဉ်းစားကြည့်။ ငါ ၇ လတုန်းက ဗိုက်က အခု ဝမ်ကျယ်ယွီ ဗိုက်ထက် အများကြီး ပိုကြီးနေတယ်။ ပြီးတော့ ဝမ်သယ့်ဖေးတို့တုန်းကလည်း ဘယ်သူမှ ငါ့လောက် မကြီးဘူး။ လျန်ချောင်... ငါက သားဦးနော်။ ကလေးမွေးရ ခက်မှာလား..."

ဒီအချိန်ကျမှ လျန်ချောင် သဘောပေါက်သွားပြီး ထိတ်လန့်သွားသည်။

သူမတို့ဘေးတွင် အတွေ့အကြုံရှိသော မားမား မရှိသဖြင့် အခုမှ သတိထားမိခြင်း ဖြစ်သည်။

သားဦးမွေးရ ခက်ခဲတတ်သည်။ ကလေးက အလွန်အမင်း ကြီးထွားနေလျှင် ပိုခက်ခဲမည်။

ယန်ရှို့ယီက ကလေးကိုပဲ လိုချင်တာ။ မွေးရခက်ခဲ့ရင် အမေကို သတ်ပြီး ကလေးကို ယူမှာ သေချာတယ်။

အခု အရှင်မင်းကြီးက နန်းတော်ထဲမှာ မရှိဘူး။ ဘယ်သူက သူမ အသက်ရှင်ဖို့ လိုလားမှာလဲ။

သူမနှင့်ကလေး ယှဉ်လာလျှင် ကလေးက ပိုအရေးကြီးသည်။ ထို့ကြောင့် မိဖုရားခေါင်ကြီး သို့မဟုတ် တစ်စုံတစ်ယောက်က အမေကို စွန့်ပြီး ကလေးကို ယူရန် အမိန့်ပေးခဲ့လျှင် အရှင်မင်းကြီး ပြန်လာရင်တောင် အပြစ်တင်လို့ မရတော့ပေ။

ဒါမှမဟုတ် အရှင်မင်းကြီး ပြန်လာရင် ကလေးကိုပဲ သတိရမှာ။

သူမကို စမ်းသပ်ပေးတဲ့ သမားတော်က ဘာလို့ ဘာမှမပြောတာလဲ။ တစ်ယောက်ယောက်က ခိုင်းထားလို့ နေမှာပေါ့။

အဲဒီလူ ဘယ်သူလဲဆိုတာ ပြောစရာတောင် မလိုတော့ဘူး။

"ချိုက်ရန်... ဒါ... ဒါ ဘယ်လိုလုပ်မလဲ" လျန်ချောင် ကြောက်လန့်တကြား ဖြစ်နေသည်။

သခင်မ သေရင် အစေခံတွေလည်း ကောင်းကောင်းနေရမှာ မဟုတ်ဘူး။

ရှချိုက်ရန် ကလေးကို ကိုယ်တိုင် မမွေးမြူနိုင်ရင်တောင် ကျန်းမာတဲ့ ကလေးမွေးပေးနိုင်ရင် မျက်နှာသာရပြီး ရာထူးတိုးနိုင်မယ်လို့ ထင်ခဲ့ကြတာ။

ဝမ်သယ့်ဖေး မွေးတဲ့ သားတော်လေးက ကြောင်လေးလို အားနည်းနေတော့ မွေးနေ့ပွဲတောင် မလုပ်နိုင်ဘူး။ နို့ထိန်းတွေ၊ သမားတော်တွေနဲ့ပဲ နေနေရတယ်။

ဒါကြောင့် ဘယ်သူမဆို ကျန်းမာတဲ့ ကလေးမွေးပေးနိုင်ရင် အရှင်မင်းကြီး သဘောကျမှာ သေချာတယ်။

ဒါပေမဲ့ မွေးတဲ့သူ သေသွားရင်တော့ ဘာမှ မရတော့ဘူး။

ရှချိုက်ရန် အသက်ပြင်းပြင်း ရှူလိုက်သည်။ မတ်လ၏ အေးစက်သော ညတွင် ချွေးများ ထွက်နေပြီး စားပွဲကို အတင်း ကိုင်ထားရသည်။

"ငါ စဉ်းစားပါရစေ။ ငါ စဉ်းစားပါရစေဦး။ ငါ မသေချင်သေးဘူး"

ဒီအချိန်မှ ရှချိုက်ရန်သည် နန်းတွင်း၏ ကြောက်စရာကောင်းပုံကို သဘောပေါက်လာသည်။ အရင်တုန်းက ရန်ဖြစ်ကြပေမယ့် ဘယ်သူမှ သူမအသက်ကို မလိုချင်ကြဘူး။ ဒီတစ်ခါတော့ သူမကို သေစေချင်နေကြတယ်။

တစ်ညလုံး မအိပ်ဘဲ စဉ်းစားခဲ့သည်။

နန်းတွင်းမှာ ဘယ်သူ့ကိုမှ အားကိုးလို့ မရဘူး။ သူမအသက်ကို မလိုချင်တဲ့သူဆိုလို့ မယ်တော်ကြီးပဲ ရှိမယ်။

ဒါပေမဲ့ မယ်တော်ကြီးနဲ့ အရှင်မင်းကြီး ဆက်ဆံရေးက မကောင်းဘူး။ သူမက မယ်တော်ကြီး လူဖြစ်ခဲ့လို့ အခုမှ အေးဆေးနေခွင့်ရတာ။ ပြန်ပြီး သွားကပ်ရင် အသက်ဘေးက လွတ်နိုင်ပေမယ့် နောက်ပိုင်း အချစ်ခံရတော့မှာ မဟုတ်ဘူး။ သေတာနဲ့ ဘာမှ မထူးတော့ဘူး။

ဒါကြောင့် ကိုယ့်အားကိုယ်ကိုးဖို့ပဲ ရှိတော့တယ်။

"ကလေးရယ်... အမေ ရက်စက်တယ်လို့ မထင်ပါနဲ့။ ဒီလိုမလုပ်ရင် အမေ အသက်ရှင်မှာ မဟုတ်ဘူး။ အမေက ငယ်ပါသေးတယ်။ ဒီလိုပဲ အသေမခံနိုင်ပါဘူး"

ရှချိုက်ရန် ဗိုက်ကိုပွတ်ပြီး မျက်ရည်ကျလိုက်သည်။ အံကြိတ်ထားပြီး မျက်လုံးများတွင် ပြတ်သားမှုများ ပေါ်လွင်နေသည်။

အေးဆေးနေရင်တောင် အသတ်ခံရမယ့် အခြေအနေ ရောက်နေမှတော့ သူမမှာ ရွေးချယ်စရာ လမ်းမရှိတော့ဘူး။

***

All Chapters