အခန်း (၉၁-၉၂)
Vol. 6 Ch. 91-92
အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC)-91
အခန်း ၉၁ ။ တကယ့် လွတ်လပ်ပေါ့ပါးမှု
ဒုတိယမြောက်နေ့တွင် ပုံမှန်အတိုင်း အမဲလိုက်ပွဲ ဆက်လက်ကျင်းပလေသည်။
ယေဘုယျအားဖြင့် ပထမသုံးပွဲတွင် ဧကရာဇ်ကိုယ်တိုင် ဝင်ရောက်ယှဉ်ပြိုင်လေ့ရှိပြီး နောက်ပိုင်းတွင်မူ မူးမတ်များ အပျော်တမ်း ကစားကြသည်သာ ဖြစ်သည်။
ယဲ့ယွင်သည် ယနေ့တွင် လှုပ်ရှားရမည်ကို ပျင်းရိနေမိ၏။ သို့သော် မြင်းမစီးဖြစ်သော်လည်း လျှောက်သွားချင်သဖြင့် အစေခံများနှင့် ကိုယ်ရံတော်များကို ခေါ်ဆောင်ကာ လူရှင်းသည့်နေရာသို့ ထွက်လာခဲ့လေသည်။
"ကောင်းကင်ကြီးက ကျယ်ပြောပြီး တောရိုင်းမြေက အဆုံးအစမဲ့နေတယ်။ လေတိုက်လို့ မြက်ပင်တွေ ယိမ်းနွဲ့သွားမှ နွားတွေသိုးတွေကို မြင်ရတယ်ဆိုတဲ့အတိုင်း ဒီမြက်ခင်းပြင်ရဲ့ရှုခင်းက တကယ်ကို လှတာပဲ"
ယဲ့ယွင်သည် ပြုံးလျက် အသက်ကို ဝဝရှူရှိုက်လိုက်၏။ ဤသည်မှာ နောက်ဘဝတွင် လုံးဝမရနိုင်သော အေးချမ်းမှုမျိုး ဖြစ်သည်။
"နန်းတော်အပြင်ဘက် ရောက်နေရတော့ ကျွန်တော်မျိုးမလည်း ပိုပြီး စိတ်လက်ပေါ့ပါးသလို ခံစားရပါတယ်"
နန်ကျစ်ကလည်း ပြုံးလျက် ဝင်ပြောလေသည်။
"ဟုတ်တာပေါ့၊ ရွေးချယ်ခွင့်သာရှိရင် ဘယ်သူက လေးထောင့်စပ်စပ် နန်းတော်နံရံတွေကြားထဲမှာ တစ်သက်လုံး နေချင်ပါ့မလဲ။"
ယဲ့ယွင်သည် မျက်လွှာချကာခြေထောက်နားရှိ မြက်ပင်များကို ဖွဖွလေး ကန်ကျောက်လိုက်လေသည်။
ရုတ်တရက် သူမ၏ နောက်ကျောဘက်မှ မြင်းခွာသံတစ်ချက် ထွက်ပေါ်လာ၏။
လှည့်ကြည့်လိုက်ရာ အသစ်ခန့်အပ်ခံထားရသော မင်းသမီး ယွင်ရုန်သည် စွန်ပလွံရောင်မြင်းတစ်ကောင်ကို စီးနင်းလျက် ဒီဘက်သို့လာနေသည်ကို တွေ့လိုက်ရသည်။
တော်လန်သည် မြင်းပေါ်မှ ဆင်းလိုက်ရာ သူမ၏လှုပ်ရှားမှုများမှာ သွက်လက်ပေါ့ပါးလှသည်။
"မင်ကျယ်ယွီကို ဂါရဝပြုပါတယ်"
"မလိုပါဘူး၊ မင်းသမီးက ဘယ်လိုလုပ်ပြီး ဒီရောက်နေတာလဲ။"
ယဲ့ယွင်က လက်ကာပြလိုက်၏။ တော်လန်သည် မတ်တတ်ရပ်ကာ ပြုံးလိုက်လေသည်။
"ယောကျ်ားသားတွေက မြင်းစီးပြီး အမဲလိုက်ပြိုင်နေကြတော့ ကျွန်မလို မိန်းကလေးတစ်ယောက်အနေနဲ့ သူတို့ကြားထဲ ဝင်ရောနေလို့ မကောင်းပါဘူး။ ဒါကြောင့် တစ်ယောက်တည်းပဲ လာခဲ့တာပါ။ အခုလို ကျယ်ယွီကို ဒီမှာ တွေ့လိုက်ရတော့ ဒီဘက်ကို လာခဲ့လိုက်တာပါ။"
စကားဆုံးသည်နှင့် သူမသည် ယဲ့ယွင်ကို အကဲခတ်ကြည့်ရှုလိုက်၏။
ယနေ့တွင် ယဲ့ယွင်သည် ငန်းဝါရောင် မီးခိုးငွေ့သဏ္ဌာန် ဇာနားကွပ် ဂါဝန်ကို ဝတ်ဆင်ထားပြီး အပေါ်မှ အနားကွပ်အဖြူရောင် အင်္ကျီလက်တိုကို ထပ်ဝတ်ထားသည်။ ဆံပင်ကို ယွမ်ပေါင်ပုံစံ ထုံးဖွဲ့ထားပြီး ခရမ်းရောင်ကျောက်မီးသွေး လိပ်ပြာပုံဆံထိုးနှင့် ပုလဲများ၊ ကတ္တီပါပန်းများဖြင့် ပြုလုပ်ထားသော ဆံကုတ်အသေးများကို ပန်ဆင်ထား၏။ နားတွင် အရည်အသွေး အလွန်ကောင်းမွန်သော ရေစက်ပုံစံ ကျောက်စိမ်းဖြူ နားဆွဲတစ်စုံကို ဆင်မြန်းထားရာ တစ်ကိုယ်လုံး လန်းဆန်းပြီး ချစ်စဖွယ်ကောင်းနေလေသည်။
အထူးသဖြင့် ကိုယ်ရှေ့တွင် ယှက်ထားသော လက်တစ်စုံမှာ လက်သည်းနီ ဆိုးထားသောကြောင့် သူမ၏အသားအရေကို နှင်းကဲ့သို့ ဖြူဝင်းနေစေပြီး ထိလိုက်သည်နှင့် ပေါက်ထွက်သွားတော့မည့်အလား နူးညံ့နေစေသည်။
ဤကဲ့သို့ ကြွေရုပ်လေးနှင့်တူသော လူသားမျိုးကို အလိုလိုက် အမြတ်တနိုး ထားသင့်သည် မဟုတ်လား။
မနေ့က ပြိုင်ပွဲတွင် ရှုံးနိမ့်ခဲ့သဖြင့် စိတ်ထဲတွင် မကျေမနပ် ဖြစ်ခဲ့ရသော်လည်း တော်လန်၏စိတ်ထဲတွင် ထိုသို့ တွေးမိနေဆဲပင် ဖြစ်သည်။
မူလက ဤမြက်ခင်းပြင်ပေါ်တွင် အလှဆုံး မိန်းကလေးမှာ စူးဒီယာ ဖြစ်သင့်သော်လည်း ယခုကြည့်ရသည်မှာ စူးဒီယာသည် ဤမင်ကျယ်ယွီလောက် မလှပပေ။
"မင်းသမီးက ဘာလို့ ကျွန်မကို စိုက်ကြည့်နေတာလဲ၊ တစ်နေရာရာမှာ မလျော်ကန်တာများ ရှိနေလို့လား။"
ယဲ့ယွင်သည် မျက်ခုံးပင့်ကာတော်လန်၏အတွေးများကို ပြန်ဆွဲခေါ်လိုက်၏။
"အာ... မဟုတ်ပါဘူး၊ မရှိပါဘူး၊ ကျွန်မက... ကျယ်ယွီက တကယ် လှလွန်းလို့ပါ"
တော်လန်၏မျက်နှာမှာ အနည်းငယ် ရဲတက်သွားလေသည်။ ယဲ့ယွင်သည် ကြားလိုက်ရသဖြင့် တခစ်ခစ် ရယ်မောလိုက်၏။
"မင်းသမီးက တကယ် ချစ်ဖို့ကောင်းတာပဲ။ မင်းသမီးလည်း လှပါတယ်။ ရဲရင့်သွက်လက်ပြီး တက်ကြွလန်းဆန်းနေတာပဲ"
နောင်တွင် နန်းတွင်းသို့ ဝင်ရောက်လာလျှင် မည်သို့ ဖြစ်မည်ကို မဆိုထားနှင့် လောလောဆယ်တွင်မူ ယဲ့ယွင်သည် ဤမင်းသမီးအပေါ် အမြင်မဆိုးလှပေ။
ဘယ်လိုပြောရမလဲ။ သူမ၏မျက်ဝန်းများမှာ ကြည်လင်နေပြီး စိတ်သဘောထား နက်နဲမည့်ပုံ မပေါ်ချေ။
"ချီးကျူးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ကျယ်ယွီ"
တော်လန်သည် အလေ့အကျင့် မရှိသေးသော အလယ်ပိုင်းလွင်ပြင် ဒေသမှ နှုတ်ဆက်နည်းဖြင့် ကိုယ်ကို ညွှတ်ကာ ဂါရဝပြုလိုက်၏။
ယဲ့ယွင် ပြုံးလိုက်သည်။
"မင်းသမီးက အလယ်ပိုင်းလွင်ပြင် စကားကို ကောင်းကောင်းပြောတတ်တာပဲ။ မင်းသားတွေလည်း အတူတူပဲနော်။ ငယ်ငယ်ကတည်းက သင်ထားကြတာလား"
"ဟုတ်ပါတယ်၊ ကျွန်မတို့ ငယ်ငယ်ကတည်းက ဆရာခေါ်ပြီး သင်ခဲ့ကြတာပါ။ အလယ်ပိုင်းလွင်ပြင် စကားနဲ့ ယဉ်ကျေးမှုထုံးစံတွေကို နည်းနည်းပါးပါး နားလည်ပါတယ်။ ဒါပေမဲ့ သုံးတာနည်းတော့ သိပ်မကျွမ်းကျင်ပါဘူး"
တော်လန်က အနည်းငယ် စိမ်းကားနေသလို ရှိသည်။ ယဲ့ယွင်သည် သူမကို နက်နက်နဲနဲ တစ်ချက် ကြည့်လိုက်ပြီး ရုတ်တရက် မေးလိုက်၏။
"မင်းသမီးက တကယ်ပဲ နန်းတွင်းထဲ ဝင်ပြီး အရှင်မင်းကြီးကို ခစားချင်တာလား။"
ဤမေးခွန်းမှာ ရုတ်တရက် ဆန်လွန်းသဖြင့် တစ်ဖက်လူကို ကြောင်အသွားစေသည်။
"မင်ကျယ်ယွီက ဘာလို့ ဒီလိုမေးတာလဲ။ ကျွန်မက အိမ်ထောင်ပြုရမယ့် အရွယ်တောင် မရောက်သေးပါဘူး။ ဒီလိုစကားမျိုး လုံးဝ မပြောသင့်ပါဘူး"
တော်လန်၏အသံမှာ သိသိသာသာ တုန်လှုပ်သွားပြီး သတိထားမှုများ ပါဝင်လာ၏။
သူမနှင့် သူမ၏အစ်ကိုတို့တွင် ထိုအကြံအစည် ရှိနေလျှင်ပင် ထုတ်ပြော၍ မဖြစ်ချေ။ ကိစ္စက အတည်မဖြစ်သေးသဖြင့် ဗြောင်ကျကျ ထုတ်ပြောလိုက်ပါက သူမကို ပေါ့ပျက်ပျက်နိုင်သည်ဟု ထင်သွားကြပေလိမ့်မည်။
အလယ်ပိုင်းလွင်ပြင်သားများသည် ဂုဏ်သိက္ခာကို အလေးထားကြသည် မဟုတ်လား။ သူမ နန်းတွင်းသို့ ဝင်ချင်လျှင် ဤအရာများကို ပို၍ သတိထားရမည်ဖြစ်သည်။
တော်လန်သည် ယဲ့ယွင်က သူမဆီမှ စကားနှိုက်ရန် တမင်သက်သက် မေးနေသည်ဟုပင် သံသယ ဝင်လာလေသည်။
"မင်းသမီး စိတ်လှုပ်ရှားမနေပါနဲ့။ ပြောသင့်တာရော မပြောသင့်တာရော အကုန်လုံးကို အရှင်မင်းကြီးက ကျွန်မကို ပြောပြထားပြီးသားပါ။ မတော်တဆမှုသာ မရှိရင် မင်းသမီးက သေချာပေါက် နန်းတွင်းထဲ ဝင်ရမှာပါ။ ကျွန်မက သိချင်လို့ပါ။ မြက်ခင်းပြင်ပေါ်မှာ ပျံသန်းဖူးတဲ့ သိန်းငှက်လေးတစ်ကောင်က လေးထောင့်စပ်စပ် လှောင်အိမ်ထဲမှာ ရွှေစာငှက်ကလေးအဖြစ်နဲ့ တကယ်ပဲ နေချင်တာလားလို့ပါ"
ယဲ့ယွင် မျက်လွှာချလိုက်၏။ ဤစကားများကို သူမ ရုတ်တရက် မေးမြန်းခြင်းသာဖြစ်သည်။ ဖြေခြင်း မဖြေခြင်းကမူ တော်လန်၏သဘောသာ ဖြစ်လေသည်။
သူမအတွက်တော့ ရွေးချယ်ခွင့် မရှိခဲ့ပေ။ သို့သော် တော်လန်ကမူ နန်းတွင်းသို့ မဖြစ်မနေ ဝင်စရာ မလိုပေ။ ကျားစခ်တွင် ရွေးစရာ မိန်းကလေး မရှိ၍ မဟုတ်ချေ။ အောက်ချီတွင် ညီမဟူ၍ သူမတစ်ယောက်တည်းရှိသည်လည်း မဟုတ်ပေ။
အမှန်အတိုင်း ပြောရလျှင် ကိုယ့်ညီမအရင်းကို ဒုက္ခတွင်းထဲ ပို့သည့်လုပ်ရပ်မျိုးကို ယဲ့ယွင် နားမလည်နိုင်ပေ။
"မြက်ခင်းပြင်က သိန်းငှက်ကို ကျွေးမွေးပြုစုခဲ့တာလေ။ သိန်းငှက်ကလည်း တစ်သက်လုံး ပြန်ပြီး ကျေးဇူးဆပ်ရမှာပေါ့။ ဆန္ဒရှိခြင်း မရှိခြင်းဆိုတာ မရှိပါဘူး။ ဒီလိုမျိုး မိသားစုမှာ မွေးဖွားလာမှတော့ ဘယ်နှယောက်ကများ ကိုယ့်စိတ်တိုင်းကျ နေနိုင်မှာတဲ့လဲ။"
တော်လန် ခါးသက်စွာ ပြုံးလိုက်ပြီး သူမကို လှည့်ကြည့်ကာ မေးလိုက်သည်။
"မင်ကျယ်ယွီက ဒီမေးခွန်းကို မေးလာပုံထောက်ရင် ကိုယ်တိုင်လည်း ဆန္ဒရှိလို့ နန်းတွင်းထဲ ဝင်ခဲ့တာ မဟုတ်ဘူးထင်တယ်။"
"ကွယ်လွန်သွားတဲ့ ဧကရာဇ်ဟောင်းရဲ့ အမိန့်တော်နဲ့ လက်ထပ်ခဲ့ရတာဆိုတော့ ကျွန်မနဲ့ အရှင်မင်းကြီးကြားမှာ ရေစက်ပါလာတယ်လို့ပဲ ဆိုရမှာပေါ့"
ယဲ့ယွင်သည် သူမ၏မေးခွန်းကို တိုက်ရိုက် မဖြေဘဲ ဝေ့လည်ကြောင်ပတ်သာ ပြန်ပြောလိုက်၏။
"ဒီလမ်းကို ရွေးချယ်ပြီးမှတော့ ပျော်ရင်လည်း တစ်ရက်၊ မပျော်ရင်လည်း တစ်ရက်ပါပဲ။ မင်းသမီးက မြက်ခင်းပြင်က မိန်းကလေးဆိုတော့ ဘယ်လိုမျိုး လွတ်လွတ်လပ်လပ် နေရမလဲဆိုတာ ကျွန်မထက် ပိုသိမှာပါ"
"ကျွတ်... ကျွန်မကတော့ ဒီမြက်ခင်းပြင်က လေကို သိပ်အသားမကျဘူး။ လေတိုက်လွန်းလို့ မျက်နှာတောင် နာတယ်။ မင်းသမီးက အမဲလိုက်သွားဦးမှာလား၊ ကျွန်မကတော့ ပြန်တော့မယ်၊ ခွင့်ပြုပါဦး"
တော်လန်သည် အဝေးသို့ ထွက်ခွာသွားသော ယဲ့ယွင်ကို ကြည့်ရင်း မျက်ဝန်းထဲတွင် ရှုပ်ထွေးသော အရိပ်အယောင်များ ယှက်သန်းလာလေသည်။
အခု ကြည့်ရတာ ဒီမင်ကျယ်ယွီကမှ တကယ့်ကို လွတ်လပ်ပေါ့ပါးသူပဲ။
"ကျယ်ယွီက ဘာလို့ မင်းသမီး ယွင်ရုန်ကို အများကြီး ပြောပြနေတာလဲဟင်"
နန်ကျစ်က စူးစမ်းစွာ မေးလိုက်၏။
"ပထမတစ်ချက်ကတော့ မိတ်ဆွေဖွဲ့ထားတာပေါ့။ ဘာပဲပြောပြော ကျားစခ်က မင်းသမီးတစ်ပါးပဲလေ။ နန်းတွင်းထဲ ရောက်လာရင် လျှော့တွက်လို့မရဘူး။ ဒုတိယတစ်ချက်ကတော့... သူ နန်းတွင်းထဲ မဝင်အောင် ပြောလို့ရမလားလို့လေ။ နန်းတွင်းထဲ ဝင်လာမယ့်သူက မင်းသားအောက်ချီရဲ့ ညီမအရင်း ဟုတ်တာနဲ့ မဟုတ်တာက တော်တော်လေး ကွာခြားတယ်။"
ယဲ့ယွင် အေးစက်စွာ ပြောလိုက်လေသည်။ သို့သော် သူမတွင် အခြားစိတ်ကူး တစ်ခုလည်း ရှိနေသေးသည်။ ဤမျှ သက်ဝင်လှုပ်ရှားနေသော မိန်းကလေးတစ်ယောက် နန်းတွင်းထဲ ရောက်လာပြီး ရေသေအိုင်လို ဖြစ်သွားမည်ကို နှမြောမိသောကြောင့်ဖြစ်သည်။
သူမ ပြန်ရောက်သောအခါ နင်ချန် ပြန်ရောက်နေပြီကို တွေ့လိုက်ရသဖြင့် ပြုံးလျက် ဂါရဝပြုရန် ရှေ့တိုးသွားလိုက်၏။
"ဘယ်တွေ လျှောက်သွားနေတာလဲ"
နင်ချန်က ပြုံးလျက် မေးလိုက်သည်။
"ဒီချန်းချဲ့က ငြိမ်ငြိမ်မနေနိုင်လို့ ဟိုဟိုဒီဒီ လျှောက်ကြည့်နေတာပါ။ ဒါပေမဲ့ နေရာတိုင်းမှာ မြက်တွေချည်းပဲဆိုတော့ ကြာကြာလျှောက်ကြည့်တော့လည်း အသစ်အဆန်း မရှိတော့ဘဲ ငြီးငွေ့စရာ ကောင်းလာရော"
ယဲ့ယွင်က ရိုးရိုးသားသားပင် ဖြေလိုက်သည်။
"မင်းအကြောင်း ကျန်း မသိဘဲနေမလား။ သိပ်ဝေးဝေးတောင် ရောက်မှာ မဟုတ်ဘူး။ ပျင်းလိုက်တာမှ လွန်ရော"
နင်ချန်က အပြစ်တင်သလို လေသံဖြင့် ပြောသော်လည်း ထိုင်ရာမှ ထလိုက်ပြီး ဆက်ပြောလေသည်။
"ကျန်းလည်း အမဲလိုက်ရတာ သိပ်မကြိုက်ဘူး။ ဒါပေမဲ့ တောင်ဘက်မှာ မြစ်တစ်စင်းရှိတာ တွေ့ခဲ့တယ်။ ရှုခင်း မဆိုးဘူး၊ ကျန်း မင်းကို ခေါ်သွားမယ်"
"မြင်းစီးရင် ဘယ်လောက်ကြာမှာလဲ။ ဒီချန်းချဲ့ ပင်ပန်းနေပြီ။ ခါးတွေခြေထောက်တွေလည်း နာပြီး အားမရှိတော့ဘူး။ မသွားရင် မဖြစ်ဘူးလားဟင်"
ယဲ့ယွင်သည် ကလေးဆိုးကြီး လုပ်လိုက်လေသည်။ သူမ တကယ် မလှုပ်ရှားချင်တော့ပေ။ ခုနလေးတင် တစ်ပတ် လမ်းလျှောက်ပြီး ပြန်လာကာ ကောင်းကောင်းမွန်မွန် ထိုင်နားချင်နေခြင်း ဖြစ်သည်။
"မင်းကတော့ နွဲ့ဆိုးလေးပဲ။ လာပါ... ကျန်းနဲ့ အတူတူ လိုက်ခဲ့"
နင်ချန် ဆင်းလာပြီး ယဲ့ယွင်ကိုဆွဲကာ မြင်းနားသို့ ခေါ်သွားလိုက်သည်။ သူ မြင်းပေါ်တက်လိုက်ပြီး အောက်တွင်ရပ်နေသော မိန်းကလေးထံသို့ လက်ကမ်းပေးလိုက်၏။
ယဲ့ယွင် မျက်ခုံးပင့်လိုက်သည်။ ဒါက မြင်းတစ်ကောင်တည်း အတူတူ စီးရမယ်ဆိုတဲ့သဘောလား။
လက်ကို ကမ်းပေးလိုက်ရာ အမျိုးသားက သူမကို ဆွဲတင်လိုက်ပြီး သူ့ရှေ့တွင် ဘေးတစောင်း ထိုင်စေလိုက်သည်။
ယဲ့ယွင် ကောင်းကောင်း မထိုင်လိုက်ရသေးသဖြင့် ကိုယ်ယိုင်သွားရာ နင်ချန်၏အင်္ကျီကို လှမ်းဆွဲလိုက်ပြီး သူ့ရင်ခွင်ထဲသို့ အတင်း မှီကပ်သွားမိလေသည်။
"ငြိမ်ငြိမ်ထိုင်နော်၊ ပြုတ်ကျရင် ကျန်း မကယ်ဘူး။"
နင်ချန်က လေသံအေးစက်စက်ဖြင့် ပြောလိုက်သော်လည်း နှုတ်ခမ်းထောင့်တွင် မသိမသာ အပြုံးတစ်ခု ဖြစ်ပေါ်နေလေသည်။
ဤသို့ဖြင့် လူအများရှေ့တွင်ပင် ယဲ့ယွင်သည် ဧကရာဇ်၏ ခေါ်ဆောင်ခြင်းကို ခံလိုက်ရပြီး မနာလိုစရာ ကောင်းလောက်အောင် ဖြစ်သွားစေသည်။
စူးဒီယာလည်း ထိုနေရာတွင် ထိုင်နေပြီး အဝေးသို့ ထွက်ခွာသွားသော နှစ်ယောက်ကို ကြည့်ကာ အားကျစိတ်များ ပြည့်နှက်နေလေသည်။
အရှင်မင်းကြီးနှင့်အတူ မြင်းစီးခွင့်ရသူသာ သူမ ဖြစ်ခဲ့လျှင် ဘယ်လောက် ကောင်းလိုက်မလဲ။
သူမ၏မယ်တော်က သမီးဖြစ်သူ၏လက်ကို ဖွဖွလေး ပုတ်ကာ တိုးတိုးလေး ပြောလိုက်၏။
"သမီး စိတ်မလောပါနဲ့။ မယ်တော်က အားလုံး စီစဉ်ပြီးသားပါ။ သမီး ရသင့်ရထိုက်တာကို ဘယ်သူမှ လာလုလို့ မရစေရဘူး"
***
အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC)-92
အခန်း ၉၂ ။ အသံတိတ် ခံစားရခြင်း
နင်ချန်နှင့် ယဲ့ယွင်တို့ ထွက်သွားသည်မှာ နှစ်နာရီခန့် ကြာမြင့်ပြီးနောက် ပြန်ရောက်လာချိန်တွင် တောလိုက်ထွက်သူများလည်း ပြန်ရောက်နေကြပြီဖြစ်သည်။
ယဲ့ကျယ်သည် ကြိမ်ခြင်းတောင်းလေးတစ်ခုကို ကိုင်လျက် လျှောက်လာသည်။ ခြင်းတောင်းပေါ်တွင် အဝတ်စတစ်ခု အုပ်ထားသည်။
(T/N- ဟယ် တို့လောင်ကုန်းအခန်းကတော်တော်ရှားတာပဲ အခုမှပဲပေါ်လာတော့တယ်)
"ကျွန်တော်မျိုး အရှင်မင်းကြီးကို ဂါရဝပြုပါတယ်။ မင်ကျယ်ယွီကို ဂါရဝပြုပါတယ်။ ဒီနေ့ တောလိုက်ထွက်ရင်း ယုန်အသိုက်တစ်ခုကို မတော်တဆ တွေ့ခဲ့လို့ ကျယ်ယွီ မွေးဖို့ ကစားစရာအဖြစ် ယူလာခဲ့ပါတယ်။ ကျယ်ယွီ သဘောကျမလားတော့ မသိဘူး"
"ယုန်လား... အစ်ကို ဖွင့်ပြပါဦး" ယဲ့ယွင် စိတ်ဝင်စားသွားသည်။ မိန်းကလေး အများစုသည် နူးညံ့ပြီး ချစ်စရာကောင်းသော အရာလေးများကို မလွန်ဆန်နိုင်ကြပေ။
ယဲ့ကျယ်က ပြုံးလျက် အဝတ်စကို ဖယ်လိုက်သည်။ အတွင်းတွင် မြက်ခြောက်များ ခင်းထားပြီး မီးခိုးရောင် ယုန်ကလေး သုံးကောင်သည် ကြောက်ရွံ့စွာဖြင့် စုနေကြသည်။
"အဖြူရောင် မဟုတ်ဘူးပဲ" ယဲ့ယွင် အနည်းငယ် စိတ်ပျက်သွားသော်လည်း လက်လှမ်းကာ ပွတ်သပ်ကြည့်လိုက်ရာ နူးညံ့နေသည်။
"မြက်ခင်းပြင်က ယုန်တွေက မီးခိုးရောင်၊ အညိုရောင်တွေပဲ ရှိတယ်။ ကျယ်ယွီ လိုချင်တဲ့ ယုန်ဖြူက ဒီမှာ မရှိလောက်ဘူး" ယဲ့ကျယ်က အမှန်အတိုင်း ပြောလိုက်သည်။
ယဲ့ယွင် ခေါင်းညိတ်လိုက်ပြီး စဉ်းစားဟန်ဖြင့် ပြောသည်။ "ဒီကောင်လေးတွေကို လောလောဆယ် မွေးထားလိုက်ပါဦးမယ်။ သေးသေးလေးတွေဆိုတော့ ကင်စားရင်တောင် အသားက နည်းနည်းလေး ရှိမှာ"
ထိုစကား ထွက်လာသည်နှင့် ရှိနေသူအားလုံး၏မျက်လုံးများ ပြူးကျယ်သွားပြီး အံ့ဩတကြီး ကြည့်လာကြသည်။
နင်ချန်သာမက အစ်ကိုအရင်းဖြစ်သူ ယဲ့ကျယ်ပင် လုံးဝ ထင်မှတ်မထားခဲ့ပေ။
"အရှင်မင်းကြီးနဲ့ အစ်ကိုက ဘာလို့ ကျွန်မကို ကြည့်နေကြတာလဲ။ ယုန်လေးတွေက ချစ်စရာကောင်းတယ်လေ။ ဟင်းခတ်အမွှေးအကြိုင် များများထည့်ရင် ပိုမွှေးမှာပေါ့" ယဲ့ယွင်က မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်လုပ်ကာ အပြစ်ကင်းစင်သော ပုံစံဖြင့် ပြောလိုက်သည်။
နင်ချန် ဘာပြောရမှန်း မသိတော့ပေ။ "မင်းခေါင်းထဲမှာ တွေးတာတွေက ဘာလို့ သူများတွေနဲ့ မတူရတာလဲ။ မင်းကို ရက်စက်တယ်လို့ ကျန်း ထင်သွားမှာ မကြောက်ဘူးလား"
ယဲ့ယွင် ကြားသောအခါ မျက်လုံးလှန်
ကြည့်လိုက်သည်။
"လူဆိုတာ အစာအာဟာရကို အဓိကထားရတယ်လေ။ ဒါလည်း ရက်စက်၊ ဟိုဟာလည်း ရက်စက်ဆိုရင် ဘုန်းကြီး သွားဝတ်လိုက်ကြလေ။ ဘာပဲဖြစ်ဖြစ် ဒီချန်းချဲ့ကတော့ အသားစားမှာပဲ။ လေကိုပဲ စားပြီး ဝမ်းဝတဲ့သူ မဟုတ်ရင်တော့ ဟန်ဆောင်နေတဲ့ သူတွေကို ဟန်ဆောင်သူတွေလို့ပဲ ပြောရမှာပဲ"
သူမ၏ လေယူလေသိမ်းနှင့် မျက်နှာပေးလေးမှာ မာနခဲလေးကဲ့သို့ ဖြစ်နေသဖြင့် နင်ချန် ရယ်ချင်သွားသည်။
"မင်းပြောရင် အမြဲ အကြောင်းပြချက် ရှိတာပဲ။ ကျန်းတောင် ဗိုက်ဆာလာပြီ။ စားပွဲပြင်ခိုင်းလိုက်တော့"
နောက်နားတွင် ရှိနေသော ယွမ်ကျိုသည် ချက်ချင်းပင် သွားရောက် ပြင်ဆင်လေသည်။
ယဲ့ကျယ်သည် ဤနေရာ၌ ဆက်နေရန် မသင့်တော်သဖြင့် ပြန်လည် ထွက်ခွာသွားသည်။
ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက် ပြန်လှည့်ကြည့်လိုက်ရာ ညီမဖြစ်သူက အရှင်မင်းကြီးနှင့် ရယ်မောပြောဆိုနေသည်ကို တွေ့ရသဖြင့် စိတ်အနည်းငယ် အေးသွားသည်။
ဧကရာဇ်ဘေးတွင် နေရခြင်းသည် ကျားရဲတစ်ကောင်နှင့် နေရသကဲ့သို့ အန္တရာယ်များလှသည်။ သူ့တွင် ညီမလေးတစ်ယောက်တည်း ရှိသဖြင့် စိတ်မပူဘဲ မနေနိုင်ပေ။
......
စားပွဲဝိုင်းတွင် ယောင်ရှန်းက ရုတ်တရက် စကားစလာသည်။
"မင်ကျယ်ယွီ စိတ်ကြည်နေပုံရတယ်။ အရှင်မင်းကြီး ခေါ်သွားတဲ့နေရာက ရှုခင်း တော်တော် ကောင်းပုံရတယ်"
"ရှုခင်းက အဓိက မဟုတ်ပါဘူး။ အရှင်မင်းကြီးနဲ့ အတူတူ ကြည့်ရရင် ဘယ်နေရာဖြစ်ဖြစ် ကောင်းတာပါပဲ။ ဟုတ်တယ်မလား ဖန်းချိုက်ရန်" ယဲ့ယွင်က တမင်မေးလိုက်သည်။
ယောင်ရှန်း မျက်လွှာချလိုက်ပြီး တိုးတိုးလေး ရယ်မောလိုက်သည်။ "ဒီချန်းချဲ့က ကံမပါပါဘူး။ ကျယ်ယွီလောက် အချစ်မခံရတော့ ကိုယ့်ဘာသာပဲ သွားကြည့်ရတယ်။ မနေ့ကတော့ လေးဘက်လေးတန် လျှောက်သွားရင်း မြစ်တစ်စင်း တွေ့ခဲ့တယ်။ ကျယ်ယွီ သွားခဲ့တဲ့နေရာ ဟုတ်မဟုတ်တော့ မသိဘူး"
"မြစ်က အတူတူ ဖြစ်ရင်တောင် နင်က မင်ကျယ်ယွီလောက် ကျက်သရေရှိမှာ မဟုတ်ပါဘူး။ ဘာတွေ လာယှဉ်ချင်နေတာလဲ။ မရှက်ဘူးလား"
ယိမိန်ရန်က အေးစက်စွာ ရယ်မောပြီး ကြားဖြတ် ပြောလိုက်သည်။ သူမ၏ အကြည့်များက မနှစ်မြို့ဖွယ် ကောင်းလှသည်။
"မိန်ရန် ပြောတာ မှန်ပါတယ်။ ဒီချန်းချဲ့က မိန်ရန်လိုပဲ အရှင်မင်းကြီးနဲ့အတူ ရှုခင်းမကြည့်ရလို့ အားကျမိရုံပါ" ယောင်ရှန်းက အေးဆေးစွာ ပြောလိုက်သည်။
"ဟွန်း... နင့်လို ချိုက်ရန်အဆင့်လေးက ငါနဲ့ လာတူချင်နေသေးတယ်။" ယိမိန်ရန်က သူမကို မျက်စောင်းထိုးလိုက်သည်။
ယောင်ရှန်း ပြန်မပြောတော့ဘဲ ငြိမ်သက်စွာ ပြန်ထိုင်လိုက်သည်။
ထိုနှစ်ယောက်၏ နှုတ်လှန်ထိုးပွဲကို ကြည့်ပြီး ယဲ့ယွင် စိတ်ကျေနပ်သွားသည်။ ကြည့်ရတာ ပြီးခဲ့တဲ့တစ်ခေါက် သူမ လုပ်ခဲ့တာတွေ အရာထင်သွားပုံရသည်။
သေချာ စဉ်းစားကြည့်လျှင် ဒီရက်ပိုင်း သူမကို လာရှာပြီး ပြဿနာလုပ်သူ မရှိသလောက်ပင်။
ထို့ပြင် ယဲ့ယွင် မမျှော်လင့်ထားသည်မှာ ယိမိန်ရန်၏လက်တုံ့ပြန်မှုသည် သူမ ထင်ထားသည်ထက် ပိုမြန်နေခြင်းပင်။
ညစာစားပွဲ စတင်ပြီး မကြာမီတွင် ဖန်းချိုက်ရန် ရုတ်တရက် ပျို့အန်လာသဖြင့် လူတိုင်း၏အကြည့်များ သူမထံ ရောက်ရှိသွားသည်။
"ဘာဖြစ်တာလဲ။ နေမကောင်းဘူးလား" နင်ချန် မျက်မှောင်ကြုတ်လိုက်သည်။
"အရှင်မင်းကြီး ခွင့်လွှတ်ပါ... အော့... အော့..."
ယောင်ရှန်း မတ်တတ်ထရပ်လိုက်သော်လည်း စကားမဆုံးခင် ပျို့တက်လာသဖြင့် ခါးကို ကွေးကာ လက်ဖြင့် ကာလိုက်ရသည်။
သို့သော်လည်း ဒီမနက် စားထားသမျှ အကုန်အန်ထွက်လာသည်။
သူမ၏ ရှေ့တွင်ရှိသော ဆိတ်သားဟင်းရည်ပန်းကန်ထဲသို့ အန်ဖတ်များ ဝင်သွားပြီး အချို့မှာ ဘေးသို့ စင်ကာ သူမ၏ အဝတ်အစားများပေါ်တွင် ပေကျံကုန်သည်။
ဒီရက်ပိုင်း အသားဟင်းများသာ စားထားသဖြင့် အနံ့မှာ ဆိုးရွားလှသည်။
သူမဘေးတွင် ထိုင်သော ချန်ဝမ်ရုန်နှင့် ယန်ပေါင်လင်တို့သည် ချက်ချင်းပင် ဘေးသို့ တိုးလိုက်ကြသည်။
ယောင်ရှန်းသည် အရှက်ရသည်ကိုပင် ဂရုမစိုက်နိုင်တော့ဘဲ ထပ်မံ အန်မိပြန်သည်။
"လူလာကြစမ်း... ဖန်းချိုက်ရန်ကို သမားတော်ဆီ ခေါ်သွားလိုက်" ကျင်းဖေးက အလျင်အမြန် ညွှန်ကြားလိုက်သည်။
ချီဝမ်တို့က ပျာယာခတ်သွားပြီး လူကို တွဲကာ ခေါ်ထုတ်သွားကြသည်။
အန်ဖတ်များကို လာရောက် ရှင်းလင်းသူများလည်း ချက်ချင်း ရောက်လာကြသည်။
အောက်ချီသည် မျက်နှာပျက်ကာ မတ်တတ်ထရပ်လိုက်သည်။ "အရှင်မင်းကြီး... ကျွန်တော်မျိုး စီစဉ်ထားတဲ့ အစားအသောက်တွေမှာ လုံးဝ ပြဿနာမရှိပါဘူး။ ဖန်းချိုက်ရန် ဘာလို့ ရုတ်တရက် အန်လဲ မသိပေမယ့် အရှင်မင်းကြီး သံသယရှိရင် စစ်ဆေးခိုင်းနိုင်ပါတယ်"
စားပွဲကို သူ စီစဉ်ခြင်းဖြစ်သည်။ ပြဿနာတက်လျှင် တာဝန်ကင်းရှင်းကြောင်း အမြန် ရှင်းပြရမည်။
"ပြဿနာရှိရင် ဖန်းချိုက်ရန်ရဲ့ အစားအစာတစ်ခုတည်းမှာပဲ ရှိမှာ မဟုတ်ပါဘူး။ ကြည့်ရတာ သူ နေမကောင်းလို့ ဖြစ်မှာပါ" နင်ချန် ပြောလိုက်သည်။
ထိုစကားသည် အကြောင်းပြချက် ခိုင်လုံသည်။ လူတိုင်းစားနေတာ ဘာမှမဖြစ်ဘဲ ယောင်ရှန်းတစ်ယောက်တည်း ဖြစ်ခြင်း၊ ယောင်ရှန်းသည် အချစ်မခံရခြင်း၊ ထိုက်ကွေ့ဖေးဟူသော ဝန်ထုပ်ဝန်ပိုး ရှိနေခြင်း၊ ပုံမှန်အားဖြင့် အေးဆေးနေတတ်ပြီး ရန်သူမရှိခြင်းတို့ကြောင့် မည်သူကမှ သူမကို လုပ်ကြံစရာ အကြောင်းမရှိပေ။
ထို့ပြင် ကျားစခ်သည် သာမန်နေရာ မဟုတ်သဖြင့် နင်ချန်သည် သူတို့နှင့် သဘောထားကွဲလွဲမှု မဖြစ်လိုပေ။ သံသယရှိလျှင်တောင် တဲ့တိုး ပြော၍မဖြစ်ပေ။
"ဒီကိစ္စက ကြီးမားနိုင်သလို သေးငယ်နိုင်ပါတယ်။ တကယ်လို့ တစ်ယောက်ယောက်က တိတ်တဆိတ် ကြံစည်တာဆိုရင် အရှင်မင်းကြီးလည်း ဒီမှာ ရှိနေတာဆိုတော့ အန္တရာယ် ရှိနိုင်တယ်။ နောက်ကွယ်က လူက ဘာရည်ရွယ်ချက် ရှိလဲ မသိနိုင်ဘူး။ ကျွန်တော်မျိုး အမြင်ကတော့ စစ်ဆေးကြည့်သင့်ပါတယ်"
ကျော်လီခယ့်ထူက အချိန်ကိုက် ဝင်ပြောသည်။ မျက်လုံးများက အောက်ချီကို စိုက်ကြည့်နေပြီး အောက်ချီ လုပ်တာပါဟု စွပ်စွဲလိုဟန် ပေါက်နေသည်။
တကယ်တမ်းတွင် ဤကိစ္စသည် အောက်ချီနှင့် လုံးဝ မသက်ဆိုင်ပေ။
"အရှင်မင်းကြီး စစ်ဆေးပါစေ။ ကျွန်တော်မျိုး ဘာမှ ဖုံးကွယ်ထားတာ မရှိပါဘူး" အောက်ချီသည် ကျော်လီခယ့်ထူကို အလွန်မုန်းတီးနေသော်လည်း မျက်နှာထား တည်ငြိမ်စွာပင် ပြောလိုက်သည်။
"မင်းသားနှစ်ပါးလုံးက ကျန်းရဲ့ လုံခြုံရေးကို စိတ်ပူပေးကြတာဆိုတော့ စစ်ဆေးခိုင်းလိုက်ပါ့မယ်" နင်ချန်က အလိုက်သင့် ပြောလိုက်သည်။
သမားတော်များ ချက်ချင်း ရောက်လာပြီး လူတိုင်း၏ အစားအသောက်များ၊ အမျိုးသမီးများ၏ ခါးချိတ်အိတ်များ၊ အမွှေးနံ့သာများကို တစ်ခုပြီးတစ်ခု စစ်ဆေးကြရာ မည်သည့် ပြဿနာမျှ မတွေ့ရပေ။
ထိုအခါမှ အောက်ချီ စိတ်သက်သာရာ ရသွားသည်။ ကျော်လီခယ့်ထူ၏ မျက်နှာထားကို အကဲခတ်ကြည့်ရာ စိတ်ပျက်သွားပုံ ရသော်လည်း ထပ်မံလှုပ်ရှားခြင်း မရှိသဖြင့် ကျော်လီခယ့်ထူ၏ လက်ချက် မဟုတ်ကြောင်း ခန့်မှန်းလိုက်သည်။
"ဘာပြဿနာမှ မရှိဘူးဆိုတော့ ဖန်းချိုက်ရန်က အစာမကြေဖြစ်တာ နေမှာပါ။ အားလုံး စိတ်ထဲမထားပါနဲ့။ ဆက်စားကြတာပေါ့။ ယွမ်ကျို... ဖန်းချိုက်ရန်ဆီ လူလွှတ်ကြည့်ခိုင်းလိုက်။ ကောင်းကောင်း အနားယူပါစေ။ ဒီနေ့တော့ ထွက်မလာခိုင်းနဲ့တော့"
နင်ချန်က အမိန့်ပေးလိုက်သည်။
မည်သို့ပင်ဖြစ်စေ ယောင်ရှန်း၏ အပြုအမူသည် တော်ဝင်မိသားစုအတွက် အရှက်ရစရာ ဖြစ်ခဲ့သည်။ နင်ချန် လုံးဝ ဂရုမစိုက်ဘဲ မနေနိုင်ပေ။
အခြားတစ်ဖက်တွင် ယောင်ရှန်းကို သမားတော်က စစ်ဆေးသော်လည်း ဘာမှ ထူးခြားတာ မတွေ့ရပေ။ နောက်ဆုံးတွင် အစာအိမ်နှင့် သရက်ရွက် မညီညွတ်ခြင်း (အစာမကြေခြင်း) ဟု သတ်မှတ်ပြီး ဆေးတစ်ခွက် ပေးလိုက်သည်။
သို့သော် ယောင်ရှန်းကမူ ကောင်းစွာ သိသည်။ သူမ ဘာမှမဖြစ်ဘဲ ရုတ်တရက် အန်ခြင်းသည် တစ်စုံတစ်ယောက်၏ လုပ်ကြံမှုကြောင့်သာ ဖြစ်သည်။
ယနေ့ အဖြစ်အပျက်သည် မနှစ်က ချုံယန်ပွဲတော် ညစာစားပွဲနှင့် အလွန် တူညီနေသည်။
ဝူမျိုးရိုးက ထိုစဉ်က သူမ လက်ချက်ဆိုတာကို သိသွားပြီး လက်တုံ့ပြန်တာများလား။
သို့သော် သူမသည် လျှို့ဝှက်စွာ လုပ်ဆောင်ခဲ့သဖြင့် သဲလွန်စ မကျန်ခဲ့ပေ။ ယိမိန်ရန်က တစ်ခုခု ရိပ်မိပြီး လက်စားချေသည် ဆိုလျှင်လည်း ဖြစ်နိုင်ခြေ နည်းသည်။
မည်သို့ပင်ဖြစ်စေ ယနေ့တွင် သူမသည် အသံတိတ်ခံလိုက်ရခြင်းဖြစ်သည်။
***