အခန်း (၉၅-၉၆)
Vol. 6 Ch. 95-96
အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC) -95
အခန်း ၉၅ ။ စောင့်မျှော်ခဲ့ရသော အချိန်
နောက်တစ်နေ့သည် နွေဦးရောင်ခြည် သာယာတောက်ပသော နေ့တစ်နေ့ ဖြစ်၏။
ဧကရာဇ်သည် မူးမတ်များနှင့် ကိုယ်လုပ်တော်များကို ခေါ်ဆောင်ကာ မြစ်ကမ်းဘေးသို့ ငါးမျှားထွက်လေသည်။ အမျိုးသားများက မြင်းစီးကြပြီး အမျိုးသမီးများက မြင်းလှည်း စီးကြသည်။
စတုတ္ထမင်းသား ချင်းကော်အာထိုက် တစ်ပါးသာလျှင် ပုဂ္ဂိုလ်ရေး ကိစ္စရှိသည်ဟု ဆိုကာ လိုက်ပါခြင်း မရှိပေ။
ထိုသူမှလွဲ၍ ကျန်လူအားလုံး ရောက်ရှိနေကြသည်။
သို့သော် ငါးမျှားခြင်းသည် ဆူညံမှုကို အမုန်းဆုံး ဖြစ်ရာ ကိုယ်ရံတော်များသည် အရှင်သခင်များ၏ စိတ်အာရုံကို မနှောင့်ယှက်မိစေရန် အဝေးတွင် ခပ်လှမ်းလှမ်း၌ ရပ်နေကြလေသည်။
"ဒီချန်းချဲ့ ငါးမမျှားဖြစ်တာ တော်တော်ကြာပြီ။ အိမ်တော်ထဲရောက်ခါစအချိန်က အရှင်မင်းကြီး မြို့ပြင်ထွက်ပြီး သဘာဝကို ရှုစားတုန်းကလည်း တစ်ခေါက် ငါးမျှားဖူးတာကို မှတ်မိနေပါသေးတယ်။ အဲဒီနေ့ကလည်း ဒီနေ့လိုပဲ သာယာတဲ့ နေ့လေးပါပဲ"
လင်ကျယ်ယွီက ရှားရှားပါးပါး စကားစပြောလာပြီး မျက်နှာပေါ်တွင် အပြုံးနုနုလေး ရှိနေသည်။
ကျင်းဖေး၏မျက်ဝန်းများ လှုပ်ရှားသွားပြီး ပြုံးလိုက်လေသည်။
"ဟုတ်တယ်၊ ပြန်တွေးကြည့်တော့ နှစ်တွေ အများကြီး ကြာသွားခဲ့ပြီနော်။ အရင်တုန်းက အိမ်တော်ရေကန်ထဲမှာ လိပ်တွေ မွေးထားတုန်းက အရှင်မင်းကြီး ငါးမျှားကစားဖူးသေးတယ်။”
ထိုနှစ်ဦး အတိတ်အကြောင်း ပြောနေကြသဖြင့် နင်ချန်၏စိတ်အခြေအနေလည်း ကောင်းမွန်လာလေသည်။
"ငါးမမျှားဖြစ်တာ ကြာပြီဆိုတော့ ဒီနေ့ ငါးဘယ်နှကောင်လောက် မိမလဲ မသိဘူး"
"အရှင်မင်းကြီးကတော့ သေချာပေါက် ငါးတွေအများကြီး ရမှာပါ။ ဒါပေမဲ့ ဒီချန်းချဲ့က ဒါကို သိပ်ဝါသနာမပါဘူး။ နေစာလှုံပြီး ရှုခင်းကြည့်ရင်း အပျင်းတစ်ခါးဆန့်ချင်တာမို့လို့ တစ်ယောက်တည်း လမ်းလျှောက်ခွင့် ပြုပါနော်"
လင်ကျယ်ယွီက နူးညံ့စွာ လျှောက်တင်လေသည်။ ဒါက မုသား မဟုတ်ပေ။ သူမ တကယ်ပင် မနှစ်သက်ခြင်း ဖြစ်သည်။
နင်ချန် ခေါင်းညိတ်လိုက်၏။
"သွားလေ၊ သိပ်ဝေးဝေးတော့ မသွားနဲ့။ ကိုယ်ရံတော်လည်း ခေါ်သွားဦး"
လင်ကျယ်ယွီ ပြန်ပြောပြီး စည်းကမ်းတကျ ဆုတ်ခွာသွားလေသည်။
"ညီမလေးလင်က ဒီလိုပြုံးတာ ရှားတယ်။ အပြင်ထွက်ပြီး စိတ်အပန်းဖြေရတော့ တကယ်ပဲ စိတ်ပေါ့ပါးသွားပုံရတယ်" ကျင်းဖေးက တိုးတိုးလေး ပြောလိုက်သည်။
"နှစ်တွေ အကြာကြီး ရှိနေပါပြီ။ မင်းတို့တွေလည်း သိပ်ပြီး ခံစားမနေကြပါနဲ့တော့။ ကလေးဆိုတာ ပြန်ရလာမှာပါ။"
နင်ချန် မျက်လွှာချလိုက်ပြီးနောက် လက်ကာပြလိုက်၏။
"လာ... ဒီနေ့ ကျန်းနဲ့အတူတူ ထိုင်ပြီး ငါးမျှားရအောင်"
ကျင်းဖေး ပြုံးလိုက်သည်။
"ဒီချန်းချဲ့က အတတ်နှေးပါတယ်။ ဘယ်လိုမျှားရမလဲဆိုတာတောင် မေ့နေပါပြီ။ ကြည့်ရတာ မင်ကျယ်ယွီက တော်တော်ကျွမ်းကျင်မယ့်ပုံပဲ။ အရှင်မင်းကြီးကို အဖော်ပြုဖို့ သူ့ကို ခေါ်လိုက်ပါလားဟင်။"
သူမအနေဖြင့် ဤစကားကို ပြောချင်သည်တော့ မဟုတ်ပေ။ သို့သော် အရှင်မင်းကြီး ပျော်ရွှင်စေရန် ပြောရခြင်း ဖြစ်သည်။
ကလေးပြန်ရလာမယ်ဆိုသည့် စကားမှာ နားထောင်ကောင်းရုံသာဖြစ်ကြောင်း ကျင်းဖေး ကောင်းကောင်း သိပေသည်။ ယခုအချိန်တွင် သူမနှင့် အရှင်မင်းကြီးကြားတွင် အတိတ်က သံယောဇဉ် အနည်းငယ်သာ ကျန်ရှိတော့သည်။ ဒီခရီးစဉ်တစ်လျှောက်လုံး သူမ လိုက်ပါလာရသော်လည်း တကယ်တမ်း အိပ်ဆောင်ဝင်ရခြင်း မရှိခဲ့ပေ။
နင်ချန်သည် ကျင်းဖေးစကားကို ကြား၍မော့ကြည့်လိုက်ရာ ယဲ့ယွင်သည် မိန်းမစိုးလေးကို ငါးမျှားတံနှင့် ငါးစာ ပြင်ဆင်ခိုင်းနေသည်ကို တွေ့လိုက်ရသည်။သူမလေး၏ပုံစံကြည့်ရသည်မှာ အလွန်ကျွမ်းကျင်နေပုံ ရသည်။
"မင်း သွားပြီး မင်ကျယ်ယွီကို ခေါ်ခဲ့"
"မှန်လှပါ၊ ကျွန်တော်မျိုး သွားခေါ်လိုက်ပါ့မယ်" ယွမ်ကျိုက ပြုံးလျက် ထွက်သွားလေသည်။
မကြာမီတွင် ယဲ့ယွင် လျှောက်လာလေသည်။ နောက်တွင် နန်ကျစ်က ငါးမျှားတံ ကိုင်ထားပြီး မိန်းမစိုးလေးတစ်ယောက်က ရေပုံးကို ဆွဲလာသည်။
"အရှင်မင်းကြီးကို ဂါရဝပြုပါတယ်၊ ကျင်းဖေးမယ်မယ်ကို ဂါရဝပြုပါတယ်" ယဲ့ယွင် ဂါရဝပြုလိုက်၏။
နင်ချန် လက်ကာပြလိုက်သည်။
"ထတော့၊ မင်းက ငါးမျှားတတ်တယ်လား"
"အိမ်မှာ နေတုန်းကတော့ အပျော်တမ်း မျှားကစားဖူးပါတယ်။ တတ်တယ်လို့တော့ မဆိုနိုင်ပါဘူး။ အပျင်းပြေ သဘောပါပဲ" ယဲ့ယွင် အမှန်အတိုင်း ဖြေလိုက်သည်။
"အင်း... ဒါဆို ကျန်းဘေးနား လာထိုင်" နင်ချန် ပြုံးလိုက်လေသည်။
ကျင်းဖေးလည်း အလိုက်တသိပင် ရှောင်ထွက်သွားလေသည်။
အခြားတစ်ဖက်တွင်မူ ယောင်ရှန်းသည် တစ်ဖက်ကမ်းကို အကဲခတ်ကြည့်နေသော်လည်း သစ်ပင်ချုံနွယ်များ ထူထပ်လွန်းသဖြင့် ဘာမှမမြင်ရပေ။
အရှင်မင်းကြီးဘက်သို့ လှည့်ကြည့်ပြီး အတော်ကြာမှ အကြည့်လွှဲလိုက်သည်။
သူမ ထိုင်နေသည့်နေရာနှင့် အရှင်မင်းကြီး၏နေရာမှာ အတော်လေး ဝေးကွာလွန်းနေသည်။
"ကြည့်မနေနဲ့တော့၊ ဘယ်လောက်ကြည့်ကြည့် အရှင်မင်းကြီးက နင့်ကို ခေါ်မှာ မဟုတ်ဘူး" လီဝမ်ရုန်က လှောင်ပြောင်သရော်လိုက်သည်။
ယောင်ရှန်းက သူမကို အေးစက်စွာ တစ်ချက်ကြည့်လိုက်သည်။
"ဒီချန်းချဲ့ စိတ်ထဲ ဘာတွေးနေလဲဆိုတာ လီဝမ်ရုန်က သိလို့လား။ လူတိုင်းကို ဝမ်ရုန်လိုမျိုး စိတ်ကူးယဉ် အိပ်မက်မက်နေတယ်လို့ မထင်ပါနဲ့။"
"နင် တော်တော်ရဲတင်းနေပါလား" လီဝမ်ရုန်က ဒေါသတကြီး မျက်လုံးပြူးကြည့်လိုက်သည်။
"အရှင်မင်းကြီး ဒီမှာ ရှိနေတာပဲ။ ဒီချန်းချဲ့က မရဲတင်းရဲပါဘူး။ ဒါပေမဲ့ ဝမ်ရုန်က ပြဿနာရှာချင်တယ်ဆိုရင်တော့ ဒီချန်းချဲ့က မကြောက်ပါဘူး။" ယောင်ရှန်းက အေးဆေးပင် ပြောလိုက်သည်။
လီဝမ်ရုန် ဒေါသထွက်သွားပြီး နှာခေါင်းရှုံ့ကာ ပြောလိုက်၏။ "ဖန်းချိုက်ရန်... ဒီနေ့ နှုတ်လှန်ထိုး ကောင်းနေလိုက်။ နောင်ကျရင် နောင်တမရစေနဲ့"
ယောင်ရှန်းက သူမကို ဆက်မပြောချင်တော့သဖြင့် ကိုယ့်ဘာသာ လှည့်ထွက်လိုက်သည်။
ယခုအချိန်တွင် သူမ စိတ်ရှုပ်ထွေးနေမိသည်။ ယခင်ဘဝတုန်းက နင်ချန်ဘေးတွင် ထိုင်ရသူမှာ သူမ ဖြစ်သော်လည်း ဤဘဝတွင်မူ ကြားထဲ၌ လူအများကြီး ခြားနေသည်။
သို့သော် မည်သို့ပင်ဖြစ်စေ သူမအနေဖြင့် ဧကရာဇ်အနားသို့ ရောက်သွားရန် နည်းလမ်းမရှိသဖြင့် ငြိမ်ငြိမ်သက်သက် ထိုင်နေလိုက်ရသည်။
အရာအားလုံး အဆင်သင့် ဖြစ်သောအခါ ကိုယ်ရံတော်များ နောက်ဆုတ်သွားပြီး လူတိုင်း ခပ်ခွာခွာဖြင့် မြစ်ကမ်းဘေးတွင် တန်းစီထိုင်ကာ ငါးမျှားကြလေသည်။
ယဲ့ယွင်သည် တကယ် စိတ်ပါဝင်စားနေပြီး အင်္ကျီလက်များကို ပင့်တင်ထားချင်စိတ် ပေါက်နေသည်။
ဒီခေတ် အဝတ်အစားများက လှတော့လှပါရဲ့။ အလုပ်လုပ်ရတာ တကယ် မလွယ်ကူလှပေ။
သို့သော် နည်းလမ်းမရှိသည်တော့ မဟုတ်ပေ။ နန်ကျစ်က ပါးလွှာသော ဖဲကြိုးနှစ်စကို ယူလာပြီး သူမ၏အင်္ကျီလက်များကို စည်းပေးလိုက်သဖြင့် အများကြီး သက်သာသွားသည်။
"ဟန်ရေးပြတာတော့ ကောင်းပါရဲ့။ ငါးတစ်ကောင်မှ မမိဘဲ နေဦးမယ်။" နင်ချန်က သူမကို ရယ်မောလိုက်သည်။
ယဲ့ယွင်က နှာမှုတ်လိုက်၏။
"အရှင်မင်းကြီးက ဒီချန်းချဲ့ကို မရယ်နဲ့နော်။ တကယ်လို့ မမိရင် အရှင်မင်းကြီးဟာကို လုမှာ"
"ကျွတ်... မင်းကို ပြောလို့ကိုမနိုင်ဘူး၊ တကယ့် ဗိုလ်ကျမလေးပဲ" နင်ချန် မျက်ခုံးပင့်လိုက်သည်။
ကိုယ်လုပ်တော်လေးနှင့် စကားနိုင်လုရသည်မှာ စိတ်ဝင်စားစရာ ကောင်းနေသည်။
ငါးမျှားခြင်းသည် လူတိုင်းကြိုက်နှစ်သက်သည့်အရာ မဟုတ်ပေ။ မြစ်ထဲတွင် ငါးနည်းပါးသောကြောင့်လည်း ဖြစ်နိုင်သည်။ အမွှေးတိုင်တစ်တိုင်ကြာသည်အထိ ဘယ်သူ့ငါးမျှားတံမှ လှုပ်ရှားခြင်း မရှိပေ။
နွေဦးနေရောင်က နွေးထွေးသဖြင့် အိပ်ချင်စဖွယ် ကောင်းလှသည်။
"အရှင်မင်းကြီး... ကျွန်တော်မျိုးက ဒီလိုအလုပ်မျိုး မလုပ်တတ်ပါဘူး။ ဆက်ထိုင်နေရင် အိပ်ပျော်သွားတော့မယ်။ ဒါကြောင့် မြင်းသွားစီးပြီး မြေခွေးတစ်ကောင်နှစ်ကောင်လောက် သွားပစ်ခွင့် ပြုပါ။ ရရင် အရှင်မင်းကြီးအတွက် လည်ပတ်လုပ်ဖို့ အရေခွံ ဆက်သပါ့မယ်"
အယ်အာထုန်က ပထမဆုံး စိတ်မရှည်တော့ဘဲ အားနာပါးနာဖြင့် လက်ကို ပွတ်သပ်ကာ ပြောလိုက်သည်။
သူ စတင် ပြောလိုက်ရာ ကျန်လူများကလည်း လိုက်ကြည့်ကြသည်။
"ကိစ္စမရှိပါဘူး။ လူတိုင်း ဝါသနာ တစ်မျိုးစီ ရှိကြတာပဲ။ မင်းတို့ စိတ်မပါရင် တခြားအရာတွေ သွားလုပ်ကြလေ။ ဘေးကင်းအောင်တော့ ဂရုစိုက်ကြ။ ကျန်းကတော့ ဆက်ထိုင်ချင်သေးတယ်" နင်ချန်က ပြုံးလျက် ခွင့်ပြုလိုက်သည်။
သူသည် တစ်ဖက်သတ်ဆန်သူ မဟုတ်သဖြင့် တားမြစ်မည် မဟုတ်ပေ။
ဧကရာဇ်က ထိုသို့ပြောလိုက်သောအခါ လူအတော်များများ ထွက်ခွာသွားကြရာ အများစုမှာ မြက်ခင်းပြင်မှ လူငယ်များဖြစ်ကြသည်။
ယောင်ရှန်းသည် ငြိမ်သက်စွာ ထိုင်နေရင်း လက်ဖဝါးတွင် ချွေးစို့လာသည်။ ကောင်းကင်ကို မကြာခဏ မော့ကြည့်ကာ အချိန်ကို ခန့်မှန်းတွက်ချက်နေ၏။
ယခင်ဘဝက ကိစ္စများမှာ ကြာမြင့်ခဲ့ပြီဖြစ်သဖြင့် အရေးကြီးသည့် အချိန်ကိုသာ မှတ်မိပြီး အသေးစိတ်ကို မမှတ်မိတော့ပေ။
သို့သော် မကြာမီ ရောက်လာတော့မည်ဟု စိတ်ထဲတွင် ခံစားမိနေသည်။
ထို့ကြောင့် ဘေးနားရှိ ကျီကျူးကို တိုးတိုးကပ်ပြောလိုက်ရာ ကျီကျူးက သဘောပေါက်ပြီး မြင်းလှည်းရှိရာသို့ ထွက်သွားလေသည်။
မကြာမီတွင် ယပ်တောင်တစ်ချောင်း ယူလာခဲ့သည်။ သို့သော် ကိုယ်ရံတော်တစ်ယောက်နှင့် မတော်တဆ ဝင်တိုက်မိပြီး ယပ်တောင် ပြုတ်ကျသွားရာ နှစ်ယောက်သား အလျင်အမြန် ကုန်းကောက်လိုက်ကြသည်။
ဤအရာအားလုံးမှာ သာမန်ကာလျှံကာသာ ဖြစ်ပြီး မတော်တဆမှုလေး တစ်ခုသာ ဖြစ်သည်။
ကျီကျူး ပြန်ရောက်လာပြီးနောက် ယောင်ရှန်းသည် လက်ဖက်ရည်နှစ်ခွက်စာခန့် ထပ်မံ ထိုင်စောင့်ပြီးမှ နင်ချန် ထိုင်နေသည့် နေရာသို့ ထသွားလေသည်။
လူအများအပြား ထွက်ခွာသွားပြီ ဖြစ်သဖြင့် နင်ချန်အနားတွင် စောင့်ကြပ်နေသူ နည်းပါးသွားပြီး ကိုယ်ရံတော်များကလည်း ခပ်လှမ်းလှမ်းတွင်ရှိနေကြရာ အချိန်ကိုက်ပြီဟု သူမ တွက်ဆလိုက်သည်။
"အရှင်မင်းကြီးကို ဂါရဝပြုပါတယ်။ မင်ကျယ်ယွီကို နှုတ်ဆက်ပါတယ်" ယောင်ရှန်း ဂါရဝပြုလိုက်သည်။
"ဘာကိစ္စလဲ" နင်ချန်က မြစ်ရေပြင်ကို ကြည့်ရင်း လှည့်မကြည့်ဘဲ မေးလိုက်သည်။
ယောင်ရှန်း မျက်လွှာချလိုက်ရာ သူမ၏ခံစားချက်ကို မည်သူမျှ မမြင်ရပေ။ သူမ၏အသံမှာ အလွန် ငြိမ့်ညောင်းနေသည်။
"အရှင်မင်းကြီး... ဒီချန်းချဲ့ နေမကောင်းချင်သလို ဖြစ်နေလို့ ပြန်နားချင်ပါတယ်။ အရှင်မင်းကြီးကို ခွင့်ပန်ပါတယ်။ အရှင်မင်းကြီးရဲ့စိတ်အာရုံကို နှောင့်ယှက်မိရင် ခွင့်လွှတ်ပေးပါ"
တစ်ခုခုကို စောင့်ဆိုင်းနေသကဲ့သို့ ခဏရပ်လိုက်ပြီးမှ ဆက်ပြောလေသည်။
"နေရောင်က စူးလွန်းတာ မြင်ရတော့ ဒီချန်းချဲ့ တမင်တကာ ယပ်တောင်တစ်ချောင်း ယူလာခဲ့ပါတယ်။ မင်ကျယ်ယွီ နေကာလို့ရအောင် လက်ခံပေးပါဦး"
"မင်း စေတနာရှိသားပဲ"
နင်ချန်က ငါးမျှားတံကို ချပြီး လှည့်ကြည့်လိုက်သည်။
ယဲ့ယွင်လည်း နာမည်တပ် ခေါ်ခံလိုက်ရသဖြင့် မလှည့်ကြည့်ဘဲ မနေသာတော့ပေ။
ထိုအချိန်မှာပင် တစ်ဖက်ကမ်းရှိ ထူထပ်သော ခြုံပုတ်များကြားထဲမှ ဒူးလေးမြှားသုံးစင်း ပစ်လွှတ်လိုက်ရာ နင်ချန်နှင့် ယဲ့ယွင်တို့မှာ ကျောပေးထားသဖြင့် လုံးဝ သတိမထားမိလိုက်ပေ။
"အရှင်မင်းကြီး သတိထားပါ"
ယောင်ရှန်း မျက်လုံးများ ပြူးကျယ်သွားသည်။ ကြောက်လန့်ခြင်းလား၊ စိတ်လှုပ်ရှားခြင်းလား မကွဲပြားပေ။
ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး ရှေ့သို့ အလျင်အမြန် ခုန်ဝင်သွားကာ သူမ၏ ခန္ဓာကိုယ်ဖြင့် မှတ်ဉာဏ်ထဲရှိ ရင်းနှီးနေသော မြှားတစ်စင်းကို ကာကွယ်ပေးလိုက်လေသည်။
သူမ စောင့်မျှော်ခဲ့သော အချိန်သို့ ရောက်ရှိလာခဲ့ပြီ။
***
အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC)-96
အခန်း ၉၆ ။ လုပ်ကြံခံရခြင်း
နာကျင်မှုသည် မျှော်လင့်ထားသည့်အတိုင်း ရောက်ရှိလာခဲ့၏။
ဒူးလေးမြှားတစ်စင်းသည် သူမ၏ ဘယ်
ဘက်ပခုံးအနောက်သို့ စိုက်ဝင်သွားခဲ့သည်။ စိတ်ကို ကြိုတင်ပြင်ဆင်ထားသော်လည်း နာကျင်မှုမှာ သည်းမခံနိုင်လောက်အောင်ပင် ဖြစ်နေသည်။
နေရာတစ်ခုလုံး ရုတ်ခြည်း ပရမ်းပတာ ဖြစ်သွားပြီး ကိုယ်ရံတော်များက အရှင်မင်းကြီးကို ကာကွယ်ရန် အော်ဟစ်ကာ ဝိုင်းရံလိုက်ကြ၏။ တစ်ဖက်ကမ်းရှိ ခြုံပုတ်များထဲမှလည်း ဒူးလေးမြှားများ ပိုမိုများပြားစွာ ပစ်ခတ်လာကြသည်။
"ဖန်းချိုက်ရန်"
နင်ချန် အော်ဟစ်လိုက်ပြီး သူမကို ပွေ့ဖက်တွဲကာ အနောက်သို့ အမြန်ဆုတ်ခွာလိုက်လေသည်။
ယခုအချိန်တွင် ယောင်ရှန်းသည် နာကျင်လွန်းသဖြင့် မလှုပ်ရဲတော့ပေ။ မျက်ခွံများ လေးလံလာပြီး ကြီးမားသော စုပ်အားတစ်ခုက အောက်သို့ ဆွဲချနေသကဲ့သို့ ခံစားလိုက်ရရာ လျှာဖျားကို ကိုက်ပြီး အသိစိတ်ကပ်အောင် အတင်းအကျပ် ကြိုးစားလိုက်ရသည်။
"အရှင်မင်းကြီး မြန်မြန်သွားပါ၊ ဒီချန်းချဲ့ကို ဂရုမစိုက်ပါနဲ့..."
ထိုစကား ပြောပြီးသည်နှင့် သူမ သတိလစ်သွားလေသည်။
နင်ချန်၏မျက်ဝန်းများမှာ ကြောက်မက်ဖွယ်ကောင်းလောက်အောင် တည်ငြိမ်သွားပြီး သူမကို ကိုယ်ရံတော်တစ်ယောက်လက်ထဲ ထည့်ပေးလိုက်ကာ ထိုကိုယ်ရံတော်၏ဓားကို ဆွဲယူပြီး လှည့်ထွက်လိုက်၏။
လူအုပ်ကြားထဲတွင် ယဲ့ယွင်သည် နန်ကျစ်၏ကာကွယ်မှုဖြင့် နောက်သို့ ဆုတ်ခွာနေရသည်။
သူမ ဒီအသက်အရွယ်ရောက်သည်အထိ ဤကဲ့သို့ အခြေအနေမျိုး တစ်ခါမျှ မကြုံဖူးသဖြင့် ကြောက်ရွံ့နေမိ၏။
ရုတ်တရက် သူမရှေ့မှ ကာကွယ်ပေးထားသော ကိုယ်ရံတော်တစ်ယောက် မြှားမှန်ပြီး လဲကျသွားရာ ရှင်းလင်းသွားပြီး ဒူးလေးမြှားတစ်စင်းသည် သူမမျက်နှာတည့်တည့်သို့ ပျံသန်းလာလေသည်။
"အာယွင်... ရှောင်လိုက်"
ယဲ့ကျယ်သည် ပျံသန်းလာသကဲ့သို့ ပြေးဝင်လာပြီး ဓားဖြင့် ထိုမြှားကို ကာကွယ်လိုက်ကာ ယဲ့ယွင်၏ ခါးကို ဖက်ပြီး နောက်သို့ ဆုတ်လိုက်၏။ သို့သော် နောက်မှ ထပ်ကြပ်မကွာ လိုက်ပါလာသော မြှားတစ်စင်းက သူ့ပေါင်ကို စိုက်ဝင်သွားသဖြင့် နာကျင်စွာ ညည်းညူလိုက်မိသည်။
"အစ်ကို... အစ်ကို ဘယ်လိုနေလဲ၊ အစ်ကို ဘာမှမဖြစ်ရဘူးနော်။"
ယဲ့ယွင်သည် ပထမဆုံးအကြိမ်အဖြစ် တုန်လှုပ်ခြောက်ခြားသွားမိသည်။ သွေးများ စိုရွှဲနေသော ယဲ့ကျယ်၏ဝတ်ရုံရှည်ကိုကြည့်ရင်း မျက်ရည်များ အထိန်းအကွပ်မဲ့ ကျဆင်းလာသည်။
သို့သော် ယခုအချိန်တွင် စကားပြောရန် အချိန်မရှိပေ။ ပါလာသော ကိုယ်ရံတော်များသည် ဓားရေး ကျွမ်းကျင်သူများ ဖြစ်ကြသဖြင့် ကာကွယ်ရန်သာ တတ်နိုင်ပြီး တိုက်စစ်ဆင်ရန် ခက်ခဲနေသည်။
ကျားစခ်လူများက လေးမြှားဖြင့် ပြန်လည်ပစ်ခတ်သော်လည်း တစ်ဖက်ကမ်းရှိ ခြုံပုတ်များ ထူထပ်လွန်းသဖြင့် ထိရောက်မှု နည်းပါးလှသည်။
ရှေ့တွင် မြစ်က တားဆီးထားသဖြင့် ကူးသွားရန် မလွယ်ကူဘဲ တရွေ့ရွေ့ နောက်ဆုတ်ရုံသာ ရှိတော့သည်။
ယဲ့ကျယ်သည် မည်မျှပင် သတ္တိရှိစေကာမူ ပေါင်တွင် မြှားမှန်ထားသဖြင့် လှုပ်ရှားရန် မလွယ်ကူတော့ပေ။ ယဲ့ယွင်နှင့် နန်ကျစ်တို့က ဘယ်ညာ တွဲထူပြီး နောက်သို့ ဆုတ်ခွာရသည်။ ကံကောင်းစွာဖြင့် မိန်းမစိုးတစ်ယောက်က သတ္တိရှိရှိဖြင့် သူ့ကို ကုန်းပိုးပြီးပြေးသဖြင့် မောင်နှမနှစ်ယောက် အသက်ရှူချောင်သွားလေသည်။
"အရှင်မင်းကြီး... အရှင်မင်းကြီးရော"
ယဲ့ယွင် ရုတ်တရက် သတိရသွားသည်။ ဒီလုပ်ကြံမှုက အရှင်မင်းကြီးကို ဦးတည်တာ သေချာသည်။
နန်ကျစ်က သူမကို တွန်းလိုက်သည်။
"ကျယ်ယွီ ညီမလေးမြန်မြန်သွားပါ။ အရှင်မင်းကြီးက ဘုန်းကံကြီးပါတယ်။ ဘာမှဖြစ်မှာ မဟုတ်ပါဘူး။"
ယဲ့ယွင် လက်မခံဘဲ ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုလိုက်ရာ လူတိုင်း ဖရိုဖရဲ ဖြစ်နေကြသည်။ နင်ချန်သည် အဝါရောင် နဂါးဝတ်ရုံကို ဝတ်ဆင်ထားပြီး အနီရောင်ရင့်ရင့် ဝတ်စုံဝတ် ကိုယ်ရံတော်များ၏ ကာကွယ်မှုအောက်တွင် ခက်ခဲစွာ နောက်ဆုတ်နေရသည်။
သူမ တွေးထားသည့်အတိုင်းပင် ထိုလူများသည် နင်ချန်ကို ပစ်မှတ်ထားခြင်းဖြစ်ရာ တိုက်ခိုက်မှုအားလုံးကို နင်ချန်ဘက်သို့ စုပုံထားကြသည်။
ထို့ကြောင့် နင်ချန်၏ဘေးတွင် လုချင်းယွင်ကဲ့သို့လူမျိုး ကိုယ်တိုင်စောင့်ရှောက်နေပါလျက်နှင့် ထွက်ပြေးရန် ခက်ခဲနေခြင်းဖြစ်သည်။
ထို့အပြင် တစ်ဖက်ကမ်းမှ လူများသည် ဒူးလေးမြှားများ၏ ကာကွယ်မှုအောက်တွင် ရေထဲသို့ ခုန်ဆင်းကာ ကူးခတ်လာကြသည်။
ဤမျှ အသက်မငဲ့ဘဲ တိုးဝင်လာပုံထောက်လျှင် သေချာပေါက် အသေခံတပ်သားများ ဖြစ်ပေလိမ့်မည်။
လုချင်းယွင်က နင်ချန်ကို အရင်သွားရန် အော်ဟစ်နေသော်လည်း နင်ချန်သည် သွေးဆူနေသည့် အရွယ်ဖြစ်ပြီး ဒေါသထွက်နေသဖြင့် လက်မခံဘဲ ကိုယ်ရံတော်များနှင့်အတူ ဆုတ်ခွာမည်ဟု ခေါင်းမာနေလေသည်။
ယဲ့ယွင် မျက်လုံးများ မှေးစင်းသွားပြီး ဆုံးဖြတ်ချက် ချလိုက်ကာ နန်ကျစ်၏လက်ကို ရုန်းထွက်ပြီး ရှေ့သို့ ခြေလှမ်းကျဲကြီးဖြင့် ပြေးထွက်သွားလိုက်သည်။
ထိုအချိန်တွင် နင်ချန်သည် ဓားကိုဝှေ့ယမ်းကာ မြှားတစ်စင်းကို ကာကွယ်လိုက်စဉ် အင်္ကျီလက်စကို ဆွဲကိုင်ခံလိုက်ရသည်။
"အရှင်မင်းကြီး မသွားသေးဘူးလား။ ဒီချန်းချဲ့ကို မုဆိုးမ ဖြစ်စေချင်တာလား။ အရှင်မင်းကြီး မသွားရင် ဒီနေရာမှာ လူတွေ ပိုသေကုန်လိမ့်မယ်။"
ယဲ့ယွင် ဒေါသတကြီး အော်ဟစ်လိုက်သည်။ စိတ်လိုက်မာန်ပါလုပ်နေသော နင်ချန်ကို ပါးရိုက်ပစ်ချင်သော်လည်း ထိုသို့မလုပ်နိုင်ဘဲ အားကုန်သုံးကာ နင်ချန်ကို အနောက်သို့ ဆွဲခေါ်လိုက်ရသည်။
"အရှင်မင်းကြီး မြန်မြန်ကြွပါ။ သူတို့က အသေခံတပ်သားတွေပါ။ ဒီမြှားတွေမှာ အဆိပ်ပါကောင်း ပါနိုင်ပါတယ်။ အရှင်မင်းကြီး တစ်ခုခုဖြစ်သွားရင် နန်ချီ လည်းငြိမ်းချမ်းတော့မှာ မဟုတ်ပါဘူး"
လုချင်းယွင်ကလည်း ဝင်ရောက်နားချလေသည်။
မြှားများက ရုတ်တရက် ရောက်လာခြင်း ဖြစ်သဖြင့် မည်သူမျှ အကာအကွယ် မယူလိုက်နိုင်ဘဲ ပထမအသုတ် ပစ်ခတ်မှုတွင်ပင် လူအများအပြား သေဆုံးခဲ့ရသည်။
ယနေ့တွင် အရှင်သခင်များ များပြားသဖြင့် ကိုယ်ရံတော်များမှာ တစ်စိတ်တစ်ပိုင်း သေဆုံးပြီး အချို့မှာ အခြားသူများကို ကာကွယ်နေရရာ နင်ချန်အား ဝိုင်းရံထားသော လူအုပ်မှာ မိမိခန္ဓာကိုယ်ဖြင့် မြှားကို ကာကွယ်နေရသဖြင့် ကြာကြာတောင့်ခံနိုင်မည် မဟုတ်ပေ။
နင်ချန်၏နဖူးမှ သွေးကြောများ ထောင်ထလာသော်လည်း နောက်ဆုံးတွင် စိတ်ငြိမ်သွားပြီး ယဲ့ယွင် ဆွဲခေါ်ရာနောက်သို့ လိုက်ပါသွားလေသည်။
ပရမ်းပတာ ဖြစ်နေချိန်တွင် ကိုယ်ရံတော်တစ်ယောက် တဖြည်းဖြည်း ကပ်လာသည်။ အနီးကပ် ကာကွယ်နေကြခြင်းဖြစ်သဖြင့် မည်သူမျှ သတိမထားမိကြပေ။
ထိုသူ၏လက်ထဲမှ ဓားက ဦးတည်ချက် ပြောင်းသွားပြီး သူတို့နှစ်ဦးထံသို့ ပြင်းထန်စွာ ခုတ်ပိုင်းချလိုက်မှသာ သိလိုက်ကြသည်။
နင်ချန်သည်တုံ့ပြန်မှု မြန်ဆန်စွာဖြင့် ယဲ့ယွင်ကို ရင်ခွင်ထဲ ဆွဲသွင်းကာ ထိုလူ၏ဝမ်းဗိုက်ကို ခြေထောက်ဖြင့် ကန်ထုတ်လိုက်သည်။ သို့သော်လည်း ဓားဖျားသည် ယဲ့ယွင်၏ကျောပြင်ကို ဖြတ်သွားခဲ့သည်။
အဝတ်အစားများ ပြဲသွားပြီး ဒဏ်ရာမှ သွေးများ လျင်မြန်စွာ စီးကျလာသည်။ သူမသည် ယနေ့တွင် အရောင်ဖျော့သော အဝတ်အစားကို ဝတ်ဆင်ထားသဖြင့် ကြောက်မက်ဖွယ် ကောင်းလှသည်။
အထူးသဖြင့် ဒဏ်ရာမှာ ရှည်လျားပြီး ပခုံးမှ ခါးအထိ ရောက်နေသည်။ နင်ချန်သာ တစ်စက္ကန့်မျှ နောက်ကျသွားပါက သူမ နှစ်ပိုင်းပြတ်သွားနိုင်သည်။
ကိုယ်ရံတော်သည် ကန်ထုတ်ခံလိုက်ရပြီးနောက် တစ်ချက်မျှသာ တန့်သွားပြီး ချက်ချင်း ထွက်ပြေးလေသည်။ မအောင်မြင်မှန်း သိသည်နှင့် တိုက်ပွဲကို ဆက်မတိုက်တော့သည့် ပုံစံပင်။
နင်ချန်သည် လိုက်ဖမ်းရန် အခွင့်အရေး မရှိသဖြင့် ထိုလူ ပရမ်းပတာ လူအုပ်ကြားထဲ ပျောက်ကွယ်သွားသည်ကိုသာ ကြည့်လိုက်ရသည်။
"တောင့်ခံထားနော်၊ ဒါက အသက်အန္တရာယ် မရှိပါဘူး။ ကျန်း မင်းကို သမားတော်ဆီ ခေါ်သွားမယ်"
နင်ချန် မျက်မှောင်ကြုတ်လိုက်သည်။
ပွေ့ချီရန် ပြင်လိုက်သော်လည်း ယဲ့ယွင် ခေါင်းခါလိုက်သည်။ သူမ ကျောဘက်တွင် ဒဏ်ရာရှိသဖြင့် အထိမခံနိုင်အောင် နာကျင်နေသည်။ နောက်ဆုံးတွင် နင်ချန်က သူမကို ကုန်းပိုးလိုက်လေသည်။
အရင် ထွက်ခွာနိုင်သူများက ထွက်ခွာသွားကြပြီ ဖြစ်သည်။ မြှားမှန်ပြီး သတိလစ်နေသော ယောင်ရှန်းကိုလည်း ခေါ်ဆောင်သွားကြပြီဖြစ်သည်။
နင်ချန်သည် သူမကို မြင်းလှည်းပေါ် တင်ပေးပြီး စခန်းချရာနေရာသို့ အမြန်မောင်းနှင်သွားလေသည်။
ယဲ့ယွင်သည် မြင်းလှည်းထဲတွင် မှောက်လျက် လိုက်ပါလာရသည်။ ကျောပြင်မှ ဒဏ်ရာသည် ငရုတ်သီးရည် လောင်းချလိုက်သကဲ့သို့ စူးရှစွာ နာကျင်နေပြီး ခေါင်းလည်း မူးဝေလာသည်။
သို့သော် သူမ ထူးဆန်းနေသည်ဟု ခံစားမိသည်။ ထိုလုပ်ကြံသူသည် အရှင်မင်းကြီးကို ဦးတည်လာခြင်း မဟုတ်ဘဲ အခြားတစ်ယောက်ကို ဦးတည်သလို ခံစားနေရသည်။ သို့သော် ယခုအချိန်တွင် စဉ်းစားရန် အားအင်မရှိတော့ဘဲ နာကျင်မှုကိုသာ ခံစားနေရသည်။
စခန်းသို့ ပြန်ရောက်သောအခါ တစ်ယောက်တည်း ကျန်ရစ်ခဲ့သော ချင်းကော်အာထိုက် မင်းသားသည် အစေခံများကို ဦးစီးပြီး စီစဉ်နေသည်ကို တွေ့ရသည်။
နင်ချန် ပြန်ရောက်လာသည်ကို မြင်သောအခါ အမြန် လာရောက် ကြိုဆိုလေသည်။
"အရှင်မင်းကြီး ဒဏ်ရာရလာလား။ ကျွန်တော်မျိုး လူလွှတ်ပြီး သွားကြိုခိုင်းထားပါတယ်။ ဒဏ်ရာရသူတွေကိုလည်း နေရာချထားပေးပါတယ်။ ကံကောင်းတာက မြှားတွေမှာ အဆိပ်မပါပါဘူး။ ကုသရတာ နည်းနည်း သက်သာပါတယ်။ ဒါပေမဲ့ ဖန်းချိုက်ရန်ရဲ့ ဒဏ်ရာကတော့ စိုးရိမ်ရပါတယ်။ ကျောဘက်ကနေ မြှားမှန်ထားတာ နှလုံးနဲ့ တစ်လက်မလောက်ပဲ လိုတော့တယ်။ သမားတော်တွေက မနှုတ်ရဲကြဘူး။ အရှင်မင်းကြီး ဆုံးဖြတ်ပေးပါဦး"
သူ သတိပေးလိုက်မှသာ နင်ချန်သည် စောစောက ယောင်ရှန်း ကိုယ်လွတ်ရုန်းပြီး သူ့ကို ကာကွယ်ပေးခဲ့သည်ကို သတိရသွားသည်။ ယောင်ရှန်းသာ မရှိလျှင် ယခုအချိန်တွင် အသက်အန္တရာယ် စိုးရိမ်ရသူ သို့မဟုတ် သေဆုံးသွားသူမှာ သူကိုယ်တိုင် ဖြစ်နေပေလိမ့်မည်။
"ကျန်း အခု ဖန်းချိုက်ရန်ဆီ သွားကြည့်မယ်။ မင်း လူစီစဉ်ပြီး မင်ကျယ်ယွီကို အဆောင်ပြန်ပို့ပေးလိုက်။ သမားတော်ကို ချက်ချင်း လာကုပေးခိုင်းလိုက်"
ယဲ့ယွင်၏ဒဏ်ရာက အသက်အန္တရာယ် မရှိသဖြင့် ယောင်ရှန်းက ပိုအရေးကြီးသည်။
ချင်းကော်အာထိုက်က အမိန့်ကို နာခံပြီး အစေခံမလေးအချို့ကို ခေါ်ကာ ယဲ့ယွင်ကို ခေါ်ဆောင်သွားစေသည်။ နန်ကျစ်ကတော့ လူကွဲသွားသဖြင့် ဘယ်ရောက်နေမှန်း မသိရသေးပေ။
နင်ချန်သည် ယောင်ရှန်း၏ တဲသို့ ရောက်ရှိသွားသည်။ သူမ၏ အစေခံနှစ်ယောက်အနက် ကျီကျူးမှာ ခြေထောက်နာသွားသဖြင့် ချီဝမ်က ပြုစုနေရသည်။
နင်ချန်ကို မြင်သည်နှင့် ငိုကြွေးလေသည်။
"အရှင်မင်းကြီး... ကျွန်တော်မျိုးမတို့ ချိုက်ရန်က ငယ်ငယ်လေး ရှိပါသေးတယ်၊ ကယ်ပါဦး အရှင်မင်းကြီး"
သမားတော်ကလည်း လျှောက်တင်သည်။
"အရှင်မင်းကြီး... ချိုက်ရန် မှန်ထားတဲ့ မြှားက နှလုံးနဲ့ အရမ်းနီးနေပါတယ်။ မြှားနှုတ်တဲ့အခါ နည်းနည်းလေး လွဲချော်သွားတာနဲ့ အသက်အန္တရာယ် ရှိနိုင်ပါတယ်။ ကျွန်တော်မျိုး... မလုပ်ရဲပါဘူး"
လူကို ကယ်နိုင်လျှင် တော်သေးသည်။ သေသွားခဲ့လျှင် အရှင်မင်းကြီးကို ကာကွယ်ရင်း သေသွားသူ ဖြစ်သဖြင့် အပြစ်ဒဏ်ကျလာပါက ဘယ်သူက ခံနိုင်မှာလဲ။
နင်ချန်၏မျက်နှာမှာ မဲမှောင်နေသည်။ ကုတင်ပေါ်တွင် မှောက်လျက် လဲလျောင်းနေသော မိန်းကလေး၏မျက်နှာကို မမြင်ရသော်လည်း အတွင်းခံအင်္ကျီ အဖြူရောင်မှာ သွေးများဖြင့် ရဲရဲတောက်နေသည်။ လူကလည်း မလှုပ်မယှက်ဖြင့် အသက်မရှိတော့သည့်အတိုင်း ဖြစ်နေသည်။
ယောင်ရှန်းက သူ့အတွက် အသက်စွန့် ကာကွယ်ပေးခဲ့သဖြင့် သူလည်း စိတ်လှုပ်ရှားမိသည်။
(T/N - ခွေးဧကရာဇ် စိတ်လှုပ်ရှားတယ်ပဲရှိရသေး ယောကျာ်းတွေများ)
"မင်းတို့ သွေးတိတ်ဆေးတွေ အဆင်သင့် ပြင်ထားလိုက်၊ ကျန်းကိုယ်တိုင် မြှားနှုတ်
မယ်။"
***