အခန်း (၉၇-၉၈)
Vol. 7 Ch. 97-98
အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC)-97
အခန်း ၉၇ ။ သစ္စာဖောက်
နင်ချန်သည် ဤကဲ့သို့ အလုပ်မျိုးကို လုပ်ဖူးခြင်း မရှိသော်လည်း လက်ရှိတွင် သူမှလွဲ၍မည်သူမှ မလုပ်ရဲပေ။
သမားတော်များသည် သွေးတိတ်ဆေး၊ ဆေးလုံးအမျိုးမျိုး၊ ပတ်တီး၊ ငွေအပ်၊ ပြင်းအားမြင့် အရက်တို့ကို အသင့်ပြင်ဆင်ထားကြပြီး မြှားကို ဆွဲထုတ်လိုက်သည်နှင့် ချက်ချင်း ဒဏ်ရာကို ကုသရန် စောင့်ဆိုင်းနေကြသည်။
ဒူးလေးမြှားသည် ရိုးရိုးလေးမြှားနှင့် မတူပေ။ မြှားတံက တိုသဖြင့် ဆွဲထုတ်ရာတွင် အားစိုက်ရ ခက်ခဲသည်။
နင်ချန်သည် လက်တစ်ဖက်ဖြင့် ယောင်ရှန်း၏ပခုံးကို ဖိထားပြီး ကျန်လက်
တစ်ဖက်ဖြင့် မြှားတံကို ဆုပ်ကိုင်
ထားသည်။ သူသည်းလည်း အလွန် စိတ်
လှုပ်ရှားနေမိသည်။ မိမိလက်ထဲတွင် လူ့အသက်တစ်ချောင်းက အဆုံးအဖြတ်ဖြစ်သွားနိုင်ခဲ့သည်။
"အမိန့်တော် ထုတ်ပြန်လိုက်... ဖန်းချိုက်ရန်က အသက်စွန့်ပြီး ကျန်းကို ကာကွယ်ခဲ့တဲ့အတွက် အဆင့် ၄ ရှိုးရီ ရာထူးကို တိုးမြှင့်ပေးလိုက်တယ်"
(T/N - ကဲ အဆင့်လေးဆိုကတည်းက ဖန်းချိုက်ရန် ( ယောင်ရှန်း) က တို့မမယဲ့ယွင်
ထက် နှစ်ဆင့်လောက်မြင့်သွားပါပြီ။ ယဲ့ယွင်က အခုမှ အဆင့် ၆ ကျယ်ယွီလေးပဲရှိသေးတာပါ။)
အမိန့်တော် ချမှတ်ပြီးသည်နှင့် နင်ချန်၏မျက်လုံးများ စူးရှသွားကာ အသားထဲ နစ်ဝင်နေသော ဒူးလေးမြှားကို အားကုန်သုံးပြီး ဆွဲထုတ်လိုက်လေသည်။ ရုတ်ခြည်းပင် နဂါးဝတ်ရုံပေါ်သို့ သွေးများ ပန်းထွက်လာကာ ကြောက်မက်ဖွယ်ကောင်းသော သွေးရာတစ်ခု ဖြစ်ပေါ်လာသည်။
သတိလစ်နေသော်လည်း ပြင်းထန်သော နာကျင်မှုကြောင့် ယောင်ရှန်း ညည်းညူလိုက်မိသည်။
သမားတော်များသည် ချက်ချင်း ဝိုင်းအုံလာကြပြီး အပ်စိုက်ခြင်း၊ ဆေးထည့်ခြင်းတို့ ပြုလုပ်ကာ ယောင်ရှန်း၏သွေးကို တိတ်အောင် လုပ်ကြသည်။
အဆုံးတွင် အသက်ပြင်းသည့်အတွက် ရှင်သန်နိုင်ခဲ့လေသည်။
ထို့အပြင် အဆင့် ၇ ချိုက်ရန် ဘဝမှ အဆင့်ကျော်တက်ကာ ကျိုဖင် ကိုးပါးထဲတွင် ပါဝင်သော အဆင့် ၄ ရှိုးရီ အဖြစ်သို့ ရောက်ရှိသွားသဖြင့် နောင်တွင် ယန်ရှိုးရီနှင့် တန်းတူ ဖြစ်သွားပြီဖြစ်သည်။
နင်ချန်သည် ယောင်ရှန်း၏တဲအတွင်းတွင် အတော်ကြာ ထိုင်နေခဲ့သည်။ သမားတော်များက သွေးတိတ်သွားပြီ ဖြစ်ကြောင်း၊ အသက်အန္တရာယ် မရှိတော့ကြောင်း ပြောမှသာ ထွက်ခွာသွားလေသည်။
ထိုအချိန်ကျမှသာ ယန်ပေါင်လင်တွင် ကိုယ်ဝန် တစ်လကျော် ရှိနေပြီဖြစ်ကြောင်း လာရောက် သတင်းပို့ကြသည်။ ကိုယ်ဝန် အနည်းငယ် ထိခိုက်သွားသော်လည်း ယန်မျိုးနွယ်၏ကျန်းမာရေး ကောင်းမွန်မှုကြောင့် ထိန်းထားနိုင်ခဲ့သည်။
ယနေ့သည် တတိယလ၏ ၁၁ ရက် ဖြစ်ရာ တွက်ချက်ကြည့်လျှင် မြို့တော်တွင် ရှိနေစဉ်ကပင် ကိုယ်ဝန်ရရှိခဲ့ခြင်း ဖြစ်သည်။
ဒါက ကောင်းသတင်းဖြစ်သော်လည်း ဒီနေ့ လုပ်ကြံခံရမှု ဖြစ်ပွားခဲ့သဖြင့် နင်ချန် မပျော်ရွှင်နိုင်ပေ။ ဂရုတစိုက် စောင့်ရှောက်ရန်သာ မှာကြားပြီး အခြားဘာမှ မပြောတော့ပေ။
ယခုအချိန်တွင် လူတိုင်း ပြန်ရောက်နေကြပြီဖြစ်သည်။ ကံကောင်းသည်မှာ ကိုယ်လုပ်တော်များအားလုံး ဘေးကင်းကြသည်။ လီဝမ်ရုန်သာ ခြေထောက်ခေါက်သွားပြီး ယန်ပေါင်လင် ကိုယ်ဝန်ထိခိုက်သွားသည်။ အဆိုးရွားဆုံးမှာ ယဲ့ယွင်၏ကျောဘက်မှ ဓားဒဏ်ရာနှင့် ယောင်ရှန်း၏ မြှားဒဏ်ရာဖြစ်သည်။
လုချင်းယွင်၏လက်မောင်းနှင့် ခါးတို့တွင် မြှားမှန်ထားပြီး ယဲ့ကျယ်၏ပေါင်နောက်ဘက်တွင် မြှားတစ်စင်း မှန်ထားသည်။ မည်သည့်ဒဏ်ရာမှ အသက်အန္တရာယ် မရှိပေ။
အောက်ချီနှင့် ကျော်လီခယ့်ထူတို့မှာမူ ဒဏ်ရာ မရခဲ့ကြပေ။
ဤသို့ ရုတ်တရက် တိုက်ခိုက်ခံရသဖြင့် နင်ချန်သည် ရင်ထဲတွင် မွန်းကြပ်နေပြီး တဲကြီးထဲသို့ ရောက်သည်နှင့် စာရေးစားပွဲကို လှန်ပစ်လိုက်လေသည်။
ယွမ်ကျိုမှာ အသက်ပင် ပြင်းပြင်းမရှူရဲပေ။ သူ ခစားလာသော နှစ်များတစ်လျှောက် အရှင်မင်းကြီး ဤမျှ ဒေါသထွက်သည်ကို တစ်ခါမျှ မတွေ့ဖူးခဲ့ပေ။
"မင်းသားကြီး လေးပါးကို ဝင်ခစားခိုင်း၊ လှုပ်ရှားလို့ရသေးတဲ့သူတွေ အကုန်လုံး ကျန်းဆီလာခဲ့၊ ဘာတွေ ဖြစ်နေတာလဲဆိုတာ ကျန်းကို ရှင်းရှင်းလင်းလင်း သိအောင်ရှင်းပြကြ။"
သူ နန်းတက်လာသည်မှာ သုံးနှစ်ပင် မပြည့်သေးပေ။ ကျားစခ်သို့ ပထမဆုံးအကြိမ် လာရောက်ခြင်းတွင် ဤကဲ့သို့ကြုံတွေ့ရသဖြင့် အလွန်ဒေါသထွက်မိသည်။
.....
မကြာမီတွင် တဲမကြီးထဲ၌ လူများ ပြည့်နှက်သွားပြီး ဒဏ်ရာရသူများလည်း ရောက်ရှိလာကြသည်။
ဧကရာဇ် လုပ်ကြံခံရခြင်းမှာ ကိစ္စသေး မဟုတ်ပေ။ မည်သူမျှ မတုန်လှုပ်ဘဲ မနေနိုင်ကြပေ။
"ဒီကိစ္စကို ကျန်း အဆုံးထိ စုံစမ်းရမယ်၊ ဘယ်သူက ကျန်းကို လုပ်ကြံချင်တာလဲ၊ ခြုံပုတ်ထဲ ပုန်းခိုဖို့ စိတ်ကူးရတယ်ဆိုတော့ ကျန်း မြစ်ကမ်းဘေးကို ငါးမျှားထွက်မယ်ဆိုတာ သေချာပေါက် သိနေလို့ပဲ၊ အတွင်းလူ မရှိဘူးဆိုတာ ကျန်း လုံးဝ မယုံဘူး။”
နင်ချန်သည် ခုနကလောက် ဒေါသ မကြီးတော့သော်လည်း တစ်ကိုယ်လုံးမှ ထွက်ပေါ်နေသော အငွေ့အသက်များက ကြောက်မက်ဖွယ် ကောင်းနေဆဲဖြစ်သည်။
လုချင်းယွင်သည် သူ့နှင့် ပို၍ရင်းနှီးသူဖြစ်သဖြင့် ဖိအားများကို ကြံ့ကြံ့ခံကာ ပထမဆုံး စကားစလိုက်သည်။
"အရှင်မင်းကြီး... လောလောဆယ် သစ္စာဖောက်ကို ရှာမတွေ့သေးပေမဲ့ ဒူးလေးမြှားကို ကြည့်ခြင်းအားဖြင့် ကျင်းလူမျိုးတွေ ဆိုတာ သိနိုင်ပါတယ်။ မြစ်ကူးပြီး တိုက်ခိုက်လာတဲ့ အသေခံတပ်သားတွေရဲ့ ဝတ်စားဆင်ယင်ပုံကလည်း ကျင်းလူမျိုးတွေပါပဲ"
"ကောင်းတယ်... တော်တော် ကောင်းတယ်" နင်ချန်၏မျက်ဝန်းများ ရေခဲတမျှ အေးစက်သွားပြီး အောက်မှလူများကို ဝေ့ဝဲကြည့်ရှုကာ အေးစက်စွာ ရယ်မောလိုက်သည်။
"ကျန်းဘေးနားက လူတွေက တော်တော် စွမ်းကြတာပဲ။ ကျင်းလူမျိုးတွေ၊ လျောင်နိုင်ငံသားတွေနဲ့တောင် အဆက်အသွယ် ရှိကြပါလား။"
ထိုအချိန်တွင် နင်ချန်သည် သူ့ကို ရုတ်တရက် ဓားဖြင့်ခုတ်သော ကိုယ်ရံတော်ကို သတိရသွားသည်။
"လုချင်းယွင်... ဒီတစ်ခေါက် ကျန်းနဲ့ လိုက်ပါလာတဲ့ ကိုယ်ရံတော်တွေ ဘယ်သူတွေလဲ။ တစ်ယောက်မကျန် ရှာထုတ်ခဲ့၊ အရှင်မြင်ရင် လူကိုခေါ်ခဲ့၊ သေရင် အလောင်းကို ပြ"
"အရှင်မင်းကြီး... လိုက်ပါလာတဲ့ ကိုယ်ရံတော်တွေထဲမှာ မသင်္ကာစရာ တွေ့လို့လား။"
ယဲ့ကျယ် ချက်ချင်း သဘောပေါက်သွားသည်။
သူ ယဲ့ယွင်ကို သွားကြည့်ခဲ့ပြီး ကိုယ်ရံတော် ရုတ်တရက် တိုက်ခိုက်သည့်ကိစ္စကို သိထားပြီးဖြစ်သည်။
ဒီအထိ ကြားလိုက်ရမှ အောက်ချီ သက်ပြင်းချနိုင်တော့သည်။ ကြည့်ရသည်မှာ ကျားစခ်လူတွေ လက်ချက် မဟုတ်လောက်ပေ။
တကယ်တမ်းတွင် ကျော်လီခယ့်ထူ သို့မဟုတ် အယ်အာထုန်များ လုပ်လေသလားဟု သူ သံသယ ဝင်ခဲ့မိသည်။
သို့သော် အယ်အာထုန်သည် ရည်မှန်းချက်ကြီးသော်လည်း သတ္တိနည်းသူဖြစ်သဖြင့် ထိုသို့ လုပ်ရဲမည် မဟုတ်ပေ။ ကျော်လီခယ့်ထူမှာလည်း သမီးတစ်ယောက် နန်းတွင်း ရောက်နေပြီဖြစ်သဖြင့် ပို၍ မလုပ်သင့်ပေ။
ယခု သစ္စာဖောက်သည် မြို့တော်မှ ပါလာသော ကိုယ်ရံတော်များထဲတွင် ရှိနေနိုင်သဖြင့် ကျားစခ်အတွက် အနည်းငယ် စိတ်အေးရပြီ ဖြစ်သည်။
"အရှင်မင်းကြီး... ဒီတစ်ခါ ကျွန်တော်မျိုး ကာကွယ်မှု ညံ့ဖျင်းခဲ့ပါတယ်။ အပြစ်ကို ကုစားဖို့ အခွင့်အရေး ပေးတော်မူပါ။ ဒီကျင်းလူမျိုးတွေ နန်ချီထဲ ဘယ်လို ဝင်လာနိုင်သလဲ ဆိုတာ နယ်စပ်လုံခြုံရေး ပေါ့လျော့မှုကြောင့် ဖြစ်ပါလိမ့်မယ်။ ကျွန်တော်မျိုး ဗိုလ်ချုပ်ကြီးလုနဲ့ ပူးပေါင်းပြီး အတွင်းအပြင် သေချာ စစ်ဆေးပါ့မယ်။ အရှင်မင်းကြီးကို တိကျတဲ့အဖြေတစ်ခုပေးပါ့မယ်"
အောက်ချီ ဒူးထောက်လိုက်ပြီး အလွန် ရိုသေလေးစားစွာ လျှောက်တင်လေသည်။
သူ ဦးဆောင်လိုက်သဖြင့် ကျန်မင်းသားသုံးပါးလည်း ဒူးထောက်ကာ အလားတူ စကားများ ပြောဆိုကြသည်။
နင်ချန်သည် လက်ရှိတွင် သူတို့ကို အပြည့်အဝ မယုံကြည်သဖြင့် လက်မခံခဲ့ပေ။
သို့သော် ယဲ့ကျယ်နှင့် လုချင်းယွင်တို့ ဒဏ်ရာရထားကြသဖြင့် မည်သူ့ကို သူတို့နှင့်အတူ အမှုစစ်ဆေးခိုင်းရမလဲဆိုတာ သေချာစီစဉ်ရဦးမည်။
နောက်ဆုံးတွင် ယောင်မျိုးနွယ်မှ လူငယ်တစ်ယောက်ကို ရွေးချယ်လိုက်သည်။ သူသည် ယောင်ရှန်း၏ ဦးလေးတော်စပ်သူ၏ သားဖြစ်ပြီး ဘိုးဘွားအမွေဖြင့် တော်ဝင်ကိုယ်ရံတော်တပ်ဖွဲ့တွင် ရာထူးတစ်ခု ရရှိထားသူဖြစ်သည်။
သို့သော် သူသည်လည်း အရည်အချင်းရှိသူ ဖြစ်ပြီး လက်ရှိတွင် တော်ဝင်ကိုယ်ရံတော်တပ်ဖွဲ့၌ တာဝန်ယူထားသူဖြစ်သည်။
ဒီကိစ္စကို အမြန်ဆုံး စုံစမ်းရမည်။ မူလက နောက်ထပ် သုံးလေးရက်နေမှ မြို့တော်သို့ ပြန်ရန် စီစဉ်ထားသော်လည်း ယခုကိစ္စကြောင့် ခရီးစဉ်ကို စောရတော့မည်။
အမှုစစ်ဆေးမည့်သူများကို စီစဉ်ပြီးနောက် နင်ချန် အသက်ရှူချောင်သွားပြီး ယဲ့ယွင်ကို သတိရသွားသဖြင့် ခဏထိုင်ပြီးနောက် ထရပ်လိုက်ပြန်သည်။
.....
ယခုအချိန်တွင် အနီးနားရှိ လူများကို ဂရုစိုက်နိုင်သော်လည်း နန်းတော်ထဲရှိ ရှမျိုးရိုးမှာမူ ထိုကံကောင်းခြင်းမျိုး မရရှိခဲ့ပေ။
ဖုန်းရှီးနန်းဆောင်တွင် သတင်းလာပို့သော နန်းတွင်းအစေခံမလေးသည် ဒလိမ့်ခေါက်ကွေး ဝင်ရောက်လာလေသည်။
"မယ်မယ်... ဒုက္ခပါပဲ၊ ဒုက္ခရောက်ပါပြီ။ ရှချိုက်ရန် ဘာစားမိမှန်း မသိဘူး။ ရုတ်တရက် သွေးတွေ အများကြီး ဆင်းလာပါတယ်။"
"ဘာ..." မိဖုရားခေါင်ကြီး လန့်ဖျပ်ပြီး ထရပ်လိုက်သည်။
"လာကြဦး။ သမားတော် သွားခေါ်။ ရှချိုက်ရန်ဆီ ချက်ချင်း သွားမယ်။ ရှချိုက်ရန်နဲ့ ကလေး တစ်ခုခုဖြစ်ရင် နင်တို့ခေါင်းကို ဖြတ်ပစ်မယ်။”
မိဖုရားခေါင်ကြီး ရောက်သွားသောအခါ ယန်ရှိုးရီ ရောက်နှင့်နေပြီဖြစ်သည်။
ရှချိုက်ရန်မှာ ကိုယ်ဝန်ရင့်နေပြီဖြစ်သဖြင့် အချိန်မရွေး မွေးဖွားနိုင်ရာ လိုအပ်သည်များကို ပြင်ဆင်ထားပြီး ဖြစ်သည်။ ယခုအခါ သူမကို မွေးဖွားခန်းထဲသို့ ပို့ဆောင်ထားပြီးဖြစ်သည်။
"ဘယ်လိုဖြစ်တာလဲ၊ ကိုယ်ဝန်က တည်ငြိမ်ပါတယ်ဆို၊ ဘယ်လိုလုပ်ပြီး ရုတ်တရက်ကြီး သွေးဆင်းတာလဲ။"
မိဖုရားခေါင်ကြီး ထိုင်လိုက်ပြီး ဒေါသတကြီး မေးမြန်းလေသည်။
သမားတော်က ဒူးထောက်လျက်လျှောက်
တင်ခဲ့သည်။
"မယ်မယ်၊ ချိုက်ရန် စားတဲ့အစားအသောက်ထဲမှာ မသန့်ရှင်းတာတွေ ပါသွားလို့ ကိုယ်ဝန်ထိခိုက်ပြီး ကိုယ်ဝန်ပျက်ကျမယ့် လက္ခဏာ ပြနေတာပါ။”
"ကိုယ်ဝန်ပျက်ကျမယ် ဟုတ်လား"
ယန်ရှိုးရီသည် ရုတ်တရက်အသံမြင့်သွားခဲ့သည်။
"လစေ့နေပြီပဲ၊ ဘယ်လိုလုပ် ပျက်ကျနိုင်မှာလဲ?”
"လစေ့နေပြီဆိုတော့ ကလေးမွေးလာရင် အသက်ရှင်နိုင်ပါတယ်။ ဒါပေမဲ့ သဘာဝအတိုင်း မွေးဖွားချိန်တန်လို့ မွေးတာ မဟုတ်ဘဲ မတော်တဆမှုကြောင့် ဖြစ်ရတာမို့လို့၊ ကျွန်တော်မျိုး တတ်နိုင်သမျှ ကြိုးစားပြီး ကလေးကို အသက်ရှင်အောင် လုပ်ပါ့မယ်။” သမားတော်လည်း အခက်တွေ့နေသည်။
မိဖုရားခေါင်ကြီး စိတ်ပျက်လွန်း၍ သေချင်စိတ် ပေါက်နေပြီ ဖြစ်သည်။ ကိုယ်ဝန်ဆောင်တွေ တစ်ယောက်ပြီး တစ်ယောက် ပြဿနာတက်နေသည်မှာ သူမ ညံ့ဖျင်းသည်ဟု ထင်ရစေသည်။
"လစေ့နေတဲ့ ကလေးက ဘယ်လိုလုပ် ဒီလောက် အားနည်းရမှာလဲ။ ကလေးကို အသက်ရှင်အောင် မွေးပေးရမယ်လို့ မင်းကိုအမိန့်ပေးတယ်။”
ယန်ရှိုးရီ ဒေါသတကြီး အော်ဟစ်ပြီး စိတ်ပူလွန်းသဖြင့် ထရပ်လိုက်သည်။
သူမ ထိုကလေးကို ဘယ်လောက်
တောင်မျှော်လင့်ခဲ့ရလဲ။ အခုချိန်ကြမှ လက်မလျှော့နိုင်ဘူး။
"တော်စမ်း... သမားတော်ကို ရှချိုက်ရန်ဆီ သွားခိုင်းလိုက်တော့။ မင်း ဒီမှာ လာပြီး ပြာယာခတ်နေလို့ ဘာထူးမှာလဲ" မိဖုရားခေါင်ကြီး ငေါက်လိုက်သည်။
သမားတော်သည် အထပ်ထပ်အခါခါ ခေါင်းညိတ်ပြီး အတွင်းခန်းထဲသို့ အမြန် ဝင်သွားလေသည်။
ယခုအချိန်တွင် ရှချိုက်ရန်မှာ နာကျင်လွန်းသဖြင့် တစ်ကိုယ်လုံး ချွေးများ ရွှဲနစ်နေပြီဖြစ်သည်။
မျက်ရည်များက မျက်ထောင့်မှ စီးကျပြီး ဆံပင်ထဲသို့ ဝင်ရောက်သွားသည်။ မည်သူကမှ သူမ အသက်ကိုဂရုမစိုက်ကြပေ။ လက်သည်မှစ၍ သမားတော်အထိ ကလေးမွေးအောင် ညှစ်ခိုင်းနေကြသည်။
သူမ၏အသက်မှာ သူမလက်ထဲတွင်သာ ရှိတော့သည်။
***
အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC)-98
အခန်း ၉၈ ။ သွေးပင်လယ်ဝေသော အမုန်းတရား
"မိဖုရားခေါင်ကြီး ရှချိုက်ရန်ရဲ့ဗိုက်ထဲက ကလေးက အရမ်းကြီးနေတော့ မွေးရခက်နေပါတယ်။ ပြီးတော့ အအေးစာတွေ မှားစားမိထားတော့ ကိုယ်ဝန်ပျက်ကျမလို ဖြစ်ပြီး အခုတော့..."
သမားတော်သည် တစ်ကိုယ်လုံး တုန်ရီလျက် မြေပြင်ပေါ် ဒူးထောက်နေပြီး စကားကို ဆက်မပြောရဲတော့ပေ။
"အခု ဘယ်လိုဖြစ်နေတာလဲ" မိဖုရားခေါင်ကြီးက အေးစက်စွာ မေးလိုက်သည်။
သမားတော်က ခေါင်းကို ကြမ်းပြင်နှင့် ဆောင့်ကာ လျှောက်တင်လေသည်။
"အခု အရှင်မင်းကြီးရဲ့ သွေးသားနဲ့ ရှချိုက်ရန် နှစ်ယောက်ထဲက တစ်ယောက်ကိုပဲ ကယ်လို့ရပါတော့မယ်။ မယ်မယ် ဆုံးဖြတ်ပေးတော်မူပါ။”
ယခုအချိန်တွင် အခန်းထဲ၌ တစ်ယောက်ပြီး တစ်ယောက် ရောက်လာကြသော ကိုယ်လုပ်တော်များဖြင့် ပြည့်နှက်နေပြီဖြစ်သည်။ အားလုံးက တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်နေကြသော်လည်း မည်သူမျှ ဝင်မပြောရဲကြပေ။
"ဒါပေါ့... ကလေးကိုပဲ ကယ်ရမှာပေါ့" ယန်ရှိုးရီက ဒေါသတကြီး အော်ဟစ်
လိုက်သည်။
"နင် ရူးနေလား၊ ဒီလိုမေးခွန်းမျိုး မေးထွက်တယ်။ ကိုယ်လုပ်တော်တွေ နန်းတွင်းထဲ ဝင်လာတာ အရှင်မင်းကြီးအတွက် မျိုးဆက်ပြန့်ပွားအောင် လုပ်ပေးဖို့ပဲလေ။ သေချာပေါက် ကလေးကို ဦးစားပေးရမှာပေါ့"
စကားအရ ပြောရလျှင် မှန်သော်လည်း ရှချိုက်ရန်မှာလည်း အရှင်လတ်လတ် လူသားတစ်ယောက်ဖြစ်သည်။ ကလေးက အရေးကြီးသည်ဆိုသော်လည်း မမွေးလာသေးပေ။
ယန်ရှိုးရီ ဤစကားကို ပြောလိုက်သည်နှင့် ရှိနေသောလူများ၏ သူမကို ကြည့်သည့် အကြည့်များ ပြောင်းလဲသွားကြသည်။
မိဖုရားခေါင်ကြီးလည်း အခက်တွေ့နေသည်။ သို့သော် မိဖုရားခေါင်ကြီး တစ်ပါးအနေဖြင့် စည်းကမ်းအရ ကိုယ်လုပ်တော်နှင့် ကလေး ယှဉ်လာလျှင် ကလေးကိုသာ ရွေးချယ်ရမည် ဖြစ်သည်။
ရှဲ့မျိုးနွယ်ဝင် မိဖုရားခေါင်ကြီးသည် စိတ်ဓာတ်ခိုင်မာသူဖြစ်သော်လည်း ယခု ယန်ရှိုးရီက ဦးအောင် ပြောလိုက်သဖြင့် သူမအနေဖြင့် အခြေအနေကို ထိန်းသိမ်းပြီး စကားပြောရန် အခွင့်အရေး ရသွားလေသည်။
သူမ သက်ပြင်းချလိုက်သည်။
"အရှင်မင်းကြီးရဲ့ သွေးသားက အရေးကြီးဆုံးဆိုပေမဲ့ ရှချိုက်ရန်ကိုလည်း အတတ်နိုင်ဆုံး အသက်ရှင်အောင် ကယ်တင်ပေးကြ။ သူက အရှင်မင်းကြီးရဲ့ကလေးကိုလွယ်ထားရတဲ့ မိန်းကလေးတစ်ယောက်ပါပဲလေ။”
ထိုသို့ နှိုင်းယှဉ်လိုက်သောအခါ မိဖုရားခေါင်ကြီး၏ ကြင်နာတတ်သော ပုံရိပ်မှာ ပေါ်လွင်လာပြီး လူများ၏စိတ်ကို ဖမ်းစားနိုင်လိုက်သည်။
သို့သော် ယန်ရှိုးရီ၏စိတ်က ဤနေရာတွင် ရှိမနေပေ။ သူမသည် ရှချိုက်ရန်၏ဗိုက်ထဲမှကလေးကိုသာ လိုချင်သည်။ လူ့ကျင့်ဝတ်နှင့်သာ မညီလျှင် ဗိုက်ခွဲပြီး ကလေးထုတ်ယူခိုင်းချင်စိတ် ပေါက်နေပြီ ဖြစ်သည်။
လွန်ခဲ့သော ရက်အနည်းငယ်က သမားတော်က သူမကို မသိမသာ ပြောပြဖူးသည်။ ရှချိုက်ရန်၏ ဗိုက်ထဲမှ ကလေးမှာ မင်းသားလေး ဖြစ်ဖို့ ၈၀ ရာခိုင်နှုန်း သေချာသည် ဟူ၍ပင်။
အတွင်းခန်းထဲတွင် လဲလျောင်းနေသော ရှချိုက်ရန်သည် သတိလစ်တစ်ချက်မျောတစ်ချက် ဖြစ်နေသော်လည်း အပြင်မှလူများပြောနေသည့် စကားများကို ပြတ်သားစွာ ကြားနေရသည်။
ကုတင်ပေါ်တွင် သေခြင်းရှင်ခြင်းကြားတွင် ရုန်းကန်လျက် ရှချိုက်ရန်သည် သွေးပင်လယ်ဝေသော အမုန်းတရားဖြစ်တည်ခဲ့သည်။ သူမနှင့် ယန်ရှိုးရီသည် ဒီဘဝရော၊ နောက်ဘဝပါ မကျေနိုင်သော ရန်ငြိုးဖွဲ့သွားခဲ့ပြီ။
"ချိုက်ရန်... ချိုက်ရန် မအိပ်လိုက်ပါနဲ့နော်။ ကျွန်တော်မျိုးမ ချိုက်ရန် အနားမှာ ရှိနေပါတယ်၊ ကျွန်တော်မျိုးမတို့ သေချာပေါက် ကျော်ဖြတ်နိုင်မှာပါ။
ဘေးတွင် ပြုစုနေသော လျန်ချောင်သည် ရှချိုက်ရန်၏လက်ကို ဆုပ်ကိုင်ထားပြီး မျက်ရည်များဖြင့် ငိုကြွေးနေသည်။
ရှချိုက်ရန်သည် သူမကို ကြည့်ပြီး ခက်ခဲစွာ ပြုံးပြလိုက်သည်။
"လျန်ချောင်... ငါ့ကံက ညံ့ပေမဲ့ အရှင်မင်းကြီးကို ခစားခွင့်ရခဲ့တာက ကံမဆိုးပါဘူး။ စိတ်ချပါ... ငါ သေချာပေါက် အသက်ရှင်အောင်နေမှာပါ"
လျန်ချောင်၏မျက်ဝန်းတွင် မျက်ရည်များ ပြည့်လျှံနေပြီး သူမလက်ကို ဆုပ်ကိုင်ကာ ရှိုက်ကြီးတငင် ငိုကြွေးနေသည်။
အခြားသူများ မသိသော်လည်း သခင်မလေး ဘာလုပ်တော့မည်ကို သူမ သိပေသည်။
ရှချိုက်ရန် မျက်လုံးကို မှိတ်လိုက်ပြီး သွားကြားထဲတွင် ဝှက်ထားသော ဆေးလုံးကို အားကုန်သုံး၍ ကိုက်ခွဲလိုက်သည်။ ခဏအကြာတွင် သူမ၏ ဝမ်းဗိုက်အောက်ပိုင်းမှ ပြင်းထန်သော နာကျင်မှုကို ခံစားလိုက်ရသည်။
သမားတော်နှင့် ဝမ်းဆွဲသည်တို့က သူမ၏ သွေးဆင်းမှု ပမာဏ ရုတ်တရက် များပြားလာသည်ကို တွေ့သောအခါ ပို၍ ထိတ်လန့်သွားကြသည်။
မွေးဖွားရန် ကြိုးစားနေသည်မှာ ကြာမြင့်လှပြီဖြစ်သော်လည်း ကလေးက ဗိုက်ထဲမှာပင် ရှိနေသေးသည်။ ရေမြွှာရည်လည်း ကုန်ခမ်းလုနီးပါးဖြစ်နေပြီ။ ယခုလို အချိန်မျိုးတွင် သွေးထပ်ဆင်းလျှင် အသက်အန္တရာယ်ရှိသည် မဟုတ်လား။
ယခုခေတ်တွင် ဗိုက်ခွဲမွေးသည့် နည်းစနစ် မရှိသေးပေ။ မိခင်ကိုစွန့်ပြီး ကလေးကိုယူမည်ဆိုလျှင်ပင် မိခင်က အသက်ရှင်လျက် မွေးပေးမှသာရရှိမည်ဖြစ်သည်။ ထို့ကြောင့် လူတိုင်းသည် ရှချိုက်ရန်၏သွေးကို အရင်တိတ်အောင် အသည်းအသန် ကြိုးစားကြရသည်။
အတွင်းခန်းထဲတွင် ရှုပ်ထွေးပွေလီနေပြီး နာရီဝက်ခန့် ကြာသောအခါမှ သွေးတိတ်သွားလေသည်။ ထိုအချိန်မှာပင် ဝမ်းဆွဲသည်က ကလေးခေါင်း ထွက်လာပြီဟု ဝမ်းသာအားရ အော်ဟစ်လိုက်သည်။
သို့သော် နောက်တစ်စက္ကန့်တွင် ဝမ်းဆွဲသည်မှာ ကြောက်လန့်တကြားဖြင့် ကြမ်းပြင်ပေါ် ဖင်ထိုင်ကျသွားပြီး မျက်နှာတစ်ခုလုံး ဖြူဖျော့ကာ တုန်ရီသော အသံဖြင့် ပြောလိုက်သည်။
"မင်းသားလေး... မင်းသားလေးက အသက်မရှိတော့ဘူး..."
ကလေးသည် ဗိုက်ထဲတွင်အသက်ရှူကျပ်နေသည်မှာ ကြာမြင့်ပြီဖြစ်သည့်အပြင် မိခင်ဖြစ်သူ သွေးသွန်ထားသဖြင့် ဗိုက်ထဲမှာပင် အသက်ဆုံးရှုံးသွားခြင်းဖြစ်လေသည်။
သမားတော်က အပြင်သို့ သတင်းပို့လိုက်ရာ ယန်ရှိုးရီသည် ခြေမခိုင်တော့ဘဲ ယိုင်လဲသွားလေသည်။ ကံကောင်းထောက်မစွာဖြင့် အစေခံမလေးများ တွဲဖမ်းထားလိုက်သဖြင့် လဲကျမသွားခြင်း ဖြစ်သည်။
မိဖုရားခေါင်ကြီး၏အမူအရာမှာလည်း ရှုပ်ထွေးနေသည်။ ကလေးက မရှိတော့မှတော့ လူကြီးပါ ထပ်မဆုံးရှုံးစေရန် ရှချိုက်ရန်ကို မဖြစ်မနေ အသက်ရှင်အောင် ကယ်တင်ရန် အမိန့်ပေးလိုက်သည်။
အတွင်းခန်းထဲမှ ရှချိုက်ရန်သည် ထိုစကားကို ကြားလိုက်ရသည်အထိ တောင့်ခံထားပြီးနောက် နောက်ဆုံးတွင် သတိမေ့မြောသွားလေသည်။
သူမ၏အသက်ကိုတော့ ဆက်လက် ထိန်းသိမ်းနိုင်ခဲ့ပြီ။ ဤသည်မှာမိမိ၏သွေးသားရင်းကို ကိုယ်တိုင် သတ်ပစ်ပြီးမှ ရယူခဲ့ရသော အသက်ရှင်ခွင့်ဖြစ်သည်။
နောက်ပိုင်းတွင် သူမ၏ဗိုက်ထဲ၌ သေဆုံးသွားသော လစေ့နေပြီဖြစ်သည့် ကလေးငယ်ကို မည်သို့ ဆွဲထုတ်ယူခဲ့ရသည်ဆိုတာကို မည်သူမျှ သူမအား မပြောရဲကြတော့ပေ။
မွေးကင်းစ ကလေးငယ်၏ခန္ဓာကိုယ်မှာ နူးညံ့ပျော့ပျောင်းသဖြင့် အသေအရှင် မရွေးတော့ပါက လက်မောင်းကို ချိုးပြီး အတင်း ဆွဲထုတ်ယူလိုက်ရုံပင်။ သို့မှသာ မိခင်၏အသက်ကို ကယ်တင်နိုင်မည်ဖြစ်သည်။
ထိုမြင်ကွင်းကို မြင်ဖူးသူတိုင်း တစ်သက်လုံး မေ့နိုင်ကြမည် မဟုတ်ပေ။
လျန်ချောင်သည် ရှချိုက်ရန်ကိုပြုစုသော အစေခံအားလုံးကို အမိန့်ပေးထားသည်။ သခင်မလေးကို လုံးဝ ပြောပြခွင့် မရှိ၊ ပြောပြပါက ကြိမ်ဒဏ်ပေးပြီး သတ်ပစ်မည်ဟူ၍။
သူမသည် ပုံမှန်အားဖြင့် ရှချိုက်ရန်ကဲ့သို့ပင် နူးညံ့သိမ်မွေ့သူ ဖြစ်သော်လည်း ဒီနေ့တွင်မူ ပထမဆုံးအကြိမ်အဖြစ် ကြောက်မက်ဖွယ်ကောင်းသော မျက်လုံးများဖြင့် အမိန့်ပေးခဲ့ခြင်း ဖြစ်သည်။
ယန်ရှိုးရီသည် နည်းလမ်းပေါင်းစုံ ကြိုးစားခဲ့သော်လည်း နောက်ဆုံးတွင် ထိုကလေးကို မရရှိခဲ့ပေ။ ၎င်းမှာ မင်းသားလေး ဖြစ်လေသည်။
သူမသာ လောဘမကြီးဘဲ ရှချိုက်ရန်ကို ကလေးမွေးပြီးသည်နှင့် သေဆုံးစေရန် မကြံစည်ခဲ့ပါက ရှချိုက်ရန်လည်း ယခုအခြေအနေအထိ ရောက်အောင် လုပ်ခဲ့မည် မဟုတ်ပေ။
"စစ်ဆေးစမ်း... ဘယ်သူက အရှင်မင်းကြီးရဲ့ သွေးသားကို လုပ်ကြံရဲတာလဲဆိုတာစုံစမ်း၊ ပန်ကုန်း ဒီကိစ္စကို လွယ်လွယ်နဲ့ လွှတ်မပေးဘူး"
မိဖုရားခေါင်ကြီး စားပွဲကို ရိုက်ကာ ဒေါသတကြီး ပြောဆိုလိုက်သည်။
လစေ့နေပြီဖြစ်ပြီး မွေးဖွားခါနီး ကလေးတစ်ယောက် ရုတ်တရက် ဆုံးရှုံးသွားရခြင်းဖြစ်သည်။ အဖြေတစ်ခုခု မရပါက အရှင်မင်းကြီးကို မည်သို့ ရှင်းပြရမည်နည်း။
သို့သော် မည်သို့ပင် စစ်ဆေးပါစေ၊ ကလေးကတော့ ပြန်မရနိုင်တော့ပေ။
အခန်းထဲတွင် သွေးညှီနံ့များ လှိုင်နေပြီး အရာအားလုံး ပြီးဆုံးသွားပြီဖြစ်သည်။ မိဖုရားခေါင်ကြီးသည် စိတ်ရှုပ်ထွေးနေသဖြင့် လူအများကို ဆူပူကြိမ်းမောင်းကာ ပြန်လွှတ်လိုက်ပြီး သမားတော်ကို ရှချိုက်ရန်အား စောင့်ကြည့်ရန် ထားခဲ့ကာ ထွက်ခွာသွားလေသည်။
အရင်ဆုံး ထွက်ခွာသွားသော ယန်ရှိုးရီမှာ လိပ်ပြာလွင့်သွားသကဲ့သို့ ဖြစ်နေသည်။ ဝါးရင်းတုတ်နှင့် ရိုက်သလို ဖြစ်သွားသဖြင့် သူမ ဘယ်လိုလုပ်စိတ်မပျက်ဘဲနေပါ့မလဲ။
"ယန်ရှိုးရီရဲ့ ပုံစံကို ကြည့်ရတာ တစ်ခြားလူသာ မသိရင် ညည်းက ကလေးအမေလို့ ထင်ရလောက်တယ်"
ရှူးဖေးသည် ဘေးမှ ဖြတ်သွားရင်း လှောင်ပြောင်လိုက်သည်။
ယန်ရှိုးရီသည် ဒေါသထွက်နေချိန်ဖြစ်သဖြင့် အားမနာဘဲ ပြန်ပက်လိုက်သည်။
"အဲ့ဒီကလေးကို အရှင်မင်းကြီးက ဒီချန်းချဲ့ကို ပေးထားတာလေ။ ဒီချန်းချဲ့ကိုယ်တိုင် မမွေးရပေမဲ့ နှလုံးသားထဲက နာကျင်ရတာပဲ။ ရှူးဖေးမယ်မယ်ကရော ကိုယ့်ကလေးကို စိတ်ပူလို့ နန်းတော်ထဲ ပြန်လာခဲ့တာ မဟုတ်ဘူးလား။ မယ်မယ်က မိခင်တစ်ယောက် ဖြစ်နေတော့ ဒီခံစားချက်ကို ပိုနားလည်မှာပါ။ ဒါမှမဟုတ် မယ်မယ် နန်းတော်ပြန်လာတာက တခြားအကြောင်းရင်းများ ရှိနေလို့လား"
"ဟွန်း... ငါက သေချာပေါက် မင်းသမီးကြီးကို စိတ်မချလို့ ပြန်လာတာပေါ့" ရှူးဖေးက မျက်စောင်းထိုးလိုက်သည်။ "ကလေးမွေးတဲ့အမေရော၊ ကလေးထိန်းတဲ့အမေရော တစ်နေရာမှ မရလိုက်တဲ့ သူကများ ဒီမှာလာပြီး ဟန်ဆောင်မနေနဲ့။”
ထိုအချိန်တွင် ဝမ်သယ့်ဖေးလည်း ဖြတ်လျှောက်လာပြီး ပြုံးလျက် ဝင်ဖျန်ဖြေလေသည်။
"အစ်မတော်ရှူးဖေးကလည်း သူ့ကို ဘာလို့ ဖက်ပြိုင်ပြောနေတာလဲ။ ဘာပဲပြောပြော သူက တကယ် မိခင်မှ မဟုတ်တာ။ နှစ်ရက်လောက် ဝမ်းနည်းပြပြီးရင် အရှင်မင်းကြီး ပြန်လာတာနဲ့ လှလှပပ ပြန်နေပြတော့မှာပါ။ သနားစရာ ကောင်းတာက ရှချိုက်ရန်ပါပဲ။”
ဒါက ယန်ရှိုးရီ အသည်းနှလုံး မရှိဘဲ ဝမ်းနည်းဟန်ဆောင်နေခြင်းသာဖြစ်ကြောင်း သွယ်ဝိုက် လှောင်ပြောင်လိုက်ခြင်း ဖြစ်သည်။
ရှူးဖေးက သဘောပေါက်လိုက်ပြီး လိုက်ရယ်လေသည်။ "ဟုတ်သားပဲ၊ ကလေးဆိုတာ ကိုယ်တိုင်မွေးမှ ကိုယ်နဲ့ရင်းနှီးတာ"
ထိုနှစ်ယောက် အပေးအယူတည့်စွာ ပြောဆိုနေကြသည်ကို ကြားလိုက်ရသောအခါ ဒေါသထွက်နေသော ယန်ရှိုးရီ ပေါက်ကွဲသွားတော့သည်။
"ဝမ်ဖေး... ရှင်က ဒီမှာ စကားနိုင်လုနေမယ့်အစား ရှင့်ရဲ့ပထမမင်းသားကို သွားကြည့်လိုက်ပါဦး၊ မွေးလာပြီးမှ အဖတ်မတင်ဘဲ နေဦးမယ်။”
"ဖြောင်း..."
ပြတ်သားသော အသံတစ်ချက်နှင့်အတူ ဝမ်ဖေး၏လက်ဝါးသည် ယန်ရှိုးရီ၏ မျက်နှာပေါ်သို့ မဆိုင်းမတွ ကျရောက်သွားသည်။
"နင်က ဘာကောင်မမို့လို့ ပန်းကုန်းကို ရိုင်းရိုင်းစိုင်းစိုင်း ပြောရဲတာလဲ။ မင်းသားကို ကျိန်စာတိုက်ရဲတယ်ပေါ့လေ။ ပန်းကုန်းကြည့်ရတာ နင်က ပိုပိုပြီး စည်းကမ်းမဲ့လာတဲ့အပြင် စိတ်ဖောက်ပြန်နေပြီပဲ။ ဒီနေ့ နင့်ကို ပေါက်ဟွားနန်းဆောင်မှာ ခြောက်နာရီကြာ ဒူးထောက်ပြီး တရားစာရွတ်ဖို့ အပြစ်ပေးမယ်။ ပြီးရင် တရားစာ အခေါက်တစ်ရာ ကူးရေးပြီး စိတ်ငြိမ်အောင် ထားလိုက်။ ဒါက ရှချိုက်ရန်ရဲ့ ကလေးအတွက် ကုသိုလ်ပြုပေးတယ်လို့ သဘောထားလိုက်။ နင်က အဲ့ဒီကလေးကို သားရင်းလို သဘောထားပါတယ်ဆိုမှတော့ ဒီလောက်လေးတောင် မလုပ်ပေးနိုင်ဘူး မပြောနဲ့နော်။”
ဤပါးရိုက်ချက်က ယန်ရှိုးရီကို အနည်းငယ် အသိပြန်ဝင်လာစေသည်။ ခေါင်းငုံ့ထားပြီး ပြန်မပြောရဲတော့ပေ။
ရှူးဖေးနှင့် ဝမ်သယ့်ဖေး ထွက်ခွာသွားသောအခါ သူမသည် ပေါက်ဟွားနန်းဆောင်သို့ ထွက်ခွာသွားရလေသည်။
အခြားတစ်ဖက်တွင်မူ မိဖုရားခေါင်ကြီးသည် ဖုန်းရှီးနန်းဆောင်သို့ ပြန်ရောက်သည်နှင့် မယ်တော်ကြီးထံမှ လူလွှတ်ပြီး မေးမြန်းသည့် စကားများကို ကြားလိုက်ရသည်။
စကားလုံးတိုင်းက မိဖုရားခေါင်ကြီး၏နှာခေါင်းကို လက်ညှိုးထိုးပြီး အသုံးမကျဘူးဟု ဆူပူနေခြင်းနှင့် တူနေသည်။ မယ်တော်ကြီးသည် ဤအမည်းစက်ကို မိဖုရားခေါင်ကြီးအပေါ် ပုံချချင်နေသဖြင့် မိဖုရားခေါင်ကြီး ဒေါသထွက်လွန်း၍ သေလုမတတ်ဖြစ်ရသည်။
သို့သော် လောလောဆယ်တွင် နန်းတွင်းရေးကို ဂရုမစိုက်နိုင်သေးပေ။ ဤကဲ့သို့ ကိစ္စမျိုး ဖြစ်ပွားခဲ့သဖြင့် အရှင်မင်းကြီးထံ စာရေးပြီး လျှောက်တင်ရဦးမည်။
ဧကရာဇ် လုပ်ကြံခံရသော သတင်းသည်လည်း မြင်းစီးဆက်သားဖြင့် မြို့တော်သို့ အလျင်အမြန် ရောက်ရှိလာနေကြောင်း သူမ မသိသေးပေ။
ဤကိစ္စနှစ်ခုသည် တိုက်ဆိုင်စွာ ဆုံတွေ့သွားကြသဖြင့် လူအများကို သက်ပြင်းချစေခဲ့သည်။
......
ထိုအချိန်က နင်ချန်သည် သူ့ကလေးတစ်ယောက် ဆုံးရှုံးလိုက်ရသည်ကို မသိသေးပေ။ ယဲ့ယွင်ကို ကြည့်ရှုပြီးနောက် တဲမကြီးသို့ပြန်ကာ မူးမတ်များနှင့်အတူ အမှုစစ်ဆေးနေခဲ့သည်။
ညရောက်မှသာ ဖန်းရှိုးရီ သတိရလာပြီ ဆိုသည့် သတင်းကို ကြားရသဖြင့် ထရပ်ပြီး သွားကြည့်လေသည်။
***