← Chapters

အခန်း (၉၉-၁၀၀)

Vol. 7 Ch. 99-100

အခန်း (၉၉-၁၀၀)

Vol. 7 Ch. 99-100

အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC)-99

အခန်း ၉၉ ။ သင်ခန်းစာ ပေးခြင်း

"အရှင်မင်းကြီးကို ဂါရဝပြုပါတယ်"

နင်ချန် ဝင်လာသည်ကို မြင်သောအခါ ယောင်ရှန်းသည် ရုန်းကန်ထထိုင်ပြီး ဂါရဝပြုရန် ပြင်လေသည်။

"မင်းမှာ ဒဏ်ရာရှိနေတာပဲ။ ဓလေ့ထုံးတမ်းတွေကို ဂရုစိုက်မနေပါနဲ့။ မြန်မြန် ပြန်လှဲနေလိုက်၊ သမားတော် လာကြည့်သွားပြီးပြီလား။”

နင်ချန်သည် လက်ကိုမြှောက်ကာ သူမ၏ နောက်ပခုံးတစ်ဖက်ကို ဖွဖွလေး ထိန်းကိုင်ပေးပြီး ခေါင်းအုံးကို မှီစေလိုက်သည်။

ယောင်ရှန်း၏မျက်နှာပေါ်တွင် အားနည်းနေဟန်ဆောင်သော ရှက်သွေးဖြာမှုလေး အချိန်ကိုက် ပေါ်လာလေသည်။

"ဒီချန်းချဲ့ ဘာမှမဖြစ်ပါဘူး။ သမားတော်က ကောင်းကောင်း အနားယူရင် ရပြီလို့ ပြောပါတယ်။ ဒီချန်းချဲ့က အရှင်မင်းကြီးကိုပဲ စိတ်ပူနေတာ။ အခု အရှင်မင်းကြီး ဘာမှမဖြစ်ဘူးဆိုတာ တွေ့ရတော့မှ စိတ်အေးရတော့တယ်။”

"ကျန်း ဘာမှမဖြစ်ပါဘူး။ မင်း မြှားတစ်စင်း ဝင်ခံပေးလိုက်လို့သာ ကျန်း အသက်ဘေးက လွတ်ခဲ့ရတာ။ မင်းက ကျန်း ကျေးဇူးရှင်ပါပဲ"

ဤစကားမှာ ရင်ထဲမှ လာသော စကားစစ်စကားမှန် ဖြစ်သည်။

"အရှင်မင်းကြီး ဘေးကင်းဖို့ ကာကွယ်ပေးရတာ ဒီချန်းချဲ့ရဲ့တာဝန်ပါ။ အရှင်မင်းကြီး ဒီလိုမပြောပါနဲ့။ အရှင်မင်းကြီး ဘုန်းကံကြီးမားလို့သာ ဒီချန်းချဲ့က အရှင်မင်းကြီးအစား မြှားမှန်ပေးနိုင်ခဲ့တာပါ။ ပြီးတော့ ဒီလောက်အန္တရာယ်များတဲ့ အခြေအနေမှာ အသက်ရှင်ခွင့် ရခဲ့တာလေ။ ချီဝမ် ပြောပြလို့ သိရတာပါ။ အရှင်မင်းကြီးကိုယ်တိုင် ဒီချန်းချဲ့အတွက် မြှားနှုတ်ပေးခဲ့တယ်ဆို၊ ဒီချန်းချဲ့ရဲ့ အသက်ကို အရှင်မင်းကြီး ပေးတာပါ"

ယောင်ရှန်း၏စကားများသည် နင်ချန်ကို အချက်ပြလိုက်သလို ရှိလေသည်။ သူမသည် သူ့အတွက် အသက်စွန့်ပြီး မြှားကာပေးခဲ့သလို သူမ အသက်ရှင်နေရသည်မှာလည်း နင်ချန်ကြောင့်ဖြစ်ကြောင်း ပြောဆိုလိုက်ခြင်းဖြစ်ရာ ဤစကားများက လူတစ်ယောက်၏စိတ်ကို မလှုပ်ရှားစေဘဲ နေမည်မဟုတ်ပေ။

"ကဲပါ... မင်း အခု ဒဏ်ရာရထားတာဆိုတော့ မြန်မြန်သက်သာအောင်နေမှ ကျန်း စိတ်ချရမှာ။”

နင်ချန်က သူမ၏လက်ဖမိုးလေးကို ပုတ်ပေးလိုက်သည်။

"မင်းတော့ ပင်ပန်းရတော့မယ်၊ ဒီလိုကိစ္စမျိုး ဖြစ်ပျက်ခဲ့မှတော့ ကျန်း မြို့တော်ကို အမြန်ဆုံး ပြန်မှ ဖြစ်တော့မယ်။ လမ်းခရီးက ကြမ်းတမ်းတော့ မင်း ဒဏ်ရာအနာကျက်ဖို့ မလွယ်ကူမှာ စိုးရိမ်မိတယ်။ ဒါပေမဲ့ ကျန်း မင်းအတွက် သီးသန့်ယာဉ်တန်း စီစဉ်ပေးထားပါတယ်။ ဖြည်းဖြည်းချင်းပဲ ပြန်လာခဲ့ပေါ့"

"အရှင်မင်းကြီးရဲ့စေတနာကို ဒီချန်းချဲ့ နားလည်ပါတယ်။ ဒါပေမဲ့ မြင်းလှည်းစီးရတာ အဆင်မပြေစရာ မရှိပါဘူး။ ဒီလောက်ကြီး အထူးအခွင့်အရေး ယူမနေပါရစေနဲ့။ ဒီချန်းချဲ့က အရှင်မင်းကြီးနဲ့အတူ ခရီးဆက်ချင်ပါတယ်။ နန်းတော်ကိုစောစောရောက်တော့ စောစောအနားယူရတာပေါ့"

ယောင်ရှန်း ငြင်းပယ်လိုက်သည်။ ရက်တွက်ကြည့်မည်ဆိုလျှင် ရှမျိုးရိုး ကလေးမွေးလောက်ပြီ ဖြစ်သည်။ ဝမ်သယ့်ဖေး၏ကလေးလည်း မရှိတော့လောက်ပေ။

ဒီလို ပြဇာတ်ကောင်းမျိုးကို သူမ ပြန်သွားကြည့်ချင်သည်လေ။

နင်ချန်သည် သူမ၏အတွင်းစိတ်ကို မသိသဖြင့် ခေါင်းညိတ်လိုက်သည်။

"မင်းနဲ့ မင်ကျယ်ယွီ ပြောပုံချင်း တူနေပါလား။ ဒါဆိုလည်း အတူတူပဲ ပြန်ကြတာပေါ့"

ယဲ့ယွင်အကြောင်း ကြားလိုက်ရသည်နှင့် ယောင်ရှန်း၏မျက်ဝန်းများ အေးစက်သွားသည်။

ရုတ်ရုတ်သဲသဲဖြစ်နေချိန်တွင် သူမကို အပြတ်ရှင်းမပစ်လိုက်နိုင်သည်မှာ နှမြောစရာ ကောင်းလှသည်။

သို့သော် ဒီဘဝတွင် သူမ မြှားမှန်သည့်နေရာက ပို၍ အန္တရာယ်များပြီး အဆင့် ၄ ရှိုးရီ ရာထူးသို့ တိုက်ရိုက် တိုးမြှင့်ခံလိုက်ရသည်။ ယခင်ဘဝက ကျိုဖင် ကိုယ်လုပ်တော်များ၏ နောက်ဆုံးအဆင့် ရှိုးရုန် ရာထူးသာ ရခဲ့သည်နှင့်ယှဉ်လျှင် ကောင်းမွန်သော အပြောင်းအလဲဖြစ်သဖြင့် လောလောဆယ်ယဲ့ယွင်အား နောက်သို့ရွှေ့ထားရန်ဆုံးဖြတ်လိုက်သည်။

"အစေခံမလေးတွေ ပြောတာ ကြားတယ်။ ညီမလေးမင်ရဲ့ ကျောပြင်မှာ ဓားဒဏ်ရာ ရသွားတယ်ဆို ဒဏ်ရာကလည်း ကြောက်စရာကြီးတဲ့။ မိန်းကလေးဆိုတာ အသားအရေ နူးညံ့တာလေ။ အမာရွတ်ကျန်ခဲ့ရင် မကောင်းဘူး။ ဒီချန်းချဲ့ဆီမှာ အမာရွတ်ပျောက်ဆေးကောင်းကောင်း ရှိတယ်။ အရှင်မင်းကြီး... ညီမလေးမင်ကို ပေးလိုက်ပါဦး"

ပြောရင်းဖြင့် ချီဝမ်ကို ဆေးတစ်ဘူး သွားယူခိုင်းလိုက်လေသည်။

နင်ချန်သည် ဆေးဘူးကိုယူပြီး ထရပ်လိုက်သည်။ "ဒါဆို မင်း အနားယူတော့၊ ကျန်း မင်းကို မနှောင့်ယှက်တော့ဘူး။ ဒီဆေးကို မင်းအစား မင်ကျယ်ယွီဆီ ပေးလိုက်ပါ့မယ်"

ယောင်ရှန်း ခေါင်းညိတ်ပြီး နင်ချန် ထွက်ခွာသွားသည်ကို မျက်စိတစ်ဆုံး လိုက်ကြည့်နေလိုက်သည်။

"ဒီလောက် ကောင်းတဲ့ပစ္စည်းကို အဲ့ဒီမြေခွေးမလေး လက်ထဲ ထည့်ပေးလိုက်ရတာ နှမြောစရာကြီး" ချီဝမ်က မကျေမနပ်ပြောလိုက်သည်။

"ငါက အခု ရှိုးရီဖြစ်နေပြီလေ။ ဒီလောက် ပစ္စည်းလေး ပေးလိုက်တာ ဘာဖြစ်လဲ။ ငါ့ရဲ့ သဘောထားကြီးမှုကို အရှင်မင်းကြီး မြင်အောင်ပြလိုက်တာပါ" ယောင်ရှန်း အေးစက်စွာ ရယ်မောလိုက်ပြီး ဂရုမစိုက်သလို ပြောလိုက်သည်။

ချီဝမ် နှုတ်ခမ်းဆူလိုက်၏။ "မယ်မယ်က သဘောထားကြီးလွန်းတော့ ယဲ့မျိုးရိုး သက်သာသွားတာပေါ့။”

သို့သော် ဤပစ္စည်း ယဲ့ယွင်လက်ထဲရောက်သွားလျှင်လည်း ယဲ့ယွင် သုံးမည် မဟုတ်ပေ။

သူမသည် အလွန်သတိကြီးသူဖြစ်သဖြင့် ရင်းမြစ်မသေချာသော ပစ္စည်းများကို အနားကပ်ခံမည် မဟုတ်ပေ။ ပြီးတော့ သူမဆီမှာ ဆေးကောင်း မရှိတာမှ မဟုတ်ဘဲ။

........

နင်ချန်သည် ထိုညက ယဲ့ယွင် အနားယူသည်ကို အနှောင့်အယှက် ဖြစ်မည်စိုးသဖြင့် သွားမကြည့်ဖြစ်ဘဲ ဒုတိယနေ့မှသာ သွားရောက်လေသည်။

တဲထဲသို့ ဝင်လိုက်သောအခါ သူမသည် ကုတင်ပေါ်တွင် မှောက်လျက် ချင်မားမားနှင့် စကားပြောနေသည်ကို တွေ့လိုက်ရသည်။ ဆံပင်ကို သပ်သပ်ရပ်ရပ်ထုံးဖွဲ့ကာ ကျောက်စိမ်းဆံထိုးဖြင့် ထိုးထားပြီး အရောင်ဖျော့သော အိပ်ဝတ်စုံကို ဝတ်ဆင်ထားသည်။

ချင်မားမားနှင့် နန်ကျစ်တို့ ဧကရာဇ်ကို ဂါရဝပြုကြမှ ယဲ့ယွင် လှည့်ကြည့်လာသည်။

"ဒီချန်းချဲ့ နာလွန်းလို့ မထနိုင်တော့ဘူး။ အရှင်မင်းကြီးကို ဂါရဝမပြုနိုင်တော့တာ ခွင့်လွှတ်ပါနော်။ အရှင်မင်းကြီးလည်း ဒီလိုတွေကို ဂရုစိုက်မှာ မဟုတ်ပါဘူး၊ ထိုင်ပါဦး"

မိန်းမလှလေးသည် လက်ကမ်းကာ လှမ်းခေါ်လိုက်၏။ မျက်နှာလေးမှာ ဖြူဖျော့နွမ်းနယ်နေသော်လည်း မျက်ခုံးမျက်လုံးများက လှပနေဆဲပင်။

ဝမ်းနည်းပက်လက်အသွင်အပြင်က ပိုလှတယ်ဆိုတဲ့ စကားအတိုင်း ယဲ့ယွင်၏ယခုပုံစံနှင့် ဝတ်စားဆင်ယင်မှုမှာ အလွန်လိုက်ဖက်နေသည်။

နင်ချန်သည် သူမ၏စကားနှစ်ခွန်းသုံးခွန်းကြောင့် စိတ်ပေါ့ပါးသွားသလို ခံစားလိုက်ရပြီး ဒဏ်ရာရထားသည်မှာ ကိစ္စကြီးတစ်ခု မဟုတ်တော့သလိုပင်။

ကုတင်ဘေးတွင် ဝင်ထိုင်လိုက်ပြီး သူမလက်ကို ကျွမ်းကျင်စွာ ဆုပ်ကိုင်လိုက်သည်။

"မနေ့က ဆေးထည့်တုန်းက မင်း ငိုတယ်လို့ ကျန်း ကြားတယ်၊ အရမ်းနာလို့လား"

"နာတာပေါ့... အရမ်းနာတာပဲ။ ဒီချန်းချဲ့က အနာမခံနိုင်ဘူးဆိုတာ သိရဲ့သားနဲ့"

မပြောရင် တော်သေးသည်။ ပြောလိုက်သည်နှင့် ယဲ့ယွင် မျက်လုံးများ ရဲတက်လာသည်။ တစ်ဝက်က ဟန်ဆောင်ခြင်းဖြစ်ပြီး တစ်ဝက်က ချွဲခြင်းဖြစ်သည်။ နှုတ်ခမ်းလေး စူလိုက်သည်နှင့် မျက်ဝန်းလှလှလေးထဲတွင် မျက်ရည်ကြည်များ ပြည့်လျှံလာလေသည်။

ကြည့်ရသည်မှာ သနားစရာ ကောင်းလှသည်။

ယောင်ရှန်းက ဟန်ဆောင်တင်းခံပြပြီး တစ်ဖက်လူကို စိတ်မကောင်းဖြစ်စေသောနည်းကို သုံးလျှင် ယဲ့ယွင်ကမူ လူကို တကယ် ရင်ထဲကလာပြီး သနားချစ်ခငစေသောနည်းကိုသုံးတတ်သည်။

စိတ်မကောင်းဖြစ်ရုံ သက်သက် မဟုတ်ဘဲ ရယ်လည်း ရယ်ချင်၊ သနားလည်း သနား၊ အသည်းယားစရာလည်း ကောင်းနေစေသည်။

နင်ချန်သည် စိတ်ရှည်လက်ရှည်ဖြင့် လေသံအေးအေးလေးသုံးကာ သူမကို ချော့မော့လိုက်မှသာ ငြိမ်ကျသွားတော့သည်။

ဘေးနားမှ ချင်မားမားသည် မြင်ကွင်းကိုကြည့်ရင်း ဤမင်ကျယ်ယွီမှာ သာမန်မဟုတ်ကြောင်း ပို၍ သတိထားမိလာသည်။

သူမသည် ဧကရာဇ် ငယ်စဉ်ကတည်းက ပြုစုစောင့်ရှောက်လာခဲ့သူဖြစ်ရာ နင်ချန်သည် စိတ်ရှည်သည်းခံတတ်သူ မဟုတ်ကြောင်း သိသည်။ နှစ်ပေါင်းများစွာ မိဖုရားခေါင်ကြီးအပေါ်၌ပင် ဤမျှ စိတ်ရှည်သည်းခံခြင်း မရှိခဲ့ဖူးပေ။ ယခု မင်ကျယ်ယွီအပေါ်တွင်မူ အလွန်နူးညံ့သိမ်မွေ့နေသည်။

သို့သော် နန်ကျစ်၏ပုံစံကိုကြည့်ရသည်မှာ ဤအခြေအနေမျိုးက ပုံမှန်ဖြစ်နေပုံရသည်။

ယောက်ျားတစ်ယောက်ကို သူ့အလိုလို စိတ်ရှည်လာအောင်၊ ချော့မော့ချင်လာအောင် လုပ်နိုင်ခြင်းက စွမ်းရည်တစ်မျိုးပင်။

"အရှင်မင်းကြီး... ဒီကိစ္စ ဘယ်လိုဖြစ်ရတာလဲဆိုတာ စုံစမ်းလို့ ရပြီလားဟင်"

ယဲ့ယွင် ထထိုင်လိုက်ပြီး ခေါင်းအုံးကို ရင်ခွင်ထဲ ပွေ့ဖက်ကာ တစ်ဝက်မှီလျက် မေးလိုက်သည်။

ဒီအကြောင်း ပြောလိုက်သည်နှင့် နင်ချန်၏မျက်နှာထား တည်သွားလေသည်။

"ကျန်းကိုရော မင်းကိုပါ ဓားနဲ့ခုတ်တဲ့ ကိုယ်ရံတော်ကို မှတ်မိလား။”

ယဲ့ယွင် ခေါင်းညိတ်လိုက်သည်။ "မှတ်မိတာပေါ့၊ အရှင်မင်းကြီးသာ တုံ့ပြန်မှု မမြန်ရင် ဒီချန်းချဲ့က သူ့ဓားအောက်က တစ္ဆေ ဖြစ်သွားလောက်ပြီ"

ထိုလူကို မုန်းတီးမိသည်။ ကျောပေါ်က ဒဏ်ရာက ဘယ်လောက်ကြာမှ ပျောက်မလဲ မသိပေ။ တကယ် နာလွန်းသည်။

"သူက နင်ကျယ် နောက်လိုက်ဟောင်းရဲ့ သားပဲ။ သူ့အဖေက နင်ကျယ်ရဲ့ပုန်ကန်မှုမှာ ပါဝင်ပတ်သက်လို့ ကွပ်မျက်ခံခဲ့ရတာ။ အဲ့ဒါကို သူက အငြိုးထားပြီး ကျန်းကို လုပ်ကြံတာ။ ဒါပေမဲ့ သူသေသွားပါပြီ။ မြစ်ထဲမှာ အလောင်းပြန်တွေ့တယ်။ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားတာ"

နင်ချန်က တစ်လုံးချင်းပြောလိုက်ရာ မျက်ဝန်းထဲတွင် အေးစက်မှုများ ပြည့်နှက်နေသည်။

ယဲ့ယွင် မျက်လွှာချလိုက်သည်။ ဒါက နှစ်ပေါင်းများစွာ ဖုံးကွယ်ထားတဲ့ အမုန်းတရားဟောင်း တစ်ခုဖြစ်နေပြန်ပြီဟု တွေးလိုက်မိသည်။

မူလက ထိုလူသည် တော်ဝင်ကိုယ်ရံတော်ဖြစ်နေပြီး ငယ်ရွယ်သေးသဖြင့် အနာဂတ် ကောင်းမွန်နိုင်သော်လည်း အတိတ်က ရန်ငြိုးကို မစွန့်လွှတ်နိုင်ဘဲ ဒီလိုလုပ်ရပ်မျိုးလုပ်ခဲ့သဖြင့် တစ်ဘဝလုံး ပျက်စီးသွားရသည်၊ လက်စားလည်း မချေနိုင်ခဲ့ပေ။

လုပ်ကြံသူများ၏နောက်ခံအကြောင်း မေးမြန်းကြည့်ရာ ယဲ့ယွင်က ပြည်တွင်းပြည်ပ ပူးပေါင်းကြံစည်မှုဟု ထင်မှတ်ခဲ့သော်လည်း မဟုတ်ခဲ့ပေ။

ထိုမန်ချူးလူမျိုးအဖွဲ့သည် ခိုးကြောင်ခိုးဝှက် ဝင်ရောက်လာခြင်း ဖြစ်သည်။ နင်ချန် မြောက်ဘက် ကျားစခ်သို့ လာရောက် စစ်ဆေးမည့် သတင်းကို တိုင်းပြည်တစ်ခုလုံး သိကြသည်။ လျောင်နိုင်ငံကလည်း သိသဖြင့် နည်းလမ်းပေါင်းစုံသုံးကာ ဤလူများကို အသုတ်လိုက်ခွဲပြီး နန်ချီထဲသို့ ပို့ဆောင်ခဲ့ခြင်း ဖြစ်သည်။

ပုန်းအောင်းနေရင်း မြစ်ကမ်းဘေးတွင် နေရာပြင်ဆင်နေသည်ကို တွေ့ရှိသွားပြီး နင်ချန် လာမည်ကို တွက်ဆကာ ခြုံခိုတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

လျောင်နိုင်ငံအနေဖြင့် နင်ချန်ကဲ့သို့ ထီးနန်းတက်ခါစ ဧကရာဇ်သည် ငယ်ရွယ်လွန်းပြီး ကွယ်လွန်သွားသော ဧကရာဇ်ဟောင်းလောက် စစ်ရေးကျွမ်းကျင်မည် မဟုတ်ဟု ယူဆထားသည်။ အကယ်၍သာ လုပ်ကြံမှုအောင်မြင်ခဲ့လျှင် နန်ချီကို အကြီးအကျယ် ထိခိုက်စေနိုင်ပြီး အခွင့်ကောင်းယူကာ ဝင်ရောက်တိုက်ခိုက်နိုင်သည်။ မအောင်မြင်လျှင်လည်း လူအနည်းငယ် ဆုံးရှုံးရုံသာ ရှိသည်။

ယခု ပြည်တွင်းပြည်ပ ပူးပေါင်းမှု မဟုတ်ကြောင်း သေချာသွားသဖြင့် နင်ချန် အနည်းငယ် စိတ်သက်သာရာ ရသွားသည်။

လူဆိုသည်မှာ ကိုယ့်ဘေးနားကလူ သစ္စာဖောက်ခြင်းကို လက်မခံနိုင်ဆုံးပင် မဟုတ်လား။

နင်ချန်သည် မြို့တော်သို့ အမြန်ပြန်ရန် ပြင်ဆင်နေသလို လျောင်နိုင်ငံကိုလည်း တစ်ခုခုပြန်လုပ်ရန် ဆုံးဖြတ်လိုက်သည်။

နှစ်မကုန်ခင်က လင်ကျိုးနယ်စပ် မြို့ငယ်လေးကို ဝင်ရောက်တိုက်ခိုက်ခဲ့သည်။ ယခု သူ့ကို လုပ်ကြံရန် လူလွှတ်လိုက်ပြန်သည်။ သူ့ကို ပျော့ညံ့သည်ဟု ထင်နေကြပုံရသည်။

လျောင်နိုင်ငံကို သင်ခန်းစာ ပေးရမည့အချိန် ရောက်ပြီဖြစ်သည်။ အမှန်တော့ ယဲ့ကျယ်သည် ဒီနေ့ နေ့လယ်တွင် လင်ကျိုးသို့ ထွက်ခွာတော့မည်ဖြစ်ကာ ယဲ့ယွင်ကိုတော့ မပြောပြရသေးသည့်အတွက် လာပြီး နှုတ်ဆက်လိမ့်မည်ဟု ထင်ရသည်။

***

အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC)-100

အခန်း ၁၀၀ ။ မသင်္ကာဖွယ်ရာများ

ထင်ထားသည့်အတိုင်းပင် နင်ချန် ထွက်သွားပြီး နာရီဝက်ပင် မကြာမီ ယဲ့ကျယ် ရောက်ရှိလာသည်။

ခရီးအလျင်အမြန် ဆက်ရမည်ဖြစ်သဖြင့် မောင်နှမနှစ်ယောက်မှာ စကားအများကြီး မပြောနိုင်ကြပေ။ သို့သော် တစ်ယောက်ကိုတစ်ယောက် အလွန်စိတ်ပူနေကြသည်။

အထူးသဖြင့် ယဲ့ကျယ်သည် ညီမလေးကို ကောင်းမွန်စွာ မစောင့်ရှောက်နိုင်ခဲ့သည့်အတွက် သူ့ကိုယ်သူ အပြစ်တင်နေမိ၏။

သို့သော် ယဲ့ယွင်က သူ့ကို အချိန်အတော်ကြာနှစ်သိမ့်ပေးပြီး ကိုယ်တိုင်ချုပ်ထားသော ဖိနပ်တစ်ရန်ကိုလည်း ထည့်ပေးလိုက်လေသည်။ ဤသည်က ယဲ့ကျယ်ကို အောင်မြင်မှုများ မြန်မြန်ရယူကာ ညီမလေးအတွက် အားကိုးရာဖြစ်လာချင်စိတ် ပိုမိုပြင်းပြစေသည်။

မောင်နှမနှစ်ယောက်သည် နေ့လယ်စာ အတူစားပြီးမှ လမ်းခွဲကြသည်။

ယဲ့ကျယ်သည် ပေါင်တွင် ဒဏ်ရာရထားသဖြင့် မြင်းစီး၍ အဆင်မပြေသောကြောင့် မြင်းလှည်းဖြင့်သာ လိုက်ပါရသည်။ ယဲ့ယွင်က သူ့မြင်းလှည်းပေါ်တွင် မွေ့ရာနှစ်ထပ် ထပ်ခင်းပေးထားရန် အထူးမှာကြားထားသည်။

မြင်းစီးလျှင် ပိုမြန်ပြီး နေ့ဝက်ဖြင့် လင်ကျိုးသို့ ရောက်နိုင်သော်လည်း မြင်းလှည်းဖြင့်သွားလျှင် တစ်ရက်ခန့် ကြာပေမည်။ သို့သော် သက်သောင့်သက်သာ လိုက်ပါနိုင်ခြင်းက ပိုကောင်းသည်။

လွန်ခဲ့သော နှစ်ရက်အတွင်း နင်ချန်သည် အလွန်အလုပ်ရှုပ်နေသည်။ လုပ်ကြံမှုနှင့် ပတ်သက်ပြီး အဖြေထွက်လာပြီ ဖြစ်သော်လည်း ဒီအတိုင်း လွှတ်ထား၍ မရပေ။ စခန်းတစ်ခုလုံးကို ရှာဖွေစစ်ဆေးပြီး နောက်ထပ် မတော်တဆမှုများ မဖြစ်စေရန် လုပ်ဆောင်ရသည်။

နောက်ထပ် လုပ်ကြံမှုတစ်ခုထပ်ဖြစ်လျှင် အသက်အန္တရာယ်ရှိနိုင်သည်။

ထို့အပြင် ဖန်းရှိုးရီနှင့် ယဲ့ယွင်တို့၏ဒဏ်ရာများမှာ ပြင်းထန်ပြီး ကိုယ်ပူချိန် တက်လာခဲ့သည်။ လိုက်ပါလာသော သမားတော်များတွင် ဆေးဝါးလုံလောက်မှုမရှိသဖြင့် လက်မှိုင်ချနေရသည်။ ယန်ပေါင်လင်မှာလည်း ကိုယ်ဝန်ရှိနေစဉ် ကိုယ်ဝန်ထိခိုက်သွားသဖြင့် အလွန်အားနည်းနေသည်။

အလာခရီးစဉ်တုန်းက တက်ကြွကာလူတိုင်းပျော်ရွှင်နေခဲ့ကြသော်လည်း ယခုအပြန်ခရီးသည် ဆန့်ကျင့်ဘက်ဖြစ်နေခဲ့သည်။

နောက်ဆုံးတွင် နှစ်ရက်အကြာတွင် ခရီးထွက်ရန် ဆုံးဖြတ်လိုက်သည်။ လမ်းတွင် ရပ်နားခြင်း မရှိဘဲ တဆက်တည်းမောင်းနှင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ နေ့ညမနား ခရီးနှင်မည် မဟုတ်သော်လည်း လာတုန်းကထက် ပို၍မြန်မည်ဖြစ်သည်။

ယဲ့ယွင်သည် ဆေးလဲပြီးခါစ ဖြစ်သဖြင့် အလွန် နာကျင်နေပြီး ဖျားလည်း ဖျားနေရာ နေထိုင်မကောင်း ဖြစ်နေသည်။

နန်ကျစ်နှင့် ချင်မားမားတို့မှာ သူမကို ကြည့်ပြီး စိတ်မကောင်းဖြစ်နေကြသည်။

သူမ၏အသားအရေမှာ ဖြူဝင်းနူးညံ့ရာ ပခုံးမှ ခါးအထိ ရှည်လျားသော ဓားဒဏ်ရာမှာ အလွန် ထင်ရှားနေသည်။ သိပ်

မနက်သော်လည်း အားပါပါ ခုတ်လိုက်

သဖြင့် အသားများ ကွဲအက်သွားစေသည်။

ယခုအချိန်တွင် ဒဏ်ရာမှာ နီရဲရောင်ရမ်းနေပြီး ဘေးပတ်လည်ရှိ အသားများပါ ရောင်ကိုင်းနေသဖြင့် မထိရဲအောင်ပင် ဖြစ်နေသည်။

ယဲ့ယွင်က အငိုသန်သူ မဟုတ်သော်လည်း သည်းမခံနိုင်အောင် နာကျင်သဖြင့် ဆေးလဲတိုင်း ငိုမိသည်။ ၎င်းမှာ နာကျင်မှုကြောင့် အလိုအလျောက်ကျလာသော မျက်ရည်များပင်။

ထို့အပြင် မှောက်ပြီးသာ အိပ်ရသဖြင့် ရင်ဘတ်အောင့်လာသည်။ ဘေးစောင်းအိပ်ချင်သော်လည်း ဒဏ်ရာကို ထိခိုက်မိသဖြင့် လက်လျှော့လိုက်ရသည်။

ဆေးလဲလိုက်တိုင်း သေမလို ခံစားရပြီး ထုံကျင်သွားသည်။

"ကျယ်ယွီ သည်းခံပါနော်။ သမားတော်က ပြောတယ်၊ ဒီဆေးက အာနိသင်ကောင်းတော့ ခြောက်ရက် ခုနစ်ရက်လောက်ဆို အသားပြန်တက်လာမှာပါတဲ့။ နန်းတော်ပြန်ရောက်ရင် အများကြီး သက်သာသွားမှာပါ" နန်ကျစ်က ချော့မော့လိုက်သည်။

ကံကောင်းသည်မှာ ယခုအချိန်သည် နွေဦးရာသီဖြစ်သဖြင့် အပူချိန်သင့်တင့်မျှတပြီး ဒဏ်ရာမပုပ်လွယ်ဘဲ အနာကျက်မြန်စေသည်။

"ဒီခရီးစဉ်က တကယ့်ကို ဒုက္ခရောက်တာပဲ" ယဲ့ယွင် ခေါင်းမူးနေသော်လည်း စိတ်ထဲတွင် စွဲနေသော ကိစ္စတစ်ခုကို ဖွင့်ပြောလိုက်သည်။ "ငါ အခုချိန်ထိ ငါ့ကို ဓားနဲ့ခုတ်တဲ့ ကိုယ်ရံတော်အကြောင်း တွေးမိနေတုန်းပဲ။ ဘာလို့မှန်းမသိဘူး၊ သူက ငါ့ကို ရည်ရွယ်ပြီး လုပ်သလို ခံစားနေရတယ်။ မဟုတ်ရင် ဘာလို့ အရှင်မင်းကြီးကို တိုက်ရိုက်မခုတ်တာလဲ။”

အဲဒီဓားချက်က တကယ်ကို အသေသတ်မယ့် ဓားချက်ပဲလေ။

ချင်မားမား စဉ်းစားပြီး ပြန်ပြောလိုက်သည်။ "အရှင်မင်းကြီးက ကျယ်ယွီကို ချစ်မြတ်နိုးတာ မြင်လို့ ကျယ်ယွီကိုပါ တစ်ခါတည်း သတ်ပစ်ချင်တာ ဖြစ်နိုင်တာပဲ။”

ထိုအကြောင်းပြချက်သည် လက်ခံနိုင်စရာဖြစ်သော်လည်း ယဲ့ယွင် စိတ်ထဲတွင် တမျိုးကြီး ခံစားနေရသေးသည်။

ဒါပေမဲ့ ထိုလူက သေသွားပြီဆိုတော့ စစ်ဆေးလို့လည်း မရတော့။

ဒါ့အပြင် ဘယ်သူကများ သူ့ကို သေစေချင်ရမှာလဲ။ ပြီးတော့ ဒီလိုအချိန်မျိုးမှာ ကွက်တိ စီစဉ်ထားသလိုမျိုး ဖြစ်နေသည်။ လုပ်ကြံမှုကို ကြိုသိနေသည့် အတိုင်းပင်။

(T/N - မင်မင်တောင် ယဲ့ယွင်လောက်မစဉ်းစားတတ်ခဲ့ဘူး😭)

ထိုအကြောင်း တွေးမိသည်နှင့် ယဲ့ယွင်၏မျက်ဝန်းများ စူးရှသွားပြီး လိုက်ပါလာသော ကိုယ်လုပ်တော်များကို စဉ်းစားမိလိုက်သည်။

သို့သော် တစ်ယောက်ပြီး တစ်ယောက် စဉ်းစားကြည့်သော်လည်း ဘယ်သူမှ မဖြစ်နိုင်သဖြင့် နောက်ဆုံးတွင် ကိုယ့်ဘာသာ အတွေးလွန်နေသည်ဟု မှတ်ယူလိုက်သည်။

ထိုကိုယ်ရံတော်ကြောင့် စိတ်ဒဏ်ရာရသွားခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။ အသက်ဘေးနှင့် ကြုံခဲ့ရသည် မဟုတ်လား။

သူမနှင့်ယှဉ်လျှင် ယောင်ရှန်းက သက်သာသည်။ သူမ၏ဒဏ်ရာက နက်သော်လည်း ဧရိယာ ကျဉ်းသည့်အတွက် လက်မောင်း လှုပ်ရှား၍ မရသည်မှလွဲလျှင် လမ်းလျှောက်သွားလာနိုင်ပေသည်။

သို့သော် သူမလည်း ဖျားနေသဖြင့် မလှုပ်ချင်မကိုင်ချင် လဲလျောင်းနေရသည်။

တတိယမြောက် ဂရုစိုက်ခံရသူမှာ ယန်ပေါင်လင်ဖြစ်ပြီး အသက်သာဆုံးဖြစ်သည်။

နင်ချန်က သူမကို ပြုစုစောင့်ရှောက်ရန် လူသီးသန့် ထားပေးခဲ့သည်။ သူမမှာ ဒဏ်ရာမရဘဲ ကိုယ်ဝန်ထိခိုက်ရုံသာဖြစ်သဖြင့် ဆေးသောက်လျှင် သက်သာသွားမည်။

ကျင်းဖေးနှင့် လင်ကျယ်ယွီတို့တွင် ကိုယ်ပိုင်အကြံအစည်များ ရှိကြသော်လည်း ယခုအချိန်တွင် မည်သူမျှ မလှုပ်ရှားရဲကြပေ။

နောက်ဆုံးတွင် မြို့တော်သို့ ပြန်မည့်ရက် ရောက်လာခဲ့သည်။ လာတုန်းက လူများအပြင် စုဝမ်ရုန် တစ်ယောက် ထပ်တိုးလာသည်။

ကိစ္စများစွာ ဖြစ်ပျက်ခဲ့သဖြင့် လူတိုင်း ငြိမ်ကုပ်နေကြပြီး ယွီကျိုးအထိ အဆင်ပြေပြေရောက်ရှိလာခဲ့သည်။

သို့သော် ယွီကျိုးရောက်သည်နှင့် နင်ချန်သည် မိဖုရားခေါင်ကြီးထံမှ စာကို လက်ခံရရှိပြီး ရှချိုက်ရန်၏ကိစ္စကို သိလိုက်ရသည်။

ကျန်းမာစွာ မွေးဖွားလာတော့မည့် မင်းသားလေးသည် တစ်မနက်အတွင်း လုပ်ကြံခံလိုက်ရပြီး သေဆုံးသွားခဲ့သည်။ နင်ချန်သည် မြင်းလှည်းထဲတွင် စကားတစ်ခွန်းမျှ မပြောဘဲ ထိုင်နေပြီး တစ်ကိုယ်လုံးမှ ထွက်ပေါ်နေသော အရှိန်အဝါက ကြောက်မက်ဖွယ် ကောင်းလှသည်။

"မိဖုရားခေါင်ကြီးဆီ အကြောင်းပြန်လိုက်... ဘယ်လိုပဲဖြစ်ဖြစ် ကျန်း ရှင်းလင်းချက်တစ်ခုလိုချင်တယ်။ နောက်ပြီး ရှချိုက်ရန်က သူများလုပ်ကြံတာ ခံရပြီး သားသမီး ဆုံးရှုံးလိုက်ရတဲ့အတွက် ဝမ်ရုန်ရာထူး တိုးမြှင့်ပေးလိုက်တယ်။ တရားခံအစစ်ကိုရှာတွေ့ရင် ချက်ချင်းဖမ်းဆီးပြီး အကျဉ်းချထားလိုက်။ ကျန်းကိုယ်တိုင် စစ်ဆေးစီရင်

မယ်။”

ယွမ်ကျို အမိန့်နာခံပြီး မြို့တော်သို့ စာပို့ရန် အမြန် စီစဉ်လိုက်သည်။

ထိုအချိန်တွင် နင်ချန်သည် မည်သို့မျှ ထိုင်မနေနိုင်တော့ဘဲ ရင်ထဲတွင် ဒေါသများ တောက်လောင်နေသလို ခံစားနေရသည်။

အတော်ကြာမှ မြင်းလှည်းပေါ်မှဆင်းပြီး ယဲ့ယွင်၏မြင်းလှည်းပေါ်သို့ တက်သွားလေသည်။

သူရောက်လာသောအခါ နန်ကျစ်သည် နောက်ဘက်ရှိ အစေခံများ၏မြင်းလှည်းပေါ်သို့ ပြောင်းရွှေ့သွားပြီး ယွမ်ကျိုသာ အပြင်ဘက်တွင် စောင့်ကျန်ရစ်ခဲ့သည်။

"အရှင်မင်းကြီး ဘာလို့ ရောက်လာတာလဲ။ ဒီချန်းချဲ့က ကောင်းကောင်း မလှုပ်ရှားနိုင်လို့ ခွင့်လွှတ်ပါနော်။ စားပွဲပေါ်မှာ လက်ဖက်ရည်နဲ့ မုန့်တွေ ရှိပါတယ်။ အရှင်မင်းကြီး သုံးဆောင်ပါ" ယဲ့ယွင် တိုးတိုးလေး ပြောလိုက်သည်။

သူမ အဖျားကျကာစဖြစ်သဖြင့် အားမရှိဘဲ အသံက အနည်းငယ် အက်နေသော်လည်း နူးညံ့ချိုသာနေသဖြင့် နင်ချန်၏စိတ်အနှောင့်အယှက်ဖြစ်မှုကို အတိုင်းအတာ တစ်ခုအထိ ပြေလျော့သွားစေသည်။

"မင်း ဒဏ်ရာ သက်သာရဲ့လား" နင်ချန် ထိုင်လိုက်ပြီး မေးလိုက်သည်။

ယဲ့ယွင် ခေါင်းညိတ်လိုက်၏။

"ရောင်တာတော့ တဖြည်းဖြည်း ကျလာပါပြီ။ ဒါပေမဲ့ နာတုန်းပဲ၊ အရှင်မင်းကြီးက ဒီချန်းချဲ့အကြောင်းပဲ ပြောမနေပါနဲ့။ အရှင်မင်းကြီးမှာ စိတ်ညစ်စရာရှိနေပုံရတယ်။ ဒီချန်းချဲ့ကို ပြောပြချင်လား။”

ဒီခွေးဧကရာဇ် လေထုဖိအားမကောင်းနေတာကို မြင်းလှည်းထဲ ဝင်လာကတည်းက သူမ ခံစားမိနေသည်။

နင်ချန် ခဏတာ တိတ်ဆိတ်နေပြီးမှ တိုးတိုးလေး ပြောလိုက်သည်။ "ရှချိုက်ရန်ရဲ့ကလေး ဆုံးသွားပြီ"

"ဆုံးသွားပြီ ဟုတ်လား" ယဲ့ယွင် အံ့သြသွားသည်။ "တွက်ကြည့်ရင် မွေးရမယ့်အချိန် ရောက်နေပြီလေ၊ ဘယ်လိုဖြစ်တာလဲ"

သူ စိတ်ညစ်နေတာ အံ့သြစရာ မဟုတ်ပေ။ ရှေ့က ကိုယ်တိုင်မတော်တဆ၊ နောက်က မွေးခါနီး ကလေး ဆုံးရှုံးလိုက်ရဆိုတော့ ဘယ်သူမဆို ခံစားရမှာအမှန်အကန်ပင်။

နင်ချန်သည် ရင်ဘတ်ထဲမှ မိဖုရားခေါင်ကြီး ပေးပို့သော စာကို ထုတ်ပြီး သူမကိုပေးလိုက်သည်။

ဖတ်ပြီးနောက် ယဲ့ယွင်လည်း စိတ်မကောင်းဖြစ်သွားသည်။

ခေတ်ပညာတတ် တစ်ယောက်အနေဖြင့် အပြစ်မဲ့ကလေးငယ်ကို သတ်ဖြတ်သည့် လုပ်ရပ်ကို သူမ လက်မခံနိုင်ပေ။

စာထဲတွင် ကလေးက ဗိုက်ထဲမှာပင် သေဆုံးသွားကြောင်း၊ ခေါင်းထွက်လာချိန်တွင် အသက်မရှိတော့ကြောင်း၊ ရှချိုက်ရန်၏အသက်ကို ကယ်တင်ရန်အတွက် ကြည့်မကောင်းသော နည်းလမ်းများသုံးပြီး အသေကောင်ကို ထုတ်ယူခဲ့ရကြောင်းပါရှိသည်။

သို့သော် ရှချိုက်ရန်သည်လည်း အကြီးအကျယ် ထိခိုက်သွားသဖြင့် နောင်တွင် ကိုယ်ဝန်ထပ်ရရန် မဖြစ်နိုင်တော့ပေ။

အကိုက်အခဲပျောက်ဆေးနှင့် မေ့ဆေး မရှိသော ဤခေတ်တွင် ဘယ်လောက် နာကျင်လိုက်မလဲ။ အရေးကြီးတာက နာကျင်တာကို ခံစားပြီးမှ ကလေးကို မရလိုက်ခြင်းက အရိုးခွဲစိတ်သကဲ့သို့ နာကျင်မှုထက်ပင် ဆိုးရွားလှသည်။

ယဲ့ယွင် စာကိုဘေးဖယ်လိုက်ပြီး မျက်မှောင်ကြုတ်ကာပြောလိုက်သည်။

"ဒီလောက် ရက်စက်တာ၊ ရှချိုက်ရန်နဲ့ ဘယ်လောက်တောင် အမုန်းတရား ကြီးမားနေလို့လဲ။ ဒါပေမဲ့ ဒီလို အဆိပ်ခတ်ရဲတယ်ဆိုတော့ စစ်ဆေးဖို့လည်း မလွယ်လောက်ဘူး"

"အနောက်ဆောင်က ကိုယ်လုပ်တော်တွေထဲမှာ ဒီလောက် ယုတ်မာတဲ့သူရှိနေတာ ကျန်း ရွံရှာမိတယ်" နင်ချန် အေးစက်စွာ ပြောလိုက်သည်။

"ဒါပေမဲ့ စာထဲမှာ မိဖုရားခေါင်ကြီးက ပြောထားတယ်။ ကလေးက အရမ်းကြီးနေလို့ မွေးရခက်တာတဲ့။ နေ့တိုင်း ရှချိုက်ရန်ကို စမ်းသပ်ပေးနေတဲ့ သမားတော်တွေက ဘာလုပ်နေကြတာလဲ။ ရှချိုက်ရန်က သားဦးမို့လို့ မသိရင်တောင် သူတို့က မသိကြဘူးလား။”

အတွင်းရေးအရှုပ်အထွေးများကို သိဖူးသူပီပီ ယဲ့ယွင်က ထောက်ပြလိုက်သည်။

ရှချိုက်ရန် တစ်ယောက်တည်းအတွက် မဟုတ်ဘဲ နန်းတွင်းထဲတွင် အဆိပ်ပြင်းမြွေဟောက်တစ်ကောင် ခိုအောင်းနေသည်ကို သတိပေးလိုက်ခြင်းဖြစ်သည်။ တစ်နေ့ကျရင် သူမအလှည့် ရောက်လာနိုင်သည် မဟုတ်လား။

နင်ချန် သတိဝင်သွားပြီး စိတ်ရှုပ်ထွေးသွားသည်။

ဒီကိစ္စမှာ သံသယဖြစ်စရာတွေ အများကြီး ရှိနေသည်။

ညစ်ညမ်းသောအရာများက ရှချိုက်ရန် ပါးစပ်ထဲ ဘယ်လို ရောက်သွားတာလဲ။ ဝမ်းဗိုက်ထဲကကလေးအား အလွန်အမင်း ကြီးထွားလာတာက တစ်ယောက်ယောက် တမင်လုပ်တာလား။ ဒီအရာတွေကို နန်းတော် ပြန်ရောက်မှ ဖြည်းဖြည်းချင်း စစ်ဆေးရတော့မည်။

(T/N - ကလေးအရမ်းကြီးရင်မွေးရခက်တာလားဆိုတာကတော့ မင်မင်လည်းသေချာမသိပါဘူး။ ဒါပေမဲ့ ဒီအပိုင်းထိစာစစ်ပြီး သက်ပျင်းချမိတာတော့ အမှန်ပဲ။ )

***

All Chapters