← Chapters

အခန်း (၁၀၇-၁၀၈)

Vol. 7 Ch. 107-108

အခန်း (၁၀၇-၁၀၈)

Vol. 7 Ch. 107-108

အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC)-107

အခန်း ၁၀၇ ။ ဘာအတွက်လဲ

နဂါးလှေပွဲတော်အတွက် တော်ဝင်စားသောက်ပွဲတွင် ဆွေတော်မျိုးတော်များ စုဝေးရောက်ရှိကြပြီး ဧကရာဇ်က လောလောလတ်လတ်ဒုတိယမင်းသမီးလေးရရှိထားသဖြင့် စကားပြောစရာ ခေါင်းစဉ်များ ပိုမိုများပြားနေခဲ့သည်။

အများစုမှာ ချီးမွမ်းစကားများနှင့် နားဝင်

ချိုသော စကားများဖြစ်သည်။

မယ်တော်ကြီးနှင့် ထိုက်ကွေ့ဖေးတို့ပင် အတူတူထိုင်ပြီး စကားပြောနေကြရာ မသိသူများအဖို့ ညီအစ်မနှစ်ယောက် ဆက်ဆံရေးကောင်းမွန်သည်ဟု ထင်ရလောက်သည်။

မကြာမီ ဧကရာဇ်နှင့် မိဖုရားခေါင်ကြီးတို့ လက်တွဲ၍ ဝင်ရောက်လာကြရာ ဇနီးမောင်နှံနှစ်ဦးမှာ သံယောဇဉ်ကြီးမားပုံရသည်။

မနေ့ညက နင်ချန်သည် ချူရှို့နန်းဆောင်တွင် ညအိပ်ခဲ့သော်လည်း ဒီမနက်တွင် ဖုန်းရှီးနန်းဆောင်သို့ ကိုယ်တိုင်သွားရောက်ကာ မိဖုရားခေါင်ကြီးကို ကြိုဆိုခဲ့ခြင်းက မိဖုရားခေါင်ကြီးအား အလေးထားကြောင်း ပြသရာရောက်သည်။

အခြားကိုယ်လုပ်တော်များကို မည်မျှပင် ချစ်မြတ်နိုးပါစေ၊ မိဖုရားခေါင်ကြီး၏နေရာသည် မည်သည့်အခါမျှ ယိမ်းယိုင်မည် မဟုတ်ပေ။

နှစ်ဦးသား ထိုင်လိုက်သည်နှင့် အပြင်ဘက်မှ မိန်းမစိုးတစ်ဦး၏အော်သံ ထွက်ပေါ်လာသည်။

"သယ်ထိုက်ဖေးနဲ့ ဒုတိယမင်းသမီး ကြွလာပါပြီ"

အသံဆုံးသည်နှင့် ကျောက်စိမ်းရောင် နန်းတွင်းဝတ်စုံကို ဝတ်ဆင်ထားသော အမျိုးသမီးကြီးတစ်ဦးသည် သူမနှင့် ရုပ်ချင်း ခြောက်ဆယ်ရာခိုင်နှုန်းခန့် တူသော မိန်းကလေးတစ်ဦးကို ခေါ်ဆောင်ကာ ဝင်ရောက်လာသည်။

"မယ်တော်ကြီးနဲ့ ထိုက်ကွေ့ဖေးကို ဂါရဝပြုပါတယ်" သယ်ထိုက်ဖေးက လက်ထဲတွင် ပုတီးတစ်ကုံးကို ကိုင်ထားလျက် ဒူးညွှတ်အရိုအသေပြုလိုက်သည်။

သူမသည် လူကြီးသူမ ဖြစ်သဖြင့် ဧကရာဇ်နှင့် မိဖုရားခေါင်ကြီးကို ဂါရဝပြုရန် မလိုပေ။

"အပြင်ထွက်လာတာ ရှားရှားပါးပါးပဲ၊ ထိုင်ပါဦး" မယ်တော်ကြီးက ပြုံးလျက် လက်ကာပြလိုက်သည်။

သယ်ထိုက်ဖေးသည် စကားနည်းသူ ပီပီ ဒူးညွှတ်အရိုအသေပြုပြီး သမီးငယ်လေးကိုခေါ်ကာ ဝင်ထိုင်လိုက်သည်။

ယဲ့ယွင်က ဘေးမှကြည့်နေရင်း စစ်တိုက်ရတာ ကြိုက်နှစ်သက်သော ဧကရာဇ်ဟောင်းကို ပြန်တွေးမိလိုက်သည်။ ဒီဒုတိယမင်းသမီး နင်လင်ကတော့ သူမ၏မိခင်နှင့် ပိုတူပုံရသည်။ သူမ၏အစ်မ မင်းသမီးနင်ကျင်းကတော့ ပျော်ပျော်နေတတ်သူ ဖြစ်သည်။

"လင်အာက အခု ပိုပြီး လှပကျော့ရှင်းလာပါလား၊ နောင်ကျရင် ဘယ်အိမ်က သားရှင်က ကံကောင်းမလဲ မသိဘူး" ထိုက်ကွေ့ဖေးက ပြုံးလျက် ချီးကျူးလိုက်သည်။

မယ်တော်ကြီးလည်း ခေါင်းညိတ်လိုက်သည်။ "ဟုတ်တယ်... လင်အာက အခု ၁၆ နှစ်တောင် ရှိနေပြီ၊ အိမ်ထောင်ဖက် ရှာရမယ့် အရွယ် ရောက်နေပြီ။ အိုက်ကျားရဲ့ ဝမ်းကွဲမောင်လေးရဲ့ သားလတ်က ဒီနှစ် ၁၈ နှစ် ရှိပြီ။ နွေဦးစာမေးပွဲမှာ ဒုတိယတန်းစား အောင်ထားတယ်။ အိမ်ကလည်း စီစဉ်နေကြပြီ.သားသမီးတွေရဲ့ အိမ်ထောင်ရေးက မိဘတွေကို အပူပန်ရစေဆုံး ကိစ္စပဲလေ။”

ထိုစကား၏အဓိပ္ပာယ်ကအလွန်သိသာနေခဲ့သည်။

ယဲ့ယွင်က နင်ချန်ကို ခိုးကြည့်လိုက်ရာထိုသူသည် မကြားဟန်ဆောင်နေသဖြင့် မယ်တော်ကြီး၏ကြိုးပမ်းမှုမှာအရာမထင်မှန်း သိလိုက်သည်။

ထိုက်ကွေ့ဖေးက တမင်သက်သက် ထောက်ခံစကားပြောလိုက်သောအခါ နင်ချန် ဖြတ်ပြောလိုက်သည်။

"လင်အာက မင်းသမီးတစ်ပါးဖြစ်သလို ကျန်းရဲ့ ညီမအရင်းလည်း ဖြစ်တယ်။ အိမ်ထောင်ဖက် ရွေးချယ်တဲ့အခါ သေချာ စိစစ်ရမှာပေါ့။ သူ့မစိတ်တိုင်းကျဖြစ်မယ့်သူကို ရွေးချယ်ပေးတာက ပိုကောင်းပါတယ်။”

"အရှင်မင်းကြီးရဲ့ ကျေးဇူးကြီးမားလှပါတယ်။ မယ်တော်က နေ့တိုင်း တရားထိုင်နေတာမို့လို့ အပြင်လောက အကြောင်းတွေ သိပ်မသိပါဘူး။ လင်အာရဲ့ အိမ်ထောင်ရေးကိစ္စကို မယ်တော်ကြီး၊ အရှင်မင်းကြီးနဲ့ မိဖုရားခေါင်ကြီးတို့ပဲ တာဝန်ယူ စောင့်ရှောက်ပေးကြပါ။”သယ်ထိုက်ဖေးက အချိန်ကိုက် ဝင်ပြောလိုက်သည်။

ဒါက နင်ချန်၏သဘောထားကို ထောက်ခံလိုက်ခြင်းဖြစ်သည်။

မယ်တော်ကြီး အနေခက်သွားသော်လည်း အလိုက်တသိပင် သူမ၏ဆွေမျိုးကိစ္စကို ဆက်မပြောတော့ပေ။

မိဖုရားခေါင်ကြီးက လေထု အေးစက်နေသည်ကို ရိပ်မိသဖြင့် ဝင်ရောက် ဖြန်ဖြေပေးသည်။

"အရှင်မင်းကြီး၊ အခု ဝမ်ရှိုးယွမ်က ဒုတိယမင်းသမီးလေး မွေးဖွားထားတယ်။ ညီမတော်ကလည်း ဒုတိယမင်းသမီး ဆိုတော့ အဒေါ်နဲ့ တူမ နာမည်တူနေသလို ဖြစ်နေတယ်။ ညီမတော်လည်း အရွယ်ရောက်နေပြီဆိုတော့ အရှင်မင်းကြီး ဘွဲ့နာမည်လေး ပေးလိုက်ပါလား"

"အင်း... မိဖုရားခေါင်ကြီး ပြောတာဟုတ်တယ်၊ လင်အာက အေးဆေးသိမ်မွေ့တော့ ကျားရို့ (နူးညံ့သိမ်မွေ့ခြင်း) ဆိုတဲ့ ဘွဲ့နာမည် ပေးလိုက်မယ်" နင်ချန်ကိုယ်တိုင် စဉ်းစားပေးလိုက်ခြင်းဖြစ်သည်။

နင်လင် ချက်ချင်း ထရပ်လိုက်သည်။ "ကျားရို့က အစ်ကိုတော်ဧကရာဇ်ရဲ့ ဆုလာဘ်ကို ကျေးဇူးတင်ပါတယ်"

နင်ချန် ပြုံးလျက် လက်ကာပြလိုက်သည်။ ထို့နောက် ဘေးနားရှိ ကျားဟော်မင်းသမီးကို ကြည့်လိုက်သည်။ ဒီတစ်ခေါက် ဟယ်မိသားစုသည် နွေဦးစာမေးပွဲတွင် စွမ်းဆောင်နိုင်ခဲ့သဖြင့် ဆုချသင့်သည်။

"ရွေ့အာက ဒီနှစ် ရှစ်နှစ်ရှိပြီထင်တယ်။ ရုပ်ရည်က အစ်မတော်နဲ့ မတူဘဲ ယောက်ဖနဲ့ ပိုတူနေသလိုပဲ"

ဟယ်ရှင်းယန်က လက်နှစ်ဖက်ယှက်လိုက်သည်။ "သမီးဆိုရင် အဖေတူ၊ သားဆိုရင် အမေတူလို့ ပြောကြပေမဲ့ ရွေ့အာရော၊ ဟန်အာရောက ကျွန်တော်မျိုးနဲ့ ပိုတူနေကြပါတယ်။ အဲဒါကြောင့် မင်းသမီးက ကျွန်တော်မျိုးကို ခဏခဏ အပြစ်ပြောနေကြပါ။”

"ဟားဟားဟား... အစ်မတော်က အမြဲတမ်း တည်ငြိမ်ရင့်ကျက်တယ် ထင်နေတာ။ ကလေးဆန်တတ်တဲ့ အချိန်တွေ ရှိသေးတာပဲ" နင်ချန် ရယ်မောလိုက်ပြီး ရင်းနှီးစွာ ပြောဆိုလိုက်သည်။

ကျားဟော်မင်းသမီး ရှက်သွားပြီး မျက်နှာရဲကာ ခင်ပွန်းသည်ကို မျက်စောင်းထိုးလိုက်သည်။

မိဖုရားခေါင်ကြီးသည် အထက်မှနေ၍ သူတို့ ဇနီးမောင်နှံ၏ ရင်းနှီးချစ်ခင်မှုကိုကြည့်ပြီး အားကျနေမိသည်။ ဘေးနားရှိ သူမ၏ခင်ပွန်းသည်ကိုကြည့်ပြီး ပို၍ ဝမ်းနည်းမိသည်။

စကားအနည်းငယ် ပြောပြီးနောက် နင်ချန်သည် ကျားဟော်၏သမီး ဟယ်ရွေ့ကို ဟွေချင်းမင်းသမီးဘွဲ့ ပေးသနားလိုက်သည်။ သားဖြစ်သူ ဟယ်ရင်ဟန်ကိုတော့ စာရေးကိရိယာ လေးမျိုးတစ်စုံသာ ဆုချလိုက်သည်။

ယခုခေတ်တွင် အမျိုးသားများသည် ပညာအရည်အချင်းဖြင့်သာ တက်လမ်းရှာရသဖြင့် ဟယ်မိသားစုကဲ့သို့ စာပေပညာရှင် မိသားစုမှ မွေးဖွားလာသော ဟယ်ရင်ဟန်သည် ဖခင်၏ခြေရာကို နင်းရမည်သာဖြစ်သည်။

ကျားဟော်မင်းသမီးတို့ ဇနီးမောင်နှံအားဧကရာဇ်ဆုချရခြင်းအကြောင်းအရင်းကိုရှိနေသူများအားလုံး သိကြပေသည်။

ဒီတစ်ခေါက်တွင် ဟယ်မိသားစုသည် ချန်မိသားစု လိုချင်သော်လည်း မရနိုင်ခဲ့သော အရာကို ရရှိသွားခြင်းဖြစ်သည်။

မယ်တော်ကြီးသည် တွေးမိတိုင်းဒေါသထွက်နေမိသည်။ ဧကရာဇ်သည် အဘယ်ကြောင့်များအပြင်လူကို မျက်နှာသာပေးပြီး ဦးလေးအရင်းကို အခွင့်အရေးမပေးချင်ရသလဲဆိုတာ နားမလည်နိုင်ဖြစ်နေသည်။ ထို့ကြောင့် မျက်နှာအမူအရာမကောင်းလှပေ။

ထိုအချိန်တွင် ဝမ်သယ့်ဖေးသည် ဝိုင်

သောက်ရင်း သီးသွားသဖြင့် ချောင်းဟန့်

လိုက်ရာ မယ်တော်ကြီးသည် စိတ်ဖြေစရာအကွက်တွေ့သွားလေသည်။

"အိုက်ကျား ကြည့်ရတာ ဝမ်သယ့်ဖေးရဲ့ ကျန်းမာရေးက ပိုပိုဆိုးလာသလိုပဲ။ မင်းသားကြီးကို သုံးရက်တစ်ခါ သမားတော် ပြနေရတာ ထားပါတော့။ ကလေးကို ကျန်းမာအောင် မထားနိုင်ဘဲ ကိုယ့်ကျန်းမာရေးကိုလည်း ဂရုမစိုက်နိုင်ဘူး။ ဒီလိုပုံစံနဲ့ ဧကရာဇ်ကို ဘယ်လို ပြုစုစောင့်ရှောက်မလဲ။”

ဝမ်သယ့်ဖေး မျက်မှောင်ကြုတ်လိုက်သည်။ မယ်တော်ကြီးက သူမကို အကြောင်းပြပြီး ဒေါသဖြေနေမှန်း သိသော်လည်း မတတ်သာဘဲ ထရပ်ကာ တောင်းပန်လိုက်ရသည်။

"ဒီချန်းချဲ့ ဝိုင်သောက်ရင်း သီးသွားလို့ ချောင်းဆိုးမိတာပါ။ နေမကောင်းတာ မဟုတ်ပါဘူး။ မင်းသားကြီးက ကျန်းမာရေး ချူချာတော့ မိခင်တစ်ယောက်အနေနဲ့ စိတ်ပူပြီး သမားတော် ခဏခဏ ခေါ်ပြမိတာပါ။ ဂရုမစိုက်တာ မဟုတ်ပါဘူး"

"အိုက်ကျားက နှစ်ခွန်းလောက်ပြောတာကို မင်းက ပြန်ပြောနေသေးတယ်" မယ်တော်ကြီးက နှာမှုတ်ပြီး ဖြတ်ပြောလိုက်သည်။ "ဧကရာဇ်က ညည်းကို အလိုလိုက်လွန်းအားကြီးလို့ အိုက်ကျား ပြောတာတောင် နားမထောင်တော့ဘူး။ မင်းသားကြီး ကျန်းမာရေး မကောင်းတာ မင်းရဲ့အပြစ် မဟုတ်ဘူးလား။”

"ဒီချန်းချဲ့ မှားသွားပါတယ်။ နောက်ဆိုရင် မင်းသားကြီးကို ပိုပြီး ဂရုတစိုက် စောင့်ရှောက်ပါ့မယ်။ မယ်တော်ကြီး ခွင့်လွှတ်ပါ" ဝမ်သယ့်ဖေး စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းငုံ့လိုက်ရသည်။

နင်ချန်သည် မယ်တော်ကြီး ဘာကြောင့်ဒေါသထွက်နေလဲဆိုတာသိသဖြင့် စိတ်ညစ်နေမိသည်။

သို့သော် ဆွေတော်မျိုးတော်များ ရှေ့မှောက်တွင် မယ်တော်ကြီးကို မျက်နှာပျက်အောင် လုပ်၍မဖြစ်သဖြင့် ဒေါသကိုမြိုသိပ်ကာ ဝင်ပြောလိုက်သည်။

"ပျော်စရာကောင်းတဲ့ နဂါးလှေပွဲတော်နေ့မှာ မယ်တော် စိတ်မဆိုးပါနဲ့။ ဝမ်သယ့်ဖေးက သားဦးမွေးတာဆိုတော့ လိုအပ်ချက်တွေရှိတာ ပုံမှန်ပါပဲ။”

မယ်တော်ကြီးက ဝမ်သယ့်ဖေးကို မျက်စောင်းထိုးလိုက်သော်လည်း ဆက်ပြီး ပြဿနာ မရှာရဲတော့ပေ။

မူလက ပျော်ရွှင်စရာ ကောင်းနေသော လေထုသည် မယ်တော်ကြီးကြောင့် ပျက်စီးသွားပြီး နောက်ပိုင်းတွင်မည်မျှပင် ရယ်မောပျော်ရွှင်ကြပါစေ စိတ်မသန့်တော့ပေ။

နောက်ဆုံးတွင် ပွဲစောစော သိမ်းလိုက်ကြသည်။

.........

ယွီရှို့အဆောင်သို့ ပြန်ရောက်သောအခါ ယဲ့ယွင်သည် ပေါ့ပါးသော အဝတ်အစား လဲဝတ်လိုက်သည်။ စားတော်ဆောင်မှ ကောက်ညှင်းထုပ်နှင့် ကြက်ဥများ လာပို့ထားသည်။

စားတော်ဆောင်က ဂရုတစိုက်လုပ်ပေးထားသဖြင့် ကောက်ညှင်းထုပ်များမှာ သေသပ်လှပပြီး တစ်ကိုက်စာ အရွယ်အစားများဖြစ်သည်။ အရသာမျိုးစုံပါဝင်ပြီး စားပွဲတစ်လုံးစာ ပြည့်နေသည်။

ဒါက ဧကရာဇ်အချစ်တော်ဖြစ်ခြင်း၏ အကျိုးကျေးဇူးပင်။ တခြားသူများဆီတွင် ရိုးရှင်းသော စွန်ပလွံသီး ကောက်ညှင်းထုပ်သာရရှိကြသည်။

နှစ်လုတ်လောက် စားပြီးချိန်တွင် အပြင်ဘက်မှ သတင်းကြားလိုက်ရသည်။ အရှင်မင်းကြီးက ဝမ်သယ့်ဖေးကို ဆုလာဘ်များစွာ ချီးမြှင့်လိုက်ပြီး မိန်းမစိုးများက သေတ္တာသုံးလေးလုံးကို သယ်ဆောင်ကာ ချူရှို့နန်းဆောင်သို့ သွားနေကြသည် ဟူ၍ပင်။

"နင်တို့ ပြောကြည့်ပါဦး။ မယ်တော်ကြီးက ဘာကိစ္စ ဒီလို လုပ်နေရတာလဲ" ယဲ့ယွင် အံ့သြနေမိသည်။

"အိမ်ထောင်ကျပြီးသား သမီးက ရေလိုပဲ အပြင်ထွက်သွားပြီလေ။ ကိုယ့်သားအရင်းအတွက် မစဉ်းစားပေးဘဲ မိဘအိမ်အတွက်ပဲ အကျိုးစီးပွား ရှာပေးချင်နေတယ်။ ဒါများမိဘအိမ်ပြန်ပြီး အပျိုကြီး လုပ်နေလိုက်ပါတော့လား။ ဘာလို့ မယ်တော်ကြီး လာလုပ်နေသေးလဲ။”

"ကျယ်ယွီ စကားဆင်ခြင်ပါ။ သူများ ကြားသွားပါဦးမယ်" နန်ကျစ်ကကြောက်လန့်တကြား ဘေးဘီဝဲယာ ကြည့်လိုက်သည်။

ယဲ့ယွင် ပခုံးတွန့်လိုက်သည်။ ဆက်မပြောတော့သော်လည်း စိတ်ထဲတွင် ကျိတ်ပြီး ဝေဖန်နေမိသည်။

မိန်းမတွေ နန်းတွင်းဝင်လာတာက မိသားစုတစ်ခုလုံးရဲ့ဂုဏ်ကျက်သရေအတွက်ဆိုပေမဲ့ ခင်ပွန်းသည်ဘက်ကို အရင်ဦးစားပေးသင့်တယ် မဟုတ်လား။

ခင်ပွန်းသည်ဘက်က အဆင်မပြေရင် မိဘအိမ်ကို ဘာနဲ့ထောက်ပံ့မှာလဲ။ မိဘအိမ်အတွက်ပဲ ကြည့်နေရင် ခင်ပွန်းသည်နဲ့ စိတ်ဝမ်းကွဲသွားမှာ သေချာပေါက်ပဲ။ ဒီလောက် ရိုးရှင်းတဲ့ အမှန်တရားကို ဘာလို့ နားမလည်ကြတာလဲ။

ဒါကလည်း ခေတ်ပညာရေးစနစ်က ဒုက္ခပေးတာပဲ။ မိန်းကလေးတွေကို ကိုယ့်အတွက် ကိုယ်ကြည့်ဖို့ ဘယ်တော့မှ မသင်ပေးခဲ့ဘူးလေ။

***

အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC)-108

အခန်း ၁၀၈ ။ နက်နက်နဲနဲ တွေးခေါ်ခြင်း

နဂါးလှေပွဲတော် ပြီးနောက် ရာသီဥတု တဖြည်းဖြည်း ပူနွေးလာသည်။ ၅ လပိုင်း အလယ်ခန့်မှ စ၍ မိုး ဆယ်ရက်ကျော်ဆက်တိုက် ရွာသွန်းခဲ့သည်။ မိုးသည်းထန်လွန်းသဖြင့် မြို့တော်အနီးတစ်ဝိုက်တွင် ရေကြီးရေလျှံမှု အနည်းငယ် ဖြစ်ပွားခဲ့သည်။

အဓိကအားဖြင့် လယ်မြေများ ရေလွှမ်းမိုးခံရခြင်း ဖြစ်သည်။ သီးနှံများ စိုက်ပျိုးချိန်ဖြစ်သဖြင့် လယ်သမားများ အလွန် စိတ်ပူနေကြသည်။

ဤအတိုင်း ဆက်သွားလျှင် ယခုနှစ်တွင် ဆုံးရှုံးမှုများပြားမည်ဖြစ်ပြီး နှစ်ဝက်စာ အလုပ်များ အလကား ဖြစ်သွားပေလိမ့်မည်။

ကံကောင်းထောက်မစွာဖြင့် ၆ လပိုင်း၏ ၄ ရက်နေ့တွင် မိုးတိတ်သွားသည်။

ဤနေ့သည် နေ့ကောင်းရက်သာဖြစ်ပြီး ဝမ်ရှိုးယွမ် မီးတွင်းထွက်ရက် ဖြစ်သလို ဒုတိယမင်းသမီးလေး တစ်လပြည့်သောနေ့လည်း ဖြစ်သည်။

ပြီးခဲ့သည့်အကြိမ်တုန်းက ဝမ်ရှိုးယွမ်တို့သားအမိသည် နန်းတွင်းရှိ တိမ်မဲများကို ဖယ်ရှားပေးခဲ့ပြီး ယခုတစ်ကြိမ်တွင် သဘာဝဘေးအန္တရာယ်ကို ဖြေရှင်းပေးလိုက်ပြန်ပြီဖြစ်ရာ ကံတရားကို မယုံကြည်သော ယဲ့ယွင်ပင်လျှင် ကံကောင်းသည်ဟု ချီးကျူးလိုက်ရသည်။

ထို့ကြောင့် ဒုတိယမင်းသမီးလေး၏ တစ်လပြည့်ပွဲကို အလွန်စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

ဝမ်ရှိုးယွမ်သည် ကျန်းမာရေးကောင်းမွန်နေပြီဖြစ်သော်လည်း ယခင်ကထက် အနည်းငယ်ပြည့်ဖြိုးလာသည်။ မီးတွင်းထဲတွင် အစားကောင်းများစားပြီး လှုပ်ရှားမှုနည်းပါးခဲ့သဖြင့် ပုံမှန်သာဖြစ်ပြီး သူမ၏အလှအပကို မထိခိုက်စေပေ။

မင်းသမီးလေးကို ပွေ့ချီလျက် ထွက်လာပြီး ပြုံးပြကာ ဂါရဝပြုလိုက်သည်။

"အရှင်မင်းကြီး၊ မိဖုရားခေါင်ကြီးနဲ့ အစ်မတော်တို့ကို ဂါရဝပြုပါတယ်"

အဆင့်မြင့်သူများက သူမ၏ဂါရဝပြုခြင်းကို ခံယူပြီးနောက် အောက်မှကိုယ်လုပ်တော်ငယ်များက သူမကို ပြန်လည်ဂါရဝပြုကြသည်။

ထို့နောက် အပြန်အလှန် နှုတ်ဆက်ပြီးမှ ထိုင်လိုက်ကြသည်။

"မင်းသမီးလေးကို ပန်ကုန်းဆီ ခေါ်ခဲ့ပါဦး။ ဒီလောက် ကံကောင်းတဲ့ ကလေးလေးကို ပန်ကုန်း တကယ် သဘောကျလို့ပါ" မိဖုရားခေါင်ကြီးက ပြုံးလျက် လက်ကမ်းခေါ်လိုက်သည်။

ဝမ်ရှိုးယွမ်သည် အစေခံမလေးကို ဒုတိယမင်းသမီးလေးအား ပွေ့ချီခိုင်းလိုက်သည်။

မိဖုရားခေါင်ကြီးသည် ကလေးမွေးဖူးသူ မဟုတ်သဖြင့် ကလေးချီနည်း မသိပေ။ ကလေး ပြုတ်ကျမည် စိုးသဖြင့် ကိုယ်တိုင်မချီဘဲ ကြည့်ရုံသာကြည့်လိုက်သည်။

သူမ၏မျက်ဝန်းထဲတွင် အားကျမှုနှင့် ဝမ်းနည်းမှုများ ပြည့်နှက်နေသည်။

နင်ချန်ကမူ ကလေးကို လှမ်းယူပြီး ခဏတာ ပွေ့ချီထားလိုက်သည်။ သူသည် မင်းသမီးကြီးနှင့် မင်းသားကြီးကို ပွေ့ချီဖူးသဖြင့် မိဖုရားခေါင်ကြီးထက် ပို၍ကျွမ်းကျင်သည်။

"ကလေးလေးက လမင်းလေးလို ဖြူဝင်းဝိုင်းစက်နေတာပဲ၊ ချစ်စရာလေး။ ဝမ်ရှိုးယွမ်က ကလေးကို ကောင်းကောင်း စောင့်ရှောက်ထားတာပဲ"

"ဝမ်ရှိုးယွမ်က ဂရုစိုက်တတ်သူပဲလေ။ ဒုတိယမင်းသမီးလေးက အရှင်မင်းကြီးရဲ့ လက်သည်းခွံပေါ်က အသည်းနှလုံးလေးပဲ။ ကောင်းကင်ဘုံက မျက်နှာသာပေးထားတဲ့ သမီးလေးဆိုတော့ ကံအကောင်းဆုံးပဲ။ ချစ်စရာလေး မွေးလာတာဆိုတော့ ကြီးလာရင် သေချာပေါက် အလှဆုံးလေး ဖြစ်လာမှာ" ဝမ်သယ့်ဖေးက ပြုံးလျက် ဝင်ပြောလိုက်သည်။

ရှူးဖေးသည် ဘေးတွင် ထိုင်နေရင်း မနာလိုဝန်တိုစိတ်များ တောက်လောင်နေသည်။

ဝမ်မျိုးနွယ်၏မိသားစုသည် အဆင့် ၆ ခရိုင်ဝန်လောက်သာ ရှိသော်လည်း ကံကောင်းထောက်မစွာဖြင့် ဒုတိယမင်းသမီးလေး မွေးဖွားနိုင်ခဲ့သည်။ နေ့ကောင်းရက်သာနှင့်လည်း တိုက်ဆိုင်နေသဖြင့် ဒုတိယမင်းသမီးလေးသည် မင်းသမီးကြီးထက်ပင် မျက်နှာသာပိုရနေသကဲ့သို့ ဖြစ်နေသည်။

ဝမ်ရှို့ယွမ်သည် ဧကရာဇ်၏မျက်နှာသာပေးမခံရသော်လည်း ဖေး (အဆင့် ၃ ကိုယ်လုပ်တော်) ရာထူး ရှိနေပြီး မိသားစု နောက်ခံလည်း ကောင်းမွန်ပေသည်။ ထို့ကြောင့် တခြားမိန်းမ၏သမီးက သူမသမီးထက် သာလွန်သွားတာကို ဘယ်လို သည်းခံနိုင်မှာလဲ။

ရင်ခွင်ထဲမှ သုံးနှစ်အရွယ် သမီးလေးကို ကြည့်ပြီး မျက်လုံးများ လှုပ်ရှားသွားကာ ကလေးကို အောက်ချပေးလိုက်သည်။

"ကျားရွေ့က ညီမလေးကို ချစ်တယ်ဆို။ ညီမလေးကို သွားကြည့်လိုက်ပါလား။ မနေ့က မယ်မယ် သင်ပေးထားတဲ့ ကဗျာကို မှတ်မိသေးလား။ ခမည်းတော်ကို ရွတ်ပြလိုက်ပါဦး"

မင်းသမီးကြီးသည် သေးသေးကွေးကွေးလေးဖြစ်ပြီး အလွန်အမင်း ကြောက်ရွံ့နေပုံရသည်။ နင်ချန်ကိုကြည့်သော အကြည့်များမှာ စိုးရိမ်ထိတ်လန့်နေပြီး လက်ကလေးက ရှူးဖေး၏အင်္ကျီလက်စကို ဆွဲထားကာ မလွှတ်ချင်ပေ။

ရှူးဖေးက အချစ်တော်မဟုတ်သဖြင့် နင်ချန်သည် ချန်ချွမ်းနန်းဆောင်သို့ သွားရောက်လေ့ မရှိရာ မင်းသမီးကြီးနှင့်လည်း သိပ်မရင်းနှီးလှပေ။

"ကျားရွေ့ မကြောက်နဲ့။ ခမည်းတော်ကို ရွတ်ပြလိုက်လေ" ရှူးဖေးက သမီးဖြစ်သူ၏ခေါင်းကို ပွတ်ပေးလိုက်သည်။

မင်းသမီးကြီးသည် နောက်ဆုံးတွင် သတ္တိမွေးလိုက်ပြီး တိုးတိုးလေး ရွတ်ဆိုလိုက်သည်။

"အစ်ကိုကြီးက မိတ်ဆွေကောင်းပီသရမယ်။ ညီငယ်က ရိုသေလေးစားရမယ်။ ညီအစ်ကိုတွေ သင့်မြတ်ရမယ်။ မိဘကို ရိုသေရမယ်။ မယ်မယ်က သမီးကို သင်ပေးပါတယ်။ အစ်မကြီး တစ်ယောက်အနေနဲ့ မောင်လေး ညီမလေးတွေကို ချစ်ခင်ရမယ်။ ပြီးတော့... ခမည်းတော်ကို ပျော်ရွှင်အောင် ထားရမယ်"

"မင်းသမီးကြီးက ဒီလောက် ငယ်ငယ်လေးနဲ့ ဒါတွေ ရွတ်ဆိုနိုင်တယ်ဆိုတော့ ရှူးဖေးက အမြဲ သင်ပေးနေတာ နေမှာပေါ့" မိဖုရားခေါင်ကြီးက အေးစက်စွာ ပြောလိုက်သည်။

သုံးနှစ်ပဲရှိသေးတဲ့ စကားတောင် ပီပီသသ မပြောတတ်ကလေးတစ်ယောက်ကို ဒါတွေ သင်ခိုင်းနေရတယ်လို့။

ယဲ့ယွင်သည် ရှူးဖေးကို မသိမသာခိုးကြည့်လိုက်ရာ သူမ၏မျက်နှာပေါ်တွင် ဂုဏ်ယူဝင့်ကြွားမှုများ ရှိနေသည်ကို တွေ့လိုက်ရသဖြင့် မျက်လုံးလှန်ကြည့်ချင်စိတ် ပေါက်သွားသည်။

ဒါက ကိုယ်တိုင်အသုံးမကျလို့ သမီးကို အတင်းအကျပ်တွန်းအားပေးပြီး မျက်နှာပန်းလှဖို့ကြိုးစားနေတာပဲ မဟုတ်ဘူးလား။

"ကျားရွေ့ ဒီကိုလာ၊ ခမည်းတော် ကြည့်ပါရစေဦး" နင်ချန်သည် အသံကိုနှိမ့်လိုက်ပြီး လက်ယပ်ခေါ်လိုက်သည်။

မင်းသမီးကြီးက ကြောက်နေဆဲဖြစ်ပြီး ရှူးဖေးက အသာအယာ တွန်းပေးလိုက်မှသာ ဖြည်းဖြည်းချင်း လျှောက်သွားလေသည်။

နင်ချန်သည် သူမလက်ကို ဆွဲကိုင်ပြီး အထက်အောက် အကဲခတ်ကြည့်ရှုလိုက်သည်။ ကောင်းကောင်းမွန်မွန် မွေးမြူထားသော်လည်း သတ္တိနည်းလွန်းနေသည်။

"ကျားရွေ့က အရမ်းတော်တာပဲ။ ခမည်းတော် ဝမ်းသာတယ်။ ဒါပေမဲ့ ကျားရွေ့က ငယ်ပါသေးတယ်။ ဒီလောက်စောပြီး ဒါတွေ သင်စရာ မလိုပါဘူး။ မင်းသားတွေတောင် ခြောက်နှစ်ရောက်မှ စာပေ စသင်ရတာပါ။ မိန်းကလေးတွေက ရာထူးဂုဏ်ရှိန် မလိုပါဘူး။ စာပေကျမ်းဂန် နားလည်ပြီး ယဉ်ကျေးသိမ်မွေ့ရင် ရပါပြီ။”

"သမီးတော် နားလည်ပါပြီ" မင်းသမီးကြီးသည် မားမားများ သင်ပေးထားသည့်အတိုင်း ယိုင်တိုင်တိုင်ဖြင့် ဂါရဝပြုလိုက်သည်။

တကယ်တမ်းတွင် သူမ နားလည်ချင်မှနားလည်ပေမည်။ ဒီလောက် ငယ်ရွယ်သော ကလေးက လူကြီးတွေ သင်ပေးသမျှ လိုက်လုပ်ရုံသာရှိသည်။

ထို့အပြင် ဤစကားများက သူမကို ပြောခြင်း မဟုတ်ဘဲ ရှူးဖေးကို ပြောခြင်းဖြစ်သည်။

ရှူးဖေးသည် ဘယ်လောက်ပဲ တုံးအပါစေ၊ သဘောပေါက်သွားပြီး မျက်နှာပေါ်မှ ဂုဏ်ယူဝင့်ကြွားမှုများ ပျောက်ကွယ်သွားကာ ပြန်လည်သတိထားမိလာသည်။

သူမ မွှေနှောက်ခြင်း မရှိတော့သဖြင့် ဒုတိယမင်းသမီးလေး၏ တစ်လပြည့်ပွဲသည် ကောင်းမွန်စွာ ပြီးဆုံးသွားသည်။

လူအများ ပြန်သွားကြပြီးနောက် နို့ထိန်းက ဒုတိယမင်းသမီးလေးကို ပွေ့ချီကာ အနားယူစေလိုက်သည်။ ဝမ်ရှိုးယွမ်လည်း အဆောင်အသီးသီးမှ ပေးပို့သော လက်ဆောင်များကို ကြည့်ရှုရန် အချိန်ရလာသည်။

"မယ်တော်ကြီးက ကျောက်စိမ်းလက်ကောက်တစ်စုံ ဆုချပါတယ်။ အရည်အသွေး ကောင်းပါတယ်။ ဒီလိုပစ္စည်းက မိန်းကလေးတွေ ဝတ်ဆင်ရင် ကျန်းမာရေးအတွက် ကောင်းပါတယ်။ နောင်ကျရင် မင်းသမီးလေး သုံးလို့ရမှာပါ" ဟုန်ထော့က ပြုံးလျက် ပြောလိုက်သည်။

ဝမ်ရှိုးယွမ် တစ်ချက်ကြည့်လိုက်ပြီး ခေါင်းညိတ်လိုက်သည်။

"မြေးအရင်းပဲလေ၊ အရင်တုန်းက နဂါးလှေပွဲတော်မှာ ငါမသွားဖြစ်ပေမဲ့ ပြဿနာတက်ခဲ့တာ သိပါတယ်။ ဒီရက်ပိုင်း အရှင်မင်းကြီးက ချီနင်နန်းဆောင်ကို ဂါရဝပြုဖို့ မသွားဘူးလေ။ မယ်တော်ကြီးက ဒုတိယမင်းသမီးလေးရဲ့ တစ်လပြည့်ပွဲကိုအကြောင်းပြပြီး အရှင်မင်းကြီးကို မျက်နှာချိုသွေးချင်တာ နေမှာပါ"

ဘာတွေ ဖြစ်ချင်နေမှန်းကို မသိတော့ပါဘူး။ ခဏခဏ ပြဿနာရှာလိုက်၊ ခဏခဏပြန်ပြီး ခေါင်းငုံ့လိုက်နဲ့၊ အရှင်မင်းကြီးက ခေါင်းမာတယ်ဆိုတာ သိရက်နဲ့ ဘာလို့ လုပ်နေရတာလဲ။

"ဒါတွေ ထားလိုက်ပါတော့၊ အရှင်မင်းကြီးနဲ့ မိဖုရားခေါင်ကြီးက ဘာပေးလဲ" ဝမ်ရှိုးယွမ်က ပြုံးလျက် မေးလိုက်သည်။

ရှန်းစစ်က လက်ဆောင်စာရင်းကို ကြည့်ပြီး ပြန်ဖြေလေသည်။ "အရှင်မင်းကြီးက ရတနာရှစ်ပါး လည်ဆွဲနဲ့ သက်ရှည်ကျန်းမာ သော့ခလောက် တစ်ခုပေးပါတယ်။ မိဖုရားခေါင်ကြီးကတော့ အထည်အလိပ်ကောင်းတွေ အများကြီးပေးပါတယ်။ မင်းသမီးလေးအတွက် အဝတ်အစားချုပ်ရင် အတော်ပါပဲ။”

ခဏရပ်ပြီး ဆက်ပြောသည်။ "တခြားလူတွေကတော့ ပုံမှန်ပါပဲ။ မင်ကျယ်ယွီရဲ့ လက်ဆောင်ကတော့ ထူးခြားတယ်"

ဝမ်ရှိုးယွမ် မော့ကြည့်လိုက်သည်။ "ဘာများလဲ"

"ကလေးအိပ်ရာ တစ်ခုပါ။ လက်ဆောင်စာရင်းမှာ ရေးထားတာက အရပ်သူအရပ်သားတွေက သမီးမိန်းကလေးရရင် ချစ်ခင်မြတ်နိုးကြောင်း ပြသတဲ့အနေနဲ့ မွေးကတည်းက လက်သမားခေါ်ပြီး ကုတင်လုပ်ပေးကြတယ်တဲ့။ မင်္ဂလာဆောင်ရင် ယောက်ျားအိမ်ကို ယူသွားဖို့ပေါ့။ ဒီကလေးအိပ်ရာကို မယ်မယ် ကိုယ်ဝန်စရှိကတည်းက မှာလုပ်ခိုင်းထားတာပါတဲ့။ သားလေးမွေးမွေး သမီးလေးမွေးမွေး သူ့ရဲ့စေတနာကို ပြသချင်လို့ပါတဲ့"

ရှန်းစစ် ပြန်ဖြေလိုက်သောအခါ ဝမ်ရှိုးယွမ် ပြုံးလိုက်သည်။

"မင်ကျယ်ယွီရဲ့လက်ဆောင်က တကယ့်ကို စေတနာပါတာပဲ။ နောက်တစ်နေ့ကျရင် ငါကိုယ်တိုင် သွားပြီး ကျေးဇူးတင်စကားပြောရမယ်"

ဝမ်မျိုးနွယ်က ဉာဏ်ကောင်းသူဖြစ်ရာ ယဲ့ယွင်က သူမကို သမီးမိန်းကလေး မွေးစေချင်လို့ တမင်လုပ်တာဟူသော အတွေးမျိုး မတွေးမိပေ။ ထိုအစား ဒီကလေးအိပ်ရာကနေ ယဲ့ယွင်၏စေတနာကို မြင်တွေ့လိုက်ရသည်။

မိဘတွေက သားသမီးကိုချစ်ရင် အနာဂတ်အတွက် ကြိုတင်ကြံစည်ပေးတတ်ကြသည်။

ယခင်က ယဲ့ယွင်နှင့် မဟာမိတ်ဖွဲ့ချင်သည်မှာ ကိုယ့်အတွက်ဖြစ်သော်လည်း ယခုအချိန်တွင်မူ ဝမ်ရှိုးယွမ်သည် သမီးလေးအတွက်ရည်ရွယ်သည်။

သူမတွင် အချစ်တော်ဖြစ်နိုင်မည့်အလားအလာ နည်းပါးကြောင်း သူမသိသည်။ မင်းသမီးလေး မွေးဖွားနိုင်ခြင်းကပင် ကံကောင်းခြင်းဖြစ်သည်။ နောက်ထပ်အခွင့်အရေး ရနိုင်တော့မည် မဟုတ်ဟု ထင်သည်။ ယခု သမီးလေးရှိလာပြီဖြစ်ရာ ဤအဆင့်မှာ ရပ်တန့်နေ၍ မဖြစ်ပေ။

သူမ ရာထူးမြင့်မှသာ သမီးဖြစ်သူ နောင်

တွင် အိမ်ထောင်ကောင်းကောင်း ကျနိုင်

မည်ဖြစ်ကာ ခင်ပွန်းသည်အိမ်တွင် ခေါင်းမော့နိုင်မည်။

သူမအမြင်တွင် ယဲ့ယွင်သည် လျင်မြန်စွာ ကျယ်ယွီရာထူးသို့ တက်လှမ်းနိုင်ခဲ့ရာ သားသမီး မမွေးလျှင်ပင် ကျိုဖင်ကိုယ်လုပ်တော် ဖြစ်လာနိုင်သည်ဟု ထင်မိသည်။ သူမနှင့် ယှဉ်လို့မရပေ။

မိသားစုနောက်ခံနှင့် အချစ်တော်ဖြစ်မှုက သိသာထင်ရှားနေသည်။

ဝမ်ရှိုးယွမ် မအားကျသည်တော့ မဟုတ်ပေ။ သို့သော် သူမသည် ဆင်ခြင်တုံတရားရှိသူဖြစ်သည်။ မင်းသားလေး မွေးလျှင်တောင် မဖြစ်နိုင်သော အရာများကို လောဘတက်မည် မဟုတ်ပေ။ ယခု မွေးသည်က မင်းသမီးလေးဖြစ်နေသဖြင့် သူမသည် တည်ငြိမ်မှုကိုသာ လိုလားသည်။

ယဲ့ယွင်ဘက်က သဘောထား ပြသလာပြီဖြစ်ရာ သူမကလည်း လိုက်လျောရပေမည်။

လက်ရှိ အနောက်ဆောင်တွင် ယဲ့မိသားစုက ပြဿနာအကင်းရှင်းဆုံးဖြစ်သည်။ ယဲ့ယွင်သာ အမှားမလုပ်လျှင် ရာထူးမြင့်ရရှိလာမည်မှာ သေချာသည်။

***

All Chapters