← Chapters

အခန်း (၁၀၉-၁၁၀)

Vol. 7 Ch. 109-110

အခန်း (၁၀၉-၁၁၀)

Vol. 7 Ch. 109-110

အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC)-109

အခန်း ၁၀၉ ။ ရုတ်တရက် နာမကျန်းဖြစ်၍ ကွယ်လွန်ခြင်း

"မိုးရွာတုန်းကကျတော့ စိုစွတ်လို့ မကြိုက်ဘူး၊ အခု နေပူလာတော့လည်း ပူလို့ မနေနိုင်ပြန်ဘူး"

ယဲ့ယွင်သည် ဝရန်တာအောက်တွင်မှီလျက် ငါးပုံပါသော ယပ်တောင်ဝိုင်းလေးကို ခပ်ဖြည်းဖြည်း ခတ်နေသည်။ အစေခံမလေးများက စောင်များနှင့် အဝတ်အစားများကို နေလှန်းနေကြသည်ကို ကြည့်နေ၏။

မိုးအကြာကြီး ရွာထားသဖြင့် ဤပစ္စည်းများသည် တန်ဖိုးကြီး ပိတ်စများနှင့် ချုပ်လုပ်ထားရာ စိုထိုင်းသွားမည်ကို စိုးရိမ်ရသည်။ ထို့ကြောင့်နေလှန်းပြီးမှ ခေါက်သိမ်းထားရမည်။

ပိုင်ရှုသည် ဖရဲသီးစိတ်များကို ယူလာပြီး ပြုံးလျက် ကမ်းပေးသည်။

"ကျယ်ယွီ... နှစ်စိတ်လောက် စားပြီး အပူလျော့အောင် လုပ်လိုက်ပါဦး။ ဒီဖရဲသီးက ရေတွင်းထဲ စိမ်ထားတာဆိုတော့ အေးနေတာပဲ။”

"အခုမှ ၆ လပိုင်း အစပဲ ရှိသေးတာ။ ဘယ်လိုလုပ် ဖရဲသီး ပေါ်နေပြီလဲ" ဟွေယွဲ့က သံသယဖြင့် မေးလိုက်သည်။

ပိုင်ရှုက ရယ်မောလိုက်သည်။ "ဒီမနက်ပဲ တော်ဝင်ဘဏ္ဍာတိုက်က လာပို့တာ။ တောင်ဘက်ကနေ ရေလမ်းခရီးနဲ့ သယ်လာတာတဲ့။ တန်ဖိုးကြီးတယ်၊ စုစုပေါင်း သုံးခြင်း၊ အလုံး ၂၀ လောက်ပဲ ပါတာ။ ယွီရှို့အဆောင်က တစ်လုံးရလိုက်တယ်။”

ယဲ့ယွင် မျက်ခုံးပင့်လိုက်ပြီး ငွေဇွန်းလေးဖြင့် တစ်စိတ်ယူစားလိုက်သည်။

၇ လပိုင်း၊ ၈ လပိုင်းလောက် မချိုသော်လည်း အရသာ မဆိုးလှပေ။ အထူးသဖြင့် ယခုလို အချိန်မျိုးတွင် ရှားပါးပစ္စည်းဖြစ်သည်။

"ဘယ်သူတွေ ရကြသေးလဲ" ယဲ့ယွင် ဇွန်းကိုချပြီး မေးလိုက်သည်။

"မယ်တော်ကြီးနဲ့ မိဖုရားခေါင်ကြီးအပြင် ကလေးရှိတဲ့သူတွေ ရကြတယ်။ ပြီးတော့ ကျယ်ယွီ၊ ဖန်းရှိုးရီနဲ့ ယိမိန်ရန်တို့ ရကြတယ်။ နောက်ထပ် အလုံးနည်းနည်းကိုတော့ နန်းတော်ပြင်ပက မင်းသားနှစ်ပါးနဲ့ ကျားဟော်မင်းသမီးဆီ ပို့လိုက်တယ်လို့ ကြားတယ်" ပိုင်ရှုက အမှန်အတိုင်း ဖြေလိုက်သည်။

ယဲ့ယွင် ခေါင်းညိတ်လိုက်သည်။ နှစ်ကြိမ်ဆက်တိုက် ဆုလာဘ်ရရှိမှုကို ကြည့်ခြင်းအားဖြင့် သူမသည် အနောက်ဆောင်တွင် ဧကရာဇ်၏မျက်နှာသာပေးခံရသူဖြစ်ကြောင်း သက်သေပြလိုက်သလိုပင်။

ထိုအကြောင်းတွေးနေစဉ် အပြင်ဘက်မှ ဟွေ့အန်း ဝင်ရောက်လာလေသည်။

"ကျယ်ယွီကို ဂါရဝပြုပါတယ်။ အရှင်မင်းကြီးက ကျယ်ယွီကို ကျိုချန်နန်းဆောင်မှာ စကားပြောချင်လို့တဲ့ ခေါခိုင်းလိုက်ပါတယ်။”

"အရှင်မင်းကြီးရဲ့ ဖရဲသီးကို စားပြီးပြီဆိုတော့ ကျေးဇူးသွားတင်ဖို့ စဉ်းစားနေတာနဲ့ အတော်ပဲ။ အဝတ်အစားတောင် လဲမနေတော့ဘူး။ အရှင်မင်းကြီး စောင့်နေရမှာ စိုးလို့" ယဲ့ယွင် မျက်ခုံးပင့်လိုက်သည်။

ဟွေ့အန်းက မျက်နှာချိုသွေးလိုက်သည်။ "ကျယ်ယွီက လှပြီးသားမို့လို့ ဂုန်လျှော်အဝတ်အစား ဝတ်ရင်တောင် လှနေမှာပါ။ အခုဝတ်ထားတာက ရိုးရှင်းပေမဲ့ ယွမ်ပိုးသားနဲ့ ချုပ်ထားတာဆိုတော့ အရှင်မင်းကြီး သဘောကျမှာပါ။”

"ဟွေ့အန်း... စကားပြော ပိုပိုကောင်းလာပါလား။ ကျွန်မမှာ ဆုချစရာ သိပ်မရှိပါဘူး၊ ဒီပုလဲဆံထိုးလေး ယူသွားလိုက်ပါ။”

ပြောရင်းဖြင့် ခေါင်းပေါ်မှ ဆံထိုးတစ်ချောင်းကိုဖြုတ်ပြီး ကမ်းပေးလိုက်သည်။

သူမ၏ဆံပင်တွင် ပန်ဆင်ထားသော ပစ္စည်းသည် သာမန်ကာလျှံကာပစ္စည်းများ မဟုတ်သည့်အတွက် ဟွေ့အန်း ဝမ်းသာအားရ လက်ခံလိုက်သည်။

ဝေါယာဉ်စီးပြီး ကျိုချန်နန်းဆောင်သို့ သွားရသည်မှာ လမ်းလျှောက်ရတာထက် အများကြီးသက်သာသည်။ ယပ်တောင်ခတ်ရင်းလိုက်ပါသွားရာ ချွေးတစ်စက်မှ မထွက်ပေ။

ယွမ်ကျိုသည် နန်းဆောင်အပြင်ဘက်တွင် စောင့်နေပြီး သူမ ရောက်လာသည်ကိုမြင်သောအခါ ပြုံးလျက် တံခါးဖွင့်ပေးလေသည်။

ယဲ့ယွင် ဝင်သွားလိုက်သောအခါ နင်ချန်သည် ပြတင်းပေါက်နားရှိ ကုတင်ပေါ်တွင် ထိုင်လျက် စာဖတ်နေသည်ကို တွေ့လိုက်ရသည်။

"အရှင်မင်းကြီးကို ဂါရဝပြုပါတယ်" မိန်းမပျိုလေး၏ နူးညံ့ချိုသာသော အသံလေးက နင်ချန်၏အာရုံကို ဖမ်းစားလိုက်သည်။

နင်ချန် မော့ကြည့်လိုက်သောအခါ ပန်းရောင်နှင့်အဖြူရောင် ရောစပ်ဝတ်ဆင်ထားသော မိန်းမလှလေးကို တွေ့လိုက်ရသည်။

"လာထိုင်ပါ၊ မင်းကြိုက်တဲ့ မုန့်တွေ ပြင်ဆင်ခိုင်းထားတယ်။ သစ်သီးတွေလည်း ရှိတယ်"

"ဒါဆို ဒီချန်းချဲ့ အရင်ဆုံး ကျေးဇူးတင်ပါတယ်နော်" ယဲ့ယွင်သည် ကလေးဆန်စွာ ပြောလိုက်ပြီး ထိုင်ကာ မုန့်တစ်တုံးကို ယူစားလိုက်သည်။ "အရှင်မင်းကြီး ဘာစာအုပ်ဖတ်နေတာလဲ"

"စစ်ဆင်ရေးကျမ်းပါ" နင်ချန်သည် လက်ဖက်ရည်ခွက်ကို မော့သောက်လိုက်ပြီး စာအုပ်ကို စားပွဲပေါ် ပစ်တင်လိုက်သည်။

"ဒီရက်ပိုင်း ကျန်း မလာဖြစ်တာ မင်း ပိန်သွားသလိုပဲ။”

အရင်တုန်းက မိုးဆက်တိုက်ရွာလို့ နန်းတော်ပြင်ပကအခြေအနေကို စိတ်ပူနေရသည်။ ဒုတိယမင်းသမီးလေး တစ်လပြည့်ပွဲတုန်းက သူမကိုတစ်ခေါက်တွေ့ပေမဲ့ သေချာမကြည့်ခဲ့ရပေ။ သေချာတွက်

ကြည့်လိုက်လျှင် နှစ်ယောက်တည်း အတူမနေဖြစ်တာ ရက် ၂၀ လောက်ရှိနေပြီဖြစ်သည်။

ဒီနေ့ကြည့်လိုက်တော့ မိန်းမပျိုလေးက ပိုပြီး သွယ်လျသွားသလိုပဲ။

"မိုးတွေ ဆက်တိုက်ရွာနေတော့ စိတ်မွန်းကြပ်ပြီး အစားသိပ်မစားချင်ဘူး။ အဲ့ဒါကြောင့် ပိန်သွားတာပါ" ယဲ့ယွင်က ဂရုမစိုက်သလို ပြောလိုက်သည်။

တကယ်တမ်းတွင် သူမ သိပ်မပိန်လှပေ။ ယခု ခန္ဓာကိုယ်အချိုးအစားကကြည့်ကောင်းနေပြီး ရှိသင့်သည့်နေရာတွင် အသားများပြည့်နေသည်။

နင်ချန်သည် သူမ၏မျက်နှာအရောင်အသွေး ကောင်းမွန်နေသည်ကို တွေ့ရသဖြင့် ကျန်းမာရေး မကောင်းတာမဟုတ်မှန်း သိလိုက်ပြီး စိတ်ပူစရာမလိုသည့်အတွက် အကြောင်းအရာပြောင်းလိုက်သည်။

"လွန်ခဲ့တဲ့တစ်ခေါက် မင်းပြောတဲ့ နန်းတွင်းကုန်သည်ကိစ္စကို ကျန်း အမတ်တွေနဲ့ ဆွေးနွေးပြီးပြီ။ အများစုက ဖြစ်နိုင်တယ်လို့ထင်ကြပေမဲ့ တချို့က သဘောမတူကြဘူး။ အခုထိ ငြင်းခုံနေကြတုန်းပဲ။ ဒါပေမဲ့ မြောက်ဘက်ကတော့ သတင်းကောင်းရတယ်။ မင်းအစ်ကိုက လူတွေကို ဓားပြအသွင် ဝတ်ဆင်ခိုင်းပြီး လျောင်နိုင်ငံ နယ်စပ်ကို ဝင်တိုက်ခဲ့တယ်။ သူတို့ စခန်းကနေ နွားတွေ၊ သိုးတွေ အများကြီးရလာခဲ့တယ်တဲ့။ တကယ့်ကို ကျေနပ်စရာပဲ"

ယဲ့မိသားစု မောင်နှမနှစ်ယောက်မှာ တစ်ယောက်က ညဏ်ထက်မြက်ကာနောက်တစ်ယောက်က လက်ရုံးရည်ကောင်းသည့်အတွက် နင်ချန် တကယ်ပင်စိတ်ထဲမှသဘောကျမိသည်။

ယဲ့ယွင်အနေဖြင့် ဘာမှ မတတ်နိုင်တော့ပေ။ ယခုအခါနင်ချန်က နိုင်ငံရေးအကြောင်းတွေကို သူမကို ပွင့်ပွင့်လင်းလင်း ပြောပြနေခဲ့ပြီဖြစ်သည်။

"နန်းတွင်းကုန်သည်ကိစ္စက လူအများကြီးရဲ့ အကျိုးစီးပွားကို ထိခိုက်မှာလေ။အရှင်မင်းကြီးက သူတို့ ပိုက်ဆံအိတ်ကို လုယူသလိုဖြစ်နေတော့ သူတို့ ဘယ်လိုလုပ်လွယ်လွယ်နဲ့သဘောတူပါ့မလဲ။”

မုန့်တစ်ကိုက် စားပြီး လက်ဖက်ရည် တစ်ငုံသောက်လိုက်သည်။

"ပြီးတော့ ဒီချန်းချဲ့ ငယ်ငယ်ကတည်းက အစ်ကိုကြီးက ဉာဏ်ကောင်းတယ်လို့ ထင်ခဲ့တာ။ ဒီကိစ္စကို အောင်မြင်အောင်လုပ်နိုင်တာ မဆန်းပါဘူး။ ဒါပေမဲ့ ဒီချန်းချဲ့ထက်တော့ နည်းနည်းလေး ညံ့နေသေးတယ်"

ပြောရင်းဖြင့် လက်သန်းလေးကို ထောင်ပြလိုက်သည်။

သူမ၏ကလေးဆန်သောအပြုအမူကြောင့် နင်ချန် ရယ်မောလိုက်မိသည်။

ရယ်မောပြီးနောက် ယဲ့ယွင်သည် အခြားကိစ္စတစ်ခုကို သတိရသွားသည်။

"စုဝမ်ရုန် စည်းကမ်းသင်နေတာ တစ်လလောက် ရှိနေပြီ။ အရှင်မင်းကြီး ဘယ်လောက်အထိ သင်ခိုင်းဦးမှာလဲ။ သင်ကြားရေးမားမားက အရမ်းတင်းကျပ်တယ်လို့ကြားတယ်"

"အဲ့ဒါ မင်းအကြိုက် မဟုတ်ဘူးလား" နင်ချန် မျက်ခုံးပင့်လိုက်သည်။

"မဟုတ်တာ... ဒီချန်းချဲ့က အဲ့လောက် မဆိုးပါဘူး။ ဒီချန်းချဲ့က စုဝမ်ရုန်အတွက် စေတနာနဲ့ပါ။ စည်းကမ်းမတတ်ရင် အရှက်ကွဲမှာစိုးလို့လေ" ယဲ့ယွင် နှာမှုတ်လိုက်သည်။

ဝန်ခံစရာ အကြောင်းမရှိပေ။ ဘာပဲဖြစ်ဖြစ် ဒီတစ်သက် သူများတွေကို အနိုင်ကျင့်ရမှာပဲလေ။

နင်ချန်သည် သူမကိုကြည့်ရင်း မျက်ဝန်းထဲတွင် အပြုံးရိပ်များ ထင်ဟပ်နေသော်လည်း ခေါင်းခါလိုက်ပြီး တည်ငြိမ်စွာပြောလိုက်သည်။

"ကျားစခ်က သတင်းပို့လာတယ်။ ကျော်လီခယ့်ထူ ရုတ်တရက် နာမကျန်းဖြစ်ပြီး ကွယ်လွန်သွားပြီတဲ့။ အခု သူ့ရဲ့ ဒုတိယသား အန်းဟော်ကျင်းက အရိုက်အရာဆက်ခံလိုက်ပြီ"

ယဲ့ယွင်၏လက် ခေတ္တ ရပ်တန့်သွားသော်လည်း ချက်ချင်း ပုံမှန် ပြန်ဖြစ်သွားသည်။

"စုဝမ်ရုန် သိပြီးပြီလား"

အရင်းနှီးဆုံး အဖေနဲ့ အဖေတူအမေကွဲအစ်ကို၊ မည်သူက ပိုရင်းနှီးလဲဆိုတာ သိသာပေသည်။

"မပြောရသေးဘူး၊ ခဏနေကျရင် သွားပြောခိုင်းမလို့" နင်ချန် မျက်လွှာချလိုက်သည်။

သူသည် အက,အခုန်တော်ပြီး ချောမောလှပသော စူးဒီယာကို ဘာကြောင့်မကြိုက်သလဲဆိုလျှင် အကြောင်းပြချက် တစ်ခုတည်းရှိသည်။ တော်လန်၏မျက်နှာ ဒဏ်ရာရသွားခြင်းကို စူးဒီယာ လုပ်သည်ဟု သူ သံသယ ဝင်နေသောကြောင့်ဖြစ်သည်။

သူမအနေဖြင့် အခြားနည်းလမ်းများ သုံးနိုင်သော်လည်း တော်လန်၏မျက်နှာကို ဖျက်ဆီးခဲ့သည်။ ဤကဲ့သို့ ရက်စက်သော မိန်းမမျိုးကို သူ ရွံရှာသည်။

"ထားလိုက်ပါတော့၊ အရှင်မင်းကြီး ဗိုက်ဆာပြီလား။ ဒီချန်းချဲ့ မနက်စာ သိပ်မစားထားဘူး။ အခု စားချင်လာပြီ" ယဲ့ယွင် စကားလမ်းကြောင်း လွှဲလိုက်သည်။

ယွမ်ကျို ပြုံးလျက် ရှေ့တိုးလာသည်။

"ကျယ်ယွီက ရေချိုငါးနဲ့ ပုစွန် ကြိုက်တာ ကျွန်တော်မျိုး မှတ်မိပါတယ်။ စားတော်ဆောင်က ပြောတယ်၊ ၆ လပိုင်း ဂဏန်းတွေ အခုမှ ပေါ်တာတဲ့။ ချက်စားမလား"

"အရမ်းကောင်းတာပေါ့။ စားတော်ဆောင်ကို ပြောလိုက်၊ အစပ်ချက်မလား၊ ကြော်မလား ကြိုက်သလို လုပ်ခိုင်းလိုက်ပါ"

ယဲ့ယွင်၏မျက်လုံးများ အရောင်တောက်သွားသည်။

၆ လပိုင်း ဂဏန်းဆိုတာ ဂဏန်းပေါက်စလေးတွေဖြစ်ပြီး အခွံလဲချိန်မို့ အသားက နူးညံ့ပြီး အခွံပျော့နေသည်။ အကောင်လည်း သိပ်မကြီးသဖြင့် ကြော်စားလျှင် အကောင်းဆုံးဖြစ်သည်။

နင်ချန်သည် ပုံမှန်အားဖြင့် အညှီနံပြင်းသော အစားအစာများကို မကြိုက်သော်လည်း ယဲ့ယွင် ကြိုက်နှစ်သက်သည်ကို တွေ့ရသဖြင့် မြည်းစမ်းကြည့်ရာ မဆိုးလှပေ။

နှစ်ယောက်သား တစ်ပန်းကန်လုံး ကုန်အောင် စားလိုက်ကြသည်။

ဂဏန်းသည် အအေးစာဖြစ်သဖြင့် အများကြီး စား၍ မကောင်းပေ။

နေ့လယ်စာ စားပြီးနောက် နင်ချန်သည် စာဖတ်ရန်သွားရမည်ဖြစ်သော်လည်း ယဲ့ယွင်က ကလေးဆိုးကြီးလုပ်ကာ အိပ်ချင်သည်ဟုပြောလေသည်။

သူမကို မလွန်ဆန်နိုင်သဖြင့် ဧကရာဇ်သည် ကိုယ်လုပ်တော်လေး အိပ်ပျော်သွားသည်ကို ကြည့်ပြီးမှ သနားစရာကောင်းစွာဖြင့် အလုပ်သွားလုပ်ရလေသည်။

....

ယဲ့ယွင် အိပ်ပျော်နေစဉ် ဖေးဟုန်နန်းဆောင်၌ စူးဒီယာသည် မနက်ခင်းလုံး စည်းကမ်းသင်ယူပြီး နေ့လယ်စာ စားနေချိန်ဖြစ်သည်။

နှစ်လုတ်လောက် စားပြီးချိန်တွင် လူစိမ်းတစ်ယောက် ရောက်လာသည်။ ဟွေ့အန်းကို မသိသော်လည်း တခြားအစေခံများက သိကြသည်။ အရှင်မင်းကြီး၏လက်ထောက် မိန်းမစိုးချုပ် ဖြစ်ကြောင်း သိလိုက်ရသောအခါ အလွန်ဝမ်းမြောက်သွားလေသည်။

သူမ ဒုက္ခကလွတ်ပြီဟု ထင်မှတ်ခဲ့သော်လည်း စည်းကမ်းသင်ယူမှုပြီးဆုံးခြင်းက မှန်သော်လည်း သူမ ရရှိလိုက်သည်က သတင်းဆိုးဖြစ်နေသည်။

သူမ၏ဖခင် ကျော်လီခယ့်ထူ ရုတ်တရက် နာမကျန်းဖြစ်ပြီး ကွယ်လွန်သွားလေပြီ။

***

အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC)-110

အခန်း ၁၁၀ ။ တစ်ပူပေါ် နှစ်ပူဆင့်

"ဝမ်ရုန် စိတ်ဖြေပါ၊ အခု ဝမ်ရုန်ရဲ့ အစ်ကိုတော် အန်းဟော်ကျင်းက မင်းသားရာထူးကို ဆက်ခံလိုက်ပါပြီ၊ ကွယ်လွန်သွားတဲ့ မင်းသားကြီးရဲ့နာရေးကိစ္စကိုလည်း ခမ်းခမ်းနားနား ကျင်းပပေးထားပါတယ်။ အရှင်မင်းကြီးကလည်း ဝမ်းနည်းကြောင်း လက်ဆောင်တွေ ပို့သထားပါတယ်။ ဝမ်ရုန်နဲ့ ကွယ်လွန်သူ မင်းသားကြီးတို့ရဲ့ သားအဖသံယောဇဉ်ကို ငဲ့ညှာပြီးဝမ်ရုန်ရဲ့ခြံဝင်းထဲမှာ ဘုရားကျောင်းဆောင်ငယ်လေး တည်ဆောက်ပြီး ပူဇော်ကန်တော့ခွင့် ပြုလိုက်ပါတယ်"

"ကျေးဇူးတင်ပါတယ် ဟွေ့အန်းကုန်းကုန်း"

စူးဒီယာသည် မျက်နှာသေဖြင့် ဒူးညွှတ်အရိုအသေပြုလိုက်ပြီး ဆုကြေးငွေပေးကမ်းရန်ပင် မေ့လျော့နေလေသည်။

ကံကောင်းသည်မှာ ဟွေ့အန်းက ထိုပစ္စည်းလေးများကို ဂရုမစိုက်ပေ။

ဤမျှ ငယ်ရွယ်သော မိန်းကလေးတစ်

ယောက်သည် ဖခင်၏ အကာအကွယ် မရှိတော့သဖြင့် သနားစရာကောင်းလှသည်။ ထိုကောင်မလေးကြည့်ရသည်မှာ လိပ်ပြာလွင့်သွားသကဲ့သို့ ဖြစ်နေရှာသည်။

သတင်းက လျင်မြန်စွာ ပျံ့နှံ့သွားရာ နန်းတော်တစ်ခုလုံး ခဏအတွင်းမှာပင် ကျားစခ် တတိယမင်းသား ကျော်လီခယ့်ထူ ကွယ်လွန်သွားကြောင်း သိရှိသွားကြသည်။

မူလက ရုပ်ရည်ရော အရည်အချင်းပါ ပြည့်စုံသော မြက်ခင်းပြင်မှ မင်းသမီးသည် ပြိုင်ဘက်ကောင်းတစ်ယောက် ဖြစ်လာမည်ကိုစိုးရိမ်ခဲ့ကြသော်လည်း လက်ရှိအခြေအနေအရ နန်းတွင်းဝင်လာသည်မှာ လအနည်းငယ်ကြာမြင့်ပြီဖြစ်သော်လည်း အိပ်ဆောင်ဝင်ခွင့် မရသေးသည့်အပြင် ဖခင်ဖြစ်သူပါ ဆုံးပါးသွားခဲ့လေသည်။

အထက်တန်းလွှာ အသိုင်းအဝိုင်းမှ မွေးဖွားလာသူများဖြစ်ကြရာ မယားငယ်မှမွေးသော သားသမီးများနှင့် တရားဝင်ဇနီးမှမွေးသော သားသမီးများကြားက ပဋိပက္ခများကို လူတိုင်းနီးပါး နားလည်လေသည်။

မည်သို့ပင်ဆိုစေကာမူ စူးဒီယာသည် တတိယမင်းသား မျိုးနွယ်စုကို ကိုယ်စားပြုနေသဖြင့် အလွန်အမင်း အကာအကွယ်မပေးလျှင်တောင် အလွန်အမင်းဆိုးရွားစွာ ဆက်ဆံခံရမည်တော့ မဟုတ်ပေ။

သို့သော်လည်း မသေချာလှပေ။ လက်ရှိမင်းသားက ညီမအရင်းတစ်ယောက်ကို နန်းတွင်းသို့သွင်းချင်လျှင် စုဝမ်ရုန်သည် စွန့်ပယ်ခံရမည့်အဖြစ်သို့ ရောက်ရှိသွားပေလိမ့်မည်။

မိသားစု၏စွန့်ပယ်ခြင်းကိုခံရသော အမျိုးသမီးတစ်ဦးသည် နန်းတော်ထဲတွင် ရပ်တည်ရန် အလွန် ခက်ခဲလှသည်။

သို့သော် လူတိုင်းက ကိုယ်နှင့်မဆိုင်သလို နေကြပြီး သူများဒုက္ခရောက်သည်ကို ကြည့်ကာ ပျော်ရွှင်နေကြသည်။ မိဖုရားခေါင်ကြီးနှင့် မယ်တော်ကြီးတို့က စည်းကမ်းအရ နှစ်သိမ့်ဆုလာဘ် အနည်းငယ် ပေးပို့သည်မှလွဲလျှင် မည်သူမျှ သူမအကြောင်း မမေးမြန်းကြတော့ပေ။

ထိုအချိန်တွင် ကျိုချန်နန်းဆောင်၌ ယဲ့ယွင်သည် တစ်နာရီခန့် အိပ်စက်ပြီးနောက် နိုးလာခဲ့သည်။ ဆံပင်ကို ဖြီးသင်ခြင်းမရှိဘဲ ခြေဗလာဖြင့် အတွင်းဝတ်အင်္ကျီသာဝတ်ဆင်လျက် အတွင်းခန်းထဲမှ မျက်လုံးမပွင့်တပွင့်ဖြင့် ထွက်လာလေသည်။

အပြင်ဘက်တွင် နင်ချန်သည် အစီရင်ခံစာများကို စစ်ဆေးနေပြီး ယွမ်ကျိုက ဘေးမှ မင်သွေးပေးနေသည်။ လှုပ်ရှားသံကြားသဖြင့် လှည့်ကြည့်လိုက်ပြီးနောက် အလျင်အမြန် ခေါင်းငုံ့လိုက်သည်။

"အရှင်မင်းကြီး၊ မင်ကျယ်ယွီ နိုးလာပါပြီ"

"ဟမ်.." နင်ချန် သံသယဖြင့်လှည့်ကြည့်လိုက်ရာ မိန်းမပျိုလေးသည် မျက်လုံးပင် ကောင်းကောင်း မဖွင့်နိုင်သေးဘဲ ဒီဘက်သို့ နှေးကွေးစွာ လျှောက်လာနေသည်ကို တွေ့လိုက်ရသည်။

"မင်း အရင် ထွက်သွားလိုက်"

ယွမ်ကျိုကို လက်ကာပြလိုက်ရာ ယွမ်ကျို သည် အလိုက်သိစွာအမြန်ဆုတ်ခွာသွားလေသည်။

ယဲ့ယွင်သည် အိပ်ရေးမဝသေးသည့်အတွက် အိပ်ချင်မူးတူးဖြင့်လျှောက်လာခဲ့သည်။ ရေဆာလွန်းသဖြင့် ထလာခြင်း ဖြစ်သည်။ နန်ကျစ်နှင့် ဟွေယွဲ့တို့က အထဲသို့ လိုက်မလာကြသဖြင့် ကိုယ့်ဘာသာ ထွက်လာရခြင်းဖြစ်သည်။

"အရှင်မင်းကြီး... ဒီချန်းချဲ့ ရေဆာတယ်"

မိန်းမပျိုလေးသည် လက်ကို ဆန့်ထုတ်ကာ နင်ချန်၏နဂါးဝတ်ရုံကို ဖွဖွလေး ဆွဲလိုက်သည်။

အိပ်ရာထကာစဖြစ်သဖြင့် ဖြူဝင်းသော မျက်နှာလေးမှာ ပန်းရောင်သန်းနေပြီး လှပသော မျက်ဝန်းများမှာ မှေးစင်းနေကာ မြူခိုးများ ဖုံးလွှမ်းနေသကဲ့သို့ ရှိသည်။ သွားဖြူဖြူလေးများက နှုတ်ခမ်းအောက်ကို ကိုက်ထားပြီး အားနွဲ့နေပုံပေါက်နေသည်။ ပခုံးထက်တွင် ဆံနွယ်များ ဖရိုဖရဲ ကျနေပြီး အဖြူရောင်ညအိပ်ဝတ်စုံနှင့် ချွဲနွဲ့နေသောအသံလေးကြောင့် အလွန်အမင်း ဆွဲဆောင်မှု ရှိနေလေသည်။

မည်သူမျှ သူ၏ရှေ့တွင် ဤကဲ့သို့ ပုံစံမျိုး မနေဖူးကြပေ။ ယုန်ငယ်လေးတစ်ကောင်

ကဲ့သို့ အကာအကွယ်မဲ့ကာ အထိန်းအကွပ်မဲ့နေသော ဤမိန်းမပျိုလေးတစ်ယောက်သာ သူ့အရှေ့တွင် ကပိုကရိုနေတတ်သူဖြစ်သည်။

သေချာသည်မှာ ထိုအချိန်တွင် ဧကရာဇ်သည် စည်းကမ်းမညီသော ကိစ္စများကို တွေးတောမိခြင်း မရှိပေ။

လူကိုဆွဲယူပြီး ပေါင်ပေါ်တင်ကာ စားပွဲပေါ်မှ လက်ဖက်ရည်ခွက်ကို ယူလိုက်သည်။

"အရှင်မင်းကြီး တိုက်" ယဲ့ယွင်သည် နင်ချန်၏ရင်ခွင်ထဲတွင် ခေါင်းမှီထားပြီး အရိုးမရှိသကဲ့သို့ ပျော့ခွေနေကာ လက်ပင် မမြှောက်ချင်ပေ။

နင်ချန်သည် သူမကြောင့် ရင်ထဲတွင် မီးဟုန်းဟုန်း တောက်လောင်နေသော်လည်း မိန်းမငယ်လေး၏ ချွဲနွဲ့မှုကို နှစ်သက်နေသဖြင့် မကျွမ်းကျင်သော ဟန်ပန်ဖြင့် လက်ဖက်ရည် တစ်ဝက်ခန့်ကို တိုက်ကျွေးလိုက်သည်။

"အရှင်မင်းကြီး အစီရင်ခံစာတွေ စစ်လို့ ပြီးပြီလား။ အရေးကြီးကိစ္စမရှိရင် ဒီချန်းချဲ့နဲ့အတူ ပြန်အိပ်ပေးပါလားဟင်"

ယဲ့ယွင်သည် သူ့လည်ပင်းကို ဖက်တွယ်လိုက်ပြီး နဖူးလေးဖြင့် သူ့မေးစေ့ကို ပွတ်သပ်လိုက်သည်။

ယခုအချိန်တွင် ကြည့်ရမည့် အစီရင်ခံစာများလည်း ကုန်သလောက်ရှိနေပြီဖြစ်သည်။ ထို့အပြင်မိန်းမလှလေးကအဆင်သင့်ရင်ခွင်ထဲရောက်နေသောကြောင့် နင်ချန်သည် သူတော်ကောင်း လုပ်မနေတော့ပေ။

သူမကို ပွေ့ချီပြီး အတွင်းခန်းထဲသို့ ဝင်သွားလေသည်။

တစ်ချီ နွှဲပြီးသောအခါ နှစ်ယောက်လုံး အားကုန်သွားကြသည်။ အစေခံများကိုခေါ်ရန် ပျင်းရိနေသဖြင့် ဒီအတိုင်းပင် အိပ်ပျော်သွားကြသည်။

အဓိကမှာ ကျိုချန်နန်းဆောင်အတွင်းတွင် ရေခဲများ လုံလောက်စွာထားရှိသဖြင့် ၆ လပိုင်း အစသည် သိပ်မပူဘဲ အတွင်းခန်းထဲတွင် စောင်ပါးလေး ခြုံအိပ်ရသည်အထိ အေးမြနေသောကြောင့် ဖြစ်သည်။

....

ဤတစ်ကြိမ် အိပ်စက်မှုသည် လေးနာရီနီးပါးကြာမြင့်သွားပြီး ပြန်နိုးလာချိန်တွင် နေဝင်ရီတရောဖြစ်နေလေပြီ။

နန်ကျစ်သည် ယဲ့ယွင်အတွက် အဝတ်အစားများ ပြန်ယူရန် ထွက်သွားပြီး ပြန်မရောက်သေးသဖြင့် ကျိုချန်နန်းဆောင်မှ နန်းတွင်းအစေခံမလေးများကို ဝင်ရောက် ပြုစုစေလိုက်သည်။

ယဲ့ယွင်သည် အိပ်ရာထရန် ပျင်းရိနေသဖြင့် နင်ချန်သည် အစေခံများဝတ်ပေးသော သန့်ရှင်းသော အဝတ်အစားများကိုဝတ်ဆင်ပြီးနောက် ကုတင်ပေါ်မှလူသားလေးကို ဝတ်ရုံဖြင့် လုံးထွေးပတ်လိုက်ပြီး ပွေ့ချီလိုက်လေသည်။

"မင်းကတော့ အဆိုးဆုံးပဲ"

နင်ချန်က နှာခေါင်းရှုံ့လိုက်ပြီး သူမကို ပွေ့ချီကာ အိပ်ဆောင်ထဲမှ ထွက်ပြီး နောက်ဘက်ရှိ ရွှမ်ယန်ရေကန်သို့ ထွက်ခွာသွားလေသည်။

ယဲ့ယွင်က သူ့ကို မကြောက်ပေ။ အဝတ်များ ပတ်ထားသဖြင့် မလှုပ်ရှားနိုင်သော်လည်း မျက်လုံးများက အရှုံးမပေးဘဲ နင်ချန်ကို ပြုံးစစစိုက်ကြည့်နေသဖြင့် နင်ချန် နားရွက်များ ရဲတက်လာရသည်။

အတွင်းခန်းထဲတွင် အစေခံမလေးများက သိမ်းဆည်းရင်း တီးတိုးပြောဆိုနေကြသည်။

"မင်ကျယ်ယွီက တကယ် အချစ်ခံရတာပဲ။ အရှင်မင်းကြီးက ဘယ်သူ့ကိုမှ ပွေ့ချီတာ ငါ မမြင်ဖူးဘူး။ အခုနေ့ခင်းကြောင်တောင်ကြီး..."

"အရင်တုန်းက ဝမ်သယ့်ဖေး အချစ်တော်ဖြစ်တုန်းကတောင် ဒီလိုမျိုး မရှိခဲ့ဘူး"

"ဘာတွေ ပြောနေကြတာလဲ။ သခင်တွေအကြောင်း ကွယ်ရာမှာ အတင်းပြောရသလား" မော့ယွီဝင်လာပြီး မျက်မှောင်ကြုတ်ကာ ဆူပူလိုက်သည်။

အစေခံမလေးနှစ်ယောက် အမြန် ခေါင်းငုံ့လိုက်ကြသည်။ "ကျဲကျဲမော့ ခွင့်လွှတ်ပါ။ ကျွန်မတို့ မပြောရဲတော့ပါဘူး"

လျန်ယွီလည်း ဝင်လာသည်။ "အစ်မကလည်း... ဘာလို့ သူတို့ကို ဆူနေတာလဲ။ ငယ်သေးတော့ နားမလည်ကြသေးလို့ပါ။ အပြင်ရောက်ရင် လျှောက်မပြောဖို့ မှတ်ထားရင်ပြီးတာပဲ"

"ကျေးဇူးတင်ပါတယ် ကျဲကျဲလျန်၊ ကျွန်မတို့ နှုတ်လုံပါ့မယ်" အစေခံမလေးများ ပြိုင်တူပြောပြီး အမြန် ထွက်ခွာသွားကြသည်။

"နင်ကလေ... အမြဲတမ်း သဘောကောင်းနေတာပဲ" လူစိမ်းများ မရှိတော့မှ မော့ယွီသည် အေးစက်သော မျက်နှာထားကို လျှော့ချလိုက်ပြီး ပြုံးလျက်ဆူလိုက်သည်။

"အစ်မကရော မဟုတ်လို့လား။ ဟိုတစ်နေ့က အစ်မအိမ်ပြန်တုန်းက အစ်မနဲ့ခဲအိုတို့ ပျားရည်နဲ့ ဝက်ဝံတွေ့သလို ချစ်နေကြတာ တွေ့ခဲ့တယ်နော်" လျန်ယွီက ရယ်မောလိုက်သည်။

မော့ယွီ မျက်နှာရဲသွားပြီး မျက်စောင်းထိုးလိုက်သည်။ "ငါ့ကိုပဲ ပြောနေတယ်။ နင့်ခေါင်းပေါ်က ဆံထိုးက ညည်းအိမ်ကလူ ဝယ်ပေးလိုက်တာ မဟုတ်ဘူးလား"

နှစ်ယောက်သား ခဏတာ စနောက်နေကြသည်။

သူတို့သည် အိမ်ရှေ့စံဘဝကတည်းက နင်ချန်ကို ပြုစုခဲ့ကြသူများ ဖြစ်သည်။ နင်ချန် နန်းတက်ပြီးနောက် သူတို့နှစ်ဦးကို နန်းတွင်းအစောင့်တပ်မှ ကိုယ်ရံတော်များနှင့် လက်ထပ်ပေးခဲ့သည်။ ယခု အနီးကပ် မပြုစုရတော့သော်လည်း ကျွန်မဟုတ်တော့ဘဲ ရာထူးရှိသော နန်းတွင်းအရာရှိများဖြစ်လာကြသည်။

တစ်ယောက်က နင်ချန်၏ကိုယ်ပိုင်ဘဏ္ဍာတိုက်ကို ထိန်းသိမ်းပြီး တစ်ယောက်က နင်ချန်၏စားဝတ်နေရေးကို စီမံရသည်။ ယွမ်ကျိုနှင့် ဟွေ့အန်းတို့ကမူ အနီးကပ်ပြုစုပြီး တကယ်တမ်း အလုပ်လုပ်ရသူများဖြစ်သည်။

လေးယောက်လုံးသည် ဧကရာဇ်၏ယုံကြည်ရသော အနီးကပ်အစေခံများဖြစ်ကြပေသည်။

"နင်အိမ်ပြန်ပြီး မိဘတွေကို သွားတွေ့မလို့ မဟုတ်ဘူးလား။ ဘာလို့ ဒီနေ့ ပြန်ရောက်လာတာလဲ" မော့ယွီ မေးလိုက်သည်။

ထိုအခါမှ လျန်ယွီ၏အပြုံးများ ပျောက်ကွယ်သွားသည်။

"ငါ ဒီတစ်ခေါက် ထွက်သွားတုန်းက မြို့ပြင် ဆင်ခြေဖုံးလောက်ပဲ ရောက်သေးတယ်။ လမ်းဘေးမှာ ရောဂါရနေတဲ့ လူတွေထိုင်နေကြတာ တွေ့ခဲ့ရတယ်။ အပြင်ဘက် ရောက်လေလေ ပိုများလေလေပဲ။ မကြာခင်ကပဲ ရေကြီးထားတာလေ။ နင် အရင် ဧကရာဇ် လက်ထက်တုန်းက ကိစ္စကို မှတ်မိသေးလား"

"နင် ဆိုလိုတာက... ကပ်ရောဂါလား" မော့ယွီ မျက်နှာ ဖြူဖျော့သွားသည်။

လျန်ယွီ ခေါင်းညိတ်လိုက်သည်။

"အဲဒါကြောင့် ငါ ဆက်မသွားတော့ဘဲ အမြန်ပြန်လာခဲ့တာ။ ဒါပေမဲ့ ကိစ္စက ကြီးမားတော့ သတင်းမှားမှာ စိုးရိမ်လို့ အစ်မကို အရင်ပြောပြပြီး တိုင်ပင်မလို့လေ။”

ဒီကိစ္စကို နောက်ဆုံးတွင် နင်ချန်အား လျှောက်တင်လိုက်သည်။ ဤသည်မှာကိစ္စသေးသေးမဟုတ်ပေ။ ကပ်ရောဂါသာ အမှန်တကယ်ဖြစ်ပွါးခဲ့လျှင် တိုင်းပြည်အတွက်အရေးကြီးသည်။

...

နင်ချန်သည် ချက်ချင်းပင် နန်းတော်ပြင်ပသို့ လူလွှတ်ပြီး စုံစမ်းခိုင်းလိုက်သည်။ ညရောက်သောအခါ လျှို့ဝှက်အစောင့်များ ပြန်ရောက်လာပြီး ကပ်ရောဂါဖြစ်နိုင်ခြေ ၉၀ ရာခိုင်နှုန်း ရှိကြောင်း အတည်ပြုလိုက်သည်။

နောက်တစ်နေ့ မနက် ညီလာခံတွင် နင်ချန်သည် စိတ်ရှည်လက်ရှည်ဖြင့် အချိန်အကြာကြီး စောင့်ဆိုင်းနေသော်လည်း မည်သည့်အမတ်ကမှ ဤကိစ္စကို တင်ပြလာခြင်းမရှိသဖြင့် ဒေါသအကြီးအကျယ် ထွက်လေတော့သည်။

"ကောင်းကြပါပေတယ်။ စာပေကျမ်းဂန် တတ်မြောက်ပါတယ်ဆိုတဲ့ မှူးမတ်တွေက ကျန်းရဲ့ ဘေးနားက မိန်းမစိုးမလေး နှစ်ယောက်လောက်တောင် အသုံးမကျကြပါလား။ မြို့ပြင်မှာ ကပ်ရောဂါ ဖြစ်နေတာကို တစ်ယောက်မှ မသိကြဘူးလား။ ဒါမှမဟုတ် ကျန်းကို ဘယ်အချိန်ထိ ဖုံးကွယ်ထားကြမလို့လဲ။”

"အရှင်မင်းကြီး စိတ်လျှော့ပါ... ကျွန်တော်မျိုးက... ကျွန်တော်မျိုးက မိုးရက်ဆက် ရွာထားလို့ ပြည်သူတွေ အအေးမိဖျားနာတာလို့ပဲ ထင်မှတ်ခဲ့မိပါတယ်။ ကပ်ရောဂါလို့... ကပ်ရောဂါလို့ ထင်မထားမိပါဘူး" မြို့တော်ဝန် ပိုင်ဖုန်းယွမ်သည် ကြောက်လန့်တကြား ဒူးထောက်လိုက်သည်။

နင်ချန်သည် သူ့ကို အေးစက်စွာ ကြည့်လိုက်ပြီးနောက် ယင်းကော်ကုန်းကို လှမ်းကြည့်လိုက်ရာ ဦးလေးဖြစ်သူ၏မျက်နှာထား မကောင်းသည်ကို တွေ့လိုက်ရသည်။

အကြောင်းမှာ ပိုင်ဖုန်းယွမ်သည် ယင်းကော်ကုန်း၏တပည့်ရင်း ဖြစ်သောကြောင့်ပင်။

"မင်းက မြို့တော်ဝန်ဖြစ်ပြီးတော့ ကျန်း ဘေးနားက မိန်းမစိုးမလေးတွေလောက်တောင် အသုံးမကျဘူး။ ဒီဝတ်ရုံနဲ့ မထိုက်တန်တော့ဘူးပဲ။ လာကြ... မြို့တော်ဝန် ပိုင်ဖုန်းယွမ်က အသုံးမကျတဲ့အတွက် ရာထူးကနေဖယ်ရှားပြီး သာမန်အရပ်သားအဖြစ် သတ်မှတ်ကာ မြို့တော်ကနေ နှင်ထုတ်လိုက်"

ယင်းကော်ကုန်းသည် ခေါင်းငုံ့ထားပြီး စကားတစ်ခွန်းမျှ မပြောသော်လည်း မျက်လုံးအိမ်များ ကျုံ့သွားသည်ကို တွေ့ရသည်။ နောက်ဆုံးတွင် သူ့တပည့်ကို ကိုယ်ရံတော်များ ဆွဲထုတ်သွားသည်ကို ကြည့်နေလိုက်ရတော့သည်။

***

All Chapters