အခန်း (၁၁၁-၁၁၂)
Vol. 7 Ch. 111-112
အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC)-111
အခန်း ၁၁၁ ။ ဘယ်သူ့ကိုကြည့်ကြည့် အမြင်ကပ်နေခြင်း
မြို့တော်ဆင်ခြေဖုံးရှိ ကပ်ရောဂါကိစ္စပေါ်ပေါက်သွားပြီးနောက် နှစ်ရက်သုံးရက်အတွင်းမှာပင် အခြေအနေမှာ ပေါက်ကွဲထွက်သကဲ့သို့ ပိုမိုဆိုးရွားလာလေသည်။
မြို့အတွင်းနှင့် နန်းတော်အတွင်းသို့ ကပ်ရောဂါကူးစက်ပျံ့နှံ့ခြင်း မရှိစေရန်အတွက် မြို့တံခါးများကို ယာယီ ပိတ်ထားလိုက်ပြီး အပြင်လူများကို ဝင်ရောက်ခွင့် လုံးဝပိတ်ပင်ထားသည်။
ဝယ်ယူသော ပစ္စည်းများကို နန်းတော်တံခါးဝသို့ ပို့ဆောင်စေပြီး ထိုမှတဆင့် နန်းတွင်းအစေခံများက သက်ဆိုင်ရာနေရာများသို့ သယ်ယူပို့ဆောင်ရသည်။
ညီလာခံတွင် မှူးမတ်များသည် မြို့ပြင်ထွက်ပြီး ကပ်ရောဂါတိုက်ဖျက်ရေးတွင် ပါဝင်ကူညီရန် အသီးသီးလျှောက်ထားကြသည်။
ယခုတစ်ကြိမ်တွင် နင်ချန်သည် ရက်ရက်ရောရောပင် ခွင့်ပြုလိုက်သည်။ ချန်၊ ရှဲ့၊ ယောင်၊ ဝူ ဟူသော မိသားစုကြီးလေးစုမှ မျိုးဆက်သစ် လူငယ်တစ်ယောက်စီကို ရွေးချယ်ပြီး အပြင်သို့လွှတ်လိုက်သည်။
အခြားအရာရှိများလည်း ပါဝင်ပေမယ့် အဓိကမှာ ဤမိသားစုကြီးလေးစုဖြစ်သည်။
သူတို့၏ စွမ်းဆောင်ရည်ကိုစောင့်ကြည့်ရပေမည်။
ထိုအချိန်မှာပင် ယဲ့ယွင်သည် နန်းတော်ပြင်ပရှိ မိခင်ဖြစ်သူ ချူရှီထံသို့ စာတစ်စောင် ပေးပို့ရန် နည်းလမ်းရှာခဲ့သည်။ စာထဲတွင် "ခေတ်ပျက်မှ သူရဲကောင်း ပေါ်ထွန်းသည်" ဟု ရေးသားထားပြီး အဘိုးနှင့် ဦးလေးတို့အနေဖြင့် နန်းတွင်းကုန်သည်ဖြစ်လိုလျှင် ယခုအချိန်သည် အခွင့်ကောင်း ဖြစ်ကြောင်း အကြံပြုထားသည်။
ချူရှီသည် ဉာဏ်ကောင်းသူဖြစ်ရာ သမီးဖြစ်သူ၏ဆိုလိုရင်းကို နားလည်သည်။ ခင်ပွန်းသည် မရှိတော့သည့်နောက် သားသမီးများကလည်း ငယ်ရွယ်သေးရာ မိဘအိမ်ကသာ အင်အားတောင့်တင်းနေလျှင် သူမအတွက် အားကိုးရာရပေမည်။
ထို့ကြောင့် ထိုစာကို ချက်ချင်းပင် မြင်းစီးဆက်သားဖြင့် ပျန့်ကျိုးသို့ အရောက်ပို့စေခဲ့သည်။
နောက်တစ်နေ့ မနက်ခင်း ဂါရဝပြုချိန်တွင် မိဖုရားခေါင်ကြီးသည် တင်းမာခက်ထန်နေသည်။
"အခု မြို့ပြင်မှာ ကပ်ရောဂါတွေ ဖြစ်ပွားနေတယ်။ ဒီလိုအချိန်မျိုးမှာ နန်းတော်ထဲ ဝင်လာတဲ့ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံတွေက ပုံမှန်အချိန်လောက် မလတ်ဆတ်တာမျိုး ရှိနိုင်တယ်။ မင်းတို့အားလုံး နားလည်ပေးကြပါ။ ဒီလို အရေးကြီးတဲ့အချိန်မှာ တစ်ယောက်ယောက်ကများ ပြဿနာရှာတယ်လို့ ပန်းကုန်းကြားရင် ညီအစ်မ သံယောဇဉ်ကို မထောက်ထားဘဲ အရေးယူမယ်ဆိုတာ မှတ်ထားကြ။”
စကားက ယိမိန်ရန်ကို ရည်ရွယ်ပြောဆိုခြင်းဖြစ်သည်။
မနေ့ညက ယိမိန်ရန်သည် သစ်သီးစားချင်သဖြင့် တောင်းဆိုရာ သူမလိုချင်သော အသီး မရသဖြင့် စားတော်ဆောင်မှ အုပ်ချုပ်သူကို ဒေါသတကြီး ဆူပူကြိမ်းမောင်းခဲ့သည်။
ယခုအချိန်တွင် ယိမိန်ရန်သည် ခေါင်းငုံ့ထားပြီး အသက်ပင် ပြင်းပြင်းမရှူရဲပေ။
ကံကောင်းသည်မှာ ယခုအချိန်တွင် မည်သူမျှ ပြဿနာမရှာရဲကြပေ။ မိဖုရားခေါင်ကြီး၏ ငြိုငြင်မှုကို ခံရမည် စိုးသဖြင့် သူမကို လှောင်ပြောင်သူ မရှိကြပေ။
တကယ်တမ်းတွင် ယိမိန်ရန်လည်း နောင်တရနေမိသည်။ မနေ့က စားတော်ဆောင်မှလူက သူမကို ဒေါသထွက်အောင် စကားနာထိုးသဖြင့် ပေါက်ကွဲသွားခြင်းဖြစ်ပေသည်။
ထိုလူက ယခုအချိန်တွင် သူမ၏ရေပန်းစားမှုက ယဲ့ယွင်လောက် မရှိတော့ကြောင်း၊ ယဲ့ယွင်တောင် ဒီလောက် ဂျီးမများကြောင်း၊ သူမက ဘာမို့လို့ ဂျီးများနေရသလဲဆိုပြီး သွယ်ဝိုက် ပြောဆိုခဲ့သောကြောင့်ဖြစ်သည်။
သေချာစဉ်းစားကြည့်လျှင် ထိုလူက ကျွန်တစ်ယောက်သာ ဖြစ်သည်။ သူမက အရင်ကဲ့သို့ မျက်နှာသာပေးခြင်းမခံရလျှင်တောင် ထိုလူ၏ ဗြောင်ဗြောင်ကျကျလှောင်ပြောင်ခြင်းကို ခံစရာအကြောင်းမရှိပေ။ တစ်ယောက်ယောက်က ခိုင်းစေထားသည်မှာ သေချာသည်။
သို့သော် ကိစ္စကပြီးသွားပြီဖြစ်၍ နောင်တရနေလည်း မထူးတော့ပေ။ နောက်နောင် ပိုမို သတိထားရန်သာ ကိုယ့်ကိုယ်ကိုယ် သတိပေးလိုက်ရသည်။
"ကျယ်ယွီ ရာထူးအောက်ကလူတွေ ပြန်လို့ရပြီ။ ကျန်တဲ့လူတွေ ပန်းကုန်းနဲ့အတူ ချီနင်နန်းဆောင်ကို လိုက်ခဲ့ပြီး မယ်တော်ကြီးကို ဂါရဝပြုကြမယ်"
မိဖုရားခေါင်ကြီးက ပြောပြီးသည်နှင့် ထရပ်လိုက်သည်။
ယဲ့ယွင် စိတ်ထဲတွင် သက်ပြင်းချလိုက်မိသည်။ မယ်တော်ကြီး ပြဿနာ မရှာပါစေနဲ့လို့သာ ဆုတောင်းရတော့မည်။
ဤသည်မှာ သူမအတွက် ချီနင်နန်းဆောင်သို့ ပထမဆုံးအကြိမ် သွားရောက် ဂါရဝပြုခြင်းဖြစ်သည်။ ထို့ကြောင့် အကောင်းပကတိအတိုင်း ပြန်လာချင်မိသည်။
......
ချီနင်နန်းဆောင်သို့ ရောက်သောအခါ အားလုံး ညီညာစွာ ဂါရဝပြုကြပြီး ရာထူးအလိုက် နေရာယူ ထိုင်လိုက်ကြသည်။
မယ်တော်ကြီးသည် ကျောက်စိမ်းပုတီးတစ်ကုံးကို ကိုင်ထားပြီး အောက်မှလူများကို တစ်ချက် ဝေ့ဝဲကြည့်ရှုကာ စကားစပြောလေသည်။
"ဒီရက်ပိုင်း ကပ်ရောဂါကိစ္စက ဆူညံနေတယ်။ အရှင်မင်းကြီးလည်း တိုင်းရေးပြည်ရာတွေကြောင့် ပင်ပန်းနေရတယ်။ မင်းတို့တွေ အရှင်မင်းကြီး အမောပြေအောင် ပိုပြီး ဂရုတစိုက် ပြုစုကြ။ ပြီးတော့ ပြည်သူတွေ အပြင်မှာ ဒုက္ခရောက်နေကြတာတွေးပြီး အိုက်ကျား စိတ်မကောင်းဘူး။ ဒီနှစ်ရက်အတွင်း တရားစာတွေ အများကြီးကူးရေးခဲ့ပေမဲ့ မလုံလောက်သေးဘူးလို့ ခံစားရတယ်။ အနောက်ဆောင်က အမျိုးသမီးတွေအနေနဲ့ အရှင်မင်းကြီးရဲ့တိုင်းရေးပြည်ရာတွေကို ကူညီဖြေရှင်းမပေးနိုင်ပေမဲ့ မယ်တော်နဲ့အတူ ပေါက်ဟွားနန်းဆောင်မှာ တရားစာကူး၊ အမွှေးတိုင်ထွန်း၊ ဘုရားရှိခိုးပြီး ပြည်သူတွေအတွက် ဆုတောင်းပေးကြရအောင်"
"မယ်တော်ကြီးက ပြည်သူတွေအပေါ် မေတ္တာထားတာ တကယ်လေးစားစရာပါ။ ကောင်းကင်ဘုံက သိမြင်ပြီး ဒီကပ်ရောဂါဘေးကနေ အမြန်ဆုံးလွတ်မြောက်စေမှာပါ" မိဖုရားခေါင်ကြီးက ပြုံးလျက် ထောက်ခံလိုက်သည်။
ရှူးဖေးကလည်း ဝင်ပြောသည်။ "မယ်တော်ကြီးက တိုင်းပြည်ရဲ့မိခင်ပီသပါပေတယ်။ မယ်တော်ကြီးကိုယ်တိုင် ပြည်သူတွေအတွက် ဆုတောင်းပေးမှတော့ ပြည်သူတွေ သေချာပေါက် ကောင်းကျိုးချမ်းသာရကြမှာပါ"
"ဟုတ်ပါတယ်၊ မယ်တော်ကြီး ဦးဆောင်ပြီး ဆုတောင်းပေးတာက ဒီချန်းချဲ့တို့အနေနဲ့ ပြည်သူတွေအတွက် တစ်ဖက်တစ်လမ်းက ပါဝင်ကူညီရာ ရောက်ပါတယ်" ဝမ်ဖေးကလည်း ပြောလိုက်သည်။
မြှောက်ပင့်စကားများကို ကြားရသောအခါ မယ်တော်ကြီး၏မျက်နှာပေါ်တွင် အပြုံးရိပ်များ ထင်ဟပ်လာပြီး သဘောကျနေပုံရသည်။
သေချာသည်မှာ ချွေးမတော်များကို ခေါ်လိုက်သည်က မြှောက်ပင့်စကား နားထောင်ရန် သက်သက် မဟုတ်ပေ။
သူမ၏အကြည့်က ယောင်ရှန်းအပေါ်သို့ ရောက်သွားသည်။
"ဖန်းရှိုးရီက အရှင်မင်းကြီးရဲ့အသက်ကို ကယ်ခဲ့ဖူးတဲ့ ကျေးဇူးရှင်ဆိုတော့ ကံကောင်းခြင်းတွေ ရှိတဲ့သူလို့ ဆိုရမှာပေါ့။ မယ်တော် စဉ်းစားမိတာက ဖန်းရှိုးရီအနေနဲ့ နေ့တိုင်း တစ်နာရီလောက် ပိုနေခဲ့ပြီး မယ်တော်နဲ့ တခြားလူတွေ ကူးရေးထားတဲ့ တရားစာတွေကို ဘုရားဆီ မီးရှို့ဆက်သပေးရင် ကောင်းမလားလို့"
ရှူးဖေးက အလျင်အမြန် ထောက်ခံလေသည်။ "မယ်တော်ကြီး ပြောတာ မှန်ပါတယ်။ ဖန်းရှိုးရီက အဲ့ဒီလောက် အန္တရာယ်များတဲ့ ဒဏ်ရာရတာတောင် ပြန်ကောင်းလာတာဆိုတော့ ကံတရား ကြီးမားလို့ပါ။ တရားစာ မီးရှို့တဲ့အလုပ်ကို သူ့ကိုပေးတာ အသင့်တော်ဆုံးပါပဲ"
"မယ်တော်ကြီး အထင်ကြီးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒီချန်းချဲ့ ပြည်သူပြည်သားတွေအတွက် တတ်စွမ်းသမျှ ဆောင်ရွက်ပါ့မယ်"
ယောင်ရှန်းသည် လိမ္မာစွာထရပ်လိုက်ပြီး စည်းကမ်းတကျ ဒူးညွှတ်အရိုအသေ ပြုလိုက်သည်။ ဤကဲ့သို့ နာခံမှုရှိသောပုံစံက မယ်တော်ကြီးကို စိတ်ကျေနပ်စေသည်။
ယခင်က ယောင်ထိုက်ကွေ့ဖေးသည် သူမထက် ရာထူးမြင့်ခဲ့ပြီး သူမကသာ ခေါင်းငုံ့ခဲ့ရသည်။ ယခုအခါ ယောင်မိသားစုမှ တူဝရီးနှစ်ယောက်လုံး သူမလက်အောက်တွင် ကျိုးနွံနေရသည်ကိုမြင်ရသည်မှာ ကျေနပ်စရာကောင်းလှသည်။
ယောင်ရှန်းကို ဒုက္ခပေးပြီးနောက် နောက်တစ်ယောက်ကိုလည်း လွှတ်ပေးမည် မဟုတ်ပေ။ ချက်ချင်းပင် ယဲ့ယွင်အလှည့် ရောက်လာလေသည်။
လွန်ခဲ့သော ရက်အနည်းငယ်က နင်ချန်သည် ယဲ့ယွင်ကို သိသိသာသာရော မသိမသာပါ ဆုလာဘ်များ ပေးသနားခဲ့သည်။ မယ်တော်ကြီးသည် သတင်းကြားတိုင်း ချီနင်နန်းဆောင်ထဲတွင် "မြေခွေးမ" ဟု အကြိမ်ကြိမ် ဆဲရေးခဲ့ဖူးသည်။
"မင်ကျယ်ယွီရဲ့ ဝတ်စားဆင်ယင်ပုံက တော်တော် တန်ဖိုးကြီးနေပါလား။ လရောင်ပိုးထည် ဝတ်စုံ၊ ဟော်ထျန်းကျောက်စိမ်း လက်ကောက်၊ တောင်ပင်လယ်ပုလဲဆံထိုးတွေနဲ့။ ပြည်သူတွေ အပြင်မှာ ဒုက္ခရောက်နေလို့ အိုက်ကျားတောင် ချွေတာနေရချိန်မှာ ညည်းကတော့ ဇိမ်ယစ်နေတုန်းပါလား"
မိဖုရားခေါင်ကြီးက ကြားဝင်ဖြန်ဖြေပေးလိုက်သည်။
"မယ်တော်ကြီး စိတ်လျှော့ပါ၊ မင်ကျယ်ယွီက ငယ်သေးတော့ ဒီလိုတောက်တောက်ပြောင်ပြောင်တွေ ဝတ်ချင်တာ ပုံမှန်ပါပဲ။ အရှင်မင်းကြီးက မင်ကျယ်ယွီကို ချစ်မြတ်နိုးလို့ မနှစ်ကဆို လက်သည်းနီဆိုးဖို့ ရွှေမှုန်ငွေမှုန်တွေတောင် ဆုချခဲ့ပါသေးတယ်။ နန်းတော်ထဲမှာ ဒီပစ္စည်းတွေ မရှားပါဘူး။ အခုချိန်က ထူးခြားတဲ့ အခြေအနေမို့လို့ပါ။ ဒါပေမဲ့ မယ်တော်ကြီး စိတ်ချပါ။ ဒီချန်းချဲ့ သူ့ကို ကောင်းကောင်း ဆုံးမလိုက်ပါ့မယ်"
ယဲ့ယွင် မျက်မှောင်ကြုတ်လိုက်ပြီး ထရပ်လိုက်သည်။ "ဒီချန်းချဲ့ မှားသွားပါတယ်။ နောက်ဆိုရင် ရိုးရိုးရှင်းရှင်း ဝတ်ဆင်ပါ့မယ်။ ဒီအဝတ်အစားနဲ့ လက်ဝတ်ရတနာတွေက ဒီချန်းချဲ့ရဲ့ မိဘအိမ်က ပို့ပေးလိုက်တာပါ။ ပြန်ရောက်ရင် ချက်ချင်း လဲလိုက်ပါ့မယ်"
ခဏရပ်ပြီး ဆက်ပြောလိုက်သည်။
"ဒါပေမဲ့ ချန်းချဲ့အမြင်ကတော့မယ်တော်ကြီးအနေနဲ့ ပြည်သူတွေအတွက် စေတနာထားတာကိုက လုံလောက်ပါပြီ။ ကိုယ့်ကိုယ်ကိုယ် အရမ်းကြီးပင်ပန်းအောင် မလုပ်ပါနဲ့။ မယ်တော်ကြီးက နှစ်ပေါင်းများစွာ စည်းစိမ်ချမ်းသာနဲ့ နေလာခဲ့တာ။ အခု ပြည်သူတွေအတွက်ဆိုပြီး ရုတ်တရက်ကြီး ခြိုးခြံချွေတာလွန်းရင် ပြည်သူတွေက စိတ်မကောင်းဖြစ်ပြီး ကိုယ့်ကိုယ်ကိုယ် အပြစ်တင်နေကြပါဦးမယ်။ ဒါဆိုရင် ပြည်သူတွေအတွက် ကောင်းမှုပြုချင်တဲ့ မယ်တော်ကြီးရဲ့ရည်ရွယ်ချက်နဲ့ ဆန့်ကျင်ဘက် ဖြစ်မသွားဘူးလား"
"မင်းက အိုက်ကျားလုပ်တာ မှားနေတယ်လို့ ပြောချင်တာလား" မယ်တော်ကြီးက နှာမှုတ်လိုက်သည်။
ယဲ့ယွင်က တည်ငြိမ်စွာဖြင့် ဒူးညွှတ်လိုက်
သည်။
"ဒီချန်းချဲ့ မဝံ့ရဲပါဘူး။ ဒီချန်းချဲ့က မယ်တော်ကြီးကို စိတ်ပူလို့ပါ။ အရှင်မင်းကြီးက ပြည်သူတွေ ဒုက္ခရောက်နေတာကိုကြည့်ပြီး စိတ်ဆင်းရဲနေရတာပါ။ တကယ်လို့ မယ်တော်ကြီးပါ ဆင်းရဲခံနေမယ်ဆိုရင် အရှင်မင်းကြီး ပိုပြီး စိတ်မကောင်း ဖြစ်ရပါလိမ့်မယ်"
အရှင်မင်းကြီးအကြောင်းပါလာသဖြင့် မယ်တော်ကြီးသည် ယဲ့ယွင်က လတ်တလော အချစ်တော်ဖြစ်နေသည်ကို ထောက်ထားပြီး မျက်စောင်းထိုးကာ ဆက်မပြောတော့ပေ။
.....
ချီနင်နန်းဆောင်မှ ထွက်လာသောအခါ ဝမ်ရှိုးယွမ်က သူမကို လှမ်းခေါ်လိုက်သည်။
"ညီမတော်က ဒုတိယမင်းသမီးအတွက် ပေးတဲ့ တစ်လပြည့်လက်ဆောင်ကို အစ်မ တွေ့ပါတယ်။ ညီမတော် တကယ် စေတနာထားတာပဲ။ ဒုတိယမင်းသမီးကိုယ်စား ကျေးဇူးတင်ပါတယ်"
"အစ်မတော်ကလည်း အားနာစရာကြီး။ ဒုတိယမင်းသမီးက ကောင်းကင်ဘုံက မျက်နှာသာပေးတဲ့သူပဲ။ ကောင်းတာတွေ အကုန်လုံး ရထိုက်ပါတယ်။ ညီမက ဉာဏ်နည်းနည်းသုံးလိုက်ရုံပါ။ အစ်မတော် သဘောကျတယ်ဆိုရင် ညီမရဲ့ ကြိုးစားမှု အရာထင်တာပါပဲ" ယဲ့ယွင် ပြုံးလိုက်သည်။
မိတ်ဖွဲ့ဖို့ဆုံးဖြတ်ပြီးမှတော့ နူးညံ့ပျော့ပျောင်းစွာ ဆက်ဆံရပေမည်။
ဝမ်ရှိုးယွမ်က ဘေးဘီဝဲယာကြည့်လိုက်ပြီး အသံနှိမ့်ကာ ပြောလိုက်သည်။ "စောစောက အစ်မ ဝင်မပြောပေးနိုင်တာကို စိတ်မဆိုးပါနဲ့နော်။ အစ်မက ဒုတိယမင်းသမီးကို မွေးထားလို့ ရာထူးတက်လာပေမဲ့ မိသားစုနောက်ခံနဲ့ အရှင်မင်ကြီးရဲ့မျက်နှာသာပေးခဲရတာကတော့ နည်းတယ်လို့ပဲပြောရမယ်။အရှင်မင်းကြီးရှေ့မှာ မျက်နှာနည်းနည်းရပေမဲ့ မယ်တော်ကြီးရှေ့မှာတော့... စကားဝင်ပြောဖို့တောင်အဆင်မပြေပါဘူး"
"အစ်မတော်ကလည်း... အားနာမနေပါနဲ့၊ ညီမ နားလည်ပါတယ်" ယဲ့ယွင်က နှစ်သိမ့်လိုက်သည်။ "မယ်တော်ကြီးရဲ့အမြင်က မြင့်တယ်လေ။ ချန်ဝမ်ရုန် တစ်ယောက်ကိုပဲ အထင်ကြီးတာ။ ညီမတို့ အပြောခံရတာ ပုံမှန်ပါပဲ။ ဒါပေမဲ့ နောက်ရက်တွေကျရင် ပေါက်ဟွားနန်းဆောင်မှာ ဒူးထောက်ရတော့မယ်ဆိုတော့ အစ်မက မီးတွင်းထွက်ကာစမို့လို့ ကျန်းမာရေးဂရုစိုက်နော်"
ဝမ်ရှိုးယွမ်သည် ယဲ့ယွင် တကယ်စိတ်မဆိုးမှန်း သိလိုက်ရသဖြင့် သက်ပြင်းချနိုင်တော့သည်။
....
နှစ်ယောက်သား လမ်းခွဲလိုက်ကြပြီး ယဲ့ယွင်သည် ဝေါယာဉ်စီးကာ ယွီရှို့အဆောင်သို့ ပြန်လာရင်း စိတ်ရှုပ်ထွေးနေမိသည်။
ဒီမယ်တော်ကြီးက ဘယ်သူ့ကိုကြည့်ကြည့် အမြင်ကပ်နေတာ၊ တကယ်တမ်းကျတော့ ဘယ်သူကရော သူ့ကို ကြည့်ရတာ အမြင်မကပ်ဘဲ နေမှာလဲ။
မကြာခင် ကိုယ့်သေတွင်း ကိုယ်တူးမိတော့မှာပဲ။
***
အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC)-112
အခန်း ၁၁၂ ။ အခွင့်အရေး
ချူမိသားစု၏လှုပ်ရှားမှုသည် လျင်မြန်လှသည်။ သတင်းရရှိသည်နှင့် တပြိုင်နက် တစ်ခဏမျှ မဆိုင်းမတွဘဲ ဆေးဝါးများအသင့်ပြင်ဆင်ကာ မြို့တော်သို့ ပို့ဆောင်ပေးခဲ့သည်။
လက်ရှိအချိန်တွင် ကပ်ရောဂါအတွက် ကုသဆေးနည်း အတိအကျ မထွက်ပေါ်သေးသော်လည်း အသုံးများသော ဆေးဝါးများမှာ အတူတူပင်ဖြစ်သဖြင့် ပို့ဆောင်လာသော ဆေးဝါးများမှာ အသုံးဝင်မည်သာဖြစ်သည်။
အစိုးရပိုင် ဆေးဝါးများမှာ အဓိကအားဖြင့် နိုင်ငံတော်ဘဏ္ဍာတိုက်နှင့် တော်ဝင်ဆေးရုံတို့မှ ရရှိခြင်းဖြစ်ရာ လုံလောက်မှု မရှိနိုင်ပေ။ ထို့ကြောင့် ချူမိသားစု၏လုပ်ရပ်သည် အရေးပေါ်လိုအပ်ချက်ကို ဖြည့်ဆည်းပေးရာရောက်ခဲ့သည်။
ချူရှို့ဝမ်သည် ညီမနှင့် တူမကို လွမ်းဆွတ်သလို၊ မြို့တော် ဟန်လင်ကျောင်းတော်တွင် ရှိနေသော သားကြီးအတွက် ဂုဏ်သတင်းကောင်း ရယူပေးလိုသဖြင့် ဤဆေးဝါးများကို ချူမိသားစုက ပေးပို့ပြီး ယဲ့မိသားစုလမ်းကြောင်းမှတစ်ဆင့် ဖြန့်ဝေစေခြင်းဖြစ်သည်။
ထို့အပြင် မကြာသေးမီက ရေကြီးမှုကြောင့် သီးနှံများပျက်စီးကာ အိမ်များပြိုကျပျက်စီးခဲ့သဖြင့် အိုးမဲ့အိမ်မဲ့ ဒုက္ခသည်အချို့ ရှိနေသည်။
ချူမိသားစုသည် ဆန်စပါး အများအပြားယူဆောင်လာပြီး မြို့တံခါးအပြင်ဘက်တွင် တဲထိုးကာ ဆန်ပြုတ်ဝေငှခြင်းများ ပြုလုပ်သည်။ အလားတူပျန့်ကျိုးဘက်တွင်လည်း ထိုနည်းတူပင် ဆောင်ရွက်ခဲ့သည်။
ပျန့်ကျိုးသည် မြို့တော်နှင့် နီးကပ်သဖြင့် ရေဘေးသင့်ခဲ့သော်လည်း ကပ်ရောဂါမှာ မြို့တော်ဆင်ခြေဖုံးမှ စတင်ခြင်းဖြစ်၍ ထိုဘက်သို့ ကူးစက်မှု မရှိသေးပေ။
ဤလုပ်ရပ်သည် ပြည်သူလူထု၏ထောက်ခံမှုကို ရရှိစေခဲ့သည်။
ရက်အနည်းငယ်အတွင်းမှာပင် မြို့တော်သူ မြို့တော်သားများက ယဲ့မိသားစုနှင့် ချူမိသားစုကို ချီးကျူးထောပနာပြုကြသည်။
ယဲ့မိသားစုမှ စစ်သူကြီးနှစ်ဦးသည် တိုင်းပြည်အတွက် စစ်မြေပြင်တွင် အသက်ပေးလှူခဲ့ကြသလို၊ လက်ရှိ စစ်သူကြီးလေးယဲ့သည်လည်း စစ်တပ်တွင် တာဝန်ထမ်းဆောင်နေဆဲဖြစ်သည်။ ယောက္ခမတော်စပ်သော ချူမိသားစုသည်လည်း ကုန်သည်မျိုးရိုးဖြစ်သော်လည်း ကြင်နာတတ်ကြသည်။ ယဲ့နှင့် ချူ နှစ်ဖက်စလုံးသည် တိုင်းပြည်နှင့်လူမျိုးအတွက် အမှန်တကယ်အကျိုးပြုသူများအဖြစ် အသိအမှတ်ပြုလာကြတော့သည်။
ထိုစဉ်က ဖခင်ယဲ့ မကြီးပွားသေးမီ ကုန်သည်သမီးကိုလက်ထပ်ခဲ့စဉ်က လူအများ ကဲ့ရဲ့လှောင်ပြောင်ခဲ့ကြသော်လည်း ယခုအခါတွင်မူ ထိုအိမ်ထောင်ရေးကို ဂုဏ်ယူစရာအဖြစ် ပြောဆိုနေကြပြီ ဖြစ်သည်။
....
သတင်းများ ကျယ်ပြန့်စွာ ပြန့်နှံ့သွားရာ နန်းတော်တွင်းသို့လည်း လျင်မြန်စွာ ရောက်ရှိသွားသည်။
ယဲ့ယွင် စာပို့ခဲ့ခြင်းကို ဖုံးကွယ်ထားခြင်း မရှိသဖြင့် နင်ချန်သည် သူမ နန်းတော်ပြင်ပသို့ သတင်းပို့ခဲ့ကြောင်း အလွယ်တကူ သိရှိသွားသည်။
ဒီမိန်းကလေးရဲ့လက်ချက် ဖြစ်ဖို့များတယ်။ နင်ချန် မျက်ခုံးပင့်ကာ ပြုံးလိုက်သည်။
ကိုယ်ကျိုးပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ ဤကိစ္စကို ကောင်းမွန်စွာစီမံထားပြီး အချိန်အခါနှင့် ကိုက်ညီသလို အခွင့်အရေးကိုလည်း ဦးစွာ ရယူနိုင်ခဲ့သည်။
ကောင်းမှုပြုလျှင် ဆုချရမည်မှာ ဓမ္မတာပင်။ နင်ချန်သည် ချက်ချင်းပင် ယဲ့ယွင်အား လက်ဆောင်ပစ္စည်းများ ပေးပို့လိုက်သလို နန်းတော်ပြင်ပရှိ ချူမိသားစုနှင့် ယဲ့မိသားစုကိုလည်း အမိန့်တော်ဖြင့် ချီးကျူးဂုဏ်ပြုလိုက်သည်။
နန်းတွင်းရှိ အခြားသူများ သတင်းကြားရသောအခါမှ သတိဝင်လာကြပြီး သက်ဆိုင်ရာ မိသားစုများထံ သတင်းပို့ကာ ဆန်ပြုတ်ဝေငှခြင်း၊ ဆေးဝါးပေးကမ်းခြင်းများ ပြုလုပ်ခိုင်းကြသည်။
တစ်ခဏအတွင်း ချန်၊ ရှဲ့၊ ဝူ၊ ယောင် မိသားစုများလည်း အလျင်အမြန် လိုက်ပါလုပ်ဆောင်ကြသည်။
သို့သော် ဤကဲ့သို့ ကုသိုလ်ယူရာတွင် ဦးဆောင်သူကိုသာ လူတွေက မှတ်မိလေ့ရှိသည့်အတွက် နောက်ကျမှ လိုက်လုပ်သူများ၏ အကျိုးသက်ရောက်မှုမှာ များစွာ လျော့နည်းသွားသည်။
.....
ဝေ့ရွယ်ဆောင်။
ယောင်ရှန်းသည် အလှမယ်ကုတင်ပေါ်တွင် မှီလျက် ယပ်တောင်ခတ်နေသည်။ တံခါးဝမှ အသံကြားသောအခါ မျက်လုံး အနည်းငယ် ဖွင့်ကြည့်လိုက်သည်။ "အဲဒီလူကို တွေ့ပြီလား"
"မယ်မယ်၊ ဒီနေ့ သမားတော်ရှန် တာဝန်ကျတဲ့ရက် မဟုတ်လို့ မတွေ့ခဲ့ရပါဘူး။ ဒါပေမဲ့ တော်ဝင်ဆေးရုံမှာ အဲဒီနာမည်နဲ့လူရှိတာတော့ သေချာပါတယ်" ချီဝမ်က အရိုအသေပြုရင်း ဖြေသည်။
ထို့နောက် သံသယဖြင့် မေးလိုက်သည်။ "ကျွန်တော်မျိုးမ စုံစမ်းရသလောက် ဒီလူက အရမ်းငယ်သေးတယ်။ နန်းတွင်း ရောက်တာလည်း မကြာသေးဘူး။ မယ်မယ်က ဘာလို့ ဒီလောက်ငယ်တဲ့ သမားတော်ကို ရှာနေရတာလဲ"
တော်ဝင်ဆေးရုံတွင် အသက်ကြီးပြီး ဝါရင့်သူများကိုသာ အလေးထားလေ့ရှိသည်။ ငယ်ရွယ်သော သမားတော်များသည် အများအားဖြင့် အချစ်မခံရသော ကိုယ်လုပ်တော်များ သို့မဟုတ် အစေခံများကိုသာ ကုသပေးရသည်။
"သမားတော်ရှန်ကို အထင်မသေးနဲ့" ယောင်ရှန်းက တိုးတိုးလေး ရယ်မောလိုက်သည်။ ဖြည်းညှင်းစွာ ထထိုင်ပြီး ဆံပင်ကို သပ်တင်လိုက်သည်။
"ရှန်မိသားစုက မျိုးရိုးစဉ်ဆက် ဆေးကုလာတာ။ သမားတော်ရှန်ကငယ်ပေမယ့် တကယ် တော်တယ်။ ဒီတစ်ခေါက် ကပ်ရောဂါက ကုသိုလ်ယူဖို့ အခွင့်အရေးဖြစ်လာနိုင်တယ်"
မကြာသေးမီက ရာထူးတိုးထားသဖြင့် စိတ်လှုပ်ရှားနေမိရာ ကပ်ရောဂါအကြောင်း မေ့လျော့နေခဲ့သည်။
ယခုအခါ နာမည်ကောင်းရမည့် အခွင့်အရေးကို ယဲ့မျိုးနွယ်က ဦးအောင်ယူသွားပြီဖြစ်ရာ သူမအနေဖြင့် အခြားနည်းလမ်းကို ရှာဖွေရတော့မည်။
ယခင်ဘဝက ကပ်ရောဂါ ကုသဆေးနည်းကို ငယ်ရွယ်သော သမားတော် ရှန်ဖိန်ကျစ်က ရှာဖွေတွေ့ရှိခဲ့သည်ကို သူမ ကောင်းစွာ မှတ်မိနေသည်။
အကယ်၍ သူမက ထိုသူကို အရင်ရှာတွေ့ပြီး စည်းရုံးနိုင်ပါက ကပ်ရောဂါ တိုက်ဖျက်ရေး ကုသိုလ်ကို ရယူနိုင်မည်ဖြစ်ပြီး ရာထူးထပ်တိုးနိုင်မည်ဖြစ်သည်။
'ရှို့ယီ' (အဆင့် ၄) ရာထူးသည် သူမ၏ နောက်ဆုံးပန်းတိုင် မဟုတ်ပေ။
"မယ်မယ်က ဉာဏ်ကောင်းတော့ ဆန္ဒပြည့်ဝမှာ သေချာပါတယ်" ကျီကျူးကပြုံးလျက် ရှေ့တိုးလာသည်။ "မယ်မယ် ဘုရားကျောင်းဆောင်မှာ ဒူးထောက်နေရတာကြာပြီဆိုတော့ ဒူးခေါင်းတွေ နာနေမှာပဲ။ ရေချိုးပြီး ဆေးလိမ်းနှိပ်နယ်ပေးရမလား"
ယောင်ရှန်း ခေါင်းညိတ်လိုက်သည်။ ယပ်တောင်ကိုချပြီး ဖြည်းညှင်းစွာ ထရပ်လိုက်ရာ ဒူးခေါင်းများ ရောင်ရမ်းနာကျင်နေသည်ကို ခံစားလိုက်ရသည်။
စိတ်ထဲတွင် မယ်တော်ကြီးကို ကျိန်ဆဲမိသည်။
လွန်ခဲ့သော ရက်အနည်းငယ်က မယ်တော်ကြီးသည် မနက်ခင်း ဂါရဝပြုပြီးတိုင်း ကိုယ်လုပ်တော်များကိုခေါ်ပြီး ဘုရားကျောင်းဆောင်တွင် ဆုတောင်းခိုင်းသည်။ တစ်ခါသွားလျှင် နှစ်နာရီခန့် ကြာမြင့်ပြီး နေ့လယ်စာစားချိန်မှ ပြန်လွှတ်သည်။
သူမကမူ အခြားသူများ ကူးယူထားသော ကျမ်းစာများကို မီးရှို့ပြီးမှပြန်ရသဖြင့် ပိုကြာသည်။
ဒူးထောက်ရသည်မှာ နာကျင်ရုံသာမက ပြန်ချိန်တွင် နေပူရှိန်ပြင်းနေသဖြင့် ထီးမိုးထားလျှင်တောင် အရေပြားများ ပူစပ်ပူလောင်ဖြစ်ရသည်။
စောင့်နေလိုက်ဦး... အခု ခံစားနေရသမျှကို နောက်ကျရင် ပြန်ပေးဆပ်ရမယ်။
......
ယွီရှို့ဆောင်။
ယဲ့ယွင်သည်လည်း အစေခံမလေးများ နှိပ်နယ်ပေးနေသည်ကို ခံယူနေရသည်။
"ကျယ်ယွီရဲ့အသားအရေက နုနယ်တော့ နည်းနည်းလေး ထိခိုက်တာနဲ့ ခံနိုင်မှာ မဟုတ်ဘူး။ ဒီလို ဆက်သွားရင် ဘယ်လိုလုပ်မလဲ" ဟွေယွဲ့က စိတ်ပူနေသည်။
တကယ်တမ်း ယဲ့ယွင်လည်း အံ့သြနေသည်။ အတူတူ ဒူးထောက်ရသော်လည်း သူမနှင့် ဖန်းရှို့ယီတို့ နှစ်ယောက်သာ ပိုခံစားနေရသလိုဖြစ်နေသည်။
ဒူးအောက်တွင် ခံထားသော အခင်းသည် ကြည့်လိုက်လျှင် ထူထဲသော်လည်း ဒူးထောက်လိုက်သည်နှင့် ပြားပ်သွားပြီး ဝါဂွမ်းထူထူ ထည့်ထားပုံ မရပေ။
ဤသည်မှာ မယ်တော်ကြီးက တမင်
သက်သက် နှိပ်စက်နေခြင်းပင်။
ယဲ့ယွင် မျက်လုံးများ အရောင်လက်သွားသည်။ "သုံးရက်ရှိပြီ။ အပြင်မှာ ဘာတွေဖြစ်နေလဲ မသိဘူး။ ဧကရာဇ်ကောဘယ်လိုနေလဲ မသိဘူး။ ပိုင်ရှု... စားဖိုဆောင်ကို သွားပြီး လန်းဆန်းစေမယ့် မုန့်တချို့ လုပ်ခိုင်းလိုက်။ ပြီးရင် ကျိုချန်နန်းဆောင်ကို သွားပို့ပေး။ ဘာပြောရမလဲဆိုတာ ငါသင်ပေးစရာ မလိုတော့ဘူးမလား။”
"စိတ်ချပါ ကျယ်ယွီ။ ကျွန်တော်မျိုး နားလည်ပါတယ်" ပိုင်ရှုက ပြုံးဖြဲဖြဲဖြင့် ပြန်ဖြေပြီး ထွက်သွားသည်။
ယခုအခါ ပိုင်ရှုသည် အတော်လေး အားကိုးရသောသူတစ်ယောက်ဖြစ်လာသည်။ ပြင်ပကိစ္စများကို သူက တာဝန်ယူပြီး လုဟယ်က သတင်းစုံစမ်းရာတွင် ကူညီသည်။ အတွင်းပိုင်းတွင် ဟွေယွဲ့နှင့် နန်ကျစ်တို့က လုမေ့၊ လုကျီတို့ကို ဦးဆောင်သည်။
တစ်နှစ်တာ လေ့ကျင့်ပြီးနောက် အားလုံးအနောက်ဆောင်ထဲတွင် လည်လည်ဝဲဝဲရှိလာကြပြီဖြစ်သည်။
အနည်းဆုံးတော့ လက်ရှိအချိန်တွင် ယွီရှို့ဆောင်ကို သံတံတိုင်းကာထားသကဲ့သို့ လုံခြုံအောင် ကာကွယ်ထားနိုင်ခဲ့သည်။
သို့သော် နေရာတစ်ခုတွင် အကောင်းလည်းရှိသကဲ့သို့ အဆိုးလည်းရှိနိုင်ပေသည်။
.....
ပိုင်ရှုသည် မုန့်များကို ကျိုချန်နန်းဆောင်သို့ ပို့ဆောင်ခဲ့သည်။ နင်ချန် အလုပ်ရှုပ်နေသဖြင့် မတွေ့ရသော်လည်း ဟွေ့အန်းနှင့် တွေ့ဆုံခဲ့သည်။
"အရာရှိဟွေ့၊ ကျွန်တော်တို့ ကျယ်ယွီက အရှင်မင်းကြီးအတွက် မုန့်တွေ ပို့ခိုင်းလိုက်လို့ပါ။ အဆင်ပြေပါ့မလား"
ပြောရင်းဆိုရင်း ငွေထုပ်လေးတစ်ခုကို မသိမသာထည့်ပေးလိုက်သည်။
ဟွေ့အန်း ပြုံးလိုက်သည်။ "အရှင်မင်းကြီး အခု နားနေပါပြီ။ မင်ကျယ်ယွီက အမြဲတမ်း ဂရုစိုက်တတ်တာပဲ။ မင်းလည်း ငါ့ကို အားမနာပါနဲ့။ အရာရှိလို့ တကူးတကခေါ်ဖို့ မလိုပါဘူး။ ငါက မင်းထက် နည်းနည်းပဲ ကြီးတာ။ တ့ကောလို့ပဲ ခေါ်ပါ"
"တ့ကောနဲ့ အခုလိုခင်ခင်မင်မင်ဖြစ်လို့ ဝမ်းသာပါတယ်။ ဒါဆို ဒီကိစ္စကို အစ်ကို့ကိုပဲ အပ်လိုက်ပါမယ်" ပိုင်ရှုကလည်း ပြုံးလျက် ပြန်ပြောသည်။ ထို့နောက် အသံတိုးတိုးဖြင့် ဆက်ပြောသည်။ "နန်းတွင်းက သခင်မတွေ ဘုရားကျောင်းဆောင်မှာ ဒူးထောက်နေရတာ ရက်နည်းနည်းရှိပြီ။ အပြင်မှာ ဘာတွေဖြစ်နေလဲ မသိဘူး။ ပြည်သူတွေအတွက် ဆုတောင်းပေးနေတာဆိုပေမယ့် ကျယ်ယွီကလည်း စိတ်ပူနေတယ်။ ဒူးတွေတောင် ရောင်နေပြီ"
ဟွေ့အန်း မျက်လုံးများ လှုပ်ရှားသွားပြီး သဘောပေါက်လိုက်သည်။
ပိုင်ရှု၏ပခုံးကို ပုတ်လိုက်သည်။ "သခင်မတွေရဲ့စေတနာကို အရှင်မင်းကြီး သိအောင် လျှောက်တင်ပေးပါ့မယ်"
နန်းတော်ထဲတွင် လူတိုင်းက ပါးနပ်ကြသည်။ စကားနည်းနည်းပြောလိုက်ရုံဖြင့် သဘောပေါက်ကြသည်။ ယခုလိုအချိန်
တွင်မျက်နှာလုပ်ထားခြင်းက ကိုယ့်
အတွက်သေချာပေါက်အကျိုးရှိပေသည်။
အရှင်မင်းကြီးအား လျှောက်တင်သည့်ကတော့ ဟွေ့အန်းအပိုင်းဖြစ်ပေသည်။
ယဲ့ယွင်သည် ထပ်ပြီးသည်းမခံနိုင်တော့ချေ။ ပြည်သူတွေကိုဗန်းပြပြီးမယ်တော်ကြီးက နာမည်ခံနှိပ်ဆက်နေသောကြောင့်ဖြစ်သည်။ သူမသည်လည်း ငြိမ်ငြိမ်လေးနေကာ ခေါင်းငုံ့ခံနေမယ့်လူစားမျိုး မဟုတ်ဘူးပေ။
***