အခန်း (၁၂၅-၁၂၆)
Vol. 8 Ch. 125-126
အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC)-125
အခန်း ၁၂၅ ။ ဆွဲဆောင်မှု
ကျိုချန်နန်းဆောင် တံခါးဝသို့ ရောက်သောအခါ လျန်ယွီ ထွက်လာသည်နှင့် တိုးလေသည်။
"မင်ကျယ်ယွီကို ကျွန်မ နှုတ်ဆက်ပါတယ်" လျန်ယွီက ဦးညွှတ်ဂါရဝပြုလိုက်သည်။
ယဲ့ယွင်က ပြုံးလျက် လက်ကာပြပြီး၊ "အရာရှိမင်းက ယဉ်ကျေးလွန်းပါပြီ၊ အိမ်ပြန်တော့မလို့လား"
"ဟုတ်ပါတယ်၊ ကျွန်မက အရှင်မင်းကြီးရဲ့ ကျေးဇူးတော်ကြောင့်နေ့ဘက်ပဲ နန်းတွင်းမှာ တာဝန်ထမ်းဆောင်ရတာပါ" လျန်ယွီကလည်း အပြုံးနှင့် ရိုသေမှု ပါဝင်လျက်၊ "အရှင်မင်းကြီးက ခုနလေးတင် ကျယ်ယွီ့အကြောင်း ပြောနေတာပါ၊ ကျွန်မ မနှောင့်ယှက်တော့ပါဘူး၊ ကျယ်ယွီ ဝင်ပါတော့"
"ကောင်းပါပြီ၊ အရာရှိမင်း ကောင်းကောင်းပြန်ပါ" ယဲ့ယွင်ကခေါင်းအနည်းငယ် ညိတ်ပြလိုက်သည်။
ထို့နောက် အဆောင်ထဲသို့ ဝင်သွားလေသည်။
လျန်ယွီက သူမ၏ ကျောပြင်ကို ကြည့်ပြီး ဤမိန်းကလေးအချစ်တော်ဖြစ်ရသည်မှာ မဆန်းကြောင်း စိတ်ထဲတွင် တွေးလိုက်သည်။ လူပေါင်းတတ်လိုက်တာ။
သူမတို့ကို အမျိုးသမီးအရာရှိဟု ခန့်အပ်ထားသော်လည်း နန်ချီတွင် အမျိုးသမီး အရာရှိ ခန့်အပ်သည့် ထုံးစံမရှိသဖြင့် သူတို့ကိုအမျိုးသမီးအရာရှိဟု ခေါ်သော်လည်း ဘေးလူများက နန်းတွင်းအပျိုတော်များ အဖြစ်သာ သဘောထားကြသည်။
သို့သော် ယဲ့ယွင်ကမူ ထိုကဲ့သို့ မဟုတ်ကြောင်း သိသာသည်၊စကားပြောဆိုရာတွင် လေးစားမှု ပါဝင်သည်။
ယဲ့ယွင်ကပင် သူတို့ကို ‘အရာရှိမင်း' ဟု ခေါ်ဝေါ်သည်။ အခြားကိုယ်လုပ်တော်များကဲ့သို့ နာမည်တပ် မခေါ်သဖြင့် သာမန် နန်းတွင်းအပျိုတော်နှင့် မတူကြောင်း ပေါ်လွင်စေသည်။
မည်သူမဆို လေးစားခံချင်ကြသည်သာ။ အထူးသဖြင့် သခင်များ၏ လေးစားမှုကို ရရှိလျှင် စိတ်ထဲတွင် အလွန် ကျေနပ်မိကြသည်။
ယဲ့ယွင်သည် မိမိမသိစိတ်မှ အကျင့်ကြောင့် ဤကဲ့သို့ မိတ်ကောင်းဆွေကောင်း ရသွားသည်ကို မသိလိုက်ပေ။
ယခုအချိန်တွင်မူ ဧကရာဇ်မင်းမြတ် တစ်ပါးပါး၏ လက်ကိုဆွဲကိုင်ထားခံရပြီ ဖြစ်သည်။
"လက်သည်းနီ မဆိုးထားပါလား" နင်ချန်က ဖြူဝင်းနုဖတ်သောလက်ချောင်းလေးများကို ကြည့်ရင်း ပေါ့ပါးစွာ မေးလိုက်သည်။
"တစ်ခါဆိုးရင် အကြာကြီး အချိန်ပေးရတာ၊ ဒီလိုဆိုရင် မလှဘူးလား" ယဲ့ယွင်က သိပ်ဂရုမစိုက်ပေ။
ခါးလေးကို လှုပ်ရှားလျက် သူ့ရင်ခွင်ထဲသို့ ဝင်ထိုင်လိုက်သည်။
ယွမ်ကျိုက မကြည့်ရဲသဖြင့် ခေါင်းငုံ့ထားလိုက်သည်။ မင်ကျယ်ယွီကလွဲရင် ဘယ်သူမှ ဒီလောက် စည်းကမ်းမဲ့တာ မရှိဘူးဟုစိတ်ထဲတွင် တွေးလိုက်သည်။
နောက်ဆုံးတွင် သူ ဒီမှာရပ်နေသည်မှာ မျက်စိစူးစရာ ဖြစ်နေသည်ဟု ခံစားရသဖြင့် အကြောင်းပြချက်တစ်ခု ပေးကာထွက်သွားလိုက်သည်။
"ဆရာ... ဘာလို့ အထဲမှာ မနေတာလဲ" ဟွေ့အန်းက သူထွက်လာသည်ကို မြင်သောအခါ အနားကပ်ပြီး တိုးတိုးမေးလိုက်သည်။
ယွမ်ကျိုက ပြုံးဖြဲဖြဲဖြင့်၊ "မင်ကျယ်ယွီ ရှိနေမှတော့ ငါက အထဲမှာ ဘာလုပ်ရမှာလဲ၊ နောက်ဆို မင်းလည်း သတိထား၊ သစ်တုံးလိုလုပ်မနေနဲ့"
ဟွေ့အန်းက ဘာဆိုလိုမှန်း နားမလည်သော်လည်း ဆရာက သူ့ကိုဒုက္ခပေးမည် မဟုတ်သဖြင့် ခေါင်းညိတ် လက်ခံလိုက်သည်။
အထဲမှ လူနှစ်ယောက်က စကားပြောနေကြပြီး အပြင်က အစေခံများ၏ စိတ်ကို မသိကြပေ။
……
ယဲ့ယွင်က လက်ကိုဆန့်ထုတ်ကာ နင်ချန်၏ လည်ပင်းကို သိုင်းဖက်လိုက်ပြီး မျက်ဝန်းလှလှလေးများတွင် မခို့တရို့ အပြုံးတစ်ခုစွန်းထင်းနေသည်။ "အရှင်မင်းကြီးက ဒီချန်းချဲ့ ကိုယ်တိုင်ဆွဲတဲ့ပန်းချီကားကို ရထားပြီဆိုတော့ ဒီချန်းချဲ့ကို လက်ဆောင်ပြန်ပေးသင့်တယ် မဟုတ်ဘူးလား"
"ပန်းဥယျာဉ်ထဲက ပန်းတွေ အများကြီး ပို့ခိုင်းလိုက်တယ်လေ၊ မလောက်သေးဘူးလား" နင်ချန်က မျက်ခုံးပင့်လိုက်သည်။
လည်စေ့က နိမ့်လိုက်မြင့်လိုက် ဖြစ်သွားသည်။ ဘာကြောင့်မှန်းမသိ၊ ဒီမြေခွေးမလေး စိတ်ထဲတွင် တစ်ခုခု ကြံစည်နေမှန်း ခံစားနေရသည်။ သူမ ကြံစည်နေမှန်း သိသိရက်နှင့်ပင် ဆက်လိုက်သွားချင်စိတ် ဖြစ်ပေါ်နေသည်။
"အဲဒီ ပန်းချီကားက ဒီချန်းချဲ့ ကိုယ်တိုင်ဆွဲထားတာလေ၊အရှင်မင်းကြီးကလည်း အရှင်မင်းကြီး ကိုယ်တိုင်လုပ်ထားတဲ့အရာတစ်ခုခု ပေးမှ ဖြစ်မှာပေါ့"
မိန်းမပျိုလေးသည် မျက်ဝန်းလှလှလေးများကို မှေးစင်းလိုက်ပြီးနှုတ်ခမ်းထောင့်များ ကွေးတက်သွားပုံမှာ ဉာဏ်များသည့်ပုံပေါက်နေသည်။
ထို့နောက် လူကို ညှို့ယူဖမ်းစားသော နတ်သမီးကဲ့သို့ အသံကိုနှိမ့်လိုက်ပြီး၊ "တကယ်လို့ အရှင်မင်းကြီး မပေးချင်ဘူးဆိုရင်လည်း အရှင်မင်းကြီးရဲ့ အလှတရားနဲ့ ဒီချန်းချဲ့ကို လာဘ်ထိုးလို့ရပါတယ်နော်"
မျက်လုံးချင်း ဆုံသွားကြပြီး နင်ချန် ရင်ထဲတွင် မီးတစ်အိုးတောက်လောင်သွားသလို ခံစားလိုက်ရသည်။
"ဒါဆိုရင် ကျန်းက ချင်းချင်းရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးရမှာပေါ့"
မိန်းကလေး၏ ခါးကို ဖက်ထားသော လက်က ရုတ်တရက်တင်းကျပ်သွားပြီး ကိုယ်ကိုကိုင်းကာ နီရဲနေသော နှုတ်ခမ်းလေးကို နမ်းရှိုက်လိုက်သည်။ ထို့ပြင် မိန်းကလေး ထွက်ပြေးခွင့် မရစေရန် ခေါင်းနောက်ပိုင်းကိုပါ ထိန်းချုပ်လိုက်သည်။
အတော်ကြာ ရစ်ပတ်နွှယ်ယှက်ပြီးနောက် ယဲ့ယွင် ပခုံးအေးခနဲဖြစ်သွားချိန်တွင် သူမသည် အမျိုးသားနှင့် စာကြည့်စားပွဲကြားတွင် ပိတ်မိနေပြီး ကိုယ်ပေါ်ရှိ အဝတ်အစားများမှာလည်း ရှုပ်ပွနေပြီ ဖြစ်သည်။
နင်ချန်၏ မျက်လုံးများ နီရဲကာ ပြင်းပြနေပြီး အသက်ရှူသံများပင် ပူနွေးလာသည်။
ယဲ့ယွင်လည်း သိပ်မထူးပေ။ ခန္ဓာကိုယ်မှာ ပျော့ခွေနေသော်လည်း အသိစိတ်အနည်းငယ် ကျန်နေသေးသည်။
အလျင်အမြန် လက်ကိုမြှောက်ကာ နင်ချန်၏ နှုတ်ခမ်းကို ပိတ်လိုက်သည်။
"အရှင်မင်းကြီး... ညစာ... ညစာ မစားရသေးဘူးလေ"
နင်ချန် မျက်လုံးမှိတ်ပြီး အသက်ပြင်းပြင်း ရှူလိုက်ကာ စိတ်ကိုငြိမ်အောင် ထိန်းလိုက်သည်။
ဒီမိန်းမငယ်လေးနှင့် အတူရှိတိုင်း သူသည် အထူးတလည် မထိန်းချုပ်နိုင် ဖြစ်တတ်သည်။ ယဲ့ယွင်နှင့် အတူရှိမှသာ ဤကဲ့သို့ပြင်းထန်သော စိတ်လှုပ်ရှားမှုမျိုး ဖြစ်ပေါ်တတ်သည်။
မိမိကိုယ်ကို မိန်းမကိစ္စ မမက်မောဘူးဟု ထင်မှတ်ထားသော်လည်း ယဲ့မျိုးရိုးနှင့် တွေ့မှသာ မီးတောက်လွယ်နေသည်။
မျက်လုံးဖွင့်လိုက်ပြီး နင်ချန် ဘာမှမပြောဘဲ ယဲ့ယွင်၏အဝတ်အစားများကို သပ်ရပ်အောင် ပြန်ပြင်ပေးလိုက်သည်။ပြုတ်ကျလုနီးပါး ဖြစ်နေသော ဆံထိုးကိုလည်း ပြန်ထိုးပေးလိုက်သည်။
ထိုအရာများ လုပ်ပြီးမှ နောက်သို့ ခြေတစ်လှမ်းဝက်ခန့် ဆုတ်လိုက်ပြီး နှစ်ယောက်ကြား အကွာအဝေးကို အနည်းငယ် ချဲ့လိုက်သည်။
"ထမင်းပွဲ ပြင်ခိုင်းလိုက်မယ်၊ မင်းက ရေချိုအစားအစာ ကြိုက်တယ်မလား၊ ငါး၊ ပုစွန်၊ ဂဏန်း အကုန် တည်ခင်းခိုင်းလိုက်မလား"
"အင်း... ဒီချန်းချဲ့က ထမင်း မစားချင်ဘူး၊ အဓိကအစားအစာအနေနဲ့ မုန့်ဖုတ်ခိုင်းလိုက်ပါ၊ ပါးပါးကြွပ်ကြွပ်လေး ဖုတ်ခိုင်းနော်"
ယဲ့ယွင်က လိမ္မာသွားပြီး မျက်လုံးထဲတွင် စိတ်လှုပ်ရှားမှုများ မပျောက်သေးသော်လည်း အသံက ချိုသာနူးညံ့နေသည်။ ဆွဲဆောင်မှုရှိပြီး ချစ်စရာကောင်းသော ယုန်သူငယ်လေးအလား။
စားဖိုဆောင်မှ လူများက ပေါ့ဆရဲမည် မဟုတ်ပေ။ အလတ်ဆတ်ဆုံးများကို ရွေးချယ်ပြီး ပို့ပေးကြသည်။
ကြာပန်းငါးလွှာ၊ ငါးကြင်းနီချက်၊ ပုစွန်နှင့် ဂဏန်းတို့ကို အရသာနှစ်မျိုးဖြင့် ချက်ပြုတ်ထားပြီး ယဲ့ယွင် ဒီရက်ပိုင်း မကြာခဏ မှာယူလေ့ရှိသော အသုပ်အနည်းငယ်လည်း ပါဝင်သည်။ အတော်ပင် ဂရုတစိုက် ပြင်ဆင်ထားကြောင်း သိသာသည်။
"စားဖိုဆောင်က ဒီနေ့ ချက်တာ အရမ်းကောင်းတယ်၊စားဖိုဆောင်မှူးကို ဆုချမှ ဖြစ်မယ်" ယဲ့ယွင်က ကျေနပ်စွာ ပြောလိုက်သည်။
နင်ချန်က သူမ၏ ကျေနပ်နေပုံကို ကြည့်ပြီး သဘောကျကာလက်ဝှေ့ယမ်းပြီး တိုက်ရိုက် ပြောလိုက်သည်။
"မင်ကျယ်ယွီက စားကောင်းတယ်တဲ့၊ ဒီနေ့ ချက်တဲ့ စားဖိုမှူးကိုငွေစနှစ်ဆယ် ဆုချလိုက်"
"အိုး... အရှင်မင်းကြီး ဆုချတာက ဒီချန်းချဲ့ ဆုချတာထက် ပိုကောင်းတာပဲ၊ ဒါဆို ဒီချန်းချဲ့ ထပ်မချတော့ဘူး၊ ပိုက်ဆံတွေကိုအဝတ်အစားချုပ်ဖို့ သိမ်းထားလိုက်တော့မယ်" ယဲ့ယွင်က ပြောလိုက်သည်။
ထိုစကားကို နင်ချန် နားမဝင်ပေ။ ဘယ်သူ ပိုက်ဆံလိုနေတယ်ပြောပြော သူယုံပေမယ့် ဒီမိန်းမငယ်လေး ပိုက်ဆံလိုနေတယ် ဆိုတာတော့ လုံးဝ မယုံပေ။
အခု နန်းတွင်းထဲမှာ မင်ကျယ်ယွီက လက်အဖွာဆုံးဆိုတာ ဘယ်သူမသိဘဲ နေမလဲ။
ချူမိသားစုက နောက်ကွယ်မှ ဘယ်လောက် ပို့ပေးနေသည်ကို မဆိုထားနှင့်၊ ယဲ့ယွင်၏ မိခင် ချူကတော် ကိုယ်တိုင်က စီးပွားရေးလုပ်ငန်းရှင် ဖြစ်သဖြင့် သူမကို ငွေအများကြီး ပေးထားမှာသေချာသည်။
ဒါတွေက နန်းတွင်းမှာ ပုံမှန်ပါပဲ။ မိသားစု နောက်ခံကောင်းတဲ့မိန်းကလေးတွေက မာကျောတယ် ဆိုတာ မိသားစုက ထောက်ပံ့ပေးနိုင်လို့လေ။
…..
ညစာ စားပြီးနောက် ဗိုက်ဝသွားပြီဖြစ်၍ နင်ချန်သည် ကိုယ်စားဖို့ အလှည့်ရောက်လာပြီ ဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ ယဲ့ယွင်သည် သန်စွမ်းဖျတ်လတ်သောလူငယ်အမျိုးသားကို မုန်းတီးမိသည်။ တကယ့်ကို အသက်အန္တရာယ်ပင်။
နောက်ဆုံးတွင် နာကျင်သွားသဖြင့် စိတ်တိုကာ နင်ချန်၏လည်ပင်းကို အားဖြင့် စုပ်ယူလိုက်ရာ သွေးပင် အနည်းငယ်ထွက်လာသည်။
သို့သော် ထိုအရာက နဂါးတစ်ကောင်၏ ရူးသွပ်သော အပြုအမူများကို မတားဆီးနိုင်ခဲ့ပေ။ လက်ဖျားလေးတောင် မထောင်နိုင်တော့သည်အထိ နှိပ်စက်ခံလိုက်ရသည်။
တကယ်ပဲ နဂါးကို သွားစမိရင် သတိထားရမယ်။
…..
နောက်တစ်နေ့ နိုးလာသောအခါ ယဲ့ယွင်သည် လုံးဝ မလှုပ်ချင်တော့သဖြင့် နင်ချန်က ဖုန်းရှီးနန်းဆောင်သို့ လူလွှတ်ပြီး သူမအတွက် ခွင့်တိုင်ပေးလိုက်သည်။
နန်းတွင်းရောက်တာ တစ်နှစ်ကျော်အတွင်း အိပ်ဆောင်ဝင်တာကြောင့် မိဖုရားခေါင်ကြီးကို ဂါရဝပြုဖို့ မသွားနိုင်တာ ဒါ ပထမဆုံးအကြိမ် ဖြစ်ပေမယ့် ယဲ့ယွင်ကတော့ ဂရုမစိုက်ပေ။
ဘယ်လိုပဲဖြစ်ဖြစ် အမုန်းခံရမယ့်အတူတူ နည်းနည်းပိုမုန်းတာနဲ့လျော့မုန်းတာ ဘာမှမထူးပါဘူး၊ ဒီလိုကိစ္စမျိုး နည်းနည်းပဲ လုပ်မိရင် ပြီးတာပါပဲ။
ယဲ့ယွင်က ဂရုမစိုက်သော်လည်း နင်ချန် အဝတ်အစား လဲသောအခါ ပြဿနာကြီးကို တွေ့လိုက်ရသည်။
လည်ပင်းမှ အနီကွက်ကြီးက နေရာအနေအထား အတော်ဆိုးရွားနေသည်။ ကော်လာနှင့် ကွယ်၍မရဘဲ ကော်လာအမြင့်ဝတ်လျှင်တောင် တစ်ဝက်သာ ဖုံးနိုင်သည်။
ဒီလို ရှက်စရာကောင်းတဲ့ အရာကို အမတ်တွေကို ဘယ်လိုလုပ်အမြင်ခံလို့ ဖြစ်မလဲ။ နင်ချန် ကြေးမုံပြင်ကို ကြည့်ပြီး စိတ်ဆိုးတာရော ရှက်တာရော ဖြစ်နေသည်။
နောက်ဆုံးတွင် ဟွေယွဲ့က နည်းလမ်းစဉ်းစားပေးလိုက်သည်။ ယဲ့ယွင် သုံးသော မိတ်ကပ်မှုန့် အနည်းငယ် ယူလာပြီး နင်ချန်၏လည်ပင်းကို အတော်ကြာ ဖုံးအုပ်ပေးလိုက်မှ ထိုအနီကွက်ပျောက်သွားတော့သည်။
ဂါရဝပြုစရာ မလိုသဖြင့် ကျိုချန်နန်းဆောင်ထဲ၌ပင် အလိုရှိသလောက် အိပ်လိုက်သည်။
နင်ချန် ညီလာခံမှ ပြန်ရောက်လာမှ သူမကို နှိုးလိုက်ပြီးစာရေးစာချီ ပြုလုပ်ပေးရင်း မနက်ခင်းတစ်ခုလုံး အတူကုန်ဆုံးလိုက်သည်။
နေ့လယ်စာ စားပြီးမှသာ ယွီရှို့အဆောင်သို့ ပြန်သွားသည်။
တစ်ခဏချင်းအတွင်း ယဲ့ယွင်သည် အလွန် မျက်နှာပွင့်လန်းသွားပြီး နန်းတွင်းမှ ကိုယ်လုပ်တော် မည်မျှသည် ဒေါသဖြင့် အံကြိတ်နေကြရသည် မသိပေ။
ယွီရှို့အဆောင်သို့ ပြန်ရောက်သောအခါ လုဟယ်က အနားကပ်လာပြီး၊ "ကျယ်ယွီ... ကျွန်မ သတင်း နည်းနည်းရထားတယ်၊ မှန်မမှန်တော့ မသိဘူး၊ ဒါပေမဲ့ ကျယ်ယွီ့ကို ပြောပြချင်လို့ပါ"
***
အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC)-126
အခန်း ၁၂၆ ။ လူဟောင်းလူသစ် အားပြိုင်ပွဲ
"ဘာသတင်းလဲ" ယဲ့ယွင် မျက်လုံးများကို မှေးစင်းလိုက်သည်။
လုဟယ်က အသံကိုနှိမ့်ကာ၊ "နူးဘီသူငယ်ချင်းတစ်ယောက်ကအဝတ်လျှော်ဌာနမှာ လုပ်တယ်၊ သူပြောတာ ယိမိန်ရန်ဆီကရာသီသွေးပေတဲ့အဝတ် လုံးဝ ရောက်မလာဘူးတဲ့၊ ဒါနဲ့ နူးဘီလည်း စိတ်ထဲမှတ်ထားပြီး စားဖိုဆောင်ဘက်ကို စုံစမ်းကြည့်တော့ ယိမိန်ရန်ရဲ့အစားအသောက်တွေက အခုတလော အရမ်းဂရုစိုက်လာတယ်၊ အေးတာတွေ၊ စပ်တာတွေ လုံးဝ မစားတော့ဘူး၊ မနှစ်ကဆို ဂဏန်း အရမ်းကြိုက်တာ၊ ဒီနှစ်တော့ တစ်ခါမှ မမှာတော့ဘူးတဲ့"
"ဒါဆို ကိုယ်ဝန်ရှိသွားပြီပေါ့" ယဲ့ယွင် ချက်ချင်း သဘောပေါက်လိုက်သည်။
"နူးဘီ သေချာတော့ မပြောရဲဘူး၊ ဒါပေမဲ့ ကြည့်ရတာတော့ဟုတ်မယ့်ပုံပဲ" လုဟယ်က ပြောလိုက်သည်။
မနှစ်က တစ်ခါ ပျက်ကျဖူးပြီး ဒီနှစ် ထပ်ရပြန်ပြီ ဆိုတော့ ဝူမျိုးရိုး၏ ခန္ဓာကိုယ်က ကိုယ်ဝန်ရလွယ်သည့် အမျိုးအစား ဖြစ်ပုံရသည်။
ယဲ့ယွင် မျက်ခုံးပင့်လိုက်ပြီး၊ "ဒီကိစ္စကို အသံမထွက်စေနဲ့ဦး၊သေချာအောင် ထပ်စုံစမ်းကြည့်၊ တကယ်လို့ ရှိနေတယ်ဆိုရင်တော့ ငါ ဝမ်းသာရမှာပေါ့"
"ကျယ်ယွီ... သူက အခု မိန်ရန် ရာထူးရထားတာ၊ ကိုယ်ဝန်ရှိရင်သေချာပေါက် ရာထူးတိုးမှာ၊ ကလေးမွေးပြီးရင် ကျယ်ယွီ့ကိုကျော်တက်သွားမှာပေါ့၊ ဒါကို ဝမ်းသာနေသေးတယ်!" နန်ကျစ်က စိတ်ပူလွန်းသဖြင့် ခြေဆောင့်လိုက်သည်။
ယဲ့ယွင်က ဂရုမစိုက်သလို ပြုံးလိုက်ပြီး၊ "ငါ ဘာလို့ မဝမ်းသာရမှာလဲ၊ သူက ငါ့အတွက် ဒိုင်းကာ လုပ်ပေးမယ့်သူလေ"
"သူ ငါ့ကို ကျော်တက်သွားမှာကိုပဲ မကြည့်နဲ့၊ ကလေးမွေးပြီးရာထူးတိုးသွားရင်တောင် ရှေ့လျှောက် အချိန်တွေ အများကြီး ရှိသေးတယ်၊ တိုက်ခိုက်စရာတွေ ကျန်သေးတာပဲ၊ ငါက ဘာလို့အခုချက်ချင်း အနိုင်ရဖို့ လောနေရမှာလဲ"
"အခုတလော ငါ့နာမည်က အရမ်းကြီးနေတော့ လူဘယ်လောက်များများ မုန်းတီးနေမလဲ မသိနိုင်ဘူး၊ အခုအချိန်မှာ ယိမိန်ရန်သာ တကယ် ကိုယ်ဝန်ရှိသွားရင်... အချစ်တော်လည်းဖြစ်၊မိသားစုနောက်ခံလည်း ကောင်း၊ ကိုယ်ဝန်လည်း ရှိနေတဲ့ မိန်ရန်... ဪ... မဟုတ်ဘူး၊ ဖြစ်နိုင်ရင် ကျယ်ယွီ ပေါ့... သူသာရှေ့ကနေ ကာပေးထားရင် ငါ့ဆီလာမယ့် မြားတွေ အများကြီးသက်သာသွားမှာ"
ရှင်းရှင်းလင်းလင်း ပြောပြလိုက်မှ အစေခံမလေးနှစ်ယောက်သဘောပေါက်သွားကြသည်။ သို့သော် စိတ်ထဲတွင်တော့မတင်မကျ ဖြစ်နေဆဲပင်။
သူများတွေ ကိုယ်ဝန်ရကုန်ကြပြီ၊ ကိုယ့်သခင်မကတော့ ဆေးသောက်ပြီး ကလေးမယူဘဲ နေတုန်းဆိုတော့ စိတ်ပူစရာ ကောင်းသည်မဟုတ်ပါလား။
သို့သော် ထုတ်မပြောဖြစ်ကြပေ။ အစေခံမလေးနှစ်ယောက်စလုံးသိထားသည်မှာ ယဲ့ယွင်သည် ကိုယ်ပိုင်ဆုံးဖြတ်ချက် ခိုင်မာသူဖြစ်ပြီး သူမ ဆုံးဖြတ်ပြီးလျှင် အလွယ်တကူ ပြောင်းလဲလေ့ မရှိကြောင်းပင်။
လက်ရှိအချိန်သည် ကလေးယူရန် အချိန်မကျသေးသည်မှာအမှန်ပင် ဖြစ်နိုင်သည်။
ထိုနေ့တွင် ကျိုချန်နန်းဆောင်မှ မည်သူ့ကိုမျှ မခေါ်သလို နင်ချန်လည်း နောက်ဆောင်သို့ မဝင်သဖြင့် ထူးခြားမှု မရှိခဲ့ပေ။
….
နောက်တစ်နေ့ မနက် အိပ်ရာထချိန်တွင်မူ ယဲ့ယွင် မျက်နှာမကောင်းလှပေ။
"ကျယ်ယွီ... မနက်စောစောစီးစီး ဘာလို့ စိတ်မကြည်တာလဲ" နန်ကျစ်က အဝတ်အစား လဲပေးရင်း သတိထားပြီး မေးလိုက်သည်။
ယဲ့ယွင် နဖူးစွန်းကို နှိပ်လိုက်ပြီး လေသံမှာ လက်လျော့ထားပုံပေါ်သည်။ "မနေ့က ငါ ဂါရဝပြုဖို့ မသွားဘူး၊ တမြန်နေ့ကလည်းအိပ်ဆောင်ဝင်တယ်၊ မနေ့က သူတို့ ငါ့ကို ဖမ်းမမိကြဘူး၊ ဒီနေ့အခွင့်အရေး ရတာနဲ့ ငါ့ကို ဝိုင်းပြီး ဖိနှိပ်ကြတော့မှာ"
မကြောက်ဘူး ဆိုပေမယ့် စိတ်ရှုပ်စရာတော့ ကောင်းသည်လေ။ဘယ်သူက နေ့တိုင်း ရန်ဖြစ်ချင်မှာလဲ။
ဟွေယွဲ့က အဝတ်အစားများ ပိုက်လျက် ဝင်လာပြီး ထိုစကားကြားသောအခါ ရယ်မောလိုက်သည်။
"မနေ့ည အိပ်ခါနီးတုန်းကတော့ ကျယ်ယွီပဲ တစ်ယောက်တည်းနဲ့ လူအများကြီးကိုစကားစစ်ထိုးမယ် ဆို၊ ဒီမနက်ကျမှ ဘာလို့ ညှိုးသွားတာလဲ"
"ဟွန်း... ဘယ်သူမဆို အလုပ်မသွားချင်တဲ့ အချိန်ဆိုတာ ရှိတာပဲလေ" ယဲ့ယွင်က နှာခေါင်းရှုံ့လိုက်သည်။
"အလုပ်...?" ဟွေယွဲ့ နားမလည် ဖြစ်သွားသည်။
ယဲ့ယွင်က ရှင်းပြမနေတော့ဘဲ ရယ်မောကာ၊ "ထားလိုက်ပါတော့၊အဓိကက ရန်မဖြစ်ချင်ဘူး ဆိုတာပါပဲ၊ ဒီနေ့ ငါ့ကို နည်းနည်းထည်ထည်ဝါဝါလေး ပြင်ဆင်ပေး၊ ကြည့်လိုက်တာနဲ့အနိုင်ကျင့်လို့ လွယ်မယ့်ပုံ မပေါက်စေနဲ့"
"ကောင်းပါပြီ၊ ဒါဆို ဆံပင်ကို ဓားနှစ်လက်ပုံစံ ထုံးလိုက်မယ်၊ပြီးတော့ ရွှေချထားတဲ့ ဒေါင်းပုံ ဆံထိုးအစုံကို တပ်လိုက်ရင်
ကျက်သရေရှိတဲ့ အလှလေးဖြစ်သွားမှာပါ" နန်ကျစ်က ပြုံးလျက် ပြောလိုက်သည်။
အစေခံမလေးနှစ်ယောက် ဝိုင်းဝန်း ပြင်ဆင်ပေးလိုက်ရာအချိန်ကုန်ရကျိုး နပ်သွားလေသည်။ ယနေ့ ဝတ်စားဆင်ယင်မှုသည်အမှန်တကယ်ပင် ကျက်သရေရှိလှသည်။
တစ်ခုပဲ ဆိုးသည်မှာ ရွှေချထားသော လက်ဝတ်ရတနာများကတော်တော်လေး လေးလံနေခြင်းပင်။
……
ဖုန်းရှီးနန်းဆောင်သို့ ရောက်ပြီး မကြာမီပင် ရာထူးကြီးကိုယ်လုပ်တော်များရောက်လာကြသည်။
ရှူးဖေး ဝင်လာသည်နှင့် ယဲ့ယွင်ကို တွေ့လိုက်ရာ မျက်လုံးထဲမှ မီးများ ထွက်မတတ် ဖြစ်သွားသော်လည်း ဘေးမှ အစေခံမလေးကလက်ကို ဆွဲထားသဖြင့် ဒေါသကို မြိုသိပ်ကာ ဘာမှမပြောဘဲ နေလိုက်ရသည်။
မင်းသမီးကြီး နေမကောင်းဖြစ်ကတည်းက အရှင်မင်းကြီးသည်ချန်ချွမ်းနန်းဆောင်သို့ တစ်ခါမျှ ထပ်မလာတော့ပေ။ လူလွှတ်ပြီးကြည့်ခိုင်းရုံသာ ရှိသည်။ ကလေးကို ကျိုချန်နန်းဆောင်သို့ တစ်ခေါက် ခေါ်တွေ့သော်လည်း သူမကိုမူ လုံးဝ အတွေ့မခံပေ။
ထို့ကြောင့် ရှူးဖေးသည် အားငယ်နေရပြီး စိတ်ထဲတွင် ဒေါသထွက်နေသော်လည်း အရှိန်အဝါ ကြီးမားနေသော ယဲ့ယွင်ကို ရန်မရှာရဲပေ။
သို့သော် သူမ မလုပ်ရဲသော်လည်း လုပ်ရဲသူ ရှိနေသေးသည်။
ဝမ်သယ့်ဖေး ရောက်လာသည်နှင့် သူမ၏ အကြည့်များသည် ယဲ့ယွင်အပေါ်သို့ ကျရောက်သွားသည်။
ယဲ့ယွင် ဝတ်ဆင်ထားသော ရေလှိုင်းပြာ ပိုးထည်ဝတ်စုံကို မြင်လိုက်ရသောအခါ စိတ်ထဲတွင် မကျေမနပ် ဖြစ်သွားသည်။
ရေလှိုင်းပြာ ပိုးထည်သည် တန်ဖိုးကြီးလှသည်။ သူမ အိမ်ရှေ့စံအိမ်တော်၌ ရှိစဉ်က တစ်စ ရရှိဖူးပြီး အပေါ်ထပ်ဝတ်ရုံတစ်ထည်ချုပ်ဝတ်ခဲ့ဖူးသည်။ ယခုထက်ထိ သိမ်းထားဆဲပင်။ နန်းတော်ထဲရောက်ပြီး ဖေး ရာထူးရမှသာ ထိုပစ္စည်းများကို တရားဝင် သုံးစွဲနိုင်ခဲ့သည်။
သို့သော် ယဲ့ယွင် ယနေ့ ဝတ်ဆင်ထားသည်မှာ တစ်ကိုယ်လုံး ရေလှိုင်းပြာ ပိုးထည်ဖြင့် ချုပ်လုပ်ထားပြီး လက်ထဲမှ ယပ်တောင်ဝိုင်းလေးသည်ပင် လမင်းရောင် ပိတ်သားဖြင့် ပြုလုပ်ထားသည်။ တစ်နေရာမှ မကျန် တန်ဖိုးကြီးလှသည်။
ထိုအထည်စများသည် နင်ချန် ဆုချထားခြင်း မဟုတ်ဘဲ ချူမိသားစုမှ ပို့ပေးလိုက်ခြင်း ဖြစ်ကြောင်း ဝမ်သယ့်ဖေး သိသော်လည်း မနာလို ဝန်တိုမိနေဆဲပင်။
ယခင်က သူမသည် မိသားစု နောက်ခံကို ဂရုမစိုက်ခဲ့သော်လည်းယခုအခါ မသိမသာ ဂရုစိုက်လာမိသည်။
သူမ၏ မိသားစု နောက်ခံ အားနည်းသောကြောင့် ထိုပစ္စည်းများကို မသုံးစွဲနိုင်ခြင်း ဖြစ်သည်။ ယဲ့ယွင်ကမူ သာမန် ကျယ်ယွီအဆင့်သာ ရှိသော်လည်း ဘာမှ မလိုအပ်ပေ။ ဤသည်မှာအရှင်မင်းကြီး ပေးသော ယုံကြည်မှုကြောင့် မဟုတ်ဘဲ မိဘဆွေမျိုးများ ပေးသော ယုံကြည်မှုကြောင့် ဖြစ်သည်။
"မင်ကျယ်ယွီရဲ့ ဒီနေ့ ဝတ်စားဆင်ယင်မှုကတော့ သာမန်မဟုတ်ပါလား၊ အရှင်မင်းကြီးရဲ့ မျက်နှာသာပေးမှုကို ခံရတော့ တကယ်ကို မတူတော့ပါဘူး၊ မနေ့က ဂါရဝပြုဖို့တောင် မလာခဲ့ဘူးဆို၊ ပုံမှန်ဆိုရင် သူများကို ထေ့ငေါ့ပြောဆိုတတ်တဲ့ ပါးစပ်က ကိုယ့်အလှည့်ကျတော့ သူများ အပြောခံရမှာ မကြောက်တော့ဘူးလား"
ဝမ်သယ့်ဖေး ဤကဲ့သို့ ဖွင့်ပြောလိုက်သောအခါ လူတိုင်း၏အကြည့်များသည် ရုတ်ခြည်း စုဝေးရောက်ရှိလာကြသည်။
အခြားကြောင့် မဟုတ်ပေ၊ ဝမ်သယ့်ဖေးသည် လူများကို ရန်ရှာခဲသောကြောင့် ဖြစ်သည်။
ယဲ့ယွင်သည် နာမည်တပ် အခေါ်ခံရသော လူနည်းစုထဲတွင် ပါဝင်သည်ဟု ဆိုရမည်။
စဉ်းစားကြည့်လျှင် မဆန်းပေ။ ယခုအခါ ဝမ်သယ့်ဖေးသည်မင်းသားကြီးကို မွေးဖွားထားသော်လည်း အရှင်မင်းကြီး၏ ချစ်
မြတ်နိုးမှုသည် ယခင်ကကဲ့သို့ ကိုယ်လုပ်တော်များကို ဖိနှိပ်နိုင်စွမ်း မရှိတော့ပေ။
"ဒီချန်းချဲ့က အရှင်မင်းကြီးရဲ့ အထူးခွင့်ပြုချက် ရထားလို့ ဂါရဝပြုခြင်းကို တစ်ရက် ကင်းလွတ်ခွင့် ရခဲ့တာပါ၊ တမင်သက်သက်မလာတာ မဟုတ်ပါဘူး၊ တမင်လုပ်တာ မဟုတ်တဲ့အတွက်သူများအပြောခံရမှာကို ကြောက်စရာ မလိုပါဘူး" ယဲ့ယွင် ထရပ်လိုက်ပြီး ခပ်တည်တည်သာပြောလိုက်သည်။
ဝမ်သယ့်ဖေးက နှာခေါင်းရှုံ့လိုက်ပြီး၊ "အရှင်မင်းကြီးရဲ့ အထူးခွင့်ပြုချက်က အထူးခွင့်ပြုချက်ပေါ့၊ မင်းသာ မိဖုရားခေါင်ကြီးကို လေးစားမှုရှိရင် ဘယ်လိုပဲဖြစ်ဖြစ် ဂါရဝပြုဖို့ လာမှာပါပဲ၊အရှင်မင်းကြီးက တားနေလို့လား၊ ပန်ကုန်း ကြည့်ရတာတော့မင်းက အချစ်တော်မို့ ဘဝင်မြင့်နေတာပဲ"
"အချစ်တော်မို့ ဘဝင်မြင့်တယ် ဆိုတာမျိုးတော့ ဒီချန်းချဲ့ လုံးဝလက်မခံရဲပါဘူး၊ မယ်မယ်က မင်းသားကြီးကို မွေးဖွားပေးထားပြီး သယ့်ဖေး ရာထူးလည်း ရထားသူပါ၊ မယ်မယ်ကသာအရှင်မင်းကြီးရဲ့ အချစ်တော်ပါ"
ယဲ့ယွင် မျက်မှောင်အနည်းငယ် ကြုတ်လိုက်သော်လည်း ယခုအချိန်တွင် ဝမ်သယ့်ဖေးနှင့် ထိပ်တိုက်တွေ့ရန် မသင့်တော်ကြောင်း သိသဖြင့် အလျင်အမြန် ခေါင်းငုံ့ကာ မပြိုင်ဆိုင်လိုသော ရိုသေမှုမျိုး ပြသလိုက်သည်။
ဝမ်သယ့်ဖေးသည် ဝါဂွမ်းပုံကို လက်သီးနှင့် ထိုးလိုက်ရသလိုဖြစ်သွားသည်။ ရင်ထဲမှ ဒေါသများ အကုန်မထွက်သွားသော်လည်း အသိစိတ် ရှိနေသေးသဖြင့် ရာထူးငယ်သောကိုယ်လုပ်တော်နှင့် အဖက်လုပ် မငြင်းခုံချင်တော့ပေ။ ယဲ့ယွင်ခေါင်းငုံ့သွားသည်ကို မြင်သောအခါ ဆက်လက် ရန်မရှာတော့ပေ။
အားလုံးက လူဟောင်းနှင့် လူသစ် မည်သို့ အားပြိုင်ကြမည်ကိုကြည့်ချင်နေကြသော်လည်း တကယ်တမ်း ရန်မဖြစ်ကြသဖြင့်စိတ်ပျက်သွားကြသည်။
သို့သော် ထိုအချက်က လူတိုင်း၏ ပြဿနာ ရှာလိုစိတ်ကို မငြိမ်းသတ်နိုင်ခဲ့ပေ။
မိဖုရားခေါင်ကြီး ထွက်လာသည်နှင့် ပြုံးရွှင်စွာဖြင့် ပြောလိုက်သည်။
"အရှင်မင်းကြီးရဲ့ ဘေးမှာ စိတ်ချမ်းသာစေမယ့်သူတွေများလာတာကို မြင်ရတော့ ပန်ကုန်း စိတ်ချသွားပါပြီ၊ ဒီနှစ်တွေအတွင်း ဝမ်သယ့်ဖေး တစ်ယောက်တည်းပဲ အမြဲတမ်း ပြုစုနေရတော့ ပန်ကုန်းက သူ ပင်ပန်းမှာ စိုးရိမ်နေတာ၊ အခုတော့ ဖန်းရှို့ရီ၊ မင်ကျယ်ယွီ၊ ယိမိန်ရန်တို့ ဝိုင်းကူညီပေးနိုင်ကြပြီဆိုတော့ကောင်းတာပေါ့၊ မင်းသားကြီး ကျန်းမာရေး သိပ်မကောင်းတော့ဝမ်သယ့်ဖေးလည်း ကလေးအတွက် အချိန်ပိုပေးနိုင်တာပေါ့"
"ဒါကတော့ သဘာဝပါပဲ၊ မိဖုရားခေါင်ကြီးက အရှင်မင်းကြီးနဲ့အတူရှိချိန် နည်းပါးတော့ ချန်းချဲ့နဲ့ ညီမတွေကပဲ တာဝန်ယူရမှာပေါ့၊ ကလေးကို ပြုစုစောင့်ရှောက်ရတာ တကယ်ပဲ ပင်ပန်းပါတယ်၊ တစ်နေ့ မိဖုရားခေါင်ကြီး ကိုယ်ပိုင် ရင်သွေးမွေးဖွားလာတဲ့အခါကျရင် အဲဒီအရသာကို နားလည်လာမှာပါ"
ဝမ်သယ့်ဖေးသည် အရူးမဟုတ်သဖြင့် မိဖုရားခေါင်ကြီး၏စကားထဲမှ သပ်လျှိုမှုကို နားမလည်ဘဲ မနေပေ။ ထို့ကြောင့် မပူမအေးဖြင့် ပြန်ပက်လိုက်သည်။
မည်သို့ပင်ဆိုစေကာမူ နှစ်ပေါင်းများစွာ အချစ်တော်ဖြစ်ခဲ့ရသူဖြစ်သဖြင့် ဒေါသ လုံးဝ မရှိသူတော့ မဟုတ်ပေ။
ရင်သွေးကိစ္စကို ပြောလိုက်သောအခါ မိဖုရားခေါင်ကြီး၏မျက်ဝန်းများ မှေးမှိန်သွားသည်။ တကယ့်ကို သူမ၏ အနာကိုလာဆွလိုက်ခြင်းပင်။
သို့သော်လည်း တည်ငြိမ်နေသေးသည်။
မျက်နှာတွင် မပေါ်သော်လည်း ဟိုဟိုဒီဒီ ပြောဆိုပြီးနောက်လူစုခွဲလိုက်ခြင်းကို ကြည့်လျှင် စိတ်ထဲတွင် ဒေါသဖြစ်သွားကြောင်း သိသာလှသည်။
***