ငါက မင်းရဲ့ဆရာပဲ
Vol. 8 Ch. 708
နောက်ဆုံးတွင် ပိုင်ရှောင်ချန်းထံမှ ပိုင်ဟောက်၏ဝိညာဉ်အပေါ် သက်ရောက်နေသည့် ဖိအားသည် အလွန်ပြင်းထန်လာသောကြောင့် ဒိုင်းအကာအကွယ်၏ မျက်နှာပြင်မှာ လှိုင်းဂယက်များ ထလာတော့သည်။ ထို့နောက် ပိုင်ဟောက်၏ ဝိညာဉ်က နားကွဲလုမတတ်အော်လိုက်ပြီး ဒိုင်းကာနှင့် အဝေးသို့ ပြေးသွားသည်။ သို့သော် ပိုင်ရှောင်ချန်းက ရက်စက်သောဆုံးဖြတ်ချက်ဖြင့် သူ၏ ဘယ်ဘက်လက်ညှိုးကို ဒိုင်းထံ ဝှေ့ယမ်းလိုက်သည်။
ဒိုင်းသည် ပို၍ပင် ဆိုးရွားစွာ ရှုံ့တွသွားပြီးနောက် ပိုင်ဟောက်၏ ဝိညာဉ်သည် စွမ်းအားကြီးတိုက်ကွက်တစ်ခုဖြင့် ထိုးနှက်ခံလိုက်ရသည့်အလား တဆတ်ဆတ် တုန်သွားလေသည်။ ထို့နောက် ၄င်းက လဲကျသွားပြီး လှုပ်ရှားမှုမရှိတော့ပေ။ ချန်မျိုးနွယ်စုမှ ပိုင်ရှောင်ချန်း သိရှိခဲ့သည့် အချက်အလက်အရ သွေးစက်ကို အသုံးပြန်ရန် လူတစ်ယောက်သည် ဝိညာဉ်ကို လုံးဝခုခံနိုင်စွမ်းမရှိအောင် ပြုလုပ်ရန်လိုအပ်သည်။ အကယ်၍ မြူမှုန်ကလေးမျှ ခုခံနိုင်လျှင်ပင် လုပ်ဆောင်ချက်ကျရှုံးမည်ဖြစ်ပြီး ဝိညာဉ် လုံးဝပျက်စီးသွားမည်ဖြစ်သည်။
စောစောကအခြေအနေတွင် ပိုင်ဟောက်၏ ဝိညာဉ်က ပိုင်ရှောင်ချန်းကို လုံးဝတိုက်ခိုက်နိုင်စွမ်းမရှိခဲ့ပေ။ ဝိညာဉ်ကို ခြိမ်းခြောက်ရန်သာမက သတိလစ်သွားစေရန် ဖိအားအနည်းငယ်သာ လိုအပ်လိုက်သည်။ ယခုတွင် နောက်တစ်လှမ်းတက်ရန် အချိန်ဖြစ်သည်။
ပိုင်ရှောင်ချန်းက အသက်ပြင်းပြင်းရှူလိုက်ပြီး ပိုင်ဟောက်၏ ဝိညာဉ်ကို အတန်ငယ်နီးကပ်စွာ ကြည့်လိုက်သည်။ တခဏကြာသော် သူ၏မျက်လုံးများသည် စိတ်ပိုင်းဖြတ်ထားမှုများဖြင့် တောက်ပလာတော့သည်။
" ကဲ ပိုင်ဟောက်ရေ ဒါအလုပ် လုပ်၊မလုပ်ဆိုတာ မင်းကံပေါ်ပဲ မူတည်တယ်ကွာ "
ထို့နောက် သူက ညာလက်ကို ဝှေ့ယမ်းလိုက်ရာ ဒိုင်းအလင်းပျောက်ကွယ်သွားသည်။ ပထမဆုံးအကြိမ် ပိုင်ဟောက်၏ ဝိညာဉ်သည် အပြင်တွင် ပေါ်လာလေပြီ။
ထို့နောက် ပိုင်ရှောင်ချန်းက သူ့အိတ်ကိုပုတ်လိုက်ပြီး ကျောက်စိမ်းပုလင်းတစ်လုံးကို ထုတ်ကာ အသာလေးဖွင့်လိုက်သည်။ အထဲတွင် ရှိသည်မှာ သွေးတစ်စက်ဖြစ်ပြီး ပိုင်ဟောက်၏ ဝိညာဉ်ပေါ်သို့ ကျသွားတော့သည်။
၄င်းဝိညာဉ်ကို ထိလိုက်သည်နှင့် သွေးရောင်မြူမှုန်များအသွင် ပြန့်ကြဲသွားကာ ဝိညာဉ်ထဲစီးဝင်သွား၏။ မျက်စိတစ်မှိတ်အတွင်း ဝိညာဉ်သည် ခံစားနေရသော ပြင်းထန်သည့် နာကျင်မှုကြောင့် သတိပြန်ရတော့မည့်အလား တုန်ရီလာတော့သည်။ ကံကောင်းထောက်မစွာ ပိုင်ရှောင်ချန်းက သေချာစောင့်ကြည့်နေပြီး ဝိညာဉ်ကို သတိလစ်နေစေရန် ဖိအားသေချာပေးထားသည်။
၄င်းသည် ထိန်းရခက်သော ဟန်ချက်ဖြစ်လင့်ကစား သူအောင်မြင်သွားသည်။ မကြာမီ သွေးမြူများသည် ပိုင်ဟောက်၏ ဝိညာဉ်ထဲ လုံးဝ စိမ့်ဝင်သွားပြီး ၄င်းသည် ပျောက်ကွယ်တော့မည့်အလား အလွန်ခါယမ်းလာသည်။ ကြည့်ရသရွေ့ ထိုသွေးစက်အတွင်းတွင် ပိုင်ဟောက်၏ ဝိညာဉ်ကို အားနည်းစေသော တိုက်စားစွမ်းအားအနည်းငယ်ပါဝင်သဖြင့် ဝိညာဉ်မှာ အားအင်များ ပြန်လည်မဖြည့်တင်းနိုင်အောင် ဖြစ်နေတော့သည်။
အန္တရာယ်များသော အခိုက်အတန့်ရောက်လာပြီဖြစ်ကြောင်း ပိုင်ရှောင်ချန်း သိလိုက်သည်။ အပြည့်အဝအာရုံစိုက်နေရင်း သူက ဘယ်လက်ကို ဝှေ့ယမ်းလိုက်ပြီး ဝိညာဉ်ဆေးများစွာ ထုတ်လိုက်သည်။ သူက တစ်ချက်လေးပင် တုံ့ဆိုင်းမနေဘဲ ခြေပစ်လိုက်ရာ မရေမတွက်နိုင်သော ဝိညာဉ်စွမ်းအားစီးကြောင်းများ ထွက်လာပြီး ပိုင်ဟောက်၏ ဝိညာဉ်ထဲသို့ စီးဝင်သွားပြီး ကုန်ခမ်းသွားသည်များကို ပြန်လည်ဖြည့်တင်းပေးလိုက်၏။
သို့သော် ဝိညာဉ်သည် အလွန်လျင်မြန်သော နှုန်းဖြင့် စုပ်ယူခံနေရသည်။ ပိုင်ရှောင်ချန်းသည် စောစောက ဝိညာဉ်ဆေးပုလင်းတစ်ရာကျော် ပို့လွှတ်ပြီးဖြစ်သည့်တိုင် ၄င်းက ဆုံးရှုံးမှုကို အသက်ရှူချိန်အနည်းငယ်သာ တားဆီးပေးနိုင်သည်။ ထို့ကြောင့် သူက ဝိညာဉ်ဆေးများစွာ ထပ်ထုတ်လိုက်သည်။ အချိန်များ ကုန်လွန်သွားပြီး နောက်ဆုံးတွင် သူ ဝိညာဉ်ဆေးမည်မျှသုံးခဲ့ပြီးသည်ကိုပင် မသိတော့ပေ။
သူက ဝိညာဉ်ဆေးများကို အဆက်မပြတ် ခြေမွပစ်နေပြီး ဝိညာဉ်အသွင်ဖြင့် ပိုင်ဟောင်က သွေးများနှင့် ဆက်လက်ပေါင်းစည်းနေတော့သည်။ သို့သော် သူ၏ ဝိညာဉ်ခန္ဓာကိုယ်သည် နာကျင်နေသည့်အလား ဆန့်ငင်ဆန့်ငင်ဖြစ်နေပြီး တွန့်လိမ့်နေ၏။ မေ့မြောနေသည့်တိုင် သူသည် ဖြစ်ပျက်နေသည်တို့အား ရှင်းလင်းပြတ်သားစွာ ခံစားနိုင်သေးသည်။
ဖြစ်စဉ်သည် သုံးရက်တိတိ ကြာမြင့်လေသည်။ ပိုင်ရှောင်ချန်းသည် ကောင်းကင်တာအို ယင်ယန်ဝိညာဉ်အဆင့်တွင် ဖြစ်သည့်တိုင် ပင်ပန်းနွမ်းနယ်လာသည်။ ထိုအတောအတွင်း သူသည် ပိုင်ဟောက် အချိန်မှားပြီး မနိုးလာစေရန် အချိန်တိုင်း ဂရုတစိုက် စောင့်ကြည့်နေရသေးသည်။ တစ်ဆက်တည်းမှာပင် သူ့အပေါ် ဖိအားများများ မပေးမိစေရန်လည်း သေချာဆောင်ရွက်ရန် လိုအပ်သည်။ ၄င်းသည် ထိန်းရခက်သော ဟန်ချက်တစ်ခုပင် ဖြစ်သည်။
နောက်အလုပ်မှာ ပိုင်ဟောက်ကို ဝိညာဉ်ဆေးများ အဆင်မပြတ်ကျွေးနေရန် ဖြစ်သည်။ အခြားသော ယင်ယန်ဝိညာဉ်အဆင့်ကျင့်ကြံသူများဆိုလျှင်သူတို့၏ လုပ်နိုင်စွမ်း ကုန်နေလောက်ပြီ ဖြစ်သည်။ သို့သော် ပိုင်ရှောင်ချန်းသည် နှစ်ပေါင်းများစွာ ဆေးဖော်စပ်နေခဲ့ပြီး ဓားသွားပမာ ထက်မြက်စူးရှသော အကြည့်များ ရှိလေသည်။ ပင်ပန်းနွမ်းနယ်နေသည့်တိုင် သူသည် သူ၏အလုပ်ကို အထိခိုက်မခံပေ။
" ချန်မျိုးနွယ်စုက သတင်းအရ သွေးတွေကို စုပ်ယူဖို့ ခုနစ်ရက်ကြာမှာ။ ငါတို့ တစ်ဝက်တော့ပြီးပြီ "
သူက နည်းနည်းလေးပင် ပေါ့ဆခြင်းမရှိပေ။ သုံးရက်မြောက်နေ့ကုန်လွန်ပြီး လေးရက်မြောက်နေ့ ရောက်သောအခါ ပိုင်ဟောက်၏ ဝိညာဉ်အပေါ်တွင် ရွှေရောင်အမှတ်အသားများ ရုတ်တရက် ပေါ်လာတော့သည်။
ထိုရွှေရောင်အမှတ်အသားများ၏ မြင်ကွင်းက ပိုင်ရှောင်ချန်းကို ချက်ချင်းတက်ကြွသွားစေသည်။ ချန်မျိုးနွယ်စုမှ သူလေ့လာခဲ့ရသည်အပေါ် အခြေခံ၍ ဝိညာဉ်က ၄င်း၏ အရင်ဘဝမှ မှတ်ဉာဏ်များကို ပြန်ရခြင်း၊ပြန်မရခြင်း၏ အဓိကအချက်သည် ထိုရွှေရောင်အမှတ်အသားကိုကြည့်ကာ သူသိနိုင်သည်။ ၄င်းသည် ဝိညာဉ်၏ ကံကြမ္မာသက်သေဖြစ်ပြီး ၄င်းပေါ်လာသည်နှင့် ဝိညာဉ်သည် ယခင်ကကဲ့သို့ လောကထဲတွင် နောက်တစ်ကြိမ်ပြန်ပေါ်လာမည်ဖြစ်သည်။
သို့သော် ရွှေရောင်အမှတ်အသားပေါ်လာသည့် အခိုက်အတန့်တွင် ပိုင်ဟောက်၏ ဝိညာဉ် ခံစားနေရသည့် နာကျင်မှုတို့က ပို၍ ပြင်းထန်လာပုံရသည်။ သူက စူးစူးဝါးဝါးအော်လိုက်ပြီး သူ၏မျက်လုံးများ ဖြတ်ခနဲပွင့်လာ၏။ ထိုအခိုက်အတန့်တွင် သူ၏ဝိညာဉ်ခန္ဓာကိုယ်က ပြိုလဲတော့မတတ်ဖြစ်လာကြောင်း ပိုင်ရှောင်ချန်း သိလိုက်သည်။ ၄င်း၏ မျက်နှာပြင်ပေါ်တွင် အက်ကြောင်းများ ပို၍ပင် ပျံ့နှံ့လာတော့သည်။
ထိုရုတ်တရက်ပြောင်းလဲမှုကြောင့် ပိုင်ရှောင်ချန်းမှာ ရုတ်ချည်းမျက်နှာပျက်သွားပြီး ချက်ချင်းပင် အလွန်တရာ စိုးရိမ်လာတော့သည်။ ဖိအားပိုပေးခြင်းက ထိုပြဿနာကို မဖြေရှင်းနိုင်ကြောင်း သူသိသည့်အတွက် ဝိညာဉ်ဆေးများကို ပိုင်ဟောက်၏ ဝိညာဉ်ခန္ဓာကိုယ်ထဲ ထည့်သွင်းပေးလိုက်သည်။ သို့သော် ဝိညာဉ်ခန္ဓာကိုယ်ပျက်စီးတော့အံ့ဆဲဆဲ အဖြစ်အား မည်သို့မျှ မတားဆီးနိုင်ပေ။ ၄င်း၏ မျက်နှာပြင်ပေါ်တွင် အက်ကြောင်းများး ပိုမို ပျံ့နှံ့လာတော့သည်။ သိသာထင်ရှားစွာပင် အလွန်အရေးကြီးသော အခိုက်အတန့်ကျရောက်လာလေပြီ။
" တောင့်ထား ပိုင်ဟောက် "
ပိုင်ရှောင်ချန်းက အံကြိတ်ထားသည့်ကြားမှ ပြောလိုက်သည်။ ထို့နောက် သူက ကြာစေ့တစ်စေ့ကို ထုတ်လိုက်ပြီး အမှုန်များကို ပိုင်ဟောက်၏ဝိညာဉ်အပေါ် ချလိုက်သည်။ ဤနည်းလမ်းက အလုပ်ဖြစ်လိမ့်မည်ဟု သူ မသေချာသော်လည်း သူ၏ ယခင်က အစေ့အပေါ် ခွဲခြမ်းစိတ်ဖြာခြင်းနှင့် နိမိတ်ဖတ်ပညာရပ်အရ ၄င်းက ဝိညာဉ်တစ်ကောင်ကို ပြန်လည်ပြုပြင်ပေးနိုင်မည်ဟု ခြောက်ဆယ်ရာခိုင်နှုန်းသေချာသည်။
ခြေမွထားသော ကြာစေ့၏ အမှုန့်များ ပိုင်ဟောက်၏ ဝိညာဉ်ပေါ်ကျရောက်လာသည့် အခိုက်အတန့်တွင် ခပ်ဖျော့ဖျော့ အလင်းများ အရပ်မျက်နှာတစ်ခွင်ပျံ့နှံ့သွားသည်။ တချိန်တည်းမှာပင် သူ၏ခန္ဓာကိုယ်ပေါ်ရှိ အက်ကြောင်းများ ပျောက်ကွယ်သွားသည်။ အသက်ရှူချိန်အနည်းငယ်လေး အတွင်း သူသည်အကောင်းပတိပြန်ဖြစ်သွားလေပြီ။ ပိုင်ရှောင်ချန်း၏ မျက်လုံးများမှာ တောက်ပလင်းလက်လာပြီး သူထုတ်လွှတ်နေသည့် ဖိအားကို ထိန်းညှိလိုက်ပြီးနောက် ဝိညာဉ်ဆေးများ ထပ်ထုတ်၍ ပိုင်ဟောင်ကို ကျွေးလိုက်သည်။
" နောက်ထပ် သုံးရက်ပဲ "
ပိုင်ရှောင်ချန်းက စိတ်တည်ငြိမ်အောင်လုပ်လိုက်ပြီး အာရုံစိုက်လိုက်သော်လည်း အတန်ငယ် ရင်ခုန်နေဆဲဖြစ်သည်။ ယခုတွင် ရွှေရောင်အမှတ်အသားများ ပေါ်လာပြီး သူကို တည်ငြိမ်စေရန် ဝိညာဉ်ဆေးများစွာ ပိုမိုလိုအပ်လာသည်။ သူက လူအများစု လုံးဝအံ့သြမှင်သက်လျက် ကြည့်နေစေမည့် ပမာဏကို သုံးရင်း ဝိညာဉ်ဆေးများကို ကမ္ဘာပေါ်တွင် တန်ဖိုးအနည်းဆုံးအလား ခြေပစ်လိုက်သည်။ ဤနေရာတွင် ပျောက်ကွယ်နေသည့် ငွေကြေးများက မျိုးနွယ်စုများအားလုံးးကို မွဲပြာကျသွားစေရန် လုံလောက်သည်။
သို့သော် ပိုင်ရှောင်ချန်း၏ ရင်ထဲတွင် နည်းနည်းလေးပင် မနာကျင်ပေ။ သူအတွက် ဥစ္စာဓနများက ပိုင်ဟောက်ထက်ပို၍ အရေးမကြီးပေ။ ပိုင်ဟောက်က သူ့တပည့်ဖြစ်ပြီး မြေရိုင်းဒေသထံသို့ တည်နေရာရွှေ့ပြောင်းခဲ့ပြီးနောက် သူပထမဆုံးတွေ့ခဲ့ရသူ ဖြစ်သည်။ ထိုအရာအားလုံးကြောင့် ပိုင်ဟောက်အတွက် ဖြစ်တည်လာသော ခံစားချက်များသည် ဝိညာဉ်ဆေးများနှင့် တိုင်းထွာနိုင်သော အရာများ မဟုတ်ပေ။
မကြာမီ လေးရက်မြောက်နေ့ ကုန်ဆုံးသွားပြီး ငါးရက်မြောက်နေ့ရောက်လာ၏။ ထို့နောက် ခြောက်ရက်မြောက်နေ့..... အချိန်များကြာမြင့်လာသည်နှင့်အမျှ ပိုင်ရှောင်ချန်း၏ မျက်လုံးများသည် ပို၍ နီရဲလာကာ မောပန်းနွမ်းနယ်လာတော့သည်။ ဖိအားများလာသောကြောင့် သူ၏စိတ်ထဲတွင် သတိတရားနှင့်အာရုံစူးစိုက်ခြင်းသာ ရှိသည်။ သို့နှင့်..... ခုနစ်ရက်မြောက်နေ့သို့ ရောက်လာတော့သည်။
" နောက်ဆုံး ၂၄ နာရီ "
သူက ရေရွတ်လိုက်သည်။ ဤအချိန်တွင် သူက လူမမာရုပ်ပင်ပေါက်နေပြီး မျက်လုံးများလည်း ရဲရဲနီနေတော့သည်။ သူ၏စွမ်းအာများအားလုံးသည် ဟန်ချက်ညီရန်အတွက် အာရုံစိုက်ထား၏။ အချိန်တို့ ကုန်လွန်လာသည်နှင့်အမျှ ပိုင်ဟောက်၏ ဝိညာဉ်မှာ ပို၍ တည်ငြိမ်လာပြီး သူ၏ ဝိညာဉ်ခန္ဓာကိုယ်ကို ဖုံးအုပ်ထားသည့် ရွှေရောင် အမှတ်အသားများသည်လည်း ပို၍ စူးရှတောက်ပလာတော့သည်။
ရွှေရောင်များလက်သွားတိုင်း ပိုင်ဟောက်၏ ဝိညာဉ်သည် ပို၍ တည်ငြိမ်လာပြီး အသိဥာဏ်ရှိလာကာ အကြမ်းဖက်မှုနည်းလာပုံရသည်။ ထိုအရာအားလုံး ဖြစ်ပေါ်လာစဉ် ပိုင်ရှောင်ချန်းက ကျေနပ်ပီတိဖြစ်စွာသက်ပြင်းချလိုက်သည်။
" နောက်ဆုံးနှစ်နာရီ "
သူက ရေရွတ်လိုက်၏။ သူက စိတ်လှုပ်ရှားနေလျက် အောင်မြင်သွားပြီး ပိုင်ဟောက်က မှတ်ဉာဏ်များပြန်ရလျှင် မည်သည်နှင့်တူမည်ကို စိတ်မကူးမိဘဲ မနေနိုင်တော့ပေ။ သူသေဆုံးသွားပြီးနောက် ဖြစ်ပျက်ခဲ့သော အရာမှန်သမျှကို မည်သို့ ပြောပြရမည်နည်း။
" ငါက မင်းကို ကောင်းကောင်းသိပေမယ့် မင်းအတွက်တော့ ငါက သူစိမ်းတစ်ယောက်ပဲ "
ပိုင်ရှောင်ချန်းက ခေါင်းခါလိုက်ပြီး ထိုအတွေးများကို ခဏဖယ်ထားလိုက်သည်။ ထိုအစား သူက ပိုင်ဟောက်၏ ဝိညာဉ်အပေါ်တွင် အပြည့်အဝအာရုံစိုက်လိုက်သည်။ မကြာမီ နောက်ဆုံးအခိုက်အတန့်သည် တရွေ့ရွေ့ကုန်ဆုံးလာပြီး ပိုင်ဟောက်၏ဝိညာဉ်မှာ ယခင်က ရက်စက်ကြမ်းကြုတ်မှူများ၊ ရုန့်ရင်းကြမ်းတမ်းမှုများအားလုံး ပျောက်ကွယ်သွားပြီး လုံးဝတည်ငြိမ်သွားပုံရသည်။ နောက်ဆုံး၌ သူက ခံစားချက်ကင်းမဲ့နေသော အသွင်ဖြင့် ထရပ်လိုက်သည်။
ထိုအချိန်တွင် ကောင်းကင်ထက်၌ မိုးခြိမ်းသံကြီးကြားလိုက်ရ၏။ အနက်ရောင်တိမ်တိုက်များသည် စုဆုံသွားပြီး ခရမ်းရောင်လျှပ်စီးကြောင်းကြီးတစ်ခုသည် ရုတ်တရက် ပိုင်ရှောင်ချန်းထံ ပစ်ချလိုက်သဖြင့် သူ သတိလက်လွတ်ဖြစ်သွားသည်။
" ဒါက ဒုက္ခမိုးကြိုးလား။ ဘယ်လိုလုပ် ဒုက္ခမိုးကြီးက ဒီရောက်လာတာတုန်း "
မိုးကြိုးသည် ချက်ချင်းပင် တောင်ကိုဖြတ်၍ တဟုန်ထိုးပြေးဝင်လာကာ နောက်ဆုံးတွင် ပိုင်ရှောင်ချန်း၏ ခေါင်းပေါ်တည့်တည့်ရောက်လာတော့သည်။ ထိုအချိန်တွင် သူက စိုးရိမ်တကြီး သူ၏ကျင့်ကြံခြင်းအခြေခံစွမ်းအားအပြည်ကို့ ဆင့်ခေါ်ရင်း ညာလက်ကိုဆန့်ထုတ်ကာ တန်ပြန်တိုက်ခိုက်လိုက်သည်။
ပေါက်ကွဲသံတစ်ခုကြားလိုက်ရပြီး သူ့ပါးစပ်မှ သွေးများပန်းထွက်သွားကာ နောက်သို့လွင့်ထွက်သွားပြီး ဂူ၏ကျောက်နံရံနှင့် ဝုန်းခနဲဝင်တိုက်မိလိုက်လေသည်။ သို့သော် သူက ကြီးကြီးမားမား မထိခိုက်သွားပေ။ ကံဆိုးစွာ သူသည် လျှပ်စီးမိုးကြိုးစွမ်းအား၏ တစ်ဝက်ကိုသာ ဖြတ်တောက်လိုက်သည်။ ၄င်း၏ ကျန်တစ်ဝက်က ယခုလေးတင်မျက်လုံးဖွင့်လာသည့် ပိုင်ဟောင်ထံ တည့်တည့်မတ်မတ်ကျရောက်သွားသည်။ ချက်ချင်းပင် သူ့တစ်ကိုယ်လုံး တုန်တက်သွားပြီး သူ့တစ်ကိုယ်လုံးတွင် အက်ကြောင်းများ ပျံ့နှံ့သွားတော့သည်။ သူသည် ချက်ချင်လက်ငင်း တစစီပြိုကွဲ့တော့မည့်ပုံရသည်။
" ပိုင်ဟောက် "
ပိုင်ရှောင်ချန်းက ဟိန်းဟောက်လိုက်၏။ တစ်ချက်လေးပင် တုံ့ဆိုင်းမနေဘဲ သူက နောက်ဆုံး ကြာစေ့ကို လှမ်းပစ်လိုက်သည်။ ပိုင်ဟောက်ဝိညာဉ်၏မျက်လုံးများထဲတွင် နာကျင်မှုနှင့် တွေဝေမှုများဖြင့် ပြည့်နေသော်လည်း ၎င်းနေရာတွင် ရှင်းလင်းပြတ်သားမှုက လျင်မြန်စွာ အစားထိုးဝင်ရောက်လာ၏။ သူက ပိုင်ရှောင်ချန်းကို လှမ်းကြည့်လိုက်ပြီး သူ့ထံပျံသန်းလာသော ကြာစေ့ကို မြင်သည်နှင့် မစဉ်းစားတော့ဘဲ မျိုချလိုက်သည်။
၄င်းက သူ့ပါးစပ်ထဲဝင်ရောက်လာသည့်အခိုက်အတန့်တွင် နူးညံ့သော နွေးထွေးသောစီးကြောင်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး သူ့တစ်ကိုယ်လုံးပျံ့နှံ့သွားသည်။ သူက အက်ကြောင်းများအားလုံး ပြန်လည်သက်သာသောကြောင့် အတန်ငယ်တုန်ရီသွားရင်း မျက်လုံးများ ပိတ်လိုက်သည်။ မိုးကောင်းကင်ထက်ရှိ အနက်ရောင်တိမ်စိုင်များသည် နောက်တစ်ကြိမ် ပြန်လည် ဖြစ်တည်ခါနီးဖြစ်နေသော်လည်းမည်သည့်အတွက်ကြောင့် မသိ တစတစ ပျောက်ကွယ်သွားတော့သည်။
ပိုင်ဟောက်၏ဝိညာဉ်က ခန္ဓာကိုယ်အနေအထားပြန်လည် ဟန်ချက်ညီရန် အချိန်များစွာ ကြာလိုက်လေသည်။ သူ့ခန္ဓာကိုယ်၏ မျက်နှာပြင်ပေါ်ရှိ အက်ကြောင်းများအားလုံး အကောင်းပတိပြန်ဖြစ်သွားသောအခါ သူက မျက်လုံးများ ဖြေးညင်းစွာ ဖွင့်လိုက်ပြီး ဘေးဘီဝဲယာကို ကြည့်လိုက်သည်။ ထို့နောက် သူ၏ မျက်လုံးများက....... မည်သည့်နေရာက ကြည့်သည်ဖြစ်ပါစေနေရာက သူနှင့်လွန်စွာတူသော အလွန်စိုးရိမ်ပူပန်နေဟန်တူသည့် လူတစ်ယောက်ပေါ်သို့ ကျရောက်လာသည်။
ထိုစိုးရိမ်ပူပန်နေသည်က ဟန်ဆောင်ထားခြင်းမဟုတ်ဘဲ ရိုးသားဖြူစင်ကြောင်း ပိုင်ဟောက်ချက်ချင်း သတိပြုမိလိုက်သည်။ ၄င်းမှာ သူ့ဘဝတစ်လျှောက်လုံးတွင့် သူ၏မိခင်မှလွဲ၍ မည်သူမှ မပေးဘူးသောအရာတစ်ခု ဖြစ်သည်။ သူ့ရှေ့ရှိ အနှီလူကား....... သူ့ကို ဂရုစိုက်ခြင်းများဖြင့် ကြည့်ဖူးသော ဒုတိယမြောက်လူပင်။
" ခင်ဗျားက ဘယ်သူလဲ "
သူက တိုးညင်းစွာ မေးလိုက်သည်။
ပိုင်ရှောင်ချန်း၏ မျက်လုံးများမှာ စိတ်လှုပ်ရှားမှုများဖြင့် တောက်ပသွားပြီး အသက်ပြင်းပြင်းရှူလိုက်သည်။ ဤအခိုက်အတန့်ကို အချိန်အတော်ကြာကတည်းက သူ စိတ်ကူးယဉ်နေခဲ့သည်ဖြစ်ရာ ထိုသို့ဖြစ်လာခဲ့သည်တွင် သူက စဉ်းစား၍ရသည့် အမြင့်မြတ်ဆုံးသော တန်ခိုးရှင်တစ်ယောက်အသွင် ဖမ်းလိုက်သည်။ ထို့နောက် သူက အတန်ငယ် မေးကိုမော့ရင်း လက်နှစ်ဖက်နောက်ပစ်ကာ ဖြည်းညင်းစွာ ပြောလိုက်တော့သည်။
" ငါက မင်းရဲ့ ဆရာပဲ "