← Chapters

သံစဉ်တစ်ရာက " ယင် " ဖြစ်လာတယ် ( ၂ )

Vol. 10 Ch. 139

သံစဉ်တစ်ရာက " ယင် " ဖြစ်လာတယ် ( ၂ )

Vol. 10 Ch. 139

ရွှီချင်းက ခေါင်းယမ်း၍ ဂိုဏ်းတူအစ်မတင်းကို ခံစားချက်မဲ့စွာဖြင့် ကြည့်လိုက်သည်။

“ ဂိုဏ်းတူအစ်မတင်း၊ နွယ်တောထဲကနေ ကျနော်တို့ ထွက်လာပြီ။ ကျေးဇူးပြုပြီး လှေပေါ်က ဆင်းပေးပါ ”

ရွှီချင်း၏စကားကိုကြားတော့ ကျောက်ကျုံးဟန်မှာ ချက်ချင်း ပျော်သွားသည်။ အနှီကလေးက ဉာဏ်ကောင်းသားပဲဟု တစ်ကိုယ်တည်း တွေးကာ ဂိုဏ်းတူအစ်မတင်းကို မျှော်လင့်ချက်ကြီးစွာ ကြည့်လိုက်သည်။

“ ဂိုဏ်းတူမောင်လေး၊ မင်း ဘယ်ကို သွားမှာလဲ။ အစ်မတို့ ခရီးစဉ်က တူလောက်တယ် ”

ဂိုဏ်းတူအစ်မတင်းက ချိုသာသောအပြုံးလေးနှင့် ပြောသည်။

ကျောက်ကျုံးဟန်မှာ မျက်နှာရှုံ့မဲ့သွားသည်။

ရွှီချင်းမှာ မျက်မှောင်ကြုတ်သွား၏။

ရွှီချင်း မျက်မှောင်ကြုတ်သွားသည်ကို မြင်တော့ ဂိုဏ်းတူအစ်မတင်း၏ တောက်ပသော မျက်လုံးလေးများ အနည်းငယ် လှုပ်ရှားသွားသည်။ အတန်ငယ် တွေးတောပြီးနောက် သူမက ပြောလိုက်၏။

“ အစ်မက အနောက်ဘက်ကျောက်တန်းကျွန်းစုကို သွားမှာ။ ဒီကနေသွားရင် ငါးရက်လောက်ကြာမယ်။ မောင်လေးသွားမယ့်လမ်းနဲ့ မတူဘူးဆိုရင် အစ်မ အခုချက်ချင်း ဆင်းခဲ့မယ်။ တကယ်လို့ လမ်းတူတယ်ဆိုရင် အခကြေးငွေအနေနဲ့ နောက်ထပ်ဝိညာဉ်ကျောက်တုံးနှစ်ရာ ပေးမယ်။ မောင်လေး၊ ဘယ်လိုသဘောရလဲ ”

ဂိုဏ်းတူအစ်မတင်းသည် ပြောပြီးသည်နှင့် ဝိညာဉ်လက်မှတ်နှစ်စောင်ကို ထုတ်၍ ရွှီချင်းအား ချစ်စဖွယ်မျက်လုံးလေးများနှင့် စိုက်ကြည့်နေသည်။

ရွှီချင်းက ဝိညာဉ်လက်မှတ်နှစ်စောင်ကို ကြည့်၍ အလွန် တပ်မက်သွားသည်။

ပင်လယ်ပြင်သို့ ထွက်လာခဲ့ပြီးနောက် ဝိညာဉ်ကျောက်တုံးများကို ယခုလို လွယ်လွယ်ကူကူ ရနေမည်ဟု သူ မျှော်လင့်မထားခဲ့ပေ။

ပင်လယ်ဖွတ်ကျွန်းက အနောက်ဘက်ကျောက်တန်းကျွန်းစု၏ အနက်ပိုင်းတွင် တည်ရှိသည်ဖြစ်၍ တစ်လမ်းတည်း သွားနိုင်သည်။ တစ်ဖက်လူက အခမဲ့ လိုက်ပါခဲ့မည်ဆိုပါက သူ သေချာပေါက် လက်ခံမည် မဟုတ်ပေ။ သို့သော်လည်း သူမက ဝိညာဉ်ကျောက်တုံးနှစ်ရာပေးလာသည့်နောက်တွင် …

ရွှီချင်းက ထိုအကြောင်း စဉ်းစားကြည့်လိုက်ပြီး အလွန် ယုတ္တရှိကြောင်း ခံစားလိုက်ရသည်။

ဝိညာဉ်ကျောက်တုံးနှစ်ရာက တပ်မက်ဖွယ်ကောင်းပါသော်လည်း သူမက သူ့လှေပေါ်တွင် ရှိနေသည်။ ဂိုဏ်း၏အစဉ်အလာအရ သူ့အနေဖြင့် ဂိုဏ်းတူအစ်မတစ်ယောက်ကို ကာကွယ်ပေးရန် တာဝန်ရှိပြီး ယာယီတာဝန်တစ်ရပ်အနေဖြင့် ယူဆနိုင်သည်။

သို့သော်လည်း ပင်လယ်က မာယာများပြီး တာဝန်က အနည်းငယ် အရေးကြီးသည်။ ထို့ကြောင့် သူမက ဝိညာဉ်ကျောက်တုံးများ ပိုပေးသည်မှာ ပုံမှန်သာ ဖြစ်သည်။ ရွှီချင်းက တွေးတောပြီးသည်နှင့် ခေါင်းညိတ်ပြလိုက်သည်။

ဂိုဏ်းတူအစ်မတင်း၏ မျက်နှာပေါ်ရှိ အပြုံးက ပို၍ပင် နှစ်လိုဖွယ်ကောင်းလာပြီး ရွှီချင်း၏လက်ထဲသို့ ဝိညာဉ်လက်မှတ်များ ထည့်ပေးလိုက်သည်။ ကျောက်ကျုံးဟန်မှာ ရှုံ့မဲ့နေရာမှ နာကြည်းသောအမူအရာဖြစ်သွားသည်။ ရွှီချင်းက သာမန်မဟုတ်သည်ကို သူ သိထားပါသော်လည်း ရွှီချင်းကို ကြည့်လိုက်သောအခါ သူ၏မျက်လုံးများထဲရှိ ဒေါသအခိုးအငွေ့များကို ဖုံးကွယ်ရန် မတတ်နိုင်တော့ပေ။

ရွှီချင်းက ကျောက်ကျုံးဟန်၏ အကြည့်ကို လျစ်လျူရှု၍ လှေကို ထိန်းချုပ်ကာ အလျင်အမြန် ခရီးဆက်လိုက်သည်။

သူ စိတ်ပျော်နေပြီး လူတစ်ယောက်ကို သူနှင့်အတူ လိုက်စေခဲ့ခြင်းဖြင့် ဝိညာဉ်ကျောက်တုံးနှစ်ရာ ရသည်ကို တွေးနေမိသည်။ သူ ပွပေါက်တိုးသွားသကဲ့သို့ ခံစားနေရသည်။ သို့သော်လည်း သူ စိတ်ပျက်ရသည့်တစ်ခုတည်းသောအကြောင်းမှာ ဂိုဏ်းတူအစ်မတင်းက အလွန် စကားများခြင်း ဖြစ်သည်။ ဂိုဏ်းတူအစ်မတင်း၌ မေးစရာမေးခွန်းများ မကုန်ုနိင်အောင် ရှိနေဟန်တူပြီး မေးခွန်အများစုက သူ့အကြောင်းများသာ ဖြစ်သည်။

ထို့ပြင် ဂိုဏ်းတူအစ်မက သူ့မျက်နှာကိုသာ အမြဲတမ်း စိုက်ကြည့်နေသည်။ ထို့ကြောင့် ရွှီချင်း အလွန် စိတ်ပျက်နေပြီး ခပ်ဆိတ်ဆိတ်သာ နေလိုက်သည်။

သို့သော်လည်း သူက ငြိမ်သက်နေလေလေ ဂိုဏ်းတူအစ်မတင်းက ပို၍ စိတ်အားထက်သန်လာလေလေပင်။ ထို့ကြောင့် ရွှီချင်းမှာ ခရီးစဉ် အမြန်ဆုံး ပြီးသွားစေချင်သည့်စိတ်ဖြင့် မှော်လှေကို အလိုလို အရှိန်တင်နေတော့သည်။

ကျောက်ကျုံးဟန်မှာတော့ ခရီးတစ်လျှောက် ပေါက်ကွဲချင်နေပြီး သူ့မျက်လုံးများထဲရှိ မီးတောက်များက သူ့ရင်ထဲမှ အပူမီးများနှင့် ပေါင်းစပ်သွားသည်။

အထူးသဖြင့် ယခုတစ်ခေါက် သူ မည်မျှ ကြိုးစားအားထုတ်ခဲ့ရကြောင်း ပြန်တွေးမိသောအခါတွင် ပိုဆိုးသည်။ သူ့အဘိုးက ဂိုဏ်းတူအစ်မ၏ အကြီးအကဲများနှင့် ဆက်သွယ်ခဲ့ပြီး သူနှင့်နှစ်ယောက်တည်းသွားခွင့်ရစေရန် စီစဉ်ပေးခဲ့သည်။ သို့သော်လည်း ထိုအခွင့်အရေးကို သာမန်ဂိုဏ်းသားတစ်ယောက်က ကြားဖြတ်လုယူသွားမည်ဟု သူ မျှော်လင့်မထားခဲ့ပေ။

သူ ရူးသွပ်သွားမတတ်ဖြစ်နေပြီး တစ်ကိုယ်လုံး တုန်ရီနေသည်။ သူ၏သောကမီးတောက်များက ရင်ထဲမှ အချိန်မရွေး ပွင့်ထွက်လာတော့မည့်အလား ဖြစ်နေသည်။

“ အဲဒီမိန်းမပျက်က ငါ့လှေကို အလကား စီးခွင့်ရမှာကိုတောင် ငြင်းပြီး သူ့အပျော်လင်လေးရဲ့လှေကိုမှ ပိုက်ဆံအကုန်ခံပြီး စီးနေတယ်။ အဲဒီကောင်ကို သူ မျက်စိကျနေတာ သေချာတယ်။ သူ မျက်လုံးကန်းနေလား။ ကျောက်ကျုံးဟန်ဆိုတဲ့ငါက အဲဒီကလေးထက် အဆပေါင်းမရေမတွက်နိုင်လောက်အောင် သာတယ်ကွ ”

“ ဝိညာဉ်ကျောက်တုံးချင်း ယှဉ်ကြည့်ဦးမလား။ ငါ့အသားတင်ကြွယ်ဝမှုက ရေတွက်လို့တောင် မရဘူး။ အဆင့်အတန်းချင်း ကြည့်ဦးမလား၊ ငါက အဓိကဂိုဏ်းသား။ နောက်ခံအင်အားကို ကြည့်ဦးမလား။ ငါ့အဖိုးက သတ္တမမြောက်တောင်ထိပ်က အကြီးအကဲ။ ဒီကလေးက ငါ့ကို ဘယ်နေရာမှာများ ယှဉ်နိုင်နေတာတုံး။ ငါ့ဆံပင်မွှေးတစ်ချောင်းကိုတောင် ဒီကောင် မယှဉ်နိုင်ဘူးကွ ”

“ သူ့မှာ ဘာတွေများ ရှိလို့တုံး။ တားမြစ်ပင်လယ်ဝေလနဂါးကလွဲပြီး ဘာမှမရှိဘူး။ သူက တောင်ခြေက လူဆင်းရဲတစ်ယောက်ပဲ။ သူက ရုပ်ချောတယ်လား။ လှတာက စားလို့ရလားဟ ”

ကျောက်ကျုံးဟန်မှာ မနာလိုမရှုစိမ့်ဖြစ်နေစဉ် ဆည်းဆာချိန်ကို ကျော်ဖြတ်၍ နေဝင်တော့မည်ဖြစ်သည်။

ညနေခင်း ပင်လယ်ကြီးက အလွန် လျှို့ဝှက်ဆန်းကြယ်သည်။ ဝင်လုဆဲနေမင်းကြီးက တမြေ့မြေ့လောင်ကျွမ်းနေဆဲဖြစ်ပြီး တလိပ်လိပ်ထနေသော လှိုင်းများအပေါ် ရောင်ပြန်ဟပ်ကာ မီးတောက်များ ပျံ့နှံ့သွားပြီး လူးလိမ့်နေသည့်အလား ထင်မှတ်ရသည်။

ကောင်းကင်ဝေဟင်ပြင်မှ မီးတောက်ကြီး တဖြည်းဖြည်း ငြိမ်းသက်သွားသောအခါမှသာ ပင်လယ်ပြင်မှ မီးတောက်များ မှိန်ဖျော့သွားသည်။ ထို့နောက် လောကကြီး မှောင်အတိကျသွား၏။

အဝေးတစ်နေရာမှကြည့်ပါက မှိန်ဖျော့ဖျော့ပင်လယ်ရေမျက်နှာပြင်ကို အကြေးခွံများစွာ ဖုံးလွှမ်းထားပြီး ပင်လယ်လေ တဖြူးဖြူး တိုက်ခတ်နေသည်ကို မြင်နိုင်ပြီး လောကကြီးတစ်ခုလုံး ငြိမ်သက်တိတ်ဆိတ်သွားသည့်အလားပင်။

ညအခါ ရွက်လွှင့်ရန် မဖြစ်နိုင်ပေ။ အန္တရာယ်ကြုံတွေ့နိုင်စွမ်းက နေ့အခါထက် ပို၍ များသည်။ ထို့ကြောင့် လှေကို ကျောက်ချရပ်နားထားရန် ရွှီချင်း ရွေးချယ်လိုက်သည်။ ဂိုဏ်းတူအစ်မတင်းက ရွှီချင်း၏ဘေးတွင် ထိုင်ချလိုက်ပြီး အစားအစာများထုတ်၍ ချိုသာသောအပြုံးကလေးနှင့် ရွှီချင်းကို ပေးလိုက်သည်။

ရွှီချင်းက မစားဘဲ ကျေးဇူးတင်စကားပြောလိုက်ပြီးနောက် အခန်းလေးထဲ ပြန်ကာ ကျင့်ကြံရန် အတွင်းပိုင်းအကာအကွယ်အလွှာကို အသက်သွင်းလိုက်သည်။

“ မောင်လေး၊ မင်း ကျင့်ကြံတော့မှာလား။ အစ်မ မင်းကို စောင့်ရှောက်ပေးမယ်လေ ”

ဂိုဏ်းတူအစ်မတင်းက ရွှီချင်း၏အေးတိအေးစက်အပြုအမူကို စိတ်ထဲမထားဘဲ ပြုံး၍ ပြောလိုက်ပြီးနောက် အခန်းလေးအပြင်ဘက်တွင် တင်ပျဉ်ခွေထိုင်လိုက်သည်။

ထိုမြင်ကွင်းကြောင့် ဖီးနစ်လှေပေါ်ရှိ ကျောက်ကျုံးဟန်မှာ ရူးသွပ်လုမတတ် ဖြစ်သွားရပြန်သည်။ သို့သော်လည်း ဂိုဏ်းတူအစ်မတင်း၏ လှပသောမျက်နှာလေးကို ကြည့်၍ နာကျင်စိတ်ကို ကြိတ်မှိတ်ခံကာ ဖီးနစ်လှေလေးထဲမှ ပြောလိုက်သည်။

“ ဂိုဏ်းတူအစ်မ၊ ကျနော့်ဆီမှာ ပင်လယ်ငါးနည်းနည်းပါးပါးရှိတယ်။ ကျနော်တို့ … ”

“ စိတ်မဝင်စားဘူး ”

ဂိုဏ်းတူအစ်မတင်းက တည်ငြိမ်စွာ ပြောသည်။

“ ဂိုဏ်းတူအစ်မ၊ ကျနော် … ”

“ ဘာမှမပြောနဲ့တော့ ”

“ ကျနော် … ”

“ ငြိမ်ငြိမ်နေလို့မရဘူးလား။ မောင်လေးရွှီချင်း ကျင့်ကြံနေတယ် ”

ဂိုဏ်းတူအစ်မတင်းက ခေါင်းလေးမော့၍ ကျောက်ကျုံးဟန်ကို စိတ်မရှည်စွာ ကြည့်လိုက်သည်။

ကျောက်ကျုံးဟန်၏မျက်နှာ မည်းမှောင်သွားသည်။ သူ အံတင်းတင်းကြိတ်၍ ရွှီချင်း ကျင့်ကြံနေသည့်အခန်းလေးကို စူးစိုက်ကြည့်လိုက်သည်။ ရင်ထဲတွင် သူ ရူးသွပ်တော့မည့်အလား ဖြစ်နေပါသော်လည်း သူ ဘာမှမတတ်နိုင်ချေ။ သူ၏ဒေါသကို ဖြေဖျောက်ရန် တရားသာ ထိုင်လိုက်ရသည်။

ထိုသို့ဖြင့် အချိန်များ တဖြည်းဖြည်း ကုန်လွန်လာခဲ့ပြီး ညသန်းခေါင်ယံအချိန်သို့ ရောက်လာသည်။

ရွှီချင်းနှင့် တခြားနှစ်ယောက် တရားထိုင်နေကြစဉ် ညကောင်းကင်အောက်ရှိ နက်ရှိုင်းသော ပင်လယ်ထဲတွင် မူမမှန်သော အပြောင်းအလဲတစ်ခု တဖြည်းဖြည်း ဖြစ်ပျက်လာသည်ကို တစ်ယောက်မှ သတိမထားမိကြပေ။

ပင်လယ်ထဲ၌ ကြယ်ရောင်အစက်လေးများ စုစည်းသွားပြီး အရိပ်များအဖြစ် ပြောင်းလဲသွားကာ ပင်လယ်ပြင်ပေါ် တဖြည်းဖြည်း မျောလွင့်သွားကြသည်။ ထိုအရိပ်များသည် တားမြစ်ပင်လယ်ကြီးလို အလွန် ထူးဆန်းပြီး ပင်လယ်ခရီးသွားများအား အိပ်မောကျသွားစေသည်။

သို့သော်လည်း ထိုအရိပ်များ ဝေဟင်ပြင်သို့ မြင့်တက်လာသည်နှင့်အမျှ လူသေအလောင်းများနှင့် နှစ်ပဋိစ္ဆေဒကြာမြင့်နေသော သားရဲအသေကောင်များ စသည့် မကောင်းဆိုးဝါးများအဖြစ်သို့ အဆက်မပြတ် ပြောင်းလဲသွားကြသည်။ ထို့နောက် ၎င်းတို့က စူးစူးဝါးဝါး အော်ဟစ်လိုက်ကြပြီး ထိုအော်သံများက အရပ်မျက်နှာအနှံ့ ပျံ့လွင့်သွားသည်။

ထိုအသံများသည် တုန်လှုပ်ချောက်ချားဖွယ်ရာကောင်းသည်။

ရုတ်တရက် အိပ်မက်က အိပ်မက်ဆိုးတစ်ခု ဖြစ်သွားသည်။

ရွှီချင်းနှင့် တခြားနှစ်ယောက်က မျက်လုံးများ ချက်ချင်း ဖွင့်လိုက်ကြသည်။ ကျောက်ကျုံးဟန်၏ မျက်လုံးများ မှေးနေပြီး ဂိုဏ်းတူအစ်မတင်းက တည်ငြိမ်နေပြီး ညာလက်ကို သိုလှောင်အိတ်ပေါ် တင်ထားလိုက်သည်။

ရွှီချင်းက အခန်းအပြင်ဘက်သို့ ထွက်လာခဲ့ပြီး စူးစိုက်ကြည့်လိုက်သည်။

လေထဲတွင် တစ္ဆေများ မရေမတွက်နိုင်လောက်အောင် ရှိနေပြီး ဆင့်ခေါ်နေသည့်အလား မည်းမှောင်နေသော ကောင်းကင်ကြီး၏ အစွန်အဖျားသို့ အရူးအမူး ပျံသန်းသွားကြသည်။

၎င်းတို့က အုပ်စုတစ်စုဖြစ်သွားပြီးနောက် လူတစ်စုအဖြစ် ပြောင်းလဲသွားသည်။

၎င်းတို့ကို ကြည့်ရသည်မှာ ချောက်ချားဖွယ်ရာအတိဖြစ်နေတော့သည်။

ယင်းသည် တစ္ဆေတစ်ရာ ညဉ့်ပျော်ပွဲ ဖြစ်ပေသည်။

ရွှီချင်းက ခေါင်းမော့၍ အရာအားလုံးကို စူးစိုက်ကြည့်လိုက်သည်။ အငြိုးအတေးကြီးသော တစ္ဆေများက စူးစူးဝါးဝါးအော်ဟစ်၍ လေထဲ ပျံတက်နေသည်ကို သူ မြင်နေရသည်။ သူ့စိတ်ထဲတွင် တစ္ဆေတစ်ရာ ညဉ့်ပျော်ပွဲနှင့်ပတ်သက်သည့် အကြောင်းအရာများ ပေါ်လာသည်။

“ အဆုံးမဲ့ပင်လယ်ထဲမှာ သာမန်လူတွေ မကြားဖူးတဲ့ ထူးဆန်းအံ့သြဖွယ်ရာတွေ ရှိတယ်။ အဖော်အဖြစ် ရွှေကျီးကန်းချီယန်နဲ့အတူ သံစဉ်တစ်ရာက နတ်တေးတစ်ပုဒ်ဖြစ်လာပြီး ငွေစန္ဒာကို ကြိုဆိုတယ် ”

“ နတ်ဘုရားက နှစ်ထောင်းအားရဖြစ်ပြီး မျက်လုံးဖွင့်ကြည့်လိုက်တဲ့အခါ အဆုံးမဲ့ပင်လယ်ကြီးက တားမြစ်ပင်လယ်ဖြစ်လာတယ်။ သံစဉ်တစ်ရာက ယင်ဖြစ်လာတယ် ”

“ ငါ့ဂိုဏ်းကတပည့်တို့၊ အဲဒါနဲ့ ကြုံကြိုက်လာတဲ့အခါ မထိနဲ့၊ မလှုပ်နဲ့၊ သွားမနှောင့်ယှက်ကြနဲ့ ”

ပင်လယ်မှတ်တမ်းပေါ်မှစာသားများက ပုံပြင်တစ်ပုဒ်ကို ဖော်ပြထားသည်။

ပင်လယ်ပြင်သို့ ထွက်ကြမည့် ချီရွှဲ့ထုံဂိုဏ်းသားအားလုံး ထိုပုံပြင်အကြောင်းကို သိကြသည်။ ဟိုးအတိတ်က နန်းဟွမ်ဒေသကြီးကို ဝန်းရံထားသော ပင်လယ်ကြီးအား မူလက အဆုံးမဲ့ပင်လယ်ဟု ခေါ်ကြသည်။

ကောင်းကင်ဝေဟင်ပြင်၌ နတ်ဘုရားမျက်နှာပျက်ကြီး မရောက်လာခင် ရံဖန်ရံခါ အဆုံးမဲ့ပင်လယ်ထဲမှ ထူးဆန်းသော ဂီတံသံစဉ်များ ပဲ့တင်ထပ်၍ လွင့်ပျံလာတတ်သည်။ ထိုသံစဉ်က အလွန်ထူးခြားပြီး သာမန်လူများ ပင်လယ်ထဲ ရောက်နေသည့်တိုင်အောင် ထိုသံစဉ်ကို မကြားနိုင်ကြချေ။

ကျင့်ကြံသူများသည်သာ ပင်လယ်ပြင်ထဲ လွင့်ပျံနေသော ဂီတသံစဉ်တစ်ခုစ၊ နှစ်ခုစကိုသာ ကြားရသည်။

ထိုပုံပြင်ထဲတွင် ထိုဂီတသံစဉ်၏ဇစ်မြစ်ကိုလည်း ဖော်ပြထားသည်။

ဟိုးယခင်က ကောင်းကင်ရှိ နေမင်းကြီးသည် ကြယ်တစ်စင်းမဟုတ်ဘဲ ဧရာမရွှေကျီးကန်းကြီးတစ်ကောင် ဖြစ်သည်။ ၎င်း၏နာမည်က ချီယန်ဖြစ်သည်။ မနက်ခင်းတိုင်း ရွှေကျီးကန်းကြီးက အဆုံးမဲ့ပင်လယ်ကြီး၏ အနက်ရှိုင်းဆုံးနေရာရှိ အိပ်ခန်းထဲမှ ပျံထွက်လာပြီး ညရောက်သောအခါမှသာ အိပ်တန်းဝင်လေ့ရှိသည်။ ထိုဖြစ်စဉ်သည် တာဝန်တစ်ခုပမာ အဆုံးအစမရှိ သံသရာလည်နေသည်။

ရွှေကျီးကန်းကြီး အိပ်ရာဝင်သည့်အခါတိုင်း ဂီတပညာရှင်များက ရွှေကျီးကန်းကြီးအတွက် ဂီတသံစဉ်များ တီးခတ်ပေးသည်။ ထိုဂီတသံစဉ်တွင် သံစဉ်ပေါင်းတစ်ရာပါပြီး အိပ်ရာဝင်တေးတစ်ပုဒ်လည်း ဖြစ်သည်။ ထိုဂီတံသံစဉ်ကို ‘ ငွေစန္ဒာကို ကြိုဆိုသော နတ်တေး ’ ဟူ၍ ခေါ်ကြသည်။

ထိုနတ်တေးသံ လွင့်ပျံလာသည့်အခါတိုင်း ဝေဟင်ပြင်သို့ လမင်းကြီး မြင့်တက်လာပြီး ချီယန်၏ကိုယ်စား လောကကြီးကို စောင့်ရှောက်ပေးသည်။

တစ်နေ့သောအခါ လောကကြီးအပြင်ဘက်တွင် လွင့်မျောနေသော နတ်ဘုရား၏မျက်နှာပျက်ကြီးသည် ထိုနတ်တေးသံကို ကြား၍ အလွန် စိတ်ပျော်ရွှင်သွားပြီး မျက်လုံးများမှေး၍ လှမ်းကြည့်လိုက်သည်။

သူ၏အကြည့် သက်ရောက်သွားသည့်အခါမှာပင် အဆုံးမဲ့ပင်လယ်ကြီးတစ်ခုလုံး ချက်ချင်း ဆူပွက်လာ၏။ ဓာတ်နှောများသည်လည်း စိတ်ကူးဖြင့်မှန်းဆနိုင်သည်ထက် ပို၍ များလာပြီး အဆုံးမဲ့ပင်လယ်ကြီးတစ်ခုလုံး ဓာတ်နှောများ ထူထပ်သိပ်သည်းစွာ ရှိနေသည့် တားမြစ်ပင်လယ်ကြီးအဖြစ် ပြောင်းလဲသွားသည်။

သံစဉ်တစ်ရာနတ်တေးသည်လည်း “ ယင် ” အဖြစ် ပြောင်းလဲသွားပြီး အသက်ဝိညာဉ်ချုပ်ငြိမ်းသွားသည့်အလား တစ္ဆေများ ဖြစ်သွားကြသည်။

ထိုသို့ဖြင့် တစ္ဆေတစ်ရာ ညဉ့်ပျော်ပွဲ ဖြစ်လာရပေသည်။

ဘာသာပြန်သူ မှတ်စု။ ဤအခန်းတွင် " ယင် " ဆိုသောစကားလုံးက ' မကောင်းဆိုးဝါး ' ဆိုသည့်စကားလုံးကို ကိုယ်စားပြုပါသည်။

All Chapters