ဆရာ့နာမည်
Vol. 8 Ch. 709
" ဆရာ "
ပိုင်ဟောက်က သူနှင့် တစ်ထေရာတည်းတူသော လူအား မျက်လုံးကလေးကလယ်ကလယ်ဖြင့် ကြည့်ရင်း ပြောသည်။ ဤလူက သူ့ကိုယ်သူ မည်သည့်အတွက်ကြောင့် သူ့ဆရာဟု ဆိုနေရခြင်းကို သူ အတန်ငယ် ဇဝေဇဝါဖြစ်နေသည်။ ယခင်က သူ့မှာ ဆရာရှိခဲ့ဖူးကြောင်း သူမမှတ်မိပေ။ ပြောရမည်ဆိုလျှင် သူမသေခင် ရှိခဲ့ဖူးသော 'ဆရာများ' မှာ သူ၏မျိုးနွယ်စုက ရရှိခဲ့သော လျှို့ဝှက်ကျင့်စဉ်စာအုပ်လက်တစ်ဆုပ်စာသာဖြစ်သည်။
သူ သေဆုံးသွားသည့်အချိန်အထိမှတ်ဉာဏ်များအားလုံး ရှိသော်လည်း ထို့နောက်ပိုင်း ဖြစ်ပျက်သမျှကို စဉ်းစား၍မရပေ။ သူမှတ်မိသည်မှာ ဒေါသအပြင်းအထန်ထွက်လျက် တွေ့သည့်သက်ရှိဟူသမျှကို စားပစ်လိုစိတ်များဖြင့် အဆုံးမရှိပိတ်ကွယ်နေသောမြူများကိုဖြတ်၍ ကူးခတ်နေခြင်းဖြစ်သည်။
ထိုဒေါသထွက်နေသည့် မှတ်ဉာဏ်များက သူ့ကို ပင့်သက်ရှိုက်သွားစေပြီး သူ့၏နှလုံးသားထဲတွင် မဖော်ပြနိုင်သော အကြောက်တရားများ ပြည့်နှက်နေတော့သည်။
သူ မျက်လုံးပိတ်ပြီးသေသွားသည့် အခိုက်အတန့်သည် အိပ်ပျော်သွားခဲ့သည့်အလား။ ယခု သူ နိုးလာသည့်တိုင် သူ့ရင်ထဲတွင် ရှုပ်ထွေးမှုများမှာ ခါတိုင်းထက်ပို၍ ပြည့်နှက်လာတော့သည်။ ထို့နောက် သူက သူ့ကိုယ်သူငုံကြည့်လိုက်ပြီး သူ့လက်နှင့် သူ့ကိုယ်သူ ထိရန် ကြိုးစားလျှင် သူ့ခန္ဓာကိုယ်ကို ထွင်းဖောက်သွားမည်ဖြစ်ကြောင်း တွေ့လိုက်ရသည်။
" ငါက ဝိညာဉ်ပဲ "
သူက ရွေရွတ်လိုက်ပြီး သူ့မျက်လုံးများတွင် ဝမ်းနည်းသောအရိပ်အယောင်များ ပေါ်ပေါက်လာတော့သည်။ ဤအခိုက်အတန့်တွင် သူ သေဆုံးသွားခဲ့ပြီးပြီဖြစ်ကြောင်း သဘောပေါက်လိုက်သည်။
" ဒါပေမဲ့ငါက ဝိညာဉ်ပဲဆိုရင် ဘာလို့ မှတ်ဉာဏ်တွေအားလုံးရှိသေးတာလဲ "
လက်ရှိတွေ့ကြုံနေရသော အရာများအားလုံးက ပိုင်ဟောက်ကို အလွန်တရာ စိတ်ရှုပ်ထွေးနေစေတော့သည်။
ပိုင်ရှောင်ချန်းမှာမူ မျက်လုံးထောင့်စွန်းမှနေ၍ ပိုင်ဟောက်ကို ကြည့်ကာ နက်နဲသိမ်မွေ့သည့်ပုံပေါ်အောင် ကြိုးစားဖမ်းယူလိုက်ရင်း လက်နှစ်ဖက်နောက်ပစ်လျက် ရပ်နေ၏။ သူက ပိုင်ဟောက်ကို တိတ်တဆိတ် အကဲခတ်နေရာမှ ပိုင်ဟောက်ကကြောင်တောင်တောင် ဖြစ်နေပြီး သူ့အားလုံးလျစ်လျူထားသည်ကို သတိပြုမိလိုက်သောအခါ အတန်ငယ်အနေရခက်သွားပြီး အနည်းငယ်စိတ်ဆိုးသွားသည်။ ထို့နောက် သူက ချောင်းဟန့်၍ ပိုင်ဟောက်ကို သူ ရပ်နေကြောင်း သတိပေးလိုက်သည်။
ချောင်းဟန့်သံကြောင့် ပိုင်ဟောက်၏ မျက်နှာပေါ်တွင် ထူးဆန်းသော အမူအရာတစ်ခုပေါ်လာပြီး ပိုင်ရှောင်ချန်းကို နောက်တစ်ဖန် မော့ကြည့်လိုက်သည်။ တဖြည်းဖြည်းနှင့် သူ၏မျက်လုံးများ၌ အတွေးစများဖြတ်ပြေးသွားပြီး သူက ပြောသည်။
" အစ်ကို၊ အစ်ကိုက ကျုပ်မသေခင်တုန်းက ဟိုသစ်ပင်အောက်ကလူလား "
သူစကားပြောနေသည်ကို ကြည့်ရသည်မှာ ထိုစကားများ ထွက်သွားသည့်တိုင် အကြောင်းအရာများကို ဆက်စပ်ကာ အဖြေရှာနေဟန်တူသည်။
စကားလုံးတစ်လုံးစီတိုင်းက မိုးကြိုးများ ပစ်ခတ်လိုက်သည့်အလား ပိုင်ရှောင်ချန်း ခံစားလိုက်ရပြီး ပိုင်ဟောက်က အံ့မခန်းထူးချွန်ထက်မြက်နေခြင်းကြောင့်သူ၏ မျက်လုံးများတောက်ပလင်းလက်သွားတော့သည်။ သူနိုးလာကတည်းက စကားလုံးအနည်းငယ်သာ ပြောရသေးသော်လည်း သူက ပိုင်ရှောင်ချန်း၏ သရုပ်မှန်ကို အဖြေထုတ်လိုက်နိုင်လေပြီ။
“ ကျုပ်နဲ့ တူနေရတဲ့အချက်က ကျုပ်သေသွားပြီးနောက် ကျုပ်ရဲ့သရုပ်ကို ခင်ဗျား ယူလိုက်လို့ဖြစ်မယ်။ အခု ကျုပ်တို့ ဘာလို့ ပြန်တွေ့နေရတာလဲဆိုတာကိုတော့ ကျုပ် တကယ် မတွေးတတ်တော့ဘူး "
သူ့မျက်လုံးများထဲတွင် ဖြစ်ပျက်နေသည်များနှင့်ပတ်သက်၍ မယုံကြည်နိုင်အောင် ဖြစ်နေသည့်အလား ပိုမိုစိတ်ရှုပ်ထွေးလာဟန်များ ပေါ်ထွက်လာသည်။
ပိုင်ရှောင်ချန်းက သူ့ကို လေးနက်စွာ ကြည့်လိုက်သည်။ ပိုင်ဟောက်က ဉာဏ်ကောင်းကြောင်း သူသိထားသည့်တိုင် ဤမျှဉာဏ်ကောင်းလိမ့်မည်ဟု သူတစ်ခါမှ မတွေးခဲ့ဖူးပေ။
" ဟုတ်တယ် ။ မင်းသေပြီးတော့ ငါမင်းရဲ့ အိတ်ကို ကြည့်ပြီးတော့ ပိုင်မျိုးနွယ်စုက မင်းနေရာကို ယူလိုက်တာ "
ထို့နောက် သူက ပိုင်ဟောက်ကို သူ၏တပည့်အဖြစ် မည်သို့ သတ်မှတ်ခဲ့ကြောင်း ဆက်လက်ရှင်းပြသည်။ထို့နောက် ပိုင်မျိုးနွယ်စုတွင် ရှိစဉ်အတောအတွင်း ရှင်းပြရန် မလိုအပ်သည့် အချက်များမှလွဲ၍ ဖြစ်ပွားခဲ့သည့်အရာမှန်သမျှကို ပြန်ပြောပြသည်။
ပိုင်ဟောက်က နားထောင်နေရင်း သူ့မျက်နှာထက်တွင် စိတ်ရှုပ်ထွေးသော အရိပ်အယောင်များ အထင်းသား ထွက်ပေါ်နေသည်။ ပိုင်ရှောင်ချန်းရှင်းပြနေသည့် အဖြစ်အပျက်အားလုံးကို သူက ကွက်ကွက်ကွင်းကွင်းမြင်တွေ့နေရသည့်အလား ခံစားနေရသည်။အထူးသဖြင့် သူ၏အဖေက သူ့ကို သူ့အမေသေသွားသည့်နေရာတွင် နှစ်သိမ့်ဖြောင်းဖြသည့်ဖြစ်ရပ်ဖြစ်သည်။ ထိုစဉ်က သူ့အဖေသည် ပိုင်ဟောက်မည်မျှပါရမီရှိသည်ကို သတိထားမိကြောင်း ဖွင့်ပြောသည့်တိုင် သတ်ဖြတ်လိုစိတ်များပင် ထုတ်ပြ၍ သူ့ကို အရှုံးပေးရန် ဆက်ပြောခ်ျိန်ဖြစ်သည်။ ဤနေရာအရောက်တွင် ပိုင်ဟောက်၏ မျက်လုံးများထဲ၌ မုန်းတီးခြင်းများ ၊ အမျက်ဒေါသများ တောက်လောင်လာတော့သည်။
ပိုင်ဟောက်သည် သူ၏မျိုးနွယ်စုကို ကောင်းကောင်းသိသည်။ အထူးသဖြင့် သခင်မချိုင်နှင့် မျိုးနွယ်စုခေါင်းဆောင်ဖြစ်သည်။ သို့ဖြစ်ရာ သူက.....ပိုင်ရှောင်ချန်း အမှန်ပြောနေသည်ဖြစ်ကြောင်း ချက်ချင်း သဘောပေါက်လိုက်၏။
နောက်ဆုံးတွင် ပိုင်ရှောင်ချန်းက ဝိညာဉ်ရေနွေးအိုးထဲတွင် ပိုင်ဟောက်၏ဝိညာဉ်နှင့် မမျှော်လင့်ဘဲ မည်သို့တွေ့ဆုံခဲ့ကြောင်း ရှင်းပြသည်။ သူက ရင်ဆိုင်ခဲ့ရသည့် အခက်အခဲများအကြောင်းကိုလည်း ချဲ့ကားကြွားဝါခြင်း တစ်စုံတရာမပါဝင်ဘဲ ဆက်လက်ရှင်းပြလိုက်သည်။ အမှန်တကယ်တော့ သူသည် အန္တရာယ်များကို ခပ်ဖော့ဖော့ပြောပြီး အများစုမှာအပေါ်ယံ ရှင်းပြလိုက်ခြင်းဖြစ်သည်။
သို့သော် ပိုင်ဟောက်သည် သာမန်လူထက်ပို၍ ဥာဏ်ထက်မြက်သူဖြစ်ရာ ပိုင်ရှောင်ချန်းက အပေါ်ယံပြောနေသည့်တိုင် အလွန်ပြင်းထန်သောအန္တရာယ်များ၊ သေရေးရှင်ရေးအခြေအနေများ ကြုံတွေ့ခဲ့ရလိမ့်မည်ဖြစ်ကြောင်း သဘောပေါက်လိုက်သည်။ သူက တဆတ်ဆတ်တုန်ရီလျက် ပိုင်ရှောင်ချန်းကို ကျေးဇူးတင်ခြင်းများ ရောပြွမ်းလျက် ကြည့်လိုက်သည်။
ဤလူသားက သူ့ကိုယ်ကျိုးအတွက် ကိစ္စအများစုကို ပြုလုပ်ခဲ့သည့်တိုင် သူ့အတွက် ထိုက်တန်သော လက်စားချေခြင်းမျိုးကို ဆောင်ရွက်ပေးခဲ့ပြီး သူ့ကိုယ်သူ ရှာတွေ့ရန် ကူညီပေးခဲ့သူဖြစ်ကြောင်း သူသဘောပေါက်လိုက်သည်။
" အစ်ကို၊ ကျုပ် "
သူစကားပင် ဆုံးအောင် မပြောနိုင်လိုက်မီ ပိုင်ရှောင်ချန်းက ကြားဖြတ်ပြောလိုက်သည်။
" ဒါက ဖြစ်ကြောင်းကုန်စင်ပဲကွာ။ သိပ်လဲ တွေးမနေနဲ့။ မင်းက ငါ့တပည့် ငါက မင်းဆရာ။ ငါနဲ့သာဆိုရင် လူတွေ မင်းကို အနိုင်ကျင့်ဖို့ဆိုတာ စိတ်ကူးယဉ်လို့ပဲရမယ် "
သူက ဂုဏ်ယူဝင့်ကြွားစွာ ရင်ဘတ်ကို ပုတ်ကာ အသံကိုမြှင့်၍ ပြောလိုက်သည်။
" မင်းဆရာ ဘယ်သူလဲ သိချင်လား။ ဆရာက သရဲကြီးမြို့တော်က အမှုဆောင်ချုပ်။ စစ်ဆေးရေးအရာရှိလို့ပြောရင်လည်း ဟုတ်တယ်။ ဆရာ့ထက် ရာထူးမြင့်တာဆိုလို့ တစ်ယောက်ပဲရှိတယ်။ အဟမ်း၊ သရဲကြီးဘုရင်ကိုတောင် တစ်ခါပြန်ပေးဆွဲခဲ့သေးတယ်။ ပြီးတော့ ဝိညာဉ်ရေနွေးအိုးထဲမှာ မြေရိုင်းဒေသတစ်ခွင် အရေးပါတဲ့ မျိုးနွယ်စုတွေနဲ့ အဖွဲ့အစည်းတွေရဲ့ ဆက်ခံသူတွေ၊ လက်ရွေးစင်တွေ အားလုံးနီးပါးကို ပြန်ပေးဆွဲခဲ့တယ်။ အိမ်ရှေ့မင်းသားတွေ၊ ဆက်ခံသူတွေ ၊ မင်းသမီးတွေဆိုရင်ကွာ၊ တစ်ယောက်ချင်းစီကို ငါ အနိုင်ယူခဲ့တာ။ သြော်၊ အဲဒီထဲမှာ ဒုတိယမင်းသားလေးလို့ ငချွတ်ကလေးတစ်ယောက်တောင် ပါသေးတယ် "
ထိုနည်းအားဖြင့် သူက ဝိညာဉ်ရေနွေးအိုးထဲ ဖြစ်ပျက်နေသည်တို့ကို ကြွားလုံးထုတ်နေပြီး ယခုအခါတွင်တော့ တစ်ခုမှကျော်မပြောပေ။ အမှန်တကယ်ဆိုရလျှင် သူလုပ်နေကျအတိုင်း အကုန်လုံးကို အသေးစိတ်ရှင်းပြနေခြင်းဖြစ်သည်။
ပိုင်ဟောက်က သူ့ကို ပါးစပ်ပိတ်လျက် တအံ့တသြသာ ကြည့်နေသည်။
" အခုကစပြီး ဆရာ့နားမှာသာနေ။ ဆရာ့စီမှာ တစ်ရောင်ခြယ်ကနေ ဆယ့်ခုနစ်ရောင်ခြယ် မီးတောက်အထိ ဖန်တီးနည်းတွေရှိနေပြီ။ မင်းက မီးတောက်ဖန်တီးတဲ့နေရာမှာ ပါရမီပါတော့ ဆယ့်ရှစ်ရောင်ခြယ်မီးတောက်အတွက် ဖန်တီးနည်းကို စူးစမ်းရှာဖွေစေချင်တယ်။ နောင်တစ်ချိန် ဆရာသာ အစွမ်းထက်လာခဲ့ရင် မင်းအတွက် ခန္ဓာကိုယ်အသစ် ဖန်တီးပေးမယ်။ လာလာ၊ မြန်မြန်လာပြီး ဆရာ့ကို ဦးခိုက်ပါဦး။ ဒါဆို ငါ့တပည့်ဖြစ်လာတဲ့အတွက် မင်းကို လက်ဆောင်တွေ ငါပေးလို့ရပြီကွ "
ထို့နောက် သူက လက်နှစ်ဖက်ကိုနောက်ပစ်ပြီး မေးကိုမော့ကာ စည်းကမ်းတင်းကြပ်သည့်အသွင်ပေါ်အောင် တတ်နိုင်သမျှကြိုးစားဖမ်းလိုက်သည်။ တချိန်တည်းမှာပင် သူက ပိုင်ဟောက်ကို မျက်လုံးထောင့်စွန်းမှကြည့်ကာ သူ၏တပည့်ဖြစ်လာရန်အတွက် အရိုအသေပေးလာမည်ကို စောင့်ဆိုင်းနေလိုက်သည်။
ပိုင်ဟောက်၏ မျက်နှာပေါ်တွင် စိတ်ရှုပ်ထွေးသော အမူအရာတစ်ခုကို မြင်နိုင်လေသည်။ ဝိညာဉ်တစ်ကောင်ဖြစ်သည့်အတွက်ကြောင့် မကြာသေးမီက ပတ်ပတ်လည်တောင်များထဲတွင် ဝိညာဉ်ဆေးများစွာ အသုံးပြုခဲ့သည်ကို ပတ်ဝန်းကျင်ရှိ ဝိညာဉ်စွမ်းအားအငွေ့အသက်များမှနေ၍ အာရုံရလိုက်သည်။
အောက်လမ်းဆရာတစ်ယောက်အနေနှင့် ဝိညာဉ်တစ်ကောင်၏အသိဥာဏ်ကို ပြန်လည်ထည့်သွင်းပေးခြင်းသည် အခက်အခဲများစွာ ကြုံရပြီး ကောင်းကင်ဘုံကိုဆန့်ကျင်သော လုပ်ရပ်တစ်ခု ဖြစ်ကြောင်း သူ သိသည်။ သူ့ကိုယ်သူ သူ့ဆရာဟု ဆိုနေသော အနှီလူသား၏မျက်လုံးများက နီမြန်းနေပြီး လွယ်ကူရိုးရှင်းသောအလုပ်တစ်ခုအလား ကြိုးစားပြုမူနေသည်ကို သူအကဲခတ်မိသည်။ သို့သော် သူ မည်မျှစုတ်ပြတ်သတ်နေသည်ကိုတော့ မဖုံးကွယ်နိုင်ပေ။ သူ၏အသိဥာဏ်များ ပြန်လည်ရရှိစေရန် သူမည်မျှညှိုးငယ်နေသည်ကိုတော့ မဖုံးကွယ်နိုင်ပေ။ သူသည် ပိုင်ဟောက်၏ မှတ်ဉာဏ်များ ပြန်ရအောင် အလွန်ပြင်းထန်စွာ ကြိုးစားခဲ့ပြီး တန်ဖိုးကြီးကြီးမားမား ပေးဆပ်ခဲ့ရကြောင်း သိသာလေသည်။
" သူ ငါ့ကို တကယ် ဂရုစိုက်တာပါလား "
သူတွေးမိလိုက်သည်နှင့် နွေးထွေးသောခံစားချက်ကလေးတစ်ခု သူ၏ရင်ထဲတွင် ဖြစ်တည်လာတော့သည်။ ဤအချိန်တွင် သူပထမဆုံးမှတ်ဉာဏ်များ ပြန်လည်ရရှိလာစဉ်က သူ့ကိုယ်သူ သူ၏ဆရာဆိုသည့် အနှီပုဂ္ဂိုလ်က သူ့ကိုစိုးရိမ်ပူပန်စွာကြည့်နေခဲ့ကြောင်း ပြန်တွေးမိလိုက်သည်။
ထိုစိုးရိမ်ပူပန်နေသည့်အကြည့်များက ပိုင်ဟောက်၏ရင်ထဲတွင် အချိန်အတော်ကြာ မခံစားခဲ့ရသည့် ခံစားချက်များ ပေါက်ဖွားလာစေတော့သည်။ သူ၏ ဘဝတွင် သူ့မိခင်ကလွဲ၍ မည်သူကမှ သူ့ကို ဂရုမစိုက်ခဲ့ဖူးပေ။ ပိုင်မျိုးနွယ်စုက လူငယ်လေးတစ်ယောက်အဖြစ် ရှိနေစဉ် သူသည် မကြာခဏ အရှက်ခွဲခံခဲ့ရသည်။ သူ အသက်ကြီးလာခဲ့လျှင် ဖခင် သို့မဟုတ် မျိုးနွယ်စုတစ်လုံး၏ အသိအမှတ်ပြုခြင်းကိုရရှိလာလိမ့်မည်ဟု သူ မျှော်လင့်ထားခဲ့သည်။ သို့သော် အဆုံးသတ်တွင် သူ ရက်ရက်စက်စက် အသတ်ခံလိုက်ရလေသည်။ ဤအချိန်တွင် ထိုအရာအားလုံးသည် အတိတ်တွင်သာ ကျန်ခဲ့လေပြီ။
အချိန်အတော်ကြာပြီးနောက်တွင် သူက ထရပ်လိုက်ပြီး ပိုင်ရှောင်ချန်းထံ လျှောက်သွားကာ ဒူးထောက်လိုက်သည်။ သူ၏အမူအရာသည် လေးနက်ပြီး ရိုးသားဖြူစင်နေသည်။ အတိတ်အကြောင်းကိုပဲ သူ ထိုင်၍ စဉ်းစားမနေချင်ပေ။ သူ့ဆရာဆိုသည့် အနှီလူသားက သူ့အတွက် လက်စားချေခဲ့ပြီးဖြစ်ကြောင်း သူ သိလိုက်ရာ သူ့ရင်ထဲတွင် ကြင်နာမှုများနှင့်အတူ ကျေးဇူးတင်ခြင်းများ ဖြစ်တည်လာတော့သည်။
" အတိတ်ကအရာအားလုံးက ငါသေသွားတာနဲ့အတူ ပြီးဆုံးသွားပြီ " သူက တွေးလိုက်၏။
" အခု ငါ နောက်တစ်ခေါက်နိုးထလာပြီ။ ငါ့ဆရာက...... ငါရဲ့တစ်ခုတည်းသော မိသားစုပဲ "
သူ့နှလုံးသားထဲတွင် သစ္စာဆိုလိုက်စဉ် သူ့အပေါ်ထားသည့် ပိုင်ရှောင်ချန်း၏ရိုးသားဖြူစင်သော စိုးရိမ်ပူပန်မှုများကို ပြန်လည်တွေးတောမိလိုက်သည်။ နောက်ဆုံး၌ သူ့ဘဝတွင် သူ့ကို ဂရုစိုက်သည့် ဒုတိယမြောက်လူအား ရှာတွေ့ခဲ့ပြီဟု သူ လက်ခံယုံကြည်သွားတော့သည်။
သူက အသက်တစ်ချက်ရှိုက်လိုက်ရင်း ပြောလိုက်သည်။
“ ပိုင်ဟောက်၊ ဆရာ့ကို ဂါဝရပြုပါတယ် "
ထို့နောက် သူက သုံးကြိမ်တိုင်တိုင် ဦးခိုက်အရိုအသေပေး၏။ ထို့နောက် သူက ထရပ်လိုက်ပြီး ဒူးထောက်ကာ နောက်တစ်ဖန် ဦးခိုက်ပြန်သည်။
ကြည်ညိုလေးစားခြင်း၏ အပြုအမူသုံးရပ်၊ ကိုးကြိမ် ဦးခိုက်ခြင်း။
ပိုင်ရှောင်ချန်းသည် မြင်နေရသည့်အရာကြောင့် စိတ်ထဲလှိုက်လှိုက်လှဲလှဲ ခံစားလိုက်ရပြီး သူ့နှလုံးသားတစ်ခုလုံး ခံစားချက်ပေါင်းစုံ ပြည့်နှက်လျက် တဆတ်ဆတ် တုန်ယင်လာတော့သည်။ ဦးခိုက်အရိုအသေပေးခြင်းကို တိတ်ဆိတ်စွာ လက်ခံပြီးနောက် သူ၏အကြည့်သည် နူးညံ့သွားပြီး သူ့ရင်ထဲတွင် ဝမ်းမြောက်ကြည်နူခြင်း၊ သနားကရုဏာသက်ခြင်းတို့ ရောယှက်နေသည့် အလွန်လေးနက်သော ခံစားချက်တစ်ခု ပေါက်ဖွားလာတော့သည်။
သူက သူ၏ ခံစားချက်များကို ထိန်းချုပ်လိုက်ရင်း အားပါးတရရယ်ကာ ပြောသည်။
" င့ါတပည့်၊ ဆရာ့အနားသာနေ။ အကောင်းမွန်ဆုံး သေရည်နဲ့ အစားအသောက်တွေကို မင်း စားသုံးရမယ်။ မင်းနှလုံးသားက တောင့်တတဲ့အရာမှန်သမျှကို မင်းလုပ်နိုင်တယ် "
ထို့နောက် သူက လက်ကို ဝှေ့ယမ်းလိုက်ကာ ပိုင်ဟောက်ကို ဝိညာဉ်သိုလှောင်စေတီထဲ ထည့်လိုက်သည်။
ထိုဝိညာဉ်သိုလှောင်စေတီထဲတွင် ပိုင်ဟောက်များစွာလွပ်လပ်မည်ဖြစ်သည်။ သူလိုချင်သည့်အချိန်တိုင်း အပြင်ထွက်နိုင်ပြီး သူ့ဝိညာဉ်၏ထူးခြားသော သဘာဝကြောင့် သူလိုချင်သည့် မည်သည့်ပုံကိုမဆို ပြောင်းနိုင်လေသည်။
တဒင်္ဂကြာသော် ပိုင်ဟောက်က တွေဝေတွန့်ဆုတ်နေမိ၏။ အနှီလူသားက သူ့ဆရာဖြစ်သော်လည်း တစ်ခုခု စိတ်ထင့်နေသကဲ့သို့ ခံစားနေရပြီး
" ဆရာ၊ ဆရာရဲ့ မြင့်မြတ်တဲ့ နာမည်ကိုများ ကျွန်တော် သိခွင့်ရှိမလား " ဟု မေးလိုက်ရာ
ပိုင်ရှောင်ချန်းက အလွန်မြင့်မြတ်ကာ အားအင်အပြည့်ပါဝင်နေသောလေသံဖြင့် ပြန်လည်ဖြေကြားလိုက်တော့သည်။
" အဟမ်း ။ မှတ်ထား ငါ့တပည့်၊ မင်းဆရာရဲ့နာမည်အစစ်အမှန်က မြေရိုင်းဒေသတစ်ခွင် ဘယ်သူမှ ထုတ်ဖော်မပြောဝံ့တဲ့ နာမည်ပဲ။ အဲဒီနာမည်သာ လူသိရှင်ကြား ထွက်ပေါ်လာရင် သက်ရှိသက်မဲ့အရာအားလုံးအပေါ် ဘေးဒုက္ခဆိုးတွေ ကျရောက်လာနိုင်တယ်။ မြေရိုင်းဒေသအတွက် ကပ်ဘေးတစ်ခုဖြစ်လိမ့်မယ်။ မင်းဆရာရဲ့ နာမည်ကတော့… ပိုင်ရှောင်ချန်း "