← Chapters

မသိနားမလည်သည့်အလား ဟန်ဆောင်ခြင်း

Vol. 8 Ch. 710

မသိနားမလည်သည့်အလား ဟန်ဆောင်ခြင်း

Vol. 8 Ch. 710

ပိုင်ရှောင်ချန်းသည် ပိုင်ဟောက်ကို သူနှင့်အတူ သရဲကြီးမြို့တော်သို့ခေါ်လာပြီးနောက် ခုနစ်ရက်တာ ပင်ပန်းနွမ်းနယ်ခဲ့ရခြင်းကြောင့် ပြန်လည်အားဖြည့်ရန် သူ တံခါးပိတ်ကျင့်လိုက်ရသည်။

တံခါးပိတ်မကျင့်ကြံမီ ပိုင်ဟောက်က အပြင်ထွက်ပြီး အတန်ငယ်လျှောက်ပတ်ခွင့်ပြုရန် တောင်းဆိုလိုက်သည်။ သူ သေသည်ခဲ့သည်မှာ ကြာပြီဖြစ်သည့်အတွက် သရဲကြီးမြို့တော်နှင့် အပြင်လောကကို မြင်တွေ့ခံစားချင်သည်မဟုတ်ပါလော။ ၄င်းမှာ ပုံမှန်သာဖြစ်သည်။

အတန်ငယ်တွေးပြီးနောက် ပိုင်ရှောင်ချန်းက သူ၏တောင်းဆိုချက်ကို ကန့်ကွက်စရာအကြောင်းမရှိဟု ဆုံးဖြတ်လိုက်သော်လည်း သူ့ကို ထွက်ခွင့်မပြုမီ သတိပေးချက်အမြောက်အမြား ပြောဆိုလိုက်သည်။ မည်သို့ပင်ဆိုစေ ပိုင်ဟောက်၏ ဝိညာဉ်ခန္ဓာကိုယ်က ပြိုင်ဘက်ကင်းနေပြီ မဟုတ်ပါလော။ ယခုအခါ သူ၏ မှတ်ဉာဏ်များ ပြန်ရလာပြီဖြစ်သည့်အပြင် သူဖြစ်ချင်သော မည်သည့်ပုံစံကိုမဆို ပြောင်းနိုင်သည်။ ထိုမျှသာမက သူမည်မျှ ဉာဏ်ကောင်းကြောင်း စဉ်းစားကြည့်လျှင် သူဂရုတစိုက်ရှိနေသရွေ့ ပြဿနာနှင့် ပက်ပင်းတိုးလောက်မည်မဟုတ်ပေ။

သို့သော် အန္တရာယ်ကင်းစေရန်အတွက် သူ့ခန္ဓာကိုယ်ပေါ်တွင် တံဆိပ်အမှတ်အသား ခတ်လိုက်သည်။ ဤနည်းအားဖြင့် ပိုင်ဟောက် အန္တရာယ်တစ်ခုခု ဖြစ်ပါက ပိုင်ရှောင်ချန်းမှချက်ချင်း ခြေရာခံနိုင်မည်ဖြစ်သည်။

ထိုအရာများအားလုံး လုပ်ပြီးသွားသည့်အခါတွင်မှ သူက တံခါးပိတ်ကျင့်နိုင်သည်အထိ သက်တောင့်သက်သာဖြစ်သွားသည်။ ပိုင်ဟောက်မှာမူ ပုံပန်းသွင်ပြင်ပြောင်းလိုက်ပြီးနောက် ထွက်ခွာသွား၏။

ပိုင်ဟောက်သည် အချိန်အတော်ကြာကတည်းက ပိုင်ရှောင်ချန်းနာမည်ကို သူ့မှတ်ဉာဏ်ထဲတွင် အသေမှတ်ထားပြီးဖြစ်သည်။ သူဘဝတစ်လျှောက်လုံး ထိုနာမည်အား ဘယ်တော့မှ မေ့နိုင်မည်မဟုတ်တော့ပေ။ သို့သော် ပို၍ မမေ့နိူင်သည်မှာ ပိုင်ရှောင်ချန်းထံမှ ထွက်လာပြီးနောက် လူအများပြောဆိုနေသောအကြောင်းများကို ကြားလိုက်သည်တွင် ဖြစ်သည်။ သူကြားလိုက်ရသည့်အရာအားလုံးကြောင့် သူ့ရင်ထဲတွင် စိုးရိမ်ကြောင့်မှုများ ဖြစ်တည်လာတော့သည်။

" ဟေး တိုးတိုးပြောကွ။ ပိုင်ဟောက် မကြားစေနဲ့။ ပိုင်ဟောက်က လုံးဝအရှက်မရှိဘူး။ သူက သူ့အဖေသူသတ်ပြီး သူ့မျိုးနွယ်စုကို သစ္စာဖောက်တဲ့အထိ ရက်စက်ကြမ်းကြုတ်လွန်းတယ် "

" ဒါက ဘာမှမဟုတ်သေးဘူး။ မိစ္ဆာအကျဉ်းထောင်မှာ အစောင့်လုပ်တဲ့ ကျုပ်မိတ်ဆွေတစ်ယောက်ရှိတယ်။ သူပြောတာတော့ အဲဒီမှာ ပိုင်ဟောက် အစောင့်လုပ်တုန်းက မိစ္ဆာအကျဉ်းထောင်ရဲ့ နံပါတ်တစ် အမှောင်စစ်ဆေးရေးမှူးဆိုပဲ။ အမှောင်စစ်ဆေးရေးမှူးဆိုတာဘာလဲ ခင်ဗျားသိလား။ နှလုံးသားမှာ အမှောင်စိတ်တွေ အဆုံးစွန်ထိ ဖြစ်တည်နေတဲ့ သာမန်စစ်ဆေးရေးမှူးတွေပဲ။ မိစ္ဆာအကျဉ်းထောင်မှာ ပိုင်ဟောက် စစ်မေးခဲ့တဲ့ အကျဉ်းသားတွေအားလုံးက မခံမရပ်နိုင်အောင် ခါးခါးသီးသီးအော်ကြရတာပဲတဲ့ "

" ဟား ဟား အမှုဆောင်ချုပ်ပိုင်တဲ့လား။ ဟုတ်တယ် သူက ကောင်းကင်နဲ့ မြေကြီးကို တုန်လှုပ်သွားစေနိုင်တဲ့လျှပ်စီးမိုးကြိုးကြီးတစ်ခုလိုပဲ ။ သူ့လို လူထူးဆန်းမျိုး ကမ္ဘာပေါ်မှာ ပေါ်လာတာ နှစ်တော်တော်ကြာနေပြီ။ အမြုတေအဆင့်မှာ ရှိစဉ်တုံးကတောင် အရှင်မင်းမြတ်ကို ပြန်ပေးဆွဲခဲ့သေးတာ "

" ပိုင်ဟောက်က လုံးဝ အကြင်နာတရားမရှိဘူး။ တခြားယောက်ျားတွေရဲ့ မိန်းမတွေကိုတောင် ကြိုက်လိုက်သေးတယ်။ သခင်မချန်ကို ရဖို့အတွက် ချန်မျိုးနွယ်စုခေါင်းဆောင်ကိုတောင် သူ သတ်ခဲ့တယ်။ အခု သူ့ရဲ့အိမ်မှာ ထားပြီး တစ်ရက်ကို အကြိမ်တစ်ရာလောက် အဓမ္မကျင့်တယ်ကြားတယ်။ လုံးဝရက်စက်လိုက်တာကွာ "

" ဒါတွေအားလုံးက ဘာမှမဟုတ်သေးဘူး။ အရေးအကြီးဆုံးက အဲဒီပိုင်ဟောက်က မိစ္ဆာစိတ်ဝင်နေတဲ့လူတစ်ယောက်ဆိုတာပဲ။ ဟိုတလောလေးက မြေရိုင်းဒေသက အင်ပါယာမျိုးနွယ်စုနဲ့ အထက်တန်းလွှာတွေရဲ့ ဆက်ခံသူတွေ၊ လက်ရွေးစင်တွေအားလုံးနီးပါးကို ပြန်ပေးဆွဲခဲ့တယ်။ အဲဒီလက်ရွေးစင်တွေအားလုံး ကြောက်စရာကောင်းတဲ့ အခြေအနေရောက်နေတာကို ကျုပ် မျက်စိနဲ့တပ်အပ်မြင်ခဲ့ရတယ်။ ယောက်ျား၊ မိန်းမမရွေး အကုန်လုံး အရိုးပေါ် အရေတင်ပဲရှိတော့တာ။ လုံးဝကြောက်စရာကြီးဗျာ"

ထိုကဲ့သို့စကားများအား ပိုင်ဟောက် ကြားသောအခါ အစပိုင်းတွင် တွေဝေသွားသော်လည်း မကြာမီ လုံးဝအံသြတုန်လှုပ်သွားတော့သည်။ သူ၏ ဆရာက လက်ဖျားခါလောက်သော အရာများစွာ လုပ်ခဲ့သည်ကို သဘောပေါက်လိုက်သည်တွင် သူ့ကို စိတ်လှုပ်ရှားသည်ထက် ပိုသွားစေသည်။

သူက ဖြစ်ခဲ့သောအရာများနှင့် ပတ်သက်၍ မသိမသာ စုံစမ်းကြည့်ပြီးနောက် မကြာမီ သူ၏ဆရာက အမြုတေအဆင့်နှင့်ပင် သရဲကြီးဘုရင်ကို ပြန်ပေးဆွဲခဲ့သည်မှာ လုံးဝမှန်ကြောင်း သိလိုက်ရလေသည်။ ထို့အပြင် အခြားကိစ္စများလည်း ဖြစ်ပွားခဲ့သည်။ မြို့တော်တွင် သူ၏ နာမည်ဂုဏ်သတင်းအလျင်အမြန်ကြီးထွားလာပြီးနောက် သူက မဟာမျိုးနွယ်စုသုံးစုလုံးထံမှ ငွေညှစ်ခဲ့သည်။ သူသည် မြို့တော်ထဲတွင် အလွန်နာမည်ကြီးလှသဖြင့် သူ့နာမည်ပြောသည်နှင့် ကလေးတစ်ယောက်ငိုနေသည်ကို တိတ်သွားစေနိုင်သည်။

" ဘယ်လောက် အကြောက်အလန့်မရှိလိုက်လဲ။ ငါဖြင့် စဉ်းတောင် မစဉ်းစားနိုင်ဘူး "

ပိုင်ဟောက်မှာ နောက်ဆုံးတွင် စကားပင် မပြောနိုင်တော့ပေ။ သို့သော် သူစုံစမ်းနေသည့်အတောအတွင်း ငရဲဧကရာဇ်ကျောက်တိုင်ပေါ်တွင် နာမည်ဖော်ပြခံထားရသည့် ပိုင်ရှောင်ချန်းအကြောင်း ပြောနေသည်ကိုလည်း ကြားလိုက်ရပြီး သူ့ခေါင်းတစ်ခုလုံး ခဲဆွဲထားသည့်အလား လေးလံလာတော့သည်။ ထိုအခိုက်အတန့်တွင် ထိုအခိုက်တွင် သူ၏ ဆရာက သူ့ကို နာမည်အစစ်ပြောခဲ့သည်မှာ နက်ရှိုင်းစွာ ယုံကြည်၍ဖြစ်ကြောင်း နားလည်လိုက်သည်။

ပိုင်ဟောက်သည် မြေရိုင်းသားတစ်ယောက်ဖြစ်သော်လည်း တစ်ကြိမ်သေခဲ့ပြီးဖြစ်ရာ ယခင်ဘဝအကြောင်း များစွာဂရုမစိုက်ချေ။ ပိုင်ရှောင်ချန်းက မည်သူမည်ဝါဖြစ်ကြောင်း သူ့အတွက် အရေးမကြီးပေ။ ပိုင်ရှောင်ချန်းက သူ ကိုးကြိမ်ကိုးခါတိတိ ဦးခိုက်အရိုအသေပေးခဲ့သော သူ၏ဆရာဖြစ်သည်။

နောက်ဆုံး၌ ပိုင်ဟောက်သည် ပိုင်ရှောင်ချန်း၏ တံခါးပိတ်ကျင့်ရာအခန်းသို့ ပြန်လာလိုက်သည်။ ဤအချိန်တွင် သူ့ဆရာမည်မျှမယုံကြည်နိုင်ဖွယ်ကောင်းကြောင်း သူလုံးဝယုံကြည်သွားပြီဖြစ်သည်။ ခပ်ယဲ့ယဲ့ပြုံးရင်း သူက ပိုင်ရှောင်ချန်း၏အိတ်ထဲရှိ ဝိညာဉ်သိုလှောင်စေတီထဲ ပြန်ဝင်လိုက်သည်။ ထိုအချိန်တွင် ပိုင်ရှောင်ချန်းက မျက်လုံးများဖွင့်လိုက်ကာ သူ့အိတ်ကို ငုံ့ကြည့်လိုက်ပြီး ခပ်ရေးရေးပြုံးလိုက်သည်။ ပိုင်ဟောက်ကို နာမည်အမှန်ပြောခဲ့သည်မှာ သူ ယုံကြည်၍ဖြစ်သည်။ ထိုယုံကြည်မှုသည် ရုတ်တရက်ဖြစ်ပေါ်လာသော်လည်း သူ့နှလုံးသားထဲမှ လာခြင်းဖြစ်သည်။ ပိုင်ဟောက် ပြောခဲ့၊ လုပ်ခဲ့သည်များအပေါ် အခြေခံကာ ပိုင်ဟောက်ကို သူ အသိအမှတ်ပြုမိသည်။

ပိုင်ဟောက်ကမြို့ပတ်ပြီး ပြန်လာသည့် ညနေခင်းတွင် ပိုင်ရှောင်ချန်းက အားအင်ပြန်လည်ပြည့်ဝလာစေရန် အားထုတ်နေစဉ် သရဲကြီးဘုရင်သည် တော်ဝင်နန်းတော်ရှိ ရာဇာပလ္လင်ပေါ်တွင် စာပို့ကျောက်စိမ်းပေလွှာကို ကြည့်ကာ မျက်မှောင်ကြုတ်ရင်း ထိုင်နေသည်။

စောစောက ဗဟိုဧကရာဇ်မြို့တော်ရှိ အင်ပါယာနန်းတော်ထံမှ သူ စာတစ်စောင်ရလိုက်သည်။ ပြင်းပြင်းထန်ထန်ရေးထားသော စာတစ်စောင် မဟုတ်ဘဲ အမှန်ဆိုရလျှင် ရိုးရှင်းသော မေးခွန်းတစ်ကြောင်းသာဖြစ်သည်။

ချင်းမေ့ယွမ် ဘာလို့ ပြန်မရောက်သေးတာလဲ။

၄င်းသည် ရိုးရှင်းပြီး တည်ငြိမ်စွာရေးထားသော စာဖြစ်သည့်တိုင် သရဲကြီးဘုရင်မှာ ခေါင်းတစ်ခုလုံး ထူပူသွားတော့သည်။ ထိုစာပို့သည့်လူကား ကောင်းကင်ဘုံ၏ သားတော်ကို ထိန်းချုပ်သည့် ပုဂ္ဂိုလ်၊ သက်ရှိသက်မဲ့အရာအားလုံးကို အမိန့်ပေးနိုင်သည့် လူ...... မဟာကောင်းကင်သခင်ပင် ဖြစ်သည် မဟုတ်ပါလော။

သရဲကြီးဘုရင်သည် မဟာကောင်းကင်သခင်ကို ရန်စရန်ထက် အခြားသော ဘုရင်သုံးပါးကိုသာ တွန်းလှန်လိမ့်မည်။ အဘယ့်ကြောင့်ဆိုသော် မဟာကောင်းကင်သခင်သည် နတ်ဘုရားတစ်ပိုင်းအဆင့်ရှိ ကောင်းကင်ဘုရင်လေးပါးထက် ပို၍မြင့်သောနေရာတွင် ရှိသောကြောင့်လည်း ပါ၏။ သို့သော် ပို၍ကြီးကျယ်သော အကြောင်းပြချက်မှာ မဟာကောင်းကင်သခင်သည် သူရင်ဆိုင်ရသည့် လူတိုင်း၏ရင်ထဲသို့အကြောက်တရားများ ရိုက်ထည့်ပေးနိုင်သည့် နက်နဲသိမ်မွေ့သော အကြံသမားတစ်ယောက် ဖြစ်သောကြောင့်ပင်။

" ချင်းမေ့ယွမ် "

သရဲကြီးဘုရင်က ရေရွတ်လိုက်သည်။ ထိုနာမည်ကို ယခင်က သူ ကြားဖူးသည်။ မဟာကောင်းကင်သခင်၏ တပည့်တစ်ယောက်ဖြစ်ပြီး နတ်မိမယ်တစ်ယောက်ဖြစ်ကြောင်း သူသိသည်။

သို့သော် ပိုင်ရှောင်ချန်းက သူ့လက်ထဲ ထည့်ပေးခဲ့သည့် လက်ရွေးစင်များတွင် ချင်းမေ့ယွမ်မပါပေ။ သရဲကြီးဘုရင်အနေဖြင့် ဖြစ်ကြောင်းကုန်စင်ကို စဉ်းစားသုံးသပ်ရန် တခဏသာကြာလိုက်သည်။ ရယ်ရမည်လော၊ ငိုရမည်လော မသိတော့ဘဲ သူက ချက်ချင်းပင် ကျိန်ဆဲလိုက်တော့သည်။

" ခွေးကောင်လေး။ ဒီကောင်၊ အဲဒီကောင်မလေးကို သဘောကျသွားတယ်ဆိုတာ လောင်းရဲတယ်။ သူ့အသက်အရွယ်အရ တာအိုလက်တွဲဖော်ရှာဖို့ အချိန်တန်နေပြီ။ ဒါပေမဲ့ ချင်းမေ့ယွမ်ဆိုရင်တော့ လုံးဝ မဖြစ်နိုင်ဘူး "

မဟာကောင်းကင်သခင်ကြောင့် သရဲကြီးဘုရင်မှာ ခေါင်းတစ်ခုလုံး ထူပူနေမိသော်လည်းပိုင်ရှောင်ချန်းက ချင်းမေ့ယွမ်အား ချုပ်ထားသည်ကို သူ စိတ်ဆိုးနေခြင်းမရှိပေ။ ဆန့်ကျင်ဘက်အနေဖြင့် သူက အတန်ငယ်ပင်လေးစားနေတော့သည်။ သူတို့နှစ်ယောက်ကြား ဖြစ်ပျက်လာခဲ့သည်များကြောင့် တချိန်က ရှိထားခဲ့သော ဟိန်ဟန်များ မရှိတော့ပေ။ ပိုင်ရှောင်ချန်းသာ သရဲဘုရင်အသီးကို ယူပေးနိုင်ခဲ့လျှင် သားတစ်ယောက်အဖြစ် ဆက်ဆံမည်ဟူ၍ပင် ယခင်က သူ ပြောခဲ့ဖူးသည် မဟုတ်ပါလော။

သရဲကြီးဘုရင်ဘက်မှကြည့်လျှင် ပိုင်ရှောင်ချန်းက မြေရိုင်းဒေသတစ်ခွင်လုံးရှိ မျိုးဆက်များထဲတွင် ထူးချွန်ကာအပြောင်မြောက်ဆုံး၊ အရဲရင့်ဆုံးလူတစ်ယောက်ဖြစ်သည်။ ထိုမျှသာမက ပိုင်ရှောင်ချန်း၏အတွေးအခေါ်များကို ခြုံငုံသုံးသပ်ကြည့်ရလျှင် ကောက်ကျစ်စဉ်းလဲသော မြေခွေးတစ်ကောင်ဖြစ်သည်ဟု ကောက်ချက်ချနိုင်သည်။ ပိုင်ရှောင်ချန်းသည် ရဲရင့်သည်။ ဉာဏ်များပြီး လိုက်လျောညီထွေနေနိုင်သည်။ သို့သော် မည်သည့်အချိန်နောက်ဆုတ်ရမည်ကိုလည်း သိသည်။ ထိုအရာအားလုံးနှင့်ပြီးပြည့်စုံသော လူတစ်ယောက်ကို အလွန်တွေ့ရခဲသည်။

ထိုသို့သော လေးစားမှုကြောင့်သာမဟုတ်လျှင် ပိုင်ရှောင်ချန်းက သူ့ကိုဒုက္ခပေးရန် လူတိုင်းကို ပြန်ပေးဆွဲလာကတည်းက သူ သေချာပေါက် ဒေါသထွက်မိမည်ဖြစ်သည်။

ယခုအချိန်တွင် သရဲကြီးဘုရင်မှာ ရယ်ရအခက်၊ ငိုရအခက် ဖြစ်နေတော့သည်။ သက်ပြင်းချလိုက်ရင်း သူသာ ပိုင်ရှောင်ချန်းနေရာတွင်ဆိုလျှင် ထိုသို့ပြုလုပ်မိမည်ဖြစ်ကြောင်း တွေးနေမိသည်။ ထိုအတွေးများ သူ့ခေါင်းထဲရောက်သွားသောအခါ သူ့ကိုယ်သူ ဆဲရေးတိုင်းထွာလိုက်ပြီးနောက် ထရပ်ကာ တော်ဝင်နန်းတော်ထဲမှ ပျောက်ကွယ်သွား၏။

သူပြန်ပေါ်လာသောအခါ ပိုင်ရှောင်ချန်း၏ တံခါးပိတ်ကျင့်ကြံရာ အခန်းအပြင်ဘက်တွင်ဖြစ်သည်။ ဘေးဘီဝဲယာ ကြည့်ပြီးနောက် သူက အေးစက်စက်နှာမှုတ်လိုက်သော်လည်း နောက်ဆုံးအခေါက်ကဲ့သို့ မပြောမဆိုမဝင်ပေ။

" ပိုင်ဟောက် "

သူက ကျင့်ကြံခြင်းအခြေဖိအားများစွာ ပြည့်နှက်နေသော လေသံဖြင့် ပြောလိုက်သည်။ အထဲတွင် ပိုင်ရှောင်ချန်းမှာ အသက်ရှူလေ့ကျင့်ခန်းများ ပြုလုပ်နေသည်။ သရဲကြီးဘုရင်၏ အသံကို ကြားလိုက်သည်နှင့် သူ့တစ်ကိုယ်လုံးတုန်တက်သွားပြီး မျက်လုံးများ ဝိုင်းစက်ပြူးကျယ်သွား၏။ မည်သို့မျှ မပြင်ဆင်နိုင်ခင်မှာပင် သရဲကြီးဘုရင်က သူမျက်လုံးဖွင့်လိုက်သည်ကို အာရုံရလိုက်သဖြင့် တရားထိုင်ရာ အခန်းထဲသို့ဝင်လာလေသည်။

ပိုင်ရှောင်ချန်းမှာ ထိတ်လန့်တုန်လှုပ်သွားပြီး ကပျာကယာထရပ်ပြီး လက်ယှက်အရိုအသေပေးလိုက်သည်။

" အရှင်မင်းကြီးကို ဂါရဝပြုပါတယ်"

သူ့စိတ်ထဲတွင်တော့ သရဲကြီးဘုရင်က သူ့ကို အလစ်အငိုက်ဖမ်းရန် သဘောကျနေသည်မှာ မည်မျှစိတ်ပျက်ဖွယ်ကောင်းကြောင်း ကျိန်ဆဲနေတော့သည်။ ဤသည်မှာ ဒုတိယအကြိမ်ဖြစ်သည်။ ရှင်ဘုရင်ကဲ့သို့ အရေးကြီးသောလူတစ်ယောက်က ဝတ္တရားများနှင့် ပတ်သက်၍ မည်သည့်အတွက်ကြောင့် အသိဥာဏ်ခေါင်းပါးနေရသနည်း။ သို့သော်လည်း သရဲကြီးဘုရင် မည်မျှစိတ်တိုနေသည်ကို စဉ်းစားကြည့်လျှင် လာရင်းရည်ရွယ်ချက်က ကောင်းမည်တော့မဟုတ်ပေ။

" အရှင်မင်းကြီး " သူက ကပျာကယာဆိုလိုက်၏။

" ကျွန်တော်မျိုး ကျင့်ကြံနေတုန်း သတိလွတ်သွားလို့ ယင်ယန်ဝိညာဉ်ထိခိုက်သွားတယ်။ ဘယ်လောက်တောင် ဒဏ်ရာရသွားလဲဆိုရင် ကျွန်တော်မျိုး ဘယ်ကိုမှ သွားနိုင်တော့မယ် မထင်ဘူး။ ကောင်းကင်ကြမ္မာဆေးလုံးကလည်း ကိုးလုံးအထိ စားပြီးပြီဆိုတော့ ဘယ်လိုလုပ်ရပါ့မလဲ ဘုရား "

နောက်ဆုံးအကြိမ်ကကဲ့သို့ တူညီသော အမှားမျိုးမလုပ်မိစေရန် မျှော်လင့်ရင်း အမှန်တွင် သူသုံးလုံးသာစားခဲ့သော်လည်း ကိုးလုံးစားခဲ့သည်ဟု လျှောက်တင်လိုက်သည်။ အမှန်တကယ်တော့ ထိုစကားများကို သူက တစ်ချက်ကလေးမှ မျက်တောင်မခတ်ဘဲ ကရားရေလွှတ်ပြောချလိုက်ခြင်းဖြစ်သည်။

သရဲကြီးဘုရင်က စိန်းစိန်းဝါးဝါး ကြည့်ကာ ပိုင်ရှောင်ချန်း၏ သဘောထားကို ဘဝင်မကျသည့်အသွင်ဖြင့် အေးစက်စက်နှာမှုတ်လိုက်ရင်း ပြောသည်။

" မင်းဆီမှာ ချင်းမေ့ယွမ်ရှိလား "

ထိုစကားလုံးများသည် မိုးကြိုးပစ်နေသည့်အလား သူခံစားလိုက်ရပြီး ရင်တဒိန်းဒိန်းခုန်လာတော့သည်။

သူ ချင်းမေ့ယွမ်ကို ချုပ်ထားခဲ့သည်။ ယခုအချိန်အထိ သူမကို မည်သို့ပြုလုပ်ရမည်မှန်း သူ မသိသေးပေ။ သူမက သူ့ကို သိသွားပြီး ပြဿနာတက်မည်ကို စိုးရိမ်သောကြောင့် သူမကို မလွှတ်ပေးရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။

သူက လျင်မြန်စွာ ခေါင်းခါလိုက်ပြီး သူ့မျက်နှာပေါ်တွင် အလွန်ရှုပ်ထွေးသော အရိပ်အယောင်များ ထွက်ပေါ်လာတော့သည်။

" ချင်းမေ့ယွမ်က ဘယ်သူလဲ အရှင်မင်းကြီး။ မိန်းကလေးတစ်ယောက်ရဲ့ နာမည်ထင်တယ်။ အရှင်မင်းကြီး သူ့ကို ကြိုက်နေတယ်လို့တော့ မပြောနဲ့နော်။ စိတ်မပူပါနဲ့ ”

သူက ရင်ဘတ်ကို လက်ဖြင့်ပုတ်လိုက်ရင်း

" အရှင့်ရဲ့လက်ပါးစေလေးက အရှင့်အတွက် သူမကို ဆောင်ကြဉ်းပေးပါ့မယ် ” ဟု ဆိုလိုက်လေသည်။

ပိုင်ရှောင်ချန်းကို ကောင်းကောင်းမသိသည့် မည်သူမဆို အလွယ်တကူ ယုံလိမ့်မည်ဖြစ်သည်။ သူ၏ သရုပ်ဆောင်မှုများသည် ထိပ်တန်းပင် ဖြစ်ပြီး သူ၏ စကားလုံးများဖြစ်စေ၊ မျက်နှာအမူအရာဖြစ်စေ အားလုံးသည် အလွန်ယုံချင်စရာကောင်းနေသည်။ သူ၏ အသွင်က ချင်းမေ့ယွမ်ကဲ့သို့နာမည်ကို တကယ်မသိသည့်ပုံပေါက်နေတော့သည်။

သို့သော် သရဲကြီးဘုရင်က ပိုင်ရှောင်ချန်းအကြောင်း ကောင်းကောင်းသိထားရာ သူ၏အကြည့်သည် စူးရှသွားပြီး ဟိန်းဟောက်လိုက်၏။

" ရူးချင်ယောင်ဆောင်မနေနဲ့။ ငါ ပြောတာနားထောင် ပိုင်ဟောက်။ မင်း ချင်းမေ့ယွမ်ကို ထိလို့မရဘူး။ သူ့မှာ အင်မတန်အင်အားကြီးတဲ့ နောက်ခံပုံရိပ်ရှိတယ်ကွ "

သရဲကြီးဘုရင်၏ မျက်နှာပေါ်တွင် အလွန်တရာ လေးနက်သော အမူအရာတစ်ခုကို မြင်နိုင်ပြီး သူ့ထံမှ တလိပ်လိပ်ထွက်လာနေသော ဖိအားများသည် မိုးကြိုးတိမ်တိုက်များအလား။

ထိုသို့သော နည်းလမ်းက အခြားသူများကို လွှမ်းမိုးချုပ်ကိုင်နိုင်သော်လည်း ပိုင်ရှောင်ချန်းမှာ သရဲကြီးဘုရင်နှင့် ရင်းနှီးလေရာ သူက နာကျင်သွားသော အမူအရာတစ်ခုဖမ်းလိုက်သည်။

" အရှင်မင်းမြတ် ချင်းမေ့ယွမ်နာမည်နဲ့ လူတစ်ယောက်ကို ကျွန်တော်မျိုး တကယ်မသိလို့ပါဗျာ "

" တော်သင့်ပြီ"

သရဲကြီးဘုရင်က စိတ်မရှည်စွာ ပြော၏။

" ဒီမှာ ငါတို့နှစ်ယောက်ပဲရှိတာ။ ဟန်ဆောင်နေတာရပ်လိုက်တော့။ မင်း ချင်းမေ့ယွမ်ရဲ့အလှအပကို သဘောကျနေတယ်ဆိုတာ ငါသိတယ်။ ဒါပေမဲ့ သူက မဟာကောင်းကင်သခင်ရဲ့ အချစ်ဆုံးတပည့်တစ်ယောက်။ သူ့အကြောင်းကို မေးနေပြီ။ ဒီတော့ ငါ့ကို အခုချက်ချင်း ထုတ်ပေးလိုက်။ သူက လှတပတ ကောင်မလေးတစ်ယောက်ပါပဲကွာ၊ ဟုတ်တယ်မလား။ ဘာတွေများဖြစ်နေတာတုန်း။ ငါ မင်းအတွက် တခြားအချောအလှလေးတွေရှာပေးပါ့မယ် "

သူ့အတွက် ထိုကိစ္စသည် အသေးအမွှားသာဖြစ်သည်။ ယခုသူတို့က မိန်းကလေးတစ်ယောက်အကြောင်းကိုသာ ပြောနေရာ မည်သည့်အတွက်ကြောင့် ပိုင်ရှောင်ချန်းက ထိုသို့ပြုမူနေကြောင်း သူ တကယ်နားမလည်နိုင်တော့ပေ။

သရဲကြီးဘုရင် နောက်မဆုတ်သည်ကို မြင်သောအခါ ပိုင်ရှောင်ချန်း၏ စိတ်လှုပ်ရှားမှုများက မြင့်တက်လာသည်။ ချင်းမေ့ယွမ်ကို သူ လုံးဝ လွှတ်မပေးချင်ပေ။ ယင်းက သူ၏ သနားစရာအသက်လေးနှင့် ပတ်သက်နေသည်။ သို့သော် အသည်းအသန်တွေးနေသည့်တိုင် သူ့၌ အရန်အစီအစဉ်မရှိပေ။ သရဲကြီးဘုရင်မှာမူ ပိုင်ရှောင်ချန်းက တွန့်ဆုတ်နေသည်ကို မြင်ရလေရာ ပို၍ ဒေါသထွက်လာတော့သည်။

အမှန်တကယ် သူ အလွန်အမင်း စိတ်တိုလာနေသည်ဖြစ်၍ ပြင်းထန်သောအေးစက်မှုများသည် အရပ်မျက်နှာတစ်ခွင်သို့ ချက်ချင်း ပျံ့ နှံ့သွားတော့သည်။

" အခုချက်ချင်း ချင်းမေ့ယွမ်ကို ထုတ်ပေးစမ်း ပိုင်ဟောက်။ ငါ့ကို အတင်းအကြပ် မလုပ်မိစေနဲ့ "

သူ၏အသံသည် ဆောင်းရာသီနှင်းပွင့်လေးများပမာ အေးစက်နေပြီး သူ၏ မျက်လုံးများတွင် သွေးအေးသော ဒေါသများဖြင့် လောင်မြိုက်နေသည်။ တရားကျင့်ကြံရာအခန်းကား ယခင်ကထက်ပို၍ အေးစက်လာတော့သည်။

All Chapters