ရဲ့လင်းချန်၏ အလုပ်ဟောင်း
Vol. 11 Ch. 156
အစ်ကိုနဂါးသည် သူ၏ ကမ္ဘာ့ရန်က သူ့အရှေ့တည့်တည့်၌ ပေါ်လာလိမ့်မည်ဟု တစ်ခါမှ ထင်မထားမိပါ။ ထို့အပြင် သူသည် သူ့ရန်သူ၏ ဖမ်းခြင်းပင် ခံလိုက်ရသည်။
သူ၏ စိတ်အခြေအနေက တစ်စတစ်စနှင့် ပြိုလဲပျက်စီးနေပြီး မျက်လုံးများ နီရဲကာ ပူနွေးသော မျက်ရည်များက ပါးပေါ် စီးကျလာသည်။
ရဲကားထဲသို့ တွန်းပို့ခံလိုက်ရသောအခါ သူ ထပ်၍ သည်းမခံနိုင်တော့ဘဲ ဖြဲအော်တော့သည်။ သူ့အသံထဲမှ ဝမ်းနည်းစိတ်က ကောင်းကင်ဘုံကပင် ကရုဏာသက်သွားစေလောက်သည်။
“ဒီတစ်ခါတော့ ငါ နင့်ကို တကယ် ကျေးဇူးတင်တယ်၊ နင့်ကြောင့်သာ မဟုတ်ရင် ငါတို့ မလိုက်နိုင်တဲ့ တစ်နေရာရာကို သူ ထွက်ပြေးသွားလောက်ပြီ၊ အဲ့လိုဆိုရင် ငါတို့ သူတို့ ရန်မူတာကို ခံရတဲ့သူတွေကို ဘယ်လို ရှင်းပြရမလဲ သိတော့မှာ မဟုတ်ဘူး”
ရှုနန်က ရဲ့လင်းချန်ကို အလေးပြုလျက် ရှင်းပြလိုက်သည်။
“ရပါတယ်၊ ဒါက တိုက်ဆိုင်သွားရုံလေးပါ”
ရဲ့လင်းချန် ပြုံးနေသည်။ ဤသို့သော အဖွဲ့အစည်းမျိုးကို သူ လုံးဝ နှစ်မြို့ခြင်း မရှိပါ။ သူကိုယ်တိုင် ဖမ်းဆီး လိုက်နိုင်သဖြင့် လူ့အဖွဲ့အစည်းအတွက် သူ ကောင်းကျိုး ပြုလုပ်ခဲ့သည်ဟု သတ်မှတ်နိုင်ပေ၏။
“အရင်တစ်ခေါက်တုန်းက ကိစ္စအတွက် ငါ တောင်းပန်ပါတယ်၊ ငါ အရမ်း ခေါင်းပူသွားခဲ့တယ်”
ရှုနန်က ရဲ့လင်းချန်ကို တောင်းပန်သော အကြည့်ဖြင့် ကြည့်လေသည်။
သူမ ရဲ့လင်းချန်အပေါ် အမြင်သွားခဲ့ပြီ ဖြစ်သည်။ ပြီးခဲ့သော တစ်ခေါက်က ရဲ့လင်းချန်၏ ထက်မြက်သော အကဲခတ်ခြင်းနှင့် စွမ်းရည်တို့က ရှုနန်၏စိတ်ထဲတွင် အထင်ကြီးစိတ် ဖြစ်ပေါ်လာစေခဲ့သည်။ ယခုအခေါက်တွင်လည်း သူမ အတော်လေး ထိတ်လန့်မိသည်။
သူမသည် အစ်ကိုနဂါးကို ဖမ်းဆီးရမည့် စစ်ဆင်ရေး၌ ပါဝင်သူ ဖြစ်သည်။ ထို့ကြောင့် စစ်ဆင်ရေး၌ ရှိလာမည့် အခက်အခဲများကို သူမ နားလည်သည်။ ဤစစ်ဆင်ရေးကြောင့် သူမတို့ လုပ်ဖော်ကိုင်ဖက်အချို့ကိုပင် ဆုံးရှုံးခဲ့ရသည်။ ရဲ့လင်းချန်က အစ်ကိုနဂါးကို ဤမျှ လွယ်ကူစွာ ဖမ်းဆီးနိုင်လိမ့်မည်ဟု သူမ ထင်မထားမိပါ။ ဤသည်က အိပ်မက်တစ်ခုလိုပင်။
“အဲ့ဒါက အတိတ်မှာ ကျန်ခဲ့ပြီပဲလေ၊ စိုးရိမ်မနေပါနဲ့”
ရဲ့လင်းချန်က လွတ်လပ်ပေါ့ပါးသော အပြုံးနှင့်အတူ ပြန်ပြောလိုက်သည်။
ရှုနန်က လေ့ကျင့်ရေး သင်တန်းကျောင်းမှ အရာရှိအဖြစ် အောင်လာသူဖြစ်မည့်ပုံ ပေါ်သည်။ သူမ၏ အမှုများကို ကိုင်တွယ်ပုံက ပို၍ ရင့်ကျက်သည်။ သူမ၏ မျက်လုံးတွင်လည်း တရားမျှတသော အကြည့်မျိုး ပေါ်နေသဖြင့် သူမ၏ နဂိုလှပြီးသား မျက်နှာလေးက ပို၍ လှပနေ၏။
ကြီးလေးသော ပြန်ပေးဆွဲခြင်းနှင့် လူကုန်ကူးမှုကွင်းဆက်ကို ဖမ်းဆီးနိုင်ခဲ့သဖြင့် ရှုနန်က ရဲ့လင်းချန်ကို နိုင်ငံ့သားကောင်းဆု ပေးရန် ပြင်မည်ဟု ပြောသော်လည်း ရဲ့လင်းချန်က ငြင်းဆန်လေသည်။
လုံခြုံဘေးကင်းစေရန်အတွက် ရဲများသည် ရဲ့လင်းချန်ကို ကျေးဇူးတင်စကား ဆိုပြီးသည်နှင့် အပြစ်သားများကို ချက်ချင်း ခေါ်ဆောင်သွားကြသည်။
ထိုအခိုက်တွင် ကျားသစ်နှင့် ကျန်လူများက အချင်းချင်း ငေးမော၍ ပြန်ကြည့်နေကြသည်။
ခွေးတိုက်ပွဲ၌ သန်းသုံးဆယ်ကျော် အနိုင်ရခဲ့ခြင်းကပင် သူမတူသော ကံကောင်းမှုကြီး ဖြစ်သည်။ အစ်ကိုနဂါးကို အလွယ်တကူ ဖြေရှင်းလိုက်နိုင်ခြင်းက ပြိုင်ဘက်ကင်းသော ခွန်အားပင်။ ဤသို့သော အရည်အချင်းများ ရှိသည့် လူတစ်ယောက်ကို သူတို့ ဘယ်လိုလုပ် မလေးစားဘဲ နေနိုင်မည်နည်း။
အရူးချူ၏ မျက်လုံးများက ထိုင်းမှိုင်းနေပြီး ဖြည်းဖြည်းချင်း ပြန်ထနိုင်ရန် ကြိုးစားနေသည်။ သူ ရဲ့လင်းချန်ကို ကြည့်ပြီး အတွေးထဲ နစ်မျောနေလေသည်။
နောက်ဆုံးတွင် သူသည် ရဲ့လင်းချန်ကို သေချာစိုက်ကြည့်၍ စိတ်လှုပ်ရှားစွာ ပြုံးလိုက်သည်။
“မင်းက ငါ ထင်ထားတာထက် ပိုသန်မာတာပဲ၊ ဟားဟားဟား ဂုဏ်ယူပါတယ်၊ မင်းက ငါ့ပန်းတိုင် ပြန်ဖြစ်သွားပြီ၊ ငါ မင်းကို သေချာပေါက် ကျော်တက်ပြမယ်”
ထိုသို့ပြောပြီးသည်နှင့် သူက ဆိုင်ကယ်ပေါ် ပြန်တက်၍ အရှိန်ဖြင့် ထွက်ခွာသါားသည်။ သူ ထွက်သွားချိန်တွင် လေထုထဲ၌ သူ၏ နှုတ်ဆက်စကားက ပဲ့တင်ထပ်၍ ထွက်ပေါ်လာသည်။
“ငါ ပြန်လာမယ်”
“အစ်ကိုချူ အဆင်ပြေရဲ့လား”
ကျားသစ် စိုးရိမ်နေသည်။
“စိတ်အေးအေးထားပါ၊ သူ အဆင်ပြေမယ်လို့ … ငါ ထင်တာပဲ”
မြွေက ပြန်ပြောလိုက်သည်။ လူတိုင်း ကိုယ့်ကားပေါ် ပြန်တက်၍ ထွက်လာကြသည်။
ကားထဲတွင် ဟွမ်ရှောင်မန်၊ လီမူရွှယ်နှင့် ရဲ့လင်းချန်တို့က ဆိတ်ဆိတ်နေနေကြသဖြင့် အနေရခက်သော အခြေအနေမျိုး ဖြစ်ပေါ်နေသည်။
“ဟေး ရဲ့လင်းချန် အခုဆို နင်က သန်းကြွယ်သူဌေးလို့တောင် ပြောလို့ရပြီ၊ နင် နင့်အလုပ်ဟောင်းကို ဆက်လုပ်ဖို့ စဉ်းစားထားလား”
ဟွမ်ရှောင်မန်က တောင်စမ်းရေ အိမ်ရာသို့ ရောက်လုနီးနီးအချိန် ရုတ်တရက် ထမေးလာသည်။
*အလုပ်ဟောင်း*
ကောက်ခါငင်ကာ ပြောလာသော စကားကြောင့် ရဲ့လင်းချန် အံ့ဩသွားသည်။
သူ လီမူရွှယ်ကို ကြည့်လိုက်သောအခါ သူမက သိချင်စိတ် ပြင်းပြသော အမူအရာနှင့် နားထောင်နေသည်ကို တွေ့လိုက်ရသည်။
*ငါ့မှာ ဘာအလုပ်ဟောင်း ရှိလို့လဲ*
ရဲ့လင်းချန် တစ်ခဏမျှ တွေးလိုက်မိပြီးနောက် လတ်တလော သူ့အလုပ်အကိုင်က ကျောင်းသားသာ ဖြစ်ကြောင်း ကောက်ချက်ချလိုက်မိသည်။
“အင်း … ငါ့အသက်အရွယ်အတွက် အဲ့ဒါက အသင့်တော်ဆုံး အလုပ်ပဲလေ”
ရဲ့လင်းချန် ပြန်ပြောလိုက်သည်။ ကားထဲမှ အခြေအနေက ပို၍ အနေရခက်သွားသည်။
ဟွမ်ရှောင်မန်က ရဲ့လင်းချန်ကို အထင်သေးသော အကြည့်ဖြင့် ကြည့်ပြီး ရဲ့လင်းချန် ထိုင်နေသော ခုံကို သူမ သေချာ သန့်ရှင်းရေး လုပ်ရမည်ဟု တွေးနေလိုက်သည်။ သူမ ကားတစ်စီးလုံး မလဲရသဖြင့် တော်ပါသေးသည်။
*စောက်ရမ်း ညစ်ပတ်တယ်*
“နင့်အိမ်နံပါတ်က ဘာလဲ၊ ငါတို့ နင့်ကို လိုက်ပို့ပေးမယ်”
“အလယ်တည့်တည့်က တော်ဝင်စံအိမ်”
“ဝိုး … နင့်အလုပ်ဟောင်းကို ဆက်ဖက်တွယ်ထားမယ်ဆိုတာကို ငါ မအံ့ဩတော့ပါဘူး”
ဟွမ်ရှောင်မန် အေးတိအေးစက် ခနဲ့စကားပြောလိုက်ပြီး သူ့ကို ပို၍ ရွံ့ရှာသွားသည်။
ခြံရှေ့တွင် ကျန်းယွင်ရှီက သူ့ကို စောင့်နေ၏။ ရဲ့လင်းချန် ကားပေါ်မှ ဆင်းလာသည်ကို မြင်သောအခါ သူမက ချက်ချင်း အနားသို့ ပြေးလာပြီး ကြိုသည်။
ဟွမ်ရှောင်မန်သည် ရဲ့လင်းချန်က ကျန်းယွင်ရှီနှင့်အတူ ခြံထဲဝင်သွားသည်အထိ လိုက်ကြည့်နေ၏။ ထို့နောက်တွင်မှ သူမ သက်ပြင်းချလေသည်။
“လခွမ်း အဲ့ချူဆီက နောက်ဖောက်သည် ပြောင်းသွားတာလား”
ကျန်းယွင်ရှီကိုမြင်လိုက်စဉ်က လီမူရွှယ်နှင့် ဟွမ်ရှောင်မန်တို့ နှစ်ယောက်လုံး မှင်တက်သွားသည်။
ထိုအမျိုးသမီးက လှပလွန်းသည်။ ထို့အပြင် သူမက ခေါင်းအစ ခြေအဆုံး နာမည်ကြီး အမှတ်တံဆိပ်များကိုသာ ဝတ်ဆင်ထားသဖြင့် ပုံပြင်တွေထဲမှ မင်းသမီးလေးနှင့် တူနေ၏။ သူမက နတ်သမီးလေးလိုပင်၊ ဒဏ္ဍာရီထဲက ပြီးပြည့်စုံသော မိန်းကလေးဟု ဆိုနိုင်ပေသည်။
*ရဲ့လင်းချန်က ဒီအမျိုးသမီးရဲ့ သကြားကလေးလေးပဲလား*
*လောကကြီးက ဖောက်လွဲဖောက်ပြန် ဖြစ်နေပြီလား*
ယခင်တစ်ခေါက်က တွေ့ခဲ့သည့် အမျိုးသမီးကလည်း နတ်သမီးလေးလိုပင်။ သို့သော် သူမက ကျန်းယွင်ရှီနှင့် ပုံစံမတူချေ။ ထို့အပြင် သူမ၏ မိသားစုနောက်ခံကလည်း ကြီးမားလောက်သည်။
*မိန်းမလှလေးတွေအားလုံး မျက်လုံး ကန်းနေကြတာလား၊ ရဲ့လင်းချန်ကိုများ သူတို့ရဲ့ သကြား ကလေးလေးအဖြစ် ထားရတယ်လို့*
“ကန်းနေတာ၊ သူတို့ ကန်းနေတာပဲ ဖြစ်မယ်”
ဟွမ်ရှောင်မန်၏ မျက်နှာ နီရဲနေ၏။ အကယ်၍ အကြည့်ဖြင့်သာ လူသတ်နိုင်မည်ဆိုလျင် သူမ ရဲ့လင်းချန်ကို အထင်သေးသော အကြည့်များနှင့်ပင် သတ်၍ ရနိုင်လောက်သည်။
“သူ့အလုပ်ဟောင်းကို သူ ဆက်လုပ်ချင်နေတာ အံ့ဩစရာ မရှိတော့ဘူး၊ သူက ဒီလောက် လိုချင်သူ များနေမှတော့ ပိုက်ဆံလည်းရတယ်၊ သာလည်း သာယာရတာပဲ၊ အလုပ်ဖြစ်မှာပေါ့”
ထို့အပြင် သူတို့ မြင်ခဲ့သည်က နှစ်ယောက်သာ ဖြစ်သည်။ သူ့တွင် လူချမ်းသာ အမျိုးသမီး ဘယ်လောက်များများ ရှိနေမလဲကို ဘယ်သူ သိနိုင်မည်နည်း။
ဤသို့သော ယောက်ျားမျိုးက တိရစ္ဆာန်တစ်ကောင်လိုပင်။
…
နောက်တစ်နေ့မနက်သို့ ရောက်ရှိလာလေပြီ။
တစ်နေ့လုံး အတန်းတက်ပြီးနောက် ရဲ့လင်းချန် အားလပ်ချိန် ရလာသည်။
ဟော်ရန်ကျားကို လီထိုက်က စီစဉ်ရိုက်ကူးနေသည်။ သူ လုပ်စရာဟူ၍ တစ်ခါတရံ သွားစစ်ဆေးရုံသာ ရှိသည်။ ဝိုင် အလှကုန်ပစ္စည်းကိုလည်း ကျန်းယွင်ရှီက ကိုင်တွယ်နေပြီး သူက နောက်ကွယ်မှ သူဌေးအဖြစ် ပျော်ရွှင်စွာ နေနေရုံပင်။ ထို့အပြင် သူ၏ တိုက်ရိုက်ထုတ်လွှင့်ခြင်းက ပိတ်ပင် ခံလိုက်ရသဖြင့် လက်ရှိတွင် ရဲ့လင်းချန် ဘာမှ လုပ်စရာမရှိ ဖြစ်နေ၏။
သူ ရေပန်းစားမှုအမှတ်များ လိုအပ်သည်။ နားနားနေနေ နေခြင်းက အဖြေ မဟုတ်ပေ။
ရဲ့လင်းချန် သူ့ကိုယ်သူ ပြန်သတိပေးနေပြီး အရှေ့မှ ကွန်ပျူတာကို ကြည့်ပြီး အတွေးထဲ နစ်မျောနေသည်။
နောင်တွင် သူ မည်သည့် တိုက်ရိုက်ထုတ်လွှင့်မှုက လုပ်၍ မရနိုင်ပေ။ သူ ဝတ္ထုတစ်ပုဒ် စရေးသင့်သလော။
ထို့အပြင် ဝတ္ထုရေးခြင်းက သူ စဉ်းစားထားခဲ့သော အရန်အစီအစဉ်တွေထဲမှ တစ်ခု ဖြစ်သည်။ သူ့တွင် အချိန် ရှိနေသေးသဖြင့် သူ စလိုက်သင့်သည်။
ကွန်ပျူတာကို ဖွင့်လိုက်ပြီးနောက် ရဲ့လင်းချန် ချွမ့်ရှစ် တရုတ်စာပေ website ထဲသို့ ချက်ချင်း ဝင်လိုက်သည်။
ချွမ့်ရှစ် တရုတ်စာပေ website သည် တရုတ်စာပေ ဌာနလက်အောက်မှ ဝတ္ထု ပလက်ဖောင်းတစ်ခု ဖြစ်သည်။ ၎င်းသည် နိုင်ငံတွင်း၌ နာမည်ကောင်းရှိသော နံပါတ်တစ် ဝတ္ထု ပလက်ဖောင်းတစ်ခု ဖြစ်ပေသည်။
မကြာသေးခင် နှစ်များအတွင်း ဝတ္ထုဈေးကွက်သည် အတော်လေး ရေပန်းစားလာသည်။ ၎င်းသည် လူမှု ပတ်ဝန်းကျင်၌ ရေပန်းစား ကျော်ကြားလာပြီး ဝင်ငွေလည်း ကောင်းလာသည်။ ၎င်း၏ လွှမ်းမိုးမှုက အခြားနိုင်ငံများအထိတောင် တိုးပေါက်နေ၏။ ၎င်းက ခေတ်သစ် တရုတ်နိုင်ငံ၏ ထိပ်တန်း ဆန်းသစ်ပြောင်းလဲမှု လေးခုထဲမှ တစ်ခုအဖြစ် လူသိများသည်။
ရဲ့လင်းချန် အကောင့်သစ်တစ်ခု စာရင်းသွင်း၍ ဖွင့်လိုက်ပြီး စာရေးသူကဏ္ဍထဲ ဝင်လိုက်ပြီး ကလောင်နာမည်တစ်ခု ဖန်တီးရန် ပြင်လိုက်သည်။
ရဲ့လင်းချန် တစ်ခဏမျှ စဉ်းစားလိုက်ပြီးနောက် အပြုံးကြီး ပြုံး၍ ဤသို့ ရိုက်ထည့်လိုက်သည်။
[ငါကဝိုင်]
ကလောင်နာမည်ကို ရေးလိုက်ပြီးနောက် ရဲ့လင်းချန် ဝတ္ထု စရေးလေသည်။ ဝတ္ထုများကို ခေတ်သစ်၊ စိတ်ကူးယဉ်၊ ရှန်းရှ၊ ထူးခြားဆန်းကြယ်နှင့် အခြား အမျိုးအစားများ စသဖြင့် ခွဲခြားထားသည်။ ရဲ့လင်းချန် တစ်ဒင်္ဂမျှ စဉ်းစားလိုက်ပြီးနောက် ခပ်သွက်သွက် ရိုက်လိုက်သည်။
“နတ်ဘုရားများကို သုတ်သင်ခြင်း”
အနှစ်ချုပ်:
နတ်ဘုရားများ မရှိသော လောကကြီးတစ်ခု စတင်လာသည်။ သို့သော် ရှေးခေတ်အခါကတည်းက လူသားတွေက သူတို့ ပတ်ဝန်းကျင်၌ ရှင်းမပြတတ်သော ကိစ္စရပ်များနှင့် ပြည့်နေသည်ကို မြင်တွေ့ခဲ့ရသည်။ မိုးကြိုးပစ်ခြင်း၊ မုန်တိုင်းထန်ခြင်းနှင့် သဘာဝ ကပ်ဘေးများက နေရာတိုင်း၌ မရေတွက်နိုင်သော သေခြင်းတရားများနှင့် ဝမ်းနည်းစွာ ငိုကြွေးသံများနှင့် ပြည့်နှက်စေခဲ့သည်။ ၎င်းသည် လူ့အစွမ်းအစထက် ကျော်လွန်နေသလို တားဆီးနိုင်ခြင်းလည်း မရှိချေ။ ကောင်းကင်ဘုံ ကိုးလွှာသို့ တက်သွားလျင် နတ်ဘုရားများကို မြင်တွေ့ရမည်ဟု ဆိုကြသည်။ ကောင်းကင်ဘုံ ကိုးလွှာ၏ အောက်၌ တစ္ဆေများနှင့် ယမမင်း၏ နေရာ ရှိသည်ဟု ဆိုသည်။ မရေတွက်နိုင်သော လူသားများက မရေတွက်နိုင်သော နတ်ဘုရားများကို စိတ်ကူးယဉ်ဖန်တီး၍ လှူဖွယ် ပစ္စည်းများ ဆက်သကြ၏။