← Chapters

ရှောင်ချန်း ​ပေါက်ကွဲခြင်း

Vol. 8 Ch. 711

ရှောင်ချန်း ​ပေါက်ကွဲခြင်း

Vol. 8 Ch. 711

ပိုင်ရှောင်ချန်းမှာ စတင်စိုးရိမ်ထိတ်လန့်လာပြီဖြစ်သည်။ ချင်းမေ့ယွမ်ကို လက်လွှဲပေးလိုက်ပါက သူ၏အသက်ကို အခြားလူများ၏ လက်ထဲတွင် သွားအပ်ထားသကဲ့သို့ ဖြစ်နေမည်ဖြစ်သည်။ သူသည် ချင်းမေ့ယွမ်ကို မယုံကြည်သည် မဟုတ်သော်လည်း သေရေးရှင်ရေးတမျှ အရေးကြီးသောကိစ္စများဆိုပါက အခြားလူများထံတွင် သူ၏ယုံကြည်မှုကို အပ်နှံထားမည်မဟုတ်ပေ။

သူသည် ပိုင်ဟောက်ကို အကြွင်းမဲ့ယုံပါသော်လည်း ချင်းမေ့ယွမ်ကိုမူ မတူပေ။

သရဲကြီးဘုရင်မှာ ဒေါသအလွန်ထွက်စပြုနေပြီဖြစ်သဖြင့် ပိုင်ရှောင်ချန်း၏ တံခါးပိတ်ကျင့်စဥ်အခန်းထဲတွင် ပြည့်နှက်နေသည့် အေးစက်မှုများမှာ သတ်ဖြတ်လိုစိတ်များဖြင့် ရောယှက်လာသည်။

သရဲကြီးဘုရင် သူ၏ကျင့်ကြံခြင်းအခြေခံ ပြန်ရခဲ့သည့်အချိန်ကို ပိုင်ရှောင်ချန်းက ပြန်၍အမှတ်ရသွားတော့သည်။ ထိုစဥ်က သူသည် လက်ထဲတွင် သတ္တုအမျိုးအစား နတ်ဝိညာဥ်တစ်ခုကို ကိုင်ကာ လေထဲတွင်ရစ်ဝဲ၍ ပိုင်ရှောင်ချန်းအားအထက်စီးဆန်ဆန်ကြည့်ကာ တစ်ခုထဲသော မေးခွန်းကို မေးခဲ့သည်။

" ပိုင်ဟောက်ရေ။ မင်းကို ငါမသတ်သင့်တဲ့ အကြောင်းပြချက်ကောင်းကောင်းလေး တစ်ခုလောက် ပေးစမ်းပါ " ဟူသော မေးခွန်းပင်ဖြစ်သည်။

ထိုမေးခွန်းကြောင့် ပိုင်ရှောင်ချန်းမှာ အသိစိတ်ပျောက်လုမတတ် ထိတ်လန့်ခဲ့ရပြီး သရဲကြီးဘုရင်၏ ယခုပုံစံမှာလည်း ထိုနေ့ရက်က ပုံစံနှင့် စကားများကို ပြန်၍အမှတ်ရနေစေတော့သည်။

ထို့နောက် သူသည် သရဲကြီးဘုရင်ကို ကာကွယ်ခဲ့စဥ်က အသတ်ခံခဲ့ရလုနီးပါးဖြစ်ခဲ့ရသည့် ပုံရိပ်များနှင့် ဝိညာဥ်ရေနွေးအိုးထဲတွင် အချုပ်အနှောင် မန္တန်ကြောင့် သူ၏ကျင့်ကြံခြင်းအခြေခံ အားလျော့သွားခဲ့သည်များကို ပြန်တွေးမိလိုက်သည်။ သူ၏ ကောင်းကင်တာအို ယင်ယန်ဝိညာဥ်ကြောင့်သာ မဟုတ်ပါက သူ၏ပြိုင်ဘက်ဖြစ်သော လက်ရွေးစင်အယောက်တစ်ရာကျော်၏ ဖမ်းဆီးသတ်ဖြတ်ခြင်းကို ခံလိုက်ရမည်မှာ အသေအချာပင်။

ထိုအရာများအားလုံးကြောင့် သူ၏စိတ်နှလုံးမှာ လေးလံနေပြီး ထိုလေးလံမှုများမှာ သရဲကြီးဘုရင်၏ သတ်ဖြတ်လိုစိတ်များ၊ အေးခဲနေသည့် ဖိအားများအပြင် ချင်းမေ့ယွမ်ကြောင့် သူ၏စိုးထိတ်နေရမှုများနှင့် ပူးပေါင်းသွားတော့သည်။ သူသည် ရက်စက်ကြမ်းကြုတ်သော ဝံပုလွေတစ်ကောင်နှင့် ဆာလောင်မွတ်သိပ်နေသည့် ကျားတစ်ကောင်အကြားတွင် ပိတ်မိနေသကဲ့သို့ခံစားနေရပြီး သူ၏မျက်ဝန်းများမှာ နီမြန်းလာတော့သည်။

အခြားအခြေအနေများမှာဆိုလျှင် သူသည် ကြောက်လန့်နေမည်ဖြစ်သော်လည်း ယခုတွင်မူ သူသည် ထိုသို့မခံစားနေရပေ။ သူက တုန်တုန်ရီရီဖြင့် သရဲကြီးဘုရင်ကိုကြည့်ကာ မေးလိုက်သည်။

" ခင်ဗျားက ကျုပ်ကို သတ်ချင်တယ်ပေါ့။ ကျုပ်ကို တိုက်ခိုက်ချင်တယ်ပေါ့ "

သူ၏ စိတ်နှလုံးထဲမှာပင် သူသည် ကြောက်လန့်မနေပေ။ ယခုအထိ သူနှင့် သရဲကြီးဘုရင်အကြားရှိ ဆက်ဆံရေးများကို ပြန်လည်တွေးတောနေပြီး သူ၏အငွေ့အသက်များမှာ မတည်မငြိမ်ဖြစ်လာရုံသာမက သူ၏မျက်ဝန်းများကပါ နီမြန်းလာတော့သည်။ သူ၏မျက်နှာနှင့် လည်ပင်းများပေါ်တွင် သွေးကြောကြီးများ ထောင်ထလာပြီး ရုတ်တရက် ထ၍ပေါက်ကွဲလိုက်တော့သည်။

" ပြန်ပြောစမ်းပါ သရဲကြီးဘုရင် " သူက ဒေါသတကြီး အော်ဟစ်လိုက်သည်။

" ဘယ်လိုတောင်လားဗျာ။ ခင်ဗျားကြီးက ကျုပ်ကို သတ်ချင်နေတာ ယုံတောင်မယုံနိုင်ဘူးဗျာ "

" ကျုပ်ကို ချချင်တယ်ပေါ့။ ဒီမှာ သရဲကြီးဘုရင်၊ ခင်ဗျားကြီးအသက်ကို ကျုပ်ကယ်ပေးထားတာ။ ကျုပ်မှာ ကံကောင်းလို့မသေတာဗျ၊ အဲဒါတောင် ခင်ဗျားက ဘာပြန်လုပ်ပေးတုံး။ ကျုပ်ကို စမ်းသပ်နေတာမလား။ ဆက်တိုက်ဆက်တိုက် စမ်းသပ်နေတာ။ ခင်ဗျားကြီးရဲ့ ကျင့်ကြံခြင်းအခြေခံပြန်ရတာတောင် ကျုပ်ကိုစမ်းသပ်နေတုံးပဲ။ ခင်ဗျားကြီးတစ်ခုခု မလုပ်ခင်နိုင်အထိ ကျုပ်မှာ သေမင်းခံတွင်းဝကို လျှောက်နေရတာ။ အဲဒီလောက်နဲ့ ကိစ္စမရှိသေးဘူး။ ကျုပ်လက်ခံနိုင်သေးတယ်။ ဒါပေမဲ့ အဲဒါတွေ အကုန်ပြီးတာတောင် ခင်ဗျားက ကျုပ်ကိုစမ်းသပ်နေတုံးပဲလေ။ ကျုပ်သေသွားရင်တောင် ခင်ဗျားထပ်ပြီးစမ်းသပ်နေဦးမှာမလား "

ပိုင်ရှောင်ချန်းမှာ လုံးဝစိတ်မထိန်းနိုင်တော့ပဲ အသံကုန်အော်ဟစ်နေသဖြင့် သူ၏ တရားကျင့်ကြံသည့်အခန်းတစ်ခန်းလုံးမှာ တုန်ခါနေတော့သည်။

ထိုသို့ရုတ်တရက် ပေါက်ကွဲမှုကြောင့် သရဲကြီးဘုရင်မှာ အလွန်အမင်း အံ့အားသင့်သွားတော့သည်။ သူသည် ဤပိုင်ဟောက် အနည်းငယ်ထိတ်လန့်သွားစေရန် ခြောက်လှန့်ရန် ကြိုးပမ်းနေခြင်းသာ ဖြစ်သည်။ ဤသို့ တုံ့ပြန်မှုကိုရလိမ့်မည်ဟု သူကမထင်ထားပေ။

" အတင့်ရဲလှပါလား "

သူကဒေါသတကြီး ရေရွတ်ကာ ပိုင်ရှောင်ချန်းကိုစိုက်ကြည့်လိုက်ပြီး ဖိအားများကို ထပ်၍ထုတ်လွှတ်လိုက်တော့သည်။

" အတင့်ရဲတယ် ဟုတ်လား။ ပုံမှန်ဆို ကျုပ်က ဒီလောက်အတင့်မရဲဘူး။ ဒါပေမဲ့ ဒီနေ့တော့ တော်တော် အတင့်ရဲနေတယ်ဆိုတာ အသေအချာပဲ "

ပိုင်ရှောင်ချန်းမှာ ဒေါသတကြီးဖြစ်နေသဖြင့် ခုန်ပေါက်လုမတတ်ဖြစ်နေပြီး သူ၏အသံမှာ ပိုမိုကျယ်လောင်လာသည်။

" ကျုပ် မြို့တော်ကိုပြန်လာပြီးကထဲက အောင်မြင်မှုကြီးတစ်ခုရပြီးလို့ အေးအေးဆေးဆေး အနားယူနေတယ်လို့ ခင်ဗျားက ထင်နေတာလား။ တကယ်တမ်း ခင်ဗျားအတွက် အရေးကြီးတဲ့အရာတွေ ကျုပ်လုပ်ပေးခဲ့တာဗျ။ မျိုးနွယ်စုသုံးခုကို ငွေညှစ်တုံးက ကျုပ်ရခဲ့တဲ့ တန်ဖိုးအကြီးဆုံးရတနာက ဝိညာဥ်ကျောက်စိမ်း ရုပ်ထုပဲ။ အဲဒီရုပ်ထုက ခင်ဗျားကျင့်ကြံတဲ့နေရာမှာ အထောက်အကူပြုနိုင်မှန်းသိလို့ ကျုပ်က ခင်ဗျားဆီကို တိတ်တိတ်လေး ပို့ပေးခဲ့တာ။ ဒါပေမဲ့ အဲဒါကို အခြားဘယ်သူမှမသိဘူး။ သူတို့က ပစ္စည်းအကုန်လုံးကို ကျုပ်တစ်ယောက်ထဲယူသွားတယ်လို့ ထင်နေတာဗျ။ ကျုပ်ကိုသတ်ဖို့အခွင့်အရေးရချင်လို့ ကျုပ် အမှားမှား အယွင်းယွင်း လုပ်မိတာကိုစောင့်နေတဲ့လူတွေ အပုံလိုက်ကြီးပဲ "

" အဲဒါတွေကို ခင်ဗျားမသိတာလည်း မဟုတ်ပါဘူး။ ကျုပ်ဘယ်လောက် စိုးရိမ်နေလဲဆိုတာကို ခင်ဗျားကိုပြောပြခဲ့တယ်လေ "

ပိုင်ရှောင်ချန်း၏ အော်သံများကြောင့် သရဲကြီးဘုရင်မှာ ဒေါသထွက်လွန်းလှ၍ ရင်ဘတ်မှာ မြင့်ချီနိမ့်ချီဖြစ်နေသော်လည်း တုံ့ပြန်စကား ပြန်မပြောနိုင်ပေ။ မျိုးနွယ်စုသုံးခုကို ပိုင်ရှောင်ချန်း ငွေညှစ်ခဲ့စဥ်က သရဲကြီးဘုရင်မှာ အကျိုးကျေးဇူးများကိုသာ ခံစားခဲ့ပြီး ထိုငွေညှစ်မှုကြောင့် ပိုင်ရှောင်ချန်း မည်သို့ဖိအားများနှင့် ရင်ဆိုင်ခဲ့ရသည်ကို ထည့်မတွေးခဲ့ပေ။

" ခင်ဗျားက သခင်မချန်ကို သဘောကျတယ်ဆိုလို့ ကျုပ်က တုံ့ဆိုင်းမနေပဲ ခင်ဗျားဆီကို ဆက်သခဲ့တာ။ အေးပေါ့ ခင်ဗျားက ခင်ဗျားရဲ့ဂုဏ်သတင်းကို ထိန်းထိန်းသိမ်းသိမ်းနေသင့်တဲ့ သရဲကြီးဘုရင်လေ။ ကျုပ်က မျက်နှာမွဲလေး ပိုင်ဟောက်လေ။ ကျုပ်က မြေစာပင်ဖြစ်ခဲ့ရတာပေါ့။ ပိုင်ဟောက်ဆိုတဲ့နာမည်ကို လူတွေ ဘယ်လောက် သွားပုတ်လေလွင့် ပြောနေလဲဆိုတာ ခင်ဗျားသိလား။ ကျုပ်ဗျာ.. အဲဒီလိုအပြောခံရမဲ့အစား ကပ်ရောဂါသာ ရပြီးသေလိုက်ချင်တယ်။ လူတွေပြောနေကြတာ ကျုပ်က မယားခိုးကောင်၊ လင်သတ်ကောင်တဲ့။ ကျုပ်မြို့ထဲသွားပြီဆိုရင် ယောက်ျားသားတွေအကုန်လုံးက သူတို့ရဲ့မိန်းမတွေကို ကျုပ်မြင်မှာစိုးလို့ ဝှက်ထားကြတာဗျ။ လူတိုင်းနီးပါး ကျုပ်ကို မုန်းနေကြတာ "

" အဲဒါကိုလည်း ခင်ဗျားမသိပဲ မနေဘူး။ ကျုပ် မတရားခံရတာကို ခင်ဗျားကိုပြောပြတယ် "

ပိုင်ရှောင်ချန်းမှာ ကြောက်ရွံ့မှုကြောင့်မဟုတ်ပဲ စိတ်လွတ်လက်လွတ်ပေါက်ကွဲနေသောကြောင့် အသားများ တုန်ရီနေတော့သည်။ သရဲကြီးဘုရင်နှင့် ပတ်သတ်သမျှ ကိစ္စအားလုံးကြောင့် သူ၏ရင်ထဲတွင် စုဝေးနေခဲ့သည့် အငြိုးအတေးများကို သူလုံးဝ မထိန်းနိုင်တော့သဖြင့် စိတ်လိုက်မာန်ပါ ပေါက်ကွဲလိုက်ရသည် အခြေအနေသို့ ရောက်သွားပြီဖြစ်သည်။

သရဲကြီးဘုရင်မှာ ထိုစကားများကြောင့် ဒေါသအနည်းငယ် ပြေလျော့သွားပြီး အနည်းငယ် အပြစ်ရှိသလိုပင် ခံစားလာရတော့သည်။ ပိုင်ရှောင်ချန်းက အမှန်တရားများအား ပြောနေသည်ကို သူလက်ခံရမည်ဖြစ်သည်။ သရဲကြီးဘုရင်မှာ သူ၏ဂုဏ်သတင်းကို အလွန်ဂရုစိုက်ခဲ့သည်ဖြစ်ပြီး မြို့ထဲတွင် ပိုင်ဟောက်နှင့်ပတ်သတ်သည့် ယုတ်ညံ့သောအကြောင်းများကို ကြားခဲ့ရသည်။

" ဝိညာဥ် ရေနွေးအိုးဆီကို ကျုပ်မသွားချင်ဘူးလို့လဲ ခင်ဗျားကို ကျုပ်ပြောခဲ့တယ်။ ဒါပေမဲ့ ခင်ဗျားက သရဲဘုရင်သစ်သီးက အရေးကြီးတယ်လို့ ပြောခဲ့လို့ ကျုပ်သွားခဲ့တာပဲ မဟုတ်ဘူးလား။ ပြီးတော့ သစ်သီးက ဘာဖြစ်သွားတုံး။ ဟားဟားဟား။ အချုပ်အနှောင်မန္တန်ရဲ့ လုပ်ရပ်ကြောင့် ကျုပ်အံ့အားသင့်ခဲ့ရတာမလား။ ခင်ဗျားကိုကျုပ်ယုံစားမိတော့ ကိုယ့်သေတွင်းကိုယ်တူးမိသလို ဖြစ်သွားတော့တာပဲ။ အဲဒီ အချုပ်အနှောင်မန္တန် ထွက်လာတော့ ကျုပ်ရဲ့ ကျင့်ကြံခြင်းအခြေခံ အဆင့်လျော့သွားတာကို ခင်ဗျားသိလား။ လက်ရွေးစင်အယောက်တစ်ရာကျော်က ကျူပ်ကိုသတ်ဖို့အစွမ်းကုန်ကြိုးစားနေခဲ့တုံးက ကျုပ်ဘယ်လောက် နာနာကျည်းကျည်းခံစားခဲ့ရလဲ ခင်ဗျားသိလား။ ကျုပ်ယုံစားရပါတယ်ဆိုတဲ့ မိတ်ဆွေကြီးက ကျုပ်ကို အကွက်ချပြီး ရောင်းစားခဲ့တာလေ။ ဝိညာဥ်ရေနွေးအိုးထဲမှာ ကျုပ်သေခါနီး အခြေအနေထိ ရောက်ခဲ့ရတာဗျ "

" အဲဒါတွေကိုလည်း ခင်ဗျားမသိတာမဟုတ်ဘူး။ ကျုပ်ပြောပြထားပြီးပြီ "

ပိုင်ရှောင်ချန်းမှာ စကားပြောနေရင်း ပို၍မာန်ပါလာတော့သည်။ ဝိညာဥ်ရေနွေးအိုးထဲမှ အဖြစ်အပျက်များမှာ အပ်တစ်ချောင်းအလား သူ၏နှလုံးသားကို ထိုးနှက်နေဆဲဖြစ်သဖြင့် ပို၍ပင်ဆိုးနေတော့သည်။ သူသည် ကောင်းကင်တာအို ယင်ယန်ဝိညာဥ်အဆင့်တွင်သာ ရှိမနေခဲ့ပါက ထိုအထဲတွင် အသက်ဆုံးရှုံးခဲ့ရမည်သာဖြစ်သည်။

ဤကိစ္စများအားလုံးအတွက် တရားခံမှာ တစ်ယောက်ထဲသာ ရှိသည်။ ထိုလူမှာ သရဲကြီးဘုရင်ပင်။

သရဲကြီးဘုရင်မှာ စကားပြန်ပြောတော့မည့်အလား ပါးစပ်ဟနေပြီး ဒေါသထွက်နေပါသော်လည်း တချိန်ထဲမှာပင် မည်သည့်စကားတစ်ခွန်းမှ ပြန်မပြောနိုင်ပေ။

" ကျန်တဲ့ ကောင်းကင်ဘုရင် သုံးပါးက ပူးပေါင်းပြီး ခင်ဗျားကိုမကောင်းကြံပြီး ငွေညှစ်မလို့ လုပ်နေတယ်လို့ ခင်ဗျားပြောတာ ကျုပ်မှတ်မိတာပေါ့။ အဲဒါကြောင့် ကျုပ်ရဲ့ နှလုံးသားထဲက နာကျည်းမှုနဲ့ ခါးသီးမှုတွေ၊ ကျုပ်ရဲ့ပူဆွေးမှုတွေကို ချောင်ထိုးပြီး ခင်ဗျား အမျက်တော်အနည်းငယ်ပြေစေဖို့ လက်ရွေးစင်အကုန်လုံးကို ကျုပ်ဖမ်းလာခဲ့တာလေ။ ခင်ဗျားငွေပြန်ညှစ်လို့ရအောင်လို့ သူတို့အကုန်လုံးကို ခင်ဗျားဆီ ကျုပ်အပ်ခဲ့တာလေ။ အဲဒါကို ခင်ဗျားက ကျုပ် မကောင်းကြံတယ်လို့ ထင်နေတာလား။ ခင်ဗျားကိုသာ တကယ်မကောင်းကြံချင်ရင် သူတို့အကုန်လုံးကို ကျုပ်သတ်ပစ်မှာပေါ့ဗျ။ အဲဒီလိုသတ်လို့ ကျုပ် ပြဿနာတက်သွားတိုင်တယ်ဆိုပေမဲ့ အကြီးအကျယ် ဒုက္ခရောက်မှာက ခင်ဗျားဗျ "

" အဲဒါတွေကိုလည်း ခင်ဗျားမသိတာမဟုတ်ဘူး။ ကျုပ်အကုန်ရှင်းပြပြီးသွားပြီ "

ယခုတွင် ပိုင်ရှောင်ချန်း၏ ဒေါသများမှာ စိတ်ပျက်မှုများနှင့် ပေါင်းစည်းသွားပြီဖြစ်ပြီး သရဲကြီးဘုရင်မှာ သူတို့နှစ်ယောက်အကြားတွင် ဖြစ်ပျက်ခဲ့သည့်အရာအားလုံးကို ပြန်တွေး၍ တွေဝေနေတော့သည်။

" ကျုပ်မေးပါရစေ သရဲကြီးဘုရင်။ ခင်ဗျားဆီက ကျုပ်ဘာတောင်းဆိုဖူးလဲ။ ခင်ဗျားထိခိုက်ဖို့ ကျုပ်ဘာလုပ်ဖူးလဲ။ မိစ္ဆာအကျဥ်းထောင်တုံးက ကိစ္စတော့ ပြန်မဖော်နဲ့နော်။ အဲဒိတုံးက ကိစ္စကို ကျေအေးဖို့ ကျုပ်က အသက်တောင်စွန့်ထားရတာ။ အဲဒါတောင် မလုံလောက်သေးတာလား " ပိုင်ရှောင်ချန်းမှာ အော်ပြောရင်းမှ ပိုမိုဒေါသထွက်လာတော့သည်။

" အသေးတကာ့အသေးဆုံး မျိုးနွယ်စုတွေမှာရှိတဲ့ လူတွေမှာတောင် ဇနီးတွေ၊ ကိုယ်လုပ်တော်တွေ အများကြီးရှိတာ။ ကျုပ်က ဒီကောင်မလေး တစ်ယောက်ထဲကိုပဲ လိုချင်တာလေ။ အဲဒါ ဘာကြီးကျယ်လို့တုံး။ မိန်းကလေး တစ်ယောက်ထဲပါဗျာ။ အဲဒါလေးအတွက် ခင်ဗျားက ကျုပ်ကိုတကယ် တိုက်ခိုက်ချင်နေတာလား "

ပိုင်ရှောင်ချန်း၏ စကားသံထဲရှိ နာကျည်းမှုများကို သရဲကြီးဘုရင်ပင် ခံစားလာရပြီး သူအနည်းငယ် တရားလွန်သွားပြီဖြစ်ကြောင်း ခံစားလိုက်ရတော့သည်။

ပိုင်ရှောင်ချန်းမှာ ထိုသို့ပေါက်ကွဲပြီး အသိစိတ်ပြန်ဝင်လာသောအခါ ချွေးများပြန်လာတော့သည်။ သူ၏နှလုံးသားကို စိုးထိတ်မှုများက ဖုံးလွှမ်းသွားပြီး ကြောက်ကြောက်လန့်လန့်ဖြင့် စိတ်ထဲတွင် ငိုကြွေးမြည်တမ်းနေတော့သည်။

" ငါတော့ သွားပြီ " သူကတွေးလိုက်သည်။

" ကိစ္စချောပြီ။ အသိစိတ်လွတ်ပြီး စိတ်လိုက်မာန်ပါ လုပ်မိပြီ "

သူသည် သတိမေ့လုမတတ်ဖြစ်နေသော်လည်း ဤအခြေအနေထိရောက်သွားပြီဖြစ်၍ နောက်ဆုတ်ရန် မဖြစ်တော့ကြောင်း သိလိုက်သည်။ ထို့ကြောင့် အံကြိတ်ကာ သူသည် အလွန်နာကျည်းနေသည့် ပုံစံဖမ်းလိုက်တော့သည်။

" ကျုပ်သိပါပြီ " သူက လေသံတိုးတိုးဖြင့်ဆိုလိုက်သည်။

" ကျုပ်သိပါပြီဗျာ။ ခင်ဗျားက ဘုရင်ကြီး၊ ရှင်ဘုရင်မင်းမြတ်ကြီး၊ နတ်ဘုရားတစ်ပိုင်းအဆင့်ကျင့်ကြံသူကြီးလေဗျာ။ ကျုပ်က ဘာကောင်မှ မဟုတ်ပဲ။ ခင်ဗျားဆန္ဒရှိရင်ရှိသလို ကျုပ်ကို ပထုတ်လို့ရတာပဲ။ ခင်ဗျားကို ကျုပ်ရဲ့ အစ်ကိုအရင်းကြီးတစ်ယောက်လို မှတ်ယူမိခဲ့လို့ ကျုပ်ဒီလောက်နာကျည်းနေရတာပါ "

ပိုင်ရှောင်ချန်းမှာ သူ၏ရှေ့တွင် တုန်တုန်ရီရီနှင့် ရပ်နေသည်ကိုကြည့်၍ သရဲကြီးဘုရင်မှာ တစ်ကိုယ်လုံးနွေးထွေးသွားရတော့သည်။ အခြားလူများသာ ဤစကားပြောပါက သူသည် အေးစက်စက်နှာမှုတ်ရုံထက် ပို၍တုံ့ပြန်မည်မဟုတ်။ သို့သော် ဤကောင်းကင်နှင့် ကမ္ဘာမြေကြီးတို့တွင် သူ့အား ဤပုံစံဖြင့်စကားပြောကာ သူ့အားပြန်လည်တုံ့ပြန်ခွင့်ပင် မပေးနိုင်လောက်သည်အောင် ပြုမူနိုင်သူမှာ ပိုင်ရှောင်ချန်းတစ်ယောက်သာ ရှိသည် မဟုတ်ပါလော။

ထို့အပြင် သူကစဥ်းစားတွေးတောလိုက်သောအခါ အရာအားလုံးမှာ ပိုင်ရှောင်ချန်း၏ စကားများအတိုင်း တစ်ထေရာထဲဖြစ်နေကြောင်း တွေ့လိုက်ရသည်။ ပိုင်ရှောင်ချန်းမှာ သူ့ထံတွင် သစ္စာရှိရှိဖြင့် ရိုးရိုးသားသား အမှုထမ်းခဲ့သည်ဖြစ်ပြီး ပေးအပ်သမျှတာဝန်အားလုံးကို ကျေပွန်စွာ ဆောင်ရွက်နိုင်ခဲ့သည်။ သူသည် အမိန့်လည်းအလွန်နာခံခဲ့သည်။ သူသည် အနည်းငယ်ဖားယားတတ်သော်လည်း သရဲကြီးဘုရင်မှာ ထိုအချက်ကိုသဘောကျသည်။

သူ ပိုင်ရှောင်ချန်းအား ဆုချခဲ့သည့် အရာအများစုမှာ အမည်ခံသက်သက်သာ ဖြစ်သည်။ လက်ဆုပ်လက်ကိုင် ပြ၍ရသည့် အရာတစ်ခုတစ်လေပင် သူ့အား ဆုမချခဲ့ပေ။ ထို့အပြင် သူသည် မီးတောက်ဖော်စပ်ရာတွင် ဉာဏ်ကြီးရှင်တစ်ယောက်ဖြစ်သည်။ သူသည် အလွန်ရဲတင်းလွန်းလှပြီး သူတစ်ယောက်ထဲနှင့် သူ၏မျိုးနွယ်စုကို အုတ်အော်သောင်းနင်း ဖြစ်အောင်လုပ်ကာ ဘုရင့်ကိုပါ ပြန်ပြေးဆွဲခဲ့သည်။ မြေရိုင်းဒေသ၏ ထိပ်သီးလက်ရွေးစင် အားလုံးနီးပါးကိုလည်း သူတစ်ယောက်ထဲနှင့် အနိုင်ယူခဲ့သည်။ သူသည် အလွန်ထူးချွန်ထက်မြက်လွန်းလှ၍ သရဲကြီးဘုရင်ပင် သူကဲ့သို့ လူတစ်ယောက်ကို မမြင်ဖူးပေ။ သူ၏သမီးပင် သူ့ကိုမှီနိုင်မည်မဟုတ်။ သူမတွင် မြင့်မားသော ကျင့်ကြံခြင်းအခြေခံရှိပါသော်လည်း သူမ၏ နည်းဗျူဟာနှင့် ပရိယာယ်များမှာ ပိုင်ရှောင်ချန်းအား ယှဥ်နိုင်မည်မဟုတ်ချေ။

ဤသို့သော လူမျိုးမှာ ဘဝလမ်းခရီးတွင် အသက်မပျောက်သ၍ ထိပ်ဆုံးအဆင့်အထိ တက်လှမ်းနိုင်မည်ဖြစ်ကြောင်း သရဲကြီးဘုရင်က သိသည်။ ထိုသို့သာ ထိပ်ဆုံးအဆင့်ထိ တက်လှမ်းသွားပါက သူတို့နှစ်ယောက်မှာ ဖြတ်တောက်၍ မရနိုင်လောက်အောင် နည်းလမ်းအမျိုးမျိုးဖြင့် ချိတ်ဆက်နေမည်ဖြစ်သည်။ အဆုံးတွင် သရဲကြီးဘုရင်မှာ သက်ပြင်းချလိုက်ပြီး တည်ကြည်ကာ သဘာဝကျသည့်လေသံဖြင့်ဆိုလိုက်သည်။

" ဟောက်အာ၊ ငါမင်းကို ငါ့ရဲ့သားအရင်းလို့ သဘောထားတာကြာပါပြီကွာ "

ယခုတွင် ပိုင်ရှောင်ချန်းမှာ စိတ်ထဲတွင်သက်ပြင်းချလိုက်ပြီး အန္တရာယ်တောထဲမှ လွတ်သွားပြီဖြစ်ကြောင်း သိလိုက်သည်။

“ သရဲကြီးဘုရင် ကျုပ်တစ်ခုပဲမေးမယ်ဗျာ။ ကျုပ်တို့ မြို့ကိုအတူတူပြန်ရောက်ခဲ့တော့ ခင်ဗျားဆီက ကျုပ်က ဘာတောင်းဆိုခဲ့လို့လဲ "

အစပိုင်းတွင် သရဲကြီးဘုရင်မှာ မည်သို့မျှ ပြန်မပြောပေ။ ပိုင်ရှောင်ချန်းမှာ ထိုကောင်မလေးမှလွဲ၍ အခြားမည်သည်ကိုမှ တောင်းဆိုခဲ့သည်မဟုတ်။ သူမ၏ အံ့သြဖွယ်ကောင်းသည့် နောက်ကြောင်းကိုထည့်မတွက်ပါက ဤကိစ္စမှာ ကြီးကြီးမားမားမဟုတ်ပေ။

သို့သော် ချင်းမေ့ယွမ်မှာ မဟာကောင်းကင်သခင်၏ တပည့်အရင်းတစ်ယောက်ဖြစ်သည်။ မဟာကောင်းကင်သခင်မှာ သူမအကြောင်း မေးနေပြီဖြစ်၍ သူက လျစ်လျူရှုထား၍မရပေ။ ထိုကိစ္စကိုလအနည်းငယ်တွေးတောလိုက်ပြီးနောက် သူ၏မျက်ဝန်းထဲတွင် ပြတ်သားမှုအပြည့်နှင့် ပိုင်ရှောင်ချန်းကိုကြည့်ကာ သူ၏အကြံမှာ ကောင်းမွန်ကြောင်း ယုံကြည်လိုက်တော့သည်။

" ဒီပိုင်ဟောက်က တော်တော်ထူးချွန်ထက်မြက်နေတာပဲ။ ဒီလိုလုပ်လိုက်တာပဲ ကောင်းပါတယ် "

သရဲကြီးဘုရင်မှာ နောက်ဆုံးတစ်ခေါက် တွေးတောလိုက်ပြီး သက်ပြင်းချကာဆိုလိုက်တော့သည်။

" ဟောင်အာ၊ မင်းပြောတာမှန်ပါတယ်။ ငါမင်းကို ဘာမှ မပေးရသေးဘူး။ ဒါပေမဲ့ ငါ့မှာ ချင်းမေ့ယွမ်ထက် ကျင့်ကြံခြင်းအခြေခံပိုမြင့်တဲ့ သမီးတစ်ယောက်ရှိတယ်ကွ။ ပြီးတော့ သူ့ထက်တောင်ပိုလှသေးတယ်။ ဆယ်ဆလောက် ပိုလှတာနော်။ သူ့ကို မင်းနဲ့ ထိမ်းမြားပေးမယ်ဆိုရင်ရောကွာ "

All Chapters