← Chapters

ဟမ်၊ ဘာလို့ လောနေတာတုန်း

Vol. 8 Ch. 712

ဟမ်၊ ဘာလို့ လောနေတာတုန်း

Vol. 8 Ch. 712

" ဟင် "

ပိုင်ရှောင်ချန်းက ဆွံ့အသွားသည်။ ဤသို့ ဒေါသတကြီး ပေါက်ကွဲပြီးနောက် သရဲကြီးဘုရင်က ယခုလိုစကားမျိုးဆိုလာလိမ့်မည်ဟု သူကမထင်မိပေ။

" အာ... ခ...ခင်ဗျားမှာ သမီးတစ်ယောက်ရှိတယ်ဟုတ်လား။ ပြီးတော့ သူ့ကို ကျွန်တော်နဲ့ ထိမ်းမြားပေးမယ်၊ ဟုတ်လား "

ပိုင်ရှောင်ချန်းမှာ သတိလစ်လုမတတ် ဖြစ်သွားသည်။ သရဲကြီးဘုရင်ထံတွင် သမီးတစ်ယောက်ရှိသည်ကို သူကကြားဖူးပါသော်လည်း သူမသည် သရဲကြီးမြို့တော်တွင် မနေသည့် လျှို့ဝှက်ဆန်းကြယ်သော သူတစ်ယောက် ဖြစ်သည်။ သူမသည် ငယ်စဥ်ကထဲက ဗဟိုဧကရာဇ်မြို့တွင် သွားရောက်နေထိုင်ခဲ့သည်။

" အဲဒါဆိုရင် ငါတို့နှစ်ယောက် အခုကစပြီး မိသားစုတွေအဖြစ် နေလို့ရပြီလေ။ "

သရဲကြီးဘုရင်က တောက်ပနေသည့် မျက်ဝန်းများဖြင့် ပိုင်ရှောင်ချန်းကို ခေါင်းအစခြေအဆုံး အကဲခတ်နေတော့သည်။ ဤပိုင်ဟောက်ဆိုသူမှာ နိုင်ငံရေးသဘောအရ မှန်ကန်သော မိသားစုမှ ပေါက်ဖွားလာသူတစ်ယောက်ဖြစ်ပြီး သင့်တော်သော ပညာအရည်အချင်းရှိကာ ထူးချွန်ထက်မြက်သည့် လူတစ်ယောက်ဖြစ်သည်။ ပို၍အရေးကြီးသည့်အချက်မှာ သူ၏တွေးတောကြံဆနည်းများမှာ သရဲကြီးဘုရင်နှင့် ကိုက်ညီသည်။

သရဲကြီးဘုရင်၏ အတွေးထဲတွင် သူသည် ပြီးပြည့်စုံသော သားမက်တစ်ယောက်ဖြစ်ပြီး အလိုမကျစရာအချက်မှာ အဆင့်နိမ့်သည့် ကျင့်ကြံခြင်းအခြေခံ ရှိနေသော အချက်တစ်ခုသာရှိသည်။ သို့သော် ထိုအချက်ကြောင့် သူ၏သမီးမှာ သူ့အား နိုင်စားနိုင်မည်ဖြစ်သဖြင့် ကောင်းမွန်သည့်အချက်တစ်ခုဟု သတ်မှတ်နိုင်သည်။

" ဒီပိုင်ဟောက်ဆိုတဲ့ကောင်မှာ အလားအလာတွေ အများကြီးရှိတာပဲ " သူကတွေးလိုက်သည်။

" ငါ့ရဲ့ ဝိညာဥ်သွေးတစ်စက်ထဲနဲ့ သူက နတ်ဘုရားတစ်ပိုင်းအဆင့် တိုက်ကွက်တစ်ခုကို ထုတ်လွှတ်နိုင်ခဲ့တာ။ အဲဒါကိုကြည့်ရင် သူက ဘယ်သူမှသတိမထားမိတဲ့ ကျင့်ကြံခြင်းတိုးတက်မှု အကြီးစားတစ်ခု လုပ်နိုင်ခဲ့တယ်ဆိုတာ သိနိုင်တယ် "

ထိုအတွေးများကြောင့် သရဲကြီးဘုရင်မှာ ဤအစီအစဥ်မှ အကျိုးအမြတ်များစွာ ထပ်မံရရှိနိုင်ကြောင်း ယုံကြည်နေတော့သည်။

" အာ၊ အရှင်မင်းမြတ်ကလည်း။ ဒီလိုအရေးကြီးတဲ့ ကိစ္စရေးရာတွေကို လက်လွတ်စပယ် စီစဥ်လို့ မဖြစ်ဘူးလေ "

ပိုင်ရှောင်ချန်းမှာ အလွန်စိုးရိမ်နေပြီဖြစ်သည်။ သူသည် သရဲကြီးဘုရင်ကိုကြည့်နေရင်းမှ သရဲကြီးဘုရင်သာ ငယ်ရွယ်နုနယ်သော အမျိုးသမီးတစ်ယောက်ဖြစ်နေခဲ့လျှင် မည်သို့ဖြစ်လိမ့်မည်နည်းဟု တွေးကြည့်မိကာ သူ၏ဦးရေခွံမှာ ပေါက်ကွဲလုမတတ် ထုံကျဥ်လာရတော့သည်။ အလွန် အရုပ်ဆိုးနေမည် မဟုတ်ပါလော။

" ဘာကွ " သရဲကြီးဘုရင်က ဆိုလိုက်သည်။

" သူက မင်းနဲ့မတန်ဘူးလို့ မင်းကပြောချင်တာလား။ ဟမ့်၊ ငါ့ ကျိုးကျစ်မိုကို ချင်းမေ့ယွမ်နဲ့ နှိုင်းစရာကို မလိုတာ။ ငါ့သမီးရဲ့ အရည်အချင်းက သူ့ထက်သာလွန်းလို့ စကားတစ်ခွန်းနဲ့ေတာင် သူတို့နှစ်ယောက်ကို နှိုင်းယှဥ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ သူ့ကို အပြင်မှာမြင်လိုက်တာနဲ့ ငါဘာပြောချင်လဲဆိုတာကို မင်းသေချာသိပါလိမ့်မယ်။ ပြီးတော့ ငါကိုယ်တိုင် ဒီမင်္ဂလာကိစ္စကိုသာ မစီစဥ်ရင် သူက မင်းရဲ့ဇနီးလုပ်ဖို့ လက်ခံမှာကို မဟုတ်ဘူး "

သရဲကြီးဘုရင်က ဒေါသတကြီးစိုက်ကြည့်ကာ လက်ကိုဝှေ့ယမ်း၍ အမိန့်ပေးလိုက်တော့သည်။

" ချင်းမေ့ယွမ်ကို မြန်မြန်လေး ငါ့ဆီပေးကွာ။ ဒီကိစ္စ ဒီလောက်နဲ့ ပြတ်ပြီ "

ပိုင်ရှောင်ချန်းမှာ စိတ်ထဲတွင် နာကျည်းစွာ ညည်းညူနေတော်သည်။ သူ အကြံအိုက်နေပြီ ဖြစ်သည်။ ယခုချက်ချင်း ချင်းမေ့ယွမ်ကို ထုတ်မပေးပါက သရဲကြီးဘုရင်မှာ သံသယဝင်လာတော့မည်ဖြစ်သည်။ ထို့ကြောင့် သူသည် အခြားရွေးချယ်စရာမရှိတော့ပဲ ချင်းမေ့ယွမ်က သူ့အားမမှတ်မိပါစေနှင့်ဟု ဆုတောင်းကာ စွန့်စားရန် ပြင်လိုက်တော့သည်။ အကယ်၍ မမှတ်မိခဲ့လျှင်တောင် သူတို့နှစ်ယောက်ကြားရှိ အတိတ်မှအမှတ်တရများကို ငဲ့ကာ လျှို့ဝှက်ချက်တစ်ခုအဖြစ် ထားစေရန် ဆုတောင်းလိုက်ရတော့သည်။

ထို့နောက် သူသည် သတိမေ့နေသည့် ချင်းမေ့ယွမ်ကို သူ၏ထည့်စရာအိတ်ထဲမှထုတ်ကာ လက်လွှဲပေးလိုက်တော့သည်။

သရဲကြီးဘုရင်မှာ သူမကို တစ်ခဏမျှ အကဲခတ်လိုက်သည်။ သူမသည် ချောမောလှပကြောင်း သူကကြားဖူးထားသော်လည်း ယခုမှ သူမကို ပထမဆုံးမြင်ဖူးသည်ဖြစ်ရာ သူ၏မျက်ဝန်းထဲတွင် ထူးဆန်းသောအမူအရာတစ်ခု ပေါ်ပေါက်လာတော့သည်။ ထို့နောက် သူသည်ချက်ချင်းပင် မည်သည့်အတွက်ကြောင့် ပိုင်ရှောင်ချန်းက သူမကို လက်လွှဲပေးရန် ခါးခါးသီသီး ငြင်းဆိုနေရသည်ကို နားလည်သွားတော့သည်။

" အင်း သူက တကယ်လှတာပဲ "

သရဲကြီးဘုရင်က တွေးလိုက်သည်။ ထို့နောက် သူကချောင်းဟန့်ကာ ပိုင်ရှောင်ချန်းကို ထပ်မံစိုက်ကြည့်လိုက်ပြီး သူ၏အင်္ကျီလက်ကို ဝေ့ယမ်းကာ ချင်းမေ့ယွမ်ကို ယူလိုက်သည်။

" ကောင်းပြီ။ ဒီလောက်နဲ့ပဲ ကိစ္စပြတ်ပြီ။ မနက်ဖန်ရောက်ရင် မင်း တည်နေရာရွှေ့ပြောင်းခြင်းဝင်ပေါက်ကို သုံးပြီး ဗဟိုဧကရာဇ်မြို့ဆီကိုသွား။ သရဲကြီးဘုရင်တပ်မှာရှိတဲ့ ငါ့သမီးကိုသွားရှာ။ သူက အဲဒီမှာ တပ်မှူးကြီး တစ်ယောက်အနေနဲ့ တာဝန်ကျနေတာ။ အချိန်ကြာလာရင် မင်းတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် ချစ်ကြိုက်လာမှာပါ "

" ဟင်၊ ဘာလို့လောနေတာတုံးဗျ။ အမ်၊ ကျွန်တော် "

အနှီကျိုးကျစ်မိုဆိုသည့် မိန်းမပျိုကို ပိုင်ရှောင်ချန်း လုံးဝစိတ်မဝင်စားပေ။ သူက မျက်နှာမဲ့ကာ ငြင်းဆန်ရန် ပြင်လိုက်သော်လည်း နောက်ကျသွားပြီဖြစ်သည်။ မည်သို့မျှ သူ မပြောနိုင်ခင်မှာပင် သရဲကြီးဘုရင်မှာ တရားဝင်အမိန့်များ ထုတ်ပြန်လိုက်ပြီဖြစ်သည်။

" မိုအာက သူ့လက်ထောက်အဖြစ် ခန့်အပ်ဖို့ လူတစ်ယောက်လိုတယ်လို့ လတ်တလော ငါ့ဆီတောင်းဆိုထားတာ။ ငါ့အမြင်မှာ မင်းကဒီအလုပ်အတွက် အသင့်တော်ဆုံးပဲ။ ဒီကိစ္စ ဒီလောက်ပဲဟေ့။ မနက်ဖန် ဒီမြို့ကနေ ထွက်တော့။ သြော်ပြီးတော့၊ မိုအာက သူ့အစွမ်းအစနဲ့သူ အာဏာကြီးလာချင်တာဆိုတော့ သူ့ဇာတ်ကြောင်းအမှန်ကို ဘယ်သူမှသိတာမဟုတ်ဘူး။ သူ့အကြောင်းသိတဲ့ မင်းမျိုးမင်းနွယ်တွေကိုလည်း လျှို့ဝှက်ချက်တစ်ခုအဖြစ် ထိန်းသိမ်းပေးဖို့ အချင်းချင်း နားလည်မှုယူထားပြီးသား။ ပြဿနာသွားမရှာနဲ့နော် "

ထိုသို့ဆိုကာ သူကနောက်လှည့်၍ ပျောက်ကွယ်သွားတော့သည်။

ပိုင်ရှောင်ချန်းမှာ ငိုမဲ့မဲ့ ဖြစ်နေပြီဖြစ်သည်။ သူသည် သူလုံးဝမသိသည့် ဤ တပ်မှူးကြီး ကျိုးကျစ်မိုဆိုသူကို လက်မထပ်လိုပေ။ ထို့အပြင် သူသည် စစ်ဦးစီးမှူးတစ်ယောက် ဖြစ်ပြီးသား မဟုတ်ပါလော။ တပ်မှူးကြီး ဆိုသောရာထူးမှာ ၎င်းကို မည်သည့်နည်းဖြင့် ယှဥ်နိုင်မည်နည်း။

သရဲကြီးတပ်နှင့် ပတ်သတ်၍ ပိုင်ရှောင်ချန်းသည် သရဲကြီးဘုရင်လက်အောက်ရှိ မြို့စားတစ်ယောက်၏ တပည့်ဖြစ်သည်ဟု ကြွေးကြော်ခဲ့သည့် ဝိညာဥ်ကျင့်ကြံသူတစ်ယောက်ကို မဟာတံတိုင်းနားတွင် ဖမ်းမိခဲ့ဖူးသည်။ ထိုအချက်မှာ အနည်းငယ်တော့ ထူးဆန်နေသည်။ သရဲကြီးမြို့တော်မှ လူတစ်ယောက်မှာ မည်သည့်အတွက်ကြောင့် မြေရိုင်းဒေသ၏ အခြားတစ်ဖက်သို့ ရောက်ရှိနေရပါသနည်း။ သို့သော် မကြာသေးမီက ဖြစ်ပွားခဲ့သည့် ပုန်ကန်မှုကို ထည့်တွက်လိုက်ပါက ထိုကျင့်ကြံသူမှာ ပုန်ကန်သူ မြို့စားတစ်ယောက်၏ ကိုယ်ရေးကိုယ်တာ ကိစ္စများကို ဖြေရှင်းရန် စေလွှတ်ခံခဲ့ရသည့် သဘောရှိသည်။

ပိုင်ရှောင်ချန်းမှာမူ ဗဟိုဧကရာဇ်မြို့သို့ လုံးဝမသွားလိုချေ။ ထိုနေရာမှာ အလွန် အန္တရာယ်ကြီးမားသည့် ပုံပေါ်နေသည်။ ချင်းမေ့ယွမ်က သူ့အား တကယ်မှတ်မိသလား၊ မမှတ်မိသလားကို သေချာမသိသေးသဖြင့် ပို၍ပင် စိုးရိမ်ဖို့ကောင်းနေသည်။ အကယ်၍ သူမသာ မှတ်မိခဲ့ပါက သူသည် သူ့သေတွင်းသူကိုယ်တိုင်တူးနေသကဲ့သို့ ဖြစ်နေမည်ဖြစ်သည်။

ထို့အပြင် အခြားတစ်ချက်ရှိသေးသည်... သူသည် ဗဟိုဧကရာဇ်မြို့မှ အမွေဆက်ခံသူများနှင့် အခြားအရေးကြီးလက်ရွေးစင်များကို ပြန်ပေးဆွဲခဲ့သည်။ ယခုတွင်သာ ထိုမြို့သို့သူရောက်သွားပါက ကျားများ၏ သားရဲတွင်းထဲသို့ လမ်းလျှောက်ဝင်သွားသည့် သိုးငယ်တစ်ကောင်အလား ဖြစ်နေလိမ့်မည်။

သို့သော်လည်း မသွားရန်ငြင်းဆိုဖို့ရာ မဖြစ်နိုင်ပေ။ သရဲကြီးဘုရင်မှာ သူ၏အမိန့်ကို အတိအလင်းအသိပေးခဲ့ပြီးဖြစ်သည်။ ပိုင်ရှောင်ချန်းမှာ ယခုလေးတင် ပေါက်ကွဲထားသဖြင့် နောက်တစ်ကြိမ် ထိုသို့ ထပ်လုပ်ပါက ဘုရင်နှင့်သူ့အကြားရှိ ဆက်ဆံရေးမှာ ထိခိုက်သွားနိုင်သည်။ ထိုသို့သာဖြစ်သွားပါက သူသည် သရဲကြီးမြို့တော်မှာပင် အခြေအနေမဟန်ဖြစ်သွားရမည်သာ ဖြစ်သည်။

" ဘာလို့များ ဒီလိုတွေ ဖြစ်ကုန်ရတာလဲကွာ "

သူက ခေါင်းကုတ်ကာ တွေးလိုက်သည်။ ယခုတွင် ပိုင်ဟောက်မှာ အလွန်အံ့သြနေသည့် မျက်နှာထားဖြင့် သူ၏အိတ်ထဲမှ ပျံထွက်လာသည်။ စောစောကသူသည် သူ၏အငွေ့အသက်အနည်းငယ်ပင် သရဲကြီးဘုရင်သိသွားမည်စိုး၍ မထုတ်ဖော်ရဲခဲ့သော်လည်း စကားများကိုမူ ရှင်းရှင်းလင်းလင်းကြားခဲ့ရသည်။ ထို့ကြောင့် သူသည် သူ့ဆရာ၏ ရဲစွမ်းသတ္တိနှင့် ပြည့်စုံမှုကြောင့် တအံ့တသြဖြစ်ကာ သက်ပြင်းချရသည်ဖြစ်သည်။

ပိုင်ရှောင်ချန်း၏ မျက်နှာဖုံးကြောင့် သူ၏တည်ရှိမှုကို လူအားလုံးနီးပါး မသိနိုင်အောင် ဖုံးကွယ်နေသည့်အချက်ကိုမူ သူက သတိမထားမိပေ။ ထို့ကြောင့် သူသည် သတိကြီးကြီးထားနေစရာမလိုပေ။

" ဆရာ။ သရဲကြီးဘုရင်ရဲ့ သမီးနဲ့ပတ်သတ်တဲ့ သတင်းအချို့ ကျွန်တော်ကြားဖူးတယ်။ သူက သူ့ကျင့်ကြံခြင်းကို အဆင့်မြှင့်တင်ဖို့အတွက် သရဲကြီးမြို့တော်ဆီက ဟိုးအရင်တုံးကထွက်ခွာသွားခဲ့တာတဲ့။ သူက အင်မတန် လျှို့ဝှက်ဆန်းကြယ်တဲ့ လူတစ်ယောက်ပဲ။ "

ထိုသို့ဆိုကာ သူက သူသိသမျှအရာအားလုံးကို ဆက်၍ ရှင်းပြလိုက်တော့သည်။

သို့သော်လည်း သူသည် များစွာ မသိပေ။ အဆုံးတွင် ပိုင်ရှောင်ချန်းမှာ သက်ပြင်းချကာ ထိုအကြောင်းကို ဆက်၍တွေးတောနေတော့သည်။ ထိုသို့စဥ်းစားပြီးသည့် အဆုံးတွင်လည်း သူလုပ်နိုင်သည့်အရာ တစ်ခုတစ်လေပင် မရှိပေ။ ထို့ကြောင့် သူက သူ၏ တရားကျင့်ကြံသည့်အခန်းထဲမှ အပြင်သို့ စိတ်မပါလက်မပါဖြင့်ထွက်လာကာ သူကိုယ်တိုင် လိုက်လံမေးမြန်းလိုက်တော့သည်။

သူ၏မေးခွန်းအများစုမှာ ဗဟိုဧကရာဇ်မြို့နှင့် သက်ဆိုင်နေသည်။ ကျန်မေးခွန်းများမှာ သရဲကြီးဘုရင်၏ သမီးအကြောင်းဖြစ်သည်။ ထို့နောက် ပြန်ရောက်လာသောအခါ သူသည် မျက်နှာရှုံ့မဲ့ကာ အံတကြိတ်ကြိတ် ဖြစ်နေတော့သည်။

" ဗဟိုဧကရာဇ်မြို့က ကြောက်စရာနေရာကြီးပဲ။ ငါအဲဒီကို ဘယ်လိုနည်းနဲ့မှ သွားလို့မဖြစ်နိုင်ဘူး။ အဆိုးဆုံးကွာ ဒီ သရဲကြီးမြို့တော်ကထွက်ပြီး ပုန်းအောင်းဖို့ နေရာတစ်ခုခု ငါ ရှာလို့ရမှာပါ။ "

ထိုညမှာ ကုန်ဆုံးသွားသည်။ နောက်နေ့ ညနေခင်းအချိန်တွင် ပိုင်ရှောင်ချန်းမှာ အချိန်ထပ်ဖြုန်းနေ၍ မရတော့ကြောင်း သိလိုက်သည်။ သူက တည်နေရာရွှေ့ပြောင်းခြင်းဝင်ပေါက်ကို အသုံးမပြုရဲသဖြင့် ဆင်ခြေတစ်ခုပေးကာ ဗဟိုဧကရာဇ်မြို့သို့သွားရန် သရဲကြီး စစ်သင်္ဘောတစ်စင်းကို တောင်းဆိုလိုက်သည်။ သူ၏ လက်ရှိ အကြံအစည်မှာ လမ်းတစ်ဝက်တွင် ပျောက်ကွယ်သွားပြီး ပြန်မလာခင် အနည်းငယ်ပုန်းအောင်းနေရန်ဖြစ်သည်။ အချိန်အတိုင်းအတာတစ်ခုသာ လုံလုံလောက်လောက်ကုန်ဆုံးသွားလျှင် သူ၏ခံစားချက်အစစ်အမှန်ကို သရဲကြီးဘုရင် နားလည်သွားနိုင်မည်ဖြစ်သည်။

သရဲကြီးစစ်သင်္ဘောကိုမူ သူ မျက်စိကျေနသည်မှာ အတော်ကြာပြီဖြစ်ပြီး တန်ဖိုးကြီးရတနာ ဖြစ်ကြောင်း သူကသိသည်။ ယခုက ထိုသင်္ဘောတစ်စင်းကို စီးနင်းနိုင်မည့် အခွင့်ရေးကောင်းတစ်ခုပင်ဖြစ်သည်။ ထိုနည်းအားဖြင့် သူက ထိုသို့ ရှင်းပြလိုက်တော့သည်။

သို့သော်လည်း သရဲကြီးဘုရင်မှာ သူ့ထက်နှာတစ်ဖျား သာနေပြီဖြစ်သည်။ သူက အဓိပ္ပါယ်ပါပါပြုံးလိုက်ပြီး ပိုင်ရှောင်ချန်း၏ သရဲကြီးစစ်သင်္ဘောတစ်စင်းကို တောင်းဆိုမှုအား ဖြည့်ဆည်းပေးလိုက်ပြီး နယ်စားကြီးသေမင်းခေါ်သံအား ထိုသင်္ဘောကိုမောင်းနှင်းရာတွင် ကူညီပေးရန်နှင့် ခရီးတစ်လျှောက်တွင် သူ့ကိုစောင့်ရှောက်ပေးရန် အမိန့်ပေးလိုက်တော့သည်။

နယ်စားကြီးသေမင်းေအာ်သံ မှာ ပိုင်ရှောင်ချန်းက မည်သည့်အတွက်ကြောင့် တည်နေရာရွှေ့ပြောင်းခြင်းဝင်ပေါက်ကို မသုံးကြောင်း မသိနိုင်လောက်အောင် ဖြစ်နေရတော့သည်။ သို့သော် အမိန့်များမှာ သရဲကြီးဘုရင်ထံမှ ကျလာသည်ဖြစ်၍ သူကမေးခွန်းထုတ်မနေတော့ပေ။ ခဏအကြာတွင် နယ်စားကြီးသေမင်းအော်သံ မှာ သရဲကြီးစစ်သင်္ဘောကို သရဲကြီးမြို့တော်နှင့် ဝေးရာသို့မောင်းနှင်သွားပြီး ပိုင်ရှောင်ချန်းမှာမူ အသက်မဲ့နေသည့် မျက်နှာထားဖြင့် သူ၏ဘေးတွင် ရပ်လျက် လိုက်ပါသွားတော့သည်။

ပိုင်ရှောင်ချန်းမှာ ငိုချလိုက်ချင်သော်လည်း မျက်ရည်များ ကျမလာပေ။ နယ်စားကြီးသေမင်းအော်သံ ကမူ တင်းမာသောမျက်နှာထားဖြင့် ပိုင်ရှောင်ချန်းကို လျစ်လျူရှုထားတော့သည်။

ယခုတွင် သူ၏အကြံကို သရဲကြီးဘုရင်က ရိပ်မိသွားသည့်အချက်မှာ သိသာနေပြီဖြစ်၍ သူသည်အခြားရွေးချယ်စရာမရှိတော့ပဲ ဗဟိုဧကရာဇ်မြို့သို့ ချီတက်သွားရတော့သည်။

“ နယ်စားကြီးသေမင်းအော်သံ က နတ်အဆင့်ကျင့်ကြံသူတစ်ယောက်ဆိုတော့ သူဒီသရဲကြီး စစ်သင်္ဘောကို မောင်းမယ်ဆိုရင် ဒီခရီးက သုံးလလောက်ကြာမှာပဲ။ " ပိုင်ရှောင်ချန်းက သူ၏လက်ထဲရှိ အသေးစိတ်မြေပုံတစ်ခုပါသော ကျောက်စိမ်းပေလွှာကို ငုံ့ကြည့်လိုက်သည်။ သရဲကြီးမြို့တော်မှာ သောကကင်းဝေးကိုးသွယ်မြို့နှင့် ယှဥ်လိုက်ပါက ဗဟိုဧကရာဇ်မြို့နှင့် ပိုနီးသည်။ နယ်စားကြီးသေမင်းအော်သံသာ ထိုမြို့မှ စတင်မောင်းနှင်ပါက ခရီးစဥ်မှာ တစ်နှစ်တိတိကြာမည်ဖြစ်သည်။

ပိုင်ရှောင်ချန်းကိုယ်တိုင် မောင်းနှင်ပါက ပို၍ပင်ကြာမည်ဖြစ်သည်။ ထို့အပြင် ဤခရီးမှာ နတ်အဆင့်ကျင့်ကြံသူတစ်ယောက် မပါပါက အန္တရာယ်အပြည့်ကြုံနိုင်သည်။

သူသည် အခြားရွေးချယ်စရာ မရှိတော့သဖြင့် သူ၏ ကံကြမ္မာကို လက်ခံလိုက်ရတော့သည်။ သူ၏နှာတံကိုပွတ်ကာ ဗဟိုဧကရာဇ်မြို့နှင့် ပတ်သတ်သမျှ သူစုစည်းမိခဲ့သည့် အချက်အလက်များကို ပြန်လည်သုံးသပ်လိုက်သည်။

ဗဟိုဧကရာဇ်မြို့ကိုဖွဲ့စည်းထားပုံမှာ ထိပ်ဆုံးအဆင့်တွင် ဗဟိုဧကရာဇ်ရှိပြီး သူ၏အောက်တွင် မဟာကောင်းကင်သခင်နှင့် ကောင်းကင်ဘုရင်လေးပါးတို့မှာ အစဥ်လိုက်ရှိသည်။ ထိုဘုရင်များအောက်တွင် ကောင်းကင်နယ်စားကြီး ဆယ်ယောက်နှင့် ကောင်းကင်မြို့စား တစ်ရာ့ရှစ်ယောက်ရှိသည်။

ကောင်းကင်ဘုရင်တစ်ပါးဆီတွင် ကောင်းကင်မြို့စားဆယ်ယောက်ရှိပြီး ကောင်းကင်နယ်စားတော့မရှိပေ။ နယ်စားကြီးသေမင်းအော်သံနှင့်သူ၏ ခေတ်ပြိုင်များမှာ မြေနယ်စားများသာဖြစ်သည်။ သူတို့က ကောင်းကင်မြို့စားများ၏ အထက်တွင် ရှိသော်လည်း ကောင်းကင်နယ်စားများထက် အလွန်အဆင့်နိမ့်သည်။ ကောင်းကင်နယ်စားဆယ်ယောက်မှာ မြေရိုင်းဒေသထဲတွင် စွမ်းအားအကြီးဆုံး နတ်အဆင့်ကျင့်ကြံသူများဖြစ်သည်။ သူတို့အားလုံးမှာ နတ်အဆင့်မဟာစက်ဝန်းတွင် ရှိသည်။ သူတို့မှာ ဗဟိုဧကရာဇ်မြို့၏ လျှို့ဝှက်အင်အားစုလည်း ဖြစ်သည်။ ဗဟိုဧကရာဇ်မြို့ထဲတွင် ထာဝရနေထိုင်သည့် ကောင်းကင်မြို့စားများမှာမူ ခြောက်ဆယ့်ရှစ်ယောက်ရှိသည်။

ဗဟိုဧကရာဇ်မြို့မှာ မြေရိုင်းဒေသထဲတွင် အကြီးမားဆုံးမြို့ဖြစ်ပြီး အနုစိတ်ဖွဲ့စည်းထားသည်ဖ။ ပင်မမြို့တော်၏ အထက်ရှိကောင်းကင်ယံထဲတွင် တော်ဝင်နန်းတော် ပျံဝဲနေသည်။

တော်ဝင်နန်းတော်တွင် ပင်မအပေါက်ဝ လေးခုရှိပြီး ၎င်းတို့မှာ အရှေ့၊နောက်၊တောင်၊မြောက်လေးဘက်ကို ကာရံထားသည်။

မဟာကောင်းကင်သခင်က ကောင်းကင်၏သားတော်ကို ထိန်းချုပ်ပြီးနောက် ကောင်းကင်ဘုရင်လေးပါးအနေဖြင့် ထိုမြို့နှင့် အဆက်အသွယ်ဖြတ်ရသည်မှာ လွယ်သွားတော့သည်။ သို့သော် မဟာကောင်းကင်သခင်မှာ သူတို့၏စစ်တပ်များကို ဗဟိုဧကရာဇ်မြို့တော်ထဲတွင် တပ်ချထားကာ ပေးသမျှအမိန့်ကိုနာခံစေရန် အမိန့်ထုတ်ထားခဲ့သည်။

မြို့တော်၏အနောက်ဘက်တွင် တပ်ချထားသည်မှာ သရဲကြီးတပ်ဖြစ်ပြီး ၎င်း၏ အမိန့်ပေးအရာရှိမှာ သရဲကြီးဘုရင်၏ သမီးဖြစ်သူ ကျိုးကျစ်မိုဖြစ်သည်။

ပိုင်ရှောင်ချန်းမှာ သရဲကြီးမြို့တော်တွင် ရှိခဲ့စဥ်က ကျိုးကျစ်မိုအကြောင်း များစွာ မသိခဲ့ရပေ။ သူသိသည်မှာ သူမသည် သရဲကြီးဘုရင်နှင့် အစေးမကပ်သဖြင့် ဤမြို့တော်မှ ယခင်ထဲမှထွက်ခွာသွားပြီး သူမနည်း သူမဟန်နှင့် ကျင့်ကြံခြင်းကိုလေ့ကျင့်ခဲ့သည်ဟူ၍ ဖြစ်သည်။ ယခုတွင် သူမက တပ်မှူးကြီး တစ်ယောက်ဖြစ်နေကြီဖြစ်ရာ သူမနှင့်သူမဖခင်ကြားရှိ ဆက်ဆံရေးမှာ မည်သို့ရှိကြောင်း တတ်အပ်မပြောနိုင်ပေ။

" ဒီကျိုးကျစ်မိုက နည်းနည်း ဆိုးမဲ့ပုံပဲ။ ဟမ့်၊ အဲဒီလို ခပ်တုံးတုံး မိန်းကလေးတွေက စစ်တပ်တစ်တပ်ကို ဘယ်လိုလုပ်ဦးဆောင်နိုင်မှာလဲ။ ငါက အံ့သြဖို့ကောင်းတဲ့ စစ်ဦးစီးမှူးတစ်ယောက်ဆိုတော့ သူ့ကို ဘာတွေဘယ်လိုလုပ်ရတယ်ဆိုတာ ပြရတော့မှာပေါ့ "

သူက ခါးသက်သက်ဖြင့် သက်ပြင်းချလိုက်သည်။

သူသည် ထို့ထက်ပို၍ သတင်းအချက်အလက် ရယူရန် အချိန်မရခဲ့ပေ။ နယ်စားကြီးသေမင်းအော်သံ မှာ အချို့အချက်အလက်များကို သိပါေသာ်လည်း ဤခရီးရှည်ကြီးတွင် ပိုင်ရှောင်ချန်းအား လိုက်ပို့ပေးရသည်ကို မနှစ်မြို့သဖြင့် သူမေးသမျှမေးခွန်းများကို လျစ်လျှူရှုနေတော့သည်။

All Chapters