← Chapters

ဗဟိုဧကရာဇ်မြို့

Vol. 8 Ch. 713

ဗဟိုဧကရာဇ်မြို့

Vol. 8 Ch. 713

သရဲကြီးမြို့တော်မှာ ဗဟိုဧကရာဇ်မြို့နှင့် အလွန်မဝေးသော်လည်း နယ်စားကြီးသေမင်းအော်သံ မှာ လအနည်းငယ်ကြာအောင် မောင်းနှင်မှသာ ထိုမြို့အနီးသို့ ရောက်ရှိသွားသည်။

ထို့အပြင် သူသည် နတ်အဆင့်ကျင့်ကြံသူတစ်ယောက်ဖြစ်သည်။ အကယ်၍ ပိုင်ရှောင်ချန်းသာ တစ်ယောက်ထဲ သင်္ဘောကိုမောင်းနှင်နေပါက စိတ်စွမ်းအင်ကုန်ဆုံးမှုမှာ မှန်းဆ၍ပင်ရမည်မဟုတ်ပေ။ ဝိညာဥ်ဆေးဝါးများသုံးကာ သူ့ကိုယ်သူအားအင်ပြန်လည်ဖြည့်တင်းလျှင်ပင် ရေရှည်ဆက်၍မောင်းနှင်ရန်မှာ အလွန်ခက်မည်ဖြစ်သည်။ ပို၍အရေးကြီးသည့်အချက်မှာ ယခုကြုံတွေ့နေရသည့် အန္တရာယ်များထက် ဆယ်ဆပို၍ကြီးမားသော အန္တရာယ်များကို သူ ကြုံတွေ့ရမည်ဖြစ်သည်။

မြေရိုင်းဒေသတွင် ကျက်စားနေထိုင်သည့် ထူးဆန်းသော သတ္တဝါများဖြစ်စေ၊ အားကောင်းသော သေခြင်းတရားအငွေ့အသက်များကို ထုတ်လွှတ်နေသည့် ဝိညာဥ်အုပ်များဖြစ်စေ သူတို့အားလုံးကြောင့် ပိုင်ရှောင်ချန်းမှာ ကြောက်လန့်တုန်ရီနေရသည်သာဖြစ်သည်။ ဝိညာဥ်များကိုမူ သူအလွယ်တကူ ဖြေရှင်းနိုင်မည်ဖြစ်သော်လည်း သားရဲများမှာမူ အလွန်အမင်း တုန်လှုပ်ဖွယ်ကောင်းနေသည်သာဖြစ်သည်။

လမ်းခုလတ်တွင် သူသည် သေဆုံးနေသည့်အလား ရှုံ့တွနေသည့် သစ်ပင်ရှည်ကြီးတစ်ပင်ကို မြင်ခဲ့ရသည်။ သို့သော် ထိုသစ်ပင်ကြီးမှာ လှုပ်ရှားနိုင်ပြီး ၎င်းနှင့်အနီးသို့ရောက်သွားသည့်အရာတိုင်းကို ဝါးမျိုနိုင်သည်။

ရေမြင်းတကောင်နှင့် ဆင်တူသည့် ဧရာမသားရဲကြီးတစ်ကောင်ကိုလည်း သူကမြင်ခဲ့ရသေးသည်။ ၎င်းမှာ အိပ်ပျော်နေပါသော်လည်း ဟောက်သံများမှာ မာန်ပါလွန်းလှသဖြင့် ကောင်းကင်ကြီးပင်တုန်ရီနေပြီး ကီလိုမီတာရာပေါင်းများစွာ အကွာအဝေးရှိ မြေပြင်များပင် တုန်ခါနေရသည်။

ရက်စက်ကြမ်းကြုတ်သည့် လင်းတတစ်သိုက်မှာလည်း သရဲကြီး စစ်သင်္ဘောအား ရက်ပေါင်းများစွာ အငြိုးကြီးစွာလိုက်ပြီးမှ အဆုံးတွင် လွှတ်ပေးလိုက်သည်။

ထိုထူးဆန်းသော သတ္တဝါများစွာကို မြင်လိုက်ရသည့်အတွက် ပိုင်ရှောင်ချန်းမှာ ဂယောင်ခြောက်ခြား ဖြစ်နေကြတော့သည်။ မြေရိုင်းတိမ် အနည်းငယ်နှင့်လည်း ကြုံခဲ့ရသဖြင့် နယ်စားကြီးသေမင်းအော်သံ၏ မျက်နှာအမူအရာပင် ပြောင်းသွားခဲ့ရသည်။ သူသည် သင်္ဘောကို အမြန်ဆုံးမောင်းနှင်လိုက်မှသာ ၎င်းတို့ကို ရှောင်တိမ်းနိုင်ခဲ့သည်။

တစ်ခေါက်တွင် ပိုင်ရှောင်ချန်းသည် အောက်ဘက်ရှိမြေပြင်မှာ ဖြူဆွတ်နေသဖြင့် နှင်းများဖုံးနေသည်ဟု ယူဆခဲ့သည်။ သို့သော် အနီးကပ်ကြည့်ရှုလိုက်ပါမှ ၎င်းမှာ အရိုးပင်လယ်ကြီးတစ်ခုဖြစ်နေပြီး ရေကဲ့သို့လှိုင်းများဖြင့် ဖုံးလွှမ်းနေကြောင်း သိလိုက်ရသည်။ ထိုအရိုးပင်လယ်ထံမှ ထွက်ပေါ်နေသည့် စွမ်းအားကြီးအငွေ့အသက်ကြောင့် နယ်စားကြီးသေမင်းအော်သံ မှာ မျက်နှာဖြူဆုတ်နေရတော့သည်။ သူသည် တားမြစ်မှော်အတတ်တစ်ခုကို ထုတ်သုံးကာ သရဲကြီးစစ်သင်္ဘော၏ အငွေ့အသက်ကို ဖျောက်လိုက်ပြီး ထိုအရိုးပင်လယ်က သူတို့၏နောက်တွင် ပျောက်ကွယ်သွားသည်အထိ ရက်ပေါင်းများစွာ လျင်မြန်သည့်အမြန်နှုန်းဖြင့် မောင်းနှင်လိုက်တော့သည်။

ထို့နောက် ပတ်ဝန်းကျင်များ ပြောင်းလဲသွားပြီး လေများတိုက်ခတ်လာတော့သည်။ ဤခရီးကြောင့် မြေရိုင်းဒေသကို တည်နေရာရွှေ့ပြောင်းခြင်းအပေါက်မသုံးပဲ ဖြတ်ခြင်းမှာ နတ်အဆင့်ကျင့်ကြံသူများသာ လုပ်နိုင်သည့်အရာဖြစ်ကြောင်း ပိုင်ရှောင်ချန်းက နားလည်သွားတော့သည်။

သူတို့မှာ အန္တရာယ်ကြီးတစ်ခုပြီးတစ်ခု ကြုံတွေ့နေရသောအခါ နယ်စားကြီးသေမင်းအော်သံ ၏မျက်နှာမှာ ပို၍ တင်းမာလာတော့သည်။ သူသည် လက်ရှိအခြေအနေကို လုံးဝမကျေနပ်ပေ။ သရဲကြီးဘုရင်ထံမှ အမိန့်တစ်ခုထဲကြောင့်နှင့် သောက်ကျိုးနည်း ပိုင်ဟောင်မှာ တည်နေရာရွေ့ပြောင်းခြင်းဝင်ပေါက်ကိုသုံးရန် ငြင်းဆိုခဲ့သောကြောင့်သာ ယခုလိုဖြစ်နေရသည်။ ထို့ကြောင့် စွမ်းအားကြီးမားသော နတ်အဆင့်ကျင့်ကြံသူတစ်ယောက်ဖြစ်သည့် သူက သက်တော်စောင့်လုပ်နေရသည်။

ဘုရင်ကြီးက ပိုင်ဟောက်ကို အလေးပေးသော်လည်း နယ်စားကြီးသေမင်းအော်သံမှာ ဂရုမစိုက်ပေ။ သူ၏ရင်ထဲတွင် တနုံ့နုံ့ ခံစားနေရဆဲပင်။ သို့သော် သူ၏ ခံစားချက်များကို ဖွင့်ထုတ်ရန် နည်းလမ်းမရှိသဖြင့် သူသည် ပိုင်ရှောင်ချန်းကို လျစ်လျူရှုလိုက်တော့သည်။

ပိုင်ရှောင်ချန်းမှာ ဤအရှုပ်ထုတ်ထဲသို့ နယ်စားကြီးသေမင်းအော်သံကို ဆွဲခေါ်ခဲ့မိကြောင်း သိလိုက်သဖြင့် သူ့ဘက်ကစ၍ ပြေလည်ရာ ပြေလည်ကြောင်း တောင်းတောင်းပန်ပန် ဆိုလိုက်လေသည်။ နယ်စားကြီးမှာ အပြည့်အဝ စိတ်မပြေသွားသော်လည်း သူ၏အကြံမှာ အနည်းငယ်အောင်မြင်သည်ဟု ဆိုနိုင်သည်။

တစ်ရက်တွင် ထိုသရဲကြီးစစ်သင်္ဘောမှာ အလင်းတန်းတစ်ခုအသွင် လေကိုခွင်းကာသွားနေစဥ် ရှေ့ခပ်လှမ်းလှမ်းတွင် ကောင်းကင်ကိုတုန်ခါစေကာ မြေပြင်ကိုအက်ကွဲစေနိုင်ပြီး သရဲကြီးမြို့တော်ထက် များစွာပို၍ ကြီးကျယ်ခမ်းနားသည့် မြို့တော်ကြီးတစ်ခုကို ပိုင်ရှောင်ချန်းက လှမ်းမြင်လိုက်ရသည်။

အရွယ်အစားအရဆိုလျှင် ၎င်းမြို့မှာ သရဲကြီးမြို့တော် ဆယ်မြို့လောက်ကို ထည့်ထားနိုင်မည်ဖြစ်သည်။ ပတ်ပတ်လည်ရှိ လွင်ပြင်များကို အစိမ်းရောင်မြို့တော်နံရံများက အုပ်မိုးထားပြီး ၎င်းတို့ကိုကြည့်လိုက်သည့် လူတိုင်း၏ စိတ်နှလုံးများထဲသို့ ပြင်းထန်သော ဖိအားများကို စေလွှတ်နေသည်။ ထိုတစ်နေရာလုံးကို ပိတ်ဆို့ထားသည့် မရေမတွက်နိုင်လောက်အောင်များပြားသော အချုပ်အနှောင်မန္တန်များရှိပြီး ၎င်းတို့မှာ ကောင်းကင်နှင့် ကမ္ဘာမြေကြီးတို့မှ ဖိအားများကိုသုံးကာ မြို့တော်ကို ကာကွယ်နေသည်။

ဓာတ်ကြီးငါးပါး စွမ်းအားများကို အသုံးချကာ မိုးကြိုးနှင့် လျှပ်စီးများကိုပင် ဖိနှိပ်ထားကြသည်။ ထို့ကြောင့် ထိုမြို့တော်ကြီးမှာ စံတင်စရာကောင်းလောက်သည့် စွမ်းအားများဖြင့်ပြည့်နှက်နေသော သားရဲကြီးတစ်ကောင်ကဲ့သို့ ဖြစ်နေပြီး အနားယူနေသော်လည်း တစ်မဟုတ်ချင်း ထ၍ပေါက်ကွဲနိုင်သည့် အနေအထားတွင်ရှိနေသည်။

မြို့တော်နံရံအတွင်းမှာ မိုးထိုးနေသည့် အစိမ်းရောင် စေတီတော်များကို မရေမတွက်နိုင်လောက်အောင် မြင်နိုင်သည်။ ထိုစေတီတိုင်း၏ ထိပ်တွင် ဧရာမသလင်းကျောက်တစ်လုံးစီ ရှိသည်။ ထိုသလင်းကျောက်တစ်လုံးချင်းစီ၏အတွင်းတွင် ခရမ်းရောင်မြူခိုးများကို ချုပ်နှောင်ထားပြီး ထိုမြူခိုးအတွင်းတွင်မူ လျှပ်စီးများလက်နေကြပြီး တစ်ခါတရံတွင် မျက်လုံးကြီးများအသွင် ပြောင်းလဲသွားကြသည်။

ထို ဧရာမမြို့တော်ထဲမှ ထွက်ပေါ်နေသည့် သက်စောင့်အားများကို ဖော်ပြရန်မှာ ခက်ခဲလွန်းလှပေသည်။ သို့သော် ပိုင်ရှောင်ချန်း ခံစားနေနိုင်သည့် ချီနှင့်သွေးပမာဏမှာ အံ့သြဖွယ်ကောင်းလွန်းလှသည်။

" ဒီမှာ လူဘယ်လောက်များ နေတာလဲ "

သူက တအံ့တသြ တွေးလိုက်သည်။ သူက မြို့ကို အကဲခတ်နေစဥ် အပေါ်သို့မော့ကြည့်မိလိုက်သောအခါ ပင်မမြို့တော်၏ အထက်တွင် ရစ်ဝဲနေသည့် အခြားမြို့တော်တစ်ခုကို မြင်လိုက်ရသည်။

ထိုမြို့မှာ အောက်ဘက်ရှိမြို့တော်ထက် ပို၍သေးငယ်ပြီး အရာအားလုံးနီးပါးမှာ ရွှေအဆင်းဖြစ်နေသည်။ ထိုမြို့တွင် ပတ်ဝန်းကျင်ရှိ အခြားအရာတိုင်းနှင့် ကွဲထွက်အောင် ပြုလုပ်နေသည့် အရှိန်အဝါကြီးမားသော အချက်တစ်ချက်ရှိသည်။ ၎င်းမှာ မြေရိုင်းဒေသတစ်ခုလုံးကို ဖိနှိပ်နိုင်သည့်ပုံစံပင် ပေါ်နေသည်။

၎င်း၏ ပတ်ပတ်လည်ရှိ လေထုများပင်လျှင် ၎င်း၏တည်ရှိမှုကြောင့် ဖျက်ဆီးခံရသကဲ့သို့ဖြစ်နေပြီး ကောင်းကင်နှင့်ကမ္ဘာမြေကြီးရှိ အခြားအရာများနှင့် လုံးဝမတူညီသည့် အရာတစ်ခုကဲ့သို့ ဖြစ်နေသည်။ ၎င်းထံမှ စူးရှတောက်ပနေသည့် ရွှေရောင်အလင်းတန်းများကြောင့် မြို့တော်ကြီးမှာ ဧရာမရွှေရောင်နေလုံးကြီး သို့မဟုတ် တိမ်တိုက်ထဲရှိ ဧရာမရွှေရောင်ရဲတိုက်ကြီးတစ်ခု ကဲ့သို့ဖြစ်နေသည်။

၎င်းမှာ... ဗဟိုဧကရာဇ်မြို့၏ တော်ဝင်နန်းတော်ဖြစ်သည်။

တော်ဝင်နန်းတော်၏ ပတ်ပတ်လည်ရှိ လေထုထဲတွင် ကျွန်းကြီးရှစ်ကျွန်း ပျံဝဲနေပြီး ၎င်းတို့ကို တိမ်တိုက်များနှင့် သက်တံ့များက ဖုံးအုပ်ထားသည်။ ထိုအရာများမှာ တော်ဝင်နန်းတော်ကို ပြင်ပရန်များမှာ ကာကွယ်ပေးရန် အသင့်ဖြစ်နေသည့် အစောင့်တပ်များကဲ့သို့ဖြစ်နေသည်။

ပိုင်ရှောင်ချန်း၏ အမြင်တွင် ထိုကျွန်းများပေါ်ရှိ သက်တံ့များမှာ ရှင်းကုံကျစ်တာအိုဂိုဏ်းမှ သက်တံ့များထက် များစွာသာလွန်နေသည်။ ရှင်းကုံကျစ်တာအိုဂိုဏ်းတစ်ခုလုံးတွင် သက်တံ့အဆောက်အဦတစ်ခုသာရှိသည်ဖြစ်ပြီး ယခုတွင်မူ ကျွန်းတစ်ကျွန်းစီတွင် တစ်ခုစီရှိနေသည် မဟုတ်ပါလော။

ထို့အပြင် ထိုကျွန်းများမှာ မြို့တော်ကို ကာကွယ်ပေးနေသည့် ခုခံမှုစနစ်ထဲမှ တစ်စိတ်တစ်ပိုင်းသာ ရှိသေးသည်။

ရွှေရောင်ချပ်ဝန်တန်ဆာများဝတ်ဆင်ထားသည့် မရေမတွက်နိုင်သော ဝိညာဥ်ကျင့်ကြံသူများမှာ ကင်းလှည့်နေကြသဖြင့် ဗဟိုဧကရာဇ်မြို့ကြီးကို မြင်ရသည်မှာ အလွန်အံ့သြမှင်တက်ဖွယ်ကောင်းနေတော့သည်

ပိုင်ရှောင်ချန်းမှာ သူ၏ဘဝတစ်လျှောက်တွင် မြို့တော်များကို အတော်အသင့်မြင်တွေ့ခဲ့ဖူးသည်။ ရှင်းကုံကျစ်တာအိုဂိုဏ်းအပါအဝင် အခြားအရာများအားလုံးနှင့် ယှဥ်လိုက်ပါက ဤ ဗဟိုဧကရာဇ်မြို့မှာ လုံးဝမတူညီသည့် အဆင့်အတန်းတစ်ခုတွင် ရှိနေသည်။

ရုတ်တရက် ပိုင်ရှောင်ချန်းမှာ ကမ္ဘာကြီးကို အနည်းငယ်ပို၍ နားလည်လာသည့်အလားခံစားလိုက်ရသည်။ ထို့အပြင် သူသည် မြို့တော်၏ အရှေ့၊အနောက်၊တောင်၊မြောက်တို့တွင် စခန်းချထားသည့် မြေရိုင်းကျင့်ကြံသူများစွာဖြင့် ပြည့်နှက်နေသော စစ်တပ်လေးတပ်ကို မလေ့လာရသေးပေ။

စစ်တပ်တစ်တပ်စီ၏ အထက်တွင် ကိုယ်စားပြု အောင်လံတံခွန် တစ်ခုစီရှိသည်။ ထိုထဲမှ တစ်ခုမှာ တိုက်ပွဲသုံး အစိမ်းရောင်ပုဆိန်ကြီးတစ်လက်ဖြစ်ပြီး သောကကင်းဝေးကိုးသွယ်မြို့ကို ကိုယ်စားပြုနေသည်။ မည်သည့်သင်္ကေတမှ မပါသည့် သွေးရောင်အောင်လံတံခွန်ရှိပြီး ၎င်းမှာ စစ်အောင်မြို့ကို ကိုယ်စားပြုသည်။

ဝိညာဥ်ခရီးမြို့၏ သင်္ကေတဖြစ်သော ကောင်းကင်နှင့် ကမ္ဘာမြေကြီးရှိ အရာအားလုံးကိုထွင်းဖောက်မြင်နေနိုင်သည့် ရက်စက်ကြမ်းကြုတ်ဖွယ် မျက်လုံးကြီးတစ်လုံးပါဝင်သော အောင်လံတံခွန်မှာမူ လေထဲတွင် တလူလူလွင့်နေသည်။ နောက်ဆုံး အောင်လံတံခွန်မှာ သရဲကြီးမြို့တော်၏ အောင်လံတံခွန်ဖြစ်ပြီး ၎င်းပေါ်တွင် သရဲကြီးသင်္ကေတကို မြင်နိုင်သဖြင့် အလွယ်တကူ သိနိုင်သည်။ ထိုသရဲကြီးမှာ ရက်စက်ကြမ်းကြုတ်ဖွယ် အမူအရာကြီးဖြင့် ၎င်း၏လက်များကို ဖြန့်ကားထားပြီး ကောင်းကင်ကို ဆွဲဖြဲချင်နေသည့်ပုံစံ ပေါက်နေသည်။

" အဲဒီတော့... ဒါက စစ်တပ်လေးတပ်ပေါ့ " ပိုင်ရှောင်ချန်းက ဂယောင်ခြောက်ခြား တွေးလိုက်သည်။ ရုတ်တရက် သူသည် ရန်သူ၏ ဌာနချုပ်များထဲတွင်ရောက်နေသည် ဖြစ်ကြောင်း သိလိုက်ရ၍ စိုးရိမ်သွားတော့သည်။

" ငါသာပိုင်ရှောင်ချန်းဆိုတာကို သူတို့သိသွားရင် ဘာများဖြစ်ကုန်မလဲ "

သူက သိချင်နေသည်။ ထိုအတွေးလေးတစ်ခုထဲကြောင့်ပင် သူ၏မျက်နှာမှာ ဖြူဆုတ်သွားရသည်။ ထိုအချိန်တွင် သူသည် တစ်စုံတစ်ခုကို မမြင်ခဲ့ရကြောင်း သတိထားမိလိုက်သဖြင့် ကောင်းကင်ပေါ်ရှိ တိမ်တိုက်များထဲသို့ မော့ကြည့်လိုက်သည်။ ရုတ်တရက် နဂါးတစ်ကောင်၏ ဧရာမဦးခေါင်းကြီးတစ်လုံးမှာ တိမ်တိုက်များထဲမှ အောက်သို့ကျဆင်းလာပြီး နှုတ်ခမ်းမွှေးများမှာ လေထဲတွင် လွင့်ကာ ပိုင်ရှောင်ချန်းအား အေးစက်စွာ စိုက်ကြည့်လိုက်တော့သည်။ အနည်းငယ်ကြာသောအခါ ၎င်း၏ ဦးခေါင်းမှာ တိမ်တိုက်များထဲသို့ ပြန်ဝင်သွားသည်။

" နဂါးတစ်ကောင်ပါလား " သူက မျက်လုံးပြူးသွားသည်။ ထို့နောက် သူသည် တိမ်တိုက်များအတွင်းတွင် နဂါးကြီး၏ ရှည်မျောမျောပုံစံကြီးတစ်ခု ရစ်ပတ်နေသည့်ပုံရိပ်နှင့် ၎င်း၏ ကြောက်မက်ဖွယ် လက်သည်းများကို မြင်လိုက်ရသည်။ ဘေးနားတွင်မူ နယ်စားကြီးသေမင်းအော်သံမှာ အေးစက်စက်နှာမှုတ်လိုက်ပြီး မည်သည့်စကားမှ ဝင်မပြောပေ။ သူက ဗဟိုဧကရာဇ်မြို့ကိုသာ ကြည်ညိုလေးစားမှုအပြည့်ဖြင့် ကြည့်နေသည်။

ဤနေရာမှာ မြေရိုင်းဒေသ၏ အချက်အချာဖြစ်သည်။

နယ်စားကြီးသေမင်းအော်သံ မှာ နတ်အဆင့်ကျင့်ကြံသူတစ်ယောက်ဖြစ်၍ ကိစ္စရေးရာများကို ပိုင်ရှောင်ချန်းထက် ပို၍နားလည်သည်။ အပြင်ပန်းတွင် မြင်နေရသည်မှာ ဗဟိုဧကရာဇ်မြို့၏ တစ်စိတ်တစ်ပိုင်းသာဖြစ်ကြောင်း သူကသိသည်။ မြေအောက်တွင် များစွာ ရှိသေးသည်။ လွင်ပြင်အထက်သို့မြင့်တက်နေသည့် အစိတ်အပိုင်းများထက် ဆယ်ဆတိတိ ပို၍ကြီးသော တတိယမြို့တော်တစ်ခု မြေအောက်တွင်ရှိနေသည်။

" အထက်မြို့သုံးမြို့ " သူက တစ်ကိုယ်ထဲရေရွတ်လိုက်သည်။

" အလယ်မြို့သုံးမြို့ နဲ့ အောက်မြို့သုံးမြို့၊ သူတို့က ဒဏ္ဍာရီလာ ကောင်းကင်ဘုံကိုးခုကို ရည်ရွယ်ပြီး ဖန်တီးထားတာတဲ့ "

အတိတ်တွင်သာ ရှိခဲ့သော ဗဟိုဧကရာဇ်မြို့အစစ်ကို သူလုံးဝမမြင်ဖူးပေ။ ရွှေခေတ်တုံးကဆိုလျှင် ဗဟိုဧကရာဇ်မြို့သည် ကမ္ဘာကြီးကို လွှမ်းမိုးနိုင်သည့် ကောင်းကင်ဘုံကိုးခု အစုအဝေးတစ်ခုနှင့် တူနေသည်။

သို့သော် ကောင်းကင်တံတားဒေသ နာမည်ကျော်ကြားလာပြီးနောက် ဗဟိုဧကရာဇ်မြို့တော်မှာ ဆုတ်ယုတ်လာခဲ့သည်။ ထို့နောက် ကောင်းကင်နှင့် ကမ္ဘာမြေကြီးတို့ကိုပင် ထက်ခြမ်းကွဲသွားစေနိုင်သည့် မဟာစစ်ပွဲကြီးတစ်ခု ဖြစ်ပွားခဲ့သည်။ ထိုစစ်ပွဲအပြီးတွင် ကောင်းကင်တံတားဒေသမှာ ဗဟိုဧကရာဇ်မင်းဆက်ကို အစားထိုးကာ ကောင်းကင်တံတားပင်လယ်၏ အလယ်ဗဟိုရှိ ကျွန်းကိုသိမ်းပိုက်လိုက်တော့သည်။

ဗဟိုဧကရာဇ်မြို့တော်မှာမူ ထိုစစ်ပွဲအတွင်း အောက်မြို့သုံးမြို့မှာ ပျက်ဆီးသွားပြီး အလယ်မြို့သုံးမြို့မှာ ချေမှုန်းခံလိုက်ရသည်။ အထက်မြို့သုံးမြို့သာ ကျန်ခဲ့ရပြီး ၎င်းတို့မှာ အသက်လု၍ ဤနေရာသို့ဆုတ်ခွာကာ အားအင်အပြည့်ပြန်ဖြစ်ရန် ယနေ့အထိ စောင့်နေခဲ့ရသည်။

လက်ရှိတွင် အထက်မြို့နှစ်မြို့ကိုသာ မြေပြင်အထက်တွင်မြင်နိုင်ပြီး တတိယမြို့မှာမူ မြေအောက်တွင်နစ်မြုပ်ကာ အပေါ်သို့ တက်မလာနိုင်ပေ။

အဆုံးတွင် နယ်စားကြီးသေမင်းအော်သံ က ဗဟိုဧကရာဇ်မြို့မှ အကြည့်ကိုခွာလိုက်ပြီး သရဲကြီးတပ် စခန်းချထားရာနေရာဖြစ်သည့် မြို့အနောက်ပိုင်းသို့ ပိုင်ရှောင်ချန်းအား ခေါ်သွားတော့သည်။

မကြာမီ သူတို့သည် စခန်း၏ ဝင်ပေါက်သို့ရောက်ရှိသွားသည်။ နယ်စားကြီးသေမင်းအော်သံမှာ ဤနေရာတွင် ဆက်မရှိလိုသဖြင့် သူ၏ အင်္ကျီလက်ကိုဝှေ့ယမ်းကာ ပိုင်ရှောင်ချန်းအား သရဲကြီးစစ်သင်္ဘောပေါ်မှချ၍ ပင်မအပေါက်ဆီသို့ ပို့လိုက်လေသည်။

ထို့နောက် ကျောက်သားပမာ ခက်ထန်မာကျောနေသည့်လေသံဖြင့် ဆိုလိုက်သည်။

" အရှင်မင်းမြတ် ပေးခဲ့တဲ့တာဝန် ငါကျေပြီ။ အခုတော့ မင်းတစ်ယောက်ထဲနေခဲ့တော့၊ ပိုင်ဟောက် "

ထို့နောက် သူက မည်သို့မျှဆက်မပြောပဲ သရဲကြီးစစ်သင်္ဘောကို နောက်သို့လှည့်ကာ ဗဟိုဧကရာဇ်မြို့ထဲသို့ ဝင်သွားတော့သည်။ သူ့မှာ သူ၏ကိုယ်ပိုင်ကိစ္စရေးရာများ ရှိနေမည်မှာ အမှန်ပင်။ ထို့အပြင် သူသည် သရဲကြီးမြို့တော်သို့ သင်္ဘောအကြာကြီးစီးကာ ပြန်မည်မဟုတ်ပဲ တည်နေရာရွှေ့ပြောင်းခြင်းဝင်ပေါက်မှ ပြန်မည်သာဖြစ်သည်။

နယ်စားကြီးသေမင်းအော်သံ၏ ရောက်ရှိလာမှုကြောင့် သရဲကြီးတပ်မှာ လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားရသည်။ အလင်းတန်းများက ပင်မအပေါက်ဝဆီသို့ ချက်ချင်းပင် ပျံသန်းကာရောက်လာကြပြီး ထိုနေရာတွင် စခန်းချထားသည့် ဝိညာဥ်ကျင့်ကြံသူ အဖွဲ့နှစ်ဖွဲ့မှာ အဝေးသို့ထွက်သွားသည့် သရဲကြီးစစ်သင်္ဘောထံမှ အကြည့်ကို ပိုင်ရှောင်ချန်းဆီသို့ လွှဲလိုက်ကြသည်။

" ဘယ်သူလဲဟေ့ "

သူတို့ထဲမှတစ်ယောက်က ခြိမ်းခြောက်သည့်လေသံဖြင့် လှမ်းမေးလိုက်သည်။ ဤအစောင့်များတွင် ကြောက်မက်ဖွယ် သတ်ဖြတ်လိုသည့် အငွေ့အသက်များ ရှိနေကြသဖြင့် ကြမ်းကြုတ်သောတိုက်ပွဲများစွာနှင့် ကြုံခဲ့ရသည့် သူများဖြစ်နေသည်မှာ အသေအချာပင်။

ပိုင်ရှောင်ချန်းမှာ မျက်တောင်တဖျတ်ဖျတ်ခတ်ကာ ထွက်ခွာသွားသည့် နယ်စားကြီးသေမင်းအော်သံ ကိုကြည့်လိုက်ပြီးနောက် စစ်တပ်စခန်း၏ ပင်မဝင်ပေါက်ဘက်သို့ ပြန်လှည့်လိုက်သည်။ သူက ငိုမဲ့မဲ့ဖြင့် ဤနေရာအထိရောက်လာမှတော့ ရှေ့သို့သာဆက်လျှောက်မည်ဖြစ်ကြောင်း ဆုံးဖြတ်လိုက်သည်။

" ငါမျက်နှာအပျက်ခံစရာအကြောင်း လုံးဝမရှိဘူး " သူကတွေးလိုက်သည်။

" ငါက ဒီနေရာမှာလည်း ဆရာကြီးပဲကွ။ သရဲကြီးဘုရင်က သူ့သမီးကိုငါနဲ့ ထိမ်းမြားပေးမှာ "

ထိုသို့တွေးလိုက်ပြီး စောစောက သူ့အား အော်ခေါ်လိုက်သည့် ပင်မအပေါက်ဝမှ အစောင့်ကို လှမ်းကြည့်လိုက်သည်။ ထို့နောက် မေးငေါ့ကာ အတတ်နိုင်ဆုံး နက်နဲသည့်ပုံစံ ဖမ်းလိုက်တော့သည်။

သူ၏ အမှတ်အသားဆွဲပြားကိုထုတ်ကာ လက်နှစ်ဖက်ကို နောက်ပစ်၍ ဝင့်ကြွားစွာဆိုလိုက်လေသည်။

" ငါက သရဲကြီးမြို့တော်က မဟာအမှုဆောင်ချုပ်နဲ့ စစ်ဆေးရေးအရာရှိ ပိုင်ဟောက်ပဲ။ ဒီမှာ ငါ့အမှတ်အသားဆွဲပြား။ ငါ့ကို မင်းတို့ရဲ့တပ်မှူးကြီး ဆီမြန်မြန်ခေါ်သွားကွာ။ သူက ငါ့ဇနီးလောင်းပဲ "

All Chapters