← Chapters

ပြန်လည်ဆုံတွေ့သောအခါဝယ်

Vol. 8 Ch. 714

ပြန်လည်ဆုံတွေ့သောအခါဝယ်

Vol. 8 Ch. 714

ပိုင်ရှောင်ချန်းမှာ ပြိုင်ဘက်ကင်း လက်ရွေးစင်တစ်ယောက်အလား လက်နှစ်ဖက်နောက်ပစ်ကာ ဝင့်ကြွားစွာ ရပ်နေတော့သည်။ သူ၏အမူအရာမှာ သူသာဆန္ဒရှိပါက စစ်တပ်စခန်းတစ်ခုလုံးကို ချေမွပစ်၍ရသည်ဟူသော ပုံစံပေါက်နေသည်။

ပင်မအပေါက်ဝကို စောင့်နေသည့် ကျင့်ကြံသူအဖွဲ့နှစ်ဖွဲ့မှာ အံ့အားသင့်သွားကြပြီး မည်သို့တုံ့ပြန်ရမည်ကိုပင် မသိတော့ချေ။ သူ့စကားလုံးများ၏ ပထမအပိုင်းကို သူတို့က အထင်မကြီးပါသော်လည်း နောက်ဆုံးအပိုင်းကြောင့် သူတို့မှာ တအံ့တသြနှင့် မှင်တက်သွားရသည်။ သူတို့မှာ ကျိုးကျစ်မိုနှင့်် သရဲကြီးဘုရင်အကြား ဆက်ဆံရေးကို မသိကြသော်လည်း သူတို့၏ ဘုရင်ဖြစ်နေဆဲ မဟုတ်ပါလော။ သူစေလွှတ်လိုက်သည့် လူတစ်ယောက်က ဤသို့စကားများ ပြောနေသည့်အချက်မှာ အလွန်အံ့အားသင့်စရာပင်ဖြစ်သည်။

" တပ်မှူးကြီးက သူ့ဇနီးလောင်း ဟုတ်လား "

" တကယ်ကြီးလား။ ဒီပိုင်ဟောက်က... ငါမှတ်မိပြီ။ သူက အရှင်မင်းမြတ်ရဲ့ ထိပ်တန်းအဆင့်အမှုထမ်းတွေထဲက တစ်ယောက်ပဲ... မဟုတ်မှလွဲရော သူက ဒီကောင့်ကို ဒီမင်္ဂလာကိစ္စနဲ့ ဆုချလိုက်တာများလား "

နယ်စားကြီးသေမင်းအော်သံ၏ ရုတ်တရုတ်ရောက်ရှိလာမှုကြောင့် အံ့အားသင့်နေရသည့် စွမ်းအားကြီးကျင့်ကြံသူများမှာလည်း ပိုင်ရှောင်ချန်း၏စကားကိုကြားလိုက်ရသဖြင့် အမူအရာပြောင်းလဲသွားကြသည်။ သူတို့မှာ မယုံကြည်နိုင်သည့် အမူအရာများဖြင့် ပိုင်ရှောင်ချန်းကိုကြည့်ကာ သူ၏ အမှတ်အသားဆွဲပြားကို စစ်ဆေးလိုက်သည်။ သူတို့၏မျက်နှာများပေါ်တွင် ထူးဆန်းနေသည့် အမူအရာများကိုမြင်နိုင်သော်လည်း သူတို့မှာ မနှောင့်ယှက်ရဲသဖြင့် ဤသတင်းကို အထက်သို့အလျင်အမြန်ပို့ကာ ရှေ့ဆက်လုပ်ရမည့် အမိန့်များကို တောင်းခံလိုက်သည်။

ပိုင်ရှောင်ချန်းမှာ သူ၏စကားအပေါ် တုံ့ပြန်မှုများကို သဘောကျကျေနပ်နေပြီး သူ စစ်ဦးစီးမှူးတစ်ယောက်ဖြစ်ခဲ့သည့်အချိန်များကြောင့် သာမန်လူများထက်ပို၍ သြဇာလွှမ်းမိုးနိုင်စွမ်းရှိသည့် စကားလုံးများကို သုံးတတ်လာကြောင်း တွေးကာကျေနပ်နေတော့သည်။ သူ့ကိုယ်သူ ဂုဏ်ယူနေသဖြင့် ချောင်းပင်ဟန့်လိုက်သေးသည်။

" ကောင်းပြီ။ ငါအထဲကို ဝင်လာပြီနော် "

သူရှေ့သို့ ခြေလှမ်းလှမ်းလိုက်သောအခါ သရဲကြီးတပ်မှ ဝိညာဥ်ကျင့်ကြံသူများမှာ တစ်ယောက်ကိုတစ်ယောက် ကြောင်အမ်းအမ်း ကြည့်လိုက်ကြသော်လည်း သူ့ကို မတားရဲကြပေ။ သို့သော် သူခြေတစ်လှမ်းထက်ပင် ပိုမလှမ်းရသေးခင်မှာပင် စခန်း၏ အလယ်တစ်နေရာမှ အလင်းတန်းတစ်ခုမှာ ဝင်ပေါက်ဆီသို့ ရောက်ရှိလာပြီး မိန်းမပျိုတစ်ယောက်အသွင်ပြောင်းလဲသွားသည်။

သူမ ရောက်လာသောအခါ ဘေးနားရှိ တပ်သားများမှာ စိတ်သက်သာရသွားသည့််အလား သက်ပြင်းချလိုက်တော့သည်။

သူမ၏ရုပ်ရည်သွင်ပြင်အရ အသက်ကြီးသေးဟန်မတူလဲ အမြုတေအဆင့် ကျင့်ကြံခြင်းအခြေခံတစ်ခုကို ပိုင်ဆိုင်ထားသည်။ သူမသည် အလွန်ချောမောပြီး နှင်းပွင့်များပမာ ဖြူဆွတ်နေသည့် အသားအရေနှင့် စူးရှတောက်ပနေသည့် မျက်ဝန်းများ ကိုပိုင်ဆိုင်ထားသည်။ သူမသည် ရှိန်စရာကောင်းပြီး တချိန်ထဲမှာပင် ဆွဲဆောင်မှု ရှိနေသည်။ သူမ၏ ကောက်ကြောင်းအလှများကို ထင်ပေါ်စေသည့် ချပ်ဝတ်တန်ဆာကို ဆင်မြန်းထားရာ ပို၍ စွဲမက်ဖွယ်ကောင်းနေသည်။

သူမက ကျိုးကျစ်မိုဖြစ်နေမည်လားဟုတွေးကာ ချက်ချင်းပင် ပိုင်ရှောင်ချန်း၏မျက်နှာဝင်းလက်သွားသည်။ သို့သော် သူမ၏ ကျင့်ကြံခြင်းအခြေခံကြောင့် မဖြစ်နိုင်ပေ။ သူမကို ခေါင်းအစခြေအဆုံး ကြည့်လိုက်ပြီးနောက် သူက တစ်စုံတစ်ရာပြောရန် ပြင်လိုက်စဥ်မှာပင် သူမက အမူအရာမပျက် ဆိုလိုက်သည်။

" ကျွန်မနဲ့လိုက်ခဲ့။ တပ်မှူးကြီးက ရှင့်ကိုတွေ့ချင်လို့တဲ့ "

သူမ၏လေသံတွင် ရိုသေလေးစားသည့် အရိပ်အငွေ့များ မရှိသလောက်နည်းပါးပြီး စကားဆုံးသောအခါ နောက်သို့လှည့်ကာ စခန်းဆီသို့ ပြန်၍ဦးတည်သွားသည်။ သူမထွက်သွားသောအခါ ပိုင်ရှောင်ချန်းမှာ သူမ၏ စွဲမက်ဖွယ်ကောင်းသော ကိုယ်လုံးကိုယ်ပေါက်ကို နောက်ထပ်တစ်ကြိမ် ချီးကျူးမိလိုက်ပြန်တော့သည်။

" သြော် သူက ကျိုးကျစ်မို မဟုတ်ဘူးပဲ။ ဟမ့်၊ ဇတော့အတော်ရှိသားပဲ "

သူ့အားကြိုဆိုမှုကို သူက သဘောမကျသေးပေ။ မည်သည့်အခြေအနေပင်ဖြစ်စေကာမူ သူသည် သရဲကြီးမြို့တော်၏ နာမည်ကျော် အမှုဆောင်ချုပ်ဖြစ်သည် မဟုတ်ပါလော။ သို့သော် ပိုင်ရှောင်ချန်းမှာ အပြစ်မရှိ အပြစ်ရှာတတ်သည့်လူစားမျိုးမဟုတ်သဖြင့် အေးစက်စက် နှာမှုတ်လိုက်ပြီး ထိုမိန်းမပျိုလေးနောက်မှ လိုက်သွားတော့သည်။

သူသည် လမ်းတစ်လျှောက်တွင် သရဲကြီးဘုရင်၏ လျှို့ဝှက်ဆန်းကြယ်သော သမီးမှာ မည်သို့ပုံစံရှိနေမည်ကို ပုံဖော်ကြည့်နေတော့သည်။ ဘုရင်၏ပြောစကားအရဆိုလျှင် သူမသည် ချင်းမေ့ယွမ်ထက်ပင် ပို၍ အံ့သြဖွယ်ကောင်းနေသည်။

" သူသာ လိမ်နေတာဆိုရင်တော့ ဗဟိုဧကရာဇ်မြို့ကနေ ထွက်ခွာဖို့အကြောင်းရှာပြီး သရဲကြီးမြို့တော်ကို ပြန်ရမှာပဲ "

သူက ထိုသို့ဆုံးဖြတ်လိုက်ပြီး ထိုမိန်းမပျိုလေးနောက်မှလိုက်ကာ စခန်းထဲသို့လိုက်သွားတော့သည်။ သူသည် ဘေးဘီဝဲယာသို့ ကြည့်လိုက်သောအခါ ငေါ့တော့တော့အမူအရာများဖြင့် သူ့ကိုကြည့်နေကြသည့် လူအနည်းငယ်ကိုမြင်လိုက်ရသည်။ သူတို့မှာ တစ်ယောက်နားတစ်ယောက်ကပ်ကာ တီးတိုးပြောနေကြသည်။

" အဲဒါဘယ်သူလဲ။ တပ်မှူးကြီး ရဲ့ အနီးကပ်သက်တော်စောင့်ကိုယ်တိုင် သူ့ကိုလမ်းပြပေးနေရတာ ငါ့ဖြင့်မယုံနိုင်ဘူး "

"ငါအပြင်ကနေ သတင်းနည်းနည်းကြားထားတယ်ကွ။ ဒီကောင်က တပ်မှူးကြီး ရဲ့ ခင်ပွန်းလောင်းဆိုပြီး သူ့ကိုယ်သူ မိတ်ဆက်ထားတာဆိုလားပဲ "

" ဘာကြီး "

ထိုတီးတိုးစကားသံများက သူ၏နားထဲသို့ရောက်လာသောအခါ ပိုင်ရှောင်ချန်းမှာ သူ့ကိုယ်သူ ပို၍ပင်ဂုဏ်ယူလာတော့သည်။ တပ်စခန်းကိုဖြတ်၍လျှောက်လာပြီး အချိန်အနည်းငယ်ကြာသောအခါ ဤနေရာမှာ အတော်ကြီးမားကြောင်း သိလိုက်ရသည်။ သူ၏မှန်းဆချက်အရဆိုလျှင် ဤနေရာတွင် တပ်ချနေသည့် တပ်သားပေါင်း တစ်သန်းဝန်းကျင်ရှိနေမည်ဖြစ်သည်။ အရပ်မျက်နှာတိုင်းတွင် ရွက်ဖျင်တဲများက အဆုံးမဲ့လောက်အောင် စီတန်းနေသည်။

ဤစခန်း၏ ခက်ထန်ကြမ်းတန်းသော ခံစားချက်ကြီးတစ်ခုကြောင့် ပိုင်ရှောင်ချန်းမှာ မဟာတံတိုင်းအကြောင်းကို ပြန်တွေးနေမိသည်။

မိန်းမပျိုလေးက စခန်းကိုဖြတ်၍ သူ့ကို အလျင်အမြန် ခေါ်ဆောင်သွားနေစဥ် ပိုင်ရှောင်ချန်း၏ရင်ထဲတွင် သူ၏ဘေးရှိလူအချို့မှာသူနှင့် ရင်းနှီးနေသည့်အလား ထူးဆန်းသောခံစားချက်ကြီးတစ်ခု ဖြစ်ပေါ်လာတော့သည်။ သို့သော် မိန်းမပျိုလေးမှာ သူ့အား စခန်းအလယ်ရှိ အနီရောင်ရွက်ဖျင်တဲတစ်ခုဆီသို့ ခေါ်ဆောင်သွားသဖြင့် ထိုအခြေအနေကို တွေးတောနေရန် အချိန်မရှိလိုက်ပေ။

ထိုတဲမှာ မီတာသုံးရာကျယ်ဝန်းပြီး ညနေခင်းအချိန်ရောက်နေပြီဖြစ်၍ တလက်လက်တောက်ပနေသည့် မီးတုတ်များဖြင့် အလင်းပေးထားသည်။

ထိုတဲကို အစောင့်များထူထပ်စွာချထားပြီး ထိုနေရာတစ်ဝိုက်မှာ အန္တရာယ်များသော အငွေ့အသက်များ ထုတ်လွှတ်နေသည့်အလား အစောင့်အားလုံး၏မျက်နှာ အမူအရာများမှာ အသက်မဲ့နေကြသည်။ ပိုင်ရှောင်ချန်းနှင့် သက်တော်စောင့်တို့ အနားသို့ရောက်လာသည့်အချိန်မှာပင် သူတို့၏အကြည့်မှာ ပြောင်းလဲမသွားပဲ ပိုင်ရှောင်ချန်းကို ဂရုပင်မစိုက်သည့်အလား အေးစက်နေဆဲဖြစ်သည်။ ပိုင်ရှောင်ချန်းသာ အနည်းငယ် ကို့ရို့ကားယား ထလုပ်ပါက သူတို့မှာ ချက်ချင်းပင်တိုက်ခိုက်ကြမည်သာဖြစ်သည်။

ထိုအချိန်တွင် သူ၏နှလုံးသားမှာ အနည်းငယ် တုန်ရီသွားရသည်။ သူသည် စခန်းကို အလောတကြီးဖြတ်လာရသော်လည်း ဤနေရာတွင် စွမ်းအားကြီးကျင့်ကြံသူ အမြောက်အမြားရှိကြောင်း အာရုံခံနိုင်သည်။ သူသိသလောက်ဆိုလျှင် အချို့မှာ နတ်အဆင့်သို့ ရောက်လုဆဲဆဲပင် ဖြစ်နေပြီဖြစ်သည်။ သို့သော် သူသည် အနီရင့်ရောင် အမိန့်ပေး ရွက်ဖျင်တဲထဲမှ မည်သည့် အငွေ့အသက်ကိုမှ မခံစားမိပေ။ သူအနီးသို့ရောက်လာချိန်တွင် အတွင်းထဲမှ အေးစက်စက် နှာမှုတ်သံတစ်သံကို သူ ကြားလိုက်ရသည်။

" အခုထိသူ့ကို ရှာမတွေ့ကြသေးဘူးလား "

ထိုအသံမှာ မိန်းမတစ်ယောက်က အံကြိတ်ကာ ကြိမ်းဝါးနေသည့်အသံဖြစ်သည်။ သူမသည် ကောင်းကင်နှင့် ကမ္ဘာမြေကြီးထက် သာလွန်နေသည့်အလား အံ့သြဖွယ်ကောင်းနေသည်။ လေထု၏ တုန်ရီနေမှုကြောင့် ပိုင်ရှောင်ချန်၏တစ်ကိုယ်လုံးသို့ ကြောက်ရွံ့မှုများ ပျံ့နှံ့သွားရတော့သည်။

" ဒီအငွေ့အသက်က... နတ်အဆင့်ကျင့်ကြံသူ တစ်ယောက်ဆီကပဲ "

ထိုအငွေ့အသက်ကို သူက ရင်းနှီးနေသည်ဟု ခံစားနေရသည်။ သူ များစွာ မတွေးတောနိုင်ခင်မှာပင် ထစ်ချုန်းသံတစ်သံပေါ်ထွက်လာပြီး တဲထဲမှ ရုပ်ထုတစ်ခု ပျံထွက်လာတော့သည်။

ထိုရုပ်ထုမှာ လူတစ်ယောက်၏ ရုပ်ထုဖြစ်ပြီး တဲအပြင်သို့ ထွက်လာချိန်တွင် အစိတ်စိတ်မြွှာမြွှာ ကွဲအက်နေပြီဖြစ်သည်။ သို့သော် ၎င်း၏ ဦးခေါင်းပိုင်း အများစုမှာ အကောင်းပတိအတိုင်းရှိသေးပြီး ထိုဦးခေါင်းမှာ မြေပြင်ပေါ်တွင် လိမ့်ကာ ပိုင်ရှောင်းချန်း၏ ခြေထောက်နားသို့ ရောက်လာတော့သည်။

သူက ထိုဦးခေါင်းကို ငုံ့ကြည့်လိုက်သောအခါ မျက်လုံးများပြူးကျယ်သွားရပြီး ကြက်သီးမွေးညင်းများ ထလာတော့သည်။

အကောင်းပတိအတိုင်း ရှိနေသေးသည့် ဦးခေါင်း၏အစိတ်အပိုင်းများမှာ သူ၏ဦးခေါင်းနှင့် အလွန်တူနေသည်။ ၎င်းမှာ ပိုင်ဟောက်၏ မျက်နှာမဟုတ်ဘဲ သူ့သရုပ်အမှန် ပိုင်ရှောင်ချန်း၏ မျက်နှာဖြစ်ပေသည်။

" ဒါ ဒါ "

သူက ရေရွတ်လိုက်တော့သည်။

သူ့အတွေးများကို ပြန်လည်မစုစည်းနိုင်ခင်မှာပင် ထိုအမျိုးသမီး၏ အသံကို တဲထဲတွင် ထပ်မံကြားလိုက်ရသည်။

" ဆက်ရှာစမ်း။ အဲဒီသောက်ကျိုးနည်း ပိုင်ရှောင်ချန်းကို ရှာမတွေ့နိုင်ဘူးဆိုတာ ငါမယုံဘူး "

ပိုင်ရှောင်ချန်းမှာ တုန်ရီသွားပြီး သူ၏မျက်နှာပေါ်တွင် မယုံကြည်နိုင်သည့် အမူအရာတစ်အခု ပေါ်ပေါက်လာတော့သည်။ သူခံစားနေရသော အငွေ့အသက်ကြောင့်ဖြစ်စေ၊ သူကြားနေရသည့်အသံကြောင့်ဖြစ်စေ ထိုအမျိုးသမီးမှာ မည်သူဖြစ်ကြောင်း ယခုအချိန်အထိ သူ မမှတ်မိနိုင်လျှင် သူ၏မှတ်ဉာဏ် ချို့ယွင်းနေခြင်းသာ ဖြစ်လိမ့်မည်။

ထိုအမျိုးသမီးမှာ မည်သူမည်ဝါဖြစ်ကြောင်း သူကသေချာနေပြီဖြစ်သော်လည်း ယခုအထိ မယုံကြည်နိုင်သေးပေ။ သူက တုန်တုန်ရီရီနှင့် ရပ်နေစဥ်တွင် ထိုရွက်ဖျင်တဲမှာ ပွင့်သွားပြီး အခြားအမျိုးသမီး အစောင့်တစ်ယောက် ပေါ်ပေါက်လာသည်။ သူမသည် အရုပ်ဆိုးသောမျက်နှာထားဖြင့် ပိုင်ရှောင်ချန်းကို လျစ်လျှူရှုကာ ရုပ်ထု၏ ကြေမွနေသော အစိတ်အပိုင်းများကို ရှင်းလင်းကာ သိမ်းဆည်းနေတော့သည်။

သို့သော် တဲမှာရုတ်တရက်ပွင့်သွားသဖြင့် အထဲတွင်ထိုင်နေသည့် အမျိုးသမီးကို သူကမြင်လိုက်ရတော့သည်။ သူသည် သူမ၏မျက်နှာကိုမြင်လိုက်ရသောအခါ သူ့အတွင်းစိတ်ကို မိုးကြိုးအချက်ပေါင်း တစ်သန်းကျော်ပစ်ခတ်လိုက်သည့်အလား ခံစားလိုက်ရတော့သည်။

" သခင်မလေး ဟုန်ချိန် "

သူ၏ မျက်နှာမှာ စာရွက်တစ်ရွက်အလား ဖြူဆွတ်သွားပြီး ဒူးများပင်တုန်ရီလာတော့သည်။ ထိုတဲထဲတွင်ထိုင်နေသည့်မိန်းမပျိုသည်ကား သူ့စိတ်ထဲတွင် ထပ်ခါထပ်ခါကျိန်ဆဲခဲ့ပါသော၊ သင်္ချိုင်းဂူထဲတွင် သူနှင့်တိုက်ခိုက်ခဲ့သည့် သခင်မလေးဟုန်ချိန်ပင် ဖြစ်ပေသည်။

သရဲကြီးဘုရင်၏ သမီးမှာ သခင်မလေးဟုန်ချိန်ဖြစ်နေလိမ့်မည်ဟု သူကလုံးဝ မထင်ထားမိပေ။ ကျိုးကျစ်မိုမှာ သူမ၏နာမည်အရင်းဖြစ်ပြီး သခင်မလေးဟုန်ချိန်က သူမ၏တာအိုနာမည်ဖြစ်နေသည်မှာ အသေအချာပင်။

ထို့နောက် ဤနေရာရှိ လူများစွာအား ရင်းနှီးနေသည်ဟု ခံစားနေရသည့် အကြောင်းအရင်းကို သူ ရုတ်ချည်း နားလည်လိုက်တော့သည်။ သူတို့မှာ မဟာတံတိုင်းကြီး၏ စစ်ပွဲတွင်ပါဝင်ခဲ့သည့် အောက်လမ်းဆရာများနှင့် ဝိညာဥ်ကျင့်ကြံသူများပင် ဖြစ်သည်။

သူသည် ထိုသူများထဲမှ အချို့ကို ကိုယ်တိုင်ကိုယ်ကျ တိုက်ခိုက်ခဲ့ဖူးပြီး အများစုမှာ သူ၏ ဝိညာဥ်စုစည်းဆေးလုံးများကြောင့် သူ့ကိုသေလောက်အောင် ကျိန်ဆဲခဲ့ကြသည်။

ထိုအထဲမှ အချို့ဆိုလျှင် သူ၏အဆင့်မြှင့်တင်ထားသော ကာမအားတိုးဆေးလုံးများကို စားသုံးမိခဲ့သည့် ဧရာမသားရဲကြီးများကြောင့် အရှက်ကြီးစွာရခဲ့ရသူများ ဖြစ်သည်။ ဤလူများမှာ ပိုင်ရှောင်ချန်းကို ဖော်ပြ၍မရနိုင်လောက်အောင် မုန်းတီးနေကြသူများ ဖြစ်သည်။

မြေရိုင်းဒေသတစ်ခုလုံးတွင် သူ့ကို ဤအဖွဲ့ထက်ပိုမုန်းသည့် လူမရှိနိုင်တော့ပေ။

သူ မဟာတံတိုင်းကြီးတွင် ရှိခဲ့စဥ်က မြေရိုင်းဒေသနှင့် ပတ်သတ်သည့် အချက်အလက်များကို မည်သည့်အကြောင်းကြောင့်မသိ အလွယ်တကူ ရှာ၍မရခဲ့ပေ။ စစ်ဦးစီးမှူးတစ်ယောက် ဖြစ်လာခဲ့သည့်နောက်မှာပင် မြေရိုင်းသားများက ရန်သူများဖြစ်သည်ဆိုသော အချက်ထက် ပို၍မသိခဲ့ရပေ။ သူရင်ဆိုင်ခဲ့ရသည့် တပ်ဖွဲ့များ၏ အသေးစိတ်အချက်အလက်များကို မသိခဲ့ရသလို ထိုတပ်ဖွဲ့များ မည်သည့်နေရာမှလာသည်ကိုလည်း မသိခဲ့ရပေ။

" ဘုရားရေ။ သရဲကြီးတပ်၊ သခင်မလေးဟုန်ချိန်၊ ဘုရားရေ၊ ငါဒီမှာ ဘာလုပ်နေတာတုံး။ သားရဲတွင်းထဲတော့ ကျပြီထင်ပါရဲ့ကွာ "

သူက စိတ်ထဲတွင် ငိုကြွေးကာ ဂယောင်ခြောက်ခြားဖြစ်နေပြီး နောက်သို့ တုန်တုန်ရီရီနှင့် တစ်လှမ်းဆုတ်လိုက်လေသည်။ သူ၏ခေါင်းထဲတွင် ပထမဆုံး ပေါ်လာသည့်အတွေးမှာ ဤနေရာမှ တတ်နိုင်သမျှ အမြန်ဆုံးထွက်ပြေးရန် ဖြစ်သည်။

သူ၏သရုပ်မှန်သာ ပေါ်သွားခဲ့ပါက ဖြစ်ပျက်လာမည့်အရာများကို တွေးမိလိုက်ရုံနှင့် သူ၏နှလုံးသားကို စိုးထိတ်မှုများက ဖုံးလွှမ်းသွားရတော့သည်။

သို့သော် သူ မည်သို့မျှမလုပ်နိုင်ခင်မှာပင် သခင်မလေးဟုန်ချိန်၏ အသံမှာ ပဲ့တင်ထွက်လာတော့သည်။

" အပြင်မှာ ကုပ်ချောင်းကုပ်ချောင်းလုပ်နေတာ ဘယ်သူတုံး "

ထိုအခါ ဘေးနားရှိ အစောင့်များ၏ အကြည့်မှာ ပိုင်ရှောင်ချန်းပေါ်သို့ ချက်ချင်း ကျရောက်လာပြီး သတ်ဖြတ်လိုသည့် အငွေ့အသက်များမှာ ပို၍ အားပြင်းလာတော့သည်။ အက်ကွဲနေသည့် ရုပ်ထုကြီးကို ရှင်းလင်းနေသည့် အမျိုးသမီးအစောင့်ပင် သူ့ကိုအေးစက်စက်မျက်ဝန်းများဖြင့် ကြည့်လိုက်တော့သည်။

ပိုင်ရှောင်ချန်းမှာ အော်ငိုချင်စိတ်များ ပေါက်လာပြီး လူအားလုံးက သူ့ကိုဝိုင်းကြည့်နေကြသဖြင့် မျက်နှာညှိုးငယ်လာတော့သည်။

" ဘာလုပ်ရပါ့၊ဘာလုပ်ရပါ့၊ သရဲကြီးဘုရင်ရာ၊ ခင်ဗျားကို ကျုပ်မုန်းပြီဗျာ "

သူက မည်သို့တုံ့ပြန်ရမည်မှန်း မသိသဖြင့် ကြောက်လန့်ကာ ရင်တဒိန်းဒိန်းနှင့် ရပ်နေတော့သည်။ ထို့နောက် သခင်မလေးဟုန်ချိန်၏ အေးစက်စက်အသံမှာ တဲထဲမှ ထွက်ပေါ်လာတော့သည်။

" သူ့ကိုအဝေးခေါ်သွားပြီး ကွပ်မျက်လိုက်ကြစမ်း "

All Chapters