ပဲခူးရိုးမ - ၄
Vol. 2 Ch. 4.1
“ကျနော် ဒီအထိ ရောက်လာခဲ့ပြီ။ အခုတော့ ပဲခူးရိုးမက အဲ့ဒီနေရာကို ကိုယ်တိုင်သွားကြည့်ဖို့ အချိန်တန်ပြီထင်တယ်”
ဒါက ဇင်မျိုးဝင်း ကျနော့်ကို ပြောခဲ့တဲ့ စကားပါ။
ကျနော် သူ့ကို တားဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ သူကတော့ သွားဖြစ်အောင် သွားခဲ့တာပါပဲ။
"ပဲခူးရိုးမက နေရာတစ်ခုအကြောင်း" ဆိုတဲ့ ဇာတ်လမ်းကတော့ ဒီနေရာမှာတင် ပြီးဆုံးသွားပါပြီ။
ကျနော် အခု ဇင်မျိုးဝင်း ကို ရှာဖို့ ကြိုးစားနေပါတယ်။ သူ့ကို ရှာဖွေရာမှာ အထောက်အကူဖြစ်စေမယ့် သတင်းအချက်အလက် တစ်စုံတစ်ရာ ရှိခဲ့ရင် ကျေးဇူးပြုပြီး ကျနော့်ဆီ ဆက်သွယ်ပေးကြပါခင်ဗျာ။
*****
ကျောင်းကခြောက်ခြားဖွယ်ရာပုံပြင်များ အခန်းဆက်
ကျောင်းကခြောက်ခြားဖွယ်ရာပုံပြင်များ၊ အတွဲ (၂)၊ "အခန်း ၁ - ကျောင်းက ဆန်းကြယ်မှု ခုနစ်ခု" မှ ကောက်နုတ်ချက် (၂၀၀၃ ခုနှစ်တွင် ပထမဆုံး ထုတ်ဝေခဲ့သည်):
• ဆန်းကြယ်မှု ကိုးခုရှိသော ကျောင်း ကျောင်းတော်တော်များများမှာ ဆန်းကြယ်မှု ခုနစ်ခု (သို့မဟုတ်) ထူးဆန်းမှု ခုနစ်မျိုး ရှိတတ်တယ်လို့ ပြောကြပေမဲ့ မူလတန်းကျောင်း တစ်ကျောင်းမှာတော့ ဆန်းကြယ်မှု ကိုးခုအထိ ရှိနေပါတယ်။ ဆန်းကြယ်မှုတွေရဲ့ အကျဉ်းချုပ် ဖော်ပြချက်တွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။
၁။ လှေကားက မှန်ချပ်ကြီး
စတုတ္ထတန်း၊ ပဉ္စမတန်းနဲ့ ဆဋ္ဌမတန်း ကျောင်းသားတွေ သုံးတဲ့ လှေကား အကွေ့ နံရံမှာ မှန်ချပ်ကြီး တစ်ချပ် ချိတ်ထားပါတယ်။ အဲ့ဒီမှာ ကျောင်းအုပ်ဟောင်းရဲ့ ဝိညာဉ်က ပေါ်လာတတ်ပြီး ဆရာ၊ ဆရာမတွေရဲ့ စကားကို နားမထောင်တဲ့ ကလေးတွေကို မှန်ထဲကို ဆွဲသွင်းသွားတတ်ပါတယ်။
၂။ ကနေတဲ့ အရုပ်ကြီး
သုံးထပ်က သိပ္ပံခန်းထဲမှာရှိတဲ့ လူခန္ဓာကိုယ် တည်ဆောက်ပုံပြ အရုပ်ကြီးဟာ ညတိုင်း ကနေတတ်ပါတယ်။ လွန်ခဲ့တဲ့ အချိန်အတော်ကြာတုန်းက ညဘက် ကျောင်းကင်းလှည့်ရတဲ့ ဆရာတစ်ယောက်ဟာ လော့ခ်ချထားတဲ့ သိပ္ပံခန်းထဲက အသံတွေကြားလို့ စင်္ကြံပြတင်းပေါက်ကနေ ချောင်းကြည့်လိုက်တဲ့အခါမှာတော့ အဲ့ဒီအရုပ်ကြီးက မြူးမြူးကြွကြွနဲ့ ကနေတာကို မြင်လိုက်ရတယ်လို့ ဆိုပါတယ်။
၃။ တာတေ
ကျောင်းမှာ ညမိုးချုပ်တဲ့အထိ နေတဲ့သူ ဘယ်သူမဆို တာတေ လို့ ခေါ်တဲ့ ကြောက်စရာကောင်းတဲ့ သရဲနဲ့ တိုးနိုင်ပါတယ်။ တာတေ ရဲ့ ရုပ်သွင်ကိုတော့ ဘယ်သူမှ မသိကြပါဘူး။ ဘာလို့လဲဆိုတော့ သူနဲ့တွေ့တဲ့သူမှန်သမျှ သေဆုံးသွားကြလို့ပါပဲ။
၄။ ရေကူးကန်ထဲက လက်ဖြူဖြူ
ဟိုးအရင်တုန်းက အတန်းကြီးကျောင်းသားတွေ သုံးတဲ့ ရေကူးကန်ထဲမှာ မိန်းကလေးတစ်ယောက် ရေနစ်သေဆုံးခဲ့ပြီး ကလေးတွေကို ရေအောက် ဆွဲနစ်စေတဲ့ သရဲမ ဖြစ်သွားခဲ့ပါတယ်။ နွေရာသီ ကျောင်းပိတ်ရက်မှာ ခွင့်ပြုချက်မရှိဘဲ ရေကူးကန် လာသုံးတဲ့ ကျောင်းသားတစ်ယောက်ရဲ့ ခြေထောက်ကို အဲ့ဒီသရဲမက လက်ဖြူဖြူကြီးနဲ့ လှမ်းဆွဲခဲ့ဖူးပါတယ်။
၅။ အလိုအလျောက် တီးနေတဲ့ စန္ဒယား
ကျောင်းခန်းမနောက်က ဖျော်ဖြေပွဲတွေမှာ သုံးတဲ့ စန္ဒယားဟာ တစ်ခါတလေ အလိုအလျောက် မြည်နေတတ်ပါတယ်။ အတိတ်တုန်းက ကျောင်းသူတစ်ယောက်ဟာ ကျောင်းဆင်းပွဲ အခမ်းအနားမှာ ကျောင်းသီချင်းကို တီးခတ်ဖို့ တာဝန်ပေးခံရပေမဲ့ ဘယ်လောက်ပဲ ကြိုးစားတီးပါစေ အဆင်မပြေခဲ့ပါဘူး။ အဲ့ဒီကျောင်းသူဟာ စိတ်ဆင်းရဲလွန်းလို့ ကိုယ့်ကိုယ်ကိုယ် သတ်သေသွားခဲ့ပြီး သူ့ရဲ့ ဝိညာဉ်က အခုထိ စန္ဒယားကို လေ့ကျင့်နေဆဲ ဖြစ်ပါတယ်။
၆။ အမျိုးသမီး ပန်းချီကား
ပန်းချီပစ္စည်း သိုလှောင်ခန်းထဲမှာ အမျိုးသမီးတစ်ယောက်ရဲ့ ပန်းချီကား ရှိနေပြီး ဘယ်သူဆွဲခဲ့မှန်း မသိကြပါဘူး။ အဲ့ဒီပန်းချီကားကို ကြည့်မိတဲ့သူဟာ အိပ်မက်ထဲမှာ အဲ့ဒီအမျိုးသမီးကို စတင်မြင်တွေ့ရပါတော့တယ်။ ဒါကြောင့်လည်း ပန်းချီသိုလှောင်ခန်းကို အမြဲ လော့ခ်ချထားပြီး ဘယ်သူမှ အထဲမဝင်ကြပါဘူး။
၇။ လေထဲက ခေါင်းပြတ်
ညဘက်ဆိုရင် ကျောင်းဝင်းထဲမှာ လေထဲမှာ ဝဲနေတဲ့ ခေါင်းပြတ်ကြီး လှည့်လည်သွားလာနေတတ်ပါတယ်။ တစ်ခါက ကျောင်းသားတစ်ယောက်ဟာ အိမ်စာစာအုပ်မေ့ကျန်ခဲ့လို့ ညဘက်ကြီး ကျောင်းကို ပြန်လာခဲ့တယ်။ သူက အဆောက်အအုံ နှစ်ခုကြားက မိုးလုံလေလုံ လျှောက်လမ်းအတိုင်း လျှောက်လာတုန်းမှာ ပါးစပ်ကြီးကို ဖြဲပြီး ပြုံးနေတဲ့ ခေါင်းပြတ်ကြီးက သူ့ဆီကို တရှိန်ထိုး ပျံသန်းလာခဲ့ပါတယ်။
၈။ ကျောင်းဆင်းချိန် လူသေခေါင်းလောင်းသံ
အသံလွှင့်ခန်းက အလိုအလျောက် အချက်ပေးခေါင်းလောင်းဟာ တစ်ခါတလေကျရင် ညနေ ၅ နာရီအတိမှာ မဟုတ်ဘဲ ၅ နာရီ ၃ မိနစ်မှာ မြည်တတ်ပါတယ်။ အဲ့ဒီအချိန်က ဟိုးအရင်တုန်းက ကျောင်းသားတစ်ယောက် ကိုယ့်ကိုယ်ကိုယ် သတ်သေသွားတဲ့ အချိန်ပါပဲ။ အဲ့ဒီခေါင်းလောင်းသံကို ကြားတဲ့သူဟာ သူကိုယ်တိုင်လည်း သေချင်စိတ်တွေ ပေါက်လာတတ်ပါတယ်။
၉။ ပြည့်စုံ
ပြည့်စုံ လို့ ခေါ်တဲ့ ကောင်လေးတစ်ယောက်ရဲ့ ဝိညာဉ်က ကျောင်းမှာ ခြောက်လှန့်နေတတ်ပါတယ်။ သူက ဘက်စုံသုံးခန်းက လိုက်ကာရိပ်တွေထဲမှာ ဒါမှမဟုတ် အိမ်သာရဲ့ နောက်ဆုံးအခန်းထဲမှာ ပုန်းနေတတ်ပြီး လူတွေကို သူ့ရဲ့ သူငယ်ချင်း လုပ်မလားလို့ လိုက်မေးတတ်ပါတယ်။ သင်က "မလုပ်ဘူး" လို့ပဲ ဖြေရပါမယ်။ ဘာလို့လဲဆိုတော့ အကယ်၍ သင်က သူ့သူငယ်ချင်း ဖြစ်သွားရင် သူက သင့်ကို စားပစ်မှာမို့လို့ပါ။
*****
ကျောင်းကခြောက်ခြားဖွယ်ရာပုံပြင်များ၊ အတွဲ (၆)၊ "အခန်း ၃ - ကျောင်းပတ်ဝန်းကျင်မှ ခြောက်ခြားဖွယ်ရာများ" မှ ကောက်နုတ်ချက် (၂၀၀၇ ခုနှစ်တွင် ပထမဆုံး ထုတ်ဝေခဲ့သည်):
• ခုန်နေသော အမျိုးသမီး
ဒါကတော့ စတုတ္ထတန်းကျောင်းသား T ရဲ့ ဇာတ်လမ်းပါ။ T ဟာ ညစာစားပြီးနောက် ဒုတိယထပ်က သူ့အခန်းထဲမှာ အိမ်စာလုပ်နေပါတယ်။ သူက ပြတင်းပေါက် အပြင်ဘက်ကို အမှတ်မထင် လှမ်းကြည့်လိုက်တဲ့အခါ တကယ့်ကို ကြောက်စရာကောင်းတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ မျက်နှာက ပေါ်လာလိုက် ပျောက်သွားလိုက် ဖြစ်နေတာကို မြင်လိုက်ရတယ်။ အဲ့ဒီအမျိုးသမီးက သူ့ပြတင်းပေါက်ကနေ အထဲကို ချောင်းကြည့်ဖို့အတွက် နှစ်ထပ်တိုက် အမြင့်အထိ လေထဲကို ခုန်တက်နေတာပါ။ T ဟာ အော်ဟစ်ပြီး သူမြင်ခဲ့တာတွေကို ပြောပြဖို့ သူ့အမေဆီ ပြေးသွားခဲ့တယ်။ သူ့အမေက လှေကားခြေရင်းမှာ မတ်တတ်ရပ်နေတာကို တွေ့လိုက်ရတယ်။ ဒါပေမဲ့ သူ စကားစပြောလိုက်တဲ့ အချိန်မှာပဲ သူ့အမေက သူ့ကို မော့ကြည့်လိုက်တာကို မြင်လိုက်ရတယ်။ အဲ့ဒါက သူ့အမေရဲ့ အဝတ်အစားတွေကို ဝတ်ထားတဲ့ အဲ့ဒီအမျိုးသမီးကြီး ဖြစ်နေပါတယ်။ အဲ့ဒီအချိန်ကစလို့ T နဲ့ သူ့မိသားစုတစ်ခုလုံး ပျောက်ဆုံးသွားခဲ့ပါတော့တယ်။
• ပြည့်စုံနှင့် တယ်လီဖုန်းရုံ
R ရဲ့ မူလတန်းကျောင်း အနီးမှာ ဘယ်သူမှ မသုံးတဲ့ ဖုန်းရုံ အဟောင်းကြီးတစ်ခု ရှိပါတယ်။ ညနေ ၅ နာရီမှာ အဲ့ဒီထဲကို ဝင်ပြီး ဖုန်းကို ကောက်ကိုင်လိုက်ရင် ပြည့်စုံ လို့ ခေါ်တဲ့ ကောင်လေးတစ်ယောက်နဲ့ စကားပြောလို့ ရပါတယ်။ သတင်းတွေအရ ပြည့်စုံ ဟာ သင်တောင်းတဲ့ ဆုမှန်သမျှကို ဖြည့်ဆည်းပေးတယ်လို့ ဆိုပါတယ်။ R ဟာ သဘောကျနေတဲ့ အတန်းထဲက ကောင်လေးနဲ့ ရင်းနှီးချင်တာကြောင့် တစ်ညနေမှာ ဖုန်းရုံထဲကို သွားပြီး ဖုန်းကို ကောက်ကိုင်လိုက်တယ်။ R ခဏလောက် စောင့်နေပေမဲ့ ဘာအသံမှ မကြားရပါဘူး။ စိတ်ပျက်သွားတဲ့ R ဟာ ဘာပဲဖြစ်ဖြစ်ကွာဆိုပြီး ဆုတောင်းကိုပဲ ရွတ်ဆိုလိုက်ပါတယ်။ ဖုန်းရုံထဲကနေ R ထွက်လာတဲ့အခါမှာတော့ ဆောင်းရာသီ အလယ်ကြီးဖြစ်နေတာတောင် ဘောင်းဘီတိုနဲ့ တီရှပ် ဝတ်ထားတဲ့ ကောင်လေးတစ်ယောက်ကို တွေ့လိုက်ရတယ်။ R က "နင်က ပြည့်စုံလား" လို့ မေးလိုက်တဲ့အခါမှာတော့ အဲ့ဒီကောင်လေးက သူ့ရဲ့ ပါးစပ်ကြီးကို အကျယ်ကြီး ဖြဲလိုက်ပါတော့တယ်။ အဲ့ဒီနောက်ပိုင်း R ကို ဘယ်သူမှ မမြင်တွေ့ခဲ့ရတော့ပါဘူး။
K ထံမှ ပေးပို့သော အီးမေးလ်တစ်စောင်
မင်္ဂလာပါ။ ကျနော် K ပါ။ ဟိုတစ်နေ့က ကူညီပေးခဲ့တာတွေအတွက် ကျေးဇူးအများကြီးတင်ပါတယ်ဗျာ။ အခြေအနေတွေရော အေးအေးဆေးဆေး ဖြစ်သွားပြီလား။ အသစ်ဝင်တဲ့ ကောင်လေးအကြောင်း ကြားရတာ တကယ်ပဲ စိတ်မကောင်းပါဘူး။ ကိုယ့်ကိုယ်ကိုယ်လည်း ဂရုစိုက်ပါဦး။
အခုလို အခြေအနေမျိုးမှာ ဒီကိစ္စကို ပြောဖို့ သင့်တော်ပါ့မလားတော့ မသေချာဘူး၊ ဒါပေမဲ့ ကျနော်တို့ တွေ့တုန်းက ခင်ဗျားမေးထားတဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး အသစ်သိရတာလေးတွေ ရှိလို့ပါ။ အဲ့ဒါက အယ်ဒီတာချုပ် S အကြောင်းပါ။
ကျနော်တို့ စကားပြောပြီးတဲ့နောက် S အလုပ်ထွက်တုန်းက ပေးခဲ့တဲ့ အချက်အလက်တွေကို ပြန်စစ်ကြည့်ခဲ့တယ်။ အဲ့ဒီထဲမှာ ပဲခူးရိုးမနဲ့ ပတ်သက်တဲ့ အကြောင်းအရာတချို့ တွေ့လို့ ဒီအီးမေးလ်မှာ တစ်ပါတည်း တွဲပြီး ပို့ပေးလိုက်ပါတယ်။ သူက မြန်မာပြည်အထက်ပိုင်း အကြောင်းကိုလည်း လိုက်စုံစမ်းနေခဲ့တာပဲ။ ဒါမှမဟုတ် တခြားအကြောင်းအရာတစ်ခုကို သုတေသနလုပ်ရင်းနဲ့ မြန်မာပြည်အထက်ပိုင်း အကြောင်းကိုပါ သိသွားတာလည်း ဖြစ်နိုင်ပါတယ်။ ကျနော် ပို့ပေးလိုက်တာကို ဖတ်ကြည့်ရင် ခင်ဗျား သိပါလိမ့်မယ်။
ဒီဖိုင်တွေရှိတဲ့ Folder ရဲ့ ရက်စွဲက သူအလုပ်မထွက်ခင်လေးတင် ဖြစ်နေတာဆိုတော့ ဒါက သူ့ရဲ့ နောက်ဆုံးအလုပ် ဖြစ်ရမယ်ဗျ။ ဒါပေမဲ့ ဒီအချက်အလက်တွေကို သုံးပြီး သူက ဘယ်လိုဇာတ်လမ်းမျိုး ရေးဖို့ စိတ်ကူးခဲ့လဲဆိုတာတော့ ကျနော်လည်း လုံးဝ စဉ်းစားလို့မရဘူး။
S အကြောင်း ပိုသိချင်တာနဲ့ ကျနော်နဲ့ အလုပ်ဝင်တာချင်းလည်း တူတဲ့ HR ဌာနက သူငယ်ချင်းတစ်ယောက်ကို မေးကြည့်ခဲ့တယ်။ ကြာလည်း ကြာပြီဆိုတော့ အခုပြောပြရင် ပြဿနာမရှိလောက်တော့ဘူး ဆိုပြီး သူက ပြောပြပါတယ်။ တကယ်တော့ S အလုပ်ထွက်သွားတာက သူ့ဇနီးကြောင့် ဖြစ်ဖို့များတယ်တဲ့။ ထွက်ပေါ်နေတဲ့ ကောလာဟလတွေအရတော့ သူ့ဇနီးက ရုတ်တရက်ကြီး စိတ်ဝေဒနာ ခံစားရတာကြောင့် ဇနီးဖြစ်သူကို ပြုစုဖို့အတွက် သူက အလုပ်ထွက်သွားတာလို့ ဆိုပါတယ်။
သူ့ဇနီးက အခြေအနေ တော်တော်ဆိုးပုံရတယ်၊ S ရဲ့ ရုံးဖုန်းဆီကို ထူးဆန်းတဲ့ ဖုန်းတွေ ခေါ်တာမျိုးနဲ့ ထူးဆန်းတဲ့ စာတွေ ပေးပို့တာမျိုးတွေ လုပ်ခဲ့တာတဲ့။ အယ်ဒီတာအဖွဲ့ဆိုတာကတော့ ဒီလို ထူးဆန်းတဲ့သူတွေ ဆက်သွယ်တာမျိုးကို နေသားကျနေတော့ အဲ့ဒီစာတွေထဲက တချို့က S ရဲ့ ဇနီးဆီက လာမှန်း ကျနော် သတိမထားမိခဲ့ဘူး။ ဒါပေမဲ့ စီမံခန့်ခွဲရေးရုံးက အချိန်ပိုင်း ဝန်ထမ်းတွေကြားမှာတော့ ဒါက အများသိ လျှို့ဝှက်ချက်တစ်ခု ဖြစ်နေခဲ့ပုံပဲ။
ကျနော်တို့ကြားမှာ သဘောထားကွဲလွဲတာတွေ ရှိခဲ့ဖူးပေမဲ့ ကျနော်တို့က ဌာနတစ်ခုတည်းသားတွေ ဖြစ်တာကြောင့် ဒီအကြောင်းကို ကျနော့်ကို ဖွင့်ပြောခဲ့ရင် ကောင်းမှာပဲလို့ တွေးမိတယ်။ ကျနော် တစ်ခုခု ကူညီပေးနိုင်ခဲ့ရင်လည်း ကူညီပေးနိုင်ခဲ့မှာဗျ။ ဒါပေမဲ့ အခုတော့ နောက်ကျသွားပါပြီ။ သူ ဘယ်ရောက်နေလဲဆိုတာကို HR က ကျနော့်သူငယ်ချင်းတောင် မသိဘူးတဲ့။ သူ အလုပ်ထွက်စာ တင်တဲ့အချိန်မှာ တကယ့်ကို စိတ်သောကရောက်နေတဲ့ ပုံစံမျိုး ဖြစ်နေလို့ နောက်ထပ် ဘာဆက်လုပ်မလဲဆိုတာကိုတောင် မမေးရက်ခဲ့ကြဘူးလို့ ပြောပါတယ်။
အဲ့ဒီအကြောင်း ကြားလိုက်ရတော့ ခင်ဗျားနဲ့ ဟိုအသစ်ဝင်တဲ့ ကောင်လေးအကြောင်းကို သွားသတိရမိတယ်။ အချက်အလက်တွေကိုတော့ ပို့ပေးလိုက်ပြီနော်။ ဒါပေမဲ့ အမှန်အတိုင်းပြောရရင် ကျနော် တော်တော်လေး စိုးရိမ်မိပါတယ်။ ကျနော်တို့က ဖျော်ဖြေရေးအတွက် ရေးသားသူတွေပဲလေ၊ စုံထောက်တွေ မဟုတ်ကြဘူး။ ဒါကြောင့် ဒီကိစ္စထဲမှာ အရမ်းကြီး နစ်မသွားပါနဲ့လို့ တောင်းဆိုချင်ပါတယ်။
အီးမေးလ်နဲ့ ပို့လိုက်တာကို ခွင့်လွှတ်ပါဗျာ။ ဘာကြောင့်လဲတော့ မသိဘူး။ ကျနော့်ဖုန်းက ခေါ်လို့မရလို့ပါ။ ဒါကို ဖတ်ပြီးရင် ကျနော့်ဆီ ဖုန်းပြန်ဆက်ပေးပါဦး။ ဂရုစိုက်ပါ။
*****
အချို့သော လစဉ်ထုတ်မဂ္ဂဇင်းတွင် ဖော်ပြခဲ့သည့် (၂၀၁၂၊ အောက်တိုဘာလ)
ဝတ္ထုတို - သူမြင်ခဲ့သောအရာ
အယ်ဒီတာ S ၏ ဖိုင်များထဲမှ ကောက်နုတ်ချက် - ကျောက်တုံးအကြောင်း (၁):
“ဒါက ကျနော့်သူငယ်ချင်း မြင်ခဲ့ရတာပါ” ဟု A က စပြောခဲ့သည်။
A သည် အထက်မြန်မာပြည်ရှိ တက္ကသိုလ်တစ်ခုတွင် တက်ရောက်နေသူဖြစ်သည်။ သူတက်နေသောကျောင်းမှာ နာမည်ကြီး ပုဂ္ဂလိကတက္ကသိုလ်တစ်ခုဖြစ်ပြီး မြန်မာနိုင်ငံတစ်ဝှမ်းလုံးမှ ကျောင်းသားများ လာရောက်တက်ကြသော်လည်း A ကတော့ ထိုဒေသခံတစ်ဦးသာ ဖြစ်သည်။
သူသည် အထက်တန်းတွင် အမှတ်ကောင်းကောင်း ရခဲ့သော်လည်း ရန်ကုန်သို့ သွားရောက်ပညာသင်လိုစိတ် မရှိခဲ့ပေ။ ထို့ကြောင့် သူငယ်ချင်းများနည်းတူပင် ဒေသတွင်းက နာမည်ကြီးတက္ကသိုလ်ကိုသာ ရွေးချယ်ခဲ့သည်။ မိဘများအိမ်မှ ကျောင်းတက်နိုင်သော်လည်း A သည် မိဘများ၏ ငွေကြေးအကူအညီဖြင့် အပြင်ထွက်နေကာ ပထမဆုံးအကြိမ် တစ်ယောက်တည်းလွတ်လွတ်လပ်လပ် နေထိုင်ခွင့်ကို အရသာခံခဲ့သည်။
“ရွာဘက်တွေကလာတဲ့ ကလေးတွေကတော့ စာတော်တော်ကြိုးစားကြတယ်။ ကျနော်ကတော့ ဆယ်တန်းအောင်ပြီးရင် တက္ကသိုလ်တက်ရမယ်ဆိုတဲ့ ထုံးစံအတိုင်း တက်ခဲ့တာဆိုတော့ သူတို့နဲ့ သိပ်မတူဘူး။ ဒါကြောင့်လည်း ကျနော့်မြို့က တခြားဒေသခံတွေနဲ့ပဲ ပေါင်းဖြစ်သွားတယ်”
A သည် ဒေသခံသူငယ်ချင်းနှစ်ယောက်နှင့် အချိန်ဖြုန်းလေ့ရှိသည်။ ထိုသူများကို B နှင့် C ဟု အမည်ပေးထားကြပါစို့။
“B နဲ့ ကျနော်က အတန်းတူတာတွေများတော့ နေ့လယ်စာ အတူတူစားဖြစ်ကြတယ်။ ကျနော်တို့ ပြောဖြစ်တဲ့ စကားတွေကလည်း သိပ်တော့ အနှစ်သာရမရှိပါဘူး။ B က တကယ့်ကို ပေါင်းသင်းဆက်ဆံရေးကောင်းတဲ့သူဗျ။ ကျနော်တို့ မေဂျာက လူအေးတွေများတော့ ကျနော်တို့က အလိုလိုနေရင်း သူငယ်ချင်းတွေ ဖြစ်သွားကြတာ။ တစ်နေ့မှာတော့ B က မိန်းကလေးတစ်ယောက်ကို ခေါ်လာတယ်။ အဲ့ဒါ C ပေါ့။ သူ့ရဲ့ကျောင်းသားအဖွဲ့က သူငယ်ချင်းလို့ မိတ်ဆက်ပေးပေမဲ့ သူတို့နှစ်ယောက် နောက်ပိုင်းရည်းစားဖြစ်သွားကြမယ်ဆိုတာ ကျနော် ချက်ချင်းသိလိုက်တယ်”
စကားပြောကြည့်သောအခါ A သည် C ကို ရယ်ရယ်မောမောနေတတ်သည့် ချစ်စရာကောင်းသူတစ်ဦး အဖြစ် တွေ့ရှိခဲ့သည်။ C နှင့် A လည်း အပေးအယူတည့်သွားကြပြီး မကြာမီမှာပင် သူတို့သုံးဦးမှာ ခွဲမရသော သူငယ်ချင်းများ ဖြစ်သွားခဲ့ကြသည်။
ပြီးခဲ့သည့်နှစ် နွေရာသီတွင် ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့သည်။ သူတို့သုံးဦးမှာ မွန်းလွဲပိုင်းအတန်းများကို မတက်ကြဘဲ ကန်တင်းတွင် စကားပြောနေစဉ် B က အကြံတစ်ခု ပေးလာသည်။
“ဒီညနေမှာ လှပတဲ့ ညရှုခင်းသွားကြည့်ကြမလားလို့ သူက မေးတယ်။ B က မိဘတွေနဲ့အတူနေတာဆိုတော့ သူ့မိဘတွေက အိမ်ကကားကို ပေးသုံးတယ်လေ။ သူက ကားလိုင်စင် ရခါစဆိုတော့ ကားမောင်းလေ့ကျင့်ချင်လို့ ကျနော်တို့ကို လိုက်ခဲ့စေချင်တာ”
B က ဒေသခံတွေကြား နာမည်ကြီးသည့် နေရာတစ်ခုကို အကြံပြုခဲ့သည်။ တက္ကသိုလ်မှ တစ်နာရီခန့် ကားမောင်းရသော တောင်ကြားလမ်းတစ်ခု၏ ဘေးတွင် ကွင်းပြင်အငယ်လေးတစ်ခု ရှိသည်။ ထိုနေရာတွင် ရှုခင်းကြည့်စင်မျိုး မရှိသလို မဂ္ဂဇင်းများတွင်လည်း တစ်ခါမှ မပါဖူးပေ။ သို့သော် မြို့ပြမြင်ကွင်းကို ကျယ်ကျယ်ပြန့်ပြန့် မြင်ရသဖြင့် အတွဲများ နှင့် ကားမောင်းဝါသနာပါသူများ နားခိုရာနေရာအဖြစ် လူကြိုက်များသည်။
“C နဲ့ ကျနော်က သဘောတူခဲ့ပေမဲ့ ကျနော်က အဲ့ဒီညနေမှာ အလုပ်ရှိတယ်။ ဒါကြောင့် ကျနော်တို့တွေ ခဏလောက် လူစုခွဲလိုက်ကြပြီး B က ကျနော့်ကို နောက်မှ လာကြိုတယ်”
အင်တာနက်ဆိုင်တွင် အလုပ်လုပ်သော A သည် အလုပ်ဆင်း၍ အပြင်ထွက်လာသောအခါ သေးငယ်ပြီး လေးထောင့်ကျကျ ကားလေးတစ်စီး စောင့်နေသည်ကို တွေ့ရသည်။ B က ကားမောင်းသူနေရာတွင် ထိုင်ကာ ပြတင်းပေါက်မှ ပြုံးပြနေသည်။ C ကတော့ နောက်ခန်းမှနေ၍ A ကို လက်လှမ်းပြ၏။ A ကားထဲဝင်ထိုင်လိုက်သည်နှင့် ကားလေး ထွက်ခွာလာခဲ့သည်။ ထိုအချိန်မှာ သန်းခေါင်ယံသို့ ရောက်လုနီးပါး ရှိနေပြီဖြစ်သည်။
“ကျနော်တို့ အားလုံးက နောက်တစ်နေ့ မနက်ပိုင်းအတန်းတွေကို တက်ဖို့မလိုဘူးလေ၊ ဒါကြောင့် လမ်းတစ်လျှောက်လုံး စိတ်လှုပ်ရှားစွာနဲ့ စကားတွေပြောလာခဲ့ကြတယ်။ B ငှားလာတဲ့ CD ကို ဖွင့်၊ အသံကို အဆုံးထိမြှင့်ပြီး အားလုံး ဝိုင်းဆိုခဲ့ကြတာပေါ့”
ည ၁ နာရီကျော်တွင် ထိုနေရာသို့ ရောက်ရှိခဲ့သည်။ ကြားရက်ဖြစ်သဖြင့် ရှုခင်းကြည့်သည့်နေရာတွင် လူတစ်ယောက်မှ မရှိပေ။
ကွင်းပြင်တွင် ကားရပ်ပြီးနောက် ဝေးကွာသော မြို့ပြမီးရောင်များကို နောက်ခံထားကာ Selfie ပုံများ ရိုက်ကြသည်။ တစ်ခါတလေ ခြံစည်းရိုးကို မှီရင်း အရေးမပါသော အကြောင်းအရာများကို ပြောဆိုကာ ပုံမှန်လုပ်ရိုးလုပ်စဉ်ဘဝမှ ခေတ္တအနားယူမှုကို အရသာခံနေကြသည်။
“အစတုန်းကတော့ ကျနော်တို့ သုံးယောက်လုံး စကားပြောနေကြတာပေါ့။ ဒါပေမဲ့ ကျနော် ကားဆီကို စီးကရက်ပြန်ယူဖို့ သွားပြီးအပြန်မှာ သူတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြတာ သတိထားမိလိုက်တယ်။ ကျနော် နည်းနည်းတော့ စိတ်ပျက်သွားပေမဲ့ ဘယ်အချိန်မှာ ရှောင်ပေးရမလဲဆိုတာ သိတာမလို့ ကားနားမှာပဲ စီးကရက်သောက်ရင်း ကျန်ခဲ့လိုက်တယ်”
စိတ်မရှည်မှု အနည်းငယ်ဖြင့် A သည် သူ့သူငယ်ချင်းနှစ်ယောက်၏ အရိပ်များကို ကြည့်နေမိသည်။ B က C နားကို တိုးသွားသော်လည်း သူတို့ပုခုံးချင်း ထိလုနီးပါးတွင် C က ရုတ်တရက် အကြည့်လွှဲလိုက်ပြီး တစ်နေရာကို လက်ညှိုးထိုးပြလိုက်သည်။ Cက တစ်ခုခုကို သတိထားမိလိုက်ပုံရသည်။
“C က ကွင်းပြင်ရဲ့ အစွန်းဘက်ကို လက်ညှိုးထိုးပြနေတာ။ B လည်း လှည့်ကြည့်လိုက်တော့ အဲ့ဒါကို သတိထားမိသွားပုံ ရတယ်။ သူတို့ တစ်ခုခုအကြောင်း ပြောနေတာကို ကျနော် ကြားနေရတယ်”
ထိုကွင်းပြင်လေးတွင် ကားရပ်ရန် နေရာနှင့် ရှုခင်းကြည့်ရန် နေရာတစ်ခုရှိသည်။ အစွန်းဘက်တွင် ထိုင်ပြီး အနားယူရန် နေရာတစ်ခုလည်း ရှိသည်။
“အဲ့ဒါက နတ်ကွန်းလေးတစ်ခုလိုမျိုးပဲ။ အမိုးပါတယ်၊ ပြီးတော့ လေးထောင့်ကျကျ ခုံတန်းလေးခု ရှိတယ်။ C က အဲ့ဒါကို လက်ညှိုးထိုးပြနေတာ။ ကျနော် မရှိတုန်း အဲ့ဒီမှာ သွားပြီး ချစ်ကြည်နူးကြတော့မယ်လို့ ထင်လိုက်မိတယ်”
A ထင်သည့်အတိုင်းပင် B နှင့် C သည် ထိုနတ်ကွန်းလေးဆီသို့ စတင်ထွက်ခွာသွားကြသည်။ A ကတော့ စိတ်မရှည်စွာဖြင့် သူတို့အရိပ်များကို ကြည့်ကာ တောက်တစ်ချက် ခေါက်လိုက်ပြီး နောက်ထပ် စီးကရက်တစ်လိပ် ညှိကာ သူ့ဖုန်းကိုသာ ငုံ့ကြည့်နေလိုက်သည်။
“ကျနော် ဖုန်းခဏလောက် ပွတ်နေတုန်းမှာပဲ အော်လိုက်တဲ့ အသံကြားလို့ မော့ကြည့်လိုက်တော့ သူတို့နှစ်ယောက်လုံး ကျနော့်ဆီကို အပြေးအလွှား ရောက်လာကြတာ တွေ့ရတယ်။ သူတို့ နှစ်ယောက်လုံး တကယ်ကို ငိုတော့မလို ဖြစ်နေကြတာ”
A က နတ်ကွန်းဘက်ကို လှမ်းကြည့်လိုက်သည်။ မှောင်ရိပ်ထဲကို စူးစိုက်ကြည့်လိုက်သောအခါ ထူးဆန်းသော အရာတစ်ခုကို တွေ့လိုက်ရတော့သည်။
ဒါပေမဲ့ သူ ဘာမှမပြောရသေးခင်မှာပဲ B က ကားပေါ်တက်ဖို့ အော်ဟစ်တော့သည်။ B နှင့် C တို့က သူ့ကို နောက်ခန်းထဲသို့ အတင်းတွန်းထည့်လိုက်ပြီး C ကလည်း ဘေးမှာ ဝင်ထိုင်ကာ ကားကို အရှိန်နှင့် မောင်းထွက်ခဲ့ကြသည်။
ကွင်းပြင်မှ ထွက်လာသည်နှင့် A က သူမြင်ခဲ့ရသောအရာကို စပြောရန် ကြိုးစားသော်လည်း C က မပြောဖို့ အော်ဟစ်တားမြစ်ခဲ့သည်။
“ပါးစပ်ပိတ်ထား။ ဘာမှ မပြောနဲ့”
C က ထိုကဲ့သို့ အော်ဟစ်တတ်သူ မဟုတ်သဖြင့် A တစ်ယောက် အံ့အားသင့်ကာ တိတ်ဆိတ်သွားခဲ့ရသည်။ ကားမောင်းသူနေရာတွင်လည်း B သည် တော်တော်လေး စိုးရိမ်ပူပန်နေပုံရသည်။
ကားသည် တောင်တက်လမ်းအတိုင်း အမြန်မောင်းဆင်းလာခဲ့သည်။ ကားထဲတွင် ထူးဆန်းသော တိတ်ဆိတ်မှုကြီး ဖုံးလွှမ်းနေစဉ်မှာပင် တစ်ခုခုကို စကြားလိုက်ရသည်။
“အဲ့ဒီအသံက ကားအပြင်ဘက်က လာတာ။ အော်ဟစ်နေတဲ့ အသံလိုလို၊ ရယ်နေတဲ့ အသံလိုလို ထူးဆန်းတဲ့ အသံတွေဗျ။ လမ်းဘေး ဝဲယာက တောအုပ်ထဲကနေ အဲ့ဒီအသံတွေကို ကြားနေရတယ်။ ကျနော်တို့နောက်ကို လိုက်နေသလိုပဲ”
အသံတွေက အများကြီးဖြစ်ပြီး ကားတံခါးတွေ ပိတ်ထားသည့်တိုင် အထဲက လူတွေ အတိုင်းသား ကြားနေရသည်။ လူအုပ်ကြီး တစ်အုပ်လုံးက အသံမျိုးစုံဖြင့် အော်ဟစ်နေသလိုမျိုးပင်။
“အား... အား...”
“ဟီး ဟီး ဟီး ဟီး”
“အဟား ဟား ဟား ဟား ဟား ဟား ဟား ဟား”
“ဟီး ဟား ဟား။ ဟီး ဟား ဟား”
အစတုန်းက A က တောရိုင်းတိရစ္ဆာန်အသံတွေလို့ ထင်ခဲ့ပေမဲ့ အသံတွေက အလွန်ပင် အမျိုးစုံနေသဖြင့် မဟုတ်မှန်း ချက်ချင်းသိလိုက်ရသည်။ အရွယ်စုံ အမျိုးသား၊ အမျိုးသမီးတွေ ကျပန်းအော်ဟစ်နေကြတာကို မြင်ယောင်လို့တောင် ရနိုင်သည်။
C က သူ့ဘေးတွင် တိုးတိုးလေး ရေရွတ်နေသောအခါ A တစ်ယောက် တကယ်ကို ခြောက်ခြားသွားခဲ့သည်။
“သူတို့ ငါတို့ကို ရှာတွေ့သွားပြီ။ ဘာဆက်လုပ်ကြမလဲ”
ထိုအခါ B က ပေါက်ကွဲသွားတော့သည်။
“ဒါတွေက ဘာတွေလဲဟ။ ဒီအသံတွေရောဘာတွေလဲ။ အဲ့ဒီလူတွေရော ဘာတွေလဲ”
B က ဘာကိုဆိုလိုတာလဲဆိုတာ သိချင်သဖြင့် A က စကားပြောရန် ကြိုးစားသော်လည်း C က သူ့ကို လှမ်းကြည့်လိုက်သောကြောင့် ပါးစပ်ပြန်ပိတ်လိုက်ရသည်။ ထို့နောက် C က B ကို လှမ်းမေးသည်။
“B၊ နင် တစ်ခုခု မြင်ခဲ့လို့လား”
စတီယာရင်ကို တင်းတင်းဆုပ်ကိုင်ထားရင်း B က စိတ်တိုနေသော အသံဖြင့် ပြောသည်။
“ဘာကို ဆိုလိုတာလဲ။ C၊ နင်လည်း မြင်ခဲ့တာပဲလေ။ နင် တစ်ခုခု မြင်တယ်ဆိုလို့ ငါတို့ အဲ့ဒီကို သွားခဲ့တာ မဟုတ်ဘူးလား။ စင်မြင့်တစ်ခုပေါ်က ထူးဆန်းတဲ့ ကျောက်တုံးကြီးတစ်ခုရဲ့ ဘေးမှာ လူတွေအများကြီး ဝိုင်းနေကြတာလေ။ သူတို့တွေ အားလုံးက ခုန်နေပြီး စကားတွေ ပြောနေခဲ့ကြတာဟ”
အပြင်ဘက်က အသံတွေက ပိုကျယ်လာပုံရသည်။ C က စိတ်အားထက်သန်စွာဖြင့် အသေးစိတ်ကို ထပ်မေးသည်။
“စကားပြောနေတယ်ဟုတ်လား။ သူတို့က ဘာတွေ ပြောနေကြတာလဲ”
B က ဇဝေဇဝါဖြစ်နေသော အသံဖြင့် “နင်လည်း ကြားခဲ့တာပဲလေ C။ အဲ့ဒါက ဂါထာရွတ်နေသလိုပဲ။ 'ဒေဝဆိုလား...ဒေဝေါဆိုလား' ဆိုတာမျိုးပဲ”
B က သူကြားခဲ့ရသည်ကို ထပ်ခါတလဲလဲ ပြောနေရင်း ရုတ်တရက် ရပ်သွားသည်။ C က ဆက်ပြောဖို့ တိုက်တွန်းသော်လည်း သူက ပြန်မဖြေတော့ပေ။
A နောက်ကြည့်မှန်ကို ကြည့်လိုက်သောအခါ မျက်နှာသေနှင့် ပါးစပ်ကို တင်းတင်းပိတ်ထားသော B ကို တွေ့လိုက်ရသည်။ သူသည် လွန်ခဲ့သော မိနစ်ပိုင်းက ကြောက်ရွံ့ထိတ်လန့်မှုများကို မေ့သွားသည့်အလား စတီယာရင်ကိုသာ ငြိမ်သက်စွာ ဆုပ်ကိုင်ထားသည်။
အပြင်ဘက်မှ ကျပန်းအသံတွေကတော့ ဆက်လက်ကြားနေရဆဲဖြစ်သည်။ ကျယ်လောင်သော ရွတ်ဆိုသံများသည် ကားဘေးနားလေးမှ ထွက်ပေါ်လာသလိုမျိုးပင်။
B သည် ရုတ်တရက် ကားကက်ဆက်မှ Play ခလုတ်ကို နှိပ်လိုက်ပြီး လမ်းတွင် နားထောင်လာသော Pop သီချင်းကို ပြန်ဖွင့်လိုက်သည်။ အသံကို သူ မတိုးထားသဖြင့် စပီကာမှ သီချင်းသံက ကျယ်လောင်စွာ ထွက်ပေါ်လာသည်။ အပြင်ဘက်မှ အသံများနှင့် သီချင်းသံများ ရောယှက်သွားပြီး ကားလေးမှာ ဆူညံပွက်လောရိုက်နေသော ငရဲခန်းတစ်ခု သဖွယ် ဖြစ်သွားတော့သည်။
A သည် ဘာဖြစ်နေသလဲဆိုသည်ကို သိလိုသဖြင့် C ဘက်သို့ လှည့်ကြည့်လိုက်သော်လည်း C မှာ တင်းမာနေသော မျက်နှာနှင့် ရှိနေသည်။ ရုတ်တရက် B က အော်ဟစ်လိုက်သည်။
“အားလုံး နားထောင်ကြ။ ငါတို့ ဒါကို အတူတူ ဖြတ်ကျော်ကြမယ်။ ဟုတ်ပြီ။ ဟေး၊ ဟေး၊ ဟေး”
မမျှော်လင့်ထားသော ကြေညာချက်ကြောင့် A မှာ လန့်သွားခဲ့သည်။
“အဲ့ဒီနောက်မှာတော့ B က ဂါထာတစ်ခု ဒါမှမဟုတ် ပရိတ်တစ်ခုခုကို အော်ဟစ်ရွတ်ဆိုတော့တာပဲ။ သူ့အသံက တခြားအသံအားလုံးကို ဖုံးလွှမ်းသွားတဲ့အထိ ကျယ်လောင်လွန်းတယ်။ သူက အဆက်မပြတ် ရွတ်နေတာ။ ကျနော်က နောက်ခန်းကဆိုတော့ သေချာတော့ မကြားရဘူး။ ဒါပေမဲ့ သူက ကျက်ထားတာကို ရွတ်နေတာမျိုး မဟုတ်ဘဲ တစ်ခုခုကို လိုက်ပြီး ရွတ်နေသလိုမျိုးကြီး။ အဲ့ဒီအချိန်မှာပဲ သူက Pop သီချင်းထက် တခြားအသံတစ်ခုခုကို ကြားနေရပြီဆိုတာ ကျနော် သိလိုက်တယ်”
ဆက်ပြီး မခံစားနိုင်တော့သဖြင့် C က စငိုပါတော့သည်။ A လည်း ဘာလုပ်ရမှန်းမသိ ဖြစ်သွားခဲ့ရသည်။
B က ဆက်လက်ရွတ်ဆိုနေစဉ် A က သူ့လက်မောင်းကို ဆွဲကာ အော်ပြောသော်လည်း ဆူညံသံများကြောင့် သူ့စကားတွေက ပျောက်ကွယ်သွားသည်။ သူသည် B ၏ လက်မောင်းကို လှုပ်ခါလိုက်သောအခါ ကားမှာ ယိမ်းထိုးသွားခဲ့သည်။
A က ရှေ့ကို ကိုင်းလိုက်ပြီး ကိုယ့်ကိုယ်ကိုယ် ပြင်ထိန်းလိုက်စဉ်မှာပင် ကားက ဘရိတ်အုပ်သံနှင့်အတူ ရုတ်တရက် ရပ်သွားသည်။ ကြောက်လန့်တကြားနှင့် Aသည် ပြတင်းပေါက်မှ လှမ်းကြည့်လိုက်သောအခါ ကားသည် တောင်တက်လမ်းပေါ်တွင် စောင်းစောင်းကြီး ရပ်နေပြီး ကားကိုယ်ထည်တစ်ဝက်မှာ တစ်ဖက်ယာဉ်ကြောထဲ ရောက်နေလေ၏။
ထိုအချိန်မှာပင် တောအုပ်ထဲက အသံတွေ၊ ကားထဲက သီချင်းသံတွေနဲ့ B ရဲ့ အသံတွေ အားလုံးက ရုတ်တရက် တိတ်ဆိတ်သွားခဲ့သည်။
ထို့နောက် B က ဘာမှမဖြစ်သလို ပုံမှန်အတိုင်း ပြန်ဖြစ်သွားပြီး ကားကို စက်နှိုးကာ မောင်းထွက်ခဲ့သည်။ ခုနက ဆူညံပွက်လောရိုက်မှုကြီးမှာ လူတွေ စုပေါင်းပြီး အိပ်မက်တစ်ခု မက်ခဲ့သလိုမျိုး ကားအတွင်းရော အပြင်မှာပါ တိတ်ဆိတ်သွားခဲ့သည်။
A က B ကို ခုနက ဘာလုပ်နေတာလဲဟု မေးသောအခါ သူက “ဪ၊ ခုနက စိတ်ထဲ တစ်မျိုးကြီး ဖြစ်သွားလို့ပါ။ ဆောရီးပဲနော်” ဟု ပေါ့ပေါ့ပါးပါးပင် ပြန်ဖြေခဲ့သည်။
“အဲ့ဒီညကတော့ ကျနော်တို့ အိမ်ကို ဘေးကင်းကင်းနဲ့ ပြန်ရောက်ခဲ့ကြတယ်။ ဒါပေမဲ့ နောက်နေ့ကစပြီး B က နည်းနည်း ထူးဆန်းလာတယ်။ သူ့ပင်ကိုယ်စရိုက်ကတော့ အကြီးအကျယ် ပြောင်းလဲမသွားဘူး၊ ဒါပေမဲ့ ကျနော်တို့ ဆုံတဲ့အခါတိုင်း တစ်ခုခု လွဲနေသလိုပဲ။ သူက ကျနော့်ကို ပုံမှန်အတိုင်း စကားပြောနေရင်းနဲ့ ရုတ်တရက် ငိုင်သွားတတ်တယ်။ သူ့ရဲ့ တစ်စိတ်တစ်ပိုင်းက တခြားတစ်နေရာကို ရောက်နေသလိုမျိုးကြီး”
ရက်အနည်းငယ်ကြာပြီးနောက်မှာတော့ B က ကျောင်းက အဖွဲ့ကနေ ထွက်သွားပြီး မြို့ထဲက ထူးဆန်းတဲ့ ဘာသာရေးအဖွဲ့အစည်းတစ်ခုမှာပဲ အချိန်ကုန်ဆုံးနေပါ တော့သည်။ မကြာမီမှာပင် ကျောင်းကိုလည်း လုံးဝ မလာတော့ပေ။ B က အရင်က ထိုသို့သောသူ မဟုတ်ခဲ့ပေ။ သူက A နှင့် C ကိုလည်း ထိုအဖွဲ့အစည်းထဲ ဝင်ရန် တိုက်တွန်းသော်လည်း သူတို့က ငြင်းဆန်ခဲ့ကြသည်။ သူတို့အတွက်တော့ ထိုအရာအားလုံးက ခြောက်ခြားစရာ ကောင်းနေခဲ့လေသည်။
ထို့ကြောင့် သူတို့နှစ်ဦးမှာ B နှင့် တဖြည်းဖြည်း ဝေးကွာသွားခဲ့ကြသည်။
“ကျနော် ထင်တာကတော့ အဲ့ဒီညက မြင်ခဲ့ရတဲ့ အရာကနေ အစပြုတာပဲ။ C က အာရုံခံစားမှု အနည်းငယ်ရှိတော့ ကားအပြင်က အသံတွေကို ကြားတဲ့အခါ ဘာမှမမြင်ခဲ့သလိုမျိုး ဟန်ဆောင်နေဖို့ ဆုံးဖြတ်ခဲ့တာ။ အဲ့ဒါမှ လွတ်မြောက်နိုင်မယ်လို့ သူ ထင်ခဲ့တယ်။ ကျနော်လည်း ဘာမှ မပြောခဲ့မိတာ တော်သေးတာပေါ့။ ကျနော်လည်း တစ်ခုခုကို မြင်ခဲ့တယ်၊ ဒါပေမဲ့ B ပြောသလိုမျိုးတော့ မဟုတ်ဘူး။ အဲ့ဒါက အဝေးကြီးမှာ ဖြစ်နေသလို ညဘက်ဆိုတော့ မှောင်ရိပ်ထဲက ပုံသဏ္ဍာန်တစ်ခုလိုပဲ ဝေဝါးနေတာ။ ဒါပေမဲ့ အဲ့ဒါက ကျောက်တုံးတစ်ခုတော့ မဟုတ်ဘူးဗျ”
အကယ်၍ A မြင်ခဲ့သည်မှာ ကျောက်တုံးမဟုတ်လျှင် သူ ဘာကို မြင်ခဲ့သနည်းဟု ကျနော် မေးသောအခါ သူက ခေါင်းခါပြသည်။
“ကျနော် မပြောချင်တော့ဘူး။ အဲ့ဒီအကြောင်း ပြောမိလို့ သူတို့ရဲ့ အာရုံစိုက်မှုကို မခံချင်ဘူး။ C မြင်ခဲ့တာလည်း တခြားတစ်ခု ဖြစ်နိုင်ပေမဲ့ ကျနော်တို့ အဲ့ဒီအကြောင်းကို ဘယ်တော့မှ ပြန်မပြောဖို့ ကြိုးစားကြတယ်။ ဒီဇာတ်လမ်းက ကျနော့်သူငယ်ချင်းက ထူးဆန်းတာတစ်ခုကို မြင်ပြီး သူကိုယ်တိုင်လည်း ထူးဆန်းသွားတဲ့ အကြောင်းပါပဲ။ C နဲ့ ကျနော်ကတော့ အဲ့ဒီမှာ ရှိနေခဲ့မိရုံပါ။ ဒါကတော့ ကျနော်တို့ရဲ့ ဇာတ်လမ်းပါပဲ၊ ဒီအတိုင်းပဲ ဆက်ထားလိုက်ပါတော့မယ်”
ဤလျှို့ဝှက်ချက်ကို အတူတူ ထိန်းသိမ်းထားခြင်းက သူတို့နှစ်ဦး၏ သံယောဇဉ်ကို ပိုမိုခိုင်မြဲစေခဲ့သည်။ မကြာမီမှာပင် C က A အပေါ်ထားသော ခံစားချက်များကို ဖွင့်ပြောခဲ့သည်။
ယခုအခါ သူတို့နှစ်ဦး တွဲနေကြပြီဖြစ်သည်။