ပဲခူးရိုးမ - ၅
Vol. 2 Ch. 5
ဒီအထိ ဖတ်လာပေးတာ တွေ့ပါတယ်။ တကယ်ပဲ တောင်းပန်ပါတယ်။
ဇင်မျိုးဝင်း နဲ့ အွန်လိုင်းကနေ အစည်းအဝေးလုပ်ပြီးကတည်းက သူတို့ကို ကျနော် မြင်နေရတာပါ။ သူတို့က ကျနော့် နားထဲ “အကုန်လုံးကို ရေးချလိုက်၊ နေရာအနှံ့ကို ပြန့်အောင်လုပ်” ဆိုပြီး တိုးတိုးလေး လာပြောနေကြတယ်။ အဲ့ဒီ တိုးတိုးပြောသံတွေက ကျနော့်ရဲ့ အိပ်မက်တွေထဲအထိ ပါလာတယ်။
ကျနော်စည်းကျော်သွားပြီ ထင်ပါတယ်။ အရမ်း စိတ်ပျက်အားငယ်လာတာနဲ့ ကယ်တင်ခြင်းရလိုရငြား အဆောင်တွေ လုပ်ကြည့်ပေမဲ့ တိုးတိုးပြောသံတွေက မရပ်သွားပါဘူး။ ကျနော် ဒါကို ရေးနေတဲ့ အချိန်မှာပဲ အဲ့ဒီအသံတွေက ခဏ ငြိမ်သွားတတ်တယ်။
ရေးသားခြင်းဟာ ကျနော် အသက်ရှင်ဖို့အတွက် တစ်ခုတည်းသော နည်းလမ်း ဖြစ်လာပါတယ်။ ကျိန်စာထဲကို ပိုနက်အောင် ဆင်းပြီး အဲ့ဒီကျိန်စာကနေ လွတ်မြောက်ဖို့အတွက် ကျနော် ဆက်တိုက် ရေးနေခဲ့ရတယ်။ ဒီကျိန်စာက ဘာလို့ ပိုကြီးထွားချင်နေတာလဲ၊ ဘာလို့ ပြန့်ပွားချင်နေတာလဲဆိုတာ ကျနော် သိပါတယ်။ ဒါတောင်မှ သူတစ်ပါးဆီကို ပြန့်သွားအောင် ကျနော် ဆက်ရေးနေမိတယ်။ ကျနော် ကယ်တင်ခံချင်တယ်၊ ကျနော် အသက်ရှင်ချင်တယ်။ ခင်ဗျားတို့ အားလုံးကို ယဇ်ကောင်တွေအဖြစ် အသုံးချရမယ်ဆိုရင်တောင်မှ အသက်ရှင်ချင်တာပါ။
ဇင်မျိုးဝင်း သေသွားပြီဆိုတာ ကျနော် သိပါတယ်၊ ဒါပေမဲ့ ဒီကျိန်စာကို ပြန့်ပွားအောင်လုပ်ဖို့ သူ့ကို လိုက်ရှာနေသယောင် ကျနော် လိမ်ခဲ့တယ်။ ကျနော့်ရဲ့ မိတ်ဆွေ ပျောက်ဆုံးနေတယ်ဆိုတဲ့ အချက်က ခင်ဗျားတို့ရဲ့ သိချင်စိတ်ကို ဆွပေးပြီး ဆွဲဆောင်နိုင်ခဲ့တာပါ။ ချစ်လှစွာသော စာဖတ်သူတို့။ အဲ့ဒီထောင်ချောက် မရှိခဲ့ရင်တောင်မှ နေရာအမည်တွေကို ပဲခူးရိုးမ လို့ ကွယ်ဝှက်ထားတာက တကယ့်နေရာ အမှန်ကို ရှာတွေ့လိုစိတ်နဲ့ ခင်ဗျားတို့ကို ဆက်ဖတ်အောင် တွန်းအားပေးပါလိမ့်မယ်။ ခင်ဗျားတို့ ဒါကို အွန်လိုင်းမှာတောင် ပြန်ပြောချင်နေမှာပါ။
ကံမကောင်းတာက အဲ့ဒါတွေကို ကျနော် အကုန်သိနေတာပဲ။ စာရေးဆရာတစ်ယောက်အနေနဲ့ စာဖတ်သူတွေကို ဘယ်လို လှည့်စားပြီး သတင်းအချက်အလက်တွေ ပြန့်အောင်လုပ်ရမလဲဆိုတာ ကျနော် ကောင်းကောင်း သိတာပေါ့။ အစတုန်းက ခင်ဗျားတို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုကို တောင်းခံခဲ့တာဟာ ဒီစာအုပ်ကို ဖတ်စေချင်တာကို ပြောတာပါ။ ဒါပေမဲ့ အချက်အလက်တချို့ကိုတော့ ကျနော် ဖုံးကွယ်ထားခဲ့တယ်။ အဲ့လိုဖုံးကွယ်ပေးခဲ့တာက ကျနော့်မှာ ကျန်ရှိနေသေးတဲ့ နောက်ဆုံးသော လူသားဆန်မှုနဲ့ ကျိန်စာကို တုံ့ပြန်ခုခံမှုကြောင့်ပါ။
သဲထိတ်ရင်ဖို ဇာတ်လမ်းတစ်ခုနဲ့ ခင်ဗျားက ပတ်သက်မှု ပိုအားကောင်းလေလေ၊ ကျိန်စာရဲ့ သက်ရောက်မှုက ပိုကြီးလေလေပါပဲ။ ဒါကြောင့် ကျနော် ဒီဇာတ်လမ်းကို အကြိမ်ကြိမ် အဆုံးသတ်ခဲ့တာပါ။ ဒါဆိုရင် စာဖတ်သူအနေနဲ့ ဒီကျိန်စာကို ထပ်ပြီး ထိတွေ့စရာ မလိုတော့ဘူးပေါ့။ ဒါပေမဲ့ သူက ကျနော့်ကို ခွင့်မပြုခဲ့ဘူးဗျ။
ကျနော် ဘယ်နှကြိမ်ပဲ ဇာတ်သိမ်းပါစေ၊ တိုးတိုးပြောသံတွေက မရပ်သွားဘူး။ အကုန်လုံးကို ရေးချပြီး တခြားသူတွေဆီ ပြန့်သွားအောင် လုပ်တဲ့အချိန်အထိပေါ့။ သူက ကျနော့်ကို ရွေးချယ်ခဲ့တာက ကျနော်က သူနဲ့ တူနေလို့ပဲ။ သူနဲ့ အခြေအနေတူတဲ့သူဆီကို ဒီအလုပ်ကို ပေးလိုက်တာဟာ ဘယ်အဆောင်ထက်မဆို ကျိန်စာကို ပိုထိရောက်အောင် ပြန့်ပွားစေနိုင်ပါတယ်။ “တူညီသူ” ဆိုတာကတော့ ကျနော်ဟာလည်း ဖခင်တစ်ယောက်၊ ခင်ပွန်းတစ်ယောက် ဖြစ်နေလို့ပါ။ တကယ်တော့ အမျိုးသမီး သတင်းထောက်ဆရာမဆိုတာက ကျနော့်မိန်းမပါ။ ခင်ပွန်းဖြစ်သူ ကွယ်လွန်ခဲ့တယ်ရေးခဲ့တာက ကျနော်ညာခဲ့တာပါ။
သူဟာ အိမ်တစ်အိမ်တက်ဆင်း လိုက်ရှာနေခဲ့တာ ကလေးတွေကို ရှာနေတာ မဟုတ်ဘူး။ မိဘတွေကို ရှာနေတာပါ။ သူ့ကို ကိုယ်ချင်းစာနိုင်မယ့် မိဘမျိုး၊ သူနဲ့အတူ ကလေးတစ်ယောက်ကို ပြုစုပျိုးထောင်ဖို့ သင့်တော်တဲ့ မိဘတစ်ယောက်ကို သူဟာ အလိုရှိခဲ့တာ။ ကျနော်တို့က မွေးထားတဲ့ ကလေးကို ဆုံးရှုံးခဲ့ရသူ၊ ဂေဟာမှာတုန်းကလည်း တခြားသူတွေကို ကိုယ်ချင်းစာခဲ့မိသူမလို့ ကျနော်တို့ရဲ့ အတွေ့အကြုံတွေက သူနဲ့ အနီးစပ်ဆုံး တူညီနေခဲ့တာပဲ ဖြစ်ရမယ်။ မိုက်မဲစွာနဲ့ပဲ တစ်ခါ ဖြတ်တောက်ပြီးသား အဆက်အသွယ်ကို ကျနော် ပြန်ဆွဲထုတ်မိပြီး သူနဲ့ ထပ်ပတ်သက်ခဲ့မိတယ်။
သူက မီဒီယာတွေကို မုန်းတီးပေမဲ့ မီဒီယာရဲ့ လွှမ်းမိုးမှုကိုတော့ ကိုယ်တိုင် သိနေခဲ့တယ်။ ကျနော့်လို အလွတ်တန်းစာရေးဆရာက သူ့ရဲ့ ‘ကလေး’ ကို ကြီးထွားအောင် လုပ်ဖို့အတွက် အကောင်းဆုံး ရွေးချယ်မှုဆိုတာ သူဟာ သိနေခဲ့တယ်။
အဲ့ဒီအမျိုးသမီး၊ “အနီရောင်အမျိုးသမီး” ဟာ သူ့ရဲ့ သားလေးကို ပြန်ရှင်လာစေချင်ခဲ့တာ။ သူ့ကို ပစ်ပယ်ခဲ့တဲ့ နတ်အတုအယောင်ကို သူက ယုံကြည်ကိုးကွယ်ပြီး တွယ်ကပ်နေခဲ့တယ်။ ပိုဆိုးတာက အဲ့ဒီနတ်ကပဲ သူ့ကလေးရဲ့ အသက်ကို ယူခဲ့တာလေ။ သူ ဘာတွေလုပ်နေမိလဲဆိုတာတောင် သူကိုယ်တိုင် နားမလည်ခဲ့ဘူး။ သူဟာ သေဆုံးနေတဲ့ သားဖြစ်သူရဲ့ အလောင်းကို ရှေ့မှာ မြင်နေရတာတောင် ဆက်ပြီး ဆုတောင်းနေခဲ့တဲ့ ကူကယ်ရာမဲ့ လူမိုက်မလေးပါ။ သူက သနားစရာထက်ကို ပိုပါတယ်။
ကျောက်တုံးကို ခိုးယူပြီး အဆောင်က စာလုံးတွေကို သူ့ကလေးနာမည်နဲ့ ပြောင်းလိုက်တာက တစ်ခုခုကို ပြန်ရှင်လာစေခဲ့ပေမဲ့ အဲ့ဒီအရာက သူ့ကလေးနဲ့ ပုံစံတူရုံသက်သက်ပါပဲ။ ဒါတောင်မှ သူက အဲ့ဒါကို သူ့သားလေးလို့ တကယ် ယုံကြည်နေခဲ့တယ်။ ဒါကြောင့် သူက ကျိန်စာကို လက်ခံလိုက်ပြီး အပြစ်မဲ့သူတွေကို ကူးစက်စေဖို့ အဆောင်တွေကို သုံးခဲ့တာပါ။ အဲ့ဒါတွေအားလုံးက တခြားသူတွေရဲ့ အသက်စွမ်းအားတွေကို ဝါးမြိုပြီး ကြီးထွားလာမယ့် တစ်ခုခုကို ပြုစုပျိုးထောင်ဖို့ပါပဲ။ သူကိုယ်တိုင်လည်း ဝိညာဉ်ပျောက်ဆုံးသွားပြီးတဲ့နောက်မှာ အဲ့ဒီလုပ်ရပ်တွေကိုပဲ ထပ်ခါတလဲလဲ လုပ်နေတဲ့ ထိတ်လန့်စရာ သတ္တဝါကြီးအဖြစ် ပြောင်းလဲသွားခဲ့တယ်။
ဒါတောင်မှ မလုံလောက်သေးဘူး။ ဒါကြောင့် သူဟာ ကျနော်တို့ကို အသုံးချခဲ့တာပါ။ သူ့လို သတ္တဝါမျိုးတွေမှာ ဝိညာဉ်မရှိဘူး။ သူတို့က သားကောင်ကို အလိုအလျောက် သိစိတ်အခံနဲ့ပဲ လိုက်ရှာကြတာ။ သူ ကိုးကွယ်ခဲ့တဲ့ နတ်က အတုကြီးပါလို့ ရေးနေတဲ့ အချိန်မှာတောင် သူဟာ မျက်ရည်တစ်စက်မှ မကျခဲ့ဘူး။ အဲ့ဒါက အဲ့ဒီလို သတ္တဝါတွေရဲ့ သဘာဝပဲ။ လူသားတွေရဲ့ ဆင်ခြင်တုံတရားက သူတို့နဲ့ မဆိုင်ဘူး။
ဒါပေမဲ့ အဲ့ဒီအမျိုးသမီးတစ်ယောက်ထဲ သနားစရာ ကောင်းတာ မဟုတ်ပါဘူး။ အချိန်နောက်ပြန်လှည့်ကြည့်ရင် အဲ့ဒီကလေးတောင်မှ ယဇ်ကောင်တွေ ဖြစ်ခဲ့ကြတာပါပဲ။ ယဇ်ကောင်တွေကနေ နောက်ထပ် ယဇ်ကောင်တွေကို ထပ်တောင်းဆိုနေကြတာပါ။ တကယ့်ကို ရယ်စရာ ကောင်းလွန်းပါတယ်။ နတ်ဘီလူးကတော့ အပြင်မှာ ရှိနေဆဲဖြစ်ပြီး လူသားတွေရဲ့ သွေးကို စုပ်ယူကာ နတ်အတုတွေကို ထပ်ခါတလဲလဲ မွေးဖွားပေးနေဆဲပါပဲ။
ဒါပေမဲ့ ဒါကို သိနေတာကလည်း အခုချိန်မှာ ဘာမှ မထူးတော့ပါဘူး။
“ပဲခူးရိုးမ” ဆိုတာ တကယ်ပဲ ဒီမှာတင် နိဂုံးချုပ်သွားပါပြီ။ ထပ်ရေးစရာလည်း ဘာမှ မရှိတော့ပါဘူး။ အကုန်လုံးကို ကျနော် ရေးချပြီးပါပြီ။ ပဲခူးရိုးမ ရဲ့ တိကျတဲ့ တည်နေရာကို သိနေတာကလည်း အပိုပါပဲ။
စာဖတ်သူတို့။ ခင်ဗျားတို့ဟာ ဒီကျိန်စာနဲ့ အရှုပ်အထွေးတွေကြားထဲ ရောက်နေပါပြီ။ အရမ်းကို နောက်ကျသွားပါပြီ။
ကျနော့် နားထဲမှာ သူ့ရဲ့ တိုးတိုးပြောသံတွေကို မကြားရတော့ဘူး။ သူ ကျနော့်ကို ခွင့်လွှတ်လိုက်ပြီ ထင်ပါရဲ့။ ဒါပေမဲ့ အခန်းထောင့်တစ်နေရာမှာ ရပ်ပြီး ကျနော့်ကို ကြည့်နေတဲ့ ကောင်လေးတစ်ယောက်ကိုတော့ မြင်နေရတယ်။ အဲ့ဒါကို ခင်ဗျားတို့ ကြိုက်သလိုသာ တွေးကြပါတော့။
စာဖတ်သူတို့ရေ... ကျနော် တကယ်ပဲ တောင်းပန်ပါတယ်။ ပြီးတော့ ရှာတွေ့ပေးလို့ ကျေးဇူးတင်ပါတယ်။
DrNyan