← Chapters

ပဲခူးရိုးမ - ၄

Vol. 2 Ch. 4.3

ပဲခူးရိုးမ - ၄

Vol. 2 Ch. 4.3

ကျနော်နဲ့ ဇင်မျိုးဝင်း နောက်ဆုံးတွေ့ဖြစ်ခဲ့တာကတော့ ပန်းဆိုးတန်းစာအုပ်တန်း မှာရှိတဲ့ အဲ့ဒီကော်ဖီဆိုင်မှာပါပဲ။

ကျနော်တို့ ထိုင်ခုံမှာနေရာယူပြီး သောက်စရာတွေရောက်လာတာကို စောင့်နေခဲ့ကြတယ်။ သောက်စရာတွေရောက်လာတော့ သူက သူ့ရဲ့ Iced Caffe Latte ထဲကို သကြားရည်တွေ ရောမွှေထည့်ရင်း စကားစပြောပါတယ်။

“ကျနော့်ရဲ့ ယူဆချက်ကို နားထောင်ပေးမလား”

ကျနော်လည်း သူပြောတာကို နားထောင်ဖို့ ဆုံးဖြတ်လိုက်တယ်။ သူပြောပြခဲ့တာတွေကတော့ အောက်ပါအတိုင်းပါပဲ။

“အရင်တုန်းကတော့ ကျနော်တို့နှစ်ယောက်လုံးက ‘တောင်ခေါ်ဝိညာဉ်’ ဟာ အမျိုးသမီးတွေကိုပဲ ပစ်မှတ်ထားတာလို့ သဘောတူခဲ့ကြတယ်လေ။ ‘ကျောင်းလေ့လာရေးခရီးစဉ်က အစုလိုက်အပြုံလိုက် စိတ်ဖောက်ပြန်မှုဖြစ်ရပ်မှ အမှန်တရား’ နဲ့ ‘အသစ်တွေ့ရှိတဲ့ သတ္တဝါဆန်း။ လူဖြူကြီး’ ဆိုတဲ့ မှတ်တမ်းတွေအရ တောင်ခေါ်ဝိညာဉ်ကိုယ်တိုင်က တောင်ပေါ်ကနေ ဆင်းမလာဘူးဆိုတာ ကျနော်တို့ သိခဲ့ရတယ်။ အဲ့ဒီအစား သူက အမျိုးသားတွေကို ထိန်းချုပ်ပြီး သူတို့ကိုအသုံးချကာ အမျိုးသမီးတွေကို တောင်ပေါ်ရောက်အောင် မြှူဆွယ်ခိုင်းတာဗျ။ အဲ့ဒီအသုံးချခံရတဲ့ အမျိုးသားတွေ အသက်ရှင်သေးလား ဒါမှမဟုတ် သေကုန်ပြီလားဆိုတာတော့ ကျနော်တို့ မသိရဘူး...”

“ကျနော် တော်တော်ကြာကြာ သံသယဖြစ်နေခဲ့တာကတော့ အမျိုးသမီးတွေ၊ အထူးသဖြင့် အမျိုးသမီးငယ်လေးတွေကို ဖိတ်ခေါ်ရတဲ့ ရည်ရွယ်ချက်ဟာ သူတို့ကို ‘သတို့သမီး’ လုပ်ဖို့အတွက်ပဲ။ ဒါပေမဲ့ အဲ့ဒီအရာကြီးက သတို့သမီးဆိုတဲ့ စကားလုံးကို ကျနော်တို့ နားလည်ထားသလိုမျိုးပဲ နားလည်ထားသလား ဆိုတာတော့ မသေချာဘူး”

“ဖြစ်နိုင်တာကတော့ တောင်ခေါ်ဝိညာဉ်ဟာ သူအသုံးချတဲ့ အမျိုးသားတွေကိုရော၊ သူမြှူဆွယ်လိုက်တဲ့ အမျိုးသမီးတွေကိုပါ သူတို့ရဲ့ ‘ခန္ဓာကိုယ်’ တွေကို ဆည်ထဲကို ပစ်ချဖို့ လှုံ့ဆော်တာမျိုး ဖြစ်နိုင်တယ်။ အဲ့လိုတွေးမှပဲ ဘာလို့ ဒီဆည်ဟာ ကိုယ့်ကိုယ်ကိုယ် သတ်သေတဲ့နေရာအဖြစ် နာမည်ကြီးနေရတာလဲဆိုတာကို ရှင်းပြနိုင်လိမ့်မယ်...”

“ဒါသာ အမှန်ဆိုရင် ‘ဖြစ်ရပ်မှန်ဇာတ်လမ်း၊ ပုဂံမှာ ပျောက်ဆုံးသွားတဲ့ မိန်းကလေးနဲ့ ပတ်သက်တဲ့ ထူးခြားမှုများ’ ထဲက မိန်းကလေးဟာ ဆည်အောက်ခြေက တစ်နေရာရာမှာ ရှိနေနိုင်ပြီး အဲ့ဒီမိန်းကလေးရဲ့ ခန္ဓာကိုယ်ကိုတော့ အခုထိ ရှာမတွေ့သေးတာ ဖြစ်လိမ့်မယ်”

“ဒါပေမဲ့ ‘ဖောက်ပြန်ခြင်း’ မှာ တွေ့ခဲ့ရသလိုပဲ၊ လူတစ်ယောက်ဟာ အမျိုးသမီးတစ်ယောက်အစား အရုပ်တစ်ရုပ်ကို အစားထိုး ပူဇော်နိုင်ပြီး အဲ့ဒီအမျိုးသမီးကို သတို့သမီး ဖြစ်မယ့်ဘေးကနေ ကယ်တင်နိုင်တယ်။ ‘အသစ်တွေ့ရှိတဲ့ သတ္တဝါဆန်း၊ လူဖြူကြီး’ နဲ့ ‘စောင့်ဆိုင်းခြင်း’ မှာပါသလို ယဇ်ကောင် ဘာမှမပေးဘဲ လွတ်မြောက်လာတဲ့သူ အနည်းငယ်လည်း ရှိပါတယ်”

“မူလတန်းကျောင်းသားလေးတွေ ပြောနေကြတဲ့ တာတေတို့၊ တာတေကြီးတို့ဆိုတဲ့ ကစားနည်းတွေဟာ တောင်ခေါ်ဝိညာဉ်ရဲ့ နယ်မြေထဲမှာရှိတဲ့ တိုက်ခန်းတွဲတွေမှာ နေထိုင်တဲ့ ကလေးတွေဆီကနေ စတင်ခဲ့တာ ဖြစ်ရမယ်။ အဲ့ဒီအရာက ကြီးမားပြီး ဖြူဖွေးကာ လူနဲ့တူတာမလို့ ကလေးတွေက သူ့ကို လူဖြူကြီးဆိုတဲ့ တာတေ လို့ ခေါ်ကြတာ။ ပြီးတော့ အဲ့ဒီကစားနည်းမှာလည်း ‘ဖောက်ပြန်ခြင်း’ ထဲကလိုပဲ တစ်ခုခုကို ပူဇော်ရတဲ့ ပုံစံမျိုး ပါဝင်နေပုံရတယ်”

ဇင်မျိုးဝင်း တစ်ယောက် မနားတမ်း ပြောနေခဲ့ရာကနေ အသက်ဝဝရှူဖို့ ခဏရပ်လိုက်ပါတယ်။ ပြီးတော့ သူက ဆက်ပြောပါတယ်။

“ကျနော် နီးစပ်နေပြီ။ ခံစားလို့ရနေတယ်။ အနီရောင်အမျိုးသမီးနဲ့ စတစ်ကာကိစ္စတွေအပါအဝင် မသိရသေးတာတွေ အများကြီး ရှိနေသေးပေမဲ့ အရာအားလုံးကို ချိတ်ဆက်လို့ ရတော့မလို ခံစားနေရတယ်။ ဒီအထူးထုတ်ကတော့ တကယ့်ကို အံ့မခန်း ဖြစ်တော့မှာပဲ”

သူ့အသံက တကယ့်ကို စိတ်လှုပ်ရှားနေပုံရပါတယ်။

“ကျနော် ဒီအထိ ရောက်လာခဲ့ပြီ။ အခုတော့ ပဲခူးရိုးမက အဲ့ဒီနေရာကို ကိုယ်တိုင်သွားကြည့်ဖို့ အချိန်တန်ပြီထင်တယ်”

ဒါက ဇင်မျိုးဝင်း ကျနော့်ကို ပြောခဲ့တဲ့ စကားပါ။

သေချာတာပေါ့၊ ကျနော် သူ့ကို တားဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ သူကတော့ သွားဖြစ်အောင် သွားခဲ့တာပါပဲ။

နှစ်လအကြာမှာတော့ သူ သေဆုံးသွားခဲ့ပါတယ်။ သူတို့ သူ့ကို ပဲခူးရိုးမ ထဲမှာ ရှာဖွေတွေ့ရှိခဲ့ကြတာပါ။

စာဖတ်သူတို့ခင်ဗျာ၊ ခင်ဗျားတို့ကို လိမ်ညာခဲ့မိတဲ့အတွက် ကျနော် တကယ်ပဲ တောင်းပန်ပါတယ်။

"ပဲခူးရိုးမက နေရာတစ်ခုအကြောင်း" ဆိုတဲ့ ဒီဇာတ်လမ်းကတော့ ဒီနေရာမှာတင် နိဂုံးချုပ်သွားပါပြီ။

*****

လူတွေ့မေးမြန်းခန်း မှတ်တမ်း (၃)

စာရေးဆရာမကြီးနှင့် တွေ့ဆုံခြင်း

“ဟုတ်ကဲ့၊ ဟုတ်ကဲ့၊ မင်္ဂလာပါရှင်။ တွေ့ရတာ ဝမ်းသာပါတယ်။ အင်း... ကျမ လက်ဖက်ရည်ပဲ သောက်ပါ့မယ်၊ ပူပူလေးနော်။

ဒါနဲ့ ရှင်က နဲ့ တစ်ခါမှ မဆုံဖူးဘူးပေါ့။ ကြားမိသလောက်တော့ ရှင်က O ရဲ့ လုပ်ဖော်ကိုင်ဖက်ဟောင်း တစ်ယောက်နဲ့ အလုပ်တွဲလုပ်ဖူးတယ်ဆို။ K ဆိုလားပဲ။

တစ်နေ့တော့ O က ကျမဆီကို ဘာမပြောညာမပြောနဲ့ ဖုန်းဆက်လာတယ်။ ပဲခူးရိုးမ အကြောင်းကို စုံစမ်းနေတဲ့ စာရေးဆရာတစ်ယောက်ရှိတယ်တဲ့။ အဲ့ဒီနေရာအကြောင်းကို ကျမတို့နှစ်ယောက် ဟိုးအရင်က သုတေသန လုပ်ဖူးတာဆိုတော့ ရှင့်ကို အင်တာဗျူးခွင့်ပေးဖို့ သူက တောင်းဆိုလာတာပါ။ ကျမလည်း နောက်ထွက်မယ့် စာအုပ်အတွက် ဘာရေးရမှန်း စဉ်းစားမရဖြစ်နေတာနဲ့ ရှင့်နဲ့ စကားပြောကြည့်ရင် အကြံဉာဏ်သစ်တွေ ရမလားဆိုပြီး လက်ခံလိုက်တာ။

ဆိုတော့... ရှင်က စာရေးဆရာပေါ့နော်။ ကျမတို့လောကက အခုတလော ရုန်းကန်နေရတယ်မဟုတ်လား။ စာအုပ်တိုက်တွေလည်း အရှုံးပေါ်နေကြတာလေ။ ကျမရဲ့ စာအုပ်သစ်တွေရဲ့ အရေအတွက်ဆိုရင် နှစ်တိုင်း လျော့လျော့လာတယ်။ ကျမလို အဖွားကြီးကို အနားယူဖို့ အရိပ်အမြွက်ပြနေကြတာလား မသိပါဘူး။ ခစ်ခစ်။ နောက်တာပါ၊ ထားလိုက်ပါတော့။

O လား။ သူ စာပေအယ်ဒီတာ လုပ်တုန်းက ကျမနဲ့ အလုပ်တွဲလုပ်ခဲ့တာလေ။ ကျမတို့ သိလာကြတာ တော်တော် ကြာပါပြီ၊ အခုဆို နှစ်ပေါင်း နှစ်ဆယ်နီးပါး ရှိတော့မယ် ထင်တယ်။

ဒါပေမဲ့ နှစ်အနည်းငယ်ကြာတော့ သူ တခြားဌာနကို ပြောင်းသွားတယ်။ ဘာဌာနလဲတောင် မေ့နေပြီ... ဪ။ သဲထိတ်ရင်ဖိုမဂ္ဂဇင်းဌာနပဲ။ ဟုတ်တယ်၊ ‘ပဲခူးရိုးမ’ လစဉ်ထုတ်မဂ္ဂဇင်းရဲ့ အယ်ဒီတာအဖွဲ့ပေါ့။ အဲ့ဒီနောက်ပိုင်းတော့ သူ့ဆီက သတင်းမကြားရတော့ဘူး။ သူတို့ဆီမှာ ကျမကို ငှားဖို့ ဘတ်ဂျက်မရှိဘူးလေ။ ခစ်ခစ်။

ဒါပေမဲ့ သူ စာအုပ်တိုက်အသစ်ပြောင်းပြီး စာပေအယ်ဒီတာအဖြစ် ပြန်လုပ်တော့ ကျမတို့ အလုပ်ပြန်တွဲဖြစ်ကြတယ်။ သိတဲ့အတိုင်း ဒီလောကက ကျဉ်းကျဉ်းလေးလေ။ အဆက်အသွယ်ရှိဖို့က အရေးကြီးတယ်မဟုတ်လား။

ဪ။ ဟုတ်သားပဲ။ ရှင်က ပဲခူးရိုးမ အကြောင်းကို စုံစမ်းနေတာဆို။ အဲ့ဒါ ‘xxxx’ မဂ္ဂဇင်း အတွက်လား။ အဲ့ဒီမဂ္ဂဇင်းက လစဉ်ထုတ်နေတုန်းပဲလား။ ဘာ... အခုတော့ တစ်ခါတစ်လေမှ အထူးထုတ်အနေနဲ့ပဲ ထုတ်တော့တာလား။ အိုး... ကျမတို့အားလုံး အခြေအနေ တော်တော် ဆိုးနေကြတာပဲနော်။

အင်း... ကျမတို့ ဘာအကြောင်း ပြောနေတာပါလိမ့်။ ဟုတ်ပြီ၊ ပဲခူးရိုးမ အကြောင်းပေါ့။

ကျမစာအုပ်တွေ ဖတ်ဖူးလား။ ဖတ်ဖူးတယ်ဟုတ်လား၊ ကျေးဇူးတင်ပါတယ်ရှင်။ ဒါဆိုရင်တော့ ပြောရတာ ပိုလွယ်တာပေါ့။ သိတဲ့အတိုင်း ကျမက သဲထိတ်ရင်ဖိုဝတ္ထုတွေ အများကြီး ရေးတာလေ။ အခုလို နှစ်ပေါင်းများစွာကြာအောင် ဒီအလုပ်ကို လုပ်နိုင်ခဲ့တာကိုပဲ ကျေးဇူးတင်လှပါပြီ။

ဒါက လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ လောက်ကပေါ့။ အဲ့ဒီတုန်းက Oက အတွေ့အကြုံမရှိသေးတဲ့ လူသစ်လေးပဲ ရှိသေးတယ်။ သူက စာပေအယ်ဒီတာအဖြစ် အလုပ်စဝင်ပြီး ကျမနဲ့ တွဲလုပ်နေတဲ့ ရှေ့ကလူဆီကနေ အလုပ်လွှဲယူခဲ့တာ။ ကျမနဲ့ Oက နောက်ထွက်မယ့် ပရောဂျက်အကြောင်း ဆွေးနွေးနေတုန်းမှာ ကလေးစာပေအယ်ဒီတာ တစ်ယောက်ဆီက ကမ်းလှမ်းချက်တစ်ခု ရခဲ့တယ်။

သူတို့က ကျောင်းနောက်ခံထားတဲ့ ကလေးတွေအတွက် ထိတ်လန့်စရာပုံပြင်ပေါင်းချုပ် တစ်အုပ် လုပ်ချင်တာတဲ့လေ။ အဲ့ဒါကို တကယ့်ကို အရှိအတိုင်း ကြောက်စရာကောင်းအောင် လုပ်ချင်တာ။ အဲ့ဒါကြောင့်ပဲ တကယ့် သဲထိတ်ရင်ဖိုစာရေးဆရာဖြစ်တဲ့ ကျမကို ငှားတာပေါ့။

O နဲ့ ကျမကတော့ နောက်ထွက်မယ့်စာအုပ်ကို "ကောလာဟလတွေ ပျံ့နှံ့ပုံ" အကြောင်း ရေးဖို့ စဉ်းစားထားကြတာ။ ဒါနဲ့ ကျမလည်း မူလတန်းကျောင်းသားလေးတွေကြားထဲမှာ ထိတ်လန့်စရာ ပုံပြင်တွေ ဘယ်လိုပျံ့နှံ့လဲဆိုတာကို သုတေသနလုပ်ပြီး အဲ့ဒီကရတဲ့ အချက်အလက်တွေကို ကလေးစာအုပ်အတွက် အသုံးပြုဖို့ ဆုံးဖြတ်လိုက်တယ်။

ဒါပေမဲ့ နောက်ဆုံးမှာတော့ O နဲ့ လုပ်တဲ့အပိုင်းက တခြားဘက်ကို ရောက်သွားလို့ ကျမ စုဆောင်းထားတဲ့ အချက်အလက်တွေက အဲ့ဒီပရောဂျက်အတွက် သိပ်အသုံးမဝင်တော့ဘူး။ ဒါပေမဲ့ အဲ့ဒီစာအုပ်ကတော့ တကယ့်ကို ကောင်းကောင်းထွက်လာခဲ့တာမို့ ရှင်စိတ်ဝင်စားရင် ဖတ်ကြည့်ဦးနော်။

ဪ…. ဆောရီး။ အဲ့ဒါကို ခဏမေ့ထားလိုက်ပါဦး။ ကျမက ကလေးစာအုပ် တစ်ခါမှ မရေးဖူးသလို ကလေးတွေအကြောင်းလည်း ဘာမှမသိဘူးလေ။ အဲ့ဒါကြောင့် လက်တွေ့ သုတေသနလုပ်ဖို့ ဆုံးဖြတ်ခဲ့တာ။

ကလေးစာအုပ် အယ်ဒီတာက သူ့အဆက်အသွယ်တွေသုံးပြီး ပဲခူးတိုင်းနဲ့ ပဲခူးရိုးမဘက်က မူလတန်းကျောင်း သုံးကျောင်းနဲ့ ချိတ်ဆက်ပေးတယ်။ ဒါနဲ့ ကျမနဲ့ O နှစ်ယောက်တည်း ကျောင်းသားတွေကို ကိုယ်တိုင်သွားပြီး အင်တာဗျူးခဲ့ ကြတယ်။

အဲ့ဒီကျောင်းတွေထဲက တစ်ကျောင်းက ပဲခူးတိုင်း ထဲမှာရှိတဲ့ ဝေါမြို့က ကျောင်းပဲ။

ဒါနဲ့ စကားမစပ်... ရှင် သရဲဆိုတာယုံလား။ ယုံတယ်ပေါ့... အင်း။ ကျမလား။ ရှင်အံ့သြသွားနိုင်လောက်တယ်။ ကျမက သဲထိတ်ရင်ဖို စာရေးဆရာဖြစ်ပေမဲ့ သရဲမယုံဘူးရှင့်။

ဒါက ကျမရဲ့ နှစ်ပေါင်းများစွာ စာရေးလာတဲ့ အတွေ့အကြုံအရ ကိုယ်ပိုင်အယူအဆပေါ့လေ။ သရဲဆိုတာ လူတွေရဲ့ ကြောက်စိတ်ကနေ မွေးဖွားလာတာလို့ ကျမ ယုံကြည်တယ်။ သရဲပုံပြင်တွေဆိုတာ သရဲကို ကိုယ်တိုင်မြင်ဖူးတဲ့သူတွေဆီက လာတာမဟုတ်ဘူး။

ဥပမာ... မူလတန်းကျောင်းက သိပ္ပံခန်းထဲမှာ အရိုးစုပုံစံတူရုပ်ကြီးက ညတိုင်း ကနေတယ်ဆိုပါစို့။ အဲ့ဒါသာ တကယ်ဆိုရင် ဟိုးလေးတကျော်ဖြစ်သွားမှာပေါ့။ စဉ်းစားကြည့်လေ၊ အဲ့ဒီလိုအခန်းမျိုးက တခြားစာသင်ခန်းတွေနဲ့ သီးသန့်ခွဲထားတဲ့ နေရာမျိုး။ လူအသွားအလာ နည်းတဲ့နေရာ။ အဲ့ဒီလိုနေရာမျိုးကို တစ်ယောက်ယောက် သွားမိတဲ့အခါ နည်းနည်းတော့ ကြောက်စိတ်ဝင်မိမှာပဲ။ ဘာကို ကြောက်နေမှန်း မသေချာတာက ပိုပြီး ထိတ်လန့်ဖို့ကောင်းစေတယ်။ အဲ့ဒီတော့ အဲ့ဒီလို မသေချာတဲ့၊ စိတ်မသက်မသာဖြစ်စရာ ခံစားချက်ကို သူများတွေကို ပြန်ပြောပြဖို့အတွက် "အရိုးစုကြီး ကနေတယ်" ဆိုတဲ့ ရယ်စရာကောင်းတဲ့ ပုံပြင်မျိုးကို လုပ်ကြံဖန်တီးလိုက်ကြတာပေါ့။

ဒါက နေရာတစ်ခုကို ဥပမာပေးတာပါ။ ကြောက်စရာကောင်းတဲ့ ဘယ်အရာမဆို ဒီလိုပါပဲ။

ဟိုးအရင်က နာမည်ကြီးခဲ့တဲ့ "လူမျက်နှာနဲ့ ခွေး" ဆိုတဲ့ ကောလာဟလဟာလည်း ကလေးတွေရဲ့ လမ်းဘေးခွေးလေခွေးလွင့်တွေအပေါ် ကြောက်တဲ့စိတ်ကနေ ပေါက်ဖွားလာတာလို့ ယူဆချက်တစ်ခု ရှိတယ်။ သိတဲ့အတိုင်း တချို့ကလေးတွေက ခွေးမွေးထားတော့ လမ်းဘေးခွေးတွေကို မကြောက်ဘူး၊ အဲ့တော့ ကြောက်တဲ့ကလေးတွေရဲ့ ခံစားချက်ကို နားမလည်ပေးနိုင်ဘူး။ ဒါနဲ့ပဲ "လူမျက်နှာနဲ့ ခွေး" ဆိုတဲ့ ပုံပြင်က သူတို့အားလုံး ကြောက်ရမယ့် ဘုံပစ်မှတ်တစ်ခု ဖြစ်လာစေတာပေါ့။ မီဒီယာတွေကပါ ဖော်ပြလိုက်တော့ အဲ့ဒီပုံပြင်က တရှိန်ထိုး ပျံ့နှံ့သွားတာ။

အဲ့ဒီလိုပါပဲ။ မြန်မာနိုင်ငံတစ်ဝှမ်းလုံးမှာ လူတွေအားလုံး ကြောက်တတ်ကြတဲ့ ဘုံကြောက်စိတ်တွေ ရှိတယ်။ အဲ့ဒါကြောင့်ပဲ ကျောင်းက အိမ်သာထဲမှာ သရဲမလေး ရှိတယ်ဆိုတာမျိုး၊ ဆေးရုံက ရင်ခွဲရုံတိုင်းမှာ သရဲရှိတယ်ဆိုတာမျိုးတွေ ဖြစ်လာတာ။ အားလုံးက ဖြစ်စဉ်တစ်ခုတည်းကနေ လာတာပါ။

ဒါပေမဲ့ တစ်ဖက်မှာလည်း အဲ့ဒီလို အစုလိုက်အပြုံလိုက် ကြောက်စိတ်တွေဟာ ခေတ်အဆက်ဆက် ရှင်သန်လာရင်းနဲ့ နာမည်တွေ၊ အသေးစိတ်အချက်အလက်တွေ ပြောင်းလဲသွားတတ်တယ်။ အခုခေတ်မှာ ဘယ်သူမှ ကြိုးဖုန်းမသုံးတော့ဘူးလေ။ အဲ့တော့ သရဲဝင်ပူးနေတဲ့ အရုပ်မလေး မဖဲဝါက ရှင့်ရဲ့ လက်ကိုင်ဖုန်းဆီကို ဖုန်းခေါ်လာမယ်၊ ဒါမှမဟုတ် အီးမေးလ် ပို့လာမယ်ပေါ့။ သူ့နာမည်က မဖဲဝါ မဟုတ်တော့တာလည်း ဖြစ်နိုင်ပေမဲ့ မျက်နှာမမြင်ရတဲ့သူနဲ့ ဆက်သွယ်ရမှာကို ကြောက်တဲ့ အဲ့ဒီမသေချာတဲ့ ကြောက်စိတ်ကတော့ ကျန်နေဆဲပဲ။

ဒါကြောင့်လည်း သဲထိတ်ရင်ဖို ပုံပြင်တော်တော်များများဟာ ဘယ်ခေတ်မှာပဲဖြစ်ဖြစ် တောင်တွေ၊ မြစ်တွေ၊ သမုဒ္ဒရာတွေနဲ့ ပတ်သက်နေတာပေါ့။ လူသားတွေဟာ သူတို့ မထိန်းချုပ်နိုင်တဲ့ သဘာဝတရားရဲ့ စွမ်းအားတွေကို ကြောက်ကြတယ်၊ အဲ့ဒီကြောက်စိတ်က ခေတ်အဆက်ဆက် နာမည်အမျိုးမျိုးနဲ့ လက်ဆင့်ကမ်းလာခဲ့တာ။

ဒါပေမဲ့ ခြွင်းချက်တော့ ရှိတာပေါ့။ နေရာကျဉ်းကျဉ်းလေးတစ်ခုမှာ တကယ့်ကို တုန်လှုပ်စရာကောင်းတဲ့ ကိစ္စတစ်ခု ဖြစ်သွားခဲ့ရင် အဲ့ဒီဒေသအတွက်ပဲ သီးသန့်ဖြစ်တဲ့ ကြောက်စရာပုံပြင်တစ်ခု ဖြစ်လာတတ်တယ်။ အဲ့ဒါကတော့ ဝေါမြို့ က အဲ့ဒီမူလတန်းကျောင်းမှာ ဖြစ်ခဲ့တာလေ။

ကျမရဲ့ "ကျောင်းက ထိတ်လန့်စရာပုံပြင်များ" စာအုပ်တွဲထဲမှာ ဝေါမြို့ က အင်တာဗျူးတွေအပေါ် အခြေခံထားတဲ့ အခန်း နှစ်ခန်းပါတယ်။ တစ်ခုက "ဆန်းကြယ်မှု ကိုးခုရှိသော ကျောင်း" ဖြစ်ပြီး နောက်တစ်ခုက "ကျောင်းပတ်ဝန်းကျင်မှ ထိတ်လန့်စရာပုံပြင်များ" ပါ။ ဟုတ်ပါတယ်၊ အဲ့ဒီအခန်းတွေပေါ့။ ကျမ အဲ့ဒီအလုပ်ကို တော်တော်လေး သဘောကျခဲ့တာ။ ရှင် ဖတ်ဖူးပြီးသားဆိုတော့ သိမှာပေါ့။

မူလကတော့ ကျမ အဲ့ဒီပုံပြင်နှစ်ခုကို ထည့်ဖို့ အစီအစဉ်မရှိပါဘူး။ ဒါပေမဲ့ ပထမနဲ့ ဒုတိယစာအုပ်တွေက ရောင်းကောင်းတော့ စာအုပ်တွဲကို ဆက်လုပ်ဖြစ်သွားတယ်။ ပြောရရင် ကျမမှာ ကျောင်းတွင်း ထိတ်လန့်စရာပုံပြင်တွေ ကုန်သလောက် ဖြစ်နေပြီလေ။ အဲ့ဒါနဲ့ပဲ ကျောင်းပြင်ပ ပတ်ဝန်းကျင်က ပုံပြင်တွေဆီကို ချဲ့လိုက်တာ။ ဒါပေမဲ့ စာအုပ်ထွက်လာတဲ့အချိန်မှာတော့ ကျမ သုတေသန လုပ်ခဲ့တာ တော်တော်လေး ကြာနေပါပြီ။

ဝေါမြို့ က အင်တာဗျူးတွေက တခြားကျောင်းတွေနဲ့ မတူဘူး။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ဖြစ်ခဲ့တဲ့ ဒေသတွင်း ဖြစ်ရပ်တစ်ခုက အဲ့ဒီက သရဲပုံပြင်တွေအပေါ် လွှမ်းမိုးနေတယ်။

"ဆန်းကြယ်မှု ကိုးခုရှိသော ကျောင်း" အတွက် ကျမ ကျောင်းသား အတော်များများကို အင်တာဗျူးခဲ့ပြီး သူတို့အားလုံး ပြောလေ့ရှိတဲ့ ပုံပြင်တွေကို အကျဉ်းချုပ်လိုက်တယ်။ ခုနစ်ခုကတော့ နေရာတိုင်းမှာ ကြားနေရကျ ပုံမှန်ပုံပြင်တွေပါပဲ။ ဒါပေမဲ့ ကလေးတွေအားလုံးက နောက်ဆုံးပုံပြင် နှစ်ခုကိုကျတော့ တစ်သမတ်တည်း အတူတူပဲ ပြောကြတယ်။

အဲ့ဒါက ထူးဆန်းနေတာနဲ့ ကျမ မေးကြည့်တော့ အဲ့ဒီနောက်ဆုံးပုံပြင် နှစ်ခုက သူတို့ကျောင်းမှာ မကြာခင်ကမှ နာမည်ကြီးလာတာတဲ့။ သိတဲ့အတိုင်း အဲ့ဒီကျောင်းမှာ မူလက ထူးဆန်းမှု ခုနစ်ခုပဲ ရှိတာလေ။ ဒါပေမဲ့ နောက်ထပ် နှစ်ခု ထပ်တိုးလာပြီး ကိုးခု ဖြစ်သွားတာပေါ့။ အဲ့ဒီ ပုံပြင်အသစ်တွေက "ကျောင်းဆင်းခေါင်းလောင်းသံ" နဲ့ "ပြည့်စုံ"လို့ခေါ်တယ်။

ပြီးတော့ ကျောင်းပြင်ပမှာ ဖြစ်ခဲ့တဲ့ နောက်ထပ် ပုံပြင်နှစ်ခုကိုလည်း ကျောင်းသားတွေက ပြောပြကြသေးတယ်။ အဲ့ဒါတွေကလည်း လတ်တလောမှ ဖြစ်ထားတာတွေ။ အဲ့ဒါတွေကတော့ "ခုန်နေသော အမျိုးသမီး" နဲ့ "ပြည့်စုံနဲ့ ဖုန်းရုံ" တို့အတွက် အခြေခံတွေပေါ့။ တကယ်တော့ နောက်ထပ် တစ်ခု ကျန်သေးတယ်၊ ဒါပေမဲ့ ကျမ အဲ့ဒါကို စာအုပ်ထဲ မထည့်ဖြစ်ဘူး။

အဲ့ဒီတုန်းက တကယ့်ကို စိတ်လှုပ်ရှားဖို့ ကောင်းခဲ့တာ။ မူလတန်းကျောင်းသားလေးတွေကြားမှာ သရဲပုံပြင်တွေ ဘယ်လိုပျံ့နှံ့သလဲဆိုတာကို ကျမ ကိုယ်တိုင် မြင်တွေ့ခဲ့ရတာလေ။ အဲ့ဒါက ကျမရေးဖို့ ရည်ရွယ်ထားတဲ့ စာအုပ်ရဲ့ အဓိကအချက်ပဲ။

ကျမ စောစောက ပြောခဲ့သလိုပဲ၊ သရဲပုံပြင်တွေဟာ မသေချာတဲ့ ကြောက်စိတ်တွေကနေ ဖြစ်လာတာလို့ ကျမ ယုံကြည်တယ်။ အဲ့ဒီတုန်းက ဝေါမြို့ က ပုံပြင်တွေရဲ့ အခြေခံ အကြောင်းရင်းကို သိဖို့ ကျမ အချိန်အများကြီး ပေးခဲ့ရတယ်။

နောက်ဆုံးမှာတော့ သားအမိနှစ်ယောက် ကိုယ့်ကိုယ်ကိုယ် သတ်သေခဲ့တဲ့ ဖြစ်ရပ်တစ်ခုကို ကျမ ရှာတွေ့ခဲ့တယ်။ အဲ့ဒီတုန်းက ပါလာတဲ့ သတင်းစာ ဖြတ်ပိုင်းတွေတောင် ကျမဆီမှာ ရှိသေးတယ်။ ကျမရဲ့ သုတေသန မှတ်စုစာအုပ်ထဲမှာ ထည့်ထားတာ။ စနစ်တကျ ရှိတာက ဒီလိုအချိန်မျိုးမှာ အသုံးဝင်တာပေါ့။ အဲ.......... ဒီမှာ ကြည့်ပါ။

သေဆုံးသွားတဲ့ ကလေးက အသက် ၁၁ နှစ်အရွယ် ပြည့်ဝလို့ခေါ်တယ်။ ပြည့်ဝဆိုတဲ့နာမည်က လူအများသိကြတာတော့ ပြီးပြည့်စုံခြင်း၊ ကောင်းမွန်ခြင်းဆိုတဲ့အဓိပ္ပါယ်ပဲ။ ဒါပေမဲ့ အောက်လမ်းပညာရပ်ပိုင်းမှာဆိုရင် ပြည့်ဝပြီဆိုတာ နိဂုံးချုပ်တော့မယ့်အဓိပ္ပါယ်လို့ ယူကြတယ်လေ။ သတင်းထဲမှာတော့ သူ့အမေအကြောင်း မပါဘူး၊ ဒါပေမဲ့ မိခင်ဖြစ်သူကတော့ ပြည့်ဝ သေပြီး တစ်နှစ်အကြာမှာ ကိုယ့်ကိုယ်ကိုယ် သတ်သေခဲ့တာ။

ကျမ ကျောင်းသားတွေကို မေးကြည့်ပေမဲ့ သူတို့ မိဘတွေက ပြည့်ဝရဲ့ သေဆုံးမှုအကြောင်း မပြောဖို့ တားထားတယ်ဆိုပြီး ပြောပြဖို့ ငြင်းကြတယ်။ ဆရာတွေကလည်း မပြောကြဘူးပေါ့။ ဒါပေမဲ့ ကျောင်းခေါင်းလောင်းက တစ်ခါတစ်လေ တကယ်ပဲ မိနစ်အနည်းငယ် နောက်ကျပြီး မြည်တတ်တာကိုတော့ ကျမ သိခဲ့ရတယ်။

အဲ့လိုနဲ့ ကျမနဲ့ Oက ပတ်ဝန်းကျင်ကို လှည့်မေးကြည့်ခဲ့တယ်။ ဈေးဝယ်ပြန်လာတဲ့ အိမ်ရှင်မတွေကို စကားပြောဖို့ ဆင်ခြေတစ်ခုခု ပေးပြီး မေးတာပေါ့။ Oက အဲ့ဒီလိုမျိုး စကားပြောတဲ့နေရာမှာ တော်တော်တော်တယ်။

တိုက်တိုက်ဆိုင်ဆိုင်ပဲ။ ကျမတို့ အင်တာဗျူးခဲ့တဲ့ သူတစ်ယောက်က ပြည့်ဝရဲ့ ဖြစ်ရပ်ကို ကိုယ်တိုင် မြင်တွေ့ခဲ့ရသူ ဖြစ်နေတယ်လေ။

အဲ့ဒီအမျိုးသမီးက မူလတန်းကျောင်းနဲ့ နီးတဲ့ တိုက်ခန်းတွဲမှာ နေတာ။ အဲ့ဒီဖြစ်ရပ် ဖြစ်ချိန်မှာ အဲ့ဒီအမျိုးသမီးဟာ ဈေးဝယ်ပြီး ပြန်လာတာတဲ့။ ကျောင်းဆင်းခေါင်းလောင်းသံ မြည်လာချိန်မှာ အဲ့ဒီအမျိုးသမီးက ဈေးခြင်းတောင်းတွေ တင်ထားတဲ့ စက်ဘီးကို တိုက်ခန်းတွဲနားက ကုန်းတက်အတိုင်း တွန်းလာနေတာ။ အဲ့ဒီအချိန်မှာ တိုက်ခန်းတွဲဝင်းထဲက ပန်းခြံထဲမှာ လူတွေ စုရုံးနေတာကို အဲ့ဒီအမျိုးသမီးဟာ မြင်လိုက်ရတယ်။

ကလေးတစ်ယောက်က ပန်းခြံထဲက သစ်ပင်အမြင့်ကြီးပေါ်မှာ ကြိုးဆွဲချ သေဆုံးနေတာတဲ့လေ။ သူ့ရဲ့ အောက်မှာတော့ သူ့အမေလို့ ယူဆရတဲ့ အမျိုးသမီးက ရူးမတတ် အော်ဟစ်ပြီး လက်တွေကို အပေါ်မြှောက်ကာ ကလေးကို ပြန်ဆွဲချဖို့ ကြိုးစားရင်း ခုန်နေတာကို မြင်ခဲ့ရတယ်။

ကလေးတွေကလည်း ကျောင်းဆင်းခါစဆိုတော့ အများကြီး စုရုံးပြီး ကြည့်နေကြတာပေါ့။ ကျမတို့ အင်တာဗျူးခဲ့တဲ့ အမျိုးသမီးက အပြေးသွားပြီး ကလေးတစ်ယောက်ကို လူကြီးတွေ သွားခေါ်ခိုင်းတယ်၊ ပြီးတော့ တခြားကလေးတွေကို အိမ်ပြန်ခိုင်းလိုက်တယ်။ အဲ့ဒီလို ကြောက်စရာ မြင်ကွင်းမျိုးကို ကလေးတွေကို မမြင်စေချင်လို့လေ။

ရဲကားနဲ့ လူနာတင်ကား ရောက်လာတဲ့အထိ အဲ့ဒီအမေက အော်ဟစ်ပြီး ခုန်နေတုန်းပဲ။ သူတို့ ကလေးကို သစ်ပင်ပေါ်ကနေ ချလိုက်တဲ့အချိန်မှာတော့ ကလေးရဲ့ မျက်နှာမှာ အသက်ဓာတ် လုံးဝ မရှိတော့ဘူး။

ရဲတွေက အဲ့ဒီအမေကို စခန်းကို ခေါ်သွားကြတယ်။ မူလတန်းအရွယ် ကလေးတစ်ယောက်က ခုံတစ်ခုခု မပါဘဲ အဲ့ဒီလောက် မြင့်တဲ့ သစ်ပင်ပေါ်မှာ ကြိုးဆွဲချဖို့ မဖြစ်နိုင်ဘူးလေ။ ဒါပေမဲ့ အဲ့ဒီနားမှာ ဘာခုံမှ မရှိဘူး။ နောက်ဆုံးမှာတော့ သတင်းစာတွေက ကိုယ့်ကိုယ်ကိုယ် သတ်သေမှုလို့ပဲ ဖော်ပြလိုက်ကြတယ်။

နောက်ထပ် လူတစ်ယောက်ကတော့ အဲ့ဒီအမေအကြောင်း အသေးစိတ် ပြောပြတယ်။ အဲ့ဒီမိသားစုက မူလတန်းကျောင်းနဲ့ နီးနီးလေးမှာ နေတာ။ ကလေးမွေးပြီး မကြာခင်မှာပဲ ဖခင်ဖြစ်သူ ဆုံးသွားလို့ အမေနဲ့ သား နှစ်ယောက်တည်း နေကြတာတဲ့။ အမေဖြစ်သူက ဖော်ဖော်ရွေရွေ ရှိပါတယ်၊ ဒါပေမဲ့ နည်းနည်းတော့ ထူးဆန်းတယ်။ အမေဖြစ်သူက အောက်လမ်းဂိုဏ်းတစ်ခုခုထဲ ဝင်နေတာလားလို့ အိမ်နီးချင်းတွေက အတင်းပြောကြပေမဲ့ ဘာပြဿနာမှတော့ မရှာဖူးဘူး။

သားဖြစ်သူ သေသွားပြီးတဲ့နောက်မှာတော့ မြို့ထဲမှာ အမေဖြစ်သူကို တွေ့တဲ့သူတွေကတော့ အမေဖြစ်သူဟာ တော်တော်လေး စိတ်ဓာတ်ကျနေပုံရတယ်လို့ ပြောကြတယ်။ အဲ့ဒါကတော့ နားလည်ပေးလို့ ရပါတယ်။ ဒါပေမဲ့ နှစ်လလောက် ကြာတော့ အမေဖြစ်သူဟာ စပြီး ထူးဆန်းလာတယ်။ လမ်းမှာ တွေ့တဲ့သူတိုင်းကို စိတ်လှုပ်ရှားစွာနဲ့ စကားတွေ လိုက်ပြောတော့တာပဲ။

သတင်းစာတွေနဲ့ ရုပ်သံအစီအစဉ်တွေကလည်း အဲ့ဒီသေဆုံးမှုကို ကိုယ့်ကိုယ်ကိုယ် သတ်သေတာ မဟုတ်နိုင်ဘူး၊ လူသတ်မှု၊ အနိုင်ကျင့်ခံရမှု ဒါမှမဟုတ် နှိပ်စက်မှုတွေ ဖြစ်နိုင်တယ်လို့ ယူဆချက်အမျိုးမျိုး ထုတ်ကြတယ်။ အဲ့ဒါကြောင့်လည်း မြို့ခံတွေက အဲ့ဒီအမေကို သနားပြီး ဆက်ဆံပေးကြတာပေါ့။

ဒါပေမဲ့ နောက်ပိုင်းမှာတော့ အမေဖြစ်သူဟာ သူ့ရဲ့ အိမ်နံရံတွေ၊ ပြတင်းပေါက်တွေမှာ ထူးဆန်းတဲ့ စတစ်ကာလို အဆောင်တွေကို လိုက်ကပ်တော့တာပဲ။ တစ်နေ့မှာ အိမ်နီးချင်းတစ်ယောက်က အမေဖြစ်သူရဲ့အိမ်ကို သတင်းစာ ပို့ဖို့ သွားတဲ့အခါ တံခါးပွင့်လာတော့ အိမ်ရဲ့ နံရံတွေ၊ ကြမ်းပြင်တွေ၊ မျက်နှာကြက်တွေမှာပါ အဲ့ဒီအဆောင်တွေ အပြည့်ကပ်ထားတာကို မြင်လိုက်ရတယ်တဲ့။

အိမ်ထဲမှာ ကပ်ဖို့ နေရာမရှိတော့တဲ့အခါမှာတော့ အမေဖြစ်သူက လမ်းဘေးက ဓါတ်တိုင်တွေ၊ မြို့နယ်ကြော်ငြာသင်ပုန်းတွေမှာ လိုက်ကပ်တော့တယ်။ နောက်ဆုံးမှာတော့ လမ်းသွားလမ်းလာတွေကိုပါ အဲ့ဒီအဆောင်တွေ လိုက်ဝေတော့တာပဲ။

"တကယ့် တွေ့ရှိမှုကြီး" ဒါမှမဟုတ် "မင်္ဂလာအပေါင်းနဲ့ ပြည့်စုံပါစေ" ဆိုတာမျိုးတွေ ပြောပြီး ဝေတာတဲ့။ အမေဖြစ်သူက တကယ်ပဲ စိတ်ဖောက်ပြန်သွားခဲ့တာ။

မကြာခင်မှာပဲ အမေဖြစ်သူကို သူ့ရဲ့ အိမ်မှာပဲ ကြိုးဆွဲချ သေဆုံးနေတာကို တွေ့လိုက်ရတယ်။

ကျမ စောစောက ပြောခဲ့တဲ့ ဇာတ်လမ်းတစ်ပုဒ်ကို စာအုပ်ထဲ မထည့်ဖြစ်ဘူးဆိုတာ အဲ့ဒီအမျိုးသမီးရဲ့ အိမ်အကြောင်းပဲ။ အမေဖြစ်သူ သေသွားပြီးတဲ့နောက် အဲ့ဒီအိမ်က စွန့်ပစ်အိမ်ကြီး ဖြစ်သွားတယ်။ မြို့ခံတွေက အဲ့ဒါကို "အဆောင်အိမ်" လို့ ခေါ်ကြပြီး အင်္ကျီအနီဝတ်ထားတဲ့ အမျိုးသမီး သရဲခြောက်တယ်လို့ ကောလာဟလတွေ ထွက်လာတယ်။ အဲ့ဒီကလေးရဲ့ အမေက အင်္ကျီအနီကို ခဏခဏ ဝတ်လေ့ရှိတာကိုး။

သဘာဝကျကျ ပြောရရင်တော့ ကျမအနေနဲ့ အခုထိ တကယ်ရှိနေသေးတဲ့ စွန့်ပစ်အိမ်တစ်လုံးအကြောင်းကို စာအုပ်ထဲ ထည့်လို့ မရဘူးလေ။ ထည့်ချင်ရင်တောင် အဲ့ဒါက တကယ့်ဖြစ်ရပ်မှန်နဲ့ သိပ်တူနေလို့ ကျင့်ဝတ်ပိုင်းဆိုင်ရာ ပြဿနာ ရှိနိုင်တယ်။ ဒါနဲ့ပဲ ကျမ အဲ့ဒီဇာတ်လမ်းကို ဖျက်လိုက်တာ။

ကျမ ထင်တာကတော့ အဲ့ဒီအမေဟာ စာအုပ်ထဲက "ခုန်နေသော အမျိုးသမီး" ပုံပြင်အတွက် အခြေခံဖြစ်မှာပါ။ ကျမ အသေးစိတ် မထည့်ခဲ့ပေမဲ့ ကလေးတွေအားလုံးက အဲ့ဒီ အမျိုးသမီးဟာ အဝတ်အစားအနီတွေ ဝတ်ထားတယ်လို့ ပြောကြတယ်။ ဆိုတော့ အဝတ်အစားရော၊ ခုန်နေတဲ့ ပုံစံရောက အဲ့ဒီအမေနဲ့ တူနေတာပေါ့။

ပြည့်ဝအကြောင်းကို မထည့်ဖို့လည်း ကျမ စဉ်းစားခဲ့သေးတယ်။ ဒါပေမဲ့ O နဲ့ ဆွေးနွေးပြီးတဲ့နောက်မှာတော့ ထည့်ဖို့ ဆုံးဖြတ်လိုက်တယ်။ နာမည်ကိုတော့ ပြည့်စုံ လို့ ပြောင်းလိုက်ပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေတဲ့အပိုင်းကို ချန်လှပ်ထားခဲ့တယ်။

ကျမဆီမှာ ပြည့်ဝ နဲ့ ပတ်သက်တဲ့ နောက်ထပ် အချက်အလက်တွေလည်း ရှိသေးတယ်။ အဲ့ဒါတွေကိုပါ ထူးဆန်းမှု ကိုးခုထဲ ထည့်လိုက်ရင် ရှုပ်သွားမှာစိုးလို့ တခြားပုံပြင်တစ်ခုအနေနဲ့ ခွဲထုတ်လိုက်တာ။

ကောလာဟလတွေအရ ပြည့်ဝဟာ တာတေဆီမှာ ယဇ်ကောင်အဖြစ် ဆက်သခံလိုက်ရတာတဲ့။ ဟုတ်တယ်၊ ဟုတ်တယ်။ ထူးဆန်းမှုကိုးခုထဲမှာ ပါတဲ့ အဲ့ဒီ တာတေ ပဲ။

ကျမ ထင်တာကတော့ အဲ့ဒီပုံပြင်ဟာ "နွားခေါင်း" ဆိုတဲ့ ထိတ်လန့်စရာပုံပြင်ကို အခြေခံထားတာ ထင်တယ်။ အဲ့ဒီပုံပြင်က ဘယ်လိုလဲဆိုတော့ အဲ့ဒီသရဲရဲ့ ပုံစံကို သိသွားတဲ့သူတိုင်း သေကုန်ကြလို့ ဘယ်သူမှ အသေးစိတ် မသိကြတာမျိုးပေါ့။ ပြီးတော့ ထိတ်လန့်စရာတွေက ထပ်တလဲလဲ ဖြစ်နေတာမျိုး။

ကျမ အင်တာဗျူးခဲ့တဲ့ ကလေးတစ်ယောက် ပြောတာကတော့ သူ့အစ်ကိုရဲ့ အပြောအရ ပြည့်ဝဟာ ယဇ်ကောင်အဖြစ် သေသွားတာတဲ့။ တာတေ က နောက်ထပ် ကျောင်းသားတစ်ယောက်ကို ရှာတွေ့သွားတော့ အဲ့ဒီကျောင်းသားက သူ့ကိုယ်စား ပြည့်ဝ ကို အစားထိုး ပူဇော်လိုက်တာလို့ ဆိုတယ်။ အဲ့ဒီအချက်ကပဲ ပြည့်ဝ ဟာ အနိုင်ကျင့်ခံရလို့ ကိုယ့်ကိုယ်ကိုယ် သတ်သေတာဆိုတဲ့ ကောလာဟလတွေကို စတင်စေခဲ့တာ ဖြစ်နိုင်တယ်။

ဪ... နောက်ထပ် တစ်ခုရှိသေးတယ်။ အဲ့ဒီမူလတန်းကျောင်းက ကျောင်းသား တစ်ယောက်ထက်မက ကိုယ့်ကိုယ်ကိုယ် သတ်သေခဲ့ကြတာ။ ကျမ ကြားမိသလောက်တော့ ပြည့်ဝ အပြင် နောက်ထပ် ကျောင်းသားတစ်ယောက် ရှိသေးတယ်တဲ့။

အဲ့ဒီသေဆုံးမှုကတော့ ဒေသတွင်း သတင်းစာတွေမှာပဲ ပါပြီး ပြည့်ဝ လောက် လူစိတ်ဝင်စားမှု မခံရဘူး။ ဘာလို့လဲဆိုတော့ အဲ့ဒီအချိန်မှာ တခြား သတင်းကြီးတစ်ခုက ဖုံးလွှမ်းသွားလို့ရယ်၊ နောက်ပြီး အဲ့ဒါက ကိုယ့်ကိုယ်ကိုယ် သတ်သေတာ သေချာနေလို့ရယ်ကြောင့်ပါ။

မိန်းကလေးတစ်ယောက်ဟာ ပြည့်ဝ သေခဲ့တဲ့ တိုက်ခန်းတွဲဝင်းထဲက အဆောက်အအုံတစ်ခုရဲ့ ခေါင်မိုးပေါ်ကနေ ခုန်ချ သေဆုံးခဲ့တာ။ အဲ့ဒါက ပြည့်ဝ သေပြီး နှစ်အနည်းငယ်အကြာမှာ ဖြစ်ခဲ့တာပေါ့။ သိတဲ့အတိုင်း ကိုယ့်ကိုယ်ကိုယ် သတ်သေမှုတစ်ခုက နောက်တစ်ခုကို ဖြစ်စေတတ်တာမျိုး ရှိတယ်လေ။

အဲ့ဒီကျောင်းသူနဲ့ ပတ်သက်တဲ့ ထိတ်လန့်စရာပုံပြင် ရှိလားဆိုတော့ မရှိပါဘူး။ မြင်တွေ့ခဲ့သူ သိပ်မရှိတော့ လူတွေ အဲ့ဒီအကြောင်း သိပ်မပြောကြဘူး။ ဒါပေမဲ့ လူတွေ ပြောကြတာကတော့ အဲ့ဒီကျောင်းသူဟာ ပြည့်ဝ နဲ့ သူငယ်ချင်းဖြစ်သွားပြီး ပြည့်ဝက သူ့ကို စားပစ်လိုက်တာကြောင့် ကိုယ့်ကိုယ်ကိုယ် သတ်သေတာလို့ ဆိုကြတယ်။

ကိုယ့်ကိုယ်ကိုယ် သတ်သေတာကို စားပစ်လိုက်တယ်လို့ ပြောတာကတော့ ထူးဆန်းတာပေါ့။ ဒါပေမဲ့ ကောလာဟလဆိုတာ ဒီလိုပါပဲ။

ပြည့်ဝ သေပြီးတဲ့နောက် "ပြည့်စုံနဲ့ ဖုန်းရုံ" ဆိုတဲ့ ပုံပြင်က ပျံ့နှံ့သွားခဲ့ပြီး၊ ကိုယ့်ကိုယ်ကိုယ် သတ်သေခဲ့တဲ့ အဲ့ဒီမိန်းကလေးဟာ ပြည့်ဝဆီကို ဖုန်းဆက်ပြီး ဆုတောင်းခဲ့တာလို့ လူတွေ ပြောကြတယ်။

လူတစ်ယောက် သေတိုင်း သရဲပုံပြင် တစ်ပုဒ် ထွက်လာမယ်ဆိုရင် ကျောင်းက ထူးဆန်းမှုတွေက တောက်လျောက် တိုးလာမှာပေါ့။ အဲ့ဒီအစား တာတေ ကိစ္စမှာလိုပဲ ပုံပြင်အသစ်တွေက အဟောင်းတွေနဲ့ ရောနှောသွားတာက ပိုပြီး ဖြစ်နိုင်ချေရှိပါတယ်။ ဒါပေမဲ့ ပြည့်ဝ အကြောင်းကတော့ သူ့ဘာသာသူ သီးသန့် ပုံပြင်တစ်ခု ဖြစ်လာခဲ့တာ။

ပြည့်ဝ နဲ့ သူ့အမေအကြောင်း ကျောင်းသားတွေဆီက ရခဲ့တဲ့ အချက်အလက်တွေကို ကျမကတော့ အမှန်အတိုင်းပဲ ထားခဲ့ပါတယ်၊ ဒါပေမဲ့ အသေးစိတ် တချို့ကိုတော့ နည်းနည်း ပိုပိုသာသာလေး ရေးခဲ့တာပေါ့။

တကယ်လို့ မြင်တွေ့ခဲ့သူတွေ အားလုံး ပျောက်ခြင်းမလှ ပျောက်ကုန်ကြပြီဆိုရင် ဒီပုံပြင်တွေကို ဘယ်သူက ပြောပြနေမှာလဲ။ ဟုတ်တယ်မလား။ ခစ်ခစ်။

ဒါတွေကတော့ ကျမ ဝေါမြို့ အကြောင်း သိသမျှပါပဲ။

ကျမ ရှင့်ဆီက ဘာလိုချင်တာလဲ ဟုတ်လား။ အင်း... ရှင့်ဆီက အကြံဉာဏ်တွေ လိုချင်တယ်လို့ ပြောခဲ့ပေမဲ့ တကယ်တော့ ရှင့်ကို မေးစရာ ဘာမှမရှိပါဘူး။ ကျမ ဒီကို လာခဲ့တာက စာရေးဆရာ အချင်းချင်းအနေနဲ့ ရှင့်ကို သတိပေးဖို့ပါ။

Oက ကျမကို အသေးစိတ်တချို့ ပြောပြဖူးတယ်။ ပဲခူးရိုးမ အကြောင်း ထိတ်လန့်စရာပုံပြင်တွေက မြန်မာနိုင်ငံ အနှံ့အပြားမှာ ရှိနေတာ။ တချို့လူတွေလည်း သေကုန်ကြပြီ။ အခု ကျမ ပြောပြခဲ့တဲ့ သားအမိနှစ်ယောက်ကလည်း အဲ့ဒီကိစ္စနဲ့ တစ်နည်းနည်းနဲ့ ပတ်သက်နေပုံရတယ်။

ဒါသာ အမှန်ဆိုရင် ဒါက တကယ့်ကို ကြောက်စရာကောင်းတဲ့ ဇာတ်လမ်းပဲ။ မဟုတ်ဘူး၊ ကျမ ရှင့်ကို မယုံဘူးလို့ ပြောတာ မဟုတ်ပါဘူး။ အဲ့ဒါ မဟုတ်ဘူး။ ဒါက ရှုထောင့်ပိုင်းဆိုင်ရာ ကိစ္စပါ။

ကျမကတော့ အခုထိ သရဲမယုံသေးဘူး။ ဒါပေမဲ့ ဒီအမှုအကြောင်းကို နောက်ထပ် ဘာမှ မကြားချင်တော့ဘူး။ အကြောင်းပြချက်လား။ ရိုးရှင်းပါတယ်။ ကျမရဲ့ ကမ္ဘာအပေါ် ရှုမြင်ထားတဲ့ အယူအဆတွေကို မပြောင်းလဲချင်လို့ပါ။

တကယ်လို့ ရှင်ပြောတာတွေက သရဲတကယ်ရှိတယ်ဆိုတာကို ထင်ရှားစေခဲ့ရင် ကျမ နောင်မှာ သရဲတွေအကြောင်းကို ဘယ်လို ရေးရတော့မလဲ။

သရဲတွေ ဒါမှမဟုတ် အဲ့ဒီလိုမျိုး အရာတွေ တကယ်ပဲ အပြင်မှာ ရှိနေတယ်ဆိုပါစို့။ အနည်းဆုံးတော့ အဲ့ဒါတွေက လူသားတွေအတွက် အန္တရာယ်ရှိတာ သေချာတယ်လေ။ ကိုရိုနာဗိုင်းရပ်စ် လိုမျိုးပေါ့။

တကယ်လို့ အဲ့ဒီအရာတွေက နေရာတစ်ခုကို ရလိုက်တာနဲ့ ဘာအဓိပ္ပာယ်မှမရှိ၊ ဘာယုတ္တိမှမရှိဘဲ လူတွေကို လိုက်တိုက်ခိုက်တော့မယ်ဆိုရင် ဘယ်လိုလုပ်မလဲ။ တချို့က လွတ်မြောက်နိုင်ပေမဲ့ တချို့ကတော့ သေကုန်ကြမှာပဲ။

တကယ်လို့ သရဲဆိုတာ အဲ့ဒီလိုမျိုးဆိုရင် ကျမရဲ့ စာရေးသက်တမ်းတစ်လျှောက်လုံး စာဖတ်သူတွေကို အန္တရာယ်ထဲ တွန်းပို့နေခဲ့တာမျိုး ဖြစ်သွားမှာပေါ့။ အဲ့ဒါကို ကျမ လက်မခံနိုင်ဘူး။ အဲ့ဒီလို မဖြစ်စေချင်ဘူး။

ဒါကြောင့် အဲ့ဒါကို စိတ်ထဲထားပြီး ရှင့်ကို သတိပေးချင်တာပါ။ ဒီအဖွားကြီးရဲ့ စကားကို နားထောင်စမ်းပါ။

ရှင် တစ်ခုခုကို မယုံကြည်ဘူးဆိုရင် အဲ့ဒီအရာက မရှိသလိုပါပဲ။ ကျမကတော့ သရဲမယုံဘူး။

ဒါပေမဲ့ ရှင်ကတော့ ရှင်စုံစမ်းနေတဲ့ ဒီကိစ္စမှာ သရဲတွေ ပါဝင်နေတယ်လို့ ထင်နေတယ် မဟုတ်လား။ ပြီးတော့ အမှန်တရားကိုလည်း ဖော်ထုတ်ချင်နေတယ်။ ကျမ လုပ်ခဲ့တာကလည်း မူလတန်းကျောင်းက ထိတ်လန့်စရာပုံပြင်တွေရဲ့ အရင်းအမြစ်ကို ရှာတာပဲ၊ ရှင့်လိုပါပဲ။ ဒါပေမဲ့ ကျမတို့ရဲ့ ရည်ရွယ်ချက်ကတော့ မတူဘူး။

ကျမရဲ့ အကြံပေးတာကို လက်ခံပြီး ရပ်လိုက်ပါတော့။

ရှေးစကားပုံတစ်ခု ရှိတယ် "သရဲဆိုတာ ခြောက်သွေ့နေတဲ့ မြက်ပင်တွေပါပဲ" တဲ့။

တကယ်လို့ ဒီသရဲဆိုတာက ခြောက်သွေ့နေတဲ့ မြက်ပင်တွေပဲ ဖြစ်နေမယ်ဆိုရင် ဘယ်လောက် စိတ်သက်သာရာ ရစရာကောင်းမလဲ။ ဒါပေမဲ့ အဲ့ဒါက တခြားအရာတစ်ခုခု ဖြစ်နေရင် ရှင် ဘာလုပ်မလဲ။

ကျမ စုံစမ်းကြည့်တုန်းကတော့ "ခုန်နေသော အမျိုးသမီး" နဲ့ သူ့ကလေးအကြောင်းဟာ သားအမိနှစ်ယောက် ကိုယ့်ကိုယ်ကိုယ် သတ်သေခဲ့တဲ့ တုန်လှုပ်စရာ ဖြစ်ရပ်ကနေ ပေါက်ဖွားလာတဲ့ ကောလာဟလတွေပဲ ဖြစ်နေတယ်။ အဲ့ဒါက သရဲအဖြစ် ဟန်ဆောင်နေတဲ့ မြက်ပင်ခြောက်တွေပေါ့၊ အဲ့ဒါကို ကျမ ရှာတွေ့ခဲ့တယ်။ ဒါပေမဲ့ ရှင်ကရော ဘာကို ရှာဖို့ ကြိုးစားနေတာလဲ။

...ဆိုတော့ ရှင်က လက်မလျှော့ဘူးပေါ့။

ကောင်းပါပြီ။ ရှင်က အဲ့ဒီလောက်တောင် စိတ်ပိုင်းဖြတ်ထားတယ်ဆိုရင်တော့ ကျမ မတားတော့ပါဘူး။ ဒါဆိုရင်တော့ နောက်ထပ် တစ်ခု ထပ်ပြောပြမယ်။

အမှန်အတိုင်း ပြောရရင် ပဲခူးရိုးမ က ဆည်မှာ သေဆုံးခဲ့တဲ့ မိသားစုတစ်ခုအကြောင်းကို ကျမ သိတယ်။ ဒါက လွန်ခဲ့တဲ့ ခြောက်နှစ် ခုနစ်နှစ်လောက်ကပေါ့။ အဲ့ဒါက လူသတ်မှုပါ။

ခင်ပွန်းဖြစ်သူက ကျမရဲ့ စာအုပ်တိုက်တစ်ခုမှာ ဒီဇိုင်နာအဖြစ် အလုပ်လုပ်တာ။ သူက ငယ်သေးပေမဲ့ တကယ့်ကို တော်တဲ့သူပါ၊ ကျမစာအုပ် မျက်နှာဖုံးတချို့ကိုတောင် သူ ဆွဲပေးဖူးတယ်။ သူက ယင်းမာပင်မြို့ မှာ နေတာ၊ ဒါပေမဲ့ ကျမတို့က ခင်ကြတော့ သူ ရန်ကုန်ကို လာတိုင်း ကျမတို့ အတူတူ ထမင်းစားလေ့ရှိတယ်။

သူက သူ့ရဲ့ ဇနီးနဲ့ သမီးလေးကို ဆည်ထဲကို တွန်းချခဲ့တာတဲ့။ ရဲတွေက သေချာ စုံစမ်းစစ်ဆေးခဲ့ပေမဲ့ နောက်ဆုံးမှာတော့ သူ့ဇနီးနဲ့ သမီးကို သတ်ပြီး သူ့ကိုယ်သူ သတ်ဖို့ကျတော့ သတ္တိမရှိခဲ့ဘူးဆိုတဲ့ လူသတ်မှု-ကိုယ့်ကိုယ်ကိုယ်သတ်သေမှု အဖြစ်ပဲ သတ်မှတ်လိုက်ကြတယ်။

ကျမကတော့ အဲ့ဒါကို လုံးဝ မယုံဘူး။ သူက သူ့ဇနီးနဲ့ သမီးကို အသက်ထက်မက ချစ်တာ။ သူနဲ့ သူ့ဇနီးက ကလေးရဖို့ နှစ်ပေါင်းများစွာ ကြိုးစားခဲ့ပေမဲ့ မရခဲ့ကြဘူး။ အဲ့ဒါနဲ့ ကလေးမွေးစားဖို့ ဆွေးနွေးကြပြီး နောက်ဆုံးမှာ မိန်းကလေးတစ်ယောက်ကို မွေးစားခဲ့ကြတယ်။ သူတို့က အဲ့ဒီကလေးကို သူတို့ကလေးအရင်းအတိုင်း၊ အရင်းထက်တောင် ပိုပြီး ချစ်ကြတာ။ သူက ကျမကို အဲ့ဒီကလေးရဲ့ ဓာတ်ပုံတွေ ခဏခဏ ပြဖူးတယ်။ အရမ်းချစ်ဖို့ကောင်းတာ။

ကျမက တစ်ကိုယ်တည်းသမား အဖွားကြီးဆိုပေမဲ့ သူပြောတာတွေ နားထောင်ရင်းနဲ့ အဲ့ဒီကလေးကို ကျမရဲ့ မြေးလေးတစ်ယောက်လိုတောင် သဘောထားမိလာတယ်။ သူက နောက်တစ်ခါ ရန်ကုန် လာရင် အဲ့ဒီကလေးကို ခေါ်လာခဲ့ပါ့မယ်လို့ ခဏခဏ ပြောခဲ့တာ...

တစ်ခါတစ်လေ ထူးဆန်းတဲ့ တိုက်ဆိုင်မှုတွေ ဖြစ်တတ်ပါတယ်။ ဒါပေမဲ့ ဒါက တိုက်ဆိုင်မှုတစ်ခုသက်သက်ပါပဲ။ ကျမကတော့ အဲ့ဒီလိုပဲ မြင်တယ်။ ရှင့်ဘာသာရှင်ပဲ ဆုံးဖြတ်ပါ။

...ဒါနဲ့ စကားမစပ်၊ ရှင့်အကြောင်းကရော…. ရှင် အိမ်ထောင်ရှိလား။ ဪ... လူပျိုပဲပေါ့။ ဒီလောကမှာ အဲ့ဒီလိုလူတွေ အများကြီးပါပဲ။ ကျမလည်း အတူတူပါပဲ။

ဘာ... ဪ... ဟုတ်ပြီ။ ရှင်က အိမ်ထောင်ကွဲထားတာပေါ့။ ဒီဘက်ခေတ်မှာ ဒါက ဖြစ်လေ့ဖြစ်ထရှိပါတယ်။

ရှင် ထမင်းရော ကောင်းကောင်း စားရဲ့လား။ တစ်ယောက်တည်းနေပြီး ဂရုစိုက်မယ့်သူမရှိရင် ခက်တာပေါ့။ ရှင့်ကြည့်ရတာ စားပုံမရဘူး။ ရှင့်မျက်နှာကလည်း ဖြူဖျော့နေတာပဲ။ ဆိုင်က ဝယ်စားတဲ့ အသင့်စား အစားအစာတွေပဲ အမြဲ စားနေလို့ မရဘူးလေ။ တစ်နေကုန် ထိတ်လန့်စရာ ဇာတ်လမ်းတွေပဲ စဉ်းစားနေရတာ စိတ်ဓာတ်ကျစရာကြီး။ ကျမ သိတဲ့ စိတ်ထားကောင်းတဲ့ အမျိုးသမီးတစ်ယောက် ရှိတယ်...

ဪ... ဆောရီး။ ကျမ ပြောတာ စည်းကျော်သလို ဖြစ်သွားတယ်။ ကျမလို အဖွားကြီးတွေက နေရာတကာမှာ ဝင်ပါချင်စိတ် ပေါက်လာတတ်လို့ပါ”

လူတွေ့မေးမြန်းခန်း မှတ်တမ်း (၄)

အယ်ဒီတာ S ၏ ဖိုင်များထဲမှ ကောက်နုတ်ချက် - ကျောက်တုံးအကြောင်း (၃):

အမျိုးသား : ကျနော်မေးမယ့် မေးခွန်းတချို့က ခင်ဗျားကို စိတ်အနှောင့်အယှက် ဖြစ်စေနိုင်ပေမဲ့ သိသမျှ အကုန်လုံးကို ကျနော့်ကို ပြောပြစေချင်ပါတယ်။

အမျိုးသမီး : ကျမသိသမျှကို ရဲတွေနဲ့ သတင်းထောက်တွေကို ပြောပြပြီးပါပြီ၊ ပြောစရာ သိပ်မကျန်တော့ပါဘူး။ အဲ့ဒီနေရာကလည်း ပိတ်သွားပြီလို့ ကြားတယ်လေ။

အမျိုးသား : ကျနော် ဒီကို လာတာက အဲ့ဒီဖြစ်ရပ်တစ်ခုတည်းအကြောင်း ပြောဖို့ မဟုတ်ပါဘူး။ ကျနော်က ဒီမဂ္ဂဇင်းရဲ့ အယ်ဒီတာ တစ်ယောက်ပါ။

အမျိုးသမီး : ဟင်... အင်း... ဘာသိချင်လို့လဲ...

အမျိုးသား : ခင်ဗျားမြင်တဲ့အတိုင်းပဲ ကျနော့်မဂ္ဂဇင်းက သဘာဝလွန် ဖြစ်ရပ်တွေကို ရေးသားတာပါ။ စိတ်မရှိပါနဲ့။ ခင်ဗျား အလုပ်လုပ်ခဲ့ဖူးတဲ့ ဘိုးဘွားရိပ်သာနဲ့ ပတ်သက်ပြီး ထူးဆန်းတဲ့ ကောလာဟလတစ်ခု ကြားလို့ပါ။

အမျိုးသမီး : ထူးဆန်းတယ်ဆိုတာ... သဘာဝလွန် ဖြစ်ရပ်မျိုးကို ပြောတာလား။

အမျိုးသား : ဟုတ်ပါတယ်။ ဒါပေမဲ့ ကျနော်က သေဆုံးမှုတွေကို ဖျော်ဖြေရေးသက်သက်အတွက် ဖော်ပြမှာ မဟုတ်ပါဘူး။ စာဖတ်သူတွေကို အမှန်တရားကိုပဲ ပြချင်တာပါ။

အမျိုးသမီး : ဪ... ဖြစ်ခဲ့တာတွေက ပုံမှန်မဟုတ်ဘူးဆိုတာ ကျမသိနေခဲ့တာရှင့်။

အမျိုးသား : တစ်ခုခု ထူးဆန်းနေတာမျိုး သတိထားမိခဲ့တာလား။

အမျိုးသမီး : ဟုတ်ကဲ့။ ဒါပေမဲ့ ကျမပြောတာကို ဘယ်သူမှ ယုံမှာမဟုတ်ဘူးလို့ ထင်ခဲ့တာ။ ကျမကိုယ်တိုင်လည်း သရဲမယုံတဲ့သူဆိုတော့ ဘာမှ မပြောခဲ့တာပါ။

အမျိုးသား : နားလည်ပါတယ်။ ခင်ဗျားရဲ့ နာမည်နဲ့ အချက်အလက်တွေကို ကျနော် လျှို့ဝှက်ထားပေးပါ့မယ်။ ဆိုတော့... ခင်ဗျား သတိထားမိခဲ့တာတွေနဲ့ အဲ့ဒီအပေါ် ခံစားချက်တွေကို ပြောပြပေးနိုင်မလား။

အမျိုးသမီး : ကောင်းပါပြီ... ဘယ်ကနေ စပြောရမလဲ။ အဲ့ဒီဖြစ်ရပ်အကြောင်း ရှင် ဘယ်လောက် သိထားလဲ။

အမျိုးသား : မီဒီယာတွေ ဖော်ပြသလောက်ပဲ သိပါတယ်။ အယ်လ်ဇိုင်းမား (Alzheimer’s) ဝေဒနာရှင် တချို့နဲ့ ဝန်ထမ်းတစ်ယောက် အစုလိုက်အပြုံလိုက် ကိုယ့်ကိုယ်ကိုယ် သတ်သေမှုမှာ ပါဝင်ခဲ့တယ်ဆိုတာပဲ။

အမျိုးသမီး : ဟုတ်ပါတယ်။ ဒါပေမဲ့ အရင်ဆုံး တစ်ခု ပြင်ပြောပါရစေ။ သေဆုံးခဲ့တဲ့ လူကြီးတွေက အယ်လ်ဇိုင်းမား ဝေဒနာရှင်တွေ မဟုတ်ပါဘူး။ သတင်းတွေမှာတော့ ဘိုးဘွားရိပ်သာလို့ ခေါ်ကြပေမဲ့ ‘မေတ္တာရိပ်ဂေဟာ’ ဆိုတာက ကျန်းမာရေးစောင့်ရှောက်မှု အထွေထွေပေးတဲ့ ဂေဟာမျိုးပါ။

အမျိုးသား : ဪ... တောင်းပန်ပါတယ်ခင်ဗျာ။ အဲ့ဒီ အထွေထွေဂေဟာဆိုတာက ဘယ်လိုမျိုးလဲ။

အမျိုးသမီး : အဓိကကတော့ ကျန်းမာသန်စွမ်းပြီး ကိုယ့်ဘာသာ လှုပ်ရှားနိုင်သေးတဲ့ သက်ကြီးရွယ်အိုတွေ အတွက် နေရာမျိုးပေါ့။ အဲ့ဒီက လူတွေမှာ အယ်လ်ဇိုင်းမားတို့ ဘာတို့ မရှိကြဘူး။ တချို့က ကျန်းမာရေး ကောင်းနေပေမဲ့ အသက်ကြီးလာတဲ့အခါ တစ်ယောက်တည်း နေရမှာ စိုးရိမ်လို့ လာနေကြတာ။ အဲ့ဒီလိုနေရာမျိုးက သူတို့ နေထိုင်ရ အဆင်ပြေအောင် ဝန်ဆောင်မှု ပေးတာမျိုးပဲ ရှိတာ။

အမျိုးသား : ဟုတ်ကဲ့၊ နားလည်ပါပြီ။

အမျိုးသမီး : ကျမအဲ့ဒီမှာ သုံးလလောက်ပဲ အလုပ်လုပ်ခဲ့တာပါ။

အမျိုးသား : ‘မေတ္တာရိပ်ဂေဟာ’ မှာ ဘာလို့ အလုပ်ဝင်ခဲ့တာလဲ။

အမျိုးသမီး : ကျမခင်ပွန်းက မှော်ဘီ ကို အလုပ်ပြောင်းရတော့ ကျမလည်း အချိန်ပိုင်းအလုပ် တစ်ခုခု ရှာနေခဲ့တာလေ။ တစ်နေ့တော့ အလုပ်ခေါ်စာ မြင်တာနဲ့ သွားလျှောက်လိုက်တာပေါ့။ အဲ့ဒီဂေဟာက ဆောက်ပြီးခါစ ဆိုတော့ ဝန်ထမ်းတွေ အများကြီး လိုနေတာလေ။ ကျမအမေကလည်း အသက်ကြီးလာပြီဆိုတော့ နောင်တစ်ချိန်မှာ အမေကို ပြုစုဖို့ အတွေ့အကြုံ ရမလားလို့လည်း စဉ်းစားခဲ့တာ။ နောက်ပြီး အဲ့ဒီလိုဂေဟာမှာ အလုပ်လုပ်ဖို့ သူနာပြုလက်မှတ်လည်း မလိုဘူးလေ။

အမျိုးသား : အဲ့ဒီက ပတ်ဝန်းကျင်ကရော ဘယ်လိုလဲ။

အမျိုးသမီး : တကယ်ကို ကောင်းတဲ့ ပတ်ဝန်းကျင်ပါ။ ပုံမှန်ပြုစုရေးဂေဟာတွေက ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ တအား ပင်ပန်းရတယ်၊ ဒါပေမဲ့ ဒီမှာက လူကြီးတွေက ကိုယ့်ဘာသာ သွားနိုင်လာနိုင်ကြတော့ အဆင်ပြေတယ်။ ကျင့်သားရအောင် လုပ်ရမယ့် အချက်လေးတွေတော့ ရှိပေမဲ့ တခြားဝန်ထမ်းတွေက အကုန် သင်ပေးပါတယ်။

အမျိုးသား : အဲ့ဒီလို နေရာမျိုးမှာ ဘယ်လိုဖြစ်ပြီး အစုလိုက်အပြုံလိုက် ကိုယ့်ကိုယ်ကိုယ် သတ်သေမှုကြီး ဖြစ်သွားရတာလဲ။

အမျိုးသမီး : ကျမထင်တာကတော့ အဲ့ဒီ ‘အရာ’ ကြောင့်ပဲ ထင်တယ်။

အမျိုးသား : အဲ့ဒီ ‘အရာ’ ဆိုတာက... ကျောက်တုံးကို ပြောတာလား။

အမျိုးသမီး : ဟုတ်တယ်...

အမျိုးသား : အဲ့ဒီအကြောင်းကို အသေးစိတ် ပြောပြပေးပါဦး။

အမျိုးသမီး : အဲ့ဒီ... ကျောက်တုံးက... ‘မေတ္တာရိပ်ဂေဟာ’ ရဲ့ အပန်းဖြေခန်းထဲမှာ ရှိတာ။ အဲ့ဒီမှာ TV ရှိတော့ လူတွေ စုဝေးတတ်ကြတယ်။ တစ်ခါတစ်လေ ပွဲတွေလည်း လုပ်တယ်။ ကျောက်တုံးကြီးကတော့ တကယ် ထူးဆန်းတဲ့ ကျောက်တုံးကြီးပါ။ ကြီးမားပြီး မည်းနက်နေတာ၊ မျက်နှာပြင်ကလည်း ကြမ်းတမ်းတယ်။ စင်မြင့်တစ်ခုပေါ်မှာ တင်ထားတာလေ။

အမျိုးသား : ဘာသာရေးနဲ့ဆိုင်တဲ့ အရာမျိုးလား။

အမျိုးသမီး : မဟုတ်ပါဘူး။ အနုပညာပစ္စည်း ဒါမှမဟုတ် သတ္တုရိုင်းတုံးကြီး တစ်တုံးနဲ့ပဲ ပိုတူပါတယ်။ ဧည့်ခန်းမှာလည်း ရှုခင်းပန်းချီကားတွေ ရှိတာဆိုတော့ ဂေဟာမှူးက အနုပညာ ဝါသနာပါတာနေမှာပါလို့ပဲ ကျမတွေးခဲ့တာ။ လူကြီးတွေရဲ့ မိသားစုဝင်တွေကလည်း အဲ့ဒါကို ဘာမှ ကန့်ကွက်တာ မရှိဘူးလေ။

အမျိုးသား : ဒါပေမဲ့ ခင်ဗျားအမြင်မှာတော့ ထူးဆန်းနေတယ်မလား။

အမျိုးသမီး : ဟုတ်တယ်။ ဘာလို့လဲဆိုတော့ အဲ့ဒါကြီးက အဲ့ဒီမှာ ရှိနေတာ အန္တရာယ်ရှိလို့လေ။ တအား လေးတာ။ ပုံမှန်ဆိုရင် လူကြီးတွေ ချော်လဲရင် ထိခိုက်မယ့် အရာမှန်သမျှကို ရှောင်ရတာလေ။ အဲ့ဒီ ကျောက်တုံးကြီး ရှိနေတာက ဘယ်လိုမှ ယုတ္တိမရှိဘူး။

အမျိုးသား : ခင်ဗျားစိုးရိမ်တာက သဘာဝကျပါတယ်။

အမျိုးသမီး : ကျမက လူသစ်ဆိုတော့ ဘာမှ ဝင်မပြောရဲဘဲ နေခဲ့တာ။ ဒါပေမဲ့ တခြား ထူးဆန်းတဲ့ ကိစ္စတွေလည်း ရှိသေးတယ်။

အမျိုးသား : ဘာတွေများလဲ။

အမျိုးသမီး : လူကြီးတချို့က အဲ့ဒီကျောက်တုံးဘက် မျက်နှာမူပြီး ထူးဆန်းတဲ့ အပြုအမူတွေ လုပ်ကြတာပါ။

အမျိုးသား : ဘယ်လိုမျိုးလဲ။

အမျိုးသမီး : မျိုးစုံပဲ။ ကျမအလုပ်က နေ့ခင်းဘက် အပန်းဖြေလှုပ်ရှားမှုတွေ စီစဉ်ပေးရတာ။ စက္ကူခေါက်တာတို့၊ ကွင်းပစ်ကစားတာတို့ပေါ့။ အဲ့ဒါတွေကို မဖြစ်မနေ လုပ်ရမယ်လို့ မသတ်မှတ်ထားပေမဲ့ လူကြီးတချို့က ဘာမှ မလုပ်ဘဲ ကျောက်တုံးကြီးကိုပဲ စိုက်ကြည့်နေတတ်ကြတယ်။ ပါးစပ်ကြီးတွေကို အကျယ်ကြီး ဟပြီးတော့လေ။ ဒါမှမဟုတ် ကျောက်တုံးနား သွားပြီး ဦးညွှတ်တာ၊ ဝိုင်းပြီးတော့ လက်တွေကို အပေါ်မြှောက်တာမျိုးတွေ လုပ်ကြတယ်။ တချို့ဆို အပေါ်အောက် ခုန်နေကြတာ။

အမျိုးသား : အဲ့ဒါကို တခြား ဝန်ထမ်းတွေက မစိုးရိမ်ကြဘူးလား။

အမျိုးသမီး : မစိုးရိမ်ကြဘူး။ အဲ့ဒါကလည်း ထူးဆန်းတာပဲ မဟုတ်လား။ ဒါပေမဲ့ အဲ့ဒီမှာက အလုပ်ရှုပ်တော့ စိုးရိမ်ဖို့ အချိန်မရှိတာလည်း ပါမှာပေါ့။ နောက်ပြီး လူကြီးတွေမှာ အယ်လ်ဇိုင်းမား မရှိဘူးဆိုပေမဲ့ အသက်ကြီးလာရင် စိတ်ကတော့ နည်းနည်း ချို့ယွင်းလာမှာပဲလေ၊ အဲ့ဒါကြောင့်ပဲ ကျမလည်း သိပ်ပြီး အလေးမထားခဲ့တာ။

အမျိုးသား : တခြားကိစ္စတွေရော ရှိသေးလား။

အမျိုးသမီး : တစ်ခါက ဝန်ထမ်းတစ်ယောက်က လူကြီးတွေနဲ့အတူ ကျောက်တုံးရှေ့မှာ ခုန်နေတာကို ကျမမြင်လိုက်ရတယ်။ သူတို့နဲ့အတူ ရောပြီး ကစားပေးတယ်ဆိုရင်တောင် ဒါက နည်းနည်း လွန်နေပြီလို့ ကျမထင်မိတယ်။ အဲ့ဒီမှာတင် ကျမလုပ်ဖော်ကိုင်ဖက် တစ်ယောက်ကို အဲ့ဒီကျောက်တုံးအကြောင်း မေးကြည့်လိုက်တာ။

အမျိုးသား : သူတို့ကရော ဘာသိထားလဲ။

အမျိုးသမီး : ပြောရခက်တယ်။ ဂေဟာမှူးက လာထားတာလို့ပဲ ပြောကြတယ်။ ဘယ်ကနေ ရတာလဲလို့ မေးတော့ ပဲခူးရိုးမက တောင်ပေါ်တစ်ခုမှာ ပူဇော်ထားတဲ့ ဆုတောင်းပြည့် ကျောက်တုံးကြီးလို့ ပြောတယ်။ ကျမအတွက်တော့ အဲ့ဒါက တကယ့်ကို ကြောက်စရာကြီးပဲ။ အောက်လမ်းအဖွဲ့တစ်ခုခုလို ခံစားရတယ်။ အားကိုးရာမဲ့နေတဲ့ သက်ကြီးရွယ်အိုတွေကို အသုံးချပြီး နောက်လိုက်လုပ်ခိုင်းတာလားလို့တောင် တွေးမိတယ်။

အမျိုးသား : တကယ်ကို စိတ်မသက်မသာဖြစ်စရာ ဇာတ်လမ်းပါပဲ။ ခင်ဗျားကိုရော အဲ့ဒီလိုအဖွဲ့ထဲ ဝင်ဖို့ တိုက်တွန်းတာမျိုး ရှိလား။

အမျိုးသမီး : မရှိပါဘူး။ ဘာမှမရှိဘူး။ ဒါပေမဲ့ အဲ့ဒီနောက်ပိုင်း ကျမအဲ့ဒီကျောက်တုံးအကြောင်းကို ဘယ်တော့မှ ထပ်မမေးတော့ဘူး။

အမျိုးသား : ကျောက်တုံးအပြင် တခြားကိစ္စတွေရော ရှိသေးလား။

အမျိုးသမီး : ဟုတ်ကဲ့။ အပန်းဖြေချိန်မှာ ပန်းချီဆွဲတဲ့ အစီအစဉ်ရှိတယ်။ ဦးနှောက်ကျန်းမာအောင်လို့ ခေါင်းစဉ် တစ်ခု ပေးပြီး ဆွဲခိုင်းတာ။ ဒါပေမဲ့ လူကြီးတချို့က ခေါင်းစဉ်ကို လုံးဝဂရုမစိုက်ဘဲ ထူးဆန်းတဲ့ ပုံတစ်ခုတည်းကိုပဲ ဆွဲကြတယ်။

အမျိုးသား : ဘာပုံလဲ။

အမျိုးသမီး : စာရွက်တွေအပြည့် မုခ်ဝပုံတွေကိုပဲ ထပ်ခါထပ်ခါ ဆွဲတာ။

အမျိုးသား : မုခ်ဝပုံကိုဆွဲတာနဲ့ပတ်သတ်ပြီး ဘာကြောင့်လဲ ဆိုတာကို ဆွဲတဲ့လူတွေက ပြောပြတာရှိလား။

အမျိုးသမီး : ပြောတာကတော့ အတူတူပဲ။ အဲ့ဒီတံခါးအောက်မှာ ရပ်မယ့်သူကို သူတို့ ရှာနေတာတဲ့...

အမျိုးသား : တကယ့်ကို ကြောက်စရာကောင်းလိုက်တာ။

အမျိုးသမီး : တခြားကိစ္စတွေလည်း ရှိသေးတယ်။ ကျမနဲ့ အချိန်တူလောက် ဝင်ခဲ့တဲ့ ဝန်ထမ်းတစ်ယောက်ဆီက ကြားတာ။ ကျမက မနက်ပိုင်း လုပ်ပြီး သူက ညပိုင်းလုပ်တာဆိုတော့ သိပ်မဆုံဖြစ်ပေမဲ့ တစ်နေ့ အလုပ်ဆင်းချိန်မှာ သူက ကျမကို ထူးဆန်းတဲ့ အကြောင်းတစ်ခု ပြောပြတယ်။

အမျိုးသား : ဘာပြောတာလဲ။

အမျိုးသမီး : ညဘက်ဆို လူတွေ အကုန်အိပ်နေပြီလေ။ ဒါပေမဲ့ အခန်းတချို့ဆီကနေ ထူးဆန်းတဲ့ အသံတွေ ကြားရတယ်တဲ့။ အော်သံတွေလိုမျိုးပဲ။ စူးစူးရှရှ အော်သံတွေရော၊ ညည်းတွားသံတွေရောပေါ့။ သူက အပြေးအသွား တံခါးဖွင့်ကြည့်ရင် အသံက ရုတ်တရက် ရပ်သွားပြီး လူကြီးတွေက ကုတင်ပေါ်မှာ ထိုင်ပြီး ရှေ့ကို မျက်နှာသေကြီးနဲ့ စိုက်ကြည့်နေကြတာတဲ့။ နောက်တစ်ခါကျတော့ ဘုရားစာ ရွတ်သလိုလို အသံတွေ ကြားရတယ်လို့ ပြောတယ်။

အမျိုးသား : ဘာစာလဲ။

အမျိုးသမီး : မသိဘူး။ ကျမက တစ်ဆင့်ကြားရတာ ဆိုတော့လေ။ ဒါပေမဲ့ အသံတွေက တကယ့်ကို ကြည်ကြည်လင်လင် ထွက်လာတာတဲ့။ ပုံမှန် ဘုရားရှိခိုးသလို တိုးတိုးလေး မဟုတ်ဘူး။

အမျိုးသား : သူက အထက်လူကြီးကို မတိုင်ဘူးလား။

အမျိုးသမီး : တိုင်တာပေါ့။ ဒါပေမဲ့ ဂေဟာမှူးကတော့ လူကြီးတွေ အိပ်မက်ယောင်တာ ဒါမှမဟုတ် စိတ်မကြည်လို့ အော်တာနေမှာပါ၊ ဘာမှ မစိုးရိမ်နဲ့လို့ပဲ ပြောတယ်။ သူကတော့ အဲ့ဒါကို သံသယရှိနေတာ။ ကျမအတွက်တော့ ကျောက်တုံးရော၊ ဒါတွေရော ပေါင်းလိုက်ရင် တကယ့်ကို သရဲခြောက်သလို ခံစားရတယ်။

အမျိုးသား : ပွင့်ပွင့်လင်းလင်း မေးပါရစေ၊ အဲ့ဒီဖြစ်ရပ်ကြီး မတိုင်ခင်က တခြား သေဆုံးမှုတွေ ရှိခဲ့လား။

အမျိုးသမီး : ရှိပါတယ်။ ကျမအလုပ်လုပ်နေတုန်း လူ သုံးယောက် ဆုံးခဲ့တယ်။ အကုန်လုံးကတော့ အသက်ကြီးလို့ သဘာဝအတိုင်း ငြိမ်ငြိမ်သက်သက် ဆုံးသွားတာလို့ပဲ ကြားတာပဲ။ သုံးယောက်ဆိုတာ များလား မများလားတော့ မသိဘူး၊ လူကြီးတွေနေတဲ့နေရာဆိုတော့လေ။ ဒါပေမဲ့ ကျမကို တကယ် ထိတ်လန့်စေတာက ဆုံးသွားတဲ့ သုံးယောက်လုံးဟာ အဲ့ဒီကျောက်တုံးကို အရူးအမူး စွဲလမ်းနေတဲ့သူတွေ ဖြစ်နေတာပဲ။ တတိယမြောက်လူ ဆုံးပြီးတဲ့နောက်မှာတော့ ကျမဒါကို ချိတ်ဆက်မိသွားပြီး အလုပ်ချိန်ကို လျှော့ချကာ အလုပ်အသစ် ရှာတော့တာပဲ။

အမျိုးသား : အဲ့ဒီဖြစ်ရပ်ကြီး ဖြစ်ချိန်မှာ ခင်ဗျား အဲ့ဒီမှာ အလုပ်လုပ်နေတုန်းပဲလား။

အမျိုးသမီး : ဟုတ်ပါတယ်။ ဒါပေမဲ့ အဲ့ဒီတုန်းက ကျမအဲ့ဒီမှာ သိပ်မရှိတော့ဘူး။ ပြီးတော့ ဖြစ်တာက ညဘက်ကြီးလေ။

အမျိုးသား : ခင်ဗျားသိသမျှ အဲ့ဒီဖြစ်ရပ်အကြောင်း ပြောပြပေးလို့ ရမလား။

အမျိုးသမီး : ကျမကိုယ်တိုင် မြင်တာမဟုတ်တော့ ကြားရတာတွေကိုပဲ ပြောပြနိုင်မယ်။ ညစောင့်ဝန်ထမ်း တစ်ယောက်က ကျောက်တုံးကြီးရဲ့ ရှေ့မှာ လူကြီး လေးယောက်နဲ့ ဝန်ထမ်းတစ်ယောက် ကြမ်းပြင်ပေါ်မှာ လဲနေတာကို တွေ့ခဲ့တာတဲ့။

အမျိုးသား : သူတို့က ခင်ဗျားကို ပြောပြတာက ဘယ်လိုမျိုးလဲ။

အမျိုးသမီး : မီဒီယာတွေကတော့ အစုလိုက်အပြုံလိုက် ကိုယ့်ကိုယ်ကိုယ် သတ်သေမှုလို့ ပြောကြပေမဲ့ ဖြစ်စဉ်တစ်ခုလုံးက တကယ့်ကို ထူးဆန်းတာ။ သူတို့အားလုံးက ကျောက်တုံးကြီးကို သူတို့ခေါင်းတွေနဲ့ ကိုယ့်ဘာသာ ဆောင့်ပြီး သေဆုံးခဲ့ကြတာတဲ့။ နေရာတစ်ခုလုံး သွေးတွေနဲ့ ချင်းချင်းနီနေတာပဲ။

အမျိုးသား : အဲ့ဒါက...

အမျိုးသမီး : ဝန်ထမ်းတစ်ယောက် ပါတယ်လို့ ကျမ ပြောခဲ့သေးတာကို မှတ်မိတယ်မလား။ အဲ့ဒီဝန်ထမ်းက ကိုယ့်ကိုယ်ကိုယ် သတ်သေတာ မဟုတ်ဘူး။ လူကြီး လေးယောက်က သူ့ကို ဝိုင်းဖမ်းပြီး ကျောက်တုံးနဲ့ ခေါင်းကို ဆောင့်သတ်ခဲ့တာ။ ပြီးမှ သူတို့က တစ်ယောက်တစ်လှည့် ခေါင်းတွေကို ဆောင့်ပြီး သေခဲ့ကြတာတဲ့။

အမျိုးသား : အဲ့ဒီညက တခြားဝန်ထမ်းတွေက ဘာမှ မမြင်၊ မကြားဘူးလား။

အမျိုးသမီး : ဘာမှ မသိလိုက်ဘူးလို့ ပြောကြတယ်။ အဲ့ဒီဝန်ထမ်းက လှည့်ကင်းသွားရာကနေ ပြန်မလာတော့လို့ လိုက်ရှာမှ ငါးယောက်လုံး လဲနေတာကို တွေ့တာတဲ့။

အမျိုးသား : ဒါက တော်တော် ယုံရခက်တာပဲ။

အမျိုးသမီး : ဟုတ်တယ်။ အသက်ကြီးတဲ့ လူကြီး လေးယောက်က လူငယ်တစ်ယောက်ကို အဲ့ဒီလိုမျိုး လုပ်နိုင်ပါ့မလား။ နောက်ပြီး ဘာလို့ အဲ့ဒီလို လုပ်ရတာလဲ။ ကျမစဉ်းစားလို့ ရတာတစ်ခုကတော့ သူတို့အားလုံး ကျောက်တုံးကို စွဲလမ်းနေကြတာပဲ။ အသတ်ခံရတဲ့ ဝန်ထမ်းဆိုတာလည်း ကျောက်တုံးရှေ့မှာ လိုက်ခုန်နေတဲ့ သူလေ။

အမျိုးသား : အဲ့ဒါကို ရဲတွေကို ပြောပြခဲ့လား။

အမျိုးသမီး : မပြောပါဘူး။ ကျမပြဿနာတွေထဲ မပါချင်ဘူး။ ဒါပေမဲ့ ရှင်သိတဲ့အတိုင်း ရဲတွေက ဒီလိုထူးဆန်းတဲ့ အမှုတွေကို အသေးစိတ် စုံစမ်းကြတာပဲ။ နောက်ဆုံးမှာတော့ လူသတ်မှုပါဝင်တဲ့ အစုလိုက်အပြုံလိုက် ကိုယ့်ကိုယ်ကိုယ် သတ်သေမှုအဖြစ်ပဲ သတ်မှတ်ပြီး အမှုကို ပိတ်လိုက်ကြတယ်။ ထိရှလွယ်တဲ့ အမှုမို့လို့ အသေးစိတ်ကို မီဒီယာကိုလည်း မပြောပြဘူး။ တီဗီ အစီအစဉ်တွေကတော့ ဒါကို သက်ကြီးရွယ်အို စောင့်ရှောက်မှု ပြဿနာအနေနဲ့ပဲ ဆွေးနွေးကြပြီး တကယ့်ဖြစ်စဉ်ကိုတော့ မဖော်ပြကြဘူး။

အမျိုးသား : သတင်းထောက်တစ်ယောက်အနေနဲ့ အဲ့ဒါကို နားလည်ပါတယ်... ဒါနဲ့ စကားမစပ်၊ ခင်ဗျားကို အင်တာဗျူးခွင့် တောင်းခဲ့တဲ့အတွက် ကျနော်လည်း ဒီကျောက်တုံးအကြောင်း ဘယ်ကနေ သိခဲ့တာလဲဆိုတာ ပြောပြဖို့ တာဝန်ရှိတယ်လို့ ခံစားရတယ်။ နားထောင်ချင်လားခင်ဗျာ။

အမျိုးသမီး : မနားထောင်ချင်တော့ပါဘူး၊ ကျေးဇူးတင် ပါတယ်။ ကျမဒီကိစ္စတွေနဲ့ ထပ်ပြီး မပတ်သက်ချင်တော့ဘူး။ အတိတ်က အရာတွေကို အတိတ်မှာပဲ ထားလိုက်ချင်ပါတယ်။

အမျိုးသား : နားလည်ပါတယ်ခင်ဗျာ။ အခုလို အချိန်ပေးတဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ်။

All Chapters