← Chapters

ပဲခူးရိုးမ - ၄

Vol. 2 Ch. 4.5

ပဲခူးရိုးမ - ၄

Vol. 2 Ch. 4.5

“ကျနော် ခင်ဗျားနဲ့ စကားပြောဖို့ လိုတယ်”

ဖုန်းထဲမှာ ဇင်မျိုးဝင်း ရဲ့ အသံက နည်းနည်း စိတ်အနှောင့်အယှက် ဖြစ်နေပုံရတယ်။ သူ့တောင်းဆိုချက်အရ ကျနော်လည်း ပန်းဆိုးတန်းစာအုပ်တန်း မှာရှိတဲ့ ကော်ဖီဆိုင်တစ်ခုကို သွားတွေ့တော့ သူက ကျနော့်ကို စောင့်နေတာ တွေ့ရပါတယ်။

ကျနော် ထိုင်လိုက်တာနဲ့ သူက စာရွက်တစ်ရွက်ကို ကျနော့်ရှေ့ ထိုးပေးလိုက်တယ်။

“ဒါကို ဖတ်ကြည့်ဦး”

သူခိုင်းတဲ့အတိုင်း ကျနော် ဖတ်ကြည့်လိုက်တယ်။ အဲ့ဒါက ပဲခူးရိုးမ မှာရှိတဲ့ ဂိုဏ်းတစ်ခုအကြောင်း လျှို့ဝှက်စုံစမ်းထားတဲ့ အစီရင်ခံစာတစ်စောင်ပါ။ ကျနော် ဖတ်လို့တောင် မပြီးသေးခင်မှာပဲ သူက မေးပါတယ်။

“ဒါကို ခင်ဗျားတည်းဖြတ်ခဲ့တာ မလား”

သူ့စကားကြောင့် ကျနော် အံ့သြသွားရတယ်။ ကျနော် အယ်ဒီတာအဖြစ် လုပ်ခဲ့ဖူးတုန်းကတော့ ရသမျှအလုပ်မှန်သမျှ လုပ်ခဲ့ရတာဆိုတော့ ဆောင်းပါးတွေပါ ကိုယ်တိုင်ရေးပြီး တော်တော်လေး ပြင်းထန်တဲ့ ဆောင်းပါးတွေလည်း ရေးခဲ့ဖူးပါတယ်။ အဲ့ဒီအချိန်တုန်းက ကျနော့်အမျိုးသမီးသတင်းထောက်တောင် ကျနော့်ခိုင်းစေ မှုကြောင့် ဆေးရုံတက်ခဲ့ရတာကိုလည်း မှတ်မိနေတယ်။ ဒါပေမဲ့ အခုပြောနေတဲ့ ဆောင်းပါးကို တည်းဖြတ်ခဲ့တာမျိုးတော့ ကျနော် မမှတ်မိပါဘူး။

ကျနော် ငြင်းလိုက်ပေမဲ့ ဇင်မျိုးဝင်း ကတော့ ဘာမှမပြောဘဲ ဆောင်းပါးရဲ့ ခေါင်းကြီးပိုင်းကို လက်ညှိုးထိုးပြပါတယ်။ အဲ့ဒီမှာ ရေးသားသူအမည်အောက်က တည်းဖြတ်သူ အယ်ဒီတာနေရာမှာ ကျနော့်ရဲ့ ကလောင်အမည် ဖြစ်နေတာပါ။

“ခင်ဗျားရဲ့ ကလောင်အမည်က တော်တော်လေး ထူးခြားတာလေ။ ခင်ဗျားတည်းဖြတ်တာမဟုတ်ဘူးဆိုရင် ဘယ်သူတည်းဖြတ်တာလဲ”

ကျနော်ကတော့ အဲ့ဒီဆောင်းပါးကို တည်းဖြတ်ဖူးတာ လုံးဝမရှိပါဘူးလို့ အသည်းအသန် ငြင်းဆိုမိပါတယ်။ သူ့မျက်လုံးထဲမှာ သံသယတွေ ရှိနေတာကို မြင်နေရတုန်း သူက ဆက်ပြောတယ်။

“ဒါဆို ဘာလဲ။ အဲ့ဒီအချိန်တုန်းက ခင်ဗျားက စိတ်လွတ်နေခဲ့တာလား”

သူ့စကားလည်း ဆုံးရော တစ်ခုခုကို သတိပြုမိသွားပုံရတယ်။

“မဟုတ်မှလွဲရော...”

ကျနော် သူ့ကို ဆက်ပြောဖို့ တိုက်တွန်းလိုက်ပါတယ်။

“‘ထူးဆန်းသတ္တဝါကို ရှာတွေ့ခြင်း။ လူဖြူကြီး’ နဲ့ ‘စောင့်ဆိုင်းခြင်း’ ထဲမှာပါတဲ့ အမျိုးသမီးတွေက သေမသွားကြဘူး။ အဲ့ဒီမှာ နေခဲ့တဲ့ အမျိုးသမီးတိုင်းက မှတ်ဉာဏ်တွေ ပျောက်ဆုံးကုန်တာ ဒါမှမဟုတ် အယ်လ်ဇိုင်းမားရောဂါလိုမျိုး ခံစားခဲ့ရတာ... အဲ့ဒါမျိုး ခင်ဗျားဆီမှာ ဖြစ်ခဲ့တာဆိုရင်ရော”

ကျနော်ကိုယ်တိုင်လည်း မသေချာတာကြောင့် ပြန်မဖြေနိုင်ခဲ့ပါဘူး။

“ဒါပေမဲ့ အဲ့ဒါသာ အမှန်ဆိုရင် ခင်ဗျားက ဘာလို့ ဘာမှမဖြစ်ရတာလဲ။ အဲ့ဒီအဖွဲ့ထဲကို ခိုးဝင်ခိုင်းခဲ့ပြီးတော့တောင် ခင်ဗျားရော၊ အမျိုးသမီးသတင်းထောက်ပါ ဘာလို့ အခုထိ အသက်ရှင်နေရသေးတာလဲ”

ကျနော့်ရဲ့ ဦးနှောက်က အသည်းအသန် စဉ်းစားနေမိတယ်။ ကျနော်တို့ ဘာလို့ အသက်ရှင်နေတာလဲ။ ကျနော့်ရဲ့အမျိုးသမီးသတင်းထောက်က ဘာလို့ ‘သတို့သမီး’ အဖြစ် ရွေးချယ်မခံခဲ့ရတာလဲ။ ဘာလို့ ‘မြင့်မြတ်တဲ့နေရာ’ ကို မသွားနိုင်ခဲ့တာလဲ...

အဲ့ဒီအချိန်မှာပဲ အချက်တစ်ခုက ခေါင်းထဲ လျှပ်ခနဲ ဝင်လာပါတယ်။ အဲ့ဒီလျှို့ဝှက်အစီရင်ခံစာက ၂၀၀၀ ပြည့်နှစ်က ရေးခဲ့တာ။ ကျနော် ဘယ်တော့မှ မေ့မှာ မဟုတ်ဘူး။ အဲ့ဒီမတိုင်ခင် တစ်နှစ်အလိုမှာပဲ ကျနော့်ရဲ့အမျိုးသမီးသတင်းထောက်ရဲ့ သားလေး ဆုံးပါးသွားခဲ့တာလေ။ သူက မတော်တဆမှုတစ်ခုနဲ့ ဆုံးသွားခဲ့တာပါ။ အဲ့ဒီနောက်မှာ သူ့ရဲ့ခင်ပွန်းဖြစ်သူပါ ကွယ်လွန်ခဲ့ပြီး သူလည်း စာအုပ်တိုက်က အလုပ်ထွက်ခဲ့ကာ အလွတ်တန်း သတင်းထောက် လုပ်ခဲ့တာ။ နောက်တော့ သူဟာ ကျနော့်အတွက် သတင်းတွေကိုလိုက်ပေးတဲ့ အမျိုးသမီးထောက်အဖြစ်ပါ လုပ်ပေးခဲ့ပါတယ်။

ကျနော်ကတော့ အလုပ်တွေ တအားလုပ်ခဲ့ရတဲ့ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုတွေကြောင့် သူဟာ ဆေးရုံတက်ရတယ်လို့ပဲ အမြဲထင်ခဲ့တာ။ ဒါပေမဲ့ ဆောင်းပါးအရဆိုရင်တော့ အဲ့ဒီဂေဟာမှာ ဖြစ်ခဲ့တာတွေကြောင့်ပေါ့။ တကယ်လို့ ကျနော့်ရဲ့ အမျိုးသမီးသတင်းထောက်သာ ရေးသားသူအမှန်ဆိုရင်တော့ သူ့ကို စုံစမ်းဖို့စေခိုင်းခဲ့တာက ကျနော်ကိုယ်တိုင်ဖြစ်ပြီး၊ သူကိုယ်တိုင်ကလည်း ကလေးဖြစ်သူကိုဆုံးရှုံးဖူးတာကြောင့် အဲ့ဒီအဖွဲ့ထဲက တခြားအမျိုးသမီးကို နှစ်သိမ့်ပေးခဲ့မိတယ် ဆိုတဲ့အချက်က အဓိပ္ပာယ်ရှိသွားပါပြီ။

ဒီအယူအဆအပေါ် အခြေခံပြီး ကျနော်က ဇင်မျိုးဝင်း ကို ယူဆချက်တစ်ခု ပြောပြလိုက်တယ်။ တောင်ခေါ်ဝိညာဉ်ဟာ ကလေးတစ်ခါမှ မမွေးဖူးတဲ့ အမျိုးသမီးတွေကိုပဲ ပစ်မှတ်ထားတာ ဖြစ်ရမယ်။ ကျနော်တို့ကတော့ လူငယ်အမျိုးသမီးတွေကိုပဲ ခွဲခြားမှုမရှိ ပစ်မှတ်ထားတယ်လို့ ထင်ခဲ့ပေမဲ့၊ တကယ်တော့ ဒီထူးဆန်းတဲ့ ပရလောကဖြစ်ရပ်ဟာ သူ့ရဲ့ ပစ်မှတ်တွေကို သေချာ ဂရုတစိုက် ရွေးချယ်နေတာပါ။

ဇင်မျိုးဝင်း က ခဏလောက် တိတ်သွားပြီးမှ ပြန်ပြောပါတယ်။

“ခင်ဗျားစကားက မှန်နိုင်တယ်။ မဟုတ်ဘူး၊ အဲ့ဒါ အမှန်ပဲ ဖြစ်ရမယ်။ ခင်ဗျားကို သံသယဝင်မိတဲ့အတွက် တောင်းပန်ပါတယ်”

ကျနော်ကလည်း စိတ်ထဲမထားဖို့နဲ့ တောင်းပန်စရာမလိုကြောင်း ပြောလိုက်ပြီးနောက် ကျနော်တို့တွေ သောက်စရာတွေ မှာလိုက်ကြပါတယ်။ ကျနော့်အတွက်က ကော်ဖီခါးခါး၊ သူ့အတွက်ကတော့ Iced Caffe Latte ပေါ့။

သောက်စရာတွေလာဖို့ စောင့်နေတဲ့အချိန်မှာ သူက ဂဏာမငြိမ် ဖြစ်နေတယ်။ ရောက်လာတာနဲ့ တစ်ကျိုက်တည်း မော့ချလိုက်ပြီး စကားပြောပါတော့တယ်။

“ကျနော် ကြောက်တယ်” လို့ သူက စပြောတယ်။ ပြီးတော့ အောက်ပါအတိုင်း ပြောပြပါတယ်။

“အဲ့ဒီဆောင်းပါးကို ဖတ်ရင်းနဲ့ ကျနော် တစ်ခုခုကို သတိပြုမိသွားတယ်။ ဝတ်ပြုသူတွေ ရွတ်ဆိုနေတဲ့ အသံတွေက ကျနော့်သူငယ်ချင်း ပြောပြခဲ့တဲ့ တက္ကသိုလ်တုန်းက အဖွဲ့တစ်ခုက ရွတ်ဆိုသံနဲ့ တထေရာတည်း တူနေတယ်ဗျ။ နည်းနည်းပါးပါး ကွဲလွဲတာတော့ ရှိပေမဲ့ပေါ့။ ဒါပေမဲ့ အဲ့ဒါကို ကျနော် ဘယ်လိုကြောင့် သိနေရတာလဲ။ သူငယ်ချင်းဆီက ကြားဖူးရုံသက်သက်ကို အဲ့ဒီရွတ်ဆိုသံတွေကို ကျနော်က ဘာလို့ အတိအကျ မှတ်မိနေရတာလဲ။ ပြီးတော့ ကျနော်သူငယ်ချင်းကရော လူအများကြီးက တစ်ပြိုင်တည်း ရွတ်ဆိုနေတဲ့ နားမလည်နိုင်တဲ့ စကားလုံးတွေကို တစ်ကြိမ်တည်း ကြားရုံနဲ့ ဘယ်လို မှတ်မိနေတာလဲ”

“ပြီးခဲ့တဲ့ရက်က သူငယ်ချင်းတချို့ ကျနော့်ဆီ ဖုန်းဆက်လာတယ်။ အမျိုးသမီး သူငယ်ချင်းတွေပေါ့။ သူတို့က သူတို့ဆီကို ညသန်းခေါင်ယံမှာ ဖုန်းဆက်ပြီး အဓိပ္ပာယ်မရှိတာတွေ လျှောက်မပြောပါနဲ့တော့လို့ လာပြောကြတာ။ ကျနော်က သူတို့ဆီ ဖုန်းဆက်ပြီး ‘တောင်ပေါ်သွားရအောင်၊ ပျော်ဖို့ကောင်းလိမ့်မယ်၊ သွားရအောင်’ လို့ ပြောခဲ့တယ်တဲ့။ ကျနော် အဲ့ဒီလို ဖုန်းဆက်ခဲ့တာတွေကို လုံးဝ မမှတ်မိဘူး။ ဒါပေမဲ့ ကျနော့်ရဲ့ ဖုန်းခေါ်ဆိုမှုမှတ်တမ်းကို စစ်ကြည့်တော့ ကျနော့်ဖုန်းထဲက အမျိုးသမီးတွေဆီကို အက္ခရာစဉ်အတိုင်း ဖုန်းဆက်ခဲ့တာ တွေ့ရတယ်။ ခင်ဗျားရဲ့ ယူဆချက်ကို ကြားပြီးမှ စဉ်းစားကြည့်တော့... ကျနော်က ကလေးရှိတဲ့သူ တစ်ယောက်ကိုမှ ဖုန်းမဆက်ခဲ့ဘူးဗျ။”

“ကျနော် ရူးသွားပြီလား။ ကျနော် ဘာပဲလုပ်လုပ် ဒီအထူးထုတ်အကြောင်းကိုပဲ အမြဲ စဉ်းစားနေမိတယ်။ အစတုန်းကတော့ ဒါက ကျနော့်ရဲ့ ပထမဆုံး တာဝန်မလို့ စိတ်လှုပ်ရှားနေတာလို့ပဲ ထင်ခဲ့တာ။ ဒါပေမဲ့ ပြီးခဲ့တဲ့ရက်က ရေချိုးရင်း မှန်ကြည့်မိတော့ မှန်ထဲက ကျနော့်ရဲ့ ပုံရိပ်က ပြုံးနေတယ်ဗျ။ အဲ့လိုပြုံးနေတာကို ကျနော် ပျော်နေမိခဲ့တယ်။ အဲ့ဒါက ကျနော့်ကို ကြောက်လန့်စေတယ်။ ခင်ဗျားရော ဘယ်လိုထင်လဲ”

သူက ကျနော့် အဖြေကိုတောင် မစောင့်ဘဲ ဆက်ပြောပါတယ်။ တောင်ခေါ်ဝိညာဉ်၊ အမျိုးသမီးနီနဲ့ ပြည့်ဝ တို့အပေါ်မှာ သူ့ရဲ့ ထင်မြင်ချက်တွေကို အကျယ်တဝင့် ရှင်းပြပါတော့တယ်။ နောက်ဆုံး ကျနော် ဝင်တားလိုက်မှသာ သူက စကားပြောတာ ရပ်သွားပြီး အသက်ဝဝရှူကာ ပြောပါတယ်။

“ကျနော် နီးစပ်နေပြီ။ ခံစားလို့ရနေတယ်။ မသိရသေးတာတွေ အများကြီး ရှိနေသေးပေမဲ့ အရာအားလုံးကို ချိတ်ဆက်လို့ ရတော့မလို ခံစားနေရတယ်။ ဒီအထူးထုတ်ကတော့ တကယ့်ကို အံ့မခန်း ဖြစ်တော့မှာပဲ”

သူ့အသံက စိတ်လှုပ်ရှားမှုတွေ လျော့မသွားဘဲ ဆက်ပြောပါတယ်။

“ကျနော် ဒီအထိ ရောက်လာခဲ့ပြီ။ အခုတော့ ပဲခူးရိုးမ ကို ကိုယ်တိုင်သွားကြည့်ဖို့ အချိန်တန်ပြီထင်တယ်။”

သူ့ကို တားဖို့ ကျနော့်မှာ အခွင့်အရေး မရှိခဲ့ပါဘူး။ ဘာလို့လဲဆိုတော့ ကျနော်ကိုယ်တိုင်လည်း ဘေးမကင်းတော့ဘူးဆိုတာ သိနေလို့ပါ။ ဒါနဲ့ သူက ထွက်သွားခဲ့ပါတယ်။

နှစ်လအကြာမှာတော့ သူ သေဆုံးသွားခဲ့ပါတယ်။ မဟုတ်ဘူး၊ သူတို့ သူ့ရဲ့ ရုပ်အလောင်းကို ရှာတွေ့ခဲ့တာလို့ ပြောရင် ပိုမှန်ပါလိမ့်မယ်။ အယ်ဒီတာအဖွဲ့က ဇင်မျိုးဝင်း ဆီ ဖုန်းဆက်လို့မရကြောင်း ကျနော့်ဆီ လှမ်းပြောပါတယ်။ သူ အသက်မရှိတော့ဘူးဆိုတာ သိနေတဲ့ ကျနော်ကတော့ သူ ပဲခူးရိုးမ ဆည်ထဲကို ခုန်ချသွားတာ ဖြစ်နိုင်ကြောင်း သူတို့ကို ပြောပြလိုက်ပါတယ်။

သူတို့တွေ သူ့ရဲ့ ရေနစ်သေဆုံးနေတဲ့ ရုပ်အလောင်းကို သူနဲ့မသိတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ အလောင်းနဲ့အတူ ရှာတွေ့ခဲ့တယ်လို့ ကြားရပါတယ်။ သူတို့ နှစ်ယောက်လုံးရဲ့ မျက်နှာမှာတော့ အပြုံးတွေနဲ့တဲ့။

စာဖတ်သူတို့ခင်ဗျာ၊ ခင်ဗျားတို့ကို လိမ်ညာခဲ့မိတဲ့အတွက် ကျနော် တကယ်ပဲ တောင်းပန်ပါတယ်။

“ပဲခူးရိုးမ” ဆိုတဲ့ ဝတ္ထုကတော့ ဒီမှာတင် နိဂုံးချုပ်သွားပါပြီ။

*****

လူတွေ့မေးမြန်းခန်း မှတ်တမ်း (၆)

အယ်ဒီတာ S ၏ ဖိုင်များထဲမှ ကောက်နုတ်ချက် - ကျောက်တုံးအကြောင်း (၅):

အဖိုးအို : မင်းက ရှင်မက္ကရရာဇာအကြောင်းကို သိချင်တာလား။ အဲ့ဒါက စုံစမ်းဖို့ တော်တော်လေးကို ထူးထူးဆန်းဆန်း ဖြစ်မယ့် အရာပဲကွ။

အမျိုးသား : ဟုတ်ကဲ့။ နေပါဦး... ထူးဆန်းတယ်ဆိုတာ ဘာကို ဆိုလိုတာလဲခင်ဗျာ။ ရှင်မက္ကရရာဇာ ဆိုတာ နတ်တစ်ပါး မဟုတ်ဘူးလား။

အဖိုးအို : အဲ့ဒီအရာကြီးက နတ်ဟုတ်လား။ နေစမ်းပါဦး... ငါ့သမီးက အဲ့ဒီလို ပြောလိုက်တာလား။

အမျိုးသား : ဟုတ်ကဲ့၊ အဖိုးရဲ့သမီးက အဲ့ဒီလို ပြောပါတယ်။ မျောက်နတ်တစ်ပါးလို့ ပြောပြပါတယ်ခင်ဗျာ။

အဖိုးအို : ပြောမှာပေါ့။ အဲ့ဒါ ငါကိုယ်တိုင် သူ့ကို ပြောပြခဲ့တာလေ။ ကဲ... လူလေး၊ သေချာနားထောင်။ ငါ ဒီအကြောင်းကို ပြောပြဖို့ ဝန်မလေးပါဘူး၊ ဒါပေမဲ့ ဒါကို ဘယ်သူ့ကိုမှ ပြန်မပြောနဲ့၊ ဘယ်မှာမှလည်း ထုတ်မရေးပါနဲ့၊ ဟုတ်ပြီလား။

အမျိုးသား : နားလည်ပါပြီခင်ဗျာ။ ဒါကို လျှို့ဝှက်ချက်အဖြစ်ပဲ ထားပါ့မယ်။

အဖိုးအို : သူက နတ်မဟုတ်ဘူးကွ။ သာမန် လူသားတစ်ယောက်သက်သက်ပဲ။

အမျိုးသား : သာမန်လူတစ်ယောက် ဟုတ်လားခင်ဗျာ။

အဖိုးအို : ဟုတ်တယ်။ သူ့နာမည်က ‘မင်းကျော်’ တဲ့။

အမျိုးသား : သာမန်လူတစ်ယောက်ကို နတ်အဖြစ် ပူဇော်ပြီး နတ်ကွန်းလေးတောင် ဆောက်ပေးထားတာလား။

အဖိုးအို : အဲ့ဒီတုန်းက အဲ့ဒီနည်းလမ်းတစ်ခုပဲ ရှိခဲ့တာကိုး။

အမျိုးသား : အဲ့ဒီမှာ ကျောက်တုံးကရော ဘယ်လို ပတ်သက်နေတာလဲဟင်။

အဖိုးအို : ...ဘယ်ကနေ စပြောရမလဲ။ ငါ့အဖေက ငါ့ကို ပြောပြတယ်၊ အဖေ့ကိုလည်း အဘိုးက ပြောပြခဲ့တာဆိုတော့ ဒီဇာတ်လမ်းက အဘိုးဖြစ်သူ အသက်ရှိစဉ်ကတည်းက လာတာပေါ့။ ကုန်းဘောင်ခေတ်လောက်ကကွ။ ဒီဆည်ကြီး မဆောက်ခင်တုန်းက ဒီတစ်ဝိုက်လုံးက ရွာကြီးတစ်ရွာဆိုတာ မင်းသိလား။

အမျိုးသား : ဟုတ်ကဲ့၊ သိပါတယ်ခင်ဗျာ။

အဖိုးအို : ကဲ... ဒီလို နယ်ဘက်တွေမှာဆိုတာက တစ်ယောက်နဲ့တစ်ယောက် အကုန်သိကြတော့ မိသားစုကြီး တစ်ခုလိုပဲ။ ဒါပေမဲ့ ‘မင်းကျော်’တို့အိမ်ကတော့ နည်းနည်း ထူးဆန်းတယ်။ ဝိုင်းပယ်ခံထားရတယ်လို့ ပြောရလောက်အောင် အထိတော့ မဟုတ်ဘူး၊ ဒါပေမဲ့ လူတိုင်းက အဲ့ဒီမိသားစုကို ခပ်ခွာခွာပဲ နေကြတယ်။

အမျိုးသား : ဘာဖြစ်လို့လဲခင်ဗျာ။

အဖိုးအို : ‘မင်းကျော်’ ငယ်ငယ်လေးကတည်းက သူ့အဖေက ဝက်ဝံအကိုက်ခံရပြီး သေသွားတာဆိုတော့ သူနဲ့ သူ့အမေပဲ ကျန်တာပေါ့။ ဒါပေမဲ့ သူ့အမေကလည်း အားနည်းပြီး အိပ်ရာထဲ လဲနေတာ။

အမျိုးသား : ဒါဆို ‘မင်းကျော်’က သူ့အမေကို ပြုစုပေးခဲ့တာပေါ့။

အဖိုးအို : အဲ့ဒီလိုပဲ ပြောရမှာပေါ့။ သူ့အမေနဲ့မတူတာက ‘မင်းကျော်’က သန်မာတယ်၊ လယ်ထဲမှာလည်း အလုပ်ကြိုးစားတယ်။ ဒါပေမဲ့ သူ့အမေ သေသွားပြီးတဲ့နောက်မှာ သူ ပြောင်းလဲသွားတယ်။ နည်းနည်း ထူးဆန်းတာတွေ လုပ်လာတယ်။

အမျိုးသား : ထူးဆန်းတယ်ဆိုတာက ဘယ်လိုမျိုးလဲဗျ။

အဖိုးအို : သူ အထီးကျန်နေလို့ ဖြစ်မှာပေါ့။ သူ့အမေအတွက်ပဲ အချိန်တွေအကုန်ပေးနေရတော့ သူက ရွာက အစည်းအဝေးတွေလည်း မတက်ဘူး၊ အသက်နှစ်ဆယ်ကျော်တဲ့ အထိလည်း လူပျိုကြီးပဲ။ အိမ်မှာပဲ အမြဲအောင်းနေပြီး အရုပ်တွေ စလုပ်တယ်၊ ပြီးတော့ အဲ့ဒီအရုပ်တွေကို သူ့ဇနီးတွေလိုမျိုး တစ်နေကုန် စကားတွေ ထိုင်ပြောနေတော့တာ။

အမျိုးသား : ရွာကလူတွေက ဘာမှ မလုပ်ပေးကြဘူးလား။

အဖိုးအို : လူတိုင်းက စိတ်ပူကြတာပေါ့။ အစစ်အမှန် မိသားစုတစ်ခုရှိရင် သူ ပြန်ကောင်းလာလိမ့်မယ်လို့ တွေးပြီး ရွာထဲက အမျိုးသမီးတွေနဲ့ တွေ့ဆုံပေးဖို့ စီစဉ်ကြသေးတယ်။ ဒါပေမဲ့ အဆင်မပြေခဲ့ဘူး။

အမျိုးသား : ဘာလို့လဲဟင်။

အဖိုးအို : အေး... ဒီလိုလေ... သူက နည်းနည်း ထူးဆန်းတယ်လို့ပဲ ပြောပါရစေ။ သူနဲ့ အချိန်ဖြုန်းရတာက တော်တော်လေး ခက်ခဲတဲ့ကိစ္စပဲ။

အမျိုးသား : ...နားလည်ပါပြီ။

အဖိုးအို : ရွာသားတချို့က သူ့ကို ခဏခဏ နောက်ပြောင်ကြတယ်။ လူလေး... မင်း ‘တည်သီးပင် စည်းကမ်း’ အကြောင်း သိလား။

အမျိုးသား : တောင်းပန်ပါတယ်ခင်ဗျာ၊ မသိပါဘူး။

အဖိုးအို : ရပါတယ်။ ဒီဘက်ခေတ် လူငယ်တွေ သိမှာ မဟုတ်ပါဘူး။ အခြေခံအားဖြင့်တော့ ဒါက မင်္ဂလာဦးညမှာ ဇနီးမောင်နှံတွေ သုံးနှုန်းတဲ့ တင်စားချက် စကားပြောနည်းပဲ။ ငါ ငယ်ငယ်တုန်းကတောင် လူတွေ သုံးနေကြတုန်းပဲ။

အမျိုးသား : တင်စားချက် စကားပြောနည်းဆိုတာ ဘာကို ဆိုလိုတာလဲခင်ဗျာ။

အဖိုးအို : အမျိုးသားက မေးတယ်၊ “နင့်မှာ တည်သီးပင် ရှိလား” တဲ့။ အဲ့ဒီအခါ အမျိုးသမီးက ပြန်ဖြေတယ်၊ “ဟုတ်ကဲ့၊ ရှိပါတယ်။ အကိုင်းတွေမှာလည်း တည်သီးတွေ သီးနေပါတယ်” တဲ့။ အဲ့ဒီတော့ အမျိုးသားက “တည်သီးတစ်လုံးလောက် စားလို့ရမလား” လို့ မေးတဲ့အခါ အမျိုးသမီးက “ဟုတ်ကဲ့၊ စိတ်ကြိုက် သုံးဆောင်ပါ” လို့ ပြန်ဖြေရတယ်။ တကယ်တော့ တည်သီးပင် ရှိဖို့ မလိုပါဘူး။ ဒီစကားအပြန်အလှန်က နှစ်ဦးသဘောတူ လိင်ဆက်ဆံမှုကို ရယူဖို့ အတည်ပြုတဲ့ နည်းလမ်းတစ်ခုသက်သက်ပါပဲ။

အမျိုးသား : ဪ... စိတ်ဝင်စားဖို့ ကောင်းသားပဲ။

အဖိုးအို : ကဲ... ငါတို့ဆီမှာ အဲ့ဒီလို ဓလေ့ရှိခဲ့တော့ တစ်ယောက်က နောက်ပြောင်တဲ့သဘောနဲ့ ‘မင်းကျော်’ကို သွားပြောတယ်။ မိန်းကလေးတွေကို တည်သီးရှိလားလို့ လိုက်မေးရင် ဇနီးရလိမ့်မယ်ပေါ့။

အမျိုးသား : ‘မင်းကျော်’က တကယ်ပဲ လိုက်မေးခဲ့တာလား။

အဖိုးအို : မဟုတ်ဘူး၊ သူက အထင်လွဲသွားပြီး ရွာထဲက အမျိုးသမီးတိုင်းကို “ငါ့မှာ တည်သီးတွေ ရှိတယ်။ ငါနဲ့ လိုက်ခဲ့ပါ” ဆိုပြီး လိုက်နှောင့်ယှက်တော့တာ။

အမျိုးသား : ...ဪ။

အဖိုးအို : အဲ့ဒါက လူတိုင်းကို စိတ်အနှောင့်အယှက် ဖြစ်စေခဲ့ပြီး အဲ့ဒီနောက်မှာတော့ ဘယ်အမျိုးသမီးမှ သူ့နား မကပ်ကြတော့ဘူး။

အမျိုးသား : ဝမ်းနည်းစရာ ဇာတ်လမ်းလေးပဲနော်။

အဖိုးအို : ...အေးပေါ့။ တစ်ညမှာတော့ ‘မင်းကျော်’ရဲ့ အိမ်နားမှာ နေတဲ့ အမျိုးသမီးတစ်ယောက် အသတ်ခံရတယ်။ တစ်စုံတစ်ယောက်က အဲ့ဒီအမျိုးသမီးရဲ့ ခေါင်းကို ရိုက်ခွဲလိုက်တာ။ ရွာသားတွေက လူသတ်သမားကို လိုက်ရှာတော့ ‘မင်းကျော်’ရဲ့ လယ်ကွင်းထဲမှာ သွေးတွေ ပေနေတဲ့ ကျောက်တုံးမည်းကြီးတစ်တုံးကို တွေ့လိုက်ရတယ်။ အဲ့ဒီကျောက်တုံးက အဲ့ဒီနေရာကို ဘယ်လိုရောက်လာမှန်း ဘယ်သူမှ မသိဘူး၊ ပြီးတော့ ဒီတောင်တွေပေါ်မှာ တွေ့ရလေ့ရှိတဲ့ ကျောက်မျိုးလည်း မဟုတ်ဘူး။ အဲ့ဒါကို တွေ့တာနဲ့ အသတ်ခံရတဲ့ အမျိုးသမီးရဲ့ ခင်ပွန်းနဲ့ ရွာက လူငယ်တွေက ‘မင်းကျော်’ကို ဝိုင်းဖမ်းပြီး ထိုးနှက်ကြတော့တာပေါ့။

အမျိုးသား : ...ဟာ။ ‘မင်းကျော်’က တကယ်ပဲ လုပ်ခဲ့တာလားခင်ဗျာ။

အဖိုးအို : ဖြစ်နိုင်တာပေါ့။ လူတွေက စစ်ဆေး မေးမြန်းတဲ့အခါ သူ ဝန်ခံခဲ့တယ်လေ။

အမျိုးသား : သူတို့က သူ့ကို သတ်လိုက်ကြတာလား။

အဖိုးအို : မဟုတ်ဘူး၊ သူတို့က သူ့ကို သတိလစ်သွားတဲ့အထိ ထိုးနှက်ခဲ့ကြတာ၊ ဒါပေမဲ့ သူက အဲ့ဒီအမျိုးသမီးကို သတ်ခဲ့တဲ့ ကျောက်တုံးနဲ့ပဲ သူ့ခေါင်းကို သူ ပြန်ဆောင့်ပြီး သေသွားခဲ့တာ။

အမျိုးသား : ကြောက်စရာကြီးပဲနော်။

အဖိုးအို : ပြောကြတာတော့ နောက်ဆုံးအချိန်မှာ သူ့မျက်နှာက တကယ့်ကို ထိတ်လန့်စရာကောင်းခဲ့တာတဲ့။ ပါးစပ်ရော မျက်လုံးတွေရော ပြူးထွက်နေတာ။

အမျိုးသား : အဲ့ဒီနောက်မှာ ဘာဆက်ဖြစ်လဲဟင်။

အဖိုးအို : ရွာက သုသာန်ထဲမှာ သူ့အလောင်းကို မထားချင်ကြတာနဲ့ တောင်ပေါ်က တောအုပ်ထဲမှာပဲ မြှုပ်လိုက်ကြတယ်။ ပြီးတော့ အဲ့ဒီကျောက်တုံးကြီးကို အုတ်ဂူလိုမျိုး သူ့အပေါ်မှာ တင်ထားလိုက်ကြတယ်။

အမျိုးသား : အဲ့ဒါက အခု နတ်ကွန်းအသေးလေးလား။

အဖိုးအို : မဟုတ်ဘူး၊ မဟုတ်ဘူး။ သူ့ကို မြှုပ်ပြီးတဲ့နောက်မှာ ရွာထဲက အမျိုးသမီးတွေ ဆက်တိုက် သေကုန်ကြတယ်။ တော်တော် ထူးဆန်းတာက အဲ့ဒီအမျိုးသမီးတွေ အကုန်လုံးဟာ အဲ့ဒီကျောက်တုံးပေါ်မှာ ခေါင်းနဲ့ဆောင့်ပြီး သေကြတာပဲ။ တချို့ကတော့ ‘မင်းကျော်’က သူတို့ကို ခေါ်လိုက်တာလို့ ပြောကြတယ်။

အမျိုးသား : ဒါဆို ‘မင်းကျော်’ရဲ့ ကျိန်စာပေါ့။

အဖိုးအို : လူတိုင်းက အဲ့ဒီလိုပဲ ယုံကြည်ခဲ့ကြတယ်။ ဒါနဲ့ သူ့ကို နှစ်သိမ့်ဖို့ တောင်ပေါ်က ဘုန်းကြီးကျောင်းဘေးမှာ နတ်ကွန်းလေး တစ်ခု ချက်ချင်း ဆောက်လိုက်ကြတယ်။ ဒါပေမဲ့ အထဲမှာ ထားဖို့အတွက် ပူဇော်စရာ ရုပ်တု မရှိဘူးလေ။ ဒါနဲ့ အဲ့ဒီကျောက်တုံးကြီးကိုပဲ ယူလာပြီး အဆောင်ကြိုးတွေ ပတ်၊ ‘‘ရှင်မင်းကျော်’ လို့ ခေါ်ပြီး ဆုတောင်းကြတော့တာ။

အမျိုးသား : ...အဲ့ဒီလို လုပ်လိုက်တော့ ‘မင်းကျော်’က ငြိမ်သက်သွားလားဟင်။

အဖိုးအို : ...အင်း... ငြိမ်သွားပုံရပါတယ်။ လူတွေကလည်း သူ အသက်ရှိစဉ်က စွဲလမ်းခဲ့တဲ့ တည်သီးတွေနဲ့ အရုပ်တွေကို သွားပြီး ပူဇော်ကြတော့တာပေါ့။

အမျိုးသား : နားလည်ပါပြီ။ ဒါပေမဲ့ အခု ဘာလို့ ရှင်မက္ကရရာဇာလို့ ခေါ်နေတာလဲခင်ဗျာ။

အဖိုးအို : အေး... ကလေးတွေကိုကျတော့ အဲ့ဒီလောက် ကြောက်စရာကောင်းတဲ့ ပုံပြင်ကြီးကို မပြောပြချင်ကြဘူးလေ။ ဒါပေမဲ့ ‘မင်းကျော်’ကိုတော့ ဆက်ပြီး ပူဇော်နေရဦးမယ်မဟုတ်လား။ ဒါနဲ့ အသံထွက်ဆင်တူတဲ့ မျောက်နတ်တစ်ပါးကို ဖန်တီးလိုက်ပြီး ပုံပြင်ကို မျိုးဆက်အလိုက် လက်ဆင့်ကမ်းခဲ့ကြတာပေါ့။ ငါလည်း ငါ့သမီးကို ပြောပြတုန်းက ရှင်မက္ကရရာဇာ လို့ပဲ သုံးခဲ့တာ။

အမျိုးသား : ...ဒီလို ပြောပြပေးတဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ်ခင်ဗျာ။ အခုတော့ ကျနော် အကုန်နားလည်သွားပါပြီ။

အဖိုးအို : ငါ့သမီး ပြောပြလိမ့်မယ်လို့ ငါထင်ပါတယ်၊ အခုခေတ်မှာ ဘုရားကျောင်းက တော်တော်လေးကို ပျက်စီးယိုယွင်းနေပြီလေ။ နတ်တွေဆိုတာ မေ့လျော့ခံလိုက်ရရင် ကြောက်စရာကောင်းတာတွေ လုပ်တတ်ကြတယ်ကွ။ ငါကတော့ ငါ့အိမ်က ဘုရားစင်ရှေ့မှာ နေ့တိုင်း ငါ့ဘိုးဘွားတွေအတွက် ဆုတောင်းပေးနေတုန်းပဲ။

အမျိုးသား : ...ဒါပေမဲ့ ‘မင်းကျော်’က နတ်မဟုတ်ဘူးလေ။

အဖိုးအို : လူလေး... စဉ်းစားကြည့်စမ်းပါကွ။ မင်းပတ်ဝန်းကျင်ကလူတွေက မင်းလုပ်သမျှကို လိုက်ချီးမွမ်းနေကြရင် မင်းက တကယ် မထိုက်တန်ရင်တောင် ကိုယ့်ကိုယ်ကိုယ် ထူးခြားတဲ့သူ၊ ရွေးချယ်ခံရသူလို့ ခံစားလာရလိမ့်မယ်။ ဒါကလည်း အတူတူပါပဲ။ လူတိုင်းက တစ်ခုခုကို ဝိုင်းပြီး ကိုးကွယ်ကြတယ်၊ ကြောက်ကြတယ်ဆိုရင် အဲ့ဒီအရာက နတ်ဖြစ်လာတာပဲ။ ပြီးတော့ တဖြည်းဖြည်း မေ့လျော့ခံလိုက်ရရင်ကော ဘာဆက်ဖြစ်မယ်ထင်လဲ။ နတ်တွေ၊ ဘုရားတွေ၊ မိစ္ဆာတွေဆိုတာ သူတို့အကြောင်း သိတဲ့သူ မရှိတော့ရင် ကွယ်ပျောက်သွားကြတာပဲ။ ဒါကြောင့် လူတွေ မေ့နေကြပြီလို့ ခံစားရတဲ့အခါ သူတို့ ရှိနေသေးကြောင်း ထုတ်ပြတတ်ကြတာပေါ့။ အဲ့ဒါက သဘာဝပဲ။

အမျိုးသား : နားလည်ပါပြီခင်ဗျာ။ ဒီပုံပြင်အတွက် ကျေးဇူးအများကြီး တင်ပါတယ်... စိတ်တော့မရှိပါနဲ့။ အခု ပြောပြတာတွေ အားလုံးက တကယ် အမှန်တွေလားဟင်။

အဖိုးအို : ...ဘာကို ဆိုလိုတာလဲ။

အမျိုးသား : ကျနော် ဘုရားကျောင်းကို သွားခဲ့တုန်းက ကျောက်တုံးမရှိတော့တဲ့ နတ်ကွန်းလေး ကို မြင်ခဲ့ပါတယ်။ ဒါပေမဲ့ အဲ့ဒါက ပင်မဘုန်းကြီးကျောင်းလောက်ကို ဟောင်းနေတာပါ။ ပြီးတော့ အကုန်လုံးက သစ်သားတွေနဲ့ပဲ။ ပင်မဘုန်းကြီးကျောင်းလိုပဲ သံတစ်ချက်ရိုက်ထားတာ မတွေ့ရဘူး။ ကျွမ်းကျင်တဲ့ လက်သမားဆရာကြီးတွေ သေချာဆောက်ထားတဲ့ ဘုရားကျောင်းပုံစံမျိုးပါ။ အလျင်စလို ဆောက်ထားတဲ့ပုံစံမျိုး လုံးဝ မဟုတ်ဘူးခင်ဗျ။

အဖိုးအို : မင်းက အဲ့ဒါကို ဘာလို့ အခုမှ လာမေးတာလဲ။ အဲ့ဒီအကြောင်း ငါ ဘာမှမသိဘူး။ ငါ့အဖေဆီက ကြားခဲ့တဲ့ ပုံပြင်ကိုပဲ ပြောပြတာ။ ကဲ... ပြီးပြီလား။ ထမင်းစားဖို့ အချိန်တန်ပြီ။

အမျိုးသား : တောင်းပန်ပါတယ်ခင်ဗျာ။ အချိန်ပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်။

*****

အယ်ဒီတာ S ၏ ဖိုင်များထဲမှ ကောက်နုတ်ချက် - ကျောက်တုံးအကြောင်း (၆):

ဘုရားကျောင်း၏ သမိုင်းကြောင်း ဖော်ပြထားသော ဆိုင်းဘုတ်

...... ...ဘုရားကျောင်း ...... ၏ သမိုင်းကြောင်း... ဤဘုရားကျောင်းကို ......... ၏ အဆိုအရ ......... ဟု ခေါ်တွင်ပြီး ......... ............ ခုနှစ်တွင် တည်ဆောက်ခဲ့သည် ............ ဤ... နတ် .................. သည် ......... လျှို့ဝှက် ............ ... အသေးစိတ်ကို ... မသိရှိရသော်လည်း ......... ၊ ...... ဒဏ္ဍာရီများအရ ...... မှ ...... ...... ၊ ကောင်းကင် မှ ကျဆင်းလာသော ...... ၊ နတ်ဘီလူး ......... စား ............ ......... ငြိမ်သက် ............ ကျိန်စာ ............ ......... မေလ ၃ ရက်တွင် ...... ငြိမ်သက်စေရန် ...... ပွဲတော် ............

*****

ဆောင်းပါးအတွက် မှတ်စုများ:

“ပျက်စီးနေတဲ့ ဘုရားကျောင်းဘေးက ချုံပုတ်ထဲမှာ ဒီဆိုင်းဘုတ်ကို တွေ့ခဲ့တာပါ။ ရာသီဥတုဒဏ်ကြောင့်ရော၊ တစ်စုံတစ်ယောက်က လျှောက်ရေးထားတာကြောင့်ရော တော်တော်လေး ပျက်စီးနေလို့ ဖတ်လို့ရတဲ့ အပိုင်းတွေကိုပဲ ချရေးထားလိုက်ပါတယ်”

All Chapters