ငါက မင်းရဲ့ခင်ပွန်းလောင်း
Vol. 8 Ch. 715
ထိုစကားလုံးများ ထွက်ပေါ်လာသည်နှင့် ပတ်ဝန်းကျင်ရှိ သတ်ဖြတ်လိုသောအငွေ့အသက်အများသည် အကောင်အထည်ဖြစ်တည်လာသည့်အလား။ အလင်းတန်းဆယ်ခုက ပိုင်ရှောင်ချန်းရှိရာဘက်သို့ တဟုန်ထိုးဦးတည်လာကြရာ တပ်စခန်းတစ်ခုလုံးက သူ့ကို အငမ်းမရဝါးမျိုချင်နေသည့် ကမ္ဘာဦးသားရဲကြီး၏ ပါးစပ်ကြီးပမာ ဖြစ်နေတော့သည်။
" စကားတောင် မပြောရသေးဘူး၊ သူက ငါ့ကို သတ်ချင်နေပါလား "
သေစေနိုင်သောအန္တရာယ်ကြီး၏ ပြင်းထန်သော အငွေ့အသက်များက ပိုင်ရှောင်ချန်းကို တိုးဝှေ့ရိုက်ခတ်နေပြီး တချိန်တည်းမှာပင် သူ၏ အသွေးအသားများအပေါ်သို့ နတ်အဆင့်ဖိအားများ သက်ရောက်လာလေရာ သူက စိတ်ထဲတွင် အော်ဟစ်နေမိသည်။ သူ တစ်ခုခုလုပ်ရန် လိုပြီ။
" ကျစ်မို " သူက ကျယ်လောင်စွာ ပြောလိုက်သည်။
" အာ၊ မင်းရဲ့ အဖေ သရဲကြီးဘုရင်က ငါ့ကို လွှတ်လိုက်တာ။ ငါ....ငါက... မင်းရဲ့ ခင်ပွန်းလောင်း ပိုင်ဟောက်ပဲ "
ထိုစကားလုံးများကြောင့် လူအမြောက်အမြား ပါးစပ်အဟောင်းသားဖြစ်သွားကြသည်။ သခင်မလေးဟုန်ချိန်နှင့် သရဲကြီးဘုရင်အကြား ပတ်သက်မှုကို သိသူမရှိကြလေရာ ထိုသတင်းမှာ လူတိုင်းအတွက် လုံးဝမှင်သက်စရာဖြစ်နေသည် မဟုတ်ပါလော။
" ဘာ တပ်မှူးကြီးက အရှင်မင်းမြတ်ရဲ့ သမီးတော်လား"
" အဲ... အဲဒါ အမှန်လား"
ထိုသတင်းကြောင့် သရဲကြီးတပ်ဖွဲ့ခုလုံး အုတ်အော်သောင်းနင်းဖြစ်သွားစဉ် အနီရင့်ရင့်ရွက်ဖျင်တဲအတွင်းမှ ဒေါသတကြီးအော်သံတစ်သံ ထွက်ပေါ်လာတော့သည်။
" သောက်ပါးစပ်ပိတ်ထားစမ်း "
ရွက်ဖျင်တဲသည် ဖျတ်ခနဲပွင့်လာပြီး သခင်မလေး ဟုန်ချိန်ပေါ်လာ၏။ သူမ၏မျက်နှာသည် တင်းမာခက်ထန်နေပြီး လျှပ်စီးလက်နေသည့်အလား စူးရှတောက်ပနေသော မျက်ဝန်းများဖြင့် ပိုင်ရှောင်ချန်းကို ကြည့်လိုက်သည်။ သူမသည် သူ့ဖြစ်တည်မှုကို ထွင်းဖောက်မြင်နေရသည့်ပမာ သူ့အပေါ် နတ်အဆင့်ဖိအားများ ထပ်၍ ပို့လွှတ်လိုက်သည်။
စောစောက အခြေအနေမှ လွတ်ကင်းစေရန်အလို့ငှာ ပိုင်ဟောက်က သူမနှင့် သရဲကြီးဘုရင်အကြား ပတ်သက်ဆယ်နွှယ်မှုကို ဖော်ထုတ်လိုက်သည့်အချက်ကြောင့် သူမ၏နှလုံးသားထဲတွင် အမုန်းတရားများ တဟုန်းဟုန်း တောက်လောင်လာတော့သည်။
သာမန်စစ်သားများဖြစ်စေ၊ သခင်မလေးဟုန်ချိန်၏ ကိုယ်ရံတော်အစောင့်များဖြစ်စေ ပိုင်ရှောင်ချန်းကို မျက်လုံးများ ဝိုင်းစက်ပြူးကျယ်လျက် ကြောင်တောင်တောင်အမူအရာများဖြင့် စိုက်ကြည့်နေကြလေသည်။ သူတို့၏ တပ်မှူးကြီးက သရဲကြီးဘုရင်နှင့် မည်သို့ပတ်သက်နေသည့်အကြောင်းကို ယခုထက်ထက် သူတို့ အပြည့်အဝနားမလည်သေးနိုင်သော်လည်း သူမ၏မျက်နှာပေါ်ရှိ ဒေါသအရိပ်အယောင်များကို မြင်သောအခါ သူမ၏ကိုယ်ရံတော်များက အနေခက်စွာ အကြည့်ချင်း ဖလှယ်လိုက်ကြပြီးနောက် နောက်ဆုတ်လိုက်ကြလေသည်။ အမှန်တကယ်ဆိုရလျှင် သူတို့မျက်နှာများဝင်းလက်တောက်ပလာပြီး အထုတ်ဖြေတော့မည့်မြင်ကွင်းကို စောင့်ကြည့်ရန် ပြင်နေတော့သည်။
ပိုင်ရှောင်ချန်းက မျက်နှာပျက်မသွားစေရန် ကြိုးစား၍ ထိန်းချုပ်ထားလိုက်သော်လည်း သခင်မလေး ဟုန်ချိန်က ရွက်ဖျင်တဲကိုဟ၍ အပြင်ထွက်လာစဉ် အတွင်းထဲ၌ သူ့ပုံစံရုပ်တု ခုနစ်ရုပ်၊ ရှစ်ရုပ်ကျော်ကို မြင်လိုက်ရသည့် အခိုက်အတန့်တွင် ပို၍ ခက်ခဲနေတော့သည်။ သခင်မလေးဟုန်ချိန်သည် ဒေါသထွက်သည့်အချိန်တိုင်း ကြိုက်သလောက်စိတ်ဖြေရန်အတွက် အသုံးပြုရန်ထားမှန်း သိသာလှသည်။
ထိုရုပ်တုများမှ သူမ၏ အမုန်းတရားများ မည်မျှနက်နဲကြောင်း အလွယ်တကူမြင်နိုင်ပေသည်။
" အဖွားကြီးဟုန်ချိန်ကတော့ ငါ့ကို သတ်ဖို့ အကြံကို လုံးဝလက်လျှော့မှာတော့ မဟုတ်ဘူး "
ပိုင်ရှောင်ချန်းမှာ အလွန်စိတ်လှုပ်ရှားနေသဖြင့် သူ့နဖူးတွင် ချွေးသီးချွေးပေါက်များ စီးကျနေပြီး ရင်ထဲတွင် ညည်းညူနေသည်။ သူက သခင်မလေးဟုန်ချိန်ကို တမင်တကာစိတ်ဆိုးအောင် ရည်ရွယ်၍ ပြောလိုက်ခြင်းမဟုတ်သော်လည်း ယခုအခိုက်အတန့်တွင် သူ့မှာ အခြားရွေးချယ်စရာမရှိခဲ့ပေ။ သူသာ နည်းနည်းလေး နှေးသွားပါက ဆွဲခေါ်ခံရပြီး သုတ်သင်ခံလိုက်ရမည် ဖြစ်သည်။ သူမက သူ့ကို ခြိမ်းခြောက်သည်ဆိုရုံ ဖြစ်နိုင်သော်လည်း ထိုအပေါ်တွင် သူလောင်းကြေးထပ်ရဲလောက်သည်အထိ ယုံကြည်ချက်မရှိပေ။ သူ့ကိုယ်သူ ကယ်နိုင်သည့် တစ်ခုတည်းသော နည်းလမ်းမှာ ကိစ္စကြီးတစ်ခုမီးမွှေးရန်သာဖြစ်သည့်အတွက် သရဲကြီးဘုရင်၏ နာမည်ကို ဖော်ထုတ်ကာ သခင်မလေးဟုန်ချိန်နှင့် သူမ၏ တပ်ဖွဲ့ကို ရပ်သွားစေလိုက်ခြင်းဖြစ်သည်။
" ခင်ဗျားကို မုန်းတယ် သရဲကြီးဘုရင်ရေ "
ဖြစ်ပျက်လာသမျှနှင့်ပတ်သက်၍ သူသည် နောင်တရကာ ဒေါသတကြီး တွေးနေမိသည်။ နောက်တစ်ကြိမ် သရဲကြီးဘုရင်၏ ဒုက္ခပေးခြင်းခံရသည့်အတွက် သူမည်မျှကံဆိုးနေပါကြောင်း နားမလည်နိုင်တော့ပေ။ သူရှေ့တည့်တည့်တွင် ရပ်နေသည်က ကြက်သွေးရောင် ချပ်ဝတ်တန်ဆာနှင့် အလွန် ရဲစွမ်းသတ္တိရှိပြီး ခန့်ညားထည်ဝါကာ သတ်ဖြတ်လိုသည့် အရှိန်အဝါတစ်ခု ထုတ်လွှတ်နေသော သခင်မလေး ဟုန်ချိန်ပင် ဖြစ်သည်။
သခင်မလေး ဟုန်ချိန်က လက်ဖျားခါလောက်အောင် လှပသည်ဟုပြောသည်မှာ ချဲ့ကားပြောဆိုခြင်းတော့ မဟုတ်ပေ။ သူမ၏အသားအရေက နှင်းပွင့်နှင်းဖတ်များပမာ ဆွတ်ဆွတ်ဖြူနေပြီး သူမ၏ ဖီးနစ်မျက်လုံးလေးများမှာ ကြယ်ပွင့်လေးများအလား တဖျတ်ဖျတ်တောက်ပရွှန်းလဲ့နေသည်။ သူမမှာ လှပကြော့ရှင်းသောလည်တိုင်ကလေးနှင့် သွယ်လျသော မျက်နှာကျရှိရာ အမှတ်တမဲ့ကြည့်မိပါက နတ်သမီးရုပ်တုတစ်ခုကို တွေ့မြင်လိုက်ရသည်ဟု ထင်မှတ်မိကြမည်သာ ဖြစ်ပေသည်။
သူမဝတ်ဆင်ထားသော ချပ်ဝတ်တန်ဆာသည် သူမ၏ မို့လျှံနေသောရင်သားတစ်စုံနှင့် ငွားစွင့်နေသောတင်သားလေးကို ထင်းခနဲမြင်သာစေရာ သူမ၏ဆွဲဆောင်မှုရှိလှသော ဂစ်တာပုံစံအလား ခန္ဓာကိုယ်လေးက ရှည်လျားသွယ်ပျောင်းသော ခြေတံကလေးများနှင့် ပြီးပြည့်စုံစွာ လိုက်ဖက်ညီနေတော့သည်။
အလှတရားကိုပြောမည်ဆိုလျှင် သူမနှင့် ချင်းမေ့ယွမ်က အလွန်ဆင်တူပေသည်။ သို့သော် ချင်းမေ့ယွမ်က ပိတ်လှောင်ထားသော တောင်ကြားတစ်ခုတွင် ဖူးပွင့်လာသည့် မြင့်မြတ်သော သစ်ခွပန်းကလေးနှင့်တူပြီး သခင်မလေးဟုန်ချိန်မှာ ဓားသွားပမာ စူးရှချွန်ထက်သော ဆူးချွန်များနှင့် ပြည့်နှက်နေသည့် ထက်မြက်သော နှင်းဆီပန်းလေးနှင့်တူပေသည်။
ရှေးဟောင်းသချိုင်းဂူထဲတွင် သူတို့နှစ်ယောက်သာ မတွေ့ဆုံခဲ့မိလျှင် သို့မဟုတ် သူက ပိုင်ဟောက်အစစ်အမှန်ဖြစ်နေလျှင် ဤမျှလှပပြီး နတ်တစ်ပါးဖြစ်သော မိန်းမလှလေးတစ်ယောက်ကို ပိုင်ဆိုင်ခွင့်ရခြင်းအတွက် သူ အလွန်ပျော်ရွှင်ဝမ်းမြောက်လိမ့်မည်။ သို့ရာတွင် ယခု သူ့နှလုံးသားသည် ကြောက်လန့်ခြင်းများဖြင့် တဒိန်းဒိန်းခုန်နေပြီး သူ့ခေါင်းပေါ်ရှိ ကောင်းကင်ကြီးက မည်းမှောင်လာသည့်အလား ခံစားလိုက်ရသည်။ သူ့အတွက် သခင်မလေးဟုန်ချိန်သည် ပြစ်မျိုးမှဲ့မထင် အလှလေးမဟုတ်ပေ။ သူမက သေစေနိုင်သော တောရိုင်းတိရစ္ဆာန်တစ်ကောင် သို့မဟုတ် ရက်စက်ကြမ်းကြုတ်သော ဘီလူးမသာ ဖြစ်ပေသည်။
သရဲကြီးဘုရင်နှင့်သူမ၏ ပတ်သက်မှုကြောင့် လူအားလုံး တအံ့တသြဖြစ်လျက် သခင်မလေးဟုန်ချိန်ကို ခိုးကြည့်နေကြစဉ် သူမက ရပ်နေလျက်ရှိပြီး အရှက်ခွဲလိုက်ရခြင်းကြောင့် သူမ၏မျက်နှာသည် တဖြည်းဖြည်း ပိုမို တင်းမာခက်ထန်လာကာ သူမ၏ဒေါသပိုမိုတောက်လောင်လာတော့သည်။
" မင်းက ပိုင်ဟောက်လို့ ပြောလိုက်တာလား "
သူမက အေးတိအေးစက် မေးသည်။ သူမက ကျယ်လောင်စွာ မပြောလိုက်သည့်တိုင် သူမ၏အသံတွင် နတ်တစ်ပါး၏ခွန်အားများ ပြည့်နှက်နေသည့်အတွက် လေထုသည် ရှုံ့တွသွားပြီး မည်သည့်အရပ်က မသိ လေပြင်းမုန်တိုင်းတစ်ခု တိုက်ခတ်လာသည်။
ပိုင်ရှောင်ချန်းမှာ တံတွေးကိုမနည်းမျိုချလိုက်ပြီးနောက် တုန်ရီနေသော အသံဖြင့် ပြန်ဖြေလိုက်သည်။ " ငါ့ကို ရှင်းပြခွင့်ပေးပါဦး ကျစ်မို.. ငါ.. "
သို့သော် သူ့စကားမဆုံးလိုက်မီ သခင်မလေးဟုန်ချိန်၏ မျက်လုံးများထဲရှိ ကြောက်စရာကောင်းသော အလိုမကျမှုများသည် ယခင်ကထက်ပို၍ ပြင်းထန်လာပြီး ဆောင်းတွင်းနှင်းပွင့်များအလား အေးစိမ့်သောလေသံဖြင့် ဆိုလိုက်သည်။
" မင်းက နာမည်ကြီး မယားသူခိုး။ မျိုးနွယ်စု သစ္စာဖောက် ပိုင်ဟောက်လား "
သခင်မလေးဟုန်ချိန်သည် ပိုင်ဟောက်အကြောင်းများစွာ ကြားဖူးထားပြီး အထူးသဖြင့် လူအများက သူ့ကို မယားသူခိုးဟု ခေါ်နေသည့်အပေါ် အလွန်အော့နှလုံးနာနေသည်။
ပိုင်ရှောင်ချန်းမှာ ဤနည်းဖြင့် အထင်မှားမခံနိုင်တော့ပေ။ မယားသူခိုးအစစ်မှာ သူမဟုတ်ဘဲ သခင်မလေးဟုန်ချိန်၏ အဖေသာဖြစ်သည်။
" ဒါပေမဲ့ အဲဒါက အရှင်မင်းမြတ်က ငါ့ကို ပြော...."
" ပါးစပ်ပိတ်ထား။ ငါ့အဖေက ဖြောင့်မတ်တည်ကြည်တဲ့လူတစ်ယောက်။ မင်းက စိတ်ထားကောင်းပြီး ရိုးသားဖြောင့်မတ်တဲ့လူတွေကို နှိပ်စက်တဲ့အပြင် ကောက်ကျစ်ပြီး သူများသားမယားကိုပါ ဖျက်ဆီးတတ်တဲ့ ဖော်လံဖားကောင်ပဲ "
ဤအချိန်တွင် သူမမည်သူဖြစ်ကြောင်း အဖော်ခံလိုက်သည့်အတွက် သခင်မလေးဟုန်ချိန်သည် မည်သည်ကိုမှ လျှို့ဝှက်နေရန် မလိုအပ်တော့ပေ။ သူမ၏ မုန်းတီးစက်ဆုပ်ခြင်းတို့မှာ အချိန်ကြာလာသည်နှင့်အမျှ ပို၍ကြီးထွားလာပြီး သူမ၏လေသံသည် ယခင်ကထက်ပို၍ ရေခဲတမျှအေးစက်လာတော့သည်။
" ငါ့အဖေ ဘုရင်မင်းမြတ်နဲ့ ပတ်သက်တဲ့ အကြောင်းတွေကို ပြောဖို့ စိတ်တောင်မကူးနဲ့။ ပြီးတော့ မင်းက ငါ့ရဲ့ တရားဝင်တာအိုလက်တွဲဖော်ဖြစ်ဖို့ အရည်အချင်းမပြည့်မီဘူး။ ဒီစခန်းမှာ မင်းမျက်နှာကို ငါ မမြင်ရစေနဲ့။ မင်းအကြောင်း မကောင်းတာတစ်ခုလေးကြားရင်တောင် ငါမင်းကို ချက်ချင်းသတ်ပစ်မယ် "
သခင်မလေးဟုန်ချိန်မှာ သူမ၏အဖေက ပိုင်ဟောက်နှင့်လက်ထပ်ရန် စီစဉ်ထားပြီးကြောင်း ပြောခံထားရပြီးဖြစ်ကာ ထိုအကြံနှင့်ပတ်သက်၍ ဘဝင်မကျပေ။ သူကို နောက်ထပ် အခွင့်အရေးပင်မပေးဘဲ သူမက ချာခနဲလှည့်ပြီး သူမ၏ရွက်ဖျင်တဲထဲ လျှောက်သွားသည်။
ဝိုင်းထားသော အစောင့်များက သူ့ကို ကြောင်တိကြောင်တောင် အမူအရာများဖြင့် လှမ်းကြည့်လိုက်ကြသည်။
" ဒါပဲလား "
ပိုင်ရှောင်ချန်းမှာ မျက်တောင်တဖျပ်ဖျပ်ခတ်ရင်း ရပ်နေလျက် တွေးလိုက်သည်။ သို့သော် စောစောက ဖြစ်ခဲ့သည်ကို ပြန်စဉ်းစားကြည့်ပါက သခင်မလေးဟုန်ချိန်သည် သူက မည်သူမည်ဝါဖြစ်ကြောင်း မသိမှန်း သိလိုက်ရလေရာ စိတ်သက်သာရာရသွားပြီး သက်ပြင်းချလိုက်သည်။ သူက အတန်ငယ်စိုးရိမ်နေသေးသော်လည်း ထိုအရာအားလုံးက စိတ်လှုပ်ရှားဖွယ်ရာကောင်းနေသဖြင့် တဆတ်ဆတ်တုန်လျက် ရပ်နေတော့သည်။
" သူတကယ်ငါ့ကိုမသိဘူးပဲ။ ပြီးတော့ ငါက သူ့ ခင်ပွန်းလောင်း "
သူ အလွန်ရင်ခုန်နေရသဖြင့် အာခေါင်ပင်ခြောက်လာတော့သည်။ ထို့နောက် သူက စောစောက အဖြစ်အပျက်ကို ပြန်တွေးလိုက်ပြီး သူ့ခေါင်းထဲတွင် အတွေးစများ ဝင်ရောက်လာသည်။
" ကြည့်ရတာ သူ ငါ့ကို ခြောက်ဖို့ ကြိုးစားနေတာပဲ။ ပြီးတော့ သူ့အဖေရဲ့ လက်ထပ်ဖို့အစီအစဉ်တွေကိုလဲ ဖျက်စီးချင်တယ်။ ဒီလိုဆိုရင် သူငါ့ကို ထိခိုက်အောက်လုပ်မှာ မဟုတ်ဘူး။ ဘာပဲဖြစ်ဖြစ် ငါ့နောက်မှာ သူ့အဖေအရင်းကြီးရှိတာပဲ။ ဒါပေမဲ့ တထစ်ချပြောလို့ မရသေးဘူး။ သတိထားဖို့လိုသေးတယ် ”
" ဘယ်လိုပဲဖြစ်ဖြစ် ငါသေချာပေါက် သရဲကြီးစစ်တပ်မှာပဲ ကုပ်ကပ်နေလို့မှမရတာ။ ဒါက ပျော်စရာတော့ကောင်းပေမယ့် အန္တရာယ်များလွန်းတယ်။ ငါနည်းနည်းလေးမှားလိုက်တာနဲ့ ငါ့အသက်ကလေးက ဆုံးရှုံးသွားမှာ။ အမယ်လး ငါတကယ်ကြီး ခြင်္သေ့ဂူထဲ ရောက်နေတာပဲ "
ခေါင်းထဲတွင် ထိုအတွေးများဖြင့် ပိုင်ရှောင်ချန်းသည် တချိန်လုံးရင်တဒိန်းဒိန်းခုန်နေလျက် စခန်းထဲမှ ကြောက်ကြောက်ရွံ့ရွံ့ ထွက်ခွာလိုက်တော့သည်။ အဖြစ်အပျက်များသည် အလွန်လျင်မြန်စွာ ပြောင်းလဲသွားခဲ့ပြီး ယခုအချိန်ထိ သူ က္ကန္ဒြေမဆည်နိုင်သေးသည့်အပြင် စိုးရိမ်သောကများဖြင့် ပူဆွေးသောကရောက်နေဆဲဖြစ်သည်။
မလှမ်းမကမ်းသို့ ရောက်သောအခါ သူသည် လေပြင်းတိုက်ခတ်သည့်အလား အသံတစ်သံ ကြားလိုက်ရပြီး သခင်မလေးဟုန်ချိန်၏ ကိုယ်ရံတော်အစောင့်တစ်ယောက်သည် ပျံသန်းလာကာ သူ့လမ်းကို ပိတ်လိုက်သည်။
" အမှုဆောင်ချုပ်ပိုင် " သူမက အေးစက်စွာ ဆို၏။
" ရှင်လမ်းမှားနေပါတယ်။ ရှင်နေဖို့အတွက် ကျွန်မနောက်လိုက်ခဲ့ပါ "
သူမ၏ ကျင့်ကြံခြင်းအခြေခံသည် အမြင့်ကြီးမဟုတ်သော်လည်း တပ်မှူးကြီး၏ ကိုယ်ရံတော်တစ်ယောက်အနေနှင့် အလွန်သြဇာရှိသူတစ်ယောက်ဟု ဆိုနိုင်သည်။
ဤမိန်းမပျိုလေးက သူ့လမ်းတွင် ရပ်နေသည်ကို မြင်သောအခါ ပိုင်ရှောင်ချန်းက သူ့မျက်နှာပေါ်တွင် မာနကြီးပြီး ဒေါသထွက်သွားသော အမူအရာကို ရုတ်ချည်း ဖမ်းလိုက်သည်။
" ဘယ်ကိုမှ မလိုက်ဘူး " သူက တည်ငြိမ်စွာ ပြောလိုက်သည်။
" တပ်မှူးကြီးက ငါ့ကို အသိအမှတ်မပြုဘူးဆိုမှတော့ ငါသွားပြီ"
" ဒါကို ရှင် ထိန်းချုပ်နိုင်ခွင့်မရှိပါဘူး အမှုဆောင်ချုပ်ပိုင်။ တပ်မှူးကြီးက ရှင့်ကို စခန်းထဲမှာ နေစေချင်တယ်လို့ ပြောတဲ့အတွက် သူ့အမိန့်ကို ရှင်မလိုက်နာပဲ မနေဖို့ ကျွန်မ အကြံပေးချင်ပါတယ်" သူမပါးစပ်မှ ထိုစကားလုံးများထွက်သွားသည်နှင့် ပတ်ဝန်းကျင်ရှိ အခြားဝိညာဉ်ကျင့်ကြံသူများက ပိုင်ရှောင်ချန်းကို လှည့်ကြည့်လိုက်ကြသည်။ သိသိသာသာပင် သူ အမိန့်ကို မနာခံပါက သူတိုက့ သူ့ကို ချက်ချင်းတိုက်ခိုက်မည်ဖြစ်သည်။
" အတင့်ရဲလိုက်တာ"
ပိုင်ရှောင်ချန်းက စိန်းစိန်းဝါးဝါးကြည့်လိုက်ရင်း မာန်မဲလိုက်သည်။ အမှန်တကယ်တော့ သူ့စိတ်ထဲတွင် အငွေ့အသက်များက သူ့အား ပစ်မှတ်ထားလာသည်ကို အာရုံရလိုက်ခြင်းကြောင့် ကြောက်လန့်တုန်ရီနေပြီဖြစ်သည်။
ပိုင်ရှောင်ချန်း၏ သဘောထားကို အရေးမစိုက်ဘဲ အစောင့်မိန်းမပျိုက ပြောသည်။
" ကျေးဇူးပြုပြီး ရှင့်ကို ခက်ခဲအောင်မလုပ်ရပါစေနဲ့ အမှုဆောင်ချုပ်ပိုင် ။ ကျွန်မနောက် လိုက်ခဲ့ပါ "
သူ့ရင်ထဲတွင် အလွန်စိတ်လှုပ်ရှားနေပြီဖြစ်သည်။ သို့သော် သူက စစ်စခန်းထဲ အမှန်တကယ် မနေချင်သည့်အပြင် သူ့၌ ကျောထောက်နောက်ခံ သရဲကြီးဘုရင်ရှိသည်သာမက သူ့ကိုယ်ထဲတွင် အချုပ်အနှောင်မန္တန်လည်းရှိသေးကြောင်း သူသိသည်။ အချုပ်အနှောင်မန္တန်၏ အများစုသည် ပျက်ပြယ်နေပြီဖြစ်သော်လည်း အတိုင်းအတာတစ်ခုအထိ အကျိုးရှိသေးသည်။ ထို့ပြင် အရေးကြီးသည်မှာ ဤနေရာကို သူက အမိန့်ကြောင့် လာခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် သူ့အသက်နှင့်သက်ဆိုင်နေသည့် မည့်သည့်ပြင်းထန်သော ခြိမ်းခြောက်မှုကိုမဆို ရင်ဆိုင်ရလောက်မည် မဟုတ်ပေ။
" ငါက ပိုင်ရှောင်ချန်းဆိုတာ သူ မသိသေးပေမယ့် ငါအရမ်းစိတ်ပူနေလို့ ချက်ချင်း အလျှော့ပေးခဲ့တာ။ ငါအလျှော့ပေးလေလေ သူက ပိုပြီး ရဲတင်းလာလေဖြစ်မှာ။ အဲဒီလိုဆိုမှတော့ ငါ သတ္တိရှိဖို့ အချိန်ရောက်ပြီ။ သူတို့ဘာပြောပြော ဂရုစိုက်မနေတော့ဘူး။ ငါသွားမယ်"
သို့သော် လုံးဝအန္တရာယ်ကင်းမည်ဟု သူ မခံစားရသေးရာ စာပို့ကျောက်စိမ်းပေလွှာကို တိတ်တိတ်ကလေးထုတ်လိုက်ပြီး သရဲကြီးဘုရင်ကို အသံစာတစ်ခုပေးပို့လိုက်သည်။
"သရဲကြီးဘုရင်ရေ ခင်ဗျားသမီး ကျုပ်ကို သတ်ချင်နေတယ်။ ဒါက ခင်ဗျား စီစဉ်ထားတဲ့မင်္ဂလာပွဲကော ဟုတ်ရဲ့လား။ ကျုပ်တော့ သေတော့မယ်ဗျ "
ပြန်စာကိုပင် စောင့်မနေဘဲ သူက ရက်စက်ကြမ်းကြုတ်သောမျက်နှာထားဖြင့် ရုတ်တရက်မော့ကြည့်လိုက်သည်။ သူက သွေးအေးရက်စက်မှုများ တောက်ပနေသော အကြည့်နှင့် အနီရောင်ရွက်ဖျင်တဲကို ကြည့်ကာ အော်လိုက်သည်။
" တပ်မှူးကြီး။ ဒါက ဘာသဘောလဲ "
သူ၏အသံသည် ကောင်းကင်ဘုံမှလာသော မိုးကြီးသွားအလား တပ်စခန်းတစ်ခုလုံးတွင် ပဲ့တင်ထပ်သွားလေရာ ဝိညာဉ်ကျင့်ကြံသူများအားလုံး အာရုံစိုက်လာကြတော့သည်။
" သရဲကြီးဘုရင် စီစဉ်ထားတဲ့ မင်္ဂလာပွဲကို မင်း အသိမှတ်မပြုချင်ရင်လဲ ရတယ်။ ဒါပေမဲ့ သရဲကြီးမြို့တော်ရဲ့ အမှုဆောင်ချုပ်အနေနဲ့ ငါ့ကို တပ်စခန်းကနေ ထွက်မသွားနိုင်အောင် မင်း တားလို့ရမယ် ထင်နေလား။ အဲဒါဆိုရင်တော့ ငါ့ကို အဆိုးမဆိုနဲ့ "
သူ၏ ဒေါသများနှင့်အတူ ယင်ယန်ဝိညာဉ်အဆင့်ကျင့်ကြံခြင်းအခြေခံကို ထုတ်လိုက်ရာ ပတ်ဝန်းကျင်တစ်ခုလုံးတွင် သတ်ဖြတ်လိုသော အငွေ့အသက်များ ပြည့်နှက်သွားတော့သည်။ တချိန်တည်းမှာပင် သူက ရွက်ဖျင်တဲကိုလှမ်းကြည့်၍ မည်သို့တုံပြန်လိမ့်မည်ကို စောင့်စားလိုက်သည်။
" အခုချိန်ထိ ငါ ဘယ်နေရာသွားသွား ရောက်တဲ့နေရာတိုင်းကို လွှမ်းမိုးလာခဲ့တာပါ " သူက တွေးလိုက်သည်။
" ‘ အချစ်ကို အနိုင်ယူခြင်း ’ ကို တီထွင်ခဲ့တဲ့အပြင် မရေမတွက်နိုင်တဲ့ ရည်းစားစာတွေတောင်ရခဲ့သေးတာပဲ။ ဒီ မလောက်လေးမလောက်စား အဖွားကြီးဟုန်ချိန် ဒီအကွက်ကို ဘယ်လိုတုံပြန်မလဲ ကြည့်ကြသေးတာပေါ့ "