← Chapters

ပါးနပ်သော ယောက်ျားဟူသည် အမျိုးသမီးများနှင့်ရင်ဆိုင်ရသောအခါ မည်သည့်အချိန်တွင် နောက်ဆုတ်ရမည်ကို သိသူဖြစ်ပေသည်

Vol. 8 Ch. 716

ပါးနပ်သော ယောက်ျားဟူသည် အမျိုးသမီးများနှင့်ရင်ဆိုင်ရသောအခါ မည်သည့်အချိန်တွင် နောက်ဆုတ်ရမည်ကို သိသူဖြစ်ပေသည်

Vol. 8 Ch. 716

ယခုအခါ ဘေးပတ်ဝန်းကျင်ရှိ ဝိညာဉ်ကျင့်ကြံသူများ ချီတုံချတုံဖြစ်သွားကြသည်။ ပိုင်ရှောင်ချန်း၏ စကားလုံးများသည် အပေါ်ယံဆိုသည်ထက် သာလွန်ကာ အကြောင်းအရာများအားလုံးသည် ပိုပြီးနက်နဲလာသည် မဟုတ်ပါလော။ ပထမဦးစွာ သူတို့၏ တပ်မှူးကြီးက ဘုရင့်သမီးတော်ဖြစ်ကြောင်း သူတို့ သိလိုက်ရသည်။ ယခုတွင် ဘုရင်မင်းမြတ်က သူမကို လူတစ်ယောက်နှင့်လက်ထပ်ပေးရန် စီစဉ်ထားပြီး သူမက ထိုအစီအစဉ်ကို လက်မခံကြောင်း သိလိုက်ရသည်။

သူမအတွက် ငြင်းဆိုရန်က ကိစ္စတစ်ခုဖြစ်သော်လည်း ပိုင်ဟောက်ကို တပ်စခန်းထဲတွင် ချုပ်ချယ်ထားချင်ပြန်သည်။ သဘောထားကွဲလွဲနေသည်မှာ သိသာထင်ရှားလှသည်။

" တပ်မှူးကြီးက အဲဒီလိုလုပ်ဖို့ ကြိုးစားနေတာလား"

" ပိုင်ဟောက်က မှန်တယ်ထင်တယ်။ သူသာ လက်မခံချင်ရင် သူ့ကို လွှတ်ပေးလိုက်သင့်တယ်လေ "

ထိုကဲ့သို့စကားများအား လူအများသည် တိုးတိုးတိတ်တိတ်ရေရွတ်နေကြသည်။ တချိန်တည်းမှာပင် ပိုင်ရှောင်ချန်းကို ရန်လိုနေသည်မှာလည်း အားပျော့လာတော့သည်။

ပိုင်ရှောင်ချန်းမှာ သူ၏ဗျူဟာအလုပ်ဖြစ်နေကြောင်း မြင်ရသဖြင့် ကျေနပ်နေပြီး နောက်ထပ်မည်သို့ပြောရမည်ကို စဉ်းစားလိုက်သည်။ တစ်ဖက်တွင် သူသည် သခင်မလေးဟုန်ချိန်ကို စိတ်ဆိုးသွားစေရန်အထိ မလုပ်ချင်သော်လည်း တစ်ဖက်တွင် သူ့ကိုယ်သူ ပျော့ညံ့သော ယောက်ျားတစ်ယောက်အဖြစ်သို့လည်း မရောက်စေလိုပေ။ သူ၏ ရည်မှန်းချက်တစ်ခုလုံးသည် တပ်စခန်းထဲမှ ချောချောမွေ့မွေ့ထွက်နိုင်ရန်ဖြစ်သည်။

သို့သော် သူ မည်သို့မျှ မပြောနိုင်ခင်မှာပင် သခင်မလေးဟုန်ချိန်၏ သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်နေသော အေးစက်စက် အသံတစ်သံ အနီရောင်ရွက်ဖျင်တဲထဲမှ ထွက်လာတော့သည်။

" ငါလုပ်နိုင်တယ် "

သူမ၏ အသံသည် ရက်စက်ကြမ်းကြုတ်သော ကြာပွတ်ကဲ့သို့ဖြစ်ပြီး ထိုအခြင်းအရာကြောင့် သရဲကြီးတပ်ဖွဲ့ရှိ ဝိညာဉ်ကျင့်ကြံသူများအားလုံးက သူတို့၏ ကျင့်ကြံခြင်းအခြေခံစွမ်းအားများ ထုတ်လွှတ်လိုက်သည်။ ချက်ချင်းပင် တပ်စခန်းအတွင်းရှိ ချောင်ကျိုချောင်ကြားမကျန် ဖော်ပြ၍ပင်မရနိုင်သော ဖိအားများက ပိုင်ရှောင်ချန်းနေရာသို့ ကျရောက်လာတော့သည်။

ပိုင်ရှောင်ချန်းမှာ ရုတ်ချည်း ဒိန်းခနဲ ရင်ခုန်လာတော့သည်။ သူက သခင်မလေးဟုန်ချိန်ကြောင့်မဟုတ်ဘဲ တပ်သားထောင်ပေါင်းများစွာ၏ ကျင့်ကြံခြင်းအခြေခံကြောင့် ခံစားလိုက်ခြင်းဖြစ်သည်။ ထိုမျှသာမက ဤသည်က မြေရိုင်းဒေသအတွင်းရှိ အရေးအကြီးဆုံးနေရာဖြစ်သော ဗဟိုဧကရာဇ်မြို့တော်မှာ ဖြစ်သည်။ သခင်မလေး ဟုန်ချိန်က အကြောင်းပြချက်မရှိ လုပ်နေသည်များကြောင့် ပိုင်ရှောင်ချန်းမှာ စိတ်ထဲတွင် တုန်လှုပ်နေသည်။ အချက်ကျကျပြောရလျှင် သူမနှင့် သူမအဖေက အလွန်ခေါင်းမာသည့်ပုံရသည်။ သူက ထွက်သွားချင်ရုံလေးဖြစ်သည့်တိုင် သူမက သူ့ကို ခွင့်မပြုနိုင်သလော။

" သူငါ့ကို ပေါက်ကွဲအောင် ဆွနေတာလို့တော့ မပြောနဲ့နော် ။ ပြီးရင် အဲဒါကို ဆင်ခြေပေးပြီး ငါ့ကို သတ်မှာလား။ အဲဒီလိုသာဖြစ်ရင်တော့ အရှင်မင်းကြီးကို စောဒကတက်လို့ရတော့မှာ မဟုတ်ဘူး "

သူ၏မျက်လုံးများပြူးကျယ်သွားပြီး သူ၏အပြင်ပန်းအမူအရာသည် ခါတိုင်းထက်ပို၍ တင်းမာခက်ထန်နေတော့သည်။ သို့သော်စိတ်ထဲတွင်မူ သူက လက်လျှော့လိုက်ပြီး တပ်စခန်းထဲတွင် အချိန်နည်းနည်းဖြုန်းရမည်ဖြစ်ကြောင်း တွေးနေတော့သည်။ “ ပါးနပ်သော ယောက်ျားဟူသည် အမျိုးသမီးများနှင့်ရင်ဆိုင်ရသောအခါ မည်သည့်အချိန်တွင် နောက်ဆုတ်ရမည်ကို သိသူဖြစ်ပေသည် ” ဟူသော ဆိုးရိုးစကားရှိသည်မဟုတ်ပါလော။

သူက ထိုနေရာတွင် ရပ်၍ မည်သို့လုပ်ရန် ကြိုးစားဆုံးဖြတ်နေချိန် နောက်ဆုံးတွင် သရဲကြီးဘုရင်က သူပို့လိုက်သည့်စာကို အကြောင်းပြန်တော့သည်။ ပထမတွင် သူက နှစ်သိမ့်စကားအနည်းငယ်ပြောပြီးနောက် အထင်အမြင်လွဲမှားမှုတစ်ခုသာဖြစ်ပြီး သူ့သမီးနှင့် စကားပြောလိုက်မည်ဖြစ်ကြောင်း ပြောလေသည်။

ထိုပြန်စာကို ရပြီးနောက်ဆုံး ပိုင်ရှောင်ချန်းမှာ အတန်ငယ် စိတ်သက်သာရာရသွားပြီး ကြောက်လန့်နေသည့်ပုံတစ်စက်မှပြ၍ မဖြစ်ကြောင်း ဆုံးဖြတ်လိုက်သည်။

" ဟိုတလောက ကောင်းကင်ဘုရင်သုံးပါး ၊ ဗဟိုဧကရာဇ်မြို့တော်က မရေမတွက်နိုင်တဲ့ မင်းမျိုးနွယ်တွေနဲ့ အထက်တန်းလွှာတွေအားလုံး၊ ဝိညာဉ်ရေနွေးအိုးထဲမှာ သရဲဘုရင်အသီးကို ငါမရစေဖို့ ရည်ရွယ်ချက်နဲ့ ငါ့ကို ထောင်ချောက်ဆင်ကြတယ်။ ငါ တစ်ယောက်ထဲ သွားပြီး စစ်နိုင်ဘုရင်ရဲ့ ဆက်ခံသူ စစ်နိုင်ဘုရင်လေး၊ မင်းသားကျိုးဟုန်၊ သောကကင်းဝေးကိုးသွယ်ဘုရင်ရဲ့ ဆက်ခံသူနဲ့ ဝိညာဉ်ခရီးမြို့တော်က မင်းသမီးလေးရွှီရှန် အပါအဝင် အိမ်ရှေ့စံတွေ၊ လက်ရွေးစင်တွေအားလုံး ဖမ်းခဲ့တယ်။ ဒုတိယမင်းသားကိုတောင် ဖမ်းခဲ့သေးတာ။ ဝိညာဉ်ရေနွေးအိုးတစ်ခုလုံးကို ငါ ချုပ်ကိုင်ထားခဲ့တာ ဘယ်သူမှ အဲဒီအကြောင်းနဲ့ပတ်သက်ပြီး စကားတစ်ခွန်းတောင် မဟရဲဘူး ”

" အရှင်မင်းကြီးရဲ့ ဆုတ်ယုတ်ကာလမှာတုန်းက ချန်၊ပိုင်နဲ့ ချိုင်မျိုးနွယ်စုရဲ့ နတ်အဆင့်ခေါင်းဆောင်ကြီးတွေအားလုံး ငါ့ကို လိုက်ဖမ်းပြီး ငါနဲ့ အရှင်မင်းကြီးကို သတ်ဖို့ကြိုးစားကြတယ်။ သူတို့က ယင်ယန်ဝိညာဉ်အဆင့်ကျင့်ကြံသူ အဖွဲ့လိုက်ကြီးနဲ့ လိုက်ဖမ်းတာတောင်မှ ငါ ကာကွယ်ပေးခဲ့လို့ သရဲကြီးဘုရင်က ဆုတ်ယုတ်ကာလအဆုံးအထိ ဘေးကင်းအောင် နေနိုင်သွားတာ။ ငါ သရဲကြီးမြို့တော်မှာ ရင်ဆိုင်ခဲ့ရတဲ့ ဘယ်လို သေရေးရှင်ရေးအခြေအနေတွေမဆို အကုန်လုံးကနေ လွတ်မြောက်ခဲ့တယ်။ နတ်သုံးပါးတောင်မှ ငါ့ကို ဘာမှ လုပ်လို့မရဘူး ”

" မင်းငါ့ကို မကြိုက်ရင်၊ ဒါမှမဟုတ် ငါ့ကို သတ်ချင်ရင်… ကျိုးကျစ်မို၊ စကားတစ်ခွန်းသာပြောလိုက်။ ငါ့ကို အရှက်ခွဲဖို့ ဒီလိုသိက္ခါမဲ့တဲ့ လုပ်ရပ်လုပ်ဖို့ မလိုဘူး။ ပြီးတော့ ဒီစခန်းထဲမှာ ငါ့ကို ချုပ်ထားစရာအကြောင်းမရှိဘူး။ ငါ ပိုင်ဟောက်က ဘယ်နေရာသွားသွား ရင်ဆိုင်ရဲတဲ့ အင်အားရှိတယ်။ အပြင်ဘက် ကမ္ဘာကျယ်ကြီးထဲမှာတောင် ငါက အချိန်မရွေး နဂါးဖြစ်နိုင်တဲ့ ငါးတစ်ကောင်လိုပဲ။ အတောင်ပံတွေရှိရင် အမြင့်ဆုံးကောင်းကင်ဘုံရဲ့ အလွန်ထိ ပျံသန်းနိုင်တဲ့ကောင်ပါကွ။ ဘယ်လို အခြေအနေမှာမှ ငါ့ကို လာအနိုင်ကျင့်ခွင့် မပေးနိုင်ဘူး "

သူ၏ စကားလုံးများသည် မိုးခြိမ်းသံကဲ့သို့ပဲ့တင်ထပ်သွားပြီး စခန်းထဲရှိ လူတိုင်း ကြားလိုက်ရရာ သူသည် အသေးအဖွဲပမာ သဘောထားနိုင်သည့် လူစားမျိုးမဟုတ်ကြောင်း ထင်ရှားသွားစေတော့သည်။

အနီရောင်ရွက်ဖျင်တဲထဲတွင် သခင်မလေးဟုန်ချိန်မှာ မျက်မှောင်ကြုတ်နေသည်ကို မြင်နိုင်ပေသည်။ အမှန်တကယ်တော့ သူမက ပိုင်ဟောက်သေသည်ကို မြင်ချင်နေပါသော်လည်း သူမအဖေကြောင့် စိတ်ထင်တိုင်း ပြုမူ၍ မရပေ။ ထိုသို့ဖြစ်ပျက်နေရခြင်းအတွက် အကြောင်းပြချက်တစ်ခုမှာ သူမမသိဘဲ စီစဉ်လိုက်သောကြောင့် ဖြစ်ပြီး နောက်တစ်ခုမှာ ဤကဲ့သို့နိမ့်ကျသောလူတစ်ယောက်က သူမအဖေကိုယ်တိုင် နားဖောက်လာရသည်အထိ ထိုက်တန်ကြောင်း မယုံကြည်သောကြောင့်ဖြစ်သည်။

သို့သော် စီစဉ်ထားသော မင်္ဂလာပွဲနှင့်ပတ်သက်လျှင် ပိုင်ဟောက်ကို အနားမှာ ထားချင်ရသည့် အကြောင်းရင်းတစ်ခုရှိသည်။

သူမ၏ အလှတရားကြောင့်သော်လည်းကောင်း၊ သူမ၏ စွမ်းအားကြီးသော ကျင့်ကြံခြင်းအခြေခံကြောင့်သော်လည်းကောင်း သူမသည် မြေရိုင်းဒေသတွင် ထွန်းလင်းတောက်ပနေသော လတစ်စင်းအလား မရေမတွက်နိုင်သော ချောမောခန့်ညားသည့် လက်ရွေးစင်များ၏ ပိုးပန်းရာဖြစ်သည်။ အမှန်တကယ်တော့ သူတို့အားလုံးကို သူမက မျက်လုံးထဲပင် မထည့်ပေ။ သူမ ငြင်းရခက်သည့် လူနှစ်ယောက်သာရှိသည်။ တစ်ယောက်က မဟာမင်းသားကြီးဖြစ်ပြီး တစ်ယောက်က မဟာကောင်းကင်သခင်၏ ထိပ်ဆုံးအဆင့် ထိပ်တန်းတပည့် အူယန်စုန့်ဖြစ်သည်။

သူတို့သည်လည်း နတ်များဖြစ်ပြီး အလွန်မြင့်သော ရာထူးများရှိသည်။ သူမက သူတို့ကို လုံးဝမကြိုက်သည့်တိုင် သူမတွင် ပွင့်ပွင့်လင်းလင်းငြင်းနိုင်သည့်အာဏာ မရှိပေ။ ထို့ကြောင့် သူမက ပိုင်ဟောက်ကို အနားထားလျှင် သူတို့ကို ရှောင်ရန် ဆင်ခြေကောင်းကောင်းရမည် ဖြစ်သည်။ ထို့ပြင် ယောက်ျားများအကြား ရန်ပွဲများဖြစ်ပွားလျှင် ပိုင်ဟောက်အသတ်ခံရနိုင်ချေရှိပြီး သူမအနေဖြင့် မည်သို့မျှ လုပ်စရာ မလိုပေ။

သူမ၏ မူလ အစီအစဉ်သည် သူ့ကို ခြိမ်းခြောက်ကာ တပ်စခန်းတွင် အတင်းအကြပ်နေစေရန် ဖြစ်သည်။ အနှီအားနည်းပြီး ကြောက်တတ်ပုံရသော ပိုင်ဟောက်က သူ့အပေါ် သက်ရောက်နေသည့် ဖိအားများအားလုံးကို လျစ်လျူရှုကာ သူမကိုပင် ရင့်သီးသော စကားလုံးများဖြင့် တိုက်ခိုက်ရဲလိမ့်မည်ဟု သူမဘယ်တုန်းကမှ မတွေးခဲ့ဖူးပေ။ အမှန်ဆိုရလျှင် သူ၏ စကားလုံးများက ရင့်သီးရုံသာမက အလွန်တရာ မှန်ကန်နေသဖြင့် သူမမှာ တစ်ခွန်းမှ ပြန်ပြောနိုင်တော့ချေ။

ထို့အပြင် သူမ၏ အဖေ သရဲကြီးဘုရင်က သူမကို စောစောကပင် စာတစ်စောင်ပို့လိုက်လေသည်။ ပထမတွင် သူက နှစ်သိမ့်သောစကားနည်းနည်းပါးပါးပြောပြီးနောက် ပိုင်ဟောက်ကောင်းကြောင်းပြောထားလေသည်။ သူက အချုပ်အနှောင်မန္တန်အကြောင်းကိုလည်း မသိမသာရှင်းပြသွားသေးသည်။

ဤအချိန်တွင် သခင်မလေးဟုန်ချိန်မှာ သက်ပြင်းချလိုက်၏။ သူမက သူမ၏အဖေနှင့် အပြန်အလှန်စာပို့ပြီးနောက် သူတို့နှစ်ယောက် သဘောတူညီချက်တစ်ခုလုပ်လိုက်လေသည်။ ပိုင်ဟောက်သည် တပ်စခန်းတွင်နေရမည်။ သို့သော်သုံးလသာဖြစ်သည်။ ထို့နောက် သူ ထွက်သွားနိုင်မည်ဖြစ်သည်။

ထိုအချိန်အတွင်း သူနှင့်ပတ်သက်၍ မည်သည့်အရာမှ မဖြစ်စေရန် သူမ အာမခံရမည် ဖြစ်သည်။

ထိုသုံးလအတောအတွင်း သခင်မလေးဟုန်ချိန် လျှို့ဝှက်စွာ မျှော်လင့်ထားသည်မှာ သူမ၏အဖေက သူမအတွက် တာအိုလက်တွဲဖော်ကို တရားဝင်ရွေးချယ်ပေးပြီးဖြစ်ကြောင်း ဧကရာဇ်မြို့တော်ထဲရှိ သူမကို ပိုးပန်းနေသည့် လက်ရွေးစင်အကျော်အမော်များအားလုံး သိရှိသွားကြစေရန် ဖြစ်သည်။ ထိုကိစ္စကို သူမ သဘောမကျကြောင်း သူတို့ သိနိုင်မည်ဖြစ်သော်လည်း သုံးလကြာပြီးနောက် သရဲကြီးမြို့တော်သို့ ပိုင်ဟောက် ပြန်သွားချိန်တွင် သူမကို ပိုးပန်းနေသည့်လူအများ၏ အမုန်းများကို သူနှင့်အတူ ယူသွားမည်ဖြစ်သည်။ နောက်ဆုံးတွင် သူမ၌ သူတို့ကို ချောင်ပိတ်ရန် အကောင်းဆုံးအကာအကွယ်ရသွားမည်ဖြစ်သည်။

သူ့သမီး၏ စိတ်ကူးယဉ်အချစ်ဇာတ်လမ်းများကို ဖြေရှင်းရသည်မှာ သရဲကြီးဘုရင်အတွက် ခေါင်းခဲစရာကြီးဖြစ်နေတော့သည်။ သူမကို နှစ်သိမ့်ပြီး သူက ပိုင်ရှောင်ချန်းထံ အားပေးစကားအနည်းငယ်ပို့လိုက်ပြီးနောက် ထိုကိစ္စများကို လက်စသတ်လိုက်သည်။

အလုံးစုံ ဆုံးဖြတ်ပြီးသွားသောအခါ ပိုင်ရှောင်ချန်းမှာ ရွေးစရာမရှိကြောင်း သဘောပေါက်လိုက်သည်။ သူရင်ဆိုင်နေရသည့် လူနှစ်ယောက်အနက် တစ်ယောက်သည် နတ်တစ်ပါးဖြစ်ပြီး နောက်တစ်ယောက်သည် နတ်ဘုရားတစ်ပိုင်းဖြစ်သည် မဟုတ်ပါလော။

" ငါ့ကို အကာအကွယ်လို သုံးဖို့ ကြိုးစားနေတယ်ပေါ့လေ ဟမ်။ ဖအေတူ သမီးပဲ။ နှစ်ယောက်လုံး ကလိမ်ကကျစ်တွေ"

ကိစ္စများအားလုံး ဖြေရှင်းပြီးသည်နှင့် သခင်မလေးဟုန်ချိန်က သူမ၏ သတ်ဖြတ်လိုစိတ်များတောက်လောင်နေလျက် တပ်ဖွဲ့တစ်ဖွဲ့လုံးအပေါ် သက်ရောက်နေသော ဖိအားများကို ပျောက်ကွယ်သွားစေလိုက်သည်။ ပိုင်ရှောင်ချန်းမှာမူ သက်ပြင်းချလိုက်ပြီး အမျိုးသမီးအစောင့်နောက်လိုက်ကာ သူ၏နေစရာသစ်ဆီသို့ သွားလိုက်သည်။

သူ့ကို အလွန်ချောင်ကျသော နေရာတွင် နေရာချထားသော်လည်း သူ့စိတ်ထဲ မည်သို့မျှ မရှိပေ။ အထဲရောက်သွားသည်နှင့် သူက တင်ပျဉ်ထိုင်လိုက်ပြီး ထိုအခြေအနေနှင့်ပတ်သက်၍ စိတ်ပျက်စွာ သက်ပြင်းချလိုက်သည်။

"ငါ ပိုင်ရှောင်ချန်းက ကြီးကျယ်မြင့်မြတ်တဲ့ စစ်သေနာပတိချုပ်ပါကွ။ သခင်မလေးဟုန်ချိန်ကိုတောင် တစ်ခါ တိုက်ခဲ့သေးတယ်။ ဒါပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် မြေရိုင်းဒေသက သခင်မလေးဟုန်ချိန်ရဲ့ တာအိုလက်တွဲဖော်၊ အကာအကွယ်တစ်ယောက်အဖြစ်နဲ့ အဆုံးသတ်လိုက်ရတယ် ”

" ဘာလို့ ဒီလိုဖြစ်သွားရတာလဲကွာ။ ပြီးတော့ အဲဒီ လူယုတ်မာ သရဲကြီးဘုရင်၊ သူနဲ့ သခင်မလေးဟုန်ချိန်နှစ်ယောက်လုံး ကလိမ်ကကျစ်တွေ။ ဒီကမ္ဘာမှာ မကောင်းတဲ့လူတွေများတော့ ငါ့လို ရိုးသားဖြူစင်တဲ့သူတွေက အနိုင်ကျင့်ခံရဖို့ ကံပါလာတယ်ထင်ပါရဲ့ကွာ "

သူ၏နှာခေါင်းကို ပွတ်သတ်ရင်း ပိုင်ရှောင်ချန်းက ကျင့်ကြံခြင်းအခြေခံအရဆိုလျှင် သူသည် သူတို့၏ပြိုင်ဘက်မဟုတ်သော်လည်း အကျင့်စရိုက်အရဆိုလျှင် သာလွန်သူတစ်ယောက်ဖြစ်ကြောင်း တွေးတောနေတော့သည်။

" အင်း အနည်းဆုံးတော့ အချုပ်အနှောင်မန္တန်ကြောင့် သခင်မဟုန်ချိန်က ငါ့အသက်ကို အတိုင်းအတာတစ်ခုအထိ ကာကွယ်ပေးလိမ့်မယ်။ သူသေချာပေါက် ငါ့ကို သေခွင့်ပေးမှာမဟုတ်ဘူး။ သုံးလ... ချီးပဲ။ ငါ ဒီမှာ နေရဦးမှာပေါ့။ သုံးလပဲမလား"

သူက အံတင်းတင်းကြိတ်ရင်း လုံလုံလောက်လောက် အစွမ်းမထက်သေး၍သာဖြစ်ကြောင်း တွေးလိုက်သည်။ သူ အမှန်တကယ် ပို၍ စွမ်းအားကြီးရန် လိုအပ်သည်။ ထိုအခါမှသာ သူက သခင်မလေးဟုန်ချိန်ကို ဆန္ဒရှိသလို လျစ်လျူရှုလာနိုင်မည်ဖြစ်သည်။ သူ သွားချင်သည့်နေရာသို့ သွားလာနိုင်လိမ့်မည်။

" ငါ မီးတောက်နည်းနည်းလောက် ဖန်တီးဖို့ လိုနေပြီ"

ထို့နောက် သူ၏ မျက်လုံးများ တောက်ပလင်းလက်လာပြီး နောက်သုံးလအတွင်း တစ်ယောက်မှ ရန်မစမိရန်အလို့ငှာ သိုသိုသိပ်သိပ်နေရန် ဆုံးဖြတ်လိုက်သည်။ သူက တပ်စခန်းမှ ထွက်သွားမည်မဟုတ်ပေ။ ထိုအစား သူက ဆယ့်ခြောက်ရောင်ခြယ်မီးတောက်ကို ဖန်တီး၍ သူ၏ ကျင့်ကြံခြင်းအခြေခံကို မြှင့်တင်ရန် အသုံးပြုမည်ဖြစ်သည်။ သူက နတ်များကို သူတို့နေရာသူတို့သိသွားစေရန် အတိုက်အခိုက်စွမ်းရည်မြှင်တင်ဖို့ လိုအပ်သည်။

" ဟွန်း နတ်တွေကို ငါ ကိုင်တွယ်နိုင်တဲ့အထိ စောင့်ဦးပေါ့ကွာ။ ငါ ပထမဆုံး ပညာပေးမှာက အဖွားကြီးဟုန်ချိန် မင်းပဲ "

ထို့နောက် သူက အိတ်ထဲမှ ဝိညာဉ်သိုလှောင်စေတီကို ထုတ်လိုက်သည်။ ၎င်းက ကြီးမားလှသည်မဟုတ်ဘဲ အတွင်းထဲတွင် ဝိညာဉ်တစ်ကောင်သာပါလေသည်။

၎င်းမှာ ဝိညာဉ်ပိုင်ဟောက်က လွဲ၍ တခြားမဟုတ်ပေ။ သူက ထိုနေရာတွင် ဆယ့်ရှစ်ရောင်ခြယ်မီးတောက်အတွက် ဖန်တီးနည်းနှင့်ပတ်သက်၍ နိမိတ်ဖတ်နေကာ မျက်မှောင်ကြုတ်၍ ထိုင်နေသည်။ ပိုင်ရှောင်ချန်းက သူ့ကို ကြည့်နေကြောင်း အာရုံရလိုက်သောအခါ သူက ဝိညာဉ်သိုလှောင်စေတီအပြင်ဘက်ကို လှမ်းကြည့်လိုက်သည်။

" ဖန်တီးနည်းက ဘယ်လိုလဲဟေ့ တပည့်လေးရေ "

ပိုင်ရှောင်ချန်းက နွေးထွေးစွာပြုံး၍ ပြောသည်။

ပိုင်ဟောက်မှာ အတော်လေးပင်ပန်းနွမ်းနယ်နေပုံရသည်။ သူက ထရပ်လိုက်ရင်း ပြောသည်။

" ကျွန်တော် အဲဒီမရောက်သေးဘူး ဆရာရေ။ ဆယ့်ရှစ်ရောင်ခြယ်မီးတောက်အတွက် ဖန်တီးနည်း ပြည့်စုံစေဖို့ ကျွန်တော် ဘာမှမရှိတာကနေ တစ်ခုဖြစ်အောင် ဖန်တီးရမှာ။ အဲဒီတော့ တော်တော်ခက်တယ်။ အဲဒီတော့ တော်တော်ကြာဦးမယ်လို့ ကျွန်တော်ထင်တယ်။ ဒါပေမဲ့ ကျွန်တော်အကြံတစ်ခုရတယ်။ ဆယ့်ခုနစ်ရောင်ခြယ်မီးတောက်တွေကို ပေါင်းပြီး ဆယ့်ရှစ်ရောင်ခြယ်မီးတောက်အဖြစ် ပြောင်းလဲနိုင်တယ်။ အမှန်က မီးပင်လယ်အဆင့်မှာ ဖြစ်နိုင်တဲ့ ပြောင်းလဲမှုတွေအကြောင်းကိုတောင် ကျနော် တွေးနေတာ။ တကယ်လို့ ကျနော်တွေးနေသလိုသာဆို ဆယ့်ရှစ်ရောင်မြောက် ပေါ်လာတာနဲ့ မီးပင်လယ်ကနေ အစစ်အမှန်မီးတောက်တစ်ခု ဖြစ်လာနိုင်ပြီ "

" ကဲပါ ဘာမှ စိုးရိမ်နေစရာ မလိုဘူး ဟောက်အာ " ပိုင်ရှောင်ချန်းက ပြန်ဖြေ၏။

" အဲဒီကိစ္စ ထားလိုက်တော့။ အခု ဆရာ ဆယ့်ခြောက်ရောင်ခြယ်မီးတောက် ဖန်တီးဖို့ ကြံနေတာ။ မင်း ကူလို့ရတယ်။ တကယ်လို့ မင်းကြည့်နေတုန်း အကြံပြုချင်တာတွေ့ရင်လဲ ပြောလို့ရတယ်နော် "

ပိုင်ရှောင်ချန်းသည် ဆယ့်ရောင်ခြယ်မီးတောက်နှင့် အကျွမ်းတဝင်မရှိသော်လည်း မီးတောင်ဖန်တီးရာ၌ ပိုင်ဟောက်က သူ့ထက် ပါရမီပါကြောင်းသိသည်။ ပိုင်ရှောင်ချန်းအနေဖြင့် ဆယ့်ခြောက်ရောင်ခြယ်မီးတောက်ကို အလျင်အမြန် ဖန်တီးချင်လျှင် အကောင်းဆုံးနည်းမှာ ပိုင်ဟောက်၏ပါရမီကို ရယူရန်ဖြစ်သည်။ ထိုမျှသာမက ယခုအခါ ပိုင်ဟောက်က သရဲကျင့်ကြံသူတစ်ယောက်ဖြစ်သည့်အတွက် အကူအညီအနည်းငယ်ရမည်လားဆိုသည်ကိုလည်း သူ သိချင်နေသည်။

သူ၏လက်ကို ခါရမ်းလိုက်ရင်း သူက အချုပ်အနှောင် မန္တန်အနည်းငယ်ကို နေရာချလိုက်ပြီး အမုန်းဝိညာဉ်အမြောက်အမြား ထုတ်လိုက်သည်။ ထို့နောက် သူက သရဲကြီးမြို့တော်ရှိ မျိုးနွယ်စုများကို တုန်လှုပ်စေခဲ့သော ဆယ့်ခြောက်ရောင်ခြယ်မီးတောက်ကို အသုံးပြုလိုက်သည်။ သူက ဖန်တီးနည်းကို သေချာနှံ့နှံ့စပ်စပ်လေ့လာခဲ့ပြီးဖြစ်သော်လည်း ဖန်တီးနည်းကို တကယ်လုပ်ကြည့်မှသာ ဖြေရှင်းနိုင်သည့် မေးခွန်းအချို့လည်း ရှိသေးသည်။

ပိုင်ရှောင်ချန်း စတင်တော့မည်ကို မြင်သောအခါ ပိုင်ဟောက်က ချီတုံချတုံဖြစ်နေပြီး ပြော၏။

" ဆရာ၊ ဆယ့်ငါးရောင်ခြယ်မီးတောက်ကို ဆရာ ရတာနဲ့ အောင်မြင်မှုနှုန်းက ပိုပြီးနည်းလာမှာ။ ပြီးတော့ မတည်မငြိမ်မှုတွေ ပိုပြီး ရှိလာမယ်။ ဆရာသာ သေချာဂရုမစိုက်ရင် မထင်မှတ်ထားတဲ့ အကျိုးဆက်တွေ ဖြစ်လာနိုင်တယ်။ အရင်ဆုံး နည်းနည်းပါးပါး လေ့လာသင့်တယ်ဆရာ။ ဒါ့အပြင် ကျွန်တော်တို့က မီးတောက်ဖန်တီးဖို့အတွက် အကောင်းဆုံးနေရာကို ရောက်နေတာ မဟုတ်ဘူး "

ပိုင်ရှောင်ချန်းက လည်ချောင်းရှင်းလိုက်ပြီး ယုံကြည်မှုရှိစွာ ပြောလိုက်သည်။

" အာ စိတ်ပူမနေပါနဲ့ကွာ။ ဒီနေရာက လုံးဝအကောင်းဆုံးပဲ။ ယုံလိုက်စမ်းပါ။ ဆရာ့မှာ အတွေ့ကြုံတွေအများကြီးရှိပါတယ်ကွ"

ပိုင်ဟောက်၌ သံသယများ ရှိနေသေးသော်လည်း ပိုင်ရှောင်ချန်းက အလွန်ယုံကြည်ချက်ရှိနေပုံရသည်။ ကြည့်ရသရွေ့ သူ့ဆရာသည် သူထင်ထားသည်ထက်ပို၍ ဖန်တီးနည်းများ လေ့လာထားဟန်တူသည်။ ထို့ကြောင့် ပိုင်ဟောက်က သူ၏ စိုးရိမ်ကြောင့်ကြမှုများကို ထိန်းချုပ်လိုက်ပြီး ပိုင်ရှောင်ချန်း အလုပ်စလုပ်သည်ကို အနီးကပ်လိုက်စောင့်ကြည့်လိုက်သည်။

All Chapters