← Chapters

ဆရာက အတွေ့အကြုံအများကြီးရှိသူလား

Vol. 8 Ch. 717

ဆရာက အတွေ့အကြုံအများကြီးရှိသူလား

Vol. 8 Ch. 717

ပိုင်ရှောင်ချန်းက သူ၏အငွေ့အသက်များကို ထိန်းချုပ်လိုက်ပြီး စိတ်ငြိမ်ငြိမ် ထားလိုက်သည်။ သခင်မလေးဟုန်ချိန်နှင့် ပတ်သတ်သည့်ကိစ္စများကို မေ့ထားလိုက်ကာ သူ၏လက်ကိုရှေ့သို့ထုတ်ကာဝှေ့ယမ်းလိုက်ပြီး သူ၏အိတ်ထဲမှ ဆယ့်ငါးရောင်ခြယ်မီးတောက်တစ်ခုကို ထုတ်ယူလိုက်သည်။

သူသည် မျိုးနွယ်စုသုံးစုထံမှ ရရှိခဲ့သည့် မီးတောက်အချို့ကို ပြောင်းပြန်ပြန်လည်ဖော်စပ်သည့်နည်းဖြင့် ဆယ့်ငါးရောင်ခြယ်မီးတောက်ဖန်တီးခြင်းတွင် အောင်မြင်ခဲ့ပြီဖြစ်သည်။ သူ၏သရုပ်မှန် မတော်တဆပေါ်သွားမည့်အချက်ကို သူစိုးရိမ်နေ၍သာ သူပိုင်ဆိုင်ထားသည့် အရာအားလုံးကို အဆင့်ဆယ့်ငါးအထိ အဆင့်မမြှင့်တင်သေးပဲ စောင့်ဆိုင်းနေခြင်း ဖြစ်သည်။

" ကဲ.. အခုလောလောဆယ်တော့ ငါဘာမှလုပ်လို့မရသေးဘူး။ စိတ်စွမ်းအင်အဆင့်ဆယ့်လေးလောက်နဲ့ပဲ ကျေနပ်ထားတာ ကောင်းပါတယ်။ နို့မို့ဆို လူတွေသံသယ ဝင်ကုန်ပြီး ငါဒုက္ခကြုံရလိမ့်မယ်။ "

သူ၏ဖန်တီးနည်းကို စိတ်ထဲတွင်ပြန်လည်တွေးတောလိုက်သောအခါ သူ၏မျက်ဝန်းများမှာ အရောင်လက်သွားသည်။ ထို့နောက်သူက ညာလက်ဖြင့် မန္တန်လက်ကွက်တစ်ခုဖော်လိုက်ပြီး သူ၏လက်ချောင်းကို ဝေ့ယမ်းလိုက်သည်။

ဝိညာဥ်သိုလှောင်စေတီတော်ထဲမှ အမုန်းဝိညာဥ်များစွာ ထပ်မံထွက်လာပြီး မိုးသက်မုန်တိုင်း တစ်ခုသဖွယ်ဖြစ်သွားတော့သည်။

သို့သော် ပိုင်ရှောင်ချန်းမှာ စွမ်းအားကြီး အချုပ်အနှောင်မန္တန်များ တပ်ဆင်ထားသည်ဖြစ်ပြီး သူ၏မျက်နှာဖုံးကပေးစွမ်းသည့် အကာအကွယ်ကိုလည်း အသုံးပြုထားသည်။ ထို့ကြောင့် အငွေ့အသက်တစ်ခုတစ်လေပင် အပြင်သို့မထွက်သဖြင့် မည်သို့ဖြစ်ပျက်နေမှန်း တစ်ယောက်မှ မသိကြချေ။

အပြင်ဘက်မှကြည့်လျှင် ပိုင်ရှောင်ချန်း၏ ရွက်ဖျင်တဲမှာ လုံးဝတိတ်ဆိတ်နေသည်။ ညနေခင်း ကင်းလှည့်နေသည့် အစောင့်များပင် သူ့ဘက်သို့ လှည့်မကြည့်ကြပေ။

တစ်နာရီခန့်ကုန်ဆုံးသွားပြီး ပိုင်ရှောင်ချန်းမှာ လက်ရှိအလုပ်ကို အာရုံအပြည့်စိုက်ကာ ဆယ့်ငါးရောင်ခြယ်မီးတောက်ကို ဟိုဟိုသည်သည် ပြုပြင်မှုများပြုလုပ်ပြီး သူ၏ပတ်ပတ်လည်ရှိ ဝိညာဥ်ပင်လယ်ကြီးကိုလည်း သေသေချာချာ ထိန်းချုပ်နေသည်။

ဝိညာဥ်များကို မီးတောက်ထဲသို့ရောစပ်ရာတွင် သူသာ အမှားလေးအနည်းငယ်မျှလုပ်မိပါက ကျရှုံးသွားမည်ဖြစ်သည်။ ထို့ကြောင့် သူ၏မျက်နှာနှင့် လည်ပင်းတို့ပေါ်တွင် ချွေးသီးများစီးကျလာတော့သည်။ သူသည် ဝိညာဥ်များကို သေသေချာချာ ထည့်သွင်းကာ တစ်ခါတရံတွင် လိုအပ်သည့် ထူးခြားဝိညာဥ်များကိုလည်း ထည့်သွင်းနေတော့သည်။

ထိုလုပ်ငန်းစဥ်မှာ ပင်ပန်းနွမ်းနယ်ပါသော်လည်း သူက အံကြိတ်ကာ ဆက်လုပ်နေဆဲပင်။

" ငါ ဒီထက်ပိုပြီး သန်မာဖို့လိုတယ်။ အဲဒါမှ ဒီမြေရိုင်းဒေသမှာ ငါအသက်ရှင်နိုင်မယ်။ တကယ်လို့ ငါ့သရုပ်မှန်သာ ပေါ်သွားခဲ့ရင် မှီခိုအားထားစရာ တစ်ခုခုရှိလာမှာ "

သခင်မလေးဟုန်ချိန်နှင့် ဖြစ်ပွားခဲ့သည့် စောစောကကိစ္စမှာ ရင်ဖိုလှုပ်ရှားဖွယ်ကောင်းသော်လည်း သူ၏ သနားစရာအသက်လေး ပျောက်ခါနီးနေပြီဟုလည်း ခံစားခဲ့ရသည်။ ထို့ကြောင့် သူလိုအပ်သည့် တိုးတက်မှုကိုရရှိရန် မည်သည့်အရာမဆိုလုပ်ရမည်ဖြစ်ကြောင်း နားလည်ထားသည်။

သူ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းတွင် ဆေးဖော်စပ်စဥ်က သူ့စိတ်ထဲတွင် ဖြစ်တည်လာခဲ့သည့် ခေါင်းမာသော အာရုံစိုက်နိုင်စွမ်း တစ်ခုရှိသည်။ ယခုအခါ သူ၏သနားစရာအသက်ကလေးကို လောင်းကြေးထပ်ထားရသည်ဖြစ်၍ ထိုအာရုံစိုက်နိုင်စွမ်းမှာ သိသာထင်ရှားစွာ ထွက်ပေါ်လာတော့သည်။

ခဏအကြာတွင် သူ၏မျက်ဝန်းများမှာ နီမြန်းသွားပြီး သူ၏မျက်နှာပေါ်တွင် ကြောက်စရာကောင်းသော အမူအရာတစ်ခုကိုမြင်နိုင်သည်။ ဘေးနားတွင်မူ ပိုင်ဟောက်မှာ စိုးထိတ်နေသည်။ သူ၏ဆရာ ဤသို့ပြုမူနေသည်ကို ယခုမှ သူပထမဆုံးမြင်ဖူးသည် မဟုတ်ပါလော။

" ဆရာကတော့ ဒီတစ်တစ်ခေါက် တကယ့်ကို အပီအပြင် လုပ်နေတာပဲ "

သူက စိုးရိမ်ထိတ်လန့်စွာ တွေးနေတော့သည်။ သူက အကြံအချို့ပေးရန်ပြင်လိုက်စဥ်မှာပင် ပိုင်ရှောင်ချန်း၏ အမူအရာမှာ ပြောင်းလဲသွားပြီး ဆယ့်ငါးရောင်ခြယ်မီးတောက်မှာ တစ်ခုခုလွဲချော်သွားတော့သည်။ ၎င်းမှာ လင်းလက်စွာတောက်ပလာပြီး ပြန်မှိန်သွားကာအဆုံးတွင် တဖောက်ဖောက်မြည်သံများထွက်လာပြီး မရေမတွက်နိုင်သော အလင်းမှုန်များ အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားတော့သည်။

" သောက်ကျိုးနည်း "

ပိုင်ရှောင်ချန်းက အော်ဟစ်လိုက်တော့သည်။ ထို့နောက် သူက နောက်ထပ် ဆယ့်ငါးရောင်ခြယ်မီးတောက်တစ်ခု ထပ်ထုတ်ကာ ချက်ချင်းပင်အစမှ ပြန်စလိုက်သည်။ ဤအကြိမ်တွင် သူသည် ပို၍အချိန်ကြာကြာ ဆောင်ရွက်လိုက်တော့သည်။ အပြင်ဘက်တွင် နေမင်းကြီးမှာ တောက်ပစွာ ထိန်လင်းနေပြီး ပိုင်ရှောင်ချန်းမှာ မျက်ဝန်းများနီရဲကာ အသက်ရှူသံများပင် မမှန်တော့ပေ။ သူသည် တစ်ညလုံးကြိုးစားကာ ဆယ့်ခြောက်ရောင်ခြယ်မီးတောက်ကို သုံးဆယ်ရာခိုင်နှုန်းအထိ အောင်မြင်အောင် ဖန်တီးနိုင်ခဲ့သည်။ သို့သော် ထိုမီးတောက်ကို နောက်ဆုံးတစ်ချီထဲနှင့် အပြီးသတ်နိုင်လိုက်ပြီဟု သူ တွေးလိုက်ချိန်တွင် အမှားတစ်ခုလုပ်မိသွားသဖြင့် ထို ဆယ့်ငါးရောင်ခြယ်မီးတောက်မှာ ယခင်ကအတိုင်း ပြန်ဖြစ်သွားတော့သည်။ ထိုမီးတောက်မှာ အလင်းရောင်များတောက်ပလာပြီး ပျောက်ကွယ်သွားသည်။

" ဘာလို့ ဒီလိုဖြစ်နေရတာလဲ "

သူက ခေါင်းကုတ်ကာ ဖန်တီးနည်းကို ထုတ်လိုက်ပြီး အစက ပြန်၍လေ့လာလိုက်ပြန်သည်။ ပိုင်ဟောက်ကမူ ဘေးနားတွင် တတွတ်တွတ်ရွတ်၍ ရပ်နေပြီး အဆုံးတွင် သူ၏မျက်ဝန်းများမှာ အရောင်လက်သွားတော့သည်။

" ဆရာ၊ ကြည့်ရတာ အခုပြဿနာက ကျွန်တော်တို့က တပ်စခန်းထဲရောက်နေတာဆိုတော့ သတ်ဖြတ်လိုစိတ်တွေ အရမ်းများနေလို့ ဖြစ်မယ်။ အဲဒီသတ်ဖြတ်လိုတဲ့စိတ်တွေက ပုံစံအတိအကျ မရှိပေမဲ့ အမုန်းဝိညာဥ်တွေကိုတော့ ထိခိုက်နိုင်တယ် "

ထိုစကားများကိုကြားလိုက်ရသောအခါ ပိုင်ရှောင်ချန်း၏ မျက်ဝန်းများမှာတောက်ပသွားတော့သည်။ သူ၏စကားများမှာ အဓိပ္ပါယ်ရှိနေသည် မဟုတ်ပါလော။

" သိပ်ကောင်းတယ် တပည့်ရေ။ " သူက ပေါင်ကိုရိုက်ကာ ဆိုလိုက်သည်။

" မင်းပြောတာ လုံးဝမှန်တယ် "

ထို့နောက် သူကစိတ်ဓာတ်တက်ကြွစွာဖြင့် နောက်ထပ် ဆယ့်ငါးရောင်ခြယ်မီးတောက်တစ်ခုကို ထုတ်ယူလိုက်ပြီး အလုပ်ပြန်လုပ်ရန် ပြင်လိုက်စဥ်တွင် ပိုင်ဟောက်က ဆက်ပြောလိုက်သည်။

" ဆရာ၊ ခဏလောက်နားပါးဦးလား။ ဆရာ့ပုံစံက မီးတောက်ဖန်တီးနိုင်တဲ့ အခြေအနေမှာ မရှိဘူး "

" အာ... မပူပါနဲ့။ ဆရာက ဒေါင်ဒေါင်မြည်ပါကွ " ပိုင်ရှောင်ချန်းကမူ စိုးရိမ်ပူပန်မှုမရှိပဲ ဆယ့်ငါးရောင်ခြယ်မီးတောက်ကို ထပ်မံ စမ်းသပ်လိုက်တော့သည်။ ယခုအခေါက်မှာ ယခင်ကထက်ပင် ပို၍ ကြာသွားသည်။ တစ်ရက်တိတိကုန်သွားသည်။ နောက်တစ်နေ့၏ ညနေခင်းအချိန်တွင် သူသည် မောပန်းနွမ်းနယ်နေပြီဖြစ်သည်။ သူ၏မျက်ဝန်းများမှာ လုံးဝနီမြန်းနေပြီး သူ၏ရှေ့ရှိ ပျောက်ကွယ်စပြုနေသည့် မီးတောက်လေးကို သူက အလွန်စိုးရိမ်စွာကြည့်နေသည်။

" ဘာလို့ဒီလိုဖြစ်ရတာလဲ။ နောက်ထပ်ကျရှုံးပြန်ပြီ။ သတ်ဖြတ်လိုတဲ့အငွေ့အသက်တွေနဲ့ပတ်သက်တဲ့ ပြဿနာကို ငါရှင်းပြီးပြီလေကွာ။ အဲဒါတောင် မှားနေသေးတုံးပဲ။ အဲဒီပြဿနာအကုန်လုံးကို ငါရှင်းနိုင်ရမယ် "

ယခုတွင် သူသည်အချိန်ကိုပင်မသိတော့သလို မည်သည့်နေရာကိုရောက်နေသည်ကိုလည်း မမှတ်မိတော့ပေ။ သူကအံကြိတ်လိုက်ပြီး နောက်ထပ် ဆယ့်ငါးရောင်ခြယ်မီးတောက်တစ်ခုကို ထုတ်ယူကာ စတင်ဖန်တီးလိုက်ပြန်သည်။

ပိုင်ဟောက်မှာ အလွန်စိုးရိမ်လာပြီဖြစ်သည်။ ပိုင်ရှောင်ချန်းမှာ အလွန်ထူးဆန်းနေပြီး စိတ်တည်တည်ငြိမ်ငြိမ်မရှိတော့သည့် ပုံစံပေါက်နေသည်။ သူသည် ပိုင်ရှောင်ချန်းအား ရပ်တန့်ရန် ခဏခဏ နားချပါသော်လည်း သူက အစပိုင်းတွင်သာပြန်တုံ့ပြန်ပြီး အဆုံးတွင် ဆက်လုပ်နေတော့သည်။ ထို့ကြောင့် ပိုင်ဟောက်မှာ ပို၍ စိုးရိမ်လာရတော့သည်။

" ဒါ ဆယ့်ခြောက်ရောင်ခြယ်မီးတောက်ကို ဖန်တီးရတဲ့ နည်းမှမဟုတ်ပဲ။ သူသာ ဒီလိုဆက်လုပ်နေရင် ထင်မှတ်မထားတာတွေ ဖြစ်ကုန်တော့မှာပဲ " ပိုင်ဟောက်မှာ သူ၏ဆရာအလုပ်လုပ်နေသည်ကိုကြည့်ကာ အလွန်စိုးထိတ်နေပြီး အန္တရာယ်ကြီးမားပြီး စွမ်းအားများတရိပ်ရိပ်တက်နေသည့် အငွေ့အသက်တစ်ခုကိုခံစားလိုက်ရသည်။ ထိုစဥ် ပိုင်ရှောင်ချန်း၏ အမူအရာမှာ တင်းမာခက်ထန်သွားပြီး အမုန်းဝိညာဥ်များစွာကို ဆယ့်ငါးရောင်ခြယ်မီးတောက်ထဲသို့ စေလွှတ်လိုက်တော့သည်။

သူ၏အလုပ်မှာ ချက်ချင်းလက်ငင်း ငါးဆယ်ရာခိုင်နှုန်းအထိပြီးစီးသွားသဖြင့် သူ စိတ်လှုပ်ရှားလာတော့သည်။ သို့သော် ရုတ်တရက်ဆိုသလို ထိုမီးတောက်မှာ သွေးရူးသွေးတမ်း ကခုန်လာပြီး ကြောက်မက်ဖွယ် စွမ်းအင်ကြီးတစ်ခု ပေါ်ထွက်လာတော့သည်။ ထိုမီးတောက်ထဲတွင် နောက်ထပ်အရောင်တစ်ရောင် ထွက်ပေါ်လာသော်လည်း ချက်ချင်းပင် ပြန်လည်ပျောက်ကွယ်သွားပြီး ဆယ့်ငါးရောင်ခြယ်မီးတောက်အသွင် ပြန်ပြောင်းသွားသည်။

ထိုသို့မတည်မငြိမ်ဖြစ်သွားသောအခါ မီးတောက်ထဲမှ ထွက်ပေါ်နေသည့် ကြောက်မက်ဖွယ်အငွေ့အသက်ကြီးမှာ ပို၍သိသာထင်ရှားလာတော့သည်။ ပိုင်ရှောင်ချန်းမှာ မျှော်လင့်ချက်များဖြင့် အရူးတစ်ပိုင်းဖြစ်နေရာ လက်မလျှော့ပဲ ထိုမီးတောက်ကို ထိန်းသိမ်းနိုင်ရန် ကြိုးပမ်းလိုက်သည်။

" ဆရာ ရပ်ပါတော့ " ပိုင်ဟောက်က ထိတ်လန့်နေသည့်မျက်နှာထားဖြင့် သနားစဖွယ် အော်ပြောလိုက်သည်။

" မီးတောက်က မတည်ငြိမ်ဘူး။ ဆရာသာ မထိန်းချုပ်နိုင်တော့ရင် ဖြစ်လာမဲ့အကျိုးဆက်တွေကို ခန့်မှန်းလို့တောင် လွယ်မှာမဟုတ်ဘူးဗျ "

သို့သော် သူထိုသို့ပြောလိုက်ချိန်မှာပင် ပိုင်ရှောင်ချန်းမှာ မျက်နှာပျက်သွားပြီး မီးတောက်ကို မထိန်းချုပ်နိုင်လောက်အောင် ဖြစ်သွားတော့သည်။ ထိုကြောက်မက်ဖွယ် အငွေ့အသက်များမှာ ချက်ချင်းပင် အင်အားအလုံးအရင်းနှင့် ထွက်ပေါ်လာတော့သည်။

ရွက်ဖျင်တဲထဲတွင် မီးတောက်များနှင့် မျက်စိကျိန်းမတတ် အလင်းရောင်များဖြင့် ပြည့်နှက်သွားသည်။ ပိုင်ဟောက်မှာမူ စိတ်ပျက်လက်ပျက်နှင့် အသားများတဆတ်ဆတ်တုန်ယင်နေတော့သည်။ သူ၏ ဝိညာဥ်သိုလှောင်စေတီတော်မှာ အကာအကွယ် အနည်းငယ်ပေးစွမ်းနိုင်ပါသော်လည်း သူသည် ပေါက်ကွဲမှုနှင့် အလွန်နီးကပ်နေသည့်အတွက် ဒဏ်ရာမရပဲ လွတ်မြောက်နိုင်ချေ မရှိပေ။

" ငါတော့သွားပြီ။ ကိစ္စချောပြီ "

သူက စိတ်ထဲတွင် ငိုကြွေးလိုက်သည်။ သို့သော် ထိုမီးတောက်များ ပျံထွက်လာချိန်တွင် ပိုင်ရှောင်ချန်းမှာ လျင်မြန်စွာ လှုပ်ရှားလိုက်သည်။ သူက ပိုင်ဟောက်ကို ဆုပ်ကိုင်လိုက်ပြီးနောက် သူ၏လိပ်ဒယ်အိုးဖြစ်သော အနက်ရောင်အလင်းတန်းတစ်ခု ပေါ်ထွက်လာသည်။ ထို့နောက် သူက မြေပြင်ပေါ်သို့မှောက်ချကာ ခန္ဓာကိုယ်ကိုကွေးလိုက်ပြီး ထိုဒယ်အိုးကို သူနှင့်ပိုင်ဟောက်တို့အပေါ်သို့ အုပ်လိုက်တော့သည်။

သူသည် ထိုကဲ့သို့ လုပ်နေကျဖြစ်နေသည့်အလား သူ၏လှုပ်ရှားမှုများမှာ လျင်မြန်ကာသွက်လက်လွန်းလှသည်။

ထိုလိပ်ဒယ်အိုး မှောက်ကျသွားသည်နှင့် တစ်ပြိုင်နက် လေထုထဲတွင် နားစည်များပင်ကွဲအက်စေနိုင်လောက်သည့် အသံတစ်သံ ပြည့်နှက်သွားသည်။

အချိန်မှာ ညဥ့်နက်နေပြီဖြစ်၍ စခန်းထဲရှိ ဝိညာဥ်ကျင့်ကြံသူအများစုမှာ အနားယူနေကြသည်။ ထိုသို့ ရုတ်တရက် ပေါက်ကွဲသံကြီးကြောင့် သူတို့အားလုံး လန့်နိုးသွားရပြီး မည်သို့မျှ မလုပ်နိုင်ခင်မှာပင် ဧရာမမီးပင်လယ်ကြီးတစ်စင်းမှာ တလိပ်လိပ် ထွက်ပေါ်လာသည်။

ထိုမီးတောက်များမှာ ကြီးမားလွန်းပြီး တစ်ခါတရံတွင် ဆယ့်ငါးရောင်ရှိကာ တစ်ခါတရံတွင် ဆယ့်ခြောက်ရောင်ရှိနေသည်။ ထို့အပြင် ၎င်းမှာ ကောင်းကင်မှကျလာသည်မဟုတ်ပဲ ပိုင်ရှောင်ချန်း၏ ရွက်ဖျင်တဲထဲမှစ၍ ပျံ့ထွက်လာသည်။ အဝေးကနေကြည့်လိုက်ပါက ရွက်ဖျင်တဲပေါင်းများစွာပြာပုံဘဝ ရောက်သွားပြီး ထိုနေရာရှိ အရာအားလုံးမှာ မီးလောင်ကျွမ်းကာ မည်းတူးသွားသည်ကို မြင်နိုင်ပေသည်။

စခန်းတစ်ဝက်လောက်အထိ မီးဒဏ်သင့်သွားသည်။ ထိုမီးပင်လယ်ကြီး ပျံ့နှံ့နေစဥ် ပိုင်ရှောင်ချန်း ပြန်စုစည်းရန်အချိန်မရလိုက်သည့် အမုန်းဝိညာဥ်များမှာ ဝိညာဥ်မီးတောက်များအသွင်ပြောင်းလဲကာ အခြေအနေကိုပိုဆိုးရွာအောင် လုပ်နေကြသဖြင့် မရေမတွက်နိုင်သော အော်ဟစ်မြည်တမ်းသံများ ထွက်လာကြသည်။

အဆောက်အဦများစွာ ပျက်စီးသွားကြပြီး ရွက်ဖျင်တဲပေါင်းများစွာ ပြာကျသွားကြသည်။ တစ်ခါထဲ မပျက်စီးသွားသည့် အရာများဆိုလျှင် မီးတောက်များ၏ ဖုံးလွှမ်းခြင်းကိုခံလိုက်ရသည်။ ထို့အပြင် ထိုမီးမှာ ချပ်ဝတ်တန်ဆာများကိုပါ လောင်ကျွမ်းစေနိုင်လောက်အောင် တမူထူးခြားသဖြင့် ဝိညာဥ်ကျင့်ကြံသူအမြောက်အမြားမှာ သူတို့၏ ချပ်ဝတ်တန်ဆာများကို ချွတ်ကာ တချိန်ထဲမှာပင် နာကျင်စွာ အော်ဟစ်နေကြရတော့သည်။

ဤရုတ်တရက် ပေါက်ကွဲမှုကြောင့် စခန်းတစ်ခုလုံးမှာ ရှုတ်ယှက်ခတ်ကုန်ကြသည်။

" ဘာတွေဖြစ်နေတာလဲ "

" ငါမီးစွဲနေပြီဟ "

" ဘုရားရေ။ ဘာတွေဖြစ်ပျက်နေတာတုံး "

လူများစွာ ထွက်ပေါ်လာပြီး အချို့မှာ မီးငြှိမ်းကာ အချို့မှာ မီး၏ဇာတ်မြစ်ကို ရှာဖွေနေကြသည်။

အော်ဟစ်မြည်တမ်းသံများမှာ တစ်ခဏအတွင်း မခံမရပ်နိုင်လောက်အောင် ဆူညံလာကြတော့သည်။

ထိုစဥ် ပိုင်ရှောင်ချန်း၏ရွက်ဖျင်တဲ ရှိခဲ့သောနေရာတွင် အနက်ရောင်ဒယ်အိုးကြီးတစ်လုံးကို မြင်နိုင်သည်။ ၎င်း၏ အောက်ပိုင်းမှာ ဖြည်းညင်းစွာ အနည်းငယ်မျှ ပွင့်လာပြီး မျက်လုံးတစ်လုံး ပြူထွက်လာသည်။

ပိုင်ရှောင်ချန်းမှာ မျက်တောင်တဖျတ်ဖျတ် ခတ်လိုက်ပြီး သူ၏ခေါင်းကိုအပြင်သို့ ထုတ်ကာ သူ၏ပတ်ပတ်လည်ရှိ မီးထဲရောက်နေသော အရာအားလုံးနှင့် အုတ်အော်သောင်းနင်းဖြစ်နေသည့် စခန်းကိုကြည့်လိုက်တော့သည်။ သူ၏ဘေးတွင် ပိုင်ဟောက်မှာလည်း မရဲတရဲကြည့်နေသည်။ သူတို့ယခုလေးတင် ကြုံတွေ့ခဲ့ရသည့် အန္တရာယ်ကြီးကိုတွေးလိုက်ရုံနှင့် သူ တုန်ရီနေဆဲပင်။

ပိုင်ရှောင်ချန်းက အပြစ်ရှိသည့်ပုံစံဖြင့် ချောင်းဟန့်လိုက်ပြီး ဆိုလိုက်သည်။

" မပူပါနဲ့ ဆရာ့မှာ ဒီလိုကိစ္စနဲ့ပတ်သတ်ရင် အတွေ့အကြုံအများကြီးရှိပြီးသား။ ဒီမှာကြည့်၊ ငါတို့နှစ်ယောက် ဘာမှမဖြစ်ဘူးမလား။ "

ပိုင်ဟောက်မှာမူ ပို၍ဆွံ့အသွားပြီး စိုးရိမ်ထိတ်လန့်စွာ ပြန်ပြောလိုက်သည်။

" ဆရာ၊ ကျွန်တော်တို့ ပြဿနာအကြီးကြီးတစ်ခု ရှာမိပြီနော် "

ပိုင်ရှောင်ချန်းမှာ ကြောက်လန့်နေသော်လည်း သူ၏တပည့်ရှေ့တွင်ရှိနေသည့်အတွက် ဟန်ဆောင်ထားရမည်ဖြစ်၍ သူက နှစ်သိမ့်သည့်အနေဖြင့်ဆိုလိုက်သည်။

“ ကိစ္စမရှိဘူး။ ဒီလိုကိစ္စတွေနဲ့ ပတ်သက်လို့လည်း ဆရာ့မှာ အတွေ့အကြုံအများကြီး ရှိပြီးသားပါကွ "

All Chapters