← Chapters

အခန်း (၂၃၅၁-၂၃၅၂)

Vol. 176 Ch. 2351-2352

အခန်း (၂၃၅၁-၂၃၅၂)

Vol. 176 Ch. 2351-2352

အခန်း(၂၃၅၁)

“စီနီယာ ကျွန်တော်တို့ ဘာဆက်လုပ်ကြမလဲ”

ကျင့်ကြံသူအများအပြား လမ်းလွှဲမှ သွားသည်ကို မြင်လိုက်ရလျှင် ဟုန်ထျန်းယန်သည် ကျန်းချန်ကို ခပ်တိုးတိုး မေးလိုက်သည်။

“သူတို့ကို ဂရုစိုက်မနေနဲ့.. ဆက်သွားရအောင်”

ထိုစကားကို ပြောလိုက်ပြီးနောက်တွင် ကျန်းချန်သည် နောက်သို့ပင် လှည့်မကြည့်ဘဲ ရထားလုံးထဲသို့ ပြန်ဝင်သွားခဲ့သည်။

အင်မော်တယ်တိုက်၏ နံပါတ်တစ် မိသားစုဟု ခေါ်ဆိုကြသည့် တန်မိသားစုသည် ကျန်းချန်၏ မျက်လုံးထဲတွင် ဘာမှမဟုတ်ပေ။

ရက်အနည်းငယ် တံခါးပိတ် ကျင့်ကြံပြီးနောက်တွင် ကျန်းချန်၏ ခန္ဓာကိုယ်ထဲရှိ ဒဏ်ရာများသည် လုံးဝ ပြန်လည်သက်သာလာခဲ့ပြီး သူ၏ ခွန်အားသည် အထွတ်အထိပ်အခြေအနေသို့ ပြန်လည် ရောက်ရှိနေပြီ ဖြစ်သည်။

ထို့ကြောင့် တန်မိသားစုမပြောနှင့်၊ အင်မော်တယ်ဂိုဏ်းကြီး ငါးဂိုဏ်း ဖြစ်နေလျှင်ပင် ကျန်းချန်သည် ကြောက်ရွံ့နေမည် မဟုတ်ပေ။

ကျန်းချန်၏ အမိန့်ကို ရရှိပြီးနောက်တွင် ဟုန်ထျန်းယန်သည် နောက်ထပ် တုံ့ဆိုင်းမနေတော့ဘဲ မီးလျှံမြင်းကို ရှေ့သို့ ဆက်သွားရန် တိုက်တွန်းလိုက်သည်။

ထိုမြင်ကွင်းသည် ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူ အများအပြားကို အံ့အားသင့်သွားစေခဲ့သည်။

သူတို့၏ အကြည့်အားလုံးသည် ကျန်းချန်နှင့် ရထားလုံး ဆီသို့ ကျရောက်သွားခဲ့သည်။

ရထားလုံးပိုင်ရှင်သည် တစ်ဖက်မှ လူနှစ်ယောက်က မည်သူမည်ဝါ ဖြစ်မှန်း သိရှိပြီးနောက်မှာပင် ရှေ့သို့ ဆက်လက်သွားရဲလိမ့်မည်ဟု သူတို့ မထင်ထားခဲ့ကြပေ။

ဤအခိုက်အတန့်တွင် ကျင့်ကြံသူအားလုံး၏ မျက်ဝန်းထဲ၌ စိတ်ဝင်စားသော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။

တန်မိသားစုမှ လူများကို အင်မော်တယ်ဂိုဏ်းကြီး ငါးဂိုဏ်းပင်လျှင် မျက်နှာသာ ပေးရ၏။

ထို့ကြောင့် ရထားလုံးပိုင်ရှင်က မည်သူ ဖြစ်နေ၍ တန်မိသားစုကိုပင် မျက်လုံးထဲ မထည့်သလဲ ဆိုသည်ကို သူတို့ သိချင်နေခဲ့ကြသည်။

“ဒီကမိတ်ဆွေ.. ငါတို့မိသားစုရဲ့ ဒုတိယသခင်လေးက ရှေ့နားမှာ မြူခိုးအင်မော်တယ်ဂိုဏ်းက နတ်မိမယ် ကျိယွင်နဲ့ စကားပြောနေတဲ့အတွက် ဒီနေရာမှာ ဖြတ်သန်းသွားလာခွင့်ကို ပိတ်ပင်ထားတယ်”

လူငယ်ကျင့်ကြံသူက ဟုန်ထျန်းယန်ကို ကြည့်ကာ အေးစက်စက် ပြောလိုက်သည်။

သူ၏ လေသံက အတော်လေး အထက်စီးဆန်နေခဲ့၏။

“မင်းသာ နောက်ထပ် ခြေတစ်လှမ်း ထပ်တိုးရဲတယ်ဆိုရင် မင်းတို့ အပေါ်မှာ ရက်စက်တယ်ဆိုပြီး ငါ့ကို အပြစ်မတင်နဲ့”

လူငယ်ကျင့်ကြံသူ၏ စကားကိုကြားလျှင် ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများသည် လှုပ်လှုပ်ရှားရှားဖြစ်သွားခဲ့ကြသည်။

တန်မိသားစု၏ ဒုတိယသခင်လေး တန်နင်သည် တန်မိသားစု၏ မျိုးဆက်သစ် လူငယ်များထဲတွင် အဂ္ဂိရတ်ပညာရပ်နှင့် သိုင်းပညာရပ်ကိုပါ ကျွမ်းကျင်သူဖြစ်ပြီး အဂ္ဂိရတ်ပညာရပ်တွင် အလွန်အမင်း ထူးချွန်ရုံသာမက ဝိညာဥ်ခွဲထွက်ခြင်း အဆင့်ကိုရောက်ရှိနေသည့် ပါရမီရှင်တစ်ယောက်လည်း ဖြစ်သည်။

နတ်မိမယ်ကျိယွင်ကမူ အင်မော်တယ်ဂိုဏ်းကြီး ငါးဂိုဏ်းထဲမှ တစ်ဂိုဏ်း ဖြစ်သည့် မြူခိုးအင်မော်တယ်ဂိုဏ်း၏ အဓိကတပည့် ဖြစ်ပြီး သူမသည်လည်း ဝိညာဥ်ခွဲထွက်ခြင်းအဆင့်တွင် ရှိသည့် ပြိုင်ဘက်ကင်း ပါရမီရှင်တစ်ဦး ဖြစ်သည်။

“ပါရမီရှင်နှစ်ယောက်က ရှေ့မှာ ဆုံတွေ့နေကြတာကိုး.. ဒါကြောင့်လည်း တန်မိသားစုဝင်နှစ်ယောက်က ဒီလောက်အထိ မောက်မာပြီး ဗိုလ်ကျနေတာပဲ ဖြစ်မယ်”

လူတိုင်းက ထိုအကြောင်းကို ဆွေးနွေးနေကြသော်လည်း သူတို့၏ အကြည့်ကမူ ကျန်းချန်နှင့် ရထားလုံး ဆီသို့သာ ရောက်ရှိနေခဲ့ကြသည်။

တန်မိသားစု၏ ဒုတိယသခင်လေး တန်နင်နှင့် မြူခိုးအင်မော်တယ်ဂိုဏ်း၏ တပည့်ရင်း ဖြစ်သည့် နတ်မိမယ်ကျိယွင်တို့ နှစ်ဦးကို လမ်းစဥ်ပေါင်းစည်းခြင်း ပုဂ္ဂိုလ်တစ်ဦးပင်လျှင် အလွယ်တကူ စော်ကားရဲမည် မဟုတ်ချေ။

ထို့ကြောင့် ရထားလုံးပိုင်ရှင်က ဤကိစ္စကို မည်ကဲ့သို့ ကိုင်တွယ်မည်အား သူတို့ သိချင်နေခဲ့ကြသည်။

“ဟားဟား အင်မော်တယ်တိုက်ရဲ့ နံပါတ်တစ်မိသားစု ဆိုတဲ့ဂုဏ်ပုဒ်နဲ့ ထိုက်တန်သားပဲ.. မင်းတို့က တကယ်ကို ဗိုလ်ကျလွန်းတယ်.. ဒါပေမဲ့ ဒါက တန်ယန်မြို့ မဟုတ်သလို မင်းတို့ တန်မိသားစုရဲ့ နယ်မြေလည်းမဟုတ်ဘူး.. ငါတို့ ခရီးသွားနေတာကို ပိတ်ပင်ရအောင် မင်းတို့မှာ ဘယ်လောက်အထိ အရည်အချင်း ရှိနေလို့လဲ.. ငါ့ရဲ့သခင်လေးက ဒီနေ့ဒီနေရာကနေ ဖြတ်သွားမယ် ဘယ်သူမဆို သူ့ကို တားရဲရင် ကိုယ့်အန္တရာယ် ကိုယ်ရှာတာပဲ”

ဟုန်ထျန်းယန်က အေးစက်စက် ပြောလိုက်သည်။

အကယ်၍ သူသာ ကျန်းချန်နှင့်အတူ ရွှမ်ယန်ဂိုဏ်းသို့ မသွားဘူးဘဲ တန်မိသားစုနှင့် မြူခိုးအင်မော်တယ်ဂိုဏ်းမှ တပည့်များကို ရင်ဆိုင်ရလျှင် ဟုန်ထျန်းယန်သည် ကြောက်ရွံ့လွန်း၍ တုန်ယင်နေပေလိမ့်မည်။

ယခုအခါတွင် ကျန်းချန်၏ နက်ရှိုင်းသော စွမ်းရည်များကို မြင်တွေ့ခဲ့ပြီ ဖြစ်ရာ ဟုန်ထျန်းယန်သည် သဘာဝကျစွာပင် ယုံကြည်မှုများ ပြည့်ဝနေခဲ့၏။

တန်မိသားစုသည် အင်မော်တယ်တိုက်တွင် နံပါတ်တစ်မိသားစု အဖြစ် လူသိများသော်လည်း ထိုသို့ လူသိများခြင်းမှာ အဓိကအားဖြင့် တန်မိသားစု၏ အဂ္ဂိရတ်ပညာရပ်ကြောင့်သာ ဖြစ်သည်။

ဆိုရလျှင် တန်မိသားစုသည် အဂ္ဂိရတ်ပညာရပ်ဖြင့် ကျင့်ကြံခြင်း လောကတွင် ကျယ်ပြန့်သော အဆက်အသွယ်များကို တည်ဆောက်ထားနိုင်ခြင်းကြောင့် ဖြစ်၏။

တိုက်ခိုက်ရေးစွမ်းရည်ပိုင်းတွင်မူ တန်မိသားစုသည် ရွှမ်ယန်ဂိုဏ်းနှင့် အတူတူလောက်သာ ဖြစ်သည်။

ကျန်းချန်သည် တစ်ကိုယ်တော်စွမ်းရည်ဖြင့်ပင် ရွှမ်ယန်ဂိုဏ်းကို အညံ့ခံစေခဲ့ပြီး သက်ရှည်တောင်တန်း၏ ဝင်ခွင့်နေရာ တစ်နေရာကိုပင် နာခံစွာ ပေးအပ်စေခဲ့သည်။

သို့ဖြစ်ရာ တန်မိသားစုသည် ကျန်းချန်ကို မည်ကဲ့သို့ အနိုင်ယူနိုင်ပါမည်နည်း။

“ငါတို့ တန်မိသားစုရှေ့မှာ မောက်မာရဲတယ်.. မင်းသေဖို့သာ ပြင်ထားလိုက်တော့”

တန်မိသားစုမှ ကျင့်ကြံသူနှစ်ဦးဖြစ်သည့် အဘိုးအိုနှင့် လူငယ်တို့၏ မျက်နှာ အမူအရာများသည် ချက်ချင်းပင် အလွန်တရာ သုန်မှုန်သွားခဲ့သည်။

ထိုမြင်ကွင်းကိုမြင်လျှင် ဘေးမှ ကြည့်နေသော ကျင့်ကြံသူအားလုံးသည် ထိတ်လန့်သွားခဲ့ကြ၏။

အင်မော်တယ်တိုက်၏ နံပါတ်တစ်မိသားစု ဖြစ်သည့်အလျောက် တန်မိသားစုသည် အမြဲတစေ ဗိုလ်ကျတတ်ခြင်းကြောင့် လူသိများပြီး တလောကလုံးရှိ အင်မော်တယ်ကျင့်ကြံသူအားလုံးသည် တန်မိသားစုကို ကြောက်ရွံ့ကြသည်။

ယခုအခါ ရထားလုံး၏ ပိုင်ရှင်သည် တန်မိသားစု၏ အရှိန်အဝါကိုပင် စိန်‌ခေါ်ရဲလိမ့်မည်ဟု မည်သူမှ မထင်မှတ်ထားခဲ့ပေ။

“ငါတို့ တန်မိသားစုကို စော်ကားရဲမှတော့ သေဖို့သာ ပြင်ထားလိုက်တော့”

လူငယ်ကျင့်ကြံသူက ကျယ်လောင်စွာ ကြုံးဝါးလိုက်ပြီး အစိမ်းရောင် ဓားရှည်တစ်လက်ကို ထုတ်ယူကာ ဓားကွက်တစ်ကွက်ကို ထုတ်ဖော်လိုက်ရာ ပေတစ်ရာခန့် ရှိသော ဓားအလင်းသည် ရထားလုံးကို မောင်းနှင်နေသော ဟုန်ထျန်းယန် ဆီသို့ ဦးတည်လာခဲ့သည်။

ဤမြင်ကွင်းသည် ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများကို လှုပ်လှုပ်ရှားရှား ဖြစ်သွားစေခဲ့၏။

“နံပါတ်တစ် မိသားစုက မွေးဖွားလာတဲ့ သန္ဓေဝိညာဥ်အဆင့် ပါရမီရှင်ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ထိုက်တန်ပါပေတယ်.. ဒီဓားချက်က သာမန် သန္ဓေဝိညာဥ်အဆင့် ကျင့်ကြံသူတွေကို စက္ကန့်ပိုင်းအတွင်း သတ်ပစ်ဖို့တောင် လုံလောက်တယ်”

လူငယ်ကျင့်ကြံသူ ခုတ်ပိုင်းလိုက်သော ဓားချက်ကို မြင်လျှင် ဟုန်ထျန်းယန်သည် ထိုဓားချက်ကို သူ မခုခံနိုင်မှန်း သိသော်လည်း အလွန်တရာ တည်ငြိမ်နေခဲ့ပြီး ပြာယာခတ်သောအမူအရာ လုံးဝမရှိပေ။

သူက လေထုကို ထိုးခွဲကာ သူ့ထံသို့ ဦးတည်လာသော ဓားအလင်းတန်းကို လျစ်လျူရှုလိုက်ပြီး အံ့ဩထိတ်လန့်နေသော အကြည့်များအောက်မှာပင် ရထားလုံးကို ဆက်လက် မောင်းနှင်လာခဲ့သည်။

ထိုဓားအလင်းက ဟုန်ထျန်းယန်ကို ထိမိတော့မည့်အချိန်မှာပင် ရထားလုံးကနေ ရွှေရောင်ဓားစွမ်းအင် တစ်ခုသည် ထွက်ပေါ်လာခဲ့သည်။

ထိုဓားစွမ်းအင်က လေထုကို ထိုးဖောက်သွားခဲ့ပြီး ပေတစ်ရာခန့်ရှိ ဓားအလင်းကို တိကျစွာ ထိမှန်ကာ ထိုဓားအလင်းအား အပိုင်းပိုင်း ပြတ်ထွက်သွားစေခဲ့သည်။

ရွှေရောင်ဓားစွမ်းအင်က ဤမျှနှင့် မပြီးသေးဘဲ ကျင့်ကြံသူ၏ ခန္ဓာကိုယ်ကိုပါ သက်ရောက်သွားခဲ့သည်။

ထိုအခိုက်အတန့်တွင် လူငယ်ကျင့်ကြံသူသည် ဧရာမတူတစ်လက်ဖြင့် အထုခံလိုက်ရသကဲ့သို့ဖြစ်သွားခဲ့ပြီး ပေထောင်ပေါင်းများစွာ အကွာအဝေး အထိ လွင့်စင်ကာ သွေးများကို အန်ထုတ်လိုက်ရသည်။

သူ၏ တစ်ကိုယ်လုံးသည် ရွှေရောင်ဓားစွမ်းအင်ကြောင့် အက်ကွဲကြောင်း များစွာ ဖြစ်ပေါ်လာခဲ့ပြီး တစ်စစီ ပြတ်တောက်သွားတော့မည့် အခြေအနေသို့ ရောက်ရှိသွားခဲ့သည်။

ဤမြင်ကွင်းကိုမြင်လျှင် ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူအားလုံးသည် အံ့အားသင့်သွားခဲ့သည်။

ရထားလုံးထဲမှ ပုဂ္ဂိုလ်သည် တန်မိသားစုမှ သန္ဓေဝိညာဥ်အဆင့် ပါရမီရှင်ကို စက္ကန့်ပိုင်းအတွင်း အနိုင်ယူနိုင်ခဲ့သည် မဟုတ်ပါလော။

ဆိုရလျှင် ရထားလုံးထဲမှ သခင်လေးသည် အံ့ဩဖို့ကောင်းလောက်အောင် အစွမ်းထက်နေခဲ့၏။

“မင်းဘယ်သူလဲ.. ငါတို့ တန်မိသားစုကို တကယ်ပဲ ဆန့်ကျင်ချင်နေတာလား”

တန်မိသားစုမှ အဘိုးအိုသည် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

“အသက်သုံးရှိုက်စာ အချိန်အတွင်း မင်းတို့တွေ ထွက်မသွားရင် သေရမယ်”

ထိုအခိုက်အတန့်တွင် ရထားလုံးထဲမှ အေးစက်စက် အသံတစ်သံသည် လူတိုင်း၏ နားထဲကို တိုက်ရိုက်ပင် ပဲ့တင်ထပ်သွားခဲ့၏။

ရထားလုံးထဲမှ ထွက်ပေါ်လာသော စကားသံကိုကြားလျှင် လူတိုင်းသည် အသက်ရှူမှားမတတ်ပင် ဖြစ်သွားခဲ့ကြသည်။

ရထားလုံးထဲမှ လူသည် တန်မိသားစုကို အဆုံးစွန်အထိ တိုက်ခိုက်တော့မည့်ပုံ ပေါ်နေခဲ့သည် မဟုတ်ပါလော။

“ကောင်းပြီလေ.. ဒါဆိုလည်း ငါက မင်းရဲ့ဆန္ဒကို ဖြည့်ဆည်းပေးရသေးတာပေါ့”

တန်မိသားစုမှ အဘိုးအိုက အေးစက်စက် ရေရွတ်လိုက်သည်။

ယင်းနောက်တွင် အဘိုးအို၏ ခန္ဓာကိုယ်ကနေ ဝိညာဥ်ခွဲထွက်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦး၏ အားကောင်းသောအရှိန်အဝါသည် ပတ်ဝန်းကျင်ကို ချက်ချင်းဆိုသလို လွှမ်းခြုံသွားခဲ့သည်။

ပတ်ဝန်းကျင်မှ ကျင့်ကြံသူ အများအပြားသည် တန်မိသားစုမှ အဘိုးအို၏ အားကောင်းသော အရှိန်အဝါ ဖိအားအောက်တွင် မျက်နှာများ ဖြူဖျော့သွားကြပြီး အသက်ရှူရကြပ်သလို ခံစားလိုက်ရသည်။

ထို့နောက်တွင် အဘိုးအိုက လက်ဖဝါးကို လှုပ်ရှားလိုက်ရာ ကြောက်မက်ဖွယ်စွမ်းအင်များသည် လေထုထဲတွင် ဧရာမမီးလျှံ လက်ဝါးကြီး တစ်ခုအဖြစ် ချက်ချင်းဆိုသလို ပြောင်းလဲသွားခဲ့ပြီး လေထုကိုပင် လောင်ကျွမ်းစေလောက်သည့် ပူပြင်းသော စွမ်းအင်များနှင့်အတူ ရထားလုံး ဆီသို့ ဦးတည်လာခဲ့သည်။

ထိုအခိုက်အတန့်တွင် ရထားလုံးထဲကနေ အထင်သေးစွာ ရေရွတ်လိုက်သော စကားသံတစ်သံ ထွက်ပေါ်လာခဲ့သည်။

“ပုရွက်ဆိတ်လိုကောင်ကများ ငါ့ကို တိုက်ခိုက်ရဲတယ်လား”

ထိုစကားသံ အဆုံးသတ်သည်နှင့် နောက်ထပ် ရွှေရောင်ဓားစွမ်းအင်တစ်ခုသည် ရထားလုံးထဲကနေ ထွက်ပေါ်လာခဲ့သည်။

ထိုရွှေရောင်ဓားစွမ်းအင်သည် လေထုကို ထိုးဖောက်သွားခဲ့ပြီး ဧရာမ မီးလျှံလက်ဝါးကို တို့ဟူးကို လှီးဖြတ်သကဲ့သို့ ချက်ချက်ပင်း အမှုန့်ချေ ဖျက်ဆီးပစ်လိုက်ပြီး တန်မိသားစုမှ အဘိုးအို ဆီသို့ သက်ရောက်သွားခဲ့သည်။

နောက်ထပ် တစ်ခဏတွင်မူ တန်မိသားစုမှ အဘိုးအို၏ ခန္ဓာကိုယ်သည် နှစ်ပိုင်း ကွဲထွက်သွားခဲ့ပြီး လေထုထဲကနေ မြေပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့သည်။

အခန်း(၂၃၅၁)ပြီး၏။

အခန်း(၂၃၅၂)

လေထဲကနေ မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည့် တန်မိသားစုမှ အဘိုးအို၏ အလောင်းကို မြင်လျှင် ပတ်ဝန်းကျင်တစ်ခုလုံးသည် တစပြင်နှယ် တိတ်ဆိတ်သွားခဲ့သည်။

တန်မိသားစုမှ အဘိုးအိုသည် ရထားလုံးပိုင်ရှင်၏ တိုက်ခိုက်မှုအောက်တွင် ခန္ဓာကိုယ်နှစ်ပိုင်း ပြတ်ထွက်သွားခဲ့ပြီး စိတ်ဝိညာဥ်ပင်လျှင် ထိုဓားချက်အောက်၌ ဘာမှ မကျန်ရှိတော့ဘဲ ပျောက်ကွယ်သွားရလိမ့်မည်ဟု သူတို့ လုံးဝ မထင်မှတ်ထားခဲ့ကြပေ။

သိထားရမည့်အချက်မှာ တန်မိသားစုမှ အဘိုးအိုသည် ဝိညာဥ်ခွဲထွက်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်နေခြင်းပင်။

ဝိညာဥ်ခွဲထွက်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်ကို တစ်ကွက်တည်းဖြင့် သတ်ဖြတ်နိုင်သည် ဆိုသည်မှာ မည်မျှပင် ကြောက်မက်ဖွယ်ရာ ကောင်းလိုက်ပါသနည်း။

ထို့ကြောင့် ရထားလုံးထဲမှ လျှို့ဝှက်ဆန်းကြယ်သော ပုဂ္ဂိုလ်သည် အနည်းဆုံး လမ်းစဥ်ပေါင်းစည်းခြင်း အဆင့်တွင် ရှိသည့် အင်မော်တယ် ကျင့်ကြံသူတစ်ဦး ဖြစ်နိုင်လောက်၏။

“မင်း.. မင်း ငါတို့ တန်မိသားစုဝင်ကို တကယ်ပဲ သတ်ရဲတယ်လား”

ဝိညာဥ်ခွဲထွက်ခြင်း အဆင့်ကို ရောက်ရှိနေသည့် အကြီးအကဲက ဓားချက် တစ်ချက်တည်းဖြင့်ပင် အသတ်ခံလိုက်ရသည်ကို မြင်လျှင် အစောပိုင်းက ဒဏ်ရာပြင်းထန်စွာ ရရှိထားသော လူငယ်၏ မျက်ဝန်းထဲ၌ ထိတ်လန့်သော အရိပ်အယောင်များ ဖုံးဖိမရစွာ ဖြစ်ပေါ်လာခဲ့သည်။

သို့သော် ရထားလုံးထဲက ပုဂ္ဂိုလ်သည် လူငယ်ကျင့်ကြံသူ၏ စကားကို အကြောင်းမပြန်ခဲ့ပေ။

ဟုန်ထျန်းယန်က ရထားလုံးကို ရှေ့သို့ဆက်လက် မောင်းနှင်လိုက်ရာ မီးလျှံနတ်မြင်းသည် လူငယ်ကျင့်ကြံသူဆီသို့ မီးလုံးတစ်လုံးကဲ့သို့ ဦးတည်လာခဲ့သည်။

လူငယ်ကျင့်ကြံသူ၏ မျက်နှာအမူအရာက ပြောင်းလဲသွားခဲ့ပြီး သူ၏ ခန္ဓာကိုယ်မှ ဒဏ်ရာများကိုပင် ဂရုမစိုက်နိုင်တော့ဘဲ ယိုင်တိယိုင်တိုင်ဖြင့် အလျင်အမြန် ရှောင်တိမ်းလိုက်ရကာ ရထားလုံးရှေ့သို့ ဆက်လက် မောင်းနှင်သွားသည်ကို ကြည့်နေရုံသာ တတ်နိုင်ခဲ့၏။

လူငယ်ကျင့်ကြံသူ၏ မျက်နှာက အလွန်တရာ သုန်မှုန်သွားခဲ့ပြီး လျှို့ဝှက်အသံလွင့် နည်းစနစ်ကို အလျင်အမြန် အသုံးပြုကာ ဤနေရာမှ အခြေအနေကို ဒုတိယသခင်လေး တန်နင်ထံသို့ အကြောင်းကြားလိုက်၏။

“ဒီရထားလုံးပိုင်ရှင်က ဘယ်သူလဲမသိဘူး.. တကယ်ကို အစွမ်းထက်လွန်းတာပဲ”

“အမှန်ပဲ.. တန်မိသားစုက ဝိညာဥ်ခွဲထွက်ခြင်းအဆင့် ကျင့်ကြံသူကိုတောင် သတ်ရဲတယ်.. ဒါက တန်မိသားစုကို မျက်စိထဲ လုံးဝ မထည့်တာပဲ"

"သွားကြစို့ ငါတို့အမြန် လိုက်ကြည့်ရအောင်"

"ရှေ့မှာ တန်မိသားစုရဲ့ ဒုတိယသခင်လေး တန်နင်နဲ့ မြူခိုး အင်မော်တယ်ဂိုဏ်းက နတ်မိမယ် ကျိယွင်တို့ ရှိနေတာဆိုတော့ ပွဲကြီးပွဲကောင်း ကြည့်ရတော့မယ် ထင်တယ်”

ကျင့်ကြံသူ အများအပြားက ထိုကိစ္စကို ဆွေးနွေးရင်း အလျင်အမြန်ပင် နောက်မှ လိုက်သွားကြသည်။

တစ်ချိန်တည်းမှာပင် မိုင်ပေါင်းရာချီ ဝေးကွာသော လေထုထဲတွင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးသည် ပခုံးချင်းယှဥ်၍ လမ်းလျှောက်နေခဲ့ကြသည်။

ထိုအမျိုးသားသည် ရုပ်ရည်ချောမောပြီး ထူးခြားသောအရှိန်အဝါရှိကာ ဝိညာဥ်ခွဲထွက်ခြင်း အဆင့်၏ အလယ်အလတ် အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

အမျိုးသမီးကမူ သွယ်လျပြီး ဆွဲဆောင်မှုရှိသော ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထား၏။

သူမက အဖြူရောင်ဝတ်စုံရှည်ကို ဝတ်ဆင်ထားကာ မျက်နှာကို ပိတ်စပါးလေး တစ်ခုဖြင့် ဖုံးအုပ်ထား၏။

သူမ၏ အသားအရည်က ကျောက်စိမ်းကဲ့သို့ ကြည်လင်နေခဲ့ပြီး ကျင့်ကြံခြင်း အဆင့်ကမူ နံ‌ဘေးမှ အမျိုးသားထက် အနည်းငယ်သာ နိမ့်ကျသည်။

သူတို့နှစ်ဦး၏ အနောက်ဘက်တွင် ကျင့်ကြံသူ ဆယ်ဂဏန်းကျော်သည် ရိုသေစွာ ရပ်နေခဲ့ကြသည်။

ထိုကျင့်ကြံသူ ဆယ်ဦးကျော်တွင် အစွမ်းထက်ဆုံး နှစ်ဦးသည် ဝိညာဥ်ခွဲထွက်ခြင်း အဆင့်သို့ပင် ရောက်ရှိနေကြပြီး ကျန်ကျင့်ကြံသူများကမူ သန္ဓေဝိညာဥ်အဆင့်ကို ရောက်ရှိနေကြပြီဖြစ်သည်။

“စီနီယာအစ်ကိုတန်နင်.. ကျိယွင် ဒီတစ်ခေါက် တန်မိသားစုဆီ လာတာက လမ်းစဥ်ပေါင်းစည်းခြင်း အဆင့်ကို တက်လှမ်းဖို့အတွက် လမ်းစဥ်ပေါင်းစည်းခြင်း နတ်ဆေးလုံးတစ်လုံးကို လိုချင်လို့ပါ.. စီနီယာအစ်ကိုက ကျွန်မအတွက် တစ်ခုခုပြောပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်”

နတ်မိမယ်ကျိယွင်က သူမ၏ နီမြန်းသော နှုတ်ခမ်းလွှာလေးကို အသာအယာ ဖွင့်ဟ၍ ပြောလိုက်သည်။

သူမ၏ စကားသံသည် အလွန်ပင် ချိုသာလှ၏။

တန်နင်က ပြုံး၍ ပြောလိုက်သည်။

“ဒီကိစ္စလောက်က အသေးအဖွဲလေးပါ.. နတ်မိမယ်ကျိယွင် ဘာမှစိတ်မပူနဲ့.. လမ်းစဥ်ပေါင်းစည်းခြင်း နတ်ဆေးလုံး ကိစ္စကို ငါ့တာဝန်သာ ထားလိုက်ပါ”

တန်မိသားစု၏ ဒုတိယသခင်လေး ဖြစ်သည့် အပြင် တန်မိသားစု၏ ထိပ်တန်း ပါရမီရှင်များထဲမှ တစ်ဦးဖြစ်၍ တန်နင်၏ အဆင့်အတန်းသည် တန်မိသားစုတွင် ထူးခြားသည်။

ထို့ကြောင့် နတ်မိမယ်ကျိယွင် အတွက် လမ်းစဥ်ပေါင်းစည်းခြင်းအဆင့် နတ်ဆေးလုံး တစ်လုံးကို ဖော်စပ်ပေးရန် တန်မိသားစုကို တောင်းဆိုရန်မှာ သူ့အတွက် မခက်ခဲပေ။

“ကျေးဇူးတင်ပါတယ် စီနီယာအစ်ကို”

နတ်မိမယ်ကျိယွင်က ပြုံး၍ ပြောလိုက်သည်။

သူမ၏ မျက်ဝန်းလေးများက အရည်လဲ့နေခဲ့ပြီး သူမ၏ အလှသည် တုနှိုင်းမမှီသော အလှမျိုး ဖြစ်သည်။

ကျိယွင်သည် မြူခိုးအင်မော်တယ်ဂိုဏ်း၏ အဓိက တပည့်ရင်းဖြစ်ပြီး ဂိုဏ်းထဲတွင် အဆင့်အတန်း အလွန်တရာမြင့်မားသော်လည်း လမ်းစဥ်ပေါင်းစည်းခြင်းအဆင့် နတ်ဆေးလုံးဆိုသည်မှာ အင်မော်တယ်ကျင့်ကြံခြင်း လောကတွင် အလွန်တရာ ရှားပါးသော ဆေးလုံးဖြစ်၍ တန်မိသားစုကသာ ဖော်စပ်နိုင်၏။

ယေဘုယျအားဖြင့် သူမ၏ အဆင့်အတန်းဖြင့်ပင် တန်မိသားစုကို လမ်းစဥ်ပေါင်းစည်းခြင်းအဆင့်နတ်ဆေးလုံးဖော်စပ်ပေးရန် တောင်းဆိုလျှင်ပင် သေချာမှုမရှိပေ။

ထို့ကြောင့် ကျိယွင်သည် တန်မိသားစု၏ ဒုတိယသခင်လေးတန်နင်နဲ့ အဆက်အသွယ် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

“နတ်မိမယ်ကျိယွင် ဘာမှ အားနာနေဖို့ မလိုပါဘူး.. နတ်မိမယ်ကျိယွင်ကို ကူညီခွင့်ရတာက တန်မိသားစု အတွက် ဂုဏ်ယူစရာပါပဲ”

တန်နင်က နတ်မိမယ်ကျိယွင်ကို ဖော်ရွေစွာ ပြုံး၍ ပြောလိုက်သည်။

ထိုအခိုက်အတန့်တွင် ရုတ်တရက် ရောက်ရှိလာသော အသံလွှင့် သတင်းပို့မှု တချို့ကြောင့် တန်နင်သည် မျက်မှောင်ကြုတ်သွားခဲ့ပြီး မျက်ဝန်းထဲတွင် မနှစ်မြို့သော အမူအရာတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

“ဟုန်ဟယ်.. ဒီသခင်လေး တားမြစ်ထားတဲ့ နေရာကို တစ်ယောက်ယောက် ကျူးကျော်ဝင်ရောက်လာတယ်.. မင်း ကိုယ်တိုင် သွားကြည့်လိုက်ပါ”

တန်နင်သည် ဝိညာဥ်ခွဲထွက်ခြင်း အလယ်အလတ် အဆင့်ရှိ ကျင့်ကြံသူ တစ်ဦးကို ချက်ချင်းပင် အမိန့်ပေးလိုက်သည်။

သူ၏ လေသံထဲတွင် သတ်ဖြတ်လိုသော အငွေ့အသက်များ ပါဝင်နေခဲ့သည်။

သူက တန်မိသားစု၏ ဒုတိယသခင်လေး ဖြစ်၍ တစ်စုံတစ်ယောက်က သူ၏ အမိန့်ကို ဖီဆန်ခဲ့လျှင် ယင်းသည် တန်မိသားစုကို မထီမဲ့မြင် ပြုခြင်းပင် မဟုတ်ပါလော။

အကယ်၍ သူသာ ထိုလူကို ပညာမပေးလိုက်လျှင် နတ်မိမယ်ကျိယွင်သည် တန်မိသားစု၏ ဒုတိယသခင်လေး ဖြစ်သည့် သူ့ကို အထင်သေးသွားပေလိမ့်မည်။

သို့ရာတွင် တန်နင်သည် ဒေါသထွက်နေသော်လည်း ဒေါသအလျောက် ပြုမူတတ်သောသူမျိုး မဟုတ်ပေ။

သူက သန္ဓေဝိညာဥ်အဆင့် ပါရမီရှင်တစ်ဦးနှင့် ဝိညာဥ်ခွဲထွက်ခြင်းအဆင့် အစောပိုင်းတွင် ရှိသော ကျင့်ကြံသူ နှစ်ဦးကို လမ်းပိတ်ရန် စေလွှတ်ထားခဲ့သည်။

အကယ်၍ တစ်စုံတစ်ဦးက ထိုနှစ်ဦး၏ တားဆီးမှုကို ဖောက်ထွက်နိုင်ခဲ့သည် ဆိုလျှင် ထိုသူ၏ စွမ်းရည်သည် သာမန် မဖြစ်နိုင်တော့ပေ။

ထို့ကြောင့် တန်နင်သည် ဝိညာဥ်ခွဲထွက်ခြင်းအဆင့် နှောင်းပိုင်းတွင်ရှိသော ဟုန်ဟယ်ကို စေလွှတ်လိုက်ခြင်းပင်။

“ဒုတိယသခင်လေး စိတ်မပူပါနဲ့.. ကျွန်တော်အခုပဲ သွားလိုက်ပါ့မယ်.. သခင်လေးနဲ့ နတ်မိမယ်ကျိယွင် တို့ကို လုံးဝအနှောင့်အယှက် မဖြစ်စေရပါဘူး”

ဟုန်ဟယ်ဟု‌ခေါ်သော လူလတ်ပိုင်းအရွယ် ကျင့်ကြံသူသည် စကားဆုံးသည်နှင့် သက်တန့်တစ်ခု အဖြစ်သို့ ပြောင်းလဲသွားခဲ့ကာ အရှိန်အဟုန်ဖြင့် ပြေးထွက်သွားခဲ့သည်။

“နတ်မိမယ်ကျိယွင် စိတ်မပူပါနဲ့.. ဟုန်ဟယ်က ကျွန်တော်တို့ တန်မိသားစုရဲ့ အစွမ်းထက် ကျင့်ကြံသူ တစ်ယောက်ပါ သူက ဝိညာဥ်ခွဲထွက်ခြင်း နှောင်းပိုင်းအဆင့်ကိုတောင် ရောက်နေခဲ့ပြီ.. ဝိညာဥ်ခွဲထွက်ခြင်းအဆင့် ကျင့်ကြံသူတွေ ထဲမှာတောင် သူ့ကို ယှဥ်နိုင်တဲ့သူ အတော်လေး ရှားပါတယ်”

ဟုန်ဟယ် ထွက်ခွာသွားပြီးနောက်တွင် တန်နင်သည် ယုံကြည်မှုအပြည့်ဖြင့် ပြုံးကာ‌ ပြောလိုက်သည်။

သို့သော်လည်း တန်နင်၏ စကားသံအဆုံးမှာပင် နောက်ထပ်အလျင်စလို အသံလွှင့် သတင်းပို့ချက် တစ်ခုသည် တန်နင်၏ နားထဲသို့ ရောက်ရှိလာခဲ့သည်။

ဤအခိုက်အတန့်တွင် တန်နင်၏ မျက်နှာပေါ်ရှိ အပြုံးသည် ရုတ်တရက် ရပ်တန့်သွားခဲ့၏။

သိပ်မကြာခင်မှာပင် ရထားလုံး တစ်စီးသည် အဝေးရှိ‌ ကောင်းကင်ယံတွင် ပေါ်ထွက်လာခဲ့ပြီး သူတို့၏ မြင်ကွင်းထဲသို့ ဝင်လာခဲ့သည်။

“အကြီးအကဲတန်ရန်...ရထားလုံးထဲက လူကို ဖမ်းလိုက်”

တန်နင်၏ မျက်နှာက သုန်မှုန်နေခဲ့ပြီး မျက်ဝန်းထဲတွင် ခက်ထန်သော အမူအရာများ ဖြစ်ပေါ်နေခဲ့သည်။

"ခွေးသား.. ငါတို့ တန်မိသားစုရဲ့ သခင်လေးကိုတောင် စော်ကားရဲတယ်.. သွားသေလိုက်တော့”

တန်နင်၏ ကျောဘက်ရှိ ဝိညာဥ်ခွဲထွက်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦးသည် ကျယ်လောင်စွာ ကြုံးဝါးလိုက်ပြီး လက်ထဲမှ အနီရောင်ဓားရှည်ဖြင့် ဓားကွက်တစ်ကွက် ထုတ်ဖော်ကာ ရထားလုံးကို တိုက်ခိုက်လိုက်သည်။

ထိုဓားချက် ထွက်ပေါ်လာသည်နှင့်အမျှ ကောင်းကင်နှင့်မြေကြီးသည် အရောင်မှိန်သွားခဲ့ပြီး ဓားအလင်းသည် မီးပင်လယ် တစ်ခု အဖြစ်သို့ ပြောင်းလဲကာ ရထားလုံးကို ချက်ချင်းဆိုသလို လွှမ်းခြုံသွားခဲ့သည်။

ထိုမြင်ကွင်းကို မြင်လျှင် ပွဲကြီးပွဲကောင်း ကြည့်ရှုရန် ရထားလုံးနောက်ကနေ လိုက်ပါလာကြသော ကျင့်ကြံသူအားလုံးသည် တအံ့တဩ ရေရွတ်လိုက်ကြသည်။

“ကောင်းကင်လောင်ကျွမ်းဓားသိုင်းပါလား.. ဒါက တန်မိသားစုက အကြီးအကဲတန်ရန်ရဲ့ နာမည်ကျော် တိုက်ကွက်ပဲ”

“အကြီးအကဲတန်ရန်က ဝိညာဥ်ခွဲထွက်ခြင်းအဆင့် အထွတ်အထိပ်ကို ရောက်ရှိနေပြီး လမ်းစဥ်ပေါင်းစည်းခြင်းအဆင့်ကို ရောက်ဖို့ ခြေတစ်လှမ်းလောက်ပဲ လိုတော့တယ်လို့ ပြောကြတယ်”

တန်ရန်၏ ဓားချက်သည် ကောင်းကင်ယံကိုပင် လောင်ကျွမ်းကာ မီးပင်လယ် ဖြစ်သွားစေခဲ့သည်။

ရထားလုံးပိုင်ရှင် အနေဖြင့် ဤတိုက်ကွက်ကို ရင်ဆိုင်ရန်မလွယ်လောက်ဟု လူတိုင်းက ထင်မှတ်နေသော အချိန်မှာပင် ရထားလုံးထဲကနေ အေးစက်စက် စကားသံတစ်သံ ထွက်ပေါ်လာခဲ့သည်။

“ပြိုကွဲစမ်း”

ထိုစကားသံ ထွက်ပေါ်လာသည်နှင့်အမျှ ကောင်းကင်ယံသည်အရောင်ပြောင်းသွားခဲ့ပြီး နေနှင့်လသည်ပင် ဗြောင်းဆန်သွားခဲ့သည်။

တန်ရန်၏ ဓားချက်ကနေ ထုတ်ဖော်လိုက်သော မီးပင်လယ်သည်ပင် ထိုရထားလုံးအောက်တွင် ပျက်စီးသွားခဲ့ရသည်။

တန်ရန်က အံ့အားသင့်နေစဥ်မှာပင် ထိုစကားသံတွင် ကိန်းအောင်းနေသော စွမ်းအားတစ်ခုကြောင့် သူ၏ ခန္ဓာကိုယ် တစ်ခုလုံးသည် နောက်သို့ လွင့်စင်သွားခဲ့သည်။

သူနောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်တိုင်းတွင် လေထုထဲ၌ ဧရာမ နေရာလွတ် အက်ကွဲကြောင်း တစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။

သူ၏ မျက်နှာသည်လည်း ပို၍ပင် ဖြူဖျော့လာခဲ့၏။

အဆုံးသတ်တွင်မူ တန်ရန်သည် သူ၏ ခန္ဓာကိုယ်ထဲရှိ မတည်မငြိမ် ဖြစ်နေသော စွမ်းအားများကို ထိန်းချုပ်နိုင်ခြင်း မရှိတော့ဘဲ သွေးတစ်လုတ်ကို အန်ထုတ်လိုက်ရတော့သည်။

အခန်း(၂၃၅၂)ပြီး၏။

All Chapters