← Chapters

အခန်း (၂၃၅၅-၂၃၅၆)

Vol. 176 Ch. 2355-2356

အခန်း (၂၃၅၅-၂၃၅၆)

Vol. 176 Ch. 2355-2356

အခန်း(၂၃၅၅)

“စီနီယာက လမ်းစဥ်ပေါင်းစည်းခြင်းအဆင့် ပါရမီရှင်တစ်ယောက် ဖြစ်နေလိမ့်မယ်လို့ ကျွန်မ မထင်ထားခဲ့ဘူး.. ကျွန်မ သိသလောက်တော့ အင်မော်တယ်ကျင့်ကြံခြင်း လောကရဲ့ အင်မော်တယ်ဂိုဏ်းကြီး ငါးဂိုဏ်းမှာပဲ လမ်းစဥ်ပေါင်းစည်းခြင်းအဆင့် ပါရမီရှင်တွေ ရှိတယ်.. ဒီပါရမီရှင်တွေကလည်း လက်ချိုးရေတွက်လို့ရတဲ့ အရေအတွက်လောက်ပဲ ရှိကြတယ်.. စီနီယာက အင်မော်တယ်ဂိုဏ်းကြီး ငါးဂိုဏ်းထဲက မဟုတ်ဘူး ဆိုတော့ ဘယ်သူများလဲ”

နတ်မိမယ်ကျိယွင်က အသက်ကို ခပ်ပြင်းပြင်းရှူရှိုက်ကာ ကျန်းချန်ကို စိုက်ကြည့်၍ မေးခွန်းထုတ်လိုက်သည်။

မြူခိုးအင်မော်တယ်ဂိုဏ်း၏ အဓိကတပည့်ရင်း တစ်ဦးအနေဖြင့် နတ်မိမယ်ကျိယွင်သည် အင်မော်တယ်ဂိုဏ်းကြီး ငါးဂိုဏ်း၏ ပါရမီရှင်များကို ကောင်းစွာ သိရှိထားခဲ့သည်။

ယနေ့ခေတ် အင်မော်တယ်ဂိုဏ်းကြီးငါးဂိုဏ်းတွင် ထိုက်ယီအင်မော်တယ်ဂိုဏ်းတွင်သာ လမ်းစဥ်ပေါင်းစည်းခြင်း အဆင့် လူငယ်ပါရမီရှင် နှစ်ဦးရှိပြီး ကျန်အင်မော်တယ်ဂိုဏ်းကြီးလေးဂိုဏ်းတွင် တစ်ဦးစီသာ ရှိကြသည်။

တစ်နည်းအားဖြင့် ပြောရလျှင် အင်မော်တယ်ဂိုဏ်းကြီး ငါးဂိုဏ်းတွင် လမ်းစဥ်ပေါင်းစည်းခြင်းအဆင့် လူငယ်ပါရမီရှင် ခြောက်ဦးသာ ရှိ၏။

ဤပြိုင်ဘက်ကင်းပါရမီရှင် ခြောက်ဦးစလုံးကို နတ်မိမယ်ကျိယွင်သည် အင်မော်တယ်ဂိုဏ်းကြီး ငါးဂိုဏ်းက ကျင်းပသော အင်မော်တယ် ကျင့်ကြံခြင်းအဆင့် အစည်းအဝေးတွင် မြင်တွေ့ဖူးသည်။

ထို့ကြောင့် သူမရှေ့မှ အနက်ရောင်ဝတ်စုံဝတ် လူငယ်သည် ထိုလမ်းစဥ်ပေါင်းစည်းခြင်း အဆင့် ပါရမီရှင်ခြောက်ဦးထဲမှ တစ်ယောက်မှ မဟုတ်ကြောင်း ရာနှုန်းပြည့်နီးပါး သူမအတွက် သေချာနေခဲ့၏။

အနက်ရောင်ဝတ်စုံဝတ် လူငယ်သည် အခြားအင်မော်တယ်ဂိုဏ်းတစ်ဂိုဏ်းဂိုဏ်းမှ အသစ် ပေါ်ထွက်လာသော လမ်းစဥ်ပေါင်းစည်းခြင်း အဆင့် ပါရမီရှင်တပည့် တစ်ယောက် ဖြစ်နိုင်ပါသလော။

သို့သော်လည်း အင်မော်တယ်ဂိုဏ်းကြီး ငါးဂိုဏ်းတွင် လမ်းစဥ်ပေါင်းစည်းခြင်းအဆင့် ပါရမီရှင်တစ်ဦး မွေးဖွားလာခြင်းသည် ဂိုဏ်း၏ တိုးတက်ခြင်းနှင့် ကျဆုံးခြင်းတို့နှင့် တိုက်ရိုက်သက်ဆိုင်သောကိစ္စ ဖြစ်၍ ယင်းမှာ မဖြစ်နိုင်သလောက်ပင်။

အင်မော်တယ်တိုက်တွင် အင်မော်တယ်ဂိုဏ်းကြီး ငါးဂိုဏ်းသည် ထိပ်တန်းအဆင့်တွင် ရပ်တည်နိုင်ရသည့် အကြောင်းအရင်းမှာ ကပ်ဘေးအဆင့်ရှိ ကျင့်ကြံသူများကို ပိုင်ဆိုင်ထားသောကြောင့် ဖြစ်သည်။

လမ်းစဥ်ပေါင်းစည်းခြင်း အဆင့်တွင် ပိုမို မြင့်မားသောအဆင့်ဖြစ်သည့် ကပ်ဘေးအဆင့်ကို ထိုးဖောက်ရန်အတွက် သံသယဖြစ်ဖွယ်ရာမရှိ အလွန်တရာ ခက်ခဲ၏။

အင်မော်တယ်တိုက်တွင် လမ်းစဥ်ပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူ အနည်းဆုံး ကိုးဆယ် ရာခိုင်နှုန်းခန့်သည် ကပ်ဘေးအဆင့်ကို မထိုးဖောက်နိုင်ကြပေ။

လမ်းစဥ်ပေါင်းစည်းခြင်းအဆင့် လူငယ် ပါရမီရှင်များကမူ သာမန်လူများထက် များစွာ သာလွန်ပြီး ကပ်ဘေးအဆင့်ကို ထိုးဖောက်ရန် အလွန်တရာ မျှော်လင့်နိုင်သော သူများ ဖြစ်ကြ၏။

ဆိုရလျှင် လမ်းစဥ်ပေါင်းစည်းခြင်းအဆင့် လူငယ်ပါရမီရှင်များသည် အင်မော်တယ်ကျင့်ကြံခြင်း လောကရှိ ဂိုဏ်းကြီးများအတွက် အလွန်တရာပင် အရေးပါသူများ ဖြစ်ကြသည်။

အင်မော်တယ်တိုက်တွင် ကပ်ဘေးအဆင့် ကျင့်ကြံသူ အသစ်တစ်ဦး မမွေးထုတ်နိုင်ခြင်းကြောင့် ဆုတ်ယုတ်သွားခဲ့သော အင်မော်တယ်ဂိုဏ်းကြီး တချို့လည်း ရှိခဲ့ဖူးသည်။

ထို့ကြောင့်ပင် အင်မော်တယ်ဂိုဏ်းကြီး ငါးဂိုဏ်းသည် လမ်းစဥ်ပေါင်းစည်းခြင်း အဆင့် ပါရမီရှင်များကို အလွန်ပင် အလေးထားကြ၏။

ဂိုဏ်းအတွင်း၌ လမ်းစဥ်ပေါင်းစည်းခြင်း အဆင့် ပါရမီရှင် တစ်ဦး မွေးဖွားလာလျှင် အင်မော်တယ်ဂိုဏ်းကြီး ငါးဂိုဏ်းသည် ဂိုဏ်း၏ ဂုဏ်သတင်းကို မြှင့်တင်ရန် အတွက် ခမ်းနားစွာ ကြေညာလေ့ ရှိသည်။

ဥပမာအားဖြင့် သူမတို့ မြူခိုး အင်‌မော်တယ်ဂိုဏ်းတွင် လမ်းစဥ်ပေါင်းစည်းခြင်း အဆင့်ပါရမီရှင် တစ်ဦး မွေးဖွားလာစဥ် မြူခိုးအင်မော်တယ်ဂိုဏ်းသည် ထိုပါရမီရှင် အတွက် ပွဲတော်တစ်ခုပင် ကျင်းပပေးခဲ့သည်။

ထိုပွဲတော်ကနေ တစ်ဆင့် ကျင့်ကြံခြင်းလောက တစ်ခုလုံးသည် သူမတို့ မြူခိုးအင်မော်တယ်ဂိုဏ်း၌ လမ်းစဥ်ပေါင်းစည်းခြင်းအဆင့် ပါရမီရှင်ရှိကြောင်း သိရှိခဲ့ကြ၏။

သူမရှေ့ရှိ အနက်ရောင်ဝတ်စုံဝတ် လူငယ်သည် အင်မော်တယ်ကျင့်ကြံခြင်း လောကတွင် နာမည်ကျော်ကြားခြင်းမရှိသဖြင့် အင်မော်တယ်ဂိုဏ်းကြီး ငါးဂိုဏ်းမှ ပါရမီရှင် မဟုတ်သည်မှာ သိသာနေခဲ့သည်။

အင်မော်တယ်ဂိုဏ်းကြီး ငါးဂိုဏ်းကလွဲလျှင် အင်မော်တယ်တိုက်၏ အင်မော်တယ် ကျင့်ကြံခြင်းလောကတွင် မည်သူက ဤကဲ့သို့ ငယ်ရွယ်ပြီး အစွမ်းထက်သော လမ်းစဥ်ပေါင်းစည်းခြင်းအဆင့် ပါရမီရှင်မျိုးကို မွေးထုတ်ပေးနိုင်ပါမည်နည်း။

“ငါက မင်းတို့ ရန်စသင့်တဲ့သူမဟုတ်ဘူး”

ကျန်းချန်က လက်နှစ်ဖက်ကို ဟန်ပါပါ နောက်ပစ်ကာ တည်ငြိမ်စွာ ပြောလိုက်သည်။

“မင်းတို့နှစ်ယောက်ရဲ့ နောက်ကွယ်က အင်အားစုတွေ မျက်နှာကိုထောက်ပြီး မင်းတို့ကို ခွင့်လွှတ်ပေးလိုက်မယ်.. အခုချက်ချင်း မင်းတို့ရဲ့ အကြီးအကဲတွေဆီ အကြောင်းကြားပြီး တစ်ယောက်ကို ကပ်ဘေးကျော်ဖြတ်ခြင်း နတ်ဆေးလုံးငါးလုံးဆီနဲ့ လာရွေးခိုင်းလိုက်”

အင်မော်တယ်တိုက်ရှိ အင်မော်တယ် ကျင့်ကြံခြင်း လောကတွင် ဆေးဝါးများ၏ အဆင့်အတန်းကို ကျင့်ကြံခြင်းအဆင့်များအတိုင်း အမည်ပေးထားသည်။

ဥပမာအားဖြင့် လမ်းစဥ်ပေါင်းစည်းခြင်း အဆင့် ကျင့်ကြံသူများ အတွက် အသုံးဝင်သော ဆေးလုံးကို လမ်းစဥ်ပေါင်းစည်းခြင်း နတ်ဆေးလုံးဟု ခေါ်ဆိုကြသည်။

သို့ဖြစ်၍ ကပ်ဘေးအဆင့် ကျင့်ကြံသူများကို အကူအညီပေးနိုင်သော ဆေးလုံးကိုလည်း ကပ်ဘေးကျော်ဖြတ်ခြင်း နတ်ဆေးလုံးဟု ခေါ်ဆိုကြ၏။

ကျန်းချန်သည် ကပ်ဘေးအဆင့် အင်မော်တယ် ကျင့်ကြံသူနှင့် နှိုင်းယှဥ်နိုင်သော နတ်ဘုရင်အဆင့် ကျင့်ကြံသူ တစ်ဦး ဖြစ်သည်။

ဆိုရလျှင် ကပ်ဘေးကျော်ဖြတ်ခြင်း နတ်ဆေးလုံးမှ လွဲလျှင် သာမန် ဆေးလုံးများသည် သူ့အတွက် အသုံးမဝင်ပေ။

တန်မိသားစုနှင့် မြူခိုးအင်မော်တယ်ဂိုဏ်းသည် အင်မော်တယ်တိုက်၏ ထိပ်တန်း အင်အားစုများ ဖြစ်၍ ၎င်းတို့ထံတွင် ကြွယ်ဝသော အရင်းအမြစ်များ ရှိကြ၏။

ထို့ကြောင့် ၎င်းတို့ဆီကနေ ကျင့်ကြံခြင်း အရင်းအမြစ် အချို့ကို ခြိမ်းခြောက်၍ ရယူခြင်းသည် ပို၍ ကောင်းလိမ့်မည် မဟုတ်ပါလော။

“စီနီယာ.. သိပ်မမောက်မာပါနဲ့”

ကျန်းချန်၏ စကားကို ကြားလျှင် တန်နင်နှင့် နတ်မိမယ် ကျိယွင်တို့၏ မျက်နှာအမူအရာသည် ချက်ချင်းပင် သုန်မှုန်သွားခဲ့သည်။

သူတို့နှစ်ဦးတွင် တစ်ဦးသည် အင်မော်တယ်တိုက်၏ နံပါတ်တစ်မိသားစု ဖြစ်သော တန်မိသားစု၏ ဒုတိယသခင်‌လေး ဖြစ်ပြီး ကျန်တစ်ဦးက အင်မော်တယ်ဂိုဏ်းကြီး ငါးဂိုဏ်းထဲတွင် တစ်ဂိုဏ်း ဖြစ်သည့် မြူခိုးအင်မော်တယ်ဂိုဏ်း၏ အဓိကတပည့်ရင်း ဖြစ်သည်။

သူတို့နှစ်ဦး၏ နောက်ခံ အင်အားစုသည် အင်မော်တယ်တိုက်ရှိ အင်မော်တယ်ကျင့်ကြံခြင်း လောကတွင် အထွတ်အထိပ်စာရင်းထဲ၌ ပါဝင်၏။

သူတို့ရှေ့မှ အနက်ရောင်ဝတ်စုံဝတ် လူငယ်သည် မည်သည့်နေရာမှ သတ္တိရလာပြီး သူတို့၏ ရှေ့တွင် ဤမျှအထိ မောက်မာနေရသလဲ ဆိုသည်ကို သူတို့ အမှန်တကယ်ပင် တွေးမရခဲ့ပေ။

ထိုလူငယ်သည် ထူးခြားသော စွမ်းရည်ရှိသည့် လမ်းစဥ်ပေါင်းစည်းခြင်းအဆင့် ပါရမီရှင် ဖြစ်နေလျှင်ပင် တန်မိသားစုနှင့် မြူခိုးအင်မော်တယ်ဂိုဏ်း ရှေ့တွင် ရမ်းကားရန် အရည်အချင်း မရှိချေ။

ကျန်းချန်က ခံစားချက်ကင်းမဲ့သော အမူအရာဖြင့် တန်နင်တို့နှစ်ဦးကို အေးစက်စက် ကြည့်လိုက်သည်။

“မင်းတို့ကို တစ်နာရီအချိန်ပေးမယ်.. တကယ်လို့ ကပ်ဘေးကျော်ဖြတ်ခြင်း နတ်ဆေးလုံးနဲ့ မင်းတို့ကို လာမရွေးဘူးဆိုရင် မင်းတို့ နှစ်ယောက်လုံး ယမမင်းဆီ အလည်သွားဖို့ ပြင်ထားလိုက်တော့”

“ကောင်လေး.. မင်းဘာသာ ဘယ်သူပဲဖြစ်ဖြစ် ငါတို့ တန်မိသားစုကို စော်ကားဖို့တော့မစဥ်းစားနဲ့.. သေဖို့သာပြင်ထားလိုက်တော့”

တန်နင်က ဒေါသတကြီး ကြုံးဝါးလိုက်ပြီး လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်ရာ တောက်ပသော ခရမ်းရောင်ဓားရှည် တစ်လက်သည် သူ၏ လက်ဖဝါးထဲတွင် ပေါ်ထွက်လာခဲ့သည်။

ထို့နောက်တွင် တန်နင်သည် သက်တန့်တစ်ခုသဖွယ် ပြောင်းလဲသွားခဲ့ပြီး လေထုကို ဖြတ်ကျော်ကာ ကျန်းချန် ဆီသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်သွားခဲ့သည်။

“ဆန်းကြယ် ခရမ်းရောင်ကောင်းကင်ခွဲဓားပါလား.. ဒါက တန်မိသားစုရဲ့ အထွတ်အထိပ်ရတနာတစ်ပါး ဖြစ်တဲ့အပြင် အင်မော်တယ်ကျင့်ကြံခြင်း လောကရဲ့ ထိပ်တန်း မှော်လက်နက်ဆယ်ခုထဲမှာ တစ်ခုအပါအဝင်ပဲ.. တန်နင်က ဒီမှော်လက်နက်ကို ထုတ်သုံးလိမ့်မယ်လို့ မထင်ထားခဲ့ဘူး"

"ဒီဓားက ကပ်ဘေးအဆင့် အထွတ်အထိပ်ကို ရောက်ရှိနေတဲ့ အစွမ်းထက်မှော်လက်နက် ဖြစ်ပြီး အတော်လေး ကြောက်ဖို့ကောင်းတယ်လို့ ပြောကြတယ်.. ဒီဓားက လမ်းစဥ်ပေါင်းစည်းခြင်းအဆင့်ကျင့်ကြံသူတွေကိုတောင် သတ်ဖြတ်နိုင်စွမ်းရှိတယ်.. အခုပုံအတိုင်းဆိုရင် ဒီကောင်လေး အန္တရာယ် ရှိနေပြီ”

ဗဟုသုတကြွယ်ဝသော လူတချို့သည် တန်နင်၏ လက်ထဲရှိ ခရမ်းရောင်ဓားရှည်ကို မြင်လျှင် အမူအရာ အနည်းငယ် ပြောင်းလဲသွားခဲ့ကြသည်။

နတ်မိမယ်ကျိယွင်၏ လှပသော မျက်ဝန်းလေးထဲမှာပင် လေးနက်သော အမူအရာများ ဖြစ်ပေါ်လာခဲ့၏။

ခရမ်းရောင် ဆန်းကြယ်ကောင်းကင်ခွဲဓားသည် အင်မော်တယ်ကျင့်ကြံခြင်း လောကတွင် အစွမ်းအထက်ဆုံး မှော်လက်နက်များထဲမှ တစ်ခု ဖြစ်ပြီး အင်မော်တယ်ဂိုဏ်းကြီး ငါးဂိုဏ်းတွင်ပင် ထိုလက်နက်နှင့် ယှဥ်နိုင်သော မှော်လက်နက် အနည်းငယ်သာ ရှိ၏။

တန်နင်၏ ကျင့်ကြံခြင်းအဆင့်ဖြင့် ခရမ်းရောင်ဆန်းကြယ်ကောင်းကင်ခွဲဓားကို အသုံးပြု၍ ခုတ်ပိုင်းလိုက်သော ဓားချက်ကို သူမ ပင်လျှင် ခုခံနိုင်ရန် မဖြစ်နိုင်ပေ။

“အမှိုက်လောက်ပဲ အဆင့်ရှိတဲ့ ဓားရှည်နဲ့ ငါ့ကိုသတ်ဖို့ ကြိုးစားနေတာလား.. ရယ်စရာပဲ”

ကျန်းချန်က မထီမဲ့မြင်ပြုံးကာ ခနဲ့လိုက်ပြီး တန်နင်၏ လက်ထဲရှိ ခရမ်းရောင် ဓားရှည်ကို ရည်ရွယ်၍ လက်ဝါးရိုက်ချက်တစ်ချက်ကို ထုတ်ဖော်လိုက်သည်။

တန်နင်၏ လက်ထဲရှိ ခရမ်းရောင်ဓားရှည်သည် နတ်ကုန်းမြေတိုက်၏ သာမန် နတ်ဘုရင်အဆင့် လက်နက်ထက် အနည်းငယ်သာ ပို၍ အစွမ်းထက်ပြီး ကျန်းချန် မြင်ခဲ့ဖူးသည် သန္ဓေတာအိုနတ်လက်နက် အတုများထက်ပင် အနည်းငယ် နိမ့်ကျနေခဲ့၏။

တန်နင်ကဲ့သို့ ဝိညာဥ်ခွဲထွက်ခြင်း အဆင့် ကျင့်ကြံသူကို မပြောနှင့် ကပ်ဘေးအဆင့်ကို ရောက်ရှိနေသော ကျင့်ကြံသူများက ထိုမှော်လက်နက်ကို အသုံးပြုလျှင်ပင် ယင်းသည် သူ့အတွက် အနည်းငယ်မျှပင် ခြိမ်းခြောက်မှု ဖြစ်လိမ့်မည် မဟုတ်ပေ။

“ဝုန်း..”

ကျန်းချန်၏ လက်ဝါးရိုက်ချက်သည် လေထုကို ထိုးဖောက်သွားခဲ့ပြီး တန်နင်၏ ဓားစွမ်းအားကို ချေဖျက်လိုက်ကာ ခရမ်းရောင်ဓားရှည်ကို တိုက်ရိုက်ပင် နှစ်ပိုင်းပြတ်သွားစေခဲ့သည်။

တန်နင်၏ ခန္ဓာကိုယ်ကလည်း ရုတ်တရက် တုန်ယင်သွားခဲ့ပြီး ပါးစပ်ကနေ သွေးတစ်လုတ်ကို အန်ထုတ်လိုက်ရသည်။

ဤအခိုက်အတန့်တွင် ကျန်းချန်ကို ကြည့်နေသော တန်နင်၏ အကြည့်ထဲတွင် ထိတ်လန့်သော အမူအရာများ အဆုံးသတ်၌ ဖြစ်ပေါ်လာခဲ့၏။

ပတ်ဝန်းကျင်တွင် ကြည့်ရှုနေကြသော ကျင့်ကြံသူများဖြစ်စေ၊တန်နင်၏ မလှမ်းမကမ်းတွင် ရပ်နေသော နတ်မိမယ်ကျိယွင်ဖြစ်စေ အားလုံး၏ မျက်နှာထက်တွင် အံ့ဩတုန်လှုပ်သောအမူအရာများ ဖြစ်ပေါ်နေခဲ့ကြသည်။

တန်နင်က အင်မော်တယ်ကျင့်ကြံခြင်း လောက၏ အစွမ်းထက်ဆုံး မှော်လက်နက် ဖြစ်သည့် ခရမ်းရောင် ဆန်းကြယ်ကောင်းကင်ခွဲဓားကို အသုံးပြုခဲ့သည့်တိုင် ကျန်းချန်၏ တိုက်ခိုက်မှုအောက်တွင် တစ်ခဏအတွင်း ရှုံးနိမ့်သွားရလိမ့်မည်ဟု သူတို့ လုံးဝ မထင်ထားခဲ့ပေ။

အံ့ဩစရာအကောင်းဆုံးမှာ ကျန်းချန်သည် လက်ဝါးရိုက်ချက် တစ်ချက်တည်းဖြင့်ပင် တန်နင်ကို ဒဏ်ရာ အပြင်းအထန် ရရှိစေရုံသာမက အစွမ်းထက်ဆုံးမှော်လက်နက် ဖြစ်သည့် ခရမ်းရောင် ဆန်းကြယ်ကောင်းကင်ခွဲဓားကိုပင် နှစ်ပိုင်း ပြတ်ထွက်သွားစေခဲ့ခြင်း ဖြစ်သည်။

သူတို့ရှေ့မှ အနက်ရောင်ဝတ်စုံဝတ် လူငယ်၏ စွမ်းရည်သည် အမှန်တကယ်ပင် ကြောက်မက်ဖွယ်ရာ‌ ကောင်းလွန်းနေခဲ့၏။

အခန်း(၂၃၅၅)ပြီး၏။

အခန်း(၂၃၅၆)

ကျန်းချန်က တန်နင်၏ တိုက်ကွက်ကို တစ်ကွက်တည်းဖြင့်ပင် ချေမှုန်းလိုက်ပြီးနောက် တန်နင်ကို လေထုထဲကနေ ဖမ်းဆွဲလိုက်သည်။

ရုတ်တရက် ကျန်းချန်၏ လက်ဖဝါးထဲကနေ ကြောက်မက်ဖွယ်ရာကောင်းသော စုယူနိုင်သည့် စွမ်းအားတစ်ခု ပေါက်ကွဲထွက်လာခဲ့၏။

တန်နင်က မည်သို့မျှ ခုခံနိုင်စွမ်းမရှိဘဲ သံလိုက်ဖြင့် ဆွဲငင်ခံလိုက်ရသကဲ့သို့ ကျန်းချန်ထံ အရှိန်အဟုန်ဖြင့် ကပ်ပါသွားခဲ့သည်။

မျက်စိတစ်မှိတ် အတွင်းမှာပင် တန်နင်သည် ကြက်ကလေးငှက်ကလေးကဲ့သို့ ကျန်းချန်၏ ဖမ်းဆီးခြင်းကို ခံလိုက်ရ၏။

“မင်း.. မင်း ငါ့ကို သတ်လို့ မဖြစ်ဘူး.. ငါက တန်မိသားစုရဲ့ ဒုတိယသခင်လေးပဲ.. ငါတို့ တန်မိသားစုရဲ့အစွမ်းထက်ကျင့်ကြံသူတွေ မကြာခင်ရောက်လာတော့မယ်.. မင်းငါ့ကို သတ်လိုက်မယ်ဆိုရင် တန်မိသားစုက မင်းကို လုံးဝ အလွှတ်ပေးတော့မှာ မဟုတ်ဘူး”

တန်နင်က ရုန်းကန်ရင်း ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။

“စိတ်မပူပါနဲ့.. ငါက တန်မိသားစု လူလာရွေးမှာကို စောင့်နေတာဆိုတော့ မင်းကို အလွယ်တကူ သတ်မှာမဟုတ်ဘူး”

ကျန်းချန်က အေးစက်စက် ပြုံးလိုက်ပြီးနောက်တွင် နတ်မိမယ်ကျိယွင်ကို လှမ်းကြည့်လိုက်သည်။

“မင်းလည်း အတူတူပဲ.. အသက်ရှင်ချင်တယ်ဆိုရင် မြူခိုးအင်မော်တယ်ဂိုဏ်းကို လူလာရွေးခိုင်းလိုက်”

ကျန်းချန်၏ စကားကိုကြားလျှင် နတ်မိမယ်ကျိယွင်၏ နုနယ်လှပသောမျက်နှာလေးသည် ချက်ချင်းဆိုသလိုပင် သုန်မှုန်သွားခဲ့သည်။

သူမက ကျန်းချန်ကို အေးစက်စက် စိုက်ကြည့်လိုက်၏။

“စီနီယာအနေနဲ့ သေချာစဥ်းစားဖို့ အကြံပြုချင်တယ်.. ကျွန်မတို့ မြူခိုးအင်မော်တယ်ဂိုဏ်းနဲ့ ရန်သူ လုပ်တာက စီနီယာအတွက် ကောင်းမှာ မဟုတ်ဘူး”

အင်မော်တယ်ကျင့်ကြံခြင်း လောက၏ အင်မော်တယ်ဂိုဏ်းကြီး ငါးဂိုဏ်းထဲမှ တစ်ဂိုဏ်းဖြစ်သော မြူခိုးအင်မော်တယ်ဂိုဏ်းသည် နက်ရှိုင်းသော အစဥ်အလာနှင့် အမွေအနှစ်များရှိပြီး အင်မော်တယ်တိုက်တွင် အထွတ်အထိပ်နေရာ၌ ရပ်တည်နေသော ထိပ်တန်းအင်အားစုကြီး ဖြစ်သည်။

အင်မော်တယ်တိုက် တစ်ခုလုံးမှာပင် မြူခိုးအင်မော်တယ်ဂိုဏ်းနှင့် နှိုင်းယှဥ်နိုင်သော အင်အားစုသည် လက်ချိုးရေတွက်၍ပင် ရ၏။

အင်မော်တယ်ဂိုဏ်းကြီး ငါးဂိုဏ်းတွင် အင်အား အတောင့်တင်းဆုံး ဖြစ်သော ထိုက်ယီ အင်မော်တယ်ဂိုဏ်းပင်လျှင် မြူခိုးအင်မော်တယ်ဂိုဏ်းကို မျက်နှာသာပေးရသည်။

ဤအနက်ရောင်ဝတ်စုံဝတ် လူငယ်၏ စွမ်းရည်သည် ထူးခြားသော်လည်း သူမတို့ မြူခိုးအင်‌မော်တယ်ဂိုဏ်းကို ရန်သူအဖြစ် ယှဥ်ပြိုင်ရန် အတွက် အရည်အချင်း လိုအပ်နေသေးသည်ဟု သူမ ထင်မြင်နေခဲ့သည်။

“ဟားဟား.. ကပ်ဘေးအဆင့် ကျင့်ကြံသူ တစ်ယောက်တည်းရှိတဲ့ဂိုဏ်းကို ငါက ဘာလို့ ကြောက်နေရမှာလဲ”

ကျန်းချန်က မထီမဲ့မြင် အမူအရာဖြင့် မဲ့ပြုံးပြုံးကာ ပြောလိုက်သည်။

“မင်းမကျေနပ်ရင် မင်းတို့ မြူခိုးအင်မော်တယ်ဂိုဏ်းရဲ့ ကပ်ဘေးအဆင့် ကျင့်ကြံသူကို ဖိတ်ခေါ်လိုက်ပါ.. ငါ ဒီနေရာကပဲ စောင့်နေမယ်”

ကျန်းချန်၏ စကားကြောင့် နတ်မိမယ်ကျိယွင်သည် ရုတ်တရက် မျက်မှောင်ကြုတ်သွားခဲ့သည်။

သူမရှေ့မှ အနက်ရောင်ဝတ်စုံဝတ် လူငယ်သည် ကပ်ဘေးအဆင့် ကျင့်ကြံသူကိုပင် မကြောက်ရွံ့ပုံထောက်လျှင် ထိုလူငယ်၏ နောက်ကွယ်တွင် ကပ်ဘေးအဆင့် ကျင့်ကြံသူ တစ်ဦး ရှိနေနိုင်၏။

အင်မော်တယ်တိုက်၏ အင်မော်တယ်ကျင့်ကြံခြင်း လောကတွင် မည်သည့် အင်အားစုတွင်မှ မပါဝင်သော တစ်ကိုယ်‌တော်ကျင့်ကြံသူများ ရှိသည်။

တစ်ကိုယ်တော် ကျင့်ကြံသူများသည် အင်မော်တယ်ကျင့်ကြံခြင်း အင်အားစုများနှင့် မနှိုင်းယှဥ်နိုင်သော်လည်း ၎င်းတို့ထဲတွင် ကပ်ဘေးအဆင့်ကို ရောက်ရှိနေသည့် ကျင့်ကြံသူများလည်း ရှိကြသည်။

ဤအနက်ရောင်ဝတ်စုံဝတ် လူငယ်သည် ကပ်ဘေးအဆင့်ကို ရောက်ရှိနေသည့် တစ်ကိုယ်တော် ကျင့်ကြံသူတစ်ဦး၏ လက်ရင်းတပည့် ဖြစ်နိုင်ပါသလော။

“ဝုန်း..”

နတ်မိမယ်ကျိယွင် တစ်ယောက် အတွေးနက်နေစဥ်မှာပင် မိုင်ပေါင်းထောင်ချီ နေရာလွတ်ကို လွှမ်းခြုံသွားသည့် အားကောင်းသော အရှိန်အဝါတစ်ခုသည် သူမ၏ နောက်ကျောဘက်ကနေ ထွက်ပေါ်လာခဲ့သည်။

နတ်မိမယ်ကျိယွင်က အနောက်သို့ လှည့်ကြည့်လိုက်ရာ တန်နင်နှင့် အနည်းငယ် ဆင်တူ‌သော ရွှေရောင်ဝတ်စုံဝတ် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးသည် သူမတို့ ဆီသို့ လျှောက်လှမ်းလာသည်ကို မြင်လိုက်ရသည်။

ရွှေရောင်ဝတ်စုံဝတ် လူလတ်ပိုင်းအရွယ် အမျိုးသားသည် ခြေလှမ်းကျဲကြီးများဖြင့် လှမ်းလာခဲ့ပြီး တစ်ခဏအတွင်းမှာပင် ကျန်းချန်၏‌ ရှေ့သို့ ရောက်ရှိလာခဲ့သည်။

နတ်မိမယ်ကျိယွင်သည် ထိုသူကို မြင်လိုက်ရလျှင် စိတ်သက်သာရာ ရသွားခဲ့၏။

ထိုသူမှာ တန်မိသားစု၏ ခေါင်းဆောင် တန်ချင်းဖုန်း ဖြစ်ပြီး လမ်းစည်းပေါင်းစည်းခြင်း အထွတ်အထိပ်အဆင့် ကျင့်ကြံသူလည်း ဖြစ်သည်။

တန်ချင်းဖုန်းသည် ကပ်ဘေးအဆင့်အောက်တွင် ပြိုင်ဘက်ကင်းဟုပင် ဆိုနိုင်ပြီး အင်‌မော်တယ်ကျင့်ကြံခြင်း လောကတစ်ခုလုံးတွင် အဆင့်နှစ်ဆယ် အတွင်း၌ ပါဝင်သူလည်း ဖြစ်သည်။

ယခု တန်မိသားစု ခေါင်းဆောင် ကိုယ်တိုင် ရောက်ရှိလာပြီ ဖြစ်ရာ သူမ ရှေ့မှ အနက်ရောင်ဝတ်စုံဝတ်လူငယ်ကို ကိုင်တွယ်နိုင်လောက်ပြီ မဟုတ်ပါလား။

“တန်မိသားစုရဲ့ခေါင်းဆောင် တန်ချင်းဖုန်းပါလား.. သူကိုယ်တိုင် ရောက်လာမယ်လို့ မထင်ထားခဲ့ဘူး"

"ဒီလူရဲ့ကျင့်ကြံခြင်းအဆင့်က လမ်းစဥ်ပေါင်းစည်းခြင်းအဆင့် အထွတ်အထိပ်ကို ရောက်ရှိနေပြီလို့ ပြောကြတယ်.. ကပ်ဘေးအဆင့်အောက်မှာတောင် သူက ပြိုင်ဘက်ကင်းတစ်ယောက်ပဲ.. အခုပုံအတိုင်းဆိုရင် ဒီကောင်လေးတော့ အခက်တွေ့ရတော့မယ်”

တန်မိသားစု၏ ခေါင်းဆောင် တန်ချင်းဖုန်း ကိုယ်တိုင် ရောက်ရှိလာသည်ကို မြင်လျှင် ကြည့်ရှုနေကြသော ကျင့်ကြံသူအများအပြားသည် ခေါင်းခါရမ်းကာ သက်ပြင်းချလိုက်ကြသည်။

ထိုကောင်လေးက မည်မျှပင် ပါရမီထူးချွန်ပါစေ၊ လမ်းစဥ်ပေါင်းစည်းခြင်း အထွတ်အထိပ်အဆင့် ရှိသည့် တန်မိသားစု၏ ခေါင်းဆောင်ကို ယှဥ်ပြိုင်နိုင်ရန်မှာ မလွယ်ကူပေ။

“အဖေ.. အဖေ ကျွန်တော့်ကို ကယ်ပါဦး”

တန်နင်သည် သူ့ရှေ့တွင် ပေါ်လာသော တန်ချင်းဖုန်းကို ကြည့်ကာ ဝမ်းသားအားရ ဖြစ်သွားခဲ့ပြီး အလျင်အမြန်ပင် အကူအညီ လှမ်းတောင်းလိုက်သည်။

“ကောင်လေး.. ငါ့သား တန်နင်ကို ချက်ချင်းလွှတ်ပေးလိုက်ပါ.. ဒါဆို မင်းရဲ့အသက်ကို ငါချမ်းသာပေးမယ်”

တန်နင်၏ သနားစဖွယ် အခြေအနေကို မြင်လိုက်ရလျှင် တန်ချင်းဖုန်း၏ မျက်နှာသည် ဒေါသကြောင့် ခက်ထန်သွားခဲ့ပြီး ကျန်းချန်ကို အော်ငေါက်လိုက်သည်။

အင်မော်တယ်တိုက်၏ နံပါတ်တစ်မိသားစု အနေဖြင့် အင်မော်တယ်ကျင့်ကြံခြင်း လောကတစ်ခုလုံးတွင် တန်မိသားစု၏ အဆင့်အတန်းသည် အလွန်တရာပင် မြင့်မား၏။

ယခု သူ့ရှေ့မှ အနက်ရောင်ဝတ်စုံဝတ် လူငယ်သည် သူ၏ သားဖြစ်သူကို ထိပါးရဲနေသည် ဖြစ်ရာ တန်ချင်းဖုန်းသည် မည်ကဲ့သို့ ဒေါသမထွက်ဘဲ နေနိုင်ပါအံ့နည်း။

ကျန်းချန်ကမူ တန်ချင်းဖုန်း ထွက်ပေါ်လာခြင်းကို အနည်းငယ်မျှပင် ထိတ်လန့်ခြင်းမရှိဘဲ တည်ငြိမ်စွာပင် ပြောလိုက်သည်။

“မင်းရဲ့သားကို အသက်ရှင်စေချင်တယ် ဆိုရင် ကပ်ဘေးကျော်ဖြတ်ခြင်း နတ်ဆေးလုံးငါးလုံးနဲ့ ရွေးလို့ရတယ်”

“ကောင်လေး.. မင်းသေချင်နေပြီထင်တယ်”

တန်ချင်းဖုန်း၏ မျက်ဝန်းထဲတွင် အေးစက်သော အလင်းတန်းများ လင်းလက်သွားခဲ့ပြီး လမ်းစဥ်ပေါင်းစည်းခြင်း အထွတ်အထိပ်အဆင့် အရှိန်အဝါသည် သူ၏ ခန္ဓာကိုယ်ကနေ ချက်ချင်းဆိုသလို ထွက်ပေါ်လာခဲ့ကာ ကျန်းချန်ကို ဖိနှိပ်လိုက်သည်။

“တန်နင်ကို အခုချက်ချင်းလွှတ်လိုက်စမ်း.. မဟုတ်ရင် အသေဆိုးနဲ့ သေစေရမယ်လို့ ငါ မင်းကို ကတိပေးတယ်”

ကပ်ဘေးကျော်ဖြတ်ခြင်းနတ်ဆေးလုံး ဆိုသည်မှာ အင်မော်တယ်တိုက်တွင် အလွန်တရာ ရှားပါးသော အနှိုင်းမဲ့နတ်ဆေးလုံး ဖြစ်သည်။

အဂ္ဂိရတ်လမ်းစဥ်တွင် နာမည်ကျော်ကြားသော တန်မိသားစုပင်လျှင် ကပ်ဘေးကျော်ဖြတ်ခြင်း နတ်ဆေးလုံး တစ်လုံးဖော်စပ်ရန်မှာ အလွန်တရာပင် ခက်ခဲ၏။

လက်ရှိတွင် တန်မိသားစု၌ ကပ်ဘေးကျော်ဖြတ်ခြင်းနတ်ဆေးလုံး ဆယ်လုံးထက် ပိုမရှိပေ။

သို့ဖြစ်ရာ အနက်ရောင်ဝတ်စုံဝတ် လူငယ်က ကပ်ဘေးကျော်ဖြတ်ခြင်း နတ်ဆေးလုံးငါးလုံးကို တောင်းဆိုနေခြင်းသည် တန်ချင်းဖုန်းကို အကြီးအကျယ်ပင် ဒေါသထွက်စေခဲ့၏။

တန်ချင်းဖုန်း၏ အရှိန်အဝါ ဖိအားကို ရင်ဆိုင်ရသော်လည်း ကျန်းချန်သည် မည်သို့မျှ မဖြစ်သကဲ့သို့ နေရာမှာပင် မားမားမတ်မတ် ဝင့်ကြွားစွာ ရပ်နေဆဲ ဖြစ်၏။

သူက တန်ချင်းဖုန်းကို မထီမဲ့မြင် ကြည့်ကာ ပြောလိုက်သည်။

“ဟားဟား တန်ချင်းဖုန်း.. မင်း ငါ့ရှေ့မှာလာဟောင်ဖို့ အရည်အချင်း မရှိဘူး.. လမ်းစဥ်ပေါင်းစည်းခြင်းအထွတ်အထိပ်အဆင့် ဆိုတာ ငါ့ရဲ့မျက်စိထဲမှာတော့ ပုရွက်ဆိတ်သာသာပဲ”

“ကောင်းတယ် သိပ်ကောင်းတယ်.. အင်မော်တယ်တိုက်မှာ ငါတန်ချင်းဖုန်း ရပ်တည်လာခဲ့တာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ.. ငါ့ရဲ့‌ရှေ့မှာ ဒီလောက်အထိ ရမ်းကားရဲတာ မင်းပထမဆုံးပဲ.. မင်းဘာသာ ဘယ်သူပဲဖြစ်ဖြစ် ဒီနေ့ မင်းကို ကြီးလေးတဲ့အဖိုးအခ ပေးဆပ်စေမယ်”

စကားဆုံးသည်နှင့် တန်ချင်းဖုန်း၏ ခန္ဓာကိုယ်ကနေ လမ်းစဥ်ပေါင်းစည်းခြင်း အထွတ်အထိပ်အဆင့် စွမ်းအားများ ထွက်ပေါ်လာခဲ့ပြီး လေထုကိုပင် အေးခဲသွားစေနိုင်လောက်သည့် ကြောက်မက်ဖွယ်စွမ်းအားများ အဖြစ် ပြောင်းလဲသွားခဲ့ကာ ကျန်းချန် ရှိနေသည့် ပတ်ဝန်းကျင် နေရာလွတ်ကို ပိတ်လှောင်ရန် ကြိုးစားလိုက်သည်။

ကျန်းချန်က မထီမဲ့မြင် ပြုံးလိုက်ပြီး သူ၏ လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ကာ တန်ချင်းဖုန်း၏ ပိတ်လှောင်ထားမှုကို အလွယ်တကူပင် ဖျက်ဆီးပစ်လိုက်သည်။

သူက တန်ချင်းဖုန်းကို တည်ငြိမ်စွာ ကြည့်လိုက်၏။

“အခုအချိန် ကပ်ဘေးကျော်ဖြတ်ခြင်း နတ်ဆေးလုံး ငါးလုံး ထုတ်ပေးမယ် ဆိုရင် မင်းနဲ့ မင်းရဲ့သား ဘေးကင်းကင်းနဲ့ ထွက်သွားခွင့်ရမယ်.. မဟုတ်ရင်တော့ ငါ့ကို ရက်စက်တယ်ဆိုပြီး အပြစ်မတင်နဲ့”

“ဒီကောင်လေးက ဒီလောက်အထိတောင် အစွမ်းထက်တယ်လား”

ကျန်းချန်က သူ၏ တိုက်ကွက်ကို အလွယ်တကူ ဖြိုခွဲလိုက်သည်အား မြင်လျှင် တန်ချင်းဖုန်း၏ မျက်နှာထက်တွင် လေးနက်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။

လမ်းစဥ်ပေါင်းစည်းခြင်း အထွတ်အထိပ် ကျင့်ကြံသူ အနေဖြင့် တန်ချင်းဖုန်းသည် ကပ်ဘေးအဆင့်ကို ရောက်ရှိရန် ခြေတစ်လှမ်းမျှသာ လိုအပ်တော့၏။

သူ၏ စွမ်းရည်ဖြင့်ဆိုလျှင် သာမန် လမ်းစဥ်ပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူကိုပင် အလွယ်တကူ ဖိနှိပ်နိုင်စွမ်း ရှိသည်။

သို့သော်လည်း သူ့ရှေ့ရှိ လျှို့ဝှက်ဆန်းကြယ်သော အနက်ရောင်ဝတ်စုံဝတ် လူငယ်ကမူ သူ၏အစွမ်းထက် တိုက်ကွက်ကို အလွယ်တကူပင် ဖြေရှင်းနိုင်ခဲ့သည်။

အင်မော်တယ်ကျင့်ကြံခြင်း လောကတစ်ခုလုံးကို ကြည့်လျှင်ပင် ဤမျှအထိ အစွမ်းရှိသော လူငယ်ပါရမီရှင်မျိုးသည် အင်မော်တယ်ဂိုဏ်းကြီး ငါးဂိုဏ်းမှ လက်ချိုးရေတွက်၍ရသော လမ်းစဥ်ပေါင်းစည်းခြင်း အဆင့် ပါရမီရှင်များသာ ရှိပေလိမ့်မည်။

သို့ဖြစ်ရာ သူ့ရှေ့မှ အနက်ရောင်ဝတ်စုံဝတ် လူငယ်သည် လမ်းစဥ်ပေါင်းစည်းခြင်း အဆင့် ပါရမီရှင်တစ်ဦး ဖြစ်နိုင်ပါသလော။

အခန်း(၂၃၅၆)ပြီး၏။

All Chapters