← Chapters

အခန်း (၂၃၅၇-၂၃၅၈)

Vol. 176 Ch. 2357-2358

အခန်း (၂၃၅၇-၂၃၅၈)

Vol. 176 Ch. 2357-2358

အခန်း(၂၃၅၇)

“နတ်မိမယ်ကျိယွင် ဒီလူက ဘယ်သူလဲ”

တန်းချင်းဖုန်းက သူ၏ ရင်ထဲမှ ထိတ်လန့်မှုကို ထိန်းချုပ်လိုက်ပြီး နံဘေးရှိ နတ်မိမယ်ကျိယွင်ကို စိတ်ထဲကနေ မေးမြန်းလိုက်သည်။

ယေဘုယျအားဖြင့် လမ်းစဥ်ပေါင်းစည်းခြင်းအဆင့် ပါရမီရှင်ကို အင်‌မော်တယ်ဂိုဏ်းကြီး ငါးဂိုဏ်းသာ မွေးထုတ်နိုင်၏။

နတ်မိမယ်ကျိယွင်သည် မြူခိုးအင်‌မော်တယ်ဂိုဏ်း၏ တပည့်ရင်း တစ်ဦး ဖြစ်ရာ အနက်ရောင်ဝတ်စုံဝတ်လူငယ် မည်သူမည်ဝါဖြစ်သည်ကို သိကောင်းသိနိုင်လိမ့်မည် မဟုတ်ပါလား။

သို့သော်လည်း တန်မိသားနှင့် အင်မော်တယ်ဂိုဏ်းကြီး ငါးဂိုဏ်းတို့ ကြားရှိ ဆက်ဆံရေးသည် အမြဲတစေ ကောင်းမွန်ခဲ့သည်။

သို့ဖြစ်ရာ အင်မော်တယ်ဂိုဏ်းကြီး ငါးဂိုဏ်းမှ လူများသည် တန်မိသားစုကို အကြောင်းမဲ့ အဘယ်ကြောင့် တိုက်ခိုက်စရာလိုအပ်ပါမည်နည်း။

“မျိုးနွယ်စု‌ခေါင်းဆောင်တန်.. ဒီလူက အင်မော်တယ်ဂိုဏ်းကြီးငါးဂိုဏ်းက မဟုတ်ဘူး.. ကျွန်မ ခန့်မှန်းတာမမှားဘူး ဆိုရင် သူက ကပ်ဘေးအဆင့်ကို‌ ရောက်ရှိနေတဲ့ တစ်ကိုယ်တော် ကျင့်ကြံသူ တစ်ယောက်ရဲ့ တပည့်ရင်း ဖြစ်ဖို့များတယ်”

နတ်မိမယ်ကျိယွင်က အလျင်အမြန်ပင် ပြန်လည် ဖြေကြားလိုက်သည်။

“ကပ်ဘေးအဆင့် တစ်ကိုယ်တော်ကျင့်ကြံသူရဲ့ တပည့်ရင်း”

နတ်မိမယ်ကျိယွင်၏ စကားကို ကြားလျှင် တန်ချင်းဖုန်းသည် ရုတ်တရက် မျက်မှောင်ကြုတ်သွားခဲ့သည်။

ကပ်ဘေးအဆင့်ဆိုသည်မှာ အင်မော်တယ် ကျင့်ကြံခြင်းလောကတွင် အထွတ်အထိပ်၌ ရပ်တည်နိုင်သည့် အဆင့်ဖြစ်သည်။

ကပ်ဘေးအဆင့်ရှိ တစ်ကိုယ်တော် ကျင့်ကြံသူတစ်ဦးသည် အင်မော်တယ်ဂိုဏ်းကြီး ငါးဂိုဏ်း ကဲ့သို့ ကြောက်စရာမကောင်းသော်လည်း အလွန်တရာ ရင်ဆိုင်ရခက်သော တည်ရှိမှု ဖြစ်၏။

“နတ်မိမယ်ကျိယွင်.. ဒီကောင်လေးက တကယ်ပဲ ကပ်ဘေးအဆင့် တစ်ကိုယ်တော် ကျင့်ကြံသူရဲ့ တပည့်ရင်း ဖြစ်နေမယ်ဆိုရင် နတ်မိမယ်အနေနဲ့ မြူခိုးအင်မော်တယ်ဂိုဏ်းကို ဆက်သွယ်ပေးဖို့ မျှော်လင့်ပါတယ်.. ကျွန်တော်တို့ တန်မိသားစုက ကျေးဇူးဆပ်မှာပါ”

တန်ချင်းဖုန်းက အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်ကာ ထပ်မံ၍ ပြောကြားလိုက်သည်။

ဆိုရလျှင် တန်မိသားစုမှ ကပ်ဘေးအဆင့် ကျင့်ကြံသူ မရှိပေ။

တန်မိသားစုသည် အင်မော်တယ်တိုက်တွင် နံပါတ်တစ်မိသားစု အဖြစ် ကျော်ကြားသော်လည်း ယင်းသည် အဓိကအားဖြင့် အဂ္ဂိရတ်လမ်းစဥ် အပေါ်တွင်သာ အခြေခံ၍ ကျော်ကြားခြင်း ဖြစ်သည်။

ထို့ကြောင့် ကပ်ဘေးအဆင့် ကျင့်ကြံသူတစ်ဦးနှင့် ရင်ဆိုင်ရလျှင် တန်မိသားစုသည် ကိုင်တွယ်နိုင်လိမ့်မည် မဟုတ်ပေ။

သို့သော်လည်း တန်မိသားစုသည် အင်မော်တယ်တိုက်တွင် နှစ်ပေါင်းများစွာ ရပ်တည်လာခဲ့ပြီး အလွန်ကျယ်ပြန့်သော ဆက်သွယ်ရေးကွန်ရက် တစ်ခုကို တည်ဆောက်ထားခဲ့သည်။

ဆိုရလျှင် ကပ်ဘေးအဆင့် ကျင့်ကြံသူတစ်ဦးကြောင့်ဖြင့် တန်မိသားစုသည် သဘာဝကျစွာပင် အလျှော့ပေးမည် မဟုတ်ပေ။

အခြေအနေကို ကြိုတင်ကာကွယ်သည့် အနေဖြင့် တန်ချင်းဖုန်းသည် နတ်မိမယ်ကျိယွင်ကို မြူခိုးအင်မော်တယ်ဂိုဏ်းမှ အစွမ်းထက် ကျင့်ကြံသူထံ ဆက်သွယ်‌ပေးရန် တောင်းဆိုလိုက်ခြင်းပင်။

နတ်မိမယ်ကျိယွင်က ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်သည်။

“မျိုးနွယ်စုခေါင်းဆောင်တန် စိတ်ချပါ.. ကျိယွင်က ဆရာ့ကို ဆက်သွယ်ထားပြီးပါပြီ.. မြူခိုးအင်မော်တယ်ဂိုဏ်းရဲ့ ဘိုးဘေးကိုယ်တိုင် ကြွလာပါလိမ့်မယ်”

သူမရှေ့မှ အနက်ရောင်ဝတ်စုံဝတ် လူငယ်သည် ကပ်ဘေးအဆင့်ကို ရောက်ရှိနေသည့် တစ်ကိုယ်တော် ကျင့်ကြံသူ တစ်ဦး၏ တပည့်ရင်း ဖြစ်နိုင်သည်ဟု ခန့်မှန်းမိကတည်းကပင် ဤကိစ္စသည် ကိုင်တွယ်ရ ခက်ခဲလိမ့်မည်ဟု သူမ သိရှိခဲ့သည်။

ထို့ကြောင့် နတ်မိမယ်ကျိယွင်သည် ထိုကတည်းကပင် မြူခိုးအင်မော်တယ်ဂိုဏ်းကို ဆက်သွယ်ထားခဲ့ခြင်း ဖြစ်၏။

မြူခိုးအင်‌မော်တယ်ဂိုဏ်း၏ ကပ်ဘေးအဆင့် ဘိုးဘေး ကိုယ်တိုင် ကြွလာမည်ကို ကြားလိုက်ရလျှင် တန်ချင်းဖုန်းသည် စိုးရိမ်စိတ်များ လျော့ပါးသွားခဲ့သည်။

သူက ကျန်းချန်ကို စူးရှစွာ စိုက်ကြည့်လိုက်၏။

“ကောင်လေး.. တန်နင်ကို ချက်ချင်းလွှတ်ပေးလိုက်စမ်း.. ဒီလိုမှ မဟုတ်ရင် မင်းက ကပ်ဘေးအဆင့် တစ်ကိုယ်တော် ကျင့်ကြံသူရဲ့ တပည့်ရင်း ဖြစ်နေရင်တောင် ငါတို့ တန်မိသားစုမှာ လာပြီး ရမ်းကားရဲတဲ့ အတွက် မင်းကို ကြီးလေးတဲ့အဖိုးအခ ပေးဆပ်စေမယ်”

“ငါမင်းကို အခွင့်အရေးပေးခဲ့ပြီးပြီ.. မင်းက တန်ဖိုးမထားမှတော့ ငါ့ကို ရက်စက်တယ် ဆိုပြီး အပြစ်မတင်နဲ့တော့”

ကျန်းချန်က ခံစားချက် ကင်းမဲ့သော အမူအရာဖြင့် တန်နင်၏ ပခုံးကို လက်ဖဝါးဖြင့် အသာအယာ ညှစ်လိုက်ရာ တန်နင်၏ တစ်ကိုယ်လုံးရှိ သွေးကြောများသည် ချက်ချင်းပင် ပေါက်ကွဲသွားခဲ့သည်။

ထို့နောက်တွင် နာကျင်စွာ အော်ဟစ်နေသော တန်နင်ကို အမှိုက်တစ ကဲ့သို့ တန်ချင်းဖုန်းထံ လွှင့်ပစ်ပေးလိုက်သည်။

“မင်း.. မင်း.. ငါ့သား တန်နင်ရဲ့ကျင့်ကြံခြင်းကို ဖျက်ဆီးရဲတယ်.. ဒီနေ့ ငါတန်ချင်းဖုန်း မင်းကို မသတ်နိုင်ရင် ကိုယ့်ကိုယ်ကိုယ် လူလို့ မသတ်မှတ်တော့ဘူး”

ကျန်းချန်က သူ့ရှေ့မှာပင် တန်နင်၏ ကျင့်ကြံခြင်းကို ဖျက်ဆီးလိုက်သည်အား မြင်လျှင် တန်ချင်းဖုန်းသည် ဒေါသတကြီး ကြုံးဝါးလိုက်သည်။

တန်နင်သည် တန်ချင်းဖုန်း၏ သားအရင်း ဖြစ်သလို တန်မိသားစု၏ လူငယ်မျိုးဆက်သစ်များ ထဲတွင် အတောက်ပဆုံး ပါရမီရှင် တစ်ဦးလည်း ဖြစ်သည်။

ယခု သူ့ရှေ့မှ အနက်ရောင်ဝတ်စုံဝတ် လူငယ်သည် တန်နင်၏ ကျင့်ကြံခြင်းကို ဖျက်ဆီးပစ်လိုက်ရာ တန်ချင်းဖုန်းသည် မည်ကဲ့သို့ ဒေါသမထွက်ဘဲ နေနိုင်ပါမည်နည်း။

တန်ချင်းဖုန်းသည် တန်နင်ကို သူ၏ အနောက်ဘက်ရှိ တန်မိသားစုဝင်များထံ စောင့်ရှောက်ရန် ပေးအပ်လိုက်သည်။

ထို့နောက်တွင် လမ်းစဥ်ပေါင်းစည်းခြင်း အထွတ်အထိပ်အဆင့် အရှိန်အဝါကို အစွမ်းကုန် ထုတ်ဖော်လိုက်၏။

သူက ကျန်းချန်ကို အေးစက်စက် စိုက်ကြည့်လိုက်ပြီး ဆန်းကြယ်သော လက်ဟန်များကို အလျင်အမြန်ပင် ထုတ်ဖော်လိုက်သည်။

ရုတ်တရက် တောက်ပသော အလင်းတန်း တစ်ခုသည် လေထုထဲတွင် ထွက်ပေါ်လာခဲ့ပြီး ကြောက်မက်ဖွယ် အရှိန်အဝါများကို ထုတ်လွှတ်နေခဲ့၏။

“သွားစမ်း”

တန်ချင်းဖုန်းက လက်ဟန် တစ်ခုကို ပြုလုပ်လိုက်ပြီး အေးစက်စက် ရေရွတ်လိုက်ရာ ဓားအလင်းတန်းသည် အသံထက်မြန်သော အရှိန်အဟုန်ဖြင့် နေရာလွတ်ကို ချက်ချင်းဆိုသလို ဖြတ်ကျော်သွားခဲ့ပြီး ကျန်းချန် ဆီသို့ ဦးတည်လာခဲ့သည်။

ထိုဓားချက်သည် အလွန်ပင် ထူးခြားဆန်းကြယ်ပြီး လမ်းစဥ်ပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူ အားလုံးပင် ကျောရိုးတစ်လျှောက် ချမ်းစိမ့်သွားသလို ခံစားခဲ့ရသည်။

အရာအားလုံးကို ဖျက်ဆီးပစ်နိုင်သော စွမ်းအားများကို သယ်‌ဆောင်လာသည့် တန်ချင်းဖုန်း၏ ဓားအလင်းနှင့် ရင်ဆိုင်နေရသော်လည်း ကျန်းချန်သည် တည်ငြိမ်စွာပင် ရှိနေခဲ့သည်။

သူက လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်ပြီး လက်ချောင်းငါးချောင်းကို စွန်ကုတ်သဏ္ဌာန် အနည်းငယ် ကွေးလိုက်ရာ တန်ချင်းဖုန်း၏ ဓားအလင်းသည် လေထဲမှာပင် ချေဖျက်ခံလိုက်ရသည်။

“ဒါ ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”

တန်ချင်းဖုန်းက မျက်မှောင်ကြုတ်သွားခဲ့ပြီး သူ၏ မျက်ဝန်းထဲတွင် မယုံကြည်နိုင်လောက်အောင် အံ့ဩထိတ်လန့်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။

သူ၏ လမ်းစဥ်ပေါင်းစည်းခြင်း အထွတ်အထိပ်အဆင့် စွမ်းအားကို အနက်ရောင်ဝတ်စုံဝတ် လူငယ်သည် အသာအယာပင် ချေဖျက်နိုင်ခဲ့သည်။

အင်မော်တယ်ဂိုဏ်းကြီး ငါးဂိုဏ်းမှ လမ်းစဥ်ပေါင်းစည်းခြင်းအဆင့် ပါရမီရှင် ဖြစ်နေလျှင်ပင် ဤမျှ ကြောက်မက်ဖွယ်ရာကောင်းသော စွမ်းအားမျိုး ရှိနိုင်လိမ့်မည် မဟုတ်ဟု သူထင်မြင်မိ၏။

“တန်ချင်းဖုန်း.. လမ်းစဥ်ပေါင်းစည်းခြင်း အထွတ်အထိပ်အဆင့် ဆိုတာ ငါ့ရဲ့ မျက်လုံးထဲမှာ ပုရွက်ဆိတ်တစ်ကောင်သာသာပဲလို့ မင်းကို ငါ အစောကတည်းက ပြောခဲ့သားပဲ.. မင်းက ကိုယ့်သေတွင်း ကိုယ်တူးနေချင်မှတော့ ငါ မင်းဆန္ဒကို ဖြည့်ဆည်းပေးမယ်”

ကျန်းချန်က တန်ချင်းဖုန်းကို အထက်စီးဆန်စွာ ကြည့်လိုက်ပြီး ရှေးဟောင်းရွှေရောင်ဓားကို ထုတ်ယူလိုက်သည်။

“လူသားအဖြစ် ပြောင်းလဲစေသော ဓားချက်”

ကျန်းချန်က အပြာရောင်ဧကရာဇ် သက်ရှည်ကျင့်စဥ် ထဲမှ လူသားအဖြစ် ပြောင်းလဲစေသော ဓားချက်ကို ထုတ်ဖော်ကာ တန်ချင်းဖုန်းကို တိုက်ခိုက်လိုက်သည်။

ကျန်းချန်၏ ရှေးဟောင်းရွှေရောင်ဓားကနေ ဆန်းကြယ်သော ဓားအလင်းသည် တန်ချင်းဖုန်း ဆီသို့ သက်ရောက်သွားခဲ့၏။

တန်ချင်းဖုန်းသည် သူ၏ စွမ်းအားများကို အစွမ်းကုန်ထုတ်ဖော်ကာ ခန္ဓာကိုယ် ပတ်ပတ်လည်တွင် စွမ်းအင်အကာအကွယ် တစ်ခုကို အလျင်အမြန်ပင် ဖွဲ့စည်းလိုက်သည်။

သို့သော်လည်း သူ၏ အကာအကွယ်သည် ကျန်းချန်၏ လူသားအဖြစ် ပြောင်းလဲစေသော ဓားချက် စွမ်းအားအောက်တွင် မည်သို့မှ အသုံးမဝင်ခဲ့ပေ။

ကျန်းချန်၏ ဓားစွမ်းအားသည် သူ၏ ခန္ဓာကိုယ်မှ အကာအကွယ်ကို အဆီးအတားမရှိ ထိုးဖောက်သွားခဲ့ပြီး တန်ချင်းဖုန်း၏ ခန္ဓာကိုယ်ပေါ်သို့ သက်ရောက်သွားခဲ့သည်။

နောက်ထပ် တစ်ခဏမှာပင် တန်ချင်းဖုန်း၏ အရှိန်အဝါများသည် ရုတ်တရက် ကျဆင်းသွားခဲ့ပြီး မကြာမီမှာပင် လမ်းစဥ်ပေါင်းစည်းခြင်း အဆင့်ကနေ ဝိညာဥ်ခွဲထွက်ခြင်းအဆင့်သို့ ကျဆင်းသွားခဲ့သည်။

ထို့နောက်တွင် ဝိညာဥ်ခွဲထွက်ခြင်း အဆင့်မှ သန္ဓေဝိညာဥ်အဆင့်သို့ ကျဆင်းသွားပြန်၏။

အသက်ရှူကြိမ် အနည်းငယ် အတွင်းမှာပင် တန်ချင်းဖုန်းသည် လမ်းစဥ်ပေါင်းစည်းခြင်း အထွတ်အထိပ်အဆင့် ကျင့်ကြံသူ တစ်ဦး ဘဝကနေ မည်သည့် ကျင့်ကြံမှုမှ မရှိတော့သော အသုံးမကျသည့် လူတစ်ဦး အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး လေထုထဲကနေ မြေပြင်ပေါ်သို့ အရှက်တကွဲ ပြုတ်ကျသွားခဲ့သည်။

ထိုအခိုက်အတန့်တွင် ပတ်ဝန်းကျင် တစ်ခုလုံးသည် တစပြင်နှယ် တိတ်ဆိတ်သွားခဲ့သည်။

လူတိုင်းသည် ထိုမြင်ကွင်းကို ကြည့်ကာ မှင်တက်နေခဲ့ကြပြီး သူတို့၏ မျက်လုံးများကိုပင် မယုံကြည်နိုင်လောက်အောင် ဖြစ်နေခဲ့ကြသည်။

တန်မိသားစု၏ ခေါင်းဆောင် တန်ချင်းဖုန်းသည် အင်မော်တယ်ကျင့်ကြံခြင်း လောကတွင် လူသိများသော အစွမ်းထက်ကျင့်ကြံသူတစ်ဦးဖြစ်၏။

ကျင့်ကြံခြင်းလောက၏ လက်ချိုးရေတွက်၍ ရသော အစွမ်းထက် ကျင့်ကြံသူတချို့မှ လွဲလျှင် တန်ချင်းဖုန်းကို ယှဥ်နိုင်သူမှာ အင်မော်တယ်ကျင့်ကြံခြင်း လောကတွင် အလွန်တရာပင် နည်းပါးလှသည်။

ဤမျှအစွမ်းထက်သော လမ်းစဥ်ပေါင်းစည်းခြင်းအဆင့်အထွတ်အထိပ်ရှိ ပုဂ္ဂိုလ်သည် အနက်ရောင်ဝတ်စုံဝတ်လူငယ်၏ ဓားချက်တစ်ချက်ဖြင့်ပင် ကျင့်ကြံမှု ပျက်စီးသွားခဲ့ပြီး လုံးဝအသုံးမကျတော့သည့် အမှိုက်ကောင်တစ်ဦး အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

“ဒါ ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”

ကပ်ဘေးအဆင့် ကျင့်ကြံသူများမှာပင် ဤမျှကြောက်မက်ဖွယ်ရာကောင်းသော နည်းစနစ် ရှိချင်မှ ရှိပေလိမ့်မည်။

“တကယ်ကို မထင်ထားမိဘူး.. တန်မိသားစုရဲ့‌ခေါင်းဆောင်တောင် သူ့ရဲ့ဓားချက်ကို မတားဆီးနိုင်ခဲ့ဘူးပဲ”

နတ်မိမယ်ကျိယွင်သည် မျက်နှာချင်းဆိုင်မှ အနက်ရောင်ဝတ်စုံဝတ်လူငယ်ကို အကဲခတ် ကြည့်နေခဲ့သည်။

သူမ၏ မျက်ဝန်းထဲတွင် ထိတ်လန့်သော အရိပ်အယောင်များ မကြုံစဖူး ဖြစ်ပေါ်လာခဲ့သည်။

သူမ ရှေ့မှ လူငယ်၏ စွမ်းရည်သည် သူမထက် သာလွန်ကြောင်း သူမ သိထားသော်လည်း ဤမျှလောက်အထိ ကြောက်မက်ဖွယ်ရာ ကောင်းနေလိမ့်မည်ဟု သူမ မထင်မှတ်ထားခဲ့ပေ။

ထိုလူငယ်သည် လမ်းစဥ်ပေါင်းစည်းခြင်း အထွတ်အထိပ်အဆင့်ရှိ တန်ချင်းဖုန်းကို ဓားချက် တစ်ချက်တည်းဖြင့်ပင် ဖျက်ဆီးပစ်နိုင်ခဲ့၏။

ဤကဲ့သို့ ကျင့်ကြံခြင်းအဆင့်ကို တစ်မုဟုတ်ချင်း ဖျက်ဆီးပစ်နိုင်သော စွမ်းအားမျိုးကို နတ်မိမယ်ကျိယွင်သည် တစ်ခါမှမကြားဖူးခဲ့ပေ။

ထိုအခိုက်အတန့်တွင် နတ်မိမယ်ကျိယွင်သည် သူမ၏ အစောပိုင်း သုံးသပ်ချက်က မည်မျှပင် ရယ်စရာကောင်းမှန်း သဘောပေါက်သွားခဲ့သည်။

ဆိုရလျှင် သူမရှေ့မှ အနက်ရောင်ဝတ်စုံဝတ် လူငယ်သည် ကပ်ဘေးအဆင့်ကို ရောက်ရှိနေသည့် တစ်ကိုယ်တော်ကျင့်ကြံသူ၏ တပည့်ရင်း မဖြစ်နိုင်တော့ပေ။

အကြောင်းရင်းမှာ ထိုလူ ကိုယ်တိုင်ကပင် ကပ်ဘေးအဆင့်ထက် မနိမ့်ကျသည့် ကြောက်မက်ဖွယ်ရာကောင်းသော တည်ရှိမှု တစ်ခု ဖြစ်နေခဲ့သည် မဟုတ်ပါလော။

အခန်း(၂၃၅၇)ပြီး၏။

အခန်း(၂၃၅၈)

“မင်း.. မင်းက အင်မော်တယ်ကျင့်ကြံခြင်းလောကက မဟုတ်ဘူး.. မင်းဘယ်သူလဲ”

တန်ချင်းဖုန်းက ဖြူဖျော့နေသော မျက်နှာဖြင့် လေထုထဲတွင် ရပ်နေသော ကျန်းချန်ကို မော့ကြည့်လိုက်သည်။

သူ၏ မျက်ဝန်းထဲတွင် ထိတ်လန့်သော အမူအရာများ မကြုံစဖူး ဖြစ်ပေါ်လာကြ၏။

သူ့ရှေ့မှ အနက်ရောင်ဝတ်စုံဝတ် လူငယ်သည် ဤမျှအထိ ကြောက်မက်ဖွယ်ရာ‌ကောင်းသော စွမ်းရည် ရှိနေလိမ့်မည်ဟု တန်ချင်းဖုန်း လုံးဝ မထင်ထားခဲ့ပေ။

လမ်းစဥ်ပေါင်းစည်းခြင်း အထွတ်အထိပ်အဆင့်ရှိ သူ၏ ကျင့်ကြံခြင်းသည်ပင် တစ်ဖက်လူ၏ ဓားချက်တစ်ချက်တည်းဖြင့် ဖြတ်တောက်ခံလိုက်ရသည် မဟုတ်ပါလား။

ဤကဲ့သို့သော နည်းစနစ်သည် အမှန်တကယ်ပင် ဆန်းကြယ်လွန်းလှ၏။

တန်မိသားစု၏ မျိုးနွယ်စုခေါင်းဆောင် တစ်ဦး အနေဖြင့် တန်ချင်းဖုန်းသည် ကပ်ဘေးအဆင့် ကျင့်ကြံသူ တစ်ဦးထက်မက မြင်တွေ့ခဲ့ဖူးပြီး ကပ်ဘေးအဆင့် ကျင့်ကြံသူ၏ စွမ်းအားကို ကိုယ်တိုင် ကြုံတွေ့ခဲ့ဖူးသည်။

ဆိုရလျှင် ကပ်ဘေးအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်နေလျှင်ပင် သူ၏ ကျင့်ကြံခြင်းအဆင့်ကို ဓားချက် တစ်ချက်တည်းဖြင့် ဖြတ်တောက်နိုင်လိမ့်မည် မဟုတ်ပေ။

ထို့အပြင် သူ့ရှေ့မှ ကောင်လေး ထုတ်ဖော်လိုက်သော ဓားချက်သည် အင်မော်တယ်ကျင့်ကြံသူ တစ်ဦး ပိုင်ဆိုင်နိုင်သော စွမ်းအားမျိုး မဟုတ်ဟု တန်ချင်းဖုန်း ခပ်ရေးရေး ခံစားမိခဲ့သည်။

တစ်နည်းအားဖြင့် ပြောရလျှင် သူ့ရှေ့မှ အနက်ရောင်ဝတ်စုံဝတ် လူငယ်သည် အင်မော်တယ်ကျင့်ကြံခြင်း လောကမှ ကျင့်ကြံသူတစ်ဦး မဖြစ်နိုင်ရန် အလားအလာ အလွန်များ၏။

အင်မော်တယ်တိုက်တွင် အင်မော်တယ်လောကမှ ကျင့်ကြံသူများ အပြင် မြောက်ဘက်ဒေသရှိ သိုင်းပညာကျင့်ကြံသူများသာ ရှိသည်။

သို့ဖြစ်ရာ အနက်ရောင်ဝတ်စုံဝတ် လူငယ်‌သည် မြောက်ဘက်ဒေသရှိ သိုင်းပညာ အင်အားစုများမှ မွေးဖွားလာသော ပါရမီရှင်တစ်ဦး ဖြစ်နိုင်ပါသလော။

အကယ်၍သာ မြောက်ဘက်ဒေသရှိ သိုင်းပညာအင်အားစုများမှ ဤမျှ ကြောက်မက်ဖွယ်ရာကောင်းသော အနှိုင်းမဲ့ပါရမီရှင် တစ်ဦးကို မွေးထုတ်နိုင်ခဲ့လျှင် ယင်းသည် အင်မော်တယ်ကျင့်ကြံခြင်း လောကရှိ သူတို့အတွက် ကောင်းမွန်သောကိစ္စ မဟုတ်ပေ။

“ငါက မင်းတို့ ရန်စလို့ရတဲ့သူ မဟုတ်ဘူးလို့ အစောကတည်းက ပြောခဲ့သားပဲ”

ကျန်းချန်က တန်ချင်းဖုန်းကို အေးစက်စက် စိုက်ကြည့်ကာ ပြောလိုက်သည်။

“တစ်ယောက်ကို ကပ်ဘေးကျော်ဖြတ်ခြင်း နတ်ဆေးလုံး ငါးလုံးစီနဲ့ လာရွေးပါ.. ဒါဆိုရင် အသက်ချမ်းသာပေးမယ် တကယ်လို့ ငါ့ရဲ့ တောင်းဆိုချက်ကို မကျေနပ်သေးရင် တခြားသူတွေကို ဖိတ်‌ခေါ်နိုင်တယ်”

“ကောင်လေး.. မင်းသိပ်မောက်မာမနေနဲ့”

တန်ချင်းဖုန်း၏ မျက်နှာသည် ချက်ချင်းပင် သုန်မှုန်သွားခဲ့သည်။

“မြူခိုးအင်မော်တယ်ဂိုဏ်းရဲ့ ကပ်ဘေးအဆင့်ဘိုးဘေး မကြာခင် ရောက်လာတော့မယ်.. မင်းသတ္တိရှိရင် ထွက်မပြေးဘဲ စောင့်နေလိုက်”

အင်မော်တယ်တိုက်၏ နံပါတ်တစ် မိသားစုမှ မျိုးနွယ်စုခေါင်းဆောင် အနေဖြင့် တန်ချင်းဖုန်းသည် ကိုယ်တိုင်က အစွမ်းထက်ရုံသာမက အဆင့်အတန်းလည်း မြင့်မားသူဖြစ်သည်။

သူ၏ တစ်သက်တာတွင် ယခုကဲ့သို့ တစ်ခါမှ အရှက်မကွဲခဲ့ဖူးပေ။

သို့သော်လည်း သူ့ရှေ့မှ အနက်ရောင်ဝတ်စုံဝတ် ကောင်လေးသည် ကပ်ဘေးအဆင့်ထက် မနိမ့်ကျ၍ သူတို့ တန်မိသားစု ကိုင်တွယ်နိုင်သောသူ မဟုတ်ပေ။

ကံကောင်းထောက်မစွာဖြင့် နတ်မိမယ်ကျိယွင်သည် မြူခိုးအင်မော်တယ်ဂိုဏ်း၏ ကပ်ဘေးအဆင့် ဘိုးဘေးကို အကြောင်းကြားထားပြီးပြီ ဖြစ်သည်။

ယခုအခါတွင် သူ၏ လက်ရှိ အကျပ်အတည်းကို ဖြေရှင်းရန်အတွက် မြူခိုးအင်မော်တယ်ဂိုဏ်းမှ ဘို‌ဘေး ရောက်လာသည်အထိ စောင့်ဆိုင်းရန်သာ ရှိတော့သည်။

“ကောင်းပြီလေ.. ငါသူ့ကို ဒီမှာပဲ စောင့်နေမယ်”

ကျန်းချန်က လက်နှစ်ဖက်ကို ဟန်ပါပါ နောက်ပစ်ကာ လေထုထဲတွင် ဝင့်ကြွားစွာ ရပ်နေခဲ့ပြီး မြူခိုးအင်မော်တယ်ဂိုဏ်းမှ ဘိုးဘေး ရောက်ရှိလာမည်ကို အေးအေးလူလူ စောင့်ဆိုင်းနေခဲ့သည်။

ပတ်ဝန်းကျင်ရှိ ကြည့်ရှုနေကြသော ကျင့်ကြံသူ အများအပြားသည် သူတို့ရှေ့မှ မြင်ကွင်းကို ကြည့်ကာ အသက်ရှူမှားမတတ်ပင် ဖြစ်ကုန်ကြသည်။

အစပထမတွင် သူတို့သည် လျှို့ဝှက်ဆန်းကြယ်သော အနက်ရောင်ဝတ်စုံဝတ် လူငယ်က တန်မိသားစုနှင့် ထိပ်တိုက်ရင်ဆိုင်မိလျှင် အခြေအနေကောင်းလိမ့်မည် မဟုတ်ဟု ထင်မှတ်ထားခဲ့ကြသည်။

မည်သို့ပင် ဆိုစေကာမူ အင်မော်တယ်တိုက်၏ နံပါတ်တစ်မိသားစု အနေဖြင့် တန်မိသားစုသည် အလွန်တရာပင် အစွမ်းထက်၏။

တန်မိသားစုသည် စွမ်းရည်ပိုင်းတွင် အင်မော်တယ်ဂိုဏ်းကြီးငါးဂိုဏ်းနှင့် မယှဥ်နိုင်သော်လည်း ဂိုဏ်းတော်တော်များများထက်မူ ပိုမို၍ အစွမ်းထက်၏။

အင်မော်တိုက်တိုက်ရှိ တန်မိသားစု၏ အလွန်တရာကျယ်ပြန့်သော ဆက်သွယ်ရေး ကွန်ရက်များကို ဖယ်ထားလျှင်ပင် တန်မိသားစုသည် တော်တန်ရုံ ကျင့်ကြံသူတစ်ဦး ထိပါးရဲသည့် မိသားစုမဟုတ်ပေ။

သို့သော်လည်း လျှို့ဝှက်ဆန်းကြယ်သော အနက်ရောင်ဝတ်စုံဝတ် လူငယ်သည် သူတို့၏ ထင်မြင်ချက်များကို တစ်ကြိမ်ပြီးတစ်ကြိမ် ရိုက်ချိုးပစ်ခဲ့သည်။

ထိုလူငယ်သည် ပထမဆုံးအနေဖြင့် တန်မိသားစုမှ ဝိညာဥ်ခွဲထွက်ခြင်းအဆင့် ကျင့်ကြံသူနှစ်ဦးကို သတ်ဖြတ်ခဲ့သည်။

ထို့နောက်တွင် ဝိညာဥ်ခွဲထွက်ခြင်း အဆင့်ရှိ ပါရမီရှင်နှစ်ဦး ဖြစ်သော တန်နင်နှင့် နတ်မိမယ်ကျိယွင် တို့ကို ဖိနှိပ်ကာ တန်မိသားစု ခေါင်းဆောင် တန်ချင်းဖုန်း ကိုယ်တိုင် ရောက်ရှိလာစေသည်အထိ စွမ်းဆောင်နိုင်ခဲ့သည်။

သူတို့ကို ပို၍ အံ့အားသင့်စေသည်မှာ လမ်းစဥ်ပေါင်းစည်းခြင်း အထွတ်အထိပ်အဆင့်ရှိ တန်မိသားစု ခေါင်းဆောင်သည်ပင် လျှို့ဝှက်ဆန်းကြယ်သော အနက်ရောင်ဝတ်စုံဝတ် လူငယ်၏ ဓားချက် တစ်ချက်တည်းဖြင့် ကျင့်ကြံခြင်းများ အဖြတ်ခံလိုက်ရခြင်းပင်။

ယခုအခါတွင်လည်း ထိုလူငယ်သည် မြူခိုးအင်မော်တယ်ဂိုဏ်း၏ ကပ်ဘေးအဆင့် ဘိုးဘေး ရောက်ရှိလာသည် အထိ ဤနေရာမှာပင် အေးအေးလူလူ စောင့်ဆိုင်းနေခဲ့သည်။

သူတို့ရှေ့မှ လျှို့ဝှက်ဆန်းကြယ်သော အနက်ရောင်ဝတ်စုံဝတ် လူငယ်သည် မည်မျှပင် ကြောက်မက်ဖွယ်ရာကောင်းသော တည်ရှိမှုမျိုး ဖြစ်နေပါသနည်း။

ကျန်းချန်က မြူခိုးအင်မော်တယ်ဂိုဏ်း၏ ကပ်ဘေးအဆင့် ဘိုးဘေး ရောက်ရှိလာသည်အထိ စောင့်ရန် အမှန်တကယ် ရည်ရွယ်ထားမှန်း မြင်လိုက်ရလျှင် တန်ချင်းဖုန်းသည် အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့သည်။

အနက်ရောင်ဝတ်စုံဝတ် လူငယ်သည် ကပ်ဘေးအဆင့် ကျင့်ကြံသူနှင့် ယှဥ်ပြိုင်ရန် အမှန်တကယ်ပင် ယုံကြည်ချက် ရှိနေပုံရ၏။

မည်သို့ပင် ဖြစ်စေကာမူ သူတို့၏ကျင့်ကြံခြင်းသည် ကျန်းချန်ကြောင့် ပျက်စီးသွားခဲ့ချေပြီ။

ဤသို့ဖြင့် စောင့်ဆိုင်းရင်းဖြင့်ပင် အချိန်များသည် တဖြည်းဖြည်း ကုန်ဆုံးသွားခဲ့သည်။

အချိန်မည်မျှ ကြာမြင့်သွားသည်ကို မသိရပေ။

ချမ်းစိမ့်နေသော လေထုတွင် ရုတ်တရက် နေရာလွတ်လှိုင်းလုံးများ ဖြစ်ပေါ်လာခဲ့သည်။

မကြာမီမှာပင် ခါးကုန်းကုန်း အဘိုးအိုတစ်ဦး၏ ပုံရိပ်သည် ရုတ်တရက် ထွက်ပေါ်လာခဲ့ပြီး နတ်မိမယ်ကျိယွင်၏ နံဘေးသို့ရောက်ရှိလာခဲ့သည်။

ထိုအဘိုးအို ပေါ်လာသည်နှင့်တစ်ပြိုင်နက် ကျင့်ကြံသူအားလုံးကို အသက်ရှူကြပ်စေလောက်သည့် ကြောက်မက်ဖွယ် အရှိန်အဝါ တစ်ခုသည် ပတ်ဝန်းကျင်တွင် ချက်ချင်းဆိုသလို ပျံ့နှံ့သွားခဲ့သည်။

“ကျိယွင်က ဘိုးဘေးထျန်းရှကို ဂါဝရပြုပါတယ်”

နတ်မိမယ်ကျိယွင်က ရိုသေသော အမူအရာဖြင့် အလျင်အမြန်ပင် ဂါဝရပြုလိုက်သည်။

ယခု ရောက်ရှိလာသူမှာ အခြားသူမဟုတ်ဘဲ မြူခိုးအင်မော်တယ်ဂိုဏ်း၏ ဘိုးဘေးသုံးပါး ထဲတွင် တစ်ဦး ဖြစ်သော ဘိုးဘေးထျန်းရှ ဖြစ်၏။

ဘိုးဘေးထျန်းရှက ခေါင်းညိတ်လိုက်ပြီး တည်ငြိမ်စွာ မေးလိုက်သည်။

“ကျိယွင်.. မင်းရဲ့ဆရာက တစ်ဆင့် ငါ့ကို လာခဲ့ဖို့ ဘာလို့အကြောင်းကြားရတာလဲ.. ဘာကိစ္စတွေများ ဖြစ်နေလို့လဲ”

နတ်မိမယ်ကျိယွင်က အနည်းငယ်မျှပင် ဖုံးကွယ်မထားဘဲ အစောပိုင်းက ဖြစ်ပျက်သမျှကို အလျင်အမြန်ပင် ပြန်လည်တင်ပြလိုက်သည်။

နတ်မိမယ်ကျိယွင်၏ စကားကိုကြားလျှင် ဘိုးဘေးထျန်းရှသည် အနည်းငယ် အံ့အားသင့်သွားခဲ့သည်။

သူက အောက်ကို ငုံ့ကြည့်လိုက်ရာ ကျင့်ကြံခြင်းအဆင့် ဆုံးရှုံးနေသော တန်ချင်းဖုန်းကို မြေပြင်ထက်တွင် တွေ့လိုက်ရ၏။

တန်မိသားစု၏ ခေါင်းဆောင်သည် နတ်မိမယ်ကျိယွင် ပြောခဲ့သလိုပင် ဓားချက် တစ်ချက်တည်းဖြင့် ကျင့်ကြံခြင်းများ ဖြတ်တောက်ခံလိုက်ရပြီး လမ်းစဥ်ပေါင်းစည်းခြင်း အထွတ်အထိပ်ရှိ ကျင့်ကြံသူတစ်ဦး ဘဝကနေ မည်သည့် ကျင့်ကြံမှုမှ မရှိသော သာမန်လူတစ်ဦး အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

“တကယ်ကို ဆန်းကြယ်တဲ့ နည်းစနစ်ပါလား”

ဘိုးဘေးထျန်းရှ၏ မျက်ဝန်းများက အနည်းငယ် ကျဥ်းမြောင်းသွားခဲ့သည်။

လမ်းစဥ်ပေါင်းစည်းခြင်း အထွတ်အထိပ် အဆင့်ရှိ ကျင့်ကြံသူ၏ ခန္ဓာကိုယ်ကို အနည်းငယ်မျှပင် ထိခိုက်စေခြင်း မရှိဘဲ ကျင့်ကြံခြင်းကိုသာ ဓားချက် တစ်ချက်တည်းဖြင့် ဖြတ်တောက်လိုက်သော နည်းစနစ်မျိုးသည် သူ၏ တစ်သက်တာတွင် ပထမဆုံးအကြိမ် မြင်ဖူးခဲ့ခြင်း ဖြစ်၏။

ဘိုးဘေးထျန်းရှက အသက်ကို ခပ်ပြင်းပြင်းရှုလိုက်ပြီး မျက်နှာချင်းဆိုင်ရှိ အနက်ရောင်ဝတ်စုံဝတ် လူငယ်ကို အကဲခတ်လိုက်သည်။

သူ၏ အမူအရာက အလွန်တရာပင် လေးနက်နေခဲ့၏။

ဤအနက်ရောင်ဝတ်စုံဝတ် လူငယ်၏ အရှိန်အဝါသည် အမှန်တကယ်ပင် ဆန်းကြယ်လှပြီး ကပ်ဘေးအဆင့်ကို ရောက်ရှိနေသည့် သူ၏ စွမ်းရည်ဖြင့်ပင် သူ့ရှေ့မှ လူငယ်ကို ထိုးဖောက်မမြင်နိုင်ခဲ့ချေ။

သို့သော်လည်း သူ့ရှေ့မှ အနက်ရောင်ဝတ်စုံဝတ် လူငယ်သည် ကပ်ဘေးအဆင့်ထက် မနိမ့်ကျသည့် အစွမ်းထက်ပုဂ္ဂိုလ် တစ်ဦးဆိုသည်မှာ သေချာနေခဲ့သည်။

ဘိုးဘေးထျန်းရှအနေဖြင့် ထိုအနက်ရောင်ဝတ်စုံဝတ် လူငယ်ထံကနေ အလွန်အန္တရာယ်များသော အရှိန်အဝါတစ်ခုကို ခံစားမိနေခဲ့၏။

“ဒီကောင်လေးက ဘယ်ဂိုဏ်းကများလဲ”

ဘိုးဘေးထျန်းရှက အံ့ဩထိတ်လန့်သွားခဲ့သည်။

အင်မော်တယ်တိုက်တွင် အင်မော်တယ်ကျင့်ကြံခြင်း လောက စတင် ဖြစ်ပေါ်လာကတည်းကပင် မဟာယာနအဆင့် ကျင့်ကြံသူ တစ်ဦးမျှ မရှိခဲ့ဖူးချေ။

ဆိုရလျှင် ကပ်ဘေးအဆင့်သည် အင်မော်တယ်ကျင့်ကြံခြင်းလောက၏ အထွတ်အထိပ်အဆင့် ဖြစ်သည်။

ထို့ကြောင့် ကပ်ဘေးအဆင့်ရှိ ကျင့်ကြံသူများသည် အင်မော်တယ်တိုက်၏ အင်မော်တယ် ကျင့်ကြံခြင်း လောကတွင် အလွန်တရာ ရှားပါးလှ၏။

သူတို့ အင်မော်တယ်ဂိုဏ်းကြီး ငါးဂိုဏ်းရှိ ကပ်ဘေးအဆင့် ကျင့်ကြံသူအားလုံး ပေါင်းလိုက်လျှင်ပင် တစ်ဒါဇင်ထက်မပိုပေ။

ဤကပ်ဘေးအဆင့်ကိုရောက်ရှိနေသော ကျင့်ကြံသူများသည် အနည်းဆုံး နှစ်ပေါင်းသောင်းချီ ကျင့်ကြံလာခဲ့သော မွန်းစတားအိုကြီးများသာ ဖြစ်ကြသည်။

အင်မော်တယ်တိုက်၏ သမိုင်းတစ်လျှောက်တွင် အသက်အငယ်ဆုံး ကပ်ဘေးအဆင့် ကျင့်ကြံသူသည်ပင် အသက်သုံးထောင်ကျော် ဖြစ်သည်။

ယခုသူ့ရှေ့မှ အနက်ရောင်ဝတ်စုံဝတ် လူငယ်၏ အသက်ကမူ အလွန်ဆုံး နှစ်တစ်ရာခန့်သာ ရှိပေလိမ့်မည်။

ဤမျှငယ်ရွယ်သော အသက်အရွယ်ဖြင့် ကပ်ဘေးအဆင့်ကိုရောက်ရှိနေသည်မှာ အမှန်တကယ်ပင် ကြောက်မက်ဖွယ်ရာကောင်းလွန်းလှ၏။

ဘိုးဘေးထျန်းရှ အတွေးနက်နေစဥ်မှာပင် တန်ချင်းဖုန်း၏ စကားသံသည် ဘိုးဘေးထျန်းရှ၏ နားထဲကို ချက်ချင်းဆိုသလို ဝင်ရောက်လာခဲ့သည်။

“ဘိုးဘေးထျန်းရှ သတိထားပါ.. သူ့ရဲ့နည်းစနစ်က အရမ်းကို ဆန်းကြယ်တယ်.. သူက အင်မော်တယ် ကျင့်ကြံခြင်း လောကက လူတစ်ယောက် မဟုတ်ဖို့ အလားအလာ အရမ်းများတယ်”

အခန်း(၂၃၅၈)ပြီး၏။

All Chapters