← Chapters

အခန်း (၂၃၅၃-၂၃၅၄)

Vol. 176 Ch. 2353-2354

အခန်း (၂၃၅၃-၂၃၅၄)

Vol. 176 Ch. 2353-2354

အခန်း(၂၃၅၃)

ထိုအခိုက်အတန့်တွင် ပတ်ဝန်းကျင် တစ်ခုလုံးသည် တစပြင်နှယ် တိတ်ဆိတ်သွားခဲ့သည်။

တန်နင်နှင့် နတ်မိမယ်ကျိယွင် သာမက ပွဲကြီးပွဲကောင်း ကြည့်ရှုရန် ရထားလုံးနောက်ကနေ လိုက်ပါလာကြသော ကျင့်ကြံသူ အများအပြားပင် အံ့ဩတုန်လှုပ်သွားခဲ့ကြသည်။

စကားတစ်ခွန်းဖြင့်ပင် ဝိညာဥ်ခွဲထွက်ခြင်း အထွတ်အထိပ် အဆင့်တွင် ရှိနေသည့် တန်ရန်ကို ချက်ချင်းဆိုသလို အနိုင်ယူလိုက်၏။

ရထားလုံးထဲရှိ ပုဂ္ဂိုလ်သည် လမ်းစဥ်ပေါင်းစည်းခြင်း အဆင့်သို့ ရောက်ရှိနေသည်မှာ သေချာသလောက်ပင်။

တန်နင်၏ မျက်နှာက အလွန်တရာပင် သုန်မှုန်နေခဲ့သည်။

ယခုတစ်ကြိမ် နတ်မိမယ်ကျိယွင်က တန်နင်ထံ ရောက်လာခြင်းသည် လမ်းစဥ်ပေါင်းစည်းခြင်း နတ်ဆေးလုံး အတွက် ဖြစ်၏။

တန်နင်က နတ်မိမယ်ကျိယွင်ကို အစွမ်းကုန် ကူညီရသည့် အကြောင်းရင်းမှာ ထိုလှပသော မိန်းကလေး၏ အချစ်ကို ရရှိရန်အတွက် ဖြစ်သည်။

နတ်မိမယ်ကျိယွင်သည် မြူခိုးအင်မော်တယ်ဂိုဏ်း၏ အဓိကတပည့်ရင်း တစ်ဦး ဖြစ်၍ ဂိုဏ်းထဲတွင် အဆင့်အတန်း အလွန်တရာ မြင့်မား၏။

အကယ်၍ သူသာ နတ်မိမယ်ကျိယွင်ကို ရရှိနိုင်မည်ဆိုလျှင် နောင်တစ်ချိန်တွင် မျိုးနွယ်စုခေါင်းဆောင် ရာထူးကို လုယူရာ၌ သူ့အတွက် များစွာ အထောက်အကူ ဖြစ်မည် မဟုတ်ပါလော။

သို့ရာတွင် တစ်စုံတစ်ယောက်သည် နတ်မိမယ်ကျိယွင် ရှေ့တွင် သူ့ကို အရှက်ရအောင် လုပ်ဆောင်လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

“စီနီယာက ဘယ်သူပါလဲ.. ဘာလို့ ကျွန်တော်တို့ တန်မိသားစုကို ပြဿနာ ရှာနေရတာလဲ”

တန်နင်က ရထားလုံးကို စိုက်ကြည့်ကာ မေးခွန်းထုတ်လိုက်သည်။

သူ၏ မျက်ဝန်းထဲတွင် အေးစက်သော အလင်းတန်းများ လင်းလက်နေခဲ့၏။

သို့ရာတွင် တန်နင်သည် ရင်ထဲတွင် ဒေါသများ ပြည့်နှက်နေသော်လည်း စိတ်လက်မာန်ပါ မလုပ်ဆောင်ခဲ့ပေ။

ရထားလုံး မရောက်လာမီကပင် ဟန့်တားရန်အတွက် ဝိညာဥ်ခွဲထွက်ခြင်းအဆင့် ကျင့်ကြံသူကို သူက စေလွှတ်ခဲ့သော်လည်း ယခုအချိန်အထိ ပြန်မလာနိုင်သေးပေ။

၎င်းတို့၏ ပေါ့ဆမှုကြောင့် ရထားလုံးက ဖောက်ထွက်လာနိုင်ခဲ့ခြင်း ဖြစ်လောက်သည်ဟု အစောပိုင်းတွင် တန်နင် ထင်ထားခဲ့သည်။

ရထားလုံးပိုင်ရှင်က အကြီးအကဲ တန်ရန်ကို ဒဏ်ရာအပြင်းအထန်ရရှိအောင် လုပ်ဆောင်လိုက်သည်အား သူကိုယ်တိုင် မြင်လိုက်ရသည့်အခါမှသာ သူအစောပိုင်းက စေလွှတ်လိုက်သော ဝိညာဥ်ခွဲထွက်ခြင်းအဆင့် ကျင့်ကြံသူသည် အသတ်ခံလိုက်ရပြီ ဖြစ်နိုင်ကြောင်း တန်နင် သဘောပေါက်သွားခဲ့သည်။

သိထားရမည့်အချက်မှာ ဝိညာဥ်ခွဲထွက်ခြင်းအဆင့် ကျင့်ကြံသူသည် တန်မိသားစုတွင် အလွန်တရာ ရှားပါးသော တည်ရှိမှုမျိုး ဖြစ်သည်။

ဝိညာဥ်ခွဲထွက်ခြင်း အဆင့် ကျင့်ကြံသူတိုင်းသည် တန်မိသားစုတွင် အရေးပါသော ရာထူးများကို ရယူထားကြ၏။

၎င်းတို့သည် တန်နင်အတွက် နောင်တစ်ချိန် မျိုးနွယ်စုခေါင်းဆောင် ရာထူးကို ယှဥ်ပြိုင်နိုင်ရန် အရင်းအနှီးများ ဆိုလည်းမမှားပေ။

ယခုအခါတွင် ဝိညာဥ်ခွဲထွက်ခြင်းအဆင့် ကျင့်ကြံသူ နှစ်ဦးကို ဆုံးရှုံးလိုက်ရပြီဖြစ်ရာ သူ့အတွက် အလွန်ကြီးမားသော ထိုးနှက်ချက် တစ်ခု ဖြစ်သည်မှာ သေချာသလောက်ပင်။

“ဒုတိယသခင်လေး.. ငါတို့သခင်က ဒီကနေ ဖြတ်သွားရုံတင်ပါ.. တန်မိသားစုကို ပြဿနာရှာဖို့ ရည်ရွယ်ချက် မရှိပါဘူး.. ဒုတိယသခင်လေး အနေနဲ့ လမ်းဖယ်ပေးဖို့ တောင်းဆိုပါတယ်”

ဟုန်ထျန်းယန်က တည်ငြိမ်စွာ ပြောလိုက်သည်။

တန်နင်က ဒေါသထွက်သွားခဲ့ပြီး ဟုန်ထျန်းယန်ကို ခက်ထန်စွာ စိုက်ကြည့်လိုက်၏။

“ငါက မဖယ်ပေးဘူး ဆိုရင်ရော”

ဟုန်ထျန်းယန်က ခေါင်းခါရမ်းကာ ပြောလိုက်သည်။

“ဒုတိယသခင်လေး ကိုယ့်သေတွင်း ကိုယ်မတူးဖို့ ငါအကြံပေးပါရစေ.. ငါ့ရဲ့သခင်ကို စော်ကားဖို့အထိ မင်းတို့မှာ အစွမ်းအစမရှိဘူး”

“သေချာလို့လား”

တန်နင်က မဲ့ပြုံး ပြုံးလိုက်သည်။

“ဒါဆိုလည်း မင်းရဲ့ သခင်ဆိုတဲ့ ကောင်က ဘယ်လောက်ထိ အစွမ်းထက်လဲ ဆိုတာ ကြည့်ရသေးတာပေါ့”

တန်မိသားစု၏ ဒုတိယသခင်လေး အနေဖြင့် အင်မော်တယ်ကျင့်ကြံခြင်း လောကတစ်ခုလုံးတွင်ပင် တန်နင်၏ အဆင့်အတန်းသည် အလွန်တရာ မြင့်မားပြီး သူ့ကို မျက်နှာသာ မပေးရဲသူ အတော်လေး ရှားပါးသည်။

ရထားလုံးထဲမှလူသည် သူ၏ တန်မိသားစုမှ ဝိညာဥ်ခွဲထွက်ခြင်းအဆင့် ကျင့်ကြံသူနှစ်ဦးကို သတ်ဖြတ်ခဲ့သည့် အပြင် သူ့ကိုလည်း မျက်စိထဲ လုံးဝ မထည့်ပေ။

အကယ်၍ ယနေ့တွင် သူသာ ထိုကောင်လေးကို မရှင်းပစ်နိုင်လျှင် နောင်တစ်ချိန် အင်မော်တယ် ကျင့်ကြံခြင်း လောကတွင် မည်သည့် မျက်နှာဖြင့် ရပ်တည်နိုင်ပါတော့မည်နည်း။

စကားဆုံးသည်နှင့် တန်နင်သည် ရှေ့သို့ ခြေလှမ်းလိုက်ရာ ဝိညာဥ်ခွဲထွက်ခြင်းအလယ်အလတ်အဆင့် အရှိန်အဝါသည် သူ၏ ခန္ဓာကိုယ်ထဲကနေ ချက်ချင်းဆိုသလို ထွက်ပေါ်လာခဲ့သည်။

ရုတ်တရက် တန်နင်၏ ပုံရိပ်သည် လေထုထဲတွင် ချက်ချင်းပင် သုံးကိုယ် ခွဲသွားခဲ့ပြီး ရထားလုံးကို တြိဂံပုံသဏ္ဌာန် ဝိုင်းရံထားလိုက်သည်။

ထိုပုံရိပ်သုံးခုလုံးသည် အစစ်နှင့်အတု ခွဲခြားရ ခက်လောက်အောင်ပင် လုံးဝတူညီနေသဖြင့် မည်သည့်အရာက တန်နင်၏ ခန္ဓာကိုယ်အစစ်ဖြစ်သည်ကို သိရှိရန်မှာ အလွန်တရာပင် ခက်ခဲ၏။

ပို၍ အံ့ဩဖို့ကောင်းသည်မှာ ထိုပုံရိပ်သုံးခု စလုံး၏ စွမ်းရည်သည် ဝိညာဥ်ခွဲထွက်ခြင်း အဆင့်ထက် မနိမ့်ကျခြင်း ဖြစ်သည်။

“ကောင်းကင်မီးလျှံ ပုံရိပ်ယောင်ခန္ဓာကိုယ် တိုက်ကွက်ပါလား”

ထိုမြင်ကွင်းကိုမြင်လျှင် ကျင့်ကြံသူ အများအပြား၏ မျက်နှာအမူအရာသည် ချက်ချင်းဆိုသလို ပြောင်းလဲသွားကြသည်။

ကောင်းကင်မီးလျှံ ပုံရိပ်ယောင် တိုက်ကွက်သည် တန်မိသားစု၏ အကျော်ကြားဆုံး တိုက်ကွက်များထဲမှ တစ်ခုဖြစ်သည်။

ဤတိုက်ကွက်ကို အထွတ်အထိပ် အဆင့်အထိ ကျင့်ကြံနိုင်လျှင် ပုံရိပ်ယောင်ခန္ဓာကိုယ် သုံးခုကို ဖန်တီးနိုင်ပြီး ထိုပုံရိပ်ယောင် ခန္ဓာတစ်ခုစီတွင် ခန္ဓာကိုယ်အစစ်၏ စွမ်းရည် ၉၀ ရာခိုင်နှုန်းခန့် ရှိသည်ဟု ဆိုကြ၏။

တန်နင်သည် မူလကတည်းကပင် ဝိညာဥ်ခွဲထွက်ခြင်း အလယ်အလတ် အဆင့်ရှိ ပါရမီရှင်တစ်ဦး ဖြစ်၍ လမ်းစဥ်ပေါင်းစည်းခြင်း အဆင့်၏ အစောပိုင်းအဆင့် ကျင့်ကြံသူ တချို့နှင့်ပင် ရင်ဆိုင်နိုင်စွမ်း ရှိသည်။

ယခုအခါတွင် တန်နင်သည် ကောင်းကင်မီးလျှံ ပုံရိပ်ယောင် ခန္ဓာကိုယ် တိုက်ကွက်ဖြင့် ပုံရိပ်ယောင် နှစ်ခုကို ထပ်မံဖော်ထုတ်လိုက်ရာ ခန္ဓာကိုယ်အစစ်နှင့် ပေါင်းလိုက်လျှင် ဝိညာဥ်ခွဲထွက်ခြင်း အဆင့် ကျင့်ကြံသူသုံးဦးသည် တစ်ပြိုင်နက်တည်း တိုက်ခိုက်နေသကဲ့သို့ ဖြစ်နေခဲ့သည်။

သာမန် လမ်းစဥ်ပေါင်းစည်းခြင်း အစောပိုင်းအဆင့် ကျင့်ကြံသူများပင်လျှင် ထိုတိုက်ကွက်အောက်တွင် အရှုံးပေးရလိမ့်မည် ဖြစ်၏။

“မင်းကိုယ့်ဘာသာကို ရထားလုံးထဲကနေ ထွက်လာမလား.. ဒါမှမဟုတ် ငါကပဲ မင်းကို ခေါ်ထုတ်ပေးရမလား”

တန်နင် ထုတ်ဖော်လိုက်သော ကိုယ်ပွားများကြောင့် လူတိုင်းက အံ့ဩထိတ်လန့်နေစဥ်မှာပင် တစ်ပုံစံတည်း တူညီသော တန်နင်သုံးဦးသည် တစ်ပြိုင်နက်တည်း စကားပြောလိုက်သည်။

“ငါ့ကို ထွက်လာခိုင်းဖို့ မင်းမှာ အရည်အချင်းမရှိသေးဘူး ထွက်သွားစမ်း”

ဤအခိုက်အတန့်မှာပင် ရထားလုံးထဲကနေ အေးစက်စက်စကားသံတစ်သံ ထွက်ပေါ်လာခဲ့သည်။

ရထားလုံးထဲမှ လူက သူ့ကို တစ်ကြိမ်ပြီး တစ်ကြိမ် အထင်သေးနေသည်ကို မြင်လျှင် ဒေါသအိုး ပေါက်ကွဲလုနီးပါး ဖြစ်နေသော တန်နင်သည် အဆုံးသတ်တွင် ဒေါသကို မထိန်းချုပ်နိုင်တော့ပေ။

တန်နင်သုံးဦး ထံကနေ အရှိန်အဝါများ တစ်ပြိုင်နက်တည်း ပေါက်ကွဲထွက်လာခဲ့ပြီး ဝိညာဥ်ခွဲထွက်ခြင်းအဆင့် အရှိန်အဝါသုံးခုသည် လေထုကို ချက်ချင်းပင် လွှမ်းခြုံသွားခဲ့ရာ ပတ်ဝန်းကျင်တွင် ကြည့်ရှုနေကြသောကျင့်ကြံသူများကိုပင် ပေတစ်ထောင်ခန့် အကွာအဝေးသို့ လွင့်စင်သွားစေခဲ့သည်။

သို့ရာတွင် လူတိုင်းကို အံ့ဩထိတ်လန့်သွားစေသည်မှာ တန်နင်၏ အရှိန်အဝါဖြင့် ဖိအားပေးမှုကို ခံနေရသည့် ဗဟိုချက်ရှိ ရထားလုံးသည် မည်သည့် ထိခိုက်မှုမှ မရှိခြင်းပင်။

ဝိညာဥ်ခွဲထွက်ခြင်းအဆင့် ကျင့်ကြံသူ သုံးဦး၏ အားကောင်းသော အရှိန်အဝါများသည် ရထားလုံး၏ ပေတစ်ရာအကွာအဝေးသို့ ရောက်သည်နှင့် လေထဲမှာပင် သဲလွန်စမရှိ ပျောက်ကွယ်သွားခဲ့သည်။

ရှင်းလင်းစွာဆိုရလျှင် ရထားလုံးကို ဆွဲထားသော မီးလျှံနတ်မြင်း၏ အမွေးတစ်မှင်ကိုပင် ထိခိုက်အောင် မလုပ်နိုင်ခဲ့ပေ။

ဤမြင်ကွင်းကိုမြင်လျှင် ကျင့်ကြံသူ အများအပြားသည် မျက်လုံးများ ပြူးကျယ်သွားခဲ့ကြသည်။

မြူခိုးအင်မော်တယ်ဂိုဏ်း၏ အဓိကတပည့်ရင်း ဖြစ်သည့် နတ်မိမယ်ကျိယွင်၏ လှပသော မျက်ဝန်းလေးတွင်လည်း‌ လေးနက်သော အမူအရာများ ဖြစ်ပေါ်လာခဲ့၏။

ရထားလုံးထဲမှ လူသည် သာမန် လမ်းစဥ်ပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူတစ်ဦး မဟုတ်မှန်း သူမ၏ ပင်ကိုသိစိတ်ကနေ ခံစားမိနေခဲ့သည်။

“မင်းကို ရထားလုံးထဲကနေ ထွက်လာအောင် မလုပ်နိုင်ဘူးလို့ ငါမယုံဘူး”

တန်နင်က ကျယ်လောင်စွာ ကြုံးဝါးလိုက်သည်။

သူ၏ ပုံရိပ်သုံးခုစလုံးသည် တန်မိသားစု၏ အင်မော်တယ် နည်းစနစ်ကို တစ်ပြိုင်နက်တည်း အသုံးပြုလိုက်ရာ ကမ္ဘာကြီးကိုပင် ဖျက်ဆီးမတတ်‌ ကြောက်မက်ဖွယ်ရာကောင်းသော မီးကြာပန်းသုံးပွင့်သည် လေထုထဲတွင် ထွက်ပေါ်လာခဲ့ပြီး ရထားလုံး ဆီသို့ ဦးတည်လာခဲ့သည်။

ထိုအခိုက်အတန့်တွင် ရထားလုံးထဲကနေ ကြောက်မက်ဖွယ်စွမ်းအား တစ်ခု ထွက်ပေါ်လာခဲ့ပြီး အဝေးကနေ ဦးတည်လာသော မီးကြာပန်းသုံးပွင့် ဆီသို့ သက်ရောက်သွားခဲ့သည်။

ချက်ချင်းဆိုသလိုပင် မီးကြာပန်း သုံးပွင့်စလုံးသည် ထိန်းချုပ်ခံလိုက်ရသကဲ့သို့ လေထုထဲတွင် အေးခဲကာ ရပ်တန့်သွားခဲ့၏။

ထိုမြင်ကွင်းကြောင့် တန်နင်၏ မျက်ဝန်းများသည် ရုတ်တရက် ပြူးကျယ်သွားခဲ့သည်။

သူတုံ့ပြန်ရန် အချိန်မရမီမှာပင် မီးကြာပန်း သုံးပွင့်စလုံးသည် “ဝုန်းခနဲ” ပေါက်ကွဲထွက်သွားခဲ့ပြီး မီးပွားလေးများ အဖြစ် လေထုထဲတွင် ပျောက်ကွယ်သွားခဲ့သည်။

တစ်ချိန်တည်းမှာပင် လေထုထဲတွင် ညည်းတွားသံသုံးသံသည် တစ်ပြိုင်နက်တည်း ထွက်ပေါ်လာခဲ့သည်။

တန်နင်သုံးဦး၏ ပုံရိပ်များသည် မီတာရာပေါင်းများစွာ အကွာအဝေးအထိ တစ်ပြိုင်နက်တည်း နောက်ဆုတ်သွားခဲ့ရသည်။

ဤအခိုက်အတန့်တွင် ပတ်ဝန်းကျင် တစ်ခုလုံးသည် တစပြင်နှယ် တိတ်ဆိတ်သွားခဲ့သည်။

လူတိုင်းသည် ထိုမြင်ကွင်းကိုကြည့်ကာ မှင်တက်နေခဲ့ကြပြီး အံ့ဩထိတ်လန့်မှုကနေ ပြန်လည် သတိဝင်လာရန် အချိန်အတော်ကြာယူခဲ့ရ၏။

လမ်းစဥ်ပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူ တစ်ဦးကိုပင် ရင်ဆိုင်နိုင်လောက်အောင် အစွမ်းထက်သည့် တန်မိသားစု၏ ဒုတိယသခင်လေး တန်နင်သည် ရထားလုံးပိုင်ရှင်၏ ပြိုင်ဘက် မဟုတ်ရုံတင်မက ရထားလုံးပိုင်ရှင်ကို ရထားလုံးထဲကနေ ထွက်လာအောင်ပင် လုပ်နိုင်စွမ်း မရှိခဲ့ပေ။

ဆိုရလျှင် ရထားလုံးပိုင်ရှင်၏ စွမ်းရည်သည် အမှန်တကယ်ပင် နက်ရှိုင်းလွန်းနေခဲ့သည်။

တန်နင်သည် သူ၏ ခန္ဓာကိုယ်ထဲမှ မတည်မငြိမ် ဖြစ်နေသော စွမ်းအားများကို ထိန်းချုပ်လိုက်ပြီး ရထားလုံးကို စူးစိုက်ကြည့်ကာ အေးစက်စက် လေသံဖြင့် ပြောလိုက်သည်။

“စီနီယာက ဒီလောက် အစွမ်းထက်နေပုံထောက်ရင် အင်မော်တယ်ကျင့်ကြံခြင်းလောကမှာ နာမည်မရှိတဲ့လူတော့ မဖြစ်နိုင်ဘူး.. စီနီယာက ငါတို့ တန်မိသားစုကို ရန်သူအဖြစ် သတ်မှတ်ရဲမှတော့ ဘာလို့ လူကိုယ်တိုင် ထွက်မပြတာလဲ”

အခန်း(၂၃၅၃)ပြီး၏။

အခန်း(၂၃၅၄)

တန်နင်၏ စကားသံ အဆုံးတွင် ရထားလုံးထဲကနေ အေးစက်စက် အသံတစ်သံသည် ချက်ချင်းဆိုသလို ထွက်ပေါ်လာခဲ့သည်။

“မင်းက ငါ့ကို ဒီလောက်တောင် မြင်ချင်နေမှတော့ မင်းဆန္ဒကို ဖြည့်ဆည်းပေးရတာပေါ့”

ထို့နောက်တွင် ရထားလုံးကို မောင်းနှင်နေသော ဟုန်ထျန်းယန်သည် တရိုတသေ အမူအရာဖြင့် ရထားလုံးတံခါးကို အလျင်အမြန် ဖွင့်ပေးလိုက်သည်။

နောက်ထပ် တစ်ခဏမှာပင် အသက်နှစ်ဆယ်ကျော်ခန့်သာ ရှိပုံရသော အနက်ရောင်ဝတ်စုံဝတ် လူငယ်တစ်ဦးသည် ရထားလုံးထဲကနေ ဣန္ဒြေရစွာ ထွက်လာခဲ့ပြီး လူတိုင်း၏ မြင်ကွင်းထဲ၌ ပေါ်လာခဲ့သည်။

ထိုအနက်ရောင်ဝတ်စုံဝတ် လူငယ်မှာ သဘာဝကျစွာပင် ကျန်းချန် ဖြစ်၏။

ဤအခိုက်အတန့်တွင် လူတိုင်းသည် ရထားလုံးထဲမှ ထွက်ပေါ်လာသော ကျန်းချန်ကို မှင်တက်စွာ ကြည့်နေခဲ့ကြပြီး သူတို့၏ မျက်လုံးများကိုပင် မယုံကြည်နိုင်လောက်အောင် ဖြစ်နေခဲ့ကြသည်။

တန်နင်ကို အလွယ်တကူ အနိုင်ယူခဲ့သော ရထားလုံးထဲမှ လျှို့ဝှက်ဆန်းကြယ်သော အစွမ်းထက်ပုဂ္ဂိုလ်သည် ဤမျှငယ်ရွယ်သော လူငယ်တစ်ဦး ဖြစ်နေလိမ့်မည်ဟု မည်သူမှ ထင်မှတ်မထားခဲ့ပေ။

သိထားရမည့်အချက်မှာ တန်နင်သည် ဝိညာဥ်ခွဲထွက်ခြင်းအဆင့်သို့ ရောက်ရှိနေသော အင်မော်တယ် ကျင့်ကြံခြင်းပါရမီရှင် တစ်ဦး ဖြစ်၏။

အင်မော်တယ်ကျင့်ကြံခြင်း လောကတစ်ခုလုံးတွင် တန်နင်၏ ပါရမီနှင့် စွမ်းရည်သည် ထိပ်တန်းအဆင့်တွင် ရှိသည်။

သို့ဖြစ်ရာ နာမည်မရှိသော အနက်ရောင်ဝတ်စုံဝတ် လူငယ်တွင် တန်နင်ကို ဖိနှိပ်နိုင်လောက်သည့် စွမ်းရည်မျိုး မည်ကဲ့သို့ ရှိနေရပါသနည်း။

“ဒီလူက ဘယ်ဂိုဏ်းကများလဲ"

"အင်မော်တယ် ကျင့်ကြံခြင်းလောကမှာ ဒီလို ပါရမီရှင်မျိုး ဘယ်အချိန်က ထွက်ပေါ်လာခဲ့တာလဲ”

နတ်မိမယ်ကျိယွင်သည် ရထားလုံးထဲကနေ ထွက်လာသော အနက်ရောင်ဝတ်စုံဝတ် လူငယ်ကို အကဲခတ်ကာ ကြည့်နေခဲ့၏။

သူမ၏ လှပသော မျက်လုံးလေးတွင် အံ့ဩထိတ်လန့်သော အမူအရာများ ဖုံးဖိမရစွာ ဖြစ်ပေါ်နေခဲ့သည်။

ဝိညာဥ်ခွဲထွက်ခြင်း အဆင့်ရှိ လူငယ် ပါရမီရှင်များသည် အင်မော်တယ် ကျင့်ကြံခြင်း လောကတစ်ခုလုံးမှာပင် အလွန်တရာ ရှားပါးလှ၏။

တန်နင်၏ အစွမ်းအစကို နတ်မိမယ် ကျိယွင်သည် အတော်အသင့် နားလည်ထားပြီးသား ဖြစ်သည်။

သူမလို ဝိညာဥ်ခွဲထွက်ခြင်း နှောင်းပိုင်းအဆင့် ကျင့်ကြံသူပင်လျှင် တန်နင်ကို အနိုင်ယူရန်မှာ လွယ်ကူသောကိစ္စ မဟုတ်ပေ။

ဆိုရလျှင် သူမရှေ့ရှိ အနက်ရောင်ဝတ်စုံဝတ်လူငယ်၏ စွမ်းရည်သည် သူမထက်ပင် သာလွန်နေခဲ့သည်။

ဤကဲ့သို့သော ပုဂ္ဂိုလ်များကို သူမတို့ မြူခိုးအင်မော်တယ်ဂိုဏ်း၏ လမ်းစဥ်ပေါင်းစည်းခြင်း အဆင့်ကို ရောက်ရှိနေသည့် နံပါတ်တစ်ပါရမီရှင် တပည့်သာလျှင် ယှဥ်နိုင်ပေလိမ့်မည်။

“စီနီယာက ဘယ်သူလဲ”

ဤအခိုက်အတန့်တွင် ကျန်းချန်ကို ကြည့်နေသော တန်နင်၏ မျက်လုံးထဲတွင် လေးနက်သော အမူအရာများ ဖြစ်ပေါ်နေခဲ့သည်။

သူ့ရှေ့ရှိ ရထားလုံးပိုင်ရှင်သည် ဤမျှအထိ ငယ်ရွယ်သော လူငယ်တစ်ဦး ဖြစ်နေလိမ့်မည်ဟု သူ မထင်ထားပေ။

ဤမျှငယ်ရွယ်သော ပါရမီရှင်မျိုးကို အင်မော်တယ်ဂိုဏ်းကြီး ငါးဂိုဏ်းသည်ပင် အလွယ်တကူ မွေးထုတ်နိုင်ရန် ခဲယဥ်းလှသည်ဖြစ်ရာ ထိုလူငယ်သည် သာမန် မဟုတ်လောက်ချေ။

“ငါဘယ်သူလဲဆိုတာ မင်းသိဖို့ မလိုပါဘူး”

ကျန်းချန်က တန်နင်ကို စူးစိုက်ကြည့်ကာ ပြောလိုက်သည်။

“အခု ငါ ဒီကနေ ဖြတ်သွားတော့မယ်.. မင်း ငါ့ကို ဘာပြောစရာရှိသေးလဲ”

ထိုစကားကိုကြားလျှင် တန်နင်၏ မျက်နှာသည် အနည်းငယ်ပျက်ယွင်းသွားခဲ့သည်။

“စီနီယာက အစွမ်းထက်တယ် ဆိုပေမဲ့လည်း ငါတို့ တန်မိသားစုက ဘယ်သူမဆို စိတ်ကြိုက်နင်းချေလို့ရတဲ့ မိသားစုမဟုတ်ဘူး.. စီနီယာက ငါတို့ တန်မိသားစုရဲ့ ဝိညာဥ်ခွဲထွက်ခြင်းအဆင့် ကျင့်ကြံသူနှစ်ယောက်ကို သတ်ဖြတ်ခဲ့တယ်.. အခု စီနီယာကို ဒီအတိုင်း လွှတ်ပေးလိုက်ရင် ငါတို့ တန်မိသားစုက ကျင့်ကြံခြင်း လောကမှာ ဘယ်လိုမျက်နှာနဲ့ ရပ်တည်ရတော့မှာလဲ”

တန်နင်၏ စကားကိုကြားလျှင် ကျန်းချန်၏ မျက်ဝန်းများသည် ကျဥ်းမြောင်းသွားခဲ့သည်။

“ဒါဆို မင်းက ငါ့ကို တားချင်တာပေါ့ ဟုတ်လား”

တန်နင်က အေးစက်စက် ပြုံးလိုက်ပြီး နံဘေးရှိ နတ်မိမယ်ကျိယွင်ကို လေးနက်စွာ ပြောလိုက်သည်။

“နတ်မိမယ်ကျိယွင်.. တန်မိသားစုက အစွမ်းထက် ကျင့်ကြံသူတွေ မကြာခင် ရောက်လာတော့မယ်.. အဲဒီမတိုင်ခင် နတ်မိမယ်အနေနဲ့ ကျွန်တော့်ကို အကူအညီပေးပါဦး”

အစောပိုင်းက ရင်ဆိုင်မှု ပြီးနောက်တွင် တန်နင်သည် သူ၏ စွမ်းရည်ဖြင့် သူ့ရှေ့ရှိ အနက်ရောင်ဝတ်စုံဝတ် လူငယ်ကို မယှဥ်နိုင်မှန်း ကောင်းစွာ သိရှိသွားခဲ့သည်။

နတ်မိမယ်ကျိယွင်သည် မြူခိုးအင်မော်တယ်ဂိုဏ်း၏ အဓိကတပည့်ရင်း ဖြစ်ပြီး ဝိညာဥ်ခွဲထွက်ခြင်း နှောင်းပိုင်းအဆင့်သို့ ရောက်ရှိနေသော အင်မော်တယ်ကျင့်ကြံသူလည်း ဖြစ်သည်။

သူတို့နှစ်ဦး ပူးပေါင်းလိုက်လျှင် လမ်းစဥ်ပေါင်းစည်းခြင်း အလယ်အလတ်အဆင့် သို့မဟုတ် လမ်းစဥ်ပေါင်းစည်းခြင်း နှောင်းပိုင်းအဆင့်ရှိ ကျင့်ကြံသူများနှင့်ပင် ယှဥ်ပြိုင်နိုင်စွမ်း ရှိကောင်း ရှိနိုင်ပေလိမ့်မည်။

ထို့ကြောင့် တန်နင်သည် တန်မိသားစုမှ ကျင့်ကြံသူများ ရောက်မလာခင်အထိ နတ်မိမယ်ကျိယွင်နှင့် အတူ ရထားလုံးပိုင်ရှင် လူငယ်ကို ဟန့်တားထားရန် ဆုံးဖြတ်လိုက်သည်။

“ကောင်းပြီလေ”

နတ်မိမယ်ကျိယွင်ကလည်း တွေဝေမနေဘဲ ရှေ့သို့ လှမ်းတက်ကာ တန်နင်နှင့် ယှဥ်တွဲ၍ ရပ်တည်လိုက်သည်။

သူမ ယခုတစ်ကြိမ် တန်မိသားစုထံ လာရောက်ရသည့် အဓိကရည်ရွယ်ချက်သည် လမ်းစဥ်ပေါင်းစည်းခြင်း အဆင့်ကို ထိုးဖောက်ရာတွင် အထောက်အကူ ပြုနိုင်သည့် လမ်းစဥ်ပေါင်းစည်းခြင်း နတ်ဆေးလုံးကို ဖော်စပ်ပေးရန် တောင်းဆိုဖို့ ဖြစ်၏။

သို့ဖြစ်ရာ ယခု တန်နင် ဒုက္ခရောက်နေချိန်တွင် သူမသည် မည်ကဲ့သို့ ဘေးကနေ ထိုင်ကြည့်နေနိုင်ပါမည်နည်း။

ကျန်းချန်က နတ်မိမယ်ကျိယွင်ကို တစ်ချက်ကြည့်လိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။

“မိန်းကလေး အခြေအနေကို နားလည်တယ်ဆိုရင် ဝင်မစွက်ဖက်တာ အကောင်းဆုံးပဲ”

“ကျွန်မစိတ်နဲ့ ကျွန်မ ဝင်ပါတာ ရှင်နဲ့ ဘာဆိုင်လို့လဲ”

နတ်မိမယ်ကျိယွင်က နှာခေါင်းရှုံ့ကာ အေးစက်စက် ပြောလိုက်သည်။

အင်မော်တယ်ဂိုဏ်းကြီး ငါးဂိုဏ်းထဲမှ တစ်ဂိုဏ်း ဖြစ်သော မြူခိုးအင်မော်တယ်ဂိုဏ်း၏ တပည့်ရင်း တစ်ဦးအနေဖြင့် နတ်မိမယ်ကျိယွင်သည် မြင့်မြတ်သော အဆင့်အတန်း ရှိပြီး အမြဲတစေ အထက်စီးမှ နေလာခဲ့သူလည်း ဖြစ်သည်။

ယခုအခါတွင် သူမရှေ့ရှိ အနက်ရောင်ဝတ်စုံဝတ် လူငယ်သည် သူမကို မျက်စိထဲ မထည့်သကဲ့သို့ ပြောဆိုနေသည် ဖြစ်ရာ သူမ၏ စိတ်ထဲတွင် မည်ကဲ့သို့ ဒေါသမထွက်ဘဲ နေနိုင်ပါမည်နည်း။

“ဒါဆိုလည်း သူ့ကို အဖော်လုပ်ပြီး သေပေးလိုက်တော့”

ကျန်းချန်က အေးစက်စက် ရေရွတ်လိုက်ပြီး ကြောက်မက်ဖွယ် လက်သီးချက် တစ်ချက်ကို ထုတ်ဖော်ကာ တိုက်ခိုက်လိုက်သည်။

ကျန်းချန်၏ တုန်လှုပ်ဖွယ်ကောင်းသော လက်သီးချက်ကို မြင်လျှင် တန်နင်နှင့် နတ်မိမယ်ကျိယွင်တို့၏ မျက်နှာအမူအရာသည် သိသိသာသာပင် ပြောင်းလဲသွားခဲ့သည်။

သူက ခန္ဓာကိုယ်ထဲမှ စွမ်းအားများကို အစွမ်းကုန် ထုတ်ဖော်လိုက်သည်။

တန်နင်က ကောင်းကင်မီးလျှံ ပုံရိပ်ယောင် တိုက်ကွက်ကို ထပ်မံ ထုတ်ဖော်လိုက်ပြီး သူ့ထံသို့ သက်ရောက်လာသော လက်သီးချက်ကို ပုံရိပ်သုံးခုဖြင့် ခုခံလိုက်သည်။

တန်နင်၏ နံဘေးရှိ နတ်မိမယ်ကျိယွင်ကမူ မြူခိုးအင်မော်တယ်ဂိုဏ်း၏ မြူခိုင်းဓားသိုင်းကို ထုတ်ဖော်လိုက်ရာ ရင်သပ်ရှုမောဖွယ် ဓားအလင်းတန်း ထွက်ပေါ်လာခဲ့သည်။

သူတို့နှစ်ဦးက သူတို့၏ အားထားရသော တိုက်ကွက်များကို ထုတ်ဖော်ကာ ကျန်းချန်၏ လက်သီးချက်နှင့် ထိပ်တိုက်ရင်ဆိုင်လိုက်သည်။

“ဝုန်း..”

“ဝုန်း..”

“ဝုန်း..”

“ဝုန်း..”

လေထုထဲတွင် ကျယ်လောင်သော ပေါက်ကွဲသံများ ဆက်တိုက်ဆိုသလို ထွက်ပေါ်လာခဲ့သည်။

ကြောက်မက်ဖွယ်ရာကောင်းသော အဖျက်စွမ်းအင်လှိုင်းများသည် အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားခဲ့ပြီး ပတ်ဝန်းကျင်ရှိ နေရာလွတ်များကို ဘာမှ မကျန်ရှိတော့သည်အထိ ပြိုကွဲသွားစေခဲ့သည်။

ကြည့်ရှုနေကြသော ကျင့်ကြံသူများသည်ပင် ပေပေါင်းများစွာအထိ နောက်သို့ ဆုတ်လိုက်ရ၏။

သူတို့၏ အကြည့်က သူတို့၏ရှေ့တွင် ပရမ်းပတာ ဖြစ်နေသော လေထုဆီသို့ ရောက်ရှိနေခဲ့ကြသည်။

“ဒီတိုက်ပွဲက ဘယ်လို ရလဒ်ထွက်လာမလဲ မသိဘူး"

"တန်နင်နဲ့ နတ်မိမယ်ကျိယွင်တို့ပဲ အနိုင်ရမှာ သေချာပါတယ်.. သူတို့နှစ်ယောက် ပေါင်းလိုက်ရင် သာမန် လမ်းစဥ်ပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူတောင် သူတို့ရဲ့ပြိုင်ဘက် မဖြစ်နိုင်ဘူး"

"ဒီကောင်လေးက အစွမ်းထက်တယ် ဆိုပေမဲ့လည်း နှစ်ယောက်တစ်ယောက် ယှဥ်နိုင်ဖို့တော့ ခက်ခဲလိမ့်မယ်”

“အဲဒီလိုလည်း ယတိပြတ် ပြောလို့မရဘူး.. အနက်ရောင်ဝတ်စုံဝတ် လူငယ်ရဲ့ စွမ်းရည်က နက်ရှိုင်းလွန်းတယ်.. ငါ့အထင်တော့ တန်နင်တို့နှစ်ယောက် ပူးပေါင်းရင်တောင် သူ့ကို မယှဥ်နိုင်လောက်ဘူး”

“............”

ကျင့်ကြံသူ အများအပြားသည် ကျန်းချန်တို့ သုံးဦး၏ တိုက်ပွဲကိုကြည့်ကာ ဆွေး‌နွေးနေခဲ့ကြသည်။

ထိုအခိုက်အတန့်တွင် ပုံရိပ်နှစ်ခုသည် ပရမ်းပတာ ဖြစ်နေသော လေထုထဲကနေ အရှက်တကွဲ လွင့်ထွက်လာခဲ့သည်။

၎င်းတို့မှာ တန်နင်နှင့် နတ်မိမယ်ကျိယွင်တို့ပင် ဖြစ်၏။

ဝိညာဥ်ခွဲထွက်ခြင်းအဆင့် ပါရမီရှင်နှစ်ဦး ဖြစ်သည့် တန်နင်နှင့် နတ်မိမယ်ကျိယွင်တို့ ပူးပေါင်းသည့်တိုင် ကျန်းချန်ကို မယှဥ်နိုင်ဘဲ ကျန်းချန်၏ လက်သီးချက် တစ်ချက်ဖြင့်ပင် နောက်သို့ လွင့်စင်သွားခဲ့သည်မှာ ထင်ရှားနေခဲ့သည်။

“ဒီကောင်လေးရဲ့ စွမ်းရည်က တကယ်ကို ကြောက်စရာပါလား”

လူတိုင်းသည် သူတို့‌ရှေ့မှ မြင်ကွင်းကို ကြည့်ကာ ခဏမျှ မှင်တက်သွားခဲ့ကြသည်။

ကျန်းချန် ဘက်ကနေ အကောင်းမြင်နေသော ကျင့်ကြံသူများပင်လျှင် ကျန်းချန်၏ စွမ်းရည်က ဤမျှအထိ ကြောက်မက်ဖွယ်ရာကောင်းလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။

ကျန်းချန်သည် လက်သီး တစ်ချက်တည်းဖြင့်ပင် တန်နင်နှင့်နတ်မိမယ်ကျိယွင် တို့ကို အနိုင်ယူနိုင်ခဲ့သည် မဟုတ်ပါလား။

“သူ့ရဲ့ ကျင့်ကြံခြင်းအဆင့်က လမ်းစဥ်ပေါင်းစည်းခြင်းအဆင့်ကို ရောက်နေပြီ ထင်တယ်”

နတ်မိမယ်ကျိယွင်က သူမ၏ ခန္ဓာကိုယ်အတွင်းမှ မတည်မငြိမ် ဖြစ်နေသော စွမ်းအားများကို ထိန်းချုပ်လိုက်သည်။

ဤအချိန်တွင် ကျန်းချန်ကို ကြည့်နေသော သူမ၏ အကြည့်တွင် အံ့ဩထိတ်လန့်သော အမူအရာများ ပေါ်လာခဲ့၏။

မြူခိုးအင်မော်တယ်ဂိုဏ်း၏ တပည့်ရင်း တစ်ဦးအနေဖြင့် နတ်မိမယ်ကျိယွင်သည် ဝိညာဥ်ခွဲထွက်ခြင်း နှောင်းပိုင်းအဆင့်သို့ ရောက်ရှိနေပြီး ဝိညာဥ်ခွဲထွက်ခြင်း အဆင့် ကျင့်ကြံသူများထဲတွင် သူမကို ယှဥ်နိုင်သူမှာ မရှိသလောက်ပင်။

သို့ရာတွင် ယခုအခါ၌ သူမနှင့် တန်နင်တို့ ပူးပေါင်းခဲ့သည့်တိုင် သူမရှေ့ရှိ အနက်ရောင်ဝတ်စုံဝတ် လူငယ်၏ အနိုင်ယူခြင်းကို ခံလိုက်ရသည်။

ဤကဲ့သို့ ကြောက်မက်ဖွယ်ရာကောင်းသော စွမ်းရည်မျိုးသည် လမ်းစဥ်ပေါင်းစည်းခြင်းအဆင့် ပါရမီရှင်များသာလျှင် ရှိနိုင်ပေလိမ့်မည်။

သို့သော် လမ်းစဥ်ပေါင်းစည်းခြင်း အဆင့်ရှိ လူငယ်ပါရမီရှင်များသည် ကျင့်ကြံခြင်း လောကတွင် ထိပ်တန်း အဆင့်ရှိ ဆန်းကြယ်သော ပါရမီရှင်များ ဖြစ်ကြသည်။

သူမတို့ မြူခိုးအင်မော်တယ်ဂိုဏ်းမှာပင် လမ်းစဥ်ပေါင်းစည်းခြင်း အဆင့်ကို ရောက်ရှိနေသည့် လူငယ်ပါရမီရှင် တစ်ဦးသာ ရှိသည်။

နတ်မိမယ်ကျိယွင်သည် အမှန်တကယ်ပင် နားမလည်နိုင်တော့ပေ။

သူမ ရှေ့မှ အနက်ရောင်ဝတ်စုံဝတ်လူငယ်သည် မည်သည့်နေရာကနေ ထွက်ပေါ်လာပါသနည်း။

အခန်း(၂၃၅၄)ပြီး၏။

All Chapters