အခန်း (၆၃၇-၆၃၉)
Vol. 43 Ch. 637-639
အပိုင်း ( 637 )
မိုးကြိုးပစ်ချခြင်းဖြင့် နည်းစနစ်အားလုံးကို ချေမှုန်းခြင်း
ရှုကျိုး၏ စကားကို ကြားလိုက်ရသောအခါတွင် ဤနေရာရှိ ပညာရှင် အကုန်လုံးသည် အနည်းငယ် မှင်သက်သွားခဲ့သည်။
ရှုကျိုးက ထိုစကားမျိုးကို ပြောလာလိမ့်မည်ဟု မည်သူကမှ မမျှော်လင့်ထားခဲ့ပေ။
သူသည် အစောပိုင်း အဌမအဆင့်တွင်သာ ရှိနေသေးသော်လည်း၊ အဌမအဆင့်နယ်ပယ်မှ ပညာရှင်အကုန်လုံးကို အတူတူတက်လာရန် ပြောနေခဲ့လေသည်။
“ ဒုဗိုလ်ချုပ်ကြီးရှုက ရန်သူတွေကို အထင်သေးလွန်းနေတာ မဟုတ်ဘူးလား “
“ ဒုဗိုလ်ချုပ်ကြီးရှု၊ မပေါ့နဲ့ “
ကြယ်ပြာဂြိုဟ်၏ ပညာရှင် တော်တော်များများသည် သူတို့၏ လက်သီးများကို တိတ်တဆိတ် ဆုပ်ခဲနေကြတော့သည်။ သူတို့၏ အမြင်တွင် ထိုကဲ့သို့သော နည်းလမ်းမျိုးက အလွန်တရာ ပေါ့ဆလွန်းနေခဲ့သည်။
ရှုကျိုးက ဖန်းယင်ကို အနိုင်ယူခဲ့သော်လည်း၊ ဖန်းယင်သည် အလယ်အလတ် အဌမအဆင့်တွင်သာ ရှိနေသေးသည်။
ဒီတစ်ကြိမ် အမှောင်နယ်မြေ၏ ပါရမီရှင်များအနက် အဌမအဆင့် အထွတ်အထိပ်တွင် ရှိနေသည့် ပညာရှင်များလည်း ရှိနေခဲ့သည်။
ဖန်းယင်သည် အလယ်အလတ် အဌမအဆင့်တွင်သာ ရှိနေသော်လည်း၊ အလွန်တရာ အစွမ်းထက်နေပြီဖြစ်သည်၊ ထို့ကြောင့် အဌမအဆင့် အထွတ်အထိပ် ပညာရှင်များသာဆိုပါ သူ့ထပ်ပင် ပိုမိုခက်ခဲနေလိမ့်မည် ဖြစ်သည်။
ယခုတွင်ကား ရှုကျိုးသည် ထိုလူအကုန်လုံးကို အတူတူတက်လာရန် ပြောနေခဲ့လေသည်။
“ ဒီကောင်လေး ……… “
ဝုချင်းရှန်၏ အမူအရာ မှုန်မှိုင်းသွားခဲ့သည်။ သူသည် ပေါ့ပေါ့ဆဆ မလုပ်ရန်အတွက် ရှုကျိုးကို သတိပေးခဲ့သည်၊ သို့သော် ရှုကျိုးကမူ မျက်စိတစ်မှိတ်အတွင်းမှာပင် အဌမအဆင့် ပညာရှင် အကုန်လုံးကို စိန်ခေါ်နေခဲ့သည်။
စကားကျွံခဲ့ပြီးပြီဖြစ်သောကြောင့် ပြန်ရုတ်သိမ်းရန် ခက်ခဲနေခဲ့ပြီ ဖြစ်သည်။
ဝုချင်းရှန်သည် ရှုကျိုးကို ရည်ရွယ်ချက်ကို မှန်းဆမိနေခဲ့သည်၊ သူသည် ဤလုပ်ရပ်ဖြင့် ကြယ်ပြာဂြိုဟ်၏ အဌမအဆင့်နှင့် နဝမအဆင့် ပညာရှင်များ ဆုံးရှုံးရခြင်းကိုကာကွယ်ကာ၊ အမှောင်နယ်မြေ၏ ပညာရှင်များကို ခြိမ်းခြောက်ချင်ပုံရသည်။
“ ဒါပင်မဲ့ အဲ့လိုဆိုရင်တောင်မှ၊ အဆင့်၈က လူတွေကို တားဆီးနိုင်ရုံလောက်ပဲရှိတယ်၊ တကယ်ဒုက္ခပေးနေတဲ့ လူတွေက ခိုင်စီ ဦးဆောင်နေတဲ့ အဆင့်၉ ပညာရှင်တွေပဲ “
ဝုချင်းရှန်သည် တိတ်တဆိတ် သက်ပြင်းချနေတော့သည်။
ကြယ်ပြာဂြိုဟ်နှင့် အမှောင်နယ်မြေမှ အဌမအဆင့် ပညာရှင်များကြားရှိ ကွာဟချက်မှာ အလွန်တရာ ကြီးမားမနေခဲ့ပေ။
တကယ့်ကွာခြားချက်မှာ နဝမအဆင့်တွင် ရှိနေခြင်း ဖြစ်သည်။
ကြယ်ပြာဂြိုဟ်မှ နဝမအဆင့် ပညာရှင်များ မွေးရာပါ ချို့ယွင်းချက်များ ရှိနေခဲ့ပြီး၊ ကမ္ဘာ့ကြယ်၏ ပညာရှင်များကိုပင် ခက်ခက်ခဲခဲ ကိုင်တွယ်နေခဲ့ရသည်။
“ ပြီးတော့ ဒီကလေးက အဆင့်၈က လူတွေ အကုန်လုံးကို တစ်ခါတည်း စိန်ခေါ်ချင်နေတယ်၊ အဆင့်၈နယ်ပယ်မှာ သူ့ကိုယ်သူ ပြိုင်ဘက်ကင်းနေပြီလို့ ထင်နေတာလား “
“ သူ အဆင့်၈ကို ရောက်နေတာက ဖင်တောင် မပူသေးဘူးလေ “
ထို့နောက် စက္ကန့်ပိုင်းမျှ အကြာတွင် ဝုချင်းရှန်သည် ရှေ့တက်လာကာ စကားပြောလာခဲ့သည် “ ရှုကျိုး၊ မင်းက တစ်ခါတိုက်ခိုက်ခဲ့ပြီးပြီဆိုတော့၊ နောက်ဆုတ်လိုက်ဦး၊ ဒီမိန်းမကို ငါကိုင်တွယ်လိုက်မယ် “
သူသည် ဤနည်းလမ်းကို အသုံးပြုကာ၊ ယခင်က ရှုကျိုးပြောခဲ့သည့် စကား၏ သက်ရောက်မှုကို လျော့ပါးသွားအောင် ပြုလုပ်ရန် ကြံရွယ်လိုက်သည်။
သို့ရာ၌ အနက်ရောင် တွင်းပေါက်ရှေ့တွင် ရှိနေသည့် ခိုင်စီကမူ ထိုကဲ့သို့ ဖြစ်ခွင့်မပေးခဲ့ပေ။
သူသည် ကျယ်လောင်စွာ အော်ပြောလာခဲ့သည် “ ဒီလိုသတ္တိမျိုးကို ငါလေးစားတယ်။ သူက အဆင့်၈က လူအကုန်လုံးကို လိုချင်တယ်ဆိုတော့၊ အဲရှုစီ၊ မင်းတို့အားလုံး တက်လာခဲ့ “
အဌမအဆင့် အထွတ်အထိပ်တွင် ရှိနေသည့် အဲရှုစီသည် ထိုစကားကို ကြားလိုက်ရသောအခါတွင် ဇဝေဇဝါ ဖြစ်သွားခဲ့သည် “ အဲ့တာဆိုရင် ကျွန်တော်တို့က အမှတ်တွေကို ဘယ်လိုခွဲကြမှာလဲ “
သူတို့ နယ်ကျော်လာခဲ့သည်မှာ ရိုးရှင်းသော စိန်ခေါ်မှုအတွက်သာလျှင် မဟုတ်ပေ။
အမှောင်နယ်မြေ၏ စည်းမျဥ်းစည်းကမ်းများအရ၊ ဤနေရာမှ တစ်စုံတစ်ယောက်ကို သတ်နိုင်သရွေ့၊ သူတို့သည် ဆုလဒ်များ ရရှိမည် ဖြစ်သည်။
ဤနေရာသို့ ရောက်လာကြသည့် လူများသည် ဆုလဒ်များအတွက်သာ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်၊ ထိုကဲ့သို့သာ မဟုတ်ဘူးဆိုပါက၊ သူတို့သည် ရှေ့ပြေးတပ်အဖြစ် စွန့်စားလိမ့်မည် မဟုတ်ပေ။
ထို့ကြောင့် ဆုလဒ်ရရှိနိုင်မည့် အကောင်းဆုံး နည်းလမ်းမှာ တစ်ဦးချင်းတိုက်ပွဲသာလျှင် ဖြစ်သည်။
အများနှင့် တစ်ယောက်တိုက်ခိုက်မည်ဆိုပါက၊ ဆုလဒ်ခွဲရန် ခက်ခဲနေမည် ဖြစ်သည်။
သို့သော် ခိုင်စီသည် အေးအေးလူလူ ပြန်ပြောလာခဲ့သည် “ နောက်ဆုံး အဆုံးသတ် တိုက်ကွက်ကို လုပ်နိုင်တဲ့လူက ဆုရလိမ့်မယ် “
ထို့နောက်တွင် သူသည် အမှောင်နယ်မြေ၏ ပညာရှင်အားလုံးထံသို့ အသံပေးပို့လာခဲ့သည် “ ရှုကျိုးလို့ခေါ်တဲ့ ဒီလူက နည်းနည်းလေး သံသံယဖြစ်စရာကောင်းတယ်၊ သူက ဘိုးဘေး ပြောခဲ့တဲ့လူ ဖြစ်နေနိုင်တယ်။ ဒီခရီးစဥ်မှာ သူ့ကို သတ်မှဖြစ်မယ် “
“ တစ်ယောက်ချင်းတိုက်ပွဲမှာ သူ့ကို သတ်ဖို့ မဖြစ်နိုင်ဘူးဆိုပင်မဲ့၊ အခုက သူက သူ့သေတွင်းကို သူ့ဟာသူ တူးလာပြီ၊ ဆိုတော့ အများကြီး တွေးပူနေဖို့ မလိုအပ်ဘူး “
ခိုင်စီ၏ အသံထုတ်လွှတ်မှုကို ကြားလိုက်ရသောအခါတွင် အမှောင်နယ်မြေ၏ ပညာရှင်များသည် အမူအရာ အမျိုးမျိုး ပြောင်းလဲသွားခဲ့သည်။
အဲရှုစီမှာလည်း တစ်စုံတစ်ခုကို သဘောပေါက်သွားပုံရသည်။
နယ်မြေကျော်ဖြတ်မလာခင် အချိန်က ပုံရိပ်ယောင် လမင်း သူတော်စင်၏ ဘိုးဘေးသည် ကြယ်ပြာဂြိုဟ်တွင် အန္တိမ မျိုးစေ့တစ်ခု ပေါ်ထွက်လာပြီဟု ပြောပြခဲ့သည်။
ဆိုတော့ အဲ့တာက ဒီလူဖြစ်နေတာလား
ထိုလူ့ထံတွင် ထိုကဲ့သို့သော အလားအလာများ ရှိနေလိမ့်မည်ဟု ပြောရမည်ဖြစ်သည်၊ ထိုလူသည် သူတို့၏ ပညာရှင်များကို အဆင့်ကျော် တိုက်ကာ သတ်ဖြတ်နိုင်ခဲ့သည်။
သူတို့၏ ပါရမီရှင် တစ်ဦးတစ်ယောက်ချင်းစီတိုင်းထံတွင် အန္တိမ အထွတ်အထိပ် အလားအလာများ ပိုင်ဆိုင်ထားသည်ကို သိကြရမည် ဖြစ်သည်။
ထိုကဲ့သို့သော လူတစ်ဦးကို အလွယ်တကူ သတ်ဖြတ်နိုင်ခဲ့ခြင်းမှာ ရှုကျိုးထံတွင် သူတို့ထပ် သာလွန်သည့် အလားအလာမျိုး ရှိနေသည်ဆိုသည်ကို သက်သေပြနေခဲ့သည်။
“ ဒါပင်မဲ့ ဒီလူက အစောပိုင်း အဆင့်၈မှာပဲ ရှိနေသေးတယ်၊ တကယ်လို့ သူက အန္တိမအဆင့် မျိုးစေ့တစ်ခု ဖြစ်နေမယ်ဆိုရင်တောင်မှ၊ အဲ့အဆင့်ကို ရောက်ဖို့ မဖြစ်နိုင်ဘူး “ အဲရှုစီသည် သူ၏ စိတ်အခြေအနေကို လျင်မြန်စွာ ငြိမ်သက်စေလိုက်သည်။
သူတို့၏ ဘိုးဘေးဖြစ်သူသည် အန္တိမမျိုးစေ့ဟု သံသယဖွယ်ကောင်းသည့် လူများကို ဆုံတွေ့ခဲ့မည်ဆိုပါက၊ မည်သူပင် ဖြစ်နေပါစေ အပြတ်ရှင်းခဲ့ရမည်ဟု ပြောခဲ့သည်။
ဤတစ်ကြိမ် ခရီးစဥ်မှာ အန္တရာယ်များကို ကြိုတင်ဖယ်ရှားခြင်းပင် ဖြစ်သည်။
“ အားလုံးပဲ၊ ရှေ့တက်ကြ “ ဟုအဲရှုစီမှ ပြောလာခဲ့သည်။
ထို့နောက်တွင် အနက်ရောင် တွင်းပေါက်ဝမှ ပုံရိပ်ကိုးခု ထွက်ခွာလာခဲ့ပြီး၊ ယခင်က ရှိနေသည့် မီယာအပါအဝင် စုစုပေါင်း လူဆယ်ဦးသည် ရှုကျိုးကို ဝိုင်းရံလာခဲ့သည်။
အဆိုပါဆယ်ဦးအနက် သုံးဦးသည် အဌမအဆင့် အထွတ်အထိပ် ပညာရှင်များဖြစ်ပြီး၊ အများစုကမူ နှောင်းပိုင်း အဌမအဆင့် ပညာရှင်များ ဖြစ်နေခဲ့ကာ၊ အလယ်အလတ် အဌမအဆင့် ပညာရှင်ကမူ နှစ်ဦးသာလျှင် ရှိနေခဲ့သည်။
ထိုကဲ့သို့သော လူအင်အားမျိုးသည် ကြယ်ပြာဂြိုဟ်၏ နဝမအဆင့် ပညာရှင်တစ်ဦးအတွက်ပင် ကြောက်မက်ဖွယ်ကောင်းသော စိန်ခေါ်မှုတစ်ခုဖြစ်နေမည် ဖြစ်သည်။
ကြယ်ပြာဂြိုဟ်၏ ပညာရှင် အကုန်လုံးသည် စိုးရိမ်တကြီး ဖြစ်နေသော အမူအရာများဖြင့် ထိုမြင်ကွင်းကို ကြည့်နေခဲ့သည်။
ဝုချင်းရှန်၏ အမူအရာမှာလည်း မည်းမှောင်နေလျက်ရှိပြီး၊ ရှေ့သို့တက်ရန် ပြင်လာခဲ့သည်၊ သို့သော် ထိုအချိန်တွင် ရှုကျိုးသည် သူ့ထံသို့ အသံထုတ်လွှင့်လာခဲ့သည်။
“ ကျွန်တော့်ကို ယုံပါ “
ရှုကျိုးသည် စိတ်ပိုင်းဖြတ်ထားသော အကြည့်မျိုးဖြင့် သူ့ကို ကြည့်လာခဲ့သည်။
ရှုကျိုး၏ အမူအရာကို မြင်တွေ့လိုက်ရသောအခါတွင် ဝုချင်းရှန်သည် ရှုကျိုးလုပ်မည့်အရာကို ရုတ်တရက် နားလည်သွားခဲ့သည်။
ရှုကျိုးသည် အမှောင်နယ်မြေမှ ပညာရှင်အားလုံးကို သတ်ဖြတ်ခဲ့ကာ၊ ညှိုးကျသွားသည့် ကြယ်ပြာဂြိုဟ် သိုင်းပညာရှင်တို့၏ စိတ်ဓာတ်များကို ပြန်လည်နိုးထလာလိုစေခြင်း ဖြစ်သည်။
သူ့အနောက်တွင် ရှိနေသည့် အဌမအဆင့်နှင့် နဝမအဆင့် ပညာရှင်များကို ကြည့်လိုက်သည့် အချိန်၌ ယခင်က ရှုံးနိမ့်မှုများကြောင့် ဆုံးရှုံးသွားခဲ့သည့် သူတို့၏ တိုက်ပွဲဝင်လိုစိတ်များမှာလည်း ထပ်မံ၍ တောက်လောင်နေခဲ့သည်။
ယခု ရှုကျိုးလုပ်ဆောင်နေသည့် အရာမှာ သူတို့၏ တိုက်ပွဲဝင်လိုစိတ်များကို ပြန်လည်ရှင်သန်စေရန် ဖြစ်သည်။
တိုက်ပွဲဝင်လိုစိတ်က အလွန်တရာ အရေးပါသည့် အရာတစ်ခုဖြစ်သည်ကို အသိအမှတ်ပြုကြရမည် ဖြစ်သည်။
ကြယ်ပြာဂြိုဟ်၏ တိုက်ခိုက်ရေး စွမ်းအားက အမှောင်နယ်မြေထပ် နိမ့်ကျသော်လည်း၊ တိုက်ပွဲဝင်လိုစိတ်သာ တောက်လောင်နေမည်ဆိုပါက၊ ဆယ်ယောက်တစ်ယောက် ယှဥ်တိုက်ရမည်ဆိုလျှင်တောင်မှ၊ အနိုင်ရနိုင်မည် ဖြစ်သည်။
အကယ်၍ တိုက်ပွဲဝင်လိုစိတ်ကသာ ဖရိုဖရဲဖြစ်နေမည်ဆိုပါက၊ သူတို့၏ ပညာရှင်အယောက်တစ်ရာကပင် ပြိုင်ဘက်၏ ပညာရှင်တစ်ယောက်ကို ယှဥ်နိုင်လိမ့်မည် မဟုတ်ပေ။
ထို့အပြင် အမှောင်နယ်မြေသည် အပြည့်အဝ မဆင်းသက်လာသေးဘဲ၊ ဂျူနီယာများကိုသာ စေလွှတ်ထားခဲ့သည်။
အကယ်၍ ဤကဲ့သို့သော အခြေအနေမျိုးမှာပင် ကြယ်ပြာဂြိုဟ်၏ တိုက်ပွဲဝင်လိုစိတ်က ပြိုကွဲသွားမည်ဆိုပါက၊ ၎င်းသည် အစီအရင်များ ဖျက်စီးခြင်းကဲ့သို့သော အလုပ်များကို ကြီးကြီးမားမား ထိခိုက်သွားစေမည် ဖြစ်သည်။
……………………………………………………………………………………………………………………………………….
အပိုင်း ( 638 )
မိုးကြိုးပစ်ချခြင်းဖြင့် နည်းစနစ်အားလုံးကို ချေမှုန်းခြင်း ၂
“ ဘာပဲဖြစ်ဖြစ်၊ ကိုယ့်ကိုကိုယ် ဘေးကင်းအောင် လုပ်ဖို့က အရေးအကြီးဆုံးပဲ “
ဝုချင်းရှန်မှ အသံထုတ်လွှင့်လာခဲ့သည်။
သူသည် မလှမ်းမကမ်းတွင် ရှိနေသည့် တိကျွမ်းနှင့် တစ်ခြားသော ပကတိ အထွတ်အထိပ် ပညာရှင်များကို ငေးကြည့်ကာ၊ အသက်ကို ပြင်းပြင်းရှရှ ရှူသွင်းပြီး၊ အနည်းငယ် စိတ်သက်သာရာရသွားခဲ့သည်။
အကယ်၍ ရှုကျိုးကသာ တစ်ခုခု ဖြစ်သွားမည်ဆိုပါက၊ ထိုပညာရှင်များက သေချာပေါက် လှုပ်ရှားမည် ဖြစ်သည်။
…
အဲရှုစီမှ စကားစပြောလာခဲ့သည် “ အားလုံးပဲ၊ သေချာဂရုစိုက်ကြ၊ သူက ကြယ်တစ်လုံးနဲ့ ယှဥ်နိုင်တဲ့ နတ်စွမ်းရည်တစ်မျိုးမျိုးကို ပိုင်ဆိုင်ထားတဲ့ပုံပဲ၊ သတိလက်လွတ် မဖြစ်စေနဲ့ “
မီယာနှင့် တစ်ခြားလူများမှ ခေါင်းငြိမ့်ပြလာခဲ့သည်။
“ ဟမ့်၊ မောက်မာတဲ့ အရူးကောင်၊ နင်က ငါတို့ဆီကနေ ဘယ်နှကွက် တောင့်ခံနိုင်မလဲဆိုတာကို ငါကြည့်ဦးမယ် “
မီယာသည် ရှုကျိုးကို အေးစက်စွာ စိုက်ကြည့်နေခဲ့သည်။
သူမသည် သူမ၏နှုတ်ခမ်းများကို သပ်ကာ တစ်ကိုယ်တည်း ရေရွတ်ပြောဆိုနေခဲ့သည် “ နင့်ရဲ့ အသက်က ငါ့အပိုင်ပဲ “
နှောင်းပိုင်း အဌမအဆင့်တွင်သာ ရှိနေခဲ့သော်လည်း၊ သူမ၏ အထူးပြုမှုသည် သေစေနိုင်သည့် တိုက်ခိုက်မှုကို အချိန်ကိုက် ပြုလုပ်နိုင်ခြင်း ဖြစ်သည်။
ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် မီယာ၏ ပုံရိပ်သည် လေဟာနယ်နှင့် ပေါင်းစည်းသွားပြီး၊ ပျောက်ကွယ်သွားခဲ့သည်။
တစ်ချိန်တည်းမှာပင် တစ်ခြားလူများကလည်း သူတို့၏ နည်းစနစ်များကို ထုတ်ပြလာခဲ့သည်။
တိုက်ပွဲသည် ချက်ချင်း ပေါ်ပေါက်လာခဲ့သည်။ အဌမအဆင့် အထွတ်အထိပ်တွင် ရှိနေသည့် အဲရှုစီသည် ဤလူဆယ်ဦးအနက် အသန်မာဆုံးဖြစ်ပြီး၊ အစကတည်းက သေစေနိုင်သည့် တိုက်ကွက်ကို ထုတ်သုံးလာခဲ့သည်။
“ ဆုတ်ဖြဲစမ်းး “
ဧရာမ လက်ကြီးတစ်ဖက်သည် လေထုကို ဆုတ်ဖြဲကာ ရှုကျိုးကို ဖမ်းဆုပ်လာခဲ့သည်။
အဆိုပါ ဧရာမ လက်ကြီးသည် ကီလိုမီတာပေါင်းများစွာအထိ ကြီးမားကျယ်ပြန့်နေကာ၊ ကြောက်မက်ဖွယ်ကောင်းသည့် ဖိနှိပ်မှုအားတစ်ခုကို သယ်ဆောင်လာခဲ့သည်။
၎င်းမှာ ဓမ္မပုံရိပ် မဟုတ်ပေ၊ နတ်စွမ်းရည် တစ်မျိုးမျိုးဖြင့် ဖန်တီးထားခြင်း ဖြစ်ပြီး၊ ကြယ်များနှင့် လမင်းကိုပင် ဖမ်းချုပ်နိုင်စွမ်းရှိသည်။ တစ်ချိန်က အဲရှုစီသည် အဆိုပါ တိုက်ကွက်ကို အသုံးပြုကာ၊ ကြယ်ပြာဂြိုဟ်၏ အဌမအဆင့် အထွတ်အထိပ် ပညာရှင်တစ်ဦးကို ချေမှုန်းနိုင်ခဲ့သည်။
“ သေ “
ဧရာမ လက်ကြီးသည် ရှုကျိုးကို ဖိနှိပ်ရန် ဆင်းသက်လာခဲ့သည်။
သို့သော် နောက်ထပ်စက္ကန့်ပိုင်းမျှအကြာတွင် ဘုံကိုးဆင့် နတ်မိုးကြိုးကဲ့သို့သော မိုးကြိုးတစ်စင်း ပစ်ခွင်းလာခဲ့ပြီး၊ တိမ်သားတိမ်စိုင်များကို ထိုးဖောက်သွားခဲ့သည်။
“ ခရက် “
တစ်ကွက်တည်းဖြင့် ဧရာမ လက်ကြီးထံတွင် အပေါက်ကြီးတစ်ခု ပွင့်ထွက်လာခဲ့သည်။
“ ဒီကောင်စုတ်လေးရဲ့ မိုးကြိုးဧကရာဇ် နည်းစနစ်က သေးငယ်သော အောင်မြင်မှုအဆင့်အထိ ရောက်နေပြီ “
ကောင်းကင်ထက်ရှိ တိကျွမ်းသည် ထိုမြင်ကွင်းကို မြင်တွေ့သွားကာ၊ အံ့အားသင့်သွားခဲ့သည်။
မိုးကြိုးဧကရာဇ် နည်းစနစ်သည် သူဖန်တီးထားခဲ့သည့် အထွတ်အထိပ် နည်းစနစ်တစ်ခု ဖြစ်ပြီး၊ အန္တိမ နိယာမ၏ ရှုပ်ထွေးသော အနှစ်သာရများ ပါဝင်နေခဲ့သည်။
မိုးကြိုးနည်းစနစ် လမ်းကြောင်း၌ တိကျွမ်းသည် သူ၏ပြိုင်ဘက်ကသာ အန္တိမအဆင့် မဟုတ်ဘူးဆိုပါက၊ မည်သူ့ကိုမဆို အနိုင်ရမည်ဟု ယုံကြည်မှု ရှိနေခဲ့သည်၊ အန္တိမတစ်ပိုင်းအဆင့်ကပင် ချွင်းချက် မဟုတ်ပေ။
ဤမိုးကြိုး ဧကရာဇ်နည်းစနစ်သည် သူ၏ အရင်းအမြစ်နှင့် စိတ်ဝိညာဥ်တို့ဖြင့် ဖန်တီးထားခြင်းဖြစ်ပြီး၊ မိုးကြိုးတစ်စင်း ပေါ်ထွက်လာချိန်တွင် နည်းစနစ်အားလုံး ဒူးထောက်သွားရမည် ဖြစ်သည်။
ထို့ကြောင့် ဤနည်းစနစ်ကို ကျင့်ကြံရသည့် အခက်အခဲမှာ အလွန်တရာ မြင့်မားနေခဲ့သည်။ သာမန် နဝမအဆင့် ပညာရှင်များကပင် သေးငယ်သော အောင်မြင်မှုအဆင့်အထိ ရောက်ရှိရန် မလေ့ကျင့်နိုင်ကြပေ။
အစောပိုင်း အဌမအဆင့်မှာပဲ ရှိနေသေးတဲ့ ရှုကျိုးက သေးငယ်သော အောင်မြင်မှုအဆင့်အထိ ရောက်သွားပြီလားဟ
“ ဒီကလေးနဲ့ပတ်သက်ပြီးတော့ ငါတကယ် မမှားခဲ့ဘူးပဲ “
တိကျွမ်း၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ဖြစ်တည်လာခဲ့သည်။
သို့သော် မကြာခင် အချိန်မှာပင် သူ၏ အမူအရာ တင်းကြပ်သွားခဲ့သည်။
ဤအချိန်၌ ရှုကျိုးက ဧရာမလက်ကြီးကို ချိုးဖျက်လိုက်ပြီးသည့်နောက်တွင်၊ လေပြင်းများစွာ ပေါက်ထွက်လာခဲ့ပြီး၊ ကြောက်မက်ဖွယ်ကောင်းသည့် ဖိနှိပ်မှုအားတစ်ခု လှိုက်တက်လာခဲ့သည်၊ အားလုံးမှာ အဌမအဆင့် ပညာရှင်များ၏ သေစေနိုင်သော တိုက်ကွက်များ ဖြစ်သည်။
“ ဘုမ်းးးး “
တစ်ခဏ အကြာတွင် ကြောက်မက်ဖွယ်ကောင်းသည့် တိုက်ခိုက်မှုများသည် ရှုကျိုးအပေါ်သို့ ကျရောက်လာခဲ့သည်။
ပြင်းထန်သော တိုက်ခိုက်မှုများကြောင့်၊ ဟင်းလင်းပြင်ထံတွင် ရာပေါင်းများစွာသော တွင်းပေါက်များ ပေါ်ထွက်လာခဲ့ပြီး၊ အချိန်အတော်ကြာသည်အထိ ပြန်လည်မကောင်းမွန်သွားခဲ့ပေ။
“ ဟစ် “
ကြယ်ပြာဂြိုဟ်ဘက်မှ ပညာရှင်များကမူ အသက်ကိုပင် အောင့်ထားကြပြီး၊ အရှေ့ရှိ စိုက်ကြည့်နေကြသည်။
“ ဒုဗိုလ်ချုပ်ကြီးရှုက …… ဒဏ်ရာရသွားတာများလား “
“ အဲ့လိုပြင်းထန်တဲ့ တိုက်ခိုက်မှုမျိုးနဲ့ဆိုရင်၊ အဆင့်၉ ပညာရှင်ကတောင် ရုန်းကန်နေရမှာ “
လူတစ်ချို့သည် စိတ်စွမ်းအားဖြင့် စစ်ဆေးလာခဲ့ကြသော်လည်း၊ ထိုနေရာတွင် မည်သည့် အသက်စွမ်းအင်မှ ရှိမနေဘူးဆိုသည်ကိုသာ အာရုံခံမိသွားခဲ့သည်။
ချက်ချင်းဆိုသလိုပင် လူတော်တော်များများ၏ အမူအရာများ ပြောင်းလဲသွားခဲ့သည်။
ရှုကျိုးက ပြာဖြစ်သွားပြီလား
ထိုစဥ် အဲရှုစီမှာလည်း သူ၏လှုပ်ရှားမှုကို ရပ်တန့်ကာ ပြုံးနေတော့သည် “ ဒီလောက်တောင် လွယ်တာလား “
သို့သော် ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် သူ၏ အမူအရာ တင်းကြပ်သွားခဲ့ရသည်။
သူ့အရှေ့ရှိ ဟင်းလင်းပြင် တွင်းပေါက်သည် တဖြည်းဖြည်း တည်ငြိမ်လာခဲ့ပြီး၊ ယခင်က ဟင်းလင်းပြင်ကြောင့် ဖုံးကွယ်ထားသကဲ့သို့ ဖြစ်နေသည့် မြင်ကွင်းတစ်ခုကို ထုတ်ဖော်ပြသလာခဲ့သည်။
ထိုနေရာတွင် ငါးရောင်ခြယ် ဘောလုံးတစ်လုံး မျောလွင့်နေလျက်ရှိပြီး၊ ၎င်း၏ အတွင်းပိုင်းတွင် ပုံရိပ်တစ်ခု ရှိနေခဲ့သည်။
၎င်းမှာ ရှုကျိုးပင် ဖြစ်သည်။
“ ဘာမှ မဖြစ်သွားဘူးလား “
အဲရှုစီနှင့် တစ်ခြားလူများသည် အံ့ဩတကြီး ဖြစ်သွားကြသည်။
အစောပိုင်း အချိန်က သူတို့ဆယ်ဦး ထုတ်လွှတ်ခဲ့သည့် တိုက်ကွက်များသည် မည်သည့်အဌမအဆင့် အထွတ်အထိပ် နည်းစနစ်ကိုမဆို ချေမှုန်းရန် လုံလောက်သည်ထပ်ပင် ပိုနေခဲ့သည်။
သို့သော် ယခုတွင်ကား ရှုကျိုးသည် အမာရွတ်လေးတစ်ခုပင် ရသွားပုံမပေါ်ချေ။
“ နေဦး၊ အဲ့တာက ………. ဓာတ်ကြီးငါးပါး မူလနိယာမတွေလား “
အဲရှုစီသည် တစ်စုံတစ်ခုကို အာရုံခံမိသွားခဲ့ပြီး၊ ငါးရောင်ခြယ်ဘောလုံးကို စိုက်ကြည့်နေခဲ့ကာ၊ အမူအရာ မည်းမှောင်သွားခဲ့သည်။
အဌမအဆင့် အထွတ်အထိပ် ပညာရှင်တစ်ဦး၊ နဝမအဆင့်၏ တံခါးဝသို့ ခြေတစ်လှမ်းလှမ်းထားနိုင်သည့် အဲရှုစီသည် ဉာဏ်အလင်းရသည့် အခြေအနေတွင် ရှိနေခဲ့သည်။
ထို့ကြောင့်ပင် သူသည် ငါးရောင်ခြယ်ဘောလုံးအတွင်းတွင် ပါဝင်နေသည့် နိယာမများကို ချက်ချင်းအာရုံခံမိသွားခဲ့ခြင်း ဖြစ်သည်။
၎င်းမှာ သာမန် ဓာတ်ကြီးငါးပါး နတ်နည်းစနစ် မဟုတ်ဘဲ၊ ဓာတ်ကြီးငါးပါး မူလတာအို နိယာမများ ဖြစ်သည်။
ထိုနှစ်ခုက တူညီနေပုံရသော်လည်း၊ ၎င်းတို့ကြားတွင် ချောက်နက်တစ်ခု ရှိနေခဲ့သည်၊ ပထမတစ်ခုသည် သတ္တမအဆင့် ပညာရှင်က အသုံးပြုနိုင်သော အရာဖြစ်ပြီး၊ နောက်တစ်ခုကမူ ပကတိ အထွတ်အထိပ် ပညာရှင်များကပင် နားမလည်နိုင်သော အရာများ ဖြစ်သည်။
တစ်ချိန်တည်းမှာပင် မီယာ၏ မျက်နှာပေါ်တွင်လည်း ကြောက်ရွံ့မှု အရိပ်အငွေ့များ စွန်းထင်းလာခဲ့သည် “ သူက အဆင့်မြင့် နိယာမတွေကို နားလည်ထားတယ်လို့ နင်ပြောချင်တာလား။ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ “
အစောပိုင်း အဌမအဆင့်နယ်ပယ်မှာတင် အဆင့်မြင့် နိယာမကို နားလည်နေတာလား
“ အားလုံးပဲ ဘာမှ မချန်ထားနဲ့၊ ရှိသမျှ အကုန်ထုတ်ကြတော့၊ ပကတိ အထွတ်အထိပ် ပညာရှင်က ဝင်စွက်ဖက်မလာခင် အချိန်မှာ သူ့ကိုရအောင် သတ်ရမယ် “
အဲရှုစီ၏ မျက်လုံးများထဲတွင် ရက်စက်ကြမ်းကြုတ်မှုတို့ဖြင့် ပြည့်နှက်လာခဲ့ပြီး၊ သူသည် တစ်ခြားကိုးယောက်ထံသို့ အသံထုတ်လွှင့်လာခဲ့သည်။
ယခင်က သံသယဖြစ်နေခဲ့သော်လည်း၊ ယခုတွင် ပို၍ သေချာသွားခဲ့ပြီ ဖြစ်သည်။
ဤလူသည် ကြယ်ပြာဂြိုဟ်၏ အန္တိမအဆင့် မျိုးစေ့ပင် ဖြစ်သည်။
အကယ်၍ သူ့ကို အချိန်အနည်းငယ်မျှ ထပ်ပေးလိုက်မည်ဆိုပါက၊ သူသည် အန္တိမအဆင့်သို့ မရောက်ဘူးဆိုလျှင်တောင်မှ၊ အန္တိမ အထွတ်အထိပ်သို့ သေချာပေါက် ရောက်ရှိမည် ဖြစ်သည်။
အစောပိုင်း အဌမအဆင့်မှာတင် အဆင့်မြင့် နိယာမများကို နားလည်ခြင်း၊ ၎င်းတစ်ခုတည်းကပင် ပြိုင်ဘက်က တာအိုနှင့် အားကောင်းသော ချိတ်ဆက်မှုရှိနေသည်ကို သက်သေပြနေခဲ့ပြီး၊ ထိုကဲ့သို့သော လူများသည် ထိုနယ်ပယ်သို့ ရောက်ရှိရန် အကောင်းဆုံးသော အခွင့်အလမ်းများကို ပိုင်ဆိုင်ထားပေသည်။
အဲရှုစီ သိထားရသလောက်အရဆိုပါက၊ မျိုးနွယ်စု၏ ဘိုးဘေးကပင် အစောပိုင်း အဌမအဆင့်နယ်ပယ်တွင် ထိုကဲ့သို့သော ထိုးထွင်းသိမြင်မှုမျိုး မရရှိခဲ့ပေ။
ထို့ကြောင့် သူ၏ ရည်ရွယ်ချက်က ပိုမိုခိုင်မာသွားခဲ့သည်။
ဒီလူ သေကိုသေရမယ်
“ ရှေးဦးဝိညာဥ် ဓမ္မပုံရိပ် “
အဲရှုစီမှ သူ၏လက်များကို လှုပ်ရှားလိုက်ရာ၊ ပေခုနစ်ထောင်မြင့်မားသည့် ဓမ္မပုံရိပ်တစ်ခု ချက်ချင်းပေါ်ထွက်လာခဲ့ပြီး၊ ကောင်းကင်ဘုံနှင့် ကမ္ဘာမြေအကြားတွင် အခိုင်အမာ ရပ်တည်လာခဲ့သည်။
အဆိုပါ ဓမ္မပုံရိပ်သည် လုံးဝမည်းနက်နေခဲ့ပြီး၊ ပေါ်ထွက်လာခဲ့ပြီးသည့်နောက်တွင် အဆုံးမဲ့ မြူထုများ ပျံ့လွင့်လာခဲ့သည်။
အဌမအဆင့် ပညာရှင်တစ်ဦးက သူ၏ ရှေးဦးဝိညာဥ် ဓမ္မပုံရိပ်ကို ထုတ်လွှတ်လာခဲ့ခြင်းမှာ သူက မည်သည့်အရာကိုမှ ထိန်ချန်မထားတော့ဘဲ၊ အင်အားအပြည့်ထုတ်သုံးကာ တိုက်ခိုက်လာပြီဟု ညွှန်းဆိုနေခြင်း ဖြစ်သည်။
အဲရှုစီမှ သူ၏ဓမ္မပုံရိပ်ကို ဖော်ထုတ်လာခဲ့သည့် အချိန်တွင် ကြောက်မက်ဖွယ်ကောင်းသည့် ဖိအားတစ်ခုပါ ပေါက်ထွက်လာခဲ့သည်။
တစ်ချိန်တည်းမှာပင် မီယာနှင့် တစ်ခြားလူများကလည်း သူမတို့၏ ရှေးဦးဝိညာဥ် ဓမ္မပုံရိပ်များကို ထုတ်လွှတ်လာခဲ့သည်။
မြင့်မားသော ဓမ္မပုံရိပ်ကြီးများသည် တစ်ခုပြီးတစ်ခု ပေါ်ထွက်လာခဲ့သည်။
အဌမအဆင့် အထွတ်အထိပ် ပညာရှင်တို့၏ ဓမ္မပုံရိပ်များသည် အမြင့်ဆုံးအနေဖြင့် ပေငါးထောင်ဝန်းကျင်မျှသာ ရှိနေခဲ့သည်၊ နှောင်းပိုင်း အဌမအဆင့် ပညာရှင်တို့၏ ဓမ္မပုံရိပ်များကမူ ပေသုံးထောင်မျှသာ ရှိနေခဲ့သည်။
ရှေးဦးဝိညာဥ် ဓမ္မပုံရိပ်သည် အမအဆင့် ပညာရှင်တစ်ဦး၏ အနှစ်သာရဖြစ်ပြီး၊ ၎င်းသည် သတ္တမအဆင့်နှင့် အဌမအဆင့်ကြားတွင် ရှိနေသည့် ထင်ရှားသော ကွာဟချက်တစ်ခု ဖြစ်သည်။
ထို့အတူပင် ရှေးဦးဝိညာဥ် ဓမ္မပုံရိပ်၏ အမြင့်မှာလည်း အဌမအဆင့် ပညာရှင်၏ ခွန်အားကို ကိုယ်စားပြုနေခဲ့သည်။
အဲရှုစီ၏ ဓမ္မပုံရိပ်သည် အားလုံးထဲတွင် အမြင့်ဆုံးဖြစ်နေခဲ့ပြီး၊ သူ၏ကြီးမားသော စွမ်းအားကို လှစ်ဟပြသနေခဲ့သည်။
ရှေးဦးဝိညာဥ် ဓမ္မပုံရိပ် ဆယ်ခု ပေါ်လာခဲ့သောကြောင့် ကောင်းကင်ဘုံနှင့် ကမ္ဘာမြေအကြားတွင် ကြောက်မက်ဖွယ်ကောင်းသည့် ဖိအားတစ်ခု ပေါ်ထွက်လာခဲ့သည်။
အဆိုပါ ပုံရိပ် ဆယ်ခုအရှေ့တွင် ရှုကျိုးသည် ပုရွက်ဆိတ်တစ်ကောင်အလား သေးငယ်နေခဲ့သည်။
“ သတ် “
အဲရှုစီသည် သူ၏လက်ကို မြှောက်ကာ ရှုကျိုးကို ဖိချလာခဲ့သည်။
( ဓမ္မပုံရိပ်ကို ထိန်းချုပ်ပြီး ဓမ္မပုံရိပ်နဲ့ တိုက်ခိုက်နေတာပါ )
တစ်ခြားသော ဓမ္မပုံရိပ်ကိုးခုကလည်း ရှုကျိုးရှိနေသည့် ဟင်းလင်းပြင်ကို တစ်ပြိုင်နက် ချိတ်ပိတ်လာခဲ့သည်။
ထိုကဲ့သို့သော ပိတ်လှောင်မှုအား နဝမအဆင့် ပညာရှင်ကပင် အချိန်ယူ၍ ချိုးဖျက်ရမည် ဖြစ်သည်။
သို့သော် ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင်
“ ဘုမ်းးးး “
ပေတစ်သောင်းမြင့်မားသည့် ရှေးဦးဝိညာဥ် ဓမ္မပုံရိပ်တစ်ခု ပေါ်ထွက်လာခဲ့သည်။
( အရင်အပိုင်းတွေမှာ မီတာဆိုပြီး အခုကျ ပေလို့သုံးသွားပါတယ်၊ မူရင်းမှာကအဲ့အတိုင်းဖြစ်နေတာပါ၊ ပေလို့ပဲ ဆက်သုံးပါမယ် )
၎င်းမှာ ရှုကျိုး၏ ဓမ္မပုံရိပ်ဖြစ်သည်။
အဲရှုစီ၏ ဓမ္မပုံရိပ်ကပင် သူ၏ ဓမ္မပုံရိပ်အရှေ့တွင် မထင်မရှားဖြင့်၊ သေးငယ်သွားပုံရသည်။
“ ဘာကြီး၊ ပေတစ်သောင်း ဓမ္မပုံရိပ်လား “
အဲရှုစီ၏ မျက်လုံးများ ပြူးကျယ်သွားခဲ့ကာ၊ မယုံကြည်နိုင်ဖြစ်သွားခဲ့သည်၊ ပေတစ်သောင်း ဓမ္မပုံရိပ်က နဝမအဆင့် ပညာရှင်တွေရဲ့ စံနှုန်းတစ်ခု မဟုတ်ဘူးလား
ရှုကျိုးသည် သူ၏လက်ကို အသာအယာ မြှောက်ကာ၊ အဆိုပါ တိုက်ခိုက်မှုများကို တားဆီးလိုက်သည်။
“ ချိုးဖျက်လိုက် “
ရှုကျိုးမှ ခြေဆောင့်လိုက်ရာ၊ ပိတ်လှောင်ခံထားရသည့် ဟင်းလင်းပြင်သည် ရေခဲကဲ့သို့ ပြိုကွဲသွားခဲ့သည်။
“ သတ် “
ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် သူသည် သူ၏လက်ကို မြှောက်ကာ အဲရှုစီ၏ ရှေးဦးဝိညာဥ် ဓမ္မပုံရိပ်၏ ဦးခေါင်းကို ဖမ်းဆုပ်လိုက်သည်။
အမြင့်ကွာခြားချက်ကြောင့်၊ သူက ကလေးငယ်တစ်ဦး၏ ဦးခေါင်းထံသို့ လက်လှမ်းလိုက်သကဲ့သို့ ဖြစ်နေခဲ့သည်၊ သို့သော် အဆိုပါ လက်သည် အားကောင်းပြင်းထန်လွန်းလှသည့် သတ်ဖြတ်လိုစိတ်ကို သယ်ဆောင်ထားခဲ့သည်။
နေဖမ်းဆုပ်ခြင်း လက်
…………………………………………………………………………………………………………………………………..
အပိုင်း ( 639 )
တောင်းပန်ပါတယ်၊ ငါကမင်းထပ်ပိုစွမ်းတယ်
နေဖမ်းဆုပ်ခြင်း လက်သည် အထွတ်အထိပ် နည်းစနစ်ဖြစ်သည့် မဟာနေမင်းကျမ်းထံမှ ဆင်းသက်လာသော နတ်စွမ်းရည်တစ်ခု ဖြစ်သည်။
ဆယ်ရက်ကျော်ကြာ ကျင့်ကြံနေခဲ့ပြီးသည့်နောက်၌၊ ကိုယ်ပွား၏ နားလည်မှုနှင့်အတူ၊ ရှုကျိုးသည် အဆိုပါ နည်းစနစ်အား စဦးအဆင့်အထိ နားလည်နေခဲ့ပြီ ဖြစ်သည်။
၎င်းက စဦးအဆင့်တွင်သာ ရှိနေသော်လည်း၊ အထွတ်အထိပ်အဆင့် နည်းနစ်တစ်ခုဖြစ်နေသောကြောင့် ၎င်းက ထုတ်လွှတ်သည့် စွမ်းအားမှာ အလွန်တရာ ကြောက်မက်ဖွယ်ကောင်းနေခဲ့သည်။
ဤအချိန်၌ ရှုကျိုး၏ ပေတစ်သောင်း မြင့်မားသော ရှေးဦးဝိညာဥ် ဓမ္မပုံရိပ်သည် လက်ကို ဆန့်တန်းကာ၊ အဲရှုစီ၏ ဓမ္မပုံရိပ်၏ ဦးခေါင်းကို ဖမ်းဆုပ်လာခဲ့သည်။
အဆိုပါ တိုက်ကွက်သည် ကမ္ဘာတစ်ခုလုံးကို တုန်လှုပ်သွားစေနိုင်သည့် သတ်ဖြတ်လိုစိတ်ကို သယ်ဆောင်ထားခဲ့ပြီး၊ ကောင်းကင်ဘုံနှင့် ကမ္ဘာမြေကို ပိတ်လှောင်ကာ၊ အဲရှုစီကို တိုက်ရိုက် ပစ်မှတ်ထားလာခဲ့သည်။
“ တွေးတောင်မတွေးလိုက်နဲ့ “
အဲရှုစီမှ ဒေါသတကြီး ဟိန်းဟောက်လာခဲ့သည်။ သူ၏ဦးခေါင်းခွံထိပ်တွင် အလင်းတန်းတစ်ခု ပေါ်ထွက်လာခဲ့သည်။
ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် အနက်ရောင်နှင့် ရွှေရောင် ဒိုင်းလေးခု ပေါ်လာခဲ့ပြီး၊ တစ်ခုချင်းစီတိုင်းသည် မီတာ တစ်ထောင်ကျော်အထိ ကြီးထွားလာခဲ့သည်။
အဆိုပါ ဒိုင်းလေးခုသည် အစီအရင်တစ်ခုကို ဖွဲ့စည်းလိုက်ပြီး၊ ဧရာမ အကာအရံကြီးတစ်ခုအဖြစ် ပြောင်းလဲသွားကာ သူ၏ ရှေးဦးဝိညာဥ် ဓမ္မပုံရိပ်ကို အပြည့်အဝ ဖုံးအုပ်သွားခဲ့သည်၊ ၎င်းက အလွန်တရာ ရှားပါးလွန်းလှသော မှော်ပစ္စည်းတစ်ခု ဖြစ်သည်။
ရှုကျိုးက နေဖမ်းဆုပ်ခြင်း လက်ကို ထုတ်လွှတ်ချိန်မှစ၍ အဲရှုစီက သူ၏ မှော်အစီအရင်အလံကို ထုတ်ဖော်ပြသကာ အစီအရင် ဖွဲ့စည်းလာသည့် အချိန်အထိ အရာအားလုံးသည် စက္ကန့်ပိုင်းအတွင်းတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
“ ခွမ်းးး “
နေဖမ်းဆုပ်ခြင်း လက်သည် ဒိုင်းလေးခုဖြင့် ဖွဲ့စည်းထားသော အကာအရံပေါ်သို့ ကျရောက်လာခဲ့ပြီး၊ ၎င်းကို ပြင်းပြင်းထန်ထန် လှုပ်ခါသွားစေခဲ့သည်။
၎င်းပေါ်တွင် အက်ကွဲကြောင်းများ စတင်၍ ပေါ်ပေါက်လာခဲ့သည်။
သို့ရာ၌ ၎င်းသည် အဆိုပါ တိုက်ကွက်ကို ခက်ခက်ခဲခဲ ခုခံနိုင်ခဲ့သည်။
“ ဒီအုပ်စုက အစွမ်းဆုံးလူဆိုတဲ့အတိုင်းပဲ၊ သူ့ရဲ့ စွမ်းအားက တကယ်ကို ထူးခြားတယ် “
ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါတွင် ရှုကျိုးသည် သူ၏ဦးခေါင်းကို တိတ်တဆိတ် ခါရမ်းနေတော့သည်။ သူသည် အစောပိုင်း အဌမအဆင့်တွင်သာ ရှိနေခဲ့သည်၊ ၎င်းက ရန်သူကို ချက်ချင်း သတ်ဖြတ်ရာတွင် အနည်းငယ် ပြဿနာ ပေးလာခဲ့တယ်။
သို့ရာတွင် ၎င်းတို့မှာ အဲရှုစီအတွက်မျှသာ ဖြစ်သည်။
တစ်ခြားလူများကမူ …..
“ သေ “
ရှုကျိုးသည် နောက်လက်တစ်ဖက်ကို ဆန့်ထုတ်ကာ ကျန်လူကိုးဦးကို ဖမ်းဆုပ်လိုက်သည်။
သူတို့၏ ရှေးဦးဝိညာဥ် ဓမ္မပုံရိပ်များအနက် အမြင့်ဆုံး ဓမ္မပုံရိပ်မှာ ပေငါးထောင်ဝန်းကျင်တွင်သာ ရှိနေခဲ့သည်။
ရှုကျိုး၏ ပေတစ်သောင်း မြင့်မားသည့် ဓမ္မပုံရိပ်နှင့် ယှဥ်လိုက်မည်ဆိုပါက၊ ၎င်းတို့သည် ပုရွက်ဆိတ်များကဲ့သို့သာ ဖြစ်နေခဲ့သည်။
ထို့ကြောင့် ရှုကျိုး၏ နေဖမ်းဆုပ်ခြင်း လက်က ဆင်းသက်လာသည့် အချိန်တွင်၊ သူတို့က မည်သည့်နည်းလမ်းကိုပင် ထုတ်သုံးလာခဲ့ပါစေ၊ အဆိုပါ လက်ကြီးကို မတားဆီးနိုင်ခဲ့ပေ။
“ ခရက် “
ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် အမှောင်နယ်မြေ၏ အဌမအဆင့် အထွတ်အထိပ်မှ ပညာရှင်တစ်ဦး၏ ရှေးဦးဝိညာဥ် ဓမ္မပုံရိပ်သည် နေရာမှာတင် ချေမွခံလိုက်ရသည်။
ရှေးဦးဝိညာဥ် ဖျက်စီးခံလိုက်ရခြင်းသည် စိတ်ဝိညာဥ် ပျက်စီးသွားပြီဟု ဆိုလိုနေခြင်းဖြစ်ပြီး၊ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်က အကောင်းတိုင်း ကျန်ရှိနေမည်ဆိုလျှင်တောင်မှ၊ မည်သို့မှ ကယ်တင်နိုင်တော့မည် မဟုတ်ပေ။
ပထမတစ်ယောက်ကို သတ်ဖြတ်ခဲ့ပြီးသည့်နောက်တွင် ရှုကျိုးသည် တစ်ခြားလူများကို ကြည့်နေတော့သည်။
“ သတ် “
သူ၏ ရှေးဦးဝိညာဥ် ဓမ္မပုံရိပ်သည် အရှိန်အဟုန်ဖြင့် ပြေးတက်လာခဲ့သည်၊ ၎င်းက အလွန်တရာ ကြီးမားနေသော်လည်း၊ အံ့ဖွယ်ကောင်းလောက်အောင် မြန်ဆန်နေခဲ့သည်။
ပထမဦးဆုံးတစ်ယောက်ကို သတ်ဖြတ်ခဲ့ပြီးနောက်တွင် သူသည် ဒုတိယတစ်ယောက်၏ အရှေ့သို့ ချက်ချင်း ရောက်ရှိလာခဲ့သည်။
နေဖမ်းဆုပ်ခြင်း လက်
“ ဘုမ်းးး “
လက်နှစ်ဖက်ဖြင့် တစ်ပြိုင်နက် တိုက်ခိုက်လိုက်သည်။
အဲရှုစီက ကိုင်တွယ်ရ ခက်ခဲသော်လည်း၊ ရှုကျိုးနှင့် တစ်ခြားလူများကြားရှိ ကွာဟချက်မူ အလွန်တရာ ကြီးမားနေခဲ့သည်၊ သူတို့၏ ဓမ္မပုံရိပ်များကို ကြည့်လိုက်ခြင်းဖြင့် မည်သူကသာလွန်နေလဲဆိုသည်ကို အလွယ်တကူ သိရှိနိုင်ပေသည်။
ရှုကျိုးသည် များများစားစား ကြိုးစားအားထုတ်နေရန် မလိုအပ်ဘဲ၊ နေဖမ်းဆုပ်ခြင်း လက်တစ်ခုတည်းဖြင့် ထိုလူဆယ်ယောက်စလုံးကို ချေမှုန်းနိုင်ပေသည်။
အဌမအဆင့် ပညာရှင်များကြားရှိ တိုက်ပွဲတို့မှာ မျက်စိတစ်မှိတ်အတွင်းမှာပင် အနိုင်အရှုံး ကွဲပြားသွားလေ့ရှိသည်။
အသက်ရှူကြိမ် အနည်းငယ်အတွင်းမှာပင် ရှုကျိုးသည် လူခြောက်ဦးကို သတ်ဖြတ်ခဲ့ပြီးပြီ ဖြစ်သည်။
တစ်ခြားသော လေးယောက်ကမူ အချိန်မှီ တုံ့ပြန်နိုင်ခဲ့ပြီး၊ သူတို့၏ ဓမ္မပုံရိပ်များကို အလောတကြီး ရုတ်သိမ်းကာ၊ ကြောက်လန့်တကြား ထွက်ပြေးသွားကြသည်။
…
ကမ္ဘာတစ်ခုလုံး တိတ်ဆိတ် ငြိမ်သက်သွားခဲ့သည်။
ဤတိုက်ပွဲက အစောပိုင်း အချိန်က ဖြစ်ပွားခဲ့သည့် တစ်ဦးချင်းတိုက်ပွဲထပ်ပငိ ပိုမိုမြန်ဆန်နေလိမ့်မည်ဟု မည်သူကမှ မမျှော်လင့်ထားခဲ့ပေ။
ဆယ်ယောက်တစ်ယောက် တိုက်ခိုက်ခြင်း၊ သို့သော် ၎င်းသည် ခြောက်ယောက်သေဆုံးကာ၊ လေးယောက်က ဒဏ်ရာအပြင်းအထန် ရရှိခြင်းဖြင့် အဆုံးသတ်သွားခဲ့သည်။
အကယ်၍ အဲရှုစီနှင့် တစ်ခြားလူသုံးဦးက မြန်မြန်ဆန်ဆန် ထွက်မပြေးသွားဘူးဆိုပါက၊ သူတို့မှာလည်း ဤနေရာတွင် ကျဆုံးသွားခဲ့မည် ဖြစ်သည်။
ကြယ်ပြာဂြိုဟ်၏ ပညာရှင်များကပင် တအံ့တဩ ဖြစ်သွားကြသည်။
သူတို့သည် ရှုကျိုး၏ တိုက်ခိုက်ရေး စွမ်းအားက သန်မာသည်ဆိုသည်ကို သိနေကြသော်လည်း၊ ဤမျှအထိ ကြောက်မက်ဖွယ်ကောင်းနေလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။
အစောပိုင်း အဌမအဆင့်ကို အခုမှ ရောက်လာတဲ့ လူသစ်လေးက အမှောင်နယ်မြေ သိုင်းပညာရှင်တွေနဲ့ ဆယ်ယောက်တစ်ယောက် တိုက်ပြီးတော့၊ ရန်သူခြောက်ယောက်ကို သတ်နိုင်ခဲ့တာလားဟ
ပကတိ အထွတ်အထိပ်တွင် ရှိနေသည့် ပညာရှင်များကပင် သူတို့၏ အဌမအဆင့်နယ်ပယ်တွင် ရှိနေခဲ့သည့် အချိန်က ထိုကဲ့သို့ မပြုလုပ်နိုင်ခဲ့ကြပေ။
ဝုချင်းရှန်မှာလည်း သိသိသာသာ တုန်လှုပ်သွားခဲ့သည် “ ဒီကလေးရဲ့ အခုလက်ရှိ စွမ်းအားနဲ့ဆိုရင်၊ သူက ငါ့ကို ချက်ချင်းသတ်နိုင်လောက်မလားပဲ “
ဤအချိန်၌ သူသည် တစ်ချိန်က လူထု၏ အထင်အမြင်များကို ဆန့်ကျင်ကာ အစစ်အမှန် သိုင်းပညာဌာနနှင့်အတူ ရပ်တည်ရန် ဆုံးဖြတ်ခဲ့သည့် သူ့ကိုယ်သူ ကျေးဇူးတင်နေတော့သည်။
ကြည့်လိုက်ကြပါဦး၊ အဲ့တာက အစစ်အမှန် သိုင်းပညာဌာနရဲ့ အဆင့်မြင့် ပညာရှင်ကွ
…
ထိုအချိန်၌ အဲရှုစီသည် ခိုင်စီ့ဘက်သို့ ပြန်ရောက်လာခဲ့ပြီး၊ သူ၏မျက်လုံးများတွင် အံ့ဩမှုနှင့် ဒေါသများ စွန်းထင်းနေခဲ့သည်။
“ အဲ့လူ …. သူက အဆင့်၈နယ်ပယ်မှာ ပြိုင်ဘက်ကင်းနေပြီ “
အဲရှုစီသည် အမောတကော ဖြစ်နေလျက်ရှိသည်၊ သို့သော် သူ့ကို အံ့အားသင့်သွားစေခဲ့သည့် အရာမှာ တစ်ခြားကိစ္စတစ်ခုသာလျှင် ဖြစ်သည် “ အစောပိုင်း အဆင့်၈နယ်ပယ်မှာ ပေတစ်သောင်း ဓမ္မပုံရိပ် ရလာအောင် သူဘယ်လို ကျင့်ကြံခဲ့တာလဲ “
ထွက်ပြေးလွတ်မြောက်လာခဲ့သည့် တစ်ခြားလူများကမူ အလွန်တရာ ကြောက်လန့်နေခဲ့သည် “ အစောပိုင်း အဆင့်၈မှာတင် ဒီလိုစွမ်းအားမျိုး ရှိနေတယ်၊ တကယ်လို့ သူက အဆင့်၉ကို ရောက်လာမယ်ဆိုရင် ………. “
သူတို့ဘေးနားရှိ ခိုင်စီမှာလည်း မျက်မှောင်တကုပ်ကုပ်ဖြင့် လေးနက်ခဲ့သည်။ ဤကဲ့သို့သော ရလဒ်မျိုးမှာ သူမျှော်မှန်းထားခဲ့သည့် အရာ မဟုတ်ပေ။
“ အဲ့ကလေးက အဆင့်၈နယ်ပယ်မှာ ရှိနေသေးတာက တကယ်နှမြောဖို့ကောင်းတယ်၊ ငါကိုယ်တိုင် သူ့ကို တိုက်ခိုက်ဖို့က မသင့်တော်ဘူး “
ခိုင်စီသည် အသက်ကို ပြင်းပြင်းရှရှ ရှူသွင်းကာ၊ အေးအေးလူလူ စကားပြောလာခဲ့သည် “ ဒါပင်မဲ့ ဘိုးဘေးက သူ အဆင့်၉ကို ရောက်သွားတဲ့အထိ အချိန်ပေးမှာ မဟုတ်ဘူး။ ပြီးတော့ သူက အဆင့်၉ကို ရောက်သွားမယ်ဆိုရင်တောင်မှ၊ သူ့ကို ဖြေရှင်းဖို့အတွက် ဘိုးဘေးက လက်ချောင်းလေးတစ်ချောင်းကို လှုပ်လိုက်ဖို့ပဲ လိုအပ်တယ် “
ထိုစကားကို ကြားလိုက်ရသောအခါတွင် အဲရှုစီနှင့် တစ်ခြားလူများကပါ ခေါင်းတငြိမ့်ငြိမ့် ဖြစ်သွားခဲ့သည်။
အမှောင်နယ်မြေ လမ်းကြောင်းသည် နှစ်လအတွင်း ဆင်းသက်လာတော့မည် ဖြစ်သည်။
ဤကဲ့သို့ တိုတောင်းလှသည့် အချိန်တိုအတွင်းတွင် ပြိုင်ဘက်က နဝမအဆင့်နယ်ပယ်သို့ ရောက်ရှိသွားရန်မှာ မည်သို့မျှ ဖြစ်နိုင်လိမ့်မည် မဟုတ်ပေ။
အခုလက်ရှိ သူတို့စိုးရိမ်နေကြသည့် အရာမှာ အိမ်သို့ ပြန်ရောက်ချိန်တွင် သူတို့ရင်ဆိုင်ရသည့် ပြစ်ဒဏ်ပင် ဖြစ်သည်။
သူတို့သည် ကြယ်ပြာဂြိုဟ်၏ စိတ်ဓာတ်ကို ရိုက်ချိုးကာ၊ နောက်ဆက်တွဲ အခြေအနေများကိုပါ ပိုမိုဆိုးရွားသွားစေရန် အုတ်မြစ်လာချကြခြင်း ဖြစ်သည်။
သို့သော် လမ်းတစ်ဝက်တွင် ရှုကျိုးပေါ်လာခဲ့ပြီး၊ သူတို့ဘက်မှ အဌမအဆင့် ပညာရှင် အကုန်လုံးကို အနိုင်ယူသွားခဲ့သည်။
အဲ့ရှုစီသည် သက်ပြင်းတချချ ဖြစ်သွားခဲ့သည် “ ဒီလူ …. ဧကရာဇ် မိသားစုက အဲ့ဒီမွန်းစတားတွေကပဲ သူ့ကို ကိုင်တွယ်နိုင်လောက်တယ် “
ခိုင်စီမှ စကားထပ်ပြောလာခဲ့သည် “ သူပြခဲ့တဲ့ ခွန်အားအရဆိုရင်တော့၊ ဧကရာဇ် မိသားစုတွေမှာ ရှိတဲ့ အစောပိုင်း အဆင့်၈ ပညာရှင်တွေကတောင် သူ့ကို အမှောက်မသိပ်နိုင်လောက်ဘူး “