အခန်း (၆၄၃-၆၄၅)
Vol. 43 Ch. 643-645
အပိုင်း ( 643 )
အန္တိမနယ်ပယ်၏ ဘုန်းတန်ခိုး
“ အဲ့တာက …….. “
ကြယ်တာရာ T-Rex နတ်ဘုရား၏ အရှိန်အဝါက ညဘုရင်နှင့် တူညီနေသည်ကို မြင်လိုက်ရသောအခါတွင် ခိုင်စီနှင့် တစ်ခြားလူများမှာ မယုံကြည်နိုင် ဖြစ်သွားကြသည်။
ဧကရာဇ် မိသားစုသုံးခု၏ အစောပိုင်း နဝမအဆင့် ပညာရှင်များအနက် ထိပ်တန်းဆယ်ဦးအဆင့်သို့ ဝင်ရောက်ထားသူ တစ်ဦးဖြစ်သည့် ညဘုရင်သည် နဝမအဆင့် ပညာရှင်အများစုကို ချေမှုန်းနိုင်စွမ်းရှိသည်။
သို့သော် ယခုတွင်ကား သူသည် ကြယ်ပြာဂြိုဟ်မှ သားရဲကောင်နှင့် လက်ရည်တူနေပုံရသည်။
“ ငါနဲ့တိုက်ခဲ့တဲ့ အချိန်တုန်းက ဒီကောင်က စွမ်းအားအကုန်ထုတ်မသုံးခဲ့တာများလား “
ခိုင်စီ၏ အမူအရာသည် အနည်းငယ် မည်းမှောင်သွားခဲ့သည်။
“ သေ “
တိုက်ပွဲမြေပြင်၌ ကြယ်တာရာ T-Rex နတ်ဘုရားသည် စကားလုံးများ ဖြုန်းတီးမနေဘဲ၊ လက်သီးတစ်လုံးကိုသာ ပစ်သွင်းလာခဲ့သည်။
အဆိုပါ ထိုးချက်တွင် မည်သည့် နည်းစနစ်မှ ပါဝင်မနေခဲ့ပေ။ ၎င်းမှာ သူ၏စွမ်းအား အကုန်လုံးကို စုစည်းထားသည့် လက်သီးထိုးချက်တစ်ခုဖြစ်သည်၊ သို့သော် ၎င်းသည် ဤနေရာ၏ အပူချိန်ကို ချက်ချင်း မြင့်တက်သွားစေခဲ့သေးသည်။
ဒီဂရီ ဆဲစီးယပ် တစ်ဘီလီယံ
ကောင်းကင် လှုပ်ခါသွားခဲ့ပြီး၊ ဟင်းလင်းပြင်မှာလည်း အရည်ပျော်ကျသွားပုံရကာ၊ အနက်ရောင် တွင်းပေါက်များ တစ်ခုပြီးတစ်ခု ဖြစ်တည်လာခဲ့သည်။
ထိုကဲ့သို့သော အရှိန်အဟုန်မျိုးသည် ညဘုရင်ကိုပင် လေးလေးနက်နက် ဖြစ်သွားစေခဲ့သည်။
ဘမ်း
ကြယ်တာရာ T-Rex နတ်ဘုရား၏ အမြန်နှုန်းသည် အလွန်တရာ မြန်ဆန်နေခဲ့ပြီး၊ လျှပ်စီးကဲ့သို့ ရွေ့လျားလာခဲ့ကာ၊ လက်သီးထိုးချက်ဖြင့် ညဘုရင်ကို အပိုင်းပိုင်း အစစ ဖြစ်သွားစေခဲ့သည်။
ပုံရိပ်သည် များပြားလွန်းလှသော အလင်းမှုန်များအဖြစ် ပြောင်းလဲသွားကာ၊ ဖြည်းဖြည်းချင်း ပြန့်ကျဲသွားခဲ့သည်။
၎င်းသည် အရိပ်တစ်ခုမျှသာ ဖြစ်နေခဲ့သည်။
ညဘုရင်၏ ပုံရိပ်သည် တစ်ခြားနေရာတစ်ခုတွင် ဖြည်းညှင်းစွာ ပြန်ပေါ်လာခဲ့ပြီး၊ ကြယ်တာရာ T-Rex နတ်ဘုရားကို ငုံ့ကြည့်ကာ၊ အေးအေးလူလူ စကားပြောလာခဲ့သည် “ အကွက်လေးကတော့ မဆိုးပါဘူး၊ ဒါပင်မဲ့ မင်းက အဲ့တာကို အကြာကြီး ထိန်းမထားနိုင်ဘူးမလား “
ကြယ်တာရာ T-Rex နတ်ဘုရားမှာလည်း အေးအေးလူလူ ပြန်ပြောလိုက်သည် “ ဧကရာဇ်မိသားပဲဖြစ်ဖြစ်၊ တော်ဝင်မိသားစုပဲဖြစ်ဖြစ်၊ အဆုံးမှာတော့ မင်းတို့တွေက ငါ့ရဲ့ တိုက်ကွက်တစ်ခုကိုတောင် မခံနိုင်ကြဘူးပဲ “
ကြယ်တာရာ T-Rex နတ်ဘုရားသည် ပြိုင်ဘက်က ထိပ်တိုက်ရင်ဆိုင်ခြင်းအား ရှောင်ရှားနေသည်ကို မည်သို့မျှ မအံ့ဩသွားခဲ့ပေ။
ငြှိမ်းသက်၍ မရသော ကြယ်မီးဖိုမှ ယူဆောင်ပေးလာခဲ့သည့် အပူချိန် ဒီဂရီ စဲဆီးယပ် တစ်ဘီလီယံသည် ပကတိ အထွတ်အထိပ်အောက်တွင် ရှိသည့် မည်သည့်အရာကိုမဆို ဖျက်စီးနိုင်ပေသည်။
အကယ်၍ ညဘုရင်က ၎င်းကို တောင့်ခံနိုင်မည်ဆိုလျှင်တောင်မှ၊ သူသည် တန်ဖိုးတစ်ခုကို သေချာပေါက် ပေးချေရမည်ဖြစ်သည်။
ထို့ကြောင့် ပြိုင်ဘက်က ယာယီနောက်ဆုတ်ရန် ရွေးချယ်သွားခြင်းမှာ အလွန်ဆင်ခြင်တုံ တရားရှိသော ဆုံးဖြတ်ချက်တစ်ခု ဖြစ်သည်။
ကြယ်တာရာ T-Rex နတ်ဘုရားကို အမှန်တကယ် အံ့အားသင့်သွားစေခဲ့သည့် အရာမှာ ပြိုင်ဘက်၏ အမြန်နှုန်းက သာမန် နဝမအဆင့် ပညာရှင်များ၏ စံနှုန်းများထပ် သာလွန်နေခြင်း ဖြစ်သည်။
ကြယ်ပြာဂြိုဟ်၏ နဝမအဆင့် အထွတ်အထိပ် ပညာရှင် အနည်းငယ်ကသာလျှင် ထိုကဲ့သို့သော အမြန်နှုန်းကို အမှီလိုက်နိုင်မည် ဖြစ်သည်။
ထိုအမြန်နှုန်းကို ပိုင်ဆိုင်ထားသည့် ညဘုရင်သည် တစ်ခြားသော နဝမအဆင့် ပညာရှင်များနှင့် ရင်ဆိုင်ရာတွင် လုံးဝပြိုင်ဘက်ကင်းနေမည် ဖြစ်သည်။
သို့ရာတွင် ဤတစ်ကြိမ်၌ သူသည် ကြယ်တာရာ T-Rex နတ်ဘုရားနှင့် ရင်ဆိုင်နေရသည်။
“ အေးခဲလိုက် “
ကြယ်တာရာ T-Rex နတ်ဘုရားမှ လက်ညှိုးညွှန်လာခဲ့ရာ၊ သူ့အရှေ့တွင် ရှိနေသည့် ဟင်းလင်းပြင်သည် တစ်လွှာပြီးတစ်လွှာ အေးခဲသွားခဲ့သည်။
ကမ္ဘာကြီးတစ်ခုလုံး အေးခဲသွားသည့်အလား ဖြစ်နေခဲ့ပြီး၊ ညဘုရင်ကို ဗဟိုပြုကာ၊ မီတာ တစ်ရာအတွင်းရှိ ဟင်းလင်းပြင်သည် ချက်ချင်း ပိတ်လှောင်ခံလိုက်ရကာ၊ အေးခဲသွားခဲ့သည်။
မီတာတစ်ရာဟူသည့် အတိုင်းအတာက အလွန်သေးငယ်ကျဥ်းမြောင်းနေပုံရသော်လည်း၊ ၎င်းသည် ဟင်းလင်းပြင် ချုပ်နှောင်မှု၏ စွမ်းအားကို ရာနှုန်းပြည့်အသုံးပြုနိုင်သည့် အကွာအဝေး ဖြစ်သည်။
အဆိုပါ မီတာ တစ်ရာအကွာအဝေးအတွင်း၌၊ ငှက်မွှေးတစ်ခုကပင် ဂြိုဟ်တစ်လုံးကဲ့သို့ လေးလံနေမည် ဖြစ်သည်။
ထိုကဲ့သို့သော ဖိအားမျိုးအောက်တွင် နဝမအဆင့် အထွတ်အထိပ် ပညာရှင်တစ်ဦးကပင် ချုပ်နှောင်မှုကို အချိန်တိုအတွင်း ချိုးဖျက်နိုင်လိမ့်မည် မဟုတ်ပေ။
ညဘုရင်မှာလည်း ချက်ချင်း ချုပ်နှောင်ခံလိုက်ရသည်။
“ သူ့ရဲ့ ဟင်းလင်းပြင် မူလနိယာမက ပြည့်ဝခြင်းအဆင့်အထိ ရောက်နေပြီလားဟ “
ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါတွင် ခိုင်စီသည် မျက်ဝန်းများ သိသိသာသာ ကျဥ်းမြောင်းသွားခဲ့သည်။
ဤအချိန်၌ သူသည် ကြယ်တာရာ T-Rex နတ်ဘုရားက ယခင်က သူတို့၏ တိုက်ပွဲတွင် ခွန်အားကို အပြည့်အဝ အသုံးမပြုခဲ့ရုံတင် မဟုတ်ဘဲ၊ သူ့စွမ်းအား၏ ဆယ်ပုံတစ်ပုံပင် အသုံးမပြုခဲ့ဘူးဆိုသည်ကိုပါ နားလည်သွားခဲ့သည်။
ဟင်းလင်းပြင် နိယာမကိုယ်တိုင်ကပင် အဆင့်မြင့် နိယာမတစ်ခုဖြစ်သည်၊ ပြီးပြည့်စုံသော အဆင့်မြင့် နိယာမသည် နဝမအဆင့် အထွတ်အထိပ်အောက်တွင် ရှိသည့် မည်သူ့ကိုမဆို ဖိနှိပ်ချေမှုန်းနိုင်ပေသည်။
ကောင်းကင်ထက်ရှိ တိကျွမ်း၊ လက်သည်းရှစ်ခု ရွှေနဂါးဘိုးဘေးနှင့် တစ်ခြားလူများကလည်း တအံ့တဩ ဖြစ်သွားကြသည်။
“ ဒီကလေး၊ နောက်ဆုံးတစ်ခေါက် ငါသူ့ကို တွေ့ခဲ့တုန်းက သူ့ရဲ့ ဟင်းလင်းပြင် နားလည်မှုက သေးငယ်သော အောင်မြင်မှု အဆင့်မှာပဲ ရှိနေသေးတာ မဟုတ်ဘူးလား “
“ ဘယ်လောက်ကြာသေးလို့ ပြီးပြည့်စုံသွားရတာလဲ “
“ အဲ့တာက သူ့ရဲ့ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကသာ စံနှုန်းတွေပြည့်မှီနေမယ်ဆိုရင်၊ သူက အဆင့်၉ အထွတ်အထိပ်ကို ချက်ချင်း ထိုးဖောက်နိုင်ပြီးတော့၊ ပကတိ အထွတ်အထိပ်အဆင့်နဲ့ ခြေတစ်လှမ်းပဲ လိုတော့တယ်လို့ ဆိုလိုနေတာ မဟုတ်ဘူးလား “
ပကတိ အထွတ်အထိပ် ပညာရှင်များ တအံ့တဩဖြစ်သွားကြသည်။
လက်သည်းရှစ်ခု ရွှေနဂါးဘိုးဘေးမှာလည်း စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချနေတော့သည် “ သူက ဟင်းလင်းပြင် မူလနိယာမ နားလည်မှုက ပြည့်ဝခြင်းအဆင့်အထိ ရောက်နေပြီဆိုတော့၊ ဒီတိုက်ပွဲက ပြီးသလောက်ဖြစ်သွားပြီ “
ဘေးနားရှိ တိကျွမ်းကမူ သူ၏ဦးခေါင်းကို ခါရမ်းပြလာခဲ့သည် “ မဟုတ်လောက်ဘူး၊ ဒီညဘုရင်က ဧကရာဇ် မိသားစုရဲ့ ဘုရင်ဆိုတဲ့ ဂုဏ်ပုဒ်ကို သိမ်းပိုက်ထားနိုင်တယ်လေ၊ အနိမ့်ဆုံးအနေနဲ့ သူက အဆင့်မြင့် နိယာမသုံးခုကို နားလည်ထားမှာပဲ၊ ဘယ်သုံးခုလဲဆိုတာကိုပဲ မသိရသေးတာ “
သူ၏ စကားပြောဆိုမှု ပြီးဆုံးသွားသည်နှင့်တစ်ပြိုင်နက် တိုက်ပွဲ၏ အခြေအနေမှာ ထပ်မံ၍ ပြောင်းလဲသွားခဲ့ပြန်သည်။
လက်သည်းရှစ်ခု ရွှေနဂါးဘိုးဘေး၏ အမူအရာမှာ အနည်းငယ် ပြောင်းလဲသွားခဲ့သည် “ ပြဿနာပဲ၊ မင်းခန့်မှန်းထားတာ မှန်နေတယ်၊ အဲ့ဒီညဘုရင်က အချိန်နိယာမကို နားလည်ထားတယ် “
တိုက်ပွဲကွင်းပြင်အတွင်း၌ ညဘုရင်ထံသို့ လက်သီးတစ်လုံး ပစ်သွင်းလိုက်သည့် ကြယ်တာရာ T-Rex နတ်ဘုရားသည် ရုတ်တရက် ရပ်တန့်သွားခဲ့သည်။
အဆိုပါ ရပ်တန့်မှုမျိုးသည် ချုပ်နှောင်ခံလိုက်ရခြင်းကြောင့် ဖြစ်ပေါ်လာသော ရပ်တန့်မှုမျိုး မဟုတ်ဘဲ၊ ခန္ဓာကိုယ် လှုပ်ရှားမှု ရပ်ဆိုင်းသွားစေရန် အတင်းအကြပ် ဖိအားပေးခံလိုက်ရခြင်းဖြစ်ပြီး၊ အသိစိတ်ကမူ လှုပ်ရှား၍ ရနေစဲပင် ဖြစ်သည်။
၎င်းမှာ သူတည်ရှိရာ ဟင်းလင်းပြင်အတွင်းရှိ အချိန်က ရပ်တန့်သွားသည့်အလား ဖြစ်နေခဲ့သည်။
အဆိုပါ လွှမ်းမိုးမှုက အသက်ရှူကြိမ်တစ်ကြိမ်မျှသာ ကြာရှည်ခဲ့သော်လည်း၊ နဝမအဆင့် ပညာရှင်တို့၏ တိုက်ပွဲ၌၊ အသက်ရှူကြိမ်တစ်ကြိမ်ကပင် အနိုင်အရှုံးကို ဆုံးဖြတ်ပေးနိုင်သည်။
“ ဘုမ်းးးးး “
ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ဟိန်းထွက်လာခဲ့သည်။
ညဘုရင်သည် သူ၏မူလပုံသဏ္ဍာန်ဖြစ်သည့် မီတာသောင်းနှင့်ချီ၍ ရှည်လျားသော အနက်ရောင် သားရဲတစ်ကောင်အဖြစ် ပြောင်းလဲသွားပြီး၊ ကြယ်ရောင်စုံကောင်းကင်ပြင်တွင် ပေါ်ထွက်လာခဲ့သည်။
သူသည် ဟင်းလင်းပြင်ချုပ်နှောင်မှုကို အလွယ်တကူ ချိုးဖျက်ကာ၊ ကြယ်တာရာ T-Rex နတ်ဘုရားကို ဟိန်းဟောက်လာခဲ့သည်။
ထိုအချိန်၌ ကြယ်တာရာ T-Rex နတ်ဘုရားမှာလည်း ရပ်တန့်သွားသည့် အခြေအနေမှ ရုန်းထွက်နိုင်ခဲ့ပြီး၊ သူ၏မျက်လုံးများထဲတွင် လေးလေးနက်နက် ဖြစ်သွားသည့် အရိပ်အငွေ့များ စွန်းထင်းလာခဲ့သည်။
“ အဲ့တာက တကယ်ကြီးကို အချိန်နိယာမ ဖြစ်နေခဲ့တာလား “
ကြယ်တာရာ T-Rex နတ်ဘုရားသည် အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့သည်။
အဆိုပါ အချိန်နိယာမ၏ အကျိုးအာနိသင်သည် ရှုကျိုး၏ အချိန်ရပ်တန့်ခြင်း စွမ်းရည်နှင့် တူညီနေခဲ့သည်၊ သို့သော် ၎င်းက ပိုမိုအစွမ်းထက်နေခဲ့သည်။
တိတိကျကျ ပြောရမည်ဆိုပါက၊ မူလကိုယ်၏ အချိန်ရပ်တန့်ခြင်း အကျိုးသက်ရောက်မှုသည် အချိန်ကို အမှန်တကယ် ရပ်တန့်သွားစေခြင်း မဟုတ်ပေ၊ ၎င်းသည် လှုပ်ရှားမှုကိုသာ ရပ်တန့်သွားစေခြင်း ဖြစ်သည်။
သို့သော် ညဘုရင် အသုံးပြုခဲ့သည့် အချိန်နိယာမကမူ သူပိုင်ဆိုင်သည့် အချိန်ကို အတင်းအကြပ် ယူဆောင်သွားခဲ့ခြင်း ဖြစ်သည်။
“ အချိန်နိယာမ၊ ဟင်းလင်းပြင် နိယာမထပ် အဆင့်ပိုမြင့်တယ်ဆိုတဲ့ သူ့ရဲ့ ဂုဏ်ပုဒ်နဲ့ တကယ်ကြီးကို ထိုက်တန်တာပဲ။ နှစ်ခုစလုံးက အဆင့်မြင့် နိယာမဆိုတဲ့ ခေါင်းစဥ်အောက်မှာ ရှိနေပင်မဲ့၊ အဲ့တာရဲ့ စွမ်းအားက ဟင်းလင်းပြင် နိယာမထပ် အများကြီး ပိုစွမ်းတယ် “
……………………………………………………………………………………………………………………………………
အပိုင်း ( 644 )
အန္တိမနယ်ပယ်၏ ဘုန်းတန်ခိုး ၂
ကြယ်တာရာ T-Rex နတ်ဘုရားသည် တစ်ကိုယ်တည်း ရေရွတ်ပြောဆိုနေခဲ့သည် “ ညဘုရင် နားလည်ထားတဲ့ အချိန်နိယာမက ကြီးမားသော အောင်မြင်မှုအဆင့်မှာပဲ ရှိသေးတယ်၊ ဒါပင်မဲ့ အဲ့တာက ငါ့ရဲ့ ပြီးပြည့်စုံတဲ့ ဟင်းလင်းပြင် နိယာမကိုတောင် ချိုးဖျက်နေနိုင်ပြီ။ ကွာဟချက်က တော်တော်ကြီးကို ကြီးတာပဲ “
သူ၏ အတွေးထဲတွင် စိတ်အားထက်သန်မှုများ ကြွတက်လာခဲ့သည်၊ ဒီတိုက်ပွဲပြီးရင်တော့၊ အချိန်နိယာမကိုပါ နားလည်အောင် လုပ်ရမယ်
အောင်မြင်သွားသည်နှင့်တစ်ပြိုင်နက်၊ ၎င်းသည် နောင်အနာဂတ်တွင် ဟင်းလင်းပြင်-အချိန်နိယာမကို နားလည်အောင်ပြုလုပ်ရာတွင် များစွာလွယ်ကူသွားလိမ့်မည် ဖြစ်သည်။
“ ဟမ်။ ဒီညဘုရင်က အဆင့်မြင့် နိယာမကို တစ်ခုထပ်ပိုပြီးတော့ နားလည်ထားတဲ့ပုံပဲ “
ကြယ်တာရာ T-Rex နတ်ဘုရားသည် အရှေ့သို့ကြည့်ကာ၊ မျက်ဝန်းများ ကျဥ်းမြောင်းသွားခဲ့သည်။
ထိုအချိန်၌ ညဘုရင်က အသွင်ပြောင်းထားသည့် အနက်ရောင် သားရဲ၏ အသွင်သဏ္ဍာန်သည် နဂါးနှင့် တူညီနေခဲ့သည်၊ သို့သော် ၎င်းသည် နဂါးမျိုးနွယ်စုထပ် ပိုမိုရက်စက်ကြမ်းကြုတ်နေခဲ့သည်။ သူသည် ဟိန်းဟောက်လာခဲ့ရာ၊ မမြင်တွေ့ရသော လှိုင်းလုံးတစ်ခု ပေါက်ထွက်လာခဲ့သည်။
၎င်းမှာ အချိန်နိယာမပင် ဖြစ်နေသေးသည်။
သို့သော် ဤတစ်ကြိမ်၌ ညဘုရင်သည် အဆင့်မြင့်နိယာမတစ်ခုတည်းကိုသာလျှင် အသုံးပြုခဲ့ခြင်း မဟုတ်ပေ။
“ ဗွီ “
ညဘုရင်၏ အရှေ့တွင် ဧရာမ လေးတစ်လက်ပေါ်လာခဲ့ပြီး၊ ၎င်းသည် မီတာ ၃၃၃၃အထိ ရှည်ထွက်လာခဲ့သည်။
နတ်စွမ်းအား လှိုင်းလုံးများသည် ကောင်းကင်ထက်တွင် ပျံ့လွင့်နေခဲ့ပြီး၊ ထောင်နှင့်ချီသော လက်များအဖြစ် ပြောင်းလဲသွားခဲ့ကာ၊ လေးကြိုးကို ဖြည်းဖြည်းချင်း ဆွဲလာခဲ့သည်။
နတ်စွမ်းအားဖြင့် ဖွဲ့စည်းထားသည့် အနက်ရောင် မြှားတစ်စင်း ဖြစ်တည်လာခဲ့သည်။
ထိုမြှားပေါ်လာသည်နှင့်တစ်ပြိုင်နက်၊ ကောင်းကင်ဘုံနှင့် ကမ္ဘာမြေတို့သည် အနက်ရောင် တိမ်သားတိမ်စိုင်တို့၏ ဖုံးလွှမ်းခြင်းကို ခံလိုက်ရကာ၊ ကြောက်မက်ဖွယ်ကောင်းသည့် နတ်စွမ်းအားလှိုင်းတစ်ခု ပျံ့လွင့်လာခဲ့သည်။
အဆိုပါ မြှားကို ပစ်လွှတ်လိုက်မည်ဆိုပါက၊ နဝမအဆင့် အထွတ်အထိပ် ပညာရှင်ကပင် သူ၏ ဘဝအဆုံးသတ်ကို ရင်ဆိုင်သွားရမည် ဖြစ်သည်။
“ မကောင်းတော့ဘူး “
ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါတွင် လက်သည်းရှစ်ခု ရွှေနဂါးဘိုးဘေး၏ အမူအရာသည် အနည်းငယ် ပြောင်းလဲသွားခဲ့သည် “ အဲ့တာက နတ်လက်နက် မူလနိယာမပဲ။ အဲ့ဒီနိယာမကို အဆင့်မြင့် တာအိုနိယာမတွေရဲ့ အစွမ်းအထက်ဆုံး နိယာမအဖြစ် သတ်မှတ်ထားကြတယ်၊ အဲ့တာကို ပစ်လိုက်တာနဲ့၊ အကျိုးဆက်တွေက ………. “
တိကျွမ်း၏ အမူအရာမှာလည်း အနည်းငယ် လေးနက်သွားခဲ့သည်။
နတ်လက်နက် တာအိုသည် လက်နက်တာအို၏ အခွဲတစ်ခုဖြစ်ပြီး၊ ထူးဆန်းသော အထူးနိယာမ အမျိုးအစားထဲတွင် ပါဝင်နေခဲ့သည်။
လက်နက်တာအိုများက ဓားနှင့် သေနတ်များကဲ့သို့သော ပုံမှန်လက်နက်များကို ကိုယ်စားပြုပြီး၊ နတ်လက်နက် တာအိုကမူ အလွန်အစွမ်းထက်သော ရတနာများကို ကိုယ်စားပြုနေခဲ့သည်။
နှစ်ခုစလုံးက လက်နက်လမ်းစဥ်ကို ကျင့်သုံးကြသော်လည်း၊ ၎င်းတို့၏ စွမ်းအားများကမူ လွန်စွာကွာခြားနေခဲ့သည်။
နာမည်ကို ကြည့်ရုံနှင့်တင် နတ်လက်နက်တာအိုက သာမန်လက်နက်တာအိုထပ် ပိုစွမ်းသည်ဆိုသည်မှာ သိသာလွန်းနေခဲ့သည်၊ ၎င်းသည် သာမန်လက်နက်တာအိုထပ် အနိမ့်ဆုံးအနေဖြင့် အဆတစ်ရာတိတိ ပိုမိုအစွမ်းထက်နေမည်ဖြစ်သည်။
“ ကြယ်ပြာသားရဲကောင်တော့ သွားပြီပဲ “
ခိုင်စီ၊ အဲရှုစီနှင့် တစ်ခြားသော အမှောင်နယ်မြေ ပညာရှင်များ၏ မျက်လုံးများထဲတွင် မျှော်လင့်တကြီး ဖြစ်သွားသည့် အရိပ်အငွေ့များ စွန်းထင်းနေခဲ့သည်။
“ ညဘုရင်က ကြယ်ပြာသားရဲကောင်ကို အချိန်နိယာမနဲ့ လှုပ်မရအောင် လုပ်လိုက်ပြီးတော့၊ နတ်လက်နက် နိယာမနဲ့ အသေသတ်တိုက်ကွက်ကို ထုတ်လွှတ်လိုက်တယ်။ အဲ့လိုတိုက်ခိုက်မှုမျိုးအောက်မှာ အထွတ်အထိပ်တစ်ပိုင်း ပညာရှင်ကတောင် သေသွားနိုင်တယ် “
ခိုင်စီသည် ကြယ်တာရာ T-Rex နတ်ဘုရား၏ ကံကြမ္မာကို ကြိုမြင်နေရသည့်အလား စကားပြောဆိုလာခဲ့သည် “ တကယ်လို့ သူသာမသေဘူးဆိုရင်တော့၊ ညဘုရင်ရဲ့ ခွေးတစ်ကောင် ဖြစ်လာလိမ့်မယ် “
ဘုမ်းးး
လေးကြိုးကို ဆွဲနေခဲ့သည့် ထောင်နှင့်ချီသော လက်များသည် အကန့်အသတ်သို့ ရောက်ရှိသွားခဲ့ကာ၊ ရုတ်တရက် ပစ်လွှတ်လာခဲ့သည်။
ချက်ချင်းဆိုသလိုပင် အနက်ရောင် မြှားသည် ကောင်းကင်ပြင်ကို ဆုတ်ဖြဲသွားကာ၊ ကြယ်တာရာ T-Rex နတ်ဘုရားထံသို့ ပြေးတက်လာခဲ့သည်။
ညဘုရင်သည် ထိုမြင်ကွင်းကို စောင့်ကြည့်နေရင်းဖြင့် ပြုံးနေလျက်ရှိသည်။
သို့သော် ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် သူ၏ အပြုံးမှာ အေးခဲတောင့်တင်းသွားခဲ့ရသည်။
အဘယ့်ကြောင့်ဆိုသော် ထိုမြှားက ကြယ်တာရာ T-Rex နတ်ဘုရားထံသို့ မရောက်သေးခင် အချိန်မှာပင် အတားအဆီးတစ်ခုခုကို ကြုံတွေ့ရသကဲ့သို့ ရပ်တန့်သွားသောကြောင့် ဖြစ်သည်။
ထို့နောက် တစ်ခဏ အကြာတွင် ညဘုရင်သည် ကြယ်တာရာ T-Rex နတ်ဘုရားက သူ၏လက်ချောင်းတစ်ချောင်းအား ဖြည်းဖြည်းချင်း မြှောက်လာသည်ကို မြင်တွေ့သွားခဲ့သည်။
“ ချိုးဖျက် “
ကြယ်တာရာ T-Rex နတ်ဘုရားသည် သူ၏လက်ချောင်းကို အသာအယာ လှုပ်ရမ်းကာ၊ စကားပြောလိုက်သည်။
သို့သော် ထိုစကားလုံးသည် အထွတ်အထိပ်တစ်ပိုင်းအဆင့် ပညာရှင်ကိုပင် ကြောက်လန့်သွားစေနိုင်သည့် အနက်ရောင် မြှားကို ချက်ချင်း ပြာကျသွားစေခဲ့သည်။
“ အသက်နဲ့ မရဏ နိယာမလား “
ညအမှောင်၏ မျက်နှာပေါ်တွင် အံ့ဩတကြီး ဖြစ်သွားသည့် အမူအရာတစ်ခု ပေါ်ထွက်လာခဲ့သည် “ မင်းက အန္တိမအဆင့် နိယာမကိုပါ နားလည်ထားပြီးတော့၊ အဲ့တာကို သေးငယ်သော အောင်မြင်မှုအဆင့်အထိ ရောက်အောင် လုပ်ထားနိုင်တာလား “
သူသည် ကြယ်တာရာ T-Rex နတ်ဘုရားက လက်ချောင်းကို မြှောက်လိုက်သည့် အခိုက်အတန့်တွင် အနက်နှင့် အဖြူရောယှက်နေသည့် ဖရိုဖရဲစွမ်းအင်က မြှားအား ရစ်ပတ်လာသည်ကို ရှင်းရှင်းလင်းလင်း မြင်တွေ့ခဲ့ရသည်။
ထိုအဖြူအနက် ဖရိုဖရဲ စွမ်းအင်နှင့် ရင်ဆိုင်ရသောအချိန်၌ နတ်လက်နက် တာအိုမူလ နိယာမဖြင့် ဖွဲ့စည်းထားသော နတ်မြှားကပင် အားနည်းသွားပုံရသည်။
၎င်းမှာ အဆင့်ပိုမြင့်သော နိယာမ၏ ဖိနှိပ်မှုဖြစ်သည်။
အန္တိမတာအို၊ အသက်နှင့် မရဏတာအို
ထိုစကားလုံး လေးလုံးသည် ခိုင်စီနှင့် တစ်ခြားလူများ၏ စိတ်ထဲတွင် ဗုံးများကဲ့သို့ ကျယ်လောင်စွာ ပေါက်ကွဲသွားခဲ့သည်။
ယခု၌ ကြယ်တာရာ T-Rex နတ်ဘုရားသည် ပြိုင်ဘက်ကို မည်သည့်အခွင့်အရေးမှ မပေးဘဲ၊ အရှေ့သို့ ပြေးတက်လာခဲ့သည်။
“ ဘုမ်းးး “
သူရှေ့တက်လာသည့် အချိန်တွင် အသက်နှင့် မရဏ နိယာမသည် ညဘုရင်အား ကောင်းကင်ဘုံ ပိုက်ကွန်တစ်ခုသဖွယ် ဖုံးလွှမ်းသွားခဲ့သည်။
၎င်းမှာ အန္တိမနိယာမ၏ ဖိနှိပ်မှုဖြစ်ပြီး၊ အန္တိမနိယာမကို နားမလည်ထားဘူးဆိုပါက၊ မည်သည့်သတ္တဝါကမှ အဆိုပါ ချုပ်နှောင်မှုမှ လွတ်မြောက်နိုင်လိမ့်မည် မဟုတ်ပေ။
“ ဧကရာဇ် မျိုးနွယ်စုက ဒီအစောပိုင်း အဆင့်၉ သားရဲက ကမ္ဘာ့ကြယ်ရဲ့ ရှေးဟောင်း အပျက်အစီးနယ်မြေထဲက တစ်ချို့ အဆင့်၉ အထွတ်အထိပ် သားရဲတွေထပ် ပိုပြီးတော့ ကြီးနေတာပဲ၊ ဒီကောင့်ရဲ့ အာဟာရဓာတ်ကလည်း တော်တော်လေးကို များလောက်တယ် “
“ ဒီကောင့်ကို စားလိုက်မယ်ဆိုရင် ဘယ်လိုတိုးတက်မှုတွေ ယူပေးလာမလဲဆိုတာကို ငါသိချင်သွားပြီ “
ကြယ်တာရာ T-Rex နတ်ဘုရား၏ စိတ်ထဲသို့ အတွေးတစ်ခု ရောက်ရှိလာခဲ့သည်။
တစ်ချိန်တည်းမှာပင် သူသည် လက်သီးတစ်လုံး ပစ်သွင်းလိုက်သည်၊ ကောင်းကင်ဘုံ ပိုက်ကွန်အောက်တွင် ရှိနေသည့် ညဘုရင်သည် ၎င်းကို မည်သို့မျှ ခုခံနိုင်လိမ့်မည် မဟုတ်ပေ။
ထိုစဥ် ရုတ်တရက်ဆိုသလိုပင် …..
ညဘုရင်သည် အေးစက်စွာ နှာခေါင်းရှုံ့၍ မှင်ကဲ့သို့ မည်းနက်နေသော သွေးတစ်စက်ကို ထွေးထုတ်လာခဲ့သည်။
အဆိုပါ သွေးစက်ပေါ်လာသည့် အချိန်တွင် ကောင်းကင်ပြင် ပြိုကျလာပုံရပြီး၊ ပတ်ပတ်လည်ရှိ ဟင်းလင်းပြင်မှာလည်း ဆက်တိုက်တုန်ခါလာခဲ့သည်။
တစ်ချိန်တည်းမှာပင် လျှို့ဝှက်ဆန်းကြယ်သော လှိုင်းတစ်ခု ပျံ့လွင့်လာခဲ့ပြီး၊ ရှေးခေတ် တည်ရှိမှုတစ်ခု၏ နှလုံးက နိုးထလာသကဲ့သို့ ဖြည်းဖြည်းချင်း ခုန်ပေါက်လာခဲ့သည်။
အဆိုပါ လှိုင်းလုံး ပျံ့လွင့်လာမှုနှင့်အတူ၊ အသက်နှင့် မရဏနိယာမက ဖွဲ့စည်းထားသည့် ကောင်းကင်ဘုံ ပိုက်ကွန်မှာလည်း စတင်၍ ပျက်စီးလာခဲ့သည်။
ကြယ်တာရာ T-Rex နတ်ဘုရားသည် ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါတွင် လျင်မြန်စွာ ရှောင်တိမ်းလိုက်သည်၊ အမှောင်နယ်မြေရဲ့ အထွတ်အထိပ် တည်ရှိမှုဆိုတဲ့အတိုင်းပဲ၊ သူတို့ရဲ့ နည်းလမ်းတွေက တော်တော်ကြီးကို ထူးဆန်းတယ်
“ အဲ့တာက ဧကရာဇ်သွေးလား “
မလှမ်းမကမ်းတွင် ရှိနေသည့် ခိုင်စီသည် အားကျစိတ်များဖြင့် မျက်လုံးများ နီရဲသွားခဲ့သည်။
“ ဧကရာဇ်သွေးက ဧကရာဇ် မျိုးနွယ်စုတွေရဲ့ အထွတ်အထိပ် အမွေအနှစ်ပဲ။ ဧကရာဇ်ရဲ့ သွေးတစ်စက်ချင်းစီတိုင်းမှာ အန္တိမနယ်ပယ်ရဲ့ ဖိနှိပ်မှု စွမ်းအားပါတယ်၊ ညဘုရင်က အဲ့တာကို သုံးလိုက်လို့၊ အဲ့တာရဲ့ အာနိသင်က လျော့သွားပင်မဲ့၊ ပကတိ အထွတ်အထိပ် အဆင့်အောက်က လူတွေက အဲ့တာကို လုံးဝတောင့်ခံနိုင်မှာ မဟုတ်ဘူး “
“ တကယ်လို့ ပကတိ အထွတ်အထိပ် ပညာရှင်ကသာ ဧကရာဇ်သွေးကို သုံးလိုက်မယ်ဆိုရင်၊ အဲ့တာက အန္တိမနယ်ပယ်ရဲ့ တကယ့်စွမ်းအားကိုတောင် ထုတ်လွှတ်နိုင်တယ် “
“ ဒါပင်မဲ့ ……… ဧကရာဇ် မျိုးနွယ်စုရဲ့ တိုက်ရိုက်မျိုးဆက်တွေကတောင်မှ သူတို့ရဲ့ သက်တမ်းတစ်လျှောက်လုံးမှာ ဧကရာဇ် သွေးစက်ဆယ်စက်အထိပဲ သုံးလို့ရတယ်လို့ ကောဟဟာလတွေ ထွက်နေတယ် “
“ ကြယ်ပြာသားရဲကောင်က ညဘုရင်ကို ဒီလိုအခြေအနေမျိုးအထိ ရောက်သွားအောင် တွန်းပို့နိုင်ခဲ့တာပဲ “
ခိုင်စီ၏ နှလုံးခုန်သံနှင့် အသက်ရှူသံတို့မှာ အလွန်တရာ မြန်ဆန်နေပြီး၊ လွန်စွာ မနာလိုအားကျ ဖြစ်နေခဲ့သည်၊ တော်ဝင်မိသားစုများသည် ထိုကဲ့သို့သော နည်းလမ်းမျိုးကို မပိုင်ဆိုင်ထားခဲ့ပေ။
သို့သော် သူ့ကို ပို၍ အံ့အားသင့်သွားစေခဲ့သည့် အရာမှာ ကြယ်ပြာဂြိုဟ်၏ သားရဲတစ်ကောင်က ညဘုရင်အား ထိုကဲ့သို့သော အခြေအနေမျိုးအထိ ရောက်ရှိသွားအောင် တွန်းပို့နိုင်ခဲ့ခြင်း ဖြစ်သည်။
အပေါ်ဘက်ရှိ တိကျွမ်းနှင့် ပကတိ အထွတ်အထိပ် ပညာရှင်တို့၏ အမူအရာများမှာလည်း အလွန်တရာ လေးနက်သွားပြီး၊ အချိန်မရွေး ဝင်ပါရန် အသင့်ပြင်ထားကြသည်။
“ ဘုမ်းးး “
ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် ဧကရာဇ်သွေး၏ ဖိအားသည် အပြည့်အဝ ပေါက်ထွက်လာခဲ့သည်။
ကြောက်မက်ဖွယ်ကောင်းသော ဖိနှိပ်မှုအားတစ်ခုသည် ကြယ်တာရာ T-Rex နတ်ဘုရားကို ဖုံးလွှမ်းသွားခဲ့သည်။
အာရုံစိုက်၍ ကြည့်ရှုမည်ဆိုပါက၊ လူတစ်ဦးသည် ဧကရာဇ် သွေးစက်၏ အထက်တွင် ပုံရိပ်တစ်ခု တည်ရှိနေသည်ကို မြင်တွေ့ရမည် ဖြစ်သည်။
အဆိုပါ ပုံရိပ်သည် တင်ပျဥ်ခွေထိုင်နေပြီး၊ မည်သို့မျှ လှုပ်ရှားမနေခဲ့ပေ၊ သို့သော် လူတစ်ဦးက သူ၏ ကိုယ်ပိုင်စိတ်ဆန္ဒအရ ဒူးထောက်ဦးညွတ်သွားစေနိုင်သည့် အံ့ချီးဖွယ် ဘုန်းတန်ခိုးကို ထုတ်လွှတ်နေခဲ့သည်။
ကြယ်တာရာ T-Rex နတ်ဘုရားသည် အဆိုပါ ဖိအားနှင့် ရင်ဆိုင်ရသောအခါတွင်၊ သူ၏ အသက်နှင့် မရဏ နိယာမကပင် အကျိုးသက်ရောက်မှု ဆုံးရှုံးသွားခဲ့ကာ၊ လုံးဝပြိုကွဲသွားသည်ကို အာရုံခံမိနေခဲ့သည်။
အသက်နှင့် မရဏ နိယာမက အန္တိမ နိယာမဖြစ်သော်လည်း၊ ၎င်းသည် သေးငယ်သော အောင်မြင်မှုအဆင့်သို့သာ ရောက်ရှိနေသေးသည်။
အန္တိမ တည်ရှိမှုနှင့် ရင်ဆိုင်လိုက်ရသောအခါတွင် သေးငယ်သော အောင်မြင်မှု အန္တိမနိယာမသည် ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့သာ ဖြစ်နေမည် ဖြစ်သည်။
“ အဲ့တာက အန္တိမနယ်ပယ်လား “
“ တကယ်ကို အံ့ဩဖို့ကောင်းတာပဲ “
ကြယ်တာရာ T-Rex နတ်ဘုရားသည် ထိုပုံရိပ်ကို ကြည့်နေခဲ့ပြီး၊ သူ၏စိတ်ထဲတွင် ပြိုင်ဘက်ကင်း တောင့်တမှုများ ကြီးထွားလာခဲ့သည်။
၎င်းက သွေးစက်တစ်စက်မျှသာ ဖြစ်နေခဲ့သော်လည်း၊ ကြောက်မက်ဖွယ်ကောင်းသည့် ဖိအားကို ပိုင်ဆိုင်ထားသေးသည်။
တကယ့် အန္တိမ ပညာရှင်ဆိုရင် ဘယ်လောက်တောင် အစွမ်းထက်နေလိုက်မလဲ
ညဘုရင်သည် သူ၏မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်ဟလာခဲ့သည်။
သူ၏ မျက်လုံးများမှာ အလွန်တရာ အေးစက်နေခဲ့သည် “ မင်းက ငါ့ကို ဒီလိုအခြေအနေမျိုးအထိ ရောက်သွားစေလိမ့်မယ်လို့ ငါမထင်ထားခဲ့မိဘူး …….. ဒါပင်မဲ့ ဒီနေရာမှာ အဆုံးသတ်သင့်နေပြီ “
“ နာနာခံခံနဲ့ အရှုံးပေးလိုက်ပြီးတော့ ငါ့ရဲ့ အစေခံ ဖြစ်လာလိုက် “
သူသည် စကားပြောနေရင်းဖြင့် လှုပ်ရှားလာခဲ့သည်။
ဧကရာဇ်သွေးသည် ကြောက်မက်ဖွယ်ကောင်းသော ခွန်အားကိုသာလျှင်မဟုတ်ဘဲ၊ ပြိုင်ဘက်ကင်း ခွန်အားကိုပါ ယူဆောင်ပေးလာခဲ့သည်။
သူ၏ လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်သည့် အချိန်တွင် နဝမအဆင့်ထပ် ကျော်လွန်သည့် လှိုင်းတစ်ခု ချက်ချင်း ပေါ်ထွက်လာခဲ့သည်။
လက်ဆန့်လိုက်ခြင်းသာ ဖြစ်သော်လည်း၊ ကောင်းကင်ပြင်သည် ကမ္ဘာပျက်ကပ်ကို ကြုံတွေ့နေရသည့်အလား တစ်လွှာချင်း ပြိုကွဲသွားခဲ့သည်။
အဆိုပါ ဧရာမ လက်ကြီးသည် အံ့ဖွယ်ကောင်းသည့် ဖိနှိပ်မှုအားကို သယ်ဆောင်ကာ၊ ကြယ်တာရာ T-Rex နတ်ဘုရားကို ဖမ်းဆုပ်ရန် ပြင်လာခဲ့သည်။
ထိုအချိန်၌ အသက်နှင့် မရဏ နိယာမသော်လည်းကောင်း၊ ဟင်းလင်းပြင် နိယာမသော်လည်းကောင်း အရာအားလုံးက အဆိုပါ လက်ဝါးချက်အောက်တွင် ပြိုကွဲပျက်စီးသွားတော့မယောင် ဖြစ်နေခဲ့သည်။
“ ကြည့်ရတာတော့ အဲ့ဒီအကွက်ကို သုံးရတော့မဲ့ပုံပဲ “
ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါတွင် ကြယ်တာရာ T-Rex နတ်ဘုရားသည် အသက်ကို ပြင်းပြင်းရှရှ ရှူသွင်းနေတော့သည်။
“ လာစမ်းး “
သူ၏လက်ကို ဝေ့ရမ်းလိုက်ကာ၊ အထွတ်အထိပ်တစ်ပိုင်းအဆင့် တားမြစ်ချက် အမြောက်အများကို ဆင့်ခေါ်လိုက်ပြီး၊ သူ့အရှေ့တွင် နဝမအဆင့် အထွတ်အထိပ် ရုပ်သေးများကို ပေါ်ထွက်လာစေလိုက်သည်။
…………………………………………………………………………………………………………………………………
အပိုင်း ( 645 )
နတ်ဝိညာဥ် ဖယ်ရှားခြင်း
ခွမ်း ခလမ်း ခွမ်း
ဧရာမလက်ကြီးသည် ဒါဇင်နှင့်ချီသော ရုပ်သေးတို့ဖြင့် တိုက်မိသွားကာ၊ အလွန်တရာ ကျယ်လောင်သော ပေါက်ကွဲသံများနှင့်အတူ ၎င်းတို့ကို ချက်ချင်းပေါက်ကွဲထွက်သွားစေခဲ့သည်။
မီးပွားများသည် ပြင်းထန်သော ထိတွေ့မှုကြောင့် မီးရှူးမီးပန်းကို ပစ်ဖောက်လိုက်သကဲ့သို့ လေထုထဲတွင် ပေါ်ထွက်လာခဲ့သည်။
“ ကလေးကွက်တွေ “
ညဘုရင်သည် အေးစက်စွာ နှာခေါင်းရှုံ့လာခဲ့ပြီး၊ သူ၏လက်ဝါးကို အားပါပြင်းထန်စွာ ဆုပ်ခဲလိုက်သည်။
ထို့နောက်တွင် ကောင်းကင်ထက်ရှိ ဧရာမလက်ကြီးမှာလည်း တင်းကြပ်စွာ လက်သီးဆုပ်သွားခဲ့သည်။
ဘမ်းဟူသော အသံနှင့်အတူ နဝမအဆင့် ရုပ်သေးတစ်ခုသည် နေရာမှာပင် ပေါက်ကွဲသွားခဲ့သည်။
ညဘုရင်၏ ကိုယ်ပိုင် ခွန်အားကပင် သာမန် နဝမအဆင့် အထွတ်အထိပ် ပညာရှင်တစ်ဦးကို ခြိမ်းခြောက်နိုင်စွမ်းရှိသည်။
ယခု ဧကရာဇ်သွေးစက်၏ အားဖြည့်ပေးမှုနှင့်အတူ ညဘုရင်သည် အံ့ဖွယ်ကောင်းသည့် မြှင့်တင်ပေးမှုကို ရရှိခဲ့သည်၊ ထို့ကြောင့် နဝမအဆင့် အထွတ်အထိပ် ရုပ်သေးများစွာကို အလွယ်တကူ ချေမှုန်းနေနိုင်ခဲ့သည်။
သူသည် ကြယ်တာရာ T-Rex နတ်ဘုရားက ထုတ်လွှတ်လာခဲ့သည့် ရုပ်သေးတိုင်းကို ချေမှုန်းပစ်မည် ဖြစ်သည်။
သို့သော် ကြယ်တာရာ T-Rex နတ်ဘုရားကမူ ညဘုရင်ကို အဆိုပါ ရုပ်သေးများဖြင့် အနိုင်ယူရန် မတွေးထားခဲ့ပေ။
“ ဗွီ “
ထိုအချိန်၌ ကြယ်တာရာ T-Rex နတ်ဘုရား၏ ပတ်ပတ်လည်တွင် နတ်စွမ်းအားများ ပေါက်ထွက်လာခဲ့ပြီး၊ သူ၏ စွမ်းအားကို အပြည့်အဝ ထုတ်လွှတ်လိုက်သည်၊ ကြီးမားသော စွမ်းအင်တစ်ခုသည် သူ၏ခန္ဓာကိုယ်အတွင်းတွင် စုစည်းလာခဲ့သည်။
“ ဝူးးးး “
ရုတ်တရက်ဆိုသလိုပင် ၎င်းသည် သူ၏ခန္ဓာကိုယ်ထဲတွင် နေတစ်စင်း မြင့်တက်လာသကဲ့သို့ ဖြစ်နေခဲ့သည်။
အံ့ဖွယ်ကောင်းသည့် အလင်းတန်းသည် ဘက်ပေါင်းစုံသို့ ပျံ့လွင့်သွားခဲ့ပြီး၊ ကြယ်တာရာ T-Rex နတ်ဘုရားမှာလည်း ကြယ်တစ်လုံးကဲ့သို့ အသွင်ပြောင်းသွားခဲ့သည်။
“ မဟာနေမင်းကျမ်း၊ နေစုစည်းခြင်း နည်းစနစ် “
နေစုစည်းခြင်း နည်းစနစ်သည် မဟာနေမင်းကျမ်းမှ နောက်ထပ် စွမ်းရည်(သို့) တိုက်ကွက်တစ်ခုဖြစ်ပြီး၊ ၎င်းသည် နေဖမ်းဆုပ်ခြင်း လက်၏ အထက်တွင် တည်ရှိနေခဲ့သည်။
အဆိုပါ နတ်စွမ်းရည်သည် နိယာမတို့၏ သန့်စင်သော စွမ်းအားကို အသုံးပြု၍ နေတစ်စင်းကို ဖွဲ့စည်းကာ၊ အရာအားလုံးကို လောင်ကျွမ်းပြာချပစ်နိုင်သည်။
၎င်းမှာ အပူချိန်ကို မြှင့်တင်ပေးသည့် ငြှိမ်းသက်၍ မရသော ကြယ်မီးဖိုနှင့် မတူညီပေ။
နေစုစည်းခြင်း နည်းစနစ်သည် နိယာမတို့၏ စွမ်းအားကို အထွတ်အထိပ်အထိ မြင့်တက်သွားစေခြင်း ဖြစ်သည်။
ထို့ကြောင့်သာလျှင် ဒီတိုက်ကွက်၏ စွမ်းအားက ယခုလက်ရှိ ငြှိမ်းသက်၍ မရသော ကြယ်မီးဖိုးထပ် အဆတစ်ရာတိတိ ပိုမိုအားကောင်းနေခဲ့သည်။
တစ်ခုတည်းသော အားနည်းချက်ကမူ စွမ်းအင် စုစည်းရန်အတွက် အချိန်များစွာ လိုအပ်ခြင်း ဖြစ်သည်။
နေလုံးဖွဲ့စည်းရန်အတွက် ယခုလက်ရှိ ကြယ်တာရာ T-Rex နတ်ဘုရားကပင် အချိန်အတော်ကြာ ယူခဲ့ရသည်။
ကံကောင်းထောက်မစွာဖြင့် သူ့ထံတွင် လိုအပ်သော အချိန်ကို ရှာဖွေပေးနိုင်မည့် နဝမအဆင့် ရုပ်သေးများစွာ ရှိနေခဲ့သည်။
“ ဘုမ်းးးး “
ညဘုရင်၏ လက်ကြီးမှ ဆက်တိုက်တိုက်ခိုက်နေခဲ့ရာ၊ အသက်ရှူကြိမ် အနည်းငယ် အတွင်းမှာပင် ရုပ်သေး ခုနစ်(သို့) ရှစ်ခု ဖျက်စီးခံလိုက်ရသည်။
တစ်ချိန်တည်းမှာပင် သူသည် ကြယ်တာရာ T-Rex နတ်ဘုရား၏ ခန္ဓာကိုယ်မှ ထုတ်လွှတ်သည့် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်လှိုင်း အတက်အကျများကို သတိပြုမိနေခဲ့သည်၊ သူသည် ပြိုင်ဘက်က ကြီးမားသော တိုက်ကွက်တစ်ခု ပြင်ဆင်နေသည်ကို နားလည်သွားခဲ့သည်။
ညဘုရင်သည် ပိုမိုပြင်းထန်စွာ တိုက်ခိုက်လာခဲ့ပြီး၊ လက်နှစ်ဖက်စလုံးဖြင့် စည်းတံဆိပ်များ ရေးဆွဲကာ၊ နတ်စွမ်းရည်များကို တစ်ခုပြီးတစ်ခု ထုတ်လွှတ်နေတော့သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ရုပ်သေးများစွာ ပိုမိုပျက်စီးသွားခဲ့သည်။
၎င်းကို မြင်လိုက်ရသောအခါတွင်၊ ကြယ်တာရာ T-Rex နတ်ဘုရားသည် ထပ်မံ၍ ထိန်ချန်မထားတော့ပေ။
သူ၏ စိတ်ဖြင့် စေခိုင်းလိုက်ရာ၊ သူ၏ခန္ဓာကိုယ်မှ ပုံရိပ်များစွာ ပေါ်ထွက်လာခဲ့သည်။
ဘိုးဘေးနဂါး အရိပ်တစ်သောင်း နယ်မြေချိုးဖျက်ခြင်း နည်းစနစ်
နဝမအဆင့် အဆင့်ထိုးဖောက်မှုနှင့် မကြာသေးခင် အချိန်ကမှ ကြုံတွေ့ခဲ့ရသည့် ဆင့်ကဲပြောင်းလဲမှုများသည် အဆိုပါ ကိုယ်ပွားနည်းစနစ်၏ စွမ်းအားကို ကြောက်ခမမ်းလိလိ မြင့်တက်သွားစေခဲ့သည်။
ယခု၌ ကြယ်တာရာ T-Rex နတ်ဘုရားသည် တွေးလိုက်ရုံဖြင့် ကိုယ်ပွား အယောက်သုံးထောင်ကို ထုတ်လွှတ်နေနိုင်ပြီ ဖြစ်သည်။
ချက်ချင်းဆိုသလိုပင် တိုက်ပွဲကွင်းပြင်အတွင်းတွင် ကိုယ်ပွားသုံးထောင် ပေါ်ထွက်လာခဲ့သည်။
ကိုယ်ပွားတစ်ခုချင်းစီတိုင်းသည် ကြယ်တာရာ T-Rex နတ်ဘုရား၏ ခွန်အား ၅၀%ကို ပိုင်ဆိုင်ထားကြသည်။
ကြယ်တာရာ T-Rex နတ်ဘုရားသည် ကိုယ်ပွားအယောက် နှစ်ထောင်အား ညဘုရင်ကို ပိတ်ဆို့တားဆီးရန် စေလွှတ်လိုက်ပြီး၊ ကျန်တစ်ထောင်ကိုမူ နေတစ်စင်း ဖွဲ့စည်းရာတွင် အားဖြည့်ကူညီခိုင်းလိုက်သည်။
၎င်းမှာ ဘိုးဘေးနဂါး အရိပ်တစ်သောင်း နည်းစနစ်၏ ကြောက်မက်ဖွယ် အကောင်းဆုံးအပိုင်း ဖြစ်သည်။
သူတို့သည် ကြယ်တာရာ T-Rex နတ်ဘုရား၏ ၅၀%သော ခွန်အားကို ပိုင်ဆိုင်ထားရုံတင် မဟုတ်ဘဲ၊ မူလကိုယ်က ကျွမ်းကျင်ထားသည့် နတ်စွမ်းရည်များကိုပါ အသုံးပြုနိုင်ကြသည်။
“ ဘိုးဘေးနဂါး အရိပ်တစ်သောင်း နည်းစနစ်လား။ မင်းက အဲ့ဒီအဘိုးကြီးရဲ့ အမွေဆက်ခံသူလား “
ညဘုရင်၏ အမူအရာ တင်းမာသွားကာ၊ သူ၏မျက်လုံးများထဲတွင် သတ်ဖြတ်လိုစိတ်တို့ဖြင့် ပြည့်နှက်သွားခဲ့သည်။
သူသည် အော်ဟစ်ကြုံးဝါးကာ၊ အချိန်နိယာမနှင့် နတ်လက်နက် နိယာမတို့ကို ထပ်မံ၍ အသက်သွင်းလိုက်သည်။
“ ဗွီ “
ချက်ချင်းဆိုသလိုပင် မီတာထောင်နှင့်ချီ၍ ရှည်လျားသော နတ်လေးတစ်လက် ပေါ်ထွက်လာခဲ့ပြီး၊ နတ်မြှားတစ်စင်းမှာ ထပ်မံ၍ ပေါ်ထွက်လာခဲ့ပြန်သည်။
၎င်းမှာ ဧကရာဇ်သွေး၏ စွမ်းအားဖြင့် ဖန်တီးထားသော နတ်မြှားတစ်စင်းဖြစ်ပြီး၊ အထွတ်အထိပ်တစ်ပိုင်း ပညာရှင်ကိုပင် အလွယ်တကူ သတ်ဖြတ်နိုင်ပေသည်။
ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် နတ်မြှားသည် အရှေ့သို့ ပစ်ခွင်းခံလိုက်ရသည်။
“ သတ် “
ကြယ်တာရာ T-Rex နတ်ဘုရား၏ ကိုယ်ပွား အယောက်နှစ်ထောင်သည် အရှေ့သို့ ပြေးတက်ကာ၊ အံ့ဖွယ်ကောင်းလောက်သည်အထိ ခိုင်မာသော ဒိုင်းကာတစ်ခုကို ဖန်တီးလိုက်သည်။
နတ်မြှား၏ စွမ်းအားသည် အမှန်ပင် ကြောက်မက်ဖွယ်ကောင်းနေခဲ့ပြီး၊ မျက်စိတစ်မှိတ်အတွင်းမျာပင် ကိုယ်ပွား ရာနှင့်ချီ၍ သုတ်သင်ခံလိုက်ရသည်။
“ ဘုမ်းးး ဝုန်းးး ဘုမ်းးး “
တိုက်ပွဲသည် အလွန်တရာ ပြင်းထန်နေခဲ့ပြီး၊ ကောင်းကင်ပြင်ကပင် သွေးတို့ဖြင့် နီရဲသွားခဲ့သည်။
ထိုမြင်ကွင်းသည် ကြည့်ရှုသူတိုင်းကို ကြက်သီးထသွားစေခဲ့ပြီး၊ ၎င်းသည် အစောပိုင်း နဝမအဆင့် ပညာရှင်နှစ်ဦး၏ တိုက်ပွဲ မဟုတ်တော့ဘဲ၊ အန္တိမ ပညာရှင်တို့၏ တိုက်ပွဲအလား ဖြစ်နေခဲ့သည်။
နတ်မြှားသည် ကိုယ်ပွား အယောက်တစ်ထောင်ကျော်ကို လျင်မြန်စွာ ချေမှုန်းလိုက်သည်။
သို့သော် ၎င်း၏ လက်ကျန်စွမ်းအားမှာ မလုံလောက်တော့ဘဲ၊ စွမ်းအင် ကုန်ခမ်းသွားခဲ့သည်။
သို့သော် ၎င်းသည် စက္ကန့်ပိုင်းအတွင်းမှာပင် ကိုယ်ပွားတစ်ထောင်ကျော်ကို ရှင်းလင်းနိုင်ခဲ့သည်။
အကယ်၍ ဤနေရာတွင် ကြယ်တာရာ T-Rex နတ်ဘုရားမဟုတ်ဘဲ မူလကိုယ်ဖြစ်သည့် ရှုကျိုးသာ ဖြစ်နေခဲ့မည်ဆိုပါက၊ သူသည် ဤကဲ့သို့သော ထိုးနှက်ချက်မျိုးကို တောင့်ခံနိုင်လိမ့်မည် မဟုတ်ပေ။
ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါတွင် ညဘုရင်သည် သူ၏ နတ်စွမ်းအားကို ရုတ်သိမ်းကာ၊ အနက်ရောင် တွင်းပေါက်ဆီသို့ ချက်ချင်း လှည့်ပြေးသွားတော့သည်။
ဧကရာဇ် သွေးစက်၏ စွမ်းအားက လုံးဝကုန်ခမ်းသွားတော့မည် ဖြစ်ပြီး၊ သူသည် ကြယ်တာရာ T-Rex နတ်ဘုရား၏ ခံစစ်ကို မချိုးဖျက်နိုင်သေးပေ။
ဤတိုက်ပွဲကို ဆက်တိုက်နေမည်ဆိုပါက၊ သူသည် သေချာပေါက် ရှုံးနိမ့်သွားလိမ့်မည် ဖြစ်သည်။
“ နှစ်လအကြာမှာ ပြန်လာခဲ့မယ်၊ အဲ့အချိန်ကျရင် ငါကိုယ်တိုင် မင်းကို သတ်မယ် “
ညဘုရင်သည် ဤတိုက်ပွဲက သူ့အတွက် ကြီးမားသော အရှက်တရားဟု ခံစားနေခဲ့ရသောကြောင့်၊ စိတ်ထဲတွင် ကတိသစ္စာပြုနေတော့သည်။
သူသည် အနက်ရောင် တွင်းပေါက်ဆီသို့ ပျံသန်းလာခဲ့ကာ၊ အတွင်းသို့ ဝင်ရန် ပြင်လိုက်သည်။
“ အခုမှ ထွက်သွားချင်နေတာလား၊ နောက်ကျသွားပြီ “
ထိုအချိန်၌ အေးစက်စက် အသံတစ်သံ ပျံ့လွင့်လာခဲ့သည်။
ကြယ်တာရာ T-Rex နတ်ဘုရားနှင့် သူ၏ကိုယ်ပွား အယောက်တစ်ထောင်သည် လိုအပ်သော စွမ်းအင်ကို စုစည်းနိုင်ခဲ့ပြီ ဖြစ်ပြီး၊ နေတစ်စင်းသည် ဖြည်းဖြည်းချင်း မြင့်တက်လာခဲ့ကာ၊ မှောင်မိုက်သော ဤနေရာကို လင်းထိန်သွားစေခဲ့သည်။
ကြယ်ရောင်စုံ ကောင်းကင်ပြင်တွင် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်လှိုင်း အတက်အကျတို့ဖြင့် ပြည့်နှက်နေခဲ့သည်။
ကြယ်တာရာ T-Rex နတ်ဘုရားမှ လက်ညှိုးညွှန်လာခဲ့ရာ၊ ဟင်းလင်းပြင် နိယာမသည် ညဘုရင်၏ လမ်းကြောင်းကို ချက်ချင်း ပိတ်ဆို့လာခဲ့သည်။
ထိုစဥ် အသက်နှင့် မရဏ နိယာမပါ ပျံ့လွင့်လာခဲ့ပြီး၊ ကောင်းကင်ဘုံ ပိုက်ကွန်ကို ဖန်တီးကာ၊ ညဘုရင်ကို ဖုံးအုပ်လာခဲ့သည်။
“ ရပ်လိုက်စမ်းးး “
ထိုစဥ် အသံတစ်သံသည် အနက်ရောင် တွင်းပေါက်အတွင်းမှ ဟိန်းထွက်လာခဲ့သည်။