အခန်း (၂၈၉-၂၉၁)
Vol. 20 Ch. 289-291
အခန်း (၂၈၉) - ရေပေါ်ဖြူ သူရဲကောင်းသုံးယောက် အတိတ်မှာ ကျန်ရစ်ပြီ
~လုံချီထျန်း၊ ရှထျန်းထျန်း နှင့် လုံကျိန်းချွမ် တို့သည် ကြည်နူးဖွယ်ကောင်းသော စကားဝိုင်းတစ်ခုကို ဖန်တီးခဲ့ကြ၏။
ထို့နောက် လုံအိမ်တော်မှ ခရီးပန်းလာသော ဧည့်သည်နှစ်ဦးကို စားသောက်ပွဲကြီးဖြင့် တခမ်းတနား ကြိုဆိုခဲ့သည်။
ပြောင်းလဲသွားသော လုံချီထျန်းကို မြင်လိုက်ရသောအခါ လုံအိမ်တော်မှ ဆွေမျိုးသားချင်းများ ပါးစပ်အဟောင်းသား ဖြစ်ကုန်ကြ၏။
အထူးသဖြင့် လုံချီထျန်းက `ချီစုစည်းခြင်း အဋ္ဌမအဆင့် အထွတ်အထိပ်` ရောက်နေပြီ ဆိုတာ သိလိုက်ရသောအခါ အားလုံး မယုံကြည်နိုင် ဖြစ်ကုန်ကြ၏။
“သခင်လေး လမ်းမှန်ရောက်သွားတာ ငါတို့ လုံမိသားစုအတွက် ကံကောင်းခြင်းပဲ”
“ဟုတ်ပါ့... တကယ် မလွယ်ကူပါဘူး”
“သခင်လေး ချီထျန်း ရှိနေသရွေ့ လုံအိမ်တော် နှစ်တစ်ရာ တည်တံ့မှာပါ”
“လမ်းမှားရောက်နေတဲ့ သားမိုက်က ရွှေထက် တန်ဖိုးရှိတယ် ဆိုတာ ဒါမျိုးပဲ”
ဆွေမျိုးများသည် ဝမ်းသာလွန်း၍ မျက်ရည်ကျသူက ကျနေကြ၏။
အရင်က မောက်မာပြီး ပြဿနာရှာတတ်သော လုံချီထျန်း နှင့် ယခု လုံချီထျန်းမှာ လုံးဝ ဆန့်ကျင်ဘက် ဖြစ်နေသည်။
ဒါကြောင့်လည်း အားလုံး စိတ်သက်သာရာ ရသွားကြခြင်း ဖြစ်သည်။
ရှထျန်းထျန်းက လုံချီထျန်းကို ကြည့်ပြီး စနောက်လိုက်သည်။
“ကြည့်ရတာ ရှင် အရင်တုန်းက တော်တော် နာမည်ပျက်ခဲ့ပုံရတယ်... မဟုတ်ရင် ဆွေမျိုးတွေ ဒီလောက်ထိ ဖြစ်သွားမှာ မဟုတ်ဘူး”
“အဲဒါတွေက အတိတ်က မိုက်မဲမှုတွေပါ”
လုံချီထျန်း ခေါင်းကုတ်ပြီး ရှက်သွားသည်။
“ဟိ...” ရှထျန်းထျန်း သဘောကျစွာ ရယ်မောလိုက်သည်။
...
နောက်တစ်နေ့ နေ့လည်ခင်း...
လုံချီထျန်းနှင့် ရှထျန်းထျန်း တို့သည် ရေပေါ်ဖြူမြို့တော် ဈေးလမ်းမကြီးပေါ်တွင် ပခုံးချင်းယှဉ် လျှောက်လှမ်းနေကြ၏။ စည်ကားလှသော လောကကြီးကို အတူတကွ ကြည့်ရှုရင်း ရင်းနှီးမှု ပိုတိုးလာကြ၏။
“ဒါက လီမိသားစု ဆိုင်... ဟိုဘက်မှာ ကျွန်တော် ငယ်ငယ်က ကြိုက်တဲ့ သစ်တော်သီးယို ဆိုင်... ဒီလမ်းအတိုင်း တောက်လျှောက်သွားရင် `အစိမ်းရောင် ကျောက်စိမ်း...`”
စကားတစ်ဝက်တွင် လုံချီထျန်း ပါးစပ်ပိတ်လိုက်သည်။
“အစိမ်းရောင် ကျောက်စိမ်း ဘာလဲ” ရှထျန်းထျန်း မျက်လုံးဝိုင်းလေးများဖြင့် မေးလိုက်သည်။
“ဘာမှ မဟုတ်ပါဘူး” လုံချီထျန်း ခေါင်းခါလိုက်သည်။
`အစိမ်းရောင် ကျောက်စိမ်းမျှော်စင်` ဆိုတာ ရေပေါ်ဖြူမြို့တော်၏ အကောင်းဆုံး အပျော်အိမ် လေ။
ဒါကို ပြောလိုက်လျှင် ဒီည အဝတ်လျှော်ပျဉ်ပြားပေါ် ဒူးထောက်ရမှာ သေချာသည်။
ထိုအချိန်တွင် ရင်းနှီးသော ပုံရိပ် နှစ်ခု ဆိုင် တစ်ဆိုင်ထဲမှ ထွက်လာ၏။
“ဟေ...”
သုံးဦးသား မျက်လုံးချင်း ဆုံသွားပြီး အံ့သြသွားကြ၏။
“လုံချီထျန်း... မင်း ပြန်လာရဲသေးတယ်ပေါ့”
လီဟန်ရှောင်နှင့် ဝူတယ် တို့၏ မျက်လုံးများတွင် အေးစက်သော အရိပ်အယောင်များ ဖြတ်သန်းသွားသည်။
“ငါ့မိသားစုက ရေပေါ်ဖြူမြို့တော်မှာ ရှိတာလေ... ငါ ပြန်လာတာ ဘာဖြစ်လဲ” လုံချီထျန်း မျက်မှောင်ကြုတ်လိုက်ပြီး ရှထျန်းထျန်းကို နောက်သို့ ပို့လိုက်သည်။
“အို... လပိုင်းလေးပဲ ရှိသေးတယ်... အတွဲတောင် ရလာပြီပေါ့... မြန်လိုက်တာ... ဒါပေမဲ့ မင်းအဆင့်က `အဋ္ဌမအဆင့်` ပဲ ရှိသေးတာလား... ငါတို့အောက် အများကြီး နိမ့်နေပါလား” လီဟန်ရှောင်က မထီမဲ့မြင် ပြုံးလိုက်သည်။
`ဝုန်း...`
ချီစုစည်းခြင်း နဝမအဆင့် အထွတ်အထိပ် အရှိန်အဝါနှစ်ခု ထွက်ပေါ်လာပြီး လမ်းမကြီး တစ်ခုလုံးကို လေပြင်းမုန်တိုင်းကဲ့သို့ လွှမ်းမိုးသွားသည်။ လမ်းသွားလမ်းလာများ လန့်ဖျပ်ပြီး ထွက်ပြေးကုန်ကြ၏။
“နဝမအဆင့် အထွတ်အထိပ် ဟုတ်လား... ဘယ်လိုလုပ် ဒီလောက် မြန်မြန် တက်သွားတာလဲ”
လုံချီထျန်း တုန်လှုပ်သွားသည်။
‘သူ ထွက်သွားတုန်းက `ရေပေါ်ဖြူ သူရဲကောင်းသုံးယောက်`ဟာ ပဉ္စမ၊ ဆဋ္ဌမအဆင့်လောက်ပဲ ရှိသေးတာ မဟုတ်ဘူးလား။ လပိုင်းအတွင်း သတ္တမအဆင့် ရောက်လျှင်တောင် တော်တော် ကောင်းနေပြီ လေ။
အခုတော့ ဓားပျံ စီးထားသလို တရှိန်ထိုး တက်သွားပါလား။’
“သူတို့ အရှိန်အဝါက ဖောင်းပွနေတယ်... ဆေးဝါးတွေ အလွန်အကျွံ သုံးထားပုံရတယ်... ပြီးတော့ `ခန္ဓာကိုယ် သန့်စင်ဆေးလုံး` မသောက်ထားဘူး... အခြေခံ မခိုင်မာဘူး... `ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့်`တက်ဖို့ ကြိုးစားရင် သေချာပေါက် ကျရှုံးမှာ”
ဟု ရှထျန်းထျန်းက တီးတိုး သုံးသပ်ပြလိုက်သည်။
လုံချီထျန်း အာရုံစိုက်ကြည့်လိုက်ရာ ဟုတ်မှန်ကြောင်း တွေ့ရှိလိုက်ရသည်။
“လုံချီထျန်း... ငါတို့ သူရဲကောင်းသုံးယောက် ဖြစ်ခဲ့ဖူးတဲ့ သံယောဇဉ်ကို ထောက်ပြီး နောက်ဆုံး အခွင့်အရေး ပေးမယ်... ငါတို့ဆီ ပြန်လာခဲ့... အရင်လို ပြန်ပေါင်းစည်းကြမယ်” လီဟန်ရှောင် လေးနက်စွာ ပြောလိုက်သည်။
“ရေပေါ်ဖြူ သူရဲကောင်းသုံးယောက် ဟုတ်လား” ရှထျန်းထျန်း နှုတ်ခမ်းကို စေ့ပြီး လုံချီထျန်းကို စူးရဲစွာ ကြည့်လိုက်သည်။
လုံချီထျန်း မျက်နှာပျက်သွားသည်။
“အဲဒါ ငယ်ငယ်တုန်းက မိုက်မဲမှုတွေပါ... အခု ပျက်သွားပါပြီ”
“ဟုတ်တယ်... မင်း သစ္စာဖောက်သွားလို့ `သူရဲကောင်းနှစ်ယောက်` ဖြစ်သွားတာ... မင်း ပြန်မလာရင် ဒီနေ့ မင်းတို့နှစ်ယောက်လုံးကို ပညာပေးရလိမ့်မယ်” ဝူတယ် ခြိမ်းခြောက်လိုက်သည်။
“လုပ်ရဲရင် လုပ်ကြည့်လေ” လုံချီထျန်း ဒေါသထွက်သွားသည်။
သူလည်း တချိန်က လူမိုက်ပဲလေ။ ငြိမ်နေသော်လည်း ဒေါသထွက်လာလျှင် သွေးချောင်းစီးသွားနိုင်သည်။
“ဟီးဟီး... ဘာလို့ မလုပ်ရဲရမှာလဲ”
လီဟန်ရှောင်နှင့် ဝူတယ် တို့သည် ဘေးဘက်မှ ညှပ်တိုက်လိုက်ရာ လုံချီထျန်းတို့နှစ်ယောက် အကျပ်ရိုက်သွားသည်။
“ရွှေယန်သိုင်း”
လုံချီထျန်းနှင့် ရှထျန်းထျန်း တို့သည် ငြိမ်မနေတော့ပေ။
နှစ်ယောက်သား ပြိုင်တူ မုဒြာဖော်လိုက်ရာ လှုပ်ရှားမှုများ တပြေးညီ ဖြစ်သွားပြီး အရှိန်အဝါများ ပေါင်းစပ်သွားသည်။ မြေကြီးထဲမှ ရေလှိုင်းများ ထွက်ပေါ်လာပြီး ရေပြာရောင် ချပ်ဝတ် ဝတ်ဆင်ထားသော ပုဆိန်ကိုင် စစ်သည်တော်အဖြစ် ပြောင်းလဲကာ ရန်သူများကို တိုက်ခိုက်လိုက်သည်။
“ဟွန့်၊ ကလေးအထာတွေ”
လီဟန်ရှောင်နှင့် ဝူတယ် တို့သည် `အဆင့်နိမ့် ဝိညာဉ်ဓား`များကို ထုတ်လိုက်ပြီး ရေစစ်သည်တော်ကို ခုတ်ပိုင်းလိုက်ရာ ပျက်စီးသွားလေ၏။
`ရွှပ်...`
ဝိညာဉ်ဓားနှစ်လက် အရှိန်ပြင်းစွာ ဝင်ရောက်လာပြီး လုံချီထျန်းတို့ကို ခုတ်ပိုင်းတော့မည့်အလား ဖြစ်နေသည်။
အန္တရာယ် အငွေ့အသက်များ လွှမ်းမိုးသွားသည်။ လုံချီထျန်းသည် ရှထျန်းထျန်းကို ဖက်ပြီး ကာကွယ်လိုက်သည်။
ထိုအခိုက်အတန့်တွင် ရှထျန်းထျန်း ပျော်ရွှင်မှုကို ခံစားလိုက်ရသည်။
သို့သော် ဓားအလင်းတန်းများ နီးကပ်လာသည်ကို သတိထားမိပြီး လက်တစ်ဖက်ဖြင့် မုဒြာဖော်ကာ လုံချီထျန်းကို နောက်သို့ ဆွဲယူလိုက်ပြီး ရှောင်တိမ်းလိုက်သည်။
“အားထျန်း... ငါတို့ မနိုင်ဘူး... ပြေးရအောင်”
“မြို့စားမင်း အိမ်တော်ကို သွားကြမယ်... ဒါမှမဟုတ် ငါ့ဝမ်းကွဲကို ရှာကြမယ်”
“ပြေးမယ် ဟုတ်လား... စိတ်ကူးယဉ်နေလိုက်”
လီဟန်ရှောင် မုဒြာဖော်လိုက်ရာ ဝိညာဉ်ဓားသည် `ဓားပျံသိုင်း`အဖြစ် ပြောင်းလဲပြီး လုံချီထျန်းကို ဝင်တိုက်လိုက်သည်။
လုံချီထျန်းတို့ ရှောင်တိမ်းရန် ကြိုးစားသော်လည်း နောက်ကျသွားလေပြီ။
“မြို့ထဲမှာ ရမ်းကားရဲတယ်ပေါ့... သေချင်နေတာလား”
ကောင်းကင်ယံမှ အသံတစ်သံ ဟိန်းထွက်လာ၏။
တဆက်တည်း၌၊ ငွေရောင် အလင်းတန်းတစ်ခု ကျဆင်းလာပြီး ဝိညာဉ်ဓားနှစ်လက်ကို လက်သည်းဖြင့် ဖမ်းချုပ်ကာ ကွေးညွှတ်သွားစေသည်။
`ချွင်...`
ဝိညာဉ်ဓားများ ကြောက်လန့်တကြား တုန်ခါသွားကြ၏။
“ဝမ်းကွဲ...”
လုံချီထျန်းနှင့် ရှထျန်းထျန်း ဝမ်းသာသွားကြ၏။
“လုံထျန်းရှင်း... မင်းပါလား”
လီဟန်ရှောင်နှင့် ဝူတယ် နောက်ဆုတ်သွားကြ၏။
လုံထျန်းရှင်းသည် နဂါးအသွင် ပြောင်းလဲထားပြီး ငွေရောင် နဂါးအကြေးခွံ ချပ်ဝတ် ဝတ်ဆင်ထားသော်လည်း အသံနှင့် ပုံပန်းသဏ္ဍာန်ကို မှတ်မိနေကြ၏။
လုံချီထျန်းတင် မက၊ ဟိုနှစ်ကောင်လည်း မှတ်မိနေသည်။ တာဖုန်း ရှေးဟောင်းမြို့တော် မှာတုန်းက အရိုက်ခံခဲ့ရတာကို ပြန်သတိရသွားပြီး ကြောက်လန့်သွားကြ၏။
လီဟန်ရှောင် သတိဝင်လာ၏။
“ဟေ... လုံထျန်းရှင်းက အဋ္ဌမအဆင့်ပဲ ရှိသေးတာ... ငါတို့က နဝမအဆင့် အထွတ်အထိပ် ရောက်နေပြီ... ဘာကြောက်စရာ ရှိလဲ”
“ဟုတ်တယ်... ချကြမယ်ကွာ” ဝူတယ်လည်း ဟိန်းဟောက်လိုက်သည်။
နှစ်ယောက်သား မုဒြာဖော်ပြီး ဓားများကို ပြန်ခေါ်ရန် ကြိုးစားကြ၏။
သို့သော် လုံထျန်းရှင်းက ဓားများကို တင်းကြပ်စွာ ဆုပ်ကိုင်ထားပြီး မျက်မှောင်ကြုတ်လိုက်သည်။
“မင်းတို့ အမှတ်မရှိသေးဘူးပဲ... ဒီဓားတွေက မင်းတို့နဲ့ မတန်ဘူး... ပြီးတော့ မြို့ထဲမှာ တိုက်ခိုက်တာ စည်းကမ်းချိုးဖောက်တာပဲ... အပြစ်ပေးရမယ်”
`ဂျွတ်...`
လုံထျန်းရှင်း၏ လက်သည်းများက ဝိညာဉ်ဓားနှစ်လက်ကို အပိုင်းပိုင်း ချိုးဖျက်ပစ်လိုက်ရာ ပုလဲလုံးလေးများသဖွယ် ကြွေကျသွားလေ၏။
“ဒါ...”
အားလုံး ပါးစပ်အဟောင်းသား ဖြစ်ကုန်ကြ၏။
ဒါ `အဆင့်နိမ့် ဝိညာဉ်ဓား` တွေလေ။ အဋ္ဌမအဆင့်ပဲ ရှိတဲ့ လုံထျန်းရှင်းက လက်ဗလာနဲ့ ချိုးပစ်လိုက်တာလား။
ဘာစွမ်းအားကြီးလဲဟ။
`ဘုန်း... ဘုန်း...`
အားလုံး ကြောင်နေစဉ် လုံထျန်းရှင်းသည် လက်သီးတစ်လုံးစီဖြင့် ထိုးလိုက်ရာ လီဟန်ရှောင်နှင့် ဝူတယ် မြေကြီးပေါ် လဲကျသွားသည်။ ထို့နောက် တရစပ် ရိုက်နှက်လိုက်ရာ မျက်နှာများ ဝက်ခေါင်းလို ဖူးရောင်သွားပြီး ပါးစပ်မှ အမြှုပ်များ ထွက်ကာ ငိုယိုနေကြရလေ၏။
“နောက်တစ်ခါ လုပ်ရဲသေးလား”
“မလုပ်ရဲတော့ပါဘူး”
လီဟန်ရှောင်နှင့် ဝူတယ် တောင်းပန်လိုက်ကြ၏။
နဝမအဆင့် အထွတ်အထိပ် ရောက်လျှင် လုံထျန်းရှင်းကို နိုင်မယ် ထင်ခဲ့သည်။
သို့သော်၊ တောင်ပေါ်မှာ တောင်ရှိသေးတာကိုး။
သူတို့ တိုးတက်သလို လုံထျန်းရှင်းလည်း တိုးတက်နေသည်ပဲ။ ပိုဆိုးတာက သူတို့ထက် ပိုမြန်နေလေခြင်းပင်။
“ထွက်သွားကြ”
လုံထျန်းရှင်း ကန်ထုတ်လိုက်ရာ နှစ်ယောက်သား လွင့်ထွက်သွားကြ၏။ ထို့နောက် နဂါးအသွင် ပြန်ဖျက်လိုက်ပြီး လုံချီထျန်းတို့ကို မေးလိုက်သည်။
“ဝမ်းကွဲ... မရီးလောင်း... အဆင်ပြေကြရဲ့လားဗျ”
“ပြေပါတယ်... ဒါနဲ့ မင်း ခုနက ဘယ်လို ပြောင်းလဲသွားတာလဲ... သွေးမျိုးဆက်ကြောင့်လား” လုံချီထျန်း သိချင်စိတ် ဖြစ်သွားသည်။
“ဟုတ်တယ်... နဂါးသွေးမျိုးဆက်လေ” လုံထျန်းရှင်း ခေါင်းငြိမ့်လိုက်သည်။
“ကျွန်တော်.. ဂိုဏ်းပြန်တော့မယ်... နောက်မှ တွေ့ကြတာပေါ့”
လုံထျန်းရှင်းသည် ချင်ဖုန်းဓားပေါ် တက်ပြီး အပြာရောင် အလင်းတန်းအဖြစ် ပြောင်းလဲကာ လျင်မြန်စွာ ထွက်ခွာသွားလေ၏။
အခန်း (၂၉၀) - ဂိုဏ်းချုပ် ခန်းမဆောင်၏ ဂိုဏ်းချုပ်ကြီး လျူမင်
~လုံချီထျန်းသည် လုံထျန်းရှင်း ထွက်ခွာသွားသည်ကို ကြည့်ပြီး နောင်တရနေမိသည်။
'ငါ့ဝမ်းကွဲရဲ့ သွေးမျိုးဆက်က ဒီလောက်ထိ စွမ်းအားကြီးနေတာကိုး... ငယ်ငယ်တုန်းက ဆံပင်ဖြူ၊ မျက်လုံးပြာ ဆိုပြီး လိုက်စခဲ့မိတာ... ပြန်စဉ်းစားကြည့်တော့ ငါ တကယ် ယုတ်မာခဲ့တာပဲ... ပြန်ပြင်ခွင့်ရမယ် ဆိုရင် ဒီလို မလုပ်တော့ပါဘူး'
လုံချီထျန်း သက်ပြင်းချလိုက်သည်။
လွန်ခဲ့သော လပိုင်းက သူသည် တကယ့် လူမိုက်တစ်ယောက်လို ဖြစ်ခဲ့သည်။
ရှထျန်းထျန်းက ပခုံးကို ပုတ်ပေးပြီး နှစ်သိမ့်လိုက်သည်။
“ယောက်ျား... အမှားကို သိပြီး ပြင်နိုင်တာ အမြတ်ဆုံးပါ... ရှေ့ဆက်ပြီး ကြိုးစားကျင့်ကြံ... ကောင်းကောင်း နေထိုင်သွားရအောင်”
“အင်း... မင်း ပြောတာ မှန်ပါတယ်”
လုံချီထျန်း ခေါင်းငြိမ့်လိုက်သည်။ ထို့နောက် ပျော်ရွှင်သော မျက်နှာထားဖြင့် ရှထျန်းထျန်းကို ကြည့်လိုက်သည်။
“ထျန်းထျန်း... မင်း ရှိနေတာ တကယ် ကောင်းတယ်”
...
ရေပေါ်ဖြူမြို့တော် အပြင်ဘက်တွင်...
လီဟန်ရှောင်နှင့် ဝူတယ် တို့သည် မြစ်ကမ်းစပ်တွင် ထိုင်လျက် ရေထဲမှ ပုံရိပ်ကို ကြည့်ပြီး ဆေးလူးနေကြ၏။ ထိလိုက်တိုင်း နာကျင်လွန်းသဖြင့် မျက်နှာများ ရှုံ့မဲ့နေကြ၏။
“လုံထျန်းရှင်းက ဒီလောက် စွမ်းမယ် မထင်ထားဘူး... ကံဆိုးလိုက်တာကွာ”
“သူက မြူခိုးဂိုဏ်း တပည့်လေ... ငါတို့ သွားစလို့ မဖြစ်ဘူး... နောက်ဆိုရင် လုံချီထျန်း နဲ့ လုံထျန်းရှင်းကို တွေ့ရင် ရှောင်သွားရမယ်”
နှစ်ယောက်သား ဆေးလူးပြီးနောက် မြေကြီးပေါ်တွင် လှဲအိပ်လိုက်ကြ၏။
“ဒါနဲ့... စောင့်ရှောက်သူ ပြောတဲ့ ချိုင့်ဝှမ်းကို အမြန် ရှာရမယ်... ပြီးရင် ပစ္စည်းတွေ ဝယ်၊ လူငှားပြီး `နတ်ဆိုးချုပ်နှောင် မျှော်စင်` တည်ဆောက်ရဦးမယ်”
လီဟန်ရှောင် တာဝန်ကို သတိရသွားသည်။
“မလောပါနဲ့ကွာ... အဖုအယောင်တွေ ကျပါစေဦး”
ဝူတယ် လက်ကာပြလိုက်သည်။
“ပြီးတော့... ငါတို့ ဝိညာဉ်ဓားတွေကို လုံထျန်းရှင်း ဖျက်ဆီးလိုက်တာ စောင့်ရှောက်သူ သိလို့ မဖြစ်ဘူး... မဟုတ်ရင် ငါတို့ကို အရှင်လတ်လတ် အရေခွံခွာလိမ့်မယ်”
`ကောင်းကင်ဝါးမြို နတ်ဆိုးဂိုဏ်း` ၏ စောင့်ရှောက်သူ အကြောင်း တွေးမိပြီး နှစ်ယောက်သား ကြက်သီးထသွားကြ၏။
တစ်နာရီ ကြာပြီးနောက်...
နှစ်ယောက်သား နွမ်းနယ်စွာ ထလိုက်ကြပြီး မြေပုံအတိုင်း ချိုင့်ဝှမ်းကို စတင် ရှာဖွေကြလေတော့သည်။
...
မိုင် (၃၀၀၀) အကွာ...
လေနတ်ဘုရား မြို့တော် အနီးရှိ လျှို့ဝှက် ချိုင့်ဝှမ်းတစ်ခုတွင်...
မျက်နှာဖုံးစွပ် အဘိုးအို တစ်ဦးသည် ကောင်းကင်ဝါးမြို နတ်ဆိုးဂိုဏ်း စောင့်ရှောက်သူကို ကြည့်ပြီး မေးလိုက်သည်။
“အခြေအနေ ဘယ်လိုလဲ”
“ဂိုဏ်းချုပ်ကို သတင်းပို့ပါတယ်... အားလုံး စီစဉ်ပြီးပါပြီ... စန်းယွမ်မြို့၊ ရေပေါ်ဖြူမြို့တော်၊ လုံဝူမြို့တော်၊ နန်ဝူမြို့တော် အပါအဝင် မြို့ပေါင်း (၁၀၀) ကျော်မှာ လူတွေ ချထားပြီးပါပြီ... အခုဆိုရင် မျှော်စင်တွေ စတင် တည်ဆောက်နေလောက်ပါပြီ”
စောင့်ရှောက်သူက လေးစားစွာ သတင်းပို့လိုက်သည်။
ထိုအခါ၊ မျက်နှာဖုံးစွပ် အဘိုးအိုက ခေါင်းငြိမ့်လိုက်၏။
“ကောင်းတယ်... ကောင်းကင်နဲ့ မြေကြီး အပြောင်းအလဲ မဖြစ်ခင် မျှော်စင်တွေ အားလုံး ပြီးအောင် လုပ်ပါ... သက်ဆိုင်ရာ နတ်ဆိုးသားရဲတွေကိုလည်း ချုပ်နှောင်ထားပါ”
“ဟုတ်ကဲ့ပါ”
စောင့်ရှောက်သူ ထွက်ခွာသွားသည်။
အဘိုးအိုသည် မျက်နှာဖုံးကို ဖြည်းညှင်းစွာ ချွတ်လိုက်သည်။
ယဲ့ဖုန်း သာ ရှိနေရင် ဒီလူဟာ `မြင့်မြတ်သော လေ ဓားဂိုဏ်း`ရဲ့ မဟာအကြီးအကဲ ဖြစ်ကြောင်း မှတ်မိလိမ့်မည်။
“နှစ်ပေါင်း (၃၀၀) စီမံကိန်း... ငါ့လက်ထက်မှာ အောင်မြင်ပါစေ... ငါ့ကို အထွတ်အထိပ် ရောက်စေပါ”
မဟာအကြီးအကဲသည် မျက်နှာဖုံးကို ချေမွပစ်လိုက်ပြီး ကောင်းကင်ကို မော့ကြည့်လိုက်သည်။ အတိတ်ကို လွမ်းဆွတ်သကဲ့သို့ ဖြစ်နေသည်။
...
မြူခိုးတောင်ထိပ်တွင်...
ယဲ့ဖုန်းသည် ရေပုံးဖြင့် ရွှေရောင် မိုးမခပင်ကို ရေလောင်းပေးနေသည်။
“ဟိုက်ယား၊ နတ်ဘုရား လက်သီး... မသေမျိုး”
ချောင်ကျားရှီးသည် ချပ်ဝတ် အစောင့်အရှောက်နှင့် လေ့ကျင့်နေသည်။
`နတ်ဘုရား လက်သီး` ကို အသုံးပြုထားသဖြင့် ခန္ဓာကိုယ်မှ ရွှေရောင် အလင်းတန်းများ ထွက်ပေါ်နေပြီး တိုက်ခိုက်ရေး စွမ်းရည် (၄) ဆ တိုးတက်နေသည်။ `ဒုတိယအဆင့် သိုင်းနည်းစနစ်` ပြီးပြည့်စုံအဆင့် နှင့် ညီမျှသည်။
သို့သော်လည်း ချပ်ဝတ် အစောင့်အရှောက်ကို မယှဉ်နိုင်သေးပေ။
“သက်စောင့်ဓား”
ချောင်ကျားရှီးသည် လက်နှစ်ဖက်ကို ပူးလိုက်ပြီး ရွှေရောင် ဓားအလင်းတန်းတစ်ခု ပစ်လွှတ်လိုက်ရာ ချပ်ဝတ် အစောင့်အရှောက် ခြေတစ်လှမ်း နောက်ဆုတ်သွားသည်။
“ကျားရှီး တိုးတက်လာပေမဲ့ `ခန္ဓာကိုယ် ကျင့်ကြံခြင်း အဋ္ဌမအဆင့်` ရောက်ဖို့ လိုပါသေးတယ်... စွမ်းအား လျှော့ထားတဲ့ စောင့်ရှောက်သူနဲ့ အများကြီး လေ့ကျင့်ရဦးမယ်” ရှီလေ့က မှတ်ချက်ချလိုက်သည်။
ယန်ရူယွီသည် မိုးမခပင်အောက်တွင် တရားထိုင်နေရင်း မျက်လုံးတစ်ဖက် ဖွင့်ကြည့်လိုက်သည်။
“ဪ... ကျားရှီး ဒဏ်ရာမရသေးဘူး... ကုပေးစရာ မလိုသေးဘူး”
ပြောပြီးသည်နှင့် သူမက ပြန်လည် ကျင့်ကြံနေလိုက်သည်။
ယဲ့ဖုန်းမှာ ရေလောင်းပြီးသွားပြီ ဖြစ်သည်။ သူက ချောင်ကျားရှီးကို အသေအချာ ကြည့်လိုက်သည်။
သတ္တမအဆင့် ရောက်ပြီးကတည်းက ပြင်းပြင်းထန်ထန် လေ့ကျင့်နေခြင်းပင်။
အဋ္ဌမအဆင့် တက်ဖို့ နည်းလမ်းက ရိုးရှင်း၏။
တိုက်ခိုက်ရမည်။
မရပ်မနား တိုက်ခိုက်ခြင်းက ခန္ဓာကိုယ်ရဲ့ အလားအလာတွေကို နိုးထစေပြီး အရှိန်အဝါ (၆) ဆ အထိ ရောက်အောင် တွန်းပို့ပေးလိမ့်မည်။ `တတိယအဆင့် သိုင်းနည်းစနစ်` အဆင့်ကြီး ဆောင်မြင်မှု နှင့် ညီမျှသွားမှ ကန့်သတ်ချက်ကို ကျော်ဖြတ်နိုင်မှာ ဖြစ်ပါသည်။
ထိုအချိန်တွင် ယဲ့ဖုန်း မြောက်ဘက်သို့ လှမ်းကြည့်လိုက်သည်။
လူငယ် တစ်ဦး ကောင်းကင်ယံတွင် ပျံဝဲနေသည်။
မျက်လုံးချင်း ဆုံသွားကြ၏။ နှစ်ဦးသား အံ့သြသွားကြ၏။
ထို့နောက် လူငယ် ပြုံးလိုက်သည်။
“ဂိုဏ်းချုပ်ယဲ့... ကျွန်တော်.. လျူမင် ပါ”
လူငယ်သည် မိုးမခရွက် တစ်ရွက်ကို ကိုင်ဆောင်ထားပြီး အသံလွှင့် စကားပြောလိုက်သည်။
ယဲ့ဖုန်း မျက်လုံးများ ကျဉ်းမြောင်းသွားသည်။
မိုးမခရွက်နဲ့ လျူမင် ဟုတ်လား။
သူက ဂိုဏ်းချုပ် ခန်းမဆောင်ကြီးရဲ့ `ဂိုဏ်းချုပ်ကြီး` ပဲ။
ယဲ့ဖုန်း သတိဝင်လာပြီး တဖက်လူကို အကဲခတ်လိုက်၏။
အစိမ်းရောင် ဆံပင်နှင့် လူငယ်။
နှုတ်ခမ်းနီနီ၊ သွားဖြူဖြူနှင့် အသက် (၁၆) နှစ်ခန့်သာ ရှိဦးမည်။ ရွှေရောင် ဝတ်ရုံရှည်ကို ဝတ်ဆင်ထားပြီး သက်ရှိစွမ်းအားများ ကြွယ်ဝနေသည်။
ယဲ့ဖုန်းသည် ကာကွယ်ရေး ဝင်္ကပါကို ဖွင့်ပေးလိုက်ပြီး ကြိုဆိုလိုက်သည်။
“ခရိုင်ဘုရင်မြို့တော်၊ ဂိုဏ်းချုပ် ခန်းမဆောင်ကြီးရဲ့ ဂိုဏ်းချုပ်ကြီးကိုး... ရှားပါး ဧည့်သည်ပါပဲ”
တပြိုင်နက်တည်းမှာပင် စနစ်ဖြင့် စစ်ဆေးလိုက်သည်။
[လျူမင် - အဆင့်နိမ့် နတ်ဆိုးဘုရင်]
[ပါရမီ - သဘာဝ ဖြစ်တည်မှုပေါင်းများစွာ၊ ဉာဏ်ပွင့် ရွှေရောင် မိုးမခ ]
[မှတ်ချက် - ထူးခြားသော မိုးမခပင်မှ လူအသွင် ပြောင်းလဲထားခြင်း ဖြစ်သည်... ကျင့်ကြံခြင်းအဆင့်သည် `အဆင့်နိမ့် နတ်ဆိုးဘုရင် အထွတ်အထိပ်` သို့ ရောက်ရှိနေပြီ ဖြစ်သော်လည်း သွေးမျိုးဆက် အလားအလာ ကုန်ဆုံးသွားပြီ ဖြစ်၍ ဆက်လက် တက်လှမ်းရန် ခက်ခဲနေသည်]
“ဂိုဏ်းချုပ်ယဲ့... ခင်ဗျားတို့ရဲ့ ဝင်္ကပါက တော်တော် ဆန်းကြယ်တာပဲ... ကျွန်တော်တောင် ပိတ်မိရင် လွတ်ဖို့ မလွယ်ဘူး” လျူမင် ဝင်လာရင်း ပြောလိုက်သည်။
“အသေးအမွှားလေးပါဗျာ... ကြွပါ... အထဲဝင်ပါ” ယဲ့ဖုန်း ဖိတ်ခေါ်လိုက်သည်။
မြူခိုးတောင်ထိပ်ပေါ် ရောက်သောအခါ လျူမင်သည် ရွှေရောင် မိုးမခပင်ကို တွေ့လိုက်ရသည်။
“ဂိုဏ်းချုပ်ယဲ့... ကျွန်တော့် လက်ဆောင်ကို သဘောကျရဲ့လား”
“သဘောကျပါတယ်... ဉာဏ်ပညာ (၁၀) ရာခိုင်နှုန်း တိုးစေတယ် ဆိုတာ တကယ် ကောင်းပါတယ်... ဝင်္ကပါတွေ၊ ကျင့်စဉ်တွေ၊ သိုင်းနည်းစနစ်တွေ လေ့လာတဲ့အခါ အရမ်း အထောက်အကူ ဖြစ်ပါတယ်”
“အသေးအမွှားလေးပါဗျာ” လျူမင် ပြုံးလိုက်သည်။
ကုန်းချင်းချိုး ရောက်လာ၏။ လျူမင်၏ အစိမ်းရောင် ဆံပင်ကို မြင်သောအခါ အံ့သြသွားသည်။
“ခင်ဗျားက ဂိုဏ်းချုပ် ခန်းမဆောင်ကြီးရဲ့ ဂိုဏ်းချုပ်ကြီး... လျူမင် လား”
“ဟုတ်ပါတယ်” လျူမင် ခေါင်းငြိမ့်လိုက်သည်။
သူ့ဆံပင်အရောင်က ထူးခြားလွန်းတော့ လူတိုင်း မှတ်မိနေတာ မဆန်းပါ။
“ဂါရဝပြုပါတယ်”
ကုန်းချင်းချိုးနှင့် တပည့်များ နှုတ်ဆက်လိုက်ကြ၏။
“ငါ.. ဂိုဏ်းချုပ်ကြီးနဲ့ ဆွေးနွေးစရာ ရှိတယ်... မင်းတို့ သွားလုပ်စရာ ရှိတာ သွားလုပ်ကြ”
ယဲ့ဖုန်းသည် လျူမင်ကို ဂိုဏ်းချုပ် ခန်းမဆောင်ထဲသို့ ခေါ်သွားလိုက်သည်။
ဟူဖေးဖေးက လက်ဖက်ရည် ဖျော်ပေးနေသည်။
သူမ၏ လှုပ်ရှားမှုများ သေသပ်လှပလွန်းသဖြင့် နတ်ဆိုးဘုရင် လျူမင်ပင် ချီးကျူးလိုက်ရသည်။
“ဒါ ဒဏ္ဍာရီလာ စောင့်ရှောက်သူ ဟူဖေးဖေး ထင်တယ်... တွေ့ရတာ ဝမ်းသာပါတယ်”
လျူမင် ..လက်ဖက်ရည် သောက်ရင်း နှုတ်ဆက်လိုက်၏။
ဟူဖေးဖေးက.. ပြန်မဖြေပေ။
လေထုမှာ အနေရခက်သွားသည်။
“စောင့်ရှောက်သူ ဟူဖေးဖေးက စကားသိပ်မပြောပါဘူး... စိတ်မရှိပါနဲ့” ယဲ့ဖုန်း ဝင်ရှင်းပြလိုက်သည်။
“ဒါနဲ့... ဂိုဏ်းချုပ်ကြီး ကိုယ်တိုင် ဘာကိစ္စ ရှိလို့ ရောက်လာတာလဲဗျ”
သူ့မေးခွန်းအား ကြားလိုက်ရသောအခါ၊ လျူမင်သည် အပြင်ဘက်ရှိ ထင်းရှူးပင်အိုကြီးကို လက်ညှိုးထိုးပြလိုက်သည်။
“ဂိုဏ်းချုပ်ယဲ့... ခင်ဗျားတို့ ဂိုဏ်းရဲ့ ထင်းရှူးပင်အိုကြီးက သစ်သားဓာတ် နတ်ဆိုးသားရဲ အမျိုးမျိုးရဲ့ ပါရမီတွေကို ပိုင်ဆိုင်ထားတာ ကျွန်တော် သိချင်နေလို့ပါ... ပုံမှန်ဆိုရင် ထင်းရှူးပင်ရဲ့ အလားအလာက ကန့်သတ်ချက် ရှိတယ်လေ... ဒီလောက်ထိ ရောက်ဖို့ မလွယ်ဘူး... ပြီးတော့ သူ့အလားအလာက မကုန်ဆုံးသေးသလိုပဲ... ထပ်တက်နိုင်ဦးမယ့်ပုံ ပေါက်နေတယ်”
ယဲ့ဖုန်း အံ့သြသွားသည်။
စနစ်ရဲ့ အချက်အလက်အရ လျူမင်ရဲ့ သွေးမျိုးဆက်က ကန့်သတ်ချက် ရောက်နေပြီ ဖြစခ၏။ ဆက်တက်၍ မရတော့ပေ။
ယခု သူက ထင်းရှူးပင်အိုကြီးကို စိတ်ဝင်စားနေတာ... သူ့ကန့်သတ်ချက်ကို ကျော်ဖြတ်နိုင်မည့် နည်းလမ်း ရှာနေတာလား။
ဒါကြောင့် မြူခိုးဂိုဏ်းကို အထူးဂရုစိုက်ပေးနေတာ ဖြစ်မည်။
'သူ့ကို ကူညီပေးချင်ပေမဲ့... `ဝိညာဉ်သွေး လွှဲပြောင်းခြင်း`က ဂိုဏ်းသားတွေအတွက်ပဲ အလုပ်လုပ်တာလေ'
ယဲ့ဖုန်း တွေးဆရင်း ခေါင်းခါလိုက်သည်။
“ကျွန်တော်လည်း မသိဘူးဗျ”
လွယ်လွယ်နှင့် ပြောပြ၍ မဖြစ်ဘူးလေ။
“ခင်ဗျားလည်း မသိဘူး ဟုတ်လား”
လျူမင် မျက်မှောင်ကြုတ်လိုက်သည်။ သူ..စိတ်ပျက်သွားရသည်။
'သစ်ပင်ဘိုးဘေး.. မှားနေတာလား’
အခန်း (၂၉၁) - သွေးကြောသန့်စင်ဆေးလုံး အမှာစာနှင့် ဟူဖေးဖေး၏ ချွဲနွဲ့မှု
~လျူမင်..ဘဝင်မကျသလို မျက်မှောင်ကြုတ်လိုက်သည်။
သူသည် သူ့အသက်စွမ်းအား အများအပြားကို စတေးပြီး `လျှို့ဝှက်ဆန်းကြယ် တိုင်းပြည်` ပြင်ပရှိ `သစ်ပင်ဘိုးဘေး`နှင့် ဆက်သွယ်ကာ အကူအညီ တောင်းခံခဲ့ရသည်။
သစ်ပင်ဘိုးဘေးက ဗေဒင်တွက်ပေးပြီး သူ့အတွက် အခွင့်အလမ်းသည် မြူခိုးတောင်ထိပ် တွင် ရှိသည်ဟု ဟောကိန်းထုတ်ခဲ့သည်။
ဘာအခွင့်အရေးလဲ ဆိုတာတော့ အတိအကျ မသိခဲ့ပါ။ နေရာလောက်သာ ပြောနိုင်ခဲ့သည်။ လျူမင် အတွက်တော့ ဒါအလုံအလောက်ပါပင်။
သို့ရာတွင်၊ အခု မြူခိုးတောင်ထိပ် ရောက်တော့ လမ်းစပျောက်နေသလို ဖြစ်နေသည်။
‘ဂိုဏ်းချုပ်ယဲ့ ကိုယ်တိုင်တောင် ထင်းရှူးပင်အိုကြီး၏ အဆင့်တက်နည်းကို မသိဘူးတဲ့။’
လျူမင် ပိုပြီး စိတ်ပျက်သွားသည်။
'ငါ့ဘဝတစ်ခုလုံး `အဆင့်နိမ့် နတ်ဆိုးဘုရင် အထွတ်အထိပ်` မှာပဲ ရပ်တန့်နေရတော့မှာလား'
လျူမင် သက်ပြင်းချလိုက်ပြီး လက်ဖက်ရည်ကို ငြိမ်သက်စွာ သောက်နေလိုက်သည်။
လျူမင် စိတ်ပျက်နေသည်ကို မြင်သောအခါ ယဲ့ဖုန်း၏ မျက်လုံးများ အရောင်လက်သွားသည်။ `နတ်ဆိုးသားရဲဆောင်` ၏ တတိယမြောက် လုပ်ဆောင်ချက်ကို သတိရလိုက်သည်။
`သွေးကြောသန့်စင်ဆေးလုံး`
ဒီဆေးလုံးက ဝိညာဉ်သားရဲတွေ၏သွေးကြောကို အကန့်အသတ်မရှိ သန့်စင်ပေးနိုင်ပြီး အလားအလာကို အမြင့်ဆုံးအထိ မြှင့်တင်ပေးနိုင်သည်။ လျူမင်အတွက် အထောက်အကူ ဖြစ်လောက်သည်။
သို့ရာတွင်၊ လျူမင်၏ သွေးမျိုးဆက်က သန်မာပြီး အဆင့်မြင့်တော့ ဆေးလုံးအများကြီး လိုလိမ့်မည်။
“ကံကြမ္မာပဲ ထင်ပါရဲ့ဗျာ”
လျူမင် သက်ပြင်းချလိုက်ပြီး ကံကြမ္မာကို လက်ခံလိုက်၏။
`ဒေါက်...`
ရွှေနီရောင် ဆေးလုံးတစ်လုံး လက်ဖက်ရည် စားပွဲပေါ်သို့ ကျသွားသည်။
လျူမင် ကြည့်လိုက်ပြီး မေးလိုက်သည်။
“ဒါ ဘာဆေးလုံးလဲ”
“အို... ကျွန်တော့်ရဲ့ နောက်ဆုံးလက်ကျန် `သွေးကြောသန့်စင်ဆေးလုံး` ပြုတ်ကျသွားတာပါ” ယဲ့ဖုန်း အံ့သြသလို ဟန်ဆောင်ပြီး ဆေးလုံးကို ကောက်ယူလိုက်သည်။
“သွေးကြောသန့်စင်ဆေးလုံး ဟုတ်လား”
လျူမင် မျက်ခုံးများ ပြေလျော့သွားသည်။
သစ်ပင်ဘိုးဘေးရဲ့ ဟောကိန်းကို ပြန်သတိရသွားသည်။
ဒါ ငါ့ရဲ့ အခွင့်အရေးများလား။
“ဂိုဏ်းချုပ်ယဲ့... ဒီဆေးလုံးက ဘာလုပ်ပေးတာလဲ”
“ဝိညာဉ်သားရဲတွေရဲ့ သွေးကြောကို သန့်စင်ပေးပြီး အလားအလာကို မြှင့်တင်ပေးတာပါ... ကျွန်တော်တို့ ဂိုဏ်းစောင့် သားရဲတွေအတွက် သီးသန့် လုပ်ထားတာပါ”
အလားအလာကို မြှင့်တင်ပေးတယ် ဟုတ်လား။
ဒါ ငါရှာနေတဲ့ အခွင့်အရေးပဲ။
လျူမင် မျက်နှာတွင် စိတ်လှုပ်ရှားရိပ်များ ပေါ်လာ၏။
“ဂိုဏ်းချုပ်ယဲ့... ကျွန်တော့်ကို ရောင်းပေးလို့ ရမလား”
လျူမင် မျှော်လင့်တကြီး မေးလိုက်သည်။ တန်ဖိုးကြီး ရတနာတွေနဲ့ လဲလှယ်ဖို့တောင် အသင့်ရှိနေသည်။
“ဒီပစ္စည်းက ဈေးမကြီးပါဘူး... ဒါပေမဲ့ ရှားပါးတယ်” ယဲ့ဖုန်း အခက်တွေ့သလို လုပ်ပြလိုက်သည်။
ဒီဆေးလုံးက `ပုံရိပ်ယောင် ဆေးပေါင်းအိုး` နှင့်မှ ဖော်စပ်၍ ရသည်။
နတ်ဆိုးသားရဲဆောင် အဆင့် (၄) ရောက်ပြီးကတည်းက တစ်ရက်ကို (၂) ကြိမ် သုံးနိုင်ပြီး တစ်ခါသုံးလျှင် ဆေးလုံး (၁၀၀) လောက် ရနိုင်၏။
ပြဿနာက ကုန်ကြမ်း လိုပါသည်။
ထိုမျှမက၊ မြူခိုးတောင်ထိပ် တစ်ခုလုံးမှာ ဒီတစ်လုံးသာ ကျန်တော့တာ။ လျူမင်အတွက် အသုံးဝင်မလား ဆိုတာလည်း မသေချာပေ။
“ဝယ်လို့ မရဘူးလား” လျူမင်က ဇွဲမလျှော့ပေ။
“ဂိုဏ်းချုပ်ကြီးက နောက်နေပြီ... ဆေးတစ်လုံးတည်းပဲဟာ... ယူသွားလိုက်ပါ”
ယဲ့ဖုန်းက ဆေးလုံးကို လျူမင်အား ပေးလိုက်သည်။
“ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ်ယဲ့”
လျူမင်သည် ဆေးလုံးကို ယူပြီး ဝိညာဉ်အာရုံဖြင့် သေချာ စစ်ဆေးလိုက်သည်။
သွေးကြောနက်ရှိုင်းသည့် နေရာထိ သန့်စင်ပေးနိုင်သော စွမ်းအားတွေ ပါဝင်နေတာ တွေ့လိုက်ရတော့ မျက်လုံးများ အရောင်လက်သွားသည်။
`ကရက်...`
လျူမင် ဆေးလုံးကို ဝါးစားလိုက်သည်။
သန့်စင်သော စွမ်းအားများ ခန္ဓာကိုယ်ထဲ စီးဆင်းသွားသည်။ သူ့လို `နတ်ဆိုးဘုရင်` အဆင့်အတွက်တော့ ဆေးတစ်လုံးတည်းနှင့် သိသာသည့် အကျိုးသက်ရောက်မှု မရှိသော်လည်း၊ အလားအလာ အနည်းငယ် တိုးတက်လာတာကိုတော့ ခံစားလိုက်ရသည်။
ထိရောက်တယ်ဟေ့။
လျူမင် စိတ်လှုပ်ရှားစွာဖြင့် ယဲ့ဖုန်း၏ လက်ကို ဆုပ်ကိုင်လိုက်သည်။
“ဂိုဏ်းချုပ်ယဲ့... ဒီလိုဆေးမျိုး နောက်ထပ် ရှိသေးလား... ဘယ်လောက်ပဲ ရှိရှိ ကျွန်တော် ဝယ်မယ်... ဈေးဘယ်လောက်ပဲ ဖြစ်ဖြစ် ပေးမယ်”
ယဲ့ဖုန်း သဘောပေါက်လိုက်သည်။
‘ ဆေးလုံးက အလုပ်ဖြစ်တာကိုး။
နတ်ဆိုးဘုရင်ရဲ့ သွေးကြောကိုတောင် သန့်စင်ပေးနိုင်တယ် ဆိုတော့... တကယ် မိုက်တာပဲ’
ယဲ့ဖုန်း စိတ်ထဲတွင် ချီးကျူးလိုက်ပြီး ပြန်ဖြေလိုက်သည်။
“လောလောဆယ်တော့ မရှိတော့ဘူး... ဒါပေမဲ့ ကျွန်တော် ဖော်စပ်ပေးလို့ ရပါတယ်”
“ကောင်းပြီ... ကျွန်တော် စောင့်နိုင်ပါတယ်... လိုအပ်တဲ့ ကုန်ကြမ်းတွေ ပြောပါ... ကျွန်တော် ရှာပေးမယ်”
လျူမင်က တောက်ပစွာ ပြုံးလိုက်သည်။
‘သစ်ပင်ဘိုးဘေး မမှားဘူးပဲ။
မြူခိုးတောင်ထိပ်မှာ ငါ့အတွက် အခွင့်အရေး ရှိနေတာပဲ။
အဲဒီအခွင့်အရေးရဲ့ နာမည်က `သွေးကြောသန့်စင်ဆေးလုံး` တဲ့။’
လျူမင် စိတ်သက်သာရာ ရသွားပြီး ယဲ့ဖုန်းနှင့် ရောက်တတ်ရာရာကလေးများ ပြောနေလိုက်သည်။ စကားပြောရင်း အပျော်အိမ် သွားပြီး အနုပညာ ခံစားရတာ ကောင်းကြောင်း၊ အားရင် သွားလည်သင့်ကြောင်း အကြံပြုလာ၏။
ယဲ့ဖုန်း မျက်နှာထား ထူးဆန်းသွားသည်။
‘ကြည့်ရတာ လျူမင်ကလည်း စာပေအနုပညာကို မြတ်နိုးတဲ့ သူပဲ... ရှင်းကွမ်ရွှမ် နဲ့ ဝါသနာတူတွေ။’
ယဲ့ဖုန်း အသံနှိမ့်ပြီး ပြောလိုက်သည်။
“ဂိုဏ်းချုပ်ကြီး... ရေပေါ်ဖြူမြို့တော်က အကောင်းဆုံး အပျော်အိမ် နာမည်က `အစိမ်းရောင် ကျောက်စိမ်းမျှော်စင်` တဲ့... ကျွန်တော့် သူငယ်ချင်း ပိုင်တာဗျ”
သူ့စကားအား ကြားလိုက်ရသောအခါ၊ လျူမင် မျက်လုံးများ အရောင်လက်သွားသည်။
“ဂိုဏ်းချုပ်ယဲ့... အဲဒီ `သူငယ်ချင်း` ဆိုတာ ခင်ဗျားကို ပြောတာများလား”
“တကယ် သူငယ်ချင်းပါဗျာ” ယဲ့ဖုန်း နှုတ်ခမ်းမဲ့လိုက်သည်။
“ဪ...” လျူမင် အဓိပ္ပါယ်ပါပါ ပြုံးလိုက်သည်။
ခဏကြာ စကားပြောပြီးနောက် ယဲ့ဖုန်းက မေးလိုက်သည်။
“ဂိုဏ်းချုပ်ကြီး... စိတ်မပူပါနဲ့... ဆေးလုံးတွေ ဖော်စပ်ပေးပါ့မယ်... ဒါပေမဲ့ အချိန်နည်းနည်းတော့ ယူရမယ်... ဒါနဲ့ ခုနက ဆေးသောက်ပြီးတော့... အဆင့်တက်ဖို့အတွက် ဆေးလုံး စုစုပေါင်း ဘယ်လောက် လိုမယ် ထင်လဲ”
လျူမင် ခဏ စဉ်းစားလိုက်သည်။
“အနည်းဆုံး အလုံး (၁၀၀၀) လောက်ဆို ရလောက်ပြီ”
ယဲ့ဖုန်း အံ့သြသွားသည်။
အလုံး (၁၀၀၀) ဟုတ်လား။
ဂျယ်လီလုံးများ မှတ်နေလား။
“အရေအတွက်က များလွန်းတယ်... တစ်လကို အများဆုံး (၂၀၀) လောက်ပဲ ထုတ်ပေးနိုင်မယ်... (၃၀၀) လောက်တော့ ရကောင်း ရနိုင်ပါတယ်” ယဲ့ဖုန်း လေးနက်စွာ ပြောလိုက်သည်။
တစ်ရက်ကို အများဆုံး (၂၀၀) ထုတ်၍ ရသည်။
သို့ရာတွင်၊ ဒါက အကန့်အသတ်ပင်။ သူ့ အနေနှင့် တစ်နေ့လုံး ဆေးပဲ ထိုင်ဖော်နေ၍ မဖြစ်ဘူးလေ။ ရူးသွားမှာပေါ့။
ထို့အပြင်၊ ဂိုဏ်းစောင့် သားရဲတွေအတွက်လည်း လိုသေးသည်။ လျူမင်ကို အကုန် ရောင်း၍ မဖြစ်ပါ။
“ဘာ... တစ်လကို အဲဒီလောက်တောင် ရမလား”
လျူမင် စိတ်လှုပ်ရှားသွားသည်။
တစ်လ (၂၀၀) ဆိုရင် (၅) လ နေရင် (၁၀၀၀) ပြည့်ပြီ။
ဆယ်စုနှစ်ပေါင်းများစွာ ဒုက္ခပေးနေတဲ့ အဆင့်ပိတ်ဆို့မှု ပြဿနာက နှစ်ဝက်လောက်နဲ့ ပြေလည်သွားမှာလား။
မြန်လိုက်တာ။
လျူမင် ဟက်ဟက်ပက်ပက်.. ရယ်လိုက်ပြီး `အရောင်ငါးမျိုး ဝိညာဉ်ကျောက်တုံး` တစ်တုံးကို စားပွဲပေါ် တင်လိုက်သည်။ သိပ်သည်းသော ဝိညာဉ်စွမ်းအင်များ ထွက်ပေါ်လာလေ၏။
“ဂိုဏ်းချုပ်ယဲ့... ဒီ `အဆင့်မြင့် ဝိညာဉ်ကျောက်တုံး`ကို စရန်အဖြစ် ထားခဲ့မယ်... ဆေးရရင် ကျွန်တော် ကိုယ်တိုင် လာယူပါ့မယ်”
ပြောပြီးသည်နှင့် လျူမင်သည် လက်နှစ်ဖက်ကို ဆုပ်ပူးကာ နှုတ်ဆက်ပြီး အစိမ်းရောင် အလင်းတန်းအဖြစ် ပြောင်းလဲကာ မြောက်ဘက်သို့ လျင်မြန်စွာ ပျံသန်းထွက်ခွာသွားတော့၏။
အသံထက် မြန်သော အရှိန်ဖြင့် ပျောက်ကွယ်သွားလေ၏။
“အဆင့်... အဆင့်မြင့် ဝိညာဉ်ကျောက်တုံး ပဲ”
ယဲ့ဖုန်းသည် စားပွဲပေါ်ရှိ ကျောက်တုံးကို ကြည့်ပြီး အသက်ရှူသွင်းလိုက်သည်။
‘ဒီကျောက်တုံး ရှိရင် `သံရည်ကျိုမီးဖို` ကို သုံးပြီး `အဆင့်မြင့် ဝိညာဉ်လက်နက်` တွေ ဖန်တီးလို့ ရပြီ။ အဆင့်မြှင့်တင်ခြင်း စွမ်းအင်တွေ စုဆောင်းပြီး `အထွတ်အထိပ်အဆင့် ဝိညာဉ်လက်နက်`အဖြစ် အမြန်ဆုံး အဆင့်မြှင့်တင်ရမယ်။’
“သွေးကြောသန့်စင်ဆေးလုံး တစ်လုံးကို `အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး` (၅၀) တန်တယ်... `အဆင့်မြင့် ဝိညာဉ်ကျောက်တုံး` တစ်တုံးက `အဆင့်နိမ့်` (၁) သောင်း နဲ့ ညီမျှတယ်... ဆေးလုံး (၂၀၀) စာပဲ ရှိသေးတယ်... ဒါပေမဲ့ ဒါက စရန်ပဲ ရှိသေးတာ... နောက်ထပ် ရောင်းရင် ပိုက်ဆံတွေ အများကြီး ရဦးမှာ”
ယဲ့ဖုန်း ကျောက်တုံးကို ကိုင်ကြည့်နေစဉ် ဘေးနားတွင် မွှေးပျံ့သော ရနံ့တစ်ခု ရောက်ရှိလာ၏။
“ဂိုဏ်းချုပ်... ဒါ စားချင်စရာကြီး”
ဟူဖေးဖေးသည် ကျောက်တုံးကို စိုက်ကြည့်နေပြီး နှုတ်ခမ်းသပ်ကာ တဖြည်းဖြည်း တိုးလာ၏။ ကိုက်စားတော့မည့်ဟန် ရှိသည်။
“မလုပ်နဲ့”
ယဲ့ဖုန်း အမြန် လက်ပြန်ရုပ်လိုက်ရာ ဟူဖေးဖေး လေကိုသာ ကိုက်မိလိုက်သည်။
ဒါ အဆင့်မြင့် ဝိညာဉ်ကျောက်တုံးလေ။
တလုပ်တည်းနဲ့ စားပစ်မလို့လား။
ပေါက်ကွဲသွားမှာ မကြောက်ဘူးလား။
ဟူဖေးဖေး နှုတ်ခမ်း စူရင်း ချွဲနွဲ့လိုက်သည်။ သူမ၏ အမွှေးပွပွ အမြီးလေးက ယဲ့ဖုန်းကို ပွတ်သပ်နေသဖြင့် ယားကျိကျိ ဖြစ်နေသည်။
“ကျောက်တုံးကို စားရင် ပေါက်ကွဲသွားမှာ မကြောက်ဘူးလား” ယဲ့ဖုန်းက `အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး` တစ်တုံး ထုတ်ပေးလိုက်သည်။ “ဒါ စားမလား”
ဟူဖေးဖေး ခေါင်းခါလိုက်သည်။
အဆင့်မြင့်ကိုမှ လိုချင်တာလား။
ဒါစားရင် `အဆင့်မြှင့်တင်ခြင်း စွမ်းအင်` ရလို့များလား။
'စနစ်... ဟူဖေးဖေးက အဆင့်မြင့် ဝိညာဉ်ကျောက်တုံး စားရင် စွမ်းအင်တက်လား'
[တီ..တီ.. ဂိုဏ်းချုပ် လျှို့ဝှက်ချက်ကို ရှာတွေ့သွားပါပြီ... ဟူဖေးဖေးဟာ `အဆင့်မြင့်` နဲ့ `အထွတ်အထိပ်အဆင့်` ဝိညာဉ်ကျောက်တုံးတွေ စားသုံးရင် `အဆင့်မြှင့်တင်ခြင်း စွမ်းအင်` ရရှိနိုင်ပါတယ် ]
ယဲ့ဖုန်း ကြောင်သွားသည်။
ဝိညာဉ်ကျောက်တုံးချင်း တူတူကို... ဘာလို့ အလယ်အလတ်အဆင့်ကျ မရတာလဲ။
အဆင့်မြင့် ကျောက်တုံးတွေမှာ တခြား ထူးခြားတဲ့ စွမ်းအင်တွေ ပါဝင်နေလို့များလား။