အခန်း (၂၉၂-၂၉၄)
Vol. 20 Ch. 292-294
အခန်း (၂၉၂) - မြေခွေးအမြီးထဲမှ ဝှက်ထားသော ဟင်းလင်းပြင် နယ်မြေ
~“မင်းသမီးလေး... `အထွတ်အထိပ်အဆင့် ဝိညာဉ်ကျောက်တုံး` စားမလား”
ယဲ့ဖုန်းသည် ကျောက်တုံးကို ကိုင်လျက် ဟူဖေးဖေးရှေ့တွင် ယမ်းပြနေသည်။ သူမ၏ မျက်လုံးကြီးများက ကျောက်တုံးနောက်သို့ လိုက်နေပြီး စိတ်အားထက်သန်နေသော အမူအရာ ပေါ်နေသည်။
“စားမယ်”
ဟူဖေးဖေး နှုတ်ခမ်းသပ်ပြီး ခေါင်းတငြိမ့်ငြိမ့် လုပ်နေသည်။
“ဒါပေမဲ့ ဒါက ငါ့မှာ ရှိတဲ့ တစ်ခုတည်းသော အထွတ်အထိပ်အဆင့် ကျောက်တုံးကွ” ယဲ့ဖုန်း နှမြောနေသည်။ မပေးချင်ပေ။
သို့သော် ဟူဖေးဖေးသည် လက်ရှိ သူ၏ အားအကိုးရဆုံး အင်အားစု ဖြစ်နေတာကို သတိရသွားပြီး တိတ်ဆိတ်သွားသည်။ လက်ဖက်ရည် တစ်ဝက်လောက် သောက်ပြီးမှ နောက်ဆုံးတွင် ပေးလိုက်သည်။
“ရော့... စားလိုက်”
ယဲ့ဖုန်း ပြောလိုက်သည်။
‘ကျောက်တုံးက လက်ထဲမှာတောင် မနွေးသေးဘူး၊ ကုန်သွားပြီ။ ဒါပေမဲ့ ဟူဖေးဖေး အဆင့်တက်သွားရင် တန်ပါတယ်။
ဝိညာဉ်ကျောက်တုံး ဆိုတာ သုံးဖို့ပဲလေ။’
“ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ်”
ဟူဖေးဖေး၏ နှုတ်ခမ်းနုနုလေးက ယဲ့ဖုန်း၏ ပါးပြင်ကို ဖွဖွလေး ထိလိုက်သည်။ ထို့နောက် ကျောက်တုံးကို လက်နှစ်ဖက်ဖြင့် ပွေ့ဖက်ထားပြီး နှာခေါင်းနား ကပ်ကာ အနံ့ခံလိုက်သည်။ အလွန် ပျော်ရွှင်နေပုံ ရသည်။
“ဟင်...”
ယဲ့ဖုန်း ပါးကို စမ်းလိုက်ပြီး မျက်လုံးပြူးသွားသည်။
ဟူဖေးဖေးက မြေခွေးမလေးရဲ့ `မူလဝိညာဉ်` ကို ပိုင်ဆိုင်ထား၏။ ခန္ဓာကိုယ်က ဝိညာဉ်လက်နက် ဖြစ်သော်လည်း၊ တိတိကျကျ ပြောရလျှင် သက်ရှိတစ်ပိုင်း ဟု ပြော၍ ရသည်။
ထို့ကြောင့် ယဲ့ဖုန်း ရဲရင့်သည့် အတွေးတစ်ခု ဝင်သွားသည်။
သို့ရာတွင်၊ နောက်တစ်ခဏမှာ တစ်ခုခုကို သတိရသွားပြီး ကြက်သီးထသွားကာ ထိုအတွေးကို ချက်ချင်း ဖျောက်ပစ်လိုက်တော့သည်။
လှည့်ကြည့်လိုက်ရာ ကျောက်တုံးမှ ထူးခြားသော အငွေ့အသက်များ ထွက်ပေါ်လာသည်။ ၎င်းစွမ်းအားက ရောင်စုံအလင်းတန်းများအဖြစ် ပြောင်းလဲကာ ဟူဖေးဖေး၏ အသက်ရှူတိုင်း ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသည်ကို တွေ့လိုက်ရတော့၏။
[ဟူဖေးဖေး၏ အဆင့်မြှင့်တင်ခြင်း စွမ်းအင် - ၁၁ ရာခိုင်နှုန်း]
...
[ဟူဖေးဖေး၏ အဆင့်မြှင့်တင်ခြင်း စွမ်းအင် - ၁၅ ရာခိုင်နှုန်း]
[ဟူဖေးဖေး၏ အဆင့်မြှင့်တင်ခြင်း စွမ်းအင် - ၂၀ ရာခိုင်နှုန်း]
ကျောက်တုံးတစ်ခုလုံး စုပ်ယူပြီးသွားသောအခါ စွမ်းအင် (၂၀) ရာခိုင်နှုန်းအထိ ရောက်ရှိသွားသည်။ တိုးတက်မှု ရှိပေမဲ့ ယဲ့ဖုန်း မျက်လုံးပြူးသွားသည်။
“အထွတ်အထိပ်အဆင့် ကျောက်တုံး တစ်တုံးလုံး ကုန်တာတောင် (၁၀) ပုံ (၁) ပုံပဲ တက်တာလား... ဆိုလိုတာက... `ကနဦး အထွတ်အထိပ်အဆင့်` ကနေ `အဆင့်မြင့်` ရောက်ဖို့ ကျောက်တုံး (၁၀) တုံး လိုတယ်ပေါ့”
“ဈေးကြီးလိုက်တာကွာ”
ယဲ့ဖုန်း တွက်ချက်ကြည့်ပြီး ထိတ်လန့်သွား၏။
‘ဟူဖေးဖေးကို ပြုစုပျိုးထောင်ရတာ ပိုက်ဆံမီးရှို့နေသလိုပဲ။ ကြည့်ရတာ သူ့ကို အပြင်ခေါ်သွားပြီး တိုက်ခိုက်ခိုင်းမှ ရတော့မယ်။ သူများတွေရဲ့ စွမ်းအင်ကို စုပ်ယူခိုင်းတာက ပိုတွက်ခြေကိုက်မယ်။’
`ခွပ်...`
ဟူဖေးဖေး လက်ထဲမှ ကျောက်တုံး ကွဲကြေသွားပြီး ဖုန်မှုန့်များအဖြစ် ပြောင်းလဲကာ လေထဲတွင် လွင့်ပါသွားလေ၏။
“ဂိုဏ်းချုပ်... ကျွန်မ ပိုသန်မာလာသလို ခံစားရတယ်”
ဟူဖေးဖေးသည် ဘေ့စ်ဘော ရိုက်တံနှင့် တူသော တုတ်တိုလေးကို ထုတ်ယူလိုက်ပြီး လေထဲတွင် ဝှေ့ယမ်းပြလိုက်သည်။ လေခွင်းသံများ ထွက်ပေါ်လာ၏။
“အို... ဂိုဏ်းချုပ်... ဘာလို့ စိတ်မပျော်မရွှင် ဖြစ်နေတာလဲ” ဟူဖေးဖေး စပ်စုလိုက်သည်။
ယဲ့ဖုန်းမှာ ဘာမှ ပြန်မပြောပေ။
ကျောက်တုံးတစ်တုံး ကုန်သွားတာတောင် (၁၀) ပုံ (၁) ပုံပဲ တက်လို့ ဘယ်လိုလုပ် ပျော်နိုင်မှာလဲ။
ယဲ့ဖုန်း စိတ်ထဲက ညည်းတွားလိုက်သည်။
“ဂိုဏ်းချုပ် မပျော်ရင် ပန်းပွင့်လေး ပေးမယ်”
ဟူဖေးဖေးသည် အမြီးကို လှုပ်ခါလိုက်ရာ မွှေးပျံ့သော အဖြူရောင် ပန်းပွင့်လေးတစ်ပွင့် ထွက်ကျလာ၏။ ကောက်ယူပြီး ယဲ့ဖုန်းကို ပေးလိုက်သည်။
“မင်းအမြီးထဲမှာ ဘာတွေ ဝှက်ထားသေးလဲ”
ယဲ့ဖုန်း သိချင်စိတ် ဖြစ်သွားသည်။
ပထမက တုတ်တို၊ အခု ပန်းပွင့်။ ဟူဖေးဖေးရဲ့ အမြီးထဲမှာ `သိုလှောင်ရာ နယ်မြေ`ရှိနေတာ သေချာသလောက်ပင်။
“အမ်...”
ဟူဖေးဖေး စကားမပြောနိုင်တော့ပေ။ လက်ညှိုးလေးကို နှုတ်ခမ်းပေါ် တင်ပြီး စဉ်းစားနေသည်။ ခဏကြာမှ ပြန်ဖြေသည်။
“ပေါက်ကွဲစေတတ်တဲ့ တုတ်တို ရယ်... ပန်းပွင့်လေး ရယ်... ပြီးတော့ အရမ်းကျယ်တဲ့ နေရာလွတ်ကြီး တစ်ခု ရှိတယ်”
“ဟေ...”
ယဲ့ဖုန်းသည် ဟူဖေးဖေး၏ အမြီးကို ဖမ်းဆွဲလိုက်ပြီး စစ်ဆေးလိုက်ရာ ရုတ်တရက် ပျောက်ကွယ်သွားလေ၏။
နောက်တစ်ခဏတွင်... ယဲ့ဖုန်းသည် ထူးဆန်းသော စက်လုံးပုံသဏ္ဍာန် နယ်မြေတစ်ခုထဲသို့ ရောက်ရှိသွားလေ၏။
အချင်း မီတာရာချီ ကျယ်ဝန်းပြီး ရောင်စုံမြူခိုးများ ဝန်းရံထားသည်။ ဖြတ်သန်းသွားရန် ကြိုးစားသော်လည်း မမြင်ရသော အတားအဆီးတစ်ခုက တားဆီးထားသည်။
သူ လှည့်ကြည့်လိုက်ရာ အလယ်ဗဟိုတွင် လွင့်မျောနေသော ကျွန်းငယ်လေး တစ်ခုကို တွေ့လိုက်ရသည်။
အချင်း မီတာ (၃၀) ခန့် ရှိပြီး ပြောင်းပြန်လှန်ထားသော ကတော့ပုံစံ ဖြစ်သည်။ အပေါ်ဘက်တွင် ပြန့်ပြူးနေပြီး ပန်းပွင့်ဖြူလေးများ ဖုံးလွှမ်းနေသည်။ အလယ်တွင် သစ်သားအိမ်လေး တစ်လုံး ရှိသည်။
`ကျွီ...`
နုနယ်သော ပုံရိပ်တစ်ခု တံခါးဖွင့်ထွက်လာပြီး ယဲ့ဖုန်းအပေါ်သို့ ခုန်တက်လိုက်၏။
“ဂိုဏ်းချုပ်... နောက်ဆုံးတော့ ကျွန်မရဲ့ ကိုယ်ထဲကို ဝင်လာပြီပေါ့”
ယဲ့ဖုန်း ငုံ့ကြည့်လိုက်ရာ အရပ် (၁) မီတာ (၆၀) ခန့်သာ ရှိသော မိန်းကလေးကို တွေ့လိုက်ရသည်။ ဟူဖေးဖေးနှင့် တစ်ပုံစံတည်း တူသည်။ ဒါ သူမရဲ့ `မူလဝိညာဉ်` ပဲ။
“မင်းရဲ့ မူလဝိညာဉ်က အမြီးထဲမှာ ရှိနေတာလား”
ယဲ့ဖုန်း အံ့သြသွားသည်။
ပုံမှန်ဆိုရင် မူလဝိညာဉ်က မျက်ခုံးနှစ်ခုကြားက `ဝိညာဉ်ပင်လယ်` ထဲမှာ ရှိရမှာလေ။
“ကျွန်မလည်း မသိဘူး”
ဟူဖေးဖေး ခေါင်းခါလိုက်သည်။ ယဲ့ဖုန်းကို ဆွဲခေါ်သွားပြီး `အသေးစား ကောင်းကင်ဘုံ လှိုဏ်ဂူ ကမ္ဘာ` ကို လက်ညှိုးထိုးပြလိုက်သည်။
“ဂိုဏ်းချုပ်... ကြည့်စမ်း... ဒါ ကျွန်မ ရှာဖွေတွေ့ရှိထားတဲ့ နယ်မြေလေ”
ယဲ့ဖုန်း ဘာပြောရမှန်း မသိတော့ပေ။
သူသည် ဟူဖေးဖေး၏ မူလဝိညာဉ်ကို ပွတ်သပ်ကြည့်လိုက်ရာ ထိတွေ့၍ ရကြောင်း သိလိုက်ရ၏။
“မူလဝိညာဉ် ဆိုတော့ ထိလို့ရတာ မဆန်းပါဘူး... နေပါဦး... မူလဝိညာဉ်လား”
ယဲ့ဖုန်း အသက်ပြင်းပြင်း ရှူလိုက်ပြီး ဟူဖေးဖေးကို စိုက်ကြည့်လိုက်သည်။
သောက်ကျိုးနည်း... မူလဝိညာဉ်တဲ့လား။
`မူလနတ်ဘုရား အဆင့်` ရောက်မှ မူလဝိညာဉ် ဖွဲ့စည်းနိုင်တာ မဟုတ်ဘူးလား။
ဟူဖေးဖေးက တစ်ချိန်တုန်းက `မူလနတ်ဘုရား အဆင့်` ပညာရှင် ဖြစ်ခဲ့တာများလား။
ယဲ့ဖုန်း တုန်လှုပ်သွားပြီး စနစ်ကို မေးလိုက်သည်။
'စနစ်... ဟူဖေးဖေးရဲ့ ဝိညာဉ်က တကယ်ပဲ `မူလနတ်ဘုရား အဆင့်` မြေခွေးမလေးရဲ့ မူလဝိညာဉ်လား'
[မဟုတ်ပါ]
'ဟေ... ဒါဆို `ဟင်းလင်းပြင် ဖြိုခွဲ အဆင့်`များလား'
[မဟုတ်ပါ]
'ဒါဆို `ရှေးဟောင်း သူတော်စင်`လား'
[ဒါလည်း မဟုတ်ပါ]
“ထားလိုက်ပါတော့... မူလဝိညာဉ် ဖြစ်ရင် ပြီးတာပဲ” ယဲ့ဖုန်း ဆက်မမေးတော့ပေ။
သူ့အပေါ် တွယ်ကပ်နေသော ဟူဖေးဖေးကို ခွာလိုက်ပြီး သစ်သားအိမ်လေးထဲသို့ ဝင်ကြည့်လိုက်သည်။ အိပ်ရာ၊ ဗီရို၊ စာအုပ်စင် အားလုံး ပန်းရောင်တွေချည်း ဖြစ်နေသည်။
မင်းသမီးလေး အခန်းပဲ။
ဒါ ယဲ့ဖုန်းရဲ့ ပထမဆုံး ခံစားချက် ဖြစ်ပါသည်။
ထူးခြားတာ ဘာမှ မတွေ့ရသဖြင့် စိတ်ဝင်စားမှု လျော့သွားပြီး ဟူဖေးဖေး၏ နယ်မြေထဲမှ ထွက်ခွာကာ ဂိုဏ်းချုပ် ခန်းမဆောင်သို့ ပြန်ရောက်လာခဲ့သည်။
“ဂိုဏ်းချုပ်... ကျွန်မရဲ့ နယ်မြေကို သဘောကျရဲ့လား” ဟူဖေးဖေး မေးလိုက်သည်။
“မဆိုးပါဘူး” ယဲ့ဖုန်း ခေါင်းငြိမ့်ပြလိုက်၏။
သူ အပြင်ထွက်လိုက်ပြီး တပည့်များကို သင်ကြားပေးနေသော ကုန်းချင်းချိုးကို ရှာတွေ့လိုက်သည်။ စာရင်းတစ်ခု ပေးလိုက်သည်။
“အကြီးအကဲကုန်း... ဒါ `သွေးကြောသန့်စင်ဆေးလုံး` ဖော်စပ်နည်းပဲ... ကုန်ကြမ်း (၂၀၀) စာလောက် အရင် ဝယ်လိုက်ပါ”
ယဲ့ဖုန်းသည် ဝိညာဉ်ကျောက်တုံး (၁) သောင်းကျော် ထားခဲ့လိုက်သည်။
“ဝိညာဉ်ကျောက်တုံးတွေ အများကြီးပဲ”
တပည့်များ ဝိုင်းကြည့်ကြပြီး အနံ့ခံကြည့်ကြရာ လန်းဆန်းသွားကြတော့၏။
...
မိုင် (၁၀) ဂဏန်း အကွာ...
`စီးဆင်းနေသော ရေမြစ်` အနီးရှိ ချိုင့်ဝှမ်း တစ်ခုတွင်...
လီဟန်ရှောင်သည် ကျောက်ဆစ်သမားများ အလုပ်လုပ်နေသည်ကို ကြည့်ပြီး တဟီးဟီး ရယ်လိုက်သည်။
“ဒီနှုန်းအတိုင်းဆိုရင် (၅) ရက်အတွင်း ပြီးမှာ သေချာတယ်... စောင့်ရှောက်သူက ဆုချမှာပဲ”
“သေချာတာပေါ့” ဝူတယ်က.. လက်ဖဝါးနှစ်ဖက်ကို ပွတ်လိုက်၏။
`ခန္ဓာကိုယ် သန့်စင်ဆေးလုံး` နှင့် `မူလခိုင်မာဆေးလုံး` ရမည့် အရေး တွေးပြီး ပျော်နေကြ၏။ ဝါးခြမ်းပြားကို ကိုင်ပြီး အလုပ်သမားများကို စေခိုင်းလိုက်ကြ၏။
ဤနေရာတွင်သာ မကသေး။ မြင့်မြတ်လေဓားဂိုဏ်း၏ ပတ်ဝန်းကျင် မိုင်ထောင်ချီသော နယ်မြေအတွင်း၌ ဤကဲ့သို့သော နတ်ဆိုးချုပ်နှောင်မျှော်စင်ပေါင်း ရာနှင့်ချီ၍ ရှိနေသည်။
ယခင်က တည်ဆောက်ထားခဲ့ပြီးသော မျှော်စင်ဟောင်းများနှင့် ပေါင်းစပ်လိုက်လျှင်မူ ဆန်းကြယ်နက်နဲလှသည့် ဝင်္ကပါကြီး တစ်ခု ဖြစ်လာလိမ့်မည်။
အကယ်၍ ဝင်္ကပါဆရာသခင် တစ်ဦးဦးသာ ဤမြင်ကွင်းကို မြင်တွေ့သွားခဲ့ပါက အံ့အားသင့်သွားရမည်မှာ သေချာ၏။
အကြောင်းကတော့.. အတွင်း၌ ကြောက်မက်ဖွယ်ကောင်းလှသော လျှို့ဝှက်ချက်ကြီးများ ပါဝင်နေသောကြောင့် တည်း။
...
(၃) ရက် ကြာပြီးနောက်...
ကုန်းချင်းချိုးသည် ကုန်ကြမ်းများ အားလုံး စုဆောင်းပြီးပြီ ဖြစ်သည်။
ယဲ့ဖုန်းသည် `ပုံရိပ်ယောင် ဆေးပေါင်းအိုး`အား ထုတ်လိုက်ပြီး ကုန်းချင်းချိုး၏ အံ့သြနေသော မျက်လုံးများရှေ့တွင် ကုန်ကြမ်း (၁၀၀) စာကို အိုးထဲသို့ ပစ်ထည့်လိုက်သည်။
“ဒါ... ဒါ ဆေးဖော်နေတာလား”
ကုန်းချင်းချိုး ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။
ပိုပြီး အံ့သြစရာ ကောင်းတာက ယဲ့ဖုန်းက မီးဖိုကို ထိတောင် မထိဘဲ ပတ်ဝန်းကျင်က ဝိညာဉ်စွမ်းအင်တွေကို စုပ်ယူပြီး အလိုအလျောက် ဆေးဖော်နေခြင်းပင်။
“ဝမ်ဖင်းအန်းရဲ့ `ဒယ်အိုး ဆေးချက်နည်း` က ထူးဆန်းတယ် ဆိုရင်... ဂိုဏ်းချုပ်ယဲ့ရဲ့ `အလိုအလျောက် ဆေးဖော်နည်း` က ပိုပြီး နက်နဲတယ်... နားကို မလည်နိုင်တော့ဘူး”
ကုန်းချင်းချိုး နဖူးကို နှိပ်နယ်လိုက်မိသည်။ ဗဟုသုတအသစ် တစ်ခု တိုးလာပြန်ပြီလေ။
တစ်နေ့တာ ကုန်ဆုံးသွားသည်။
ယဲ့ဖုန်းသည် ဆေးလုံး (၂၀၀) ဖော်စပ်ပြီးစီးသွားပြီး သေတ္တာ (၂) လုံးထဲတွင် ထည့်လိုက်သည်။
“ဒီဆေးလုံးတွေကို ဂိုဏ်းချုပ်ကြီး လျူမင်ဆီ ရောင်းရမယ်... တစ်လုံးကို `အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး` (၁၀၀) နဲ့ ရောင်းမယ်... တန်ပါတယ်” ယဲ့ဖုန်း ရေရွတ်လိုက်သည်။
အရင်းက (၅၀) ဆိုတော့ နှစ်ဆလောက် မြတ်ရင် တော်ပြီပေါ့။
“ရောင်းဈေးက အရင်းရဲ့ နှစ်ဆပဲလား”
ကုန်းချင်းချိုး သံသယ ဝင်သွားသည်။
“ကျွန်မ အမြင်အရဆိုရင် အနည်းဆုံး (၅) ဆလောက် တင်ရောင်းသင့်တယ်... တစ်လုံးကို (၂၅၀) လောက်ပေါ့”
သူမက ကုန်ကြမ်းဝယ်ရသူ ဆိုတော့ ဈေးနှုန်းတွေကို သိနေသည်။ (၁၀၀) ဆိုတာ သက်သာလွန်းသည်ဟု ထင်နေသည်။
ထိုစကားကို ကြားတော့၊ ယဲ့ဖုန်း ကုန်းချင်းချိုးကို အံ့သြစွာ ကြည့်လိုက်သည်။
ဒီအမျိုးသမီးက ငါ့ထက်တောင် ပိုပြီး စီးပွားရေး ခေါင်းကောင်းနေပါလား။
အခန်း (၂၉၃) - စိတ်လှုပ်ရှားနေသော လျူမင်နှင့် ထုန်ဖန်းမြို့တော်သို့ ခရီးစဉ်
~“အကြီးအကဲကုန်း... (၅) ဆက နည်းနည်း များလွန်းတယ် မဟုတ်လား”
ယဲ့ဖုန်း ပေါ့ပေါ့ပါးပါး မေးလိုက်သည်။
သွေးကြောသန့်စင်ဆေးလုံးကို အောင်မြင်စွာ ဖော်စပ်ပြီးနောက် နောင်တစ်ချိန်မှာ စီးပွားဖြစ် ရောင်းချဖို့ စဉ်းစားနေခြင်း ဖြစ်သည်။
အိုးရန်ဖုန်းနှင့် အိုးရန်ယွီ မောင်နှမ နှစ်ယောက်က စာရင်းကိုင်နှင့် စီးပွားရေးမှာ တော်ကြတာမို့ အနာဂတ်မှာ ဂိုဏ်းရဲ့ ကုန်သွယ်ရေး လုပ်ငန်းတွေကို တာဝန်ပေးဖို့ ဆုံးဖြတ်ထားသည်။
ယခုချိန်မှာတော့ သူတို့က ငယ်လွန်းသေးသည်။ ဂိုဏ်းကလည်း ထိုအဆင့် မရောက်သေးပါ။
“ဂိုဏ်းချုပ်... သွေးကြောသန့်စင်ဆေးလုံးက ဝိညာဉ်သားရဲတွေရဲ့ သွေးကြောကို အကန့်အသတ်မရှိ သန့်စင်ပေးနိုင်ပြီး အလားအလာကို မြှင့်တင်ပေးနိုင်တယ်လေ... (၅) ဆကနေ (၁၀) ဆလောက်အထိ တင်ရောင်းတာ ပြဿနာ မရှိပါဘူး”
ကုန်းချင်းချိုး ဆက်ပြောလာသည်။
“ဒါပေမဲ့ ဂိုဏ်းချုပ်ကြီး လျူမင်က ကျွန်မတို့ မြူခိုးဂိုဏ်းအပေါ် ကျေးဇူးရှိတော့... (၃) ဆ၊ (၄) ဆလောက်ပဲ ယူရင် ကောင်းမယ် ထင်ပါတယ်”
“ကောင်းတယ်” ယဲ့ဖုန်း ချီးကျူးလိုက်သည်။
သူ့အတွေးနှင့် ထပ်တူကျနေသည်။
“ဒါဆို အတည်ပဲ... အရင်းရဲ့ (၄) ဆ ယူမယ်... တစ်လုံးကို `အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး` (၂၀၀)... အလုံး (၂၀၀) ဆိုတော့ (၄) သောင်း ပေါ့”
ယဲ့ဖုန်း ဈေးသတ်မှတ်လိုက်သည်။
“ဟုတ်ကဲ့ပါ” ကုန်းချင်းချိုး ခေါင်းငြိမ့်လိုက်သည်။
မြူခိုးဂိုဏ်းမှာ ဝိညာဉ်ကျောက်တုံးတွေ အများကြီး ရှိနေပြီ ဖြစ်သော်လည်း ၊ ယဲ့ဖုန်းက ဆေးလုံးတွေ အများကြီး ထုတ်ဖို့ အစီအစဉ် မရှိသေးပေ။
ဂိုဏ်းစောင့် သားရဲတွေ ဖြစ်သော ရေပေါ်ဖြူ နတ်သားငါးပါး၊ မြေခွေးဖြူလေး၊ အစ်ကိုကြီး ခေါင်းပြား၊ ရွှေရောင်ရှဥ့်လေး စတာတွေက `အဆင့်မြင့် နတ်ဆိုးစစ်သည် အထွတ်အထိပ်`သို့ ရောက်ခါနီးလေပြီ။
သည်အဆင့်မှာ ဆေးလုံး မလိုသေးပါ။ ကိုယ့်သွေးမျိုးဆက်နှင့်တင် အဆင့်တက်လို့ ရသေးသည်။
`နတ်ဆိုးဗိုလ်ချုပ်`အဆင့် ရောက်မှ ဆေးလုံး လိုအပ်လာမည် ဖြစ်ပါ၏။
“ဂိုဏ်းချုပ်ကြီး လျူမင် ကို အကြောင်းကြားလိုက်ပါ”
“ဟုတ်ကဲ့ပါ”
မဆိုင်းမတွပင်၊ ကုန်းချင်းချိုးသည် မိုးမခရွက်စိမ်း တစ်ရွက်ကို ထုတ်ယူလိုက်ပြီး လေထဲသို့ ပစ်လွှတ်လိုက်သည်။ သစ်ရွက်သည် အစိမ်းရောင် ဓားသွားအဖြစ် ပြောင်းလဲသွားပြီး ခရိုင်ဘုရင်မြို့တော် ဘက်သို့ ပျံသန်းသွားလေ၏။
နောက်တစ်နေ့ နံနက်တွင်...၊
“ဂိုဏ်းချုပ်ယဲ့... ဆေးလုံးတွေ ရပြီလား”
လျူမင် ကိုယ်တိုင် ရောက်ရှိလာသည်။ ယဲ့ဖုန်း၏ မျက်နှာ ညှိုးနွမ်းနေသည်ကို တွေ့လိုက်ရသဖြင့် အံ့သြသွားသည်။
“ဂိုဏ်းချုပ်ယဲ့... ဘာဖြစ်တာလဲ”
“ဘာမှ မဖြစ်ပါဘူး... ဆေးဖော်ရတာ ကြာလို့ ပင်ပန်းသွားတာပါ” ယဲ့ဖုန်း အသံအက်အက်ဖြင့် ဖြေလိုက်သည်။ လူတိုင်း ယုံသွားအောင် သရုပ်ဆောင်လိုက်ခြင်း ဖြစ်သည်။
အကယ်၍ တစ်ရက်ကို အလုံး (၂၀၀) ထုတ်နိုင်တယ် ဆိုတာ သိသွားလျှင် နေ့တိုင်း လာပူဆာနေမှာ စိုးရိမ်သော ကြောင့်ပါ။
ထို့ကြောင့် ပင်ပန်းချင်ယောင်ဆောင်ပြရသည်ပင်။
လျူမင်သည် ကျန်းမာရွှင်လန်းနေသော ကုန်းချင်းချိုးနှင့် ဟူဖေးဖေး တို့ကို ကြည့်ပြီး အဓိပ္ပါယ်ပါပါ ပြောလိုက်သည်။
“ဂိုဏ်းချုပ်ယဲ့... များများ နားပါ... ဆေးဖော်တာ ဖြည်းဖြည်းလုပ်လို့ ရပါတယ်... ပြီးတော့... တချို့ကိစ္စတွေကို လျှော့လုပ်ပါ”
ယဲ့ဖုန်း သွေးအန်ချင်သွားသည်။
ကုန်းချင်းချိုးမှာ မျက်နှာရဲသွားပြီး ခေါင်းငုံ့လိုက်လေ၏။
ဟူဖေးဖေး ကတော့ နားမလည်သဖြင့် အေးဆေး တည်ငြိမ်စွာဖြင့် လက်ဖက်ရည် ဖျော်ပေးနေသည်။
“ထားလိုက်ပါတော့... ဒီမှာ ဆေးလုံး (၂၀၀) ပါ... ဂိုဏ်းချုပ်ကြီး အကုန် ယူသွားလို့ ရပါတယ်”
ယဲ့ဖုန်းသည် သေတ္တာနှစ်လုံးကို ဖွင့်ပြလိုက်သည်။ ကြာပန်းရနံ့များ သင်းပျံ့သွားသည်။
“အရည်အသွေး ကောင်းလိုက်တာ... အာနိသင်လည်း ကောင်းမှာ သေချာတယ်... ဒါပေမဲ့ (၂၀၀) တောင်လား... များလိုက်တာ... ကျွန်တော် ဒီနေ့ ဝိညာဉ်ကျောက်တုံး အလုံအလောက် မပါလာဘူးဗျ” လျူမင် ခေါင်းကုတ်လိုက်သည်။
“ဟင်...” ယဲ့ဖုန်း ကြောင်သွားသည်။
“ဒါပဲ ပါလာတယ်”
လျူမင်သည် အိတ်တစ်လုံးကို စားပွဲပေါ် တင်လိုက်သည်။ ဝိညာဉ်စွမ်းအင်များ ပေါက်ကွဲထွက်ပေါ်လာပြီး ပတ်ဝန်းကျင် တစ်ခုလုံး စွမ်းအင်သိပ်သည်းဆ (၁၀) ဆ ခန့် တိုးတက်သွားသည်။
ဟူဖေးဖေး မျက်လုံးပြူးသွားသည်။ `ငါ စားချင်တယ်` ဆိုသည့် အကြည့်ဖြင့် ကြည့်နေသည်။
“ကျောက်တုံး (၁) သိန်းလောက်ပဲ ပါတာ... လောက်ပါ့မလား” လျူမင် တိုးတိုးလေး မေးလိုက်သည်။
ယဲ့ဖုန်းနှင့် ကုန်းချင်းချိုး မျက်လုံးချင်း ဆုံသွားပြီး မျက်ရည်ကျမတတ် ဖြစ်သွားကြ၏။
‘(၁) သိန်းကို `လောက်ပဲ` တဲ့လား။
`ဝိညာဉ်ပင်လယ်အဆင့်` ပညာရှင်ကြီးတွေရဲ့ ကြွယ်ဝမှုက ကြောက်စရာ ကောင်းလိုက်တာ။
သာမန်လူတွေနဲ့ ကွာခြားလွန်းတယ်။’
ယဲ့ဖုန်း စကားမပြောနိုင်တော့ပေ။
ခဏအကြာမှ စိတ်ကို တည်ငြိမ်အောင် ထားပြီး ပြောလိုက်သည်။
“ဂိုဏ်းချုပ်ကြီး... တစ်ခုခု နားလည်မှုလွဲနေတာများလား... ဥပမာ... ဆေးလုံးတစ်လုံးရဲ့ ရောင်းဈေး ဆိုတာမျိုး”
“နားလည်မှုလွဲတယ် ဟုတ်လား”
လျူမင် မျက်မှောင်ကြုတ်လိုက်သည်။
“သွေးကြောသန့်စင်ဆေးလုံးရဲ့ အာနိသင်က အရမ်းကောင်းတယ်... ကျွန်တော့် သွေးကြောကိုတောင် သန့်စင်ပေးနိုင်တယ်... ဆိုတော့ အနည်းဆုံး တစ်လုံးကို (၁၀၀၀) လောက်တော့ တန်မှာပေါ့... အလုံး (၂၀၀) ဆိုတော့ (၂) သိန်းလောက် ကျမှာလေ”
“ဪ... ဂိုဏ်းချုပ်ကြီးက ဈေးပိုတွက်ထားတာကိုး”
ယဲ့ဖုန်း သဘောပေါက်သွားသည်။ ကုန်းချင်းချိုးကို ကြည့်လိုက်သည်။ ငါတို့ ဈေးလျှော့ထားမိတာပဲ။ အပြင်မှာ ရောင်းရင် တစ်လုံး (၁၀၀၀) ကျော် ရနိုင်တာ သေချာသွားပြီ။
“ဂိုဏ်းချုပ်ကြီးက မိတ်ဆွေမို့လို့ `အတွင်းဈေး` နဲ့ပဲ ပေးပါမယ်... တစ်လုံးကို (၂၀၀) ပါ... အလုံး (၂၀၀) ဆိုတော့ (၄) သောင်းပါပဲ... စရန်နှုတ်ပြီး (၃) သောင်းပဲ ပေးရင် ရပါပြီ”
ယဲ့ဖုန်း သူငယ်ချင်းကို မလိမ်ချင်ပေ။
(၄) ဆ မြတ်နေပြီပဲ။ တော်ပါပြီ။
“မဖြစ်ဘူး... သက်သာလွန်းတယ်... စားရတာ အားနာစရာကြီး”
လျူမင် ခေါင်းခါလိုက်သည်။
`အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး` (၃၀၀) နှင့် `အဆင့်မြင့် ဝိညာဉ်ကျောက်တုံး` (၂) တုံး ထပ်ပေါင်းပေးလိုက်သည်။ စုစုပေါင်း `အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး` (၅) သောင်း နှင့် ညီမျှလေသည်။
ယဲ့ဖုန်း သတ်မှတ်ထားသော ဈေးထက် အများကြီး ပိုနေပါဧ။်။
“ဂိုဏ်းချုပ်ယဲ့... နောက်ထပ် ဆေးရရင် အကြောင်းကြားပါဦး... သွားလိုက်ပါဦးမယ်”
ပြောပြောဆိုဆိုနှင့် ၊ လျူမင်သည် လက်ဝှေ့ယမ်းပြီး ဆေးလုံးများကို သိမ်းဆည်းကာ ကောင်းကင်သို့ ပျံတက်သွားလေ၏။
ယဲ့ဖုန်းသည် စားပွဲပေါ်မှ ကျောက်တုံးများကို ကြည့်ပြီး စဉ်းစားနေမိသည်။
‘လျူမင်က ဖြုန်းတီးတတ်တဲ့သူလား။
နတ်ဆိုးဘုရင် တစ်ပါးအနေနဲ့ “သက်သာလွန်းလို့ စားရတာ အားနာတယ်” ဆိုတဲ့ အတွေးမျိုး ရှိမှာ မဟုတ်ဘူး။
သူ့ အမြင်အရဆိုရင်... လျူမင်က မြူခိုးဂိုဏ်းနဲ့ ဆက်ဆံရေး ကောင်းအောင် တမင် ပိုပေးတာ ဖြစ်မယ်။ နောင်ကျရင် ဆေးလုံးတွေ ဆက်ရနိုင်အောင်လို့။’
“ဂိုဏ်းချုပ်ကြီးက အကြံနက်တာပဲ”
ယဲ့ဖုန်း ပြုံးလိုက်သည်။
`အလယ်အလတ်အဆင့်` (၃၀၀) ကို ကုန်းချင်းချိုးအား ပေးလိုက်ပြီး `အဆင့်မြင့်` (၂) တုံးကို ကိုယ်တိုင် ယူထားလိုက်သည်။
“အကြီးအကဲကုန်း... ဒါတွေ ဂိုဏ်းစရိတ်အတွက် သုံးလိုက်ပါ”
“ဟုတ်ကဲ့ပါ”
ကုန်းချင်းချိုး ထွက်ခွာသွားသည်။
“မင်း လိုချင်နေမှန်း သိပါတယ်... ရော့... ယူလိုက်” ယဲ့ဖုန်းက အဆင့်မြင့် ကျောက်တုံး (၂) တုံးကို ဟူဖေးဖေးအား ပေးလိုက်သည်။
“ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ်”
ဟူဖေးဖေး ဝမ်းသာအားရ ယူလိုက်ပြီး ချက်ချင်း စုပ်ယူလိုက်သည်။ အမြီးလေး တလှုပ်လှုပ်နှင့် သဘောကျနေ လေသည်။
[ဟူဖေးဖေး၏ အဆင့်မြှင့်တင်ခြင်း စွမ်းအင် - ၄၀ ရာခိုင်နှုန်း]
စွမ်းအင် (၄၀) ရာခိုင်နှုန်း ရောက်သွားသည်။ တစ်ဝက်နီးပါး ရှိနေပြီ ဖြစ်၏။
“ဂိုဏ်းချုပ်... ထပ်စားချင်သေးတယ်”
ဟူဖေးဖေး မဝသေးပေ။ စွမ်းအင်စုပ်ယူပြီးနောက် တစ်ကိုယ်လုံး နွေးထွေးနေပြီး ပန်းရောင်ဆံပင်များ ခါးလောက်ထိ ရှည်လာ၏။
“ထပ်စားရင် မင်း ဂိုဏ်းချုပ် မွဲသွားလိမ့်မယ်” ယဲ့ဖုန်း ငြင်းလိုက်တော့သည်။
ပထမအကြိမ် အရောင်းအဝယ်ကြောင့် မြူခိုးဂိုဏ်း ဝိညာဉ်ကျောက်တုံး အများအပြား ရရှိလိုက်သည်။
ကုန်းချင်းချိုးသည် ရှီလေ့နှင့် တပည့်များကို ဦးဆောင်ပြီး တောင်မြောက်ဘက်တွင် အဆောက်အအုံများ တိုးချဲ့ဆောက်လုပ်လိုက်တော့သည်။
*
ရက်အနည်းငယ် ကြာပြီးနောက်...၊
`စီးဆင်းနေသော ရေမြစ်`အနီးရှိ ချိုင့်ဝှမ်းတွင်...
လီဟန်ရှောင်နှင့် ဝူတယ် တို့သည် အသစ်ဆောက်လုပ်ပြီးစီးသော `နတ်ဆိုးချုပ်နှောင် မျှော်စင်` အတွင်းတွင် `အဆင့်မြင့် နတ်ဆိုးစစ်သည်` အဆင့်ရှိသော သားရဲတစ်ကောင်ကို သံကြိုး (၅) ချောင်းဖြင့် ချည်နှောင်ထားသည်ကို အံ့သြစွာ ကြည့်နေကြ၏။
“ဒါ မျှော်စင်ရဲ့ ရည်ရွယ်ချက်ကိုး”
`ကောင်းကင်ဝါးမြို နတ်ဆိုးဂိုဏ်း` စောင့်ရှောက်သူက အေးစက်စွာ ပြောလိုက်သည်။
“နတ်ဆိုးချုပ်နှောင် မျှော်စင် ဆိုမှတော့ နတ်ဆိုးချုပ်ဖို့ပေါ့... အိမ်သာဆောက်ဖို့မှ မဟုတ်တာ... ကဲ... ဒီနေ့ကစပြီး မင်းတို့နှစ်ယောက်က `မျှော်စင်သခင်`တွေ ဖြစ်သွားပြီ... ဒီနေရာကို စောင့်ရှောက်ရမယ်”
စောင့်ရှောက်သူသည် ဆေးပုလင်း (၂) လုံး ချပေးခဲ့ပြီး ထွက်ခွာသွားလေ၏။
“`ခန္ဓာကိုယ် သန့်စင်ဆေးလုံး` နဲ့ `အဆင့်နိမ့် မူလခိုင်မာဆေးလုံး` ပါလား”
“ကျေးဇူးတင်ပါတယ် စောင့်ရှောက်သူ”
လီဟန်ရှောင်နှင့် ဝူတယ် ဝမ်းသာအားရ ဖြစ်သွားကြ၏။
ရက်အနည်းငယ် ကြာပြီးနောက်...
`ပီယွဲ့ စံအိမ်` ၏ `နွေဦးပေါက် စုဝေးပွဲ` နီးကပ်လာပြီ ဖြစ်သည်။
မြူခိုးတောင်ထိပ်တွင်...
လုံချီထျန်းနှင့် ရှထျန်းထျန်း တို့သည် ဂိုဏ်းချုပ် ခန်းမဆောင် ရှေ့တွင် စောင့်ဆိုင်းနေကြ၏။
“ဝမ်းကွဲ... ဂိုဏ်းချုပ်ယဲ့ မရှိဘူးလား”
ထိုအခါ၊ လုံထျန်းရှင်းက ရှင်းပြလိုက်သည်။
“ဂိုဏ်းချုပ်နဲ့ စောင့်ရှောက်သူက အပြင်ထွက်ပြီး ကျင့်ကြံနေကြတယ်... ဒါကြောင့် ဒီတစ်ခါ ခရီးစဉ်ကို အကြီးအကဲ ကုန်းချင်းချိုး ဦးဆောင်ပါလိမ့်မယ်”
ယဲ့ဖုန်းနှင့် ဟူဖေးဖေး မလိုက်ဘူး ဆိုတော့ လုံချီထျန်းတို့. စိတ်ပျက်သွားကြ၏။
သို့သော်၊ ကုန်းချင်းချိုးကလည်း `ဂိုဏ်းချုပ်အဆင့်` ပညာရှင် တစ်ယောက် ဖြစ်သလို၊ အကြီးအကဲ တစ်ယောက်လည်း ဖြစ်တာမို့ ခေါင်းဆောင်ဖို့ လုံလောက်ပါသည်။
မကြာမီပင်၊ အားလုံး ခရီးထွက်ခွာသွားကြလေ၏။
အခန်း (၂၉၄) - ပီယွဲ့ စံအိမ်နှင့် နှစ်တစ်ထောင် မျှော်စင်
~မြူခိုးတောင်ထိပ်တွင် ကျားယွိလန်၊ လီကျောက်ကျောက်၊ ယွီဆု နှင့် ယွီဝေ တို့သည် ဝိညာဉ်ဆေးဥယျာဉ်နှင့် ဝိညာဉ်သားရဲများကို စောင့်ရှောက်ရန် ကျန်ရစ်ခဲ့ကြ၏။
ကျန်သောသူများ အားလုံးသည် ထုန်ဖန်းမြို့တော်သို့ ထွက်ခွာသွားကြ၏။
မြူခိုးတောင်ထိပ်မှ မိုင် (၅၀၀) အကွာ...။
ဤနေရာသည် ယွင်ရှောင် တောအုပ်နက် ၏ မြောက်ဘက် အစွန်ဆုံး ဖြစ်သည်။
တစ်နှစ်ပတ်လုံး မြူခိုးများ ဖုံးလွှမ်းနေသော တောင်တန်းကြီး၏ အနီးတွင် လူဦးရေ တစ်သိန်းကျော်ခန့်သာ နေထိုင်သော ရှေးဟောင်းမြို့တော်လေး တစ်ခု ရှိသည်။
လူဦးရေ မများသော်လည်း ရိုးသားကြ၏။
အရင်းအမြစ် ပေါကြွယ်ဝပြီး ကိုယ့်ဖာသာ ဖူလုံစွာ နေထိုင်ကြ၏။
ဒါကတော့ ထုန်ဖန်းမြို့တော် ပါပင်။
“ကျွန်မတို့ ပီယွဲ့ စံအိမ်က အပြင်မှာ မထင်ရှားပေမဲ့... မိုင် (၁၀၀) ပတ်လည်မှာတော့ ပြိုင်ဘက်ကင်းပါပဲ... ထုန်ဖန်းမြို့သားတွေက `နတ်ဘုရား နယ်မြေ`အဖြစ် သတ်မှတ်ထားကြတယ်”
ရှထျန်းထျန်း ရှင်းပြရင်း မြေပြင်ပေါ်သို့ ဆင်းသက်လိုက်သည်။
ထိုအချိန်တွင် အစိမ်းရောင် ဝတ်စုံနှင့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး လမ်းလျှောက်လာပြီး နှုတ်ဆက်လာသည်။
“ထျန်းထျန်း၊ လုံချီထျန်း... ရောက်လာကြပြီလား... ဒါ မြူခိုးဂိုဏ်းက အကြီးအကဲကုန်း မဟုတ်လား... ကြွပါ”
ဤလူသည် `ချီစုစည်းခြင်း အထွတ်အထိပ်` အဆင့်ရှိပြီး `တစ်ပိုင်း နတ်ဆိုးသားရဲ` နှင့် ယှဉ်နိုင်သော တိုက်ခိုက်ရေး စွမ်းရည် ရှိသည်။
“ဒါ ကျွန်တော့်အဖေရဲ့ သူငယ်ချင်း... ဦးလေး မုန်တင်းပါ... ပီယွဲ့ စံအိမ်ရဲ့ အိမ်တော်ထိန်းလည်း ဟုတ်ပါတယ်” လုံထျန်းရှင်း မိတ်ဆက်ပေးလိုက်သည်။
“အိမ်တော်ထိန်းမုန်... လမ်းပြပေးပါဦး” ကုန်းချင်းချိုး ခေါင်းငြိမ့်လိုက်သည်။
“မြူခိုးဂိုဏ်းက မိတ်ဆွေများ... လိုက်ခဲ့ကြပါ”
မုန်တင်းသည် `ဝိညာဉ်လှေ` တစ်စင်းကို ထုတ်ယူလိုက်ပြီး အားလုံးကို တင်ဆောင်ကာ ထုန်ဖန်းမြို့တော်ကို ဖြတ်ကျော်ပြီး တောင်တန်းကြီး၏ အလယ်ဗဟိုသို့ ပျံသန်းသွားလေ၏။
ဝိညာဉ်လှေသည် ချောက်ကမ်းပါးများကို ကျော်ဖြတ်သွားသည်။
ရုတ်တရက် မြူခိုးများ ကင်းစင်သွားသည်။
အောက်ဘက်တွင် ခါးလည်မှ ပြတ်တောက်နေသော တောင်ထိပ် တစ်ခုကို တွေ့လိုက်ရ၏။။ ဧကရာချီ ကျယ်ဝန်းသော မြေကွက်လပ်ပေါ်တွင် စံအိမ်ကြီး တစ်ခု တည်ဆောက်ထားသည်။
ရှေ့ဝင်း၊ အလယ်ဝင်း၊ နောက်ဝင်း၊ သိုင်းလေ့ကျင့်ကွင်း၊ ခန်းမဆောင်၊ သိုင်းကျမ်းဆောင်၊ ဆေးဥယျာဉ်၊ သားရဲဥယျာဉ် အစရှိသဖြင့် အစုံအလင် ပါဝင်သည်။
“ဒီလောက်ကြီးတဲ့ စံအိမ်ကြီးမှာ လူ (၁၀၀) (၂၀၀) လောက်ပဲ နေတာလား... ဒါဆိုရင် တစ်ယောက်ကို အဆောက်အအုံ တစ်လုံးစီ ရတာပေါ့” ရှီလေ့ အားကျသွားရသည်။
မြူခိုးဂိုဏ်း ပြန်ရောက်ရင် ပုံတူကူးပြီး ဆောက်လုပ်ဦးမည်ဟု တွေးလိုက်မိသည်။
ထိုစဉ်၊ ရှထျန်းထျန်းက ရှင်းပြလိုက်သည်။
“တကယ်တော့ အဲဒီလောက် မများပါဘူး... ကျင့်ကြံသူ (၁၀၀) ကျော်လောက်ပဲ ရှိတာပါ... အစေခံတွေပါ ပေါင်းမှ လူနည်းနည်း ရှိတာ... နေစရာ နေရာကတော့ အတော်ပဲ”
“ဟေ... ဟိုဟာ ဘာကြီးလဲ”
လုံထျန်းရှင်းသည် စံအိမ်နောက်ဘက်ရှိ ချိုင့်ဝှမ်းကို လက်ညှိုးထိုးပြလိုက်သည်။ မီတာ (၁၀၀) မြင့်မားသော (၉) ထပ် ကျောက်မျှော်စင်ကြီး တစ်ခု တည်ရှိနေသည်။
ဟိုယွင်ကျဲ ကြည့်လိုက်ပြီး မျက်လုံးများ ကျဉ်းမြောင်းသွားသည်။
ဒီပုံစံ၊ ဒီအငွေ့အသက်... ရင်းနှီးနေသလိုပဲ။
“နတ်ဆိုးချုပ်နှောင် မျှော်စင် နဲ့ တူလိုက်တာ” ဟိုယွင်ကျဲ လွှတ်ခနဲ..ရေရွတ်လိုက်သည်။
ထိုအခါ၊ အိမ်တော်ထိန်းမုန်က သူ့အား လှည့်ကြည့်လာပြီး အံ့သြသွားသည်။
“ဒီမိတ်ဆွေက နတ်ဆိုးချုပ်နှောင် မျှော်စင် အကြောင်း သိနေတာလား”
“သဲကန္တာရ ရှေးဟောင်းမြို့တော်မှာ တွေ့ဖူးပါတယ်” ဟိုယွင်ကျဲ ခေါင်းငြိမ့်လိုက်သည်။
“အပြင်က မျှော်စင်တွေက ကျွန်တော်တို့ ပီယွဲ့ စံအိမ်က မျှော်စင်ကို ပုံတူကူးထားတာပါ” မုန်တင်း ပြောလိုက်သည်။
“ဒါဆို မူလပထမ မျှော်စင်က ဒီမှာ ရှိနေတာကိုး”
ဟိုယွင်ကျဲ အံ့သြသွားသည်။ ဒါပေမဲ့ ဘာလို့ ဒီမျှော်စင်တွေ ဆောက်ထားရတာလဲ။ သူ နားမလည်နိုင် ဖြစ်နေသည်။
နတ်ဆိုးတွေ အပြစ်လုပ်ရင် သတ်ပစ်လိုက်ပါတော့လား။ ဘာလို့ ချုပ်နှောင်ထားရတာလဲ။
မုန်တင်း ဆက်မရှင်းပြတော့ဘဲ စံအိမ်တံခါးဝသို့ ခေါ်ဆောင်သွားသည်။
လူအများ စောင့်ဆိုင်းနေကြ၏။
ခေါင်းဆောင်မှာ ပါးရိုးမြင့်မြင့်၊ အပြာရောင် ဝတ်စုံရှည်နှင့် လူလတ်ပိုင်း အမျိုးသား တစ်ဦး ဖြစ်သည်။ သစ်သားသရဖူ ဆောင်းထားပြီး ကျောပေါ်တွင် ဓားလွယ်ထားသည်။
ဘေးနားတွင် ကျက်သရေရှိသော လူလတ်ပိုင်း အမျိုးသမီးတစ်ဦး ရပ်နေသည်။
အမျိုးသားသည် `ဓာတ်ကြီးငါးပါး စုစည်းခြင်း ဆဋ္ဌမအဆင့်` ရှိပြီး၊ အမျိုးသမီးသည် `စတုတ္ထအဆင့်` ရှိသည်။
သူတို့နောက်တွင် လူငယ် (၃) ဦး ရပ်နေ၏။
“အကြီးအကဲ ကုန်းချင်းချိုး နှင့် မြူခိုးဂိုဏ်း မိတ်ဆွေများ... ကြိုဆိုပါတယ်... ကျွန်တော်က ပီယွဲ့ စံအိမ်ရဲ့ (၇) ဆက်မြောက် သခင် `လော့ချန်` ပါ... ဒါက ကျွန်တော့်ဇနီး `ကောင်းလန်` နဲ့ ကလေးတွေပါ” လော့ချန် လက်နှစ်ဖက်ကို ဆုပ်ပူးကာ နှုတ်ဆက်လိုက်သည်။
“တွေ့ရတာ ဝမ်းသာပါတယ် သခင်လော့” ကုန်းချင်းချိုး ပြန်လည် နှုတ်ဆက်လိုက်သည်။
နှုတ်ဆက်ပြီးနောက် အထဲသို့ ဝင်ရောက်သွားကြ၏။
လော့ချန်က ရှင်းပြလာသည်။
“ဒီနှစ် စုဝေးပွဲမှာ လျှို့ဝှက် အင်အားစုတွေနဲ့ ကြယ်အဆင့် ဂိုဏ်းတွေကို ဖိတ်ကြားထားပါတယ်... စည်ကားမှာ သေချာပါတယ်”
“ဘယ်အဖွဲ့တွေ လာမလဲ” ကုန်းချင်းချိုး မေးလိုက်သည်။
“ညစာစားပွဲကျရင် သိရမှာပါ” လော့ချန်က လျှို့ဝှက်ထားလိုက်သည်။
ဟိုယွင်ကျဲသည် ချိုင့်ဝှမ်းထဲမှ မျှော်စင်ကြီးကို လှမ်းကြည့်ပြီး မေးလိုက်သည်။
“ခွင့်ပြုပါ... ဟိုမျှော်စင်ကြီးရဲ့ ဇာစ်မြစ်ကို သိခွင့်ရှိမလား”
“ဒါက ပထမဆုံး သခင်ကြီးရဲ့ အမွေပါ... နှစ်တစ်ထောင်နီးပါး ရှိပါပြီ... ဘိုးဘေးက `နတ်ဆိုးချုပ်နှောင် မျှော်စင် သခင်` ဆီကနေ အမွေဆက်ခံခဲ့တာပါ... အဲဒီကတည်းက လက်ဆင့်ကမ်းလာခဲ့တာပါ... အရှင်းဆုံး ပြောရရင်... ပီယွဲ့ စံအိမ်ဟာ မျှော်စင်စောင့်အဖွဲ့ ပါပဲ” ဟု လော့ချန်က ပွင့်ပွင့်လင်းလင်း ဖြေလိုက်သည်။
“နောက်ထပ် မျှော်စင်စောင့်အဖွဲ့ တစ်ခုပါလား” ဟိုယွင်ကျဲ မျက်မှောင်ကြုတ်သွားသည်။
ထိုအခါ၊ လော့ချန်က သူ့အတွေ့အကြုံကို ပြန်ပြောပြလာသည်။
“လွန်ခဲ့တဲ့ နှစ် (၃၀၀) တုန်းက ကျွန်တော့်အဖေက မျှော်စင်သခင် ဖြစ်ခဲ့တယ်... သူ့သူငယ်ချင်း `မြင့်မြတ်သော လေ ဓားဂိုဏ်း` က လူတစ်ယောက်က မျှော်စင်ပုံစံကို ယူပြီး အပြင်မှာ လိုက်ဆောက်ခဲ့တာ... သူတို့ ဘာအတွက် သုံးလဲ ဆိုတာတော့ ကျွန်တော်တို့နဲ့ မဆိုင်ပါဘူး”
“ဪ... မြင့်မြတ်သော လေ ဓားဂိုဏ်း လက်အောက်က မျှော်စင်တွေက ဒီကနေ စတာကိုး”
ဟိုယွင်ကျဲ သဘောပေါက်သွားသည်။
သို့နှင့်၊ ဧည့်သည်ဆောင်သို့ ရောက်ရှိလာကြ၏။
“မိတ်ဆွေတို့... ဒီမှာ တည်းခိုကြပါ... လိုတာရှိရင် ပြောပါ” လော့ချန်က နှုတ်ဆက်ပြီး ထွက်ခွာသွားသည်။
ဧည့်သည်ဆောင်သည် (၁၀) ဧက ကျယ်ဝန်းပြီး သစ်သားအိမ်များစွာ ရှိသည်။ တစ်ယောက်တစ်ခန်း နေရာယူလိုက်ကြ၏။
“အစ်ကိုကြီး၊ ဒုတိယအစ်ကို... မျှော်စင်ကြီးကို သွားကြည့်ရအောင်” လုံထျန်းရှင်း ငြိမ်မနေနိုင်တော့ပေ။
“သွားကြမယ်”
ရှီလေ့လည်း သဘောတူလိုက်သည်။
ကုန်းချင်းချိုးကို ခွင့်တောင်းပြီး သုံးယောက်သား ထွက်ခွာသွားကြ၏။
“ကျွန်တော့်ကို, စောင့်ပါဦး”
ဝမ်ဖင်းအန်း သည် ဒယ်အိုးကို ထမ်းပြီး ပြေးလိုက်သွားသည်။ `မြူခိုးဂိုဏ်း F4` ပြန်လည် ပေါင်းစည်းသွားပါတော့၏။
“ပျင်းစရာ ကောင်းလိုက်တာ” မိုယင် ခေါင်းခါလိုက်သည်။
အခြားတပည့်များကတော့ အနားယူ ကျင့်ကြံနေကြ၏။
မိုင်ထောင်ချီ အကွာအဝေး...
ကျယ်ပြောလှသော သဲကန္တာရကြီး တစ်ခုတွင်...
ဒါက တောင်ပိုင်းမြစ်ကန် ဒေသရဲ့ တောင်ဘက် အစွန်ဆုံး ဖြစ်သည်။ ဒီသဲကန္တာရကို ဖြတ်ကျော်မှ နောက်ထပ် တိုင်းပြည်တစ်ခုကို ရောက်နိုင်မှာ ဖြစ်၏။
“ဂိုဏ်းချုပ်... ဒါ `မဖြစ်ထွန်းသော သဲကန္တာရ` လား”
ဟူဖေးဖေးသည် လေထဲတွင် ပျံဝဲနေသည်။ ဘေးနားတွင် မည်သူမျှ မရှိပေ။
တစ်ယောက်တည်း စကားပြောဆိုနေသည်ကို အခြားသူများ မြင်တွေ့သွားပါက စိတ်ဖောက်ပြန်နေသည်ဟု ထင်မှတ်သွားကြလိမ့်မည်။
အမှန်စင်စစ်အားဖြင့်မူ ယဲ့ဖုန်းသည် ဟူဖေးဖေး၏ အမြီးအတွင်းရှိ ဟင်းလင်းပြင်နယ်မြေထဲ၌ ရောက်ရှိနေခြင်း ဖြစ်သည်။
ယဲ့ဖုန်းသည် ပန်းခင်းလေးပေါ်တွင် လှဲလျောင်းပြီး `ကောင်းကင်မေးမြန်း ကြေးမုံ` ဖြင့် အပြင်လောကကို ကြည့်ရှုနေသည်။
“ဒဏ္ဍာရီတွေအရ ဒီသဲကန္တာရမှာ လူအသွင် မပြောင်းတဲ့ နတ်ဆိုးဘုရင်တွေ အများကြီး ရှိတယ်တဲ့... စွမ်းအားကြီးတယ်... သွားတိုက်ခိုက်ပြီး မင်းအတွက် `စွမ်းအင်` စုဆောင်းကြမယ်”
“စွမ်းအင် ဆိုတာ ဘာလဲ” ဟူဖေးဖေး နားမလည်ပေ။
“ဘာမှ မဟုတ်ပါဘူး... တိုက်ဖို့သာ ပြင်ထား” ယဲ့ဖုန်း ပြန်ဖြေလိုက်သည်။
ဟူဖေးဖေးတွင် စွမ်းအင်စုဆောင်းနိုင်သည့် နည်းလမ်းနှစ်ခု ရှိသည်။
ပထမတစ်နည်းမှာ အဆင့်မြင့်နှင့် အထွတ်အထိပ်အဆင့် ဝိညာဉ်ကျောက်တုံးများကို စားသုံးခြင်း ဖြစ်၏။
ဒုတိယတစ်နည်းမှာမူ စွမ်းအားကြီးမားသော သိုင်းကွက်များကို စုပ်ယူခြင်း ဖြစ်သည်။
သို့သော် ဝိညာဉ်ပင်လယ်အဆင့်အထက် တိုက်ခိုက်မှုများမှသာ စွမ်းအင်ရရှိနိုင်ပြီး ဓာတ်ကြီးငါးပါးစုစည်းခြင်း အဆင့်ဆိုလျှင်မူ အချည်းနှီးသာ ဖြစ်သည်။
ထို့ကြောင့် ယဲ့ဖုန်းသည် ဤသဲကန္တာရသို့ လာရောက်ခဲ့ခြင်း ဖြစ်ပါသည်။