အခန်း (၂၉၈-၃၀၀)
Vol. 20 Ch. 298-300
အခန်း (၂၉၈) - မိစ္ဆာချီ၏ ထူးဆန်းသော အပြောင်းအလဲနှင့် ကုန်းချင်းချိုး၏ လျှို့ဝှက်အစီအစဉ်
~“မိတ်ဆွေတို့... ရတနာလည်း ရပြီ ဆိုတော့... ဒီနှစ် စုဝေးပွဲ ဒီမှာတင် ပြီးပါပြီ... နောက်နှစ်ကျမှ ပြန်ဆုံကြမယ်” စံအိမ်သခင် လော့ချန် နှုတ်ဆက်လိုက်သည်။
“ကောင်းတာပေါ့” ကျောင်းထိုင်ဆရာတော်ထူ ခေါင်းငြိမ့်လိုက်သည်။
အားလုံး ပြန်ရန် ပြင်ဆင်နေစဉ် ရုတ်တရက် အခြေအနေ ပြောင်းလဲသွားသည်။
မျှော်စင်အထက်တွင် ဧရာမ ဝဲကတော့ကြီးတစ်ခု ဖြစ်ပေါ်လာ၏။
ပြန့်ကျဲနေသော မိစ္ဆာချီ များသည် ဝဲကတော့အတွင်းသို့ စီးဝင်သွားပြီး မီတာရာချီ ကျယ်ဝန်းသော မုန်တိုင်းကြီး အဖြစ် ပြောင်းလဲသွားကာ ပတ်ဝန်းကျင်မှ ဝိညာဉ်စွမ်းအင်များကို အရူးအမူး စုပ်ယူလိုက်လေ၏။
အန္တရာယ် အငွေ့အသက်များ လွှမ်းမိုးသွားသည်။
“ဘာဖြစ်တာလဲ”
“ဘုရား ရေ….မိစ္ဆာချီ တွေ သူ့အလိုလို စုဝေးနေတာပဲ”
“ဟာ၊ သန့်စင်ခြင်း ပုလဲကို အမြန် ထုတ်လိုက်”
အားလုံး ထိတ်လန့်သွားကြ၏။
လော့ချန် ပုလဲကို ထုတ်လိုက်ပြီး အားလုံး စွမ်းအားများ ဖြည့်သွင်းလိုက်ကြ၏။
`ဝေါ...`
အလင်းရောင် စစ်သည်တော် ပြန်လည် ပေါ်ထွက်လာ၏။
ဓားအလင်းတန်းဖြင့် ဝဲကတော့ကို ခုတ်ပိုင်းလိုက်ရာ မိစ္ဆာချီ များ မီးခိုးအဖြစ် ပျံ့နှံ့သွားပြီး ရုပ်ဆိုးအကျည်းတန်သော မျက်နှာများ၊ မျက်လုံးများအဖြစ် ပြောင်းလဲသွားသည်။
“မင်းတို့ ကောင်းကောင်း မသေစေရဘူး...”
“လူသားမျိုးနွယ် ပျက်စီးရမယ်...”
“ငါ လက်စားချေမယ်...”
စူးရှသော အသံများ၊ ကျိန်စာများ ကောင်းကင်ယံတွင် ပဲ့တင်ထပ်သွားသည်။
အားလုံး နားစည်ကွဲမတတ် ခံစားလိုက်ရပြီး တချို့က သွေးအန်ကာ လဲကျသွားကြ၏။
“အမြန် ထွက်သွားကြ” လော့ချန် အသံကုန်ခြစ်၍ ဟစ်အော်လိုက်သည်။
အားလုံး မျှော်စင်နှင့် ကိုက် (၁၀၀) အကွာသို့ ဆုတ်ခွာလိုက်ကြ၏။
သို့သော်... မျှော်စင်အောက်တွင် ထိုင်နေသော အဘိုးအို မူသည် မလှုပ်မယှက် ကျန်ရစ်ခဲ့သည်။ သူ၏ မျက်လုံးများက ကောင်းကင်ယံမှ မျက်နှာများကို စိုက်ကြည့်နေပြီး အရူးအမူး ဖြစ်လာ၏။
“အကြီးအကဲမူ... အမြန် ထွက်ခဲ့ပါ”
လော့ချန် လှမ်းအော်လိုက်သည်။
အဘိုးအိုက တဟားဟား ရယ်မောလိုက်သည်။ ခေါင်းကို စက်ရုပ်လို လှည့်ကြည့်လိုက်ရာ သွားများ ရှည်ထွက်လာပြီး ကြောက်မက်ဖွယ် သွားစွယ်များအဖြစ် ပြောင်းလဲသွားသည်။
“ဟဲဟဲဟဲ... မျှော်စင်ရဲ့ တာဝန် ပြီးဆုံးသွားပြီ... ငါ့ရဲ့ အနာဂတ် ရောက်လာပြီ... ငါ ဘာလို့ ထွက်သွားရမှာလဲ”
ပြောပြီးသည်နှင့် လက်ဖြင့် မုဒြာဖော်လိုက်သည်။
ကောင်းကင်ယံမှ မိစ္ဆာချီ များသည် အဘိုးအို၏ နဖူးထဲသို့ စီးဝင်သွားကြ၏။
`ဘုန်း...`
အဝတ်အစားများ ကွဲကြေသွားသည်။
အဘိုးအို၏ ခန္ဓာကိုယ်တွင် အနီရောင် အကြေးခွံများ ပေါက်ရောက်လာပြီး နဖူးတွင် အမည်းရောင် အမှတ်အသား ပေါ်လာ၏။ ခန္ဓာကိုယ် (၂) မီတာကျော် ကြီးထွားလာပြီး ထူးဆန်းသော အကြေးခွံလူသားကြီး အဖြစ် ပြောင်းလဲသွားသည်။
`ဓာတ်ကြီးငါးပါး စုစည်းခြင်း အထွတ်အထိပ်` အရှိန်အဝါများ ပင်လယ်လှိုင်းကြီးလို လိမ့်တက်လာပြီး အားလုံးကို ဒူးထောက်သွားစေသည်။
တချို့က သွေးအန်ပြီး လဲကျကုန်ကြ၏။
“ဘာဖြစ်တာလဲ”
အားလုံး ခေါင်းရှုပ်သွားကြ၏။
တသက်လုံး မျှော်စင်စောင့်လာတဲ့ အဘိုးအိုက ဘာလို့ မိစ္ဆာချီ တွေကို စုပ်ယူပြီး နတ်ဆိုးအသွင် ပြောင်းသွားရတာလဲ။
“ဟဲဟဲဟဲ...”
“နှစ်တစ်ထောင် စီမံကိန်း... ဒီနေ့ အောင်မြင်ပြီ”
“ပိုးမွှားကောင်တွေ... သေဖို့ ပြင်ထားကြ”
အကြေးခွံလူသားကြီးက အားလုံးကို ကြည့်လိုက်သည်။
သူ့မျက်နှာပေါ်တွင် အဘိုးအိုမူ၊ ဦးချိုကွေး နတ်ဆိုးဗိုလ်ချုပ် နှင့် အခြား မျက်နှာများစွာ တရိပ်ရိပ် ပေါ်လာ၏။ နတ်ဆိုးမျက်နှာရော၊ လူသားမျက်နှာရော ပါဝင်နေသည်။
“ဒါ အရင်တုန်းက မျှော်စင်စောင့်တွေပဲ” လော့ချန် အံ့သြသွားသည်။
“မှန်တယ်... အားလုံးက ငါပဲ”
အကြေးခွံလူသားကြီးက နေမင်းကြီးကို မော့ကြည့်လိုက်သည်။
“နတ်ဆိုးဗိုလ်ချုပ် (၉) ကောင်နဲ့ `ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့်` ပညာရှင် အများအပြားရဲ့ ဝိညာဉ်နဲ့ မိစ္ဆာချီ တွေကို စုပ်ယူပြီး... ငါ ပြန်လည် မွေးဖွားလာပြီ... ဒီနေ့ကစပြီး ငါဟာ `ကမ္ဘာမြေ နတ်ဆိုးဘုရင်` ပဲ”
ကမ္ဘာမြေ နတ်ဆိုးဘုရင်သည် ကောင်းကင်သို့ ခုန်တက်ပြီး မြေကြီးပေါ်သို့ `ဝုန်း` ခနဲ ပြန်ကျလာ၏။
ဖုန်မှုန့်များနှင့်အတူ စွမ်းအင်လှိုင်းများ ဓားသွားသဖွယ် ပျံ့နှံ့သွားသည်။
“ကာကွယ်ကြ”
လော့ချန် အော်ဟစ်လိုက်သည်။
အလင်းရောင် စစ်သည်တော်က ဓားဖြင့် ခုတ်ပိုင်းလိုက်ပြီး ဖုန်မှုန့်များကို ရှင်းလင်းပေးလိုက်သဖြင့် လူအများ အသက်ဘေးမှ လွတ်မြောက်သွားကြ၏။
သို့သော် ကံဆိုးသူအချို့ကတော့ နေရာမှာတင် အမှုန့်ဖြစ်သွားကြ၏။
“ဒီပုလဲလောက်နဲ့ ငါ့ကို တားနိုင်မယ် ထင်နေလား”
နတ်ဆိုးဘုရင် မထီမဲ့မြင် ပြုလိုက်သည်။ မျက်စိတစ်မှိတ်အတွင်း မီတာရာချီ ရောက်ရှိလာပြီး လက်သီးဖြင့် ထိုးလိုက်ရာ အလင်းရောင် စစ်သည်တော် ပေါက်ကွဲသွားသည်။
လော့ချန်၊ ကောင်းလန်၊ ကုန်းချင်းချိုး၊ ယွင်ဟွာကျန်းရန်၊ ကျောင်းထိုင်ဆရာတော်ထူ အားလုံး လွင့်ထွက်သွားပြီး သွေးအန်ကုန်ကြ၏။
“ဝါး...”
အလင်းရောင် စစ်သည်တော် ပျက်စီးသွားပြီး ပုလဲလည်း အက်ကွဲသွားသည်။ ထွက်ပြေးရန် ကြိုးစားသော်လည်း နတ်ဆိုးဘုရင်က လက်သီးဖြင့် ထပ်ထိုးလိုက်ရာ အမှုန့်ဖြစ်သွားလေ၏။
`အလယ်အလတ်အဆင့် ဝိညာဉ်လက်နက်` တစ်ခုလုံး ပျက်စီးသွားလေပြီ။
“ငါ့ပုလဲ... ဝေါ့...”
လော့ချန် ရင်ကွဲမတတ် ဖြစ်သွားပြီး သွေးအန်ကာ လဲကျသွားရသည်။ လက်ချောင်းများ တုန်ယင်နေပြီး မျက်လုံးများ အရောင်မှိန်သွားသည်။
မသေသေးပေမဲ့ ပြန်ကန်အားကြောင့် ပြန်မတိုက်နိုင်တော့ပေ။
မျှော်စင်က ရတနာတွေနှင့် ပီယွဲ့ စံအိမ်ကို အဆင့်မြှင့်တင်မည်ဟု စိတ်ကူးယဉ်ခဲ့သည်။
အခုတော့ မျှော်လင့်ချက်တွေ ပျက်စီးကုန်ရပြီ။
`ဓာတ်ကြီးငါးပါး စုစည်းခြင်း အထွတ်အထိပ်` ရှိသည့် နတ်ဆိုးဘုရင်ကို ဘယ်သူမှ မယှဉ်နိုင်ချေ။
“ကံကြမ္မာက မျက်နှာသာ မပေးပါလား”
လော့ချန်သည် ဇနီးသည် ကောင်းလန်၏ လက်ကို ဆုပ်ကိုင်ပြီး သက်ပြင်းချလိုက်သည်။
“ပြေးနိုင်တဲ့သူ ပြေးကြ... ကျုပ် သွားပြီ”
ကျောင်းထိုင်ဆရာတော်ထူ ကြောက်လန့်တကြား အော်ဟစ်ပြီး သွေးတစ်လုပ် ထွေးထုတ်ကာ ခန္ဓာကိုယ်ကို ဖုံးလွှမ်းလိုက်သည်။ အရှိန်အဟုန် မြှင့်တင်ပြီး မီတာထောင်ချီ ထွက်ပြေးသွားလေ၏။
မျက်စိတစ်မှိတ်အတွင်း ပီယွဲ့ စံအိမ် အပြင်ဘက် ရောက်သွားသည်။
“သစ္စာမရှိတဲ့ ဘုန်းကြီး”
ကျန်သောသူများ စိတ်ပျက်ပြီး သွေးထပ်အန်ကြ၏။
အသက်လုရတဲ့ အချိန်မို့ ကိုယ်လွတ်ရုန်းတာ မဆန်းပေမဲ့... မြန်လွန်းအားကြီးတယ်။
“တစ်ကောင် လွတ်သွားတယ်... ဒါပေမဲ့ လွတ်မယ် ထင်နေလား... `ချီခြေရာခံခြင်း နည်းစနစ်` က အလကား မဟုတ်ဘူး”
နတ်ဆိုးဘုရင် လိုက်မဖမ်းပေမဲ့ အေးစက်စွာ ပြောလိုက်သည်။
ကျန်သောသူများကို ကြည့်ပြီး ရက်စက်စွာ ပြုံးလိုက်သည်။
“သူက ခြေရာခံနည်းစနစ် တတ်နေတာလား”
အားလုံး အသက်ရှုမှားသွားကြ၏။
တကယ် သွားပြီ။ `ပဉ္စမအဆင့်` ခြေရာခံနည်း တတ်နေမှတော့ ဘယ်ပြေးပြေး လွတ်မှာ မဟုတ်ပေ။
“ငါ မသေချင်ဘူး”
စတုတ္ထအဆင့် ဂိုဏ်းချုပ်တစ်ယောက် ကောင်းကင်သို့ ပျံတက်သွားသည်။ ရွှေရောင် အတောင်ပံများ ထွက်ပေါ်လာပြီး ထွက်ပြေးရန် ကြိုးစားလိုက်။သည်။
`ရွှပ်...`
နတ်ဆိုးဘုရင် ခုန်တက်လိုက်ပြီး သူ့ကို နှစ်ပိုင်းဆွဲဖြဲပစ်လိုက်၏။
“ဟိုက်...”
ကျန်သောသူများ ကြက်သီးထသွားကြ၏။
“အခု မင်းတို့အလှည့်ပဲ”
နတ်ဆိုးဘုရင်က လော့ချန်နှင့် ကောင်းလန် ဘက်သို့ လှည့်လာ၏။
“ပြီးပါပြီ”
လော့ချန်တို့ ဇနီးမောင်နှံ မျက်လုံးများ မှိတ်လိုက်ကြသည်။
ထိုအချိန်တွင် အစိမ်းရောင် နွယ်ပင်များ အဝေးမှ ပျံသန်းရောက်ရှိလာ၏။ နွယ်ပင်နှစ်ချောင်းက လော့ချန်တို့ နှစ်ဦးကို ရစ်ပတ်ပြီး ဆွဲယူသွားသည်။
ကျန်သော နွယ်ပင်များက လှံတံများသဖွယ် နတ်ဆိုးဘုရင်ကို ထိုးစိုက်လိုက်သည်။
“ဘယ်သူ လာနှောင့်ယှက်တာလဲ”
နတ်ဆိုးဘုရင် လက်သည်းဖြင့် ခုတ်ပိုင်းလိုက်ရာ နွယ်ပင်များ ပြတ်တောက်သွားသည်။ သို့သော် သူ့လောက် မနိမ့်သော စွမ်းအားတစ်ခုကို အာရုံခံမိလိုက်သည်။
“အကြီးအကဲကုန်း ပါလား”
တစ်ယောက်က လေထဲတွင် ပျံဝဲနေသော အမျိုးသမီးကို တွေ့လိုက်သည်။
ကုန်းချင်းချိုး ဖြစ်နေသည်။
သူမ၏ နောက်တွင် (၃) မီတာ ရှည်လျားသော ရောင်စုံ ပန်းချီကားချပ်ကြီး တစ်ခု လွင့်မျောနေသည်။ နွယ်ပင်များသည် ထိုကားချပ်ထဲမှ ထွက်လာခြင်း ဖြစ်သည်။
“ဒါ `စတုတ္ထအဆင့် သိုင်းနည်းစနစ် - ဆန်းကြယ်သော ဝိညာဉ် မှတ်တမ်း` ပဲ”
ရှီလေ့နှင့် တပည့်များ မှတ်မိသွားကြ၏။
လော့ချန်၊ ကောင်းလန် နှင့် ယွင်ဟွာကျန်းရန် တို့ ကုန်းချင်းချိုးကို ကြည့်ပြီး အံ့သြသွားကြ၏။
“သူက `ဓာတ်ကြီးငါးပါး စုစည်းခြင်း အထွတ်အထိပ်` ရောက်နေတာလား”
အခန်း (၂၉၉) - ဟွန်ယွမ်ချီဖြင့် နတ်ဆိုးဘုရင်ကို သတ်ဖြတ်ခြင်းနှင့် ဟူဖေးဖေး၏ ပြိုင်ဘက်
~“အကြီးအကဲ ကုန်းချင်းချိုး က `ဓာတ်ကြီးငါးပါး စုစည်းခြင်း အထွတ်အထိပ်` ရောက်နေတာလား”
အားလုံး အံ့သြသွားကြ၏။ မယုံကြည်နိုင် ဖြစ်နေကြ၏။
“ဒါကြောင့် ညတုန်းက အန္တရာယ် မရှိဘူးလို့ သူ ပြောခဲ့တာကိုး” ရှီလေ့ သက်ပြင်းချလိုက်သည်။
“အဲလို မဟုတ်လောက်ဘူး” မိုယင် မျက်မှောင်ကြုတ်လိုက်သည်။ “ကြည့်ရတာ... လျှို့ဝှက်နည်းစနစ် တစ်ခုခု သုံးထားတာ... ဒါမှမဟုတ် ဆေးဝါးသုံးပြီး ယာယီ မြှင့်တင်ထားတာ ဖြစ်လောက်တယ်”
“ယာယီ ဟုတ်လား”
အားလုံး ရင်ထိတ်သွားကြ၏။
ကောင်းကင်ယံတွင်...
နတ်ဆိုးဘုရင်သည် ကုန်းချင်းချိုးကို စိုက်ကြည့်နေသည်။ သူမ၏ အရှိန်အဝါ (၁၀) ဆ ခန့် တိုးတက်လာသဖြင့် ဖိအားများ ခံစားနေရသည်။
`ဝှီး...`
နတ်ဆိုးဘုရင် လက်သည်းဖြင့် ကုတ်ဖဲ့လိုက်သည်။
ပန်းချီကားချပ်ထဲမှ ရေစီးသံများ ထွက်ပေါ်လာပြီး ကုန်းချင်းချိုး ဘေးနားတွင် အကာအကွယ် အလင်းတန်းများ ပေါ်လာကာ လက်သည်းချက်ကို ကာကွယ်လိုက်သည်။
တချိန်တည်းမှာပင် နွယ်ပင်များနှင့် ရေဓားများသည် နတ်ဆိုးဘုရင်ကို ပြန်လည် တိုက်ခိုက်လိုက်ရာ ဒဏ်ရာအများအပြား ရရှိသွားပြီး မီတာ (၁၀) ဂဏန်း လွင့်ထွက်သွားလေ၏။
“အကြီးအကဲကုန်း အသာစီး ရနေပြီ”
“ကောင်းလိုက်တာ”
အားလုံး ဝမ်းသာသွားကြ၏။
သို့သော် ကုန်းချင်းချိုး မျက်နှာ မကောင်းပေ။ ပါးစပ်ထောင့်မှ သွေးစများကို သုတ်လိုက်သည်။
လွန်ခဲ့တဲ့ ရက်ပိုင်းက ယဲ့ဖုန်း ပေးထားတဲ့ `ဝိညာဉ်ပေါက်ကွဲဆေးလုံး`ကို သုံးထားတာ။ အာနိသင်က (၁၅) မိနစ်ရဲ့ (၃) ပုံ (၁) ပုံလောက်ပဲ ခံမှာ။
အမြန် တိုက်မှ ရမယ်။
“ခုတ်ပိုင်းစမ်း”
ကုန်းချင်းချိုး မုဒြာဖော်လိုက်သည်။ ပန်းချီကားချပ်ထဲမှ ရေလှိုင်းများ ထွက်ပေါ်လာပြီး ရေဓားပေါင်းများစွာ အဖြစ် ပြောင်းလဲကာ နတ်ဆိုးဘုရင်ကို ငှက်အုပ်ကြီးသဖွယ် ဝင်ရောက် တိုက်ခိုက်လိုက်သည်။
“သောက်ကျိုးနည်း... ကွဲစမ်း”
နတ်ဆိုးဘုရင် ဟိန်းဟောက်လိုက်သည်။ လေပြင်းများ တိုက်ခတ်လာပြီး အကာအကွယ် ဒိုင်းတစ်ခု ဖန်တီးလိုက်သည်။
`ချွင်... ချွင်... ချွင်...`
ရေဓားများ ဒိုင်းနှင့် ထိတွေ့ပြီး ပေါက်ကွဲသွားသည်။
သို့သော် အရေအတွက် များလွန်းသဖြင့် နတ်ဆိုးဘုရင် ခုခံရုံသာ တတ်နိုင်ပြီး ထွက်မပြေးနိုင်ပေ။
“နတ်ဆိုးဘုရင် သေတော့မယ်ဟေ့” ရှီလေ့ လက်သီးဆုပ်လိုက်သည်။
မိုယင် ကတော့ ဓားကို တင်းကြပ်စွာ ဆုပ်ကိုင်ထားသည်။ ကုန်းချင်းချိုး စိုးရိမ်နေပုံ ပေါက်နေသဖြင့် ယာယီ စွမ်းအားမြှင့်တင်ထားမှန်း သေချာသလောက် ရှိနေပြီ။
“ရပ်မကြည့်နေကြနဲ့... ဝင်တိုက်ကြ”
မိုယင် အော်ဟစ်လိုက်သည်။
“ဟုတ်တယ်... ဝိုင်းတိုက်ကြ”
လော့ချန်၊ ကောင်းလန်၊ ယွင်ဟွာကျန်းရန် နှင့် အခြားသူများလည်း သတိဝင်လာပြီး သိုင်းနည်းစနစ်များ ပစ်လွှတ်လိုက်ကြ၏။
ဓားပျံများ၊ မီးလုံးများ၊ ရေခဲများ၊ အလင်းလုံးများ မိုးရွာသကဲ့သို့ ဝေါခနဲ သက်ဆင်းသွားသည်။
“ငါ့ကို ဝိုင်းတိုက်ရဲတယ်ပေါ့”
နတ်ဆိုးဘုရင် ဆဲရေးလိုက်ပြီး ထွက်ပြေးရန် ဟန်ပြင်လိုက်သည်။
“ပြေးချင်တာလား... ဝေးသေးတယ်”
ကုန်းချင်းချိုး မုဒြာပြောင်းလိုက်ရာ နွယ်ပင်များ ထွက်ပေါ်လာပြီး လှောင်အိမ်သဖွယ် ချုပ်နှောင်လိုက်သည်။
`ဘုန်း...`
သိုင်းနည်းစနစ်ပေါင်းစုံ ကျရောက်သွားပြီး နတ်ဆိုးဘုရင်၏ ဒိုင်း ကွဲအက်သွားရ၏။
“ဓားဆွဲထုတ် သိုင်း”
ဟိုယွင်ကျဲသည် ဓားဆန္ဒကို စုစည်းပြီး အက်ကြောင်းထဲမှ ခုတ်ပိုင်းလိုက်ရာ အကြေးခွံတစ်ခု ကွာကျသွားသည်။
“ကျောဘက်က ထိုးစိုက်ခြင်း”
မိုယင်သည် သရဲတစ္ဆေကဲ့သို့ နတ်ဆိုးဘုရင် နောက်ကျောတွင် ပေါ်လာပြီး အကြေးခွံ ကွာကျသွားသော နေရာကို ဓားဖြင့် ထိုးစိုက်လိုက်သည်။
`ရွှပ်...`
နတ်ဆိုးဘုရင် ဒဏ်ရာထပ်ရသွား၏။
`ကရက်...`
အကာအကွယ် ဒိုင်း လုံးဝ ပျက်စီးသွားပြီး နွယ်ပင်များက ရစ်ပတ်ကာ ပန်းချီကားချပ်ထဲသို့ ဆွဲသွင်းလိုက်သည်။
“စွမ်းလိုက်တာ... နတ်ဆိုးဘုရင်ကိုတောင် ချုပ်နှောင်နိုင်တယ်” လော့ချန် အံ့သြသွား၏။
ကုန်းချင်းချိုး မျက်မှောင်ကြုတ်လိုက်သည်။
“စက္ကန့် (၃၀) လောက်ပဲ ထိန်းထားနိုင်မှာ... ပြန်ထွက်လာရင် ကျွန်မ မယှဉ်နိုင်တော့ဘူး”
“ဘာ...”
အားလုံး မျက်လုံးပြူးသွားကြ၏။
မသတ်နိုင်ဘဲ ခဏပဲ ထိန်းထားနိုင်တာလား။ ပြန်ထွက်လာရင် သေပြီပေါ့။
“အဲဒီနည်း သုံးမှ ရတော့မယ်”
ကုန်းချင်းချိုး (၁၀) မီတာခန့် နောက်ဆုတ်လိုက်ပြီး လက်နှစ်ဖက်ဖြင့် မုဒြာဖော်လိုက်သည်။
“အကြီးအကဲကို ကာကွယ်ပေးကြ”
မိုယင် ရိပ်မိလိုက်ပြီး ကုန်းချင်းချိုး၏ ညာဘက်တွင် နေရာယူလိုက်သည်။ အခြားတပည့်များလည်း ဝိုင်းရံကာကွယ်ပေးလိုက်ကြ၏။
“ကောင်းကင်နှင့် မြေကြီး ဓာတ်ကြီးငါးပါး ပေါင်းစည်းစမ်း... `ဟွင်ယွမ်ချီ`”
ကုန်းချင်းချိုး.. သိုင်းနည်းစနစ် ထုတ်ဖော်ရန် မာန်သွင်းလိုက်သည်။
ဒါက `ပဉ္စမအဆင့် သိုင်းနည်းစနစ်` ဖြစ်ပါသည်။ ခက်ခဲပေမဲ့ ယဲ့ဖုန်း ကိုယ်တိုင် သင်ပေးထားခြင်းပင်။
`ဝှီး...`
ချီငါးမျိုး ထွက်ပေါ်လာပြီး ကောင်းကင်ယံတွင် လှည့်ပတ်ကာ မီးခိုးရောင် ချီအဖြစ် ပေါင်းစပ်သွားသည်။ ကုန်းချင်းချိုး၏ လက်ချောင်းများတွင် ရစ်ပတ်နေသည်။
ကြောက်မက်ဖွယ် အရှိန်အဝါများ ထွက်ပေါ်လာသဖြင့် အားလုံး တုန်လှုပ်သွားကြ၏။
“ဒါ ဘာသိုင်းနည်းစနစ်လဲ”
“နတ်ဆိုးဘုရင်တောင် ခံနိုင်မယ် မထင်ဘူး”
`ကရက်...`
ပန်းချီကားချပ် ကွဲကြေသွားပြီး နတ်ဆိုးဘုရင် ပြန်လည် ထွက်ပေါ်လာ၏။
“မင်းတို့ အကုန်လုံး ငါ့ကို ဦးညွှတ်... ဟေ...”
စကားမဆုံးခင်မှာပင် မီးခိုးရောင် ချီတန်းတစ်ခု သူ့ဆီသို့ ပြေးဝင်လာ၏။ ရှောင်တိမ်းချိန် မရလိုက်ပေ။
`ဖောက်...`
နတ်ဆိုးဘုရင်၏ နဖူးကို ဖောက်ထွင်းသွားသည်။ စုစည်းထားသော ဝိညာဉ်များ ပျက်စီးသွား၏။
“မီးတောက်များ ကောင်းကင်ကို ဝါးမြိုစမ်း”
မသေမှာ စိုးသဖြင့် ကုန်းချင်းချိုး မီးသိုင်းနည်းစနစ် ထပ်သုံးလိုက်ရာ နတ်ဆိုးဘုရင် ပြာကျသွားလေ၏။
တိုက်ပွဲ ပြီးဆုံးသွားလေပြီ။
ဆေးအာနိသင် ကုန်ဆုံးသွားပြီး ကုန်းချင်းချိုး၏ အဆင့်သည် `စတုတ္ထအဆင့်` သို့ ပြန်လည် ကျဆင်းသွားသည်။
အားလုံး သက်ပြင်းချလိုက်ကြ၏။
“အကြီးအကဲကုန်းက ဆေးသုံးလိုက်တာပဲ... ဒါပေမဲ့ ဘေးထွက်ဆိုးကျိုး မရှိသလောက်ပဲ... တကယ် ကောင်းမွန်တဲ့ နည်းလမ်းပဲ”
“အံ့ဖွယ်ပါပဲ... စတုတ္ထအဆင့်ကနေ အထွတ်အထိပ်ထိ ရောက်သွားတာ... ဘေးထွက်ဆိုးကျိုး မရှိဘူး ဆိုတော့... တကယ့်ကို နတ်ဘုရား နည်းလမ်းပါပဲ”
“မြူခိုးဂိုဏ်းက တကယ် နက်နဲတာပဲ”
ထိုအခိုက်အတန့်ဝယ်၊ ဂုဏ်သတင်းအမှတ်များ တက်လာတော့၏။
ကုန်းချင်းချိုးက နှိုးဆော်လိုက်သည်။
“မိတ်ဆွေတို့... နတ်ဆိုးဘုရင် သေသွားပြီ ဆိုပေမဲ့... ဘေးပတ်ဝန်းကျင်မှာ အန္တရာယ် ရှိနိုင်သေးတယ်... ရှင်းလင်းလိုက်ကြရအောင်”
ယန်ရူယွီသည် ကုန်းချင်းချိုး၏ နောက်ကျောကို လက်ဖြင့် ဖိပြီး ကုသပေးနေသည်။
“အကြီးအကဲကုန်း ပြောတာ မှန်ပါတယ်” လော့ချန် ထောက်ခံလိုက်၏။
ကျန်ရှိနေသော နတ်ဆိုးများကို ရှင်းလင်းပြီးနောက် အားလုံး နှုတ်ဆက်ကာ လူစုခွဲလိုက်ကြတော့၏။
...
သဲကန္တာရ...
ဟူဖေးဖေးသည် ဧရာမ သစ်ပင်ကြီးအောက်တွင် ထိုင်နေသည်။
သူမ၏ ရှေ့တွင် ဦးခေါင်းခွံ ကွဲကြေနေသော ဧရာမ ကင်းမြီးကောက်ကြီး တစ်ကောင် သေဆုံးနေသည်။
ယဲ့ဖုန်း ထွက်လာပြီး ဘေးနားတွင် ဝင်ထိုင်လိုက်သည်။
“ဂိုဏ်းချုပ်... ပြိုင်ဘက်ကောင်း မတွေ့ရသေးဘူး... ပျင်းလိုက်တာ... ကစားနည်းကစားကြမလား” ဟူဖေးဖေး ယဲ့ဖုန်း ပခုံးကို နှိပ်ပေးရင်း မေးလိုက်သည်။
“ဘာကစားနည်းလဲ”
“ကျောက်၊ စက္ကူ၊ ကပ်ကြေး လေ” ဟူဖေးဖေး ပြုံးလိုက်သည်။
“ပျင်းစရာကြီး” ယဲ့ဖုန်း နှုတ်ခမ်းမဲ့လိုက်သည်။
သန်းခေါင်ယံ အချိန်...
သဲကန္တာရသည် တိတ်ဆိတ်ငြိမ်သက်နေသည်။ လမင်းကြီး သာနေသည်။
လေပြင်းတိုက်ခတ်သံနှင့် သဲမှုန်များ လွင့်ပျံနေ၏။
“ဟေ... လှုပ်ရှားမှု ရှိတယ်”
ယဲ့ဖုန်း အဝေးကို လှမ်းကြည့်လိုက်သည်။
မိုင် (၁၀၀) အကွာတွင် သဲခုံတစ်ခု ပေါက်ကွဲသွား၏။
သဲမှုန်များ စုဝေးလာပြီး ဧရာမ မျက်လုံးတစ်လုံးတည်း ပါဝင်သော လူသားကြီး အဖြစ် ပြောင်းလဲသွားသည်။ သဲတူကြီးကို ကိုင်ဆောင်ထားသည်။
“နတ်ဆိုးဘုရင် ပါရမီ ကိုယ်ပွား”
ယဲ့ဖုန်း ပြုံးလိုက်သည်။
“ဟူဖေးဖေး... မင်းရဲ့ ပြိုင်ဘက် ရောက်လာပြီ”
လေပြင်းမုန်တိုင်း တိုက်ခတ်လာပြီး သဲဖုန်များ ဖုံးလွှမ်းသွားသည်။
“တိုက်မယ်”
ဟူဖေးဖေး တုတ်တိုကို ကိုင်ပြီး ခုန်ဝင်လိုက်သည်။
“ငါ့လူတွေကို သတ်တဲ့ကောင်မ... သေစမ်း”
မျက်လုံးတစ်လုံး လူသားကြီး ဟိန်းဟောက်လိုက်သည်။ ကောင်းကင်သို့ ခုန်တက်ပြီး တူကြီးဖြင့် ထုချလိုက်သည်။ မီးတောက်များ လောင်ကျွမ်းနေသော ဥက္ကာခဲကြီး တစ်လုံးကဲ့သို့ပင်။
`ဘုန်း...`
နှစ်ဦးသား ဝေဟင်တွင် ထိပ်တိုက် တွေ့ဆုံသွားသည်။
ဟူဖေးဖေး လွင့်ထွက်သွားပြီး သဲခုံပေါ်သို့ ပြုတ်ကျသွား၏။
“တောင့်သားပဲ”
ဟူဖေးဖေး သဲကျင်းထဲမှ ပြန်ထွက်လာ၏။ ပါးစပ်ထဲမှ သဲများကို ထွေးထုတ်လိုက်သည်။
မျက်လုံးများ ပန်းရောင်သမ်းလာပြီး ဆံပင်များ လရောင်အောက်တွင် တောက်ပလာ၏။
“ပေါက်ကွဲစေသော တုတ်တို”
ဟူဖေးဖေး တုတ်တိုကို မြှောက်ပြီး ပြန်လည် တိုက်ခိုက်လိုက်တော့သည်။
အခန်း (၃၀၀) - ငါက သဲကန္တာရဘုရင် ရှားလီဘီတာ
~ကောင်းကင်ယံ မိုင်ရာချီ အမြင့်တွင်...
ဟူဖေးဖေးသည် သူမ၏ တိုက်ခိုက်ရေး ပါရမီကို ထုတ်သုံးလိုက်သည်။ တုတ်တိုဖြင့် မျက်လုံးတစ်လုံး လူသားကြီး၏ သဲတူကို ရိုက်ချလိုက်ရာ အက်ကွဲသွား၏။ ထို့နောက် အချက်ပေါင်း ရာချီ ထပ်မံ ရိုက်နှက်လိုက်ရာ အမှုန့်ဖြစ်သွားလေ၏။
“ဝါး...”
လူသားကြီးသည် ကွဲကြေသွားသော သဲတူကို ကြည့်လိုက်သည်။ သူ့ညာဘက် လက်မောင်းတစ်ခုလုံး ပေါက်ကွဲထွက်သွားပြီး သဲမုန်တိုင်းကဲ့သို့ ပြိုကျသွား၏။
“ပေါက်ကွဲစေသော တုတ်တို... ရိုက်စမ်း”
ဟူဖေးဖေးသည် တိုက်ခိုက်ရေး အခြေအနေတွင် ရှိနေသဖြင့် တွန့်ဆုတ်ခြင်း မရှိပေ။ အဖြူရောင် တုတ်တိုကို ဝှေ့ယမ်းပြီး ရူးသွပ်စွာ တိုက်ခိုက်လိုက်ရာ မျက်လုံးတစ်လုံး လူသားကြီး တစ်စစီ ဖြစ်သွားလေ၏။
“နင်က သိပ်မခံပါလား”
ဟူဖေးဖေး နှာခေါင်းကို ပွတ်လိုက်ပြီး ကျေနပ်စွာ ပြုံးလိုက်သည်။ ယဲ့ဖုန်းဆီ ပြန်သွားရန် ပြင်ဆင်လိုက်သည်။
“သောက်ကျိုးနည်း... တော်တော် စွမ်းတာပဲ... ငါ ကိုယ်တိုင် လာခဲ့ရင် မင်းကို သဲမှုန့် ဖြစ်အောင် လုပ်ပစ်မယ်”
အသံအက်အက်ကြီး တစ်ခု အဝေးမှ ထွက်ပေါ်လာ၏။
ဟူဖေးဖေး လှည့်ကြည့်လိုက်သည်။
ကောင်းကင်ယံတွင် သဲများ စုဝေးလာပြီး ရုပ်ဆိုးအကျည်းတန်သော မျက်နှာကြီး တစ်ခုအဖြစ် ပြောင်းလဲသွား၏။ မျက်နှာပေါ်တွင် အရောင်စုံ မျက်လုံး (၈) လုံး ပါရှိပြီး ပါးစပ်ဟကာ အေးစက်သော အသံများ ထွက်ပေါ်နေသည်။
“ရွံစရာကြီး”
ထိုအသံကို ကြားရသည်မှာ နားထဲ ပုရွက်ဆိတ် ဝင်နေသလို ခံစားရပြီး ကြက်သီးထသွားစေသည်။
“ငါ့ကို လှောင်ရဲတယ်ပေါ့... ငါက `သဲကန္တာရဘုရင် ရှားလီဘီတာ` ကွ... ငါ ကိုယ်တိုင် လာရင် မင်းကို အပိုင်းပိုင်း ဆွဲဖြဲပစ်မယ်”
ရှားလီဘီတာ ဒေါသတကြီး အော်ဟစ်လိုက်၏။
“လာရဲရင် လာလေ... ရှင့်ကို ငိုအောင် လုပ်ပြမယ်” ဟူဖေးဖေးသည် ဖြူဖွေးနုနယ်သော လက်ခလယ်လေး ထောင်ပြလိုက်သည်။
‘ဒါ ..ဂိုဏ်းချုပ် သင်ပေးထားတာလေ။
ကြည့်မရတဲ့သူ တွေ့ရင် လက်ခလယ် ထောင်ပြလိုက်တဲ့။’
ရှားလီဘီတာ လက်ခလယ် အဓိပ္ပါယ်ကို နားမလည်သော်လည်း `ငိုအောင် လုပ်ပြမယ်` ဆိုသည့် စကားကြောင့် ဒေါသထွက်သွားသည်။
“မင်း စောင့်နေ”
`ဘုန်း...`
ဟူဖေးဖေးသည် စကားအများကြီး ပြောခွင့်မပေးဘဲ တုတ်တိုဖြင့် ရိုက်ချလိုက်ရာ သဲမျက်နှာကြီး ပေါက်ကွဲသွားလေ၏။
ယဲ့ဖုန်းသည် သစ်ပင်ကြီးအောက်တွင် ထိုင်လျက် ငြိမ်သက်စွာ ကြည့်ရှုနေသည်။
“ပြိုင်ဘက်ကောင်း ပေါ်လာပြီ... ဟူဖေးဖေး နိုင်ပါ့မလား”
*
မိုင်တစ်ထောင် အကွာအဝေး...၊
မြေအောက်နန်းတော် တစ်ခုတွင်...
“သောက်ကျိုးနည်း... ငါ့ကို စော်ကားရဲတယ်ပေါ့... မင်း အသုဘတောင် ရှုစရာ မရှိအောင် လုပ်ပစ်မယ်”
ဒေါသတကြီး ဟိန်းဟောက်သံ ထွက်ပေါ်လာ၏။
ခန်းမဆောင်ကြီး တစ်ခုလုံး တုန်ခါသွားပြီး သဲမှုန်များ ကျဆင်းလာ၏။ အတွင်းရှိ သတ္တဝါများ ကြောက်လန့်တကြား ဖြစ်ကုန်ကြ၏။
နောက်တစ်ခဏတွင် အရှိန်အဝါများ ပြန်လည် ငြိမ်သက်သွားသည်။
“ဘုရင်ကြီးရဲ့ သဲကိုယ်ပွား ဖျက်ဆီးခံလိုက်ရတာကိုး”
“ဒါကြောင့် ဒီလောက် ဒေါသထွက်နေတာ”
“`မြင့်မြတ်သော လေ ဓားဂိုဏ်း` က `အထွတ်အထိပ် အကြီးအကဲ` များ ရောက်လာတာလား”
“မဖြစ်နိုင်ဘူး... သူတို့ အကြီးအကဲတွေက ယောက်ျားတွေချည်းပဲ... အခုက `မြေခွေးမလေး` ရောက်လာတာ... သူ့နောက်မှာ ပညာရှင် တစ်ယောက် ပါသေးတယ်တဲ့”
“ကြောက်စရာကြီးဟ”
နတ်ဆိုးဗိုလ်ချုပ်များ တီးတိုး ပြောဆိုနေကြ၏။
ဘေးခန်းမဆောင်၏ မြေအောက်ထောင်တွင်...
ဒဏ်ရာများနှင့် လူ (၁၀) ဦးကျော်ကို သံကြိုးဖြင့် ချည်နှောင်ထားသည်။
အပြင်က စကားသံများကို ကြားလိုက်ရသောအခါ ဆံပင်ဖားလျားနှင့် ခေါင်းဆောင်ဖြစ်သူ မော့ကြည့်လိုက်၏။ မျက်လုံးများတွင် မျှော်လင့်ချက် ရောင်ခြည်များ သန်းနေသည်။
“သခင်လေး... ကျွန်တော်တို့ကို လာကယ်တဲ့သူ ရှိနေပြီ ထင်တယ်” အသံအက်အက်ဖြင့် ပြောလိုက်သည်။
“`ဝိညာဉ်ပင်လယ်အဆင့်` ပညာရှင် ရောက်လာပုံရတယ်... ကောင်းလိုက်တာ... မျှော်လင့်ချက် ရှိလာပြီ” `သခင်လေး` ဟု ခေါ်ဝေါ်ခံရသူက အားနည်းစွာ ပြောလိုက်သည်။
...
သစ်ပင်ကြီးအောက်တွင်...
ယဲ့ဖုန်းသည် မော့ကြည့်လိုက်ရာ အဝေးမှ လေဆင်နှာမောင်းကြီး တစ်ခုကို တွေ့လိုက်ရသည်။
[ရှားလီဘီတာ - အလယ်အလတ်အဆင့် နတ်ဆိုးဘုရင် ]
[ပါရမီ - သဲကိုယ်ပွား၊ နတ်ဘုရား အလင်းတန်း သိုင်းနည်းစနစ်]
[မှတ်ချက် - သဲကန္တာရဘုရင် ဖြစ်ပြီး အဝေးမှ သဲများကို ထိန်းချုပ်ကာ ကိုယ်ပွားများ ဖန်တီးနိုင်သည်... တိုက်ခိုက်ရေး စွမ်းရည် အံ့မခန်း မြင့်မားသည်]
“ဟူဖေးဖေး... ပြိုင်ဘက်က `အလယ်အလတ်အဆင့် နတ်ဆိုးဘုရင်` ကွ... မင်းထက် တစ်ဆင့် မြင့်တယ်... သတိထားနော်” ယဲ့ဖုန်း လှမ်းအော်လိုက်သည်။
ဟူဖေးဖေးက `ထိပ်တန်း အဆင့်မြင့် ဝိညာဉ်လက်နက်` ဖြစ်သည်။
ပုံမှန်အချိန်တွင် `ဝိညာဉ်ပင်လယ် ဒုတိယ၊ တတိယအဆင့်` ခန့် ရှိပြီး၊ တိုက်ခိုက်ရေး အခြေအနေ ဝင်သွားပါက `တတိယအဆင့် အထွတ်အထိပ်` ရောက်ရှိသည်။
ကောင်းကင်ယံတွင်...
လေဆင်နှာမောင်းကြီးသည် မူလပုံစံ ပြန်ပြောင်းသွားသည်။
(၁၀) မီတာ မြင့်မားသော အပြာရောင် လူဝကြီး ဖြစ်ပြီး အရိုးတုတ်တံ နှစ်ချောင်းကို ကိုင်ဆောင်ထားသည်။ မျက်နှာတွင် နှာခေါင်းနှင့် နားရွက် မပါဘဲ ချွန်ထက်သော သွားများဖြင့် ပါးစပ်ပေါက်ကြီးနှင့် အရောင်စုံ မျက်လုံး (၈) လုံး ပါရှိသည်။
“ရုပ်ဆိုးလိုက်တာ”
ဟူဖေးဖေး.. ရင်ထဲက လှိုက်လှိုက်လှဲလှဲ ပြောလိုက်သည်။
“မင်း သေချင်နေတာလား”
ရှားလီဘီတာ ဒေါသထွက်သွားပြီး အရိုးတုတ်တံဖြင့် ရိုက်ချလိုက်သည်။
`ချွင်...`
ဟူဖေးဖေး တိုက်ခိုက်ရေး အခြေအနေ ဝင်ရောက်သွား၏။ မျက်လုံးများ ပန်းရောင် ပြောင်းသွားပြီး ဆံပင်များ တောက်ပလာ၏။ တုတ်တိုဖြင့် ပြန်လည် ခုခံလိုက်သည်။
တစ်ချက်တည်းနှင့် ဟူဖေးဖေး မိုင် (၁၀) ဂဏန်း လွင့်ထွက်သွားပြီး သဲခုံပေါ် ပြုတ်ကျသွားသည်။ သဲဖုန်များ မုန်တိုင်း ထန်သွားတော့၏။
“အဆင့်နိမ့် နတ်ဆိုးဘုရင်လောက်နဲ့ ငါ့ကို လာယှဉ်ချင်တာလား”
ရှားလီဘီတာ ဂုဏ်ယူစွာ ပြောလိုက်သည်။
`ဝုန်း...`
ဟူဖေးဖေး သဲကျင်းထဲမှ ပြန်ထွက်လာ၏။ ဆံပင်များ ပိုမို တောက်ပလာပြီး လေမတိုက်ဘဲ လွင့်ပျံနေသည်။ မျက်လုံးများ အရောင်လက်လာ၏။
“ဒုတိယ တိုက်ခိုက်ရေး အခြေအနေ... မဆိုးဘူး”
ယဲ့ဖုန်း ပြုံးလိုက်သည်။
‘ဟိုတုန်းက ဦးချိုတစ်ချောင်း နတ်ဆိုးကို သတ်တုန်းက ဒီအဆင့် ရောက်ခဲ့တာ။ `အလယ်အလတ်အဆင့် နတ်ဆိုးဘုရင်` နဲ့ ယှဉ်လို့ ရနေပြီလေ’
“ဘာ... စွမ်းအား ထပ်တက်လာသေးတာလား”
ရှားလီဘီတာ မျက်လုံး (၈) လုံး ပြူးကျယ်သွားသည်။ တုတ်တံကို ကိုင်ပြီး ဆက်လက် တိုက်ခိုက်လိုက်၏။
`ချွင်... ချွင်... ချွင်...`
သည်တစ်ခါတော့ လက်ရည်တူ ဖြစ်သွားရ၏။
ဝေဟင်တွင် အရိပ်များ မသဲမကွဲ..ဝေဝါးနေပြီး ပေါက်ကွဲသံများ ဆက်တိုက် ထွက်ပေါ်နေသည်။ စွမ်းအင်လှိုင်းများ ပျံ့နှံ့လာသဖြင့် ယဲ့ဖုန်း အဝေးသို့ ရှောင်တိမ်းလိုက်ရသည်။
အမှောင်ထုထဲတွင်...
အရိပ်မည်းတစ်ခု သဲထဲမှ တိုးထွက်လာပြီး ယဲ့ဖုန်း၏ နောက်ကျောဘက်သို့ ချဉ်းကပ်လာ၏။ အလစ်တိုက်ခိုက်ရန် ပြင်ဆင်နေ၏။
“ဝါး...”
ရုတ်တရက် အရိပ်မည်း သဲထဲမှ ခုန်ထွက်လာပြီး သွားများဖြင့် ယဲ့ဖုန်းကို ကိုက်ဝါးရန် ဟန်ပြင်လိုက်သည်။
`ရွှပ်...`
အဖြူရောင် အရိုးဓားတစ်လက် ပျံသန်းလာပြီး အရိပ်မည်းကို နှစ်ပိုင်းဖြတ်လိုက်၏။ အရှိန်ကြောင့် ရှေ့သို့ ဆက်လက် ရွေ့လျားလာပြီး ယဲ့ဖုန်းရှေ့တွင် ပြုတ်ကျသွားသည်။
“`သဲကန္တာရ မိစ္ဆာခွေး` ပါလား... `အလယ်အလတ်အဆင့် နတ်ဆိုးဗိုလ်ချုပ်` တဲ့... သေချင်နေတာပဲ”
ယဲ့ဖုန်း ဂရုမစိုက်ဘဲ ဆက်လက် ကြည့်ရှုနေလိုက်သည်။
ကောင်းကင်ယံတွင်...
ရှားလီဘီတာ တိုက်ခိုက်လေ အံ့သြလေ ဖြစ်နေ၏။
စောစောက တစ်ချက်တည်းနှင့် လွင့်သွားသည့် ကောင်မလေးက ယခုတော့ လက်ရည်တူ ဖြစ်နေပြီ။ ပိုဆိုးတာက သူ့ကိုတောင် ဖိအားပေးလာနေသည်။
“နတ်ဘုရား အလင်းတန်း သိုင်းနည်းစနစ်”
ရှားလီဘီတာ၏ မျက်လုံး (၈) လုံး ပေါင်းစပ်သွားပြီး ဧရာမ မျက်လုံးကြီး တစ်လုံးအဖြစ် ပြောင်းလဲသွားသည်။ တဆက်တည်း၌၊ အရောင်စုံ အလင်းတန်းများ ပစ်လွှတ်လိုက်တော့သည်။
`ဝီ...`
ဟူဖေးဖေး အလင်းတန်းထိမှန်ပြီး လွင့်ထွက်သွားသည်။ ခန္ဓာကိုယ် မီးကျွမ်းသွားပြီး မြေကြီးပေါ် ပြုတ်ကျလုနီးပါး ဖြစ်သွားရ၏။
“ဟီးဟီး... ခွန်အားပဲ ရှိပြီး ဉာဏ်မရှိတဲ့ ကောင်မလေး... သိုင်းနည်းစနစ်ကို မကာကွယ်နိုင်ဘူးလား... ဟေ... ဘာဖြစ်တာလဲ”
ရှားလီဘီတာ ဝမ်းသာမဆုံးခင်မှာပင် မျက်နှာပျက်သွားသည်။
ဟူဖေးဖေး၏ ကိုယ်ပေါ်မှ မီးကျွမ်းရာများ ပျောက်ကွယ်သွားပြီး ပန်းရောင် အလင်းတန်းများ ထွက်ပေါ်လာ၏။ သူမသည် သိုင်းနည်းစနစ်စွမ်းအင်များကို စုပ်ယူလိုက်ခြင်း ဖြစ်သည်။
[ဟူဖေးဖေး၏ အဆင့်မြှင့်တင်ခြင်း စွမ်းအင် - ၄၁ ရာခိုင်နှုန်း]
ယဲ့ဖုန်း အချက်ပေးသံ ကြားလိုက်ရသည်။
“ကောင်းတယ်... ဒီအတိုင်းပဲ ဆက်သွား”
ယဲ့ဖုန်း မတ်တပ်ရပ်လိုက်ပြီး ကျေနပ်စွာ ပြုံးလိုက်သည်။
“မင်းက ငါ့သိုင်းနည်းစနစ်ကို စုပ်ယူနိုင်တယ် ဟုတ်လား” ရှားလီဘီတာ ယင်ကောင် မြိုမိသကဲ့သို့ ဖြစ်သွားရသည်။
“မြန်မြန်... နောက်တစ်ခါ ထပ်ပစ်ပါဦး... စုပ်ယူချင်သေးတယ်” ဟူဖေးဖေး စိတ်လှုပ်ရှားစွာ တောင်းဆိုလိုက်လေ၏။
“သွားသေလိုက်”
ရှားလီဘီတာ ကျိန်ဆဲလိုက်တော့သည်။
သူ့ပါရမီကို ထုတ်သုံးလိုက်၏။ မိုင် (၁၀) ဂဏန်း ပတ်လည်တွင် လေပြင်းများ တိုက်ခတ်လာပြီး သဲများကို စုစည်းကာ (၁၀) မိုင်ခန့် ကျယ်ဝန်းသော ဧရာမ သဲတူကြီး ဖန်တီးလိုက်သည်။ ဟူဖေးဖေး အပေါ်သို့ ဥက္ကာခဲကြီးသဖွယ် ထုချလိုက်လေ၏။
ထို့နောက် ရလဒ်ကိုပင် မစောင့်တော့ဘဲ လှည့်ထွက်ပြေးလေတော့သည်။