← Chapters

အခန်း (၁၉၆-၁၉၈)

Vol. 14 Ch. 196-198

အခန်း (၁၉၆-၁၉၈)

Vol. 14 Ch. 196-198

အခန်း (၁၉၆) - အိမ်အပြန် (၃)

~ထိုစကားကို ဆိုပြီးနောက် သူသည် ဆုမိုအား လက်သီးဆုပ် ဦးညွှတ်ကာ တောင်းပန်စကား ဆိုလိုက်သည်။ ထို့နောက်မှ ဆက်လက် ပြောကြား၏။

"ကျွန်တော့်ရဲ့ သိမ်ဖျင်းတဲ့ အမြင်ကို ပြောရရင်တော့... ခေါင်းဆောင်ဆုက ဂျူနီယာ တစ်ယောက် ဖြစ်နေတုန်းပါပဲ... ဂုဏ်သတင်းက တောက်ပနေပေမယ့် ခေါင်းဆောင်ကြီးရှေ့မှာတော့ မောက်မာမနေသင့်ပါဘူး... တကယ်လို့ ခေါင်းဆောင်ဆု အနေနဲ့ သဘောထားကြီးကြီးထားပြီး နောက်ဆုတ်ပေးနိုင်မယ်... ပြီးတော့ လိုရာခရီးရောက်တဲ့အခါ ခေါင်းဆောင်ကြီးကို နောက်ကွယ်က ကြိုးကိုင်သူ ဖမ်းမိအောင် ကူညီပေးနိုင်မယ် ဆိုရင်..."

"ဒါဆိုရင် သူ့စိတ်ထဲမှာ ခင်ဗျားကို ထိုက်တန်တဲ့ အနာဂတ် သားမက်လောင်း တစ်ယောက်အဖြစ် လက်ခံလာလိမ့်မယ်... အဲဒီကျရင် ခင်ဗျားတို့နှစ်ယောက် ကြားက ပြဿနာတွေလည်း အလိုလို ပျောက်ကွယ်သွားမှာပါ..."

"ခေါင်းဆောင်ကြီးနဲ့ ခင်ဗျားကြားမှာ ပြဿနာ မရှိတော့ရင်... ခေါင်းဆောင်ကြီးနဲ့ သခင်မလေးကြားမှာလည်း ပြဿနာ ရှိတော့မှာ မဟုတ်ဘူး..."

"ဇီယန် နဲ့ သံမဏိသွေး က မိသားစု တစ်ခုတည်း ဖြစ်သွားပြီး သဟဇာတ ဖြစ်သွားရင်... လူတိုင်းအတွက် ဝမ်းမြောက်စရာ ဖြစ်မသွားဘူးလား..."

ခေါင်းဆောင်လီ သည် ထိုစကားကို ကြားသောအခါ ပေါင်ကို ရိုက်ပြီး ချီးကျူးလိုက်သည်။

"ဟုတ်တယ်... ဟုတ်တယ်... ကိုကျန်း ရာ... ခင်ဗျားရဲ့ ဝက်ဦးနှောက်က ဒီတစ်ခါတော့ အလုပ်ဖြစ်သားပဲ..."

"ရှူး... လျှောက်ပြောမနေနဲ့... ခေါင်းဆောင်ဆု ကြားသွားပြီး ငါတို့ကို ရယ်နေပါဦးမယ်..."

ခေါင်းဆောင်ကျန်း သည် ဆုမိုကို ပြုံးပြပြီး ပြောလိုက်၏။

"ဒါပေမယ့် ခေါင်းဆောင်ဆု... ကျွန်တော် ခုနက ပွင့်ပွင့်လင်းလင်း ပြောမိတာကို အပြစ်မယူပါနဲ့... ခင်ဗျားကို လျှော့နေပေးဖို့ ပြောရတာက... ဘာပဲဖြစ်ဖြစ် လူကြီးတစ်ယောက် ရှေ့မှာ နှိမ့်ချပြီး နေတာက သိက္ခာကျစရာမှ မဟုတ်တာ... ဟုတ်တယ်မလား... တကယ်လို့ ကျွန်တော် ပြောတာလွန်သွားရင် ပါးရိုက်ဖို့ အသင့်ပါပဲ..."

ပြောရင်းဖြင့် ကိုယ့်ပါးကိုယ်ရိုက်မည့် ဟန်ပန် လုပ်ပြရာ ဆုမိုက ချက်ချင်း တားဆီးလိုက်သည်။

"ခေါင်းဆောင်ကျန်း ရဲ့ စကားတွေက ရွှေစကားတွေပါဗျာ... ကျွန်တော် ဘယ်လိုလုပ် စိတ်ဆိုးရမှာလဲ... ကောင်းပါပြီ... ခင်ဗျားတို့ နှစ်ယောက်ရဲ့ အကြံပေးချက်အတိုင်း ဦးလေးယန် ရှေ့ရောက်ရင် ကျွန်တော် သားမက်ကောင်း ပီသအောင် နေပါ့မယ်... နောက်ဆုံးတော့ သူ့ကို စိတ်ချမ်းသာအောင် ထားဖို့ လိုတယ်လေ... မဟုတ်ရင် ဘယ်သူကများ သူ့သမီးကို ကျွန်တော့်လက်ထဲ ထည့်ပေးချင်မှာလဲ..."

"ဟားဟားဟား... အဲဒီ သဘောတရားပေါ့ဗျာ... ယောက္ခမကြီးကို အချိုမသတ်ပေးရင် ဘယ်သူကများ သူ့သမီးကို ခင်ဗျားလို လူဆိုးကောင်လက်ထဲ ထည့်ပေးမှာလဲ..."

"ဟုတ်တယ်... ဟုတ်တယ်..."

နှစ်ယောက်သား အကြိမ်ကြိမ် ခေါင်းညိတ်ထောက်ခံလိုက်ကြသည်။

နောက်ထပ် ပြောစရာ စကားပိုများ မရှိတော့ချေ။

ယန်ယီဇီ လက်ရှိ မည်သည့်နေရာတွင် တည်းခိုနေသည်ကို သိရှိရပြီးနောက်၊ ခဏတာ စကားစမြည် ပြောဆိုပြီး ဆုမို နှုတ်ဆက်ထွက်ခွာလာခဲ့၏။

ကျန်းနှင့် လီတို့က လူအုပ်ကြီးနှင့်အတူ တံခါးဝအထိ လိုက်ပါပို့ဆောင်ကြ၏။ ဆုမို ထွက်ခွာသွားသည်ကို ကြည့်ရှုရင်း သူတို့နှစ်ဦး အကြည့်ချင်း ဖလှယ်ပြီး ပြုံးလိုက်ကြသည်။

"ဒီ ခေါင်းဆောင်ဆု က တကယ်ပဲ သာမန်မဟုတ်ဘူး..."

"သူက မောက်မာတဲ့အမူအရာ မရှိသလို၊ ငယ်ငယ်ရွယ်ရွယ်နဲ့ နာမည်ကြီးနေတာတောင် ဘဝင်မမြင့်ဘူး..."

"သခင်မလေး နဲ့ တကယ့်ကို လိုက်ဖက်တဲ့ စုံတွဲပါပဲ..."

"ခေါင်းဆောင်ကြီး အမြန်ဆုံး သဘောပေါက်ပါစေလို့ပဲ ဆုတောင်းရမှာပေါ့... ဒီလို သားမက်ကောင်းမျိုးက မီးအိမ်ထွန်းရှာရင်တောင် တွေ့ဖို့ ခက်တယ်..."

လူအုပ်ကြီးက တံခါးကြီးကို ပိတ်ရင်း တိုးတိုးတိတ်တိတ် ပြောဆိုနေကြသည်။

ဆုမိုသည် သံမဏိသွေး အာမခံဌာနမှ ထွက်ခွာလာပြီး ခြေလှမ်းအနည်းငယ် လှမ်းလိုက်မိချိန်တွင် ယန်ရှောင်ယွင်ကို တွေ့လိုက်ရ၏။ သူမသည် ကျောက်တုံးငုတ်တိုလေး ပေါ်တွင် ထိုင်ပြီး ခြေထောက်များကို လှုပ်ရမ်းနေသည်။

"အိုက်ယား... ဘယ်သူ့သမီးလေးမို့လို့ ဒီလောက်တောင် လှပနေရတာလဲ... အိမ်ပြန်ခေါ်သွားပြီး တယုတယ ပြုစုထားသင့်တယ် ထင်ပါရဲ့..."

ဆုမိုက ယန်ရှောင်ယွင်၏ နောက်ကျောဘက်သို့ ရောက်ရှိလာပြီး ရုတ်တရက် ပြောလိုက်သည်။

ယန်ရှောင်ယွင်သည် ပထမဆုံး စကားလုံးကို ကြားလိုက်သည်နှင့် တောင့်တင်းသွားသော်လည်း၊ နောက်တစ်ခဏတွင် ဆုမို၏ အသံမှန်း မှတ်မိသွား၏။

သူမ နောက်လှည့်ကြည့်ပြီး တံတွေးဖြင့် လှမ်းထွေးလိုက်သည်။

"နင်က ပေါက်ကရတွေပဲ ပြောတတ်တယ်... ဘာလဲ... ပြည့်တန်ဆာအိမ်မှာ သင်လာသမျှ နည်းလမ်းတွေ အကုန်လုံး ငါ့အပေါ် လာသုံးနေတာလား..."

"ဒါဆို အစ်မယွင် က သဘောကျမှာမို့လို့လား..."

ဆုမိုက ခေါင်းကို စောင်းပြီး မေးလိုက်သည်။

"ဘယ်သူက သဘောကျမှာလဲ..."

ယန်ရှောင်ယွင်က နှာခေါင်းရှုံ့လိုက်သော်လည်း နှုတ်ခမ်းထောင့်များကမူ အနည်းငယ် ကွေးညွှတ်သွားသည်။

ဆုမို ရယ်မောလိုက်ပြီး သူမဘေးတွင် ဝင်ထိုင်လိုက်၏။

"သူတို့က စေတနာနဲ့ပါ..."

"ငါ သိပါတယ်..."

ယန်ရှောင်ယွင် သက်ပြင်းချလိုက်သည်။

"ဦးလေးကျန်း နဲ့ ဦးလေးလီ က ငါ့ကို ငယ်ငယ်ကတည်းက ကြည့်လာခဲ့တာ... အဖေ့လောက်နီးပါး ငါ့ကို ဂရုစိုက်ကြတယ်... ငါ ခုနက ဘယ်လို တုံ့ပြန်ရမလဲ မသိလို့ပါ... စကားအကောင်း ပြောဖို့က လွယ်ပါတယ်... ဒါပေမယ့် အဖေ့ရဲ့ သဘောထားကို ငါ မသိသေးဘူးလေ... တကယ်လို့ ငါက အခု လျှော့ပေးလိုက်ပြီး အဖေက ခေါင်းမာနေရင် ငါ ဘာဆက်လုပ်ရမလဲ..."

"အဲဒီလို ဖြစ်မယ့်အစား... သူ့သဘောထား မရှင်းလင်းခင်မှာ ငါ့သဘောထားကို မပြတာ ပိုကောင်းပါတယ်..."

"ပြီးတော့ အဲဒီနေ့က နင်ပြောတာလည်း အကြောင်းပြချက် ခိုင်လုံတယ်... တကယ်လို့ ဒါက အဖေ့ရဲ့ ဆန္ဒအစစ်အမှန် ဆိုရင်... ငါ အခု သူတို့နဲ့ စကားပြောလိုက်တာက သူ့ရည်ရွယ်ချက်ကို ဖျက်ဆီးသလို ဖြစ်မနေဘူးလား..."

"ဒါကြောင့်လည်း ငါ သူတို့နဲ့ ဘယ်လို ပြောရမလဲ မသိတော့တာ..."

"ကျွန်တော် နားလည်ပါတယ်..."

ဆုမို ခေါင်းညိတ်လိုက်ပြီး ယန်ရှောင်ယွင်၏ လက်ကို သူ့လက်ဖဝါးထဲ ဆုပ်ကိုင်လိုက်၏။

"ဦးလေးယန် က အခု ဟောင်ရန် ကျောင်းတော်မှာ ရောက်နေတယ်... ကျွန်တော် မနက်ဖြန် မနက်စောစော အဲဒီကို သွားဖို့ စီစဉ်ထားတယ်..."

"ဟင်..."

ယန်ရှောင်ယွင် ရင်ထဲ ထိတ်ခနဲ ဖြစ်သွားရရှာသည်။

"အဲဒီလောက်တောင် အရေးကြီးနေလို့လား..."

"ဒီကိစ္စကို တစ်ရက်စောပြီး ဖြေရှင်းနိုင်ရင် တစ်ရက်စောပြီး ကောင်းတာပေါ့..."

ဆုမိုက လက်ကို ဆန့်တန်းလိုက်ပြီး ပြုံးရွှင်စွာ ပြောလိုက်သည်။

"ပြီးတော့... ဟို အာမခံခေါင်းဆောင် နှစ်ယောက်ဆီက သတင်းကောင်း တစ်ခု ရလိုက်သေးတယ်..."

"ဘာသတင်းကောင်းလဲ..."

ယန်ရှောင်ယွင်လည်း စူးစမ်းချင်စိတ် ဖြစ်ပေါ်လာ၏။

"အခုထိ ဦးလေးယန်က ရွှီရော့ရှန် ဘယ်သူ့လက်ချက်နဲ့ သေသွားလဲ ဆိုတာ မသိသေးဘူးတဲ့..."

"...?"

ယန်ရှောင်ယွင် ကြောင်အမ်းအမ်း ဖြစ်သွားရှာသည်။

"အဲဒါ ဘယ်လိုလုပ် သတင်းကောင်း ဖြစ်ရတာလဲ..."

"ဒါမှ ကျွန်တော့်သိုင်းပညာကို ထုတ်သုံးပြဖို့ စင်မြင့်တစ်ခု ရမှာပေါ့... ဦးလေးယန် ရှေ့မှာ ဟန်ပြပြီး သူ့အဘိုးကြီး စိတ်နှလုံးကို ရွှင်လန်းအောင် လုပ်ပေးနိုင်ရင်... သူ့သမီးကို ကျွန်တော့်လက်ထဲ ထည့်ပေးဖို့ လမ်းစ ဖြစ်မလာနိုင်ဘူးလား..."

"..."

ယန်ရှောင်ယွင် နှုတ်ခမ်း တွန့်သွားသည်။

"ဘယ်သူ့ရဲ့ စိတ်ကူးပေါက်ကရတွေလဲ..."

"နင် ဘယ်လို ထင်လို့လဲ..."

"အာ..."

ယန်ရှောင်ယွင် ဘာပြောရမှန်း မသိ ဖြစ်နေစဉ် ဆုမိုက သူမကို ဆွဲထူလိုက်၏။

"သွားကြစို့... ဒီည အာမခံဌာနက လူတွေနဲ့ ပျော်ပျော်ပါးပါး စားသောက်ရဦးမယ်... မနက်ဖြန် သူတို့ ထွက်သွားပြီးမှ ကျွန်တော် ထွက်သွားမှာ..."

"ဟုတ်သားပဲ... ဒီညတော့ တကယ်ပဲ ပျော်ပျော်ပါးပါး နေသင့်တယ်..."

ယန်ရှောင်ယွင် လည်း သူမ၏ စိုးရိမ်ပူပန်မှုများကို ယာယီ ဘေးဖယ်ထားလိုက်သည်။

"ငါတို့ ဇီယန် အာမခံဌာန တရားဝင် လုပ်ငန်းစတင်တာကို ဂုဏ်ပြုတဲ့ ပွဲလေးပေါ့..."

သူတို့နှစ်ဦး ဇီယန် အာမခံဌာန သို့ ပြန်ရောက်သောအခါ အရာအားလုံး အသင့်ပြင်ဆင်ပြီး ဖြစ်နေလေပြီ။

သိုင်းကွင်းပြင်ထဲတွင် စားပွဲရှည်ကြီးများ ခင်းကျင်းထားပြီး ဟင်းပွဲမျိုးစုံဖြင့် ပြည့်နှက်နေသည်။ ဦးလေးဖူ သည် ဘေးနားတွင် ဝိုင်အိုးကောင်းများကို စီစဉ်ပေးနေပြီး၊ မြင်လိုက်ရသည့် အာမခံ ဆရာသခင်တိုင်း သွားရည်ကျနေကြပြီ ဖြစ်သည်။

ဆုမို နှင့် ယန်ရှောင်ယွင် ပြန်ရောက်သည်နှင့် အားလုံးက သူတို့ကို အဓိက ခုံများဆီသို့ အလျင်အမြန် ပို့ဆောင်ပေးကြ၏။ ယန်ရှောင်ယွင် သည် ဆုမို၏ ဘယ်ဘက် ပထမဆုံး ခုံတွင် ဝင်ထိုင်လိုက်သည်။

"ကဲ... အားလုံးပဲ ထိုင်ကြပါ..."

ဆုမိုက ဝိုင်အိုးတစ်လုံးကို မလိုက်ပြီး ကိုယ့်ပန်းကန်ထဲ ကိုယ်တိုင် ငှဲ့လိုက်သည်။ ထို့နောက် ပန်းကန်လုံးကို မြှောက်ပြီး ပြောလိုက်၏။

"အားလုံးရဲ့ ပံ့ပိုးကူညီမှုကြောင့်... ဇီယန် အာမခံဌာနကို ဝင်ရောက်လာကြတဲ့အတွက် ကျေးဇူးတင်ပါတယ်... ငါတို့ရဲ့ လမ်းငါးသွယ်ဆုံရပ် ခရီးစဉ်က ငါတို့ရဲ့ ခြေကုပ်ကို ခိုင်မာစေခဲ့ပြီ... ဒီနေ့ကစပြီး အာမခံဌာနရဲ့ လုပ်ငန်းလည်ပတ်မှုတွေက မင်းတို့အားလုံးအပေါ်မှာပဲ မူတည်နေတော့မှာ..."

"အားလုံးအတွက်... သောက်ကြ.."

"ခေါင်းဆောင်အတွက်... သောက်ကြ...”

အခန်း (၁၉၇) - အဆိပ်သင့်ခြင်း

~ညဉ့်ကောင်းကင်ယံအောက်... ဇီယန် အာမခံဌာန အတွင်း၌...

ဆုမိုနှင့် အားလုံးက တစ်ယောက်ကိုတစ်ယောက် ဝိုင်ခွက်များ မြှောက်ကာ ဂုဏ်ပြုလိုက်ကြပြီးနောက်၊ သက်ဝင်လှုပ်ရှားသော ညစာစားပွဲကြီး စတင်ပါလေတော့၏။

အစပိုင်းတွင် လူအများက ဆုမို၏ သူရဲကောင်းဆန်သော စွမ်းဆောင်ရည်များကို ချီးကျူးကြပြီး၊ သူ၏ သိုင်းပညာကို ဂုဏ်ပြုပြောဆိုကြသလို၊ မိမိတို့၏ လေ့ကျင့်မှုများအတွက် အကြံဉာဏ်များလည်း တောင်းခံကြ၏။

သို့သော် သောက်စားမူးယစ်လာသည်နှင့်အမျှ ဝိုင်အရှိန်တက်လာပြီး တစ်ယောက်တစ်မျိုး ဟန်ရေးပြလာကြကာ စကားစစ်ထိုးပွဲများ စတင်လာကြတော့၏။

စကားဝိုင်း၏ ခေါင်းစဉ်များလည်း ပြောင်းလဲလာ၏။

သိုင်းလောကမှ ကောလာဟလများနှင့် အတင်းအဖျင်းများကို ဖလှယ်ကြသည်လည်း ရှိသလို၊ မိမိတို့၏ အတိတ်၊ ပစ္စုပ္ပန်နှင့် အနာဂတ် ရည်မှန်းချက်များကို ကြွားဝါပြောဆိုကြသည်လည်း ရှိသည်။

မည်သို့ပင်ဆိုစေကာမူ ဇာတ်လမ်းမျိုးစုံ ထွက်ပေါ်လာပြီး၊ တစ်စုံတစ်ယောက်က ဆုမိုကို ယန်ရှောင်ယွင်နှင့် ဘယ်တော့ လက်ထပ်မှာလဲဟုပင် မေးမြန်းလိုက်သေး၏။

ထိုမေးခွန်းကြောင့် ဦးလေးဖူ က သဘောကျပြီး တဟားဟား ရယ်မောသည်။

ဆုမိုက ဒေါသတကြီးဖြင့် ဝိုင်သုံးခွက် ဆက်တိုက် မော့သောက်လိုက်ပြီး၊ ထိုလူကို မူးမေ့သွားသည်အထိ တိုက်လိုက်သည်။

သောက်လိုက်စားလိုက်နှင့် ဟင်းပွဲများ တစ်ပွဲပြီးတစ်ပွဲ ကုန်သွားသော်လည်း ပျော်ရွှင်မှု အရှိန်အဟုန်က လျော့ကျသွားမည့်ပုံ မပေါ်သေးပေ။

ဆုမိုက ယန်ရှောင်ယွင်ကို မျက်စိဖြင့် အချက်ပြလိုက်ပြီး၊ ဝိုင်အိုးတစ်လုံးနှင့် ပန်းကန်လုံး နှစ်ခုကို ယူကာ ထိုင်ခုံမှ ထွက်ခွာလာခဲ့၏။

ကွေ့ပတ်သွားလာပြီးနောက် အခန်းတစ်ခန်း ရှေ့သို့ ရောက်ရှိလာသည်။

အခန်းတံခါးကို သော့ခတ်ထား၏။ ဆုမိုက ပေါ့ပေါ့ပါးပါးပင် သော့ဖွင့်လိုက်ရာ အထဲတွင် ထိုင်နေပြီး မျှော်လင့်ချက်မဲ့စွာ သက်ပြင်းချနေသော လူတစ်ယောက်ကို တွေ့လိုက်ရသည်။

ထိုသူမှာ ရှုလု မှလွဲ၍ အခြားသူ မဟုတ်ပေ။

ဆုမို ဝင်လာသည်ကို မြင်သောအခါ ရှုလု ကပျာကယာ မတ်တတ်ရပ်လိုက်သည်။

“ခေါင်း... ခေါင်းဆောင်ဆု…”

"သူရဲကောင်းရှု..."

ဆုမိုက သူ့ကို ခပ်ဖျော့ဖျော့ ပြုံးပြလိုက်ပြီး စားပွဲတွင် ဝင်ထိုင်လိုက်သည်။ ဝိုင်ပန်းကန်လုံးများကို စားပွဲပေါ် တင်လိုက်ပြီး အထုပ်တစ်ထုပ်ကို စားပွဲစွန်းသို့ ပစ်တင်လိုက်၏။

"ဒီည ဇီယန် အာမခံဌာနမှာ စားပွဲသောက်ပွဲ ရှိတယ်... မီးဖိုချောင်က ဟင်းပွဲတွေ အာစပ်ရဲ့လား..."

စားပွဲပေါ်ရှိ မထိရသေးသလောက် ဖြစ်နေသော ဟင်းပွဲများကို တစ်ချက် ကြည့်လိုက်သည်။

ရှုလု က အမြန် ပြန်ဖြေသည်။

"ကြိုက်ပါတယ်... အရမ်း ကြိုက်ပါတယ်... ဟို... ဒီမယ်... ကျွန်တော် တကယ် ဒုက္ခရောက်နေပါပြီ... လက်လည်း လက်ခံပါတယ်... ဒါပေမယ့်... ကျွန်တော့်ကို လွှတ်ပေးလိုက်ပါလားဗျာ... ကျွန်တော်က ဘာမှ သိပ်စွမ်းတာ မဟုတ်ပါဘူး... ပျင်းလည်း ပျင်းတယ်၊ လောဘလည်း ကြီးတယ်၊ အစားလည်း မက်တယ်... ကျွန်တော့်ကို ဒီမှာ ဖမ်းထားတာ ထမင်းကုန်ရုံပဲ ရှိမှာပါ... ဟုတ်တယ်မလား..."

"မလောပါနဲ့..."

ဆုမိုက ဝိုင်ပန်းကန်လုံး နှစ်လုံးကို ပေါ့ပေါ့ပါးပါး ဖွင့်လိုက်ပြီး တံဆိပ်ခွာကာ ဖြည့်လိုက်သည်။

ဝိုင်ပန်းကန်လုံးကို မြှောက်လိုက်ပြီး ပြောလိုက်၏။

"ဂုဏ်ပြုပါတယ်..."

"ဒါက..."

ရှုလု ခဏမျှ တွန့်ဆုတ်သွားသည်။

"ကျွန်တော်.., ခင်ဗျားကို သတ်ချင်ရင်... ဘာလို့ ဒီလိုတွေ လုပ်နေဦးမှာလဲ..."

ဆုမိုက သူ့ကို တစ်ချက် ကြည့်လိုက်သည်။

ရှုလု ချက်ချင်း ခေါင်းညိတ်လိုက်ပြီး ဝိုင်ပန်းကန်လုံးကို မြှောက်လိုက်သည်။

"ဂုဏ်ပြုပါတယ်..."

ခွက်ချင်းတိုက်ပြီးနောက် သူသည် တစ်ငုံတည်း မော့သောက်လိုက်ရာ ချက်ချင်း မျက်နှာ ရှုံ့မဲ့သွားသည်။

ဆုမိုက ပြုံးလျက် ဝိုင်သောက်ပြီးနောက် သက်ပြင်းကို ဖွဖွမှုတ်ထုတ်လိုက်သည်။ ပန်းကန်လုံးများကို ပြန်ဖြည့်လိုက်ပြီး ပြောလိုက်၏။

"ဝန်ခံရရင်...ကျွန်တော် သူရဲကောင်းရှု အကြောင်းကို တော်တော် သိချင်နေမိတယ်..."

"ဟေ..."

ရှုလု အံ့သြသွားသည်။

"ကျွန်တော့်အကြောင်း ဘာသိချင်စရာ ရှိလို့လဲ..."

"'ကျင်းဟုန် ဖေးရွှယ်' ဆိုတဲ့ ဂုဏ်သတင်းနဲ့တင်... ခင်ဗျားနာမည်က လူတိုင်း စိတ်ဝင်စားဖို့ လုံလောက်နေပါပြီ..."

ဆုမိုက သူ့ကို ကြည့်လိုက်သည်။

"ခင်ဗျားရဲ့ သိုင်းပညာ စွမ်းရည်နဲ့... ဘာလို့ သူခိုး ဖြစ်ဖို့ ရွေးချယ်ခဲ့တာလဲ..."

"ဒါက..."

ရှုလု ခဏမျှ တိတ်ဆိတ်သွားပြီးနောက် သက်ပြင်းချလိုက်သည်။

"တကယ်လို့ ကျွန်တော် ပြောပြရင်... ခင်ဗျား ကျွန်တော့်ကို လွှတ်ပေးမှာလား..."

"စဉ်းစားပေးပါ့မယ်..."

ဆုမို ပြုံးလိုက်သည်။

"ဒါပေမယ့် မပြောပြရင်တော့... လုံးဝ စဉ်းစားပေးမှာ မဟုတ်ဘူး..."

"ကောင်းပြီလေ..."

ရှုလု က ဝိုင်ပန်းကန်လုံးကို ကောက်ယူပြီး တစ်ငုံတည်း မော့သောက်လိုက်ရာ ဝိုင်အရှိန် တက်လာသည်ကို ခံစားလိုက်ရသည်။ အသက်တစ်ချက် ရှူသွင်းလိုက်ပြီး ဗိုက်ထဲ အစာဝင်အောင် တူဖြင့် အနည်းငယ် ကောက်စားလိုက်ကာ စကားစပြောလေတော့၏။

"ကျွန်တော်က တန်ဖိုးမရှိတဲ့ အသက်တစ်ချောင်းပါဗျာ... မှတ်မိသလောက် ပြောရရင် လမ်းဘေးမှာပဲ တောက်လျှောက် ကြီးပြင်းလာခဲ့တာ... တောင်းရမ်းစားသောက်တယ်... တခြား သူတောင်းစားတွေနဲ့ ရန်ဖြစ်တယ်... ကံကောင်းရင် စားကြွင်းစားကျန်လေး နည်းနည်း ရတယ်... ကံမကောင်းရင်တော့ တစ်နေ့လုံး ငတ်ပေါ့..."

ရှုလု က သူ့အတိတ်ကို ဖြည်းဖြည်းချင်း ပြန်ပြောပြသည်။

သူ၏ ပြောပြချက်များအရ ငယ်ဘဝသည် ဆင်းရဲဒုက္ခများဖြင့် ပြည့်နှက်နေခဲ့သော်လည်း ကံကြမ္မာမှာမူ မာကျောလှသည်။ လမ်းဘေး၌ လူးလိမ့်ကာ ကြီးပြင်းခဲ့ရသော်လည်း အသက်ရှင်သန်နိုင်ခဲ့၏။

နောက်ပိုင်းတွင် အဘိုးအိုတစ်ဦးက သူ့ကို ခေါ်ယူမွေးစားခဲ့၏။ ထိုအဘိုးအိုသည် သူခိုးတစ်ဦးဖြစ်ပြီး လက်ချောင်းသုံးချောင်း ပြတ်တောက်နေသည်။ တစ်ခါက ဖမ်းဆီးခံရစဉ် အပြစ်ပေးခံရမှုကြောင့် 'လုပ်ငန်းခွင် မတော်တဆမှု' ဖြစ်ကာ ဆုံးရှုံးခဲ့ရခြင်း ဖြစ်သည်။

ထိုအချိန်မှစ၍ ရှုလုသည် အဘိုးအိုနောက်လိုက်ကာ ခါးပိုက်နှိုက်ပညာကို သင်ယူခဲ့၏။ သို့သော် အဘိုးအိုက အမြဲသတိပေးလေ့ ရှိသည်။ အကယ်၍ လက်စွမ်းမမီဘဲ ဖမ်းဆီးခံရပါက ခေါင်းမာစွာဖြင့် အပြစ်ဝန်မခံဘဲ မနေရန် မှာကြားခဲ့၏။ အသက်ရှင်ရပ်တည်ရေးအတွက် တောင်းပန်ရခြင်းမှာ ရှက်စရာ မဟုတ်ကြောင်း၊ သူခိုးဖြစ်နေမှတော့ ပို၍ပင် မရှက်သင့်ကြောင်း ဆိုဆုံးမခဲ့၏။

အဘိုးအိုက သူ့ကို ခေါ်ယူမွေးစားခြင်းမှာ ဆက်ခံသူ လိုချင်၍ ဖြစ်သည်။ သူသည် ခိုးယူရန် အသက်အရွယ် ကြီးလွန်းနေပြီ ဖြစ်ရာ ရှုလုကို ကောင်းမွန်စွာ သင်ကြားပေးပြီး ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်စေရန် ရည်ရွယ်ခဲ့ခြင်းပင်။

အမှန်အတိုင်း ဆိုရလျှင် ဤသည်မှာ မြင့်မြတ်သော ရည်ရွယ်ချက်တော့ မဟုတ်။ သို့သော် ရှုလုအတွက်မူ အဘိုးအိုက သူ့ကို ကျွေးမွေးပြုစုပြီး အသက်ရှင်ရပ်တည်နည်း သင်ကြားပေးခဲ့သည့်အတွက်၊ တစ်သက်လုံး ပြန်လည် စောင့်ရှောက်ပေးရမည်မှာ ရှုလု၏ တာဝန်သာ ဖြစ်သည်။

ထို့အပြင် အဘိုးအိုသည် သူ့ကို နာမည်ပေးခဲ့သလို၊ စာရေးစာဖတ်လည်း သင်ကြားပေးခဲ့၏။ ထိုကျေးဇူးကြွေးမှာ ပြန်ဆပ်၍ ကုန်နိုင်စရာ မရှိ။ ထို့ကြောင့် သူ အရွယ်ရောက်လာပြီး အဘိုးအို လှုပ်ရှားသွားလာရန် ခက်ခဲလာချိန်တွင် ရှုလုက 'မိသားစု' တာဝန်ကို ယူလိုက်ပါတော့၏။

အစပိုင်းတွင် အခြေအနေ မဆိုးလှဟု ဆိုနိုင်သည်။ ရှုလုသည် လမ်းဘေးတွင် ကြီးပြင်းလာသူ ပီပီ ပုန်ကန်လိုစိတ် ရှိသည်။ ထို့ကြောင့် ပြတ်ပြတ်သားသား လုပ်ကိုင်ရန် ဆုံးဖြတ်လိုက်သည်။ တဖြည်းဖြည်းနှင့် အသေးအဖွဲ ခိုးဝှက်မှုလောက်ဖြင့် ကျေနပ်မနေတော့ဘဲ မြို့တွင်းရှိ သူဌေးများကို ပစ်မှတ်ထားလာခဲ့၏။

မြို့ကြီးပြကြီးမှ အမှန်တကယ် ချမ်းသာသူများကို ပစ်မှတ်ထားပြီး၊ တစ်လခန့် အချိန်ယူ စောင့်ကြည့်ပြီးမှ လှုပ်ရှားခဲ့သော်လည်း ချက်ချင်းဆိုသလို အဖမ်းခံလိုက်ရတော့၏။

ဤနေရာအထိ ပြောပြီးနောက် ရှုလုက ဝိုင်ပန်းကန်လုံးကို ကောက်ယူကာ မော့သောက်လိုက်၏။

သူ့တွင် ဝိုင်သောက်နိုင်စွမ်း ကောင်းကောင်းမွန်မွန် မရှိလှ။ အစပိုင်းတွင် ဉာဏ်ရည်ထက်မြက်ပြီး စကားပြော သွက်လက်နေသော်လည်း၊ အတိတ်အကြောင်း ပြောပြရင်း တဖြည်းဖြည်း မျောပါသွားပုံ ရ၏။

"အဲဒီတုန်းက ကျွန်တော် တကယ် သေရတော့မယ် ထင်ခဲ့တာ... အဘိုးက ကျွန်တော့်ကို သော့ဖွင့်နည်း၊ သူခိုးအတတ်ပညာတွေပဲ သင်ပေးခဲ့တာ... သိုင်းပညာမှ မသင်ပေးခဲ့တာ... ဟုတ်တာပေါ့လေ... သူမှ မတတ်တာ... တတ်ရင် သူ့လက်ချောင်း သုံးချောင်း ဘယ် အဖြတ်ခံရမလဲ…”

အခန်း (၁၉၈) -အဆိပ်သင့်ခြင်း (၂)

~"ကျွန်တော်ကတော့ ပြေးရင်း ပြေးရင်း... အသက်လုပြီး ပြေးခဲ့တာပေါ့..."

ကံကောင်းစွာဖြင့် ရှုလု ကို လူအုပ်ကြီးက ချောက်ကမ်းပါး အစွန်းအထိ လိုက်လံတိုက်ခိုက်ခဲ့သော်လည်း၊ သူကတော့ လမ်းဆုံးရောက်နေမှန်း မသိဘဲ ရှေ့ဆက်တိုး ပြေးလွှားခဲ့၏။

လူတစ်ယောက်သည် အကျပ်အတည်းနှင့် ရင်ဆိုင်ရချိန်တွင် အခြား မည်သည့်အရာကိုမျှ ဂရုမစိုက်နိုင်တော့။

ထိုအချိန်တွင် ပျံသန်းနေရသကဲ့သို့ ခံစားလိုက်ရသည်ဟု ဆိုသည်။ အမှန်တကယ်လည်း ပျံသန်းနေခဲ့ခြင်း ဖြစ်သည်။ သို့သော် အောက်သို့ ငုံ့ကြည့်လိုက်မှသာ သူ ပျံသန်းနေခြင်း မဟုတ်ဘဲ ပြုတ်ကျနေခြင်း ဖြစ်ကြောင်း သဘောပေါက်လိုက်ရသည်။

ကံကောင်းထောက်မစွာဖြင့် ချောက်ကမ်းပါး မြင့်မားသော်လည်း ကျောက်သားမျက်နှာပြင် တစ်လျှောက်လုံးတွင် သစ်ပင်များ ယှက်နွယ်ပေါက်ရောက်နေခဲ့၏။

သူ၏ ခန္ဓာကိုယ်သည် သစ်ပင်ထိပ်ဖျားများနှင့် တစ်ခုပြီးတစ်ခု ရိုက်ခတ်မိပြီး အရှိန်လျော့သွားခဲ့၏။ နောက်ဆုံးတွင် ချောက်အောက်ခြေ၌ ရေကန်တစ်ခု ရှိနေသောကြောင့် အသက်မသေဘဲ ကျန်ရစ်ခဲ့ခြင်း ဖြစ်သည်။

ကန်အတွင်းမှ ကုန်းရုန်းထပြီး ကန်ဘောင်ပေါ် ထိုင်လိုက်တော့မှ ပြန်တက်ရန် မဖြစ်နိုင်တော့ကြောင်း နားလည်လိုက်၏။

အရိုးများစွာ ကျိုးပဲ့ကုန်ပြီ ဖြစ်သည်။ ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ အကုန်လုံးနီးပါး ထိခိုက်ကုန်ပြီ။ ဤသို့သော အခြေအနေမျိုး၌ပင် မသေဆုံးခြင်းမှာ တကယ့်ကို ကံကောင်းလွန်းသည်ဟု ဆိုရပါမည်။

ချောက်အောက်ခြေရှိ တောင်ကြားထဲတွင် သစ်သီးဝလံများ ခူးစားပြီး အသက်ဆက်ခဲ့ရသည်။ နောက်ပိုင်းတွင် ဂူတစ်ခု တွေ့ရှိခဲ့ပြီး ထိုအထဲ၌ အရိုးစုတစ်စု ရှိနေသည်။ ဂူနံရံ၌ စာများ ရေးသားထားသည်ကို တွေ့လိုက်ရ၏။

"အဘိုးရှု က ကျွန်တော့်ကို စာသင်ပေးထားတော့ ဖတ်တတ်တာပေါ့... နံရံပေါ်က စာတွေက အဲဒီလူရဲ့ ဘဝဇာတ်ကြောင်းကို ပြောပြနေတာ... နည်းနည်းတော့ ပုံကြီးချဲ့ထားသလိုပဲ..."

"သူက ပျောင်မြောင်ဂိုဏ်းက လာတာတဲ့... မတရား စွပ်စွဲခံရပြီး အနောက်တောင်ဘက် ဒေသကို ရောက်လာတာ... ဒီရောက်တော့လည်း ဟိုလူတွေက လုပ်ကြံတာ မရပ်ကြဘူး... သူ့ခြေထောက်တွေကို ရိုက်ချိုးပြီး နောက်ဆုံးတော့ ချောက်ထဲ တွန်းချလိုက်ကြတာတဲ့..."

"သူက ကံကြမ္မာကို အရှုံးမပေးချင်တော့ သူ့ပညာတွေ အကုန်လုံးကို နောင်လာနောက်သားတွေအတွက် ချန်ထားခဲ့တာ..."

"ဒါပေမယ့် သူချန်ထားခဲ့တဲ့ သိုင်းပညာတွေထဲမှာ တိုက်ခိုက်သတ်ဖြတ်တဲ့ နည်းလမ်းတွေ မပါဘူး... ဒါကြောင့်လည်း သူ ဒုက္ခရောက်ခဲ့တာ နေမှာပေါ့..."

စကား အဆုံး၌၊ ရှုလု က မချိပြုံး ပြုံးလိုက်သည်။

ပျောင်မြောင်ဂိုဏ်းသားတစ်ဦး ချန်ရစ်ခဲ့သော သိုင်းပညာနှစ်မျိုး ရှိသည်။ ၎င်းတို့မှာ 'မသေမျိုးခြေရာ လျှို့ဝှက်မှတ်တမ်း' နှင့် 'သွေးကြောပိတ် နည်းပညာ' တို့ ဖြစ်သည်။

'မသေမျိုးခြေရာ လျှို့ဝှက်မှတ်တမ်း' သည် အလွန် နက်နဲလှသည်။ ၎င်းသည် ကိုယ်ဖော့ပညာကို အခြေခံ၍ အတွင်းအား လေ့ကျင့်သော နည်းလမ်းဖြစ်သည်။ အသက်ရှူနှုန်းနှင့် ခြေလှမ်းများကို စည်းချက်ကျကျ အသုံးပြုကာ ခန္ဓာကိုယ်အတွင်း၌ အတွင်းအားကို တဖြည်းဖြည်း စုစည်းလာစေခြင်း ဖြစ်သည်။

'သွေးကြောပိတ် နည်းပညာ' မှာမူ ပို၍ ရိုးရှင်းသည်။ ရှုလု၏ အထင်တွင် ဤအရာသည် အတွင်းအားကျင့်စဉ် မဟုတ်ဘဲ အခြား သိုင်းပညာတစ်ခုခုမှ ကောက်နုတ်ထားခြင်း ဖြစ်နိုင်သည်။ အဓိက လုပ်ဆောင်ချက်မှာ သွေးကြောကွက်များကို ပိတ်ဆို့ခြင်း ဖြစ်၏။

မှတ်တမ်းများအရ ခန္ဓာကိုယ်တစ်ခုလုံးရှိ သွေးကြောကွက်များကို ပိတ်ဆို့နိုင်ပါက အံ့မခန်း အစွမ်းထက်လာမည်ဟု ဆိုသည်။ သို့သော် ရှုလုမှာ ပါရမီ သာမန်မျှသာ ရှိသဖြင့် အကြိမ်ကြိမ် လေ့ကျင့်သော်လည်း ထိုအဆင့်ထိ မရောက်ရှိသေး။

သို့သော် 'မသေမျိုးခြေရာ လျှို့ဝှက်မှတ်တမ်း' မှာမူ ရှုလုအတွက် အထူး သင့်လျော်သည်။ သူသည် မွေးရာပါ ပြေးလွှားမှု ကျွမ်းကျင်ပြီး ကိုယ်ဖော့ပညာ၌ ပါရမီ ပါလာသူ ဖြစ်၏။

ထိုစဉ်က ဤပညာနှစ်ခု ထူးခြားမည်ဟု ရှုလု.. မထင်မှတ်ခဲ့။ ချောက်အောက်ခြေတွင် ပိတ်မိနေပြီး သစ်သီးခူးစားခြင်းမှလွဲ၍ အခြား လုပ်စရာမရှိသဖြင့် ညွှန်ကြားချက်အတိုင်း လိုက်နာ ကျင့်ကြံကြည့်ခဲ့၏။ မထင်မှတ်ဘဲ သုံးလခန့် အတွင်းမှာပင် အောင်မြင်မှု တော်တော်များများ ရရှိလာခဲ့၏။

အတွင်းအား အထောက်အပံ့ကြောင့် သူသည် တစ်ကြိမ်ခုန်လျှင် (၁၂) ပေခန့် အမြင့်ထိ ရောက်ရှိလာနိုင်သည်။ ကျောက်သားနံရံများကို တွယ်တက်၊ သစ်ပင်ထိပ်ဖျားများကို ခုန်ကူးရင်း ချောက်အောက်ခြေမှ ပြန်လည် တက်ရောက်နိုင်ခဲ့၏။

ထို့နောက် အိမ်ပြန်ရန် စိတ်လောနေခဲ့မိ၏။

ယခုဆိုလျှင် သိုင်းပညာ တတ်မြောက်လာပြီ ဖြစ်၍ အဘိုးရှုကို ကောင်းမွန်စွာ ထားရှိနိုင်တော့မည်ဟု မျှော်လင့်ချက် ထားခဲ့ပါသည်။

သို့သော် အိမ်ပြန်ရောက်ချိန်တွင် အဘိုးရှု သေဆုံးနေပြီ ဖြစ်ကြောင်း တွေ့လိုက်ရသည်။

အိပ်ရာထက်၌ ခန္ဓာကိုယ်က ပိန်ခြောက်ကာ ကွေးကွေးလေး ဖြစ်နေရှာသည်။ အစာရေစာ ငတ်မွတ်ပြီး အအေးဒဏ်ကြောင့် သေဆုံးသွားခဲ့ရခြင်း ဖြစ်၏။

"ခေါင်းဆောင်ဆု ပြောပါဦး... လူတွေက ဆင်းရဲဒုက္ခ ခံဖို့ပဲ မွေးလာကြတာလား..."

ထိုအခိုက်တွင်၊ ရှုလု က ဆုမိုအတွက် ဝိုင်ထည့်ပေးရင်း ယိမ်းထိုးနေသော ဝိုင်ပန်းကန်လုံးကို မြှောက်ကာ မေးလိုက်သည်။

"ကျွန်တော်က နိမ့်ကျတဲ့ ကံကြမ္မာနဲ့ မွေးဖွားလာသူပါ... အဘိုးရှု ကလွဲရင် ဘယ်သူကမှ ကျွန်တော့်ကို ဂရုမစိုက်ကြဘူး... ကျွန်တော် ကြီးလာရင်၊ ပညာတတ်လာရင် သူ့ကို လက်ကျန်ဘဝမှာ သက်တောင့်သက်သာ နေစေချင်ခဲ့တာ... ဒါပေမယ့် ဒီလို ဖြစ်လာမယ်လို့ ထင်မထားခဲ့ဘူး..."

"ဒါပေမယ့် ကျွန်တော်တို့ သူခိုးတွေကတော့ မညည်းညူပါဘူး..."

"ညည်းညူစရာ နေရာမှ မရှိတာ..."

"ဒါက ကျွန်တော်တို့လို လူတွေအတွက် ဝဋ်ကြွေး ဖြစ်မှာပါ... အဘိုးရှု ကိုယ်တိုင်လည်း အေးအေးချမ်းချမ်း သေရမယ်လို့ မျှော်လင့်ထားမှာ မဟုတ်ပါဘူး... ဒါကြောင့် တစ်နည်းအားဖြင့် ပြောရရင်... ဒါက အေးချမ်းပါတယ်..."

"ဒါပေမယ့် ကျွန်တော့်ဘဝရဲ့ အကြီးမားဆုံး နောင်တကတော့... သူ သေတဲ့အထိ သူ့နာမည်အရင်းကို မသိခဲ့ရတာပါပဲ..."

"သူက ကျွန်တော့်ကို နာမည်ပေးခဲ့ပေမယ့်... ကျွန်တော်က သူ့နာမည်ကို တစ်ခါမှ မသိခဲ့ရဘူး... အုတ်ဂူပေါ်မှာ 'အဘိုးရှု' ဆိုပြီးပဲ ရေးထားရတယ်... ဟူး... ဟားဟား..."

ရှုလု၏ စကားအဆုံးမှာ၊ ဆုမိုက.. ခေါင်းကို အသာအယာ ညိတ်လိုက်၏။

"ဘဝဆိုတာ စိတ်ပျက်စရာတွေနဲ့ ပြည့်နှက်နေတာပါပဲ..."

"ဟုတ်တယ်... ခင်ဗျား ပြောတာ မှန်တယ်..."

ရှုလု ခေါင်းညိတ်လိုက်သည်။

"ဒါပေမယ့် အဲဒီတုန်းက ကျွန်တော် ဒီလောက် နက်နက်ရှိုင်းရှိုင်း မတွေးမိပါဘူး... သူ သေသွားပြီးနောက် ရုတ်တရက် ဟာတာတာကြီး ဖြစ်သွားသလို ခံစားလိုက်ရတယ်... ကိုယ့်ကို ဂရုစိုက်တဲ့သူ ရှိတာနဲ့ မရှိတာက တကယ် ကွာခြားပါတယ်... အဲဒီအချိန်မှာ ဒေသခံ သူဌေးတွေကို တကယ် မုန်းတီးမိသွားတယ်..."

"ဒါပေမယ့် လူသတ်ဖို့ကျတော့... ပထမအချက်က ကျွန်တော် မလုပ်တတ်ဘူး... ဒုတိယအချက်က မလုပ်ရဲဘူး... တတိယအချက်ကတော့... တရားမျှတမှု မရှိဘူးလေ..."

"ဘာပဲဖြစ်ဖြစ် ကျွန်တော်က သူတို့ပစ္စည်း အရင်ခိုးခဲ့တာကိုး... သူတို့က ကျွန်တော့်ကို ပြန်လုပ်တာ သဘာဝကျပါတယ်... သူခိုးဆိုတာ သူခိုးလို အသိစိတ် ရှိရမယ်... မဟုတ်ရင် တောပုန်းဓားပြတွေနဲ့ ဘာကွာတော့မှာလဲ..."

"ဒါကြောင့် ဒေါသထွက်ထွက်နဲ့ နေ့တိုင်း သူတို့ပစ္စည်းတွေ သွားခိုးပစ်လိုက်တယ်..."

"ဒီနေ့ လက်ဝတ်ရတနာ၊ မနက်ဖြန် ရွှေတုံး... ဟားဟား... အဲဒီအချိန်မှာ ကျွန်တော့် ကိုယ်ဖော့ပညာက တိုးတက်နေပြီ... လေလိုပဲ လှုပ်ရှားနိုင်နေပြီ... သူတို့ငှားတဲ့ သိုင်းသမားတွေက သိုင်းလောက အောက်တန်းစားတွေပါ... အဆင့်အတန်း ရှိတဲ့သူဆိုရင် ဒီလိုအလုပ်မျိုး ဘယ်လုပ်ပါ့မလဲ... ကျွန်တော် သိုင်းပညာ မတတ်ခင်တုန်းကတောင် ဖမ်းလို့ မမိခဲ့တာ... အခုမှတော့ ဘယ်မိတော့မလဲ..."

"အစပိုင်းမှာတော့ သူတို့က နေ့တိုင်း ဒေါသထွက်ပြီး ကင်းလှည့်တဲ့ လူတွေ ထပ်ငှားကြတယ်... ဒါပေမယ့် ဘာမှ မတတ်နိုင်ကြဘူး..."

"နောက်ပိုင်းကျတော့ ကြောက်လာကြပြီး ကံတရားအတိုင်းပဲ လွှတ်ထားလိုက်တော့တယ်..."

"အဲဒါကို မြင်တော့ ကျွန်တော် ထပ်ပြီး ခံစားလိုက်ရတယ်... ဒါတွေအားလုံး အဓိပ္ပာယ် မရှိပါလား လို့... တကယ်တမ်းကျတော့ ဒီကိစ္စက သူတို့နဲ့ ဘာဆိုင်လို့လဲ..."

"ကျွန်တော် အရည်အချင်း မရှိလို့ သူတို့ ဖမ်းမိသွားတာလေ... ကျွန်တော် မခိုးနိုင်လို့ သူတို့ကို ပြန်လက်စားချေတာက ရယ်စရာ ကောင်းလွန်းနေတယ် မဟုတ်လား…”

All Chapters