အခန်း (၁၉၉-၂၀၁)
Vol. 14 Ch. 199-201
အခန်း (၁၉၉) - အဆိပ်သင့်ခြင်း (၃)
~"ဒါကြောင့် တကယ်တမ်းကျတော့ ကျွန်တော့်ဘဝက တော်တော် သနားစရာ ကောင်းပါတယ်ဗျာ... ခိုးထားတဲ့ ပစ္စည်းတွေ အကုန်လုံးကို ပြန်ပေးခဲ့တယ်..."
"အဲဒီရက်တွေတုန်းက ကျွန်တော်က လမ်းလျှောက်နေတဲ့ အလောင်းကောင် တစ်ကောင်လိုပဲ... တစ်နေ့လုံး လမ်းပေါ်မှာ လျှောက်သွားနေတယ်... နောက်ဆုံးတော့ ဆန်ပြုတ် အလှူပေးနေတဲ့သူ တစ်ယောက်က ကျွန်တော့်ကို မြင်ပြီး ဆန်ပြုတ်တစ်ခွက် တိုက်တယ်..."
"အဲဒီ ဆန်ပြုတ်တိုက်တဲ့ သူက... တကယ်တော့ ကျွန်တော် ခိုးခဲ့တဲ့ အိမ်က သူဌေးကြီး ဖြစ်နေတယ်..."
"တကယ်တော့ သူက ဒီလို အလှူအတန်းတွေ လုပ်နေတာ ကြာပြီ... ဆယ်ရက်တစ်ခါလောက် လုပ်နေကျ... အရင်တုန်းကတော့ ကျွန်တော် သတိမထားမိခဲ့ဘူး... ဒါပေမယ့် အဲဒီအချိန်မှာ ရုတ်တရက်ကြီး အရမ်း တန်ဖိုးရှိသလို ခံစားလိုက်ရတယ်..."
"အဲဒီ ဆန်ပြုတ်ပန်းကန်လုံးထဲမှာ ဘာတွေများ ပါလို့လဲ မသိဘူး... သောက်ပြီးတာနဲ့ စိတ်ထဲမှာ လန်းဆန်းသွားသလို ခံစားလိုက်ရတယ်..."
"နောက်ပိုင်းမှာ ကျွန်တော် ကမ္ဘာအနှံ့ လျှောက်သွားခဲ့တယ်... သိုင်းလောကထဲကို ရောက်လာခဲ့တယ်... ဒီလိုနဲ့ ဒီနာမည်ကို ရခဲ့တာပဲ..."
"ဘာလို့ သူခိုး ဖြစ်လာလဲ ဆိုတော့... ကျွန်တော့်ရဲ့ သိုင်းပညာ အရည်အချင်းတွေက ခြေဖဝါးအောက်မှာ ဆီသုတ်ထားသလိုပဲလေ... သိုင်းလောက ပဋိပက္ခ တစ်ခုခု ဖြစ်လာပြီဆိုရင် ကျွန်တော်က အရင်ဆုံး ထွက်ပြေးတာ..."
"အဘိုးက ကျွန်တော့်ကို တစ်သက်လုံး သင်ပေးခဲ့ပေမယ့်... သူခိုးအတတ်ပညာပဲ သင်ပေးခဲ့တာကိုး... ကျွန်တော် တတ်တာက ဒါပဲ ရှိတယ်... တခြားအရာတွေ ဆိုရင်တော့... ကျွန်တော် တကယ် မလုပ်တတ်ဘူး..."
သူသည် စကားအားလုံးကို တစ်ရှိန်ထိုး ပြောချလိုက်ပြီး၊ ပန်းကန်လုံးထဲမှ ဝိုင်လက်ကျန် အားလုံးကို တစ်ငုံတည်း မော့သောက်လိုက်သည်။
တစ်ခဏမျှ ဆုမိုသည် တိတ်ဆိတ်ငြိမ်သက်နေမိ၏။
သူ သက်ပြင်းကို ဖွဖွမှုတ်ထုတ်လိုက်ပြီး၊ ဝင်လာစဉ်က ခြေရင်း၌ ချထားခဲ့သော အထုပ်ကို ကောက်ယူကာ စားပွဲပေါ် တင်လိုက်သည်။
ထိုမြင်ကွင်းကို မြင်သောအခါ၊ရှုလု သည် မူးဝေနေသော မျက်လုံးများဖြင့် ဆုမိုကို ကြည့်လိုက်၏။
"ခေါင်းဆောင်ဆု... ဒါ ဘာသဘောလဲ... ကျွန်တော့်ကို လွှတ်ပေးတော့မလို့လား..."
"ဒါပေါ့..."
ဆုမို ခေါင်းညိတ်လိုက်သည်။
ရှုလု၏ စိတ်ဓာတ်များ ရုတ်တရက် တက်ကြွလာသည်။
"တကယ်လား..."
"တကယ်ပေါ့..."
ဆုမို ပြောလိုက်သည်။
"ဒါပေမယ့်... ခင်ဗျား ခုနက သောက်လိုက်တဲ့ ဝိုင်ထဲမှာ ကျွန်တော် အဆိပ်ခပ်ထားတယ်..."
"..."
ရှုလု မျက်လုံးများ ပြူးကျယ်သွားသည်။
"ခေါင်းဆောင်ဆု... ကျွန်တော် ခင်ဗျားကို အကုန် ရိုးရိုးသားသား ပြောပြပြီးပြီလေ... ခင်ဗျား ကျွန်တော့်ကို ဒီလို မလုပ်သင့်ဘူး..."
"မလောပါနဲ့..."
ဆုမို ပြောလိုက်သည်။
"ခင်ဗျားရဲ့ ထွက်ပြေးတတ်တဲ့ အကျင့်က ကာကွယ်ရ ခက်တယ်... ကျွန်တော် ခင်ဗျားကို စိတ်မချသေးဘူး... အဆိပ်နည်းနည်း ခပ်ထားမှ ကျွန်တော် စိတ်ချရမှာ..."
"..."
ဒါ လူစကား ဟုတ်ရဲ့လား...
ရှုလု သည် ဆုမိုကို မယုံကြည်နိုင်စွာ ကြည့်လိုက်သည်။ ဆုမိုကတော့ အလွန် တရားမျှတသည့် ပုံစံဖြင့် ရှိနေ၏။
"ဒါပေမယ့် အဆိပ်က ချက်ချင်း အာနိသင် ပြမှာ မဟုတ်ပါဘူး... ခင်ဗျားရဲ့ သွေးကြောကွက်တွေထဲမှာ ခိုအောင်းနေလိမ့်မယ်... ဥပမာ လက်ဖဝါးထဲက (ရှန်မန် သွေးကြောကွက်) ဒါမှမဟုတ် ခြေထောက်ထဲက (ဖုန်းရှီ သွေးကြောကွက်)... မယုံရင် လက်ကို ဆန့်ထုတ်ကြည့်..."
"..."
ရှုလု တွန့်ဆုတ်နေသည်။
ဆုမိုက သူ၏ (ရှန်မန် သွေးကြောကွက်) ကို လက်ဖြင့် ပွတ်သပ်လိုက်သည်။
နောက်တစ်ခဏတွင် ရှုလု သည် ခေါင်မိုး ပွင့်ထွက်မတတ် အော်ဟစ်လိုက်၏။
ချက်ချင်းပင် မြေကြီးပေါ် လူးလိမ့်ကာ နာကျင်စွာ အော်ဟစ်နေရတော့၏။
ဆုမိုသည် ရှုလု၏ ပါးစပ်ထဲသို့ ဆေးလုံးတစ်လုံး ထည့်ပေးလိုက်ပြီး (ရှန်မန် သွေးကြောကွက်) ကို တဖန် ပြန်လည် ပွတ်သပ်ပေးလိုက်ရာ နာကျင်မှုများ ချက်ချင်း ပျောက်ကွယ်သွားသည်။
ရှုလု ဒူးထောက်ချလိုက်ပြီး ပြောလိုက်သည်။
"ခေါင်းဆောင်ဆု... ဘာလို့လဲ... ဘာလို့ ကျွန်တော့်ကို ဒီလို လုပ်ရတာလဲ... ကျွန်တော့်ကို ဒီအတိုင်း လွှတ်ပေးလိုက်ပါဗျာ... ကျွန်တော် နောက်တစ်ခါ ခင်ဗျားရှေ့မှာ ဘာမှ မလုပ်ရဲတော့ပါဘူး... လက်စားချေဖို့ ဆိုတာကတော့... ခင်ဗျား ကျွန်တော့်ကို သဲအိတ်တစ်ရာ ပေးရင်တောင် မလုပ်ရဲပါဘူး..."
"စိတ်အေးအေးထားပါ... စိတ်အေးအေးထားပါ..."
ဆုမို သူ့ကို တွဲထူလိုက်သည်။
"ခင်ဗျား မလုပ်ရဲဘူး ဆိုတာ ကျွန်တော် ယုံပါတယ်... ဒါပေမယ့် ကျွန်တော် ခင်ဗျားကို အပြည့်အဝ စိတ်မချဘူး... ဒါကြောင့် အဆိပ်ခပ်လိုက်တာ... အဆိပ်က ခြောက်လမှ တစ်ကြိမ်ပဲ အာနိသင် ပြမှာပါ... အဲဒီအချိန် အတွင်းမှာ ဇီယန် အာမခံဌာနကို လာပြီး ဖြေဆေး လာယူရင် ခင်ဗျား မသေစေရပါဘူးလို့ ကျွန်တော် အာမခံပါတယ်..."
"အာနိသင် ပြတဲ့အချိန်ကျရင်ကော..."
"ခုနကလိုပဲ ဖြစ်မှာပါ... ခင်ဗျား ခံနိုင်ရည် ရှိမယ် ဆိုရင်တော့ ဆယ်ရက်လောက် ကြာရင် ပျောက်သွားလိမ့်မယ်... ပြီးရင် နောက်ထပ် ခြောက်လ စောင့်ရမှာပေါ့..."
ဆုမို ဆက်ပြောလိုက်သည်။
"ခင်ဗျား ခုနက ဖြေဆေး တစ်လုံး သောက်ပြီးပြီ... နောက်ထပ် ခြောက်လ နေရင်... ခင်ဗျား တကယ် လက်စားမချေဘူး ဆိုတာ ကျွန်တော် ယုံကြည်သွားရင်... ဒုတိယ ဖြေဆေးကို ပေးပါ့မယ်..."
"ဒါက..."
ရှုလု ကြောင်သွားသော်လည်း နောက်ပိုင်းတွင် ခေါင်းညိတ်လိုက်သည်။
"အင်း... မဆိုးပါဘူးလေ... စိတ်ချပါ... ကျွန်တော် ခင်ဗျားကို လုံးဝ ဆန့်ကျင်ရဲတော့မှာ မဟုတ်ပါဘူး..."
"ကြားရတာ ဝမ်းသာပါတယ်..."
ဆုမို ခေါင်းညိတ်လိုက်ပြီး စားပွဲပေါ်ရှိ အထုပ်ကို လက်ညှိုးထိုးပြလိုက်သည်။
"အဲဒီနေ့က ခင်ဗျား ပြောတဲ့အတိုင်း ကျွန်တော် ညောင်ပင် အခေါင်းပေါက်ဆီ သွားခဲ့တယ်... သူတို့ ခင်ဗျားအတွက် ထားခဲ့တဲ့ ငွေတွေကို တွေ့ခဲ့တယ်... ကျွန်တော်.. ခင်ဗျားကို လွှတ်ပေးမှာ ဆိုတော့... ဒါတွေပါ ယူလာပေးတာ... ခင်ဗျားရဲ့ လုပ်အားခကို ကျွန်တော် မောင်ပိုင်စီးလို့ မဖြစ်ဘူးလေ... ဟုတ်တယ်မလား..."
"ဒါက... အားနာစရာကြီးဗျာ..."
ရှုလု ခဏမျှ ဘာလုပ်ရမှန်း မသိ ဖြစ်သွားသည်။
အရင်ဆုံး အဆိပ်ခပ်တယ်... ပြီးတော့ ငွေတွေ ပြန်ပေးတယ်... ဆုမို ဘာလိုချင်နေတာလဲ။
"ဒါပေမယ့် အရမ်း မပျော်နဲ့ဦး... သူတို့ပြောတာ ကြားလိုက်ရတာက... ငွေတွေပေါ်မှာ အဆိပ်သုံးမျိုး မှုန့် သုတ်ထားတယ်တဲ့... အဆိပ်ပြင်းတယ်... သုံးတဲ့အခါ သတိထားဦး... မဟုတ်ရင် အသက်ပါ ပါသွားလိမ့်မယ်..."
"..."
ရှုလု မျက်လုံးများ ပြူးကျယ်သွားသည်။
"အဆိပ်သုံးမျိုး မှုန့်...၊ သူ... သူတို့က ကျွန်တော့်ကို တကယ်ပဲ လူသတ်နှုတ်ပိတ်ချင်နေကြတာလား..."
"အဲဒါတော့ ကျွန်တော် မသိဘူး... တကယ်တမ်း ပြောရရင် ဒီအဆိပ်အကြောင်း ကျွန်တော် တစ်ခါမှ မကြားဖူးဘူး..."
"ကျွန်တော်… ကြားဖူးတယ်... အစွန်းရောက် သုံးပါး ဂိုဏ်းဆိုတာ ရှိတယ်... အရမ်း လျှို့ဝှက်တယ်... လူမြင်ကွင်း ထွက်ခဲတယ်... ဒါပေမယ့် သူတို့ဆီမှာ ဒီအဆိပ် ရှိတယ်... သွေးထဲ ရောက်တာနဲ့ ချက်ချင်း သေစေနိုင်တဲ့ အဆိပ်မျိုး... ကုသလို့ မရဘူးတဲ့..."
ခုနက နာကျင်မှုကြောင့် ချွေးထွက်နေသော ရှုလု သည် ဝိုင်အရှိန် တစ်ဝက်လောက် ပြယ်သွားပြီး ယခုအခါ ကြောက်ရွံ့မှုကြောင့် ဇောချွေးများ ပျံလာသည်။
စဉ်းစားကြည့်... တကယ်လို့ ဆုမိုသာ သူ့အစား မသွားပေးခဲ့ရင်... သူ ဘာမှ မသိဘဲ ဒီငွေတွေကို သုံးမိခဲ့ရင်... သူ သေနေတာ ကြာပြီ မဟုတ်လား။
"အင်း..."
ဆုမို သက်ပြင်းချလိုက်သည်။
"သိုင်းလောက မုန်တိုင်းတွေက ရက်စက်ကြမ်းကြုတ်တယ်... ခင်ဗျားက ငယ်ငယ်ကတည်းက ကံကြမ္မာ ဆိုးခဲ့တာပဲ... အခု သိုင်းလောကထဲ ရောက်နေမှတော့ ပိုပြီး သတိထားသင့်တယ်... ကဲ... ကျွန်တော် ခင်ဗျားကို ဆက်မတားတော့ပါဘူး... ငွေတွေ ယူသွားပြီး ကြိုက်သလိုသာ သုံးတော့... တောင်တွေက.. မြင့်တယ်၊ မြစ်တွေက.. ရှည်လျားပါတယ်... တစ်နေ့နေ့ ပြန်တွေ့ကြတာပေါ့... အခုတော့ နှုတ်ဆက်လိုက်ပါတယ်..."
"တကယ်လား..."
ရှုလု မယုံနိုင်သေးပေ။ အထုပ်ကို ကောက်ယူလိုက်ပြီး တံခါးဝဆီသို့ တရွေ့ရွေ့ လျှောက်သွားလိုက်သည်။ ဆုမို သူ့နောက် လိုက်မလာသည်ကို မြင်မှ သက်ပြင်းချနိုင်တော့၏။
သူ ပြုံးလိုက်ပြီး ပြောလိုက်သည်။
"ခေါင်းဆောင်ဆု က သဘောထားကြီးပြီး ပွင့်လင်းမြင်သာ ရှိတာပဲ... တကယ် လေးစားဖို့ ကောင်းပါတယ်... ကောင်းပါပြီ... တောင်တွေ မြစ်တွေ ဆုံတဲ့အခါ... နောင်တစ်ချိန် ပြန်ဆုံကြတာပေါ့..."
ပြောရင်းဖြင့် သူသည် ခြေဖျားထောက်လိုက်သော်လည်း... ခုန်မတက်နိုင်ပေ။
နှစ်ယောက်သား တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်ပြီး စကားမပြောနိုင် ဖြစ်သွားကြသည်။
ဆုမို သူ့ နဖူးကို သူ ပြန်ရိုက်လိုက်မိ၏။
"ငါ့အမှား... ငါ့အမှားပါ..."
သူ အမြန် သွားရောက်ပြီး ရှုလု၏ သွေးကြောကွက်များကို ဖွင့်ပေးလိုက်သည်။ ရှုလု သည် နောက်တစ်ကြိမ် လက်သီးဆုပ် နှုတ်ဆက်လိုက်သည်။
"သွားပြီဗျို့..."
ခြေဖျားထောက်လိုက်ပြီး 'ရွှမ်း' ခနဲ အသံနှင့်အတူ ခေါင်မိုးပေါ်သို့ ရောက်ရှိသွားသည်။ သို့သော် ဟန်ချက်ပျက်ပြီး ပြုတ်ကျမလို ဖြစ်သွားသေး၏။ ခြေလှမ်း အနည်းငယ် ပြောင်းရွှေ့ပြီးမှ တည်ငြိမ်သွားကာ ဆုမိုကို ပြန်လှည့်ကြည့်လိုက်သည်။
နောက်တစ်ကြိမ် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်မိကြပြန်သည်။
ရှုလု ခြောက်ကပ်ကပ် ရယ်မောလိုက်သည်။
"ဝိုင်သောက်တာ နည်းနည်း များသွားလို့... ခြေထောက်တွေ နည်းနည်း ပျော့နေတာ..."
"နားလည်ပါတယ်... နားလည်ပါတယ်..."
ဆုမို လက်ကာပြလိုက်သည်။
"ပြန်ရောက်ရင် စောစော အနားယူလိုက်ပါဦး..."
"နှုတ်ဆက်ပါတယ်... နှုတ်ဆက်ပါတယ်..."
သုံးကြိမ်တိုင်တိုင် နှုတ်ဆက်ပြီးမှ သူ တကယ် ထွက်ခွာသွားလေတော့၏။
ဆုမိုသည် ရယ်ရမလို၊ ငိုရမလို ဖြစ်နေမိသည်။ ခဏမျှ စဉ်းစားပြီးနောက် လှည့်ထွက်လာပြီး အဆောက်အဦး ရှေ့ရှိ သိုင်းကွင်းပြင်ဆီသို့ ပြန်သွားလိုက်သည်။
အခန်း (၂၀၀) - အနိုင်ကျင့်ခြင်း
~ဆုမို ပြန်ရောက်သောအခါ ကွင်းပြင်ထဲမှ စားပွဲဝိုင်းကြီးသည် ပြီးဆုံးမလို ဖြစ်နေလေပြီ။ ယန်ရှောင်ယွင် က အမျိုးသမီး သက်တော်စောင့် အချို့နှင့် ဝိုင်သောက်ပြိုင်ပွဲ ဆင်နွှဲနေသည်။
သူမသည် တကယ်ပင် ဝိုင်သောက်နိုင်စွမ်း မြင့်မားသူ ဖြစ်သည်။ ယောက်ျားသားများထက် မလျော့ဘူး ဆိုသော စကားက အချည်းနှီး ပြောထားတာ မဟုတ်ပါချေ။
အမျိုးသမီး သက်တော်စောင့် အချို့မှာမူ ယိမ်းထိုးနေကြပြီး လဲကျတော့မည့် အခြေအနေသို့ ရောက်ရှိနေကြလေပြီ။
ဆုမို ပြန်ရောက်လာသည်ကို မြင်သောအခါ ယန်ရှောင်ယွင်က သူ့အနားသို့ တိုးကပ်လာသည်။
"ဘယ်လိုလဲ..."
"လွှတ်ပေးလိုက်ပြီ..."
"အသုံးဝင်မယ် ထင်လား..."
"ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်..."
ဆုမို ပြုံး၍ ပြောလိုက်သည်။
"ဒီလူက ထူးခြားတဲ့ သိုင်းပညာ ရှိပြီး လူတွေနဲ့ ဆက်ဆံရာမှာ ချောမွေ့တယ်... သူ့နည်းသူ့ဟန် ရှိတယ်... လွှတ်ပေးလိုက်ပြီးရင် စိတ်ဝင်စားစရာ ကဏ္ဍတွေမှာ ပါဝင်လာနိုင်တယ်..."
"နင် သူ့ကို တော်တော် ယုံကြည်မှု ရှိတာပဲ..."
ယန်ရှောင်ယွင် အံ့သြသွားသည်။
ဆုမို ခေါင်းကို အသာအယာ ခါယမ်းလိုက်ပြီး ရှုလု ပြောပြခဲ့သည်များကို သူမအား ပြန်လည် ပြောပြလိုက်သည်။
"ဒီလူ့ နောက်ခံက တော်တော် သနားစရာ ကောင်းတယ်... ကိုယ့်ဒေါသကို မဆိုင်တဲ့ သူတွေအပေါ် မပုံချတာက... တကယ့် ယောက်ျားကောင်း ပီသပါတယ်..."
ယန်ရှောင်ယွင် သက်ပြင်းချလိုက်သည်။
"ဒါက ဖြစ်သင့်တဲ့ ပုံစံဆိုပေမယ့်... ရုတ်တရက် အစွမ်းထက်လာပြီးရင် ကိုယ့်ရဲ့ မူလစိတ်သဘောထားကို ထိန်းသိမ်းထားနိုင်သူ ဘယ်နှစ်ယောက် ရှိလို့လဲ... တစ်ခါတစ်လေကျရင် ဓားဆွဲတဲ့ အရှိန်က အတွေးထက် ပိုမြန်တတ်တယ်လေ..."
"အင်း... သူ ပြောတာကို အပြည့်အဝ ယုံလို့ မရပေမယ့်... အကုန်လုံး လုပ်ကြံဖန်တီးထားတာတော့ မဟုတ်လောက်ပါဘူး..."
"ကဲပါ... သူ့အကြောင်း မစဉ်းစားပါနဲ့တော့... ဒါက ကစားပွဲထဲက အပိုရွှေ့ကွက် တစ်ခုပါပဲ... လာ... ငါနဲ့အတူ သောက်ကြရအောင်..."
"ကောင်းပြီ... ဒီနေ့ မူးမသွားမချင်း မရပ်ဘူးနော်..."
"ငါကတော့ အဲဒီ စိန်ခေါ်မှုကို လုံးဝ မကြောက်ပါဘူး..."
သူတို့နှစ်ဦး ချက်ချင်း ခွက်ချင်းတိုက်ပြီး အတူတူ သောက်လိုက်ကြသည်။ ညအမှောင်ကို အခွင့်ကောင်းယူပြီး အိုးထဲမှ အရသာကို ခံစားလိုက်ကြသည်။
နောက်ဆုံးတွင် မိမိအခန်းသို့ ကိုယ်တိုင် ပြန်လမ်းလျှောက်နိုင်သူ နည်းပါးသွားလေပြီ။
ဆုမိုကို ယန်ရှောင်ယွင်က တွဲပြီး အခန်းထဲ လိုက်ပို့ပေးသည်။ ဆုမိုကို ကြမ်းပြင်ပေါ် ချထားပြီးနောက် သူမကိုယ်တိုင် ကုတင်ပေါ် တက်သွားသည်။ တစ်ချက် လှည့်လိုက်သည်နှင့် မီးပိတ်လိုက်သကဲ့သို့ ချက်ချင်း အိပ်ပျော်သွားတော့၏။
ဆုမို ခဏမျှ ဘာပြောရမှန်း မသိ ဖြစ်သွားသည်။
သူ ထရပ်လိုက်ပြီး ဝိုင်နံ့ တထောင်းထောင်းနှင့် မူးနေသော ဒီမိန်းမကို ကြည့်ရင်း မသိစိတ်မှ လက်လှမ်းကာ သူမ၏ မျက်နှာကို ထိတွေ့မိလိုက်သည်။
"မလုပ်နဲ့..."
ယန်ရှောင်ယွင်က သူ့လက်ကို ပုတ်ထုတ်လိုက်ပြီး စောင်အောက်သို့ တိုးဝင်သွားကာ တစ်ဖက်သို့ လှည့်သွားသည်။
ဆုမို ခေါင်းခါလိုက်ပြီး ကိုယ့်ကိုယ်ကိုယ် အနည်းငယ် သတိပြန်ကပ်လိုက်သည်။ တင်ပျဉ်ခွေထိုင်လျက် အတွင်းအားကို လှည့်ပတ်လိုက်ရာ တစ်ခဏချင်းအတွင်းမှာပင် ခန္ဓာကိုယ်ထဲမှ ဝိုင်အရှိန်များကို မှုတ်ထုတ်လိုက်နိုင်သည်။
မကြာမီ မျက်စိနှင့် နားများ ကြည်လင်လာပြီး စိတ်အာရုံများ ချက်ချင်း ကြည်လင်လာတော့၏။
ယန်ရှောင်ယွင် ထံမှ ထွက်ပေါ်လာသော တိုးညှင်းသည့် ဟောက်သံလေးများကို နားထောင်ရင်း ဆုမို မဲ့ပြုံး ပြုံးလိုက်မိသည်။
"ဦးလေးဖူ လည်း နည်းနည်းတော့ ရှုပ်ထွေးနေပုံ ရတယ်..."
ကုတင်ဘေးတွင် တိတ်ဆိတ်စွာ ထိုင်ရင်း ညတစ်ည ကုန်ဆုံးသွားသည်။
မနက်ခင်း နေရောင်ခြည် အခန်းထဲသို့ ဖြာကျလာသောအခါ ယန်ရှောင်ယွင် ရုတ်တရက် ထထိုင်လိုက်ပြီး ပတ်ဝန်းကျင်ကို ကြောင်တောင်တောင် ကြည့်လိုက်သည်။ ကုတင်ဘေးမှ သူမကို ပြုံးကြည့်နေသော ဆုမိုကို တွေ့လိုက်ရသည်။
သူမ မျက်တောင်ခတ်လိုက်ပြီး မိမိအဝတ်အစားများကို ငုံ့ကြည့်လိုက်သည်။ ထို့နောက် ဆုမိုကို နားမလည်နိုင်သော အမူအရာဖြင့် ကြည့်လိုက်သည်။
"နင်... အရင်တုန်းက ပန်းခင်းထဲ လှည့်လည်တုန်းက ဒီလိုပဲ နေခဲ့တာလား..."
"..."
ဆုမို၏ နှုတ်ခမ်းထောင့်များ တွန့်ကွေးသွားသည်။
ဒီမိန်းကလေး တစ်ခါတစ်လေကျရင် ဘာပြောရမှန်း တကယ် မသိပါလား။
ယန်ရှောင်ယွင် သူမ ဘာပြောလိုက်မိမှန်း သဘောပေါက်သွားပြီး ချက်ချင်း မျက်နှာရဲသွားသည်။ ထိုစဉ် ဆုမို တိုးကပ်လာသည်ကို တွေ့လိုက်ရ၏။
သူတို့၏ မျက်လုံးချင်း ဆုံသွားကြပြီး ယန်ရှောင်ယွင် အသက်ရှူ ရပ်တန့်သွားသလို ခံစားလိုက်ရသည်။
"ဘာ... ဘာလုပ်မလို့လဲ..."
ယန်ရှောင်ယွင် တိုးတိုးလေး မေးလိုက်သည်။
"ပန်းခင်းထဲ လှည့်လည်မလို့လေ..."
ဆုမိုက သွားကြားထဲကနေ ညှစ်ပြီး ပြောလိုက်၏။
ယန်ရှောင်ယွင် 'အမယ်လေး' ဟု အော်ဟစ်လိုက်ပြီး သူ့အနားမှ လှိမ့်ဆင်းကာ အဝေးသို့ ထွက်ပြေးသွားသည်။ ကြမ်းပြင်ပေါ် ရောက်သည်နှင့် မီးလောင်နေသကဲ့သို့ အခန်းပြင်သို့ ပြေးထွက်သွားတော့၏။ အခန်းထဲမှ မထွက်မီ ဆုမိုကို မျက်စောင်းထိုးဖို့ မမေ့ခဲ့ပေ။
ဆုမို ကုတင်ဘေးတွင် ထိုင်လျက် သူမကို ပြုံးစစ ကြည့်နေသည်ကို မြင်သောအခါ၊ သူမ စိတ်ပျက်လက်ပျက် နှာမှုတ်လိုက်ပြီး မျက်ကွယ်သို့ အလျင်အမြန် ပျောက်ကွယ်သွားလေတော့၏။
ဆုမို သက်ပြင်းကို ဖွဖွမှုတ်ထုတ်လိုက်ပြီး သူ၏ အကြည့်များ တဖြည်းဖြည်း လေးနက်လာသည်။
"ငါ မူးနေတုန်း... ဒီလောက် အခွင့်အရေးကောင်း ရှိတာတောင်... ဘယ်သူမှ လှုပ်ရှားမလာကြဘူး..."
"ဒီလို သည်းခံနိုင်စွမ်းမျိုးက... တကယ်ပဲ အထင်ကြီးစရာ ကောင်းတယ်..."
"အစွန်းရောက် သုံးပါး ဂိုဏ်း... သူတို့ရဲ့ အစစ်အမှန် အင်အားက ဘယ်လောက်တောင် ရှိမလဲ..."
"ကောင်းပြီလေ... သူတို့ ဘယ်လောက် ကြာကြာ သည်းခံနိုင်မလဲ စောင့်ကြည့်ကြတာပေါ့..."
...
...
မနက်စာ စားပြီးနောက် ဆုမိုသည် ဦးလေးဖူကို နှုတ်ဆက်ပြီး ပစ္စည်းများ စတင် ထုပ်ပိုးသည်။
မန်ဒရင်းဘဲ စာရင်းသည် အခြားပစ္စည်းများနှင့် မတူဘဲ ကိုယ်နှင့်မကွာ သယ်ဆောင်သွားနိုင်သည်။
သေတ္တာငယ်လေးက သိပ်မကြီးသဖြင့် သူ့အိတ်ထဲသို့ အလွယ်တကူ ထည့်သွင်းသယ်ဆောင်သွားနိုင်၏။
ဤခရီးစဉ်သည် ဝမ်ရှင်း ကုန်သွယ်ရေး ဌာန နှင့် သွားခဲ့သော ခရီးစဉ်နှင့် မတူဘဲ လူအများအပြား မလိုအပ်ပေ။
ထို့ကြောင့် ထုပ်ပိုးပြီးသည်နှင့် ဆုမိုနှင့် ယန်ရှောင်ယွင်တို့သည် မြင်းကောင်းနှစ်စီးကို ဆွဲကာ တိုက်ရိုက် ထွက်ခွာခဲ့ကြသည်။
သို့သော် မထွက်ခွာမီ ဦးလေးဖူနှင့် ရှောင်ချွမ်းတို့ကို သတိပေးခဲ့သည်မှာ သူတို့ ပြန်မလာမချင်း အာမခံဌာနကို ယာယီ ပိတ်ထားရန် ဖြစ်သည်။
သူတို့သည် လော့ရှားမြို့ မှ ထွက်ခွာပြီး အရှေ့ဘက်သို့ တန်းတန်းမတ်မတ် ဦးတည်သွားကြသည်။
ဤလမ်းကြောင်းသည် ယန်ရှောင်ယွင်အတွက် အတော်လေး ရင်းနှီးပြီးသား ဖြစ်သည်။ သံမဏိသွေး အာမခံဌာနသည် အရှေ့ဘက်သို့ မကြာခဏ အလုပ်သွားလုပ်လေ့ရှိသဖြင့် လမ်းခရီး အခြေအနေများကို သူမ ကောင်းကောင်း ကျွမ်းကျင်နေလေပြီ။
ဆယ်ရက်ခန့် ခရီးနှင်ပြီးနောက် ကျုံးဖူမြို့ကို ကျော်ဖြတ်လာခဲ့ရာ လမ်းခရီးသည် ဖြောင့်ဖြူးပြီး အနှောင့်အယှက် ကင်းရှင်းနေသည်။
ထိုနေ့ ညနေစောင်းတွင် သူတို့သည် ဟွာယန်တောင် ခြေရင်းသို့ ရောက်ရှိလာကြပါသည်။
ဟွာယန်တောင် ကျော်လျှင် 'မြစ်သုံးစင်း ပင်လယ်အော်' ဖြစ်၏။
ဟွေမြစ် ၊ ဟန်မြစ် နှင့် တုံရွှေမြစ်တို့ ဆုံစည်းရာ နေရာ ဖြစ်ပြီး၊ ရေစီးကြောင်းများ ခွဲထွက်ကာ မြစ်လက်တက်များမှတစ်ဆင့် အရှေ့ဘက်သို့ ဆက်လက် စီးဆင်းသွားကြသည်။
ထို့ကြောင့် ဟွာယန်တောင် ကျော်ပြီးလျှင် ရေလမ်းခရီးသို့ ပြောင်းလဲနိုင်၏။
ရေလမ်းဖြင့် သုံးလေးရက် ခရီးနှင်ပြီး ကျိယန် ကူးတို့ဆိပ် သို့ ရောက်လျှင် တုန်းချန် နယ်မြေထဲသို့ ဝင်ရောက်နိုင်ပြီ ဖြစ်သည်။
သို့သော် ယခုအချိန်တွင် သူတို့နှစ်ဦး တည်းခိုစရာ နေရာ လွဲချော်သွားကြပြီး ပတ်ဝန်းကျင်ကို ရှာဖွေကြည့်သော်လည်း ပျက်စီးနေသော ဘုရားကျောင်း တစ်ဆောင်ပင် ရှာမတွေ့တော့ပေ။
လွန်ခဲ့သော ရက်အနည်းငယ်က ဤနယ်မြေတွင် နှင်းထု ထူထပ်စွာ ကျရောက်ခဲ့သဖြင့် ညဘက် နှင်းထဲတွင် ခရီးနှင်ရခြင်းသည် အလွန် ပင်ပန်းခက်ခဲလှသည်။ ထို့ကြောင့် တောအုပ်ထဲတွင် နေရာလွတ်တစ်ခု ရှင်းလင်းပြီး မီးဖိုကာ အနားယူရန် ဆုံးဖြတ်လိုက်ကြ၏။
"အိမ်က မထွက်ခင်တုန်းက အိုးတစ်လုံးလောက် ယူလာခဲ့သင့်တယ်..."
ယန်ရှောင်ယွင်သည် သူမ ဖမ်းမိထားသော ယုန်တစ်ကောင်ကို သစ်ကိုင်းတွင် ကျွမ်းကျင်စွာ ထိုးပြီး ကင်နေရင်း နောင်တရသံဖြင့် ပြောလိုက်ခြင်းပါ။
"ဒါဆိုရင် ဒီနားတစ်ဝိုက်မှာ မှိုတွေ အများကြီး ရှိနေတာ... ယုန်သားနဲ့ ရောပြီး ယုန်သားဟင်းရည် တစ်အိုး ချက်တိုက်လို့ ရတာပေါ့... ကောင်းမယ် မဟုတ်လား…”
အခန်း (၂၀၁) - နိုင်ထက်စီးနင်း (၂)
~"စကားမစပ်... အစ်မရှောင်ယွင်ရဲ့ လက်ရာကို ကျွန်တော် တစ်ခါမှ မြည်းခွင့် မကြုံဖူးသေးဘူးပဲ"
ဆုမိုသည် ယန်ရှောင်ယွင်၏ လှုပ်ရှားမှုများကို ငေးကြည့်ရင်း ပြောလိုက်သည်။ သူမ၏ လက်များသည် သွက်လက်ချက်ချာနေပြီး ဤကဲ့သို့သော အလုပ်မျိုးကို လုပ်နေကျမှန်း သိသာထင်ရှားလှပေသည်။
ယန်ရှောင်ယွင်က ဆုမိုကို တစ်ချက် စောင်းငဲ့ကြည့်လိုက်ပြီး နှုတ်ခမ်းလေး စူကာ ပြန်ပြောလိုက်၏။
"ဒါကတော့ ဟုတ်သားပဲ... ဒါပေမယ့် ဦးလေးဖူက ငါ့ကို အခွင့်အရေးမှ မပေးတာ၊ ငါက နင့်ကို လက်စွမ်းပြချင်ပါရဲ့... မီးဖိုချောင်ထဲ ဝင်တာနဲ့ ဦးလေးဖူက ကန်ထုတ်တော့တာပဲ၊ မတတ်နိုင်ဘူးလေ... ဂိုဏ်းပြန်ရောက်မှပဲ ကိုယ်တိုင် ချက်ကျွေးပါ့မယ်၊ စားပြီးရင် လျှာလည်သွားစေရမယ် အာမခံတယ်"
"ကဲ... ဒါဆိုလည်း အဲဒီအတိုင်းပဲ လုပ်ကြတာပေါ့"
ဆုမိုသည် သစ်ပင်ကြီးတစ်ပင်၏ ပင်စည်ကို ကျောမှီလိုက်ရင်း နှင်းပြင်ကြားထဲတွင် မြက်ခြောက်ရှာစားနေကြသော မြင်းနှစ်ကောင်ကို လှမ်းကြည့်လိုက်သည်။ သူ၏ ရင်ထဲတွင် ဂရုဏာသက်သော ခံစားမှုတစ်ခု ဖြတ်သန်းသွားရ၏။
'ဒီအဖော်အိုကြီး နှစ်ကောင်လည်း ငါတို့နဲ့အတူတူ ဒုက္ခခံနေရရှာတယ်'
"မနက်ဖြန် ဟွာယန်တောင်ကို ကျော်ပြီး မြစ်သုံးစင်းပင်လယ်အော် ရောက်ရင်တော့ သူတို့ကို ကောင်းကောင်း ကျွေးဖို့ တည်းခိုခန်း ရှာရမယ်"
"ဟုတ်တယ်... မြစ်သုံးစင်းပင်လယ်အော်က အရမ်းစည်တာ၊ အဲဒီမှာ ငါ အမြဲသွားစားနေကျ ဆိုင်ဟောင်းလေး တစ်ဆိုင်ရှိတယ်... သူတို့ရဲ့ မြစ်သုံးစင်းငါးဟင်းက ပြိုင်ဘက်ကင်းပဲ၊ မောင်လေး ကောင်းကောင်း စားရလိမ့်မယ်"
"အရင်က သတိမထားမိပေမဲ့... အစ်မက တော်တော် အစားသောက် ခုံမင်တာပဲနော်"
ဆုမိုသည် ယန်ရှောင်ယွင်၏ အခြားတစ်ဖက်ကို ရှာဖွေတွေ့ရှိလိုက်သကဲ့သို့ ခံစားလိုက်ရသည်။
ယန်ရှောင်ယွင်က အသာအယာ ပြုံးလိုက်ပြီး စကားဆက်ပြောရန် ပြင်လိုက်စဉ်မှာပင် ဆုမိုက လက်ကို ဆန့်ထုတ်ကာ အောက်သို့ ဖွဖွလေး ဖိလိုက်၏။
သူမ၏ စကားသံ ချက်ချင်း တိတ်ဆိတ်သွားသည်။ ခဏအကြာတွင် နှင်းပြင်ထက်မှ ခြေသံတိုးတိုးကို ကြားလိုက်ရပြီး လူရိပ်တစ်ခု သူတို့၏ မြင်ကွင်းထဲသို့ တိုးဝင်လာ၏။
ပထမတစ်ချက် ကြည့်လိုက်ချိန်တွင် ထိုလူရိပ်မှာ အဝေးတွင် ရှိနေသေးသော်လည်း မျက်စိတစ်မှိတ်အတွင်းမှာပင် သူတို့အနားသို့ လျင်မြန်စွာ ရောက်ရှိလာခဲ့တော့၏။
ထိုလူက ဆုမိုနှင့် ယန်ရှောင်ယွင်ကို တစ်ချက် ဝေ့ဝဲကြည့်လိုက်ပြီး ပြုံးလျက် နှုတ်ဆက်လိုက်သည်။
"မိတ်ဆွေတို့... ညဉ့်နက်သန်းခေါင် ခရီးသွားနေရင်း မီးရောင်လေး မြင်တာနဲ့ လာခဲ့တာပါ၊ ခရီးသွားတစ်ယောက်ကို မီးလှုံခွင့်ပြုဖို့ အဆင်ပြေပါ့မလားဗျာ"
ဆုမိုနှင့် ယန်ရှောင်ယွင်တို့သည် ထိုလူကို တိတ်ဆိတ်စွာ စိုက်ကြည့်နေကြပြီး မည်သည့်စကားမျှ ပြန်မပြောကြပေ။
ထိုလူကမူ အပြုံးမပျက်ဘဲ ထပ်မံ မေးမြန်းလိုက်ပြန်သည်။
"မိတ်ဆွေတို့... ညဉ့်နက်သန်းခေါင် ခရီးသွားနေရင်း မီးရောင်လေး မြင်တာနဲ့ လာခဲ့တာပါ၊ ခရီးသွားတစ်ယောက်ကို မီးလှုံခွင့်ပြုဖို့ အဆင်ပြေပါ့မလားဗျာ"
သူ၏ အသံနေအသံထားမှာ နူးညံ့သိမ်မွေ့ပြီး အမူအရာမှာလည်း ကြင်နာတတ်ပုံ ပေါက်နေသည်။
အကယ်၍သာ... သူ၏ ကျောဘက်တွင် တရွတ်တိုက် ဆွဲလာသော အလောင်းပျက်ကြီးသာ မပါခဲ့လျှင် သူသည် လူရည်မွန်တစ်ယောက်ဟု ထင်မှတ်စရာပင်။
ဆုမိုက သူ့ကို တည်ငြိမ်စွာ ကြည့်လိုက်ပြီး ခေါင်းညိတ်ပြလိုက်သည်။
"သဘောရှိသာ လုပ်ပါ"
"ကျေးဇူးတင်ပါတယ်ဗျာ"
ထိုစကားကို ကြားလိုက်ရမှ ထိုလူသည် သက်ပြင်းချနိုင်တော့၏။ သူသည် ပါလာသော အလောင်းကောင်ကို မီးပုံဘေးတွင် ချလိုက်ပြီးနောက် ရေဘူးတစ်ဘူးကို ထုတ်ယူကာ ဆုမိုတို့ကို မေးလိုက်သည်။
"သောက်မလား"
"ကျွန်တော်တို့ ခုလေးတင် သောက်ထားကြတာပါ"
ဆုမို၏ မျက်ဝန်းများသည် ထိုအလောင်းကောင်ပေါ်သို့ ကျရောက်သွားသည်။ သေဆုံးသူမှာ အမျိုးသမီးတစ်ဦး ဖြစ်သော်လည်း မည်သည့်အချိန်က သေဆုံးခဲ့သည်ကိုမူ ခန့်မှန်းရခက်နေ၏။
ထိုလူက ခေါင်းတစ်ချက် ညိတ်လိုက်ပြီး ရေဘူးကို မီးပုံဘေးတွင် ချထားလိုက်သည်။ ထို့နောက် အလောင်းကို သေချာစွာ ပြင်ဆင်ချထားပြီး သူကိုယ်တိုင်လည်း မီးပုံဘေးတွင် ဝင်လှဲလိုက်တော့၏။
ထိုအချိန်ကျမှ ယန်ရှောင်ယွင်သည် အလောင်းကို သေချာစွာ မြင်တွေ့ခွင့် ရလိုက်သည်။ သေဆုံးသူမှာ အစိမ်းရောင် ဝတ်ရုံကို ဝတ်ဆင်ထားသော အမျိုးသမီးငယ်တစ်ဦး ဖြစ်ပြီး သူမ၏ လက်များကို ကြည့်ခြင်းအားဖြင့် သိုင်းပညာရှင်တစ်ဦး ဖြစ်ကြောင်း ခန့်မှန်းရသည်။
သို့သော် ယခုအခါတွင်မူ သူမသည် ဝမ်းဗိုက်တစ်ခုလုံး ပွင့်ထွက်လျက် သေဆုံးနေခဲ့တော့၏။ ဒဏ်ရာမှာ ကြီးမားကျယ်ပြန့်လှပြီး ဆန်းကြယ်သည်မှာ သူမ၏ ဝမ်းဗိုက်ထဲမှ ကလီစာများ တစ်ခုမျှ မကျန်တော့ဘဲ ပျောက်ဆုံးနေခြင်းပင် ဖြစ်သည်။
ထိုလူက လက်နှစ်ဖက်ကို ပွတ်သပ်လိုက်ရင်း တိုးညှင်းစွာ ညည်းတွားလိုက်သည်။
"အအေးဒဏ်က အရိုးထဲထိ စိမ့်ဝင်နေတာပဲ... တော်တော် ဒုက္ခပေးတဲ့ ရာသီဥတုပါလား၊ ဒါနဲ့ မိတ်ဆွေတို့က ဘယ်ခရီး ဆက်ကြမှာလဲဗျ"
ဆန်းကြယ်လှသော အလောင်းပျက်ကြီးတစ်ခုကို သယ်ဆောင်လာသော ဤလူသည် ဘာမှ မဖြစ်သကဲ့သို့ ပုံမှန်အတိုင်း စကားပြောဆိုနေခြင်းကား ကျောချမ်းဖွယ်ရာပင်။ သူ၏ အပြုံးသည် တောက်ပနေပြီး အမူအရာသည်လည်း နူးညံ့လွန်းနေသည်။
ယန်ရှောင်ယွင်က ဆုမိုကို လှမ်းကြည့်လိုက်ရာ ဆုမိုက လက်ကို မသိမသာ ဝှေ့ယမ်းပြလိုက်သဖြင့် သူမက ပြုံးလျက် ပြန်ဖြေလိုက်သည်။
"ကျွန်မတို့ မောင်နှမနှစ်ယောက် သိုင်းလောကထဲ လှည့်လည်သွားလာနေကြတာပါ၊ ဒီတစ်ခါတော့ အရှေ့ဘက်ကို ဦးတည်ပြီး ဆွေမျိုးတွေဆီ သွားလည်မလို့လေ"
ထိုစကားကို သေချာ ခွဲခြမ်းစိတ်ဖြာ ကြည့်လျှင် မှားသည်ဟု မဆိုနိုင်ပေ။ သူတို့သည် သိုင်းလောကထဲတွင် လှည့်လည်နေကြသည်မှာ အမှန်ပင်။ အရှေ့ဘက်သို့ ဦးတည်နေသည်မှာလည်း အမှန်ပင်။ ဆွေမျိုးသွားလည်သည် ဆိုရာ၌... ယန်ယီဇီကို သွားရှာခြင်းသည် ဆွေမျိုးထံ သွားလည်သည်နှင့် မတူပေဘူးလော။
"တုန်းချန်ကို သွားကြမလို့ပေါ့"
ထိုလူက ခေါင်းကို တွင်တွင်ခါလိုက်သည်။
"တုန်းချန် ဆိုတာ သွားဖို့မကောင်းတဲ့ အရပ်ပါဗျာ... ဂိုဏ်းတွေက များ၊ လူတွေက ရှုပ်နဲ့၊ လူကောင်းဆိုတာ ရှားမှရှားပဲ၊ မိတ်ဆွေတို့ပုံစံ ကြည့်ရတာ လူဆိုးလူမိုက်တွေလည်း မဟုတ်ကြတော့ တုန်းချန် ရောက်ရင် အနိုင်ကျင့်ခံရမှာ သေချာတယ်"
"ဟုတ်လား... ဘယ်လိုဖြစ်လို့လဲဗျ"
ဆုမိုက တစ်ချက် ရယ်မောလိုက်ရင်း ဝင်ပြောလိုက်သည်။
"ကျွန်တော်တို့က အနောက်တောင်ဘက်မှာပဲ နေတာများတော့ အရှေ့ဘက်ကို သိပ်မရောက်ဖူးဘူး၊ စားဝတ်နေရေးသာ မကျပ်တည်းရင် တုန်းချန်ကို ဆွေမျိုးသွားရှာမှာ မဟုတ်ပါဘူးဗျာ... ကိုယ်ကျွမ်းကျင်တဲ့ နေရာကို စွန့်ပြီး မသိမကျွမ်းတဲ့ အရပ်မှာ ဘယ်သူက ဒုက္ခခံချင်မှာလဲ"
"အင်း..."
ထိုလူက သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်သည်။
"ဘဝပေး အခြေအနေတွေပေါ့ဗျာ... တုန်းချန်မှာ ဂိုဏ်းပေါင်းစုံ ရှိတယ်၊ ဂိုဏ်းကြီးတွေမှာက အစွမ်းထက်တဲ့သူတွေ များတော့ စည်းကမ်းမရှိ ကမ်းကုန် လုပ်ချင်ရာ လုပ်ကြတာ၊ ဂိုဏ်းငယ်လေးတွေက ကျင့်ကြံသူတွေဆိုရင် သိုင်းပညာ မကောင်းရင် ပိုတောင် ဆိုးသေး၊ နေရထိုင်ရတာ သိပ်ကျပ်တည်းတယ်"
"သာမန်ပြည်သူတွေ ဆိုရင်တော့ ပြောမနေနဲ့တော့... ထမင်းဝအောင် မစားရ၊ အိပ်ရေးဝအောင် မအိပ်ရနဲ့၊ ဂိုဏ်းကြီးက တပည့်တွေ လာပြီး အနိုင်ကျင့်မှာကိုပဲ အမြဲ စိုးရိမ်ကြောင့်ကြ နေရတာ"
"အတိုချုပ် ပြောရရင်တော့ဗျာ... တုန်းချန်မှာ နေရတာ ငရဲကျသလိုပဲ"
"တကယ်ကြီး အဲဒီလောက်တောင် ဆိုးတာလားဗျ"
ဆုမိုက မျက်ခုံးပင့်လိုက်ရင်း ယန်ရှောင်ယွင်ကို လှမ်းကြည့်လိုက်သည်။ သူတို့နှစ်ယောက်လုံး တုန်းချန်၏ အခြေအနေမှန်ကို ကောင်းကောင်း သိထားကြသည်သာ။
အထူးသဖြင့် တုန်းချန်နှင့် အနောက်တောင်ပိုင်းကို မကြာခဏ ကူးသန်းသွားလာနေသော ယန်ရှောင်ယွင်က ပို၍ပင် သိပေသည်။
သာမန်ပြည်သူများအတွက် ဘဝက သိပ်မချောင်လည်သည်မှာ မှန်သော်လည်း ထမင်းမစားရ၊ အကာအကွယ် မရှိသည့် အဆင့်ထိတော့ မဆိုးရွားပေ။
ထို့အပြင် ဂိုဏ်းကြီးများသည် သူတို့၏ ဂုဏ်သိက္ခာနှင့် စည်းမျဉ်းများကို တန်ဖိုးထားကြသည်။ ပြည်သူများကို အကြောင်းမဲ့ သက်သက် အနိုင်ကျင့်လျှင် အခြားဂိုဏ်းများ၏ ကဲ့ရဲ့လှောင်ပြောင်မှုကို ခံရမည်ဖြစ်ပြီး တုန်းချန်တွင် ရပ်တည်ရန် ခက်ခဲသွားပေလိမ့်မည်။
သိသာလှပါသည်... ဒီလူ ပေါက်ကရတွေ လျှောက်ပြောနေခြင်းသာ။
ထိုလူက ဆက်လက်၍ ခေါင်းညိတ်ပြလိုက်သည်။
"ရေစက်ပါလို့ ဆုံကြတာပဲဗျာ... စကားတွေလည်း အများကြီး ပြောမိပြီဆိုတော့ မိတ်ဆွေတို့ကို ပွင့်ပွင့်လင်းလင်းပဲ ပြောပြပါ့မယ်၊ ကျွန်တော်က တုန်းချန်က ဂိုဏ်းငယ်လေး
တစ်ခုကပါ... ဒါပေမယ့် ဘာအကြောင်းပြချက်မှ မရှိဘဲ ဂိုဏ်းကြီးတချို့ရဲ့ ဖိနှိပ် အနိုင်ကျင့်တာကို ခံခဲ့ရတယ်…”