အခန်း (၂၀၂-၂၀၄)
Vol. 14 Ch. 202-204
အခန်း (၂၀၂) - နိုင်ထက်စီးနင်း (၃)
~"အစပိုင်းတုန်းကတော့ သိပ်မဆိုးရွားသေးဘူး... နောက်ပိုင်းကျတော့ သူတို့က လူတွေကို ထင်တိုင်းကြဲ သတ်ဖြတ်လာကြတာပဲ"
ထိုလူ၏ မျက်နှာတွင် နာကျင်မှုအရိပ်အယောင်များ ယှက်သန်းလာပြီး အသံမှာလည်း တုန်ရီနေသည်။
"ကျွန်တော့် ဆရာသခင်ကို ရက်ရက်စက်စက် သတ်ဖြတ်သွားကြတာ မျက်မြင်ကိုယ်တွေ့ပါပဲဗျာ... ပြီးတော့ ကျွန်တော့်ရဲ့ ဦးလေးတွေ၊ ဆရာတူ အစ်ကိုတွေခမျာလည်း ခွေးတွေ ဝက်တွေလို သတ်ဖြတ်ခံလိုက်ရတာ..."
"ကျွန်တော့်အစ်မသာ အသက်ပေးပြီး မကာကွယ်ပေးခဲ့ရင်... အခုချိန် ဒီနာမည်ကြီး ဂိုဏ်းဆိုတဲ့ ကောင်တွေရဲ့ လက်ချက်နဲ့ ကျွန်တော်လည်း သေလောက်ပြီ"
"ဟက်... နာမည်ကြီး ဂိုဏ်းတွေ... အထက်တန်းစား အိမ်တော်တွေတဲ့လား... ရယ်စရာကောင်းလိုက်တာဗျာ"
"သူတို့က လူသတ်ရမှာ ဝန်မလေးဘူး... နည်းလမ်းတွေကလည်း ရက်စက် ယုတ်မာလိုက်ကြတာ... တကယ့်ကို အော့နှလုံးနာစရာ ကောင်းလွန်းပါဘိ"
ဆုမိုက မျက်မှောင်ကြုတ်လိုက်ပြီး လေးနက်သော လေသံဖြင့် ဆိုလိုက်၏။
"တကယ်လို့ ခင်ဗျား ပြောသလိုသာ ဆိုရင်တော့... တကယ့်ကို ရင်နာစရာ ကောင်းလွန်းပါတယ်၊ ဒါနဲ့... အဲဒါ ဘယ်ဂိုဏ်း ဘယ်အဖွဲ့အစည်းလဲ ဆိုတာ သိခွင့်ရှိမလား... ကျွန်တော် မှတ်သားထားပြီး နောင်တစ်ချိန် တွေ့ကြုံရရင် သတိထားလို့ ရတာပေါ့"
"အင်း..."
ထိုလူက ခေါင်းညိတ်လိုက်ပြီး မျက်လုံးများ အရောင်လက်သွား၏။
"တုန်းချန်က ဂိုဏ်းကြီးတွေရဲ့ ထုံးစံက ဒီလိုချည်းပါပဲ... ဒါပေမယ့် ထိပ်ဆုံးကနေ ဗိုလ်စွဲနေတာကတော့ 'လန်ယွဲ့နန်းတော်'နဲ့ 'ဇီယန်ဂိုဏ်း'ပဲ"
"ဒီနှစ်ဂိုဏ်းစလုံးက... လန်ယွဲ့နန်းတော် ဆိုရင် လူသတ်တာ သွေးအေးရက်စက်တယ်၊ ဇီယန်ဂိုဏ်းကတော့ ဒီနှစ်ပိုင်း သိုင်းလောကထဲ သိပ်မတွေ့ရပေမဲ့ အတိတ်တုန်းက ကျူးလွန်ခဲ့တဲ့ မိုက်မဲမှုတွေကတော့ နည်းနည်းလေးမှ မလျော့ပါဘူး၊ သူတို့ လက်ချက်နဲ့ သေခဲ့ရတဲ့ အသက်ပေါင်းများစွာ... အရိုးတွေ တောင်လိုပုံနေခဲ့ပြီ"
ဆုမို မျက်ခုံးတစ်ချက် ပင့်သွားသည်။ သို့သော် ယန်ရှောင်ယွင်ကမူ နဂါးနက်လှံတံကို တိတ်တဆိတ် ဆုပ်ကိုင်ထားလိုက်တော့၏။
ဇီယန်ဂိုဏ်းနှင့် ဆုမို၏ ပတ်သက်မှုမှာ သာမန်မဟုတ်ပေ။
လွန်ခဲ့သော နှစ်များစွာက ဆုမိသားစု၏ ဘိုးဘေး ဆုချန်ယွီသည် ဇီယန်ဂိုဏ်း၏ တပည့်တစ်ဦး ဖြစ်ခဲ့ပြီး ဇီယန်အာမခံဌာနကို တည်ထောင်ခဲ့၏။
ဂိုဏ်း၏ အမည်နာမကို အသုံးပြုခွင့် ပေးထားခြင်းကပင် ဇီယန်ဂိုဏ်းသည် ဆုချန်ယွီအပေါ် မည်မျှ တန်ဖိုးထား ဂရုစိုက်ကြောင်း ပြသနေသည် မဟုတ်ပါလော။
ဆုမိသားစုသည် ယခုအခါ ယခင်ကလောက် အရှိန်အဝါ မကြီးမားတော့သလို၊ ဇီယန်ဂိုဏ်းသည်လည်း တံခါးပိတ် ကျင့်ကြံနေသဖြင့် သိုင်းလောကထဲတွင် လှုပ်ရှားသူ နည်းပါးလှသည်။
သို့သော် ဇီယန်ဂိုဏ်းက 'ဇီယန်' ဟူသော အမည်ကို ပြန်မသိမ်းသရွေ့ သူတို့သည် ဇီယန်အာမခံဌာနအပေါ် သံယောဇဉ် ရှိနေသေးသည်မှာ အသေအချာပင်။
ယခု ဤလူက ဇီယန်ဂိုဏ်းကို ပုတ်ခတ်ပြောဆိုနေခြင်းသည် ဆုမိုနှင့် ဇီယန်အာမခံဌာန၏ မျက်နှာကို တည့်တည့် ဖြတ်ရိုက်နေခြင်းနှင့် တူနေပေသည်။
သို့သော် ဆုမို၏ နှုတ်ခမ်းထောင့်စွန်းတွင် အပြုံးတစ်ခု ချိတ်ဆွဲထားဆဲပင်။
"အို... ဇီယန်ဂိုဏ်းအကြောင်းတော့ ကြားဖူးသားပဲ၊ သူတို့က တကယ်ပဲ နာမည်ကြီးတာကိုး"
"ဒါပေါ့..."
ထိုလူက ခေါင်းကို ဆတ်ခနဲ ညိတ်လိုက်သည်။
"နာမည်ကြီးရုံတင် ဘယ်ကမလဲ... တုန်းချန်က ဂိုဏ်းပေါင်းစုံထဲမှာ ခေါင်းဆောင်လို့တောင် သတ်မှတ်လို့ရတယ်၊ သူတို့ရဲ့ ဂုဏ်သတင်းနဲ့ အင်အားက လန်ယွဲ့နန်းတော်ရဲ့ အထက်မှာပဲ ရှိတာ... ဒါပေမယ့် ကျွန်တော့်ဆရာကတော့ အဲဒီ ဇီယန်ဂိုဏ်းက လူယုတ်မာတွေရဲ့ လက်ချက်နဲ့ သေဆုံးခဲ့ရတာပါ... ကျွန်တော်သာ စွမ်းနိုင်ရင် သူတို့ရဲ့ အသားကို စား၊ သွေးကို သောက်ပြီး... သူတို့ဂိုဏ်းက ယောက်ျား မိန်းမ အကုန်လုံးကို ဖမ်း၊ အရေခွံခွာ၊ အရိုးထုတ်ပစ်ချင်တဲ့အထိ မုန်းတီးမိပါတယ်"
"ဪ... ဒီလိုကိုး"
ဆုမိုက စာနာသယောင် ခေါင်းညိတ်ပြလိုက်သည်။
"ဆရာသခင်အတွက် လက်စားချေတယ်ဆိုတာ လုပ်သင့်လုပ်ထိုက်တဲ့ ကိစ္စပါပဲ... ဒီရန်ငြိုးက ပြေပျောက်ဖို့ ခက်ခဲမှာပဲလေ"
"ဟုတ်တာပေါ့ဗျာ"
ထိုလူက ပြုံးလျက် ဆက်ပြောလိုက်သည်။
"ကံကောင်းတာတစ်ခုက ဇီယန်ဂိုဏ်းနဲ့ လန်ယွဲ့နန်းတော်တို့ ဗိုလ်ကျစိုးမိုးမယ့် နေ့ရက်တွေ ကုန်ဆုံးတော့မှာပါ... သူတို့အနေနဲ့ ကောင်းကင်ကြီး တစ်ခုလုံးကို လက်တစ်ဖက်တည်းနဲ့ ထာဝရ ဖုံးကွယ်ထားလို့မှ မရတာ၊ ကျွန်တော် အခု အနောက်တောင်ဘက်ကို လာတာလည်း ရည်ရွယ်ချက် ရှိပါတယ်၊ အောင်မြင်မှု တစ်စုံတစ်ရာ ရပြီဆိုရင်တော့... တုန်းချန်က မလွဲမသွေ..."
သူ၏ စကားမဆုံးခင်မှာပင် လေတိုးသံ တရွှီရွှီကို ရုတ်တရက် ကြားလိုက်ရ၏။
မော့ကြည့်လိုက်သောအခါ အစိမ်းရောင် ဝတ်ရုံဝတ် အမျိုးသမီး အများအပြား ရောက်ရှိလာကြသည်ကို တွေ့လိုက်ရသည်။ သူမတို့၏ မျက်နှာထားများသည် ရေခဲတမျှ အေးစက်နေပြီး မျက်ဝန်းများထဲတွင် လူသတ်လိုသော အငွေ့အသက်များ ပြည့်နှက်နေကာ ရှိနေသူ သုံးဦးစလုံးကို စူးစူးဝါးဝါး စိုက်ကြည့်နေကြ၏။
ထိုအထဲမှ အမျိုးသမီးတစ်ဦး၏ အကြည့်သည် ဆုမိုနှင့် ယန်ရှောင်ယွင်အပေါ် တစ်ချက် ဝေ့ဝဲသွားပြီးနောက် ထိုလူ၏ ဘေးရှိ အလောင်းကောင်ပေါ်သို့ ကျရောက်သွားသောအခါ သူမ၏ မျက်နှာထား မည်းမှောင်သွားတော့၏။
"လူယုတ်မာ... ငါ့ညီမလေးကို သတ်တာ နင်ပဲပေါ့"
ထိုလူသည် ကြောင်အမ်းအမ်းဖြင့် မော့ကြည့်လိုက်ပြီးနောက် မျက်နှာထား ပြောင်းလဲသွားကာ နာကျည်းမှု၊ ဒေါသထွက်မှုတို့ဖြင့် အော်ဟစ်လိုက်တော့၏။
"ခင်ဗျား... ခင်ဗျားတို့ ဒါ တော်တော်ကို နိုင်ထက်စီးနင်း ဆန်လွန်းနေပြီနော်"
သူသည် မတ်တပ် ထရပ်လိုက်ပြီး လက်ညှိုးငေါက်ငေါက်ထိုးကာ အော်ပြောလိုက်ပြန်သည်။
"ကျုပ်တို့လို ဂိုဏ်းသေးသေးလေးတွေအတွက် နေစရာနေရာတောင် မရှိတော့ဘူးလားဗျာ... ခင်ဗျားတို့လို နာမည်ကြီး ဂိုဏ်းတွေလောက် မယှဉ်နိုင်ပေမဲ့... ဒီလောက်ထိတော့ အနိုင်မကျင့်သင့်ဘူး မဟုတ်လား"
"ပေါက်ကရတွေ ပြောမနေနဲ့... အသက်နဲ့ ပြန်ပေးဆပ်လိုက်စမ်း"
အော်သံအဆုံးတွင် ဓားမြည်သံ တဝီဝီ ထွက်ပေါ်လာပြီး အေးစက်သော လရောင်ကဲ့သို့ ဓားအလင်းတန်းများသည် မျက်စိတစ်မှိတ်အတွင်း ထိုလူထံသို့ ကျရောက်လာတော့၏။
သို့သော်...
ထိုလူသည် ပါးစပ်ကို ဟလိုက်ပြီး ရွံရှာဖွယ် အနံ့ဆိုးများ ပါဝင်သော လေများကို မှုတ်ထုတ်လိုက်၏။
ဆုမို မျက်ခုံးပင့်သွားသည်။ သူ၏ ဝတ်ရုံလက်ကို ဝှေ့ယမ်းလိုက်သောအခါ လေပြင်းတစ်ချက် ဖြစ်ပေါ်လာပြီး ထိုအနံ့ဆိုးများကို သူနှင့် ယန်ရှောင်ယွင်ထံ မရောက်ရှိစေရန် တွန်းထုတ်လိုက်သည်။
ထိုအချိန်တွင် အနီးနားရှိ အမျိုးသမီးများသည် ဓားရှည်များကို ဆွဲထုတ်လိုက်ကြပြီး ဓားချီစွမ်းအင်များကို ယှက်နွယ်ကာ ထိုအနံ့ဆိုးများကို လုံးဝ ပိတ်ဆို့ထားလိုက်ကြ၏။
"လွန်လွန်းတယ်... တကယ်ကို အနိုင်ကျင့် လွန်လွန်းနေပြီ"
ထိုလူသည် ပါးစပ်မှ ဆဲဆိုကြိမ်းမောင်းရင်း ရိပ်ခနဲ လှုပ်ရှားလိုက်သည်။ မည်သည့် အချိန်က ရွေ့လျားလိုက်မှန်း မသိလိုက်ရဘဲ ပထမဆုံး တိုက်ခိုက်သော အမျိုးသမီး၏ ရှေ့သို့ ရောက်ရှိသွားကာ လက်နှစ်ဖက်ဖြင့် ဖမ်းချုပ်ရန် ပြင်လိုက်၏။
အမျိုးသမီးကလည်း အားမခံဘဲ ဓားရှည်ကို ဝှေ့ယမ်းကာ ပြန်လည် တုံ့ပြန်လိုက်သည်။
“ဝီ.. ဝီ.. ဝီ”
တိုက်ခိုက်လိုက်သော အခိုက်အတန့်တွင် ထိုလူ၏ လက်ဝါးအစုံသည် မည်းနက်ပြာနှမ်းသော အရောင်သို့ ပြောင်းလဲသွားပြီး ထိတွေ့လိုက်သော နေရာတိုင်းတွင် လက်ချောင်းရာ အမည်းများ ထင်ကျန်ရစ်သည်။
ထွက်ပေါ်လာသော အနံ့ဆိုးမှာလည်း ပျို့အန်ချင်စရာ ကောင်းလောက်အောင် ပြင်းထန်လှပေ၏။
အမျိုးသမီး မော့ကြည့်လိုက်ချိန်တွင် ထိုလူ၏ လက်ဝါးသည် သူမ၏ မျက်နှာနားသို့ ရောက်ရှိနေတော့၏။
သူမ၏ မျက်ဝန်းများ အရောင်တောက်သွားပြီး ဓားသိုင်းကွက်ကို အသုံးပြုရန် ကြံစည်လိုက်သော်လည်း ရုတ်တရက် စိတ်ထဲတွင် မူးဝေလာကာ ခန္ဓာကိုယ် ယိုင်နဲ့သွားသဖြင့် မရှောင်တိမ်းနိုင်တော့ပေ။
ကံကောင်းထောက်မစွာပင် ထိုအချိန်၌ ဘေးနှစ်ဖက်မှ ဓားရှည် နှစ်လက် ဝင်ရောက်ကာဆီးလိုက်သဖြင့် သူမမှာ ထိုလူ၏ လက်ဝါးချက်အောက်မှ ကပ်သီလေး လွတ်မြောက်သွားရသည်။
သို့သော်...
ထိုလူ၏ လက်နှစ်ဖက်သည် ဝင်ရောက်လာသော ဓားနှစ်လက်စလုံးကို အလွယ်တကူ ဖမ်းဆုပ်လိုက်၏။
"ချွင်"
သတ္တုကျိုးပဲ့သံနှင့်အတူ ဓားသွားများသည် ထိုလူ၏ မည်းနက်နေသော လက်ဝါးအောက်တွင် ကျိုးပဲ့ကုန်သည်။ သူ၏ လက်ဝါးများမှာ သံမဏိထက်ပင် မာကျောနေပုံ ရပေသည်။
ကျိုးပဲ့သွားသော ဓားစများသည် လေထဲတွင် လွင့်စင်သွားပြီး ထိုလူက လက်ကို ဝှေ့ယမ်းလိုက်ရာ ထိုဓားစများသည် အေးစက်သော ကြယ်ပွင့်များအလား ကျန်ရှိနေသော အမျိုးသမီးနှစ်ဦးထံသို့ ဒုန်းခနဲ ပျံသန်းသွားကြတော့၏။
ကူညီရန် ဝင်လာသော အမျိုးသမီးနှစ်ဦးမှာ ထိုဓားစများကို ကာကွယ်ရန်အတွက် ဓားရှည်များကို မနားတမ်း ဝှေ့ယမ်းနေရသဖြင့် ရှေ့ဆက်မတိုးနိုင် ဖြစ်သွားရသည်။
"ဟား ဟား ဟား"
ထိုလူက မောက်မာစွာ ရယ်မောလိုက်ပြီး အမျိုးသမီးနှစ်ဦးကို ဖမ်းဆုပ်ရန် လက်လှမ်းလိုက်၏။
"ဒီလို အချောအလှလေးတွေ ကိုယ်တိုင် လာမှတော့... ကျုပ်က ဘယ်ငြင်းရက်ပါ့မလဲဗျာ"
သူသည် လက်ချောင်းများကို စုစည်းလိုက်ပြီး အမျိုးသမီးနှစ်ဦး၏ လည်မျိုကို ဖောက်ထွင်းရန် ချိန်ရွယ်လိုက်သည်။
သို့သော် ရုတ်တရက်...
ဆိုးရွားသော လေတိုးသံတစ်ချက် သူ၏ ဘေးဘက်မှ ဝင်ရောက်လာသည်။ လှည့်ကြည့်လိုက်သောအခါ ပျံသန်းလာသော ကျောက်ခဲတစ်လုံးကို တွေ့လိုက်ရ၏။
ထိတ်လန့်ဒေါသဖြစ်သွားသော ထိုလူသည် ကျောက်ခဲကို လက်ဖြင့် ဖမ်းဆုပ်ရန် ကြိုးစားလိုက်သည်။ သို့သော် ထိုကျောက်ခဲတွင် ပါဝင်သော စွမ်းအားမှာ ကြီးမားလွန်းသဖြင့် သူ့ကို နောက်သို့ သုံးကိုက်ခန့် လွင့်စင်သွားစေတော့၏။
သူသည် မယုံကြည်နိုင်သော မျက်လုံးများဖြင့် မိမိ၏ လက်ဝါးကို ကြည့်လိုက်သည်။ အရိုးများ ပုံပျက်နေပြီး သွေးများ ဖြာကျနေသည်ကို တွေ့လိုက်ရသောအခါ...
ထိုလူသည် ဆုမိုကို ကြောင်အမ်းအမ်း ကြည့်လိုက်မိသည်။
"မင်း... မင်း..."
သူ၏ မျက်နှာထားသည် ကြောက်မက်ဖွယ်ကောင်းအောင် တွန့်လိမ်ရှုံ့တွသွားပြီး အော်ဟစ်လိုက်တော့၏။
"လမ်းကြုံခရီးသည်လေးတွေကပါ ငါ့ကို အနိုင်ကျင့်ချင်နေကြတာလား..."
"တကယ်ကို... မင်းတို့ တော်တော် လွန်လွန်းနေပြီနော်”
အခန်း (၂၀၃)-အငတ်ဘေးဂိုဏ်း
~"နိုင်ထက်စီးနင်း လုပ်လွန်းအားကြီးတယ်... တကယ့်ကို နိုင်ထက်စီးနင်း လုပ်လွန်းအားကြီးတယ်ကွာ"
ထိုလူသည် ဒေါသအိုး ပေါက်ကွဲနေ၏။ သူ၏ လက်ဝါးမှ သွေးများ ဒလဟော စီးကျနေသော်လည်း နှုတ်မှမူ တတွတ်တွတ် ရေရွတ်ကာ မကျေမနပ် ဖြစ်နေရှာသည်။
"လမ်းမှာတွေ့တဲ့ မုန့်ပဲသရေစာလေး ကောက်စားမိတာကိုများ... မင်းတို့က ငါ့ကို အနိုင်ကျင့်ကြပြန်ပြီ... ငါတို့ဂိုဏ်းက ဗိုက်ဝအောင် စားချင်ရုံလေးပါ... အဲဒါက အဲဒီလောက်တောင် ခက်ခဲနေသလား"
"မင်းတို့ကောင်တွေ... မင်းတို့အားလုံး... ဒီလောကကြီးက လူတစ်ယောက် ဗိုက်ဝအောင် စားတာကိုတောင် ခွင့်မပြုတော့ဘူးလား"
ထိုလူ၏ ရူးသွပ်မတတ် ဖြစ်နေသော အမူအရာကို ကြည့်ပြီး ယခုမှ ရောက်ရှိလာကြသော အမျိုးသမီး သိုင်းပညာရှင်များသည် မျက်နှာထား တင်းမာခက်ထန်နေကြ၏။
သူမတို့ အချင်းချင်း အကြည့်ချင်း ဖလှယ်လိုက်ကြပြီးနောက် ဦးဆောင်လာသူ အမျိုးသမီးက ဒေါသတကြီး လှမ်းမေးလိုက်တော့၏။
"အလောင်းဆွဲကောင်... နင်က အငတ်ဘေးဂိုဏ်းက လက်ကျန်ကောင်လား"
'အငတ်ဘေးဂိုဏ်း...'
ဆုမိုသည် ထိုမကြားဖူးသော အမည်နာမကြောင့် စိတ်ဝင်စားသွားကာ ယန်ရှောင်ယွင်ကို လှမ်းကြည့်လိုက်မိသည်။ သူမ၏ မျက်နှာထားသည်လည်း မည်းမှောင်အုံ့မှိုင်းနေသည်ကို တွေ့လိုက်ရသဖြင့် မေးမြန်းလိုက်၏။
"အစ်မရှောင်ယွင်... အဲဒီ အငတ်ဘေးဂိုဏ်း ဆိုတာကို သိလား"
ယန်ရှောင်ယွင်၏ နှုတ်ခမ်းအစုံ ပွင့်ဟသွားပြီး စကားလုံးအနည်းငယ် ထွက်ပေါ်လာသည်။
"လူသားကိုစားပြီး ကျင့်ကြံတယ်... နတ်..လူ.. သည်းမခံနိုင်တဲ့ အမှုပဲ"
ဆုမို ခေါင်းတစ်ချက် ညိတ်လိုက်မိ၏။ သိပ်ပြီး အံ့ဩမသွားမိပေ။ အဘယ်ကြောင့်ဆိုသော် ထိုလူ၏ စကားပြောပုံနှင့် အမူအရာသည် နိမိတ်မကောင်းသော အငွေ့အသက်များကို ပေးစွမ်းနေသောကြောင့်ပင်။
ထိုလူက သူများကို ထမင်းဝအောင် မကျွေးဘူးဟု တွင်တွင်အော်နေသည်ကို ပြန်စဉ်းစားကြည့်လျှင်... သူတို့သာ ဗိုက်ဝသွားပါက အခြားလူများအတွက် စားစရာ (ဝါ) အသက်ရှင်စရာ ကျန်တော့မည် မဟုတ်ပေ။
ထို့ကြောင့် ဤဂိုဏ်းကို သိုင်းလောကမှ ဖျက်ဆီးပစ်ခဲ့ခြင်းမှာ လုံးဝ မလွန်ပေ။ ဤသည်မှာ တရားမျှတမှုပင် ဖြစ်ချေသည်။
သို့သော် မြေပြင်ပေါ်မှ အမျိုးသမီးငယ်၏ အလောင်းကို ကြည့်ရင်း ဆုမို သက်ပြင်းတစ်ချက်ကို ဖွဖွလေး ချလိုက်မိ၏။
"ပန်းကောင်း အညွန့်ကျိုး ဆိုတာ ဒါမျိုးပါလား... ခင်ဗျားလို လူယုတ်မာ လက်ချက်နဲ့ အသတ်ခံလိုက်ရတာ တကယ့်ကို သနားစရာ ကောင်းလွန်းပါတယ်"
"သနားစရာ ဟုတ်လား"
ထိုလူက ရယ်မောလိုက်သည်။
"အားကြီးသူ ရှင်သန်မယ့် လောက... သင့်တော်သူ ကျန်ရစ်မယ့် လောကပဲ... ဒါက လူက လူကို ပြန်စားနေကြတဲ့ သိုင်းလောကလေ... မင်းတို့လို ဖြောင့်မတ်တဲ့ လမ်းစဉ်က လူတွေကျတော့ရော လူကို စားပြီးရင် အရိုးပြန်ထုတ်ပေးလို့လား"
"ထားလိုက်ပါတော့လေ... ဒီတစ်ခါ အနောက်တောင်ဘက်ကို လာတာ ငါ့စိတ်ကြိုက် ဗိုက်ကားအောင် စားမလို့ ရည်ရွယ်ထားတာ... အခု မင်းတို့တွေ စုံနေကြပြီဆိုတော့ ငါ ကောင်းကောင်းကြီး စားလို့ ရပြီပေါ့"
စကားသံအဆုံးတွင် ထိုလူသည် လေထဲသို့ လျှပ်တပြက်.. ခုန်တက်လိုက်သည်။ ရောက်လာသော အမျိုးသမီးများကို ဂရုမစိုက်တော့ဘဲ ဆုမိုရှိရာသို့ တည့်တည့်မတ်မတ် တိုးဝင်လာလေတော့၏။
ဓားပြကို ဖမ်းချင်လျှင် ခေါင်းဆောင်ကို အရင်ဖမ်းရမည် မဟုတ်ပါလော။ ဆုမို၏ ကျောက်ခဲဖြင့် ပစ်ပေါက်လိုက်သော လက်စွမ်းမှာ အမှန်တကယ် အားကောင်းလှသည်။ ထို့ကြောင့် ထိုလူသည် ကံတရားကို ပုံအပ်မထားရဲဘဲ ဆုမိုကို အရင်ဆုံး ရှင်းပစ်ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။ ဆုမို သေသွားမှ ကျန်သည့် လူများကို ချက်ပြုတ် စားသောက်ရုံပင်။
"သတိထား"
ထိုအခြေအနေကို မြင်လိုက်ရသော ခေါင်းဆောင် အမျိုးသမီးက ကပျာကယာ လှမ်းအော်လိုက်သည်။
"အငတ်ဘေးဂိုဏ်းသားတွေရဲ့ ခန္ဓာကိုယ်မှာ အလောင်းကောင် အဆိပ်တွေ ရှိတယ်... ဘယ်လိုနည်းနဲ့မှ အထိမခံနဲ့နော်... ထိမိတာနဲ့ ကုလို့ရမှာ မဟုတ်ဘူး"
"ဪ... သတိပေးတာ ကျေးဇူးဗျာ"
ဆုမို မျက်ခုံးပင့်သွားသည်။ ဖျတ်ခနဲပင်၊ ကျောဘက်မှ 'ကလစ်' ဟူသော အသံတစ်သံ ထွက်ပေါ်လာပြီး ဓားသေတ္တာ ပွင့်သွား၏။
မကြာမီ ဓားမြည်သံ တဝီဝီ ထွက်ပေါ်လာပြီး ဆုမို၏ အတွင်းအားများ မြင့်တက်လာသည်နှင့်အမျှ 'နဂါးဟိန်းသံ ဓား'သည် ဓားအိမ်ထဲမှ အလိုအလျောက် ကျွတ်ထွက်လာတော့၏။
ဆုမိုသည် လက်ကို မြှောက်ကာ ဓားရိုးကို လှမ်းဖမ်းလိုက်ပြီး ပေါ့ပေါ့ပါးပါးပင် ဓားချက်တစ်ချက် ပစ်လွှတ်လိုက်သည်။
"ရွှပ်"
ဓားသွားသည် အေးစက်စွာ ဝင်းလက်သွား၏။ ထူးဆန်းသော သိုင်းကွက် အဆန်းအပြား မပါဝင်သော်လည်း ဓားမြှောက်လိုက်သည့် အခိုက်အတန့်တွင် ရှိနေသူ အားလုံး၏ ရင်ထဲ၌ ထက်ရှအေးစက်သော ဓားအငွေ့အသက်ကို ခံစားလိုက်ကြရသည်။
ထို့နောက် ဓားရောင်အောက်တွင် မည်းနက်နေသော လက်တစ်ဖက် လေထဲသို့ လွင့်စင်တက်သွားသည်ကို မြင်တွေ့လိုက်ရ၏။
သွေးများ ပန်းထွက်လာသည်။ ထိုလူသည် ကြောင်အမ်းအမ်းဖြင့် ရပ်တန့်သွားပြီး ဤကဲ့သို့ ဖြစ်လာလိမ့်မည်ဟု လုံးဝ ထင်မှတ်မထားခဲ့ပုံ ရသည်။
သို့သော် လေထဲတွင် ဝဲပျံနေသော မိမိ၏ ပြတ်သွားသည့် လက်ကို မြင်သောအခါ သူသည် လှမ်းဖမ်းလိုက်ပြီး ငုံ့ကြည့်ကာ ရေရွတ်လိုက်သည်။
"အလေအလွင့် အဖြစ်ခံလို့ ဘယ်ရမလဲ"
ပြောပြောဆိုဆိုဖြင့် ပြတ်သွားသော လက်ကို သူ၏ ဝတ်ရုံရင်ဘတ်ကြားထဲသို့ ထိုးထည့်လိုက်ပြီး ဆုမိုကို တစ်ချက် လှမ်းကြည့်ကာ နောက်လှည့်ထွက်ပြေးတော့၏။
စောစောက လူသတ်ချင်နေသော စိတ်များသည် ဓားတစ်ချက်တည်းဖြင့် ပျောက်ကွယ်သွားခဲ့တော့၏။ ဆုမိုနှင့် သူ၏ ကြားတွင် ကွာခြားလွန်းလှသော အရည်အချင်းကို နားလည်လိုက်ခြင်း ဖြစ်သည်။
မသတ်နိုင်ရင်... မစားနိုင်ရင်... ပြေးမှ ဖြစ်မည်။
ယန်ရှောင်ယွင်မှ လွဲ၍ ကျန်လူအားလုံး ကြက်သေ သေနေကြ၏။
စောစောက သူမတို့ ထိုလူနှင့် အပြန်အလှန် တိုက်ခိုက်ခဲ့သော်လည်း လုံးဝ ဖိနှိပ်ခံခဲ့ရသည်။ လူအများကြီး ဝိုင်းတိုက်တာတောင် ဓားနှစ်လက် အချိုးခံလိုက်ရပြီး ဆုမိုသာ ဝင်မပါခဲ့လျှင် သူမတို့၏ ညီအစ်မ နှစ်ယောက် ယခုလောက်ဆို သေဆုံးနေလောက်ပြီ ဖြစ်သည်။
သို့သော် ယခုတွင်မူ အမည်မသိ လမ်းသွားလမ်းလာ လူငယ်လေးက လက်တစ်ဖက် လှုပ်ရှားရုံဖြင့် ထိုမိစ္ဆာကောင်၏ လက်ကို ဖြတ်ပစ်လိုက်သည် မဟုတ်ပါလော။
ဤကဲ့သို့သော ဓားသိုင်းမျိုးကို သူမတို့ တစ်ခါမှ မမြင်ဖူး၊ မကြားဖူးခဲ့ချေ။
သို့သော် ယခုအချိန်သည် အံ့ဩနေရမည့် အချိန်မဟုတ်ပေ။ ထိုလူ ထွက်ပြေးရန် ပြင်နေသည်ကို မြင်သောအခါ သူမတို့ ဒေါသတကြီး အော်ဟစ်လိုက်ကြသည်။
"သူ့ကို တားကြ"
ဂိုဏ်းတူ ညီအစ်မအတွက် လက်စားချေရန် မဆိုထားနှင့်... ဒီလူသာ လွတ်သွားခဲ့လျှင် အနောက်တောင်ဒေသရှိ အပြစ်မဲ့ ပြည်သူပေါင်းများစွာ ဒုက္ခရောက်ကြပေဦးမည်။
ထို့ကြောင့် နိုင်သည်ဖြစ်စေ၊ မနိုင်သည်ဖြစ်စေ ဤလူကို ဒီနေ့ လုံးဝ အလွတ်ပေး၍ မဖြစ်ပေ။
အော်သံအဆုံးတွင် ဓားမြည်သံများ ထပ်မံ ထွက်ပေါ်လာပြီး အမျိုးသမီးနှစ်ဦးသည် ဓားရှည်များကို ဝှေ့ယမ်းကာ ဘေးနှစ်ဖက်မှ ညှပ်၍ ဝင်ရောက်တိုက်ခိုက်လိုက်ကြသည်။
လက်တစ်ဖက်တည်းသာ ကျန်တော့သော ထိုလူသည် ကြောက်ရွံ့ခြင်း မရှိဘဲ ကျန်ရှိနေသော လက်ဝါးကို မည်းနက်သွားစေကာ ဓားရိပ်များကြားသို့ တိုးဝင်ထိုးနှက်လိုက်သည်။ ထိုအမျိုးသမီးများ သူ့ကို ပိတ်ဆို့ရန် ပြင်လိုက်စဉ်မှာပင် ထိုလူက ရုတ်တရက် လေကို ရှူသွင်းလိုက်ပြီး အားကုန် မှုတ်ထုတ်လိုက်တော့၏။
ဤတစ်ကြိမ်တွင် ရှောင်တိမ်းရန် အချိန်မမီတော့ချေ။
အမျိုးသမီးနှစ်ဦးမှာ ထိတ်လန့်သွားပြီး မိမိတို့ဘဝ ဤနေရာတွင် ဇာတ်သိမ်းပြီဟု တွေးကာ မျက်လုံးစုံမှိတ်လျက် သေခြင်းတရားကို စောင့်ဆိုင်းလိုက်ကြသည်။
သို့သော် ရုတ်တရက် သူမတို့၏ လည်ပင်း ဂုတ်သားတွင် တင်းကျပ်သော အထိအတွေ့တစ်ခုကို ခံစားလိုက်ရပြီးနောက် တစ်ဟုန်ထိုး နောက်သို့ ဆွဲယူခြင်း ခံလိုက်ရ၏။
စိတ်တည်ငြိမ်သွား၍ ပြန်ကြည့်လိုက်သောအခါ သူမတို့သည် မူလနေရာမှ (၂) မီတာကျော်ခန့် အကွာသို့ ရောက်ရှိနေကြပြီ ဖြစ်သည်။
အငတ်ဘေးဂိုဏ်း၏ အလောင်းကောင်အဆိပ်သည် အမှန်တကယ် ပြင်းထန်သော်လည်း ဤမျှ အကွာအဝေးထိတော့ ရောက်ရှိနိုင်စွမ်း မရှိပေ။
နောက်သို့ လှည့်ကြည့်လိုက်သောအခါ သူမတို့၏ အနောက်တွင် ရပ်နေသူမှာ ဆုမို ဖြစ်နေသည်ကို တွေ့လိုက်ရသည်။
ကျေးဇူးတင်စကား ဆိုရန် ပြင်လိုက်စဉ်မှာပင် ဆုမို၏ စကားသံ ထွက်ပေါ်လာသည်။
"စိတ်အေးအေးထားပါ... မလောကြပါနဲ့ဗျာ"
ထိုစကားကို ကြားလိုက်ရသောအခါ သူမတို့၏ မျက်နှာများ ရဲခနဲ ဖြစ်သွားကြသည်။ ရှက်တာရော၊ စိတ်တိုတာရော ရောပြွမ်းနေသော ခံစားမှုမျိုးပင်။
ဆုမိုက သူမတို့ကို စနောက်လို၍ ပြောခြင်း မဟုတ်ပေ။ 'စိတ်အေးအေးထားပါ၊ မလောပါနဲ့' ဆိုသည်မှာ ယဉ်ယဉ်ကျေးကျေး ပြောခြင်းသာ ဖြစ်ပြီး၊ ဒဲ့ပြောရလျှင် 'ဝင်မရှုပ်ကြနဲ့... ခင်ဗျားတို့ ဝင်ပါရင် ပိုရှုပ်ကုန်လိမ့်မယ်' ဟု ဆိုလိုခြင်း ဖြစ်သည်။
အခြားလူသာ ဒီစကားကို ပြောလျှင် သူမတို့ ဒေါသထွက်မိမည် မှန်သော်လည်း ဆုမို ပြောသောအခါတွင်မူ မငြင်းဆန်နိုင်ကြပေ။
ထို့ကြောင့် ရှက်စိတ်နှင့် ဒေါသစိတ်များ ရောထွေးကာ နားရွက်ဖျားများအထိ နီရဲသွားကြခြင်း ဖြစ်သည်။
ဆုမိုသည် ဓားကို ကိုင်လျက် ရှေ့သို့ တစ်လှမ်းချင်း တိုးလာပြီး ပြုံးကာ ပြောလိုက်၏။
"အစ်ကိုကြီးက မီးရောင်လေးပဲ လာငှားတာ ဆိုရင် ကောင်းသားဗျာ... ဘာလို့များ ဒီလောက် သောင်းကျန်းနေရတာလဲ"
"ဟက်..."
ထိုလူက ပြတ်သွားသော သူ၏ လက်မောင်းကို တစ်ချက် ငုံ့ကြည့်လိုက်ပြီးနောက် ဆုမိုကို စူးစူးရဲရဲ စိုက်ကြည့်လိုက်၏။
"သိပ်ကြမ်းတဲ့ ဓားသိုင်းပါလား... ဒီအနောက်တောင်ဒေသမှာ ဓားသိုင်းနဲ့ ပတ်သက်ရင် 'ယွီလျိုဓားနှလုံးသား' လျူဆွေဖုန်း တစ်ယောက်ပဲ နာမည်ကြီးတာပါ... 'နတ်ဘုရားသက်တန့် နှလုံးသားရှာဓား'ကို ငါ လေးစားခဲ့တာ ကြာပါပြီ... ဒါပေမယ့် မင်းက သူ့နဲ့ ဘယ်လို ပတ်သက်လဲ ဆိုတာ သိခွင့်ရှိမလား”
အခန်း (၂၀၄)- အငတ်ဘေးဂိုဏ်း (၂)
~"မိတ်ဆွေ... ကျွန်တော်တို့အားလုံးက မိတ်ဆွေတွေပါပဲ"
ဆုမိုက သက်သောင့်သက်သာပင် ပြုံးလိုက်သည်။
"ဒါပေမယ့် သေသေချာချာ ပြောရရင်တော့ ကျွန်တော်နဲ့ ယွီလျိုစံအိမ်က သခင်ကြီးလျူနဲ့က တော်တော်လေး ရင်းနှီးမှု ရှိတယ်၊ သူက စေတနာဗလပွနဲ့ 'နတ်ဘုရားသက်တန့် နှလုံးသားရှာဓား' သိုင်းကျမ်းကို ကျွန်တော့်ဆီ လက်ဆောင်ပေးထားတာလေ၊ ခင်ဗျားက သူ့ဂုဏ်သတင်းကို ကြားဖူးတယ်ဆိုတော့ ဒီနေ့ ခင်ဗျားရဲ့ အဆင့်မြင့် သိုင်းကွက်တွေကို အဲဒီဓားသိုင်းနဲ့ပဲ ပြန်ပြီး ဧည့်ခံရတာပေါ့"
"ဟေ..."
ထိုလူ အနည်းငယ် အံ့ဩသွား၏။
"မင်းအသက်အရွယ်နဲ့ ယွီလျိုဓားနှလုံးသား ဖြစ်ဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ဘူး... ဒါပေမယ့် မင်းက သူ့ကို သခင်ကြီးလျူလို့ ခေါ်တယ်ဆိုတော့ ယွီလျိုစံအိမ်က လူတော့ မဟုတ်လောက်ဘူး၊ ငယ်ငယ်ရွယ်ရွယ်နဲ့ သိုင်းပညာ ဒီလောက် ထူးချွန်နေမှတော့ မင်းက ဘယ်သူများလဲ"
"သိုင်းလောကကြီးက ကျယ်ပြောလှပါတယ်ဗျာ... ကျွန်တော်တို့အားလုံးက လမ်းပျောက်နေတဲ့ ဝိညာဉ်တွေပဲလေ... အရင်က သိကျွမ်းခဲ့ဖူးဖို့ လိုလို့လား"
ဆုမိုက သက်ပြင်းတစ်ချက်ကို ဖွဖွလေး ချလိုက်သည်။
"ထားလိုက်ပါတော့... ဒီနေ့ ခင်ဗျားက ဒီနေရာမှာ သေရမယ့်ကံ ပါလာပြီးသားပဲ... ဘာလို့ ဒီလောက် စပ်စုနေရတာလဲ၊ ကြည့်စမ်း... ကျွန်တော်ဆို ခင်ဗျားနာမည်ကိုတောင် မမေးဘူးလေ"
"ဒါလည်း ဟုတ်တာပဲ"
ထိုလူက ခေါင်းညိတ်လိုက်ပြီး လျှပ်တပြက်.. ခုန်အုပ်လိုက်တော့၏။ လက်ချောင်းများကို ဆန့်ထုတ်လိုက်ရုံဖြင့် ဆုမို၏ ရှေ့တည့်တည့်သို့ လျှပ်စီးလက်သကဲ့သို့ ရောက်ရှိလာ၏။ ဆုမို၏ အမြင်အာရုံထဲတွင် ကောင်းကင်နှင့် မြေကြီး၏ ထောင့်စွန်းတိုင်းသည် ထိုလက်သည်းကွက်များဖြင့် ဖုံးလွှမ်းသွားသကဲ့သို့ ခံစားလိုက်ရသည်။
ထိုသိုင်းကွက်များသည် နက်နဲဆန်းကြယ်လှပြီး တစ်လက်မမျှ မပို၊ တစ်လက်မမျှ မလိုပေ။
"လက်စွမ်းမဆိုးဘူး"
ဆုမိုက ပြုံးလိုက်သည်။ လက်ထဲရှိ 'နဂါးဟိန်းသံ' ဓားသည် တဝီဝီ မြည်ဟည်းလာပြီးနောက် လက်ကို မြှောက်ကာ 'နတ်ဘုရားသက်တန့် နှလုံးသားရှာဓား' သိုင်းကွက်ထဲမှ 'လေပြေညှင်း နှင့် မိုးမခ' အကွက်ကို ထုတ်သုံးလိုက်သည်။ ဓားအလင်းတန်းသည် ခမ်းနားထည်ဝါသော်လည်း လွန်စွာ ငြိမ်းချမ်းနေဘိ၏။ မိုးမခပင်များကို လေပြေက လာရောက် တိုးဝှေ့ချော့မြှူနေသကဲ့သို့ ညို့ဓာတ်ပြင်းလှပေသည်။
သို့သော် အကယ်၍သာ ထိုအလှတရားထဲတွင် စိတ်နှစ်ဝင်စားမိပါက ဓားအောက်မှ ဝိညာဉ်ဘဝသို့ ရောက်သွားရပေလိမ့်မည်။
တစ်ဖက်လူမှာ မိန်းမောတွေဝေသွားပြီး လက်ချောင်းများနှင့် လက်ဝါးများ နှေးကွေးသွားကာ ထိုအခိုက်အတန့်တွင် တွေဝေသွားပြီးမှ နောက်သို့ အမြန်ဆုတ်ခွာသွားရတော့၏။
ဆုမိုကို ပြန်ကြည့်လိုက်သောအခါ သူ၏ မျက်ဝန်းထဲ၌ အံ့ဩခြင်းနှင့် သံသယဖြစ်ခြင်းတို့ ပြည့်နှက်နေသည်။
"ဒါက... နတ်ဘုရားသက်တန့် နှလုံးသားရှာဓား ဟုတ်လား"
ဆုမို ပြန်မဖြေခဲ့ပေ။ သူသည် ထိုဓားသိုင်းကို နေ့စဉ် ရက်ဆက် လေ့ကျင့်ခဲ့သော်လည်း ရန်သူနှင့် အမှန်တကယ် တိုက်ခိုက်ဖူးသည်မှာ ဤသည်က ပထမဆုံး အကြိမ် ဖြစ်သည်။
တကယ်တမ်းတွင် လူသားစားသော ဤကဲ့သို့ မိစ္ဆာကောင်နှင့် မတွေ့ဆုံခဲ့ပါက ဆုမို တိုက်ခိုက်ဖြစ်မည် မဟုတ်ပေ။
သို့သော် ယခု တွေ့ဆုံလာပြီ ဖြစ်ရာ... မည်သည့်နည်းနှင့်မျှ အလွတ်ပေး၍ မဖြစ်တော့။
ဓားသိုင်းစမ်းသပ်ရန် အကောင်းဆုံး အချိန်အခါပင် ဖြစ်တော့၏။
မျက်စိတစ်မှိတ် အတွင်းမှာပင် ဆုမိုသည် 'နတ်ဘုရားသက်တန့် နှလုံးသားရှာဓား' ၏ (၁၆) ကွက်ကို ဆက်တိုက် ထုတ်ဖော်လိုက်သည်။ အစပိုင်းတွင် 'လေပြေညှင်း နှင့် မိုးမခ' ကဲ့သို့ အေးချမ်းတည်ငြိမ်သော အငွေ့အသက်ကို ပေးသော်လည်း ဓားကွက်များ ကြာလာသည်နှင့်အမျှ ခမ်းနားထည်ဝါပြီး အားမာန်ပြည့်ဝလာ၏။
လျူဆွေဖုန်းသည် ယွီလျိုစံအိမ်၏ မူလဓားသိုင်း (၉၉) ကွက်ကို (၁၆) ကွက်အထိ ချုံ့ပစ်ခဲ့ရာ ကွက်တိုင်းတွင် ထူးခြားသော လျှို့ဝှက်ချက်များ ကိုယ်စီ ရှိနေကြသည်။
ဆုမို (၆) ကွက်မြောက် ဓားကွက်ကို ထုတ်သုံးလိုက်သောအခါ ပြိုင်ဘက်၏ မျက်လုံးများထဲတွင် ရှုပ်ထွေးမှုများ စတင် ပေါ်ပေါက်လာသည်။
(၇) ကွက်မြောက်သို့ ရောက်သောအခါ ထိုလူ၏ တုံ့ပြန်မှုများ နှေးကွေးလေးလံလာပြီး တုံ့ဆိုင်းနေသည့်ပုံ ပေါက်လာသည်။
(၈) ကွက်မြောက်သို့ ရောက်သောအခါ ထိုလူ၏ မျက်ဝန်းထဲမှ ထိတ်လန့်မှုများသည် ဆုမို၏ လက်ထဲမှ ဓားကိုပင် မမြင်နိုင်တော့လောက်အောင် လွှမ်းမိုးသွားတော့၏။
ဓားသွား နီးကပ်လာသည်နှင့်အမျှ ထိုလူသည် တစ်ကိုယ်လုံး တုန်ရီလာပြီး ဒေါသတကြီး အော်ဟစ်လိုက်တော့၏။
"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... ဒါ လွန်လွန်းတယ်ကွာ... ငါတို့ဂိုဏ်းက ဘာများ အမှားလုပ်မိလို့လဲ"
"အားကြီးသူက ရှင်သန်မယ်... သင့်တော်သူက ကျန်ရစ်မယ်... သိုင်းလောက ဆိုတာက ဒုက္ခပင်လယ်ကြီးပါကွ... ဘယ်သူကများ လုံးဝ ဖြူစင်တယ်လို့ ပြောရဲလဲ"
"ငါတို့သတ်တော့ မင်းတို့က လူသတ်သမား မခေါ်ဘူး... မင်းတို့သတ်မှ တရားတာလား... ငါတို့က နည်းနည်းပိုစားမိရုံလေးကိုများကွာ... ဘာလို့ ငါတို့ကျမှ မင်းလက်ချက်နဲ့ သေရမှာလဲ"
သူသည် ရူးသွပ်သွားသူ တစ်ယောက်အလား ဖြစ်နေပြီး အစပိုင်းက စနစ်တကျ ရှိခဲ့သော သိုင်းကွက်များသည် ယခုအခါ ဖရိုဖရဲနှင့် အပေါက်အပြဲများ ဖြစ်လာတော့၏။
ရံဖန်ရံခါတွင် ဆုမိုကို အဆိပ်ရည်ဖြင့် လှမ်းပက်ရန် ကြိုးစားသေးသည်။
သို့သော် ဆုမိုက အတွင်းအားကို လည်ပတ်ကာ ဝတ်ရုံလက်ကို တစ်ချက် ဝှေ့ယမ်းလိုက်ရုံဖြင့် အဆိပ်ငွေ့များ လွင့်စင်ပျောက်ကွယ်သွား၏။
အရှိန်အဟုန်ကို အခွင့်ကောင်းယူကာ ဆုမိုသည် (၉) ကွက်မြောက် ဓားကို ဖော်ဆောင်လိုက်သည်။
ပုံမှန်အချိန်၌ပင် 'နတ်ဘုရားသက်တန့် နှလုံးသားရှာဓား' ကို လုံးဝ ရှောင်တိမ်းနိုင်ရန် အာရုံစိုက်ထားရမည် ဖြစ်ရာ... ယခုလို စိတ်မငြိမ်မသက် ဖြစ်နေချိန်တွင် မည်သို့ လွတ်မြောက်နိုင်မည်နည်း။
ထိုသူသည် ကာကွယ်မှုမဲ့စွာ ရမ်းကားတိုက်ခိုက်နေပြီး ဆုမို၏ ဓားသွား လည်မျိုနားသို့ ရောက်ရှိလာမှသာ အိပ်မက်မှ လန့်နိုးသွားသူအလား သတိဝင်လာတော့၏။
"နတ်ဘုရားသက်တန့် နှလုံးသားရှာဓား... နှလုံးသားကို မေးခွန်းထုတ်တာဆိုတာ ဒါကိုး"
"အတိအကျ ပြောရရင်... ဒါက နှလုံးသား တံခါးကို ခေါက်လိုက်တာပဲ"
ဆုမို၏ နှုတ်မှ ထိုစကားလုံးများ ထွက်ပေါ်လာချိန်တွင် ဓားသွားသည် ထိုလူ၏ လည်မျိုကို ဖောက်ထွင်းသွားခဲ့တော့၏။
'နဂါးဟိန်းသံ' ဓားကို အသာအယာ လှည့်လိုက်ပြီး ဘေးတိုက် ဆွဲထုတ်လိုက်သောအခါ သွေးပူများ ပန်းထွက်လာပြီး ထိုလူ၏ ခေါင်းပြတ်ကြီးသည် လေထဲသို့ မြှောက်တက်သွားတော့၏။
မြေကြီးပေါ်သို့ ခေါင်းပြတ် ကျသွားချိန်အထိ ထိုလူ၏ မျက်လုံးများထဲတွင် အံ့ဩခြင်းနှင့် နားမလည်ခြင်းများ စွဲထင်ကျန်ရစ်နေဆဲပင်။
သူ စကားတွေ အများကြီး ပြောခဲ့၏။ ထိုစကားများသည် မိမိကိုယ်မိမိ ယုံကြည်မှု ရှိစေရန် ပြောခဲ့သလား၊ သို့တည်းမဟုတ် သိုင်းလောကကို မေးခွန်းထုတ်ခဲ့သလား မသေချာပေ။
သို့သော် စကားပြောလေလေ... သူ့နှလုံးသားထဲမှ ရှုပ်ထွေးမှုများကို ဖော်ပြလေလေသာ ဖြစ်နေခဲ့၏။
ဆုမိုသည် ဓားကို တစ်ချက် ခါရမ်းလိုက်ရာ သွေးစက်များ မြေခသွားသည်။ ဓားကို ပေါ့ပါးစွာ ပစ်မြှောက်လိုက်သောအခါ လေထဲတွင် ဝဲပျံကာ 'ချွင်' ခနဲ ဓားအိမ်ထဲသို့ အံကျ ဝင်ရောက်သွား၏။ ဓားသေတ္တာ ပိတ်သွားသည်နှင့် အရာအားလုံး ပြန်လည် တိတ်ဆိတ်ငြိမ်သက်သွားတော့၏။
"သိပ်ကောင်းတဲ့ ဓားသိုင်းပါလား"
ထိုအချိန်ကျမှ ဘေးမှ ကြည့်နေသူများ စကားစနိုင်ကြတော့၏။
ယန်ရှောင်ယွင်က မီးခြစ်တစ်ခုကို ဆုမိုထံ ပစ်ပေးလိုက်ရာ ဆုမိုက ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် သားရေလက်အိတ်ကို စွပ်ကာ အလောင်းကို ရှာဖွေလိုက်သည်။ ခဏအကြာတွင် သူ ခေါင်းကို ဖြည်းညှင်းစွာ ခါလိုက်မိ၏။
"ဘာမှ မရှိပါလား"
"ဘာများ ရှာနေတာလဲဟင်"
ဦးဆောင်သူ အမျိုးသမီးက သူမ၏ ဂိုဏ်းသားများနှင့်အတူ ဆုမိုအနားသို့ တိုးကပ်လာသည်။
ဆုမိုက ရှင်းပြလိုက်သည်။
"သူပြောတုန်းက အနောက်တောင်ဘက်ကို ရည်ရွယ်ချက်တစ်ခုနဲ့ လာတာဆို... ပြီးတော့ သူသာ အောင်မြင်ရင် လန်ယွဲ့နန်းတော်နဲ့ ဇီယန်ဂိုဏ်း ဒုက္ခရောက်မယ်လို့ ပြောခဲ့သေးတယ်၊ သူ သေသွားပြီဆိုတော့ သူ့ဆီမှာ သက်သေအထောက်အထား တစ်ခုခု၊ ဒါမှမဟုတ် စာလိပ်တစ်ခုခုများ တွေ့မလားလို့ ရှာကြည့်တာပါ... တစ်ခုခု သိလိုက်ရရင် အန္တရာယ်ကနေ ကြိုတင် ကာကွယ်လို့ ရတာပေါ့"
"အခုတော့... လူမိုက်တိုင်း လျှို့ဝှက်စာတွေ သယ်လာတတ်တာ မဟုတ်မှန်း သိလိုက်ရပြီ"
"ဘာရယ်"
ထိုအမျိုးသမီး အံ့ဩသွား၏။
"တကယ်ကြီးလား”