အခန်း (၂၀၅-၂၀၇)
Vol. 14 Ch. 205-207
အခန်း (၂၀၅)- အငတ်ဘေးဂိုဏ်း (၃)
~ဆုမိုသည် ခေါင်းတစ်ချက် ညိတ်လိုက်ပြီး မီးတုတ်ကို ပွတ်တိုက်ကာ မီးကူးစေလိုက်၏။ ထို့နောက် လေတစ်ချက် မှုတ်ထုတ်လိုက်ရာ မီးတောက်များသည် ဟုန်းခနဲ ထတောက်လာတော့၏။ သူသည် အလောင်းကောင်ကို မီးပုံထဲသို့ ပစ်ထည့်လိုက်ပြီး ခေါင်းပြတ်ကိုပါ သစ်ကိုင်းတစ်ချောင်းဖြင့် ဆွဲယူကာ မီးတောက်များကြားသို့ ပို့ဆောင်လိုက်သည်။ အားလုံး ပြီးစီးသွားမှသာ သူသည် သက်ပြင်းတစ်ချက်ကို မှုတ်ထုတ်နိုင်တော့၏။
သူ၏ လှုပ်ရှားမှုများသည် အလွန် သွက်လက်ပေါ့ပါးပြီး ကျွမ်းကျင်လွန်းနေသဖြင့် ဘေးမှ ကြည့်နေသော မိန်းကလေးများအားလုံး အံ့အားသင့်သွားကြရ၏။
ဤမျှ သွေးအေးအေးနှင့် အလောင်းဖျောက်သည့် အလုပ်ကို သူ ဘယ်နှစ်ကြိမ်များ လုပ်ခဲ့ဖူးပါသနည်း။ ဤမျှ လွယ်ကူချောမွေ့စွာ ကိုင်တွယ်နိုင်ခြင်းမှာ သာမန်မဟုတ်ပေ။
ထိုမိန်းကလေးများသည် ဆုမိုကို တစ်ဖန် ပြန်လည် ကြည့်ရှုလိုက်ကြသောအခါ သူမတို့၏ မျက်ဝန်းများထဲတွင် ကြောက်ရွံ့ခြင်း အရိပ်အယောင်တချို့ ကပ်ငြိနေသည်ကို တွေ့မြင်နိုင်ပေသည်။
ဆုမိုက ပြုံးလိုက်ပြီး လက်နှစ်ဖက်ကို ဆုပ်ကာ အရိုအသေပြုရင်း ယဉ်ကျေးစွာ မေးမြန်းလိုက်သည်။
"မိန်းကလေးတို့က ဘယ်ဂိုဏ်း ဘယ်ဌာနကလဲ ဆိုတာ မသိရသေးဘူးဗျ..."
"ကျွန်မက လန်ယွဲ့နန်းတော်က ချူချိုယွီ ပါ... ဒါတွေက ကျွန်မရဲ့ ဂိုဏ်းတူ ညီမလေးတွေပါ"
ချူချိုယွီ၏ မျက်နှာတွင် ဝမ်းနည်းရိပ်များ ယှက်သန်းလာပြီး ဆက်လက် ရှင်းပြသည်။
"ကျွန်မတို့က သိုင်းလောက အတွေ့အကြုံယူဖို့ ထွက်လာကြတာပါ... ကျိယန်ကူးတို့ဆိပ် နားမှာ ဒီလူနဲ့ တွေ့မယ်လို့ ထင်မထားခဲ့မိဘူး၊ အစတုန်းကတော့ သိပ်ပြီး သတိမထားမိလိုက်ပါဘူး... ဒါပေမယ့် အဲဒီညမှာပဲ ကျွန်မတို့ရဲ့ ညီမလေး တစ်ယောက် ပျောက်သွားခဲ့တယ်"
"နောက်ပိုင်း စုံစမ်းကြည့်လိုက်တော့မှ လူတစ်ယောက်က မိန်းကလေး တစ်ယောက်ကို ပခုံးပိုးပြီး လှေပေါ် တက်သွားတယ်ဆိုတာ သိလိုက်ရလို့ ကျွန်မတို့လည်း သင်္ဘောတစ်စင်းနဲ့ အဝေးကြီးအထိ လိုက်လာခဲ့ပြီး ဒီလူကို ဖမ်းမိခဲ့တာပါ"
"ဒါပေမယ့် ဒီလူက အငတ်ဘေးဂိုဏ်း က လူတစ်ယောက် ဖြစ်နေမယ်လို့တော့ ထင်မထားခဲ့မိဘူး... ကျွန်မတို့ ညီမလေးခမျာ..."
စကားမဆက်နိုင်တော့ဘဲ ချူချိုယွီသည် သက်ပြင်းရှည်ကြီး တစ်ချက်ချလိုက်ပြီး ဆုမိုကို ဦးညွှတ် ဂါရဝပြုလိုက်တော့၏။
"အစ်ကိုကြီးသာ ဖြောင့်မတ်မှန်ကန်စိတ်နဲ့ ဝင်မပါခဲ့ရင်... ဒီလူကို ဖမ်းမိဖို့ မပြောနဲ့၊ ကျွန်မတို့ အားလုံးတောင် သူ့လက်ချက်နဲ့ သေပြီး တစ္ဆေဘဝ ရောက်ကုန်လောက်ပြီ... ကျေးဇူးပြုပြီး အစ်ကိုကြီးရဲ့ နာမည်လေးများ သိခွင့်ရမလားရှင်"
"အားနာစရာကြီးဗျာ"
ဆုမိုက ပြန်လည် ဦးညွှတ်လိုက်ပြီး မိတ်ဆက်လိုက်သည်။
"ကျွန်တော်က ဇီယန် အာမခံဌာန က ဆုမို ပါ... ဒါကတော့ ကျွန်တော်တို့ရဲ့ ဒုတိယခေါင်းဆောင် ယန်ရှောင်ယွင် ပါ... လန်ယွဲ့နန်းတော်က ညီမလေးတွေကို တွေ့ဆုံရတာ ဝမ်းသာပါတယ်ဗျာ"
"ဇီယန် အာမခံဌာန..."
ထိုအမည်ကို ကြားလိုက်ရသောအခါ ချူချိုယွီနှင့် အခြားမိန်းကလေးများသည် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြပြီး မျက်နှာပျက်သွားကြ၏။ ချူချိုယွီ၏ မျက်နှာတွင် စိုးရိမ်ပူပန်မှုများ ပေါ်ပေါက်လာပြီး တိုးညှင်းစွာ မေးမြန်းလိုက်သည်။
"ဒါဖြင့်... ဇီယန် အာမခံဌာနနဲ့ ဇီယန်ဂိုဏ်းနဲ့က ပတ်သက်မှု ရှိပါသလားရှင်"
"ကျွန်တော်တို့ရဲ့ ဘိုးဘေးက ဇီယန်ဂိုဏ်းက ဆင်းသက်လာတာပါ"
ဆုမိုက ပွင့်ပွင့်လင်းလင်းပင် ပြန်လည် ဖြေကြားလိုက်၏။
ချူချိုယွီနှင့် သူမ၏ အဖွဲ့သားများသည် ထပ်မံ၍ အကြည့်ချင်း ဖလှယ်လိုက်ကြပြန်သည်။ ခေတ္တမျှ စကားမဆိုနိုင် ဖြစ်သွားကြပြီးနောက် ချူချိုယွီက ဆက်လက် ပြောကြားလိုက်သည်။
"ဒီည အစ်ကိုကြီး ကူညီခဲ့တာကို ကျွန်မတို့ ဘယ်တော့မှ မေ့မှာ မဟုတ်ပါဘူး... ဒါပေမယ့် ကျွန်မတို့မှာ လုပ်စရာကိစ္စလေးတွေ ရှိနေသေးလို့ အချိန်မဆွဲတော့ပါဘူးရှင်... အခုပဲ ခွင့်ပြုပါဦး၊ ရှေးထုံးစကားအတိုင်းပေါ့... ရေစက်ပါရင် ပြန်ဆုံကြတာပေါ့နော်... နှုတ်ဆက်ပါတယ်"
"ဟေ..."
ဆုမိုသည် ချူချိုယွီ၏ စကားများတွင် ဟန်ဆောင်မှုများ ပါဝင်နေသည်ကို ရိပ်မိလိုက်သော်လည်း သူမတို့ကို တားဆီးရန် အကြောင်းပြချက် မရှိပေ။
"ကောင်းပါပြီဗျာ... ဂရုစိုက် သွားကြပါ"
သူက ပြုံးလျက် နှုတ်ဆက်လိုက်၏။
လန်ယွဲ့နန်းတော်မှ မိန်းကလေးများသည် အချင်းချင်း မျက်ရိပ်ပြလိုက်ကြပြီးနောက် သေဆုံးသွားသော ညီမငယ်၏ အလောင်းကို သယ်ဆောင်ကာ အဝေးသို့ ခုန်ပျံ ထွက်ခွာသွားကြတော့၏။
ဆုမိုနှင့် ယန်ရှောင်ယွင်တို့သည် လောင်ကျွမ်းနေသော မီးပုံ နှစ်ခုကို တိတ်ဆိတ်စွာ ငေးကြည့်
ကျန်ရစ်ခဲ့ကြ၏။
"ဇီယန်ဂိုဏ်းနဲ့ လန်ယွဲ့နန်းတော် ကြားမှာ မသင့်မြတ်တာတွေ ရှိနေတာလား"
"ငါလည်း မကြားမိပါဘူး... ဝေဇီယီနဲ့ ငါတို့ ဆက်ဆံရေးကလည်း ပုံမှန်ပါပဲ၊ ဘာလို့များ သူတို့က ဇီယန် အာမခံဌာနနဲ့ ပတ်သက်တာကို ဒီလောက် ကြောက်ရွံ့ပြီး အလျင်စလို ထွက်ပြေးသွားကြတာပါလိမ့်"
ယန်ရှောင်ယွင်သည်လည်း နားမလည်နိုင်စွာဖြင့် ခေါင်းကုတ်နေမိသည်။
ဆုမိုက မေးစေ့ကို ပွတ်သပ်ရင်း သုံးသပ်လိုက်၏။
"ထားလိုက်ပါတော့လေ... သူတို့ပြောတာလည်း အမှန်ဖြစ်ချင် ဖြစ်မှာပါ၊ ပြီးတော့ သူတို့ရဲ့ ညီမလေးအတွက် ဈာပန အခမ်းအနား စီစဉ်ဖို့ ဂိုဏ်းကို အမြန်ပြန်ကြတာလည်း ဖြစ်သင့်ပါတယ်"
ဆုမို၏ စကားကြောင့် ယန်ရှောင်ယွင် မျက်မှောင်ကြုတ်သွားပြီး လေးနက်စွာ ဆိုလိုက်၏။
"အငတ်ဘေးဂိုဏ်း...အဖေ ပြောပြဖူးတာ ငါ ကြားဖူးတယ်"
"သူတို့က လူသားစားတဲ့ ဂိုဏ်းလေ... 'တောက်ထျဲ ကျင့်စဉ်' ဆိုတဲ့ မိစ္ဆာပညာကို ကျင့်ကြံကြတာ... လူသားရဲ့ အသားကို စားပြီး စွမ်းအားတိုးအောင် လုပ်တဲ့ နည်းလမ်းပေါ့"
"အဲဒါက တုန်းဟွမ် ပြင်ပကနေ ဆင်းသက်လာတဲ့ ဖောက်ပြန်နေတဲ့ သိုင်းပညာလို့ ပြောကြတယ်"
"အစတုန်းကတော့ တုန်းချန် ဒေသတစ်ခုလုံးက သူတို့ရဲ့ ရည်ရွယ်ချက်ကို မသိခဲ့ကြဘူး... အဲဒီဂိုဏ်းကလည်း သိပ်ပြီး သိုသိုသိပ်သိပ် လှုပ်ရှားခဲ့တာကိုး"
"ဂိုဏ်းတပည့်တစ်ယောက် အိမ်ပြန်ရောက်တဲ့အခါ သူ့မိသားစု ပျောက်ဆုံးနေတာကို တွေ့ရှိရာကနေ သံသယ ဝင်လာခဲ့တာ"
"စုံစမ်းစစ်ဆေးလိုက်တော့မှ အငတ်ဘေးဂိုဏ်းရဲ့ ပုန်းခိုရာနေရာကို တွေ့ရှိသွားကြတယ်... လက်စားချေဖို့ စီစဉ်ကြပေမဲ့ နောက်ဆုံးကျတော့ အဲဒီဂိုဏ်းသားတွေရဲ့ အစာအဖြစ်ပဲ ရောက်သွားခဲ့ကြရတယ်"
"ဒါပေမယ့် အဲဒီကိစ္စကြောင့်ပဲ အငတ်ဘေးဂိုဏ်းရဲ့ သတင်း ပေါက်ကြားသွားပြီး တုန်းချန်က ဂိုဏ်းပေါင်းစုံ မဟာမိတ်ဖွဲ့ကာ ဝိုင်းဝန်း နှိမ်နင်းခဲ့ကြတယ်လေ"
"အခု ပြန်စဉ်းစားကြည့်မှ... စောစောက လူ ပြောတဲ့ ဂိုဏ်းကြီးတွေရဲ့ အနိုင်ကျင့် သတ်ဖြတ်ခြင်းကို ခံရတယ် ဆိုတာ... အငတ်ဘေးဂိုဏ်းက လူမို့လို့ ဆိုတာ ငါ.. သဘောပေါက်လိုက်ပြီ"
"ဒါပေမယ့် ဒီလောကထဲမှာ အဲဒီဂိုဏ်းရဲ့ လက်ကျန်တွေ ရှိနေသေးလိမ့်မယ်လို့တော့.. လုံးဝ ထင်မထားခဲ့ဘူး"
ဆုမိုက ခေါင်းတစ်ချက် ညိတ်လိုက်သည်။
"လမ်းမှားရောက်နေတဲ့ သူတွေကတော့ ရှင်သန်နိုင်စွမ်း ကောင်းကြစမြဲပါပဲ... သိုင်းလောက ရှုပ်ထွေးပွေလီရတဲ့ အကြောင်းရင်း တော်တော်များများကလည်း သူတို့ကြောင့်ပဲလေ၊ အကောင်းနဲ့ အဆိုး အားပြိုင်မှုက တုန်းချန်မှာ ပိုပြီး ပြင်းထန်ပုံရတယ်... ဒါကြောင့်ပဲ ယူချွမ်ဂိုဏ်း ပေါ်ပေါက်လာတာ မဟုတ်လား"
ယန်ရှောင်ယွင်က ထောက်ခံသည့်အနေဖြင့် ညည်းတွားလိုက်ပြီးနောက် သူတို့နှစ်ဦး ခေတ္တမျှ တိတ်ဆိတ်သွားကြသည်။
ခဏအကြာတွင် ဆုမိုက ဆက်ပြောလိုက်ပြန်သည်။
"ဘယ်လိုပဲဖြစ်ဖြစ်... သူ့စကားတွေက နည်းနည်းတော့ စိုးရိမ်စရာ ကောင်းနေတယ်၊ သူ ဘာကို ဆိုလိုချင်တာလဲ... အနောက်တောင်ဘက် ဒေသက အမြဲတမ်း အေးချမ်းခဲ့တာပါ... တုန်းချန်က ဂိုဏ်းတွေ လာလည်တာတောင် ရှားပါတယ်"
"တကယ်လို့ ဒီလူက အငတ်ဘေးဂိုဏ်းရဲ့ လက်ကျန်အစစ် ဖြစ်ပြီး... ရည်ရွယ်ချက်ရှိရှိနဲ့ အနောက်တောင်
ဘက်ကို လာခဲ့တာ ဆိုရင်တော့... တကယ့်ကို စိတ်ဝင်စားစရာပဲ"
"တကယ်လို့များ..."
ယန်ရှောင်ယွင်က ဆုမိုကို ရုတ်တရက် လှမ်းကြည့်လိုက်သည်။
"ဒီခရီးစဉ် ပြီးသွားရင် ငါတို့..
ဇီယန်ဂိုဏ်းကို သွားလည်ကြမလားဟင်"
ဆုမိုက စဉ်းစားဟန် ပြုသော်လည်း ခေါင်းကို ဖြည်းညှင်းစွာ ခါရမ်းလိုက်၏။
"အဖေ ဆုံးပါးသွားကတည်းက ဇီယန်ဂိုဏ်းနဲ့ ကျွန်တော်တို့ အဆက်အသွယ် ပြတ်သွားခဲ့တာ ကြာပြီလေ... ခိုင်လုံတဲ့ အကြောင်းပြချက် မရှိဘဲ သွားမယ်ဆိုရင် ဘာပြောရမှန်းတောင် သိမှာ မဟုတ်ဘူး"
"ပြီးတော့ အဲဒီ အငတ်ဘေးဂိုဏ်းသား ပြောတဲ့ စကားတွေက.. ဘာသက်သေမှ မရှိဘူးလေ... သက်သေ မရှိဘဲ သွားပြောရင် ဘယ်သူက ယုံကြည်မှာတဲ့လဲ"
"လေလုံးထွားတာလား"
ယန်ရှောင်ယွင်က ထိုစကားလုံးကို သဘောကျသွားပြီး ခေါင်းညိတ်လိုက်သည်။
"ဒါလည်း ဟုတ်တာပဲ... ကဲပါလေ... ဒါဆိုလည်း ဆက်မတွေးနေတော့ပါဘူး"
"ကောင်းပြီ... ဒါဆို ကျွန်တော် အရင် နားလိုက်ဦးမယ်၊ ညဉ့်နက်ပိုင်းကျမှ ကင်းစောင့်တာကို လူလဲကြတာပေါ့"
"အင်း"
သူတို့နှစ်ဦး စကားစဖြတ်လိုက်ကြပြီး သီးခြားစီ အနားယူလိုက်ကြတော့၏။
ညဉ့်နက်သန်းခေါင်ယံ အချိန်ကာလသည် တိတ်ဆိတ်စွာ ကုန်ဆုံးသွားခဲ့၏။ နောက်တစ်နေ့ နံနက်စောစောတွင် သူတို့ ခရီးဆက်ခဲ့ကြသည်။
ဟွာယန်တောင်အား ကျော်ဖြတ်ပြီးနောက် အမြင့် တစ်နေရာမှ စီးမိုးကြည့်လိုက်သောအခါ မြစ်သုံးစင်း ဆုံစည်းရာ ပင်လယ်အော်ကို လှမ်းမြင်လိုက်ရပေ၏။
ရေစီးသန်သော မြစ်ရေများသည် အရှိန်အဟုန်ပြင်းစွာ စီးဆင်းနေပြီး ဟိန်းသံကြီးများ ထွက်ပေါ်နေသော်လည်း သဘာဝအလျောက် တည်ငြိမ်မှုတစ်ခုကို ဆောင်ကြဉ်းထားကာ နက်ရှိုင်းသော ဉာဏ်ပညာကို ဖော်ကျူးနေသယောင် ရှိလေတော့၏။
အခန်း (၂၀၆)- မြစ်ကို ပိတ်ဆို့ထားသော နဂါး
~မြစ်သုံးစင်းပင်လယ်အော်၏ ဒဏ္ဍာရီများသည် ရှေးပဝေသဏီကတည်းက လူအများကြားတွင် ပဲ့တင်ထပ်နေခဲ့သော ပုံပြင်များ ဖြစ်ကြ၏။
ထိုနေရာသည် ယင်နှင့် ယန် ဓာတ်သဘာဝတို့ မျှတစွာ စီးဆင်းရာ ဗဟိုချက်ဖြစ်ပြီး ရေအတက်အကျတို့၏ ကြားတွင် ကြီးမားလှသော ဝဲဂယက်ကြီး တစ်ခု ရှိသည်ဟု ဆိုစမှတ် ပြုကြသည်။ ထိုဝဲဂယက်ကြီးသည် အနက်ရှိုင်းဆုံး မြစ်ကြမ်းပြင်သို့ ဆက်သွယ်ထားပြီး ထိုနေရာတွင် 'နဂါးမင်းအိမ်တော်' ဟု ခေါ်သော လျှို့ဝှက်နန်းတော်တစ်ခု ကိန်းအောင်းနေသည်ဟု ယုံကြည်ကြသည်။
ထိုနန်းတော်ထဲတွင်မူ 'သခင်မလေး ယွီရွှေ' စံမြန်းနေထိုင်ပေသည်။
သခင်မလေး ယွီရွှေ၏ အကြောင်းနှင့် ပတ်သက်၍ အမျိုးမျိုးသော ထင်ကြေးပေးမှုများ ရှိကြ၏။
အချို့က သူမသည် ပင်လယ်နဂါးမင်းကြီး၏ သမီးတော် ဖြစ်ပြီး မြစ်သုံးစင်း ရေပြင်ပိုင်နက်ကို အုပ်ချုပ်ရန် ဤနေရာတွင် နန်းတော်တည်ထားသည်ဟု ဆိုကြသည်။
မြစ်ကမ်းတစ်လျှောက် နေထိုင်ကြသူ အများစုကမူ ဤအဆိုကို လက်ခံယုံကြည်ကြသည်။
သို့သော် တိတ်တဆိတ် ပျံ့နှံ့နေသော အခြားကောလဟာလ တစ်ခုလည်း ရှိသေးသည်။ ထိုကောလဟာလအရ သခင်မလေး ယွီရွှေသည် ပင်လယ်နဂါးမင်းကြီး၏ ကိုယ်လုပ်တော် (မယားငယ်) တစ်ပါး ဖြစ်ပြီး နဂါးမိဖုရားကြီး၏ မျက်မုန်းကျိုးခြင်းကို ခံရသဖြင့် ဤနေရာသို့ ပြည်နှင်ဒဏ် ပေးခံထားရသူဟု ဆိုကြပြန်သည်။
ဤဇာတ်လမ်းကို လူအများက လက်မခံကြသော်လည်း တိတ်တဆိတ် ပြောဆိုနေကြဆဲပင်။
သို့သော် သတိထားရမည်မှာ လှေပေါ်တွင် ရှိနေစဉ် ထိုကဲ့သို့သော ဒဏ္ဍာရီများကို မဆွေးနွေးမိစေရန် ဖြစ်သည်။ သို့မဟုတ်ပါက လှေသူကြီးသည် သခင်မလေး ယွီရွှေ၏ အမျက်ဒေါသကို ဖြေလျှော့ရန်အတွက် သင့်ကို ရေထဲသို့ ပစ်ချလိုက်ပါက ကိုယ့်ကိုယ်ကိုသာ အပြစ်တင်ရပေလိမ့်မည်။
မြစ်ကမ်းနှစ်ဖက်တွင် ရေလုပ်ငန်းဖြင့် အသက်မွေးကြသူ အားလုံးသည် သခင်မလေး ယွီရွှေကို ကိုးကွယ်ပသကြသည် မဟုတ်ပါလော။
သိုင်းလောကသားများ အတွက်မူ ဤအရာများသည် အခြေအမြစ်မရှိသော ယုံတမ်းစကားများသာ ဖြစ်ပြီး အလေးအနက်ထားစရာ မလိုဟု ယူဆကြသည်။
ထိုအစား များစွာသော သိုင်းပညာရှင်များသည် မြစ်သုံးစင်းပင်လယ်အော်၏ ရေစီးဆင်းမှု ပုံသဏ္ဌာန်ကို လေ့လာရန် ပိုမို စိတ်ဝင်စားကြ၏။
အချို့သည် ဤရေစီးကြောင်းများကို အမှီပြု၍ သိုင်းပညာ၏ နက်နဲမှုကို ရှာဖွေကြပြီး ထူးခြားသော အခွင့်အလမ်းများနှင့် အကျိုးကျေးဇူးများကို ရရှိတတ်ကြသည်။
လွန်ခဲ့သော နှစ်ပေါင်းရာချီက သိုင်းပညာရှင် တစ်ဦးသည် မြစ်သုံးစင်းပင်လယ်အော်၏ ကမ်းစပ်တွင် (၃) နှစ်နှင့် (၉) လတိုင်တိုင် တရားမှတ် ကျင့်ကြံခဲ့သည်ဟု ဆိုသည်။ ထိုကာလအတွင်း သူသည် ထူးခြားသော အတွင်းအား ကျင့်စဉ်တစ်ခုနှင့် လက်သိုင်းကွက် တစ်စုံကို ဖော်ထုတ်နိုင်ခဲ့၏။
လှုပ်ရှားမှုနှင့် ငြိမ်သက်မှုတို့၏ ဟန်ချက်ညီညွတ်မှုသည် အမှန်တကယ်ပင် ထူးခြားဆန်းပြားလှပေသည်။
ထိုသိုင်းပညာဖြင့် သူသည် သိုင်းလောကတွင် ကျော်ကြားသော နာမည်တစ်ခုကို တည်ဆောက်နိုင်ခဲ့၏။
သို့သော် နောက်ဆုံးတွင် သူသည် မသမာသော လုပ်ကြံမှုဖြင့် ကြုံတွေ့ခဲ့ရပြီး တစ်ဘဝလုံး ကြိုးစားအားထုတ်ခဲ့သမျှ ပညာရပ်များ ဆုံးရှုံးခဲ့ရသည်။ ထိုပညာရပ် အစအနများသည် အခြားသော သိုင်းပညာရှင်များ၏ လက်ထဲသို့ အပိုင်းလိုက် အစလိုက် ရောက်ရှိသွားပြီး အမျိုးမျိုးသော သိုင်းစနစ်များအဖြစ် ပြောင်းလဲကာ ပြန့်နှံ့သွားခဲ့လေတော့၏။
ဆုမိုနှင့် ယန်ရှောင်ယွင်တို့သည် မွန်းလွဲပိုင်းတွင် မြစ်သုံးစင်းပင်လယ်အော်သို့ ရောက်ရှိခဲ့ကြသည်။
ယန်ရှောင်ယွင်သည် ဒေသခံ ဧည့်လမ်းညွှန်သဖွယ် ဦးဆောင်ကာ ဆုမိုကို 'စန်းရွှေ တည်းခိုခန်း' သို့ ခေါ်ဆောင်သွား၏။
ဧည့်သည်များကို ဧည့်ခံနေသော စားပွဲထိုးလေးသည် ယန်ရှောင်ယွင်နှင့် ဆုမိုကို အဝေးကပင် လှမ်းမြင်လိုက်သည်။ သူသည် အခြားဧည့်သည်များကို တောင်းပန်စကား ဆိုကာ ကပျာကယာ ပြေးလာပြီး ကြိုဆိုလိုက်တော့၏။
"ဒုတိယ ခေါင်းဆောင်လေး ပါလား... ဒီဘက်ကို မရောက်တာတောင် ကြာပြီနော်၊ ဒီမနက်တင် ဆိုင်ရှင်ကြီးက ပြောနေတာ... ခေါင်မိုးပေါ်မှာ ငှက်တွေ အော်နေတယ် ဆိုတော့ ဧည့်သည်ထူး လာတော့မယ်တဲ့... တကယ်ပါပဲလား"
စကားပြောနေရင်း သူသည် ဆုမိုကို တစ်ချက် အကဲခတ်လိုက်ပြီး သူတို့နှစ်ဦး၏ နောက်တွင် ကုန်သည်အဖွဲ့ကြီး ပါမလာသည်ကို တွေ့မှ စိတ်အေးသွားသည့်ဟန် ပြသည်။
ထိုထူးခြားသော အမူအရာကို ယန်ရှောင်ယွင် သတိထားမိလိုက်သော်လည်း အသေးစိတ် မမေးမြန်းတော့ဘဲ လိုရင်းကိုသာ မေးလိုက်သည်။
"ဆိုင်ရှင်ကြီး ရှိလား"
"ရှိပါ့ဗျာ... ရှိပါတယ်၊ အထဲကို ကြွကြပါခင်ဗျ"
သူသည် နှစ်ဦးသားကို တည်းခိုခန်းထဲသို့ ချက်ချင်း ခေါ်ဆောင်သွား၏။
တည်းခိုခန်း၏ ပင်မခန်းမဆောင်သည် လူများဖြင့် ပြည့်နှက်နေသည်။ လူများသည် အုပ်စုလိုက် ထိုင်နေကြပြီး အချို့မှာ မျက်မှောင်ကြုတ်ကာ စိုးရိမ်ပူပန်နေကြသလို၊ အချို့မှာ သက်ပြင်းချကာ ညည်းတွားနေကြသည်။ အချို့မှာမူ ဒေါသကို မနည်း ထိန်းချုပ်ထားရသည့်ဟန်ဖြင့် မျက်နှာများ တင်းမာနေကြ၏။
အရောင်းခုံနောက်တွင် ဆိုင်ရှင်ကြီးသည် စာရင်းအုပ်ကို လှန်လှောကြည့်ရှုနေပြီး သူ၏ မျက်နှာထားမှာ ဝမ်းသာရမလို၊ ဝမ်းနည်းရမလို ရောထွေးနေသည့် ခံစားချက်မျိုး ဖြစ်ပေါ်နေသည်။
"ဆိုင်ရှင်ကြီး... ဧည့်သည်ရောက်ပါတယ်"
စားပွဲထိုးလေးက ဆုမိုနှင့် ယန်ရှောင်ယွင်ကို ခေါ်ဆောင်လာပြီး တိုးတိုးလေး ပြောလိုက်သည်။
ဆိုင်ရှင်ကြီးက အလိုလို မျက်မှောင်ကြုတ်သွားပြီး တစ်စုံတစ်ခု ပြောရန် ပြင်လိုက်သော်လည်း ယန်ရှောင်ယွင်ကို မြင်လိုက်ရသောအခါ သူ၏ မျက်နှာထား ရပ်တန့်သွားတော့၏။
"ဒုတိယ ခေါင်းဆောင်လေး..."
"ဘာတွေ ဖြစ်နေတာလဲ ဆိုင်ရှင်ကြီးရဲ့"
ယန်ရှောင်ယွင်က ခန်းမထဲရှိ အခြေအနေကို ဝေ့ဝဲကြည့်လိုက်သည်။
"စီးပွားရေး ဒီလောက် ကောင်းနေတာကို ဆိုင်ရှင်ကြီးက ပြုံးနေရမှာပေါ့... ဘာလို့များ မျက်နှာကြီးက လတက်လောက် ဆိုင်ပိတ်ထားရတဲ့ ရုပ် ပေါက်နေရတာလဲ"
"အို..."
ဆိုင်ရှင်ကြီးက မဲ့ပြုံး ပြုံးလိုက်၏။
"ဇာတ်လမ်းက ရှည်ပါတယ်ဗျာ... အခု မပြောသေးပါဘူးလေ၊ ဒါနဲ့ ခေါင်းဆောင်လေးတို့က လူအများကြီး ပါလာတာလား... နောက်ဖေးက အခန်းတွေက ပြည့်နေပြီဗျ"
"မများပါဘူး... ကျွန်မတို့ နှစ်ယောက်တည်းပါ"
ယန်ရှောင်ယွင်က ပြန်ဖြေလိုက်သည်။
"အကောင်းဆုံး အခန်းတစ်ခန်း ပေးပါ"
"တစ်ခန်းတည်းလား"
ထိုစကားကို ကြားသောအခါ ဆိုင်ရှင်ကြီးသည် ဆုမိုကို မသိမသာ အကဲခတ်လိုက်ပြီး ပြုံးလျက် ပြောလိုက်သည်။
"တစ်ခန်းတည်းဆိုတော့ ကောင်းတာပေါ့... အဆင်ပြေပါတယ်"
စကားပြောနေရင်း သူက အရောင်းခုံနောက်မှ ထွက်လာပြီး စားပွဲထိုးလေးအား ဧည့်သည်များ၏ မြင်းများကို နောက်ဖေး မြင်းဇောင်းသို့ ပို့ဆောင်ရန် ညွှန်ကြားလိုက်သည်။
သူကိုယ်တိုင်ကမူ နှစ်ဦးသားကို အပေါ်ထပ်သို့ လိုက်ပါပို့ဆောင်ပေး၏။
ဒုတိယထပ်ရှိ အခန်းများသည်လည်း ပြည့်မလို ဖြစ်နေသည်။
အခန်းတံခါးများ ပိတ်ထားသော်လည်း အတွင်းမှ လူများ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေသံများကို ကြားနေရပြီး အလွန်အမင်း စိတ်သောက ရောက်နေကြပုံ ပေါ်သည်။
ရံဖန်ရံခါတွင် တံခါးမပိတ်ထားသော ဧည့်သည်များသည် လက်ရန်းကို မှီကာ သက်ပြင်းရှည်ကြီးများကို မှုတ်ထုတ်နေကြသည်ကိုလည်း တွေ့မြင်ရပေသည်။
ဆုမိုနှင့် ယန်ရှောင်ယွင်တို့ကို အခန်းထဲသို့ ပို့ဆောင်ပြီးမှသာ ယန်ရှောင်ယွင်က မေးခွန်းထုတ်လိုက်တော့၏။
"ဆိုင်ရှင်ကြီး... ဘာတွေ ဖြစ်နေတာလဲ၊ လူတိုင်းက ဘာလို့ ဒီလောက်တောင် စိတ်ဓာတ်ကျနေကြတာလဲ"
ဆိုင်ရှင်ကြီးက သက်ပြင်းတစ်ချက်ကို လေးလေးပင်ပင် ချလိုက်၏။
"အမှန်အတိုင်း ပြောရရင်ဗျာ... ရေလမ်းကြောင်းမှာ ပြဿနာ တက်နေတာပါ၊ ကျောက်လုံအသင်းက မနေ့ညက ဘာစိတ်ကူးပေါက်လဲ မသိပါဘူး... ရေလမ်းသွားတဲ့ လှေတွေကို အတင်းအဓမ္မ ဆက်ကြေး ကောက်နေတာလေ"
"အရင်တုန်းကတော့ ဖြတ်သန်းခ နည်းနည်းပါးပါး ပေးလိုက်ရင် အဆင်ပြေသွားတာပါပဲ... ဒါပေမယ့် မနေ့ညကစပြီး ကုန်သည်လှေပဲ ဖြစ်ဖြစ်၊ ကိုယ်ပိုင်လှေပဲ ဖြစ်ဖြစ်... သူတို့ပိုင်နက်ထဲ ရောက်တာနဲ့ အကုန် တားဆီးခံရတော့တာပဲ"
"ကုန်ပစ္စည်းတွေကို သိမ်းဆည်းရုံတင် မကဘူး... လှေတွေကိုပါ မြစ်ထဲ နှစ်ပစ်နေကြတာ"
"မြစ်သုံးစင်းပင်လယ်အော် ဆိုတာက အဓိက ရေလမ်းကြောင်းကြီးလေ... ကျောက်လုံအသင်းရဲ့ အမာခံစခန်း၊ လက်တက်တွေကိုလည်း သူတို့ပဲ ထိန်းချုပ်ထားတာ"
"ဒီလို အခြေအနေမျိုးမှာ ဘယ်သူက ရေလမ်းခရီး ဆက်ရဲမှာလဲ"
"အခုဆို ကုန်သည်အဖွဲ့တွေ အကုန်လုံး ဒီမှာပဲ သောင်တင်နေကြရတယ်..."
"ကျုပ်အတွက်ကတော့ အစပိုင်းမှာ ငွေပိုလေး ဘာလေး ရလို့ အဆင်ပြေသလို ရှိပေမဲ့... ဒီလူတွေရဲ့ ကုန်ပစ္စည်းတွေက ဒီမှာ သောင်တင်နေတာ ကြာရင် ပျက်စီးကုန်မှာလေ၊ ပစ္စည်းတွေ မရောင်းရရင် သူတို့လည်း မွဲပြာကျသွားမှာ၊ အဲဒီကျရင် အခန်းခတောင် ပေးနိုင်တော့မှာ မဟုတ်ဘူး... ရေရှည်ကျရင် ကျုပ်အတွက်လည်း မကောင်းပါဘူးဗျာ"
"မနေ့ညက ဒီသတင်း ကြားကြားချင်း ကျုပ်ဖြင့် တစ်ညလုံး အိပ်လို့ကို မပျော်ပါဘူး"
သူက လက်မှိုင်ချကာ ပြောလိုက်ရှာသည်။
ယန်ရှောင်ယွင်က မျက်မှောင်ကြုတ်လျက် နားထောင်နေပြီးမှ ရေရွတ်လိုက်သည်။
"ကျောက်လုံအသင်း... ကျူးကော့ချန်ထျန် လား... အရင်တုန်းကတော့ ဖြတ်သန်းသွားလာရင်း သူ့နဲ့ သိပ်မပတ်သက်ခဲ့ဖူးပါဘူး”
အခန်း (၂၀၇)-မြစ်ကို ပိတ်ဆို့ထားသော နဂါး (၂)
~"ဒါပေမယ့်... ကျောက်လုံအသင်းက ဗျူဟာကျတဲ့ နေရာမှာ အခြေစိုက်ထားတာဆိုတော့ ငွေကြေးရှားပါးတယ် ဆိုတာ မဖြစ်နိုင်ပါဘူး... ရုတ်တရက်ကြီး ဒီလိုလုပ်လာတာ... မြစ်ကမ်းတစ်လျှောက်က တခြားဂိုဏ်းတွေ ငြိမ်ခံနေကြမယ်များ ထင်နေသလား"
အခြားသူများကို ထားလိုက်ဦးတော့... ကျောက်လုံအသင်းက ဒီနေရာကို ပိတ်ဆို့လိုက်ရင် မြစ်အောက်ပိုင်းက လူတွေ ဘာသွားစားကြမလဲ။
သူတို့က အကုန်လုံးကို လက်ဝါးကြီးအုပ် သိမ်းယူလိုက်ရင်၊ တကယ်လို့များ မရနိုင်တော့ဘူးဆိုရင်... ကျောက်လုံအသင်းကို ပြန်ပြီး တိုက်ခိုက်လုယက်ကြရုံသာ ရှိတော့မည်။
"အင်း... ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ဗျာ၊ ကျုပ်က ကုန်သည်တစ်ယောက်ပါ၊ ဒီကိစ္စတွေကို သိပ်နားမလည်ပါဘူး... ဒါပေမယ့် ကောလဟာလ တစ်ခုတော့ ကြားမိတယ်၊ မကြာသေးမီက မြစ်အထက်ပိုင်းမှာ ပြဿနာတွေ တက်နေသတဲ့"
"ဘုန်းကြီးတစ်ပါး ရောက်လာတယ်တဲ့... အဲဒီဘုန်းကြီးက သိပ်ကြမ်းတာပဲ၊ လူတွေကို ဇွတ်တရွတ်..
စုဆောင်းနေတာဆိုလား... ဒီမြစ်ကြောင်းတစ်လျှောက်က စခန်းခေါင်းဆောင်တွေ အကုန်လုံး အဲဒီဘုန်းကြီးကို ကြောက်ပြီး စိတ်ညစ်နေကြရတယ်"
"ဘုန်းကြီးရဲ့ ပစ်မှတ်ထားတာကို ခံရပြီး အတင်းအကျပ် ရဟန်းဝတ်ခိုင်းမှာကို ကြောက်နေကြတာလေ..."
"ဒါပေမယ့် ကျုပ်ထင်တာတော့... ဒီသတင်းက နည်းနည်းတော့ ချဲ့ကားလွန်းတယ် ထင်ပါရဲ့ဗျာ... နားထောင်ရတာ ဟာသလိုလို ဘာလိုလိုနဲ့"
ဆိုင်ရှင်ကြီး၏ စကားကို ကြားသောအခါ ဆုမိုနှင့် ယန်ရှောင်ယွင်တို့၏ နှုတ်ခမ်းများ တွန့်ကွေးသွား၏။
ဆရာသခင် ဟုန်ယွင် မြစ်သုံးစင်းပင်လယ်အော်ကို ရောက်လာပြီတဲ့လား။
တော်တော် မြန်တာပဲ။
ကျောက်လုံအသင်း၏ လျှပ်တပြက်.. ပြောင်းလဲမှုသည် ဆရာသခင် ဟုန်ယွင်၏ ခရီးစဉ်နှင့် တစ်စုံတစ်ရာ ပတ်သက်နေမည်လား။
"ဒီလူတွေ အခု ဘာစီစဉ်နေကြလဲ"
ဆုမိုက စဉ်းစားရင်း မေးလိုက်သည်။
"ရေလမ်းကြောင်း ပိတ်နေရင် တခြားသွားစရာ လမ်း မရှိတော့ဘူးလား"
ဆိုင်ရှင်ကြီးက ဆုမိုကို တစ်ချက် ကြည့်လိုက်ပြီး မဲ့ပြုံး ပြုံးကာ ပြောလိုက်၏။
"အခုတော့ စီးပွားရေးလုပ်ငန်းကြီး တော်တော်များများက ကျောက်လုံအသင်းနဲ့ ညှိနှိုင်းဖို့ ကြိုးစားနေကြတယ်... ဒါပေမယ့် ဘာသတင်းမှ မထွက်လာသေးပါဘူး၊ နောက်ထပ် ရက်နည်းနည်းလောက်တော့ စောင့်ကြည့်ရဦးမှာပေါ့"
"ဒါပေမယ့် ဒီအတိုင်းသာ (၁၀) ရက်၊ (၁၅) ရက်လောက် ဆက်ဖြစ်နေမယ် ဆိုရင်တော့... အဲဒီ စီးပွားရေးလုပ်ငန်းတွေ အရှုံးကြီး ရှုံးကုန်ကြမှာပဲ"
ဒီလူတွေ အကုန်လုံးက အုပ်စုလိုက်ကြီး ရွေ့လျားနေကြတာလေ... တစ်နေရာထဲမှာ သောင်တင်နေရင် လူတွေ၊ မြင်းတွေကို ကျွေးမွေးရတာနဲ့တင် ကုန်ကျစရိတ်က မနည်းလှဘူး... အရှုံးက ဘယ်သေးပါ့မလဲ။
"ကောင်းပါပြီ... ရှင်းပြပေးတာ ကျေးဇူးပါပဲ ဆိုင်ရှင်ကြီး"
ယန်ရှောင်ယွင်က လက်နှစ်ဖက်ကို ဆုပ်ကာ ကျေးဇူးတင်စကား ဆိုလိုက်သည်။
"ရပါတယ်ဗျာ... ဘာများ ကျေးဇူးတင်စရာ လိုလို့လဲ၊ ခင်ဗျားတို့ရဲ့ သံမဏိသွေး အာမခံဌာနက ကျုပ်ရဲ့ စီးပွားရေးလေးကို အမြဲတမ်း ကူညီလာခဲ့တာပဲဟာ... ပြီးတော့ ကျုပ်ပြောပြတာတွေက လျှို့ဝှက်ချက်တွေမှ မဟုတ်တာ၊ ကျေးဇူးတင်စရာ မလိုပါဘူး"
"ဒါပေမယ့်... ဒုတိယခေါင်းဆောင်လေး ဒီတစ်ခေါက် အရှေ့ဘက်ကို သွားချင်တယ် ဆိုရင်တော့ နည်းနည်း ခက်ခဲလိမ့်မယ်... မြစ်သုံးစင်းပင်လယ်အော်မှာ ရက်နည်းနည်းလောက်တော့ ကြန့်ကြာနိုင်တယ်"
"နားလည်ပါပြီ"
ယန်ရှောင်ယွင်က ခေါင်းညိတ်လိုက်သည်။ ဆိုင်ရှင်ကြီးသည်လည်း ဆက်လက် စကားမဆိုတော့ဘဲ မီးဖိုချောင်တွင် စားသောက်ဖွယ်ရာများ ပြင်ဆင်ခိုင်းထားမည် ဖြစ်ကြောင်း ပြောကြားကာ အခန်းထဲမှ ထွက်ခွာသွားတော့၏။
ဆိုင်ရှင်ကြီး ထွက်သွားပြီးနောက် ဆုမိုနှင့် ယန်ရှောင်ယွင်တို့ တိတ်ဆိတ်သွားကြ၏။
"ဘာလို့များ ငါတို့ သွားတဲ့ နေရာတိုင်းမှာ ပြဿနာတွေ ရှိနေရတာလဲဟင်"
ယန်ရှောင်ယွင်က သက်ပြင်းတစ်ချက်ကို မှုတ်ထုတ်လိုက်ပြီး ညည်းတွားလိုက်ရှာသည်။
ဆုမိုကမူ ခေါင်းကို ခါယမ်းလိုက်သည်။
"ကျွန်တော်တို့သွားတဲ့ နေရာတိုင်းမှာ ပြဿနာ ရှိနေတာ မဟုတ်ပါဘူး... သိုင်းလောက ဆိုတာကကိုက သဘာဝအလျောက် ပြဿနာတွေနဲ့ ပြည့်နှက်နေတာပါ... ဒါကြောင့် ကျွန်တော်တို့ နေရာတိုင်းမှာ အခက်အခဲတွေနဲ့ ကြုံတွေ့နေရတာပေါ့"
"ဒါလည်း ဟုတ်တာပါပဲ"
ယန်ရှောင်ယွင်က ခေါင်းညိတ်ထောက်ခံလိုက်သည်။
"သိုင်းလောကရဲ့ မုန်တိုင်းတွေက ဘယ်တော့မှ မရပ်တန့်ဘူးလေ... လူတိုင်းမှာ ကိုယ်ပိုင် အစီအစဉ်တွေ၊ ရည်ရွယ်ချက်တွေ ရှိကြတယ်၊ အကျိုးစီးပွားချင်း ယှက်နွယ်မှုတွေက ရှုပ်ထွေးပြီး ဖြေရှင်းရ ခက်ခဲတယ်... ဒါပေမယ့် ကျောက်လုံအသင်းရဲ့ လတ်တလော လှုပ်ရှားမှုတွေကတော့ တကယ့်ကို နားမလည်နိုင်စရာပဲ... မောင်လေး ဘယ်လိုထင်လဲ၊ ငါတို့ ဘာလုပ်ကြမလဲ"
"အခုချိန်မှာ ကုန်းလမ်းကြောင်း ပြောင်းဖို့ ဆိုတာလည်း ခက်ခဲတယ်... အဆင့်ဆင့် ဖြေရှင်းနေရရင် အချိန်အရမ်းကုန်လိမ့်မယ်၊ ပြီးတော့ ဒီမြစ်ကို ငါတို့ ဘယ်လိုမှ ရှောင်ကွင်းသွားလို့ မရဘူးလေ"
"လောလောဆယ်တော့... မြစ်သုံးစင်းပင်လယ်အော်မှာ ရက်နည်းနည်းလောက် ဆက်နေပြီး အခြေအနေကို စောင့်ကြည့်တာ ကောင်းမယ် ထင်တယ်"
"တကယ်လို့ ကျောက်လုံအသင်းဘက်က အပြောင်းအလဲ တစ်စုံတစ်ရာ ရှိလာရင်... ကျွန်တော်တို့ ရေစီးအတိုင်း လိုက်ပါသွားရုံပေါ့၊ တကယ်လို့မှ မထူးခြားဘူး ဆိုရင်တော့..."
ဆုမို၏ မျက်ခုံးများ အနည်းငယ် ပင့်တက်သွားသည်။
"ဒါဆိုရင်တော့ ကျောက်လုံအသင်းကို သွားလည်ပြီး ကျူးကော့ချန်ထျန် ဘာတွေ ကြံစည်နေလဲ ဆိုတာ သွားကြည့်ရမှာပေါ့"
"ဟေ... မောင်လေးက ဒီလောက်ထိ ထိုးဖောက်ဖို့ စဉ်းစားတာ ရှားပါလား"
ယန်ရှောင်ယွင် အနည်းငယ် အံ့ဩသွား၏။
"မထိုးဖောက်ရင် တခြားရွေးချယ်စရာမှ မရှိတော့တာ"
ဆုမိုက သက်ပြင်းချလိုက်သည်။
"ပုံမှန် နည်းလမ်းတွေနဲ့ အဆင်မပြေရင်တော့... အကြမ်းဖက်တဲ့ နည်းလမ်းကိုပဲ သုံးရတော့မှာပေါ့"
ယန်ရှောင်ယွင်က သဘောတူစွာ ခေါင်းညိတ်လိုက်သည်။
"သိုင်းလောကထဲမှာ အာမခံလုပ်ငန်း လုပ်တယ်ဆိုတာ... တခြားသူတွေအပေါ် အမြဲတမ်း သဘောကောင်းဖို့ ကြိုးစားရပေမဲ့... သဘောကောင်းပြီး ပြုံးပြနေရုံနဲ့တော့ အရပ်မျက်နှာပေါင်းစုံက ငွေရေးကြေးရေး အတားအဆီးတွေကို ဖြေရှင်းဖို့ မလုံလောက်ဘူးလေ... နောက်ဆုံးကျတော့ ကျွန်တော်တို့ရဲ့ သိုင်းပညာအပေါ်မှာပဲ ရပ်တည်ရတာ၊ ပုံမှန်နည်းလမ်းတွေ မအောင်မြင်ရင် သိုင်းပညာနဲ့ ဖြေရှင်းရတာ သဘာဝပါပဲ"
"ဒီခရီးစဉ်မှာ ကျွန်တော်တို့အတွက် အဆင်ပြေဆုံး အချက်ကတော့...ကျွန်တော်တို့ နှစ်ယောက်တည်း ခရီးသွားနေတာပဲ၊ သွားရလာရတာ လွယ်ကူတယ်... မဟုတ်ရင် အာမခံဌာနက လူအများကြီးနဲ့သာ ဆိုရင် ဒီနေရာမှာ သောင်တင်နေတာ တော်တော် ဒုက္ခရောက်မယ့် ကိစ္စ"
"အစ်မရှောင်ယွင်... ကျူးကော့ချန်ထျန် အကြောင်း ဘာတွေများ သိထားသေးလဲ"
"နည်းနည်းတော့ ကြားဖူးပါတယ်... ဖေဖေက အဲ့ဒီလူအကြောင်း ပြောပြဖူးတယ်"
"ကျောက်လုံအသင်းက ဒီမြစ်ကြောင်းမှာ အခြေချလာတာ နှစ်ပေါင်းတစ်ရာ ကျော်နေပြီ... မိသားစု အမွေအနှစ် လုပ်ငန်းပေါ့၊ ကျူးကော့ချန်ထျန်က တတိယမျိုးဆက်ပဲ"
"သူ့မိသားစုရဲ့ သိုင်းပညာတွေက တော်တော်လေး နက်ရှိုင်းတယ်... ဒါပေမယ့် သူက သိပ်ပြီး လှုပ်ရှားလေ့ မရှိဘူး"
"အရင်တုန်းက သူတို့ရဲ့ နည်းလမ်းကတော့ ကြောင်သူတော် ကြွက်သူခိုး လုပ်တာမျိုးပေါ့... ဒါပေမယ့် ကုန်သည်တွေကို လုံးဝ မွဲပြာကျသွားအောင်တော့ မလုပ်ဘူး"
"ဒါကြောင့် မြစ်သုံးစင်းပင်လယ်အော်ရဲ့ အောက်ပိုင်းမှာ သူ့ရဲ့ ဂုဏ်သတင်းက မဆိုးဘူးလို့ ပြောလို့ရတယ်"
"ဒီတစ်ခါ ဘာတွေ ဖြစ်နေလဲ ဆိုတာတော့ မသေချာဘူး... ကျောက်လုံအသင်း အတွင်းထဲမှာ တစ်ခုခု ဖြစ်နေတာများလား"
"အင်း..."
ဆုမိုက ခေါင်းတစ်ချက် ညိတ်လိုက်သည်။
"လောလောဆယ်တော့ စိတ်အေးအေးထားပြီး အခြေအနေ ဘယ်လို ပြောင်းလဲလာမလဲ ဆိုတာ စောင့်ကြည့်ကြတာပေါ့၊ ကျောက်လုံအသင်းရဲ့ အခုလို လုပ်ရပ်မျိုးက ရန်သူတွေကို ဖိတ်ခေါ်နေသလို ဖြစ်နေတာ... သူတို့ စီးပွားရေး ရေရှည် လုပ်ချင်တယ် ဆိုရင်တော့ ဒီလိုပုံစံနဲ့ ကြာကြာ မခံနိုင်ပါဘူး"
ထိုသို့ ပြောပြီးနောက် ကျောက်လုံအသင်းအကြောင်း ပြောစရာ သိပ်မရှိတော့ပေ။
သူတို့နှစ်ဦးသည် စန်းရွှေ တည်းခိုခန်းတွင် တစ်ညတာ ကုန်ဆုံးလိုက်ကြသည်။ ညစာစားပြီးနောက် ဧည့်ခန်းမဆောင်သို့ ဆင်းကာ သတင်းအစအနများ ရနိုင်မလားဟု စုံစမ်း နားစွင့်ကြည့်ကြသည်။
သို့သော် လူအများစုမှာ အဆိုးမြင်သော ထင်ကြေးပေးမှုများနှင့် ပြည့်နှက်နေကြ၏။
အချို့ကတော့ အကောင်းမြင်ကြသည်။ ကျောက်လုံအသင်းက ပိုက်ဆံလိုချင်လွန်းလို့ လုပ်တာပါ၊ သူတို့ ဝါးနိုင်တာထက် ပိုကိုက်မိရင်တော့ သဘာဝအလျောက် ရေလမ်းကြောင်းကို ပြန်ဖွင့်ပေးလိုက်မှာပါဟု တွေးကြသည်။
တချို့ကျပြန်တော့လည်း အဆိုးမြင်ကြသည်။ ဒီနေ့ကစပြီး ရေလမ်းခရီးက ပိုပြီး ဒုက္ခများတော့မည်ဟု ခံစားနေကြသည်။
တချို့ကတော့လည်း ကျောက်လုံအသင်း အတွင်းပိုင်းမှာ ပုန်ကန်မှုတွေ ဖြစ်နေသည်ဟု ကွက်ကွက်ကွင်းကွင်း ထင်ကြေးပေးကြပြန်သည်။ အသေးစိတ်တွေ ပြောနေကြသော်လည်း၊ တစ်ယောက် ပြောတာနှင့် တစ်ယောက် ပြောတာ လွဲနေပြီး ဘယ်သတင်းကမှ ယုံကြည်ရလောက်သည့်
အနေအထား မရှိပေ။