အခန်း (၂၀၈-၂၁၀)
Vol. 14 Ch. 208-210
အခန်း (၂၀၈)-မြစ်ကို ပိတ်ဆို့ထားသော နဂါး (၃)
~မည်သို့ပင် ဆိုစေကာမူ... စကားတွေသာ များနေကြသော်လည်း အသုံးဝင်သည့် သတင်းကတော့ သိပ်မရှိလှပေ။
ရက်အနည်းငယ် ဆက်တိုက် ဤအခြေအနေ အတိုင်းသာ ဖြစ်ပျက်နေ၏။
နေ့ခင်းဘက်တွင် ဆုမိုနှင့် ယန်ရှောင်ယွင်တို့သည် မြစ်သုံးစင်းပင်လယ်အော် တစ်ဝိုက်တွင် လမ်းလျှောက်ထွက်လေ့ ရှိသည်။ ဟွေမြစ်၊ တုံရွှေမြစ် နှင့် ဟန်မြစ်တို့မှ ဆင်းလာသော လှေများသည် ရှေ့ဆက်သွား၍ မရမှန်း သိလိုက်ရသဖြင့် မြစ်သုံးစင်းပင်လယ်အော် ဆိပ်ကမ်းတွင်သာ ထိုးရပ်ထားကြရသည်ကို ရံဖန်ရံခါ မြင်တွေ့နေရသည်။
ဤအတိုင်းသာ ဆက်သွားနေပါက ဆိပ်ကမ်းတွင် လှေများ ဆိုက်ကပ်စရာ နေရာပင် ရှိတော့မည် မဟုတ်ပေ။
လူများလာလေ... ပြဿနာ များလာလေ ဆိုသည့်အတိုင်း၊ လွန်ခဲ့သော နှစ်ရက်အတွင်း ဆိပ်ကမ်းတွင် ငြိမ်းချမ်းမှု မရှိတော့ချေ။
ဟိုနေရာတွင် ပွတ်တိုက်မှု ဖြစ်လိုက်၊ ဒီနေရာတွင် အငြင်းပွားမှု ဖြစ်လိုက်နှင့် မကြာခဏဆိုသလို လမ်းမပေါ်တွင် လူများ ရန်ဖြစ်ကာ ဖရိုဖရဲ ဖြစ်နေတတ်သည်။
ဆုမိုနှင့် ယန်ရှောင်ယွင်တို့သည် ဆိပ်ကမ်းတွင် ရှိနေစဉ် ထိုညက တွေ့ဆုံခဲ့သော လန်ယွဲ့နန်းတော်မှ မိန်းကလေးများကို ပြန်လည် တွေ့ရှိလိုက်ရသည်။
သူမတို့သည်လည်း တုန်းချန်သို့ သွားရန် နည်းလမ်းရှာဖွေရင်း သတင်းစုံစမ်းနေကြသည်မှာ သိသာထင်ရှားလှပေသည်။
သို့သော် ဆုမိုနှင့် ယန်ရှောင်ယွင်တို့သည် သူမတို့၏ မြင်ကွင်းရှေ့သို့ ထွက်မပြခဲ့ကြချေ။
တကယ်တမ်းတွင် သူတို့သည် ခဏတာ တွေ့ဆုံခဲ့သော မိတ်ဆွေများသာ ဖြစ်ပြီး၊ သူမတို့သည် ဆုမို၏ နောက်ခံအကြောင်းကို သံသယဝင်ကာ ကြောက်ရွံ့နေကြသည် မဟုတ်ပါလော။
အကြောင်းရင်းကို တိတိကျကျ မသိရသော်လည်း သူမတို့၏ အမူအရာကို ကြည့်ရသည်မှာ ပြောစရာ သိပ်မရှိလှသဖြင့် တမင်တကာ ရှောင်နေခြင်းက ပိုကောင်းပေလိမ့်မည်။
ဆုမိုနှင့် ယန်ရှောင်ယွင်တို့ မြစ်သုံးစင်းပင်လယ်အော်တွင် သောင်တင်နေသည်မှာ (၄) ရက်မြောက်နေ့ ရောက်မှသာ သတင်းထူး တစ်စုံတစ်ရာ ထွက်ပေါ်လာတော့၏။
စန်းရွှေ တည်းခိုခန်း၏ ပင်မခန်းမဆောင်ကြီး တစ်ခုလုံး ခေတ္တမျှ လှုပ်လှုပ်ရှားရှား ဖြစ်သွား၏။
"ယွမ်ယန် ကုန်သွယ်ရေးဌာနက တကယ်ကို အထင်သေးလို့ မရပါလား... သူတို့က ကျောက်လုံအသင်းနဲ့ ညှိနှိုင်းလို့ အဆင်ပြေသွားပြီတဲ့၊ ဒီညပဲ ရေကြောင်းခရီး စတင်တော့မယ် ပြောတယ်... အဲဒီနား ရောက်ရင် သူတို့ကို ဖြတ်သန်းခွင့် ပေးမယ်တဲ့လေ"
"ဒါပေမယ့် ဒီလို ရှေ့ဆောင်လမ်းပြ တစ်ယောက် ရှိလာပြီ ဆိုတော့... တခြား အဖွဲ့ငယ်လေးတွေကလည်း ကျောက်လုံအသင်း မျက်စိမှိတ်ပေးအောင် ဘယ်လို လုပ်ရမလဲ ဆိုတာ ကြံစည်နေကြပြီ"
"သတင်း ဘာကြားရသေးလဲ"
"သူတို့ တောင်းတဲ့ ဈေးက ခေါင်ခိုက်နေတာပဲ... ယွမ်ယန်လို ကုန်သွယ်ရေးဌာနကြီးတွေကတော့ မရှိမဲ့ရှိမဲ့ ပေးနိုင်လောက်ပေမဲ့ ငါတို့လို အိမ်စီးပွားရေး လုပ်ငန်းလေးတွေ အတွက်ကတော့ ဘယ်လိုမှ မတတ်နိုင်ဘူး... တစ်ခေါက်သွားလိုက်တာနဲ့ ရှိသမျှ အကုန် ရေထဲ ရောက်ကုန်မယ့် ကိန်းပဲ... လုံးဝ မကိုက်ဘူး"
"ဒါဖြင့် ဘယ်လိုလုပ်ကြမလဲ"
"တခြားနည်း မရှိရင်... ငါတို့အချင်းချင်း စီးပွားရေး မဟာမိတ် ယာယီ ဖွဲ့လိုက်ကြရင် ကောင်းမလား... ကိုယ်စားလှယ် တစ်ယောက်လွှတ်ပြီး ညှိနှိုင်းခိုင်းကြည့်ကြတာပေါ့၊ ငါတို့အဖွဲ့ကို ဖြတ်သန်းခွင့် ပေးမလားလို့လေ"
ခန်းမဆောင်ကြီး အတွင်းတွင် ဆူညံပွက်လောရိုက်နေပြီး အမျိုးမျိုးသော ဆွေးနွေးသံများ ထွက်ပေါ်နေသည်။
ထိုအချိန်တွင် ဆုမိုနှင့် ယန်ရှောင်ယွင်တို့သည် ဒုတိယထပ်၏ လက်ရန်းကို မှီကာ တိတ်ဆိတ်စွာ နားထောင်နေကြ၏။
ကျောက်လုံအသင်း အတွင်းပိုင်းတွင် အပြောင်းအလဲ တစ်စုံတစ်ရာ ရှိမရှိ ဆိုသည်ကိုမူ မသိရသေးပေ။
ဆိပ်ကမ်းတွင် ဆိုက်ကပ်ထားသော ကုန်သွယ်ရေးဌာနကြီး (၅) ခုမက ရှိနေသည်။
ထိုအထဲတွင် အကြီးဆုံးမှာ ယွမ်ယန် ကုန်သွယ်ရေးဌာန ဖြစ်သည်။
ယွမ်ယန် ကုန်သွယ်ရေးဌာန၏ ဆိုင်တာဝန်ခံသည်လည်း အဆက်အသွယ် ကွန်ရက် ကျယ်ပြန့်သူ တစ်ဦး ဖြစ်ပြီး တုန်းချန်ရှိ ဂိုဏ်းကြီးတစ်ခု၏ ကျောထောက်နောက်ခံ ရှိသည်ဟု သတင်းထွက်နေသူ ဖြစ်သည်။
အကယ်၍ သူတို့သာ ကျောက်လုံအသင်းနှင့် ညှိနှိုင်း၍ အဆင်ပြေသွားသည် ဆိုလျှင်လည်း သိပ်ပြီး အံ့ဩစရာတော့ မဟုတ်ပေ။
ခဏကြာ နားထောင်ပြီးနောက် သတင်းထူး ဘာမှ မကြားရသဖြင့် ဆုမိုနှင့် ယန်ရှောင်ယွင်တို့သည် အခန်းထဲသို့ ပြန်ဝင်ကာ တိုင်ပင်ဆွေးနွေးကြတော့၏။
လက်ရှိအခြေအနေအရ သူတို့ ရေလမ်းခရီးဖြင့် ဆက်သွားလိုလျှင် ရွေးချယ်စရာ လမ်း (၂) သွယ် ရှိနေသည်။
ပထမနည်းလမ်းမှာ စီးပွားရေး မဟာမိတ်ဖွဲ့ခြင်းကို အခွင့်ကောင်းယူပြီး သင်္ဘောတစ်စင်းစင်းပေါ်တွင် လိုက်ပါစီးနင်းသွားခြင်း ဖြစ်သည်။
ဤနည်းလမ်းသည် အမှန်တကယ် ရိုးရှင်းလှသည်။ ပုံမှန်အားဖြင့် ငွေစအနည်းငယ် ပေးလိုက်ရုံဖြင့် သင်္ဘောပေါ် တက်ခွင့် ရနိုင်ပေသည်။
နောက်ထပ် ရွေးချယ်စရာ တစ်ခုမှာမူ ကျောက်လုံအသင်းသို့ ကိုယ်တိုင် သွားရောက်ပြီး ကျူးကော့ချန်ထျန် နှင့် လူချင်းတွေ့ဆုံခြင်း ဖြစ်သည်။
သို့သော် ဤနည်းလမ်းသည်... နောက်ဆုံးမှ မဖြစ်သာ၍ ရွေးချယ်ရမည့် နည်းလမ်း ဖြစ်ပေသည်။
အကယ်၍ သွားရောက်ခဲ့လျှင် တိုက်ခိုက်ရမည့် အခြေအနေ ဖြစ်လာနိုင်ချေ များသည်။ သူတို့လက်ထဲတွင် 'မန်ဒရင်းဘဲ စာရင်း' ပါလာသည် ဖြစ်ရာ ပဋိပက္ခ ဖြစ်ပွားပါက မည်သို့သော အကျိုးဆက်များ ဖြစ်ပေါ်လာမည်ကို ခန့်မှန်း၍ မရနိုင်ပေ။
နောက်ထပ် စိုးရိမ်စရာ တစ်ချက်မှာ ကျောက်လုံအသင်း၏ အတွင်းပိုင်း အခြေအနေကို ရှင်းလင်းစွာ မသိရခြင်းပင် ဖြစ်သည်။ ၎င်းသည် သူတို့၏ စိတ်ကို မလုံမခြုံ ဖြစ်စေသည်။
တစ်နေကုန် တိုင်ပင်ဆွေးနွေးပြီးနောက် နောက်ဆုံးတွင် နောက်ထပ် တစ်ရက် စောင့်ကြည့်ရန် ဆုံးဖြတ်လိုက်ကြ၏။
အကယ်၍ ကျောက်လုံအသင်းသည် ဤကဲ့သို့ သံကြိုးတန်းများဖြင့် မြစ်ကို ပိတ်ဆို့ထားသော အခြေအနေမျိုးတွင် လမ်းဖွင့်ပေးသည် ဆိုလျှင်... ယွမ်ယန် ကုန်သွယ်ရေးဌာန ဖြတ်သန်းခွင့် ရသည်နှင့် တပြိုင်နက် အခြား ဌာနများလည်း မသွားနိုင်စရာ အကြောင်း မရှိပေ။
ရက်အတော်ကြာ စောင့်ဆိုင်းခဲ့ပြီး ဖြစ်ရာ နောက်ထပ် တစ်ညလောက် သည်းခံပြီး စောင့်လိုက်ခြင်းက အကောင်းဆုံးပင်။
ထို့ကြောင့် ညစာ စားပြီးနောက် သူတို့နှစ်ဦး သီးခြားစီ အနားယူလိုက်ကြပြီး နောက်တစ်နေ့ သတင်းကို စောင့်မျှော်နေလိုက်ကြသည်။
သို့သော်... နောက်တစ်နေ့ နံနက်အထိ စောင့်စရာ မလိုလိုက်ပေ။
ညဉ့်နက်သန်းခေါင် အချိန်တွင် ဆုမိုသည် နှစ်ခြိုက်စွာ အိပ်ပျော်နေစဉ် တည်းခိုခန်း တံခါးကို အလုအယက် ထုရိုက်သံကြောင့် လန့်နိုးလာခဲ့၏။
မျက်စိတစ်မှိတ် အတွင်းမှာပင် တည်းခိုခန်း တစ်ခုလုံး မီးရောင်များ လင်းထိန်သွားတော့၏။
ဤအချိန်တွင် တည်းခိုခန်းထဲ၌ မည်သူမျှ အိပ်မပျော်နိုင်ကြတော့ဘဲ ရေလမ်းခရီးမှ သတင်းကိုသာ စောင့်မျှော်နေကြသည်။
စားပွဲထိုးလေးက တံခါးသွားဖွင့်လိုက်သောအခါ လူတစ်ယောက် အလျင်အမြန် ဝင်ရောက်လာသည်ကို တွေ့လိုက်ရ၏။
ဆိုင်ရှင်အများအပြားသည်လည်း အပေါ်ထပ်မှ ချက်ချင်း ပြေးဆင်းလာကြသည်။
ထိုလူက အားလုံး၏ မျက်နှာကို တစ်ချက် ဝေ့ဝဲကြည့်လိုက်ပြီးနောက် နောက်ဆုံးတွင် စကားဆိုလိုက်တော့၏။
"ယွမ်ယန် ကုန်သွယ်ရေးဌာနတော့ သွားပါပြီဗျာ..."
"ဟေ... သွားပြီ ဟုတ်လား"
"သွားပြီ ဆိုတာ ဘာအဓိပ္ပာယ်လဲ"
"သူတို့ ဖြတ်သန်းသွားပြီ ဆိုတဲ့ သဘောလား"
အချို့က ကံကောင်းခြင်းကို မျှော်လင့်ကာ မေးခွန်းထုတ်နေကြဆဲပင်။
သို့သော် ထိုလူက ခေါင်းကို တွင်တွင်ခါလိုက်သည်ကို မြင်လိုက်ရသောအခါ မျှော်လင့်ချက်များ ပျက်သုဉ်းသွားရ၏။
"ယွမ်ယန် ကုန်သွယ်ရေးဌာနရဲ့ သင်္ဘောတွေ ကျောက်လုံအသင်း ပိုင်နက်ထဲ ရောက်တာနဲ့ ချက်ချင်းပဲ အဖွဲ့သားတွေရဲ့ ကြားဖြတ် တိုက်ခိုက်ခံလိုက်ရတယ်ဗျ... သူတို့ရဲ့ ဆိုင်တာဝန်ခံ ကိုယ်တိုင် ဦးစီးပြီး ညှိနှိုင်းဖို့ ကြိုးစားခဲ့တာပါ၊ မြစ်ကမ်းတစ်ဖက်ကနေ နှုတ်ဆက်စကား ပြောပြီး လက်ဆောင်တွေတောင် ပေးခဲ့သေးတယ်... ဒါပေမယ့် စကားတောင် မဆုံးသေးဘူး၊ ရေအောက်က သရဲတွေက သင်္ဘောကို စပြီး ဖျက်ဆီးတော့တာပဲ"
"ကျောက်လုံအသင်းက ပင်လယ်ဓားပြတွေကလည်း ချိတ်တွေနဲ့ လှမ်းချိတ်ပြီး တက်တိုက်ကြတယ်"
"ယွမ်ယန်ဘက်က သင်္ဘောပေါ်မှာ အနောက်တောင်ပိုင်း သိုင်းလောကက အဆင့်မြင့် သိုင်းပညာရှင်တစ်ယောက် အစောင့်အရှောက်အဖြစ် ပါလာသေးတယ်... ဒါပေမယ့် တိုက်ပွဲစတာနဲ့ ခဏလေးအတွင်းမှာပဲ ရေအောက်ရောက်ပြီး ရေမွန်း သေဆုံးသွားရှာတယ်"
"တိုက်ပွဲက အရမ်း ပြင်းထန်တယ်... ကျောက်လုံအသင်းက လူတွေက လုံးဝ ညှာတာမှု မရှိဘူး၊ သင်္ဘောပေါ်က လူအကုန်နီးပါးကို သတ်ပစ်ကြတာ"
"ဆိုင်တာဝန်ခံ အပါအဝင် လူနည်းနည်းလောက်ကိုတော့ အရှင်ဖမ်းထားတယ်... တစ်ခုခု ကြံစည်ဖို့ နေမှာပေါ့"
"သင်္ဘောတစ်စင်းလုံးကို လုယက်ပြီးမှ နောက်ဆုံးတော့ မြစ်ထဲ နှစ်ပစ်လိုက်ကြတယ်"
"လူကြီးမင်းတို့... ကျုပ်ထင်တာတော့ ဒီလမ်းက တကယ်ကို သွားလို့မရတော့တဲ့ အခြေအနေပဲ"
ထိုစကားကို ကြားလိုက်ရသောအခါ ဆိုင်ရှင်များနှင့် ကုန်သည်များအားလုံး ကြက်သေ သေကုန်ကြ၏။
"ဒါပေမယ့် အားလုံး အဆင်ပြေပြီးသား ဆို... ဘာတွေ ဖြစ်ကုန်တာလဲ"
"ထောင်ချောက်... ဒါ ထောင်ချောက်ပဲ၊ သူတို့က ယွမ်ယန်အဖွဲ့ကို အဲဒီရောက်အောင် မျှားခေါ်ပြီး သတ်ဖြတ် လုယက်ချင်လို့ သက်သက်ပဲ"
"သူတို့ ရူးသွားကြပြီလား... ဒါ စည်းမျဉ်းတွေကို ချိုးဖောက်တာပဲ၊ လောကကြီးမှာ ဒီလိုလုပ်ရပ်မျိုး တစ်ခါမှ မရှိဖူးဘူး"
"ခွေးကောင်တွေ... ငါတို့ကို ထွက်ပေါက်မပေးဘဲ သူတို့နဲ့ အသေအကြေ တိုက်ခိုက်ရမယ့် အခြေအနေ ရောက်အောင် ဖန်တီးနေတာလား"
မျက်စိတစ်မှိတ် အတွင်းမှာပင် ညဉ့်နက်သန်းခေါင် ဖြစ်သော်ငြား တည်းခိုခန်း တစ်ခုလုံး ဆူညံပွက်လောရိုက်သွားတော့၏။
ဆုမိုသည် သက်ပြင်းတစ်ချက်ကို ဖွဖွလေး မှုတ်ထုတ်လိုက်ပြီး အခန်းထဲသို့ ပြန်ဝင်ကာ 'နဂါးဟိန်းသံ' ဓားကို ကျောပေါ်ရှိ သေတ္တာထဲသို့ ထည့်နေလေသည်။
ထိုအပြုအမူကို မြင်လိုက်ရသော ယန်ရှောင်ယွင်က ပြုံးလိုက်သည်။
"သွားကြမလား"
"သွားစို့"
ဆုမို ခေါင်းညိတ်လိုက်သည်။
သူသည် ဆုံးဖြတ်ချက် ချပြီးသည်နှင့် ဘယ်တော့မှ တွန့်ဆုတ်မနေဘဲ ပြတ်သားစွာ လုပ်ဆောင်တတ်သူ မဟုတ်ပါလော။
အခန်း (၂၀၉)-ယနေ့ လုပ်သင့်သောအရာ
~ဆုမိုနှင့် ယန်ရှောင်ယွင်တို့သည် အလျင်စလို ဆိပ်ကမ်းသို့ ရောက်ရှိသွားကြသော်လည်း ရောက်ရောက်ချင်းပင် အခက်အခဲနှင့် ရင်ဆိုင်လိုက်ရ၏။
ကျောက်လုံအသင်းသည် ရေလမ်းကြောင်းတစ်လျှောက်တွင် သောင်းကျန်းနေသော ဤအချိန်ကာလ၌ မည်သူက အသက်ကို ပဓာနမထားဘဲ ထိုဘက်သို့ သွားရဲပါမည်နည်း။
ထို့ကြောင့် ယွမ်ယန် ကုန်သွယ်ရေးဌာန၏ သင်္ဘောများ တိုက်ခိုက်ခံရသည့် သတင်းကြောင့် ဆိပ်ကမ်းတစ်ခုလုံး ဆူညံပွက်လောရိုက်နေချိန်တွင် သူတို့ကို လိုက်ပို့မည့် လှေတစ်စင်း ငှားရမ်းရန်မှာ မဖြစ်နိုင်သလောက်ပင်။
နောက်ဆုံးတွင် ငွေရောင် တဖိတ်ဖိတ်လက်နေသော ငွေတုံးများကို မြင်သောအခါမှ အဘိုးအိုတစ်ဦးသည် စိတ်ယိုင်သွားပြီး သူ၏ သမ္ဗန်ငယ်လေးကို ရောင်းချရန် သဘောတူလိုက်သည်။
ကျောက်လုံအသင်းရှိရာသို့ လိုက်ပို့ပေးဖို့ ကိစ္စလား။
အဘိုးအိုကတော့ နောက်ထပ် နှစ်အနည်းငယ်လောက် ဆက်ပြီး အသက်ရှင်ချင်ပါသေးသည် ဟုသာ ဖြေလိုက်တော့၏။
သမ္ဗန်လေး ရေထဲရောက်သွားသောအခါ ဆုမိုနှင့် ယန်ရှောင်ယွင်တို့ လှေပေါ်သို့ တက်လိုက်ကြသည်။ ထို့နောက် နှစ်ဦးသား တိတ်ဆိတ်စွာပင် အကြည့်ချင်း ဖလှယ်လိုက်မိကြ၏။
နောက်ဆုံးတွင် သူတို့နှစ်ဦးစလုံး၏ မျက်လုံးများသည် လှော်တက်များဆီသို့ ရောက်သွားကြသည်။
စကားတစ်ခွန်းမျှ မပြောမိကြပေ။
"အစ်မရှောင်ယွင်... လှေလှော်တတ်လား"
တိတ်ဆိတ်မှုကို ဆုမိုက စတင် ဖြိုခွင်းလိုက်သည်။
"လော့ရှားမြို့က နန်ဟိုင်းနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတာ မှန်ပါတယ်... လော့ဖုန်း မဟာမိတ်အဖွဲ့ရဲ့ စီးပွားရေး အများစုကလည်း ရေကြောင်းကုန်သွယ်ရေး ပါပဲ..."
"ဒါပေမယ့်... သံမဏိသွေး အာမခံဌာနက ကုန်းလမ်းခရီးကိုပဲ အဓိကထား လုပ်ဆောင်တာလေ၊ ဒီကိစ္စနဲ့ ပတ်သက်ရင်တော့ နင့်အစ်မက တကယ့်ကို... ဟို... ဘယ်လိုပြောရမလဲ... လုံးဝ (လုံးဝ) မကျွမ်းကျင်ဘူး"
ယန်ရှောင်ယွင်က လက်ကို ဖြန့်ကာ ပခုံးတွန့်ပြလိုက်သည်။
ဆုမို၏ နှုတ်ခမ်းထောင့်စွန်းများ တွန့်ကွေးသွားပြီး ယန်ရှောင်ယွင် သူ့ကို ပြောခဲ့ဖူးသော စကားကို ပြန်လည် ချေပလိုက်၏။
"ဒီလိုအချိန်မျိုး ရောက်နေတာတောင် အစ်မက နောက်နိုင်သေးတယ်နော်"
ထို့နောက် သူသည် သမ္ဗန်ငယ်လေးနှင့် ကျယ်ပြောလှသော မြစ်ပြင်ကြီးကို ကြည့်ကာ နက်နဲစွာ စဉ်းစားလိုက်သည်။
ယန်ရှောင်ယွင်က ခဏမျှ စဉ်းစားပြီးနောက် အကြံပြုလိုက်သည်။
"ဒါဆို တခြားလူကို သွားမေးကြည့်ကြမလား"
သူမ၏ စကားပင် မဆုံးသေး၊ လှေငယ်လေးသည် ရုတ်တရက် တုန်ခါသွားသည်။ ယိမ်းထိုးလှုပ်ရှားသွားပြီးနောက် ကမ်းစပ်မှ တဖြည်းဖြည်း ခွာထွက်သွားလေတော့၏။
မော့ကြည့်လိုက်သောအခါ ဆုမိုသည် လက်ဝါးတစ်ဖက်ကို ရေပြင်ပေါ်သို့ ဖိချထားပြီး အတွင်းအားကို အသုံးပြုကာ လှေကို တွန်းပို့နေသည်ကို တွေ့လိုက်ရ၏။
"ရှောင်မို... လှေကို အတွင်းအားနဲ့ လှော်မလို့လား"
ယန်ရှောင်ယွင် အံ့ဩတကြီး ဖြစ်သွားရှာသည်။
"စိတ်ချရပါ့မလားဟင်"
"စမ်းကြည့်တာပေါ့"
ဆုမိုက တည်ငြိမ်စွာ ပြန်ပြောလိုက်သည်။
"အခုချိန်မှာ တခြားရွေးချယ်စရာမှ မရှိတော့တာ... ပြီးတော့ ရေပေါ်မှာက ကုန်းပေါ်လို မဟုတ်ဘူး၊ ရန်သူ လာတိုက်ရင် အမြဲတမ်း သတိရှိနေမှ ဖြစ်မှာ... ဘယ်သူပဲ ကပ်လာလာ အရင်သတ်ပြီးမှ မေးခွန်းမေးတာ ပိုကောင်းမယ်"
"... သတ်ပြီးသွားမှတော့ ဘာမေးစရာ ကျန်တော့မှာမို့လို့လဲ"
ယန်ရှောင်ယွင်သည် ရယ်မောလိုက်မိပြီး ဆုမို၏ ထူးကဲသော အတွင်းအားကို လေးစားမိသွားသည်။
ဤနည်းလမ်းသည် အတွင်းအား ပြင်းထန်ရုံဖြင့် လုပ်ဆောင်၍ ရသော ကိစ္စ မဟုတ်ပေ။
အရေးအကြီးဆုံး အချက်မှာ မိမိ၏ အတွင်းအားကို စနစ်တကျ ထိန်းချုပ်နိုင်စွမ်း ရှိရန် လိုအပ်၏။
အားနည်းလွန်းလျှင် လှေက ရွေ့မည် မဟုတ်သလို၊ အားများလွန်းလျှင်လည်း လှေမှောက်သွားနိုင်သည်။
သို့သော် ယခုအချိန်တွင် လှေကလေးသည် တည်ငြိမ်စွာ ရွေ့လျားနေသည်ကို ကြည့်ခြင်းအားဖြင့် ဆုမို၏ ထိန်းချုပ်နိုင်စွမ်း မည်မျှ မြင့်မားကြောင်း သက်သေပြနေပေ၏။
ကနဦး စမ်းသပ်ပြီးနောက် ဆုမိုသည် လှေဦးတွင် မတ်တပ်ရပ်လိုက်သည်။ လက်များကို နောက်ပစ်ထားပြီး ခြေထောက်မှတဆင့် အတွင်းအားကို ရေထဲသို့ ပို့လွှတ်ကာ လှေကို ပိုမိုမြန်ဆန်စွာ မောင်းနှင်လိုက်တော့၏။
အစပိုင်းတွင် ယန်ရှောင်ယွင်သည် လှေပေါ်၌ ရပ်နေရင်း စိုစွတ်အေးမြသော လေတိုးသံများကို ခံစားနေရသည်။
နောက်ပိုင်းတွင်မူ ဆုမိုကြောင့် လှေမှောက်သွားမည်ကို စိုးရိမ်လာသဖြင့် လှေဘောင်ကို အသေအချာ ဆုပ်ကိုင်ထားရ၏။
ဆုမို၏ ခြေထောက်များမှာမူ လှေကြမ်းပြင်တွင် အမြစ်တွယ်နေသကဲ့သို့ ခိုင်မြဲနေပေသည်။
ထိုညတွင် မြစ်သုံးစင်းပင်လယ်အော် ဆိပ်ကမ်း၌ အိပ်မပျော်နိုင်သော သူများသည် ရံဖန်ရံခါ မော့ကြည့်လိုက်သောအခါ မြစ်ပြင်ပေါ်၌ မြှားတစ်စင်းအလား ပြေးလွှားနေသော လှေငယ်လေးကို မြင်တွေ့လိုက်ကြရသည်။
မြန်ဆန်လိုက်သည်မှာ မြှားတစ်စင်းအလား၊ တည်ငြိမ်လိုက်သည်မှာ ထိုက်ဆန်းတောင်ကြီးနှယ်
လှေပေါ်တွင် မိန်းကလေးတစ်ဦး တိတ်ဆိတ်စွာ ထိုင်နေပြီး လှေဦးတွင်မူ ကျောဘက်၌ ဓားသေတ္တာ လွယ်ထားသော လူငယ်တစ်ဦး မတ်တပ်ရပ်နေ၏။ သူ၏ ဆံနွယ်များသည် လေပြင်းကြားတွင် လွင့်ပျံနေပြီး လှိုင်းတံပိုးများကို ကျော်ဖြတ်ကာ ကျက်သရေရှိစွာ ခရီးနှင်နေသည်။
"ဘယ်သူလဲဟ"
"လှော်တက်လည်း မပါဘဲနဲ့ လှေက ဘယ်လိုလုပ် ရွေ့နေတာလဲ"
"အတွင်းအားနဲ့ မောင်းနှင်နေတာပဲ... တကယ့်ကို အံ့မခန်း ပညာပါလား"
"ကျောက်လုံအသင်းက ထင်တိုင်းကြဲနေတာ... သူတို့ကို ပညာသွားပေးမယ့် ဆရာသမားများလားဟေ"
"မြန်လိုက်တာကွာ"
လူအများ၏ ပြောဆိုသံများကြားတွင် ဆုမိုနှင့် ယန်ရှောင်ယွင်တို့သည် မြစ်သုံးစင်းပင်လယ်အော် ဆိပ်ကမ်းကို ကျော်လွန်ကာ အရှေ့ဘက်၊ မြစ်အောက်ပိုင်းသို့ ဦးတည် ထွက်ခွာသွားကြလေပြီ။
ရေလမ်းကြောင်းမကြီးထဲသို့ တရားဝင် ဝင်ရောက်လိုက်သည်နှင့် တပြိုင်နက် ရေစီးကြောင်းများသည် ဆိပ်ကမ်းနားကထက် ပိုမို ကြမ်းတမ်းလာတော့၏။
ခဏတာမျှ လှေကလေးသည် ယိမ်းထိုးသွားသော်လည်း ဆုမို၏ အတွင်းအားဖြင့် ထိန်းကျောင်းလိုက်သောအခါ ချက်ချင်းပင် ပြန်လည် တည်ငြိမ်သွားသည်။
မြစ်ကမ်းပါးတစ်လျှောက် ခရီးနှင်ရာတွင် လှိုင်းတံပိုးကြီးများက လှေငယ်လေးကို ဝါးမြိုတော့မည့်အလား ပစ်ခတ် ရိုက်ခတ်နေကြသည်။ လှေကလေးသည် မုန်တိုင်းကြားမှ သစ်ရွက်လေး တစ်ရွက်ပမာ လှိုင်းလုံးများအပေါ်တွင် ကခုန်နေတော့၏။
ယန်ရှောင်ယွင်သည် ကနဦး ထိတ်လန့်မှုများ ပြေပျောက်သွားပြီးနောက် ဘေးဘက်မှ ဖြတ်သန်းသွားသော ရှုခင်းများကို ကြည့်ကာ ရင်ထဲတွင် စိတ်လှုပ်ရှားမှုများ မြင့်တက်လာသည်။
သူမသည် မတ်တပ်ရပ်လိုက်ပြီး လက်နှစ်ဖက်ကို ဆန့်တန်းလိုက်၏။
ဆောင်းရာသီ၏ အအေးဒဏ်ကြောင့် လေပြင်းများသည် အရိုးခိုက်မတတ် အေးစက်နေသော်လည်း သူမသည် အတွင်းအားကို လည်ပတ်ကာ ခန္ဓာကိုယ်ကို နွေးထွေးစေလိုက်သည်။ အအေးဒဏ်ကို မခံစားရတော့ဘဲ လေထဲတွင် စီးမျောနေသကဲ့သို့၊ လှိုင်းတံပိုးများအပေါ်တွင် လမ်းလျှောက်နေသကဲ့သို့ လွတ်လပ်ပေါ့ပါးမှုကို ခံစားလိုက်ရသည်။
"ရှောင်မို"
သူမ စိတ်လှုပ်ရှားစွာ အော်ပြောလိုက်မိသည်။
"နင်.. လှေလှော်တာ ဒီလောက်တော်မှတော့... တစ်နေ့ကျရင် ငါတို့ ပင်လယ်ပြင်ကြီးထဲ လျှောက်လည်ကြမလား"
"နန်ဟိုင်း ပင်လယ်လား"
ဆုမိုက မေးလိုက်သည်။
"ဟုတ်တယ်လေ"
ယန်ရှောင်ယွင်က တက်ကြွစွာ ပြန်ပြောလိုက်တော့၏။
"နန်ဟိုင်းလို့ ခေါ်ပေမဲ့ တကယ်တမ်းကျတော့ မြစ်ဝကနေ အနောက်တောင်ဘက်ကို ဆင်းသွားရတာ... နန်ဟိုင်း ကျွန်းစုတွေမှာလည်း ဂိုဏ်းပေါင်းစုံ ရှိကြပြီး သူတို့ရဲ့ စည်းမျဉ်းတွေနဲ့ သူတို့ နေကြတာလို့ ကြားဖူးတယ်... ကမ္ဘာကြီးက ကျယ်ပြောပြီး အဆုံးအစ မရှိဘူးလေ၊ ဟိုတုန်းက ဇီယန် အာမခံဌာနက တုန်းဟွမ် တစ်ခွင်ပဲ သွားခဲ့တာ... အခု ငါတို့လက်ထက်ကျရင် ကမ္ဘာအနှံ့ ခရီးသွားကြမလား"
"ဟား ဟား ဟား"
ဆုမို ရယ်မောလိုက်သည်။
"အစ်မရှောင်ယွင် သဘောကျမှတော့ ကျွန်တော်က ဘယ်ငြင်းရက်ပါ့မလဲ... နောင်တစ်ချိန်ကျရင် ကျွန်တော်တို့တူတူ ကမ္ဘာအနှံ့ သွားကြတာပေါ့... နန်ဟိုင်းတင် မကဘူး၊ ပေချွမ်ရော၊ ရှီးကျိုးရော အကုန် ပတ်ကြမယ်"
"ကတိနော်"
ယန်ရှောင်ယွင်က ရယ်မောလိုက်သည်။
"ကမ္ဘာပတ်ကြရင် ဘယ်နေရာပဲ သွားသွား...ငါ့ကို မထားခဲ့ရဘူးနော်"
"ဒါပေါ့ဗျာ"
ဆုမိုသည် ယန်ရှောင်ယွင်ဘက်သို့ လှည့်ကြည့်လိုက်ပြီး လက်ကမ်းပေးလိုက်သည်။
ယန်ရှောင်ယွင်၏ မျက်နှာလေး ရဲခနဲ ဖြစ်သွားသော်လည်း သူမသည် ရှေ့သို့ တိုးလာပြီး ဆုမို၏ လက်ကို ဆုပ်ကိုင်လိုက်၏။
သမ္ဗန်ငယ်လေးသည် မကြီးမားလှပေ။ သာမန်လူနှစ်ယောက်သာ လှေဦးတွင် ပြိုင်တူ ရပ်လိုက်လျှင် လှေမှောက်သွားနိုင်ခြေ ရှိသည်။
သို့သော် သိုင်းပညာရှင် ဆုမို ရှိနေသရွေ့ လှေမှောက်စရာ အကြောင်း မရှိပေ။
ယန်ရှောင်ယွင်၏ လက်ကို ဆုပ်ကိုင်ထားရင်း သူတို့နှစ်ဦးသည် လှေဦးတွင် ယှဉ်တွဲ ရပ်နေကြသည်။ လေပြင်းနှင့် ရေစီးကို အန်တုကာ လှေကလေးသည် လျင်မြန်စွာ ရှေ့သို့ တိုးဝင်နေ၏။
မျက်စိတစ်မှိတ် အတွင်းမှာပင် မြစ်သုံးစင်းပင်လယ်အော် ဆိပ်ကမ်းသည် အနောက်ဘက် အဝေးဆီတွင် မှေးမှိန်ကျန်ရစ်ခဲ့တော့၏။
သူတို့၏ ခရီးသွားပုံစံသည် မြင်းစီးသွားသည်ထက်ပင် အဆပေါင်းများစွာ ပိုမို မြန်ဆန်နေပေသည်။
အခန်း (၂၁၀) - ယနေ့၏ တာဝန်များ (၂)
~ဤမျှ မြန်ဆန်သော အရှိန်နှုန်းဖြင့် ခရီးနှင်နေသော်လည်း ဆုမိုအတွက်မူ အတွင်းအားကို အထူးတလည် သုံးစွဲနေရန် မလိုပေ။ သူသည် လှေကို ဟန်ချက်ညီအောင် ထိန်းထားပေးရုံမျှဖြင့် မြစ်ရေစီးကြောင်းက လှေငယ်ကို မြားတစ်စင်းအလား ရှေ့သို့ ဒုန်းစိုင်း တွန်းပို့ပေးနေသည်။
နာရီဝက်ခန့် ခရီးနှင်ပြီးနောက်တွင် ယန်ရှောင်ယွင်က သတိပေးစကား ဆိုလာ၏။
“ရှေ့နားမှာ ကျောက်လုံအသင်း ရဲ့ နယ်မြေရောက်တော့မယ်... သတိထားမှ ဖြစ်မယ်နော်”
ဆုမိုက ခေါင်းညိတ်လက်ခံလိုက်ရင်း အတွင်းအားကို လှည့်ပတ်လိုက်ရာ လှေငယ်၏ အရှိန်မှာ သိသိသာသာ လျော့ပါးသွားတော့၏။
မှောင်မည်းနေသော ညအမှောင်ထုအောက်၊ အဝေးတစ်နေရာမှ ကြည့်လျှင် မြစ်ကမ်းပါး နှစ်ဖက်ကို မီးတန်းတစ်ခုဖြင့် ဆက်သွယ်ထားသကဲ့သို့ ထင်မှတ်ရ၏။
ဆုမိုက သူ၏ ထက်မြက်လှသော မျက်လုံးများဖြင့် အကဲခတ်ကြည့်လိုက်သောအခါ ထိုအရာများမှာ လှေငယ်လေးများ ဖြစ်နေသည်ကို တွေ့လိုက်ရသည်။
ထိုလှေငယ်လေးများကို တစ်စင်းနှင့်တစ်စင်း ကွင်းဆက်သဖွယ် ချိတ်ဆက်ကာ မြစ်ကြောင်းတစ်ခုလုံးကို ပိတ်ဆို့ထားခြင်း ဖြစ်ချေသည်။
“လှေကွင်းဆက် အတားအဆီးပဲ”
ယန်ရှောင်ယွင်က အဝေးမှနေ၍ အကဲခတ်ရင်း အေးစက်စွာ နှာမှုတ်လိုက်၏။
“ကျောက်လုံအသင်းကတော့ တကယ်ကို ဘယ်သူ့ကိုမှ အဖြတ်မပေးဖို့ ဆုံးဖြတ်ထားပုံပဲ”
“လှေကွင်းဆက် အတားအဆီး ဟုတ်လား”
ဆုမိုက နားမလည်နိုင်သဖြင့် ပြန်မေးလိုက်သည်။
“ဒါက မြစ်သူခိုးတွေ သုံးလေ့ ရှိတဲ့ နည်းဗျူဟာ တစ်ခုပဲ... မြစ်ကို သံကြိုးခတ် ပိတ်ဆို့တာနဲ့ သဘောတူပေမဲ့ ဒီမှာတော့ လှေတွေကိုပဲ သံကြိုးတွေနဲ့ တစ်စင်းပြီး တစ်စင်း ချိတ်ပြီး မြစ်ကြောင်းကို ကာဆီးထားတာ”
“တကယ်လို့ သင်္ဘောကြီးတွေနဲ့ အတင်းတိုးတိုက်ရင်ရော”
“သင်္ဘောကြီးဆိုရင်တော့ ထိုးဖောက်သွားနိုင်တာပေါ့... ဒါပေမယ့် အဲဒီနောက်မှာ ကျောက်လုံအသင်းရဲ့ ရေတပ်စခန်း ရှိနေတယ်လေ။ ဒီအတားအဆီးကို ကျော်ရင်တောင် အောက်ဘက်မှာ တားဆီးမယ့် လှေကြီးတွေ အများကြီး ရှိနေဦးမှာပဲ။ ပြီးတော့ သူတို့က အချက်ပေးနေမှာ မဟုတ်ဘူး၊ 'ကျောက်ခဲပျံ' လျှို့ဝှက်လက်နက်တွေနဲ့ တရကြမ်း တိုက်ခိုက်တော့မှာ။ ရေအောက်မှာလည်း 'ရေသရဲ' တွေ ဝှက်ထားသေးတယ်... သူတို့က လှေဝမ်းကို ဖောက်ပြီး ငါတို့ကို ပိတ်မိအောင် လုပ်ကြမှာလေ”
ယန်ရှောင်ယွင်က အချက်အလက်များကို တစ်ခုချင်း ရှင်းပြနေသဖြင့် ဆုမိုမှာ အံ့ဩသွားရကာ -
“ဒါက ကုန်းလမ်းခရီးနဲ့တော့ တော်တော်လေး ကွာခြားတာပဲ”
“ဒါက မြစ်ကြောင်းမို့လို့ ဖြစ်ပါဦးမယ်”
ယန်ရှောင်ယွင်က ပြုံးလျက် ဆို၏။
“ပင်လယ်ထဲမှာ ဆိုရင်တော့ ဒီထက် ပိုဆန်းကြယ်တဲ့ လှည့်ကွက်တွေ ရှိသေးတယ်... ဒါပေမယ့် ဒီနည်းလမ်းကို သုံးတဲ့သူက ရှားပါတယ်၊ သိုင်းလောကမှာ 'နောင်ခါ ပြန်ဆုံရင် မျက်နှာပူစရာ မလိုအောင် လမ်းချန်ထားတတ်ကြတာ' ထုံးစံပဲလေ။ ဒီနည်းလမ်းကတော့ တစ်ဖက်လူကို လုံးဝ ထွက်ပေါက်မပေးတာမို့ အထူးအခြေအနေမျိုးက လွဲရင် သိပ်မသုံးကြဘူး”
“ဒါပေမယ့် ဒီနည်းလမ်းက ကျွန်တော်တို့အတွက်တော့ ပိုလွယ်သွားတာပေါ့”
ပြောရင်းနှင့်၊ ဆုမိုက ခြေထောက်အောက်တွင် အတွင်းအားကို လှုံ့ဆော်လိုက်ရာ ခဏချင်းမှာပင် လှေကွင်းဆက် အတားအဆီးအနားသို့ ဆိုက်ရောက်သွားတော့၏။ လှေပေါ်ရှိ လူအချို့မှာ အိပ်ပျော်နေကြပြီး အချို့မှာမူ ကင်းစောင့်နေကြသည်။
ရုတ်တရက် တစ်စုံတစ်ယောက်က မော့ကြည့်လိုက်ရာ ဆုမိုနှင့် ယန်ရှောင်ယွင်တို့ လှေဖြင့် ချဉ်းကပ်လာသည်ကို တွေ့လိုက်ရသဖြင့် ကိုယ့်မျက်စိကိုယ်ပင် မယုံနိုင်အောင် ဖြစ်သွားရရှာသည်။
သတိပြန်ဝင်လာသောအခါ ထိုသူက ကျယ်လောင်စွာ အော်ဟစ်လိုက်တော့၏။
“ဟိတ်... အဲဒီမှာ ရပ်လိုက်စမ်း”
သို့သော် ဆုမိုက ရပ်မပေးသည့်အပြင် ဖျတ်ခနဲ ခုန်တက်လိုက်ရာ မျက်တောင်တစ်ခတ်အတွင်း ထိုသူ၏ ရှေ့သို့ ရောက်ရှိသွားတော့၏။ လက်ကို တစ်ချက် ဝှေ့ယမ်းလိုက်ရုံမျှဖြင့် ထိုလူမှာ “ဗွမ်း” ခနဲ အသံနှင့်အတူ ရေထဲသို့ လွင့်စင်ကျသွားလေတော့သည်။
ထို့နောက်တွင် ဆုမို၏ ရယ်မောသံကို ကြားလိုက်ရသည်။
“မင်းတို့လှေကို ခဏလောက် ချေးသုံးပါရစေဦး”
စကားစလိုက်သည်နှင့် 'နဂါးဟိန်းဓား' မှာ သူ၏ ကျောနောက်မှ ပျံထွက်လာပြီး လက်ဖဝါးအတွင်းသို့ ကျရောက်လာချေပြီ။ ဓားရောင်မှာ နှစ်ဖက်၊ နှစ်လမ်း ခွဲထွက်သွားကာ “ဂျွတ်... ဂျွတ်” ဟူသော အသံနှစ်ချက် ထွက်ပေါ်လာ၏။
လှေငယ်၏ အရှေ့နှင့် အနောက်တွင် ချိတ်ဆက်ထားသော သံကြိုးများမှာ ဓားရောင်အောက်တွင် တိခနဲ ပြတ်တောက်သွားရတော့သည်။
ထိုလှေငယ်မှာ ကွင်းဆက်ထဲမှ လွတ်မြောက်သွားပြီး ရေစီးအတိုင်း အောက်ဘက်သို့ စတင် မျောပါသွားလေတော့၏။
“သူတို့ကို တားကြစမ်း”
ဒေါသတကြီး အော်ဟစ်သံများ ထွက်ပေါ်လာကာ ပတ်ဝန်းကျင် လှေများပေါ်မှ လူများ နိုးထလာကြပြီး ဆုမိုနှင့် ယန်ရှောင်ယွင်တို့ထံသို့ လျှို့ဝှက်လက်နက်များကို တရကြမ်း ပစ်လွှတ်လိုက်ကြသည်။
ဆုမိုက နောက်သို့ လှည့်ကြည့်ကာ ယန်ရှောင်ယွင်အား သူ၏ ကျောနောက်သို့ ဆွဲသွင်းလိုက်ရင်း ဓားရှည်ကို တစ်ချက် ဝှေ့ယမ်းလိုက်သည်။
“ခလွမ်... ခလွမ်... ဒုန်း... ချလွမ်”
ကောင်းကင်တစ်ခုလုံး ဖုံးလွှမ်းသွားသော လျှို့ဝှက်လက်နက်များမှာ ဆုမို၏ ဓားချက်အောက်တွင် ကာဆီးခြင်း ခံလိုက်ရပြီးနောက် သူက ဓားကို ဖျတ်ခနဲ ပြန်တောက်လိုက်ကာ -
“လက်ဆောင်တွေက များလွန်းလို့ အားနာစရာကြီးဗျာ... မင်းတို့ဆီပဲ ပြန်ပေးလိုက်တော့မယ်”
“ရွှီး... ရွှီး... ရွှီး”
မျက်စိတစ်မှိတ်အတွင်းမှာပင် လျှို့ဝှက်လက်နက်များမှာ လာရာလမ်းအတိုင်း နောက်ပြန်လှည့်သွားကာ ယခင်ထက် ပိုမိုမြန်ဆန် ပြင်းထန်သော အရှိန်ဖြင့် ပစ်မှတ်များဆီသို့ တိုးဝင်သွားတော့၏။ ခဏချင်းမှာပင် လူအများအပြား ဒဏ်ရာရကာ ရေထဲသို့ ဘုန်းဘုန်းလဲကျကုန်ကြသည်။
ကျန်ရှိနေသော လူအချို့က တိုက်ခိုက်ရန် ပြင်သော်လည်း ဆုမိုတို့၏ လှေငယ်မှာ အဝေးသို့ ရောက်ရှိသွားပြီ ဖြစ်သည်။
ထိုစဉ် လူတစ်ယောက်က သူ၏ ရင်ဘတ်ထဲမှ 'မီးအချက်ပေးဗုံး' ကို ထုတ်ယူကာ ကောင်းကင်ယံသို့ ပစ်လွှတ်လိုက်၏။ မီးခိုးတန်းတစ်ခု ကောင်းကင်သို့ တိုးဝင်သွားပြီးနောက် အလယ်ဗဟိုတွင် ပေါက်ကွဲသွားကာ ကြောက်မက်ဖွယ်ကောင်းသော
'ကျောက် နဂါး' ရုပ်ပုံအဖြစ် ပေါ်ထွက်လာတော့သည်။
“နဂါးနက် အချက်ပေးသံပဲ”
ယန်ရှောင်ယွင်က လှမ်းကြည့်ရင်း ဆုမိုအား ပြောလိုက်သည်။
“လမ်းပိတ်မယ့်လူတွေ လာတော့မယ်”
“တကယ်တော့ ဒါက တော်တော်လှတာပဲ”
ဆုမိုကမူ ကောင်းကင်မှ မီးရှူးမီးပန်းများကို ကြည့်ရင်း သဘောကျနေဟန်ဖြင့် ဆို၏။
“ဒီလောကမှာ လက်မှုပညာရှင်တွေ တော်တော်များသားပဲ၊ ဒီမီးရှူးမီးပန်းတွေကို ဒီလောက် လှအောင် ဘယ်လို လုပ်လိုက်တာပါလိမ့်”
“ဟင်...”
ယန်ရှောင်ယွင်မှာ ကြောင်သွားရသည်။ သူမအတွက်တော့ ဤအရာများသည် အလှအပနှင့် ဘာမျှမဆိုင်ဘဲ ဒုက္ခရောက်တော့မည့် အတိတ်နိမိတ်များသာ မဟုတ်ပါလော။
သို့သော် ဆုမို၏ စကားကြောင့် သူမ သေချာကြည့်လိုက်မိသည်။ တကယ်ပင် ခမ်းနားလှသော်လည်း ခဏချင်းမှာပင် ပျောက်ကွယ်သွားပြီး ညအမှောင်ထုက ပြန်လည် စိုးမိုးသွား၏။
“လှတော့ လှပါရဲ့... ဒါပေမယ့် ခဏလေးတင် ပျောက်သွားတာပဲ”
ယန်ရှောင်ယွင်က ခေါင်းကို ဖွဖွခါယမ်းလိုက်သည်။
“ခဏတာ အလှတရားဆိုတာ ရှားပါးလွန်းလို့ ပိုပြီး တန်ဖိုးရှိတာပေါ့”
ယန်ရှောင်ယွင်ကမူ ထိုအမြင်ကို သဘောမတူပေ။
“ခဏတာ အလှတရားက နောင်တပဲ ပေးနိုင်တာလေ။ လက်ထဲမှာ မြဲမြံစွာ ဆုပ်ကိုင်ထားနိုင်ပြီး အမြဲတည်တံ့နေမှသာ တကယ့် 'အေးချမ်းမှု' လို့ ခေါ်နိုင်မှာပေါ့”
ဆုမို မျက်တောင်တခတ်ခတ်ဖြင့် ယန်ရှောင်ယွင်အား နက်ရှိုင်းစွာ စိုက်ကြည့်နေမိသည်။
ယန်ရှောင်ယွင်က သူမ၏ မျက်နှာကို ပြန်စမ်းရင်း -
“ဘာဖြစ်လို့လဲ”
“ဘာမှ မဟုတ်ပါဘူး...အစ်မ ပြောတာ မှန်တယ်လို့ ခံစားလိုက်ရလို့ပါ”
“...”
ယန်ရှောင်ယွင် ဇဝေဇဝါ ဖြစ်နေစဉ်မှာပင် အဝေးမှ လှေကြီး (၃) စင်း ချဉ်းကပ်လာသည်ကို တွေ့လိုက်ရ၏။ ထိုလှေများ၏ ရွက်တိုင်ပေါ်တွင် 'နဂါးနက်' တံဆိပ်များကို ရေးဆွဲထားကြသည်။
လှေတစ်စင်းပေါ်မှ လူတစ်ယောက်က ကျယ်လောင်စွာ အော်ဟစ်လိုက်၏။
“ရှေ့က လမ်းသွားလမ်းလာ သူငယ်ချင်းက ဘယ်သူပါလိမ့်”
အတွင်းအားဖြင့် အော်လိုက်သော ထိုအသံမှာ မြစ်ပြင် တစ်ခုလုံး ပဲ့တင်ထပ်သွားတော့၏။
ဆုမိုက အားရပါးရ ရယ်မောလိုက်ရင်း သူ၏ အသံကိုလည်း ဟိန်းထွက်သွားစေလိုက်သည်။
“ကျောက်လုံအသင်းရဲ့ ကျော်ကြားမှုကို ကြားဖူးတာ ကြာပါပြီ... ဒီနေ့တော့ အထူးတလည် လာနှုတ်ဆက်တာပါ၊ သခင်ကြီး ကျူးကော့ လှေပေါ်မှာ ပါသလားဗျာ”
တစ်ဖက်လှေပေါ်တွင် ခေတ္တ တိတ်ဆိတ်သွားပြီးနောက် အသံပြန်ထွက်လာ၏။
“ကျုပ်တို့ရဲ့ သခင်ကြီးက တခြားကိစ္စတွေနဲ့ အလုပ်ရှုပ်နေလို့ ဒီမှာ မရှိဘူးဗျ၊ စကားပြောနေတဲ့သူက ဘယ်သူလဲဆိုတာ သိခွင့်ရမလား”