ယဉ်ကျေးစွာ ကြည့်ရှုပါ... ကျေးဇူးပြုပြီး အစာမကျွေးပါနဲ့
Vol. 53 Ch. 781
“ဟားဟားဟား... တော်ဝင်ပညာရှင်ကျန်းကတော့ လုပ်ချလိုက်ပြန်ပြီ။ စောင်းပြောတာကြီးက ရက်စက်လွန်းနေပြီဗျာ”
"အမေရိကန်ရေတပ်အဖွဲ့ : ခင်ဗျား ကျုပ်တို့ရဲ့ လူမှုလုံခြုံရေးနံပါတ်တွေကို တန်းစီပြောလိုက်တာကမှ ပိုကောင်းဦးမယ်။ ဒါက ရင်ဘတ်ထဲကို ဓားနဲ့ထိုးလိုက်သလိုပဲ”
"ဝါးပင်တွေ အလုခံလိုက်ရပြီဆိုတော့ ပန်ဒါတွေ ငတ်သေကုန်တော့မှာပဲ"
ကျန်းမုန့်လောင်က ထိုသို့ပြောရင်း အနည်းငယ် စိတ်အနှောင့်အယှက်ဖြစ်လာသည်။
“သူတို့ဘာသာ သေလမ်းရှာတာက တစ်ပိုင်းလေ။ ဒါပေမဲ့ နိုင်ငံအသီးသီးက ထိပ်တန်းသိပ္ပံပညာရှင်တွေပါ အလကားသက်သက် စတေးလိုက်ရတယ်။ သူများကိုပါ ဒုက္ခရောက်အောင်လုပ်လိုက်တာ မဟုတ်ဘူးလား။ အရည်အချင်းမရှိဘဲနဲ့ လက်ဆော့ချင်သေးတယ်"
“ငါတို့အမေရိကန်ရေတပ်က ပြိုင်ဘက်ကင်းတယ်ကွ။ ဂြိုဟ်သားကျူးကျော်သူတွေ ငါတို့နဲ့ ယှဉ်လို့မရဘူး။ စကြာဝဠာမျိုးနွယ်စုနဲ့ ပထမဆုံး ဆက်သွယ်နိုင်တဲ့နိုင်ငံက ငါတို့ပဲ ဖြစ်ရမယ်"
ကျန်းမုန့်လောင်က လှောင်ပြောင်သရော်လေဟန် လေသံဖြင့် ပြောလိုက်၏။
"သူတို့စိတ်ထဲမှာ ကိုယ့်အခြေအနေကိုယ်ရော သိရဲ့လားမသိဘူး။ မြေပဲစေ့လေးနှစ်စေ့လောက် ပိုစားခဲ့ရင်တောင် ဒီလောက် ဦးနှောက်မဲ့တဲ့အလုပ်မျိုး လုပ်ဖြစ်မှာ မဟုတ်ဘူး"
“အမေရိကန်ရေတပ်အဖွဲ့ကို အပျော်သဘောလောက်ပဲ ကြည့်ချင်တယ်ဆိုရင်တော့ ရပါတယ်။ ဒါပေမဲ့ ဂြိုလ်သားတိုက်ခိုက်မှုအစစ်ကို မြင်ချင်တယ်ဆိုရင်တော့ ငါတို့ဟွာရှားနိုင်ငံကိုပဲ ကြည့်ရမှာ”
“ဟားဟားဟား... မစ္စတာကျန်းက နှုတ်စလျှာစကောင်းလိုက်တာ"
ဤသည်မှာ တိုက်ရိုက်ထုတ်လွှင့်နေခြင်း ဖြစ်သော်လည်း သတင်းထောက်ခမျာ မျက်နှာပူနေခြင်း အလျဉ်းမရှိ။ သူတို့ဘက်က မရှက်လျှင် အရှက်ကွဲရမည့်သူများမှာ အမေရိကန်များသာ ဖြစ်၏။
ထို့ပြင် ကျန်းမုန့်လောင်က ထိုဂြိုဟ်သားကျူးကျော်သူများကို နှိမ်နင်းအောင်မြင်ခဲ့ပြီး လူသားမျိုးနွယ်ကို ကယ်တင်ပေးခဲ့သည်။ သူက ဟွာရှားလူမျိုးတစ်ဦးဖြစ်ပြီး သူတို့သည်လည်း ဟွာရှားလူမျိုးဖြစ်ရခြင်းအတွက် ဂုဏ်ယူမိသည်။ ယခုအချိန်တွင် သူတို့ စိုးရိမ်ထိတ်လန့်ခြင်း အလျဉ်းမရှိသည့်အပြင် ရယ်သွမ်းသွေးကာ ပျော်ရွှင်နေကြသည်။
ဤတိုက်ရိုက်ထုတ်လွှင့်မှုမှာ အမေရိကန်နိုင်ငံအပါအဝင် ကမ္ဘာပေါ်ရှိ နိုင်ငံအသီးသီးသို့ ပျံ့နှံ့ရောက်ရှိသွားတော့သည်။
အမေရိကန်ရေတပ်၏ အမြင့်ဆုံးစစ်ဦးစီးချုပ်မှာမူ ထိုအင်တာဗျူးအစီအစဉ်ကို ကြည့်ရင်း ဒေါသအမျက်ချောင်းချောင်းထွက်ကာ အံကြိတ်ထားမိတော့သည်။
သို့သော် သူ ဘာတတ်နိုင်မည်နည်း။ လောကကြီးက အောင်နိုင်သူကိုသာ အမြဲမျက်နှာသာပေးလေ့ရှိသည်။ ယခုအခါတွင်မူ သူတို့၏ အမေရိကန်ရေတပ်အဖွဲ့ခမျာ နှာခေါင်းရှုံ့စရာ ဖြစ်ခဲ့ရချေပြီ။
နောင်အနာဂတ်တွင် သူတို့၏ဓာတ်ပုံများကို နံရံထက်တွင် ချိတ်ဆွဲခံရမည်ဖြစ်ပြီး ကျောင်းသုံးစာအုပ်ထဲတွင်လည်း ရေးသားဖော်ပြခံရပေလိမ့်မည်။
ထိုကျောင်းသုံးစာအုပ်များထဲတွင် ဤအဖြစ်အပျက်မှာ လူသားများနှင့် စကြာဝဠာမျိုးနွယ်စု၏ ပထမဆုံးအကြိမ် ထိတွေ့မှုဖြစ်ကြောင်း၊ အမေရိကန်ရေတပ်တစ်ခုလုံး အပြတ်ချေမှုန်းခံခဲ့ရကြောင်းနှင့် သူသည် ထိုရေတပ်၏ စစ်ဦးစီးချုပ်ဖြစ်ကြောင်းတို့ကိုပါ ထည့်သွင်းဖော်ပြကြလိမ့်မည်။
“မစ္စတာကျန်း... ဒီဂြိုဟ်သားတွေကို ဘယ်လိုဆက်လုပ်ဖို့ စီစဉ်ထားပါသလဲ"
သတင်းထောက်က ဆက်လက်မေးမြန်းလိုက်၏။
"ဂြိုဟ်သားမျိုးနွယ်စုက လူဦးရေနှစ်သောင်းကျော်လောက် ရှိနေတာဆိုတော့ သေချာကိုင်တွယ်ဖြေရှင်းဖို့ လိုမယ်ထင်ပါတယ်”
“တစ်စိတ်တစ်ပိုင်းကိုတော့ နိုင်ငံတော်ကို လွှဲပေးဖို့ စိတ်ကူးထားတယ်"
ကျန်းမုန့်လောင်က ပြန်လည်ဖြေကြားလိုက်သည်။
"ကျန်တဲ့တစ်စိတ်တစ်ပိုင်းကိုတော့ တိရစ္ဆာန်ရုံထဲ ထည့်ထားလိုက်မယ်လေ... ဒါမှ လူတွေလည်း ဂြိုဟ်သားတွေနဲ့ နီးနီးကပ်ကပ် ထိတွေ့ခွင့်ရမှာပေါ့"
“ဒီနေရာမှာ ကြော်ငြာလေးတစ်ခုလောက် ဝင်ချင်ပါတယ်"
ကျန်းမုန့်လောင်က ကင်မရာရှေ့သို့ ကိုယ်ကိုကိုင်းကာ ပြောလိုက်၏။
"ကျန်းနန်မြို့ တောရိုင်းတိရစ္ဆာန်ဥယျာဉ်ကို ကျန်းနန်မြို့ဉာဏ်ရည်မြင့်သက်ရှိတိရစ္ဆာန်ရုံအဖြစ် တရားဝင်ပြောင်းလဲလိုက်ပါပြီ။ တိရစ္ဆာန်ရုံကို နောက်တစ်ပတ်ဆိုရင် ဖွင့်ပါတော့မယ်... အားလုံးပဲ လက်မှတ်ဝယ်ပြီး လာရောက်လည်ပတ်လို့ ရပါတယ်။ ရက်ပိုင်းအတွင်းမှာ အွန်လိုင်းကနေ ကြိုတင်စာရင်းပေးသွင်းတဲ့ စနစ်ကိုလည်း ဖွင့်ပေးပါ့မယ်”
"လခွမ်း... မိုက်လိုက်တာကွာ"
“ဂြိုဟ်သားတွေကို တိရစ္ဆာန်ရုံထဲ ထည့်ထားမယ်တဲ့လား။ ဟားဟားဟား... တကယ်ကို လေးစားစရာပဲဗျာ။ ဒီလိုဝှက်ဖဲမျိုး ချန်ထားမယ်လို့ ထင်မထားဘူး”
“တော်ဝင်ပညာရှင်ကျန်းရဲ့ ဉာဏ်နီဉာဏ်နက်တွေကတော့ ကုန်နိုင်ဖွယ်ကိုမရှိပေါင်... ဒါပေမဲ့ ဒီတစ်ကွက်ကိုတော့ ငါလည်း လုံးဝမတွေးမိလိုက်ဘူး”
“ဂြိုဟ်သားတွေကို သွားကြည့်ရင် ကြိုတင်ကာကွယ်ရမဲ့ အချက်တွေများ ရှိပါသလား”
“ဟုတ်သားပဲ... ငါတို့က ဂြိုဟ်သားတွေနဲ့ တစ်ခါမှမတွေ့ဖူးတော့ အန္တရာယ်ကင်းပါ့မလား"
ထိုနေရာရှိ ကင်မရာမှာ ပရိသတ်များ၏ တုံ့ပြန်မှုများကို သတင်းထောက်ထံသို့ ချက်ချင်းပေးပို့လိုက်သည်။
သတင်းထောက်ကလည်း ကျန်းမုန့်လောင်အား ချက်ချင်း မေးမြန်းလိုက်၏။
“မစ္စတာကျန်း... ကျွန်တော်တို့ မြင်တွေ့ရတဲ့အတိုင်း ဒီဂြိုဟ်သားတွေက အရမ်းအန္တရာယ်များပါတယ်။ သူတို့နဲ့ နီးနီးကပ်ကပ်နေတာက အန္တရာယ်မရှိနိုင်ဘူးလား”
“စိတ်မပူပါနဲ့"
ကျန်းမုန့်လောင်က အာမခံလိုက်သည်။
"လုံခြုံရေးပိုင်းကို ကျွန်တော်တို့ နှစ်ဆင့်ခံပြီး ပြင်ဆင်ထားပါတယ်။ တိရစ္ဆာန်ရုံထဲမှာ ၂၄နာရီကင်းလှည့်ဖို့ စီစဉ်ထားသလို ဒီဂြိုဟ်သားတွေကို ထိန်းချုပ်နိုင်မယ်လို့လည်း ယုံကြည်ချက်ရှိပါတယ်။ လာရောက်လည်ပတ်သူတွေအနေနဲ့ သူတို့နဲ့အတူ ဓာတ်ပုံရိုက်တာမျိုး... အပြန်အလှန် စနောက်တာမျိုးတောင် လုပ်လို့ရပါသေးတယ်"
“သတိထားသင့်တဲ့ တခြားအချက်တွေရော ရှိသေးလား။ အားလုံးက ဂြိုဟ်သားတွေနဲ့ နီးနီးကပ်ကပ် တွေ့ချင်နေကြတုန်းပဲလို့ ထင်ပါတယ်”
“ရှိပါတယ်"
ကျန်းမုန့်လောင်က ပြောလိုက်၏။
"တိရစ္ဆာန်ရုံမှာ ဓာတ်ပုံရိုက်တဲ့အခါ ယဉ်ကျေးစွာ ရိုက်ကူးပေးကြပါ။ ဖလက်ရှ်မီး အသုံးပြုတာကို တတ်နိုင်သမျှ ရှောင်ကြဉ်ပေးပြီး သူတို့ကို တွေ့ကရာ အစာတွေ မကျွေးကြပါနဲ့။ သူတို့ ကျွန်တော်တို့ရဲ့ အစားအစာတွေနဲ့ အသားမကျမှာ စိုးရိမ်လို့ပါ"
“ဟားဟားဟားဟားဟား။”
“အားလုံးအတွက် အနှစ်ချုပ်ပြောရရင်... ယဉ်ကျေးစွာ ကြည့်ရှုပါ... ကျေးဇူးပြုပြီး အစာမကျွေးပါနဲ့”
“ကယ်ကြပါဦး... ရယ်ရလွန်းလို့ အူတက်သေတော့မယ်”
“ပြောင်မြောက်လွန်းပါပေတယ်ဗျာ... ဟားဟားဟား... ကျန်းမုန့်လောင်... ခင်ဗျားက နတ်ဆိုးများလား။ တောင်းပန်ပါတယ်... လူလိုသူလိုလေးလည်း ပြုမူပါဦး”
“သူတို့ကို သတ်ပစ်လိုက်တာကမှ ပိုကောင်းဦးမယ်... ဒီလိုစော်ကားတာကြီးကျတော့ လွန်လွန်းသွားပြီ"
ကျန်းမုန့်လောင်ကမူ ဤကိစ္စနှင့်ပတ်သက်၍ မသင့်လျော်ဟု မခံစားမိချေ။ ရန်သူများမှာ ကမ္ဘာမြေကို ကျူးကျော်ရန် ရည်ရွယ်ချက်ဖြင့် ရောက်လာခြင်းဖြစ်လေရာ အကယ်၍ ယနေ့တွင် သူတို့သာ ရှုံးနိမ့်သွားခဲ့လျှင် ကမ္ဘာသူကမ္ဘာသားတို့၏ ကံကြမ္မာမှာ ယခုထက် အဆပေါင်းတစ်ရာမက ပိုမိုဆိုးရွားသွားလိမ့်မည်ဟု ယုံကြည်ထားသည်။
ယခုမူ သူတို့က စားစရာသောက်စရာများနှင့် နေစရာနေရာတစ်ခု ရထားပြီဖြစ်ရာ အလွန်ကောင်းမွန်သော ဆက်ဆံမှုတစ်ခုဟု ဆိုနိုင်သည်။
ကိုယ်ကျင့်တရားပိုင်းအရ ဝေဖန်ပြစ်တင်ခံရနိုင်သလားဆိုသည့် ကိစ္စနှင့်ပတ်သက်၍မူ ဝက်သားစားသူများက ခွေးသားစားသူများကို ပြစ်တင်ဝေဖန်နေသကဲ့သို့ပင်။ ဝက်ဖြစ်စေ၊ ခွေးဖြစ်စေ၊ လူဖြစ်စေ အားလုံးက အသားစားကြသည်ချည်းသာ။ အခြေခံကွာခြားချက်မှာ သိပ်မကြီးလှပေ။ အားလုံးက သက်ရှိများသာဖြစ်၏။
ထိုဂြိုဟ်သားများက ကမ္ဘာသူကမ္ဘာသားများကို ဝက်များ၊ ခွေးများ၊ ကျွဲနွားများ၊ သိုးများသဖွယ် သဘောထားကာ အနာဂတ်တွင် ကမ္ဘာမြေကို ဝယ်ယူမည့်သူများထံ ကျွန်ပြုခိုင်းစေရန် ရည်ရွယ်ခဲ့ကြသည်။ ထို့ကြောင့် ကျန်းမုန့်လောင်အနေနှင့် သူတို့ကို ထိုနည်းလမ်းထိုသဘောထားအတိုင်း ပြန်လည်ဆက်ဆံခြင်းကား မည်သည့်အမှားအယွင်းမှ မရှိချေ။
“ကဲ... ကျွန်တော့်မှာ လုပ်စရာကိစ္စလေးတွေ အများကြီးရှိသေးလို့... အားလုံးပဲ ကိုယ့်အလုပ်ကိုယ် ဆက်လုပ်ကြပါ”
စကားဆုံးသည်နှင့် ကျန်းမုန့်လောင်က ကောင်းကင်ယံသို့ တစ်ရှိန်ထိုး ပျံတက်သွားပြီး ကြော့ကြော့မော့မော့ ထွက်သွားလေတော့သည်။
“ပျံသွားပြီဟေ့... တော်ဝင်ပညာရှင်ကျန်း ပျံတက်သွားပြန်ပြီ”
“တော်ဝင်ပညာရှင်ကျန်းက ငါတို့ကို သိပ္ပံပညာကိုယုံကြည်ဖို့ တိုက်တွန်းခဲ့တာ မဟုတ်ဘူးလား"
“ဒါက ဘယ်လိုသဘောတရားအပေါ် အခြေခံထားတာလဲဆိုတာ ရှင်းပြနိုင်မဲ့လူရှိလား”
“ကျွန်တော်က တရုတ်သိပ္ပံအကယ်ဒမီ ပညာရှင်အဖွဲ့ကပါ... ကျွန်တော်လည်း ရှင်းမပြတတ်ပါဘူး"
...
ကျန်းမုန့်လောင် လုံရှားတပ်ဖွဲ့၏ အခြေစိုက်စခန်းသို့ ပြန်ရောက်သောအခါ လူတိုင်းက လက်ခုပ်သြဘာသံများဖြင့် ကြိုဆိုကြသည်။
“ဒီလိုကြီးမလုပ်ကြပါနဲ့ဗျာ... ရှက်စရာကြီး”
ကျန်းမုန့်လောင်က ခေါင်းတကုတ်ကုတ်ဖြင့် ရှက်ကိုးရှက်ကန်း ပြောလိုက်၏။
“မုန့်လောင်... မင်းက ဒီတစ်ခါတော့ လူသားမျိုးနွယ်ရဲ့ သူရဲကောင်းပဲကွ”
“ဟုတ်တယ်... ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးက ခုနကပဲ ဖုန်းဆက်တယ်... သုတေသနလုပ်ပြီးသွားရင် မင်းကို လူသားမျိုးနွယ်ရဲ့ ကာကွယ်စောင့်ရှောက်သူဆိုတဲ့ ဘွဲ့ထူးကို ချီးမြှင့်ဖို့ ကုလသမဂ္ဂက ဆုံးဖြတ်လိုက်ပြီတဲ့”
“တကယ်တော့ ဘာရယ်မဟုတ်ပါဘူး"
ကျန်းမုန့်လောင်က ပြောလိုက်သည်။
"ကိုယ့်အိမ်ထဲကို လက်နက်ကိုင်ပြီး လုယက်ဖျက်ဆီးဖို့ ဝင်လာမှတော့ တစ်ယောက်ယောက်က သူတို့ကို ရှင်းပစ်ရမှာပေါ့... မဟုတ်ဘူးလား"
“ဒါပေမဲ့ အခု အရမ်းအရေးကြီးတဲ့ သတင်းအချက်အလက်တစ်ခု ရထားတယ်”
ကျန်းမုန့်လောင်၏ မျက်နှာထားမှာ အလွန်အမင်း တည်ကြည်လေးနက်သွားတော့၏။
“ဒါက အဆင့်နှစ်မျိုးနွယ်စုကလာတဲ့ ယာဉ်ပျံတစ်စင်းပဲ... သူတို့ခေါင်းဆောင်ရဲ့ နာမည်က ဘိတ်ဇ်တဲ့... သူက သူ့ရဲ့မိခင်ဂြိုဟ်ဆီကို အကူအညီတောင်းတဲ့ အချက်ပြစနစ် ပို့လိုက်ပုံရတယ်”
“ပို့လိုက်တော့ရော ဘာဖြစ်လဲ မုန့်လောင်ရာ... မင်းက ဒီလောက်စွမ်းနေတာ... သူတို့ နောက်ထပ်အဖွဲ့တစ်ဖွဲ့ ထပ်လွှတ်လိုက်ရင်တောင် အသုံးဝင်မှာမဟုတ်ဘူး”
“ဟုတ်တယ်... သူတို့ လာချင်ရင်တောင် အနည်းဆုံး နှစ်နည်းနည်းတော့ ကြာဦးမှာပဲလေ။ ငါတို့ဘက်က အချိန်လုံလုံလောက်လောက် ရနေသရွေ့ နည်းပညာတွေ တစ်ရှိန်ထိုး တိုးတက်လာပြီးရင် သူတို့တပ်ဖွဲ့ကို ထိပ်တိုက်ရင်ဆိုင်နိုင်တော့မှာ”
“မဟုတ်ဘူး... ဒီတစ်ခါ အခြေအနေက မတူတော့ဘူး"
ကျန်းမုန့်လောင်က ပြောလိုက်၏။
"ဘိတ်ဇ်ပြောပုံအရဆိုရင် သူတို့ရဲ့ အဆင့်နှစ်မျိုးနွယ်စုက အဆင့်သုံးမျိုးနွယ်စုအရှင်သခင်တစ်ပါးရဲ့ လက်အောက်ခံဖြစ်နေတယ်။ အဆင့်သုံးမျိုးနွယ်စုရဲ့ အဓိက စစ်သင်္ဘောတွေကို လက်ရှိအချိန်မှာ တစ်စင်းနှစ်စင်းလောက်ပဲ ကိုင်တွယ်နိုင်ဖို့ ယုံကြည်ချက်ရှိတယ်။ တကယ်လို့များ တပ်တစ်ခုလုံး ရောက်လာခဲ့ရင်တော့ ကမ္ဘာမြေကို ကျွန်တော် ကာကွယ်နိုင်မှာ မဟုတ်ဘူး”
“သတင်းအချက်အလက် အပြည့်အစုံ ရထားရင်တောင်မှ နှစ်အနည်းငယ်အတွင်း ဒီလောက်ကြီးမားတဲ့ နည်းပညာတိုးတက်မှုမျိုး လုပ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး"
ကျန်းမုန့်လောင်က ပိုမိုလေးနက်စွာ ပြောလိုက်သည်။
"ပြီးတော့ သူတို့မှာ အဆင့်လေးနဲ့ အဆင့်ငါးလိုမျိုး ပိုအဆင့်မြင့်တဲ့မျိုးနွယ်စုတွေ မရှိဘူးလို့လည်း ကျွန်တော် အာမမခံနိုင်ဘူး”
ကျန်းမိသားစုရှိနေခြင်းကြောင့် ကမ္ဘာမြေမှာ အလွန်ထူးခြားနေကြောင်း၊ ထို့ကြောင့်လည်း အဆင့်မြင့်မျိုးနွယ်စုများ၏ စိတ်ဝင်စားမှုကို ဧကန်မုချ ဆွဲဆောင်နိုင်လိမ့်မည်ဖြစ်ကြောင်း သိရှိနားလည်ထားသည်။ ထို့ကြောင့် ယခုအချိန်တွင် ကမ္ဘာမြေက အလွန်အန္တရာယ်များသော အခြေအနေသို့ ဆိုက်ရောက်နေပြီ ဖြစ်၏။
“လက်ရှိအခြေအနေအတွက် အရေးပေါ်စီမံချက်တစ်ခု ချက်ချင်းဆွဲရမယ်လို့ ထင်တယ်"
ကျန်းမုန့်လောင်က ပြောလိုက်သည်။
"အနာဂတ်ရန်သူတွေက ဘယ်လိုပုံစံမျိုးလဲဆိုတာ ကျွန်တော်တို့ သိထားမှဖြစ်မယ်”
“ဒါဆိုရင် ဒီခေါင်းဆောင်ဘိတ်ဇ်ဆိုတဲ့လူနဲ့ အရင်တွေ့ဖို့ လိုလိမ့်မယ်"
မစ္စတာကျိုးက ပြောလိုက်သည်။
"သူက ခေါင်းဆောင်ဆိုတော့ ကိစ္စတော်တော်များများကို သိထားမှာပဲ"
“ကျွန်တော်လည်း အဲ့ဒီလိုပဲတွေးထားတယ်”
ကျန်းမုန့်လောင်က ပြောလိုက်၏။
“ဒါနဲ့ သူတို့ကို ဘယ်ကိုပို့လိုက်တာလဲ”
“တောရိုင်းတိရစ္ဆာန်ဥယျာဉ်လေ”
"???"