← Chapters

တကယ်တော့ ငါက စကြဝဠာအဆင့် သူဌေးသားကိုး

Vol. 53 Ch. 785

တကယ်တော့ ငါက စကြဝဠာအဆင့် သူဌေးသားကိုး

Vol. 53 Ch. 785

"မုန့်လောင်... မင်းပြောတာ ဘာအဓိပ္ပာယ်လဲ"

အားလုံး၏ မျက်လုံးများက ကျန်းမုန့်လောင်ဆီသို့ နောက်တစ်ကြိမ် စုပြုံရောက်လာကြပြန်သည်။

"ဘာအဓိပ္ပာယ်ရှိရမှာလဲ... လျှို့ဝှက်ဆန်းကြယ်တာတွေ လျှောက်ပြောနေတာနေမှာပေါ့"

အမေရိကတိုက်ဘက်ရှိ တစ်စုံတစ်ယောက်က ထူးဆန်းလေဟန်လေသံဖြင့် ပြောလိုက်၏။ ကျန်းမုန့်လောင်က အင်တာဗျူးတွင် သူတို့ကို အားနည်းပြီး ပြဿနာရှာဖို့သာတတ်သည်ဟု ပြင်းပြင်းထန်ထန် လှောင်ထားခဲ့ဖူးလေရာ သူတို့ဘက်ကလည်း ယဉ်ကျေးလိမ့်မည်ဟု မျှော်လင့်ထားလျှင် ထူးဆန်းနေပေလိမ့်မည်။

"ဒါပေါ့... လက်ရှိအခြေအနေက ငါတို့ရဲ့ ဖြေရှင်းနိုင်စွမ်းထက် ကျော်လွန်နေပြီဆိုတာ ရှင်းနေတာပဲ။ ငါတို့ရဲ့နည်းပညာတွေက နှစ်အနည်းငယ်အတွင်း အရှိန်အဟုန်နဲ့ တိုးတက်လာရင်တောင် အဆင့်သုံးမျိုးနွယ်စုတစ်ခုရဲ့ တပ်စုကို ယှဉ်နိုင်မှာ မဟုတ်သေးဘူး"

သူတို့အနေနှင့် အဆင့်သုံးမျိုးနွယ်စုတစ်ခုက မည်မျှအစွမ်းထက်ကြောင်း မသိကြသော်ငြား အဆင့်နှစ်မျိုးနွယ်စု၏ အာကာသယာဉ်တစ်စင်းကပင် ကမ္ဘာမြေ၏ စစ်ရေးအင်အားများကို အလွယ်တကူ ချေမှုန်းနိုင်ခဲ့ပေရာ အဆင့်သုံးမျိုးနွယ်စုဆိုလျှင် ပို၍ပင် ကြောက်မက်ဖွယ်ကောင်းနေလိမ့်မည်။

"ခင်ဗျားတို့ရဲ့အတွေးက သေးလွန်းတယ်"

ကျန်းမုန့်လောင်က စိတ်ဓာတ်ကျနေသော လူအုပ်ကြီးကို တစ်ချက်ဝေ့ကြည့်လိုက်သည်။

"ဒါက ခင်ဗျားတို့ရဲ့ဖြေရှင်းနိုင်စွမ်းထက် ကျော်လွန်နေတာ... ကျွန်တော့်အတွက် မဟုတ်ဘူး"

"မုန့်လောင်... မင်းမှာ နောက်ခံရှိတယ်လို့ ပြောတာက ဘာအဓိပ္ပာယ်လဲ"

"ဟုတ်တယ်... မင်းတို့မိသားစုက ဂြိုဟ်သားတွေနဲ့ အဆက်အသွယ်ရှိတယ်လို့တော့ မပြောနဲ့နော်"

ပြန်စဉ်းစားကြည့်လျှင်လည်း ထိုအရာက မဖြစ်နိုင်သည်တော့ မဟုတ်။

မည်သို့ပင်ဆိုစေကာမူ နှစ်တိုင်းလိုလို အမည်မသိယာဉ်ပျံဖြစ်ရပ်များစွာ ရှိနေတတ်လေရာ ဂြိုဟ်သားများရှိမရှိဆိုသည်ကို မည်သူကမျှ အတပ်မပြောနိုင်ပေ။

ထို့ပြင် ကျန်းမုန့်လောင်၏ မိသားစုမှာ အမြဲလျှို့ဝှက်သည်းဖိုဆန်လွန်းလှသည်။ ဖြစ်နိုင်သည်မှာ သူတို့ကိုယ်တိုင်က ကမ္ဘာမြေပေါ်တွင် ပုန်းအောင်းနေကြသည့် ဂြိုဟ်သားများ ဖြစ်ကောင်းဖြစ်နေနိုင်၏။ ဤထင်ကြေးမှာ အသစ်အဆန်းတော့ မဟုတ်ပေ။

"ကျွန်တော်လည်း ဒီကိစ္စကို သေချာမသိဘူး... အရင်မေးကြည့်ရဦးမယ်"

ထိုသို့ပြောပြီးနောက် ကျန်းမုန့်လောင်က အခန်းထဲမှ တစ်ယောက်တည်း ထွက်သွားသည်။

"သူ ဘယ်သွားတာလဲ။ ဘယ်သူ့ကို သွားမေးမှာလဲ"

"ဟုတ်သားပဲ"

တစ်စုံတစ်ယောက်က ရုတ်တရက်ဆိုသလို တစ်ခုခုကို သတိရသွားသည်။

"ခင်ဗျားတို့ဆီမှာ ကျန်းမုန့်လောင်ရဲ့မိသားစုနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေ ရှိလား"

"ငါတို့ အရင်က စုံစမ်းဖူးတယ်။ ဒါပေမဲ့ သူ့မိဘတွေ ဒါမှမဟုတ် တခြားဆွေမျိုးတွေနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေ ဘာတစ်ခုမှမရှိဘူး။ သူတို့ရဲ့ အချက်အလက်တွေအကုန်လုံး ဖျက်ဆီးခံထားရသလိုမျိုးပဲ"

"မင်းထင်တာက... သူက တကယ်ကြီး ဂြိုဟ်သားများ ဖြစ်နေမလား"

"သူက ဂြိုဟ်သားဖြစ်တော့ရော ဘာဖြစ်လဲ"

လောင်ကျိုးနှင့် အခြားသူများမှာ သက်ပြင်းချလိုက်ကြ၏။

"အခုချိန်မှာ ငါတို့ရဲ့မျှော်လင့်ချက်အားလုံးကို သူ့ဆီမှာပဲ ပုံအပ်ထားရတော့မှာ"

...

ဂြိုဟ်တာဝန်ခံကောင်စီမှ ထွက်လာပြီးနောက် ကျန်းမုန့်လောင်တစ်ယောက် ထူးရှယ်နတ်ဘုရားကျောင်းတော်ထဲသို့ တန်းတန်းမတ်မတ် ဝင်သွားလိုက်သည်။

"ကောထန်... ငါ့မိဘတွေကို ကိစ္စတစ်ခုလောက် မေးကြည့်ချင်လို့။ ငါ့ကို ချိတ်ဆက်ပေးပါဦး"

"ကမ္ဘာဖြတ်ကျော်ပြီး ချိတ်ဆက်မှုပြုလုပ်ရန်အတွက် ခွန်အားအမှတ်တစ်ရာကို နှုတ်ယူပါမယ်..."

"ချိတ်ဆက်မှု အောင်မြင်ပါတယ်"

သုံးဖက်မြင်ပုံရိပ်တစ်ခုက ကျန်းမုန့်လောင်၏ရှေ့တွင် ပေါ်လာပြီးနောက် သူ့မိဘများကို ပြသနေသည်။

သူတို့သည် မီးခိုးငွေ့များ ဖုံးလွှမ်းနေသော နေရာတစ်ခုတွင် ရှိနေကြပြီး မည်သည့်နေရာမှန်း ခွဲခြား၍မရပေ။

"အဖေ… အမေ... ဘယ်ရောက်နေကြတာလဲ"

ကျန်းမုန့်လောင်က မေးလိုက်သည်။

"သားရေ"

ကျန်းရှောင်ယွင်က အသံတိုးတိုးဖြင့် ပြောလိုက်သည်။

"အဖေတို့ အခု ဘယ်ရောက်နေမှန်းတော့ မသိဘူး။ ဒါပေမဲ့ ဒီနေရာက မသေမျိုးတွေနဲ့ ပြည့်နေတဲ့ပုံပဲ။ ဒဏ္ဍာရီလာကမ္ဘာတစ်ခုဖြစ်မယ်လို့ သံသယဖြစ်မိတယ်။ လွန်ခဲ့တဲ့နှစ်ရက်လောက်က ဇူးရက်စ်လို့ခေါ်တဲ့ ကောင်တစ်ကောင်ကို ဖမ်းမိလို့ ထူးရှယ်နတ်ဘုရားကျောင်းတော်ထဲ ပစ်ထည့်လိုက်တယ်။ သွားကြည့်လိုက်ဦးနော်"

"ဇူးရက်စ်... ဘုရားရေ... အဖေတို့က အနောက်တိုင်းပင်မနတ်ဘုရားတစ်ပါးကို ဖမ်းမိထားတာလား"

"အဲ့ဒီကောင်က တိုက်ခိုက်နိုင်စွမ်းရှိတယ်။ သူ့ရဲ့ သက်ရှိစွမ်းအားက ရှစ်ဆယ်ကျော်တယ်။ သူ့ကို သတိလစ်သွားအောင်လုပ်ဖို့ မင်းအမေနဲ့ အဖေ သုံးရက်လောက်ကြာသွားတယ်ကွ"

ကျန်းရှောင်ယွင်က ပြောလိုက်သည်။

"အခုလောလောဆယ်တော့ ဟုန်ကျွင်းလို့ခေါ်တဲ့ အဘိုးကြီးတစ်ယောက်ကို မျက်စိကျနေတာ။ လာမဲ့နှစ်ရက်အတွင်း သူ့ကို သတိလစ်အောင် လုပ်နိုင်မလားလို့ ကြည့်နေတုန်းပဲ"

ကျန်းမုန့်လောင်မှာ အခြားသတင်းများ မရလိုက်သော်လည်း အရေးကြီးသော အချက်အလက်တစ်ခုကိုမူ ရလိုက်သည်။ သူ့မိဘများက စွမ်းအင်ပမာဏရှစ်ဆယ်ကျော်ရှိသည့် ဇူးရက်စ်ကို ဖမ်းဆီးနိုင်ခဲ့ခြင်းပင်။ အာကာသမျိုးနွယ်စု၏ သက်ရှိအဆင့် သတ်မှတ်ချက်များအရဆိုလျှင် သူသည် အဆင့်ကိုးသက်ရှိဖြစ်၏။

ဆိုလိုသည်မှာ သူ့မိဘများက အနည်းဆုံး အဆင့်ကိုးသက်ရှိများ ဖြစ်နေမလား။

ကတ်ဇ်၏အဆိုအရ အဆင့်ငါးနှင့်အထက် သက်ရှိများမှာ ရှားပါးလှသည်ဟုဆိုလေရာ သူ့မိဘများမှာမူ ဧကန်မုချ နတ်ဘုရားများပင် ဖြစ်ကြ၏။

"ဒါနဲ့ သား.. အဖေတို့ကိုခေါ်တာ ဘာကိစ္စရှိလို့လဲ"

ကျန်းရှောင်ယွင်က မေးလိုက်သည်။

"အဖေနဲ့အမေ... အားကြလား။ ပြန်လာပြီး ပြဿနာတချို့ ကူဖြေရှင်းပေးလို့ရမလား"

ကျန်းမုန့်လောင်က မေးလိုက်၏။

"ယုံနိုင်ပါ့မလားတော့ မသိဘူး... ကမ္ဘာမြေကို ဂြိုဟ်သားတွေ ဝင်ရောက်ကျူးကျော်နေကြတယ်"

"ဒါပဲလား"

ကျန်းရှောင်ယွင်က ကျန်းမုန့်လောင်တစ်ယောက် ညစာအများကြီး စားမိလိုက်သည်ဟု ပြောလာသည့်နှယ် တည်ငြိမ်သော မျက်နှာထားဖြင့် တုံ့ပြန်လိုက်သည်။

ကမ္ဘာမြေ ကျူးကျော်ခံနေရခြင်းပင်။ ကမ္ဘာမြေသားများ မျိုးသုဉ်းရမည့် အဖြစ်သို့ ရောက်နေနိုင်၏။

"ဒါက လေးနက်တဲ့ကိစ္စမဟုတ်ဘူးလား"

"အဆင့်နှစ်နဲ့ အဆင့်သုံးမျိုးနွယ်စုလောက်လေးကို အဖေတို့ကိုယ်တိုင် ဖြေရှင်းပေးဖို့ လိုလို့လားကွာ။ မင်းအမေနဲ့ အဖေ့ရဲ့ အချိန်တွေက အရမ်းတန်ဖိုးရှိတာ။ အဲ့ဒီလို ကိစ္စမျိုးတွေနဲ့ အချိန်အကုန်ခံတာက အဖေတို့ရဲ့ဘဝကို အလဟဿဖြစ်စေတယ်"

"ဟင်"

"အဖေ အရင်က ပြောဖူးတယ်လေ။ အဖေတို့မိသားစု မဖြေရှင်းနိုင်တဲ့ကိစ္စဆိုတာ မရှိသလောက်ပဲ။ အဲ့ဒါက ကမ္ဘာမြေတင်မကဘူး။ အဖေတို့ရဲ့ သေးငယ်ပြီး ပျက်စီးနေတဲ့ စကြဝဠာလေးလည်းပါတယ်"

"သေးငယ်ပြီး... သေးငယ်ပြီး ပျက်စီးနေတဲ့ စကြဝဠာလား"

"မင်း မသိပါဘူးကွာ။ အဖေတို့ အဲ့ဒီစကြဝဠာက ထွက်လာပြီးမှပဲ အဲ့ဒီနေရာက အရမ်းသေးငယ်ပြီး အဆင့်နိမ့်မှန်း သိလိုက်ရတာ။ တခြားအဆင့်မြင့်မျိုးနွယ်စုတွေရှိတဲ့ စကြဝဠာတွေက ကြောက်စရာကောင်းတဲ့ အရာတွေကို ဖန်တီးနိုင်ကြတယ်။ ပြီးခဲ့တဲ့လတုန်းက..."

"ခဏနေဦး"

ကျန်းမုန့်လောင်မှာ အရေးကြီးသော သတင်းအချက်အလက်တစ်ခုကို ရိပ်မိသွားပုံရ၏။

"အဖေတို့ ကျွန်တော်တို့ဂြိုဟ်က တခြားမျိုးနွယ်စုတွေနဲ့ တွေ့ဖူးတာလား"

"ဒါပေါ့"

ကျန်းရှောင်ယွင်က ပြောလိုက်သည်။

"လွန်ခဲ့တဲ့ နှစ်ပေါင်းသုံးထောင်လောက်က ကျန်းခိုင်လို့ခေါ်တဲ့ အဖေတို့ရဲ့ဘိုးဘေးတစ်ယောက်က အလင်းနှစ်သန်းပေါင်းများစွာ ဝေးတဲ့နေရာက အဆင့်သုံးမျိုးနွယ်စုရဲ့ ဂြိုဟ်သားတစ်ယောက်နဲ့ တွေ့ခဲ့ဖူးတယ်။ နောက်တော့ အဖေတို့ဘိုးဘေးက သူ့ကို ခေါ်ထုတ်သွားပြီး ဘာမှလုပ်စရာမရှိတာနဲ့ စကြဝဠာထဲလျှောက်သွားပြီး ကစားနေခဲ့တာလေ"

"ဘာမှလုပ်စရာမရှိတာနဲ့တဲ့လား..."

ကျန်းမုန့်လောင် ဆွံ့အသွားရတော့သည်။ လူတစ်ယောက်က ဤမျှအထိ အားနေနိုင်သလား။

"သူ အပြင်မှာ လျှောက်လည်နေတာ နှစ်ပေါင်းနှစ်ထောင်သုံးထောင်လောက် ရှိတယ်လို့ ပြောတာပဲ။ သူငယ်ချင်းတော်တော်များများလည်း ရခဲ့သလို စီးပွားရေးလုပ်ငန်းတချို့ကိုလည်း အောင်မြင်အောင် လုပ်နိုင်ခဲ့တယ်တဲ့။ စကြဝဠာဘဏ်မှာ သူ့ပိုင်ဆိုင်မှုတွေ ရှိလောက်သေးတယ်။ အဖေ ငယ်ငယ်တုန်းက သူ့ကိုတွေ့ဖူးတယ်။ နောက်ပိုင်းကျတော့ သူက အပြိုင်စကြဝဠာတစ်ခုဆီကို သွားကစားမယ်ဆိုပြီး ထွက်သွားတာပဲ"

"ကိုယ်ပိုင်စီးပွားရေးလုပ်တယ်... ပိုင်ဆိုင်မှုတချို့ ရှိတယ်တဲ့လား"

ထိုစကားများက ကျန်းမုန့်လောင်၏စိတ်ကို နိုးကြားသွားစေသည်။

"သူ့ရဲ့ကွန်ရက်က အားကောင်းလား"

"အဆင်ပြေလောက်မှာပါ"

ကျန်းရှောင်ယွင်က မရေမရာပြန်ဖြေလိုက်၏။

"သူ့မှာ ပိုင်ဆိုင်မှုရှိတယ်ဆိုတာ ဘယ်လောက်လို့ပြောတာလဲ"

ကျန်းမုန့်လောင်က အတင်းမေးလိုက်သည်။ ကမ္ဘာမြေပေါ်တွင် ပိုင်ဆိုင်မှုသန်းအနည်းငယ် ရှိလျှင်ပင် ကောင်းလှပြီဟု ယူဆနိုင်သော်လည်း ထိုပမာဏက ကျန်းမုန့်လောင်၏ မုန့်ဖိုးလောက်ပင် မရှိပေ။

"သူကိုယ်တိုင် ပြောခဲ့တာပဲ။ မင်း ထူးရှယ်နတ်ဘုရားကျောင်းတော်ရဲ့ စီမံခန့်ခွဲသူကို သူ့ဘဏ်အကောင့်ထဲမှာ ဘယ်လောက်ရှိလဲလို့ မေးကြည့်လိုက်လေ။ အဖေတော့ တကယ်မသိဘူး။ မေးလည်း မမေးရဲပါဘူးကွာ"

"ပိုက်ဆံရှိရင် အရာရာက လွယ်သွားတာပေါ့"

ကျန်းမုန့်လောင်လည်း ရုတ်တရက်ဆိုသလို ယုံကြည်မှု ပိုရှိလာသည်။

"ကျွန်တော်တို့ကမ္ဘာမြေကို ဝယ်နိုင်လောက်တဲ့အထိ ရှိလား"

"အဲ့ဒါတော့ အဖေလည်း သေချာမသိဘူး။ မင်းရဲ့ဘိုးဘေးက ကြယ်ခြောက်ပွင့်အဆင့် အကောင့်တစ်ခုအကြောင်း ပြောဖူးတယ်။ အဖေက အဖေတို့ကမ္ဘာက အာကာသမျိုးနွယ်စုနဲ့ သိပ်မပတ်သက်ဖူးတော့ မင်း စကြဝဠာဘဏ်ကို ရောက်တဲ့အခါ စုံစမ်းကြည့်လိုက်ပေါ့။ ဒါပေမဲ့ စီးပွားရေးလုပ်လာတာ နှစ်ပေါင်းနှစ်ထောင်သုံးထောင်လောက် ရှိနေပြီဆိုတော့ ပိုက်ဆံအတော်အသင့်တော့ ရှိမှာပါ"

"ဟုတ်ကဲ့... သဘောပေါက်ပါပြီ"

ကျန်းမုန့်လောင်လည်း မိဘများနှင့် စကားအနည်းငယ် ထပ်ပြောပြီးနောက် ထူးရှယ်နတ်ဘုရားကျောင်းတော်ထဲက ထွက်လာခဲ့လိုက်သည်။

"ဘယ်သူကထင်မှာတုန်း... ငါက ကမ္ဘာမြေက သူဌေးသားဖြစ်ရုံတင်မကဘူး။ စကြဝဠာအဆင့် သူဌေးသားလည်း ဖြစ်နေတာကိုး။ ငါ့အတွက် အမွေတွေက စောင့်ကြိုနေပါလား"

ကျန်းမုန့်လောင်က မှောင်မိုက်နေသော ကြယ်တာရာကောင်းကင်ယံကို မော့ကြည့်လိုက်သည်။

"ကြည့်ရတာ ငါ အခုချက်ချင်း စကြဝဠာထဲကို ခရီးတစ်ခေါက်လောက် ထွက်ရတော့မယ့်ပုံပဲ"

ငွေရှိမှ ကမ္ဘာပတ်နိုင်သည်။ ဤနိယာမမှာ ကမ္ဘာမြေပေါ်တွင်သာမက အာကာသမျိုးနွယ်စုများအတွင်းမှာလည်း အလုပ်ဖြစ်လိမ့်မည်ဟု ကျန်းမုန့်လောင် ယုံကြည်သည်။

လုံလောက်သော ရန်ပုံငွေသာရှိလျှင် သူ့အနေနှင့် ကမ္ဘာမြေကို ဝယ်ယူပြီး ကမ္ဘာ့မြေ၏အရှင်သခင် ဖြစ်လာနိုင်သလို အာကာသမျိုးနွယ်စုတွင် အနည်းဆုံးတော့ သူ့ကိုယ်ပိုင်မျိုးနွယ်စုကို ​ပွင့်ပွင့်လင်းလင်းကာကွယ်ပေးနိုင်မည်ဖြစ်၏။

ထို့ပြင် အဆင့်ငါးမျိုးနွယ်စုအချို့ထံသို့ သွားရောက်ပြီး အဆင့်ငါးစစ်သင်္ဘောအစီးအနည်းငယ်ပင် ဝယ်ယူကောင်းဝယ်ယူနိုင်သည်။ ထိုအခါကျလျှင် ကတ်ဇ်၏ ကျောထောက်နောက်ခံ အဆင့်သုံးမျိုးနွယ်စုက သူ့ရှေ့တွင် ဆရာလာလုပ်ရဲလိမ့်မည်ဟု မယုံကြည်ပေ။

ထိုအချိန်ကျလျှင် ဘယ်သူက အရိုက်ခံရမလဲ။

သို့သော် သူ အပြင်ကို ဘယ်လိုထွက်ရမလဲ။

ကတ်ဇ်တို့အဖွဲ့ စီးလာခဲ့သည့် အာကာသယာဉ်မှာ ပျက်စီးနေပြီဖြစ်ပြီး စွမ်းအင်စနစ်ရှစ်ဆယ်ရာခိုင်နှုန်းကျော်မှာလည်း ပျက်စီးသွားခဲ့လေပြီ။

"ဟုတ်သားပဲ"

ကျန်းမုန့်လောင်မှာ ရေခဲပြင်ကတစ်ဆင့် မောင်းပြန်လာခဲ့သော အာကာသယာဉ်ကို ရုတ်တရက် သတိရလိုက်သည်။ ထိုအာကာသယာဉ်၏ စွမ်းအင်စနစ်မှာ မော်ဒယ်အနည်းငယ် ဟောင်းနေသော်လည်း ကောင်းမွန်နေဆဲပင်။ အကယ်၍ အာကာသယာဉ်နှစ်စင်းကို ပေါင်းစပ်ကာ အနည်းငယ် ပြုပြင်မွမ်းမံလိုက်လျှင် အလုပ်ဖြစ်သွားနိုင်လေမလား။

"ဘုရားရေ... အာကာသမျိုးနွယ်စုတွေဆီကိုသွားပြီး ကြွားလုံးထုတ်ရတော့မယ်ဆိုတဲ့ အတွေးက တော်တော်စိတ်လှုပ်ရှားဖို့ ကောင်းနေပါလား"

All Chapters