ကျောင်းအုပ်ကြီး.. ခင်ဗျားပုံစံက တောသားနဲ့တကယ်တူနေပြီ
Vol. 53 Ch. 786
"နင်က စကြဝဠာထဲက တခြားမျိုးနွယ်စုတွေဆီကို သွားမလို့လား"
ကျန်းမုန့်လောင်၏စကားကြောင့် လုရီယောင်ခမျာ အကြီးအကျယ် တုန်လှုပ်သွားရသည်။
"ဟုတ်တယ်"
ကျန်းမုန့်လောင်က ပြော၏။
"လူသားတွေရဲ့ လက်ရှိအခြေအနေအရ အချိန်တိုအတွင်းမှာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်စွမ်းရှိဖို့ဆိုတာ အရမ်းခက်တယ်။ ဒူရန့်မျိုးနွယ်စုရဲ့ နောက်ကွယ်က အဆင့်သုံးမျိုးနွယ်စုဘက်က တိုက်ခိုက်လာရင် ငါတို့ရဲ့ လက်ရှိစွမ်းရည်နဲ့ ပြန်တိုက်ဖို့ အင်အားမရှိနိုင်ဘူး"
"ဒါပေမဲ့ လူသားအားလုံးရဲ့ ကံကြမ္မာက နင်တစ်ယောက်တည်းရဲ့ ပခုံးပေါ်မှာ ဘာလို့ ရှိနေရမှာလဲ"
လုရီယောင်သည် သူ(မ)မှာ အမြင်ကျယ်သူမဟုတ်ကြောင်း ဝန်ခံလိုက်၏။ လူသားမျိုးနွယ်၏ ရှင်သန်ရပ်တည်ရေးက လူသားတိုင်းနှင့် သက်ဆိုင်သော ကိစ္စပင်။ ကျန်းမုန့်လောင်တစ်ယောက်တည်း ထမ်းပိုးထားရမည့်အရာ မဖြစ်သင့်ပေ။
လုရီယောင်အဖို့ စကြဝဠာကြီးမှာ ကြောက်မက်ဖွယ်ကောင်းသော နေရာတစ်ခုဖြစ်ပြီး ကျန်းမုန့်လောင် ထွက်သွားပါက ပြန်လာနိုင်မလားဆိုသည်ကိုပင် သူ(မ) မသိချေ။
"ရီရီ... တကယ်တော့ စကြဝဠာကြီးကို အဲ့လောက်ကြောက်စရာကောင်းတယ်လို့ မြင်စရာမလိုပါဘူး"
ကျန်းမုန့်လောင်က ပြောလိုက်သည်။
"အစတုန်းက ငါလည်း နည်းနည်းစိတ်ပူမိပါသေးတယ်။ ဒါပေမဲ့ ငါ့မိသားစုရဲ့အင်အားက ကမ္ဘာမြေတစ်ခုတည်းမှာပဲ ရှိတာမဟုတ်ဘူးဆိုတာ သိလိုက်ရတယ်"
လုရီယောင်ခမျာ ပါးစပ်အဟောင်းသားဖြစ်သွားရသည်။
"နင့်မိသားစုက ဟိုအာကာသမျိုးနွယ်စုတွေဆီမှာပါ ပိုင်ဆိုင်မှုတွေ ရှိတယ်လို့တော့ မပြောနဲ့နော်"
"မင်းထင်တာ မှန်တယ်"
ကျန်းမုန့်လောင်က ပြုံးစစဖြင့် ပြောလိုက်သည်။
"ငါ့ဘိုးဘေးတစ်ယောက်က စကြဝဠာထဲမှာ နှစ်ပေါင်းထောင်ချီ ကျင်လည်ခဲ့ပြီးတော့ ချမ်းသာကြွယ်ဝမှုတချို့ ရှိခဲ့ပုံရတယ်လို့ အဖေက ပြောပြတယ်။ တကယ်တော့ အာကာသလူ့အဖွဲ့အစည်းရဲ့ တည်ဆောက်ပုံက ကမ္ဘာမြေနဲ့ဆင်တူတယ်။ အကွာအဝေးနဲ့ အဆင့်အတန်းအတိုင်းအတာတွေအရ မရေမတွက်နိုင်အောင် ပိုကြီးသွားတာပဲရှိတာ"
"ဒါဆို ဒီတစ်ခေါက် နင် ဘာလုပ်ဖို့ စိတ်ကူးထားလဲ"
"ငါ့ဘိုးဘေး ချန်ထားခဲ့တဲ့ စကြဝဠာဘဏ်အကောင့်ထဲမှာ ပိုက်ဆံဘယ်လောက်ရှိလဲဆိုတာ အရင်သွားစစ်ချင်တယ်"
ကျန်းမုန့်လောင်က ပြောလိုက်၏။
"ပိုက်ဆံ သိပ်မရှိဘူးဆိုရင်တော့ ကမ္ဘာမြေကို ကာကွယ်ပေးဖို့ မိဘတွေကို အကူအညီတောင်းရုံကလွဲပြီး ရွေးချယ်စရာမရှိဘူးပေါ့။ ဒါပေမဲ့ ပိုက်ဆံသာ အများကြီးရှိရင်တော့ ငါ ကမ္ဘာမြေကိုဝယ်လိုက်မယ်။ အဆင့်ငါးမျိုးနွယ်စုရဲ့ တပ်စုနည်းနည်းလောက် ဝယ်ပြီး လာခေါ်မယ်။ ဒါမှမဟုတ် ကမ္ဘာမြေအတွက် သက်တော်စောင့်အဖြစ် အဆင့်ငါးမျိုးနွယ်စုနည်းနည်းလောက်ကို ငှားလိုက်မယ်လေ"
"နင့်စိတ်ကူးကလည်း ဆန်းကြယ်လိုက်တာနော်"
လုရီယောင်ခမျာ မရယ်ဘဲ မနေနိုင်တော့ပေ။
"အဆင့်ငါးမျိုးနွယ်စုတွေက ဘယ်လောက်စွမ်းအားကြီးလဲဆိုတာ မသိပေမဲ့ အဲ့ဒါတွေက ပိုက်ဆံနဲ့ တိုင်းတာလို့ရတဲ့အရာတွေ မဟုတ်လောက်ဘူး။ တကယ်လို့ ဝယ်လို့ရရင်တောင် ဘယ်လောက်ကုန်ကျမလဲ။ ကြည့်ရတာ အရမ်းစိတ်ကူးယဉ်ဆန်လွန်းနေသလိုပဲ"
"လောလောဆယ်တော့ စိတ်ကူးပဲရှိသေးတာပါ။ ပြီးတော့ ငါတို့က ထူးရှယ်နတ်ဘုရားကျောင်းတော်ကတစ်ဆင့် နေရာဒေသကန့်သတ်ချက်တွေကို စိတ်မပူဘဲ တွေ့လို့ရသားပဲ မဟုတ်လား"
ကျန်းမုန့်လောင်က ပြောလိုက်သည်။
"တကယ်လို့ ပျော်စရာကောင်းမယ်ဆိုရင် နောက်တစ်ခေါက်ကျရင် မင်းကိုပါ ခေါ်သွားမယ်လေ"
"ဒါဆိုရင် ဘေးကင်းကင်းနဲ့ ပြန်လာမယ်လို့ ကတိပေး"
လုရီယောင်က အလေးအနက်ထားပြီး ပြောလိုက်၏။
"စိတ်မပူပါနဲ့။ တကယ်လို့ ငါ အန္တရာယ်နဲ့ ကြုံရရင်တောင် ငါ့မိသားစုက ဒီတိုင်း ကြည့်နေမှာ မဟုတ်ပါဘူး"
ကျန်းမုန့်လောင်က ပြောလိုက်သည်။
"ငါ့ဘိုးဘေးတောင် ဟိုးအရင်တုန်းက အဆင်ပြေခဲ့တယ်ဆိုရင် ငါ့ကို နည်းနည်းပါးပါး စောင့်ရှောက်ပေးမဲ့ မိတ်ဆွေတချို့တော့ ရှိမှာပဲ မဟုတ်လား"
"ဒါပေမဲ့ ဒီခရီးစဉ်က ဘယ်လောက်ကြာမှာလဲ"
"အများဆုံး သုံးနှစ်ကနေ ငါးနှစ်လောက်ပေါ့"
ကျန်းမုန့်လောင်က ပြော၏။
"စကြဝဠာကြီးက ကျယ်ပေမဲ့ အာကာသယာဉ်မှာ အကွေ့အဝိုက်မောင်းနှင်မှုနည်းပညာ ပါပြီးသားလေ။ ပိုအဆင့်မြင့်တဲ့ မျိုးနွယ်စုတွေမှာဆိုရင် ပိုပြီးအဆင့်မြင့်တဲ့ သယ်ယူပို့ဆောင်ရေးနည်းလမ်းတွေတောင် ရှိနိုင်သေးတယ် (အချိန်နဲ့ နေရာအပေါ် သက်ရောက်မှုတွေနဲ့ ပတ်သက်တဲ့ နယူတန်ရဲ့ နိယာမတွေကိုတော့ မေ့ထားလိုက်)"
"သုံးနှစ်ကနေ ငါးနှစ်..."
လုရီယောင်၏ အမူအရာမှာ ရုတ်ခြည်းစိတ်ပျက်သွားဟန်ပေါက်လေသည်။
"နောက်နှစ်ရက်အတွင်း လိုအပ်တဲ့ လုပ်ထုံးလုပ်နည်းတွေ အကုန်လုပ်လိုက်ကြရင်ရော ဘယ်လိုလဲ"
ကျန်းမုန့်လောင်က ညစ်ကျယ်ကျယ်ပြုံးလိုက်သည်။ သူ့အသက်က မငယ်တော့ပေ။ သူ ပြန်ရောက်လာမည့် အချိန်ဆိုလျှင် အသက်သုံးဆယ်အရွယ် ရောက်နေလောက်ပြီဖြစ်၏။ မျိုးဆက်ပြန့်ပွားရေးကိစ္စကိုလည်း လျစ်လျူရှုထား၍ မဖြစ်ချေ။
"လိုအပ်တဲ့ လုပ်ထုံးလုပ်နည်းတွေလား"
"ဒီနေ့ ကားပေါ်တက်လိုက်။ မနက်ဖြန် လက်မှတ်ဝယ်ပေးမယ်"
"ဟေး... နင် ဘာလုပ်နေတာလဲ။ ငါတို့က အဆက်အသွယ် ပြတ်သွားမှာမှ မဟုတ်တာ။ ဘာလို့ အဲ့လောက်အလျင်လိုနေရတာလဲ"
...
နောက်နှစ်ရက်အကြာတွင် ကျန်းမုန့်လောင်နှင့် လုရီယောင်တို့ လက်ထပ်စာချုပ် ချုပ်ဆိုလိုက်ကြသည်။ သူပြန်လာသည့်အခါ လုရီယောင်ကို အခမ်းနားဆုံး မင်္ဂလာပွဲတစ်ခု ကျင်းပပေးမည်ဟုလည်း ကတိပေးခဲ့သေးသည်။ ထိုအရာအားလုံးမှာ ကမ္ဘာမြေ၏ တည်ငြိမ်မှုအပေါ် မူတည်လိမ့်မည်။
ကျန်းမုန့်လောင်တစ်ယောက် အာကာသယာဉ်နှစ်စင်း၏ အစိတ်အပိုင်းများကို ပေါင်းစပ်ခြင်းနှင့် ပြန်လည်ပြုပြင်ခြင်းများ ပြုလုပ်ရင်း တစ်ပတ်ခန့် အချိန်ကုန်ဆုံးခဲ့သည်။ ကတ်ဇ်၏ အာကာသယာဉ်မှာ ဆိုးဆိုးဝါးဝါးပျက်စီးနေသော်လည်း ထူးရှယ်နတ်ဘုရားကျောင်းတော်မှ သင်ယူခဲ့သော စွမ်းရည်များနှင့် မှန်ကန်သောပစ္စည်းကိရိယာများ ရှိနေသောကြောင့် ကျန်းမုန့်လောင်မှာ အစမှအဆုံးတိုင် သင်္ဘောတစ်စင်းကို တည်ဆောက်နိုင်သူဖြစ်လေရာ ပြုပြင်ခြင်းမှာ ဘာပြဿနာမှမရှိချေ။
သူ့လုပ်ရပ်များကို မည်သူကမျှ ကန့်ကွက်ခြင်း၊ အနှောင့်အယှက်ပေးခြင်း မရှိကြချေ။ အဘယ်ကြောင့်ဆိုသော် ကျန်းမုန့်လောင်က လူသားမျိုးနွယ်၏ တစ်ခုတည်းသော မျှော်လင့်ချက် ဖြစ်သောကြောင့်ပင်။
"ကောထန်... စနစ်တစ်ခုလုံးကို စစ်ဆေးပေး"
"ကျောင်းအုပ်ကြီး... အသက်ကယ်ထောက်ပံ့ရေးစနစ်ကို အပြည့်အဝ ပြန်လည်ကောင်းမွန်အောင် လုပ်ထားပြီးပါပြီ။ တွန်းကန်အားစနစ်ကိုလည်း ပြင်ဆင်ပြီးပါပြီ။ ဒါပေမဲ့ စွမ်းအင်ကတော့ မူရင်းရဲ့ရှစ်ဆယ့်ကိုးရာခိုင်နှုန်းအထိ ကျဆင်းသွားပါတယ်။ လက်နက်စနစ်ကို ဖြုတ်ပြီး ကာကွယ်ရေးစနစ်မှာတော့ အဆင့်နှစ်မျိုးနွယ်စုတစ်ခုရဲ့ အလယ်အလတ်စံချိန်မီတဲ့ လေးလံပြီးပေါ့ပါးတဲ့ကုန်ကြမ်းသံချပ်ကာ ခြောက်ဆယ့်ခုနစ်ရာခိုင်နှုန်း ရှိနေပါတယ်"
ကောထန်က တင်ပြလိုက်သည်။
"မဆိုးပါဘူး"
ကျန်းမုန့်လောင်က ပြုပြင်မွမ်းမံမှု၏ ရလဒ်များကို ကျေနပ်အားရနေသည်။
"ကောထန်... ဒီနားတစ်ဝိုက်မှာ အနီးဆုံး စကြဝဠာဘဏ်ရဲ့ အေတီအမ်စက်က ဘယ်နားမှာရှိလဲ"
ကျန်းမုန့်လောင်က မေးလိုက်၏။
"ကျောင်းအုပ်ကြီး... အေတီအမ်စက်တွေဆိုတာ ကမ္ဘာမြေရဲ့ပစ္စည်းတွေပါ... အဆင့်နှစ်မျိုးနွယ်စုနဲ့အထက် ဘယ်သူကများ အဲ့ဒါတွေသုံးမှာလဲ"
ကောထန်က ကျန်းမုန့်လောင်၏ ရိုးအပုံကို လှောင်လိုက်သည်။
"လက်ရှိ အာကာသမျိုးနွယ်စုတွေ အကုန်လုံးက တစ်ပြေးညီအွန်လိုင်းငွေကြေးစနစ်ကို သုံးကြတာ။ အဆင့်သုံးမျိုးနွယ်စုနဲ့အထက် အရှင်သခင်တွေရဲ့ ဂြိုဟ်တွေကလွဲရင် တကယ့်ဘဏ်အစစ်တွေက မရှိတော့ဘူး"
"ဒါဆို ဘယ်လိုလုပ်မလဲ။ ငါက အဆင့်သုံးမျိုးနွယ်စုတစ်ခုကို သွားရှာရမှာလား"
"ကမ္ဘာမြေနဲ့အနီးဆုံး အဆင့်သုံးမျိုးနွယ်စုဂြိုဟ်က အလင်းနှစ်သောင်းနဲ့ချီပြီး ဝေးတယ်။ ကျောင်းအုပ်ကြီးရဲ့ ဒီအာကာသယာဉ်အပျက်နဲ့ဆိုရင် အနည်းဆုံး ဆယ်စုနှစ်ချီပြီး ကြာပါလိမ့်မယ်။ ကျောင်းအုပ်ကြီး အဲ့ဒီကိုရောက်တဲ့အချိန်လောက်ဆိုရင် 'ပန်းဂေါ်ဖီ'တောင် အေးစက်လောက်ရောပေါ့"
"ဒါဆို ဘယ်လိုလုပ်ကြမလဲ။"
ကျန်းမုန့်လောင် စိတ်ပူပန်လာသည်။
"စိတ်မပူပါနဲ့ ကျောင်းအုပ်ကြီး... စကြဝဠာမဟာမိတ်အဖွဲ့ဝင် ဂြိုဟ်တစ်လုံးဖြစ်နေသရွေ့ အားလုံးနီးပါးက စကြဝဠာဘဏ်ရဲ့ ဗဟိုကွန်ရက်နဲ့ ချိတ်ဆက်နိုင်ပါတယ်။ ဗဟိုကွန်ရက်ကနေတစ်ဆင့် စကြဝဠာဘဏ်ကို တိုက်ရိုက်ဝင်ရောက်နိုင်ပြီး ဂြိုဟ်တိုင်းမှာ စကြဝဠာဘဏ်ကွန်ရက်ကို ဝင်ရောက်နိုင်တဲ့ အွန်လိုင်းဘဏ်ခွဲတွေ ရှိပါတယ်"
"ဒါဆိုရင် ကိစ္စမရှိဘူး"
ကျန်းမုန့်လောင်တစ်ယောက် သက်ပြင်းချလိုက်မိတော့သည်။
"ကျောင်းအုပ်ကြီးအနေနဲ့ ပိုအဆင့်မြင့်တဲ့ အဆင့်နှစ်မျိုးနွယ်စုတစ်ခုကို အရင်သွားလည်ပတ်ဖို့ အကြံပြုချင်ပါတယ်။ ဘာလို့လဲဆိုတော့ အဆင့်နှစ်မျိုးနွယ်စုတွေက အဆင့်တစ်မျိုးနွယ်စုတွေအတွက် ကုန်သွယ်ရေးနဲ့ ယဉ်ကျေးမှုဗဟိုချက်ပါ။ ကျောင်းအုပ်ကြီး ကံကောင်းရင် အဆင့်နှစ် မျိုးနွယ်စုက အရောင်းကိုယ်စားလှယ်တွေ ပြသထားတဲ့ အဆင့်လေးအရပ်ဘက်သုံး အာကာသယာဉ်ကိုတောင် ဝယ်ချင်ဝယ်နိုင်ပါလိမ့်မယ်"
"အနီးဆုံး အဆင့်နှစ်မျိုးနွယ်စုက ဒူရန်ဒိုမျိုးနွယ်စုလား"
ကျန်းမုန့်လောင်က ပြောလိုက်သည်။
"ငါမှတ်မိသလောက်ဆိုရင် ငါတို့နဲ့ အလင်းနှစ်တစ်ထောင့်ငါးရာလောက်ပဲ ဝေးတာနော်"
"ဟုတ်ပါတယ် ကျောင်းအုပ်ကြီး... ကျွန်တော့်ရဲ့မြေပုံအရဆိုရင် ကွေ့ဝိုက်မောင်းနှင်ရေးအင်ဂျင်ကို အမြင့်ဆုံးပါဝါတင်လိုက်မယ်ဆိုရင် ကမ္ဘာမြေကနေ အဲ့ဒီကိုရောက်ဖို့ တစ်လခွဲလောက် ကြာပါလိမ့်မယ်"
"မဖြစ်ဘူး"
ကျန်းမုန့်လောင်က ထိုအစီအစဉ်ကို ချက်ချင်းပယ်ချလိုက်၏။ သူ့အာကာသယာဉ်မှာ ဒူရန်ဒိုမျိုးနွယ်စု၏ အာကာသယာဉ်ကို ပြုပြင်မွမ်းမံထားခြင်းပင်။ အကယ်၍ သူ ထိုနေရာသို့ ရောက်သွားပြီး တစ်ဖက်လူများ မှတ်မိသွားလျှင် ပြဿနာတက်နိုင်သည်။
ကျန်းမုန့်လောင်က အာကာသမျိုးနွယ်စုဆီသို့ ပထမဆုံးအကြိမ် သွားရောက်လည်ပတ်ခြင်းဖြစ်လေရာ အနည်းငယ်သတိထားသင့်သည်ဟု တွေးလိုက်သည်။
"ကျွန်တော်လည်း အဲ့လိုပဲထင်တယ်"
ကောထန်ကလည်း ထောက်ခံသည်။
"အဲ့ဒါကြောင့် အလယ်အလတ်တန်းစား အဆင့်နှစ်မျိုးနွယ်စုတစ်ခုက ကျောင်းအုပ်ကြီးအတွက် အကောင်းဆုံးပစ်မှတ်ဖြစ်လိမ့်မယ်"
ကောထန်က ကြယ်တာရာမြေပုံပေါ်ရှိ ကြယ်တာရာစနစ်တစ်ခု၏ တည်နေရာကို မှတ်သားလိုက်၏။
"ဒူရန့်မျိုးနွယ်စုဆီကရတဲ့ အချက်အလက်တွေနဲ့ ကျွန်တော့်ရဲ့ဒေတာဘေ့စ်ကို အပ်ဒိတ်လုပ်ပြီးပါပြီ။ ဒီမျိုးနွယ်စုကို အိုင်ဇက်မျိုးနွယ်စုလို့ခေါ်ပြီး ကမ္ဘာမြေနဲ့ အလင်းနှစ် နှစ်ထောင့်လေးရာ ဝေးပါတယ်။ ဒူရန့်မျိုးနွယ်စုရဲ့အရပ်မျက်နှာနဲ့ ဆန့်ကျင်ဘက်ပါပဲ။ ဒီမျိုးနွယ်စုရဲ့ အမြင့်ဆုံးအဆင့်က အဆင့်လေးဖြစ်ပြီး သူတို့နဲ့ မကြာခဏဆိုသလို ကောင်းမွန်တဲ့ဆက်သွယ်မှုတွေ ရှိပါတယ်"
"အဲ့ဒီကို သွားကြမယ်"
ကွေ့ဝိုက်မောင်းနှင်မှုစနစ်၏ အမြင့်ဆုံးစွမ်းအင်အရ ထိုနေရာသို့ရောက်ရန် နှစ်လကျော်ကျော်ခန့် ကြာမြင့်မည်ဖြစ်၏။
ကမ္ဘာမြေရှိ လူများကို နှုတ်ဆက်ပြီးနောက် လူသားမျိုးနွယ်တစ်ရပ်လုံး၏ ရှင်သန်ပြန့်ပွားရေးအိမ်မက်ကို သယ်ဆောင်လျက် ကျန်းမုန့်လောင်တစ်ယောက် ပြုပြင်မွမ်းမံထားသော အာကာသယာဉ်ကို မောင်းနှင်ကာ ညနေခင်းတစ်ခု၏ ညကောင်းကင်ယံထဲသို့ တိုးဝင်ပျောက်ကွယ်သွားတော့သည်။
ကွေ့ဝိုက်မောင်းနှင်ရေးအင်ဂျင်က စတင်လည်ပတ်လာသည်။ ကျန်းမုန့်လောင်၏ ယာဉ်မှာ အမှန်တကယ် ရွေ့လျားသွားခြင်း မဟုတ်ဘဲ အာကာသဟင်းလင်းပြင်ကြီးကသာ မျဉ်းကွေးတစ်လျှောက် နေရာများ အဆက်မပြတ် ပြောင်းလဲသွားခြင်းဖြစ်ပြီး ယာဉ်အပြင်ဘက်ရှိ မြင်ကွင်းမှာမူ မယုံနိုင်လောက်အောင် ဆန်းကြယ်ပြီး အိမ်မက်ဆန်နေတော့သည်။
"ဘုရားရေ... အံ့သြစရာ မကောင်းလွန်းဘူးလား"
ကျန်းမုန့်လောင်က ပြတင်းပေါက်ကတစ်ဆင့် လှမ်းကြည့်ရင်း ပြောလိုက်သည်။ သူ့မျက်ဝန်းထဲတွင် အံ့သြမှင်သက်လေဟန် အရိပ်အယောင်များမှလွဲ၍ အခြားမရှိတော့ပေ။
"ကျောင်းအုပ်ကြီး... ကျောင်းအုပ်ကြီးက တောသားနဲ့ တကယ်တူနေပြီ။ အဆင့်မြင့်မျိုးနွယ်စုကိုရောက်ရင် ကျောင်းအုပ်ကြီး အထင်သေးခံရလိမ့်မယ်"
"ငါက တောသားပဲလေ"
ကျန်းမုန့်လောင်က ဂရုမစိုက်သလို ပြောလိုက်၏။
"ကွေ့ဝိုက်မောင်းနှင်ရေးအင်ဂျင် အမြန်ဆုံးနှုန်းနဲ့သွားမယ်။ ရှေ့ကို ချီတက်။ ဦးတည်ရာက အိုင်ဇက်မျိုးနွယ်စု"