← Chapters

ငမွဲကောင် ဖြစ်နေတာကိုး

Vol. 53 Ch. 787

ငမွဲကောင် ဖြစ်နေတာကိုး

Vol. 53 Ch. 787

နှစ်လကြာခရီးစဉ်မှာ ပျင်းစရာမကောင်းလှပေ။ အာကာသနှင့် အချိန်ကာလကို လျစ်လျူရှုနိုင်သည့် မြင့်မားသော အတိုင်းအတာဂုဏ်သတ္တိများရှိသည့် ထူးရှယ်နတ်ဘုရားကျောင်းတော်က ကျန်းမုန့်လောင်ကို စိတ်ကြိုက်ဝင်ထွက်ခွင့်ပြုထားသည်။ ကံမကောင်းစွာဖြင့် သူသည် ကမ္ဘာမြေသို့ ဝင်ရောက်ရန်အတွက် ထူးရှယ်နတ်ဘုရားကျောင်းတော်ကို အသုံးပြု၍မရပေ။ သို့မဟုတ်ပါက လိမ်လည်သလို ဖြစ်နေလိမ့်မည်။

ဤကာလအတွင်း ကျန်းမုန့်လောင်သည် ထျန်းယွမ်အဆင့်သို့ တရားဝင်ချိုးဖောက်ဝင်ရောက်နိုင်ခဲ့ပြီး စံချိန်မီအဆင့်လေးသက်ရှိ ဖြစ်လာခဲ့ချေပြီ။ ဤကဲ့သို့သော တည်ရှိမှုအဆင့်ဖြင့်ဆိုလျှင် အဆင့်နှစ် သို့မဟုတ် အဆင့်သုံးမျိုးနွယ်စုများတွင်ပင် လွတ်လပ်စွာ သွားလာလှုပ်ရှားနိုင်မည်ဖြစ်၏။

ဆက်သွယ်ပြောဆိုရာတွင် လွယ်ကူချောမွေ့စေရန်အတွက် စကြဝဠာမဟာမိတ်အဖွဲ့၏ အဖွဲ့ဝင်ဖြစ်သော မျိုးနွယ်စုအားလုံးနီးပါး အသုံးပြုကြသည့် စကြဝဠာသုံး ဘာသာစကားတစ်ခုကိုလည်း သင်ယူထားလိုက်သည်။

"ကျောင်းအုပ်ကြီး... ကျွန်တော်တို့ အိုင်ဇက်မျိုးနွယ်စုကို ရောက်တော့မယ်"

ကောထန်က အသိပေးလိုက်၏။

"အာကာသမျိုးနွယ်စုညီလာခံရဲ့ စည်းမျဉ်းတွေအရ ဘယ်အာကာသယာဉ်မဆို မျိုးနွယ်စုတွေနေထိုင်တဲ့ဂြိုဟ်နဲ့ အာကာသယူနစ်ဆယ်ယူနစ်အကွာကို ရောက်တာနဲ့ သာမန်တွန်းကန်အားစနစ်ကို ပြောင်းသုံးရမယ်။ တွင်းနက်တွေကို ဖြတ်သန်းသွားလာတာ၊ အရှိန်မြင့်မောင်းနှင်စနစ်တွေ သုံးတာမျိုး လုပ်လို့မရတော့ပါဘူး"

"ဟမ် ဘာဖြစ်လို့လဲ"

"ကျောင်းအုပ်ကြီး... စဉ်းစားကြည့်လေ။ တကယ်လို့ တပ်စုတစ်ခုက ဒီနည်းလမ်းကိုသုံးပြီး ကျောင်းအုပ်ကြီးတို့ရဲ့နယ်မြေအစွန်းနားမှာ ရုတ်တရက်ပေါ်လာမယ်ဆိုရင် အန္တရာယ်ကြီးတစ်ခု မဟုတ်ဘူးလား"

ကောထန်က ပြောလိုက်၏။

"အဲ့လိုလုပ်ရပ်မျိုးကို ကျူးကျော်ရန်စတဲ့ လုပ်ရပ်အဖြစ် သတ်မှတ်ကြပြီး အာကာသဥပဒေအရ တိုက်ရိုက်တိုက်ခိုက်ချေမှုန်းခံရနိုင်ပါတယ်"

"တော်တော်ပြင်းထန်တာပဲ"

"ဒါပေမဲ့ မျိုးနွယ်စုအများစုက သူတို့ပတ်ပတ်လည်မှာ အမြန်နှုန်းလျှော့ချရေး နယ်မြေတစ်ခု သတ်မှတ်ထားကြတယ်။ ဒီဧရိယာကို ဖြတ်သန်းသွားတဲ့ ဘယ်အာကာသယာဉ်မဆို အရှိန်မလျှော့ဘူးဆိုရင် ချက်ချင်းဖျက်ဆီးခံရမှာ"

"ငါ သဘောပေါက်ပြီ"

လေဟာနယ်တစ်ခုအတွင်း အလင်း၏အမြန်နှုန်းမှာ တစ်စက္ကန့်လျှင် ကီလိုမီတာသုံးသိန်းခန့်ရှိကြောင်း ကျန်းမုန့်လောင်သိထား၏။ အကယ်၍ ယာဉ်တစ်စင်းက အမြန်နှုန်းလျှော့ချရေးနယ်မြေအတွင်း သူ့အရှိန်ကို ဆက်ထိန်းထားမည်ဆိုပါက နယူတန်၏ နိယာမအရ အာကာသယာဉ်၏အလျင်မှာ ချက်ချင်းလျော့ကျသွားမည်ဖြစ်ပြီး အရှိန်ပြောင်းလဲမှုဒဏ်ကြောင့် အာကာသယာဉ်လည်း ကြေမွသွားပေလိမ့်မည်။

ယာဉ်၏ကိုယ်ထည်နှင့် တည်ဆောက်ထားသော ပစ္စည်းများက ထိုကဲ့သို့သော အရှိန်ပြောင်းလဲမှုကို ခံနိုင်ရည်ရှိအောင် မာကျောခိုင်ခံ့မှုမရှိရန် မဖြစ်နိုင်ပေ။ ဤအရာမှာ စကြဝဠာ သဘာဝတရား၏ နိယာမတစ်ခုပင်။

"အရှိန်မြင့်မောင်းနှင်စနစ်ကို ပိတ်ပြီး နျူကလီးယားလောင်စာ တွန်းကန်အားစနစ်ကို ပြောင်းလိုက်"

အာကာသယာဉ်မှာ တဖြည်းဖြည်း အရှိန်လျော့ကျလာပြီး ပြတင်းပေါက်အပြင်ဘက်ရှိ အရာအားလုံးမှာ နောက်တစ်ကြိမ် ပြန်လည်ရှင်းလင်းကာ ပုံမှန်ဖြစ်လာသည်။ ဧရာမအပြာရောင်ကြယ်ကြီးတစ်လုံးက သူ့ရှေ့၌ ပေါ်လာလေသည်။ အိုင်ဇက်မျိုးနွယ်စုက ဤကြယ်တာရာစနစ်၏ ပဉ္စမမြောက် ဂြိုဟ်ပေါ်တွင် တည်ရှိသည်။

"အာကာသယာဉ်တွေပဲ။ တခြားမျိုးနွယ်စုက အာကာသယာဉ်တွေလည်း ရှိတာပဲ"

ကျန်းမုန့်လောင်က သူ့ဘေးကဖြတ်သွားသော အခြားအာကာသယာဉ်များကို သတိထားမိလိုက်သည်။

"ဒါ ပုံမှန်ပဲ မဟုတ်ဘူးလား"

ကောထန်က မှတ်ချက်ချလိုက်၏။

"အိုင်ဇက်မျိုးနွယ်စုက အဆင့်နှစ်မျိုးနွယ်စုတစ်ခုဖြစ်ပြီး ပတ်ဝန်းကျင်က မျိုးနွယ်စုအားလုံးရဲ့ စီးပွားရေးဗဟိုချက်လေ... ကျောင်းအုပ်ကြီးတို့ဟွာရှားက ပေကျင်း၊ ရှန်ဟိုင်း၊ ကွမ်ကျိုးနဲ့ ရှင်းကျန်းတို့လိုပေါ့။ သူတို့ဆီမှာ ဖွံ့ဖြိုးပြီး သယ်ယူပို့ဆောင်ရေးစနစ်ရှိတာ ပုံမှန်ပါပဲ။ ပုံမှန်အခြေအနေမှာဆိုရင် ဒီလိုမျိုးနွယ်စုတွေမှာ သီးသန့် အာကာသဆိပ်ကမ်းတွေတောင် ရှိတယ်။ ဒါပေမဲ့ ဆိပ်ကမ်းခတွေကတော့ အရမ်းဈေးကြီးတာပေါ့"

"ကောထန်...အိုင်ဇက်မျိုးနွယ်စုနဲ့ ပတ်သက်တဲ့ အချက်အလက်တချို့ စုဆောင်းပေးပါဦး"

"အိုင်ဇက်မျိုးနွယ်စုရဲ့ကြယ်က ပထမတန်းစားကြယ်ဖြစ်ပြီး ဆီးရီးယပ်စ်ကြယ်နီးပါး အရွယ်အစားရှိပါတယ်။ သူတို့မိခင်ဂြိုဟ်ရဲ့ အချင်းဝက်က ကမ္ဘာမြေထက် ၈၁.၇၅ဆပိုကြီးပြီး ကျောင်းအုပ်ကြီးတို့ဂျူပီတာဂြိုဟ်ထက် ဆယ်ဆပိုကြီးပါတယ်။ ဒီဂြိုဟ်ပေါ်မှာ တစ်နှစ်က ကမ္ဘာမြေရဲ့လေးဆယ့်သုံးနှစ်နဲ့ညီမျှပြီး ကမ္ဘာမြေဆွဲအားထက် ၁.၄ဆ ရှိပါတယ်။ လေထုဖွဲ့စည်းပုံကတော့ ကမ္ဘာမြေနဲ့ ကိုးဆယ်ရာခိုင်နှုန်းကျော် တူညီပေမဲ့ အချိုးအစားပဲ ကွာခြားပါတယ်"

"ဒါဆို လူသားတွေနေထိုင်ဖို့ အရမ်းသင့်တော်တယ်ဆိုတဲ့သဘောပေါ့"

"အဲ့လိုပြောလို့ရပါတယ် ကျောင်းအုပ်ကြီး... ကျောင်းအုပ်ကြီးလို အဆင့်လေး သက်ရှိအနေနဲ့ဆိုရင် သက်ရှိနေထိုင်နိုင်တဲ့ ဘယ်ဂြိုဟ်ပေါ်မှာမဆို နေလို့ရပါတယ်။ သာမန်ကမ္ဘာမြေသားတစ်ယောက်သာ ဒီကိုလာမယ်ဆိုရင် အဆိုးဆုံးခံစားရနိုင်တာက အမြင့်ကြောက်ရောဂါလောက်ပါပဲ"

"မျှော်လင့်ချင်စရာ ကောင်းလာပြီပဲ"

မြင်ကွင်းထဲတွင် တဖြည်းဖြည်း ပိုကြီးလာသော ရေပြာရောင်ဂြိုဟ်ကြီးကို ကြည့်ရင်း ကျန်းမုန့်လောင်၏ရင်ထဲတွင် ဖော်ပြမရနိုင်သော စိတ်လှုပ်ရှားမှုများ နိုးထလာသလို ခံစားလိုက်ရသည်။

နျူကလီးယားပေါင်းစည်းတွန်းကန်အားစနစ်၏ မောင်းနှင်မှုအောက်တွင် ကျန်းမုန့်လောင်လည်း နောက်ဆုံးမှာတော့ အိုင်ဇက်မျိုးနွယ်စု၏ အာကာသဆိပ်ကမ်းသို့ ဖြည်းဖြည်းချင်း ရောက်ရှိလာခဲ့သည်။

သို့သော် ဆိပ်ကမ်းက အိုင်ဇက်ဂြိုဟ်ပေါ်တွင် တည်ရှိခြင်းမဟုတ်ဘဲ လအရံဂြိုဟ် နှစ်ဆယ့်ခုနစ်စင်းအနက် တစ်စင်းပေါ်တွင် တည်ဆောက်ထားခြင်းပင်။

ဂြိုဟ်တုအာကာသဆိပ်ကမ်း၏ လမ်းညွှန်ချက်များကို လိုက်နာရင်း ကျန်းမုန့်လောင်လည်း သူ့အာကာသယာဉ်ကို အနီးဆုံးလအရံဂြိုဟ်သို့ ဖြည်းဖြည်းချင်းဆိုက်ကပ်လိုက်သည်။ အမြင့်က စီးမိုးကြည့်လိုက်သော် ထိုနေရာတွင် အာကာသယာဉ်များ ပြည့်ကျပ်နေသည်ကို တွေ့လိုက်ရ၏။ အချို့က ကြီးမားပြီး အချို့က သေးငယ်ကြသည်။ အချို့မှာ အရပ်ဘက်သုံးဖြစ်ပြီး အခြားအရာများမှာ ဂြိုလ်ကြားကုမ္ပဏီများ၏ ကုန်တင်သင်္ဘောများ ဖြစ်ကြသည်။

ကျန်းမုန့်လောင်လည်း အာကာသယာဉ်ထဲမှ ထွက်လာလိုက်သည်။ ဂြိုဟ်ဆွဲအားပိုများခြင်းနှင့် အောက်ဆီဂျင်ပမာဏအနည်းငယ်နိမ့်ကျခြင်းတို့က သူ့ကို မသက်မသာမဖြစ်စေခဲ့ပေ။ ဆန့်ကျင်ဘက်အားဖြင့် ဤကဲ့သို့သော အဆင့်မြင့်မျိုးနွယ်စုတွင် ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများကို အပြည့်အဝဖြေရှင်းထားပြီးဖြစ်လေရာ လေထုမှာ ထူးကဲစွာ လတ်ဆတ်နေသယောင် ခံစားရစေသည်။

"လူကြီးမင်း... ကျေးဇူးပြုပြီး ဆိပ်ကမ်းခ ပေးဆောင်ပါ"

လျှပ်စစ်ကားနှင့် တူသော်လည်း လေထဲတွင် ပျံဝဲနေသော ယာဉ်တစ်စီးပေါ်ရှိ ယာဉ်မောင်းတစ်ယောက်က သူ့ဘေးတွင် ရုတ်တရက်လာရပ်သည်။ CGဂိမ်းထဲမှ နတ်သူငယ်နှင့်တူသော သက်ရှိတစ်ဦး ထိုယာဉ်ပေါ်တွင် ထိုင်နေလေ၏။

သူသည် အရပ်ရှည်ပြီး အလွန်အမင်း ချောမောခံ့ညားသော်လည်း ပိုက်ဆံကောက်ရန် ပါးစပ်ဟလိုက်သည့်ခဏမှာပင် ထိုပုံရိပ်ယောင်များ ပျက်စီးသွားရတော့သည်။

"ဘာဖြစ်တာလဲ။ ယာဉ်ရပ်ပြီးမှ ပိုက်ဆံကောက်ရမှာ မဟုတ်ဘူးလား"

ကျန်းမုန့်လောင်က စိတ်ရှုပ်ထွေးသွားဟန်ဖြင့် မေးလိုက်၏။ သူ ကားပါကင်ပေါင်းများစွာကို အသုံးပြုဖူးသော်လည်း အဆင့်အမြင့်ဆုံးနေရာများတွင်ပင် ယာဉ်မရပ်ခင် ပိုက်ဆံတောင်းခြင်းမျိုး တစ်ခါမှမကြုံဖူးချေ။

"ကျောင်းအုပ်ကြီး... ဒါက အာကာသယာဉ်လေ။ ကားမှ မဟုတ်တာ။ ဒီလောက်ကြီးတဲ့အရာကို ဘယ်နေရာမှာမဆို ရပ်လို့မှ မရတာ။ ပုံမှန်အားဖြင့်တော့ စပေါ်ငွေအရင်ကောက်ပြီး ပြန်ထွက်တဲ့အချိန်ကျမှ နှိမ်ပြီးရှင်းကြတာ"

"ဘယ်လောက်ကျမှာလဲ"

ကျန်းမုန့်လောင်က ဖုန်းထုတ်ရန် အိတ်ကပ်ထဲ လက်နှိုက်လိုက်မိသော်လည်း ရုတ်တရက် သတိဝင်လာသည်။

ဒီနေရာက ကမ္ဘာမြေ မဟုတ်ဘူးပဲ။

သူ့တွင် အမေရိကန်ဒေါ်လာ ထရီလီယံပေါင်းများစွာ ပိုင်ဆိုင်သော်လည်း ကမ္ဘာမြေနှင့် ဝေးရာတွင်မူ ထိုအရာများက ဘာမှအဓိပ္ပာယ်မရှိပေ။

ခရီးစဉ်၏ အဓိကရည်ရွယ်ချက်မှာ ပိုက်ဆံထုတ်ရန်ပင်။ ယခုမူ သူ ကိုးရိုးကားရား သတိထားလိုက်မိသည်မှာ ပထမတန်းသွန်ဆမ်ဝတ်စုံကို မြေကြီးပေါ်က ကုတ်ခြစ်ယူရတော့မည့်အလားပင်။

"လူကြီးမင်း... အိုင်ဇက်သလင်းကျောက်တစ်သောင်း ကျသင့်ပါတယ်။ Galactic creditနဲ့ ပေးချေမယ်ဆိုရင် တစ်ဆယ်ရာခိုင်နှုန်း လျှော့စျေးရပြီး လာနီယာကီငွေကြေးနဲ့ဆိုရင် နှစ်ဆယ်ရာခိုင်နှုန်း လျှော့စျေးရပါတယ်"

"အဲ့ဒါတွေက ဘာတွေလဲ"

ကျန်းမုန့်လောင်ခမျာ ထူးဆန်းလှသော ထိုငွေကြေးများကို နားမလည်နိုင်ဖြစ်နေပေသည်။

"အိုင်ဇက်သလင်းကျောက်ဆိုတာက အိုင်ဇက်မျိုးနွယ်စုတစ်ခုလုံးမှာ သုံးစွဲနေတဲ့ ငွေကြေးပါ"

ကောထန်က ရှင်းပြလိုက်သည်။

"Galactic creditsဆိုတာက လာနီယာကီဂလက်စီရဲ့ အစိတ်အပိုင်းဖြစ်တဲ့ နဂါးငွေ့တန်းထဲက အဆင့်သုံးမျိုးနွယ်စုနယ်မြေတွေမှာသုံးစွဲတဲ့ ငွေကြေးဖြစ်ပြီး လာနီယာကီငွေကြေးကတော့ ဒီမြို့မှာသုံးတဲ့ ငွေကြေးပါ"

"အဲ့ဒီထက်မြင့်တာ ရှိသေးလား"

ကျန်းမုန့်လောင်က တစ်ခါတည်း အကုန်မေးရန် ဆုံးဖြတ်လိုက်သည်။

"သေချာပေါက် ရှိတာပေါ့... Twin Whalesအာကာသအင်ပါယာက လာနီယာကီဂလက်စီတန်းတစ်ခုလုံးကို အုပ်ချုပ်ပြီး Twin Whalesငွေကြေးက သူတို့သုံးတဲ့ အမြင့်ဆုံးငွေကြေးလေ... "

ကောထန်က ဆက်ရှင်းပြသည်။

"ပြီးတော့ စကြဝဠာဒင်္ဂါးပြားလို့ခေါ်တဲ့ ထိပ်တန်းအဆင့်ငွေကြေးလည်း ရှိသေးတယ်။ အဲ့ဒါက စကြဝဠာအနှံ့ လက်ခံပေမဲ့ ဒီလိုနေရာမျိုးတွေမှာတော့ တွေ့ရခဲတယ်"

"သူတို့က အရမ်းအစွမ်းထက်လို့လား"

"သိပ်တော့မဟုတ်ပါဘူး။ မျိုးနွယ်စုအဆင့်တိုင်းရဲ့ ငွေကြေးတန်ဖိုးက အဆတစ်သောင်းလောက် ကွာခြားပေမဲ့ မြင့်မားတဲ့ ငွေကြေးတွေက နိမ့်ကျတဲ့မျိုးနွယ်စုတွေမှာ လည်ပတ်တာ ရှားတယ်လေ။ အဆင့်မြင့်ငွေကြေးကို အဆင့်နိမ့်ငွေကြေးနဲ့ လဲလှယ်မယ်ဆိုရင် ပုံမှန်အားဖြင့် မူရင်းပေါက်စျေးအပြင် တစ်ဆယ်ရာခိုင်နှုန်း ဒါမှမဟုတ် အဲ့ဒီထက်ပိုတဲ့ နှုန်းထားကို ရတတ်တယ်"

"ငါ သဘောပေါက်ပြီ"

ကျန်းမုန့်လောင်က ခေါင်းညိတ်ပြလိုက်၏။ သို့သော် မည်သည့်ငွေကြေးပင်ဖြစ်စေ သူ့တွင် တစ်ပြားတစ်ချပ်မှ မရှိပေ။

"ငါ ဟွာရှားငွေကြေးနဲ့ ပေးလို့ရမလား"

ထိုနှုန်းထားအရဆိုလျှင် ဟွာရှားငွေသန်းတစ်ရာလောက် ပေးလိုက်လျှင် အဆင်ပြေလောက်သည်။

"ဟွာရှားငွေကြေး။ အဲ့ဒါ ဘာငွေကြေးလဲ"

"ကျောင်းအုပ်ကြီး... တုံးလိုက်တာဗျာ"

ကောထန်က ဒေါသတကြီး အော်ငေါက်လိုက်သည်။

"ကျောင်းအုပ်ကြီးတို့ ကမ္ဘာမြေက မှတ်ပုံတင်ထားတဲ့ အာကာသမျိုးနွယ်စုတောင် မဟုတ်သေးဘဲနဲ့ ကျောင်းအုပ်ကြီးတို့ငွေကြေးက ဘာတန်ဖိုးရှိမှာလဲ။ ဆယ်သန်းလောက် တိုးပေးရင်တောင် ဘယ်သူမှ အသိအမှတ်ပြုမှာ မဟုတ်ဘူး"

"ဆောရီး... ငါက ဘဏ်မှာပိုက်ဆံလာထုတ်တာဆိုတော့ ဘာပိုက်ဆံမှ ပါမလာဘူး။ ငါပြန်တဲ့အချိန်ကျမှ ပေးလို့ရမလား"

ကျန်းမုန့်လောင်က ယဉ်ကျေးစွာ မေးလိုက်၏။ ပိုက်ဆံမရှိခြင်းက ရှေ့ဆက်တိုးရန် ဤမျှခက်စေလိမ့်မည်ဟု သူ လုံးဝ မတွေးမိခဲ့ချေ။

"စိတ်မကောင်းပါဘူး။ ဒီမှာ အဲ့လိုမူဝါဒမရှိပါဘူး"

အိုင်ဇက်မျိုးနွယ်စုမှ အခကြေးငွေကောက်ခံသူက ပြတ်ပြတ်သားသား ငြင်းပယ်လိုက်သည်။

"ဒီလို ခေတ်မမီတော့တဲ့ အာကာသယာဉ်မော်ဒယ်ကို မောင်းလာတာ မဆန်းပါဘူးလေ။ ကောက်ရလာတာလား။ ခိုးလာတာလား။ ငမွဲကောင်ဖြစ်နေတာကိုး”

All Chapters