မင်း သေချင်နေတာလား
Vol. 53 Ch. 788
"ဘာပြောလိုက်တယ်"
ဂိတ်ကြေးကောက်ခံသူ၏ အပြုအမူက ကျန်းမုန့်လောင်ကို ဒေါသအမျက်ချောင်းချောင်း ထွက်သွားစေသည်။
မိသားစုအမွေကို ဆက်ခံရရှိပြီးကတည်းက သူ့ကို ငမွဲကောင်ဟု တစ်စုံတစ်ယောက်က ခေါ်ခြင်းမှာ ယခုတစ်ခေါက်က ပထမဆုံးအကြိမ်ပင်။
"ပိုက်ဆံမရှိရင် မြန်မြန်ထွက်သွားတော့။ ငါတို့အိုင်ဇက်ဂြိုဟ်မှာ အာကာသယာဉ်ရပ်နားဖို့ နေရာအရမ်းရှားတယ်။ မင်းက ငါတို့ရဲ့ စီမံခန့်ခွဲမှုအစီအစဉ်တွေကို အနှောင့်အယှက် ပေးနေတာ"
"အင်အားချည့်နဲ့သွားတဲ့ကျားကို ခွေးဝိုင်းဆွဲနေသလိုပဲ"
ကျန်းမုန့်လောင်က ခါးသက်သက်အပြုံးတစ်ခုကို လှစ်ဟပြလိုက်၏။
"ဒါဆို ငါ့အာကာသယာဉ်ကို ဒီအတိုင်း ပစ်ထားခဲ့ရင်ရော ဘယ်လိုလဲ"
ဤသည်မှာ အဆင့်နှစ်မျိုးနွယ်စု၏ အာကာသယာဉ်တစ်စင်းသာ ဖြစ်၏။ ကျန်းမုန့်လောင်၏ဘိုးဘေးများ ဘဏ်အကောင့်ထဲမှာ ချန်ထားခဲ့သည့် ပိုက်ဆံသာများနေခဲ့လျှင် ပိုကောင်းသော အာကာသယာဉ်တစ်စင်းဝယ်ရန်မှာ ပြဿနာမဟုတ်ပေ။
"အာကာသယာဉ်ကို စွန့်ပစ်မှာလား"
ဂိတ်ကြေးကောက်ခံသူလည်း အံ့သြသွားပုံရ၏။ မော်ဒယ်ဟောင်းနေပုံပေါက်သော်လည်း အဆင့်နှစ်မျိုးနွယ်စု၏ အာကာသယာဉ်တစ်စင်း ဖြစ်နေဆဲပင်။ သတ္တုအပိုင်းအစအဖြစ် ရောင်းလျှင်ပင် အတော်အတန် စျေးရနိုင်သေးသည်။
လူတစ်ယောက်က ဘယ်လိုလုပ်ပြီး ဒီအတိုင်း စွန့်ပစ်နိုင်တာလဲ။
ဤလူမှာ ဆင်းရဲသည်ဟု ပြောရအောင်လည်း အာကာသယာဉ်တစ်စင်းကို သည်အတိုင်း စွန့်ပစ်နိုင်လောက်အောင် တတ်နိုင်နေပြန်သည်။ ချမ်းသာသည်ဟု ပြောရအောင်လည်း သင်္ဘောဆိုက်ရန် စပေါ်ငွေတောင် မတတ်နိုင်ပြန်ပေ။
"ငါ့ကို ကူညီတဲ့အနေနဲ့ မင်းပဲ ဝယ်လိုက်ပါ့လား။ စျေးပေါပေါနဲ့ ရောင်းပေးမယ်လေ"
ကျန်းမုန့်လောင်က ပြောလိုက်သည်။
ဤဂြိုဟ်ပေါ်တွင် အခြားကုန်ကျစရိတ်များ ရှိလာဦးမလားဆိုသည်ကို မည်သူသိနိုင်မည်နည်း။ အာကာသယာဉ်မှာ ယခုမူ သိပ်အသုံးမဝင်တော့သလို ဖြစ်နေသဖြင့် ရောင်းပစ်လိုက်ခြင်းကသာ ပိုကောင်းဦးမည်။
"ဒီလူက ရာဇဝတ်သားများ ဖြစ်နေမလား"
ဂိတ်ကြေးကောက်ခံသူခမျာ ကျန်းမုန့်လောင်၏ ကိုယ်ရေးရာဇဝင်ကို ရုတ်တရက် သံသဟဝင်သွားလေသည်။ သူ့ဝတ်စားဆင်ယင်ပုံမှာ အိုင်ဇက်မျိုးနွယ်စုက မဟုတ်မှန်း သိသာလှသည်။ အိုင်ဇက်မျိုးနွယ်စုအောက်တွင် အဆင့်တစ်မျိုးနွယ်စုပေါင်းများစွာ ရှိသော်လည်း ယခုလိုမျိုးနွယ်စုတော့ ရှိပုံမရချေ။
ထို့ပြင် ဤလူမှာ အာကာသမျိုးနွယ်စုနှင့် ပတ်သက်ပြီး ဘာမှနားမလည်သလို ဖြစ်နေပြီး သူ့အာကာသယာဉ်ကို ရောင်းရန်ပင် လောနေသေးသည်။ ကြည့်ရသည်မှာ အရာအားလုံးက သံသယဖြစ်ချင်စရာကောင်းနေချေသည်။
"လူကြီးမင်း... ခင်ဗျားရဲ့စကြဝဠာနိုင်ငံသားကတ်ပြား ပြဖို့လိုပါလိမ့်မယ်"
"အဲ့ဒါက ဘာကြီးလဲ"
ထိုအရာက ဘာလဲဆိုသည်ကို ကျန်းမုန့်လောင် ရိပ်မိသလောက်တော့ ရှိ၏။ မှတ်ပုံတင်နှင့်တူသောအရာ ဖြစ်လောက်သည်။ သို့သော် သူ့တွင် ထိုသို့သောအရာမျိုး မရှိပေ။
"ဆောရီး... မင်းပြောတဲ့ စကြဝဠာ နိုင်ငံသားကတ်ပြား ကျုပ်မှာမရှိဘူး။ ကိုယ့်ဂြိုဟ်ကနေ အပြင်ထွက်လာတာ ဒါပထမဆုံးအကြိမ်မို့လို့"
"အစောင့်တွေ... C2ဧရိယာမှာ မသင်္ကာစရာလူတစ်ယောက် ရောက်နေတယ်။ သူ့ရဲ့ နောက်ခံကို မသိရဘူး။ အိုင်ဇက်မျိုးနွယ်စုထဲကိုဝင်ဖို့ တခြားမျိုးနွယ်စုတစ်ခုက အာကာသယာဉ်ကို ပြန်ပေးဆွဲလာတဲ့ အဆင့်နိမ့်မျိုးနွယ်စုက သက်ရှိတစ်ကောင်လို့ သံသယရှိတယ်"
ကျန်းမုန့်လောင် ပြန်မပြောနိုင်ခင်မှာပင် ဂိတ်ကြေးကောက်ခံသူက အကူအညီလှမ်းခေါ်လိုက်လေပြီ။
မကြာခင်မှာပင် တောင့်တင်းကြံ့ခိုင်သော အစောင့်တစ်ဒါဇင်ခန့်က ကျန်းမုန့်လောင်ကို ချက်ချင်း ဝိုင်းရံလိုက်ကြသည်။ သူတို့က အိုင်ဇက်မျိုးနွယ်စု၏ ဒေသခံများဖြစ်ကြပြီး ဂိတ်ကြေးကောက်ခံသူနှင့် အလွန်တူညီကြသော်လည်း ကြွက်သားများက ပိုထင်းထွက်နေချေသည်။
"အဆင့်နှစ်သက်ရှိဆယ့်နှစ်ယောက်လား"
ကျန်းမုန့်လောင်က သူတို့ကို တစ်ချက်ကြည့်လိုက်ရုံဖြင့် ခန့်မှန်းခြေအင်အားကို သိလိုက်၏။ စွမ်းအင်ပမာဏ ဆယ့်ငါးယူနစ်သာ ရှိကြသည်။ သာမန်ဒဏ္ဍာရီအဆင့် ရှေးဟောင်းသိုင်းပညာရှင်များသာ၏။
"မင်းတို့ ဒါက ဘာသဘောလဲ"
ကျန်းမုန့်လောင်က ဂိတ်ကြေးကောက်ခံသူကို ကြည့်လိုက်သည်။
"ငါက ပိုက်ဆံထုတ်ဖို့ မင်းတို့မျိုးနွယ်စုထဲကို ဝင်ချင်ရုံသက်သက်ဟာကို"
"ခင်ဗျားရဲ့ကိုယ်ရေးအချက်အလက်က အရမ်းသံသယဖြစ်စရာ ကောင်းလွန်းတယ်။ ကျွန်တော်တို့ရဲ့ စစ်ဆေးမေးမြန်းမှုကို ပူးပေါင်းဆောင်ရွက်ဖို့ လိုလိမ့်မယ်။ တကယ်လို့ ခုခံမယ်ဆိုရင် ကျွန်တော်တို့ဘက်က အင်အားသုံးရလိမ့်မယ်"
"အင်အားသုံးမယ် ဟုတ်လား"
ကျန်းမုန့်လောင်က အေးစက်စက်ရယ်မောလိုက်သည်။ အဆင့်နှစ်မျိုးနွယ်စုဖြစ်သဖြင့် သူ တကယ်မကြောက်ပေ။ သူတို့အထက်တွင် အဆင့်သုံးမျိုးနွယ်စုရှိနေလျှင်ပင် သူကတော့ ဤနေရာကို ဇောက်ထိုးမိုးမျှော် ဖြစ်အောင်လုပ်ပြီး အာကာသယာဉ်တစ်စင်းကို ပြန်ပေးဆွဲကာ ထွက်ပြေးနိုင်သေးသည်။
ကျန်းမုန့်လောင်က သူ့ကိုယ်သူ အရှက်ရစေမည့် အလုပ်မျိုး ဘယ်သောအခါမှ လုပ်လေ့မရှိချေ။
"ငါ့ကို မင်းတို့ ဘယ်လိုအင်အားသုံးမလဲဆိုတာ ကြည့်ချင်သေးတယ်"
စွမ်းအင်သုံးဆယ်ယူနစ်ကျော်က သူ့ခန္ဓာကိုယ်အတွင်း ချက်ချင်းတိုးဝင်လာခဲ့သည်။
"ဘာတွေဖြစ်နေကြတာလဲ"
တင်းမာမှုများ အမြင့်ဆုံးရောက်နေချိန်တွင် အနီးအနားမှ အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာသည်။ အပြစ်ပြောစရာမရှိလောက်အောင် သန့်ရှင်းသပ်ရပ်နေသော အိုင်ဇက်မျိုးနွယ်စုဒေသခံ နောက်တစ်ယောက် ပေါ်လာလေသည်။ ထိုလူက အလွန်ငယ်ရွယ်ပုံရပြီး လက်အောက်ငယ်သား သို့မဟုတ် အစေခံများဟုထင်ရသော နာခံမှုရှိသည့် လူနှစ်ဦးကလည်း သူ့နောက်တွင် လိုက်ပါလာ၏။
"သခင်လေး..."
ထိုလူငယ်ကို မြင်လိုက်သည်နှင့် ဂိတ်ကြေးကောက်ခံသူက ရိုသေလေးစားသော အမူအရာကို ချက်ချင်းပြသလိုက်သည်။
"ဒီလူက အာကာသယာဉ်ရပ်နားဖို့ စပေါ်ငွေ မပေးနိုင်ပါဘူး။ ပြီးတော့ စာရွက်စာတမ်း အထောက်အထားလည်း မရှိဘူး။ စည်းမျဉ်းစည်းကမ်းတွေအရ စစ်ဆေးမေးမြန်းဖို့ သူ့ကို ထိန်းသိမ်းထားရမှာမို့လို့ပါ"
"စာရွက်စာတမ်း မရှိဘူးလား"
သခင်လေးဟုခေါ်သော ထိုလူ၏အကြည့်များက ကျန်းမုန့်လောင်အပေါ် ကျရောက်လာသည်။ ကျန်းမုန့်လောင်၏ အာကာသယာဉ်ကို မြင်လိုက်ရသောအခါ အံ့သြသွားလေဟန် အရိပ်အယောင်တစ်ခုက သူ့မျက်ဝန်းထဲတွင် ဖြတ်သန်းသွားသည်။
"သူ့အတွက် ယာဉ်ရပ်နားခစပေါ်ငွေကို ငါရှင်းပေးလိုက်မယ်။"
"သခင်လေး... ဒါက..."
"ဘာလဲ။ မင်းက ငါ့အမိန့်ကို ဖီဆန်ဖို့စဉ်းစားနေတာလား။ မင်းက ဆိပ်ကမ်းဂိတ်ကြေးကောက်တဲ့လူနော်။ ငါ့ကို မေးခွန်းထုတ်ရအောင် မင်းမှာ ဘာအရည်အချင်းရှိလို့လဲ"
အထက်လူကြီးတစ်ယောက်၏ အရှိန်အဝါက ထိုလူငယ်လေးထံမှ ဖြာထွက်လာ၏။
"ဒါပေမဲ့ စည်းမျဉ်းတွေအရ..."
"စည်းမျဉ်းတွေကို ငါ့အဖေ သတ်မှတ်ထားတာ။ တစ်ခုခုဖြစ်ရင် ငါတာဝန်ယူတယ်"
"ကဲ... ဒါဆိုလည်း ပြန်ဆုတ်ကြတာပေါ့"
ဂိတ်ကြေးကောက်ခံသူနှင့် အစောင့်များခမျာ ထွက်သွားရုံမှတစ်ပါး အခြားရွေးချယ်စရာမရှိတော့ပေ။ ဤဂြိုဟ်၏ ဒေသခံများအနေနှင့် သူတို့၏အလုပ်မှာ အစိုးရဝန်ထမ်းနှင့် တူညီပြီး သူတို့၏ လူမှုအဆင့်အတန်းမှာ အမှန်တကယ် မြင့်မားသည်။ သို့သော် ဤတစ်ယောက်ကိုတော့ သူတို့ ပြစ်မှား၍မရနိုင်ပေ။
"ကိုယ့်လူ... ကျေးဇူးအများကြီးတင်ပါတယ်"
ဤလူက သူ့ကို ဘာကြောင့် ကူညီပေးရသလဲဆိုသည်ကို မသိသော်ငြား ကျန်းမုန့်လောင်ကတော့ ကျေးဇူးတင်စကား ဆိုလိုက်သည်။
"မင်းက ဘာကောင်မို့လို့လဲ။ ငါတို့သခင်လေးကို 'ကိုယ့်လူ'လို့ခေါ်ရအောင် မင်းက တန်လို့လား"
ထိုလူငယ်လေး ဘာစကားမှမပြောနိုင်ခင်မှာပင် သူ့နောက်ရှိ လူကြီးတစ်ယောက်က အရင်ဦးအောင် ပြဿနာစရှာသည်။
"ပါးစပ်ပိတ်ထား။ မင်းကို ငါ စကားပြောခွင့်ပြုထားလို့လား"
ထိုလူငယ်လေးက အမိန့်တစ်ခွန်းတည်းဖြင့် သူ့လက်အောက်ငယ်သားကို တားဆီးလိုက်သည်။
"တောင်းပန်ပါတယ် ညီအစ်ကိုရေ... ကျွန်တော့်လူတွေကို သေချာမဆုံးမထားမိလို့ပါ"
တစ်ဖက်လူ၏ သဘောကောင်းပုံကို မြင်လိုက်ရသဖြင့် ကျန်းမုန့်လောင်လည်း ဖော်ရွေသော သဘောထားကို ပြသလိုက်သည်။ အထူးသဖြင့် ဤလူက သူ့ကို အကျပ်အတည်းထဲမှ ဆွဲထုတ်ပေးခဲ့ပြီး မကောင်းသောရည်ရွယ်ချက်လည်း ရှိပုံမရပေ။
"ကျွန်တော့်နာမည်က အိုင်းရင်းပါ...အိုင်ဇက်မျိုးနွယ်စုအရှင်သခင်ရဲ့ အငယ်ဆုံးသားပါ။ အစ်ကို့ကိုရော ဘယ်လိုခေါ်ရမလဲ"
"အရှင်သခင်ရဲ့သားလား"
ကျန်းမုန့်လောင် အနည်းငယ်အံ့သြသွားသည်။ စုစုပေါင်းလူဦးရေ အနည်းဆုံး ဘီလီယံရာချီရှိသော အဆင့်နှစ်မိခင်မျိုးနွယ်စုတစ်ခုအနေနှင့် ဤနေရာတွင် အရှင်သခင်၏ အငယ်ဆုံးသားနှင့် တွေ့ဆုံရခြင်းမှာ တိုက်ဆိုင်လွန်းလှသည်။ ထိုဂိတ်ကြေးကောက်ခံသူက ကြောင်ကိုမြင်သွားသော ကြွက်တစ်ကောင်လို ပြုမူသွားသည်မှာလည်း အံ့သြစရာတော့ မဟုတ်ပါချေ။
အာကာသမျိုးနွယ်စုများတွင် အများစုကို ဧကရာဇ်စနစ် သို့မဟုတ် အာဏာရှင်စနစ်များဖြင့် အုပ်ချုပ်ကြသည်။ အရှင်သခင်ဆိုသည်မှာ မျိုးနွယ်စုတစ်ခုလုံး၏ အရှင်သခင်ဖြစ်၏။ အဆင့်နှစ်မျိုးနွယ်စုတစ်ခု၏ အရှင်သခင်က သူတို့၏လက်အောက်ခံအဆင့်တစ်မျိုးနွယ်စုများ ပိုင်ဆိုင်သမျှ အရာအားလုံးကို ထိန်းချုပ်ထားနိုင်သည်။ ဤအဆင့်အတန်းမှာ စင်စစ်ထူးခြားလွန်းလှ၏။
အဆင့်နှစ်မျိုးနွယ်စု အရှင်သခင်တစ်ဦး၏ သားအနေနှင့် အဆင့်တစ်မျိုးနွယ်စုဂြိုဟ်ပေါင်းများစွာ၏ ပိုင်ဆိုင်မှုများ ရှိထားခြင်းမှာ ထူးဆန်းသောကိစ္စမဟုတ်ပေ။
"ငါ့နာမည်က ကျန်းမုန့်လောင်... ကမ္ဘာမြေကပါ"
"ကမ္ဘာမြေလား။ ငါတို့အိုင်ဇက်မျိုးနွယ်စုမှာ အဲ့လိုမျိုးနွယ်စုမျိုး မရှိပါဘူး"
"ငါက အလင်းနှစ်နှစ်ထောင့်လေးရာကျော်ဝေးတဲ့နေရာက အဆင့်တစ်မျိုးနွယ်စုတစ်ခုက လာခဲ့တာ။ ငါတို့မျိုးနွယ်စုက စကြဝဠာ မဟာမိတ်အဖွဲ့ကို မဝင်ရသေးဘူး"
"ဒါကြောင့်ကိုး"
အိုင်းရင်းက နားလည်သဘောပေါက်စွာ ခေါင်းညိတ်လိုက်၏။ ထို့ကြောင့်လည်း ကျန်းမုန့်လောင်က စကြဝဠာနိုင်ငံသားကတ်ပြားကို မထုတ်ပေးနိုင်ခြင်းပင်။ သူသည် ဝေးလံခေါင်ဖျားသောဒေသမှ စာရွက်စာတမ်းမဲ့နေထိုင်သူအစစ် ဖြစ်နေခြင်းပင်။
"ဘိုနီကာ... အစ်ကိုကျန်းမုန့်လောင်အတွက် စကြဝဠာနိုင်ငံသားမှတ်ပုံတင်လုပ်ဖို့ ငါ့အခွင့်အရေးကို သုံးလိုက်"
"ဟုတ်ကဲ့ပါ…. သခင်လေး"
"အစ်ကို... ဆက်သွယ်လို့ရမဲ့ နည်းလမ်းလေးများ ပေးလို့ရမလား။ ကျွန်တော် လူလွှတ်ပြီး အစ်ကို့ဆီကို စကြဝဠာနိုင်ငံသားကတ်ပြား လာပို့ခိုင်းလိုက်မယ်လေ"
"ဒါက..."
ကျန်းမုန့်လောင်လည်း ဆက်သွယ်ရန်လိပ်စာပေးချင်သည်။ တိုင်းတစ်ပါးတွင် မိတ်ဆွေများလေလေ လမ်းကြောင်းများလေလေပင်။ သို့သော်...
"ကျောင်းအုပ်ကြီး... အဲ့ဒါက ဉာဏ်ရည်တုရဲ့ အခြေခံလုပ်ဆောင်ချက်တစ်ခုပါ။ သူ့ကို ဒီဂဏန်းတွေ ပေးလိုက်ပါ"
ကောထန်၏ညွှန်ကြားချက်ဖြင့် ကျန်းမုန့်လောင်လည်း ကိန်းစဉ်တစ်တန်းကို ရွတ်ပြလိုက်သည်။
"ဟုတ်ကဲ့။ ဒါဆိုရင်လည်း ကံမကုန်ရင် ပြန်ဆုံကြတာပေါ့"
ထိုလူငယ်လေးက ကျန်းမုန့်လောင်ကို ဖမ်းဆီးထိန်းသိမ်းခြင်းမပြုဘဲ ဆက်သွယ်ရန်အချက်အလက်ကို ပြဿနာမရှိကြောင်း အတည်ပြုပြီးနောက် ပြုံးပြကာ ထွက်သွားတော့သည်။
"ထူးဆန်းတဲ့လူပဲ"
ကျန်းမုန့်လောင်က အိုင်းရင်းထွက်သွားပုံကို ကြည့်ပြီးနောက် အိုင်ဇက်မျိုးနွယ်စုထဲသို့ ဝင်ရောက်ရန် နည်းလမ်းကို စတင်ရှာဖွေလိုက်သည်။
...
"သခင်လေး... ဘာလို့..."
"ငါက စာရွက်စာတမ်းမဲ့နေထိုင်သူတစ်ယောက်ကို ဘာလို့ အဲဒီလောက်တောင် ကူညီပေးချင်နေရတာလဲလို့ မင်းမေးချင်နေတာလား"
"ဟုတ်ကဲ့... ကျွန်တော် နားမလည်လို့ပါ"
"ဟက်... သူ့ရဲ့စွမ်းအင်အဆင့်က အဆင့်လေးသက်ရှိအထိ ရောက်နေတယ်ဆိုတာကိုသာ မင်းသတိထားမိခဲ့ရင် ငါဘာလို့လုပ်ခဲ့လဲဆိုတာ သိမှာပါ"
"ဗျာ... အဆင့်လေးသက်ရှိလား"
သက်လတ်ပိုင်းအရွယ် အမျိုးသားခမျာ မှင်တက်သွားရှာသည်။ သူတို့မျိုးနွယ်စု၏ အရှင်သခင်ကိုယ်တိုင်ကပင် အဆင့်လေးသက်ရှိမျှသာ ရှိသည်။ အဆင့်နှစ်မျိုးနွယ်စုတစ်ခုလုံးတွင် အဆင့်လေးသက်ရှိဆိုသည်မှာ တစ်ဦးတည်းသာ ရှိ၏။ ၎င်းမှာ အရှင်သခင်ကိုယ်တိုင်ပင်။
"အဲ့ဒါကို မင်းကများ သူ့ကို ပြစ်မှားရဲတယ်ပေါ့။ မင်း သေချင်နေတာလား”