ငါ့ကို ပိုက်ဆံနည်းနည်း ချေး... နှစ်ဆပြန်ဆပ်ပါ့မယ်
Vol. 53 Ch. 789
"ကျောင်းအုပ်ကြီး ဟိုအရှင်ရဲ့ အငယ်ဆုံးသားက ခင်ဗျားကို သဘောကျနေပုံရတယ်"
"ငါ့ကို သဘောကျနေတယ် ဟုတ်လား"
ကျန်းမုန့်လောင် ကြောက်စိတ်ဝင်သွားသည်။
"အဲ့ဒီလိုသဘောမျိုး မဟုတ်ပါဘူး"
ကောထန်က စိတ်ပျက်လက်ပျက် လေသံဖြင့် ပြောလိုက်သည်။
"သူက ကျောင်းအုပ်ကြီးနဲ့ရင်းနှီးအောင် ကြိုးစားနေတာ"
"ဘာလို့ ငါနဲ့ရင်းနှီးအောင် ကြိုးစားတာလဲ"
ကျန်းမုန့်လောင်က စပ်စုချင်စိတ်ဖြင့် မေးလိုက်သည်။
"ငါက အခု တစ်ပြားမှမရှိတဲ့လူတစ်ယောက်လေ။ အာကာသယာဉ်ရပ်နားခတောင် မပေးနိုင်ဘူး"
"ကျောင်းအုပ်ကြီး... ခင်ဗျား ခုနက စွမ်းအားနည်းနည်းထုတ်ပြလိုက်တယ်လေ။ အဲဒါကို အိုင်းရင်း ခံစားမိသွားလို့နေမှာ"
ကောထန်က ပြောလိုက်သည်။
"အဲ့ဒါလေးတင်လား။ အဲ့ဒါကြောင့်နဲ့ သူက ငါနဲ့ ရင်းနှီးချင်နေတာလား"
"ကျောင်းအုပ်ကြီး... ခင်ဗျား မသိသေးလို့ပါ"
ကောထန်က ရှင်းပြသည်။
"အဆင့်နှစ်မျိုးနွယ်စုတစ်ခုရဲ့ အရှင်သခင်ဆိုတာတောင် အလွန်ဆုံး အဆင့်လေးသက်ရှိလောက်ပဲရှိတာပါ။ အခု ကျွန်တော်ရထားတဲ့ အချက်အလက်တွေအရ အိုင်ဇက်မျိုးနွယ်စုတစ်ခုလုံးမှာတောင် အဆင့်လေးသက်ရှိဆိုလို့ တစ်ယောက်တည်းရှိတယ်။ အဲ့ဒါက မျိုးနွယ်စုအရှင်သခင်ပါပဲ"
"အဲ့လောက်တောင် အားနည်းတာလား"
ကျန်းမုန့်လောင်က အထင်အမြင်သေးဟန် အကြည့်ဖြင့် ကြည့်လိုက်သည်။
ဒါက အဆင့်မြင့်မျိုးနွယ်စုတစ်ခုရော ဟုတ်ရဲ့လား...
"တော်ပါတော့ ကျောင်းအုပ်ကြီးရယ်။ မျိုးနွယ်စုတိုင်းက ခင်ဗျားတို့ကမ္ဘာလိုမျိုးလို့ ထင်နေတာလား"
ကောထန်က လှောင်ပြောင်လိုက်သည်။
"ထူးရှယ်နတ်ဘုရားကျောင်းတော်သာ မရှိရင် ကမ္ဘာပေါ်မှာ အသန်မာဆုံးလူတောင် အလွန်ဆုံး အဆင့်နှစ်သက်ရှိပဲ ရှိမှာ။ အဲ့ဒါက အဆင့်တစ်မျိုးနွယ်စုမှာ ရှိသင့်တဲ့ အဆင့်ပါပဲ"
"ငါ့ဘိုးဘေးတွေ သူတို့ကိုယ်ပိုင်အရည်အချင်းနဲ့ တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ နယ်မြေမှာ ငါက ဘာလို့နှိမ့်ချနေရမှာလဲ"
အိုင်ဇက်မျိုးနွယ်စု၏ ဂြိုဟ်ရံမှ သူတို့၏ မိခင်ဂြိုဟ်ဆီသို့ သယ်ယူပို့ဆောင်ရေးဘတ်စ်ကားများနှယ် အာကာသယာဉ်ကြီးများဖြင့် သွားလာရသည်။ အာကာသယာဉ် မြန်ဆန်ပြီး အလွန်တည်ငြိမ်သည်။ သွားလာခကိုလည်း ရပ်နားခထဲတွင် တစ်ခါတည်း ထည့်သွင်းထားပြီးသားပင်။ ကျန်းမုန့်လောင်မှာ အိုင်ဇက်မျိုးနွယ်စု၏ လေထုထဲသို့ ရောက်ရန် ဆယ်မိနစ်သာ ကြာလိုက်သည်။
ကျန်းမုန့်လောင်လည်း အထက်စီးကကြည့်ရင်း အဆင့်နှစ်မျိုးနွယ်စုက ဘယ်လိုမျိုးလဲဆိုသည်ကို ပထမဆုံးအကြိမ်အဖြစ် မြင်လိုက်ရသည်။
သိပ္ပံရုပ်ရှင်ထဲရှိ ဇာတ်ကွက်များက နည်းပညာအငွေ့အသက်များ ပြည့်နှက်နေသော ဤမြို့ကြီးထဲမှာ တကယ့်အစစ်အမှန်အတိုင်း ရှိနေကြသည်။ ရှုပ်ထွေးလှသော မိုးပျံရထားလမ်းစနစ်များ၊ သတ္တုရောင်တောက်နေသော မိုးမျှော်တိုက်ကြီးများနှင့် သူ တစ်ခါမှမမြင်ဖူးသော သွားလာရေး ယာဉ်များက ကျန်းမုန့်လောင်၏ အမြင်အာရုံကို ပြင်းပြင်းထန်ထန် ရိုက်ခတ်နေသည်။ လက်ရှိအချိန်တွင် "အမိုက်စားပဲ"ဟူသည့် စကားလုံးကလွဲ၍ တခြားဘာမှ မစဉ်းစားမိတော့ပေ။
"ကျောင်းအုပ်ကြီး...အဆင့်မြင့်မျိုးနွယ်စုရဲ့ ဂြိုဟ်အများစုမှာ စိတ်ကြိုက်ပျံသန်းသွားလာခွင့် မရှိဘူးနော်"
ကျန်းမုန့်လောင် ပျံတက်တော့မည့်အချိန်မှာ ကောထန်က ချက်ချင်းတားလိုက်သည်။
"ဒါဆို ငါက အဲ့ဒီကိုဘယ်လိုသွားရမှာလဲ"
ကျန်းမုန့်လောင် ကြောင်အသွားသည်။ ဤဂြိုဟ်ပေါ်မှာ အာကာသဘဏ်၏ လမ်းကြောင်းခွဲတစ်ခုသာ ရှိပြီး မြေပုံအရဆိုလျှင် ဂြိုဟ်တစ်ဖက်ခြမ်းတွင် ရှိနေခြင်းပင်။
"လျှပ်စစ်သံလိုက်ရထားပေါ့"
ကောထန်က ပြောလိုက်သည်။
"ကျွန်တော်တို့ရဲ့အပေါ်ဘက်က လမ်းကြောင်းတွေလေ။ ပုံမှန်အရှိန်နဲ့သွားရင် အလွန်ဆုံး တစ်နာရီ ဒါမှမဟုတ် နှစ်နာရီပဲ ကြာလိမ့်မယ်။ ကမ္ဘာပေါ်က မြေအောက်ရထားလို အဆင်ပြေတယ်"
"အံ့ဩစရာပဲ"
ကျန်းမုန့်လောင် ရေရွတ်လိုက်သည်။ တစ်နာရီနှစ်နာရီအတွင်း ဂြိုဟ်တစ်ဝက်လောက်ကို သွားနိုင်သော မြေအောက်ရထားမျိုး သူ တစ်ခါမှ မကြားဖူးပေ။ ထိုအချိန်အတိုင်းအတွင်းဆိုလျှင် သူ့အနေနှင့် ကျန်းနန်မြို့ရှိ ရထားလမ်းအမှတ်တစ်၏အစက အဆုံးအထိသာ သွားနိုင်မည်ဖြစ်၏။
"နေဦး။ ဘယ်သွားမလို့လဲ"
ကောထန် မေးလိုက်သည်။
"လျှပ်စစ်သံလိုက်ရထား သွားစီးမလို့ပေါ့ကွ"
"ကျောင်းအုပ်ကြီးမှာ ပိုက်ဆံရှိလို့လား။ ရထားစီးဖို့လေ။ အများသုံးသယ်ယူပို့ဆောင်ရေးမို့လို့ ဈေးသက်သာတယ်ဆိုပေမဲ့ ပိုက်ဆံတော့ ပေးရတယ်"
"ငါ့အမှားပါ"
ကျန်းမုန့်လောင်ခမျာ ဘာမှမရှိသော အိတ်ကို ပုတ်ကြည့်ရင်း ပိုက်ဆံက အဓိကဖြစ်ကြောင်း သိလိုက်ရသည်။ အကယ်၍ သူသာ လမ်းလျှောက်သွားရမည်ဆိုလျှင် ဆရာတော်ထန်စန်း၏ အနောက်အရပ်ခရီးစဉ်ထက် အဆပေါင်းများစွာ ပိုဝေးသွားလိမ့်မည်။
"ကျောင်းအုပ်ကြီး... ဒီလောက်အထိ လောနေစရာ မလိုပါဘူး"
ကောထန်က အကြံပြုလိုက်သည်။
"ခင်ဗျား ဘဏ်ကိုရောက်သွားရင်တောင် စကြဝဠာနိုင်ငံသားစိစစ်ရေးကတ် မရှိရင် ဘာမှလုပ်လို့ရမှာ မဟုတ်ဘူး။ ပြီးတော့ အထောက်အထားမရှိလို့ ဖမ်းတောင် အဖမ်းခံရနိုင်သေးတယ်။ ဒီတစ်ခါတော့ ဘယ်သူမှ လာအာမခံပေးမှာ မဟုတ်ဘူးနော်"
"တော်တော်အလုပ်ရှုပ်တာပဲ"
ကျန်းမုန့်လောင် စကားမပြောနိုင်လောက်အောင် ဖြစ်သွားလေသည်။ သို့ဆိုလျှင် စကြဝဠာနိုင်ငံသားကတ် မရမချင်း ဘာမှမလုပ်နိုင်ဘူးလား။
အိုင်းရင်းက သူ့အတွက် ဘယ်တော့လုပ်ပေးမလဲဆိုသည်ကို မည်သူသိနိုင်မည်နည်း။
"ငါ့ဘာသာငါ လုပ်လို့မရဘူးလား"
"စကြဝဠာမဟာမိတ်အဖွဲ့ဝင်မျိုးနွယ်စုတစ်ခုခုထဲမှာ မပါဘဲနဲ့ ဘယ်လိုလုပ်မှာလဲ"
"ဒီလောက်အဆင့်မြင့်တဲ့ စကြဝဠာမျိုးနွယ်စုကြီးတွေမှာ ကတ်အတုလုပ်ပေးတဲ့လူတွေ တစ်ယောက်မှမရှိဘူးလို့တော့ မပြောနဲ့နော်"
"ကျောင်းအုပ်ကြီး... စကြဝဠာမျိုးနွယ်စုတွေကို ကမ္ဘာ့စံနှုန်းတွေနဲ့ မတိုင်းတာပါနဲ့။ အရမ်းတုံးအသလို ဖြစ်နေလို့ပါ"
ကောထန်ခမျာ ပြင်ပလောကအကြောင်း ဘာမှမသိရှာသော ကျန်းမုန့်လောင်ကို သည်းမခံနိုင်တော့ပေ။
"ထားလိုက်ပါတော့။ ငါ ပိုက်ဆံရှာဖို့ နည်းလမ်းတစ်ခုခုပဲ စဉ်းစားရတော့မယ်"
ကျန်းမုန့်လောင် တစ်ကိုယ်တည်းရေရွတ်လိုက်သည်။
"ငါ့ရဲ့ အံ့မခန်းအရည်အချင်းတွေနဲ့ဆိုရင် စားဝတ်နေရေးအတွက်တော့ ဘာပြဿနာမှ ရှိမှာမဟုတ်ဘူး။ ဟုတ်တယ်မလား"
"ကျောင်းအုပ်ကြီး...ခင်ဗျားရဲ့ ဆေးဖော်စပ်တဲ့ပညာနဲ့ လက်နက်ကိရိယာသန့်စင်တဲ့ ပညာတွေက ဘယ်အဆင့်မြင့်မျိုးနွယ်စုမှာမဆို ထိပ်တန်းအရည်အချင်းရှိသူလို့ သတ်မှတ်ခံရမှာပါ။ ပြီးတော့ အဆင့်မြင့်ပညာရှင်လက်မှတ်တောင် ရနိုင်ပါသေးတယ်။ ဒါပေမဲ့ အဲ့ဒါတွေအားလုံးအတွက် ခင်ဗျားမှာ ခိုင်လုံတဲ့ အထောက်အထားရှိဖို့တော့ လိုအပ်ပါတယ်"
ကောထန်က ပြောလိုက်သည်။
"ခင်ဗျားရဲ့ လက်ရှိအခြေအနေအရဆိုရင် ပိုက်ဆံအမြန်ရမယ့်နည်းကို သုံးရလိမ့်မယ်"
"ပိုက်ဆံအမြန်ရမယ့်နည်း ဟုတ်လား"
ကျန်းမုန့်လောင်မှာ မရိုးသားသော အပြုံးမျိုး ပြုံးလိုက်သည်။
"ဘဏ်ကို ဓားပြတိုက်သလိုမျိုးလား"
"ဘဏ်ဓားပြတိုက်တာထက် ပိုမြန်တဲ့နည်းလမ်းတွေ ရှိပါသေးတယ်"
ကောထန်က ဆိုသည်။
"ကမ္ဘာပေါ်မှာ 'ကျောက်မျက်လောင်းကစား'ဆိုတာ ရှိတယ်မဟုတ်လား"
"ဒီလောက်အဆင့်မြင့်တဲ့ မျိုးနွယ်စုတွေမှာတောင် အဲ့ဒီလိုခေတ်နောက်ကျတဲ့ အလုပ်တွေ လုပ်နေကြသေးတာလား။ တကယ်ကြီးလား"
ကျန်းမုန့်လောင် နောက်ပြောင်လိုက်သည်။
"ဒီလိုအဆင့်မြင့်တဲ့ မျိုးနွယ်စုတွေက ဒီအသုံးမကျတဲ့ ကျောက်ခဲတွေကို ထိုးဖောက် မမြင်နိုင်ကြဘူးလား။ အဲ့ဒါဆိုရင်တော့ တော်တော်လေး အားနည်းတာပဲ"
"သဘောတရားကတော့ တူပါတယ်။ ဒါပေမဲ့ နည်းနည်းတော့ ကွာခြားတယ်"
ကောထန် ရှင်းပြသည်။
"စကြဝဠာမျိုးနွယ်စုတွေမှာ စိန်နဲ့ရွှေဆိုတာ တန်ဖိုးမရှိပါဘူး။ တကယ်တန်ဖိုးရှိတာက စွမ်းအင်သလင်းကျောက်တွေနဲ့ ရှားပါးသတ္တုတွေပါ။ အဲ့ဒါတွေကို သီးခြားသတ္တုရိုင်းတွေကတစ်ဆင့် သန့်စင်ထုတ်ယူရတာပါ။ စွမ်းအင်သလင်းကျောက်တွေဆိုရင်တော့ ဇီဒယ်လ်သတ္တုရိုင်းတစ်မျိုးထဲမှာ သဘာဝအတိုင်း ဖြစ်တည်နေတာပါ"
"စွမ်းအင်သလင်းကျောက်တွေ ဟုတ်လား"
"အဆင့်သုံးအောက် ဒါမှမဟုတ် ဆင်တူတဲ့ နည်းပညာထုတ်ကုန်တွေရှိတဲ့ မျိုးနွယ်စုတွေက သင်္ဘောတွေကို ဓာတုလောင်စာ ဒါမှမဟုတ် တခြားစွမ်းအင်ပုံစံတွေနဲ့ မောင်းနှင်ကြပါတယ်။ ဒါပေမဲ့ အဆင့်သုံးနဲ့အထက် မျိုးနွယ်စုတွေကတော့ ယာဉ်တွေကို စွမ်းအင်သလင်းကျောက်တွေနဲ့ မောင်းနှင်ပါတယ်။ ပြီးတော့ စွမ်းအင်သလင်းကျောက်တွေကို စွမ်းအင်အရင်းအမြစ်အဖြစ် သုံးရုံတင်မကဘဲ သက်ရှိရဲ့အဆင့်အတန်းကို မြှင့်တင်ဖို့အတွက်လည်း သုံးနိုင်ပါသေးတယ်"
"ဝိုး... တော်တော်အစွမ်းထက်တာပဲ"
ကျန်းမုန့်လောင်က ပြောလိုက်သည်။ သူသည် သိပ္ပံစိတ်ကူးယဉ်ဝတ္ထုတော်တော်များများကို ဖတ်ဖူးသောကြောင့် ဤအရာများက ဘာလဲဆိုသည်ကို အကြမ်းဖျင်းသိရှိထားသည်။
"ဒါပေမဲ့ ဇီဒယ်လ်သတ္တုရိုင်းက အရမ်းထူးခြားတယ်။ အဲ့ဒါက စကြဝဠာအစပြု ပေါက်ကွဲမှုဖြစ်စဉ်အတွင်း မြင့်မားတဲ့ အပူချိန်နဲ့ ဖိအားအောက်မှာ ဖြစ်ပေါ်လာတဲ့ ထွက်ကုန်တစ်ခုပါ။ အဲ့ဒီခေတ်ကာလတုန်းက ဖုန်မှုန့်လွှာတွေ ပါဝင်နေတာကြောင့် လျှပ်စစ်သံလိုက်လှိုင်း ထောက်လှမ်းမှု အားလုံးနီးပါးကို ပိတ်ဆို့ထားနိုင်ပါတယ်။ ဘယ်နည်းပညာနဲ့မှ အထဲမှာ စကြာဝဌာသလင်းကျောက်ရှိမရှိဆိုတာကို မမြင်နိုင်ပါဘူး"
"ဒီတော့ ဘာဖြစ်လဲ။ ငါ့မှာ စွမ်းအားတွေ ရှိလို့လား။ ငါလည်း ဒီအရာတွေကို နားမလည်ဘူး"
ကျန်းမုန့်လောင်က ပြန်ပြောလိုက်၏။
"ဒါပေမဲ့ ကျောင်းအုပ်ကြီးမှာ အဲဒီလို ထူးခြားတဲ့စွမ်းအားမျိုး ရှိတယ်လေ"
ကောထန်က ပြောလိုက်သည်။
"အူချီဟာ အီတာ့ချိဆီက ရှာရင်ဂန်ကို သင်ထားတယ်မလား။ ချက္ကရာဆိုတာက အခြေခံအားဖြင့် စွမ်းအင်တစ်မျိုးပဲလေ။ အဲဒါက ကျောင်းအုပ်ကြီးကို အရာရာတိုင်းရဲ့ အနှစ်သာရကို ဖောက်ထွင်းမြင်နိုင်စွမ်းမျိုးကို ပေးစွမ်းနိုင်တယ်။ အဲဒါကြောင့် ဒီဖုန်တိမ်တိုက်တွေကိုလည်း ဖောက်ထွင်းပြီး မြင်နိုင်တာပေါ့"
"တကယ်ကြီးလား"
ထိုစကားကို ကြားသည်နှင့် ကျန်းမုန့်လောင်၏မျက်လုံးများ ချက်ချင်းတောက်ပသွားတော့သည်။ ပိုက်ဆံရနိုင်မည့် အခွင့်အရေးဆိုသည်မှာ သူ့ကို ချက်ချင်းနိုးကြားသွားစေရန် လုံလောက်ပေသည်။
"ဒါပေမဲ့ ပြဿနာတစ်ခုတော့ ရှိတယ်"
ကောထန်က ဆို၏။
"ဇီဒယ်လ်သတ္တုရိုင်းတွေကို ဝယ်ဖို့အတွက်တော့ အရင်းအနှီးလိုလိမ့်မယ်..."
"ဒါဆိုလည်း ဘာလို့ပြောနေသေးလဲ"
ကျန်းမုန့်လောင် စိတ်ပျက်လက်ပျက် ဖြစ်သွားသည်။
"ဒီလိုဆိုရင်တော့ ငါ ဘဏ်ဓားပြသွားတိုက်တာကမှ ပိုမြန်ဦးမယ်"
"ခဏနေပါဦး"
ကောထန်က ရုတ်တရက်အကြံရလိုက်သည်။
"ကျောင်းအုပ်ကြီး... အိုင်းရင်းက ကျောင်းအုပ်ကြီးကို ကပ်ဖားဖို့ ကြိုးစားနေတာ မဟုတ်လား။ သူ့ဆီကပဲ ပိုက်ဆံနည်းနည်းလောက် ချေးလိုက်ပါ့လား"
"ဟုတ်သားပဲ။ ငါ ပြန်ဆပ်လို့ရတာပဲ"
ထိုအတွေးဝင်လာသည်နှင့် ကျန်းမုန့်လောင် ချက်ချင်းခါးဆန့်ကာ အားတက်သွားတော့သည်။ ကိုယ့်အရည်အချင်းကိုယ် ယုံကြည်ပြီး ပိုက်ဆံချေးနိုင်သည်ဖြစ်ရာ ဘာကြောင့် မလုပ်ဘဲနေရမည်နည်း။
သူသည် ကောထန်ကို အိုင်းရင်းထံသို့ ချက်ချင် ဆက်သွယ်ခိုင်းလိုက်လေရာ မိနစ်အနည်းငယ်အတွင်းမှာပင် အဆက်အသွယ် ရသွားခဲ့သည်။
"အစ်ကိုကျန်းမုန့်လောင်... အခက်အခဲတစ်ခုခုများ ကြုံနေလို့လား"
အိုင်းရင်း၏ သုံးဖက်မြင်ပုံရိပ်က ကျန်းမုန့်လောင်၏ ရှေ့မှောက်တွင် ပေါ်လာလေသည်။
"ဟို... ခင်ဗျားဆီက ပိုက်ဆံနည်းနည်းလောက်ချေးလို့ ရမလား"
ကျန်းမုန့်လောင်က မေးလိုက်သည်။
"ကျွန်တော် နှစ်ဆပြန်ဆပ်ပါ့မယ်။ တကယ်လို့ ခင်ဗျား ကျွန်တော့်ကို မယုံဘူးဆိုရင် ကျွန်တော့်ရဲ့အာကာသယာဉ်ကို အပေါင်ပစ္စည်းအနေနဲ့ ထားခဲ့ပေးမယ်လေ"