← Chapters

လောင်းကစားနတ်ဘုရား ကြွလာပြီဟေ့

Vol. 53 Ch. 790

လောင်းကစားနတ်ဘုရား ကြွလာပြီဟေ့

Vol. 53 Ch. 790

"ပိုက်ဆံချေးမလို့လား"

ကျန်းမုန့်လောင်၏ တောင်းဆိုချက်ကို ကြားလိုက်ရသောအခါ အိုင်းရင်း အံ့သြမသွားသည့်အပြင် တကယ်တမ်းတွင် ဝမ်းသာသွားသေးသည်။

သူသည် လူရိုင်းဂြိုဟ်ကလာသူတစ်ယောက် ဖြစ်သော်လည်း အဆင့်လေးသက်ရှိတစ်ဦး ဖြစ်နေချေသည်။ အဆင့်လေးသက်ရှိတစ်ယောက်က သူ့အပေါ် ကျေးဇူးကြွေးတင်သွားခြင်းမှာ ပိုက်ဆံချေးလိုက်ရခြင်းထက် အများကြီးပိုတန်ဖိုးရှိသည်။

အိုင်ဇက်မျိုးနွယ်စု၏ အရှင်သခင်များတွင် သားတစ်ယောက်တည်း ရှိခြင်းမဟုတ်ကြောင်း သိထားသင့်သည်။ သက်ရှိအဆင့်အတန်း မြင့်မားလာသည်နှင့်အမျှ သက်တမ်းကလည်း ရှည်ကြာလာတတ်သည်။ အဆင့်သုံးသက်ရှိတစ်ယောက်က နှစ်ပေါင်းတစ်ထောင်နီးပါး နေထိုင်နိုင်ပြီး အဆင့်လေးသက်ရှိဆိုလျှင် ပိုအသက်ရှည်နိုင်ပါသေးသည်။

နှစ်ပေါင်းထောင်ချီသောင်းချီ၍ အသက်ရှည်လှသော အရှင်သခင်တစ်ယောက်တွင်ဇနီးတစ်ယောက်နှင့် သားတစ်ယောက်တည်း ရှိဖို့ဆိုသည်မှာ လုံးဝမဖြစ်နိုင်ပေ။ အိုင်းရင်းတွင် အစ်ကိုအစ်မပေါင်း နှစ်ရာကျော်ခန့်ရှိပြီး သူက အငယ်ဆုံးပင်။ ပုံမှန်အ​ခြေအနေအရဆိုလျှင် အိုင်ဇက်မျိုးနွယ်စု၏ အရှင်သခင်ရာထူးမှာ သူနှင့် လုံးဝမသက်ဆိုင်ပေ။

အရှင်သခင် မဖြစ်လာလျှင်ပင် ယဉ်ကျေးမှုထွန်းကားသော ဂြိုဟ်ပေါင်းများစွာကို ပိုင်ဆိုင်ရမည်ဖြစ်ရာ သူ့ဘဝက ကျေနပ်စရာကောင်းနေဦးမည်သာ။ သို့သော် ဤကဲ့သို့သော အခွင့်အရေးမျိုးကို မည်သူက လက်လွှတ်ခံချင်မည်နည်း။ ယခင်ကဆိုလျှင် အိုင်းရင်းအနေနှင့် ဤအဖြစ်ကို အိပ်မက်ပင် မမက်ရဲခဲ့ပေ။ သို့သော် ကျန်းမုန့်လောင်နှင့် တွေ့ပြီးနောက် သူ့ရင်ထဲတွင် အစီအစဉ်တစ်ခု ပေါ်လာခဲ့သည်။ အကယ်၍ သူသာ အဆင့်လေးသက်ရှိတစ်ယောက်ကို သူ့ဘက်ပါအောင် ဆွဲဆောင်နိုင်လျှင် သူ့ဖခင်က သူ့ကို အထင်ကြီးသွားမည်မှာ သေချာသလို အချိန်ကျလျှင် သူသည် နောက်တက်မည့် အရှင်သခင်နေရာအတွက် အားကောင်းသော ပြိုင်ဘက်တစ်ယောက် ဖြစ်လာနိုင်သည်။

"အစ်ကိုကျန်း... အပေါင်ပစ္စည်းတွေ ဘာတွေ မလိုပါဘူးဗျာ။ သူစိမ်းဆန်လွန်းရာ ရောက်ပါတယ်။ အိမ်နဲ့ဝေးတဲ့နေရာကို ရောက်နေတဲ့အချိန်မှာ လူတိုင်း အခက်အခဲလေးတွေ ရှိတတ်ကြတာပဲလေ။ ဒီဂြိုဟ်ပေါ်မှာ ဆုံရတာကလည်း ရေစက်ပဲမဟုတ်လား။ ပိုက်ဆံ ဘယ်လောက်လိုလဲသာ ပြောပါ"

"ဒါက..."

တကယ်တမ်းပြောရလျှင် ကျန်းမုန့်လောင်သည် အိုင်ဇက်သလင်းဒင်္ဂါးပြားများ၏ ဝယ်ယူနိုင်စွမ်းကို သေချာမသိသောကြောင့် ဘယ်လောက်ချေးရမလဲဆိုသည်ကိုပင် မသိပါချေ။

"အဲဒီလိုတော့ မလုပ်ပါနဲ့။ စာရင်းရှင်းမှ ခင်မင်မှုက ခိုင်မြဲမှာ"

ကျန်းမုန့်လောင်က သူ့မသိနားမလည်မှုကို ဖုံးကွယ်ရင်း သူ့အာကာသယာဉ်ကို အပေါင်ထားဖို့ ဆုံးဖြတ်လိုက်သည်။

"ကျွန်တော့်ယာဉ်က အရမ်းတန်ဖိုးကြီးတာ။ ခင်ဗျားပဲ ဈေးဖြတ်ပေးလိုက်ပါ။ ကျွန်တော် ပိုက်ဆံရှာရတာနဲ့ ချက်ချင်းပြန်ဆပ်ပါ့မယ်"

"ကောင်းပါပြီ။ အစ်ကိုကျန်းက အရမ်းပွင့်လင်းတာပဲ"

အိုင်းရင်းက ပြောလိုက်သည်။

"ခင်ဗျားရဲ့ အာကာသယာဉ်က အဆင့်နှစ်မျိုးနွယ်စုအထွတ်အထိပ်ခေတ်က မော်ဒယ်ဟောင်းဖြစ်ပြီး ထုတ်လုပ်မှုလည်း ရပ်ဆိုင်းထားသလို စွမ်းဆောင်ရည်ကလည်း သိပ်မကောင်းတော့ပေမဲ့ ရှေးဟောင်းပစ္စည်းတစ်ခုအနေနဲ့တော့ သိမ်းဆည်းထားချင်စရာ တန်ဖိုးရှိပါတယ်"

အမှန်အတိုင်းပြောရလျှင် အိုင်းရင်းက ကျန်းမုန့်လောင်၏ အာကာသယာဉ်ကို မြင်ကတည်းက ဝယ်ချင်စိတ်နည်းနည်း ရှိနေသည်။ အဆင့်နှစ်မျိုးနွယ်စု၏ သားတစ်ယောက်အနေနှင့် သူ့တွင် ကောင်းမွန်သော အာကာသယာဉ်အများကြီးရှိသော်ငြား စုဆောင်းထားရန် တန်ဖိုးရှိလှသည့် အရာမျိုးကတော့ စင်စစ်မဆိုးလှပေ။

"ဒီလိုလုပ်ရအောင်"

အိုင်းရင်းက ဆို၏။

"လောလောဆယ်တော့ အိုင်ဇက်သလင်းကျောက်ဒင်္ဂါးပြား ရှစ်ဘီလီယံနဲ့ ဈေးဖြတ်ပေးမယ်။ ဘယ်လိုသဘောရလဲ"

"ကောထန်... မင်း ဘယ်လိုထင်လဲ"

ကျန်းမုန့်လောင်က မေးလိုက်သည်။

"ဒီအိုင်းရင်းက တော်တော်ယုံကြည်ရပါတယ်"

ကောထန်က ပြောလိုက်၏။

"လွန်ခဲ့တဲ့နှစ်ပေါင်းနှစ်သောင်းတုန်းက ငွေလဲလှယ်နှုန်းနဲ့ အိုင်ဇက်မျိုးနွယ်စုရဲ့ ယဉ်ကျေးမှုအဆင့်အတန်းအရဆိုရင် အဲဒီအချိန်တုန်းက ဒါဟာ အိုင်ဇက်သလင်းကျောက်ဒင်္ဂါးပြား ၁၆ဘီလီယံလောက် တန်ကြေးရှိခဲ့မှာပါ။ အာကာသယာဉ်ရဲ့ ဟောင်းနွမ်းပျက်စီးမှုနဲ့ တန်ဖိုးကျဆင်းမှုကို ထည့်တွက်မယ်ဆိုရင် တကယ်တမ်း အများဆုံးငါးဘီလီယံလောက်ပဲ တန်တော့တာမို့ သူကအရှုံးခံပြီး လုပ်ပေးနေတာ သေချာပါတယ်။ ဒါဟာ အပေါင်ပစ္စည်းသက်သက်ပဲ ဆိုတာကို ထည့်မ​တွက်ရသေးဘူးနော်"

"အမလေး... ဒီအရှင့်သားက တော်တော်ချမ်းသာတာပဲ"

ကျန်းမုန့်လောင်က အံ့သြတကြီးရေရွတ်လိုက်သည်။

"အိုင်ဇက်မျိုးနွယ်စုရဲ့ လူနေမှုအဆင့်အတန်းနဲ့ ကြည့်မယ်ဆိုရင် သာမန်လူတန်းစားတစ်ယောက်ဟာ တစ်နှစ်ကို အိုင်ဇက်သလင်းကျောက်ဒင်္ဂါးပြားတစ်ထောင်လောက်ပဲ သုံးတာပါ။ ရှစ်ဘီလီယံဆိုတာကတော့ မယုံနိုင်လောက်အောင် များပြားတဲ့ပမာဏပေါ့"

ကောထန်က ရယ်မောရင်း ပြောလိုက်သည်။

"ဒါပေမဲ့ အဆင့်နှစ်မျိုးနွယ်စုအဖွဲ့အစည်းတစ်ခုရဲ့ အရှင်သခင်ဆိုတာ အရမ်းကြွယ်ဝချမ်းသာပါတယ်"

"ဘယ်လိုမျိုးလဲ"

"ပုံမှန်ဆိုရင် အဆင့်တစ်မျိုးနွယ်စုအဖွဲ့အစည်းတစ်ခုက တစ်နှစ်စာဝင်ငွေရဲ့ တစ်ဆယ်ရာခိုင်နှုန်းကို အဆင့်နှစ်မျိုးနွယ်စုအဖွဲ့အစည်းဆီကို အခွန်ဆောင်ရပါတယ်။ အချိုးအစားအရ တွက်ကြည့်ရင် အဆင့် တစ်မျိုးနွယ်စုအဖွဲ့အစည်းတစ်ခုရဲ့ တစ်နှစ်ဝင်ငွေဟာ ခန့်မှန်းခြေ တစ်ဆယ်ဘီလီယံနဲ့ တစ်သောင်းဘီလီယံကြားမှာ ရှိပါတယ်။ အဆင့်နှစ်မျိုးနွယ်စုအဖွဲ့အစည်းတစ်ခုရဲ့ လက်အောက်မှာ အဆင့်တစ်မျိုးနွယ်စုအဖွဲ့အစည်းက ရာနဲ့ချီပြီး ရှိနေတာဆိုတော့ တစ်နှစ်ကို အနည်းဆုံး အိုင်ဇက်သလင်းကျောက်ဒင်္ဂါးပြား ထရီလီယံရာနဲ့ချီပြီး ရနေတာပေါ့"

"ဒါကြီးက ကြောက်စရာကောင်းလောက်အောင် များတာပဲ"

အဆင့်နှစ်မျိုးနွယ်စုအဖွဲ့အစည်းတစ်ခု၏ သခင်လေးတစ်ယောက်အတွက် သလင်းကျောက်ဒင်္ဂါးပြားဘီလီယံအနည်းငယ် ထုတ်ပေးလိုက်ရခြင်းမှာ ကမ္ဘာပေါ်ရှိ သူဌေးသားတွေ သိန်းဂဏန်းသန်းဂဏန်းလောက် သုံးလိုက်သလို ရိုးရှင်းလွန်းလှသည်။

"ဒီအိုင်းရင်းက မဆိုးပါဘူး"

ကျန်းမုန့်လောင်က ပြောလိုက်၏။ သူ့မှာ အခြားဘာရည်ရွယ်ချက်ပဲရှိရှိ အနည်းဆုံးတော့ ယခုလောလောဆယ် သူ့အတွက် အကျိုးအမြတ်များနှင့် အကူအညီအမြောက်အများ ပေးထားလေသည်။

"ဒီဈေးနဲ့ပဲ သဘောတူလိုက်မယ်"

ကျန်းမုန့်လောင်က ဆို၏။ မည်သို့ပင်ဖြစ်စေ နောက်ပိုင်းတွင် နှစ်ဆပြန်ဆပ်လိုက်လျှင် သူ့ကို စိတ်ရင်းမစစ်မှန်ဘူးဟု မည်သူကမှ စွပ်စွဲ၍မရတော့ပေ။

"ကောင်းပါပြီ။ အစ်ကိုကျန်းမှာ အခုလောလောဆယ် ဘဏ်အကောင့်မရှိသေးဘူးထင်တယ်"

အိုင်းရင်းက ပြောလိုက်၏။

"ခဏနေရင် မှတ်ပုံမတင်ထားတဲ့ ယာယီကတ်တစ်ခုကို လူလွှတ်ပြီး ပို့ပေးလိုက်ပါ့မယ်။ ကျွန်တော့်ကို လိပ်စာလေးပေးလို့ရမလား"

ကျန်းမုန့်လောင်လည်း သူရှိနေသည့်နေရာကို အိုင်းရင်းအား ပြောပြလိုက်ပြီးနောက် နာရီဝက်မပြည့်ခင်မှာပင် အိုင်းရင်း၏ အစေခံတစ်ယောက်က သူ့ဆီသို့ ရောက်လာသည်။

"လေးစားအပ်ပါသော လူကြီးမင်း... ဒါက ကျွန်တော့်သခင်က လူကြီးမင်းကို ပေးခိုင်းလိုက်တာပါ"

အစေခံက ကျန်းမုန့်လောင်ကို ချစ်ပ်ပြားတစ်ခုနှင့် ဆင်တူသော အရာတစ်ခုကို ကမ်းပေးလိုက်သည်။ ဤခေတ်ကာလ၏ ဘဏ်ကတ်များမှာ ဆင်းကတ်တစ်ခုထက်ပင် ပိုသေးငယ်သွားပြီး သာမန်မှန်ကွဲစလေးတစ်ခုနှယ် မြင်တွေ့ရသည်။

"မင်းရဲ့သခင်ကို ကျေးဇူးတင်တယ်လို့ ပြောပေးပါ"

ကျန်းမုန့်လောင်က ဆို၏။

"မင်းတို့သခင် အကူအညီတစ်ခုခုလိုအပ်ရင် ကျွန်တော့်ဆီကို အချိန်မရွေးလာခဲ့လို့ရတယ်လို့လည်း ပြောလိုက်ပါ"

"ကျွန်တော် သခင်ကြီးကို သတင်းစကား ပါးလိုက်ပါ့မယ်"

ကျန်းမုန့်လောင်၏ အသက်ဓာတ်အဆင့်က အလွန်မြင့်မားကြောင်း အစေခံက သိထားသော်လည်း လောလောဆယ်မှာ သူ့သခင်ကို ကူညီနိုင်စွမ်းရှိမည်ဟု မယုံကြည်သောကြောင့် ဤစကားကို အလေးအနက်မထားဘဲ အသိပေးရုံသက်သက်ဟုသာ မှတ်သားထားလိုက်သည်။

ပိုက်ဆံရချိန်မှာပင် ကျန်းမုန့်လောင်တစ်ယောက် လက်ဖွာချင်စိတ်ပေါက်လာသည်။ လောလောဆယ် ဘဏ်တွင် အကောင့်ဖွင့်၍ မရသေးသောကြောင့် ပျော်ပျော်ပါးပါးကစားရင်း ပိုက်ဆံရှာရန် စဉ်းစားလိုက်၏။

"ငါတို့ ဘယ်ကိုသွားကြမလဲ"

"ကျောင်းအုပ်ကြီး... ဒီနေရာကနေ ၁၂၇၀ကီလိုမီတာအကွာမှာ 'ဇီဒယ်လ်'သတ္တုရိုင်းအရောင်းဆိုင်ကြီးတစ်ခု ရှိပါတယ်"

၁၂၇၀ကီလိုမီတာဆိုသည်မှာ ကမ္ဘာပေါ်တွင် နိုင်ငံများကို ဖြတ်ကျော်ရမည့် အကွာအဝေးမျိုးပင်။ သို့သော် လျှပ်စစ်သံလိုက်ရထားတွဲကြောင့် အရှိန်တင်ခြင်းနှင့် အရှိန်လျှော့ခြင်းအပါအဝင် တစ်ဖက်ကိုရောက်ရန် ဆယ့်ငါးမိနစ်လောက်သာ ကြာသည်။ တကယ်တော့ ခရီးစဉ်အများစုမှာ အရှိန်မြှင့်ခြင်း သို့မဟုတ် အရှိန်လျှော့ခြင်းမှာသာ အချိန်ကုန်တတ်ပြီး ပုံမှန်ခုတ်မောင်းသည့် အချိန်ကတော့ နည်းနည်းသာကြာတတ်သည်။

"ဒီနေရာပဲ"

ကောထန်က ပြော၏။

"ဇီဒယ်လ်သတ္တုရိုင်းထုတ်လုပ်ရေးလုပ်ငန်းကို စကြဝဠာကုမ္ပဏီကြီးအနည်းစုက လက်ဝါးကြီးအုပ်ထားတာပါ။ မျိုးနွယ်စုအဖွဲ့အစည်းအသီးသီးမှာရှိတဲ့ အရောင်းဆိုင်တွေအားလုံးကို သူတို့ကိုယ်တိုင် စီစဉ်ထားတာမို့ ဈေးနှုန်းတွေကလည်း ပွင့်လင်းမြင်သာမှုရှိပါတယ်။ ဒီဂြိုဟ်ပေါ်မှာဆိုရင် ကျောက်တစ်လုံးကို ပျမ်းမျှ အိုင်ဇက်သလင်းကျောက်ဒင်္ဂါးပြား တစ်သိန်းဝန်းကျင် ရှိပါတယ်"

"စွမ်းအင်သလင်းကျောက်တွေရဲ့ ဈေးနှုန်းကရော"

"ဈေးအသက်သာဆုံးဖြစ်တဲ့ အဆင့်တစ်စွမ်းအင်သလင်းကျောက်တွေတောင် သတ္တုရိုင်းဈေးထက် ဆယ်ဆကျော်များပါတယ်။ သလင်းကျောက် အဆင့်တစ်ဆင့် တိုးတိုင်း တန်ဖိုးက အဆတစ်ထောင်စီမြင့်တက်သွားပါတယ်။ ကိုယ်တိုင်သာ တွက်ကြည့်ပါတော့"

"အမလေး"

ကျန်းမုန့်လောင်ခမျာ အံ့သြလွန်း၍ အသက်ရှူမှားသွားလေသည်။ အဆင့်ငါးသလင်းကျောက်တစ်လုံးကို အမြင့်ဆုံးအဆင့်ရှိသော စကြဝဠာဒင်္ဂါးပြားနှင့် ပြောင်းလဲလိုက်လျှင် သန်းပေါင်းများစွာ တန်ကြေးရှိသည်။

စကြဝဠာဒင်္ဂါးပြားတစ်သန်းဆိုသည်မှာ ဘယ်လောက်အထိရှိလဲဆိုသည်ကို သိချင်လျှင်မူ အဆင့်တစ်မျိုးနွယ်စု အဖွဲ့အစည်းတစ်ခုလုံး၏တန်ဖိုးက ပုံမှန်အားဖြင့် စကြဝဠာဒင်္ဂါးပြားတစ်သောင်းနှင့် တစ်သိန်းကြားမှာ ရှိသည်ဟု ကောထန်က ကျန်းမုန့်လောင်ကို ရှင်းပြလိုက်သည်။

"ဂြိုဟ်တစ်ခုလုံးက ဒီလောက်ပဲ တန်တာလား"

"တကယ်တော့ သိပ်မတန်ပါဘူး"

ကောထန်က ရှင်းပြပြန်သည်။

"အဆင့်တစ်မျိုးနွယ်စုဂြိုဟ်တစ်ခုကို အဆုံးစွန်ထိ အသုံးချလိုက်ရင်တောင် စကြဝဠာဒင်္ဂါးပြားတစ်သောင်းဖိုးအထိ မထွက်နိုင်ပါဘူး။ ဒါပေမဲ့ စကြဝဠာထဲက ဂြိုဟ်တွေအားလုံးက စကြဝဠာမဟာမိတ်အဖွဲ့ရဲ့ ပိုင်ဆိုင်မှုတွေပါ။ အဲဒီဂြိုဟ်ရဲ့ အရှင်သခင်တွေတောင် ဝင်ငွေအကျိုးအမြတ်ကိုပဲ ခံစားခွင့်ရှိတာပါ။ ပိုင်ဆိုင်ခွင့် မရှိပါဘူး"

တစ်နည်းအားဖြင့်ပြောရလျှင် သူသာ အဆင့်ငါးစွမ်းအင်သလင်းကျောက်တစ်လုံး ရခဲ့မည်ဆိုလျှင် အဆင့်တစ်မျိုးနွယ်စုဂြိုဟ်ပေါင်း ဆယ်ဂဏန်းခန့်ကို ဝယ်ပစ်လိုက်နိုင်သည်။

"ကျောင်းအုပ်ကြီး... အဆင့်ငါးစွမ်းအင်သလင်းကျောက်ဆိုတာ အဲဒီလောက် မလွယ်ပါဘူး"

ကောထန်က ဆက်ပြောလိုက်၏။

"အဆင့်ငါးစွမ်းအင်သလင်းကျောက် တစ်လုံးတည်းနဲ့တင် အဆင့်နှစ်မျိုးနွယ်စုအဖွဲ့အစည်းတစ်ခုရဲ့ တစ်နှစ်စာစွမ်းအင်ကို လုံလောက်စေပါတယ်။ အဆင့်ငါးမျိုးနွယ်စုအဖွဲ့အစည်းရဲ့ စစ်သင်္ဘောတစ်စီးကို တစ်နှစ်ပတ်လုံး ပြင်းထန်တဲ့တိုက်ပွဲစနစ်နဲ့ မောင်းနှင်ဖို့တောင် လောက်ငှပါတယ်။ အဆင့်တစ်စွမ်းအင်သလင်းကျောက်ဆိုတာ ကျောက်အလုံးတစ်ရာမှာ တစ်လုံးရဖို့တောင် မလွယ်ပါဘူး"

"ဒါက လောင်းကစားလုပ်ရုံတင် မဟုတ်တော့ဘူး။ အသက်နဲ့ရင်းပြီး လောင်းနေကြတာပဲ"

ကျန်းမုန့်လောင်ခမျာ မယုံနိုင်လောက်အောင် ဖြစ်သွားသည်။ ကမ္ဘာပေါ်ရှိ ကျောက်စိမ်းလောင်းကစားနှင့် ယှဉ်လိုက်လျှင် ဤသည်မှာ ကလေးကစားစရာနှယ် ဖြစ်နေချေပြီ။

"တကယ့်ကို အသက်နဲ့ရင်းထားရတာပဲ"

ကောထန်က ဆို၏။

"အဆင့်မြင့်မျိုးနွယ်စုအဖွဲ့အစည်းတွေရဲ့ အရှင်သခင်တချို့ဆိုရင် သူတို့ ကံကောင်းပြီလို့ ထင်တဲ့အချိန်မှာ သူတို့ရဲ့မျိုးနွယ်စုအဖွဲ့အစည်းတစ်ခုလုံးကိုတောင် လောင်းကြေးအဖြစ် လောင်းကြပါတယ်"

ကျန်းမုန့်လောင်လည်း ခန့်ညားထည်ဝါလှသော သတ္တုရိုင်းကုမ္ပဏီထဲသို့ ဝင်သွားလိုက်သည်။ ထိုနေရာတွင် လူဦးခေါင်းအရွယ်ခန့်ရှိသော သတ္တုအရိုင်းတုံးများမှာ အစုလိုက်အပြုံလိုက် ရှိနေချေသည်။

ထွက်ရှိရာဒေသအပေါ် မူတည်ပြီး သတ္တုရိုင်းများ၏ ဈေးနှုန်းမှာ ဆယ်ဆအထိ ကွာခြားနိုင်သည်။ သဘာဝအရတော့ ဈေးကြီးသောကျောက်များမှာ အရည်အသွေး ပိုကောင်းတတ်ကြသည်။

ကျန်းမုန့်လောင်လည်း သူ့လက်နှစ်ဖက်ကို ပွတ်သပ်လိုက်၏။

"လောင်းကစားနတ်ဘုရား ကြွလာပြီဟေ့"

All Chapters